အခန်း (၃၉၂)
Vol. 27 Ch. 392
“မြို့တော်ဝန်... ကျုပ်တို့ ဘာလုပ်ကြမလဲ။ ထာဝရမြို့ကြီးက ဘာဆက်လုပ်ကြမလဲ” ဟုန်ရွှမ်က လေးလေးစားစား နှင့် မေးမြန်းလိုက်၏။
မြေအင်မော်တယ်လောကနှင့် ကောင်းကင်မူလလောကကြီးတို့ ပေါင်းစပ်ပြီးသည့်နောက် လောက၏ အဆင့်အတန်း ထပ်မံကာ တိုးတက်သွားမည်ဆိုခြင်းမှာ ယုံမှားသံသယရှိစရာ မလိုပေ။ သို့ပေမဲ့ ပေါင်းစပ်ပြီးသည့်နောက် များပြားလှသည့် အကျိုးကျေးဇူးများ ရရှိလာသည်နှင့်အတူ များပြားလွန်းလှသည့် အန္တရာယ်များကလည်း ရရှိလာမှာ သေချာသည်။
ထာဝရမြို့ တစ်ခုလုံးသည် ကျိန်းသေပေါက် အခက်အခဲတွေ့ကာဖြင့် တည်နေရာ တစ်ခုတွင် အခြေမချနိုင်သည့် အခြေအနေမျိုးသို့လည်း ရောက်ရှိသွားနိုင်၏။ မြေအင်မော်တယ်လောက၏ အတွင်းတွင် များပြားလှသည့် ဂိုဏ်းများ တည်ရှိနေခဲ့ပြီး သူတို့နှင့် အဆင့်တူ သို့မဟုတ် သူတို့ထက်ပင် သာလွန်လှသည့် ဂိုဏ်းများ တည်ရှိနေမှာ သေချာ၏။
ထိုကဲ့သို့သော စွမ်းအားမြင့် ကျင့်ကြံသူများသည် ထာဝရမြို့၏ တည်ရှိမှုကို လွယ်လွယ်ကူကူဖြင့် အာရုံခံနိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် လူပေါင်းများစွာတို့ကို ခေါ်ဆောင်လာပြီး ၎င်းတို့ကို ဖိနှိပ်ရန် ကြိုးစားကြမှာ သေချာ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် တစ်ခုတည်းကသာလျှင် ၎င်းတို့ကို ကယ်တင်နိုင်သည်။
လက်ရှိအချိန်တွင် ထာဝရမြို့အနေနှင့် သေသေချာချာ တွက်ချက်ခြင်းကို မပြုလုပ်သည်ဆိုပါက အနာဂတ်တွင် မခန့်မှန်းနိုင်သည့် စိန်ခေါ်မှုများကို ကြုံတွေ့မှာ သေချာ၏။ ထို့အပြင် မြေအင်မော်တယ်လောကတွင် ရှိနေသည့် ဂိုဏ်းဂဏ အသီးသီးတို့၏ ကောင်းကင်မူလလောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးတို့ အပေါ်တွင် ထားရှိသည့် စိတ်နေသဘောထားမှာ မရှင်းလင်းလှသေးချေ။
သေချာသည့်အရာမှာ တစ်ခုတည်းသာလျှင် ရှိ၏။ ငြိမ်းငြိမ်းချမ်းချမ်းနှင့် အတူယှဉ်တွဲနေထိုင်သွားဖို့ ဖြစ်နိုင်ချေ ဆိုသည်မှာ သုညရာခိုင်နှုန်းပင်။
ဂိုဏ်းဂဏ အသီးသီးတို့၏ အလုံးစုံသော အားအင်အဆင့်သည် သူတို့ထက် ပိုမိုကာ သာလွန်လျက် ရှိနေ၏။ ကောင်းကင်မူလလောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးတို့ အတူပူးပေါင်း တည်ရှိနေမည် ဆိုလျှင်တောင်မှ တစ်ဖက်လူများကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။
မြေအင်မော်တယ်လောကတွင် ရှိနေသည့် ဂိုဏ်းဂဏအသီးသီးတို့သည် သူတို့နှင့် အဘယ့်ကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနှင့် နေထိုင်ရန် ရွေးချယ်မည်နည်း။ သူတို့ထက် နိမ့်ကျသည့် လူများနှင့် ရင်ဆိုင်နေရသည့် အချိန်မျိုးတွင် မည်သူ့ကိုမှ သနားညှာတာစွာဖြင့် ထောက်ထားနေလိမ့်မည် မဟုတ်ချေ။
“အင်း... လောကကြီးထဲကို ဝင်ဖို့ ပြင်ဆင်ရမယ်”
အချိန်အတော်ကြာ တိတ်ဆိတ် ငြိမ်သက်သွားပြီးသည့်နောက် မြို့တော်ဝန်သည် ဖြည်းညှင်းစွာဖြင့် ပြောဆိုလိုက်၏။
ထာဝရမြို့ထဲတွင် ရှိနေသည့် လောကသားများ အားလုံးတို့က ကြောင်အသွားခဲ့ကြ၏။ နှစ်သန်းပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ထာဝရမြို့ကြီးသည် လောကတစ်ခုခုထဲ၌ အခြေချတော့မည်လား။
“နားလည်ပါပြီ။ မြို့တော်ဝန်ရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်”
ဟုန်ရွှမ်သည် လေးလေးစားစားဖြင့် ဦးညွတ်ကာ ဂါရဝပြုလိုက်၏။ သူ၏ နှလုံးသားထဲတွင် ရှိနေသည့် စိတ်လှုပ်ရှားမှုများ သည် မျက်နှာထက်တွင် ထင်ပေါ်လာခဲ့၏။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ထာဝရမြို့သည် မူရင်း လောကကြီးနှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့ပြီဖြစ်၏။ သို့ပေမဲ့ ကောင်းကင်မူလလောကကြီး နှင့် ချိတ်ဆက်ကာဖြင့် အားကောင်းလှသည့် အခြေအနေ တစ်ခုအဖြစ် ဖွံ့ဖြိုး တိုးတက်လာအောင် ကြိုးစားရပေတော့မည်။
ထာဝရမြို့ကြီးသည် လောကတစ်ခုခုတွင် အခြေချချိန်၌ အုတ်အော်သောင်းနင်း ဖြစ်ကုန်မည်ဟု သူ ယုံကြည်မိ၏။ သို့ပေမဲ့ ၎င်းတို့၏ သတင်းသည် သွေးနတ်ဆိုးလောကကြီး ပေါ်ပေါက်လာမှုအောက်၌ မသိမသာဖြင့် ပျောက်ကွယ် သွားပေလိမ့်မည်။ မည်သူမှ သတိထားလိမ့်မည် မဟုတ်ချေ။
“အင်း..”
ထာဝရမြို့တော်ဝန်သည် ထူးမခြားနားသလိုပင် တုံ့ပြန်လိုက်၏။ သူသည် မည်သည့် စကားမှ မဆိုတော့ချေ။
မြို့တော်ဝန်သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သော်လည်း ထာဝရမြို့တစ်ခုလုံးမှာတော့ ပွက်လောရိုက်လျက် ရှိသည်။
“မြို့တော်ဝန်.. ခုဏတုန်းက ဘာပြောလိုက်တာလဲ။ လောကထဲကို ဝင်ရောက်မယ်လို့ ပြောနေတာလား”
“ဒါ မမှားနိုင်ဘူးလေ။ နှစ်သန်းပေါင်းများစွာ ကြာပြီးတဲ့အထိ ထာဝရမြို့ထဲမှာရှိတဲ့ ဘယ်သူမှ ကောင်းကင် မူလလောကကြီးထဲကို လှမ်းမလျှောက်ဖူးဘူး။ ဒီနေ့ ကျုပ်တို့ ကောင်းကင်မူလလောကကြီးထဲကို ခြေချနိုင်တော့ မှာလား”
“အင်း.. ရှုပ်ထွေးလှတဲ့ တည်နေရာလမ်းကြောင်းထဲမှာ အမြဲတမ်း နေထိုင်နေရတာ ကျုပ်တို့ ဘိုးဘေးတွေ ခေတ်ထဲကပဲ။ ကျုပ်တို့ ဒီလောကကြီးကို တကယ့်ကို စိတ်ကုန်နေပြီ”
“အင်း... မူလလောကကြီးကလည်း ပျောက်ကွယ်သွားခဲ့ပြီ။ အခု ကောင်းကင်မူလလောကကြီးကလည်း မြန်မြန်ဆန်ဆန်နဲ့ တိုးတက်နေတယ်။ ဒီတော့ ကောင်းကင်မူလလောကကြီးက ကျုပ်တို့ မွေးရပ်မြေလို အဆင့်မျိုးကို ရောက်လာဖို့ဆိုတာ သိပ်ကြာမှာ မဟုတ်ဘူးလေ။ မြို့တော်ဝန်က...”
“ဒါတွေအားလုံး နန်းဆောင်သခင်ရဲ့ ကျေးဇူးကြောင့်ပဲ။ သူသာ ဝင်ပြီး မလှုပ်ရှားဘူးဆိုရင် ကျုပ်တို့ ထာဝရမြို့ အနေနဲ့ တစ်ခါတည်း တည်နေရာလမ်းကြောင်းထဲမှာတင် ပျောက်ကွယ်သွားနိုင်တယ်လေ”
“အမှန်ပဲ။ နန်းဆောင်သခင်ရဲ့ အားအင်အဆင့်က ခန့်မှန်းလို့ မရဘူး။ သူက အင်မော်တယ်ဘုရင်အဆင့်မှာ ရှိနေတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်လို့တောင် ကျုပ် ထင်မိတယ်”
“အင်း.. သူသာ ကျုပ်တို့ရဲ့ မွေးရပ်မြေကို ပြန်ပြီး ပေါင်းစပ်ပေးမယ်ဆိုရင် မလုပ်နိုင်စရာတော့ မရှိလောက်ဘူး”
“အင်း.. ဒါပေမဲ့”
ထာဝရမြို့ထဲတွင် လူပေါင်းများစွာတို့သည် မျှော်လင့်ချက် အပြည့်နှင့် ဆွေးနွေးလျက် ရှိနေကြ၏။ ၎င်းတို့သည် ကောင်းကင်မူလလောကကြီးထဲသို့ လှမ်းတက်နိုင်ရန် မျှော်လင့်လျက်လည်း ရှိနေကြ၏။
............
မြေအင်မော်တယ်လောကကြီး - ဤနေရာတွင်တော့ အဆင်မပြေမှုများ တည်ရှိလို့နေခဲ့၏။ သူတို့၏ လောကကြီးသည် အလုံးစုံ ကောင်းမွန်လျက် ရှိခဲ့သည်။ သို့ပေမဲ့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် တည်နေရာ ပတ်လမ်းကြောင်းဆီမှ ဆွဲခေါ်လာခဲ့၏။ အားလုံးသော သူတို့သည် မတည်ငြိမ်သည့် အခြေအနေတစ်ခုကို ဖြတ်ကျော်နိုင်ရန် ကြိုးစားရပေတော့မည်။
ဤကဲ့သို့ လှုပ်ရှားသည့်လူသည် မည်သူဖြစ်မှန်း မသိရှိသလို ဤကဲ့သို့ ပြုလုပ်ရခြင်း၏ နောက်ကွယ်တွင် ရှိနေသည့် ရည်ရွယ်ချက်ကိုလည်း မသိရှိကြချေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် တည်ငြိမ်သည့် စိတ်ဆန္ဒကို ပိုင်ဆိုင်နေသည်ဆိုပါက ထိုလူသည် တစ်စုံတစ်ခု လွှဲမှားနေခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။
နောက်ထပ် ဘာတွေဖြစ်လာမည် ဆိုသည်ကို မည်သူကမှ အာမ မခံနိုင်ပေ။ မြေအင်မော်တယ်လောကကြီးသည် လက်နက်တစ်ခုအဖြစ် သန့်စင်ခံရခြင်း သို့မဟုတ် လောကကြီးတစ်ခုလုံးအား သွေးစတေးမှု ပြုလုပ်ခံရခြင်း .... ထိုကဲ့သို့သော အခြေအနေမျိုးကို ကြုံရနိုင်၏။
ဤအခြေအနေမျိုးသည် အသင်္ချေများပြားလှသည့် လောက အသီးသီးတို့ ကြုံဆုံရသည့် သာမန်ကိစ္စ သာလျှင်ဖြစ်သည်။
မြေအင်မော်တယ်လောကကြီး၌ အစစ်အမှန် အင်မော်တယ်များ တည်ရှိသည် ဆိုလျှင်တောင်မှ အတိတ်တုန်းက အစစ်အမှန် အင်မော်တယ်များ တည်ရှိသည့် လောကအသီးသီးတို့တောင်မှ သန့်စင်ခြင်းကို ခံခဲ့ရဖူး၏။ လက်ရှိအချိန်တွင် သူတို့သာ စိုးရိမ်ပူပန်ခြင်း မရှိလျှင် မည်သူက စိုးရိမ်ပူပန်တော့ မည်နည်း။
ကျောက်စိမ်းလေဟာနယ်နန်းတော်သည် စတင် တည်ထောင်ခဲ့သည်မှာ နှစ်သန်းအနည်းငယ်သာ ရှိနေသေးသည် ဆိုသော်လည်း တာအိုရောင်းရင်းကျိရှု တည်ရှိနေသည်ဖြစ်သောကြောင့် အားလုံးသောသူတို့က လာရောက်ကာ ရန်စ တိုက်ခိုက်ခြင်းကို မပြုလုပ်ရဲကြချေ။ လက်ရှိအခြေအနေမှာတော့ ကျောက်စိမ်းလေဟာနယ်နန်းတော် အတွင်းရှိ လေထုတစ်ခုလုံးသည် တင်းမာလျက် ရှိနေ၏။
ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် အဓိကဟောခန်းကြီးထဲတွင် ထိုင်သူကထိုင်၊ မတ်တပ်ရပ်သူက ရပ်လျက် ရှိနေကြပြီး ၎င်းတို့၏ မျက်နှာသွင်ပြင်ပေါ်တွင် လေးနက်တည်ကြည်မှု များဖြင့် ပြည့်နှက်လျက် ရှိနေသည်။
“ဆရာက တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီလား”
အဖြူရောင်ကျောက်စိမ်းသရဖူကို ဆောင်းထားသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် မည်သို့မှ စိတ်ကို မထိန်းချုပ်နိုင်ကြချေ။ ထို့ကြောင့် သူသည် အရင်ဆုံး စတင်ကာ ပြောဆိုလိုက်၏။
“ထွက်မလာသေးဘူး”
ထိပ်ဆုံးတည်နေရာမှာတော့ လူငယ်တစ်ယောက်သည် ခြေချိတ်ကာ ထိုင်လျက်ရှိနေ၏။ ၎င်း၏ ပုံပန်းသွင်ပြင်သည် ရှေးဆန်လှပြီး မျက်နှာအမူအရာမှာလည်း တည်ငြိမ်လွန်းလှ၏။ အသက်နှစ်ဆယ် နီးပါးခန့် ထင်ရသည် ဆိုသော်လည်း ၎င်း၏ မျက်လုံးများကို ကြည့်ရှုရမည်ဆိုလျှင် အကန့်အသတ်မဲ့သည့် အတွေ့အကြုံ ပေါင်းများစွာကို ဖြတ်သန်းကျော်ဖြတ်ခဲ့ဖူးသော လူတစ်ယောက်ကဲ့သို့ပင်။ ၎င်း၏ အနီးအနားတွင် တာအို၏ သင်္ကေတများ ပျံ့နှံ့လျက် ရှိနေပြီး သဘာဝဆန်စွာဖြင့် ကမ္ဘာခြားမှ နတ်သားတစ်ပါး၏ အော်ရာမျိုးကဲ့သို့ပင် ဖြစ်တည်နေသည်။
“ဟင်း... လက်ရှိ မြေအင်မော်တယ်လောကကြီးရဲ့ အခြေအနေအရ ဆရာ့အနေနဲ့ စိုးရိမ်ပူပန်သင့်တဲ့ ကိစ္စမျိုး မဟုတ်လား။ သူဘယ်လိုလုပ်ပြီးတော့ တံခါးပိတ် ကျင့်ကြံနေရသေးတာလဲ” သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် သက်ပြင်းကို ချလိုက်မိ၏။ သူသည် မျက်မှောင်ကို ကုတ်ထားပြီး တကယ်ပင် စိုးရိမ်ပူပန်နေမှု များကို မဖုံးကွယ်နိုင်ချေ။
“ဆရာ့ဆီမှာလည်း သူ့ရဲ့ကိုယ်ပိုင်အကြံအစည် ရှိပါလိမ့်မယ်” လူငယ်သည် တည်ငြိမ်စွာဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ လေသံသည် တည်ငြိမ်လျက် ရှိနေသည်ဆိုသော်လည်း သေသေချာချာ နားထောင်မည်ဆိုပါက ထိုအထဲတွင် စိုးရိမ်ပူပန်နေသည့် အရိပ်သင်္ကေတမျိုး ပေါ်ပေါက်နေကြောင်းကို အတိုင်းသား ထင်ပေါ်နေ၏။
“ဆရာရဲ့ ထိန်းချုပ်နိုင်မှုအထက်မှာ ရှိနေတဲ့ အရာမျိုးပဲလေ။ မြေအင်မော်တယ်လောကကြီးကို ဒီတစ်ကြိမ်မှာ လှုပ်ရှားပြုမူရဲတဲ့လူက ကျိန်းသေပေါက် ဒီလောကသား မဟုတ်ဘူး။ ပြင်ပက စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ပဲ။ အသင်္ချေ များပြားလွန်းတဲ့ လောကအသီးသီးမှာ ဒီလို စွမ်းအားမြင့် ကျင့်ကြံသူတွေက ရေတွက်လို့ မရအောင် များပြားလွန်းတယ်လေ။ မြေအင်မော်တယ်လောကလို စွမ်းအားမြင့် လောကကြီးတစ်ခုတောင်မှ ဖျက်ဆီးခံရဖို့ အခြေအနေမျိုးကို ရောက်ရှိနေပြီ။ ကျုပ်တို့ ကျောက်စိမ်းလေဟာနယ်နန်းတော်အနေနဲ့ ကံကြမ္မာရဲ့ ဆန္ဒအတိုင်း ဖြစ်ချင်တာဖြစ် ဆိုပြီး လွှတ်ထားရတော့လား”
ဟောခန်းရဲ့ ထောင့်တစ်နေရာတွင် ရှိနေသည့် ကြီးကျယ်ခမ်းနားလှသော အရှိန်အဝါမျိုးနှင့် အဘိုးအို တစ်ယောက်က ပြောဆိုလိုက်၏။ ၎င်း၏ အော်ရာများသည် ခန့်မှန်း၍ မရနိုင်လောက်အောင် အားကောင်းလှပြီး ဆံနွယ်ဖြူများသည် နတ်ဘုရားအလင်းတန်းများ ထွန်းတောက်လျက် ရှိနေလေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှချေသည်။
“ဟမ့်... ဒီမှာထိုင်ပြီးတော့ သေဖို့စောင့်နေရမှာလား”
သက်လတ်ပိုင်းအရွယ် လူသည် သဘောမတွေ့သလို ဖြစ်သွား၏။ သူ၏မျက်မှောင်သည် ပိုမိုကာ ကုတ်လာခဲ့၏။ သူသည် ချက်ချင်းပဲ တီးတိုးပြောဆိုလိုက်၏။ “ကျုပ်တပည့်က ခရမ်းရောင်နက်နဲလောကထဲမှာ ရောက်နေတယ်။ သူရဲ့ဝိညာဉ်အသက်ပြားကလည်း ဒီအချိန်ထိ ရှိနေသေးတယ်လေ”
သူပြော၍ မပြီးခင်မှာပဲ အဘိုးအိုသည် ကြားဖြတ်ကာ ပြောဆိုလိုက်သည်။ “ဂျူနီယာညီလေး.. ဒီလိုအချိန်မျိုး မှာတောင် မင်းက မင်းရဲ့တပည့်ကို စိုးရိမ်ပူပန်ဖို့ အချိန်ရှိနေသေးတာလား”
“ရန်ကျန့်... သူ မြေအင်မော်တယ်လောကမှာ မရှိတာတောင် ကံကောင်းနေပြီ မဟုတ်လား။ တခြားလောကကို ရောက်နေလို့ အခုလို အခြေအနေမျိုးကို မကြုံရတာလေ။ ဘာပဲပြောပြော သူက ကျောက်စိမ်းလေဟာနယ် နန်းတော်ရဲ့ အမွေအနှစ်တွေကို စောင့်ရှောက်ထိန်းသိမ်းရမယ့်လူ ဖြစ်လာလိမ့်မယ်” အဘိုးအိုသည် ပြောဆိုပြီးနောက် ဟောခန်းကြီး တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။
တခြားသော သူများသည် သူတို့၏ အထင်အမြင်များကို ထုတ်ကာ မပြောဆိုသော်လည်း အဘိုးအို၏ စကားကို သဘောတူညီကြောင်းတော့ တိတ်ဆိတ်ငြိမ်သက်နေမှုဖြင့် ပြသနေကြသည်။
“ဖြစ်နိုင်တာ... အရာအားလုံးက ကျုပ်တို့ ထင်သလို ဆိုးရွားတာတော့ မဟုတ်ပါဘူး” ဟောခန်း၏ ထိပ်တည်နေရာ တွင်ရှိနေသော လူငယ်သည် မျက်လုံးကို ဖွင့်လိုက်၏။ နတ်ဘုရားသင်္ကေတများသည် သူ၏ မျက်လုံးထဲတွင် ပေါ်ပေါက် လာ၏။ သူသည် အလွန်အားကောင်းလှသည့် မျက်လုံးနည်းစနစ်ကို အသုံးပြုကာဖြင့် ကောင်းကင်ယံ တစ်ခုကို ချိုးဖြတ်ကာ ကြည့်ရှုလိုက်ခြင်းပင်။
စောဏတည်းက သူသည် မြေအင်မော်တယ်လောကကို တည်နေရာရွေ့ပြောင်းနေသည့် စွမ်းအားမြင့် ကျင့်ကြံသူကို တစ်ချိန်လုံး လေ့လာကြည့်ရှုနေခြင်းဖြစ်၏။ ဤလူသည် မည်သူဖြစ်ကြောင်း မသိရှိသော်လည်း တချို့သော သတင်းအချက်အလက်များကိုတော့ ရရှိနေပြီဖြစ်သည်။
“စီနီယာအစ်ကို... တစ်စုံတစ်ခုကို ရှာတွေ့ပြီလား” တစ်စုံတစ်ယောက်က မြန်မြန်ဆန်ဆန် မေးမြန်းလိုက်၏။
“အင်း.. ဖြစ်နေတဲ့ အရာအားလုံးကို ငါ သိပ်တော့ မရှင်းလင်းဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ အခု ငါတို့လောကကြီးကို ရွေ့ပြောင်းနေတဲ့ စွမ်းအားမြင့် ကျင့်ကြံသူဆီမှာ သတ်ဖြတ်လိုခြင်း ဆန္ဒတွေတော့ ရှိမနေဘူး” လူငယ်သည် ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။