အခန်း (၃၉၃)
Vol. 27 Ch. 393
“သတ်ဖြတ်လိုခြင်းဆန္ဒ မရှိဘူး ဟုတ်လား” ကျောက်စိမ်းဖြူရောင် သရဖူကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အရွယ်လူသည် တွန့်ကနဲ ဖြစ်သွား၏။ ပြီးနောက် သက်ပြင်းချလိုက်မိသည်။
သူတို့သည် ပုရွက်ဆိတ်လေးများ ကဲ့သို့ပင် ကံဆိုးလွန်းလှချေသည်။ စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်သည်သာ သူတို့၏ လောကကြီးကို ဖျက်ဆီးချင်သည်ဆိုပါက သူတို့အနေနှင့် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ တစ်ဖက်လူ၏ စိတ်ဆန္ဒအတိုင်း လိုက်ပါသွားရန်သာ ရှိ၏။ တစ်ဖက်လူအနေနှင့် မကောင်းသည့် ရည်ရွယ်ချက်များ မရှိသည်ကိုပင် သူတို့က ကျေးဇူးတင်ရပေမည်။
“သတ်ဖြတ်လိုခြင်းဆန္ဒတွေ မရှိဘူးဆိုပေမဲ့ သူက ဒီလိုလုပ်ရခြင်းရဲ့ နောက်ကွယ်မှာ ဘာရည်ရွယ်ချက်တွေ ရှိတာလဲ” ကျောက်စိမ်းလေဟာနယ်နန်းတော်၏ ကြီးကျယ်ခမ်းနားလှသော ဟောခန်းကြီး၏ အတွင်းဘက်တွင် တော်ဝင်သူတော်စင် တစ်ယောက်သည် လေဟာနယ်ထဲကို လှမ်းမျှော်ကြည့်ရှုကာဖြင့် မေးမြန်းလိုက်၏။ သို့ပေမဲ့ သူသည် သူကြည့်ရှုနေသည့် အကန့်အသတ်အတွင်း ဘာတစ်ခုကိုမှ မတွေ့ရှိချေ။
“အင်း.... ဒီလို စွမ်းအားမြင့်ကျင့်ကြံသူတွေက ကျုပ်တို့ နားလည်နိုင်မှုထက် ပိုတဲ့အရာတွေပဲလေ” လူငယ်သည် ရှေးဆန်လှသည့် ၎င်း၏ မျက်လုံးများနှင့်အတူ တည်နေရာတစ်ခုကို ကြည့်ရှုရင်း တွေးတွေးဆဆ ပြောဆိုလိုက်၏။
“ကျုပ် ကြားတာက နိရယ အင်ပါယာဆီမှာ အန္တိမကျင့်ကြံသူတစ်ယောက် ချန်ထားခဲ့တဲ့ ကျောက်စိမ်းပြားတစ်ခု တည်ရှိနေတယ်တဲ့။ အဲတာက လောကကြီးတစ်ခုရဲ့ တည်နေရာကို လမ်းညွှန်ပေးနိုင်စွမ်း ရှိတယ်။ ဖြစ်နိုင်တာက ကျုပ်တို့ အဲအကြောင်းအရာကို နိရယ အင်ပါယာဆီကနေ စုံစမ်းလို့ ရနိုင်တယ်” ကျောက်စိမ်းလေဟာနယ် နန်းတော်၏ အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။
“အန္တိမအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အကြွင်းအကျန်တွေလား။ ခင်ဗျားဆိုလိုတာက အန္တိမကျောက်စိမ်းပြားကို ဆိုလိုတာလား” လူငယ်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ ၎င်းက တီးတိုးရေရွတ်လိုက်၏။
“ဟုတ်ပါတယ်” အကြီးအကဲက ခေါင်းညိတ်လိုက်သည်။
အန္တိမကျောက်စိမ်းပြား တည်ရှိမှုသည် လျှို့ဝှက်ချက်တစ်ခု မဟုတ်ချေ။ နိရယအင်ပါယာ၏ မူလအရင်းအမြစ်ကို အားလုံးသောသူများက သိရှိပြီးသားဖြစ်သည်။ သူမသည် အန္တိမကျင့်ကြံသူ တစ်ယောက်ထံမှ အမွေရရှိထားခြင်းဖြစ်၏။ အန္တိမကျင့်ကြံသူသည် ထိုလောကကြီးထဲတွင် စွမ်းအားမြင့် ကျင့်ကြံသူ မဟုတ်သည်ဆိုသော်လည်း အလယ်အလတ်တန်းစား စွမ်းအားမြင့် ကျင့်ကြံသူတော့ ဖြစ်လို့နေ၏။ အမွေအနှစ်သည် ဘာမှန်းမသိသည့် အခြေအနေ၌ ငယ်ရွယ်လှသည့် နိရယအင်ပါယာ၏ လက်ထဲသို့ ရောက်ရှိလာခဲ့၏။
အမွေအနှစ်ကို ဆက်ခံပြီးသည့်နောက် သူမ၏ ကျင့်ကြံခြင်းသည် ကောင်းကင်ယံဆီသို့ ထိုးတက်သွားခဲ့၏။ သူမသည် ပြိုင်ဘက်များကို ဖိနှိပ်နိုင်ခဲ့သည်။ သူမသည် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက် ဖြစ်လာသည် ဆိုလျှင်တောင်မှ အလွန်အားကောင်းလှသည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်လာခဲ့သည်။
သူမ အင်ပါယာတစ်ယောက် ဖြစ်လာသည့်အချိန်မှာတော့ နိရယလောကကို တည်ထောင်ခဲ့သည်။ မြေအင်မော်တယ် လောကကြီး၏ များပြားလှသော အင်အားစုများသည် ထိုအကြောင်းအရာကို သိရှိခဲ့၏။ သို့ပေမဲ့ ထိုအရာသည် နောက်ကျသွားခဲ့ပြီဖြစ်၏။ အမွေအနှစ်အားလုံးသည် သူမ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့၏။ ထို့အတူ သူမလက်ထဲသို့ ရောက်ရှိသွားသည့် အရာများကိုလည်း မည်သူမှ ပြန်လည်ကာ မလုယူနိုင်ခဲ့တော့ချေ။
အန္တိမကျောက်စိမ်းပြား - ထိုအရာသည် အန္တိမကျင့်ကြံသူတစ်ယောက် ချန်ထားခဲ့သည့် ရတနာများထဲမှ တစ်ခုသာလျှင်ဖြစ်၏။ တခြားသော ရတနာများ ဘာတွေကျန်နေသည်က မရှင်းလင်းလှချေ။ အနည်းဆုံးအနေနှင့် နိရယ အင်ပါယာသည် တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်တွင် တည်ရှိနေသည် ဆိုသော်လည်း ကျောက်စိမ်း လေဟာနယ်နန်းတော်ကို မည်သို့မှ ပြဿနာပေးနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သူမဆီ၌ များပြားလှသည့် ဝှက်ဖဲများ တည်ရှိနေ၏။ ထို့ကြောင့်ပင်လျှင် ကျောက်စိမ်းလေဟာနယ်နန်းတော်ကို မည်သို့မှ ကြောက်လန့် လိမ့်မည် မဟုတ်ချေ။
“အင်း.. အန္တိမကျင့်ကြံသူတွေက အန္တိမသက်တမ်းကို ပိုင်ဆိုင်ကြတယ်။ ရှုပ်ထွေးတဲ့ လေဟာနယ် တည်နေရာ ပတ်လမ်းထဲမှာ ခရီးသွားလာနိုင်စွမ်း ရှိတယ်။ ဒီလို စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် ချန်ခဲ့တဲ့အရာ ... အန္တိမကျောက်စိမ်းပြားကိုတောင်မှ ကျောက်စိမ်းလေဟာနယ်နန်းတော်က ရှာဖွေနိုင်မှာ မဟုတ်ဘူး။” ကျောက်စိမ်း လေဟာနယ် နန်းတော်၏ အရှင်သည် ပြောဆိုလိုက်၏။
၎င်း၏ မျက်နှာပြင်သည် ငယ်ရွယ်လှသည်ဆိုသော်လည်း ၎င်း၏ လေသံကို ကြည့်ရှုရမည်ဆိုလျှင် များပြားလှသည့် အတွေ့အကြုံများကို ကျော်ဖြတ်ဖူးသည့် လူတစ်ယောက်ဖြစ်ကြောင်း သိသာ ထင်ရှားလှ၏။ တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံဖြင့် သူသည် ခေါင်းကို ခါယမ်းကာ တီးတိုးပြောဆိုလိုက်သည်။ “မြေအင်မော်တယ်လောကထဲမှာ အန္တိမကျောက်စိမ်းပြား မရှိဘူးလို့ ပြောချင်နေတာလား”
အန္တိမကျောက်စိမ်းပြား၏ အလုပ်လုပ်ဆောင်မှုသည် များပြားလှသည့် စွမ်းအားမြင့် ဂိုဏ်းဂဏအသီးသီးတို့ သိရှိပြီးသား အရာပင်ဖြစ်၏။ ထိုအရာသည် ရှုပ်ထွေးလှသည့် လေဟာနယ်ကြီးထဲတွင် သွားလာနိုင်စွမ်းရှိသည့် လမ်းစဉ်ကို ထုတ်ဖော်ပြသလျက်ရှိ၏။ ထိုမှတဆင့် လောကသစ်ကြီး တစ်ခုဆီသို့ သွားရောက်နိုင်၏။ သို့မဟုတ် ထိုအန္တိမကျင့်ကြံသူ၏ မူလလောကဆီသို့ ရောက်ရှိသွားနိုင်စွမ်း ရှိ၏။ ထိုလု်ပဆောင်နိုင်မှုသည် တကယ့်ကို ကြီးကျယ်မြင့်မြတ်လှသည့် အရာပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မြေအင်မော်တယ်လောကတွင် ရှိနေသော စွမ်းအားမြင့် ကျင့်ကြံသူများသည် ဤကဲ့သို့သော ခရီးလှည့်လည်သွားလာနိုင်စွမ်း ရှိနေသည့် လူမျိုး မဟုတ်ကြချေ။
နိရယအင်ပါယာသည် အန္တိမလမ်းစဉ်၏ ကျောက်စိမ်းပြားကို ပိုင်ဆိုင်လျက် ရှိနေ၏။ ဤအရာသည် ၎င်းတို့၏ လောကကြီးတွင် ဘာမှမဟုတ်လှသည်ဆိုသော်လည်း တခြားသော လောကဆီသို့ ရောက်ရှိသွားသည်ဆိုပါက ၎င်း၏ အသုံးဝင်မှုသည် ပိုမိုကာ တိုးတက်လာမှာ သေချာ၏။
အန္တိမလမ်းစဉ်အောက်တွင် ရှိနေသော စွမ်းအားမြင့် ကျင့်ကြံသူများ အနေဖြင့် အချိန်အတိုင်းအတာအတွင်း တည်နေရာ ပတ်လမ်းကြောင်းထဲ၌ ခရီး သွားလာနိုင်စွမ်းရှိသည့် အစွမ်းမျိုးကို ပိုင်ဆိုင်လာနိုင်၏။ အဓိကအားဖြင့် ရှုပ်ထွေးလှသည့် လေဟာနယ်ထဲကို သွားရင်း လမ်းပျောက်သွားမည်ကို စိုးရိမ်ကြောက်လန့်စရာ မလိုချေ။ အန္တိမကျောက်စိမ်းပြား၏ လမ်းညွှန်မှုနှင့်ဆိုလျှင် ၎င်းတို့သည် လောကနိယာမများ၏ တန်ပြန်မှုကိုလည်း ဖြေရှင်းနိုင်စွမ်း ရှိပေလိမ့်မည်။
“မကြာသေးတဲ့ အချိန်တုန်းက မြေအင်မော်တယ်လောကရဲ့ ပါရမီရှင်တစ်ယောက်က ခရမ်းရောင်နက်နဲ လောကကြီးထဲကို ချိုးဖြတ်ဝင်ရောက်သွားတဲ့အချိန်မှာ နိရယ အင်ပါယာရဲ့ နောက်လိုက်တစ်ယောက်က ကျောက်စိမ်းပြားကို ယူဆောင်သွားတယ်ဆိုတဲ့သတင်း ကြားခဲ့သေးတယ်” အကြီးအကဲတစ်ယောက်က ဖြည်းညှင်းစွာ ပြောလိုက်၏။
ငရဲအင်ပါယာသည် သူမ၏ နောက်လိုက်ကို အဘယ်ကြောင့် အန္တိမကျောက်စိမ်းပြား ပေးအပ်လိုက်ရသနည်း ဆိုသည်မှာ လက်ရှိအခြေအနေ၌ အရေးမကြီးတော့ချေ။ အဘယ်ကြောင့်ဆိုသော် အန္တိမကျောက်စိမ်းပြားသည် မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါ အားလုံးတို့၏ နောက်ဆုံးသော ကောက်ရိုးမျှင် ဖြစ်နေသောကြောင့်ပင်။ ကျောက်စိမ်းလေဟာနယ်နန်းတော်အနေဖြင့် ထိုအရာကို ရရှိသည်ဆိုပါက တည်နေရာ ဖြတ်သန်းပြီး လောကသစ်တစ်ခုဆီ ဦးတည်သွားနိုင်စွမ်းရှိပေလိမ့်မည်။
“ကျုပ်ယုံတာကတော့ ဒီအချိန်မှာ ဆရာ့ရဲ့ အထင်အမြင်ကို တောင်းခံတာ အကြောင်းဆုံး ဖြစ်လိမ့်မယ်”
အဘိုးအို တစ်ယောက်က ပြောဆိုလိုက်၏။ ၎င်းသည် ကျောက်စိမ်းလေဟာနယ်နန်းတော်၏ အနောက်ဘက်ဆီသို့ လေးလေးစားစားဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။
“ပြီးတော့ နိရယ အင်ပါယာက မိန်းမတစ်ယောက် ဖြစ်တယ်ဆိုပေမဲ့ ရည်ရွယ်ချက် ကြီးမားတဲ့ လူတစ်ယောက်လေ။ သူမနဲ့ ပူးပေါင်းတယ်ဆိုတာ ကျားကိုဖက်ပြီး ခရီးသွားရတာနဲ့ တူတူပဲ။ သူမက ကျောက်စိမ်း လေဟာနယ်နန်းတော်ကို အန္တိမကျောက်စိမ်းပြား မျှဝေပေးဖို့ ရည်ရွယ်ချက်မျိုး ဘယ်လိုမှ ရှိမှာမဟုတ်ဘူး။ သူမ သာ အင်မော်တယ် ဖြစ်လာမယ်ဆိုရင် နိရယ လောကကြီးရဲ့ လွှမ်းမိုးနိုင်မှုက ဒီထက်ပိုပြီး ကြီးမားလာမှာ။ ဒါဆိုရင် ကျောက်စိမ်းလေဟာနယ်နန်းတော်နဲ့ မိတ်ဆွေဖြစ်လာမလား။ ရန်သူဖြစ်လာမလားဆိုတာ မသေချာဘူးလေ”
ဟောခန်းထဲတွင်ရှိနေသည့် အခြေအနေသည် ထိုအကြီးအကဲ ပြောဆိုပြီးသည့်နောက် ပိုမိုကာ လေးနက်သွား ခဲ့သည်။
“စီနီယာအစ်ကို... ခင်ဗျားပြောတာ တကယ်ကို မှန်တယ်”
ထိုအကြီးအကဲ၏ ဘေးတွင် ရှိနေသည့်လူက ပြောဆိုလိုက်၏။ သူသည် ဟောခန်းထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့ကို ဝေ့ကြည့်ပြီးသည့် လေးလေးနက်နက် ပြောလိုက်၏။ “နိရယ အင်ပါယာက မြေအင်မော်တယ်လောကရဲ့ သက်ရှိသတ္တဝါတစ်ယောက် ဖြစ်တယ်ဆိုပေမဲ့ သူမက တခြားလောကက အမွေအနှစ်တွေ ကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်လေ။ ကျုပ်တို့သိတာ ဒီလောက်ပဲ”
“နိရယ အင်ပါယာသာ ကျုပ်တို့နဲ့ မပူးပေါင်းဘူးဆိုရင် ကျောက်စိမ်းလေဟာနယ် နန်းတော် အပြင် မြေအင်မော်တယ်လောကမှာရှိတဲ့ သက်ရှိသတ္တဝါတွေ အားလုံးက တကယ့်ကို ကံဆိုးမိုးမှောင် ကျပြီပဲ”
ကျောက်စိမ်းသရဖူကို ဆင်မြန်းထားသည့် သက်လတ်ပိုင်းအရွယ်လူသည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်၏။ သူသည် အမှန်ပင် လေးလေးနက်နက် ပြောဆိုနေခြင်းဖြစ်သည်။ “ကျုပ်တို့က တကယ့်ကို ရှုပ်ထွေးလှတဲ့ အခြေအနေမျိုးကို ကျရောက်နေပြီဆိုတော့ မျှော်လင့်ချက် တစ်ခုတစ်လေတော့ အမိအရ ကိုင်ထားမှဖြစ်မယ်”
“စီနီယာအစ်ကို စောဏက ပြောခဲ့တာတော့ တည်နေရာရွေ့ပြောင်းမှုကို ပြုလုပ်ခဲ့တဲ့လူဆီမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိဘူးဆို” အကြီးအကဲတစ်ယောက်သည် သေသေချာချာ စဉ်းစားပြီးနောက် ပြောလိုက်သည်။ မည်သူမှသည် သေချင်စိတ် မရှိကြချေ။ ထို့အပြင် မည်သူမှသည် မိမိတို့၏ အိမ်ဆီမှ ထွက်ခွာသွားချင်စိတ် မရှိကြချေ။
“ကျောက်စိမ်းလေဟာနယ် နန်းတော် အထက်ကနေ အောက်အထိ တပည့်ပေါင်းထောင်ကျော်တို့ရဲ့ အသက်တွေ အားလုံးက ဒီအရာကို လုပ်တဲ့လူဆီမှာ သတ်ဖြတ်ချင်စိတ် ရှိလား၊ မရှိလားဆိုတဲ့အပေါ်မှာ မူတည်နေတာလား” သက်လတ်ပိုင်း လူသည် အေးစက်စက်အသံဖြင့် လှမ်းကာ ပြောလိုက်၏။
“ဒီအဘိုးကြီး ဆိုလိုတာ အဲလို မဟုတ်ပါဘူး” စောဏက ပြောဆိုခဲ့သည့်လူသည် ထပ်မံကာ ပြောဆိုလိုက်၏။ သို့ပေမဲ့ သူပြော၍ မပြီးသေးခင်မှာပဲ တည်ငြိမ်သည့်အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
“လုံလောက်ပြီ”
ကျောက်စိမ်းလေဟာနယ်နန်းတော်အရှင်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူသည် မျက်လုံးကို ဖွင့်ပြီးသည့်နောက် မျက်လုံး၏ အတွင်းဘက်တွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူသည် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည့် အသံဖြင့် ပြောဆိုလိုက်၏။ “ဆရာက အခုလေးတင် ကျုပ်ကို သတင်းပေးပို့လိုက်တယ်”
“ဟမ်” အားလုံးသောသူတို့၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ သူတို့သည် သံပြိုင်ဆိုသလိုပဲ ထကာ မေးမြန်းလိုက်သည်။ “ဆရာ ဘာပြောလိုက်တာလဲ”
“ဆရာပြောတာက”
ကျောက်စိမ်းလေဟာနယ်နန်းတော်အရှင်က ပြောဆိုလိုက်၏။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ပြီးသည့်နောက် ကြီးမားလှသည့် ဝန်ထုတ်ဝန်ပိုးကြီး တစ်ခုကို လွှတ်ချလိုက်သကဲ့သို့ပင် ပေါ့ပါးနေ၏။ သူ့ကို ကြည့်ရှုရသည်မှာ အနိုင်ရနိုင်သည့် လက်နက်တစ်ခုကို ကိုင်ဆောင်ထားနိုင်သည့် လူတစ်ယောက်ကဲ့သိုပင်။ “မြေအင်မော်တယ်လောကကြီးက ဘာဒုက္ခမှ မရှိဘူးတဲ့။ အခုရှုပ်ထွေးနေတဲ့ တည်နေရာလမ်းကြောင်းရဲ့ အခြား တစ်ဖက်ခြမ်းမှာ ရှိနေတာက ခရမ်းရောင်နက်နဲလောကကြီးတဲ့”