အခန်း (၃၉၄)
Vol. 27 Ch. 394
“ခရမ်းရောင်နက်နဲလောက”
ကျောက်စိမ်းလေဟာနယ်နန်းတော်တွင် ရှိနေသည့် လူပေါင်းများစွာ၏ မျက်နှာများသည် အေးခဲသွားခဲ့ကြ၏။ ၎င်းတို့သည် ဖြစ်နိုင်ဖွယ်ရာပေါင်းများစွာကို စဉ်းစားသုံးသပ်ခဲ့ပြီးသားဖြစ်၏။ သို့ပေမဲ့ မြေအင်မော်တယ် လောက ရွှေ့လျားသွားခဲ့သည့်နေရာ သည် ခရမ်းရောင်နက်နဲ လောကကြီးဆီ ဖြစ်လိမ့်မည်ဟု သူတို့မထင်ခဲ့ ချေ။
လောကကြီး ဘာတွေ ဖြစ်နေသနည်း။
ခရမ်းရောင်နက်နဲလောကကြီးထဲတွင် အန္တိမလမ်းစဉ် ကျင့်ကြံသူ တစ်ယောက် တည်ရှိလို့နေခဲ့ပြီး ထိုလူသည် မြေအင်မော်တယ်လောကကြီးက ဆွဲယူခဲ့လေသည်လား၊ မယုံကြည်နိုင်ဖွယ်ရာ ကောင်းလွန်းလှ၏။ မြေအင်မော်တယ်လောကကြီးတွင် ဤကဲ့သို့သော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် မရှိချေ။ ထို့ကြောင့် ခရမ်းရောင်နက်နဲလောကကြီးကဲ့သို့ အဆင့်နိမ့်လောကကြီးထဲ၌ ရှိနိုင်ဖို့ဆိုတာ ပို၍ပင် မဖြစ်နိုင်ချေ။
“အင်း... ဆရာ အာရုံခံတာများ မှားသွားလို့လား။ ခရမ်းရောင်နက်နဲလောကဆီ ဦးတည်နေတယ် ဆိုတာက အဓိပ္ပာယ်မရှိဘူးလေ” သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် သံသယရှိစွာဖြင့် ပြောဆိုလိုက်၏။
“ဂျူနီယာညီလေး... မင်း ဆရာ့ကို မေးခွန်းထုတ်နေတာလား” ကျောက်စိမ်းလေဟာနယ်နန်းတော်အရှင်၏ မျက်လုံးများသည် အေးစက်သွား၏။ သူသည် ခက်ထန်စွာဖြင့် မေးမြန်းလိုက်သည်။
“မဟုတ်ပါဘူး”
သက်လတ်ပိုင်းလူသည် လျှင်လျှင်မြန်မြန်နှင့် ဦးညွတ်ကာဖြင့် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ဂျူနီယာ ညီလေးအနေနဲ့ ဆရာ့ကို မယုံကြည်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်ပေါ်လာတဲ့ ရလဒ်က မယုံကြည်နိုင်ဖွယ်ရာ ဖြစ်နေလို့ပါ”
သူတင်မက ဟောခန်းထဲတွင် ရှိနေသည့် လူပေါင်းများစွာ တို့သည်လည်း မယုံကြည်နိုင်စွာဖြင့် ဖြစ်တည်လို့နေခဲ့၏။
“ဆရာက တကယ့်ကို အစစ်အမှန် အင်မော်တယ်တစ်ယောက်ပဲ။ ဘယ်တော့မှ မှားမှာ မဟုတ်ဘူး” ကျောက်စိမ်းလေဟာနယ် နန်းတော်၏အရှင်သည် ထိုစကားစုကို ပြောဆိုလိုက်သည်။
အားလုံးသော သူတို့သည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ဟောခန်းတစ်ခုလုံးသည် အပ်ကျသံပင် မကြားရလောက်အောင် ငြိမ်သက်သွားခဲ့ခြင်း ဖြစ်၏။
ဘန်း ....။
ခဏလောက်ကြာပြီးသည့်နောက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသောအသံကြီး ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့၏ လောကကြီးတစ်ခုလုံး တုန်ခါသွားခဲ့၏။ အထဲတွင်ရှိနေသည့် သက်ရှိသတ္တဝါများအားလုံးတို့၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများနှင့် ပေါ်ပေါက်လာခဲ့ကြ၏။ ဘာတွေဖြစ်နေသည်ဆိုသည်ကို သူတို့ မသိရှိကြချေ။
စွမ်းအားမြင့်ကျင့်ကြံသူများသည် တစ်စုံတစ်ခုကို အာရုံခံမိသည်နှင့်တပြိုင်နက် ကောင်းကင်ယံပေါ်သို့ ပျံတက်ကာ လောက၏ အစွန်းဘက်ဆီသို့ သွားလိုက်၏။ လောက၏အစပ် တည်နေရာတွင် ကြီးမား လွန်းလှသည့် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လျက်ရှိနေ၏။ ထိုအက်ကွဲကြောင်းကြီးမှတဆင့် အဆုံးမဲ့ ရှုပ်ထွေးလှသည့် လောက၏ လေဟာနယ်ကြီးတစ်ခုကို မြင်လိုက်ရသည်။
“ဒါ... ဒါ ခရမ်းရောင်နက်နဲလောကကြီးပဲ”
နတ်ဘုရားကဲ့သို့သော စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် လေဟာနယ်ထဲမှ ထိုးထွက်လာခဲ့ပြီးနောက် လက်ကိုဝေ့ယမ်းကာဖြင့် ပြောဆိုလိုက်၏။ “ဒါ ခရမ်းရောင်နက်နဲလောကကြီးပဲ”
“မဟုတ်ဘူး”
ခပ်ဖျော့ဖျော့အသံတစ်ခုထွက်ပေါ်လာခဲ့၏။ ၎င်းသည် တစ်ဖက်လူနှင့် နှိုင်းယှဉ်၍မရနိုင်သည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။၊ သို့ပေမဲ့ ၎င်း၏ ခန္ဓာကိုယ်အနီးတဝိုက်တွင် တော်ဝင်တာအို၏ နိယာမများ လွှမ်းခြုံလျက်ရှိနေ၏။ ပြောပြောပြီးချင်းမှာပဲ ကောင်းကင်နှင့်မြေကြီးသည် ၎င်း၏စကား သက်ရောက်မှုကို ခံလိုက်ရပြီး လောက၏နိယာမများပင်လျှင် တုန်ခါသွားခဲ့သည်။
“ဒီလောကကြီးက အရင် ခရမ်းရောင်နက်နဲလောကကြီးနဲ့ ခြားနားသွားတယ်။ ကြည့်ရတာ လောကကြီးရဲ့ နိယာမတွေ အကုန်လုံးက ပြောင်းလဲသွားတာပဲဖြစ်ရမယ်။ မြေအင်မော်တယ်လောကကြီးနဲ့ သိပ်ပြီးတော့ မကွာခြားသလိုတောင် ထင်ရတယ်။ ကြည့်ရတာ လောကနှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပုံပဲ” တစ်စုံတစ်ယောက်သည် ရုတ်တရက် ရေရွတ်လိုက်မိ၏။
မြေအင်မော်တယ်လောက၏ ရှုပ်ထွေးလှသော လေဟာနယ်ကြီးတစ်ခုသည် ကွဲအက်သွားခဲ့ပြီးသည့်နောက် ခရမ်းရောင်နက်နဲလောကကြီးဆီသို့ ဦးတည်လျက် ရှိနေ၏။ အကွာအဝေးသည် နီးလာသောကြောင့် တော်ဝင်အင်ပါယာအဆင့် ကျင့်ကြံသူများပင်လျှင် ခရမ်းရောင်နက်နဲ လောကကြီး၏ အော်ရာကို အာရုံခံမိ ကြသည်။
“လောကနှစ်ခုကို တစ်ခုတည်း အဖြစ် ပေါင်းစပ်တာလား”
လေထုထဲတွင်တော့ ပြိုင်စံရှားသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က မတ်မတ်ရပ်လျက်ရှိ၏။ ၎င်းသည် ခရမ်းရောင်နက်နဲလောကဆီသို့ လှမ်းကြည့်ကာဖြင့် ပြောဆိုလိုက်၏။ “ကြည့်ရတာ ဒီကိစ္စကို လုပ်ခဲ့တဲ့ စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်ရဲ့ ရည်ရွယ်ချက်ကို ကျုပ်နည်းနည်း နားလည်လာခဲ့ပြီ။ သူက လောကတွေ အသီးသီးကို လိုက်ပြီး ပေါင်းစပ်ပြီး ကြီးကျယ် ခမ်းနားတဲ့ လောကကြီးတစ်ခုကို ဖန်တီးတည်ဆောက်ချင် နေတာများလား”
ခရမ်းရောင်နက်နဲလောကကြီးအထဲတွင် ကောင်းကင်တစ်ခုလုံး ကွဲအက်ပြီးသည့်နောက် ရှုပ်ထွေးလှသည့် မြူများ ထွက်ပေါ်လာခဲ့၏။ ကောင်းကင်ယံတွင် ကြီးမားလှသည့် လှိဏ်ခေါင်းကြီးတစ်ခု ဖြစ်တည်လာခဲ့ပြီး ထိုအရာကြီးဆီမှ တဝုန်းဝုန်းနှင့်အသံများ မြည်လျက်ရှိပြီး အမဲရောင်မိုးကြိုးလှိုင်းများသည် ထိုနေရာတွင် လိမ်ယှက်လျက်ရှိနေပြီး ဆန်းကြယ်လွန်းလှသည့် အသင်္ချေ နိယာမများသည် စတင်ကာ အသက်ဝင်လာခဲ့၏။
ထို့အပြင် အသင်္ချေများပြားလွန်းလှသည့် မျိုးနွယ်စုများအသီးသီး၏ အော်ဟစ်သံများကလည်း ထွက်ပေါ် လာခဲ့၏။ ကောင်းကင်မူလလောကကြီးသည် ထိုကဲ့သို့သောအရာမျိုးကို အတွေ့အကြုံ ခံစားခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် တုန်လှုပ်မှုမှာ အနည်းငယ်သာလျှင်ရှိသည်။
ထိုသို့ဆိုလျှင်တောင်မှ လောကကြီး တစ်ခုလုံး အဆုံးသတ်သို့ ရောက်ရှိသွားလောက်သည်အထိ မြင်ကွင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
အမဲရောင်မိုးကြိုးလှိုင်းများ၊ ကြက်သွေးရောင်ထလျက်ရှိနေသည့် လျှပ်စီးတန်းများသည် လေဟာနယ် တစ်ခုလုံးတွင် ပြည့်နှက်လျက်ရှိနေပြီး လောကကြီးတစ်ခုလုံးကို အဆုံးသတ်တော့မည့် သကဲ့သို့ပင်။ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးသည် တုန်ခါလျက် ရှိနေသည်။
မြေပြင်သည် တုန်ခါနေစဉ်မှာပဲ ကျယ်ပြောလှသည့် ခရမ်းရောင်နက်နဲလောကကြီးတွင်ရှိနေသော ရေတွက် မရနိုင်သည့် ကြယ်များသည် စတင်ကာ မှေးမှိန်လာခဲ့၏။ အသက်ရှူရှိုက်စာ အနည်းငယ်အတွင်းမှာပဲ အလွန်ဆန်းကြယ်လှသည့် အော်ရာများထွက်ပေါ်လာခဲ့ပြီး အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ စိတ်ဆန္ဒကို အသိအမှတ်ပြုရသည့် နိယာမအသစ်သည် လောကကြီးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။
မြေအင်မော်တယ် လောကကြီးအနေနှင့် အလုံးစုံကို မပေါင်းစပ်သေးသော်လည်း မြေအင်မော်တယ် လောကတွင် ရှိနေသည့် အစစ်အမှန် အင်မော်တယ်များအားလုံးသည် ခရမ်းရောင်နက်နဲလောကကြီးနှင့် ပတ်သက်၍ စတင်ကာ လေ့လာသုံးသပ်လျက် ရှိနေ၏။ သူတို့အနေနှင့် သူတို့၏ စွမ်းအင်အဆင့်များကို ဖိနှိပ်ထားခဲ့ပြီး သက်တောင့်သက်သာဖြင့် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်ဆိုသော်လည်း ခရမ်းရောင်နက်နဲ လောကကြီး၏ တည်နေရာအနှံ့ အသီးသီးတွင် ၎င်းတို့၏ နတ်ဘုရားအသိအမြင်များ လွှမ်းခြုံလျက် ရှိနေသည်မှာတော့ ထင်ရှားလှသည်။
ထိုနတ်ဘုရားအသိအမြင်များသည် အထင်အမြင်သေးသည့် အရိပ်အယောင်များ ပါဝင်လျက်ရှိနေပြီး သာမန် သတ္တဝါများ အားလုံးတို့ကို သာမန်ပုရွက်ဆိတ်လေးကဲ့သို့ပင် ထားရှိသည့်စိတ်ထားများလည်း တည်ရှိ၏။
၎င်းတို့၏ မျက်လုံးထဲတွင် ခရမ်းရောင်နက်နဲလောကကြီးဆိုသည်မှာ ဘာတစ်ခုမှမဟုတ်ပေ။ ၎င်းတို့ သည် နတ်ဘုရား အသိမြင်များကို ဖြန့်ကျက်ပြီး တားမြစ်တည်နေရာများ၊ လောကကြီး၏ ကန့်သက်ဇုံများကို ကြည့်ရှုလိုက်၏။ သူတို့၏ အစစ်အမှန် အင်မော်တယ် နတ်ဘုရား အသိမြင်များကို မည်သူက တားဆီးရဲသနည်း။
“မုန်းစရာပဲ”
ရှေးကြယ်တာရာနယ်မြေ တစ်ခုအတွင်းမှာတော့ အင်ပါယာတိုင်သည် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်း၏ အင်ပါရီယာ ဝတ်စုံသည် လှုပ်ခါလျက် ရှိနေ၏။ လက်တစ်ဖက်ကို အသာဆန့်တန်းပြီးသည့်နောက် သူသည် ကောင်းကင်ဘုံ အင်ပါရီယာစည်း တစ်ခုကို ထုတ်ယူကာဖြင့် ကောင်းကင်ယံထက်ဆီသို့ လှမ်းကာ ပစ်လွှတ်လိုက်သည်။
ကောင်းကင်ဘုံ အင်ပါရီယာစည်း သည် များပြားလှသည့် ရောင်စဉ်အလင်းတန်းများ ထွက်ပေါ်လျက်ရှိနေပြီး ကောင်းကင်ယံ၏ မိုင်သန်းနှင့်ချီသော အကွာအဝေးကို ဖုံးလွှမ်းသွားခဲ့၏။ အင်ပါယာတိုင် အုပ်စိုးသည့် တည်နေရာတွင် ရှိသော သတ္တဝါအားလုံးတို့သည် မြေပေါ်သို့ ဒူးထောက်ကာ ထိုင်ချလိုက်မိကြ၏။ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လျက်ရှိ၏။
“ကျုပ်တို့ကို ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရဲတယ်ဆိုတော့ ခရမ်းရောင်နက်နဲလောကကြီးထဲမှာ တခြား ဘယ်သူမှ မရှိတော့ဘူး ထင်နေတာလား” အင်ပါယာတိုင်က အော်ဟစ်လိုက်၏။ ၎င်း၏ သွေးစွမ်းအင်များ သည် ကောင်းကင်ပေါ်သို့ လိမ့်တက်လျက်ရှိနေပြီး ကောင်းကင်ယံတစ်ခုလုံးသည် မြူခိုးမြူမှုန်များဖြင့် ဖုံးလွှမ်းနေသည်။ စွမ်းအင်လှိုင်းများသည် မီးတောင်ကြီးတစ်ခု ပေါက်ကွဲသွား သကဲ့သို့ပင် အရှိန်တငြီးငြီးနှင့် ထွက်ပေါ်နေသည်။
“မိုက်ရိုင်းလိုက်တာ”
အင်ပါရီယာနိုင်ငံတစ်ခုအတွင်းမှာတော့ အားလုံးသောသူတို့သည် တိုက်ခိုက်ရန်အတွက် ပြင်ဆင်နေကြပြီ ဖြစ်၏။ မြေအင်မော်တယ်လောကကြီးမှ သက်ရှိများသည် ၎င်းတို့၏ နယ်မြေကို ကျူးကျော်ရန် ပြင်ဆင်နေခဲ့၏။ ထို့အတွက် မည်သည့်သတင်းပို့ချက်မှ လုပ်စရာမလိုတော့ချေ။
“အရာအားလုံး တွေ့သမျှကို သုတ်သင်ရှင်းလင်းပစ်ရမယ်”
အင်ပါရီယာတိုင်က အော်ဟစ်လိုက်သည်။ ၎င်း၏ အသံသည် ကောင်းကင်ယံတစ်ခုလုံးတွင် ပဲ့တင်ထပ်လျက် ရှိနေ၏။
မြေအင်မော်တယ်လောကတွင် အစစ်အမှန် အင်မော်တယ်များရှိသည်ကို သူသိရှိ၏။ သို့ပေမဲ့ ဤအချိန်သည် အညံ့ခံရမည့် အချိန်မျိုးမဟုတ်ချေ။ အားကောင်းလွန်းလှသည့် တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်သည်နှင့် အညီ ခန့်မှန်း၍မရသည့် ရန်သူများနှင့် ရင်ဆိုင်ရသည့်အချိန်၌ သူ၏ ကြောက်လန့်မှုကိုသာ ပြသခဲ့သည် ဆိုပါက သူ၏တည်နေရာထဲတွင် နေထိုင်ကြသည့် မြို့သူမြို့သားများသည် ပိုမိုကာ ကြောက်လန့်သွားကြ ပေလိမ့်မည်။
ထို့အပြင် သူသည် နတ်ဘုရားအင်ပါယာ၏လမ်းစဉ်ကို လိုက်နာကာ နတ်ဘုရားအင်ပါယာ တစ်ယောက် ဖြစ်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် တခြား မည်သူ့ကိုမှ အညံ့ခံလိမ့်မည် မဟုတ်ချေ။ သူ၏ ခါးကို ကွေးညွတ်၍ အလျော့ပေးခဲ့ပါက သူ၏ လမ်းစဉ်တစ်ခုလုံး အဆုံးသတ် သွားမှာ သေချာသည်။
“နတ်ဘုရားအင်ပါယာရဲ့ စကားကို လိုက်နာပါ့မယ်”
ဆန်းကြယ်လှသော အသံများသည် တည်နေရာအနှံ့ဆီမှ တစ်သံပြီး တစ်သံပေါ်ပေါက်လာခဲ့၏။ ရေတွက်၍ မရအောင် များပြားသည့် စစ်သည်များသည် လှံများကို ကိုင်ဆောင်ကာဖြင့် သတ်ဖြတ်လိုခြင်း ဆန္ဒအပြည့်ကို ထုတ်ဖော်ကာ တည်နေရာအနှံ့ဆီသို့ ပြေးထွက်သွားခဲ့ကြ၏။
၎င်းတို့သည် စစ်ရထားလုံးများကို စီးထားကြပြီး တချို့မှာတော့ စစ်မြင်းများကို စီးနင်းကြ၏။ တချို့သည် နတ်ဘုရားလှေများကို စီးနင်းကြ၏။ ခဏ အတွင်းမှာပဲ အင်ပါယာတိုင်၏ အမိန့်ပေးမှုအောက်ရှိ အားအင်စုအားလုံးတို့သည် ၎င်းတို့၏ အားအင်များကို စတင်ကာထုတ်ဖော်လာကြသည်။
“မြေအင်မော်တယ်လောက”
“အင်း.. ကောင်းကင်လျှို့ဝှက်နန်းဆောင်က ခရမ်းရောင်နက်နဲလောကကြီးကို ဖျက်ဆီးစေချင်တာလား” တစ်စုံတစ်ယောက်သည် သက်ပြင်းကိုချလိုက်မိ၏။
လက်ရှိအခြေအနေမှာတော့ မြေအင်မော်တယ်လောကမှ မူရင်း လောကသားများသည်လည်း ကောင်းကင်လျှို့ဝှက်နန်းဆောင် ဆိုသည်ကို ကောင်းကောင်းသိရှိပြီး ဖြစ်ပေလိမ့်မည်။ ဤအရာမှာ လျှို့ဝှက်ချက် တစ်ခု မဟုတ်သောကြောင့်ပင်။
မြေအင်မော်တယ်လောကနှင့် ခရမ်းရောင်နက်နဲလောက၏ကြားတွင် ရှိနေသည့် ကွာခြားမှုသည် သိသာ ထင်ရှားလွန်းလှ၏။ အင်ပါယာကျန်းထျန်လိုလူပင်လျှင် လူတစ်ယောက်တည်းနှင့် လောကကြီးတစ်ခုလုံးကို အဆုံးသတ်ခဲ့၏။ မြေအင်မော်တယ်လောကမှ အင်မော်တယ်များ ရောက်ရှိလာမည်ဆိုရင် မည်သို့ လုပ်မည်နည်း။ သူတို့အနေနှင့် ကျိန်းသေပေါက် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ဖို့ မဖြစ်နိုင်ချေ။
“သွေးသစ္စာချောက်ကမ်းပါး.... ဒီနေ့ကစပြီး လောကကြီးကနေ နောက်ဆုတ်မယ်”
သွေးကဲ့သို့ နီရဲလျက် ရှိနေသည့် ရှေးတောင်တန်းကြီးတစ်ခုပေါ်မှာတော့ လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည့် အဘွားအိုတစ်ယောက်သည် ကောင်းကင်ယံဆီသို့ ကြည့်ရှုနေ၏။
၎င်းသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် လောကကြီးတစ်ခု ချဉ်းကပ်လာသည်ကို ကြည့်ရှု ပြီးသည့်နောက် နှလုံးသားထဲတွင် ကြောက်လန့်နေခဲ့၏။ သူမသည် အင်ပါယာတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ အလွန်ဆန်းကြယ်လွန်းလှသည့် အော်ရာများကို အာရုံခံမိသည့်အချိန်မှာတော့ ခုခံရန်အတွေး မည်သို့မှ မရှိတော့ချေ။
ထို့ကြောင့်ပင်လျှင် ပထမဦးဆုံးအနေနှင့် လုံခြုံသည့်တည်နေရာဆီသို့ ဆုတ်ခွာသွားရန် ရွေးချယ်၏။ လောကကြီးတစ်ခုလုံး တည်ငြိမ်သွားသည့်အချိန်မှ သွေးသစ္စာချောက်ကမ်းပါးသည် ပြန်လည်ကာ ပေါင်းစပ် ပေလိမ့်မည်။ ထို့ပြင် သူမသည် အင်ပါယာတစ်ယောက်ဖြစ်၏။ မည်သည့်အချိန်မျိုးမဆို မည်သည့်ခေတ်၌မဆို သူမကို မည်သူမျှ အထင်သေး၍ မရနိုင်ချေ။