← Chapters

အခန်း (၃၉၆)

Vol. 27 Ch. 396

အခန်း (၃၉၆)

Vol. 27 Ch. 396

ကောင်းကင်မူလလောကကြီး၊

တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက် ...

ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်သည် ၎င်းတို့၏ အော်ရာများကို ဖိနှိပ်ကာဖြင့် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ထိုနှစ်ယောက်တို့သည် အင်ပါယာယုညိုနှင့် အင်ပါယာပိုင်လီမှလွဲလျှင် တခြားမဟုတ်ချေ။

ခရမ်းရောင်နက်နဲလောကကြီး၏ တည်နေရာဆီသို့ လှမ်းကြည့်ပြီးသည့်နောက် ၎င်းတို့၏ အမူအရာသည် အလွန်အမင်း လေးနက်တည်ကြည်လာခဲ့၏။ ၎င်းတို့၏ မျက်လုံးဆီမှ ရောင်စဉ်အလင်းတန်းများ အဆုံးမဲ့ ပေါ်ပေါက်လာခဲ့ပြီး စကြဝဠာတစ်ခုလုံးကို စူးစိုက် ကြည့်ရှုနေသည်။

သွေးနတ်ဆိုးလောကကြီးသည် ကောင်းကင်မူလလောကကြီးနှင့် အစောဏကလေးတင် ပေါင်းစပ်ခဲ့၏။ မြေအင်မော်တယ်လောကကြီးသည် ချက်ချင်းဆိုသလိုပဲ ပေါ်ပေါက်လာခဲ့သည်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ပြုမူဆောင်ရွက်နေသည့် အမြန်နှုန်းသည် အလွန်ပင် မြန်ဆန်လွန်းလှချေ၏။ အားလုံးသော သူတို့အနေနှင့် တုံ့ပြန်ရန် အချိန်ပင် မရခဲ့ကြချေ။ သူတို့နှစ်ယောက် ထားရှိခဲ့သည့် မူလအကြံအစည်များ အားလုံးကို ဖယ်ရှားရပေတော့မည်။

“မြေအင်မော်တယ်လောကကြီးဆီက ပြဿနာတွေ လာတော့မှာပဲ”

အင်ပါယာယုညိုသည် လက်နှစ်ဖက်ကို နောက်ပစ်ပြီးသည့်နောက် ခရမ်းရောင်နက်နဲလောကကြီးကို လှမ်းကြည့်လိုက်၏။ ပြီးနောက် သူသည် အသာ လှမ်းလျှောက်ရင်း မှတ်ချက်ပြုလိုက်သည်။ “ကျုပ်တို့အချိန်က အကန့်အသတ်ရှိတယ်။ မဟုတ်ရင် ပြန်သွားတာနဲ့ ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံး ပျက်သုံးသွားတဲ့ အခြေအနေမျိုး ဖြစ်နိုင်တယ်။ အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုတာ တကယ့်ကို ရှောင်လွှဲလို့ မရတဲ့အရာ ဖြစ်လာပြီ”

အင်ပါယာပိုင်လီက ခေါင်းညိတ်လိုက်၏။ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ အားလုံး၏ ဖြေရှင်းနည်းသည် အစစ်အမှန် အင်မော်တယ်အဖြစ်သို့ တက်လှမ်းခြင်းသာ ရှိသည်။ တခြားသော နည်းလမ်းများသည် အချိန်အကန့်အသတ်၊ တည်နေရာအကန့်အသတ် ဖြစ်သောကြောင့် အကျိုးသက်ရောက်မှု ရှိလိမ့်မည် မဟုတ်ချေ။

နန်းဆောင်သခင်ကို အမှီအခို ပြုပြီးသည့်နောက် ၎င်းတို့သည် ကျိန်းသေပေါက် လုပ်စရာရှိသည်များကို လုပ်ရပေလိမ့်မည်။ အင်ပါယာကျန်းထျန်သည်လည်း လောကကြီးကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ရူးရူးမိုက်မိုက်အလုပ်ကို လုပ်ခဲ့သည်။ ထို့ကြောင့် နန်းဆောင်သခင်က ဝင်ရောက် လှုပ်ရှားခဲ့ရသည်။ သို့ပေမဲ့ မြေအင်မော်တယ်လောကကြီးမှာတော့ ထိုကဲ့သို့ ရူးသွပ်သည့် အလုပ်မျိုးကို လုပ်လိမ့်မည် မဟုတ်ချေ။ ၎င်းတို့၏ လောကနှင့် ပေါင်းစပ်ခဲ့ပြီးသည့်နောက် ၎င်းတို့သည် ခရမ်းရောင်နက်နဲလောကကြီးကိုသာ ပစ်မှတ်ထားမှာ သေချာ၏။

ပြောရမည်ဆိုလျှင် ဖျက်ဆီးခံရခြင်းများကြားထဲတွင် အကျိုးကျေးဇူးများလည်း တည်ရှိနေသည်။

ကောင်းကင် လျှို့ဝှက်နန်းဆောင်၏ အရှေ့မှာတော့ ၎င်းတို့နှစ်ယောက်သည် မတ်မတ်ရပ်လျက် ရှိနေကြပြီး ခေါင်းအထက်တွင် ရှိနေသည့် စာရင်းများကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးသည့်နောက် သူတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ အတူတူ လှမ်းဝင်လိုက်ကြ၏။

“ဂျူနီယာပိုင်လီ နန်းဆောင်သခင်ကို ဂါရဝပြုပါတယ်” အင်ပါယာပိုင်လီက နှုတ်ဆက်လိုက်သည်။

“ဂျူနီယာယုညို နန်းဆောင်သခင်ကို ဂါရဝပြုပါတယ်” အင်ပါယာယုညိုကလည်း ဝင်ရောက်ကာ နှုတ်ဆက်လိုက် ၏။

သူတို့၏ ပထမဆုံး ပြုမူသည့် အပြုအမူသည် လေးလေးစားစား ဦးညွတ်ကာ အထဲသို့ ဝင်ရောက်ခြင်းပင်။ အင်ပါယာအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ ဖြစ်သည်ဆိုလျှင်တောင်မှ ၎င်းတို့သည် နန်းဆောင်သခင် ထုတ်ဖော်ထားသည့် အင်ပါယာစာရင်းထဲတွင် ပါဝင်သည့်လူများလောက်သာဖြစ်၏။ ဂုဏ်ယူဝံ့ကြွားလောက်သည့် အရာမျိုး မဟုတ်သေးချေ။

“အင်း”

အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လီယွင်သည် ကြည့်ကောင်းလှသည့် ဟန်ပန် အမူအရာမျိုးဖြင့် ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်လျက် ရှိနေ၏။ သူ၏အရှေ့ရှိ အမဲရောင် ကျောက်စိမ်းပြားပေါ်၌ ရေနွေးခွက်နှစ်ခု ရှိနေ၏။ ကြည့်ရသည်မှာ ၎င်းတို့နှစ်ယောက် ရောက်ရှိလာမည်ကို သိရှိသောကြောင့် ကြိုတင်ကာ ပြင်ဆင်ထားခြင်းပင်။

တစ်ဖက်လူများ၏ စကားကို ကြားရပြီးသည့်နောက် လီယွင်သည် မျက်နှာချင်းဆိုင်တွင် ရှိနေသည့် ထိုင်ခုံများဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “ထိုင်ကြလေ”

“ကျေးဇူးပါပဲ နန်းဆောင်သခင်” နှစ်ယောက်သားသည် ဦးညွတ်ပြီး ၎င်းတို့၏ လေးစားမှုကို ထုတ်ဖော်ပြသခဲ့၏။ သို့ပေမဲ့ ၎င်းတို့သည် ထိုင်ခုံပေါ်တွင် ဇိမ်ကျကျဖြင့် မထိုင်ရဲဘဲ ခပ်မတ်မတ်သာ ထိုင်လျက် ရှိနေကြသည်။

“လဖက်ရည်သောက်အုံး” လီယွင်သည် ရေနွေးတစ်ခွက်ကို ကောက်ယူကာ အသာမော့လိုက်၏။

“အင်း”

ထိုအရာကို မြင်ပြီးသည့်နောက် အင်ပါယာယုညို၏ မျက်နှာပေါ်တွင် စိတ်မရှည်သည့် အမူအရာများ ဖြစ်တည် လာခဲ့၏။ ခရမ်းရောင်နက်နဲလောကကြီးသည် ဘေးဒုက္ခများ ကြုံဆုံလျက် ရှိနေ၏။ သို့ပေမဲ့ နန်းဆောင်သခင်သည် ထူးမခြားနားစွာဖြင့် အရာအားလုံးကို နည်းနည်းလေးမှ ဂရုမစိုက်သည့် ပုံစံမျိုးပင်။

“နန်းဆောင်သခင်” အင်ပါယာယုညိုက စတင်ကာ ပြောဆိုလိုက်၏။ သို့ပေမဲ့ သူ၏စကားကို ဆုံးအောင် မပြောရသေးချေ။ အင်ပါယာ ပိုင်လီက အမူအရာဖြင့် ဝင်ရောက်ကာ တားဆီးလိုက်၏။ ပြီးနောက် သူကိုယ်တိုင် ရေနွေးခွက်ကို ကောက်ယူကာ အင်ပါယာယုညိုကို လိုက်လံသောက်ရန် အမူအရာပြလိုက်သည်။

လက်ဖက်ရည်သောက်နေတုန်းမှာပဲ အင်ပါယာပိုင်လီ၏ မျက်နှာပေါ်တွင် အလွန်ချီးကျူးသည့် အရိပ်သဏ္ဌာန်မျိုး ထင်ပေါ်လာ၏။

“နန်းဆောင်သခင်ရဲ့ လဖက်ရည်က တကယ့်ကို သာမန်ထက်ပိုတာပဲ။ တော်ဝင်တာအိုရဲ့ အဆီအနှစ်တွေတောင် ပါဝင်နေသလိုပဲ။ တကျိုက်လောက် သောက်ရုံနဲ့ နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းကို ကာမိသွားတယ်။ တန်ဖိုးကတော့ အင်မော်တယ် လဖက်ရည်တွေနဲ့တောင် နှိုင်းယှဉ်လို့ ရနိုင်တယ်။ ဒါမျိုးကို သောက်ရတဲ့အတွက် တကယ့်ကို ကျေးဇူးတင်မိပါတယ်”

အင်ပါယာယုညိုသည် အကူအညီမဲ့သလို ခံစားနေမိ၏။ သို့ပေမဲ့ ရွေးချယ်ခွင့် မရှိချေ။ အနောက်မှ လိုက်ပါကာ ပြောဆိုလိုက်ရသည်။

“အင်း”

လီယွင်သည် ခေါင်းကိုမော့ပြီးသည့်နောက် တစ်ယောက်ချင်းစီ၏ မျက်နှာများကို သေသေချာချာ ကြည့်ရှု နေ၏။ ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်၏။ “နှစ်သန်းပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ အင်ပါယာ ဖြစ်လာခဲ့ပြီ ဆိုပေမဲ့ အင်မော်တယ်ဖြစ်ဖို့အတွက် ခြေတစ်လှမ်းအဝေးမှာ ရှိနေတယ်။ ခင်ဗျားတို့ရဲ့ စိတ်နေစိတ်ထားတွေ ကတော့ ......”

“စီနီယာ... ကျုပ်”

အင်ပါယာယုညိုသည် ကြောင်အအ ခံစားသွားမိ၏။ သူသည် ရူးသွပ်နေသူ တစ်ယောက် မဟုတ်ချေ။ ထိုစကားစု၏ နောက်ကွယ်တွင် တည်ရှိနေသည့် အဓိပ္ပာယ်သည် သိသာထင်ရှားလွန်းလှ၏။ နန်းဆောင်သခင်သည် သူတို့ကို သတိပေးနေခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။

“စီနီယာ... ကျေးဇူးပြုပြီးတော့ စိတ်မကွက်ပါနဲ့။ တာအိုရောင်းရင်းယုညိုက လက်ရှိအချိန်မှာ ခရမ်းရောင်နက်နဲ လောကမှာရှိတဲ့ သက်ရှိသတ္တဝါတွေ အားလုံးအတွက် စိုးရိမ်ပူပန်နေလို့ပါ။ ပြီးတော့ ကျုပ်တို့လို့ ဂျူနီယာတွေ အတွက် ဒီအရာက မွေးရပ်မြေလေ။ ကျုပ်တို့ ဒီအတိုင်း ထိုင်ပြီး ကြည့်မနေနိုင်လို့ပါ” အင်ပါယာပိုင်လီသည် လက်သီးကိုဆုပ်ကာ ဝင်ရောက် ပြောဆိုလိုက်၏။

သူသည် ခက်ခဲသည့် အခြေအနေမျိုးနှင့် ကြုံဆုံလာသည့် အချိန်တွင် ကျိန်းသေပေါက် ရိုရိုကျိုးကျိုးနှင့် ပြောဆိုရမည်ဖြစ်ကြောင်း ကောင်းကောင်းသိရှိနေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို စိတ်ကွက်အောင် ပြုလုပ်ခြင်းသည် ယုညိုတစ်ယောက်တည်း၏ ကိစ္စအတွက်ဆိုလျှင် ပြဿနာ မရှိချေ။ သို့ပေမဲ့ လက်ရှိအခြေအနေ သည် ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံးနှင့် ပတ်သက်ဆက်နွယ်နေသည် ဖြစ်သောကြောင့် အကျိုးသင့်၊ အကြောင်းသင့်ကို ချိန်ဆနိုင်မှ ဖြစ်ပေလိမ့်မည်။

“ဒါ... ကိစ္စမရှိပါဘူး”

လီယွင်သည် လက်ကို ယမ်းခါပြီးသည့်နောက် တံခါးဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “အဓိကတံခါးက အဲမှာပဲ။ ခင်ဗျားတို့ ခရမ်းရောင်နက်နဲလောကကြီးအတွက် စိတ်ပူတယ်ဆိုရင် ကောင်းကင် လျှို့ဝှက်နန်းဆောင်ဆီကနေ အချိန်မရွေး ထွက်သွားပြီး တစ်ဖက်လောကနဲ့ သွားတိုက်ခိုက်လို့ရတယ်။ ခင်ဗျားတို့ရဲ့ အားအင်အဆင့်နဲ့ ခရမ်းရောင်နက်နဲလောကကြီးအတွက် အချိန်ခဏလောက် ဆွဲပေးရင် ဆွဲပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ ဖြစ်လာနိုင်တဲ့ ရလဒ်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး”

“ဒါက”

အင်ပါယာပိုင်လီနှင့် အင်ပါယာယုညိုတို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်မိ၏။ ဤအချက်အလက်သည် သူတို့ပင်လျှင် သိသာထင်ရှားသည့်အရာဖြစ်၏။ မြေအင်မော်တယ် လောကသည် အလွန်တရာ အားကောင်းလွန်းလှ၏။ အစစ်အမှန် အင်မော်တယ်များ ဝင်ရောက်ပတ်သက်ခြင်း မရှိသည် ဆိုလျှင်တောင်မှ တစ်ဘက်တွင် တည်ရှိနေသည့် အင်ပါယာ အရေအတွက်သည် ကြောက်ခမမ်းလိလိ များပြားလွန်းလှသည်။

ခရမ်းရောင်နက်နဲလောကကြီးနှင့် ကောင်းကင်မူလလောကကြီးတို့ ပူးပေါင်းကာ တိုက်ခိုက်မည်ဆိုလျှင်ပင် လွယ်ကူလှမည် မဟုတ်ချေ။ လောက၏ အဆင့်အတန်း ကွာခြားမှုသည် သေးသေးလေး မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အစစ်အမှန် အင်မော်တယ်များ ပေါက်ဖွားဖြစ်တည်လာနိုင်စွမ်းရှိသည် လောကကြီး ဖြစ်သည်မို့ ၎င်းတို့နှင့် ကြီးကြီးမားမား ကွာခြားနေခြင်းပင်။

မြေအင်မော်တယ်လောကတွင် အင်ပါယာတစ်ယောက် ဖြစ်တည်လာဖို့ဆိုသည်မှာ အလွန်အမင်း ခက်ခဲလှသည့် ကိစ္စရပ်မျိုး မဟုတ်လျှင်တောင်မှ ခရမ်းရောင်နက်နဲလောကနှင့် ကောင်းကင်မူလလောကကြီးအတွက်ကတော့ အလွန်တရာ ခက်ခဲလွန်းလှချေသည်။

“စီနီယာ... ခရမ်းရောင်နက်နဲလောကကြီးက ကောင်းကင်မူလလောကကြီးနဲ့ ပေါင်းစပ်ပြီးတဲ့နောက်မှာ လောက နှစ်ခုလုံးမှာရှိတဲ့ သက်ရှိတွေက အပြန်အလှန် ချိတ်ဆက်နေကြတာပဲလေ။ ခရမ်းရောင်နက်နဲလောက မှာရှိတဲ့ သက်ရှိသတ္တဝါ အားလုံးအတွက် ကြင်နာသနားမှု ပြသပေးဖို့ တောင်းဆိုပါတယ်” အင်ပါယာ ယုညိုသည် ၎င်း၏ အတွေးများကို ပြန်လည်ရုတ်သိမ်းပြီးသည့်နောက် လေးလေးစားစား ဦးညွတ်ကာဖြင့် ပြောဆိုလိုက်၏။

“ခရမ်းရောင်နက်နဲလောကမှာရှိတဲ့ လူပေါင်းများစွာတို့ရဲ့ မျက်နှာကို ထောက်ပြီးတော့ စီနီယာအနေနဲ့ အသက် ရှင်သန်နိုင်ဖို့ လမ်းစဉ်တစ်ခုကို ကျုပ်တို့ကို ညွှန်ပြပေးပါအုံး”

“ဪ”

လီယွင်သည် မျက်ခုံးကို ပင့်လိုက်၏။ ပြီးနောက် အသာပြုံးလိုက်မိသည်။ “အခု ခင်ဗျားတို့ နားမလည် သေးဘူးလား။ စောဏကလေးတင် ကျုပ်ရှုပ်နေတာကို သဘောမတွေ့ ဖြစ်နေကြသေးတယ် မဟုတ်လား။ ခုကျ ဝင်ရှုပ်ဖို့ တောင်းဆိုနေပြန်ပြီ”

“ကျုပ်” အင်ပါယာယုညိုသည် အနည်းငယ် ရှက်ရွံ့သည့် အမူအရာမျိုး ဖြစ်တည်လာခဲ့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် သူ၏ စိတ်ထဲတွင် ရှိနေသည့် အတွေးအကုန်လုံးအား တစ်ဖက်လူက သိရှိသွားသည့်ပုံပင်။ မြေအင်မော်တယ်လောကနှင့် ခရမ်းရောင်နက်နဲ လောကတို့၏ ပေါင်းစပ်မှုကို သူ ငြင်းပယ်ချင်စိတ် မရှိချေ။ ထို့အပြင် ဤအရာသည် လောကကြီးတစ်ခုလုံး၏ အဆင့်အတန်းကို ပိုမိုတိုးတက်သွားစေနိုင်၏။ အလုံးစုံသော လောကကြီးတစ်ခုလုံး၏ နိယာမ အသွင်အပြင်များလည်း ပြောင်းလဲသွားပေခဲ့၏။ ကြည့်ရှုမည် ဆိုလျှင်လည်း များပြားလှသည့် အကျိုးကျေးဇူးများ သာရှိပြီး ထိခိုက်မှု မရှိခဲ့ချေ။

သို့ပေမဲ့ လက်ရှိ အခြေအနေကတော့ အရေးကြီးလို့နေ၏။ အဘယ်ကြောင့်ဆိုသော် ခရမ်းရောင်နက်နဲ လောကကြီးသည် အားနည်းလို့ နေ၏။ နောက်ထပ် နှစ်ပေါင်းတစ်သိန်းလောက် အခွင့်အရေး ပေးမည်ဆိုလျှင်တောင်မှ အခြေအနေကို ကြီးကြီးမားမား ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ချေ။ မြေအင်မော်တယ် လောကကြီးနှင့် ပေါင်းစပ်ခဲ့သည် ဆိုလျှင်တောင်မှ တစ်ဖက်လူများ၏ ဖိအားအောက်ကိုသာ ရောက်ရှိနေမှာ သေချာ၏။

“ကောင်းပြီ” လီယွင်သည် ရေနွေးခွက်ကို ကောက်မော့ကာဖြင့် အသာငုံလိုက်၏။ “အင်း... ခင်ဗျားတို့ သဘော မတွေ့တာကို ကျုပ်သိတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို လှမ်းဝင်လိုက်ပြီဆိုတာနဲ့ ခင်ဗျားတို့ရဲ့ ဝိညာဉ်တွေ အကုန်လုံးက ပျက်စီးသွားနိုင်တယ်”

အင်ပါယာယုညိုသည် စိတ်သက်သာရာ ရသွားမိ၏။ နဖူးစပ်တွင် ရှိနေသည့် ချွေးများကို အသာသုတ်ပြီး သည့်နောက် သက်ပြင်းရှည်ကြီးကို ချကာ ကျေးဇူးတင်စကားကို ပြောဆိုလိုက်၏။ “စီနီယာ... အသက်ချမ်းသာ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

အရိုးသားဆုံး ပြောရမည်ဆိုလျှင် အင်ပါယာအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် အချိန်တွင် ဤကဲ့သို့ ကြီးမားလှသည့် ဖိအားဒဏ်ကို ခံစားရသည်မှာ သူ့အတွက် ပထမဦးဆုံးအကြိမ်ဖြစ်၏။ သူ့အနေနှင့် ဤနေရာသို့ လှမ်းဝင်လိုက်သည်နှင့်တပြိုင်နက် သေခြင်း၊ ရှင်ခြင်း အခြေအနေသို့ ရောက်ရှိသွားသကဲ့သို့ပင် ခံစားနေမိသည်။

ဤစကားကို သူသည်သာ တခြားသောသူများအား ပြောဆိုမည်ဆိုပါက မည်သူကမှ ယုံကြည်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ တကယ်တမ်း ဖြစ်လို့နေခဲ့၏။ သူသည် တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ နန်းဆောင်သခင်၏ အရှေ့တွင် ဘာမှ ဟုတ်မနေချေ။

“အင်း... ခင်ဗျားတို့အသက်က အခုချိန်ထိတော့ လုံခြုံပါသေးတယ်။ ကျုပ် ခင်ဗျားတို့ကို သတ်မှာ မဟုတ်ပါဘူး”

လီယွင်သည် ရေနွေးခွက်ကို အသာချကာဖြင့် ထိုနှစ်ယောက်ကို လှမ်းကြည့်လိုက်၏။ “ဒီတော့ ခရမ်းရောင်နက်နဲလောကကြီးရဲ့ ကိစ္စကို ဆွေးနွေးကြရအောင်။ ခင်ဗျားတို့နှစ်ယောက် ခရမ်းရောင် နက်နဲလောကကြီးကို ကယ်တင်ချင်တယ်ဆိုမှတော့ ကုန်ကျစရိတ်အတွက် ပြင်ဆင်ထားခဲ့ပြီလား”

All Chapters