အခန်း (၃၉၇)
Vol. 27 Ch. 397
“နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တာကလွဲရင် ကျုပ်ရဲ့အောင်မြင်မှုတွေ အားလုံးက စီနီယာရဲ့ မျက်လုံးထဲမှာ ထုတ်ဖော်ပြောကြားဖို့တောင် မထိုက်တန်ပါဘူး” အင်ပါယာပိုင်လီသည် အရိုးသားဆုံး ပြောဆိုလျက်ရှိ၏။ သူ၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှု အရိပ်အယောင်များ ဖြစ်တည်လျက် ရှိနေ၏။
သူသည် လက်ထဲတွင် အပြာရောင် အရာတစ်ခုအား ကိုင်ဆောင်ထားခဲ့သည်။ ထိုအရာဆီမှ အင်ပါရီယာအော်ရာများ ထွက်ပေါ်လျက် ရှိနေပြီး နတ်ဘုရားရောင်စဉ်များကလည်း ထွန်းတောက်လျက် ရှိနေ၏။ အင်မော်တယ်ရွှေနှင့် သွန်းလုပ်ထားသည့် အရာတစ်ခုဖြစ်ပြီး ဖျက်ဆီး၍ မရနိုင်အောင် ခိုင်ခံလွန်းလှသည်။
“ဒါက ကျုပ် အင်ပါယာတစ်ယောက် ဖြစ်မလာခင် တစ်စုံတစ်ယောက်နဲ့ တိုက်ခိုက်ပြီး ရရှိခဲ့တဲ့ အောင်ပွဲအထိမ်းအမှတ် လက်နက်တစ်ခုပါပဲ။ ဒီနေ့ စီနီယာကို ပေးပါ့မယ်။ စီနီယာအနေနဲ့ ခရမ်းရောင်နက်နဲ လောကကြီးအတွက် မျှော်လင့်ချက် တစ်စုံတစ်ရာကို ပေး ပေးဖို့ မျှော်လင့်မိပါတယ်”
“ခင်ဗျားက တကယ့်ကို ဉာဏ်ကောင်းတာပဲ။ တော်လည်းတော်တယ်” လီယွင်သည် အင်ပါယာပိုင်လီကို လှမ်းကြည့်ပြီးနောက် ထိုအရာကို လှမ်းယူလိုက်၏။ ပြီးသည့်နောက် သေသေချာချာ စစ်ဆေးလိုက်၏။
ကွာစီအင်ပါယာအဆင့် ပစ္စည်းတစ်ခု ဖြစ်သည်ဆိုလျှင်တောင်မှ လက်နက်သည် အင်ပါယာအဆင့် ပစ္စည်းများနှင့် ဖန်တီး ပြုလုပ်ထား၏။ ယခင်ပိုင်ရှင်သည် အင်ပါယာပိုင်လီနှင့် တိုက်ခိုက်ခဲ့သည့် အတောအတွင်း သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် ဤလက်နက်သည် ဆုလာဘ်အဖြစ် ရရှိခဲ့သည့် ပစ္စည်းတစ်ခုဟု ပြောဆိုရမှာဖြစ်၏။ ပြိုင်ဘက် သည် အင်ပါယာတစ်ယောက် ဖြစ်လာမည်ဆိုပါက ဤပစ္စည်း၏ အရည်အသွေးသည် ကျိန်းသေပေါက် ကွာစီ အင်ပါယာအဆင့် မဟုတ်တော့ဘဲ ပါရမီရှင် အင်ပါရီယာလက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။
“စီနီယာ... ချီးကျူးလွန်းနေပါပြီ” အင်ပါယာပိုင်လီက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူသည် အင်ပါယာယုညိုကို လှမ်းကြည့်လိုက်၏။
အင်ပါယာယုညိုသည် ရှက်ရွံ့သိမ်ငယ်နေသည့် အမူအရာဖြင့် တည်ရှိနေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ အတူတူ ဝင်ရောက်လာပြီးသည့်နောက် တစ်ယောက်က ချီးကျူးခံရပြီး နောက်တစ်ယောက်မှာတော့ အပြစ်တင် ရှုံ့ချမှုကို ခံနေရ၏။ ကွာခြားချက်သည် တကယ့်ကို သိသာထင်ရှားလွန်းလှသည်။
ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ ချီးကျူးမှုလည်း ဖြစ်နေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ဆိုသည်မှာ မည်သူဖြစ်သနည်း။ အင်မော်တယ်အဆင့်အထက်၌ ထင်ထင်ရှားရှား တည်ရှိနေသည့် တစ်စုံတစ်ယောက်ဟု ပြောဆိုရမှာ ဖြစ်သည်။ ထိုကဲ့သို့သောသူမျိုး၏ ချီးကျူးမှုကို ခံရသည်ဆိုသည်မှာ တကယ့်ကိုပင် ကြီးမားလှသည့် ကောင်းချီးတစ်ခုပင်။ အင်ပါယာများ ဖြစ်သည်ဆိုလျှင်တောင်မှ အားလုံးသော သူတို့သည် ဤကဲ့သို့သော အခွင့်အရေးများကို ရရှိမည် မဟုတ်ချေ။
“ခရမ်းရောင်နက်နဲလောကကြီးနဲ့ ပေါင်းစပ်တာက ရိုးရိုးလောက၊ ဒါမှမဟုတ် မြေအင်မော်တယ်လောက ... ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ နှစ်ယောက်က လုံခြုံအောင် ပြုလုပ်ပေးဖို့ မဖြစ်နိုင်ဘူး”
လီယွင်သည် အသာပြောလိုက်၏။ ခဏလောက် စဉ်းစားပြီးနောက် ထပ်မံ ပြောဆိုလိုက်သည်။ “ခရမ်းရောင်နက်နဲလောကကြီးရဲ့ လုံခြုံမှုကို စီမံချင်တယ်ဆိုရင်တောင် ခင်ဗျားတို့အနေနဲ့ ပေးရမယ့်တန်ကြေးကို တတ်နိုင်မှာ မဟုတ်ဘူး။”
ဤအရာသည် သူ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ခြင်းသာဖြစ်၏။ ဤအရာသည် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့တစ်ခုလုံး၏ ရန်ငြိုးရန်စ မဟုတ်ချေ။ လောကကြီး တစ်ခုလုံးနှင့် သက်ဆိုင်နေသည့် အရာပင် ဖြစ်၏။
ခရမ်းရောင်နက်နဲလောကကြီးနှင့် မြေအင်မော်တယ်လောကတို့သည် နှစ်ဖက်လုံး၌ အားအင်အသင့်အတင့် တည်ရှိနေကြ၏။ နှစ်ဖက်လုံး၌လည်း တော်ဝင်အင်ပါယာ အများအပြား တည်ရှိနေ၏။ သို့ပေမဲ့ ကွာခြားချက်သည် စွမ်းအင်အဆင့်သာလျှင် ဖြစ်နေလေ၏။ အားအင်နှင့် တိုက်ခိုက်မှုစွမ်းအင်တို့သည် အလုံးစုံ ကွာခြားလျက် ရှိနေသည်။
“စီနီယာ... ခရမ်းရောင်နက်နဲလောကကြီးက လုံလုံခြုံခြုံနဲ့ ဒီကပ်ဘေးက ကျော်ဖြတ်သွားနိုင်မယ်ဆိုရင် ကျုပ်တို့ ဘယ်လိုကုန်ကျစရိတ်ကိုမဆို ခံနိုင်ပါတယ်” အင်ပါယာယုညိုက ဝင်ရောက်ကာ ပြောဆိုလိုက်၏။
အင်ပါယာပိုင်လီနှင့် နှိုင်းယှဉ်မည်ဆိုပါက ၎င်းသည် အင်ပါယာအဖြစ် နောက်ကျမှ ဖြစ်လာခဲ့သည် ဆိုလျှင်တောင်မှ ၎င်း၏ မျိုးချစ်စိတ်သည် တကယ့်ကို အားကောင်းလွန်းလှ၏။ ၎င်း၏ မွေးရပ်မြေကို ကာကွယ်ပေးချင်သော စိတ်ဆန္ဒသည် နှလုံးသားထဲ၌ အရှိန်အဟုန်ပြင်းပြင်းဖြင့် မီးတောက်နေသည်။
“ဪ”
လီယွင်သည် မျက်ခုံးကို ပင့်လိုက်မိ၏။ ပြီးနောက် ထူးမခြားနားသလိုပင် ပြုံးလိုက်၏။ “ပြောဖို့တော့ လွယ်ပါတယ်။ ဒါပေမဲ့ ခရမ်းရောင်နက်နဲလောကကြီးနဲ့ တူညီတဲ့ တန်ဖိုးပမာဏမျိုးကို ပေးနိုင်လို့လား။ ကျုပ်အနေနဲ့ ခရမ်းရောင်နက်နဲ လောကကြီးကို သီးခြားဆွဲထုတ်ပြီးတော့ လွတ်လွတ်လပ်လပ် ဖြစ်တည်အောင် လုပ်ပေးလို့ ရတယ်”
“ဟမ်” အင်ပါယာယုညို၏ အမူအရာသည် ကြောင်အသွားခဲ့သည်။
ကြည့်ရသည်မှာ တောင်းဆိုမှု များသွားပုံ ပေါ်၏။ သူတို့အနေနှင့် ခရမ်းရောင်နက်နဲလောကကြီးထက် မည်သို့မှ အားမနည်းလှသော လောကတစ်ခု ပိုင်ဆိုင်နေသည်ဆိုပါက အဘယ်ကြောင့် ဤတည်နေရာသို့ လာတော့မည်နည်း။
ထို့အပြင် ဤကဲ့သို့သောလောကကို ပိုင်ဆိုင်သည်ဆိုမှတော့ လက်ရှိ ခရမ်းရောင်နက်နဲလောကကြီးကို တည်နေရာ ရွေ့ပြောင်းဖို့လည်း တတ်နိုင်ပေလိမ့်မည်။
လောကကြီးတစ်ခုလုံး၏ ဖိအားသည် ကြီးမားပြင်းထန်လွန်းလှ၏။ လောကကြီးတစ်ခုလုံးကို တခြားသော လောကကြီးဆီသို့ ရွေ့ပြောင်းခြင်းဆိုသည်မှာ အဆင်ခြင်မဲ့ ပြုလုပ်ခြင်းသာလျှင် ဖြစ်၏။ အားလုံးသော သူတို့သည် အပိုင်းပိုင်း၊ အပြတ်ပြတ်နှင့် သေဆုံးသွားမှာ သေချာ၏။ လိုအပ်မည့် အားအင် ပမာဏသည် ကြီးမားလွန်းလှသည်။
ပိုမို၍ အရေးကြီးမားသည်မှာ သူတို့သည် ခရမ်းရောင်နက်နဲလောကကြီးအား မထိခိုက်၊ မနာကျင်စေချင်သည့် စိတ်ဆန္ဒသာလျှင် ရှိ၏။ ခွဲထွက်သွားရန် ရည်ရွယ်ချက် မရှိချေ။ လောကကြီး၏ အဆင့်အတန်း တိုးတက်လာခဲ့ ခြင်းသည် ကောင်းမွန်သည့်အရာဖြစ်သည်ဟု သူတို့၏ စိတ်ထဲတွင် တစ်ဖက်လှည့်နှင့် ယုံကြည်နေမိ၏။
“စီနီယာ... တခြားရွေးချယ်ခွင့်တွေ ရှိသေးလား” အင်ပါယာယုညို၏ စိတ်များသည် ရှုပ်ထွေးလျက် ရှိနေလေ၏။ သူသည် လက်သီးကို ဆုပ်ပြီးသည့်နောက် လေးနက်စွာဖြင့် မေးမြန်းလိုက်သည်။
“ကျုပ် ထပ်ပြောမယ်။ နှစ်ဖက်လုံး အနိုင်ရနိုင်မယ့် နည်းလမ်းတစ်ခု ရှိတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ကုန်ကျစရိတ်ကို တတ်နိုင်မှာ မဟုတ်ဘူး” လီယွင်သည် ထူးမခြားနားသလို ပြောဆိုလိုက်၏။
“ဒါဆိုရင်”
အင်ပါယာယုညိုသည် ထိုအရာကို လက်မခံနိုင်သလို ဖြစ်နေ၏။ ထို့ကြောင့် ထပ်မံကာ မေးမြန်းလိုက်သည်။ “ကောင်းကင်မူလလောကကြီးကလည်း ကပ်ဘေးကို ကြုံတွေ့ခဲ့ပြီးပြီလေ။ သုတ်သင်ရှင်းလင်းခံရမယ့် အခြေအနေဆီ ရောက်ရှိလုမတတ်ပဲ။ စီနီယာနန်းဆောင်သခင် ကူညီခဲ့တာကြောင့်သာ ဒီကပ်ဘေးကို ရှောင်လွှဲနိုင်ခဲ့တာ မဟုတ်လား”
အင်ပါယာကျန်းထျန် ရောက်ရှိလာသည့် ကိစ္စရပ်သည် တကယ့်ကို အလှည့်အပြောင်းများပြီး ရှုပ်ထွေးခဲ့၏။ အဝေးတစ်နေရာတွင် ရှိနေသည့် ခရမ်းရောင်နက်နဲလောကကြီး၏ သက်ရှိသတ္တဝါများပင်လျှင် ကြီးမားလှသည့် ကပ်ဘေးကြီးကို သက်ရောက် ခံစားခဲ့ရသည်။ ယနေ့အချိန်မှာတော့ အင်ပါယာယုညိုသည် ဤကိစ္စကြီးအား ပြန်လည်ကာ အစဖော်ပြီးသည့်နောက် အင်ပါယာကျန်းထျန်၏ တိုက်ခိုက်မှုကို ကာကွယ်သည့်အတိုင်း စီနီယာ နန်းဆောင်သခင်အနေနှင့် သူတို့အား ကူညီပေးရန် စကားလမ်းကြောင်း စလိုက်ခြင်းဖြစ်၏။
နန်းဆောင်သခင်သာ ပြုလုပ်ပေးမည်ဆိုပါက အစစ်အမှန် အင်မော်တယ် တစ်ယောက်၊ နှစ်ယောက် မပြောနှင့် မြေအင်မော်တယ်လောကကြီး တစ်ခုလုံးတွင် ရှိနေသည့် အရာအားလုံးကို သုတ်သင်ရှင်းလင်းဖို့ ဆိုသည်မှာ လက်ဖျောက်တစ်ချက် တီးသကဲ့သို့ပင် လွယ်ကူပေလိမ့်မည်။
ထို့အပြင် လီယွင်သည် မြေအင်မော်တယ်လောကကြီးကို ဤနေရာသို့ ဆွဲခေါ်ခဲ့သည့် လူတစ်ယောက်လည်း ဖြစ်၏။ သူသည်သာ ကျိန်းသေပေါက် ညှိနှိုင်းဆောင်ရွက်ပေးမည် ဆိုပါက အရာအားလုံး အဆင်ပြေ လိမ့်မည်။ ညှိနှိုင်းဆောင်ရွက်ပေး၍ မရပါက မြေအင်မော်တယ်လောကကြီးတွင် ရှိနေသည့် လူပေါင်းများစွာတို့ကို သုတ်သင်ရှင်းလင်းဖို့ စီနီယာနန်းဆောင်သခင်၏ လက်ထဲတွင် များပြားလှသော နည်းလမ်းများ ရှိမှာသေချာသည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ စကားလုံးသည် အင်ပါယာအဆင့် အစီအရင်များထက် ပိုမိုကာ အားကောင်းလျက် ရှိနေ၏။ ထို့ကြောင့် မြေအင်မော်တယ်လောကကြီးသည် အလွန်အကျွံ ပြုမူဆောင်ရွက်မှုမျိုး ပြုလုပ်လိမ့်မည် မဟုတ်ချေ။
“ဟားဟား ....”
လီယွင်က အသာရယ်မောလိုက်၏။ သူသည် မလှုပ်မရှားဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် လေဟာနယ်ထဲသို့ လှမ်းကာ ကြည့်ရှုနေ၏။ အင်ပါရီယာကျမ်းစာ တစ်ခုသည် အသာပျံသန်းလာပြီး အင်ပါယာယုညို၏ ရှေ့ဆီသို့ ကျဆင်းလာ ၏။ သူက ပြောလိုက်၏။ “ကျုပ် အင်ပါရီယာကျမ်းစာ မလိုအပ်ဘူး”
တခြားသော တစ်စုံတစ်ခုသာ ဆိုပါက အင်မော်တယ်နည်းစနစ်၊ နတ်ဘုရားအတတ်ပညာ၊ ဆေးလုံး၊ အင်မော်တယ် ပစ္စည်းများဆိုလျှင် သူ စိတ်ဝင်စားကောင်း စိတ်ဝင်စားပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အင်ပါရီယာ ကျမ်းစာတစ်ခုကို ထုတ်ပေးခြင်းဆိုသည်မှာ သူ့အတွက် ဘယ်လိုမှ အသုံးဝင်သည့် အရာမျိုး မဟုတ်ချေ။ ထိုအရာ တစ်ခုအတွက်နှင့် မြေအင်မော်တယ်လောက တစ်ခုလုံးကို တားဆီးပေးရမည်လား။ မည်မျှ ရူးသွပ်သနည်း။ မြေအင်မော်တယ်လောကကြီးသည် ပိုမိုကာ အားကောင်းပြီးသား ဖြစ်နေ၏။ ခရမ်းရောင်နက်နဲလောကကြီးထက် ပိုမိုကာ ကောင်းမွန်သည့် အရာများကို ပေးအပ်နိုင်သည် မဟုတ်ပါလား။
“စီနီယာ” အင်ပါယာယုညိုသည် ထပ်မံကာ ပြောဆိုချင်မိ၏။
ဘေးတစ်ဖက်တွင် ရှိနေသည့် အင်ပါယာပိုင်လီသည် ခေါင်းကို အသာခါယမ်းပြလိုက်သည်။
“စီနီယာနန်းဆောင်သခင်”
အင်ပါယာပိုင်လီက ပြောဆိုလိုက်၏။ “စီနီယာနန်းဆောင်သခင်ဆီမှာ တစ်စုံတစ်ယောက်ကို အင်မော်တယ်ဖြစ်အောင် ပြုလုပ်နိုင်တယ် နည်းလမ်းရှိလားလို့ ကျုပ် သိချင်ပါတယ်”
အင်ပါယာ ယုညိုနှင့် မတူဘဲ အင်ပါယာပိုင်လီသည် တကယ့်ကို အပြောအဆို ညက်ညောလှသူတစ်ယောက်ဖြစ်၏။ သူ၏ အသွင်အပြင်၊ အမူအရာသည် တကယ့်ကို ခြားနားလျက် ရှိနေ၏။
ခရမ်းရောင်နက်နဲလောကကြီးကို ကယ်တင်ရန် အကြံအစည် တည်ရှိနေသည် ဆိုသော်လည်း ပိုမို၍ အရေးကြီးသည်မှာ သူ၏အားအင်အဆင့်ကို တိုးတက်အောင် ပြုလုပ်ရန်ဖြစ်ကြောင်း သူက ကောင်းကောင်း နားလည်၏။ သူသာ အားကောင်းလာသည်ဆိုပါက အချိန်ရောက်ရှိလာသည်နှင့် ခရမ်းရောင်နက်နဲလောကကြီးကို ကယ်တင်နိုင်စွမ်း ရှိပေလိမ့်မည်။
“အင်မော်တယ်တစ်ယောက် ဖြစ်လာဖို့လမ်းစဉ် ဟုတ်လား” လီယွင်သည် အသာရယ်မောလိုက်၏။ ဘေးတစ်ဖက်တွင် ရှိနေသည့် စားပွဲအား လက်ချောင်းများဖြင့် တတောက်တောက်ခေါက်ကာဖြင့် စကားကို တစ်လုံးချင်းစီ ပြောဆိုလိုက်သည်။ “ပုံမှန်အားဖြင့် အများကြီး ရှိတာပေါ့။ ခင်ဗျားတို့ ဘယ်လောကထဲမှာရှိတဲ့ အရာမျိုးကို လိုချင်တာလဲ”
“အမ်”
ထိုစကားကို ကြားသည့်အချိန်မှာတော့ နှစ်ယောက်လုံးသည် ကြောင်အသွား၏။ ပြီးနောက် တစ်ယောက်ကို တစ်ယောက် ကြည့်ရှုလိုက်မိသည်။ တစ်ယောက်၏ မျက်လုံးထဲတွင် တုန်လှုပ်မှုများကို တစ်ယောက်က မြင်နေရ ၏။