အခန်း (၃၉၈)
Vol. 27 Ch. 398
“အင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်တဲ့ လမ်းစဉ်က ဒီလို လွယ်လွယ်ကူကူ ရရှိနိုင်တဲ့အရာလား” နှစ်ယောက်လုံး သည် ကြောင်အအဖြင့် တွေးတောလိုက်မိကြ၏။
ဤအရာသည် အဓိပ္ပာယ် မရှိလှချေ။ ခရမ်းရောင်နက်နဲလောကကြီးနှင့် ကောင်းကင်မူလလောကကြီးထဲတွင် အင်မော်တယ်တစ်ယောက် ဖြစ်လာရန် နည်းလမ်းရှိနေသည်လား။ သို့ပေမဲ့ ဤလောကကြီးနှစ်ခု၏ သမိုင်းမှတ်တမ်းများကို ကြည့်ရှုရမည်ဆိုလျှင် အစစ်အမှန် အင်မော်တယ်များ ဘယ်တော့မှ ပေါ်ပေါက်ခဲ့ဖူးခြင်း မရှိချေ။ အဘယ်သို့ အင်မော်တယ်ဖြစ်ရန် နည်းလမ်းက တည်ရှိနေရသနည်း။
“ကျုပ် မေးချင်ပါတယ် စီနီယာ... ကောင်းကင်မူလလောကကြီးမှာ အင်မော်တယ် ဖြစ်လာနိုင်တဲ့ နည်းလမ်းတွေ ပိုင်ဆိုင်နေသေးတာလား” အင်ပါယာယုညိုသည် အသာမေးမြန်းလိုက်၏။
“သိပ်ရှိတာပေါ့” လီယွင်သည် ရေနွေးကို အသာငုံကာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ကောင်းကင်မူလလောကကြီးသည် လေးစားလောက်စရာ သမိုင်းကြောင်းကို ပိုင်ဆိုင်ခဲ့၏။ တစ်စုံတစ်ယောက် အနေနှင့် အတိတ်တုန်းက အစစ်အမှန် အင်မော်တယ်အဆင့်ကို ပိုင်ဆိုင်ရယူခြင်းမျိုး မရှိခဲ့သော်လည်း ကောင်းကင်မူလလောကကြီးဆီမှ ထွက်ခွာခဲ့ပြီးသည့်နောက် အင်မော်တယ်တစ်ယောက် ဖြစ်လာခဲ့ပြီး ၎င်းနည်းလမ်းများကို မွေးရပ်မြေဆီ ပြန်လည်ကာ ထားခဲ့သည့် စွမ်းအားမြင့် ကျင့်ကြံသူများ တည်ရှိနေသေး၏။ သို့ပေမဲ့ ဘာမှန်း မသိသည့် တည်နေရာလမ်းကြောင်း၏ နိယာမများကြောင့် အရာအားလုံးတို့သည် ထိပ်တန်းလျှို့ဝှက်ချက်များ အဖြစ် တည်ရှိလို့နေ၏။
“စီနီယာ…. အဲအတွက် ကုန်ကျစရိတ်က ....” အင်ပါယာယုညို၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့် တောက်ပလာခဲ့၏။ သူသည် ခရမ်းရောင်နက်နဲလောကကြီးကို ကယ်တင်ပေးရန် စိတ်ဆုံးဖြတ်ချက် ချပြီးသား ဖြစ်၏။ သူသည် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ကာ ပတ်သတ်ခြင်း မရှိလျှင်တောင်မှ အင်ပါယာယုညို အင်မော်တယ် ဖြစ်လာသည်ဆိုပါက အချိန်ကာလ တစ်ခုအထိ မြေအင်မော်တယ်လောကကြီး၏ လှုပ်ရှားမှုများကို တားဆီးနိုင်ပေလိမ့်မည်။
အချိန်အကြာကြီး ခုခံရန် မလိုအပ်ချေ။ အနှစ်တစ်သောင်းလောက် ကာကွယ်ပေးနိုင်မည်ဆိုပါက ခရမ်းရောင်နက်နဲလောကကြီး၏ တားမြစ်တည်နေရာထဲတွင် ရှိနေသော အင်ပါယာအိုများသည် အစစ်အမှန် အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်မည့် အားအင်အဆင့်ကို ပိုင်ဆိုင်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့၌ ရှိနေသည့် ဖိအားများ ပြန်လည်ယုတ်လျော့သွားမှာ သေချာ၏။
“ခင်ဗျားတို့နှစ်ယောက်သာ ပူးပေါင်းပြီး လုပ်ချင်တယ်ဆိုရင် အင်မော်တယ်တစ်ယောက် ဖြစ်လာမယ့် အခွင့်အရေးကို တစ်ခုပဲ ဝယ်ယူလို့ရမယ်”
လီယွင်သည် ပြုံးကာ ပြောလိုက်၏။ သူသည် သောက်လျက် ရှိနေသည့် ရေနွေးခွက်ကို အသာချကာဖြင့် တစ်ဖက်လူများကို ကြည့်ရှုနေ၏။ မည်သည့်စကားမှ မဆိုဘဲ ပြုံးလျက် ကြည့်ရှု နေခြင်းပင်။
“အခွင့်အရေးတစ်ခု ဟုတ်လား”
အင်ပါယာပိုင်လီက မျက်မှောင်ကုတ်လိုက်မိသည်။ လူနှစ်ယောက်တို့အတွက် အင်မော်တယ်ဖြစ်ရန် အခွင့်အရေး တစ်ခုသာလျှင် ရှိ၏။ မည်ကဲ့သို့ ခွဲဝေယူရမည်နည်း။
အင်မော်တယ်တစ်ယောက် ဖြစ်လာရန် နည်းလမ်းမျိုးသည် ဈေးနည်းလိမ့်မည် မဟုတ်ဟု သူတို့ ရောက်ရှိလာ ကတည်းက ခန့်မှန်းထားခဲ့ပြီးသား ဖြစ်သည်။ သူတို့၏ အရှေ့သို့ အခွင့်အရေး ရောက်ရှိလာသည့် အချိန်မှာတော့ ထိုအရာကို လက်ခံရန် ခက်ခဲလို့နေ၏။
ထို့အပြင် သူတို့ ထွက်ခွာလာစဉ်က မြေအင်မော်တယ်လောကကြီးသည် အပြည့်အဝ သူတို့လောကနှင့် မပေါင်းစပ်ရသေးချေ။ သူတို့သာ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ပြီး အနိုင်ရရှိသူ အင်မော်တယ်ဖြစ်ရန် အခွင့်အရေးကို ယူကြမည်ဟု ဆုံးဖြတ်မည် ဆိုပါက အချိန်နှောင့်နှေးကုန်ပေလိမ့်မည်။ တူညီသည့် ရန်သူ တစ်ဦးကို ရင်ဆိုင်ရမည့် အချိန်တွင် အဘယ်ကြောင့် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေရနည်း။
“စီနီယာ... ကျုပ်ရဲ့ ပိုင်ဆိုင်မှုစာရင်းမှာ အင်မော်တယ်လက်နက်စာရင်းမှာ ရှစ်ဆယ့်ခုနှစ်ခုမြောက် စာရင်းမှာရှိတဲ့ အင်ပါရီယာလက်နက်တစ်ခု ရှိနေတယ်ဆိုတာကို စီနီယာ သိပါသလား။ ဒါက သာမန် အင်ပါရီယာ လက်နက်တွေထက် ပိုပြီး တန်ဖိုးကြီးပါတယ်” အင်ပါယာယုညိုက ပြောလိုက်သည်။
အင်ပါယာယုညိုနှင့် အင်ပါယာပိုင်လီတို့သည် နှစ်ပေါင်းများစွာ သိမ်းဆည်းထားသည့် များပြားလှသော ပစ္စည်းများကို တစ်ခုပြီးတစ်ခု အားတက်သရော ထုတ်ဖော်ကာ ပြောဆိုနေ၏။ သို့ပေမဲ့ ဆုံးအောင် မပြောရသေးချေ။ လီယွင်က တားဆီးလိုက်၏။
“ခင်ဗျားတို့ နှစ်ယောက်ဆီမှာ အင်ပါရီယာကျမ်းစာတွေနဲ့ တော်ဝင်အင်ပါယာတစ်ယောက်ရဲ့ အလောင်း ရှိသေးတယ်။ ကျုပ်ပြောတာ မှန်တယ်မလား” လီယွင်သည် ပြုံးကာ ပြောလိုက်သည်။
“ဟမ်”
အင်ပါယာပိုင်လီသည် ရှက်ရွံ့သလို ခံစားနေမိ၏။ သူပြောမည့် အကြောင်းအရာ အားလုံးကို တစ်ဖက်လူက ကြိုတင်ကာ ပြောသွားခဲ့၏။ ဘာမှဆက်ပြီး ပြောစရာ မလိုတော့ချေ။
“ဘာတစ်ခုမှ စီနီယာရဲ့ မျက်စိ အောက်ကနေ လွတ်မသွားခဲ့ပါဘူး” အင်ပါယာပိုင်လီက ဝန်ခံလိုက်၏။
“ခင်ဗျားတို့မှာ ဒီလောက်အရင်းအမြစ်တွေမှ မရှိဘူးဆိုရင် လက်ဗလာနဲ့ ဒီကိုလာခဲ့သလို ဖြစ်သွားမှာပေါ့”
လီယွင်သည် ထိုသူများကို လှမ်းကြည့်ကာဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။ “ပြီးတော့ အင်မော်တယ်တစ်ယောက် ဖြစ်လာမယ့် နည်းလမ်းဆိုတာက လူတိုင်းတတ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူးလေ”
အင်ပါရီယာလက်နက်စာရင်းတွင် ပါဝင်သည့် အဆင့်အတန်းမြင့်မြင့် တည်ရှိနေသည့် အင်ပါရီယာ လက်နက်များ၏ တန်ဖိုးသည် တကယ့်ကို ကြီးမားလှ၏။ သို့ပေမဲ့ ထိုအရာများသည် အသုံးပြုသူ၏ အမြင်နှင့် သုံးတတ်မှု အပေါ်တွင် မူတည်လျက် ရှိနေ၏။ သာမန်ကျင့်ကြံသူ သို့မဟုတ် နတ်နယ်မြေတစ်ခုခုအတွက် ဆိုပါက အင်ပါရီယာလက်နက် ဆိုသည်မှာ ရယူ၍ မရနိုင်သည့် တကယ့် ထိပ်တန်းအရာတစ်ခုပင် ဖြစ်လေ၏။ သို့ပေမဲ့ တော်ဝင်အင်ပါယာ သို့မဟုတ် အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ လက်ထဲတွင်တော့ အင်ပါရီယာလက်နက် ဆိုသည်မှာ သိပ်ပြီး အရေးကြီးလှသည် မဟုတ်ချေ။ မည်သူက အင်ပါရီယာလက်နက် မရှိဘဲ နေမည်နည်း။
“စီနီယာရဲ့ လမ်းညွှန်မှုက တကယ့်ကို ဉာဏ်အလင်း ရစေပါတယ်” အင်ပါယာပိုင်လီသည် ကြောင်အအဖြင့် သက်ပြင်းချလိုက်မိ၏။
လီယွင်၏ စကားလုံးများသည် သူတို့ကို တကယ်ပင် ဉာဏ်အလင်း ရစေခဲ့၏။ သူတို့၌ ရွေးချယ်ခွင့်ရှိသည်။ နှစ်ယောက်ပူးပေါင်း၍ အင်မော်တယ် ဖြစ်လာနိုင်မည့် အခွင့်အရေးကို ဝယ်ယူမည်လား။ ဝယ်ယူပြီး တစ်ယောက်က အင်မော်တယ်ဖြစ်လာမည်။ တခြားတစ်ယောက်ကတော့ လှည့်ထွက်သွားရပေမည်။ ထိုသို့မဟုတ်လျှင် နှစ်ယောက်စလုံး ထွက်ခွာသွားရန်သာရှိသည်။
တခြားသတင်းအချက်အလက်များကို သူတို့အနေနှင့် ဝယ်ယူရန် တတ်နိုင်မည် ဆိုသော်လည်း ..... ဥပမာအားဖြင့် မြေအင်မော်တယ်လောကတွင် ရှိနေသည့် ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူများ၏ လျှို့ဝှက်ချက်များကို စုံစမ်း နိုင်၏။ သို့ပေမဲ့ ဤသတင်းအချက်အလက်သည် အသုံးမဝင်လှချေ။ တစ်ဖက်လူများ၏ လျှို့ဝှက်ချက် များကို သိရှိခြင်းဆိုသည်မှာ ကောင်းမွန်လှသည် ဆိုသော်လည်း ဘာမှမလုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိ နေသည်ဆိုပါက သိရှိခြင်း၊ မသိရှိခြင်းက အရေးမပါတော့ချေ။ အားအင်အဆင့်သည် အခြေခံပင် ဖြစ်၏။
သူတို့အနေနှင့် အင်မော်တယ် ဖြစ်လာခြင်းမှလွဲ၍ တခြားသော နည်းလမ်းလည်း မရှိတော့ချေ။ သို့ပေမဲ့ ၎င်းတို့နှစ်ယောက်လုံးသည် အင်ပါယာစာရင်းတွင် ပါဝင်သည့် တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ ဖြစ်သည်ဆိုလျှင်တောင်မှ မည်သူက အင်မော်တယ်အဆင့်ကို တက်လှမ်းမည်နည်း။
တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဆုံပြီးသည့်နောက် သိုလှောင်လက်စွပ်အားလုံးကို ချွတ်ယူကာ လီယွင်၏ အရှေ့ဆီသို့ ချပေးလိုက်၏။
“စီနီယာ.... စီနီယာရဲ့ အထင်အရဆိုရင် အင်မော်တယ်ဖြစ်လာဖို့အတွက် မည်သူက ပိုပြီး ကြီးမားတဲ့ အခွင့်အရေး ရှိလဲ” အင်ပါယာပိုင်လီက မေးမြန်းလိုက်သည်။
စီနီယာစဉ်အရ၊ နက်နဲလှသည့် သမိုင်းကြောင်းအရ သူ၏ အင်မော်တယ်ဖြစ်လာရန် အခွင့်အရေးမှာ သာလွန်မှာ သေချာ၏။ သို့ပေမဲ့ ဤလောကကြီးထဲတွင် လူငယ် စွမ်းအားမြင့် ကျင့်ကြံသူများသည် လူအိုများကို ကျော်တက်ကာ မြင့်မားသည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင် သွားသည့် သာဓကများလည်း ရှိနေ၏။
အင်ပါယာယုညိုသည် နှစ်သန်းပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် သူနှင့်နှိုင်းယှဉ်၍ ရသည့် အဆင့်အတန်း တစ်ခုဆီသို့ ရောက်ရှိလာခြင်း ဆိုသည်မှာ တစ်ဖက်လူ၏ ပါရမီကို ထုတ်ဖော်ပြသနေ၏။ ထို့ကြောင့် သူသည်လည်း အင်မော်တယ်ဖြစ်ရန်အတွက် လုံလောက်သည့် အခွင့်အရေး တည်ရှိပေမည်။
ထိုစကားစုကို ကြားရသည့် အချိန်မှာတော့ အင်ပါယာယုညို၏ မျက်နှာတစ်ခုလုံးသည် လင်းလက်သွားခဲ့သည်။ သူသည်လည်း ထိုမေးခွန်းကို စိတ်ဝင်စားမိသည်။
“တူတူပဲ”
လီယွင်သည် နှစ်ယောက်စလုံးကို ကြည့်ရှုပြီးသည့်နောက် အမှတ်မထင် ဆိုသလိုပဲ မှတ်ချက်ပြုလိုက်၏။ အစောပိုင်းကတည်းက သူသည် စနစ်ကို စစ်ဆေးခဲ့ပြီးသားဖြစ်၏။
ကြည့်ရသည်မှာ နှစ်ယောက်စလုံးအတွက် အခွင့်အရေး တစ်ခုသာ ရှိသည်။ ဈေးနှုန်းကလည်း လိုက်လျောညီထွေရှိ၏။ စနစ်အနေနှင့် ဤအခွင့်အရေးကို ပေးအပ်လိုက်သည် ဆိုကတည်းက မည်သူမဆို အစစ်အမှန် အင်မော်တယ်တစ်ယောက်အဖြစ် တက်လှမ်းသွား နိုင်သည်ဟု ဆိုလိုခြင်းပင်။
ထိုအရာကို ကြားသည့်အချိန်မှာတော့ အင်ပါယာပိုင်လီသည် အနည်းငယ် စိတ်ပျက်သလို ခံစားနေမိ၏။ သို့ပေမဲ့ တစ်ချိန်တည်းမှာပဲ သူသည် စိတ်သက်သာရာရသလို ခံစားနေမိ၏။ အနည်းဆုံးအနေဖြင့် သူသည် အင်ပါယာအိုကြီး တစ်ယောက်ဖြစ်သော အင်ပါယာယုညိုနှင့် ယှဉ်ပြိုင်ရသည် ဆိုလျှင်တောင် ရနိုင်မည့် အခွင့်အရေးသည် တူညီလို့နေသည်။ အင်ပါယာယုညို၏ အရိပ်အောက်သို့ ရောက်မနေပေ။
“မေးချင်ပါတယ် စီနီယာ။ အဲဒီအခွင့်အရေးက ဘယ်နေရာမှာ ရှိတာလဲ” အင်ပါယာယုညိုသည် မည်သို့မှ မစောင့်နိုင်ဘဲ မေးမြန်းလိုက်၏။
မြေအင်မော်တယ်လောကနှင့် ခရမ်းရောင်နက်နဲလောကတို့ ပေါင်းစပ်မှုသည် စတင်နေပြီဖြစ်၏။ ရှုပ်ထွေးလှသည့် ဖန်တီးခြင်း စွမ်းအင်များသည် တည်နေရာ တစ်ခုလုံးကို လွှမ်းခြုံလျက် ရှိနေ၏။ ထို့ကြောင့် မြေအင်မော်တယ်လောကမှ အင်ပါယာများ လောကဖြတ်သန်းရောက်ရှိလာဖို့ အချိန် သိပ်ကြာတော့မည် မဟုတ်ချေ။ အချိန် အကန့်အသတ် တည်ရှိနေသောကြောင့် အင်မော်တယ်အဆင့်ကို မြန်မြန်ဆန်ဆန် တက်လှမ်းနိုင်ခြင်းသည် ၎င်းတို့၏ ပထမ ဦးစားပေးအရာသာ ဖြစ်သည်။
“ခရမ်းရောင်နက်နဲလောကကြီး” လီယွင်သည် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာ၏။
“ခရမ်းရောင်နက်နဲလောကကြီး ဟုတ်လား”
အင်ပါယာယုညိုက ဇဝေဇဝါ ဖြစ်သွား၏။ ပြီးနောက် သူသည် မယုံကြည်နိုင်စွာဖြင့် မေးလိုက်မိသည် “စီနီယာ... ကြွေကျခြင်း အင်မော်တယ် ရှေးဘုရားကျောင်းကို ရည်ညွှန်းချင်တာလား”
အစစ်အမှန်ပင် ဤနေရာသည် အစစ်အမှန် အင်မော်တယ် အမွေအနှစ် တည်နေရာပင် ဖြစ်လေ၏။ သို့ပေမဲ့ အစောကတည်းက ပြောင်သလင်းခါနေပြီဖြစ်၏။ အထဲတွင် ရှိနေသည့် အရာအားလုံးကို တစ်စုံတစ်ယောက်က ယူဆောင်သွားပြီး ဖြစ်၏။ လက်ရှိအခြေအနေ၌ အထဲသို့ ဝင်သွားသည် ဆိုလျှင်တောင်မှ စွပ်ပြုတ်တစ်ခွက်ကို ရရှိဖို့ မလွယ်လှချေ။
“ခရမ်းရောင်နက်နဲလောကကြီးက ခင်ဗျားတို့ ထင်သလို မရိုးရှင်းဘူး”
လီယွင်သည် ခေါင်းကို အသာယမ်းခါပြီး ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။ “အရင်တုန်းက ရွှမ်မိုက တည်နေရာလမ်းကြောင်းကို ဖွင့်လှစ်ပြီး မြေအင်မော်တယ်လောကကြီးထဲကို ဝင်ခဲ့တယ်။ ပြီးတော့ ပြန်လာခဲ့တယ်။ ခင်ဗျားတို့ ဒီကိစ္စကို ကြားခဲ့ပြီးပြီလား”
“ရှေးအင်ပါယာရွှမ်မိုလား” အင်ပါယာယုညို၏ မျက်လုံးများသည် လေးနက်သွားခဲ့၏။ သူသည် ခေါင်းကို အသာညိတ်လိုက်၏။ ရှေးအင်ပါယာရွှမ်မို၏ အကြောင်းကို သူကြားသိခဲ့ပြီးပြီဖြစ်၏။ ထိုသူသည် အင်ပါယာ အဆင့်တွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးဖြစ်ပြီး မြေအင်မော်တယ်လောကကြီးဆီသို့ သွားရောက်ခဲ့၏။ ပြီးနောက် အင်မော်တယ် ဖြစ်လာခဲ့သည်။
နောက်ပိုင်း သူသည် မြေအင်မော်တယ်လောကဆီမှ အစစ်အမှန် အင်မော်တယ် တစ်ယောက်နှင့် ကြမ်းတမ်းသည့် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့၏။ တိုက်ပွဲသည် တကယ့်ကို ကြမ်းတမ်းလွန်းလှချေပြီး လောကကြီးတစ်ခုလုံးကို သက်ရောက်စေခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ရှေးအင်ပါယာရွှမ်မိုသည် တစ်ဖက်လူအား ဖိနှိပ်အနိုင်ယူ သတ်ဖြတ်နိုင်ခဲ့၏။ ထိုအရာသည် ဒဏ္ဍာရီလာ ကိစ္စတစ်ခုဖြစ်ပြီး ရေတွက်လို့မရအောင် များပြားလှသည့် အင်ပါယာများသည် ၎င်း၏ ခြေလှမ်းအတိုင်း ပြုလုပ်နိုင်ရန် ရည်မှန်းချက်ပင် ထားလာခဲ့ကြ၏။
ရှေးအင်ပါယာရွှမ်မိုသည် ခရမ်းရောင်နက်နဲလောကကြီးတွင် မေ့ပျောက်၍ မရနိုင်သည့် ဒဏ္ဍာရီလာ အကြောင်းအရာများကို ချန်ထားခဲ့သည် ဆိုသော်လည်း ဖုံးကွယ်ထားသည့် အန္တရာယ်ကြီးကိုလည်း ချန်ထားခဲ့၏။ မြေအင်မော်တယ်လောကကြီးသည် အချိန်မရွေး ကျူးကျော်လာနိုင်စွမ်းရှိ၏။ ဖန်းကလန်သည် တည်နေရာလမ်းကြောင်းကို ဖိနှိပ်ထားသောကြောင့် သူတို့ မလာနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့ပေမဲ့ လက်ရှိအချိန်၌ ဖန်းကလန် မရှိတော့သလို လောကကြီး နှစ်ခုကလည်း ချိတ်ဆက်သွားခဲ့ပြီဖြစ်၏။ အခြေအနေသည် အလွန် ကွာခြားသွားခဲ့သည်။