အခန်း (၃၉၉)
Vol. 27 Ch. 399
“စီနီယာဆိုလိုတာ ရှေးအင်ပါယာရွှမ်မိုက ကြွေကျခြင်းအင်မော်တယ် ရှေးဘုရားကျောင်းအပြင် တခြားအမွေအနှစ် တစ်ခုကိုလည်း ချန်ခဲ့သေးတာလား” အင်ပါယာပိုင်လီသည် စိတ်အားတက်ကြွစွာဖြင့် မေးမြန်းလိုက်မိ၏။
“အင်း... အခု ဒီကိစ္စကို အမွေအနှစ်လို့ပဲ ခေါ်ကြရအောင်” လီယွင်သည် ခေါင်းကိုအသာညိတ်ကာ အတည်ပြု လိုက်၏။
“အမွေအနှစ်လို့ ခေါ်ရမယ် ဟုတ်လား” အင်ပါယာနှစ်ယောက်စလုံးက ဇဝေဇဝါ ဖြစ်သွား၏။ အမွေအနှစ် တည်ရှိသည်ဟု ဆုံးဖြတ်၍ ရနေသည်လား။
“အရင်တုန်းက ရွှမ်မိုက အစစ်အမှန် အင်မော်တယ်တစ်ယောက်ကို အနိုင်ယူ တိုက်ခိုက်နိုင်ခဲ့တယ်။ အင်ပါယာ တစ်ယောက်နဲ့ မတူညီစွာပဲ အစစ်အမှန် အင်မော်တယ်တစ်ယောက်ကို အလုံးစုံ သုတ်သင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စရပ်မျိုး မဟုတ်ဘူး။ အဆင့်တူအချင်းချင်း သုတ်သင်ရှင်းလင်းပစ်ဖို့ဆိုတာ ပိုပြီး စိန်ခေါ်မှု ပြင်းထန်တယ်လေ။ ဒါကြောင့် အင်ပါယာရွှမ်မိုက သူနဲ့ တိုက်ခိုက်ခဲ့တဲ့ အင်မော်တယ်ကို ခရမ်းရောင်နက်နဲလောကကြီးထဲမှာ စည်းခတ်ထားခဲ့တယ်”
လီယွင်သည် အမှတ်မထင် ရှင်းပြရင်းမှ ရှေးသမိုင်းကြောင်း အစဉ်အဆက် မြှုပ်နှံထားခဲ့သည့် ကြီးမားလှသော လျှို့ဝှက်ချက်ကြီးကို ထုတ်ဖော်ခဲ့သည်။
“စီနီယာဆိုလိုတာက ကျုပ်တို့ ခရမ်းရောင်နက်နဲလောကကြီးထဲမှာ အစစ်အမှန် အင်မော်တယ်တစ်ယောက် ရှိနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်လား” အင်ပါယာပိုင်လီက ပြောဆိုလိုက်၏။ ဤတစ်ကြိမ်မှာတော့ သူ၏ အမူအရာများသည် စိတ်လှုပ်ရှားမှုများ မပေါ်ခဲ့ချေ။ ပိုမိုကာ လေးနက်တည်ကြည်သည့် အရိပ်အယောင်မျိုး ဖြစ်လာခဲ့၏။
ရှေးအင်ပါယာရွှမ်မိုသည် အစောကြီးကတည်းက သေဆုံးသွားခဲ့ပြီဖြစ်၏။ ၎င်း၏ မျိုးဆက်သစ်များသည် ဆိုးဆိုးရွားရွား သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရ၏။ သို့ပေမဲ့ သူသည် တစ်ဖက်လူကို ခရမ်းရောင်နက်နဲ လောကကြီး၌ စည်းခတ်ခဲ့လေ၏။ စည်းသည်သာ ပျက်စီးသွားမည်ဆိုပါက ခရမ်းရောင်နက်နဲလောကကြီး၏ ကောင်းမွန်သည့် အချိန်အခါများသည် အဆုံးသတ်သွားပေလိမ့်မည်။ ထို့အပြင် ရှေးအင်ပါယာရွှမ်မို၏ ရန်သူသည် မြေအင်မော်တယ်လောကမှ ဖြစ်သည်။
“အင်း... များပြားလှသည့် နှစ်တွေ ကုန်ဆုံးသွားပြီးသည့်နောက် သေဆုံးသွားခဲ့ပြီလေ”
လီယွင်က ထူးမခြားနားသလို မှတ်ချက်ပြုလိုက်၏။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် မည်သည့် တိုက်ကွက်မှ တိုက်ခိုက်ခဲ့ခြင်း မရှိဘူးဆိုလျှင်တောင်မှ အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ သက်တမ်းသည် တဖြည်းဖြည်း အဆုံးသတ်ဆီသို့ ရောက်ရှိသွားမှာ ဖြစ်၏။
ထို့အပြင် ခရမ်းရောင်နက်နဲလောကကြီးတွင် စည်းခတ်ခြင်းကို ခံထားရပြီးသည့်နောက် ကောင်းကင်တာအို၏ နိယာမများအောက် ကန့်သတ်ခံထားရသည့်အပြင် ရွှမ်မိုသည် အစီအရင်တစ်ခုကိုလည်း ထပ်မံကာ ဖန်တီးခဲ့သေး၏။ ထို့ကြောင့် အသက်ရှင်နေသည် ဆိုပါက ကျိန်းသေပေါက် လောက၏ ကောင်းချီးကို ခံစားသည့် အရာပင် ဖြစ်လိမ့်မည်။
“ကောင်းတာပေါ့”
အင်ပါယာပိုင်လီသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ သို့ပေမဲ့ စီနီယာ နန်းဆောင်သခင်သည် အကြောင်းအရင်း မရှိဘဲ ဤကိစ္စရပ်ကို ထုတ်ဖော်ပြောဆိုလိမ့်မည် မဟုတ်ဟု သူက ချက်ချင်းနားလည်လိုက်မိ၏။ စီနီယာပြောဆိုသည့် အခွင့်အရေးဆိုသည်မှာ ထိုသူ သေဆုံးသွားခဲ့ပြီးသည့်နောက် ကျန်ခဲ့သည့် အခွင့်အရေးများကို ဆိုလိုနေလေသည်လား။
“ခင်ဗျားတွေးတာ အမှန်ပဲ။ ကျုပ်ပြောတဲ့ အခွင့်အရေးဆိုတာက အစစ်အမှန် အင်မော်တယ်တစ်ယောက် ချန်ခဲ့တဲ့ အမွေအနှစ်တွေပဲ” လီယွင်က အသာပြောလိုက်၏။
အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ ချမ်းသာမှုသည် ခန့်မှန်း၍ မရနိုင်အောင်ပင်။ သို့ပေမဲ့ ဤအစစ်အမှန် အင်မော်တယ်မှာတော့ ခြားနားလျက် ရှိနေ၏။ ၎င်းသည် ရန်သူ၏ တိုက်ခိုက်ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး ရှုံးနိမ့်ခဲ့သည့် လူတစ်ယောက်ပင်ဖြစ်၏။ ၎င်း ချန်ခဲ့သည့် အမွေအနှစ်များသည် ကြီးကြီးမားမား ကျန်ရှိလိမ့်မည် မဟုတ်ချေ။
အင်ပါယာပိုင်လီနှင့် အင်ပါယာယုညိုတို့သည်သာ အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ အမွေအနှစ်များကို ရရှိသည်ဆိုပါက ကျိန်းသေပေါက် တခြားသူများလောက် အကျိုးအမြတ် ရလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ အင်မော်တယ် ဖြစ်လာရန် ဆိုသည်မှာတော့ ပြဿနာကြီးတစ်ခု မဟုတ်တော့ပေ။
“စီနီယာ... စီနီယာပြောနေတဲ့ နေရာက အင်မော်တယ်တိုက်ပွဲနေရာလား။ ဟုတ်လား” အင်ပါယာယုညိုသည် တစ်စုံတစ်ခုကို တွေးတောမိလိုက်ပုံပေါ်၏။ ထို့ကြောင့် မေးမြန်းလိုက်သည်။
“အမှန်ပဲ” လီယွင်က ခေါင်းညိတ်လိုက်၏။
အင်ပါယာတိုက်ပွဲတည်နေရာသည် ခရမ်းရောင်နက်နဲလောကကြီး၏ ဂုဏ်သိက္ခာကြီးမားလွန်းလှသည့် တည်နေရာ တစ်ခုဟု သတ်မှတ်နိုင်၏။ ကောင်းကင်မူလလောကကြီး၏ ခွန်လွန်လေဟာနယ်ကဲ့သို့ပင်။ ထိုတည်နေရာ ထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်များ တည်ရှိနေပြီး ခွန်လွန်အင်ပါယာထက်ပင် ကြောက်မက်ဖွယ်ရာကောင်း၏။ အဘယ်ကြောင့်ဆိုသော် ထိုတည်နေရာထဲ၌ အင်မော်တယ်စွမ်းအင်များ လွှမ်းခြုံလျက် ရှိနေသောကြောင့်ပင်။
သမိုင်းမှတ်တမ်းအသီးသီးကို ပြန်လည်ကာ ကြည့်ရှုရမည်ဆိုလျှင် ထိုနေရာဆီသို့ ဝင်ရောက်နိုင်သည့် လူများ အားလုံးတို့သည် အင်ပါယာအဆင့်အထက်တွင် ရှိသည့် သူများပင်ဖြစ်သည်။ ထိုထဲသို့ ဝင်ရောက်ပြီး အင်မော်တယ် လမ်းစဉ်၏ နိယာများကို နားလည်ပြီးနောက် အင်မော်တယ်ဖြစ်သွားရန် မျှော်လင့်ချက်ဖြင့် ဝင်ကြခြင်းပင်။ သို့ပေမဲ့ ကံဆိုးစွာဖြင့် အချိန်အတော်ကြာခဲ့သည်ဆိုလျှင်တောင်မှ မည်သူမှသည် အင်မော်တယ် ဖြစ်မလာခဲ့ချေ။
အင်ပါယာ တော်တော်များများသည်လည်း ထိုနေရာဆီသို့ ဝင်ရောက်ပြီး သေဆုံးကုန်ကြ၏။ ထို့အပြင် အင်မော်တယ်စွမ်းအင်ဆိုသည်မှာ သာမန်အင်ပါယာများ ထိတွေ့ကိုင်တွယ်သည့် အရာမျိုး မဟုတ်ပေ။ အလွန်ပင် လေးနက်လွန်းလှ၏။ တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့် ကျင့်ကြံသူများပင်လျှင် ထိုအရာများကို ထိတွေ့ ကိုင်တွယ်ဖို့ ဆိုသည်မှာ ခက်ခဲလွန်းလှ၏။
ယနေ့မှာတော့ ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် မည်သူမဆိုတို့သည် အင်မော်တယ်တိုက်ပွဲ တည်နေရာထဲတွင် အစစ်အမှန် အင်မော်တယ်တစ်ယောက် တည်ရှိ နေသည် ဆိုခြင်းကို မသိရှိခဲ့ကြချေ။
စီနီယာနန်းဆောင်သခင်၏ စကားကို ကြားရပြီးသည့်နောက် လက်ရှိ ရှိနေသည့် အင်ပါယာနှစ်ယောက်တို့သည် အကြောင်းအရာ အားလုံးကို အတည်ပြုနိုင်ခဲ့တော့၏။ အင်မော်တယ်တိုက်ပွဲ တည်နေရာထဲတွင် ကြီးမားလွန်းသည့် အမွေအနှစ်ကို ချန်ခဲ့သည့် အင်မော်တယ်တစ်ယောက် တည်ရှိခဲ့ဖူးသည်။
“အင်း... တကယ့်ကို အဲနေရာ ဖြစ်နေတာကိုး”
အင်ပါယာယုညိုသည် အသက်ရှူနှုန်းများပင် ငြိမ်သက်သွားသလို ခံစားလိုက်မိ၏။ အင်မော်တယ်တိုက်ပွဲတည်နေရာ၏ အစစ်အမှန် ရည်ရွယ်ချက်ကို သူနောက်ဆုံး နားလည်ခဲ့ပြီ ဖြစ်လေ၏။ အင်မော်တယ်တစ်ယောက်ကို စည်းခတ်ခဲ့သည့် အရာပင် ဖြစ်သည်။ ကံဆိုးစွာဖြင့် သူတို့သည် ဤအရာကို ချိုးဖြတ် ဝင်ရောက်နိုင်စွမ်း မရှိခဲ့ကြချေ။
“စီနီယာ... အင်မော်တယ်တိုက်ပွဲတည်နေရာက တကယ့်ကို အစီအရင် ကြီးကြီးမားမားနဲ့ လွှမ်းခြုံထားခဲ့တာလေ။ သတ်ဖြတ်လိုခြင်း အစီအရင်ကလည်း ကြောက်ဖို့ကောင်းတယ်။ နေ့စဉ်နေ့တိုင်းဆိုသလို သွေးမိုးတွေကလည်း ရွာနေတာ။ အင်ပါယာတစ်ယောက် ဖြစ်တယ်ဆိုရင်တောင်မှ အဲသွေးတစ်စက်လောက် ထိတယ်ဆိုတာနဲ့ အရည်ပျော်သွားနိုင်တယ်” အင်ပါယာပိုင်လီက စဉ်းစဉ်းစားစားဖြင့် ပြောလိုက်၏။
အင်မော်တယ်အမွေအနှစ်ဆိုသည်မှာ တကယ့်ကို တန်ဖိုးကြီးမားလွန်းသည်။ တစ်စုံတစ်ယောက်သည် ကောင်းမွန်သည့်အရာများကို ရယူဖို့အတွက် အသက်ကို ပေးဆပ်ရသည့် အခြေအနေမျိုးပင် ကြုံတွေ့နိုင်၏။
“ဟမ့် ... အင်မော်တယ်တိုက်ပွဲတည်နေရာရဲ့ အစစ်အမှန် အန္တရာယ်က အစီအရင် မဟုတ်ဘူး။ ပြီးတော့ ရှေးအင်ပါယာရွှမ်မို အစီအရင်တွေ ဖန်တီးခဲ့တယ် ဆိုတာ ခရမ်းရောင်နက်နဲလောက က သက်ရှိသတ္တဝါတွေကို ဖိနှိပ်ဖို့မှ မဟုတ်တာ။ ခင်ဗျားတို့ရဲ့ အားအင်အဆင့်နဲ့ သူသာ ဝင်ခွင့်မပေးချင်ဘူးဆိုရင် အစီအရင်အနားကို ချဉ်းကပ်ဖို့တောင်မှ စိတ်ကူးထဲက ဖယ်လိုက်” လီယွင်သည် အမှတ်မထင်ဖြင့် ပြန်လည်ကာ ပြောဆိုလိုက်သည်။
သူသည် စားပွဲကို လက်ညှိုးဖြင့် တတောက်တောက်ခေါက်ရင်းမှ ဆက်လက် ပြောဆိုလိုက်၏။ “အင်မော်တယ် တိုက်ပွဲတည်နေရာထဲမှာရှိတဲ့ တကယ့် အန္တရာယ်က အစစ်အမှန် အင်မော်တယ်တစ်ယောက် ချန်ခဲ့တဲ့ အသိအမြင်တွေပဲ”
“အသိအမြင်တွေ ဟုတ်လား” အင်ပါယာပိုင်လီသည် မျက်မှောင်ကုတ်လိုက်၏။ အစစ်အမှန် အင်မော်တယ်သည် အစောကြီးကတည်းက သေဆုံးသွားခဲ့ပြီ မဟုတ်ပါလား။ ဘာတွေများ ချန်ရစ်ခဲ့လေသနည်း။
“သူက မြေအင်မော်တယ်လောကက သတ္တဝါတစ်ယောက်လေ။ သူ့ဆီမှ အမွေအနှစ်တွေ ချန်ခဲ့တယ်ဆိုရင်တောင်မှ ခရမ်းရောင်နက်နဲလောကက လူတွေအတွက် အကျိုးကျေးဇူးတွေ ဖြစ်နေနိုင်ပါ့မလား” လီယွင်သည် တန်ပြန် မေးခွန်းထုတ်လိုက်၏။
အစစ်အမှန် အင်မော်တယ်သည် ရှေးအင်ပါယာရွှမ်မို၏ လက်ထဲတွင် သေဆုံးခဲ့၏။ ခရမ်းရောင်နက်နဲလောကကြီး သည် ၎င်းအတွက် ကျိန်းသေပေါက် ကြီးမားသည့် အမုန်းတရားသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ၎င်းချန်ရစ်ခဲ့သည့် အရာအားလုံးကို ထိတွေ့ခဲ့သော ခရမ်းရောင်နက်နဲလောကကြီးမှ သက်ရှိသတ္တဝါ အားလုံးသည် နောက်တစ်နေ့ နေထွက်သည်ကိုပင် မမြင်ရသည့် အကြောင်းအရာ ဖြစ်လာခဲ့၏။ ခန္ဓာကိုယ်လိုက် ဝင်ရောက်သွားသည် ဆိုလျှင်တောင်မှ အထဲမှပြန်ထွက်လာသည့်အချိန်တွင် အသက်မရှိသည့် ဝိညာဉ်သာလျှင် ဖြစ်ပေလိမ့်မည်။
“စီနီယာ” အင်ပါယာပိုင်လီက စတင်ကာ စုံစမ်းလိုက်၏။ သူသည် မျှော်လင့်တကြီး အမူအရာများ ရှိနေ၏။
“စိတ်ချ”
လီယွင်သည် လက်ကို အသာယမ်းခါလိုက်၏။ သူ၏ အမူအရာက မပြောင်းလဲချေ။ သူက ဆက်ပြောလိုက်သည်။ “ကျုပ် ခင်ဗျားတို့ကို မှန်ကန်တဲ့တည်နေရာ ပေးပြီဆိုမှတော့ ခင်ဗျားတို့ကို အကြောင်းအရာ မရှိဘဲနဲ့ သေဖို့လမ်းကို ပေးမှာ မဟုတ်ဘူး”
“စီနီယာဆိုလိုတာက” အင်ပါယာပိုင်လီသည် အရှေ့ကို အသာဦးညွတ်ကာ ရိုသေလေးစားမှုကို ပြသလိုက်၏။ သူ၏ လီယွင်၏ စကားလုံးများကို ဆက်လက်ကာ စောင့်မျှော်နေသည်။
“ဒီကျောက်စိမ်းပြားကို ကိုင်သွားပြီး ဒါနဲ့အတူ အထဲကိုဝင်။ ဒီကျောက်စိမ်းပြားထဲမှာ အစီအရင်ကို ချိုးဖြတ်နိုင်တဲ့ နည်းလမ်းပါတယ်။ ကျောက်စိမ်းပြားလက်ထဲမှာ ရှိနေတယ်ဆိုရင် ခင်ဗျားတို့ရဲ့ အော်ရာတွေကို ဖုံးကွယ်ထား နိုင်လိမ့်မယ်”
လီယွင်သည် လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို အသာကမ်းကာ ပေးလိုက်၏။ “အင်မော်တယ်တွေတောင်မှ ခင်ဗျားတို့ တည်ရှိနေတယ်ဆိုတာကို မြင်နိုင်မှာ မဟုတ်ဘူး”
“ရတနာတစ်ခုလား”
လီယွင်၏ စကားကို ကြားရသည့်အချိန်မှာတော့ ၎င်းတို့နှစ်ယောက်လုံး၏ စိတ်ထဲ၌ အတွေးတစ်ခု ဖြစ်တည်လာခဲ့ကြ၏။
တော်ဝင်အင်ပါယာတစ်ယောက်အနေနှင့် အစစ်အမှန် အင်မော်တယ် တစ်ယောက်ပင်လျှင် ကြည့်ရှု၍ မရနိုင်သည့် အခြေအနေမျိုးကို ရောက်သွားပေလိမ့်မည်။ ဤကျောက်စိမ်းပြားသည် အစစ်အမှန် အင်မော်တယ်ကိုပင် လှည့်စားနိုင်စွမ်းရှိသည့်အရာ ဖြစ်နေလေသည်လား။ သူတို့အနေနှင့် ထိုသို့ဆိုလျှင် မည်သည့် အကန့်အသတ်၊ အတားအဆီးမှ မရှိဘဲ အထဲသို့ ဝင်သွားနိုင်သည် မဟုတ်ပါလား။ ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားပြီး တစ်စုံတစ်ယောက်ကို သွားရောက်ကာ တိုက်ခိုက်သည်ဆိုပါက အစစ်အမှန် အင်မော်တယ် တစ်ယောက်ပင်လျှင် သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။
“မှတ်ထား။ ဒီကျောက်စိမ်းပြားက လူတစ်ယောက်ကိုပဲ ကာကွယ်ပေးနိုင်တယ်” လီယွင်၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။
“အမ်”
အင်ပါယာပိုင်လီနှင့် အင်ပါယာယုညိုတို့သည် အံ့အားတသင့်ဖြင့် ခေါင်းကို မော့ကြည့်လိုက်၏။ ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။ “တစ်ယောက်တည်းလား”
ဤနေရာတွင် လူနှစ်ယောက် ရှိနေ၏။ ထို့အပြင် နှစ်ယောက်စလုံးသည် ပိုက်ဆံပေးခဲ့ပြီးသား ဖြစ်၏။ မေးခွန်းရှိနေသည်မှာ ဤကျောက်စိမ်းပြားကို မည်သူ ပိုင်ဆိုင်ရမည်နည်း။