အခန်း (၄၀၀)
Vol. 27 Ch. 400
"စီနီယာ ဘာကိုဆိုလိုတာလဲ"
အင်ပါယာယုညိုသည် ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။
"အင်ပါယာဖြစ်ဖို့ နည်းလမ်းက လူတစ်ယောက်ပဲ သုံးလို့ရတယ်" လီယွင်သည် အတည်ပြုခြင်း မဟုတ်သလို ငြင်းပယ်ခြင်းလည်း မဟုတ်ချေ။ တစ်ပိုင်းတစ်စဖြင့် ပြန်ဖြေလိုက်သည်။
"စီနီယာပြောတာ အမှန်ပါပဲ။ အင်မော်တယ်ဖြစ်လာဖို့ နည်းလမ်းက လူတစ်ယောက်ပဲ အသုံးပြုလို့တယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းပြားက ဘာလို့တစ်ခုတည်း ရှိနေရတာလဲ" အင်ပါယာယုညိုသည် ထပ်မံကာ မေးမြန်းလိုက်၏။
အခြားသောကိစ္စများကို ဖယ်ထားဦး။ အနည်းဆုံး လူတစ်ယောက်အနေဖြင့် ကျောက်စိမ်းပြားတစ်ခုကိုတော့ ကိုင်ဆောင်သင့်၏။ အင်မော်တယ်တစ်ယောက်၏ အသိအာရုံများကိုလှည့်စားနိုင်သော အရာဖြစ်သောကြောင့် ကျိန်းသေပေါက် သူတို့အတွက် အသုံးဝင်သော အရာတစ်ခု ဖြစ်၏။ အင်ပါယာလက်နက်ထက်ပင် ပိုမိုကာ အသုံးဝင်မှာ သေချာသည်။
"ခင်ဗျားတို့ပေးတာနဲ့ ထိုက်တန်တဲ့ အရာကိုပဲ ရတာပေါ့"
လီယွင်သည် တည်ငြိမ်ကာဖြင့် ပြန်လည်ကာပြောဆိုလိုက်၏။ သူအနေဖြင့် လိုချင်ပါက မြောက်များစွာ ထုတ်ဖော်နိုင်စွမ်း ရှိနေ၏။ သို့ပေမဲ့ ဤအရာများကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်လိုက်ပါက ဤအရာများသည် သာမန်ပစ္စည်းများ ဖြစ်သွားလိမ့်မည်။ တန်ဖိုးရှိသည့် အရာများသည် များများစားစား ရရှိနေသည် ဆိုပါက တန်ဖိုးမဲ့လာမှာ သေချာ၏။
“ဟင်”
အင်ပါယာယုညို၏ အမူအရာသည် အေးခဲသွား၏။ သူသည် အေးစက်သည့် ခံစားချက်များနှင့်အတူ ကျောက်စိမ်းပြားကို လှမ်းကာကြည့်ရှုလိုက်၏။ သူသည် အားအင်အဆင့်အရ အားမနည်းလှသော်လည်း အင်ပါယာပိုင်လီနှင့် နှိုင်းယှဥ်ရလျှင်တော့ အနည်းငယ် လိုအပ်သလို ခံစားနေမိ၏။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် တစ်ဖက်လူ၏ လက်ထဲသို့ အင်မော်တယ်ဖြစ်ရန် နည်းလမ်း ရောက်ရှိသွားဖို့ အခွင့်အရေး ပိုများ၏။ အင်မော်တယ်ဖြစ်လာရန် အခွင့်အရေးကို ဆုံးရှုံးခြင်း ဆိုသည်မှာ တစ်ခုတည်းဖြစ်၏။ သို့ပေမဲ့ သူ စုဆောင်းထားခဲ့သမျှ အရာအားလုံးကို ဆုံးရှုံးခြင်းဖြစ်၏။ အနာဂတ်တွင် ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို လာရန်အတွက် အချိန်ပေါင်းများစွာ ယူရဦးပေမည်။
"စိတ်ဓာတ်ကျမနေနဲ့"
လီယွင်သည် အင်ပါယာယုညို၏ အတွေးများကို လှမ်းမြင်လိုက်၏။ ထို့ကြောင့် ဖြေးညင်းစွာ ပြောဆိုလိုက်သည်။
"အင်မော်တယ်တိုက်ပွဲ တည်နေရာထဲမှာ အခွင့်အရေးတွေ အများကြီး ရှိသေးတယ်။ အင်ပါရီယန် လက်နက် အပါအဝင်ပေါ့။ ခင်ဗျားတို့နှစ်ယောက်အနေနဲ့ အဲလက်နက်ကို စိတ်ဝင်စားလိမ့်မယ်လို့ ထင်တယ်"
“ဟမ် ….”
ထိုစကားစုကို ကြားလိုက်ရသည့် အခါမှာတော့ နှစ်ယောက်လုံး၏ နှလုံးသားများသည် တုန်ခါသွားခဲ့၏။ ၎င်းတို့သည် လျင်လျင်မြန်မြန်ပဲ ကြည့်ရှုမိ၏။ အင်ပါယာလက်နက်ဆိုသည်မှာ အင်ပါယာများပင် စိတ်ဝင်စားသည့် အရာတစ်ခုဖြစ်၏။ အင်ပါယာဆက်ခံစာရင်းတွင် ပါဝင်သည့် လက်နက်တစ်ခုသာဖြစ်ပါက ကျိန်းသေပေါက် အကျိုးအမြတ်များမည့် အရာတစ်ခုဖြစ်၏။ လက်ရှိခရမ်းရောင် နက်နဲလောကကြီးတွင် အင်ပါရီယန်လက်နက် ဆက်ခံသူမရှိသေးသည် လက်နက်တစ်ခု ရှိနေသည် မဟုတ်ပါလား။
"ခင်ဗျားတို့ခန့်မှန်းထားတဲ့ အတိုင်းပဲ။ အဆင့်ဆယ့်ငါးမှာ ရှိနေတဲ့ ကောင်းကင်တုန်ခါခြင်းဓား အဲ့တာက အင်မော်တယ် တိုက်ပွဲတည်နေရာထဲမှာ ရှိတယ်။ ဒါကိုသာ ခင်ဗျားတို့ ရမယ်ဆိုရင် ကျားကို အတောင်ပံ တပ်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်" လီယွင်က ပြုံးကာ ပြောလိုက်၏။
ဟုတ်ပေ၏။ အင်မော်တယ် ဖြစ်လာရန် အခွင်အရေးသည် တစ်ခုတည်းသာ ဖြစ်၏။ အင်မော်တယ် ဖြစ်လာပြီးနောက် အင်ပါရီယန် လက်နက်ကို ကိုင်ဆောင်၍ တိုကိခိုက်ရခြင်းမှာ အရသာကင်းမဲ့သည့် အစားအစာကို စားရခြင်းနှင့် ဆင်တူပေလိမ့်မည်။
"ဟုတ်တယ်။ ကောင်းကင်တုန်ခါခြင်းဓား"
အင်ပါယာယုညို၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြစ်တည်လာခဲ့၏။ ကျောက်စိမ်းပြားကို လှမ်းကြည့်ရင်း သူ၏ နှလုံးသားတစ်ခုလုံးသည်လည်း နွေးထွေးလာခဲ့၏။ ကောင်းကင်တုန်ခါခြင်းဓားနှင့် အင်မော်တယ်ဖြစ်ရန် နည်းလမ်းသည် သူတို့လိုချင်သည့် အရာဖြစ်၏။ အနာဂတ်တွင် ကောင်းကင်တုန်ခါခြင်းဓားကို လိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။ သို့ပေမဲ့ အနာဂတ်မျိုးဆက်သစ်များအတွက် အမွေအနှစ်အဖြစ် ချန်ထားနိုင်ပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
"ကဲ …. ဆွေးနွေးပွဲက အဆုံးသတ်ပြီ ခင်ဗျားတို့နှစ်ယောက် သွားလို့ရပြီ။ အရမ်းကြီးနောက်ကျသွားရင် ခင်ဗျားတို့ ခရမ်းရောင် နက်နဲလောကကြီးက ကြာကြာတောင့်ခံထားနိုင်မှာ မဟုတ်ဘူးလို့ ကျုပ်ထင်တယ်"
လီယွင်သည် လက်ကိုမြောက်ပြီးသည့်နောက် တံခါးဝဆီသို့ ညွှန်ပြလိုက်လေ၏။ တစ်ဖက်လူကို ထွက်ခွာသွားရန် ပြောဆိုလိုက်ခြင်းပင်။
"စီနီယာ "
အင်ပါယာယုညိုသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူသည် တစ်စုံတစ်ခုကို ပြောချင်၏။ သူ၏ အမြင်အရဆိုလျှင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နိုင်သည့် လူတစ်ယောက်ပင် ဖြစ်၏။ အတိတ်၊ အနာဂတ်များကို သိရှိသူ တစ်ယောက်ဖြစ်၏။ ထို့ကြောင့် ၎င်းတို့နှစ်ယောက်ကြားတွင် မည်သူအင်မော်တယ်ဖြစ်မည်ကို ကြိုတင်သိရှိနေမှာ သေချာ၏။
သူ့အနေဖြင့် ထပ်မံကာ မေးမြန်းချင်မိ၏။ သို့ပေမဲ့ ပြီးဆုံးအောင် မပြောရသေးခင်မှာပဲ ခံစားချက်တစ်ခုကို ရရှိလိုက်၏။ သတိပြန်ဝင်လာသည့် အချိန်မှာတော့ သူသည် ကျိုးပျက်လျက် ရှိနေသည့် ကြယ်တည်နေရာကြီး တစ်ခုဆီသို့ ရောက်ရှိနေကြောင်း သတိပြုလိုက်မိသည်။
"လောကနှစ်ခုကြား တည်နေရာ" အင်ပါယာယုညိုသည် ပြောဆိုလိုက်၏။
ဤနေရာသည် ကောင်းကင်မူလလောကနှင့် ခရမ်းရောင်နက်နဲလောကဆီသို့ ဆက်သွယ်ထားသော နေရာတစ်ခုဖြစ်၏။ တော်ဝင်အင်ပါယာတစ်ယောက်ပင်လျှင် ဤတည်နေရာဆီသို့ ရောက်ရှိရန် အချိန်အတော်ယူရပေလိမ့်မည်။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် လက်တစ်ချက် ဝေ့ယမ်း လိုက်ရုံ နှင့် သူတို့နှစ်ယောက်ကို ဤတည်နေရာသို့ ပို့ပေးလိုက်နိုင်၏။ ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ရှုရလျှင် သူတို့နှစ်ယောက်အနေဖြင့် တစ်ချက်ကလေးမှ ခုခံမှု မပြုလုပ်လိုက်ရချေ။ ချက်ချင်းဤနေရာသို့ ရောက်ရှိလာခဲ့သည်။
သူ၏ဘေးတစ်ဖက်တွင် ပိုင်လီက မတ်မတ်ရပ်လျက် ရှိနေ၏။ သူ၏မျက်နှာပေါ်ရှိ တုန်လှုပ်မှုများသည် အချိန်အတော်အကြာမှသာလျှင် ပြန်လည်ကာ တည်ငြိမ်လာ၏။
"ကောင်းကင်လျှို့ဝှက် နန်းဆောင်ရဲ့ စွမ်းရည်က ဒါလား" အင်ပါယာယုညိုသည် သက်ပြင်းချကာဖြင့် မှတ်ချက်ပြုလိုက်၏။ သူသည် ဘေးတစ်ဖက်ကို လှမ်းကြည့်ပြီးနောက် သူနှင့် အင်ပါယာပိုင်လီတို့ကြားထဲတွင် ကျောက်စိမ်းပြားတစ်ခုက လေထဲတွင် လွင့်မျောလျက် ရှိနေကြောင်း မြင်လိုက်ရ၏။ တောက်ပသည့် အလင်းတန်းများ ထိုအရာဆီမှ ထွက်ပေါ်လျက် ရှိနေသည်။
"ဒါက အင်မော်တယ်ဖြစ်လာဖို့ နည်းလမ်းပဲ"
ကျောက်စိမ်းပြားကို မြင်ရသည့် အချိန်မှာတော့ သူတို့သည် သက်ပြင်းကိုချလိုက်မိ၏။ သူတို့သည် လက်ကို အသာဆန့်ကာဖြင့် ကျောက်စိမ်းပြားကို အသာလှမ်းယူလိုက်၏။
ကျယ်လောင်လှသော အသံကြီးထွက်ပေါ်လာခဲ့ပြီး အင်ပါယာနှစ်ယောက်ကြား တိုက်ပွဲသည် စတင်လာခဲ့၏။ ၎င်းတို့နှစ်ယောက်သည် ၎င်းတို့၏ လှုပ်ရှားမှုများကို ထိန်းချုပ်ထားခဲ့ပြီး အနိုင်ရရှိသူကို ဆုံးဖြတ်ချင်သည့် စိတ်နှင့်သာ တိုက်ခိုက်ခြင်းဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် သေဆုံးအောင် တိုက်ခိုက်ချင်စိတ် မရှိကြချေ။ ထို့ကြောင့် သူတို့သည် တဖြည်းဖြည်းချင်း ထိန်းချုပ်ကာ တိုက်ခိုက်နေရင်းမှ အင်မော်တယ် တိုက်ပွဲတည်နေရာကြီးဆီသို့ ချဉ်းကပ်သွားကြသည်။
အင်ပါယာယုညိုနှင့် အင်ပါယာပိုင်လီတို့ အင်မော်တယ် တိုက်ပွဲတည်နေရာကြီးဆီသို့ ရောက်ရှိသွားကြစဉ်မှာပဲ ခရမ်းရောင်နက်နဲလောကကြီးမှာတော့ ……
လောကကြီးနှစ်ခုသည် တဖြည်းဖြည်းခြင်း ပေါင်းစပ်လျက် ရှိနေ၏။ သန်းနှင့်ချီသော အကွာအဝေးတွင် ရှုပ်ထွေးလှသော စွမ်းအင်လှိုင်းများ၏ တိုက်ခိုက်မှုကို ခံနေရ၏။ လူပေါင်းများစွာတို့ နောက်ကိုဆုတ်ခွာနေရ၏။ တည်နေရာ၏ နိယာမသည် အရာအားလုံးကို လွှမ်းခြုံနေ၏။
"ခရမ်းရောင် နက်နဲလောကနဲ့ မြေအင်မော်တယ် လောကတို့က ပေါင်းစပ်နေပြီ။"
အင်ပါယာမိုယွမ်သည် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောဆိုလိုက်၏။ သူသည် အဝေးတစ်နေရာသို့ ကြည့်ရှုနေရင်းမှ လက်ကို ယမ်းခါလိုက်သည်။ သူ၏လက်ထဲတွင် ကြီးမားလှသည့် တင်းပုတ်ကြီးက မျက်လှည့်ပြလိုက်သလိုပင် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့သည့် အော်ရာများ ထွက်ပေါ်နေသည့် လက်နက်မျိုးပင်။
တဝုန်းဝုန်း ဖြင့် ကျယ်လောင်လှသည့်အသံများ ထွက်ပေါ်လျက် ရှိနေသော ခရမ်းရောင် နက်နဲလောကြီး၏ အဝေး ကောင်းကင်ယံထက်မှာတော့ များပြားလှသည့် ကြယ်စင်စုများနှင့် လောကကြီးသည် ပေါင်းစပ်လာ၏။
ထိုလောကကြီးဆီသို့ သွားရောက်ခြင်း မပြုလျှင် တောင်မှ အလွန်အားကောင်းလှသည့် လောကကြီးဖြစ်ကြောင်း အာရုံခံမိနိုင်၏။ လောကကြီး၏ စိတ်ဝိညာဉ်စွမ်းအင်များသည် တကယ့်ကို ပေါကြွယ်ပြီး များပြားလွန်းလှသည်။
"သက်ရှိသတ္တဝါတွေ များလိုက်တာ"
အင်ပါယာမိုယွမ်သည် မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် မည်သို့မှ မနေနိုင်ပဲ ထကာပြောဆိုလိုက်မိ၏။
လောကကြီးနှစ်ခု ပေါင်းစပ်စသာ ရှိသေး၏။ မြေအင်မော်တယ်လောက၏ များပြားလှသော ကျင့်ကြံသူများသည် ပေါ်ပေါက်လာခဲ့ကြ၏။ ဤလူများသည် ပွဲကြည့်ရန်သာ ရောက်ရှိလာကြသည့် လူများ ဖြစ်လိမ့်မည် မဟုတ်ချေ။
အထူးသဖြင့် ရှေ့ဆုံးတွင် ရှိနေသည့် လူများဖြစ်၏။ လူသားမျိုးနွယ်များသည် အဆုံးအစမဲ့ များပြားလွန်းလှ၏။ ဤအရာသည် မြေအင်မော်တယ်လောကကြီးဆီမှ စစ်တပ်ကြီးသာလျှင် ဖြစ်ပေလိမ့်မည်။ အမဲရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့ပြီး ကြမ်းတမ်းလှသည့် သားရဲရိုင်းများကို စီးနင်းထားခဲ့၏။ ၎င်းတို့၏ သွေးချီများသည် ကောင်းကင်ယံတစ်ခုလုံးသို့ လွှမ်းခြုံလျက် ရှိနေ၏။
ကောင်းကင်ယံထက်တွင် ရေတွက်၍မရအောင် များပြားသည့် စစ်သင်္ဘောများကလည်း ရပ်တန့်နေကြ၏။ ၎င်းတို့အား နဂါးများက ဆွဲလာလျက် ရှိနေကြ၏။ ကျိန်းသေပေါက် လောကနှစ်ခု ချိတ်ဆက်သွားသည်နှင့် တစ်ပြိုင်နက် တိုက်ခိုက်မှာ သေချာ၏။ ထိုစစ်သင်္ဘောတစ်ခုချင်းဆီတိုင်းတွင် နိရယ လောကဟု ရေးထိုးထား၏။ ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အရှိန်အဝါမျိုးပင်။
ဤရေတွက်၍မရအောင် များပြားလှသော စစ်သည်များသည် များပြားလှသော တိုက်ပွဲများကို တိုက်ခိုက်ခဲ့ဖူးပုံ ပေါ်၏။ မည်သည့်ဖိနှိပ်မှုကိုမှ မလုပ်ရသေးလျှင်တောင်မှ ခရမ်းရောင် နက်နဲလောကကြီးတွင် ရှိနေသည့် လူပေါင်းများစွာတို့ကို ဖိနှိပ်ထားနိုင်စွမ်း ရှိနေသည်။ ဤစစ်တပ်ကြီးသည် ခရမ်းရောင် နက်နဲလောကကြီးတွင် ရှိနေသည့် နတ်နယ်မြေ သို့မဟုတ် အင်ပါရီယန်ကလန်များ သွားရောက်တိုက်ခိုက်နိုင်သည့် အရာမျိုး ကျိန်းသေပေါက် မဟုတ်ပေ။