အခန်း (၄၀၁)
Vol. 27 Ch. 401
ခရမ်းရောင် နက်နဲလောကနှင့် မြေအင်မော်တယ်လောကတို့ ပေါင်းစပ်မှုသည် တကယ်ပဲ လေးနက်ပြီး အရှိန်အဟုန်ပြင်းပြင်းနှင့် ဖြစ်တည်လျက် ရှိနေ၏။
စစ်တပ်ကြီးတစ်ခုလုံးသည် ညီညီညာညာ အမိန့်ကိုနာခံစွာဖြင့် ရှေ့ဆီသို့ တက်လှမ်းလိုက်သည့် အခါမှာတော့ မည်သူမှ မတားဆီးနိုင်သည့် အခြေအနေမျိုးဆီသို့ ရောက်ရှိလာ၏။ လောကကြီး တစ်ခုလုံးသည် ဖိနှိပ်ခြင်းကို ခံလိုက်ရသကဲ့သို့ပင်။ ခရမ်းရောင် နက်နဲလောကကြီးဆီမှ လူပေါင်းများစွာတို့သည် အသက်ရှု၍ မရသည်ခံစားချက်မျိုးကို ရရှိနေကြသည်။
စစ်သည်များသည် မြေအင်မော်တယ်လောကမှ သက်ရှိများ ဖြစ်ကြပြီး ခရမ်းရောင်နက်နဲလောကမှ သက်ရှိများအတွက်တော့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအားပိုင်ရှင်များပင် ဖြစ်၏။
"အညံ့ခံမလား။ ဒါမှမဟုတ် ဖျက်ဆီးခံမလား"
စူးရှပြီး ခံစားချက်ကင်းမဲ့သည့် အသံသည် အဆုံးအစမဲ့ ကြီးမားသော စစ်တပ်ကြီးဆီမှ ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် ကောင်းကင်နှင့် မြေကြီးကိုပင် ထိုးဖောက်နေပြီး လူသားအားလုံးတို့၏ ဝိညာဉ်ထဲသို့ ဝင်ရောက်လာကြ၏။
အားလုံးတို့သည် အသံ၏ မူလအရင်းအမြစ်သည် ဘာမှန်းသေသေချာချာ မသိရှိနိုင်ချေ။ ထို့ကြောင့် အသံပိုင်ရှင်သည် ယောက်ျားလား၊ မိန်းမလားဆိုသည်ကိုပင် မသဲကွဲလှချေ။ သို့ပေမဲ့ ထွက်ပေါ်လာသည်နှင့် ခရမ်းရောင် နက်နဲလောကကြီးတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးတို့သည် ဒူးများပင် ခွေလုမတတ် ဖြစ်နေကြ၏။ သူတော်စင်ဘုရင်များနှင့် အားလုံးသော သူတို့၏ မျက်လုံးများသည် သွေးရောင်ကဲ့သို့ နီရဲလာကြ၏။ ၎င်းတို့သည် ချုပ်နှောင်ခံရခြင်းမှ လွတ်မြောက်ရန်အတွက် အပြင်းအထန် ကြိုးစားမိနေကြသည်။
"မြေအင်မော်တယ်လောက ကျုပ်တို့ကိုအထင်သေးတာလား။ ကျုပ်တို့ ခရမ်းရောင် နက်နဲလောကကြီးကို ဘာထင်နေတာလဲ" ခရမ်းရောင်နက်နဲလောကဘက်မှ သူတော်စင်တစ်ယောက်သည် လှမ်းကာ အော်ဟစ်လိုက်၏။ ၎င်း၏အသံသည် ပဲ့တင်သွားခဲ့၏။
ဝုန်း …။
အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ချက်ချင်းဆိုသလို စောဏက စကားပြောဆိုခဲ့သည့် သူတော်စင်၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။ ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်များအား မမြင်ရသည့် လက်ကြီးတစ်ဖက်က ထုတ်ယူလိုက်သလို အသက်စွမ်းအင်များသည် ချက်ချင်း ပျောက်ကွယ်သွား၏။
"ငါတို့ကို ငြင်းဆန်ဖို့အတွက် လုံလောက်တဲ့ အားအင်အဆင့်ရှိဖို့ လိုအပ်တယ်"
ထူးမခြားနားသော အသံတစ်ခုသည် အားလုံးသောသူတို့၏ ခေါင်းထဲသို့ ဝင်ရောက်လာခဲ့ကြ၏။ ထိုအသံသည် ခရမ်းရောင် နက်နဲလောကကြီးရှိ သက်ရှိသတ္တဝါများ၏ ကျောရိုးမများကို စိမ့်တက်သွားစေခဲ့သည်။
ခရမ်းရောင်နက်နဲ လောကကြီးထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများသည် အလျှင်အမြန်ပဲ နောက်သို့ ဆုတ်ခွာလိုက်မိကြ၏။ အစောက စကားပြောဆိုခဲ့သော သူတော်စင်သည် တစ်စက္ကန့်အတွင်းမှာပဲ သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး အားလုံးသောသူတို့ကို တကယ်ပင် ကြောက်လန့်တကြား ဖြစ်စေခဲ့၏။
မည်သူလှုပ်ရှားတိုက်ခိုက်ပြီး မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့သည်ကို သူတို့မသိရှိခဲ့ချေ။ ထို့ပြင် သူတော်စင်ဘုရင် တစ်ယောက်ဖြစ်၏။ နတ်နယ်မြေ သို့မဟုတ် အဓိဂိုဏ်းတစ်ခု၏ စွမ်းအားမြင့်ကျင့်ကြံသူဟု သုံးသပ်၍ရသော လူတစ်ယောက်သည် တစ်ချက်ကလေးမှ မတိုက်ခိုက်လိုက်ရဘဲ သေဆုံးသွားခဲ့သည်။
စိတ်ပျက်မှု၊ အကူအညီမဲ့မှု ထိုကဲ့သို့သော ခံစားချက်များသည် အားလုံးသောသူတို့၏ နှလုံးသားထဲသို့ ဝင်ရောက်လာခဲ့ကြ၏။ ခရမ်းရောင် နက်နဲလောကတွင် ရှိနေသည့် သက်ရှိများသည် ဖိနှိပ်ခြင်းကို ခံနေရပြီး ရုန်းကန်နေခဲ့ကြရ၏။
"မုန်းစရာပဲ မောက်မာလိုက်တာ။ မြေအင်မော်တယ်လောကက လူတွေက အရမ်းမောက်မာရဲတယ်" အသံများသည် ခရမ်းရောင် နက်နဲလောကကြီး၌ ပျံ့နှံ့လျက် ရှိနေသည်။
“နိရယလောက …။”
ရှေးကြယ်စင်စုအပေါ်မှာတော့ အင်ပါယာမိုယွမ်သည် ကြီးမားလှသည့် ပုဆိန်ကြီးကို ကိုင်ဆောင်ထားပြီး သူ၏ အနားရှိ လေထုသည် တဝုန်းဝုန်းနှင့် လှုပ်ခါလျက် ရှိနေ၏။ ၎င်းသည် အောက်ဆီသို့ ငုံ့ကြည့်ပြီးသည့်နောက် အေးစက်စက် ပြောဆိုလိုက်၏။ "အဖွဲ့အစည်းတစ်ခုတည်းနဲ့ ခရမ်းရောင် နက်နဲလောကကြီးကို အညံ့ခံစေချင်တာလား။ ဒါအရမ်းမောက်မာလွန်းနေပြီ။ လူတစ်ယောက် ကျော်လာတာနဲ့ အဲဒီလူကို ကျုပ်သတ်ပစ်မယ်"
“တိုးရဲရင် တိုးကြည့်လိုက်ကြ”
ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာက ဝင်ရောက်ကာ ပြောဆိုလိုက်၏။ သူ၏ အသံသည် တည်ငြိမ်လျက် ရှိနေ၏။ သို့ပေမဲ့ သူ၏နောက်ကွယ်တွင် ရှိနေသည့် ရှေးဆန်လှပြီး ရိုးရှင်းလှသည့် ဓားရှည်ကြီးမှာတော့ အဆက်မပြတ် တုန်ခါလျက် ရှိနေ၏။ တိုက်ခိုက်လိုခြင်း ဆန္ဒများကို အဆင်မပြတ် ထုတ်ဖော်နေခြင်းပင်။
"ဒီအင်အားစု … နိရယလောကက ယုံကြည်ချက် ပြင်းထန်လွန်းတာ မဟုတ်ဘူးဆိုရင် ရူးနေတာပဲ ဖြစ်ရမယ်။ သူတို့က မြေအင်မော်တယ်လောက တခြားလူတွေထက် ထူးခြားချင်နေတာပဲ"
ကျိုင်းတုတ်ကြီးကို ကိုင်ဆောင်ထားသော အင်ပါယာမိုယွမ်သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက် ရှိနေသည်ဆိုတောင်မှ ကြောက်လန့်သည့် အရိပ်အယောင်မျိုးတော့ မရှိချေ။ သူသည် လောကကြီးနှစ်ခုကြား ချိတ်ဆက်ထားသည့် တည်နေရာကို လှမ်းကာကြည့်ရှုနေသည်။ သူ ဘာတွေတွေးနေသည်ကိုတော့ မည်သူမှ သေသေချာချာ မသိချေ။
"ခရမ်းရောင် နက်နဲလောကက မြေအင်မော်တယ်လောကနဲ့ နှိုင်းယှဉ်လို့ မရဘူး ဆိုပေမဲ့ ကျုပ်တို့က လွယ်လွယ်ကူကူနဲ့ အရှုံးပေးမယ့် လူတွေမဟုတ်ဘူး။ လောဘတရားက သေခြင်းဆီကိုပဲ လမ်းညွှန်ပေးနိုင်တယ်"
“ အမှန်ပဲ”
အင်ပါယာမိုယွမ်သည် ခေါင်းညိတ်လိုက်၏။ သူသည် ခရမ်းရောင်နက်နဲလောကထဲတွင်ရှိသည့် သက်ရှိသတ္တဝါ ပေါင်းများစွာကို ကြည့်ရှုရင်း ရှေ့ဆီသို့လှမ်းတက်လိုက်၏။ လက်ထဲတွင်ကိုင်ဆောင်ထားသည့် ကြီးမားလှသည့် တင်းပုတ်ကြီးသည် ရောင်စဉ် အလင်းတန်းများ တောက်ပ၍ တစ်လောကလုံး ကို ထိန်လင်းစေခဲ့၏။
ကြောက်မက်ဖွယ်ကောင်းလှသည့် အင်ပါယာ စိတ်ဆန္ဒသည် ဘုံလောတစ်ခုလုံးကို လွှမ်းခြုံလျက် ရှိနေပြီး ကောင်းကင်ယံထက်တွင် ထီးထီးကြီး တည်ရှိနေသည့် ကြယ်စင်စုများကိုပင် လှုပ်ခါစေသည်။
အင်ပါယာ မိုယွမ်၏ အမူအရာ သည် အေးစက်သွား၏။ သူက တီးတိုး ပြောဆိုလိုက်၏။
“နိရယလောက က ကျုပ်တို့လောကရဲ့ သူတော်စင်ကို သတ်ဖြတ်ပစ်ခဲ့တယ် ဒီရန်ငြိုးကိုပြန်ပြီး ပေးဆပ်ရမယ်”
သူ၏ စကားလုံးသည် ပေါ့ပေါ့ပါးပါးပင် ဖြစ်၏။ သို့ပေမဲ့ လောကကြီးနှစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့ပြီး သတ္တဝါ ပေါင်းများစွာတို့သည် ဤစကားတို့ကို ကြားလိုက်ရသည်။
ခရမ်းရောင်နက်နဲလောကတွင် ရှိသော လူပေါင်းများစွာ၏ မျက်နှာသည် လင်းလက်သွား၏။
သူတို့လောက၏ အင်ပါယာသည် သူတို့ဘက်မှ မားမားမတ်မတ်ရပ်တည်ရန် ရွေးချယ်ခဲ့လေသည်လား။ ကြည့်ရသည်မှာ ထိုသူသည် အင်ပါယာမိုယွမ်ဖြစ်ပုံလည်းပေါ်၏။ အင်ပါယာတစ်ယောက် ထွက်ပေါ်လာခြင်းသည် အလွန်အားကောင်းလှသည့် နောက်ခံတစ်ခု ထွက်ပေါ်လာခြင်းကိုဆိုလို၏။ လူပေါင်းများစွာ တို့၏ စိတ်နှလုံး သည် ပြန်လည်ကာ တက်ကြွ လာခဲ့သည်။
“ဘုန်း”
ထိုအချိန်မှာပင် ကောင်းကင်ယံ၏ အဆုံးသတ် တည်နေရာတွင် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာ၏။
ခရမ်းရောင်နက်နဲလောကရှိ လူများ အားလုံးသည် လန့်ဖြန့်သွားကြသည်။ ဝိညာဉ် တစ်ခုလုံး တုန်ခါသွားစေသည့် အေးစက်မှုများကို ရရှိလာခဲ့၏။ ဘုံကိုးပါးတွင် နောက်ဆုံး၌ ဆရာတစ်ပါး အသက်ရှင်နိုးထလာခြင်း ဖြစ်ပေလိမ့်မည်။
များများစားစားတွေးတောစရာ မလိုပဲ သူတို့နားလည်သွားခဲ့၏။ နိရယလောက၏ အလွန်စွမ်းအားမြင့်လှသော ကျင့်ကြံသူသည် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ခြင်းပင်။
ခန့်မှန်း၍ မရနိုင်သည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်နေပြီ ဖြစ်သော စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက် ပေါ်ပေါက်လာခဲ့ခြင်းကြောင့် အားလုံးသောသူတို့သည် ကြောက်လန့်သွားခဲ့ကြ၏။ ကြည့်ရသလောက် သူတို့ လောကကြီး၏ နောက်ဆုံးနေ၀င်ချိန်ကို ရောက်ရှိလာပြီဟု ပြောရမည်။ ဤအခြေအနေသည် သူတို့ကို တကယ်ပဲ စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့သည်။
“ဘုန်း ဘုန်း ဘုန်း”
နားကွဲလောက်စရာ အသံကြီး ထွက်ပေါ်လာပြီး မှင်ကဲ့သို့ အရောင်ဖြင့် ရထားလုံးတစ်စီးသည် လေဟာနယ်ကို ထိုးခွင်းပြီး ပေါ်ပေါက်လာ၏။
“အင်ပါယာအဆင့်” ခရမ်းရောင် နက်နဲလောကကြီးမှ လူပေါင်းများစွာတို့၏ မျက်စိသူငယ်အိမ်များသည် ကျုံ့၀င်သွားကြသည်။
သူတို့အနေနှင့် ဤရထားလုံးထဲတွင် နှိုင်းယှဉ်၍မရအောင် အားကောင်းသော စွမ်းအားမြင့်ကျင့်ကြံသူ ရှိနေသည် ကို သတိပြုမိလိုက်၏။ တစ်ဖက်လူသည် လူကိုယ်တိုင်ပေါ်ပေါက်လာခြင်း မရှိသော်လည်း ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အားအင်အဆင့်ကို ထုတ်ဖော်ပြသလျက်ရှိနေပြီး ပိုင်လီ သို့မဟုတ် ယုညိုတို့ထက် မည်သို့မှ အားနည်းလိမ့်မည်မဟုတ်ပေ။
“ဒါ ကျိန်းသေပေါက် အင်ပါယာအဆင့် စွမ်းအားမြင့် ကျင့်ကြံသူပဲ “ အင်ပါယာတစ်ယောက်ကခန့်မှန်းလိုက်၏။
ထိုအချိန်မှာအားလုံးက သူတို့၏ ရှေ့တွင် ကျိန်းသေပေါက် ပြဿနာကြီးတစ်ခု ပေါ်ပေါက်လာပြီဖြစ်ကြောင်း သိရှိလိုက်ကြသည်။ အင်ပါယာအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် လောကကို ဖြတ်သန်းကာ ရောက်ရှိလာခဲ့၏။ ခရမ်းရောင်နက်နဲလောကတွင် ထိုလူအား ယှဉ်ပြိုင်တိုက်ခိုက်ရန် အားအင်အပြည့်ရှိနေပြီးသား ဖြစ်သည်။ သို့ပေမဲ့ လက်ရှိအချိန်၌ ပိုင်လီ နှင့် ယုညိုတို့သည် မည်သည့် နေရာတွင် ရှိနေမှန်းပင် မသိပေ။