← Chapters

ချိုးဖျက်တပ်ဖွဲ့ မိစ္ဆာဓားပြများ

Vol. 161 Ch. 2415

ချိုးဖျက်တပ်ဖွဲ့ မိစ္ဆာဓားပြများ

Vol. 161 Ch. 2415

လျန့်ယွီသည် လင်းလောသဘောတူလိုက်သည်ကို တွေ့ရသောအခါ တိတ်တဆိတ်ကျေနပ်သဘောကျသွား၏။

လင်းလောကို သူပထမဆုံးတွေ့မြင်ချိန်က သူက သူမကို သဘောကျနှစ်သက်နေခဲ့၏။

လင်းလောမှာ တာအ်ိုလက်တွဲဖော်တစ်ယောက်ရှိနေသည်ဟု သူကြားသိရသောအခါ အနည်းငယ်စိတ်ပျက်သွားသော်လည်း ဤသေးသွယ်သောမိန်းကလေးက အပျိုစင်တစ်ယောက်ဖြစ်နေသေးသည်ကို သူက ပြောနိုင်၏။

သူက သူတို့နှစ်ယောက်ကို ဂိုဏ်းသို့ ဝင်ရောက်အောင်ဖိတ်ခေါ်နိုင်သည်နှင့်အမျှ သူတို့မှာ အနာဂတ်တွင် ထိတွေ့ဆက်ဆံနိုင်မည့် အခွင့်အရေးများစွာ ရရှိလာပေလိမ့်မည်။ လျန့်ယွီ၏ ထင်မြင်ချက်အရ ကျင့်ကြံမှု၊ သွင်ပြင်ဟန်ပန်၊ ရာထူးအဆင့်အတန်းတို့မှာ သူသည် စာပေသမားတစ်ယောက်လိုနုနယ်ပုံရသော အစိမ်းရောင်ဝတ်ကျင့်ကြံသူထက် များစွာပိုမိုသာလွန်နေ၏။ လျှောက်ရမည့်ခရီးလမ်းက ရှည်လျားစွာရှိနေပြီး သူက ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ ဝင်ရောက်နိုင်ပြီး ဤတစ်ခေါက် အင်မော်တယ်မက်မွန်စားသောက်ပွဲမှာ ကျော်ကြားလာခဲ့မည်ဆိုလျှင် ထိုမိန်းကလေးက သူ့အပေါ်ကို တိမ်းညွှတ်လာပေလိမ့်မည်။

ထိုသို့ပြုလုပ်ခြင်းအတွက် လင်းလောမှာ သူမအကြံအစည်နှင့်သူမရှိနေမည်ကို ဆူဇီမိုက သိထား၏။

သူက သူမကို သတိပေးခြင်းမရှိဘဲ နှုတ်ဆိတ်၍သာနေ၏။

လူတိုင်း၏ မျက်လုံးထဲမှာ ဆူဇီမိုသည် ခံ့ညားသောလျန့်ယွီနှင့်ယှဥ်လျှင် များစွာနိမ့်ကျနေ၏။

လင်းလောက ခဏကြာအောင် ဆက်လက်၍ဟန်ဆောင်စကားပြောပြီးနောက် တောင်းပန်သည့်အနေဖြင့် ပြောလိုက်၏။

“စီနီယာအစ်ကိုလျန့်... ဒီမှာနားနေစရာနေရာတစ်ခုရှိမလားမသိဘူး... ကျွန်မတို့က ခရီးရှည်ကြီးလာခဲ့ရတော့ နဲနဲပင်ပန်းနေပြီ”

“ရှိတာပေါ့ ရှိတာပေါ့”

လျန့်ယွီက အလောတကြီးခေါင်းညိတ်ပြပြီး ဆူဇီမိုနှင့် လင်းလောကို အခန်းတစ်ခန်းစီသို့ ခေါ်ဆောင်သွား၏။

လျန့်ယွီထွက်ခွာသွားပြီးနောက် လင်းလောက သူမ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုလိုက်၏။ အနီးနားဝန်းကျင်မှာ မည်သူမှရှိမနေသည့်အခါ သူမက ဆူဇီမိုကို ပြောလိုက်၏။

“ကျွန်မတို့နှစ်ယောက်က လန့်ဖုန်းမြို့ကိုသွားတဲ့လမ်းမှာ သေချာပေါက်ပြဿနာတွေအများကြီးနဲ့ ကြုံတွေ့ရလိမ့်မယ်... လောလောဆယ်မှာ မဟူရာကြေးမုံဂိုဏ်းကို ဝင်ရောက်လိုက်တာက အဲဒီပြဿနာတွေကို ရှောင်လွှဲနိုင်ပြီး ကျွန်မတို့ရဲ့သရုပ်သကန်တွေကိုလည်း ဖုန်းကွယ်ထားနိုင်တယ်”

“ပြဿနာတွေလား”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီးပြောလိုက်၏။

“အဲဒါ... လျန့်ယွီပြောတဲ့ မိစ္ဆာဓားပြတွေလား”

လင်းလောက ခေါင်းညိတ်ပြလိုက်၏။

“ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ အဖွဲ့အစည်းတွေရဲ့ နေရာခွဲဝေယူပုံက တခြား​အင်မော်တယ်မဟာနယ်မြေတွေနဲ့မတူဘူး... ဒီနေရာမှာ ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေတစ်ခုလုံးကို အုပ်ချုပ်ဖို့အတွက် ကျောက်စိမ်းမိုးကောင်ကင်နန်းတော်ကိုဗဟိုပြုပြီး မြို့တော်ငါးမြို့နဲ့ နန်းမြင့်မျှော်စင် ၁၂ခုက ထောက်ပံ့ပေးထားတယ်”

ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာရှိသော အင်မော်တယ်ဂိုဏ်းလေးဂိုဏ်း၊ အင်မော်တယ်နိုင်ငံသုံးနိုင်ငံနှင့် သူတို့က ယှဥ်နိုင်၏။

သို့သော်လည်း ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ မည်သည့်ကောင်းကင်အဆင့်ဂိုဏ်း သို့မဟုတ် အင်မော်တယ်နိုင်ငံမှမရှိပေ။ ဤနေရာမှာအထွတ်အထိပ်အဖွဲ့အစည်း ကျောက်စိမ်းမိုးကောင်းကင်နန်းတော်သာလျှင်ရှိနေ၏။

လောကတစ်ခုလုံးကို ဘုရင်ကအုပ်စိုးပြီး ကမ္ဘာမြေ၏ အစိတ်အပိုင်းတိုင်းကို သူက ပိုင်ဆိုင်လေသည်။

လင်းလောက ပြောလိုက်၏။

“မြို့တော်ငါးမြို့ဖြစ်တဲ့ လန့်ဖုန်း၊ ရွှမ်ဖူ၊ ထျန်ရုံ၊ ချုံဟွားနဲ့ ကျင့်ကျူးတို့က ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာရှိတဲ့ ပကတိအင်မော်တယ်တွေအားလုံးကို စည်းရုံးနေကြတယ်”

“ပကတိဧကမယနယ်ပယ်တွေကသာ အင်မော်တယ်မြို့တော်ငါးမြို့ကို ဝင်ရောက်ဖို့တောင်းဆိုနိုင်တယ်... ကျင့်ကြံသူတွေက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကိုဝင်ရောက်ပြီး အင်မော်တယ်ဘုရင်တွေဖြစ်လာတာနဲ့ သူတို့က နန်းမြင့်မျှော်စင် ၁၂ခုကိုဝင်ရောက်ဖို့ အဆင့်မီလာလိမ့်မယ်”

ဆူဇီမိုက သူ့ဘာသာသူခေါင်းညိတ်လိုက်၏။

လင်းလောပြောပုံအရ ကျောက်စိမ်းမိုးကောင်းကင်နန်းတော်နှင့် နန်းမြင့်မျှော်စင်၁၂ခုသည် ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ အရင်းအမြစ်များအားလုံးနီးပါးကို ထိန်းချုပ်ထား၏။

တစ်ယောက်ယောက်က ရှေ့ကိုထပ်မံ၍ တက်လှမ်းလိုသည်ဆိုလျှင် သူတို့က ထိုအဖွဲ့များသို့ ဝင်ရောက်ရပေမည်။

ထိုသို့ဖြင့် ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ကမ္ဘာမြေအဆင့် သို့မဟုတ် ကောင်းကင်အဆင့် ဂိုဏ်းအဖွဲ့အစည်းများ ရှိလာလိမ့်မည် မဟုတ်ပေ။

ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာရှိသော ပကတိအင်မော်တယ်များအားလုံးနီးပါးသည် အင်မော်တယ်မြို့တော်ငါးမြို့၏ လက်အောက်မှာ ရှိနေကြ၏။ ကောင်းကင်အင်မော်တယ်များတည်ထောင်ထားသော ဂိုဏ်းတချို့သည် အလွန်ဆုံး မဟူရာကြေးမုံဂိုဏ်းကဲ့သို့ မဟူရာအဆင့်ဂိုဏ်းတစ်ဂိုဏ်းအဖြစ်သာရှိနေပေလိမ့်မည်။

လင်းလောက ဆက်ပြောလိုက်၏။

“တကယ်တော့... အင်မော်တယ်မြို့တော်ငါးမြို့က ကောင်းကင်အင်မော်တယ်အချို့ကို ခေါ်ယူစုဆောင်းဖို့အတွက် အင်မော်တယ်မက်မွန်စားသောက်ပွဲကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချကြလိမ့်မယ်.. ဒါပေမဲ့ အင်မော်တယ်မြို့တော်ငါးမြို့ကို ဝင်ရောက်နိုင်တဲ့ အဲဒီသူတွေအားလုံးနီးပါးကလည်း ထိပ်တန်းကောင်းကင်အင်မော်တယ်တွေပဲ”

“အင်မော်တယ်မြို့တော်ငါးမြို့ကလွဲရင် ပိုင်နက်နယ်မြေအများစုက သူတစ်လူငါတစ်မင်းနဲ့ ပရမ်းပတာဖြစ်နေကြတယ်... အဲဒီမှာဂိုဏ်းတွေနဲ့ ဓားပြအဖွဲ့တွေလည်း အများကြီးရှိလာတယ်.. သူတို့ထဲက အတော်များများက မိစ္ဆာမဟာနယ်မြေကနေလာကြလို့ သူတို့က မိစ္ဆာဓားပြတွေဆိုပြီးကျော်ကြားတယ်”

ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“အင်မော်တယ်မြို့တော်ငါးမြို့က ဘယ်သူကမှ အဲဒါကို အရေးမလုပ်ကြဘူးလား”

လင်းလောပြောပုံအရ အင်မော်တယ်မြို့တော်ငါးမြို့၏ ခွန်အားနှင့်ဆိုလျှင် မည်သည့်အင်မော်တယ်မြို့တော်ကမဆို ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာရှိသော မိစ္ဆာဓားပြများအားလုံးကို ဖယ်ရှားရှင်းလင်းပစ်နိုင်၏။

လင်းလောက ခေါင်းခါပြလိုက်၏။

“ဒီနှစ်တွေထဲမှာ အင်မော်တယ်မြို့တော်ငါးမြို့က တစ်ယောက်ယောက်က ရှေ့ကိုထွက်လာခဲ့တာမရှိဘူးလို့ ကျွန်မကြားဖူးတယ်.. အဲဒါကို ကျောက်စိမ်းမိုးကောင်းကင် နန်းတော်က ပညာရှင်တွေက တမင်သက်သက်လွှတ်ပေးထားတာလို့ ကျွန်မအစ်ကိုပြောတာ ကြားဖူးတယ်.. ဒီလိုမျိုး အဆက်မပြတ်တိုက်ပွဲတွေကပဲ အစစ်အမှန်ပြိုင်စံရှားတွေကို ပြုစုပျိုးထောင်ပေးနိုင်မယ်လို့ သူတို့က မှတ်ယူထားတဲ့ပုံပဲ”

ဆူဇီမိုက အလေးအနက်စဥ်းစားတွေးတောလိုက်၏။

လင်းလောက ဆက်ပြောလိုက်၏။

“ဒီအင်မော်တယ်မက်မွန်စားသောက်ပွဲကလည်း ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ရှားရှားပါးပါး စုဝေးပွဲတစ်ခုပဲ... အဲဒီအချိန်ကျရင် နေရာတစ်ဝန်းက ကျင့်ကြံသူတွေက ဒီနေရာကို စုဝေးရောက်ရှိလာပြီး အဲဒီမှာ ကြီးမားတဲ့လေလံစျေးကွက်တွေ အများကြီးပေါ်ထွက်လာလိမ့်မယ်”

“ဒီအချိန်အတောအတွင်းမှာ မိစ္ဆာဓားပြတွေက အင်မော်တယ်မြို့တော်ငါးမြို့ကို သွားရောက်ကြမယ့် ကျင့်ကြံသူတွေကို တားဆီးဖို့အတွက် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပေါ်ထွက်လာလိမ့်မယ်... သူတို့က အောင်မြင်တာနဲ့ သူတို့တွေက ရတနာတွေနဲ့ အရင်းအမြစ်တွေကို ရရှိလိမ့်မယ်”

သူတို့နှစ်ယောက်က ခဏကြာစကားပြောဆိုပြီးနောက် ကျင့်ကြံဖို့နှင့် အားဖြည့်ဖို့အတွက် လူချင်းခွဲလိုက်ကြ၏။

လင်းလောပြောခဲ့သလိုပင် မဟူရာကြေးမုံဂိုဏ်းသည် လမ်းတစ်လျှောက်မှာ မိစ္ဆာဓားပြတချို့နှင့် တကယ်ပင် ကြုံတွေ့ခဲ့ရ၏။ သို့သော်လည်း သူတိုကို လျန့်ယွီနှင့် တခြားသူများက ဖြေရှင်းပေးခဲ့၏။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဆူဇီမိုသည် သူ၏ အခန်းထဲမှာ တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး ရတနာသူတော်စင်ကျောက်စိမ်းကျမ်းမှာရှိသော ကျင့်ကြံရေးနည်းစနစ်များကို နားလည်ဆင်ခြင်နေ၏။

အချိန်ကတိုတောင်းပြီး သူ၏ ပါရမီအရည်အချင်းနှင့်ပင် သူ့အနေဖြင့် အဲဒါကို အောင်မြင်စွာကျင့်ကြံဖို့ကမဖြစ်နိုင်ပေ။

ထိုသို့ဆိုလျှင်တောင် ဆူဇီမိုသည် ဤကျင့်ကြံရေးနည်းစနစ်မှ လေးနက်သိမ်မွေ့သောအဓိပ္ပာယ်များစွာကို နားလည်ဆင်ခြင်မိလာပြီး သူတော်စင်သုံးပါးကျောက်စိမ်းကျမ်း၏ စွမ်းအားကို တဖြည်းဖြည်း နားလည်သဘောပေါက်လာ၏။

သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို တဗူးဂမ္ဘီရကျင့်စဥ်တစ်ခုအဖြစ် သတ်မှတ်ထားသည့်အကြောင်းအရင်းမှာ ကျောက်စိမ်းကျမ်းတစ်ခုချင်းစီတွင် လောကတစ်ခုစီပါဝင်နေသောကြောင့်သာ မဟုတ်ပေ။

ရတနာသူတော်စင်ကျောက်စိမ်းကျမ်းသည် ခန္ဓာမီးဆေးနည်းစနစ်တစ်ခုမျှသာ မဟုတ်ပေ။

သူက ရတနာသူတော်စင်ကျောက်စိမ်းကျမ်း၏ ကျင့်ကြံရေးနည်းစနစ်ကို အောင်မြင်စွာကျင့်ကြံနိုင်မည်ဆိုလျှင် ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားက သေချာပေါက် ဆပွားများစွာတိုးလာပေလိမ့်မည်။

ဆူဇီမိုသည် လန့်ဖုန်းမြို့တော်သို့ရောက်ရှိပြီးနောက် ပို့ဆောင်ရေးဝင်္ကပါသို့ ဦးတည်ကာ ဤရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်၍ကျင့်ကြံရန် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ပြန်သွားဖို့ ပြင်ထား၏။

၅ရက်ကြာပြီးနောက်...။

ရုတ်တရက် ဧရာမစစ်သင်္ဘောက ဆတ်ခနဲတုန်ခါ၍ ယိမ်းထိုးသွားပြးနောက် တဖြည်းဖြည်းရပ်တန့်သွား၏။

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏ လက်နှစ်ဖက်ဖြင့် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို ဆုပ်ကိုင်ကာ ဆက်လက်ကျင့်ကြံဖို့အတွက် ကောင်းကင်နှင့်မြေကြီးအမြုတေချီကို စုပ်ယူနေဆဲဖြစ်၏။

လင်းလောကလည်းဘေးမှာ ကျင့်ကြံနေပြီး ထသွားဖို့စိတ်ကူးမရှိပေ။

တူညီသောအခြေအနေများက ဤရက်များမှာ မကြာခဏဖြစ်ပွားခဲ့၏။

မိစ္ဆာဓားပြများက လမ်းခရီးမှာ အနှောက်အယှက်ပေးနေခြင်းဖြစ်၏။

မဟူရာကြေးမုံဂိုဏ်း၏ ကျင့်ကြံသူများက အပြင်ဘက်မှာခုခံပေးရင်း သူတို့သည် မည်သည့်အမှားအယွင်းမှမရှိဘဲ ဖြတ်ကျော်လာနိုင်ခဲ့၏။

သိပ်မကြာခင် လျန့်ယွီက ရုတ်တရက် ပျက်ယွင်းနေသောအမူအရာဖြင့် ရောက်ရှိလာပြီး တီးတိုးပြောဆိုလိုက်၏။

“တာအိုရောင်းရင်းတို့.. ဒီတစ်ခေါက်အပြင်ဘက်မှာရှိတဲ့ မိစ္ဆာဓားပြတွေက အတော်လေးရန်လိုနေကြတယ်... သတိထားကြဦး”

ခဏမျှရပ်တန့်ပြီးနောက် သူက လင်းလောကိုကြည့်ကာ ပြောလိုက်၏။

“တာအိုရောင်းရင်းဆူ... ခဏနေရင် မင်းငါ့နောက်ကလိုက်ခဲ့... အခြေအနေမကောင်းတော့ဘူးဆိုရင် ငါမင်းကိုခေါ်ထုတ်သွားပေးမယ်”

“အဲလောက်တောင်မှလား”

လင်းလောက မျက်မှောင်ကြုတ်လိုက်၏။

ဆူဇီမိုကလည်း မတ်တတ်ထရပ်ပြီး သူ၏ အဝတ်ကို ​သေသပ်အောင်ပြင်ဆင်လိုက်၏။

“အပြင်ထွက်ပြီး တစ်ချက်လောက် သွားကြည့်ရတာပေါ့”

သူတို့သုံးယောက်က အခန်းထဲကနေထွက်ပြီး ယာဥ်ဦးစွန်းကို လျှောက်လှမ်းလာကြ၏။

ရှေ့တည့်တည့်မှာ လေထဲတွင် လွင့်မျောနေသော ဧရာမစစ်သင်္ဘောဆယ်စင်းကျော်ရှိနေ၏။ သူတို့က မဟူရာကြေးမုံဂိုဏ်း၏ စစ်သင်္ဘောကို စက်ဝိုင်းခြမ်းပုံသဏ္ဌာန် ဝိုင်းပတ်ထားကြ၏။

စစ်သင်္ဘောများပေါ်မှာ ‘ချိုးဖျက်တပ်ဖွဲ့’ ဟု ကြီးမားစွာစာလုံးရေးထိုးထားသောအလံများကို လွှင့်ထူထားကြ၏။

စစ်သင်္ဘောများပေါ်မှာ ပုံရိပ်များစွာက ပြည့်ညှပ်စွာဖြင့် မတ်တတ်ရပ်နေကြ၏။ တစ်ချက်ကြည့်ရုံ​ဖြင့် သူတို့က အရေအတွက်သောင်းချီရှိနေ၏။

သူတို့အားလုံးက မိစ္ဆာဆန်ပြီး ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ မဟူရာကြေးမုံဂိုဏ်းမှလူများကို ကြည့်နေကြ၏။

ကျင့်ကြံသူ သို့မဟုတ် စစ်သင်္ဘောများမှာ သူတို့၏ အရေအတွက်က မဟူရာကြေးမုံဂိုဏ်းထက် အပြတ်အသတ်သာလွန်နေ၏။

ဘုန်း ဘုန်း ဘုန်း...

စစ်သင်္ဘောများ၏ ဦးစွန်းမှာ ကောင်းကင်အင်မော်တယ်တစ်ရာက ပူးပေါင်းပြီး နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထုတ်ဖော်ကာ မဟူရာကြေးမုံဂိုဏ်း စစ်သင်္ဘော၏ အကာအရံအလွှာကို အဆက်မပြတ်တိုက်ခိုက်နေ၏။

အကာအရံအလွှာပေါ်ရှိအလင်းက တဖျပ်ဖျပ်ဖြစ်၍ တဖြည်းဖြည်း မှေးမှိန်လာ၏။ အဲဒါက ကျိုးပေါက်သွားဖို့ အချိန်တစ်ခုသာလိုတော့၏။

စစ်သင်္ဘောက ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိတော့သည့်အလား အနည်းငယ်ယိမ်းထိုးလာ၏။

လျန့်ယွီက ယာဥ်ဦးစွန်းမှာ မတ်တတ်ရပ်ပြီး ချိုးဖျက်တပ်ဖွဲ့မိစ္ဆာဓားပြများကို မျက်နှာချင်းဆိုင်ကာ ကျယ်လောင်စွာအော်ပြောလိုက်၏။

“တာအိုရောင်းရင်းတို့... ခင်ဗျားတို့ အမြုတေစိတ်ဝိညာဥ်ကျောက်တုံး ဘယ်လောက်များများကိုလိုချင်လဲ... ခင်ဗျားတို့ လိုချင်တဲ့မရေအတွက်ကို ပြောလိုက်ပါလား... ခင်ဗျားတို့ ဘာလို့ဒီလောက်ထိ ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်နေရတာလဲ”

“ဟားဟားဟား...”

ဦးဆောင်နေသောစစ်သင်္ဘောပေါ်ကနေ ကျယ်လောင်သောရယ်သံက ထွက်ပေါ်လာ၏။

ထို့နောက်ချက်ချင်းပင် အနက်ရောင်ဝတ်ရုံကိုခြုံထားသည့် ဗလတောင့်တောင့်အမျိုးသားတစ်ယောက်က လျှောက်လှမ်းထွက်လာ၏။ သူ့မှာ မုတ်ဆိတ်များရှိပြီး သူ၏ အကြည့်က ကြမ်းကြုတ်ခက်ထန်နေ၏။ သူက လျန့်ယွီကို သွားဖြီးပြလိုက်၏။

“ငါက... မဟူရာကြေးမုံဂိုဏ်းက အကုန်လုံးကို လိုချင်တယ်... မင်းတို့အသက်တွေ အပါအဝင်ပေါ့”

“မင်းတို့တွေက ငါတို့ချိုးဖျက်တပ်ဖွဲ့နဲ့မှ လာတိုးတာကတော့ တကယ့်ကိုကံဆိုးတာပဲ... နောက်ဘဝကျရင် ကံကောင်းကြပါစေကွာ”

“ဟားဟားဟားဟား”

မိစ္ဆာဓားပြများစွာက ဟားတိုက်ရယ်မောလိုက်ကြ၏။

All Chapters