နှစ်ယောက်တစ်ယောက်
Vol. 161 Ch. 2402
ဆူဇီမို၏ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိသွားပြီး အပြာရောင်ဝတ်ကောင်လေးက ကြောက်လန့်မသွားပေ။ တကယ်ဆို သူက အဲဒါသည် ရယ်စရာကောင်းသည်ဟုပင် ခံစားနေရ၏။
သူက အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်ပြီး ယင်ထျန်နှင့် လန်ချန်ချန်တို့နှင့် တူညီသောကျင့်ကြံမှုနယ်ပယ်မှာရှိလေသည်။ သူ၏ တိုက်ခိုက်ရည်ခွန်အားသည် သူတို့နှစ်ယောက်ထက် ပိုမိုနိမ့်ကျသော်လည်း အဆင့်-၄ ကောင်းကင်အင်မော်တယ်တစ်ယောက်က သူ့ကိုခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
“သိပ်လည်းဒေါသထွက်မနေပါနဲ့”
အပြာရောင်ဝတ်ကောင်လေးက လှောင်ရယ်လိုက်၏။
“မင်းက ဒီတစ်ခေါက်ကံကောင်းသွားတယ် နောက်တစ်ခေါက်ဆိုရင် ငါ့ရဲ့တိုက်ခိုက်မှုကလွဲချော်မှာ မဟုတ်တော့ဘူး”
“မပူပါနဲ့... ငရဲမှာ မင်းတစ်ယောက်တည်းနေရာမှာ မဟုတ်ဘူး... ဟဲတန်နဲ့ ချီယွီက အဲဒီမှာ မင်းကိုစောင့်နေကြပြီ”
အပြာရောင်ဝတ်ကောင်လေးက သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ ပေါ်ထွက်လာသည့်ခဏမှာပင် ဟဲတန်နှင့်ချီယွီက သေသွားရှာလောက်ပြီဆိုတာ ဆူဇီမိုက ခန့်မှန်းမိခဲ့ပြီးသားဖြစ်သည်။
ဆူဇီမိုက တဖြည်းဖြည်းပျောက်ကွယ်သွားသော အပြာရောင်ဝတ်ကောင်လေးကို ကြည့်ပြီး အစီအစဥ်တစ်ခုကို လျင်မြန်စွာချလိုက်၏။
ယင်ထျန်နှင့် လန်ချန်ချန်၏ တိုက်ခိုက်မှုများက ကြမ်းကြုတ်ခက်ထန်နေ၏။ ဆူဇီမိုနှင့် လင်းလောက ပူးပေါင်းတိုက်ခိုက်နေရပြီး နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာကို ထုတ်ဖော်ထားသော်လည်း သူတို့က သိပ်ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ပေ။
သူသည် အပြာရောင်ဝတ်ကောင်လေးကို တတ်နိုင်သမျှမြန်မြန်သတ်ဖြတ်ရပေမည်။
ရွှစ်...
ဖျတ်ခနဲဆို ဆူဇီမိုက နေရာကနေ ပျောက်ကွယ်သွား၏။
သူပြန်လည်ပေါ်ထွက်လာသည့်အခါ သူသည် အပြာရောင်ဝတ်ကောင်လေး၏ နောက်ဘက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ပြီး ဓားကွက်တစ်ခုကို ဆင့်ခေါ်ကာ ထိုသူ၏ ဦးခေါင်းနောက်ဘက်ကို ပစ်ထိုးလိုက်၏။
“ဟမ်...”
အပြာရောင်ဝတ်ကောင်လေး၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။ သူ၏ နောက်ဘက်မှ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိသွားပြီး သူ၏ တုံ့ပြန်မှုကလည်း အရမ်းကိုမြန်ဆန်လေသည်။ သူက သူ၏ တည်နေရာခုန်ကူးခြင်းနည်းစနစ်ကို ထုတ်ဖော်ပြီး နေရာကနေပျောက်ကွယ်သွား၏။
“ဟဲဟဲ.. မင်းက နှေးသေးတယ်”
အပြာရောင်ဝတ်ကောင်လေးက ရယ်မောလိုက်၏။
ရုတ်တရက်ဆိုသလို..။
သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား အပြာရောင်ဝတ်ကောင်လေးသည် သူ၏ လှုပ်ရှားမှုနည်းစနစ်လျှို့ဝှက်အတတ်ကို အလောတကြီးထုတ်ဖော်ပြီး ဘေးဘက်သို့ ရွှေ့ပြောင်းလိုက်၏။
စောစောက သူရပ်နေခဲ့သောနေရာမှာ ဆူဇီမိုက နောက်တစ်ဖန်ပေါ်ထွက်လာပြီး သူ၏ လက်ကိုဝေ့ယမ်းကာ ခုတ်ပိုင်းချလိုက်၏။
သူသာ တုံ့ပြန်မှုအနည်းငယ်နှေးကွေးသွားမည်ဆိုလျှင် သူသည် ဆူဇီမို၏ ခုတ်ချက်ဖြင့် နှစ်ပိုင်းလှီးဖြတ်ခံရပေလိမ့်မည်။
“အဲဒါက တည်နေရာခုန်ကူးခြင်း မဟုတ်ဘူးလား”
အပြာရောင်ဝတ်ကောင်လေးက မျက်မှောင်ကြုတ်လိုက်သည်။
ထိုအတွေး သူ့စိတ်ထဲသို့ဝင်ရောက်လာသည့်ခဏမှာပင် အပြာရောင်ဝတ်ကောင်လေး၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ်လှုပ်သွားပြီး ဆူဇီမိုက နောက်တစ်ဖန်ပျောက်ကွယ်သွား၏။
သူက စဥ်းစားနေဖို့အချိန်မရဘဲ အလောတကြီးရှောင်တိမ်းလိုက်၏။
ထင်မှတ်ထားသည့်အတိုင်းပင် သူ့ထံမှမလှမ်းမကမ်းမှာ ဆူဇီမိုက ပြန်လည်ပေါ်ထွက်လာ၏။
ရွှစ်.. ရွှစ်.. ရွှစ်...
ဆူဇီမို၏ ပုံရိပ်က ဆက်တိုက်ပျောက်ကွယ်၍ ပြန်လည်ပေါ်ထွက်လာ၏။
တစ်ကြိမ်ပေါ်ထွက်လာတိုင်း အဲဒါသည် အပြာရောင်ဝတ်ကောင်လေးအတွက် သေချာပေါက်ကြီးမားသောခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေပေလိမ့်မည်။
အပြာရောင်ဝတ်ကောင်လေးသည် အန္တရာယ်ကို ထပ်တလဲလဲရှောင်တိမ်းနိုင်ခဲ့သည့် အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ သူ၏ ကျင့်ကြံမှုနယ်ပယ်က တကယ်ပင်အားမနည်းသောကြောင့်ဖြစ်၏။
တစ်ချိန်တည်းမှာပင် သူသည် လုပ်ကြံသတ်ဖြတ်ခြင်းတာအိုကို ကျင့်ကြံထားပြီး အန္တရာယ်အပေါ် သူ၏ အာရုံခံစိတ်က ပိုမိုထက်ရှသောကြောင့်ဖြစ်၏။
ထိုသို့ဆိုလျှင်တောင် သူရှောင်တိမ်းနိုင်သောနေရာလွတ်က ကျဥ်းမြောင်းလာခဲ့၏။
ဆူဇီမို၏ ပုံရိပ်က ၇ကြိမ်မြောက် ပျောက်ကွယ်သွားပြီး ပြန်လည်ပေါ်ထွက်လာသည့်အချိန်မှာ အပြာရောင်ဝတ်ကောင်လေးအတွက် ရှောင်ပုန်းစရာနေရာ မရှိတော့ပေ။
အဲဒါသည် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်၏ စွမ်းပကားဖြစ်သည်။
အဆင့်-၄ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာ ဆူဇီမိုသည် ဤလျှို့ဝှက်အတတ်ကို ၇ကြိမ်ဆက်တိုက်ထုတ်ဖော်နိုင်ပြီး အဲဒါက အပြာရောင်ဝတ်ကောင်လေးအပေါ် ကြီးမားသော ခြိမ်းခြောက်မှုနှင့် ဖိအားကိုဖြစ်ပေါ်လာစေ၏။
သူက မရှောင်နိုင်တော့ဘူးဆိုတာကို တွေ့မြင်လိုက်ရသောအခါ အပြာရောင်ဝတ်ကောင်လေး၏ အကြည့်က မကောင်းဆိုးဝါးဆန်လာပြီး သူက ဆူဇီမို၏ နှာရောင်ကို လက်ပြန်ခုတ်ပိုင်းချလိုက်၏။
ဆူဇီမိုက ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာဖြင့် ရစ်သိုင်းထားသော သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်၏။ သူက လက်လှမ်းသွားပြီး ဓားကို ဖမ်းဆွဲလိုက်၏။
ဂျစ်... ဂျစ်....
ဓားက ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာနှင့် ပွတ်တိုက်သွားပြီး မီးပွားများက စင်ထွက်လာ၏။ အဲဒါက အလွန်တရာ စူးရှသောအသံဖြစ်နေ၏။
အပြာရောင်ဝတ်ကောင်လေးသည် သူ၏ သွေးချီကိုလှည့်ပတ်ပြီး သူ၏ ခွန်အားကုန်ကို ထုတ်လွှတ်လိုက်၏။
သို့သော်လည်း ဓားသည် ဆူဇီမို၏ လက်ဖဝါးထဲကနေ ရုန်းထွက်မလာနိုင်ပေ။
နောက်ဆုံးမှာတော့ အပြာရောင်ဝတ်ကောင်လေး၏ မျက်လုံးထဲတွင် ထိတ်လန့်တကြားအကြည့်တစ်ခုက ပေါ်ထွက်လာ၏။
သူသည် လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ဖုံးကွယ်ခြင်းနည်းစနစ်များမှာ အထူးကျွမ်းကျင်ပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရခြင်းမှာ တိုက်ခိုက်ရည်ခွန်အားများစွာကို မထုတ်ဖော်နိုင်ပေ။
သို့သော်ယခု သူသည် ဆူဇီမို၏ အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ဖြင့် ဖိနှိမ်ခံလိုက်ရပြီး သူ့မှာပုန်းကွယ်စရာနေရာမရှိတော့ဘဲ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေရ၏။
သူတို့တိုက်ခိုက်ဖလှယ်သည့်ခဏမှာပင် ဆူဇီမိုက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ အပြာရောင်ဝတ်ကောင်လေးက နားလည်သဘောပေါက်သွား၏။ သူက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းမှာ အနိုင်ရဖို့အခွင့်အရေး မရှိသလောက်နီးပါးပင်။
အပြာရောင်ဝတ်ကောင်လေးသည် အကဲဖြတ်မှုတစ်ခုကို ချက်ချင်းပင်ပြုလုပ်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို တွေဝေတုံ့တိုင်းခြင်းမရှိဘဲ စုဖွဲ့လိုက်၏။ မည်သည့်စကားမှမဆိုဘဲ သူက သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်၏။
သူ၏ ထင်မြင်ချက်အရ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်က ဆူဇီမိုကို မသတ်ဖြတ်နိုင်ဘူးဆိုလျှင်တောင် သူ့ကို ဒဏ်ရာအပြင်းအထန်ရရှိသွားစေပေလိမ့်မည်။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က ထိခိုက်ဒဏ်ရာရရှိသွားသည်နှင့် ထိုသူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း ကြီးမားစွာသက်ရောက်ခံရပြီး သူက အောင်မြင်စွာထွက်ပြေးလွတ်မြောက်နိုင်မည်ဖြစ်၏။
ထိုအချိန်ကျလျှင် သူက လှုပ်ရှားမှုမပြုလုပ်လျှင်တောင် ယင်ထျန်နှင့် လန်ချန်ချန်သည် ဆူဇီမိုကို သတ်ဖြတ်နိုင်ပေလိမ့်မည်။
အပြာရောင်ဝတ်ကောင်လေး၏ အကြံက တကယ်ပင် မဆိုးပေ။ သို့သော်လည်း သူသည် ဆူဇီမိုအကြောင်းများစွာသိရှိမထားဘဲ သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်ခြင်း၏ နောက်ပိုင်းအကျိုးဆက်ကို နားလည်သဘောပေါက်ခဲ့ခြင်းမရှိပေ။
ဆူဇီမိုသည် အပြာရောင်ဝတ်ကောင်လေးက သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ် ထုတ်ဖော်လိုက်သည်ကို အာရုံခံမိသောအခါ သူက တွေဝေတုံ့ဆိုင်မနေဘဲ သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ် ဘက်ပြန်ကြေးခွံကို ထုတ်ဖော်လိုက်၏။
သူ၏ အမြုတေစိတ်ဝိညာဥ်နယ်ပယ်က အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အထွတ်အထိပ်သို့ အစကတည်းက ရောက်ရှိနေခဲ့ပြီဖြစ်၏။
အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားကို ထုတ်ဖော်ပြီးနောက် သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားက အဆင့်-၇ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ဘက်ပြန်ကြေးခွံကနေ ထွက်ပေါ်လာသောစွမ်းအားသည့် အပြာရောင်ဝတ်ကောင်လေးအပေါ် ဖွတ်ဖွတ်ညက်ညက်ကြေစေလုနီးပါးပင်။
အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်နှစ်ခုက ထိတွေ့ရိုက်ခတ်သွားသည့်ခဏမှာပင် အပြာရောင်ဝတ်ကောင်လေး၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။ သူသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား တဆတ်ဆတ်တုန်ယင်၍ သူ၏ မျက်လုံးများက ချက်ချင်းပင် မှေးမှိန်သွား၏။
“ဖွီ”
အပြာရောင်ဝတ်ကောင်လေးက သွေးတစ်လုတ်ကို ထွေးထုတ်လိုက်၏။
နဂါးတစ်ကောင်၏ ဘက်ပြန်ကြေးခွံကို ထိမိသူ မည်သူမဆို သေရပေလိမ့်မည်။
အပြာရောင်ဝတ်ကောင်လေးသည် နေရာမှာပင်သေဆုံးမသွားသော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်ပေါ်မှာ အက်ကွဲကြောင်းများပေါ်ထွက်လာပြီး အဲဒါက အချိန်မရွေးလဲပြိုကျသွားနိုင်၏။
ဆူဇီမိုက သူ့ကို မည်သည့်အခွင့်အရေးမှ ဆက်လက်၍ မပေးတော့ပေ။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး အပြာရောင်ဝတ်ကောင်လေး၏ နှာရောင်ကို သူ၏ ဓားချီဖြင့် ပစ်ထုတ်လိုက်၏။
ဖောက်...
ဓားချီတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး သူ၏ ဦးခေါင်းကို ချက်ချင်းပင်ထိုးဖောက်သွား၏။ သူ၏ အမြုတေစိတ်ဝိညာဥ်က ပျက်စီးကာ သူက သေဆုံးသွားသည်။
ဆူဇီမိုသည် အပြာရောင်ဝတ်ကောင်လေး၏ သိုလှောင်အိတ်ကို ဖြုတ်ယူလာခဲ့၏။
တစ်ချိန်တည်းမှာပင် ယင်ထျန်နှင့် လန်ချန်ချန်သည် နတ်နဂါး၉ကောင် စိတ်ဝိညာဥ်လိပ်ဒိုင်းကာနှင့် နတ်ဖီးနစ်တို့၏ အဟန့်အတားကို ဖြတ်ကျော်လာခဲ့ပြီဖြစ်ကာ နောက်တစ်ဖန်ရောက်ရှိလာကြသည်။
လင်းလောသည် ရှုံးနိမ့်စွာဖြင့် နောက်သို့ဆုတ်လာရပြီး သူက ဆူဇီမို၏ ဘေးနားသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
“ဆူဇီမို... ဗောဓိစေ့ကို ထုတ်ပေးစမ်း”
ယင်ထျန်က ပြိုင်ဘက်ကင်းနတ်ဘုရားစွမ်းအားတစ်ခုနှင့်အတူ အော်ပြောလိုက်၏။
တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆူဇီမိုက သူ့လက်ထဲမှာရှိသောဓားချီကို ပျက်ပြယ်စေခြင်းမရှိဘဲ ရှေ့သို့ခုတ်ပိုင်းချလိုက်၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီက ထွက်ပေါ်လာခဲ့၏။
ထောင်နှင့်ချီသော ကောင်းကင်သတ်ဖြတ်ခြင်းဓားချီများက ပစ်လွင့်ထွက်ပေါ်လာပြီး တလိပ်လိပ်ထိုးတက်လာ၏။ အဲဒါသည် ကျယ်ပြော၍ ဖြူဖွေးနေပြီး သတ်ဖြတ်လိုစိတ်ဖြင့်ပြည့်နှက်ကာ ယင်ထျန်ကို ဝါးမျိုပစ်ချင်နေသည့်အလားပင်။
တစ်ချိန်တည်းမှာပင် ဆူဇီမိုက သူ၏ အခြားလက်တစ်ဖက်ဖြင့် နောက်ထပ်ဓားကွက်တစ်ခုကို ထုတ်ဖော်ပြီး လန်ချန်ချန်ရှိရာသို့ ခုတ်ပိုင်းချလိုက်၏။
ဆူဇီမိုသည် သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုနှင့်အတူ နှစ်ယောက်တစ်ယောက်တိုက်ခိုက်လိုက်၏။
မိုးကောင်းကင်ထက်မှာ မရေမတွက်နိုင်သောကြယ်များက ကသောင်းကနင်းပုံစံဖြင့် ပေါ်ထွက်လာပြီး စတင်၍လဲပြိုကျဆင်းလာ၏။
မြေပြင်က လှုပ်ခါသွားပြီး အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်ကာ ချစ်ချစ်တောက် ပူလောင်သော ချော်ရည်များက လျှံထွက်လာသည်။
ဧရာမ မိုးပျံမြွေနဂါးတစ်ကောင်က မြေကြီးထဲကနေ ရုန်းထွက်လာခဲ့၏။
မိုးကောင်းကင်ထက်မှာ အဆုံးမဲ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် နတ်နဂါးတစ်ကောင်ကို စုဖွဲ့သွားစေပြီး လန်ချန်ချန်ထံသို့ ပြေးဝင်သွား၏။
ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်များကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်သည့်အခါ မြေပြင်ကလှုပ်ခါ၍ ရာသီဥတုက ပြောင်းလဲသွား၏။
“ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်လား”
“ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်ပဲ”
ယင်ထျန်နှင့် လန်ချန်ချန်သည် ဧကရာဇ်မျိုးဆက်ကနေဆင်းသက်လာပြီး သူတို့က အတွေ့အကြုံရှိ၍ ဗဟုသုတကြွယ်ဝလေသည်။
သူတို့သည် ဓားပညာရပ်နှစ်ခု၏ မူလဇာစ်မြစ်ကို ချက်ချင်းပင်မှတ်မိသိရှိသွားပြီး အံ့အားတသင့်ရေရွတ်လိုက်ကြ၏။
ထိုဓားညာရပ်နှစ်ခုကသာ လောကမှာ ဤကဲ့သို့သောကြီးမားသည့် ရုတ်ရုတ်သဲသဲအခြေအနေတစ်ရပ်ကို ဖြစ်စေပေလိမ့်မည်။
ယင်ထျန်နှင့် လန်ချန်ချန်သည် ပေါ့ပေါ့ဆဆမပြုရဲဘဲ သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထုတ်ဖော်ကာ ဓားပညာရပ်နှစ်ခုကို ခုခံလိုက်ကြသည်။
ချက်ချင်းပင် ဓားချီက ခန်းမထဲမှာ ယှက်ဖြာသွားပြီး အမြုတေချီက တလိပ်လိပ်ထိုးတက်၍ နတ်ဘုရားစွမ်းအားများက ပျံ့နှံ့သွား၏။
ရွှေငှက်မွေးနှင့် နီဟန်သည် ကြောင်အ,မှင်တက်၍ တုန်လှုပ်နေကြ၏။
ကျင့်ကြံမှုနယ်ပယ် အမြင့်မားဆုံးဖြစ်သော မင်းသားယင်ထျန်နှင့် မင်းသမီးလန်ချန်ချန်သည် အဆင့်-၄ ကောင်းကင်အင်မော်တယ်တစ်ယောက်နှင့် အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုမှာ တားဆီးခြင်းခံရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။
ပုံမှန်အားဖြင့် ထိုမင်းသားနှင့် မင်းသမီးသည် သူတို့၏ အဆင့်ထက်ကျော်လွန်၍ သူတို့၏ ပြိုင်ဘက်များကို တိုက်ခိုက်သတ်ဖြတ်နိုင်ကြသည်။ သူတို့က ဤကဲ့သို့သော အခြေအနေတစ်ရပ်နှင့် ဘယ်လိုလုပ် တွေ့ကြုံခဲ့ဖူးပါ့မလဲ။
လင်းလော၏ မိဘများသည် မည်သို့ပင်ဆိုစေ ကောင်းကင်ဘုံကမ္ဘာမှာ ပညာရှင်များဖြစ်ကြလေသည်။ သူမအနေဖြင့် ဤကဲ့သို့သောနည်းလမ်းများကို ပိုင်ဆိုင်ထားသည်မှာ နားလည်လက်ခံ၍ရလေသည်။
သို့သော်လည်း ဟိုအဆင့်-၄ ကောင်းကင်အင်မော်တယ်ကရော...။ သူ့ရဲ့နောက်ခံက ဘာဖြစ်မလဲ။
ကောင်းကင်နှင့် မြေကြီးတက္ကသိုလ်မှ အဆင့်-၄ ကောင်းကင်အင်မော်တယ်တစ်ယောက်က အဆင့်-၇ ကောင်းကင်အင်မော်တယ်များဖြစ်သော ဧကရာဇ်မျိုးဆက်မှ မင်းသားနှင့် မင်းသမီးကို တကယ်ပင် ညီတူမျှတူ တိုက်ခိုက်နိုင်နေတာလား။