← Chapters

ဆည်းဆာဗုံသံ

Vol. 161 Ch. 2403

ဆည်းဆာဗုံသံ

Vol. 161 Ch. 2403

ဘုန်း.. ဘုန်း ဘုန်း...

သူတို့လေးယောက်ကြား အနိုင်ရလဒ်ကို မဆုံးဖြတ်ရသေးခင်မှာပင် နောက်ထပ်ခန်းမ၏ တံခါးက မလှမ်းမကမ်းမှာ ပွင့်သွား၏။

ဆူဇီမိုသည် ဗောဓိစေ့ကို ရထားခဲ့ပြီဖြစ်ပြီး အပြာရောင်ဝတ်ကောင်လေးကို သတ်ဖြတ်ကာ သူ၏ သိုလှောင်အိတ်ကိုလည်း ရယူထား၏။ သူသည် ကြီးမားစွာအကျိုးအမြတ်ရရှိထားပြီး သူ့အနေဖြင့် ဤနေရာမှာ ယင်ထျန်နှင့် လန်ချန်ချန်တို့နှင့်အတူ ဆက်လက်၍ငြိတွယ်တိုက်ခိုက်နေစရာ မလိုအပ်ပေ။

“အရင်ဆုံး ဒီကနေ သွားကြရအောင်”

ဆူဇီမိုက လင်းလော၏ စိတ်ဝိညာဥ်အသိစိတ်ထံ အသံတစ်ခုကို ပို့လွှတ်ပြီး မလှမ်းမကမ်းမှာရှိသောခန်းမကို ကြည့်လိုက်၏။

အတိတ်ကာလတုန်းက အင်မော်တယ်ဧကရာဇ်သည် သူတော်စင်ရတနာနန်းတော်မှာ ဤအရာများထက် ပို၍များပြားသောအရာများကို ချန်ထားခဲ့သည်မှာ သိသာလေသည်။ အနည်းဆုံးတော့ ယခုအချိန်ထိ ပြီးခဲ့သောခန်းမများထဲမှာ ရတနာသူတော်စင်ကျောက်စိမ်းကျမ်း၏ မည်သည့်သဲလွန်စမှ မရှိပေ။

လင်းလောက လျင်မြန်စွာ တုံ့ပြန်လိုက်၏။

ဆူဇီမိုသည် မည်သည့်အရာကိုမှ ရှင်းမပြခဲ့သော်လည်း သူမက ချက်ချင်းပင် တုံ့ပြန်ပြီး တိုက်ခိုက်ခြင်းမရှိဘဲ မလှမ်းမကမ်းမှာရှိသောခန်းမရှိရာသို့ ပြေးထွက်သွား၏။

ဗောဓိစေ့အပြင် ဤခန်းမထဲမှာ အခြားသောရတနာရှစ်ခု ရှိနေသေး၏။

ရတနာရှစ်ခုသည် ဗောဓိစေ့ကို မယှဥ်နိုင်သော်လည်း သူတို့က ရှားရှားပါးပါး ရတနာများဖြစ်နေသေးဆဲပင်။

သို့သော်လည်း ဆူဇီမိုနှင့် လင်းလောမှာ ပို၍ပင်ကြီးမားသောရည်မှန်းချက်များရှိနေ၏။ သူတို့သည် ထိုရတနာရှစ်ခုကို စွန့်လွှတ်ပြီး နောက်ထပ်ခန်းမဆီသို့ ဦးတည်သွား၏။

နောက်ထပ်ခန်းမမှာ အင်မော်တယ်ဧကရာဇ် ချန်ထားရစ်ခဲ့သော ဆန်းကြယ်ရတနာများရှိနေပေဦးမည်။

ယင်ထျန်နှင့် လန်ချန်ချန်က ခဏမျှမှင်တက်သွားကြ၏။

ခန်းမထဲမှာ လွင့်မျောနေသော အလင်းလုံးရှစ်လုံးကိုကြည့်ပြီး ခဏမျှတွေဝေတုံ့ဆိုင်းသွားကြ၏။

သူတို့၏ တိုက်ခိုက်ရည်ခွန်အားအရ သူတို့က ထိုရတနာရှစ်ခုကို ရယူချင်သည်ဆိုလျှင် မည်သူကမှ သူတို့ကို တားဆီးရဲလိမ့်မည် မဟုတ်ပေ။

ရွှေငှက်မွေးနှင့် နီဟန်က သူတို့ကို လုံးဝမယှဥ်နိုင်ပေ။

သို့သော်လည်း ရတနာရှစ်ခုက ခန်းမထဲမှာပြန့်ကျဲနေပြီး ထိုအရာများကို သိမ်းဆည်းရယူဖို့အတွက် အချိန်တချို့သေချာပေါက်ပေးရပေလိမ့်မည်။

ဆူဇီမိုနှင့် လင်းလောက လက်ဦးမှုရယူဖို့ နောက်ထပ်ခန်းမဆီသို့ ပြေးဝင်သွားပြီဖြစ်၏။

သူတို့က ရတနာရှစ်ခု နှင့် အချိန်ဖြုန်းနေမည်ဆိုလျှင် ဆူဇီမိုနှင့် လင်းလောသည် နောက်ခန်းမမှာရှိသောရတနာများကို ရရှိသွားဖို့ အခွင့်များလေသည်။

နောက်ဆုံး ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက နောက်ခန်းမထဲရှိရတနာများထဲမှာ ပါဝင်နေမည်ဆိုလျှင် သူတို့က ကြီးမားစွာ ထိခိုက်နစ်နာဆုံးရှုံးရပေလိမ့်မည်။

ထိုသို့အတွေးဖြင့် ယင်ထျန်က ခန်းမထဲမှာရှိသော ရတနာရှစ်ခုကို လျစ်လျူရှုပြီး ဆူဇီမိုနှင့်လင်းလောနောက်သို့ ပြေးလိုက်သွား၏။

လန်ချန်ချန်သည် အရှုံးအမြတ်ကိုတွက်ဆကာ ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သည်။ သူမကလည်း ရှေ့သို့တက်လှမ်းသွားပြီး ယင်ထျန်နောက်သို့ ထပ်ကြပ်မခွာလိုက်ပါသွား၏။

ထိုသို့ဖြင့် နီဟန်နှင့် ရွှေငှက်မွေးက အကျိုးအမြတ်ရရှိလိုက်၏။

သူတို့နှစ်ယောက်သည် အကြည့်လျင်းဖလှယ်ပြီး ချက်ချင်းပင် လှုပ်ရှားကာ ခန်းမထဲမှာရှိသောရတနာများထံ ပြေးဝင်သွားကြ၏။

. . . . . .

နောက်ထပ်ခန်းမမှာ..

ခန်းမက အလွန်ကျယ်ဝန်းပြီး တစ်ချက်ကြည့်ရုံဖြင့် အကုန်လုံးကို ကောင်းကောင်းတွေ့မြင်နိုင်၏။ ခန်းမ၏ အလယ်မှာ ခရမ်းရောင်အလင်းတောက်တောက်ဖြင့် အဆောင်တစ်ခုက လွင့်မျောနေ၏။

ယခင်ခန်းမနှင့်မတူဘဲ ဤအဆောင်ကလွဲလျှင် ဤနေရာမှာ အခြားမည်သည့်ရတနာမှ ရှိမနေပေ။

လက်တစ်ဖဝါးအရွယ်သာရှိသောအဆောင်ကို တွေ့မြင်ရချိန်မှာ ဆူဇီမိုနှင့် လင်းလော၏ အမြုတေစိတ်ဝိညာဥ်များက မလှန်နိုင်သောဖိအားတစ်ရပ်ကို ခံစားလိုက်ရသည်။

အင်မော်တယ်ဧကရာဇ်အနေဖြင့် ဤခန်းမထဲမှာ ဤအဆောင်ကို တစ်ခုတည်းသက်သက်ထားထားခြင်းသည် အဲဒါကဘယ်လောက် အဖိုးတန်သလဲ သိသာနေ၏။

မထင်မှတ်ထားစွာပင် ဤအဆောင်သည် အနည်းဆုံး ဘုရင်အဆင့်မှာရှိပြီး အဲဒါက ဧကရာဇ်အဆင့်ပင်ဖြစ်ချင်ဖြစ်နေနိုင်သည်။

“အန္တိမစင်ကြယ်ခရမ်းရောင်တိမ်စိုင်အဆောင်ပဲ”

ထိုစဥ်မှာပင် ယင်ထျန်၏ အသံက သူတို့၏ နောက်ဘက်ကနေ ထွက်ပေါ်လာ၏။

ယင်ထျန်နှင့် လန်ချန်ချန်က ရောက်ရှိလာခဲ့ပြီဖြစ်သည်။

“လက်စသတ်တော့... အဲဒါက အဲဒီအဆောင်ပဲ... အဲဒါက အမြုတေစိတ်ဝိညာဥ်အပေါ် ဒီလိုမျိုးသက်ရောက်မှုရှိနေတာ မထူးဆန်းတော့ဘူး”

လင်းလောကလည်း ညင်သာစွာ တီးတိုးရေရွတ်လိုက်၏။

ထို့နောက် ဆူဇီမို၏ နားမလည်သောအမူအရာကို တွေ့မြင်သောအခါ သူမကရှင်းပြလိုက်၏။

“အရင်တုန်းက ဒီအင်မော်တယ်ဧကရာဇ်က အဆောင်မဟာသခင်တစ်ဦး​ဖြစ်ခဲ့တယ်... သူက အန္တိမစင်ကြယ်ကျောက်စိမ်းကျင့်စဥ်ရဲ့ ဓမ္မတာအိုကို အဆောင်တစ်ခုထဲမှာ ထည့်သွင်းစုဖွဲ့ခဲ့တယ်... အဲဒါက အမြုတေစိတ်ဝိညာဥ်ကို အထူးတလည်ပစ်မှတ်ထားတဲ့ သတ်ဖြတ်ခြင်းအဆောင်တစ်ခုပဲ”

“အတိတ်ကာလတုန်းက ဒီအန္တိမစင်ကြယ်ခရမ်းရောင်တိမ်စိုင်အဆောင်ကြောင့် သေဆုံးခဲ့ရတဲ့ဘုရင်တွေ မရေမတွက်နိုင်ဘူး... ဧကရာဇ်တွေရဲ့ အမြုတေစိတ်ဝိညာဥ်ကတောင်မှ အဲဒါကိုခံနိုင်ရည်မရှိဘဲ ဒဏ်ရာအပြင်းအထန်ရသွားခဲ့တယ်လို့ ငါကြားဖူးတယ်”

ဆူဇီမိုက တိတ်တဆိတ်ထိတ်လန့်သွား၏။

အဲဒါသည် အင်မော်တယ်ဘုရင်များကို သတ်ဖြတ်နိုင်ပြီး ဧကရာဇ်များကိုပင် ဒဏ်ရာအပြင်းအထန် ရရှိစေသော သတ်ဖြတ်ခြင်းလက်နက်တစ်ခုဖြစ်နေ၏။

တကယ်တော့... လူတစ်ယောက်၏ ကျင့်ကြံမှုက သတ်မှတ်ထားသောနယ်ပယ်တစ်ခုကို ရောက်ရှိနေမှသာ သူတို့သည် ဤအဆင့်မှာရှိသော အင်မော်တယ်အဆောင်တစ်ခုကို အသက်သွင်းထုတ်ဖော်နိုင်မည်ဖြစ်၏။

လက်ရှိလူတိုင်းက ဤအင်မော်တယ်အဆောင်ကို ရရှိမည်ဆိုလျှင် သူတို့သည် အဲဒါကို အတင်းအကျပ်ထုတ်ဖော်မည်ဆိုလျှင်တောင် သူတို့က အဲဒါကိုအသက်သွင်းနိုင်လိမ့်မည် မဟုတ်ပေ။

သူတို့က သူတို့၏ ရန်သူများကို မသတ်ဖြတ်နိုင်ခင်မှာပင် သူတို့၏ အမြုတေစိတ်ဝိညာဥ်က အဲဒါကိုခံနိုင်ရည်မရှိဘဲ နေရာမှာပင်လဲပြိုကျသွားပေလိမ့်မည်။

ထိုသို့ဆိုလျှင်တောင် အန္တိမစင်ကြယ်ခရမ်းရောင်တိမ်စိုင်အဆောင်က အဖိုးမဖြတ်နိုင်သောရတနာတစ်ခုဖြစ်နေဆဲပင်။

တစ်ချိန်တည်းနီးပါးမှာပင် ဆူဇီမို၊ လင်းလော၊ ယင်ထျန်နှင့် လန်ချန်ချန်တို့က ခန်းမ၏ အလယ်ဗဟိုသို့ ပြေးဝင်သွားကြ၏။

လူတိုင်းသည် ခန်းမ၏ အလယ်ဗဟိုနှင့် ပေတစ်ထောင်ပင်မကွာဝေးကြဘဲ သူတို့က တစ်ခဏချင်းမှာပင် ထိုနေရာသို့ ရောက်ရှိနိုင်ကြ၏။

ဒုံ...

လူတိုင်းက ရှေ့သို့ဝေးဝေးမရောက်နိုင်ခင်မှာပင် ဗုံသံတစ်သံက ထွက်ပေါ်လာ၏။

ဗုံသံက အလွန်တရာရုတ်တရက်ဆန်စွာ ထွက်ပေါ်လာပြီး ခန်းမထဲမှာ ပဲ့တင်ထပ်သွား၏။ အသံကမပြီးဆုံးနိုင်ဘဲ အဆက်မပြတ် ပဲ့တင်ထပ်နေ၏။

သူတို့လေးယောက်သည် တစ်ချိန်တည်းနီးပါးမှာပင် သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။

သူတို့သည် သူတို့၏ ခန္ဓာကိုယ်ထဲရှိ အပြောင်းအလဲများကို ဂရုတစိုက်အာရုံခံကြည့်ရင်း သူတို့၏ အမူအရာများက သုန်မှုန်သွား၏။

“ငါ့ရဲ့ဘဝသက်တမ်းက နှစ်တစ်သောင်းလျော့ကျသွားတာလား”

ဆူဇီမိုက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

ဗုံသံက သူ၏ ဆေဘာတစ်လက်ကဲ့သို့အချိန်နှင့် ဆင်တူနေ၏။

သို့သော်လည်း ထွက်ပေါ်လာသောစွမ်းအားသည် သိပ်ပြီးသိသာထင်ရှားမှုမရှိဘဲ သူသည်းခံနိုင်သည့် အတိုင်းအတာအတွင်းမှာ ရှိနေသေးပုံရ၏။

ဆူဇီမိုက တစ်ချက်ဝေ့ကြည့်လိုက်ပြီး သူတို့၏ အမူအရာများကနေတစ်ဆင့် သူတို့၏ ဘဝသက်တမ်းများကလည်း ဗုံသံ၏ ရိုက်ခတ်မှုကြောင့် လျော့ကျသွားလောက်သည်ကို သူကသိရှိလိုက်၏။

“အဲဒါက ဆည်းဆာဗုံသံဖြစ်ရမယ်”

လင်းလောက တီးတိုးရေရွတ်လိုက်၏။

ဆူဇီမိုက မေးလိုက်လေသည်။

“အဲဒါဘာလဲ”

လင်းလောက ရှင်းပြလိုက်၏။

“ဒီအင်မော်တယ်ဧကရာဇ်ရဲ့တာအိုဘွဲ့က အရုဏ်ဆည်းဆာပဲ... ဘာလို့လဲဆိုတော့ သူကဧကရာဇ်လက်နက်နှစ်ခုဖြစ်တဲ့ အရုဏ်ဦးခေါင်းလောင်းနဲ့ ဆည်းဆာဗုံကို ပိုင်ဆိုင်ထားလို့ပဲ”

“အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက အချိန်တာအိုမှာ အရမ်းကိုနက်ရှိုင်းတဲ့ အောင်မြင်ပေါက်မြောက်မှုတွေကို ရရှိခဲ့တယ်... နောက်ပြီး သူက ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်ခဲ့တုန်းက သူ့ရဲ့အချိန်တာအိုကို သူ့ရဲ့အသံပိုင်းလျှို့ဝှက်အတတ်ထဲ ထည့်သွင်းပေါင်းစည်းပြီး အန္တိမနတ်ဘုရားစွမ်းအား ခေါင်းလောင်းဗုံလိုက်ဖက်ညီခြင်းကို ဖန်တီးခဲ့တယ် “

ခေါင်းလောင်းသံက အချိန်စီးဆင်းမှုကို ပြောင်းပြန်လှန်ပေးနိုင်ပြီး ဗုံသံကတော့ အချိန်စီးဆင်းမှုကို ပျက်စီးဆုံးရှုံးစေနိုင်တယ်... ငါတို့ရဲ့ဘဝသက်တမ်းတွေက စောစောကဗုံသံကြောင့် လျော့ကျသွားတာ... အဲဒါက ဆည်းဆာဗုံရဲ့ဓမ္မတာအိုကြောင့်ဖြစ်လောက်တယ်”

ရုတ်တရက် ဆူဇီမိုက နားလည်သဘောပေါက်လာသည်။

ထိုသို့ဆိုလျှင် ဆည်းဆာဗုံသံသည် သူ၏ အချိန်နတ်ဘုရားစွမ်းအားများနှင့် တကယ်ပင်ဆင်တူနေ၏။

သို့သော်လည်း ဆည်းဆာဗုံသံ၏ စွမ်းအားက တဒင်္ဂအခိုက်အတန့်ကိုမပြောနှင့် ဆေဘာတစ်လက်ကဲ့သို့အချိန်ကိုပင် ယှဥ်နိုင်သည့်ပုံမရှိပေ။

ထိုအခိုက်အတန့်မှာ ဗုံသံက ပျောက်ကွယ်သွားသော်လည်း စောစောက လျော့ကျသွားသော လူတိုင်း၏ ဘဝသက်တမ်းက တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားခဲ့၏။

“လက်စသတ်တော့... ဒီနေရာရဲ့စမ်းသပ်ချက်က ဆည်းဆာဗုံသံဖြစ်နေတာလား”

ယင်ထျန်က ယုံကြည်မှုရှိစွာလှောင်ပြုံးပြုံးပြီး ဝင့်ကြွားစွာ ထုတ်ဖော်ကြေညာလိုက်၏။

“ဆည်းဆာဗုံသံကို ငါဘယ်လိုချေဖျက်မလဲ စောင့်ကြည့်နေလိုက်”

သူ့စကားမဆုံးသေးခင်မှာပင် ယင်ထျန်က ခန်းမ၏ အလယ်ဗဟိုသို့ နောက်တစ်ဖန်ပြေးတက်သွား၏။

ယင်ထျန်သည် ရှေ့သို့တက်လှမ်းရင်း သူ၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်၏။

တစ်ခဏချင်းမှာပင် သူက ပေတစ်ရာကို ဖြတ်ကျော်လာခဲ့သည်။

ဒုံ...

ဒုတိယမြောက်ဗုံသံက ထွက်ပေါ်လာ၏။

ယင်ထျန်က သူ၏ ခြေလှမ်းကိုရပ်တန့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

ယင်ထျန်ကလွဲလျှင် ဆူဇီမိုနှင့် အခြားနှစ်ယောက်က ထိုဗုံသံကို မကြားရပေ။

သို့သော်လည်း ဆူဇီမိုနှင့် အခြားနှစ်ယောက်က ​ရှေ့သို့ဆက်လက်တက်လှမ်းလိုက်သောအခါ သူတို့သည် တစ်ချိန်တည်းမှာပင် ဒုတိယမြောက်ဗုံသံကို ကြားလိုက်ရ၏။

ဤအချိန်အတောအတွင်း ဆူဇီမို၊ လင်းလောနှင့် လန်ချန်ချန်တို့သည် ဗုံသံ၏ စွမ်းအားကို ခုခံရန် သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထုတ်ဖော်ခဲ့ကြ၏။

တကယ်ဆို ဆူဇီမိုသည် တဒင်္ဂအခိုက်အတန့်ကိုပင် တိတ်တဆိတ်ထုတ်ဖော်ခဲ့၏။ သို့သော်လည်း ဒုတိယမြောက်ဗုံသံကို ကြားရသည့်အချိန်မှာ သူ၏ ဘဝသက်တမ်းက နောက်တစ်ဖန်လျော့ကျသွား၏။

ဤတစ်ခေါက်မှာ အဲဒါသည် နှစ်နှစ်သောင်းလျော့ကျသွား၏။ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ ဘဝသက်တမ်းက နှစ်သုံးသိန်းကျော်ဖြစ်ပြီး နှစ်တစ်သောင်း သို့မဟုတ် နှစ်နှစ်သောင်းလျော့ကျခြင်းက ဆူဇီမိုနှင့် အခြားသူများအတွက် ခြိမ်းခြောက်မှုများစွာ မဖြစ်စေပေ။

သို့သော်လည်း ဆည်းဆာဗုံသံသည် သူတို့လေးယောက်၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်ကို လျစ်လျူရှုနိုင်ပြီး သူတို့၏ ဘဝသက်တမ်းကို လျော့ကျစေ၏။ အဲဒါက တကယ့်ကို ထူးဆန်းနေ၏။

“အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာ... ခင်ဗျားက ဒီလောက်နဲ့ ကျုပ်ကို နောက်ဆုတ်စေချင်တယ်ဆိုရင် ခင်ဗျားစိတ်ပျက်သွားရလိမ့်မယ်”

ရုတ်တရက် ယင်ထျန်က သူရဲကောင်းဆန်ဆန်အမူအရာဖြင့် ရယ်မောလိုက်၏။

“ဘဝသက်တမ်းဒီလောက်ကို ဆုံးရှုံးရမယ်ဆိုလည်းရတယ်လေ... ကျုပ်အဲဒါကို တတ်နိုင်သေးတယ်”

ထိုသို့ပြောရင်း သူက နောက်တစ်ဖန်လှုပ်ရှားပြီး ရှေ့သို့ပြေးတက်သွား၏။

ဒုံ...

တတိယမြောက်ဗုံသံက ထွက်ပေါ်လာ၏။

ယင်ထျန်က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ ခြေလှမ်းကို နောက်တစ်ဖန်ရပ်တန့်လိုက်၏။

စောစောက သူ၏ မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်သွားပြီး သူ၏ အကြည့်က တဖျပ်ဖျပ်ဖြစ်လာခဲ့၏။ သူ၏ အမူအရာက အလွန်တရာသုန်မှုန်လာခဲ့လေပြီ။

All Chapters