← Chapters

အချိန်ကာလ၏ ရက်စက်ကြမ်းကြုတ်မှု

Vol. 161 Ch. 2404

အချိန်ကာလ၏ ရက်စက်ကြမ်းကြုတ်မှု

Vol. 161 Ch. 2404

ဆူဇီမိုနှင့် အခြားနှစ်ယောက်သည် ရှေ့သို့ ဆက်လက်တက်လှမ်းလိုက်ကြ၏။

ဒုံ....

သူတို့သုံးယောက်သည် တတိယမြောက်ဗုံသံကို ကြားရသည့်အခါ သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြ၏။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ သူ့ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုများကို အာရုံခံကြည့်နေ၏။

တတိယမြောက်ဗုံသံကထွက်ပေါ်လာပြီး သူ၏ ဘဝသက်တမ်းက နောက်တဖန်လျော့သွား၏။ သို့သော်လည်း ဤတစ်ခေါက်မှာ အဲဒါက နှစ်သုံးသောင်းဖြစ်လေသည်။

အစကတော့... လူတိုင်းသည် ခန်းမ၏ အလယ်ဗဟိုနှင့် ပေတစ်ထောင်ခန့်ကွာဝေးနေခဲ့ကြ၏။

သို့သော်ယခု... သူတို့လေးယောက်သည် ဗုံသံသုံးသံကို ကြားခဲ့ရသည့်အချိန်မှာ ပေသုံးရာသာ တက်လှမ်းရသေးလေသည်။

ဗုံသံတစ်သံချင်းစီက လူတစ်ယောက်၏ ဘဝသက်တမ်းကို လျှော့ချပေလိမ့်မည်။

နှစ်တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း...။

အဲဒါသည် သက်ရောက်မှုများစွာမရှိဟု ထင်ရသော်လည်း ထိုပုံစံအရ လူတိုင်းသည် ပေ ၇၀၀ကို ဖြတ်ကျော်မိသည့်အချိန်မှာ သူတို့၏ ဘဝသက်တမ်းများက နှစ်သုံးသိန်းနီးပါးထိ ရောက်ရှိသွားပေလိမ့်မည်။

တစ်နည်းအားဖြင့်ဆိုလျှင် လူတိုင်း၏ ဘဝသက်တမ်းများက ကုန်ခန်းသွားမည်ဆိုလျှင်တောင် သူတို့သည် အန္တိမစင်ကြယ်ခရမ်းရောင်တိမ်စိုင်အဆောင်ကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

သူတို့လေးယောက်သည် နေရာမှာပင် မတ်တတ်ရပ်ပြီး မဆင်မခြင်ရှေ့သို့ ဆက်လက်မတက်လှမ်းကြတော့ပေ။

ယခုအချိန်မှာ သူတို့လေးယောက်သည် ဘဝသက်တမ်းနှစ် ၆၀၀၀၀ စီကို ဆုံးရှုံးခဲ့ရပြီးပြီဖြစ်၏။

သူတို့က ရှေ့သို့ဆက်တက်မည်ဆိုလျှင် လေးကြိမ်မြောက်ဗုံသံသည် သူတို့၏ ဘဝသက်တမ်း နှစ် ၄၀၀၀၀ကို ထပ်မံလျော့ကျစေပေလိမ့်မည်။ အဲဒါသည် စုစုပေါင်း နှစ်တစ်သိန်းဖြစ်လာပေလိမ့်မည်။

အဲဒါသည် မည်သူမဆို လက်ခံနိုင်ဖို့ခက်ခဲသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်၏။

အန္တိမစင်ကြယ်ခရမ်းရောင်တိမ်စိုင်အဆောင်က အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုဖြစ်သော်လည်း သူတို့ပေးဆပ်ရမည့်တန်ဖိုးက အရမ်းကို ကြီးမားလွန်းနေ၏။

ပို၍အရေးကြီးသည်မှာ သူတို့က သူတို့၏ ဘဝသက်တမ်းများအားလုံးကို ဆုံးရှုံးရမည်ဆိုလျှင်တောင် သူတို့ထဲမည်သူကမှ ဤအဆောင်ကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

ဤကဲ့သို့သောအခြေအနေနှင့် ရင်ဆိုင်ရချိန်မှာ မည်သူမဆို အကျိုးအပြစ်ကို သေသေချာချာချိန်ဆရပေလိမ့်မည်။

ထိုစဥ်မှာပင် နီဟန်နှင့် ရွှေငှက်မွေးကလည်း ရောက်ရှိလာကြ၏။ ဆူဇီမိုတို့လေးယောက်အုပ်စုက နေရာမှာပင် မလှုပ်မယှက် ရပ်နေသည်ကို သူတို့တွေ့မြင်သောအခါ သူတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုနှင့် တွေဝေရှုပ်ထွေးမှုအကြည့်တစ်ခုက ပေါ်ထွက်လာ၏။

ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် သူတို့နှစ်ယောက်ကလည်း ရှေ့သို့ သတိထား၍တက်လှမ်းလာကြ၏။

ခန်းမထဲမှာ တခြားမည်သည့်အန္တရာယ်မှမရှိဘဲ သူတို့နှစ်ယောက်သည် သိပ်မကြာခင်ပေသုံးရာကို ဖြတ်ကျော်လာခဲ့ကြ၏။ စောစောကနှင့်ဆင်တူစွာပင် သူတို့သည် ဗုံသံသုံးသံကို ကြားလိုက်ရပြီး သူတို့၏ ဘဝသက်တမ်းများက နှစ် ၆၀၀၀၀ လျော့ကျသွားခဲ့ကြ၏။

“လက်စသတ်တော့... အဲဒါက အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာရဲ့ စမ်းသပ်ချက်ပဲ”

ရွှေငှက်မွေးက ဖြစ်ပျက်နေသည့်အရာကို နားလည်သဘောပေါက်သွားပြီး တီးတိုးရေရွတ်လိုက်၏။ ရုတ်တရက် နီဟန်က သရော်တော်တော်အမူအရာတစ်ခုဖြင့် အေးအေးလူလူပြောလိုက်၏။

“ခင်ဗျားတို့တွေက ဘာလို့ရှေ့ကိုဆက်ပြီး မတက်ကြတာလဲ”

“မင်းတက်ချင်တယ်ဆိုရင်တက်လေ ဘယ်သူကမှ မင်းကိုမတားဘူး”

ယင်ထျန်က အေးစက်စွာပြောလိုက်၏။

“ကောင်းပြီလေ... အားလုံးက သဘောတူတယ်ဆိုမှတော့... ကျုပ်က အားနာမနေတော့ဘူး”

နီဟန်က လက်နှစ်ဖက်ကိုယှက်ပြီး ရှေ့သို့ ဖျတ်ခနဲတက်လှမ်းလိုက်၏။ တစ်ခဏချင်းမှာပင် သူက နောက်ထပ်ပေ ၁၀၀ ကို ဖြတ်ကျော်သွားသည်။

ဒုံ....

သူသည် လေးကြိမ်မြောက်ဗုံသံကို ကြားလိုက်ရ၏။

သူ၏ ဘဝသက်တမ်းက နှစ် ၄၀၀၀၀ ထပ်မံလျော့ကျသွား၏။

သူသည် အစက နှစ် ၈၀၀၀၀ အရွယ်မှာရှိပြီး သူ့ကို ကောင်းကင်အင်မော်တယ် လူငယ်များထဲမှ တစ်ယောက်ဟုဆိုနိုင်သည်။

သို့သော်ယခု... သူသည် ဘဝသက်တမ်းနှစ်တစ်သိန်းတိတိကို ဆုံးရှုံးခဲ့ရပြီး သူ၏ အသက်က နှစ်တစ်သိန်းရှစ်သောင်းဖြစ်လာခဲ့၏။

နီဟန်က တည်ငြိမ်နေသောအမူအရာဖြင့် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။

ဤတစ်ခေါက် သူ၏ ရွေးချယ်မှုသည် တကယ်ပင်ကြီးမားသည့်အလောင်းအစားတစ်ခုဖြစ်၏။

အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာသည် ဤကဲ့သို့သော စမ်းသပ်ချက်တစ်ခုကို ချန်ထားခဲ့သည်ဆိုမှတော့ ဤအခြေအနေကနေ ရုန်းထွက်နိုင်မည့် နည်းလမ်းတစ်ခု သေချာပေါက်ရှိလိမ့်မည်ဟု သူက မှတ်ယူလိုက်၏။ သူက သူတို့ကို ဤကဲ့သို့ပင် သေခိုင်းစရာအကြောင်းမရှိပေ။

မဟုတ်ပါက ဤစမ်းသပ်ချက်သည် အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။

အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာသည် လူတိုင်း၏ ဇွဲသတ္တိကို စမ်းသပ်နေခြင်းဖြစ်ဖို့များသည်ဟု နီဟန်က ခန့်မှန်းလိုက်၏။ သူက စမ်းသပ်ချက်ကိုဖြတ်ကျော်ပြီး အန္တိမစင်ကြယ် ခရမ်းရောင်တိမ်စိုင်အဆောင်ကိုရရှိနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ဇွဲသတ္တိနှင့် အလျှော့မပေးလိုသော စိတ်ဝိညာဥ်ကနေသာ ဖြစ်ရပေမည်။

ထိုသို့အတွေးဖြင့် နီဟန်က ပြတ်သားလာပြီး ရှေ့သို့ တက်လှမ်းကာ နောက်ထပ် ပေ ၁၀၀ ကို ဖြတ်ကျော်လိုက်၏။

သူသည် ခန်းမ၏ အလယ်ဗဟိုနှင့် ပေငါးရာသာ ကွာဝေးတော့၏။

တစ်ချိန်တည်းမှာပင် ငါးကြိမ်းမြောက်ဗုံသံက ထွက်ပေါ်လာခဲ့၏။

သူ၏ ဘဝသက်တမ်း နောက်ထပ်နှစ်ငါးသောင်း ဆုံးရှုံးလိုက်ရသည်ကို နီဟန်က ရှင်းရှင်းလင်းလင်း အာရုံခံမိလိုက်၏။

ယခု သူက အသက် နှစ် ၂၃၀၀၀၀ ဖြစ်လာခဲ့လေပြီ။

သူသည် ကောင်းကင်အင်မော်တယ်များ၏ ဘဝသက်တမ်း နှစ် ၃၀၀၀၀၀ အကန့်အသတ်ကိုရောက်ဖို့ နှစ် ၇၀၀၀၀ သာ လိုတော့၏။

နီဟန်၏ အမူအရာက သုန်မှုန်သွားပြီး စစချင်း သူ၏ ပြတ်သားမှုကလည်း စတင်ယိမ်းယိုင်လာခဲ့၏။

‘ငါမှားသွားပြီလား’

နီဟန်က တွေဝေတုံ့ဆိုင်းနေပြီး အတန်ကြာသည့်အထိ ရှေ့မတိုးရဲ နောက်မဆုတ်နိုင်ဖြစ်နေ၏။

သူက ရှေ့ဆက်တက်လှမ်းမည်ဆိုလျှင် သူသည် ခြောက်ကြိမ်မြောက်ဗုံသံကိုကြားရသည့်အခါ သူ၏ ဘဝသက်တမ်း နောက်ထပ်နှစ်ခြောက်သောင်းကို ဆုံးရှုံးရပေလိမ့်မည်။

ထိုအချိန်ကျလျှင် သူသည် အသက်နှစ် ၂၉၀၀၀၀ ဖြစ်လာပြီး သူ့ဘဝ၏ နေဝင်ချိန်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထိုအခါ နောက်ပြန်လှည့်ဖို့ နောက်ကျလွန်းသွားပေမည်။

သို့သော်လည်း သူက လာရာလမ်းအတိုင်းပြန်လှည့်မည်ဆိုလျှင် သူဆုံးရှုံးခဲ့ရသော ဘဝသက်တမ်းများကိုလည်း ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ပေ။

တစ်နည်းအားဖြင့်ဆိုလျှင် သူ၏ ဘဝသက်တမ်း နှစ်တစ်သိန်းငါးသောင်းကို ဤကဲ့သို့ပင် ဆုံးရပေလိမ့်မည်။

နီဟန်က မကျေမချမ်းဖြစ်နေ၏။

“ဟီးဟီး... မင်းက ဘာလို့ရှေ့ဆက်မတက်တော့တာလဲ”

ထိုစဥ်မှာပင် ယင်ထျန်က ရယ်မောလိုက်၏။

“မင်းကြောက်တယ်ဆိုရင်လည်း အမြီးကုပ်ပြီး နောက်ပြန်ဆုတ်လာခဲ့... မင်းကိုယ်မင်း ဘာလို့ဖိအားပေးနေမှာလဲ”

လင်းလောက ထိုစကားကိုကြားသောအခါ သူမ၏ ခေါင်းကို ခါယမ်းလိုက်၏။

ယင်ထျန်၏ စကားလုံးများသည် နီဟန်၏ ထွက်လမ်းကို လုံးဝပိတ်ဆို့လိုက်ခြင်းနှင့်တူလေသည်။

ထင်မှတ်ထားသည့်အတိုင်းပင် ယင်ထျန်၏ လှောင်ပြောင်ထေ့ငေါ့လိုက်သောစကားကို ကြားလိုက်ရသည့်အခါ နီဟန်၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။

မကျေမချမ်းအမူအရာတစ်ခုနှင်အတူ သူက အေးစက်စွာနှစ်တစ်ချက်မှုတ်ပြီး ရှေ့သို့တက်လှမ်းလိုက်၏။

ဒုံ...

ခြောက်ကြိမ်မြောက်ဗုံသံက ထွက်ပေါ်လာခဲ့၏။

လင်းလောနှင့် အခြားသူများ၏ ရှေ့မှောက်မှာပင် နီဟန်တွင် တုန်လှုပ်စရာကောင်းသော ပြောင်းလဲမှုတစ်ခုဖြစ်ပွားလာသည်။

တိုတောင်းလှသော ထိုအကွာအဝေးမှာ နီဟန်သည် လူငယ်တစ်ယောက်ကနေ ဆံဖြူအဖိုးအိုတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ကို လူတိုင်းက တွေ့မြင်လိုက်ရ၏။

အချိန်၏ ရိုက်ခတ်မှုက အလွန်တရာရက်စက်ကြမ်းတမ်းလွန်း၏။

ယင်ထျန်၊ လန်ချန်ချန်နှင့် အခြားသူများက စိတ်သက်သာရာရသွားကြ၏။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် မဆင်မခြင်တက်လှမ်းခဲ့ခြင်းမရှိပေ။ ထိုသို့မဟုတ်ပါက သူတို့သည်လည်းပဲ နီဟန်ကဲ့သို့ တူညီသောပုံစံဖြင့် အဆုံးသတ်ရပေလိမ့်မည်။

နီဟန်သည် နေရာမှာပင် မတ်တတ်ရပ်နေပြီး ဖားလျားကျဆင်းနေသော သူ၏ ဆံပင်ဖြူများကို ကြည့်နေ၏။ သူ၏ ခေါင်းကိုငုံ့ပြီး သူ၏ အိုမင်း၍ပိန်လှီနေသော လက်များကို ငေးငိုင်စွာစိုက်ကြည့်နေ၏။ ထိုအကြည့်မှာ ရုန်းကန်မှုနှင့် မကျေမချမ်းမှုတို့ ပါဝင်နေ၏။

“ဘာလို့လဲ”

“အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာ... ခင်ဗျားကျုပ်တို့ကို သေရအောင် ဒီလိုမျိုးစမ်းသပ်ချက်တစ်ခုကို ထားခဲ့တာလား”

“ဒီလိုမျိုးစမ်းသပ်ချက်တစ်ခုက ဘာအဓိပ္ပါယ်ရှိလို့လဲ”

နီဟန်သည် နေရာမှာပင်မတ်တတ်ရပ်ပြီး ကျယ်လောင်စွာဟိန်းဟောက်လိုက်၏။ သူ၏ အသံက ခန်းမထဲမှာ ပဲ့တင်ထပ်သွား၏။

ယင်ထျန်က လှောင်ပြုံး ပြုံးလိုက်၏။

“အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာက မင်းကို မသေခိုင်းပါဘူး... မင်းဘာသာမင်း ကိုယ့်ကိုကိုယ်အထင်ကြီးပြီး သေချင်နေခဲ့တာပဲ”

လန်ချန်ချန်ကလည်း ခေါင်းညိတ်လိုက်၏။

“ဒီခန်းမထဲက စမ်းသပ်ချက်က ကောင်းကင်အင်မော်တယ်တွေအတွက် ပြင်ဆင်ပေးထားတာ မဟုတ်လောက်ဘူး”

“ငါ့ရဲ့တွက်ချက်မှုအရဆို... အန္တိမစင်ကြယ်ခရမ်းရောင်တိမ်စိုင်အဆောင်ကို ရယူချင်တယ်ဆိုရင် လူတစ်ယောက်ရဲ့ဘဝသက်တမ်းက နှစ်ငါးသိန်းထက် ကျော်လွန်နေရမယ်... ပကတိအင်မော်တယ်တွေတောင်မှ အဲဒါကိုလုပ်နိုင်မယ်မထင်ဘူး... အဲဒါကို အင်မော်တယ်ဘုရင်တွေပဲ လုပ်နိုင်မယ်ထင်တယ်”

“ငါအဲဒါကိုမယုံဘူး”

နီဟန်က သူ၏ ​နောက်ဆုံးလက်ကျန်ခွန်အားကို စုစည်းပြီ ဟိန်းဟောက်လိုက်၏။

သူ့မှာ ထွက်ပေါက်မရှိတော့ပေ။

သူက လာရာလမ်းအတိုင်းပြန်လှည့်မည်ဆိုလျှင်တောင် သူသည် သူ့ဘဝ၏ နေဝင်ချိန်သို့ ရောက်ရှိနေပြီး သူ့မှာ အသက်ရှင်ဖို့အတွက် နှစ်အနည်းငယ်မျှသာကျန်တော့၏။

သူသည် ရှေ့သို့သာတက်လှမ်းပြီး ထူးခြားအံ့ဩဖွယ်ရာတစ်ခုကို မျှော်လင့်ရပေတော့မည်။

နီဟန်က ရှေ့သို့ တက်လှမ်းလိုက်၏။

၇ကြိမ်မြောက်ဗုံသံက ထွက်ပေါ်လာပြီး နီဟန်၏ မျက်လုံးက မှေးမှိန်သွား၏။ သူ၏ အမြုတေစိတ်ဝိညာဥ်က ပျက်စီးသွားပြီး သူ၏ ဘဝသက်တမ်းက ယိုယွင်းယုတ်လျော့သွား၏။ သူသည် ပြတ်တောက်သွားသော အသက်ဓာတ်အားနှင့်အတူ ခန်းမထဲမှာ လဲပြိုကျသွား၏။

နီဟန်၏ သေဆုံးမှုသည် ယင်ထျန်နှင့် အခြားသူများ၏ ရင်ထဲရှိ ​နောက်ဆုံးမျှော်လင့်ချက်ကို ပျက်စီးသွားစေ၏။

ယင်ထျန်နှင့် အခြားသူများမှာလည်း စစချင်းတူညီသောခန့်မှန်းချက် တကယ်ပင်ရှိခဲ့ကြ၏။

အဲဒါသည် အင်မော်ဧကရာဇ် အရုဏ်ဆည်းဆာချန်ထားခဲ့သော စမ်းသပ်ချက်တစ်ခုဆိုမှတော့... အဲဒါသည် သေဆုံးခြင်းတစ်ခုမဖြစ်သင့်ဘဲ ရှင်သန်ဖို့အတွက်အခွင့်အရေးတစ်ခုရှိသင့်လေသည်။

သို့သော်ယခု... နီဟန်က သေဆုံးသွားပြီး ယင်ထျန်နှင့် အခြားသူများသည် လုံးလုံးလျားလျားလက်လျှော့ကာ နောက်သို့ပြန်ဆုတ်လာကြ၏။

သူတို့သည် ဘဝသက်တမ်းနှစ်ခြောက်သောင်းကို ဆုံးရှုံးခဲ့ရသော်လည်း သူတို့က အနည်းဆုံးတော့ ရှင်သန်နိုင်ခဲ့၏။

“တာအိုရောင်းရင်းဆူ... ကျွန်မတို့လည်း နောက်ပြန်ဆုတ်ရအောင်”

လင်းလောက သူမ၏ ဘေးမှာရှိသော ဆူဇီမိုကို ကြည့်လိုက်၏။

စောစောက အချိန်အတောအတွင်း ဆူဇီမိုသည် နေရာမှာပင် မလှုပ်မယှက် မတ်တတ်ရပ်ပြီး တစ်ချိန်လုံး အသံတိတ်နေခဲ့၏။ သူ၏ စိတ်က တစ်နေရာရာကို ရောက်ရှိနေသည့်အလား သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ထားပြီး သူက ဈာန်ဝင်စားနေသည့်ပုံပင်။ ထိုစဥ်မှာပင် ဆူဇီမိုက ရုတ်တရက် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။ သူသည် တစ်စုံတစ်ရာကို နားလည်ဆင်ခြင်မိသွားသည့်အလား ခန်းမ၏ အလယ်ဗဟိုရှိရာသို့ တက်လှမ်းသွား၏။

“တာအိုရောင်းရင်း သတိထား”

လင်းလောက ထိတ်လန့်သွားပြီး အလောတကြီးသတိပေးလိုက်၏။

ယင်ထျန်နှင့် အခြားသူများကလည်း ဆူဇီမို၏ အပြုအမူကို သတိထားမိကြ၏။ သူတို့အားလုံးမှာ မတူညီသောအမူအရာများရှိနေကြ၏။

“ဟီးဟီး... သေချင်နေတဲ့ နောက်ထပ်လူတစ်ယောက်ပဲ”

ရွှေငှက်မွေးက နှုတ်ခမ်းမဲ့ပြီး လှောင်ရယ်လိုက်၏။

“လောဘရမ္မက်က သူ့စိတ်ကို လွတ်သွားစေတာပဲ”

လန်ချန်ချန်ကလည်း သနားဂရုဏာသက်နေသောအငွေ့အသက်တစ်ခုနှင့်အတူ သူမ၏ ခေါင်းကို ခါယမ်းလိုက်၏။

ယင်ထျန်က မှင်သေသေဖြင့် ပြောလိုက်၏။

“ဒီလောကမှာ သူတို့ရဲ့အကန့်အသတ်ကိုသူတို့ နားမလည်တဲ့ လူတွေအများကြီးရှိတယ်... သူတို့က သူတို့ကိုယ်သူတို့ လောကရဲ့ အလိုလိုက်အကြိုက်ဆောင်ခံရတဲ့ကလေးတွေလို့ ထင်နေကြတာ... သူတို့က အရမ်းကို ရူးမိုက်တဲ့ပုရွက်ဆိတ်တွေပဲဆိုတာ မသိကြရှာဘူး”

“ဒီလူက ဒီလောက်ထိသေချင်နေပြီဆိုမှတော့... ငါက ကိုယ်တိုင်အားထုတ်စရာတောင် မလိုတော့ဘူးပေါ့”

All Chapters