အဆင့်-၅ ကောင်းကင်အမြုတေနယ်ပယ်
Vol. 161 Ch. 2406
သတ္တမမြောက်ဗုံသံအပြီး၌ ဆူဇီမိုက အတန်ကြာအောင်ရပ်တန့်နေ၏။
ယင်ထျန်နှင့် အခြားသူများအမြင်မှာတော့ ဆူဇီမိုသည် ဤကဲ့သို့သော ရိုက်ချက်တစ်ခုကို သေချာပေါက်ခံနိုင်ရည်မရှိတော့ဘဲ ရှေ့တိုးရမလား နောက်ဆုတ်ရမလား တွေဝေတုံ့ဆိုင်းနေခြင်းဖြစ်ပေလိမ့်မည်။
ယခုအချိန်မှာ သူသည် ကြီးမားသော ညှင်းပန်းနှိပ်စက်မှုနှင့် ကြုံတွေ့နေရပေမည်။
ဆူဇီမိုသည် ရှေ့သို့ဆက်တိုးမည်ဆိုလျှင် အဋ္ဌမမြောက်ဗုံသံက ထွက်ပေါ်လာပီး သူက သေချာပေါက်သေရပေလိမ့်မည်။
သို့သော်လည်း သူက နောက်ပြန်ဆုတ်လာမည်ဆိုလျှင် သူသည် သူ့ဘဝ၏ နေဝင်ချိန်နှစ်များသို့ ရောက်ရှိသွားလိမ့်မည်ဖြစ်ပြီး သူ့မှာ ဘဝသက်တမ်းများစွာ ကျန်ရှိတော့မည်မဟုတ်ပေ။
စောစောက သူ၏ မြင့်မားသောစိတ်ဝိညာဥ်ကနေ သူ၏ လက်ရှိဘဝနေဝင်ချိန်နှစ်များထိ အရာရာတိုင်းသည် ၁၅မိနစ်မကြာခင် တိုတောင်းသော ပေခုနှစ်ရာအတွင်းမှာ ဖြစ်ပွားခဲ့သည်။
ဤကဲ့သို့သော ရိုက်ချက်တစ်ခုကို ဘယ်သူက ခံနိုင်ရည်ရှိပါ့မလဲ။
အတန်ကြာပြီးနောက် ဆူဇီမိုက နောက်ဆုံးမှာ သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။
သူက ယင်ထျန်နှင့် အခြားသူများကို ကျောပေးထားပြီး သူ့မျက်လုံးထဲရှိအကြည့်ကို သူတို့က တွေ့မြင်နိုင်မည် မဟုတ်ပေ။ ထိုမျက်လုံးများက အချိန်ကာလ၏ အဆုံးမဲ့လောကဓံတရားနှင့်အတူ ပြည့်နှက်နေ၏။
ဆူဇီမို၏ ခန္ဓာကိုယ်က လမ်းဆုံးသို့ ရောက်ရှိလုနီးပါးဖြစ်နေသော်လည်း သူ့မျက်လုံးထဲရှိအကြည့်က သိပ်သည်းအားကောင်းလာခဲ့၏။
ယင်ထျန်နှင့် အခြားသူများ၏ အကြည့်အောက်မှာ ဆူဇီမိုက ရှေ့သို့နောက်တစ်ဖန် တက်လှမ်းလိုက်၏။
“မလုပ်နဲ့”
လင်းလောက အလိုလိုလှမ်းအော်ပြောလိုက်၏။
“ဟားဟားဟား”
ယင်ထျန်က ရယ်မောလိုက်၏။
“သူက တကယ့်ကို အစွဲအလမ်းကြီးလွန်းတယ်”
လန်ချန်ချန်က သနားဂရုဏာသက်နေသည့်ပုံဖြင့် သူမ၏ ခေါင်းကို ခါယမ်းလိုက်၏။
ဒုံ...
အဋ္ဌမမြောက်ဗုံသံက ထွက်ပေါ်လာခဲ့၏။
သို့သော်လည်း ဆူဇီမို၏ ဘဝသက်တမ်းက လျော့ကျသွားခြင်းမရှိသည်ကို ယင်ထျန်နှင့် အခြားသူများက အံ့အားသင့်ဖွယ်ရာ တွေ့ရှိလိုက်ရ၏။ ထိုအစား သူက ဒယီးဒယိုင်ဖြင့် နောက်ထပ်ပေတစ်ရာကို ဖြတ်ကျော်သွား၏။
သူ၏ ခြေလှမ်းများက နှေးကွေးပြီး ပို၍ပင် လေးကန်လာခဲ့၏။
သို့သော်လည်း သူ၏ ဘဝသက်တမ်းက လျော့ကျမည့် မည်သည့်လက္ခဏာမှ မပြသလာပေ။
“ဟမ်...”
ယင်ထျန်၏ ရယ်သံက ယတိပြတ်ရပ်တန့်သွား၏။
လန်ချန်ချန်၊ ရွှေငှက်မွေးနှင့်လင်းလောတို့ကလည်း ကြောင်အ,မှင်တက်နေ၏။
ဤတစ်ခေါက်မှာ ဆူဇီမိုသည် သူ၏ ခြေလှမ်းကို ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့ဆက်တက်သွား၏။
နဝမမြောက်ဗုံသံက ထွက်ပေါ်လာ၏။
ဆူဇီမိုက ကျဆုံးသွားခြင်းမရှိဘဲ သူ့မှာ ဘဝသက်တမ်းနှစ်တစ်သောင်း ဆက်လက်၍ ကျန်ရှိနေသေး၏။
ဆည်းဆာဗုံ၏ ဓမ္မတာအိုက သူ့အပေါ်ကို ဆက်လက်၍ မသက်ရောက်တော့သည့်အလားပင်။
“အမ်...”
ယင်ထျန်နှင့် အခြားသူများက သူတို့၏ မျက်လုံးများကို ပြူးကျယ်ထားပြီး ကြောင်အ,မှင်တက်နေကြ၏။
ထိုအချိန်တိုအတွင်းမှာ ဆူဇီမိုသည် ပေကိုးရာအကွာအဝေးသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ပြောရမည်ဆိုလျှင် သူ၏ ဘဝသက်တမ်းက ကုန်ခန်း၍ သူကသေဆုံးသွားသင့်သည်။
သို့သော်လည်း သူသည် ခန်းမ၏ အလယ်ဗဟိုရှိရာသို့ တစ်လှမ်းပြီးတစ်လှမ်း တက်လှမ်းနေဆဲဖြစ်၏။
“တစ်ခုခုဖြစ်သွားတာများလား”
ယင်ထျန်နှင့် အခြားသူများက မျက်မှောင်ကြုတ်လိုက်၏။
‘ခန်းမထဲကဆည်းဆာဗုံရဲ့ ဓမ္မတာအိုက ပျက်ပြယ်သွားတာဖြစ်ရမယ်။’
ရွှေငှက်မွေး၏ စိတ်ထဲသို့ ထိုအတွေးက ဝင်ရောက်လာ၏။
သူက မျက်တောင်မခတ်ဘဲ သူ၏ လှုပ်ရှားမှုနည်းစနစ်ကို လှည့်ပတ်ကာ ရှေ့သို့ ရုတ်တရက်တက်လှမ်းပြီး တစ်ခဏချင်းမှာပင် ပေတစ်ရာအကွာအဝေးကို ဖြတ်ကျော်လိုက်၏။
ဒုံ...
မကြာခင် ရွှေငှက်မွေးသည် စတုတ္ထမြောက်ဗုံသံကို ကြားလိုက်ရပြီ သူက ဆတ်ခနဲတုန်ယင်သွား၏။ သူက သူ၏ ခြေလှမ်းကို ကပျာကယာရပ်တန့်လိုက်ပြီး သူ၏ အမူအရာက ပျက်ယွင်းနေ၏။ သူသည် နောက်ထပ်ဘဝသက်တမ်း နှစ်လေးသောင်းကို ဆုံးရှုံးလိုက်ရပြီဖြစ်၏။
တကယ်တော့ ယင်ထျန်မှာလည်း ဤကဲ့သို့သော ကောက်ချက်ချမှုတစ်ခုရှိခဲ့၏။
သို့သော်လည်း သူက အလွန်တရာသတိထားနေပြီး မဆင်မခြင်ပြုမူရဲခြင်း မရှိပေ။
ယခု... ရွှေငှက်မွေး၏ အမူအရာကနေတစ်ဆင့် ဤနေရာမှာ ဆည်းဆာဗုံ၏ ဓမ္မတာအိုက ရှိနေဆဲဖြစ်သည်ကို သူက နားလည်သဘောပေါက်သွား၏။
ထိုသို့ဆိုလျှင် ဆူဇီမိုသည် ဆည်းဆာဗုံသံ၏ ဓမ္မတာအိုကို နားလည်ဆင်ခြင်မိသွားတာ ဖြစ်ဖို့များလေသည်။ ထို့ကြောင့်ပင် သူက ဓမ္မတာအို၏ သက်ရောက်မှုကို ခုခံနိုင်နေခြင်း ဖြစ်ရပေမည်။
ဆူဇီမိုက ခန်းမ၏ အလယ်မှာရှိသော အန္တိမစင်ကြယ်ခရမ်းရောင်တိမ်စိုင်အဆောင်နှင့် ပိုမိုနီးကပ်လာသည်ကို တွေ့မြင်သောအခါ ယင်ထျန်က မကျေမနပ်ခံစားလာရ၏။
သို့သော်မကြာခင် သူကစိတ်သက်သာရာရသွားပြီး ရယ်မောလိုက်၏။
“ဒီကောင်လေးက အန္တိမစင်ကြယ်ခရမ်းရောင်တိမ်စိုင်အဆောင်ကို ရမယ်ဆိုတော့ရော.. ဘာဖြစ်လဲ သူကအဲဒါကိုရဖို့အတွက် ဘဝသက်တမ်းနှစ်သုံးသိန်းနီးပါးပေးဆပ်ခဲ့ရတယ်... တန်ဖိုးက အရမ်းကိုကြီးမားလွန်းတယ်”
လင်းလောက လှောင်ရယ်လိုက်၏။
“အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက ထွက်လမ်းတစ်ခုခုချန်မထားခဲ့ဘူးလို့ နင်ထင်နေတာလား”
“နင်ဘာပြောချင်တာလဲ”
ယင်ထျန်က မျက်မှောင်ကြုတ်လိုက်၏။
လင်းလောက ပြောလိုက်လေသည်။
“ဆူဇီမိုက ဆည်းဆာဗုံရဲ့ ဓမ္မတာအိုအမွေအနှစ်ကို ရရှိသွားပြီ... အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာက သူ့ရဲ့အမွေဆက်ခံသူကို စမ်းသပ်ချက်တစ်ခုအပြီးမှာ သေဆုံးသွားစေချင်မယ်လို့ နင်ထင်လို့လား”
ထိုစဥ်မှာပင် ဆူဇီမိုက ခန်းမ၏ အလယ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
သူက အန္တိမစင်ကြယ်ခရမ်းရောင်တိမ်စိုင်အဆောင်ကို လက်လှမ်းယူပြီး အဲဒါကို သိုလှောင်အိတ်ထဲမှာ သိမ်းဆည်းလိုက်၏။
တစ်ချိန်တည်းမှာပင် သူသည် ကြွပ်ဆတ်ဆတ်နှင့် အဝေးကနေလာသော ခေါင်းလောင်းသံတစ်သံကို ကြားလိုက်ရ၏။ ထိုအသံသည် အချိန်မြစ်၏ အဆုံးကနေ ရောက်ရှိလာပြီး လျှို့ဝှက်ဆန်းကြယ်၍ အင်အားကြီးမားသော စွမ်းအားတစ်ခုကို သယ်ဆောင်လာသည့်အလားပင်။
ခေါင်းလောင်းသံက စောစောက ဗုံသံ၏ ထိုင်းမှိုင်းမှုနှင့် လုံးဝကွဲပြားခြားနားနေ၏။
ခေါင်းလောင်းသံသည် အသက်ဓာတ်အားဖြင့်ပြည့်နှက်နေပြီး သက်ရှိများအားလုံးကို စိတ်အားမာန်တက်ကြွလာစေ၏။
ခေါင်းလောင်းသံ၏ ရိုက်ခတ်မှုမှာ ဆူဇီမို၏ ခန္ဓာကိုယ်က ကြီးမားသော ပြောင်းလဲမှုတစ်ရပ်ကို တွေ့ကြုံခံစားမိလိုက်၏။
သူ့ခန္ဓာကိုယ်ပေါ်ရှိအသားများက တဖြည်းဖြည်း ကြီးထွားလာပြီး သူ့မျက်နှာပေါ်ရှိ ပါးရေနားရေအတွန့်ကြောင်းများကလည်း တဖြည်းဖြည်းချောမွတ်လာ၏။ သူ၏ ဆံပင်ဖြူများက မင်ကဲ့သို့ နက်မှောင်လာခဲ့၏။
သူက စိတ်အားမာန်တစ်ခုကို ထုတ်ဖော်ထားပြီး သူ၏ ခန္ဓာကိုယ်က မြင့်မား၍ ဖြောင့်တန်းလာ၏။ သူ၏ အော်ရာက သိပ်သည်းပြင်းထန်လာပြီး သူက အရင်ကထက်ပို၍သန်မာလာ၏။
စောစောက သူဆုံးရှုံးခဲ့ရသည့် ဘဝသက်တမ်းများကိုလည်း အပြည့်အဝပြန်လည်ရရှိလာ၏။
“အရုဏ်ဦး ခေါင်း လောင်း...”
ထိုသည်ကို တွေ့မြင်သောအခါ ယင်ထျန်က ဆူဇီမိုဖြစ်ပျက်နေသည့်အရာကို ချက်ချင်းပင်နားလည်သဘောပေါက်သွားပြီး တစ်လုံးချင်းပြောလိုက်၏။
အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာသည် ခန်းမထဲမှာ ဆည်းဆာဗုံ၏ ဓမ္မတာအိုကိုသာမက အရုဏ်ဦးခေါင်းလောင်း၏ ဓမ္မတာအိုကိုပါ ချန်ထားခဲ့၏။
သို့သော်လည်း သူတို့သည် ဆည်းဆာဗုံ၏ ဓမ္မတာအိုကို နားလည်ဆင်ခြင်ပြီးမှသာ အရုဏ်ဦးခေါင်းလောင်း၏ ဆေးကြောသန့်စင်မှုကို ခံယူနိုင်မည်ဖြစ်၏။
ဥပမာအားဖြင့် ယင်ထျန်၊ ရွှေငှက်မွေးနှင့် အခြားသူများသည် အရုဏ်ဦးခေါင်းလောင်းသံကိုကြားရသော်လည်း သူတို့သည် အရုဏ်ဦးခေါင်းလောင်းဓမ္မတာအိုဖြင့် ဆေးကြောသန့်စင်မှုကို ခံယူနိုင်ခြင်းမရှိဘဲ သူတို့ဆုံးရှုံးခဲ့ရသည့် ဘဝသက်တမ်းများကို ပြန်လည်ရရှိမည် မဟုတ်ပေ။
ဆူဇီမိုသည် ခန်းမ၏ အလယ်မှာ မတ်တတ်ရပ်ပြီး ဓမ္မတာအိုနှစ်ခုဖြစ်သော အရုဏ်ဦးခေါင်းလောင်းနှင့် ဆည်းဆာဗုံ၏ ဆေးကြောသန့်စင်မှုကို ခံယူနေ၏။
သူ၏ အသား၊ အရွတ်၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါတို့ကလည်း ပြောင်းလဲမှုတစ်ရပ်ကို တွေ့ကြုံနေရ၏။
အဲဒါသည် သူ့ဘဝနေဝင်ချိန်မှာ ဘဝသစ်တစ်ခုကို ပြန်လည်ရရှိလိုက်ခြင်းနှင့်တူလေသည်။
သေခြင်းရှင်ခြင်းကြားတွင် အဆုံးစွန်စွမ်းအားနှစ်ခု၏ နှိုးဆွမှုအောက်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက လျင်မြန်စွာကြီးထွား၍ အသွင်ပြောင်းလဲလာ၏။ ဆူဇီမိုအတန်ကြာအောင် ကြုံတွေ့နေခဲ့ရသည့်အဟန့်အတားကလည်း ပြေလျော့လာခဲ့၏။
ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဘေးပတ်လည်မှာရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီများကို စုပ်ယူလိုက်၏။
သူသည် ဤအခွင့်အလမ်းကို အသုံးချကာ အဆင့်ချိုးဖြတ်တက်လှမ်းပြီး အဆင့်--၅ ကောင်းကင်အမြုတေနယ်ပယ်သို့ ဝင်ရောက်ဖို့ပြင်လိုက်၏။
ထိုသို့သူပြုလိုက်သည့်ခဏမှာပင် တုန်လှုပ်စရာကောင်းသော အပြောင်းအလဲတစ်ရပ်က ခန်းမတစ်ခုလုံးမှာဖြစ်ပွားလာ၏။
အတောမသတ်နိုင်သော ကောင်းကင်နှင့် မြေကြီးအမြုတေချီများက ခန်းမ၏ နံရံများကနေ တလိပ်လိပ်တိုးထွက်လာ၏။ သူတို့က လေစီးကြောင်းများအဖြစ် စုဖွဲ့သွားပြီး ဆုဇီမို၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။
ဆူဇီမို၏ ခန္ဓာကိုယ်သည် ဘေးပတ်ဝန်းကျင်မှာရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ရူးသွပ်စွာဝါးမျိုနေသည့် ဧရာမဝဲကတော့တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပုံရ၏။ ခန်းမထဲမှာရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီက အရမ်းကိုကြွယ်ဝလွန်ပြီး လူတိုင်း၏ စဥ်းစားနိုင်စွမ်းထက် ကျော်လွန်နေ၏။
“အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
ရွှေငှက်မွေးက တုန်လှုပ်နေသောအမူအရာဖြင့် ဘေးပတ်လည်ကို ကြည့်ရှုလိုက်၏။
“ငါသိပြီ”
လန်ချန်ချန်က နားလည်သဘောပေါက်သွားသည့်အလား ခန်းမ၏ ဘေးပတ်လည်ကို ကြည့်ရှုပြီး ရုတ်တရက်ပြောလိုက်၏။
“ရတနာသူတော်စင်ခန်းမတစ်ခုလုံးကို အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတာပဲ”
“ဟာ...”
ယင်ထျန်နှင့် အခြားသူများက ရင်တစ်ချက်ထိတ်သွားကြ၏။
ရတနာသူတော်စင်နန်းတော်သည် ပေအတော်အတန်မြင့်မားပြီး ဤကဲ့သို့သော ကြီးမားသည့်အဆောက်အအုံတစ်ခုကို အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများသက်သက်ဖြင့် တည်ဆောက်ထား၏။
တစ်နည်းအားဖြင့်ဆိုလျှင် ရတနာသူတော်စင်နန်းတော်ထဲမှာရှိသော တွေ့ရာကျောက်တုံးတစ်တုံးကပင် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးဖြစ်နေပေမည်။
ဤကဲ့သို့သောနန်းတော်တစ်ခုကို တည်ဆောက်ဖို့ လိုအပ်သည့် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးအရေအတွက်က မရေမတွက်နိုင်အောင်ပင်။ အဲဒါက အရေအတွက် သန်းပေါင်းရာချီ သို့မဟုတ် ထိုထက်ပင်ပို၍များနေနိုင်၏။
မင်းသားတစ်ပါးနှင့် မင်းသမီးတစ်ပါးအနေဖြင့် ယင်ထျန်နှင့်လန်ချန်ချန်မှာ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးကဲ့သို့ ကျင့်ကြံရေးအရင်းအမြစ်များက ပြတ်လပ်မှုမရှိသလောက်နီးပါးပင်။
သို့သော်လည်း သူတို့ရှေ့မှ ဤကဲ့သို့များပြားလွန်းသည့် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို သူတို့ထဲ မည်သူကမှ မတွေ့မြင်ဖူးခဲ့ပေ။
ဒါ့အပြင် အဲဒါကို ဧရာမနန်းတော်တစ်ခုအဖြစ် တည်ဆောက်ထားခဲ့၏။
ကောင်းကင်အင်မော်တယ်များကိုမပြောနှင့် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ဤကဲ့သို့နန်းတော်တစ်ခုကို ပကတိအင်မော်တယ်များပင် လောဘရမ္မက်တက်လာနိုင်၏။
ဝုန်း..
ထိုစဥ်မှာပင် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်ချီက ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့၏။ သူက အဟန့်အတားကို ချိုးဖျက်ပြီး အဆင့်-၅ ကောင်းကင်အမြုတေနယ်ပယ်သို့ တစ်ခါတည်းဝင်ရောက်သွား၏။
သိပ်သည်းပြင်းထန်များပြားလှသော ကောင်းကင်နှင့် မြေကြီးအမြုတေချီများက သူ၏ ခန္ဓာကိုယ်အတွင်းကို တလိပ်လိပ်တိုးဝင်လာ၏။
ဆူဇီမို၏ အော်ရာကလည်း လျင်မြန်စွာမြင့်တက်လာနေ၏။