နောက်ဆုံးစမ်းသပ်ချက်
Vol. 161 Ch. 2407
ရွှေငှက်မွေးသည် ဆူဇီမိုကို စိုက်ကြည့်နေပြီး သူ၏ အကြည့်က တဖျပ်ဖျပ်ဖြစ်လာ၏။ ရုတ်တရက် သူက ပြောလိုက်၏။
“ဒီလူ့ရဲ့ နည်းလမ်းတွေက အားမနည်းဘူး… အခု သူက အဆင့် ၅ ကောင်းကင်အင်မော်တယ်တစ်ယောက်အဖြစ် တက်လှမ်းသွားပြီဆိုတော့ သူ့ကို ကိုင်တွယ်ရတာက ပိုပြီးတော့ ခက်ခဲလာတော့မယ်”
ယခင်က အပြာရောင်ဝတ်ကောင်လေးသည် ဆူဇီမို၏ လက်ထဲမှာ သေခဲ့ရ၏။
မင်းသားယင်ထျန်နှင့် မင်းသမီးလန်ချန်ချန်ပင်လျှင် ဆူဇီမိုနှင့် ရင်ဆိုင်တိုက်ခိုက်ရာမှာ မည်သည့်အသာစီးမှ မရရှိနိုင်ခဲ့ပေ။
အစကတော့ ရွှေငှက်မွေးသည် သူတို့ ၉ယောက်ကြားမှာ သူက တိုက်ပွဲဝေစုတစ်ခုကို ရရှိနိုင်လောက်သည်ဟု တွေးထင်ခဲ့၏။
ယခုအခြေအနေက သူတွေးထင်ထားသည်ထက် များစွာပိုမိုခက်ခဲလာပုံရလေသည်။
ယင်ထျန်နှင့် လန်ချန်ချန်ကို မပြောနှင့်… သူသည် ဆူဇီမိုနှင့် လင်းလောကိုပင် အနိုင်မရနိုင်ပေ။
ထိုစဉ်မှာပင် မလှမ်းမကမ်းမှာ ရှိသော နောက်ထပ်ခန်းမ၏ တံခါးတစ်ချပ်က ပွင့်သွား၏။
လူတိုင်း၏ မျက်လုံးက ဝင်းလက်သွားပြီး သူတို့က တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ထိုခန်းမ ရှိရာသို့ ဦးတည်လိုက်ကြ၏။
သူတို့ ၉ယောက်သည် ရတနာသူတော်စင်နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့ကြ၏။ ယခုအချိန်မှာ သူတို့ထဲတွင် ၅ယောက်သာလျှင် ကျန်ရှိတော့၏။ သို့သော်လည်း ရတနာသူတော်စင်ကျောက်စိမ်းကျမ်း၏ မည်သည့် အငွေ့အသက်ကမှ တစ်ချိန်လုံး ပေါ်ထွက်မလာခဲ့ပေ။
နောက်ပိုင်းကို ရောက်လာလေလေ… ရတနာသူတော်စင်ကျောက်စိမ်းကျမ်း ပေါ်ထွက်လာဖို့ အခွင့်အရေးက ပို၍ တိုးလာပေလိမ့်မည်။
သူတို့သည် အန္တိမစင်ကြယ်ခရမ်းရောင်တိမ်စိုင်အဆောင်ကို မရရှိနိုင်တော့ဘူးဆိုမှတော့ သူတို့အနေဖြင့် ဤနေရာမှာ အချိန်ဖြုန်းနေစရာ မလိုတော့ပေ။
ဆူဇီမိုက သူ၏ ကျင့်ကြံမှုနယ်ပယ်ကို အနည်းငယ် တည်ငြိမ်စေပြီးနောက် ကောင်းကင်နှင့်မြေကြီး အမြုတေချီကို ဆက်လက်၍ မစုပ်ယူတော့ပေ။ တစ်ချိန်တည်းမှာပင် သူကလည်း ခန်းမ၏ တံခါးရှိရာသို့ ပြေးဝင်သွား၏။
သူတို့ ၅ယောက်သည် ခန်းမထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြပြီး သူတို့၏ အကြည့်များက ခန်းမ၏ အလယ်သို့ စုပြုံရောက်ရှိသွားကြ၏။
ထိုနေရာမှာ အစိမ်းရောင်အလင်းတောက်တောက် ဖြာထွက်နေသည့် ကျောက်စားပွဲတစ်လုံး ရှိပြီး ၎င်း၏ မျက်နှာပြင်ပေါ်မှာ ဝါးစာလိပ်တစ်လိပ်ကို တင်ထား၏။
“အဲဒါက ရတနာသူတော်စင်ကျောက်စိမ်းကျမ်းပဲ”
သူတို့ ၅ယောက်စလုံး၏ မျက်လုံးများက ဝင်းလက်သွား၏။
ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို သူတို့ထဲ မည်သူကမှ မတွေ့မြင်ဖူးခဲ့သော်လည်း သူတို့သည် ဝါးစာလိပ်ကို တွေ့မြင်သည့်အချိန်မှာ အဲဒါသည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်း သေချာပေါက်ဖြစ်သည်ဟု သူတို့ ၅ယောက်စလုံးက ရင်ထဲမှာ သိရှိလိုက်ကြသည်။
ဤလျှို့ဝှက်ကုန်းမြေ၏ အစစ်အမှန်ရတနာက လူတိုင်း၏ ရှေ့မှာ နောက်ဆုံးပေါ်ထွက်လာခဲ့လေပြီ။
“အား…”
လင်းလောသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး အံ့အားတသင့် ရေရွတ်လိုက်၏။
ခန်းမထဲသို့ ဝင်ရောက်လာပြီးနောက် သူမ၏ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီက ချိပ်ပိတ်ခံလိုက်ရပြီး လုံးဝ ထုတ်ဖော်လို့ မရတော့သည်ကို လင်းလောက အာရုံခံမိလိုက်၏။
အဲဒါက သူမတစ်ယောက်တည်းသာလျှင် မဟုတ်ဘဲ ဆူဇီမိုနှင့် အခြားသူများကလည်း ဤထူးခြားမှုကို တစ်ချိန်တည်းမှာ သတိထားမိလိုက်ကြ၏။
“ဒီခန်းမထဲမှာ စွမ်းအားကြီးမားတဲ့ ချိပ်စည်းတစ်ခု ရှိနေတာပဲ”
ချန်ချန်က တီးတိုးရေရွတ်လိုက်၏။
“ငါသိပြီ”
ရုတ်တရက် ယင်ထျန်က ရယ်မောလိုက်၏။
“ဒီခန်းမထဲက ချိပ်စည်းက အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာရဲ့ နောက်ဆုံးစမ်းသပ်ချက်ပဲ”
“ငါသိရသလောက်ဆိုရင် အန္တိမသူတော်စင်ကျောက်စိမ်းကျမ်းက စိတ်ဝိညာဉ်ကို သန့်စင်ပေးပြီး မဟာသူတော်စင်ကျောက်စိမ်းကျမ်းက နည်းစနစ်တွေကို မွမ်းမံပေးတယ်… ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကတော့ အထဲမှာ ခန္ဓာမီးဆေးနည်းစနစ်တစ်ခု ရှိနေရမယ်”
“အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက ခန်းမထဲမှာ ဒီလိုမျိုး ချိပ်စည်းတစ်ခုကို ခင်းကျင်းထားခဲ့တယ်ဆိုတာ နောက်ဆုံးအရိုက်အရာဆက်ခံသူကို ဆုံးဖြတ်ဖို့အတွက် သူက ငါတို့ရဲ့ နတ်ဘုရားစွမ်းအားတွေနဲ့ လျှို့ဝှက်အတတ်တွေကို အသုံးမပြုစေဘဲ ငါတို့နဲ့ ကိုယ်ကာယနဲ့ သွေးချီသက်သက်နဲ့ ငါတို့ကို တိုက်ခိုက်စေချင်နေတာပဲ”
လင်းလောက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သူမ၏ ကျင့်ကြံမှုနယ်ပယ်သည် ယင်ထျန်နှင့် လန်ချန်ချန်ထက် အနည်းငယ်နိမ့်ကျနေ၏။ သူမသည် ဆူဇီမိုနှင့် ပူးပေါင်းပြီး စောစောက မင်းသား မင်းသမီးတို့နှင့် တိုက်ခိုက်နိုင်ခဲ့သည်မှာ သူမတွင် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာ ရှိနေခဲ့သောကြောင့် ဖြစ်၏။
သူမသည် ကိုယ်ကာယ သို့မဟုတ် မျိုးဆက်သွေးဖြင့် တိုက်ခိုက်ရသော အနီးကပ်တိုက်ခိုက်ရည်မှာ မသန်မာပေ။
သူမ လေ့လာအကဲခတ်ထားသလောက် သူမဘေးမှာ ရှိသော ဆူဇီမိုသည် သန်မာ၍ မင်းသား မင်းသမီးတို့နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သော်လည်း သူပြသခဲ့သောအရာသည် စွမ်းအားကြီးမားသော လျှို့ဝှက်အတတ်များနှင့် အင်မော်တယ်ပညာရပ်များသာ ဖြစ်လေသည်။
ဤလူ၏ အမြုတေစိတ်ဝိညာဉ်နှင့် အမြုတေချီက ကန့်သတ်ခံထားရပြီး သူက နတ်ဘုရားစွမ်းအား သို့မဟုတ် လျှို့ဝှက်အတတ်များကို မထုတ်ဖော်နိုင်ဘူးဆိုလျှင် သူ့အပေါ်မှာ ထိုကန့်သတ်ချက်က အလွန်တရာ သိသာထင်ရှားလာပေလိမ့်မည်။
သူသည် နုနယ်သော စာပေသမားတစ်ယောက်နှင့်တူပြီး သူက မည်သည့်သွေးချီကိုမှ ယခင်က မထုတ်ဖော်ခဲ့ပေ။
သူ့မှာ အားနည်းသော ကိုယ်ကာယနှင့် သာမန်မျိုးဆက်သွေးသာ ရှိပေလိမ့်မည်။
ယင်ထျန်နှင့် လန်ချန်ချန်ကတော့ သူတို့နှစ်ယောက်စလုံးသည် အင်မော်တယ်ဧကရာဇ်များ၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး သန်မာသော ကိုယ်ကာယများနှင့်အတူ မျိုးဆက်သွေးနယ်မြေများကို ကျင့်ကြံထားခဲ့ကြ၏။
သူတို့သည် စောစောက သူတို့၏ မျိုးဆက်သွေးနယ်မြေများကို ထုတ်ဖော်ခဲ့ပြီး အချိန်တိုအတွင်းမှာ သူတို့ကို နောက်တစ်ဖန် မထုတ်ဖော်နိုင်သော်လည်း သူတို့၏ အနီးကပ်တိုက်ခိုက်ရည်အတတ်များက ဤခန်းမထဲမှာ ပြိုင်ဘက်ကင်းနေပေလိမ့်မည်။
လင်းလောက ဆူဇီမိုကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်၏။
အခြေအနေက သူတို့နှစ်ယောက်အတွက် အလွန်တရာ အခွင့်မသာ ဖြစ်လာခဲ့၏။
သူတို့က ရွှေငှက်မွေးနှင့် ပူးပေါင်းမည်ဆိုလျှင်တောင် သူတို့သည် ယင်ထျန်နှင့် လန်ချန်ချန်ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ပေလိမ့်မည်။
ယင်ထျန်နှင့် လန်ချန်ချန်က သူတို့အချင်းချင်း တိုက်ခိုက်ကြမည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ထိုအခါ သူတို့က အခွင့်အလမ်းတစ်ခုကို ချိန်ဆနိုင်မည်ဖြစ်၏။
သို့သော်လည်း ယင်ထျန်နှင့် လန်ချန်ချန်က အရူးများ မဟုတ်ကြပေ။ သူတို့သည် အခြားသော အဟန့်အတားများကို ဖယ်ရှားရှင်းလင်းဖို့အတွက် သေချာပေါက် ပူးပေါင်းကြလိမ့်မည်ဖြစ်ပြီး အဲဒါပြီးမှသာ ရတနာသူတော်စင်ကျောက်စိမ်းကျမ်းအတွက် သူတို့အချင်းချင်း တိုက်ခိုက်ကြပေလိမ့်မည်။
လင်းလောနှင့်မတူဘဲ ဆူဇီမိုသည် အခြေအနေပြောင်းလဲမှုကို နည်းနည်းလေးမှ သတိမထားမိသည့်အလား သူ၏ အမူအရာက တည်ငြိမ်နေ၏။
လင်းလောက ကြိတ်၍ သက်ပြင်းချလိုက်၏။ သူမက စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို မပို့လွှတ်နိုင်သည့်အတွက် သူမ၏ နှုတ်ဖြင့်သာ သတိပေးလိုက်ရ၏။
“တာအိုရောင်းရင်းဆူ… နောက်ပြီးကျရင် ရှင်သတိထားရမယ်… သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လို့ မဖြစ်ဘူး”
ဆူဇီမိုက ကန့်ကွက်ခြင်း မရှိဘဲ ပြုံးရုံသာ ပြုံးပြနေ၏။
သူက အဆင့် ၄ ကောင်းကင်အင်မော်တယ်တစ်ယောက်သာ ဖြစ်နေဦးမည်ဆိုလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သူ၏ သွေးချီကို အသုံးမပြုနိုင်ပါက ယင်ထျန်နှင့် လန်ချန်ချန်ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ပေလိမ့်မည်။
သို့သော် ယခု အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆင့် ၅ ကောင်းကင်အင်မော်တယ်တစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့၏။ အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အားကို ထုတ်ဖော်ပြီးနောက် သူ၏ ခွန်အားက ဆပွားတိုးလာလိမ့်မည်ဖြစ်ပြီး သူသည် ယင်ထျန်နှင့် လန်ချန်ချန်တို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပေလိမ့်မည်။
“တာအိုရောင်းရင်းတို့… ကျုပ် ခင်ဗျားတို့နဲ့ ပူးပေါင်းမယ်လေ”
ရွှေငှက်မွေးက ခဏမျှ စဉ်းစားတွေးတောပြီးနောက် ရုတ်တရက် ယင်ထျန်နှင့် လန်ချန်ချန်ကို ပြောလိုက်၏။
“ကျုပ်ရဲ့ ကျင့်ကြံမှုနယ်ပယ်က အဆင့် ၅ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာပဲ ရှိပေမယ့် ကျုပ်က အနီးကပ်တိုက်ခိုက်ရည်မှာ ကျုပ်ထက် ကျင့်ကြံမှု ပိုမြင့်တဲ့သူတွေကို သေချာပေါက် ဖိနှိမ်နိုင်တယ်”
ရွှေငှက်မွေးသည် ခြေသုံးချောင်း ရွှေကျီးကန်းတစ်ကောင်ဖြစ်ပြီး သူ့မှာ သန်မာသော မျိုးဆက်သွေး ရှိလေသည်။ သူက လိမ်ညာပြောဆိုနေခြင်း မဟုတ်ပေ။
ရွှေကျီးကန်းမျိုးနွယ်၏ နေမင်းအမြုတေသွေးအပေါ် မှီခိုရင်း သူ၏ မျိုးဆက်သွေးက ချစ်ချစ်တောက် ပူလောင်ပြီး သူ၏ သွေးချီက စွမ်းအားကြီးမားသော အော်ရာတစ်ခုနှင့်အတူ မီးတောင်တစ်လုံးကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာပေလိမ့်မည်။ အဲဒါကို ခုခံရင်ဆိုင်ဖို့က အလွန်တရာ ခဲယဉ်းပေမည်။
သူက အဆင့်တူများကြားမှာ ပြိုင်ဘက်ကင်းနေသည့်အချက်ကို အသာထား… တူညီသော မျိုးနွယ်ဝင်များကြားမှာပင် သူ့ကို ယှဉ်နိုင်သည့်သူ များစွာ မရှိပေ။
ရွှေငှက်မွေးက ဆူဇီမိုကို လက်ညှိုးထိုးပြီး လေးနက်သည့် အသံဖြင့် ပြောလိုက်၏။
“ဒီအဆင့် ၅ ကောင်းကင်အင်မော်တယ်ကို ကျုပ်အတွက် ထားလိုက်… တာအိုရောင်းရင်းတို့… ခင်ဗျားတို့က လင်းလောကိုပဲ ကိုင်တွယ်လိုက်… ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကိုတော့ ကျုပ်က သေချာပေါက် ထိမှာ မဟုတ်ဘူး”
“ကျုပ်က ဆူဇီမိုရဲ့ သိုလှောင်အိတ်ထဲက တချို့အရာတွေကိုပဲ ရယူနိုင်ဖို့ မျှော်လင့်ထားတယ်”
ရွှေငှက်မွေးက အလွန်တရာ ပါးနပ်ပြီး အခြေအနေကို တိတိကျကျ အကဲဖြတ်လိုက်၏။ သူ၏ အာရုံခံစိတ်က အလွန်တရာ ထက်ရှလေသည်။
သူက ဆူဇီမိုနှင့် လင်းလောတို့နှင့် ပူးပေါင်းမည်ဆိုလျှင်တောင် သူတို့သည် ယင်ထျန်နှင့် လန်ချန်ချန်ကို သေချာပေါက် ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
သူတို့၏ သန်မာသော ကိုယ်ကာယနှင့် မျိုးဆက်သွေးများနှင့်အတူ သူတို့သည် အနီးကပ်တိုက်ခိုက်ရည်မှာ ပြိုင်ဘက်ကင်းနေပေလိမ့်မည်။
မင်းသားနှင့် မင်းသမီးဟူသော သူတို့၏ အဆင့်အတန်းများအရ သူတို့မှာ တခြားဘာဝှက်ဖဲများ ရှိနေမလဲ သူ မသိရပေ။
ယခင်က ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက ပေါ်ထွက်မလာသေးသောကြောင့် သူတို့သည် အခြားသော ရတနာများအတွက် တိုက်ခိုက်ရာမှာ သူတို့၏ ဝှက်ဖဲများကို ထုတ်ဖော်ခဲ့ခြင်း မရှိဘဲ သူတို့၏ ခွန်အားကို ထိန်ချန်ထားခဲ့ကြ၏။
သို့သော် ယခု ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက ပေါ်ထွက်လာပြီး အဲဒါကို သူတို့နှစ်ယောက်က သေချာပေါက် အရယူပေလိမ့်မည်။
ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ရယူဖို့ စိတ်ကူးယဉ်နေခြင်းထက် သူသည် သူတို့နှစ်ယောက်နှင့် ပူးပေါင်းကာ အခြားသော ဝေစုတစ်ခု ရယူနိုင်ဖို့သာ မျှော်လင့်ထား၏။
“ဉာဏ်ရှိတဲ့သူက အခြေအနေကို အကဲဖြတ်နိုင်တယ်”
ယင်ထျန်က ညင်သာစွာ ပြုံးပြလိုက်၏။
“မင်းက ငါတို့နဲ့ ပူးပေါင်းနိုင်တယ်… ဒါပေမဲ့ မင်းက ဆူဇီမိုကို ကိုင်တွယ်ပေးစရာ မလိုဘူး… လင်းလောကိုပဲ တားပေးထား”
“ခြေသုံးချောင်း ရွှေကျီးကန်းမျိုးနွယ်ဆိုတဲ့ မင်းရဲ့ မျိုးဆက်သွေးနဲ့ဆိုရင် မင်းထက် အဆင့်သေးတစ်ဆင့်ပဲ ပိုမြင့်တဲ့ လူတစ်ယောက်ကို တားဆီးတိုက်ခိုက်ပေးထားဖို့က မင်းအတွက် ပြဿနာရှိမှာ မဟုတ်လောက်ဘူးမလား”
ရွှေငှက်မွေးက ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။
“ရပါတယ်… ပြဿနာမရှိပါဘူး”
သူက သဘောတူလိုက်သော်လည်း သူက စိတ်ထဲကနေ ကျိန်ဆဲနေ၏။ သူသည် ဆူဇီမိုကို ကိုင်တွယ်ဖို့ အကြံပြုခဲ့သည့် အကြောင်းရင်းမှာ သူ့မှာ သူ့အကြံနှင့်သူ ရှိနေသောကြောင့် ဖြစ်၏။ သူတို့နှစ်ယောက်စလုံးက အဆင့် ၅ ကောင်းကင်အင်မော်တယ်များ ဖြစ်သောကြောင့် သူ့အနေဖြင့် ဆူဇီမိုကို ဖိနှိမ်ဖို့က အလွန်တရာ လွယ်ကူပြီး သူ၏ စွမ်းအင်အမြောက်အများကို ချွေတာနိုင်ပေလိမ့်မည်။
ယင်ထျန်နှင့် လန်ချန်ချန်က နောက်ဆုံးမှာ နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်စေသော ပုံစံဖြင့် တိုက်ခိုက်ကြမည်ဆိုလျှင် သူ့မှာ အခြေအနေအပေါ် အမြတ်ထုတ်ဖို့ အခွင့်အရေးတစ်ခု ရှိနေပေဦးမည်။
သို့သော်လည်း ယင်ထျန်သည် သူ၏ အကြံအစည်ကို ရိပ်မိနေပြီး သူ့ကို လင်းလောနှင့် တေ့ဆိုင်ပေးလိုက်၏။
လင်းလော၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက သန်မာမှု မရှိဘဲ သူ့ကို မခြိမ်းခြောက်နိုင်ပေ။
သို့သော်လည်း လင်းလော၏ လှုပ်ရှားမှု နည်းစနစ်က လျှို့ဝှက်ဆန်းကြယ်ပြီး ရွှေငှက်မွေးအနေဖြင့် သူမကို ဖိနှိမ်ဖို့ကလည်း အင်မတန် ခဲယဉ်းပေလိမ့်မည်။
နှစ်ဖက်စလုံးက အပေါ်ယံမှာ ပူးပေါင်းထားသော်လည်း သူတို့သည် တစ်ယောက်ကိုတစ်ယောက် အကောက်ကြံနေကြဆဲဖြစ်၏။
“ငါက ရွှေငှက်မွေးနဲ့ တိုက်ခိုက်ရမယ်ဆိုရင် ငါ့အနေနဲ့ ရုန်းထွက်ဖို့ မလွယ်ဘူး”
လင်းလောက တီးတိုးပြောဆိုလိုက်၏။
“နင်က ယင်ထျန်နဲ့ လန်ချန်ချန်ကို တိုက်ခိုက်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး… အခြေအနေက မကောင်းတော့ဘူး… ငါတို့ ဒီနေရာကနေ အရင်ဆုံး ထွက်သွားကြတာ ကောင်းမယ်”
“ဟားဟားဟားဟား”
ယင်ထျန်က ဟားတိုက်ရယ်မော၍ လန်ချန်ချန်နှင့်အတူ ခန်းမ၏ တစ်ဖက်တစ်ချက်စီကို စောင့်ကြည့်နေကြ၏။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“နင်တို့တွေ အခုချိန်မှာ ထွက်သွားဖို့က နောက်ကျလွန်းသွားပြီ”