← Chapters

ကြီးမားသောဆုံးရှုံးမှု

Vol. 161 Ch. 2409

ကြီးမားသောဆုံးရှုံးမှု

Vol. 161 Ch. 2409

ဆူဇီမို၏ ဖိနှိမ်ခြင်းခံလာရပြီးနောက် ယင်ထျန်နှင့် လန်ချန်ချန်၏ အမူအရာများက ပိုမို၍ပျက်ယွင်းလာ၏။

သူတို့နှစ်ယောက်လုံးမှာ တစ်ချိန်လုံးအသုံးမပြုခဲ့သည့် ဝှက်ဖဲတစ်ခုစီရှိလေသည်။

အဲဒါသည် သူတို့၏ နောက်ဆုံးမှီခိုအားထားရာဖြစ်ပြီး သူတို့သည် အခြားမည်သည့်ရွေးချယ်စရာမှ မရှိသရွေ့ အဲဒါကို အသုံးပြုလိမ့်မည်မဟုတ်ပေ။

တကယ်တော့ သူတို့နှစ်ယောက်စလုံးမှာ တူညီသောအတွေးများရှိနေကြ၏။

ဆူဇီမိုက တိုက်ပွဲမှာ အသာစီးရရှိလာသည်ဆိုလျှင်တောင် သူ့အနေဖြင့် သူတို့နှစ်ယောက်ကို ဖိနှိမ်ပြီး အနိုင်ယူနိုင်ဖို့က မလွယ်ကူပေ။

ဤတိုင်းဆက်သွားနေသည်နှင့်အမျှ သူတို့က အချိန်ဖြုန်းရမည်ဆိုလျှင်တောင် ဆူဇီမိုကို ခြေကုန်လက်ပန်းကျအောင် ပြုလုပ်နိုင်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေ... ဆူဇီမိုသည် နှစ်ယောက်တစ်ယောက်တိုက်ခိုက်နေရပြီး သူတို့နှစ်ယောက်စလုံးက ဧကရာဇ်မျိုးဆက်၏ မျိုးဆက်သွေးများကို ပိုင်ဆိုင်ထားကြ၏။ သူတို့၏ ကိုယ်ကာယများက သန်မာပြီး သူတို့၏ တောင့်ခံနိုင်စွမ်းက တုန်လှုပ်စရာကောင်းလေသည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ယောက်သည် တဖြည်းဖြည်းယုံကြည်မှုပျောက်ဆုံးလာ၏။

ဆူဇီမိုသည် သူတို့ကဲ့သို့ပင် ဒဏ်ရာတချို့ရရှိထားသော်လည်း သူ၏ ပြန်လည်ကုသနိုင်စွမ်းက အလွန်တရာမြန်ဆန်နေ၏။

ဒါ့အပြင် တိုက်ပွဲ၏ ဤအဆင့်အရောက်ထိ ဆူဇီမိုသည် အားမာန်ပြည့်ဝနေဆဲဖြစ်သည့်ပုံပေါ်၏။

တိုက်ခိုက်ချိန်ကြာမြင့်လာသည်နှင့်အမျှ သူက မည်သည့်ပင်ပန်းနွမ်းလျမှုမှမရှိဘဲ ပို၍ပြင်းထန်ကြမ်းတမ်းစွာပင် တိုက်ခိုက်လာ၏။

ထိုအစား သူတို့နှစ်ယောက်သည် သူတို့၏ သွေးချီထဲမှာ အားနည်းမှုကိုခံစားလာရပြီး အနိုင်နိုင်တောင့်ခံနေရ၏။

သူတို့နှစ်ယောက်က အနည်းငယ်ငေးငိုင်သွားသည်နှင့် သူတို့၏ လှုပ်ရှားမှုနည်းစနစ်များက နှေးကွေးသွားပြီး ဟာကွက်တစ်ခုထွက်ပေါ်လာပေမည်။

ထိုဟာကွက်က သူတို့နှစ်ယောက်အတွက် လျစ်လျူရှု၍ရသလောက်နီးပါးဖြစ်၏။

မည်သို့ပင်ဆိုစေ အဲဒါသည် မင်းသားနှင့် မင်းသမီး၏ ပူးပေါင်းတိုက်ခိုက်မှုဖြစ်၏။

အဲဒီမှာ ဟာကွက်တစ်ခုခု ပေါ်ထွက်လာမည်ဆိုလျှင်တောင် သူတို့က အဲဒါကို လျင်မြန်စွာဖာထေးနိုင်၏။

သို့သော်လည်း ဆူဇီမိုက အဲဒါကို ချက်ချင်းပင် အာရုံခံမိလိုက်ပြီး ဤအခွင့်အရေးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။

သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ အော်ရာက တလိပ်လိပ်ထိုးတက်ကာ ယင်ထျန်ကို မျက်ခြည်မပြတ်စောင့်ကြည့်နေ၏။

“မင်းငါ့ရှေ့မှာ ဘယ်လိုတောင်စိတ်အာရုံပျံ့လွင့်ရဲတာလဲ”

ဆူဇီမိုက မိုးကြိုးထစ်ချုန်းလိုအသံဖြင့် အော်ပြောလိုက်၏။

“ဟမ်...”

အခြေအနေမှအပြောင်းအလဲကို အာရုံခံမိသွားရင်း လန်ချန်ချန်က သူမ၏ ဧကရာဇ်မျိုးဆက်မှ အန္တိမနည်းစနစ် အဖြူရောင်ကျောက်စိမ်းနန်းတော်ကို အလောတကြီးဆင့်ခေါ်လိုက်၏။ သူမ၏ လက်တစ်ဖက်ကို ဝေ့ယမ်းပြီ ခမ်းနားထည်ဝါသော ရှေးဟောင်းမြို့တော်တစ်ခုက ပေါ်ထွက်လာကာ ဆူဇီမိုပေါ် ဖိကျလာ၏။

ဆူဇီမိုကို ခဏမျှတားဆီးပေးထားနိုင်သည်နှင့်အမျှ ယင်ထျန်က အန္တရာယ်ကနေ လွတ်မြောက်လာနိုင်ပေလိမ့်မည်။

ဆူဇီမိုသည် လန်ချန်ချန်၏ အန္တိမအနီးကပ်တိုက်ခိုက်ရည်နည်းစနစ်ကို လျစ်လျူရှုပြီး နဂါးတစ်ကောင်ကဲ့သို့ အပေါ်ကိုခုန်တက်လိုက်၏။ သူ၏ ခန္ဓာကိုယ်က လုံးလုံးလျားလျားဆန့်ထွက်သွားပြီး သူ၏ ခြေနှစ်ဖက်ကိုစုံလွှဲကာ ဆင်းသက်လာသောရှေးဟောင်းမြို့တော်ကို ဆန့်ကျင်ပစ်တိုက်မည့် စိုးမိုးခြယ်လှယ်၍ ကြမ်းကြုတ်ခက်ထန်သောစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

နဂါးအသူတရာချောက်နက်ကြယ်မှာတုန်းက ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်သည် နတ်နဂါးတစ်ကောင်၏ အလောင်းထဲသို့ ဝင်ရောက်ပြီး နဂါးမျိုးနွယ်၏ တိုက်ခိုက်ရေးအတတ်များစွာကို ထုတ်ဖော်ခဲ့၏။

အခြေခံအုတ်မြစ်အဖြစ် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ ဂမ္ဘီရကျင့်စဥ်နှင့်အတူ သူသည် ဤနှစ်များမှာ ဤတိုက်ခိုက်ရေးအတတ်များကို ကျွမ်းကျင်တတ်မြောက်နေခဲ့ပြီဖြစ်၏။

ယင်ထျန်နှင့် လန်ချန်ချန်၏ မျက်လုံးထဲမှာ ဆူဇီမိုသည် ပျောက်ကွယ်သွားပြီး သူ၏ နေရာမှာ နတ်နဂါးတစ်ကောင်က ပေါ်ထွက်လာပုံရ၏။

ဝုန်း...

နဂါးက ၎င်း၏ အမြီးကို လွှဲယမ်းပြီး ရှေးဟောင်းမြို့တော်နှင့် ပစ်တိုက်ကာ ကျယ်လောင်သောမြည်သံကို ထွက်ပေါ်လာစေ၏။

လန်ချန်ချန်က ဆတ်ခနဲတုန်ယင်သွားပြီး နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။

ဆူဇီမိုကတော့ သူသည် သိပ်သည်းပြင်းထန်သောကန်အားကို အသုံးချကာ ယင်ထျန်ရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာခဲ့၏။ သူကလက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး ယင်ထျန်၏ ပခုံးစွန်းနှစ်ဖက်ကို ဆောင့်ဆွဲလိုက်၏။

ချွင်... ချွင်...

ဆူဇီမိုက ဆေဘာများကဲ့သို့ထက်ရှ၍ အေးစက်အလင်းဖြင့်တောက်ပနေသော သူ၏ လက်သည်းချွန်ဆယ်ချောင်းကို ဆန့်ထုတ်လိုက်၏။

သူက တစ်ခဏမျှစိတ်အာရုံပျက်ယွင်းသွားရုံဖြင့် ဤကဲ့သို့သောကြမ်းကြုတ်ခက်ထန်သည့် တိုက်ခိုက်မှုတစ်ရပ်နှင့် ကြုံတွေ့ရလိမ့်မည်ဟု လူတိုင်းက မျှော်လင့်မထားပေ။

သူသည် ငေးငိုင်ရာကနေနိုးထလာစဥ် ဆူဇီမိုက အနားကို ချဥ်းကပ်လာခဲ့ပြီဖြစ်၏။ ချောက်ချားစရာကောင်း၍ သွေးဆာရက်စက်သောအော်ရာတစ်ခုက မွန်းကျပ်ဖွယ်ရာအော်ရာတစ်ခုဖြင့် တလိပ်လိပ်ထိုးတက်လာ၏။

ယင်ထျန်သည် ဆူဇီမို၏ မျက်လုံးအကြည့်နှင့် ဆုံမိသွားပြီး သူက ရင်တစ်ချက်ထိတ်သွား၏။

“အဲဒါတော့ဆိုးပြီ”

ယင်ထျန်က တုန်လှုပ်သွား၏။

အော်ရာ၊ စိတ်ဝိညာဥ်နှင့် နှလုံးသားချင်းယှဥ်ရာမှာ သူက အပြတ်အသတ်အရေးနိမ့်သွား၏။ သူက အဲဒါကို ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်ပေ။

ယင်ထျန်က ချက်ချင်းပင်တုံ့ပြန်ပြီး နောက်သို့ဆုတ်လိုက်၏။

တစ်ချိန်တည်းမှာပင် သူက လက်သီးနှစ်ဖက်ကိုဆုပ်ပြီး ဆူဇီမို၏ လက်နှစ်ဖက်ကို ပစ်ထိုးကာ အချိန်ဆွဲလို၏။ သို့သော်လည်း သူက မဆိုသလောက်နှေးကွေးသွားဆဲဖြစ်၏။

သူ၏ လက်ကိုမြှောက်လိုက်သည့်အချိန်မှာပင် ဆူဇီမို၏ လက်နှစ်ဖက်က သူ၏ ပခုံးစွန်းနှစ်ဖက်ပေါ်သို့ ဆင်းသက်သွားခဲ့ပြီဖြစ်၏။

ခုခံမှုတချို့အပြီး၌ ထက်ရှသောလက်သည်းများက သူ၏ အသားကို ထိုးဖောက်လာ၏။

ဖောက်...

လက်သည်းဆယ်ချောင်းက ယင်ထျန်၏ ပခုံးထဲသို့ နစ်ဝင်သွားပြီး သူ၏ အရိုးများကြားသို့ ထိုးဖောက်လိုက်၏။

“အင်း...”

ယင်ထျန်က ညည်းတွားအော်ဟစ်လိုက်၏။

သူမတုံ့ပြန်နိုင်ခင်မှာပင် သူ၏ မြင်ကွင်းက ဝေဝါးသွားပြီး နတ်မြင်းတစ်ကောင်ကဲ့သို့ ပုံရိပ်တစ်ခုက ရှေ့သို့တိုးဝင်လာ၏။

ဘန်း..

နောက်ခဏ၌ သိပ်သည်းပြင်းထန်သော ဖိအားတစ်ရပ်က သူ၏ ရင်ဘတ်ကိုပြင်းထန်စွာ ရိုက်ခတ်လာ၏။

ယင်ထျန်သည် သူ၏ ရင်ဘတ်မှာ အသိစိတ်ရှိဓမ္မရတနာတစ်ခုနှင့် တူညီသော နှလုံးကာကြေးမုံတစ်ချပ်ကို တပ်ဆင်ထား၏။

၎င်းမှာ အသိစိတ်ရှိမ္မရတနာတစ်ခု၏ စွမ်းအား မပါရှိသော်လည်း ၎င်းကိုပြုလုပ်ထားသည့်ပစ္စည်းက ဖျက်ဆီး၍မရနိုင်ဘဲ သိပ်သည်းပြင်းထန်သော အင်အားကို ပိတ်ဆို့တားဆီးပေးနိုင်၏။

အဲဒါကြောင့်မဟုတ်လျှင် ဆူဇီမို၏ ဒူးတိုက်ချက်က ယင်ထျန်၏ ရင်ဘတ်ကိုကြေမွကာ သူ၏ နှလုံးကို စုတ်ပြဲသွားစေပေလိမ့်မည်။

နှလုံးကာကြေးမုံက ဆူဇီမို၏ ဒူးတိုက်ချက်မှစွမ်းအားကို ခုခံပေးနိုင်သော်လည်း ၎င်းသည် ထိတွေ့မှုမှ ကြောက်စရာကောင်းသောရိုက်ချက်ကို မချေဖျက်ပေးနိုင်ပေ။

ယင်ထျန်၏ ခန္ဓာက အထိန်းအကွပ်မဲ့စွာဖြင့် နောက်သို့လန်ကျသွား၏။

သို့သော်လည်း သူ၏ ပခုံးစွန်းနှစ်ဖက်ကို ဆူဇီမို၏ လက်ချောင်းများက ထိုးစိုက်ကာဆွဲထား၏။

ဆူဇီမိုက ဒူးပစ်တိုက်လိုက်သည့်တစ်ချိန်တည်းမှာပင် ယင်ထျန်၏ ပခုံးစွန်းနှစ်ဖက်ကို သူ၏ လက်နှစ်ဖက်ဖြင့် ပြင်းထန်ကြမ်းတမ်းစွာ ဆောင့်ဆွဲလိုက်၏။

မတူညီသောစွမ်းအားနှစ်ခုက တစ်ချိန်တည်းမှာထွက်ပေါ်လာခြင်းသည် အလွန်တရာရက်စက်ကြမ်းတမ်းသည့် နောက်ပိုင်းအကျိုးဆက်များကို ဖြစ်ပေါ်လာစေနိုင်၏။

ဖောက်...

ယင်ထျန်၏ လက်တစ်ဖက်က ဆူဇီမို၏ ဆွဲဖြုတ်ခြင်းခံလိုက်ရ၏။

လတ်ဆတ်သောသွေးများက ပန်းထွက်လာပြီး ခန်းမက ဧကရာဇ်သွေးဖြင့် နီစွေးသွား၏။

“အား...”

ယင်ထျန်သည် ဒဏ်ရာအပြင်းအထန် ရရှိပြီးနောက် အလွန်တရာ နာကျင်နေသောအမူအရာဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

သူသည် ဤခန်းမထဲမှာ နတ်ဘုရားစွမ်းအား သို့မဟုတ် လျှို့ဝှက်အတတ်များကို အသုံးမပြုနိုင်သည့်အတွက် ပြတ်သွားသော သူ၏ လက်ကို ပြန်ပေါက်စေနိုင်မည် မဟုတ်ပေ။

သူ၏ ကျိုးပြတ်သွားသောလက်ကို လောလောဆယ်မှာ မကုသနိုင်ဘဲ သွေးများက ဆက်လက်၍ ပန်းထွက်နေ၏။

လန်ချန်ချန်က တုန်လှုပ်သွားပြီး သူမ၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွား၏။

ဖြစ်စဥ်တစ်ခုလုံးက ပြောရသည်မှာ နှေးကွေးသည်ဟုထင်ရသော်လည်း အဲဒါက တစ်ခဏအတွင်း ဖြစ်ပွားခဲ့၏။

သူမက ဆူဇီမို၏ နဂါးအမြီးရိုက်ချက်ကို ချေဖျက်ကာ ယင်ထျန်ကို ကူညီရန် ရှေ့သို့ပြေးဝင်တော့မည့်ဆဲဆဲမှာပင် ဤမြင်ကွင်းက ပေါ်ထွက်လာခဲ့​ပြီဖြစ်၏။

ဤအဆင့်တိုက်ပွဲတစ်ပွဲမှာ မည်သည့်အတိမ်းအစောင်းမှ အဖြစ်မခံနိုင်ပေ။

ခန်းမ၏ အခြားတစ်ဘက်မှာ တိုက်ခိုက်နေသည့် လင်းလောနှင့် ရွှေငှက်မွေးပင်လျှင် ဤအခြေအနေကို တွေ့မြင်သောအခါ တုန်လှုပ်သွားပြီး ယာယီအားဖြင့် ရပ်တန့်သွားကြ၏။

သည့်ယခင်က မင်းသားနှင့်မင်းသမီး၏ ပူးပေါင်းတိုက်ခိုက်မှုသည် နာမည်မရှိသောလူတစ်ယောက်ကြောင့် ဤအ​ခြေအနေထိ ဖိအားပေးခံရလိမ့်မည်ဟု ဘယ်သူက တွေးမိပါ့မလဲ။

ရွှစ်...

ရွှေငှက်မွေးက ရင်တလှပ်လှပ်ခံစားလာရ၏။

စောစောတုန်းက သူသည် နုနယ်ပုံရသော ဤစာပေသမားကို တိုက်ခိုက်လိုသည်ဟု စတင်၍အကြုံပြုခဲ့၏။

သူက ယခု အဲဒါကို ပြန်တွေးကြည့်ရင်း ယင်ထျန်က သူ့ကိုတားဆီးခဲ့သည်မှာ ကံကောင်းလှသည်ဟု တွေးမိနေ၏။

ဤလူသည် အပေါ်ယံမှာ စာပေသမားဆန်၍ တိတ်ဆိတ်ငြိမ်သက်သည့်ပုံပေါ်သော်လည်း သူတိုက်ခိုက်သည့်အခါ ဤမျှအထိရက်စက်ကြမ်းတမ်းပြီး ကြောက်စရာကောင်းနေသည်ဆိုတော့...။

ယင်ထျန်က မင်းသားတစ်ပါးဖြစ်၏။ ရွှေငှက်မွေး သူ့ကိုဖိနှိမ်နိုင်မည်ဆိုလျှင်တောင် သူက စိုးရိမ်ပူပန်နေရပြီး ထိုသူကို ထိခိုက်အောင်လုပ်ရဲလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဤလူက မည်သည့်စာနာထောက်ထားမှုမှမရှိဘဲ ယင်ထျန်၏ လက်ကို ဆွဲဖြုတ်ပစ်ခဲ့၏။

သူက ဤလူနှင့် ရင်ဆိုင်ရမည်ဆိုလျှင် နေရာမှာပင် သေရပေလိမ့်မည်။

ယင်ထျန်က သူ၏ လက်ကို ဆုံးရှုံးသွားသော်လည်း သူက ဤအခွင့်အလမ်းကို ချိန်ဆကာ အဝေးသို့ပြေးထွက်ပြီး ဆူဇီမို၏ လိုက်လံတိုက်ခိုက်ခြင်းကနေ ယာယီအားဖြင့် ရှောင်လွှဲနိုင်ခဲ့၏။ သူက ကြောက်မက်ဖွယ်ရာကောင်းသောအမူအရာဖြင့် ဆူဇီမိုကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်နေ၏။

ဆူဇီမိုက ယင်ထျန်၏ နောက်သို့ ပြေးလိုက်သွားခြင်း မရှိပေ။

နှစ်ဘက်စလုံးက အတော်အတန်ကွာဝေးနေကြ၏။ သူက ယင်ထျန်နောက်သို့ ပြေးလိုက်သွားမည်ဆိုလျှင် လန်ချန်ချန်က အခွင့်အလမ်းကိုချိန်ဆကာ ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို အရယူသွားပေလိမ့်မည်

ထိုသို့အတွေးဖြင့် ဆူဇီမိုက သူ၏ နောက်ဘက်မှာရှိသော လန်ချန်ချန်ဘက်သို့လှည့်ကာ ပြေးဝင်သွား၏။

“နင်...”

လန်ချန်ချန်သည် သူမ၏ စိတ်ကို မတည်ငြိမ်နိုင်သေးခင်မှာပင် ဆူဇီမိုသည် ဆာလောင်နေသော ကြမ်းကြုတ်တောကောင်တစ်ကောင်ကဲ့သို့ သူမထံသို့ ပြေးဝင်လာသည်ကို တွေ့မြင်လိုက်ရ၏။ သူမက တုန်လှုပ်၍ ဒေါသချောင်းချောင်းထွက်သွား၏။

စောစောက သူမသည် ယင်ထျန်နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့စဥ်မှာတောင် သူတို့က ဤလူကို အနိုင်မရခဲ့ပေ။

ယခုသူမက ဆူဇီမိုကို တစ်​ယောက်တည်းရင်ဆိုင်နေရပြီး သူမက ကြောက်ရွံ့ထိတ်လန့်လာ၏။

ဆူဇီမိုသည် ယခုတင်ယင်ထျန်၏ လက်ကို ဆွဲဖြုတ်ခဲ့ပြီ တားဆီး၍မရသော သိပ်သည်းပြင်းထန်သည့်အော်ရာတစ်ခုနှင့်အတူ ကြမ်းကြုတ်ခက်ထန်စွာပြေးဝင်လာ၏။

လန်ချန်ချန်ပင်လျှင် သူ့ကိုရှောင်လွှဲရပေမည်။

သို့သော်လည်း ဆူဇီမိုက သူမကို မထိမခိုက်လွတ်မြောက်ခွင့်မပေးလိုပေ။

ကျင့်ကြံရေးလောကတွင် တိုက်ပွဲတစ်ခုမှာ အမျိုးသမီးများအပေါ် သနားညှာတာမှုဆိုတာမရှိပေ။

All Chapters