အစစ်အမှန်ကျောက်စိမ်းကျမ်း
Vol. 161 Ch. 2411
ရွှေရောင်ချပ်ဝတ်ဘီလူး၏ ဓားနည်းစနစ်က အားပါပြင်းထန်ပြီး အဖြူရောင်ဝတ်ပုံရိပ်က အဲဒါကို ထိပ်တိုက်ရင်မဆိုင်နိုင်ပေ။
သို့သော်လည်း အဖြူရောင်ဝတ်ပုံရိပ်ယောင်၏ ဓားအလင်းတန်းက လျှို့ဝှက်ဆန်းကြယ်၍ မိန်းမဆန်ပြီး နူးညံ့သိမ်မွေ့သောအင်အားတစ်ရပ်ကို ထုတ်ဖော်ကာ ရွှေရောင်ချပ်ဝတ်ဘီလူး၏ ဧရာမဓားကို တွန်းကန်ထုတ်လိုက်၏။
အဲဒါကို ပကတိအင်မော်တယ်များကြားတိုက်ပွဲတစ်ခုအဖြစ် သတ်မှတ်နိုင်နေပြီဖြစ်၏။
အစကတော့ ဆူဇီမိုသည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကိုရရှိဖို့ အခွင့်အရေးအများဆုံးဖြစ်ခဲ့၏။
ယင်ထျန်နှင့် လန်ချန်ချန်က သူတို့၏ ဝှက်ဖဲများကို ထုတ်ဖော်လိုက်ပြီးနောက် အခြားမည်သူကမှ အဲဒါကို လုံးဝယှဉ်မလုတော့ပေ။
မလှမ်းမကမ်းမှာ မတ်တတ်ရပ်ရင်း ဆူဇီမိုက ရှေ့သို့မဆင်မခြင်တက်လှမ်းရဲခြင်းမရှိပေ။
ရွှေရောင်ချပ်ဝတ်ဘီလူးဖြစ်စေ၊ အဖြူရောင်ဝတ်ပုံရိပ်ယောင်ဖြစ်စေ သူတို့က သူ့ကို အနိုင်ယူနိုင်၏။
စောစောက သူထုတ်ဖော်ခဲ့သောလျှို့ဝှက်ဆန်းကြယ်သည့် ခြေနင်းကွက်သည် ကျဥ်းထဲကျပ်ထဲမှာ ကြံမိကြံရာကြံရင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ယခုအချိန်မှာ သူက အဲဒါကို ပြန်လည်မထုတ်ဖော်နိုင်တော့ပေ။
ချွင်... ချွင်...ချွင်...
ရွှေရောင်ချပ်ဝတ်ဘီလူးနှင့် အဖြူရောင်ဝတ်ပုံရိပ်ယောင်က အဆက်မပြတ်တိုက်ခိုက်ဖလှယ်လိုက်ကြ၏။
ခန်းမထဲမှာ ဓားအလင်းများက ယှက်ဖြာ၍ မီးပွားများက တဖွားဖွားစင်ထွက်လာ၏။
သတ်ဖြတ်လိုစိတ်က အေးစက်နေသောစိတ်ဆန္ဒတစ်ခုနှင့်အတူ ဖြန့်ကြက်ထွက်ပေါ်လာ၏။
ဘုန်း...
သူတို့နှစ်ယောက်ကြားတိုက်ပွဲက အဘက်ဘက်ကို ဖြန့်ကြက်သွားပြီး ကျောက်စားပွဲက လဲပြိုကျသွားသည်။
ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက အပေါ်ကိုကန်ထွက်လာခဲ့သည်။
ယင်ထျန်နှင့် လန်ချန်ချန်၏ မျက်လုံးများက ဝင်းလက်သွား၏။
တစ်ချိန်တည်းနီးပါးမှာပင် ရွှေရောင်ချပ်ဝတ်ဘီလူးနှင့် အဖြူရောင်ဝတ်ရိပ်ယောင်က သူတို့၏ လက်များကို ဆန့်ထုတ်လိုက်ကြ၏။
သူတို့နှစ်ယောက်စလုံးသည် စာလိပ်၏ အစွန်းတစ်ဖက်စီကို ကိုင်ဆွဲရင်း ဓားများကို ကိုင်ဆွဲထားသော သူတို့၏ လက်များဖြင့် ကြမ်းတမ်းစွာတိုက်ခိုက်လိုက်ကြ၏။
ဘုန်း...
ဓားနှစ်လက်က သိပ်သည်းပြင်းထန်သောအင်အားဖြင့် ထိတွေ့ရိုက်ခတ်ပြီး ပုံရိပ်နှစ်ခုက တစ်ချိန်တည်းမှာပင် နောက်သို့ဆုတ်ခွာသွားကြ၏။
လေထဲမှာရှိသော ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက စွမ်းအားနှစ်ခု၏ ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိတော့ဘဲ ဆုတ်ဖြဲသွားသောအသံနှင့်အတူ နှစ်ပိုင်းပြတ်ထွက်သွား၏။
ရတနာသူတော်စင်ကျောက်စိမ်းကျမ်းတစ်ဝက်ကို ဆုပ်ကိုင်ထားသည့် ရွှေရောင်ချပ်ဝတ်ဘီလူးက ယင်ထျန်၏ ဘေးနားသို့ ရောက်ရှိလာခဲ့၏။
အခြားသောတစ်ဝက်ကိုဆုပ်ကိုင်ထားသည့် အဖြူရောဝတ်ပုံရိပ်ယောင်ကလည်း လန်ချန်ချန်၏ ဘေးနားသို့ ရောက်ရှိလာပြီး သူမထံကမ်းပေးလိုက်၏။
“ဟမ်...”
ယင်ထျန်သည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းတစ်ဝက်ကို ပျက်ယွင်းနေသောအမူအရာဖြင့် ဆုပ်ကိုင်လိုက်၏။
လန်ချန်ချန်ကလည်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သို့သော်လည်း တစ်ဝက်ကိုရရှိခြင်းက လက်ဗလာနှင့်ပြန်ရခြင်းထက် ပို၍ကောင်းမွန်လေသည်။
ဒါ့အပြင် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းတစ်ဝက်နှင့်အတူ သူမသည် ယင်ထျန်နှင့်အတူ အဲဒါကို တစ်ခုတည်းအဖြစ်ပေါင်းစည်းဖို့ ညှိနှိုင်းနိုင်မည်ဖြစ်သည်။
သူတို့နှစ်ယောက်စလုံးက နှစ်ဦးနှစ်ဘက်အကျိုးရှိသောပုံစံဖြင့် အဲဒါကို ကျင့်ကြံနိုင်မည်ဖြစ်သည်။
ဤကိစ္စကို အလောတကြီး လုပ်စရာမလိုပေ။
ဆူဇီမိုသည် လက်ရှိအခြေအနေကို တွေ့မြင်သောအခါ သူက ထွက်ခွာဖို့ပြင်လိုက်သည်။
သူသည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို မရရှိခဲ့သော်လည်း သူသည် ဤခရမ်းစဥ်မှာ အကျိုးအမြတ်ကြီးမားစွာရရှိခဲ့၏။ သူသည် ဗောဓိစေ့အပါအဝင် သူ၏ ကျင့်ကြံမှုကို အလွန်တရာအထောက်အကူဖြစ်စေမည့် ရတနာများစွာကိုလည်း ရရှိထားခဲ့၏။
ထိုစဥ်မှာပင် ယင်ထျန်က ဆူဇီမိုဘက်သို့ ရုတ်တရက်လှည့်ကြည့်လိုက်၏။ သူက သူ့ရင်ထဲရှိ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားဘဲ အေးစက်စွာ ပြောလိုက်၏။
“ဆူဇီမို... ငါ့ရဲ့ပြတ်သွားတဲ့လက်အတွက် မင်းပြန်ပေးဆပ်ရမယ့်အချိန်ပဲ”
လန်ချန်ချန်ကလည်း မလှမ်းမကမ်းမှာရှိသော ဆူဇီမိုကို လှည့်ကြည့်လာခဲ့၏။
မင်းသားနှင့် မင်းသမီး၏ သတ်ဖြတ်လိုစိတ်များက ထွက်ပေါ်လာကြ၏။
သူတို့မှာ မြင့်မြတ်သောအဆင့်အတန်းများရှိပြီး သူတို့သည် သူတို့ကျင့်ကြံမှု၏ ဤအဆင့်ထိ အန္တရာယ်များစွာနှင့် ကြုံတွေ့ခဲ့ဖူးသော်လည်း သူတို့သည် အဆင့်တူခြင်းမှာ အခြားသောကျင့်ကြံသူများ၏ ဆိုးဆိုးဝါးဝါးအနိုင်ယူခြင်းကို ဘယ်တုန်းကမှ မခံခဲ့ရဖူးပေ။
ဒါ့အပြင် သူတို့နှစ်ယောက်က ပူးပေါင်းခဲ့ပြီး တစ်ဘက်လူက သူတို့ထက်ကျင့်ကြံမှု အဆင့်နှစ်ဆင့်ပင် ပိုမိုနိမ့်ကျနေ၏။
ဆူဇီမိုက ဤနေရာကနေ အသက်ရှင်လျက်ထွက်သွားမည်ဆိုလျှင် အဲဒါသည် သူတို့နှစ်ယောက်အတွက် ကြီးမားစွာအရှက်ရမှုဖြစ်ပေလိမ့်မည်။
ဖြစ်နိုင်လျှင် ယင်ထျန်သည် ရွှေငှက်မွေးနှင့် လင်းလောအပါအဝင် ဤကိစ္စကို သိရှိထားသည့် လူတိုင်းကို သတ်ဖြတ်လို၏။
ရုတ်တရက်ဆိုသလို...
ယင်ထျန်နှင့် လန်ချန်ချန်၏ လက်ထဲရှိ ရတနာသူတော်စင်ကျောက်စိမ်းကျမ်းတစ်ဝက်စီက သူတို့ဆုတ်ဖြဲခံလိုက်ရသောနေရာကနေ ဂမ္ဘီရအလင်းတစ်ခုစီဖြင့် တောက်ပလာခဲ့၏။
ဂမ္ဘီရအလင်းက အင်အင်းကြီမားသော စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်ပြီး သူတို့၏ နှစ်ယောက်၏ ဘေးပတ်လည်မှာရှိသော လေထုကို ဆုတ်ဖြဲပစ်လိုက်၏။ လေဟာနယ်က လဲပြိုကျသွားပြီး နက်မှောင်နေသောတွင်းပေါက်တစ်ခုကို ပေါ်ထွက်လာစေ၏။
“ဒါက...”
ယင်ထျန်နှင့် လန်ချန်ချန်က အံ့အားသင့်မှင်တက်သွား၏။
“အာကာသဥမင်လား”
ထို့နောက်ချက်ချင်းပင် ယင်ထျန်က တုံ့ပြန်ပြီး ထိတ်လန့်တကြားရေရွတ်လိုက်၏။
နောက်ခဏ၌ အနက်ရောင်တွင်းက သိပ်သည်းပြင်းထန်သောစုပ်ယူအားတစ်ခုကို ထုတ်ဖော်ပြီး ယင်ထျန်နှင့် သူ၏ ဘေးမှာရှိသော ရွှေရောင်ချပ်ဝတ်ဘီလူးကို ဆွဲယူသွင်းလိုက်၏။
“မလုပ်နဲ့”
ယင်ထျန်က အော်ပြောလိုက်ပြီး လှုပ်ရှားရုန်းကန်ချင်၏။
ကံဆိုးစွာနှင့် နောက်ကျသွားခဲ့ပြီဖြစ်၏။
အာကာသဥမင်က သူနှင့် ရွှေရောင်ချပ်ဝတ်ဘီလူးကို တဖြည်းဖြည်းဝါးမျိုပြီး ပျောက်ကွယ်သွား၏။
အခြားတစ်ဘက်မှာ လန်ချန်ချန်နှင့် ရွှေရောင်ဝတ်ပုံရိပ်ယောင်ကလည်း အာကာသဥမင်တစ်ခုထဲသို့ စုပ်ယူသွင်းခံလိုက်ရပြီး သိပ်မကြာခင် ခန်းမထဲကနေ ပျောက်ကွယ်သွား၏။
တစ်ခဏချင်းမှာပင် ဘာမှမဖြစ်ပျက်ခဲ့သည့်အလား လေဟာနယ်က ပြန်လည်ကောင်းမွန်သွား၏။
ခန်းမထဲမှာ လူသုံးယောက်သာလျှင်ကျန်တော့၏။
ဆူဇီမို၊ လင်းလောနှင့် ရွှေငှက်မွေး။
ဆူဇီမိုနှင့် လင်းလောက အတွေးနက်စွာဖြင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ကြ၏။
ရွှေငှက်မွေး၏ မျက်လုံးက တဖျပ်ဖျပ်ဖြစ်သွား၏။
သူသည် ဆူဇီမိုနှင့် လင်းလော ပူးပေါင်းထားသည်ကိုမပြောနှင့် ဆူဇီမိုတစ်ယောက်တည်းကိုပင် အနိုင်မရနိုင်ပေ။
စောစောက ဆူဇီမို၏ သတ်ဖြတ်ရာမှာပြတ်သားပုံကို ရွှေငှက်မွေးမြင်တွေ့ခဲ့သောအခါ သူကအလွန်တရာထိတ်လန့်နေခဲ့၏။ ဆူဇီမိုက ယခုအချိန်မှာတုံ့ပြန်၍ သူ့ကို ဤနေရာမှာသတ်ဖြတ်လိုက်မည်ကို စိုးရိပ်လာပြီး သူက သူ၏ သိုလှောင်အိတ်ထဲကနေ ပို့ဆောင်ရေးအဆောင်တစ်ခုကိုထုတ်ယူကာ အဲဒါကိုချိုးခြေလိုက်၏။
“ဟမ့်...”
ရတနာသူတော်စင်ကျောက်စိမ်းကျမ်းတဲ့လား... အဲဒါက အလကားသက်သက် လှည့်စားမှုတစ်ခုပဲ”
ထိုသို့ပြောရင်းရွှေငှက်မွေးက အာကာသဥမင်ထဲသို့ တိုးဝင်ပျောက်ကွယ်ကာ ထွက်ခွာသွားသည်။
ဆူဇီမိုနှင့် လင်းလောသာလျှင် ခန်းမထဲမှာ ကျန်ရစ်ခဲ့၏။
သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီး ရယ်မိသွားကြ၏။
“စောစောက ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက အစစ်မဟုတ်လောက်ဘူး”
ဆူဇီမိုက လေးနက်စွာပြောလိုက်၏။
“အဲဒါက ကြီးမားတဲ့ပို့ဆောင်ရေးအဆောင်တစ်ခုပဲဖြစ်လိမ့်မယ်... ယင်ထျန်နဲ့ လန်ချန်ချန်က အဲဒါကိုဆုတ်ဖြဲလိုက်တော့ သူတို့တွေက ဘယ်ဆီဘယ်ဝယ်မသိရတဲ့နေရာတွေဆီကို သီးခြားပို့ဆောင်ခံလိုက်ရတာပဲ”
လင်းလောကလည်း ခေါင်းညိတ်လိုက်၏။
“အဲဒီကျောက်စိမ်းကျမ်းက အစစ်မဟုတ်ဘူးဆိုရင် အစစ်က ဘယ်မှာလဲ... အဲဒါက ဒီနေရာမှာပဲရှိနေဦးမယ်ထင်တယ်”
ဆူဇီမိုက ခဏမျှးစဥ်းစားတွေးတောပြီးပြောလိုက်၏။
“အဲဒါနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေသုံးခုရှိတယ်... ပထမတစ်ချက် စောစောက ရွှေငှက်မွေးပြောခဲ့သလိုပဲ အဲဒါက လှည့်စားမှုတစ်ခုဖြစ်လိမ့်မယ်.. အဲဒါက အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာဖန်တီးခဲ့တဲ့ ဟာသတစ်ခုထက်ပိုမှာ မဟုတ်ဘူး”
“တကယ်တော့... အဲလိုဖြစ်လိမ့်မယ်လို့တော့ ကျုပ်မထင်ဘူး... အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာက ဒုက္ခအများကြီးခံပြီး ပြီးခဲ့တဲ့ခန်းမတွေထဲမှာ အဖိုးတန်တဲ့ရတနာတွေကိုချန်ထားခဲ့တယ်... သူ့အနေနဲ့ အရေးကြီးဆုံး ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကိုမှ ဒီလိုမျိုးဟာသလုပ်စရာတော့မလိုဘူး”
လင်းလောက ပြောလိုက်၏။
“ဒုတိယဖြစ်နိုင်ခြေကတော့... စောစောက ကျွန်မပြောခဲ့သလိုပဲ ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက ဒီနေရာမှာပဲရှိနေဦးမယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
လင်းလောက မေးလိုက်၏။
“တတိယဖြစ်နိုင်ခြေကရောဘာလဲ”
ဆူဇီမိုက ပြောလိုက်လေသည်။
“တတိယဖြစ်နိုင်ခြေကတော့ ယင်ထျန်နဲ့ လန်ချန်ချန်က ရတနာသူတော်စင်ကျောက်စိမ်းကျမ်းရှိမယ့်နေရာကို ပို့ဆောင်ခံလိုက်ရတာပဲ”
လင်းလောက နားလည်သဘောပေါက်သွားပြီး ညင်သာစွာပြောလိုက်၏။
“အဲဒါလည်းဖြစ်နိုင်တာပဲ... ဘာပဲဖြစ်ဖြစ် ဒီနေရာမှာအရင်ဆုံး ရှာဖွေကြည့်ရမယ်”
ဆူဇီမိုက ပြုံးပြလိုက်၏။
“ကျုပ်တို့တွေက ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ရှာမတွေ့နိုင်ဘူးဆိုရင်တောင် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေသက်သက်နဲ့ တည်ဆောက်ထားတဲ့ ဒီဧရာမနန်းတော်က အလွန်ကြီးမားတဲ့ အကျိုးအမြတ်ပဲ”
သူတို့နှစ်ယောက်က ခန်းမထဲမှာလူခွဲပြီး နေရာတိုင်းကို လိုက်လံရှာဖွေလိုက်ကြသည်။ နေ့တစ်ဝက်နီးပါး အကြာမှာ သူတို့သည် ခန်းမတစ်ခုလုံးကို မွှေနှောက်ခဲ့ပြီးပြီဖြစ်သော်လည်း ရတနာသူတော်စင်ကျောက်စိမ်းကျမ်း၏ မည်သည့်အရိပ်အယောင်ကိုမှ ရှာမတွေ့ပေ။
သူတို့နှစ်ယောက်က နောက်တစ်ဖန်ပြန်ဆုံပြီး ခန်းမ၏ အပြင်ဘက်ကို ထွက်လာခဲ့ကြသည်။
လင်းလောက ခါးသီးစွာပြုံးလိုက်၏။
“ရှင်ပြောတာမှန်နေပြီနဲ့တူတယ်... ယင်ထျန်နဲ့ လန်ချန်ချန်က ရတနာသူတော်စင်ကျောက်စိမ်းကျမ်းရှိတဲ့နေရာကို ပို့ဆောင်ခံလိုက်ရတာဖြစ်မယ်”
ဆူဇီမိုက နှုတ်ဆိတ်နေ၏။
လင်းလောက ညင်သာစွာသက်ပြင်းချလိုက်၏။
“နှမြောစရာပဲ... တကယ်ဆိုကျောက်စားပွဲပေါ်က ပို့ဆောင်ရေးအဆောင်ကိုရသင့်တဲ့သူက ရှင်ပဲ... ဒါပေမဲ့ အဲဒါကို သူတို့နှစ်ယောက်က လုယူသွားခဲ့တယ်”
ထိုစဥ်မှာပင် ဆူဇီမိုနှင့်လင်းလောသည် သူတို့၏ ဘေးပတ်လည်မှာ တလိပ်လိပ်တိုးဝင်လာသည့် လျှို့ဝှက်ဆန်းကြယ်၍ စွမ်းအားကြီးမားသော အင်အားတစ်ရပ်ကို ရုတ်တရက်ခံစားလိုက်ရ၏။
ခဏမျှမူးဝေထုံထိုင်းသွားပြီးနောက် သူတို့နှစ်ယောက်သည် လျှို့ဝှက်ကုန်းမြေကနေ ထွက်ခွာလာခဲ့မိကြပြီဖြစ်၏။
ထို့နောက်ချက်ချင်းပင် လျှို့ဝှက်ကုန်းမြေက သူတို့၏ မျက်စိရှေ့မှာ အဆက်မပြတ်ပြောင်းလဲသွား၏။ အဲဒါက ကျုံ့ဝင်၍သိပ်သည်းကျစ်လစ်လာပြီး လွင့်မျောနေသောအစိမ်းရောင်အလင်းလုံးတစ်လုံးအဖြစ် တဖြည်းဖြည်းပြောင်းလဲကာ ဆူဇီမို၏ ရှေ့မှာရပ်တန့်သွားလေသည်။