← Chapters

စင်ကြယ်ခံ့ညားကောင်းကင်ဘုံ

Vol. 161 Ch. 2412

စင်ကြယ်ခံ့ညားကောင်းကင်ဘုံ

Vol. 161 Ch. 2412

“အဲဒါဘာလဲ”

လင်းလောက အလိုလိုလက်လှမ်းပြီး အဲဒါကိုထိဖို့ကြိုးစားလိုက်သည်။

သူမ၏ လက်ဖဝါးက အစိမ်းရောင်အလင်းလုံးနှင့် ထိတွေ့မိသည့်ခဏမှာပင် သူမသည် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူမ၏ လက်ဖဝါးကို အလောတကြီးပြန်ရုတ်လိုက်၏။

လင်းလောက ဘေးမှာရှိသောဆူဇီမိုကိုကြည့်ပြီး လျှာကိုတစ်လစ်ထုတ်ကာပြောလိုက်၏။

“ဒီပစ္စည်းက ကျွန်မကို အထိမခံဘူး”

ဆူဇီမိုကလည်း တွေဝေသွား၏။

သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းပြီး သူက အာရုံစိုက်၍ကြည့်လိုက်၏။

အစိမ်းရောင်အလင်းလုံးအတွင်းမှာ ဝါးစာလိပ်တစ်လိပ်က. ခပ်ရေးရေးလွင့်မျောနေပြီး လျှို့ဝှက်ဆန်းကြယ်သောအရောင်အဝါတစ်ခုကို ဖြာထုတ်ပေးနေသည်။

ဆူဇီမိုသည် အကဲစမ်းသည့်ပုံစံဖြင့် သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီးနောက် သူ့လက်က မည်သည့်ခုခံမှုကိုမှမခံစားရဘဲ အစိမ်းရောင်အလင်းလုံးထဲသို့ ရောက်ရှိသွား၏။

ထို့နောက် သူသည် အစိမ်းရောင်အလင်းလုံးထဲမှ ဝါးစာလိပ်တစ်လိပ်ကိုဆွဲယူလိုက်ပြီး ပထမဝါးချပ်ပေါ်တွင် စကားလုံးလေးလုံးရေးထားသည်ကိုတွေ့လိုက်ရ၏။

ရတနာ သူတော်စင် ကျောက်စိမ်း ကျမ်း...။

“အဲဒါက ရတနာသူတော်စင်ကျောက်စိမ်းကျမ်းပဲ”

လင်းလောက ထိုစကားလုံးများကို တွေ့မြင်သောအခါ အံ့အားတသင့်ရေရွတ်လိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။

လင်းလော၏ မျက်လုံးများက အားကျမှုကို ထုတ်ဖော်ပြသလာ၏။

“တာအိုရောင်းရင်းဆူ... ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက ရှင့်ကို သူ့သခင်အဖြစ် အသိအမှတ်ပြုလိုက်ပြီဆိုတာ သိသာနေပြီ... အဲဒါကရှင့်ရဲ့အခွင့်အရေးပဲ”

“အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”

ဆူဇီမိုကလည်း ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ရရှိသည့်အတွက် ကျေနပ်သဘောကျသွား၏။

သို့သော်လည်း အဲဒီမှာ သူနားမလည်သည့်အရာများစွာရှိနေဆဲဖြစ်၏။

ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက သူ့ကိုဘာကြောင့် သခင်အဖြစ် အသိအမှတ်ပြုလိုက်တာလဲ။

စောစောက သူတို့ရောက်ရှိခဲ့သော လျှို့ဝှက်ကုန်းမြေက ဘယ်နေရာမှာလဲ။

ထိုလျှို့ဝှက်ကုန်းမြေသည် သူ့ရှေ့မှာရှိသော ရတနာသူတော်စင်ကျောက်စိမ်းကျမ်းနှင့် ဘယ်လိုပတ်သက်နေသလဲ။

ဆူဇီမိုက ရတနာသူတော်စင်ကျောက်စိမ်းကျမ်းထဲသို့ သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုထိုးသွင်းပြီး သတင်းအချက်အလက်များကို လက်ခံရရှိလိုက်သည်။

အတန်ကြာပြီးနောက်သူက နားလည်သဘောပေါက်လာခဲ့ပြီး တီးတိုရေရွတ်လိုက်၏။

“ငါသိပြီ”

“တာအိုရောင်းရင်း... ဘာတွေဖြစ်နေတာလဲ ကျွန်မကိုမြန်မြန်ပြောပြပါဦး”

လင်းလောက ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို မရရှိသည့်အတွက် အနည်းငယ်စိတ်ပျက်နေသော်လည်း သူမက သိချင်စိတ်ကို မချုပ်တည်းနိုင်ဘဲ မေးမြန်းလိုက်၏။

ဆူဇီမိုက ပြောလိုက်၏။

“အဲဒါက သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းရဲ့ လျှို့ဝှက်အတတ်တစ်ခုနဲ့ ပတ်သက်နေတယ်”

ထိုနေရာအရောက်မှာ လင်းလောက ရုတ်တရက်ခေါင်းခါပြီး စကားဖြတ်ပြောလိုက်၏။

“အဲဒါက လျှို့ဝှက်ချက်ဆိုမှတော့... ရှင်အဲဒါကို မပြောတာပိုကောင်းလိမ့်မယ်... ကျွန်မက သိချင်တယ်ဆိုပေမယ့် ဒီလိုကိစ္စမျိုးတွေက အလွယ်တကူထုတ်ဖော်ပြောလို့မရဘူးဆိုတာ ကျွန်မသိပါတယ်”

“အဲဒါက ဘာမှမဖြစ်ပါဘူး... မင်းဆီကနေ အဲဒါကို ကွယ်ဝှက်ထားစရာမလိုပါဘူး”

ဆူဇီမိုက လင်းလောကိုကြည့်ပြီး ညင်သာစွာပြုံးပြလိုက်၏။

လင်းလော၏ ကျင့်ကြံမှုက သူ့ထက်ပိုမိုမြင့်မားသော်လည်း သူမသည် အသက်မကြီးသေးဘဲ ငယ်ရွယ်သောမိန်းကလေးတစ်ဦး၏ အပြစ်ကင်းစင်မှုကို ပိုင်ဆိုင်ထား၏။

ဆူဇီမို၏ မျက်လုံးထဲမှာ သူမသည် ရှောင်းနင်ကဲ့သို့ ညီမလေးတစ်ယောက်နှင့်ပိုတူနေ၏။

လင်းလော၏ နောက်ခံကြောင့် ဆူဇီမိုသည် သူမနှင့် ပိုမိုရင်းနှီးသည်ဟုခံစားရပြီး သူမကို ယုံကြည်လေသည်။

ရှောင်းနင်အကြောင်းတွေးမိချိန်မှာ ဆူဇီမိုသည် လွမ်းမောဖွယ်ရာခံစားချက်တစ်ခုကို ရရှိလာ၏။

ထိုသို့ဖြင့် သူသည် ညဝိညာဥ်၊ မျောက်၊ လင်းရွှမ်ကျီနှင့် ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းများကို ပြန်လည်အမှတ်ရသွား၏။ ဆူဇီမိုက အဝေးတစ်နေရာကို ငေးငိုင်စွာဖြင့်ကြည့်နေ၏။

သူတို့မျိုးဆက်မှာ ထျန်ဟွမ်ကုန်း​မြေတိုက်ကနေတက်လှမ်းလာခဲ့သော မိတ်ဆွေဟောင်းများစွာရှိလေသည်။

သို့သော်လည်း သူသည် ယန်ပေးချန်၊ မင်းကျန်နှင့်သာ ဆုံတွေ့ရသေးသည်။ အခြားသူများ၏ မည်သည့်သတင်းမှ ရောက်ရှိမလာဘဲ သူတို့၏ ကံကြမ္မများကို မသိရပေ။

လင်းလောသည် ဆူဇီမို၏ မျက်နှာပေါ်မှ ထူးဆန်းသောအမူအရာကို တွေ့မြင်သောအခါ သူမက သူ့ကို အနှောက်အယှက်မပေးဘဲ ဘေးကနေတိတ်တဆိတ်စောင့်ဆိုင်းနေ၏။

ခဏနေပြီးနောက် ဆူဇီမိုက ငေးင်ိုင်ရာကနေ နိုးထာလာပြီး ဘေးဘက်မှာရှိသောလင်းလောကို ကြည့်ကာ တောင်းပန်သည့်အနေဖြင့် ပြောလိုက်၏။

“တောင်းပန်ပါတယ်... ငါက အတိတ်အကြောင်းနဲ့ မိတ်ဆွေဟောင်းတချို့အကြောင်းကို စဥ်းစားမိသွားတယ်”

“ရှင်က အဖေနဲ့သိတယ်ဆိုမှတော့... ရှင်ကလဲ ထျန်ဟွမ်ကုန်းမြေတိုက်ကလာတာပဲဖြစ်ရမယ်... ဟုတ်တယ်မလား”

လင်းလောက ယခင်မြင်ကွင်းကို ပြန်လည်အမှတ်ရသွားပြီး မေးလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်”

လင်းလောက ဆူဇီမိုကို လေးနက်စွာဦးညွှတ်လိုက်၏။

“တာအိုရောင်းရင်းဆူ... ဘယ်လိုပဲဖြစ်ဖြစ် ရှင်ကကျွန်မကို အင်မော်တယ်ဆေးလုံးရအောင်ကူညီပေးပြီး အသောကသစ်သီးကိုပါ ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

ဆူဇီမိုက ရှေ့ကိုအလောတကြီးတက်လှမ်းပြီး သူမကို ထူမပေးကာ တည်တံစွာဖြင့်ပြောလိုက်၏။

“စီနီယာလူသားဧကရာဇ် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်းအရင်းက သူက... ထျန်ဟွမ်ကုန်းမြေတိုက်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် ကောင်းကင်နှင့်မြေကြီးနိယာမတွေကို ဆန့်ကျင်ပြီး အတင်းအကျပ်ဆင်းသက်ခဲ့လို့ပဲ... အဲဒါကြောင့်ပဲ သူက တန်ပြန်ရိုက်ခတ်မှုကို ထိခိုက်ခံစားခဲ့ရတာ”

“စီနီယာလူသားဧကရာဇ်ကြောင့် မဟုတ်ရင် ငါက သေသွားခဲ့တာ ကြာနေလောက်ပြီ.. ထျန်ဟွမ်ကုန်းမြေတိုက်က လူသားမျိုးနွယ်ကလည်း ရှိမှာမဟုတ်တော့ဘူး”

“ငါ့ရဲ့ အကူအညီ မစို့မပို့က ပြောလောက်စရာမရှိဘူး”

ခဏမျှရပ်တန့်ပြီးနောက် ဆူဇီမိုက မေးလိုက်၏။

“စီနီယာလူသားဧကရာဇ်ရဲ့ ထိခိုက်ဒဏ်ရာတွေက ဘယ်လိုနေလဲ.. နတ်မိမယ်လင်းလုံရော အဆင်ပြေရဲ့လား”

“အဖေ့ရဲ့ဒဏ်ရာတွေက သက်သာပျောက်ကင်းမဲ့လက္ခဏာမပြသေးဘူး... တကယ်ဆို ဒီအင်မော်တယ်ဆေးလုံးနဲ့ အသောကသစ်သီးကတောင် အဖေ့ရဲ့ဒဏ်ရာတွေကို ကုသနိုင်ပါ့မလား မသေချာဘူး... ကျွန်မတို့က အဲဒါကို အလုပ်ဖြစ်ပါစေ မျှော်လင့်ပြီး ကြိုးစားကြည့်လို့ပဲရမယ်”

လင်းလောက ညင်သာစွာသက်ပြင်းချပြီး အရွယ်နှင့်မလိုက်သော စိုးရိမ်ပူပန်နေသည့်အကြည့်က သူမ၏ နုနယ်သောမျက်နှာပေါ်မှာ ပေါ်ထွက်လာ၏။

“အမေကတော့ အဆင်ပြေပါတယ်... သူက အဖေ့ရဲ့ဘေးနားမှာအမြဲတမ်း...”

သူမက ခဏမျှရပ်တန့်ပြီး တွေဝေတုံ့ဆိုင်းနေ၏။

တကယ်တော့... လင်းကျန့်၏ ထိခိုက်ဒဏ်ရာရရှိမှုသည် အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ကြီးမားစွာဂယက်ရိုက်သွားခဲ့ပြီး အဲဒါသည် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနှင့် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာပင် ပျံ့နှံ့သွားခဲ့၏။

မဟုတ်ပါက ယင်ထျန်နှင့် လန်ချန်ချန်ကဲ့သို့ ဂျူနီယာများက ဤအကြောင်းကို သိရှိထားလိမ့်မည် မဟုတ်ပေ။

ဤကိစ္စ၏ ရိုက်ခတ်မှုက အရမ်းကိုကြီးမားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ လင်းကျန့်အုပ်စိုးခဲ့သော ပိုင်နက်နယ်မြေသည် အတွင်းရေးနှင့် အပြင်ရေး ပဋိပက္ခများဖြင့် မတည်မငြိမ်ဖြစ်လာခဲ့သည်။

နတ်မိမယ်လင်းလုံက အခြေအနေများကို ထိန်းကျောင်းပေးနေခြင်းကြောင့်သာ မဟုတ်လျှင် ကြီးမားသော ထိုအင်မော်တယ်နိုင်ငံသည် ကျဆင်း၍ အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်​မြေမှ အခြားသောအဖွဲ့အစည်းများ၏ ခွဲဝေသိမ်းပိုက်ခြင်းခံခဲ့ရသည်မှာ ကြာနေလောက်လေပြီ။

သို့သော်လည်း လင်းကျန့်၏ ထိခိုက်ဒဏ်ရာများက အချိန်အတော်ကြာသည့်အထိ သက်သာပျောက်ကင်းမလာခဲ့ပေ။ နတ်မိမယ်လင်းလုံတစ်ယောက်တည်းက ဤကဲ့သို့ကြီးမားသော အဖွဲ့အစည်းတစ်ခုကို ကောင်းကောင်းမထိန်းချုပ်နိုင်တော့ဘဲ သူမရင်ဆိုင်နေရသည့်ဖိအားက တိုးလာခဲ့သည်။

လင်းကျန့်က လုံးလုံးလျားလျားပျောက်ကင်းမလာနိုင်လျှင် သို့မဟုတ် မထင်မှတ်ထားသော အခြေအနေတစ်ရပ်ရပ်နှင့် ကြုံတွေ့ရမည်ဆိုလျှင် သူတို့က ဖျက်ဆီး​ချေမှုန်းသုတ်သင်ခံရနိုင်၏။

နတ်မိမယ်လင်းလုံနှင့် လင်းလော၏ အစ်ကိုသည် ဤကဲ့သို့သောကိစ္စများအကြောင်း သူမကို တစ်ခါမှ ပြောမပြခဲ့ပေ။ သို့သော်လည်း လင်းလောက လိမ္မာပါးနပ်ပြီး အကုန်လုံးကို စုံစမ်းသိရှိနိုင်ခဲ့၏။

သူမနေသောအင်မော်တယ်နိုင်ငံက ယခုအချိန်မှာ ကြီးမားသည်ဟုထင်ရသော်လည်း တကယ်တမ်းမှာတော့ အဲဒါက အလွန်တရာအားနည်းနေပြီဖြစ်သည်။

သေးငယ်သောမည်သည့်အုံကြွမှုတစ်ခုမဆို စဥ်းစားကြည့်၍ မရသော အပြောင်းအလဲများကို ဖြစ်ပေါ်လာစေနိုင်၏။

အဲဒါသည် သူမမိသားစု၏ အတွင်းရေးကိစ္စများဖြစ်လေသည်။

လင်းလောသည် ဆူဇီမိုကို အတော်လေးယုံကြည်သော်လည်း သူမအနေဖြင့် ဤကဲ့သို့သော အရာများကို အသေးစိတ်ပြောပြဖို့က မသင့်လျော်ပေ။

ဒါ့အပြင် သူမက အဲဒါကိုပြောမည်ဆိုလျှင်တောင် ဆူဇီမိုသည် သူ၏ လက်ရှိကျင့်ကြံမှုနယ်ပယ်အရ အကူအညီများစွာပေးနိုင်လိမ့်မည် မဟုတ်ပေ။

ဘာ့ကြောင့်ရယ်မသိ သူမသည် ဆူဇီမိုကိုကြည့်နေချိန်မှာ ဖော်မပြတတ်သော ရင်းနှီးကျွမ်းဝင်မှုခံစားချက်တစ်ခုကို လင်းလောကရရှိနေ၏။

အဲဒါသည် ဆူဇီမိုက ထျန်ဟွမ်ကုန်းမြေတိုက်ကနေ လာသောကြောင့်သာ မဟုတ်ပေ။ အဲဒါထက် ဆူဇီမိုသည် သူမအတွက် အကိုတစ်ယောက်နှင့်ပိုတူနေသည်ဟု ခံစားရသောကြောင့်ဖြစ်၏။

ဆူဇီမိုက လင်းလောအကျပ်ရိုက်နေသည်ကိုတွေ့မြင်သောအခါ သူက ထပ်မံ၍ မမေးမြန်းတော့ပေ။

“ငါက အခုချိန်မှာ သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းရဲ့ ကိစ္စကို အဆုံးမသတ်နိုင်သေးဘူး”

“သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းမှာ အန္တိမသူတော်စင်ကျောက်စိမ်းကျမ်းက စိတ်ဝိညာဥ်ကို သန့်စင်ပေးတယ်... မဟာသူတော်စင်ကျောက်စိမ်းကျမ်းက နည်းစနစ်တွေကိုမွမ်းမံပေးပြီး ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက ခန္ဓာကို မီးဆေးပေးတယ်လို့ ယင်ထျန်က ပြောခဲ့တယ်... အတွဲတစ်တွဲချင်းစီမှာရှိတဲ့ ကျင့်ကြံရေးနည်းစနစ်က ထိပ်တန်းနည်းစနစ်တွေပဲ”

“ဒါပေမဲ့ သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းက တဗူးဂမ္ဘီရကျင့်စဥ်တစ်ခုလို့ ကျော်ကြားခဲ့တာ အဲဒါတွေကြောင့်ပဲ မဟုတ်ဘူး”

“အဲဒါထက် ကျောက်စိမ်းကျမ်းတစ်ခုချင်းစီမှာ သူ့ကိုယ်ပိုင်လောကတစ်ခုစီရှိနေလို့ပဲ”

အာ...

လင်းလောက တုန်လှုပ်သွားပြီး အလိုလို မေးလိုက်၏။

“ဒီလိုဆိုရင်... စောစောက ကျွန်မတို့ရောက်နေတဲ့ လျှို့ဝှက်ကုန်းမြေက တကယ်တော့...”

“ဟုတ်တယ် ငါတို့က စောစောတုန်းက ရတနာသူတော်စင်ကျောက်စိမ်းကျမ်းထဲမှာ ရှိနေခဲ့တာပဲ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို လျှို့ဝှက်ကုန်းမြေထဲရှိတစ်နေရာရာမှာ ကွယ်ဝှက်ထားခြင်းမဟုတ်ပေ။ ၎င်းကိုယ်တိုင်က လျှို့ဝှက်ကုန်းမြေဖြစ်နေ၏။

ရတနာသူတော်စင်ကျောက်စိမ်းကျမ်းမှာ ပါဝင်သော လောကသည် 'စင်ကြယ်ခံ့ညားကောင်းကင်ဘုံ' ဟူ၍ နာမည်ရလေသည်။

စင်ကြယ်ခံ့ညားကောင်းကင်ဘုံသည် ဧကရာဇ်ပိုရွှင်း၏ မဟာမိစ္ဆာ၏ ကောင်းကင်ဘုံနှင့် အလွန်တရာဆင်တူသော တည်ရှိမှုတစ်ခုဖြစ်သည်။

လူတစ်ယောက်သည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းပြီးမှသာ လောကတစ်ခုကို စုဖွဲ့နိုင်မည်ဖြစ်၏။

သူက ရတနာသူတော်စင်ကျောက်စိမ်းကို အပြည့်အဝထိန်းချုပ်နိုင်မည်ဆိုလျှင် သူသည် စင်ကြယ်ခံ့ညားကောင်းကင်ဘုံလောကကို ထိန်းချုပ်နိုင်မည်ဟု အဓိပ္ပါယ်ရလေသည်။

ထို့ကြောင့်ပင်လျှင် လူတစ်ယောက်သည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းထဲမှ အတွဲတစ်တွဲကို ရရှိသည်နှင့် ထိုသူသည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းဖို့ အခွင့်အရေးမြင့်မားလာမည်ဟူသော ဒဏ္ဍာရီများ ရှိလာခဲ့ခြင်းဖြစ်သည်။

တကယ်တော့ ဆူဇီမို၏ လက်ရှိကျင့်ကြံမှုနယ်ပယ်အရ သူသည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းထဲမှ ကျင့်ကြံရေးနည်းစနစ်များကိုသာ တွေ့မြင်နိုင်လေသည်။ သို့သော်လည်း သူသည် စင်ကြယ်ခံ့ညားကောင်းကင်ဘုံကို ထိန်းချုပ်ဖို့နေနေသာ အထဲမှာရှိသော လောကကိုပင် ဖွင့်လှစ်နိုင်ခြင်း မရှိပေ။

ထိုသို့ဆိုလျှင်တောင် သူနှင့်အတူ ရတနာသူတော်စင်ကျောက်စိမ်းကျမ်းရှိနေသည်နှင့်အမျှ အနာဂတ်တွင် သူ့မှာ အခြားသူများထက် ဧကရာဇ်နယ်ပယ်ကိုဝင်ရောက်ဖို့ ပိုမိုမြင့်မားသော အခွင့်အရေးတစ်ခု ရှိနေပေလိမ့်မည်။

ဒါ့အပြင် သူသည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းအတွင်းမှာရှိ​သော ထိပ်တန်းကျင့်ကြံရေးနည်းစနစ်ကို အခုချက်ချင်းကျင့်ကြံနိုင်နေပြီဖြစ်သည်။

All Chapters