မြို့ ၅မြို့ နန်းမြင့်မျှော်စင် ၁၂ခု
Vol. 161 Ch. 2413
ဆူဇီမိုက ပြောလိုက်၏။
“အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာ ချန်ထားခဲ့တဲ့ စမ်းသပ်ချက်က တကယ်တော့... အရုဏ်ဦးခေါင်းလောင်းနဲ့ ဆည်းဆာဗုံရှိတဲ့ခန်းမပဲ”
အရုဏ်ဦးခေါင်းလောင်းနဲ့ ဆည်းဆာဗုံရဲ ဓမ္မတာအိုတွေရဲ့ ဆေးကြောသန့်စင်မှုကို ခံယူနိုင်တဲ့သူကပဲ နောက်ဆုံးမှာ ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ရရှိလိမ့်မယ်”
လင်းလောက နားလည်သဘောပေါက်လာခဲ့၏။
ယင်ထျန်နှင့် လန်ချန်ချန်သည် ပို့ဆောင်ရေးအဆောင်ကို ဆုတ်ဖြဲခဲ့ခြင်းမရှိဘဲ ဤနေရာကနေ ထွက်ခွာမသွားရလျှင်တောင် သူတို့သည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ။
စောစောက လင်းလောသည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ထိဖို့ကြိုးစားသည့်အခါ သူမသည် တန်ပြန်ရိုက်ခတ်မှုတစ်ခုကို တွေ့ကြုံခံစားခဲ့ရ၏။
ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို အတိုချုံးလှန်လှောဖတ်ရှုပြီး ဤကျင့်ကြံရေးနည်းစနစ်သည် ရိုးရှင်းသောခန္ဓာမီးဆေးနည်းစနစ်တစ်ခုမျှသာမဟုတ်ဟု သူက ခံစားနေရ၏။
ထိုအစား အဲဒီမှာ အခြားသောအသုံးဝင်မှုများစွာရှိနေ၏။
သို့သော်လည်း ယခုက အဲဒါကို ကျင့်ကြံရမည့်အချိန် မဟုတ်ပေ။
“ငါတို့အခုဘယ်ရောက်နေတာလဲ”
ဆူဇီမိုက ဘေးပတ်လည်ကို ကြည့်ရှုပြီး မေးလိုက်၏။
သူသည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းထဲ မဝင်ရောက်ခင်က သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ရှိနေခဲ့၏။
သို့သော်ယခု... သူသည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းထဲကနေ ထွက်ခွာလာခဲ့ပြီး သူက မရင်းနှီးသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်မှာ သိသာလေသည်။ သူ့ကို မြင့်မားသောတောင်တန်းများနှင့် စိမ်းစိုလန်းဆန်းသောတောအုပ်များက ဝိုင်းပတ်ထားပြီး မည်သည့်အမှတ်အသားကိုမှ မတွေ့ရပေ။
လင်းလောက ခဏမျှစဥ်းစားတွေးတောပြီး ပြောလိုက်၏။
“ကျွန်မထင်တာမမှားဘူးဆိုရင် ဒီနေရာက ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေဖြစ်ရမယ်”
“ဟုတ်လား”
ဆူဇီမိုက အနည်းငယ်အံ့အားသင့်သွား၏။ လင်းလောက အဲဒါကို ဘယ်လိုဆုံးဖြတ်ပြောဆိုသလဲ သူမသိပေ။
လင်းလောက ပြောပြလိုက်၏။
“ဒါမတိုင်ခင်က မဟာသူတော်စင်ကျောက်စိမ်းကျမ်းရဲ့အမွေအနှစ်က မဟာမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ပေါ်ထွက်လာခဲ့တယ်... ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ရှိနေတာဖြစ်ရမယ်”
(ဒီနေရာမှာ ရတနာနှင့် ကျောက်စိမ်းကို အတူတူဟု မှတ်ယူနိုင်ပါတယ်။)
ခဏမျှရပ်တန့်ပြီးနောက် သူမက ဘေးပတ်ဝန်းကျင်ကို လက်ညှိုးထိုးပြလိုက်၏။
“နောက်ပြီး... ဒီနေရာက တောအုပ်ထဲမှာ မက်မွန်ပင်တွေ အများကြီးပေါက်နေတယ်”
ဆူဇီမိုကလည်း အဲဒါကို သတိထားမိသည်။
ဘေးပတ်ဝန်းကျင်တောအုပ်က ရှေးကျသောသစ်ပင်များဖြင့် ပြည့်နှက်နေပြီး အထဲမှာ ရှင်သန်ပေါက်ရောက်နေသော မက်မွန်ပင်များ တကယ်ပင်ရှိနေ၏။ သူတို့က အရေအတွက်အလွန်တရာများပြားလေသည်။
အဲဒါက အနည်းငယ်ထူးဆန်းနေပုံရ၏။
ပုံမှန်ရှေးဟောင်းတောအုပ်တစ်ခုမှာဆိုလျှင် အဲဒီမှာ မက်မွန်ပင်များရှိမည်ဆိုလျှင်တောင် အရေအတွက်က ဤမျှအထိ များပြားလိမ့်မည်မဟုတ်ပေ။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“ဒါပေမဲ့.. မက်မွန်ပင်က ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေနဲ့ ဘာများပတ်သက်နေလို့လဲ”
လင်းလောက ဆူဇီမိုကို အံ့အားသင့်စွာကြည့်လိုက်၏။ သူက တွေဝေရှုပ်ထွေးနေပြီး ဟန်ဆောင်နေခြင်းဟုတ်ပုံမရသည်ကို တွေ့မြင်သောအခါ သူမက စိတ်ရှည်လက်ရှည်ရှင်းပြလိုက်၏။
“ကောင်းကင်ဘုံကမ္ဘာမှာရှိတဲ့အမြုတေချီက တခြားကြယ်တွေပေါ်မှာထက် အများကြီးပိုပြီးကြွယ်ဝတာကို ရှင်သိထားရမယ်'“
“ကောင်းကင်ဘုံရဲ့ဗဟိုချက်မှာ တည်ဆောက်သူသစ်ပင်လို့ခေါ်တဲ့ အထွတ်အမြတ်သစ်ပင်တစ်ပင်ရှိနေလို့ပဲ... အဲဒါက ကောင်းကင်နဲ့မြေကြီးအမြုတေချီကို စုစည်းပေးပြီး မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေ၊ သုခဘုံသန့်စင်ကုန်းမြေနဲ့ မိစ္ဆာမဟာနယ်မြေတို့ကို ချိတ်ဆက်ပေးထားတယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
နဂါးအသူတရာချောက်နက်ကြယ်မှာတုန်းက မြို့တော်အရှင် ရှုရှစ်က သူ့ကို ဤအကြောင်းပြောခဲ့ဖူးသည်။
လင်းလောက ပြောလိုက်၏။
“ဒါပေမယ့်... တကယ်တမ်းမှာတော့ ကောင်းကင်ဘုံကမ္ဘာရဲ့အလယ်မှာရှိတဲ့ တည်ဆောက်သူသစ်ပင်အပြင်... မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေ.. သုခဘုံသန့်စင်ကုန်းမြေနဲ့ မိစ္ဆာမဟာနယ်မြေတို့မှာ သူတို့ရဲ့သက်ဆိုင်ရာနယ်မြေအလိုက် ကောင်းကင်နဲ့မြေကြီးအမြုတေချီကိုစုစည်းပေးတဲ့ အင်မော်တယ်သစ်ပင်တွေရှိနေတယ်”
ဆူဇီမိုက ရုတ်တရက်နားလည်သဘောပေါက်လာခဲ့၏။
“သုခဘုံသန့်စင်ကုန်းမြေမှာ အထွတ်အမြတ်သစ်ပင်သုံးပင်ရှိတယ်လို့ ငါကြားဖူးတယ်... မိစ္ဆာမဟာနယ်မြေမှာဆိုရင်လည်း ထာဝရသစ်ပင်ရှိတယ်လို့ပြောတယ်”
လင်းလောက ပြုံးပြလိုက်၏။
“မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှာလဲ ကောင်းကင်နဲ့မြေကြီးအမြုတေချီကို ထိန်းချုပ်ပြီး စုပ်ယူပေးနေတဲ့အင်မော်တယ်သစ်ပင်တွေရှိတယ်”
“ဥပမာ ရှင်နေတဲ့ ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာဆိုရင် ဆန်းကြယ်ဆီးနှင်းမက်မန်းပင်ရှိတယ်... အဲဒီသစ်ပင်က လောကမှာရှိတဲ့အအေးဆုံးချီကို စုပ်ယူပေးတယ်လို့ပြောတယ်... အဲဒီမက်မန်းပင်ရဲ့ဘေးပတ်ဝန်းကျင်က အေးခဲပြီးတော့ ဆီးနှင်းတွေနဲ့ပြည့်နှက်နေတယ်”
“ကျွန်မတို့ရဲ့ အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာတော့ အင်မော်တယ်မိုးမခပင်တစ်ပင်ရှိတယ်... အဲဒါက တစ်ခါတုန်းက ကပ်ဘေးတစ်ခုကနေရှင်သန်ပြီး မိုးကြိုးလျှပ်စီးကနေ ပြန်လည်မွေးဖွားလာတယ်လို့ပြောတယ်... အဲဒါက နောက်ပိုင်းမှာပိုပြီးတော့ သန်မာလာခဲ့တယ်”
ထိုနေရာအရောက်တွင် လင်းလောက ခဏမျှရပ်တန့်လိုက်၏။
“စောစောက ရတနာသူတော်စင်နန်းတော်ရဲ့ပထမဆုံးခန်းမမှာတုန်းက ရှင်ကသစ်ကိုင်းခြောက်တစ်ခုအတွက် ကျွန်မနဲ့ တိုက်ခိုက်ခဲ့တယ်လေ”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။ ထိုစဥ်တုန်းက တကယ်ပင် ထိုကဲ့သို့ဖြစ်ပွားခဲ့သည်။
သို့သော်လည်း သူသည် ထိုသစ်ကိုင်းခြောက်ကို အရင်ဆုံးရရှိခဲ့ပြီး လင်းလောက အဲဒါအတွက် ဆက်လက်၍မတိုက်ခိုက်ခဲ့ပေ။ နှစ်ဘက်စလုံးက ထိတွေ့မိသည့်ခဏမှာပင် ချက်ချင်းပြန်ခွာပြီး ပြင်းထန်သည့် ပဋိပက္ခမရှိခဲ့ပေ။
လင်းလောက ပြုံးပြလိုက်၏။
“ရှင်ရထားတဲ့ သစ်ကိုင်းခြောက်က တကယ်တော့... အင်မော်တယ်မိုးမခပင်ရဲ့ သစ်ကိုင်းတစ်ကိုင်းပဲ”
“ငါသိပြီ”
ဆူဇီမိုက ထိုစဥ်တုန်းက မြင်ကွင်းကို ပြန်လည်အမှတ်ရသွား၏။ သူသည် ထိုသစ်ကိုင်းခြောက်ကို လုယူခဲ့သည့်အကြောင်းအရင်းမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက တုံ့ပြန်၍ အဲဒါကို ဝါးမျိုသန့်စင်ချင်နေခဲ့သောကြောင့်ဖြစ်၏။
ကြည့်ရသည်မှာ ဤသစ်ကိုင်းခြောက်သည် အသောကပင်စည်နှင့် အဆင့်တူရတနာတစ်ခုဖြစ်နေ၏။
ဆူဇီမိုက ခဏမျှတွေးတောပြီး ပြောလိုက်၏။
“ဒီလိုဆိုရင် ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာရှိတဲ့ အင်မော်တယ်သစ်ပင်က မက်မွန်ပင်တစ်ပင်ဖြစ်နေတာလား”
“အတိအကျပြောရရင်အဲဒါက ရှေးဟောင်းအင်မော်တယ်မက်မွန်ပင်ပဲ”
လင်းလောက ပြောလိုက်၏။
“အဲဒီအင်မော်တယ်မက်မွန်ပင်ကြောင့်ပဲ ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရဲ့ ပိုင်နက်ထဲမှာ မက်မွန်ပွင့်ပင်တွေအများကြီးပေါက်နေတာပဲ”
ဆူဇီမိုက မေးလိုက်၏။
“ဆန်းကြယ်ဆီးနှင်းမက်မန်းပင်လိုမျိုး အက်မော်တယ်သစ်ပင်တွေက ဘယ်နေရာမှာရှိတာလဲ... ငါက ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာရောက်နေတာ နှစ်ပေါင်းအတော်ကြာသွားခဲ့ပြီ... ငါက အဲဒါတွေကို အရင်က ဘာလို့မတွေ့မြင်ဖူးခဲ့တာလဲ”
လင်းလောက ပြုံးလိုက်၏။
“အဲလိုမျိုးအင်မော်တယ်သစ်ပင်တွေက တင်းကျပ်တဲ့လုံခြုံရေးနဲ့ ဧကရာဇ်တွေရဲ့ နန်းတော်တွေထဲမှာပဲ ရှိနေတတ်တယ်... နောက်ပြီး သူတို့ကို အင်မော်တယ်ဘုရင်တွေနဲ့ ဧကရာဇ်တွေက စောင့်ကြပ်ပေးနေတယ်”
“ဥပမာ... ဆန်းကြယ်ဆီးနှင်းမက်မန်းပင်က ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှာရှိပြီး အင်မော်တယ်မက်မွန်ပင်ကတော့ ကျောက်စိမ်းမိုးကောင်းကင်နန်းတော်ရဲ့ အနက်ပိုင်းထဲမှာရှိတယ်... အဲဒါကို ပုံမှန်အားဖြင့် မြင်တွေ့ခွင့်မရနိုင်ဘူး”
ခဏမျှရပ်တန့်ပြီးနောက် လင်းလောက ဆက်ပြောလိုက်၏။
“ဒါပေမဲ့... အင်မော်တယ်မဟာနယ်မြေတွေက ကောင်းကင်အဆင့်သတ်မှတ်ချက်ပြိုင်ပွဲတွေကို သူတို့အစီအစဥ်နဲ့သူတို့ ကျင်းပပေးတတ်ကြတယ်... အဲဒီအချိန်ကျရင် အဖွဲ့အစည်းပေါင်းစုံနဲ့ပြိုင်စံရှားတွေက နန်းတော်ထဲမှာစုဝေးဖို့ ဖိတ်ခေါ်ခံရပြီး အဲဒီအင်မော်တယ်သစ်ပင်တွေနဲ့ ထိတွေ့ခွင့်ရနိုင်တဲ့အခွင့်အရေးရှိတယ်”
“ရှင်က... ကောင်းကင်အဆင့်သတ်မှတ်ချက်မှာ ရပ်တည်နိုင်မယ်ဆိုရင် ရှင်က... အဲဒီအင်မော်တယ်သစ်ပင်တွေကနေ အကျိုးအမြတ်တချို့ကိုရရှိဖို့ အခွင့်အရေးရှိတယ်”
“အဲဒီအင်မော်တယ်သစ်ပင်တွေကို ကောင်းကင်နဲ့မြေကြီးက ပြုစုပျိုးထောင်ပေးထားတဲ့အတွက် သူတို့မှာ ကိုယ်ပိုင်အသိစိတ်ရှိတယ်... အဲဒါက အရွက်ပဲဖြစ်ဖြစ် အသီးပဲဖြစ်ဖြစ် သူတို့မှာ ကြွယ်ဝတဲ့အမြုတေစွမ်းအင်နဲ့ သိပ်သည်းကျစ်လစ်တဲ့ခွန်အားရှိတယ်... သူတို့က လူတစ်ယောက်ရဲ့ကျင့်ကြံမှုကို ကောင်းကောင်းမြှင့်တင်ပေးနိုင်တယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
ကောင်းကင်အဆင့်သတ်မှတ်ချက်ပြိုင်ပွဲသည် နာမည်ဂုဏ်သတင်းအတွက်သာမဟုတ်ဘဲ ကြွယ်ဝသောဆုလာဘ်များအတွက်လည်းဖြစ်၏။
အရင်တုန်းက သူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ အခွင့်အလမ်းများစွာကိုရရှိခဲ့ပြီး ငရဲဖိနှိမ်မီးဖိုကိုပင် ပြန်လည်ပြင်ဆင်နိုင်ခဲ့၏။
ထို့ကြောင့်ပင်လျှင် အဝီစိသို့သွားရာ ခရီးစဥ်မှာ သူက ကြီးမားသောအန္တရာယ်များကို ရှောင်လွှဲနိုင်ခဲ့ခြင်းဖြစ်၏။
“မင်းရဲ့အစီအစဥ်ကဘာလဲ”
ဆူဇီမိုက မေးလိုက်၏။
“ကျွန်မက အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို တတ်နိုင်သမျှမြန်မြန် ပြန်သွားချင်တယ်... ဒီရတနာနှစ်ခုက အဖေ့ရဲ့ဒဏ်ရာတွေကို ကုသပေးနိုင်မလား စမ်းကြည့်ရမယ်”
လင်းလောက ဆူဇီမိုကို မျှော်လင့်ချက်ဖြင့် ကြည့်လိုက်၏။
“တာအိုရောင်းရင်း... ရှင့်မှာတခြားလုပ်စရာမရှိသေးဘူးဆိုရင် ကျွန်မနဲ့ အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကို လိုက်ခဲ့ပါလား... ထျန်ဟွမ်ကုန်းမြေက မိတ်ဆွေဟောင်းတစ်ယောက် တက်လှမ်းရောက်ရှိလာတာကိုတွေ့ရင် အဖေ၊ အမေနဲ့ တခြားသူတွေက သေချာပေါက် ဝမ်းသာပျော်ရွှင်မိကြမှာပဲ”
ဆူဇီမိုသည် ဤတစ်ခေါက်ခရီးစဥ်ကနေ အကျိုးအမြတ်များစွာရရှိခဲ့၏။ အစကတော့ သူသည် ကောင်းကင်နှင့် မြေကြီးတက္ကသိုလ်သို့ ပြန်သွားပြီး တိတ်တဆိတ်ကျင့်ကြံဖို့ပြင်ထား၏။
သို့သော်လည်း ဒဏ်ရာအပြင်းအထန်ရရှိထားသည့် လူသားဧကရာဇ်နှင့်အတူ နတ်မိမယ်လင်းလုံအကြောင်းတွေးမိချိန်မှာ သူက စိုးရိမ်ပူပန်လာခဲ့၏။
သူသည် နတ်မိမယ်လင်းလုံနှင့် တွေ့ဆုံနိုင်မည်ဆိုလျှင် သူသည် ပြီးခဲ့သည့်နှစ်များအတွင်း သူ့ကိုဖိစီးနှိပ်စက်နေခဲ့သည့် မေးခွန်းတချို့ကို မေးမြန်းနိုင်မည်ဖြစ်၏။
လင်းလောသည် ဆူဇီမို၏ တွေဝေတုံ့ဆိုင်းမှုကို တွေမြင်သောအခါ သူမက ပြုံးပြလိုက်၏။
“ဆုံးဖြတ်ချက်ကို အလျင်စလို ချစရာမလိုပါဘူး... ဘာပဲဖြစ်ဖြစ် ကျွန်မတို့တွေက ပို့ဆောင်ရေးဝင်္ကပါတစ်ခုကို အရင်ဆုံးရှာရဦးမှာပဲ”
“ကျွန်မတို့က ကိုယ့်ခြေထောက်ကိုယ်အားကိုးမယ်ဆိုရင် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကိုပဲဖြစ်ဖြစ် အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကိုပဲဖြစ်ဖြစ် ကျွန်မတို့တွေက နှစ်တစ်ရာအတွင်းရောက်ရှိနိုင်မှာ မဟုတ်ဘူး”
ဆူဇီမိုက စိတ်သက်သာစွာသက်ပြင်းချလိုက်၏။
“ဟုတ်သားပဲ”
လင်းလောက သူမ၏ သိုလှောင်အိတ်ထဲကနေမြေပုံတစ်ချပ်ကို ထုတ်ယူပြီး အဲဒါကို ဂရုတစိုက်တိုက်ကြည့်လိုက်၏။
အင်မော်တယ်မဟာနယ်မြေများကို ဖြတ်ကျော်နိုင်သည့် ပို့ဆောင်ရေးဝင်္ကပါများက ရှားပါးလေသည်။
ဂမ္ဘီရမိုးကကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာဆိုလျှင် ထိုကဲ့သို့သော ပို့ဆာင်ရေးဝင်္ကပါများသည် အင်မော်တယ်နိုင်ငံသုံးနိုင်ငံ၊ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းနှင့် ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှာသာရှိလေသည်။
“ဒီနေရာနဲ့ အနီးဆုံးပို့ဆောင်ရေးဝင်္ကပါက ဒီနေရာမှာ ရှိလောက်တယ်”
လင်းလောက မြေပုံပေါ်မှာ အမှတ်အသားပြုထားသည့် ရှေးဟောင်းမြို့တော်တစ်မြို့ကို လက်ညှိုးထိုးပြလိုက်၏။
“လန့်ဖုန်းမြို့တော်”
ဆူဇီမိုက ရှေးဟောင်းမြို့တော်ကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။
လင်းလောက ခေါင်းညိတ်ပြလိုက်၏။
“ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက အဖြူရောင်ကျောက်စိမ်းမြို့တော်လို့လည်း ကျော်ကြားတယ်... အဲဒါကိုဖော်ကျူးထားတဲ့ ကဗျာတစ်ပုဒ်တောင်ရှိတယ် 'ကောင်းကင်ဘုံထက်ဝယ် မြို့ငါးမြို့နဲ့ ဆယ့်နှစ်မျှော်စင်.. ကျောက်စိမ်းဖြူမြို့တော်ရှိလေတယ်၊ သူ့ရဲ့ ဂုဏ်ကျက်သရေနဲ့ အားလုံးကို ထာဝရအသက်ရှည်စေမယ်’။”
“လန့်ဖုန်းမြို့တော်က မြို့ငါးမြို့ထဲက တစ်မြို့ပဲ”