← Chapters

အင်မော်တယ်မက်မွန်စားသောက်ပွဲ

Vol. 161 Ch. 2414

အင်မော်တယ်မက်မွန်စားသောက်ပွဲ

Vol. 161 Ch. 2414

“အဖြူရောင်ကျောက်စိမ်းမြို့တော်.. မြို့တော်ငါးမြို့နဲ့ နန်းမြင့်မျှော်စင် ၁၂ခုလား”

ရုတ်တရက် ဆူဇီမိုသည် လန်ချန်ချန်အသုံးပြုခဲ့သည့် အန္တိမလျှို့ဝှက်အတတ်ကို ပြန်လည်အမှတ်ရသွားပြီး စဥ်းစားတွေးတောလိုက်၏။

သူမသည် ဆူဇီမို၏ စိတ်ကို ဖတ်မိသည့်အလား လင်းလောက ပြုံး၍ပြောလိုက်၏။

“လန်ချန်ချန်အသုံးပြုခဲ့တဲ့ အန္တိမနည်းစနစ်ကို အဖြူရောင်ကျောက်စိမ်းမြို့တော်လို့ခေါ်တယ်... လန်ချန်ချန်က အဖြူရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက မင်းသမီးတစ်ပါးဆိုပေမယ့် သူ့ရဲ့အမေက ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရဲ့ အင်မော်တယ်မျိုးဆက်ကနေ ဆင်းသက်လာတာပဲ... အဲဒါကြောင့် သူက အဲဒီအန္တိမနည်းစနစ်ကို တတ်မြောက်နေတာ”

“အဲဒါဆိုရင်တော့ အဓိပ္ပာယ်ရှိသွားပြီ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

သူတို့နှစ်ယောက်သည် ခဏမျှ သာမန်ကာလျှံကာ စကားပြောဆိုပြီးနောက် လင်းလောသည် သူမ၏ သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဥ်ယာဥ်ပျံတစ်စင်းကို ထုတ်ယူကာ လန့်ဖုန်းမြို့တော်သို့သွားရောက်ရန် ဆူဇီမိုကို ဖိတ်ခေါ်လိုက်၏။

သူတို့နှစ်ယောက်သည် ယာဥ်ဦးစွန်းမှာ မတ်တတ်ရပ်ပြီး လေကိုဆန်ကာ သူတို့၏ ခြေဖဝါးအောက်မှ တောင်တန်းများနှင့် မြစ်များကို ငုံ့ကြည့်နေ၏။ အဲဒါက သူတို့အတွက် အသစ်အဆန်း မြင်ကွင်းတစ်ခုဖြစ်နေသည်။

ဆူဇီမိုသည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်​မြေကနေ အခြားသောအင်မော်တယ်မဟာနယ်မြေသို့ ပထမဆုံးအကြိမ် ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။

လင်းလောကတော့ သူမသည် ကောင်းကင်ဘုံကမ္ဘာမှာမွေးဖွား၍ ကိစ္စများစွာကို သိရှိထားသော်လည်း သူမအနေဖြင့်လည်း ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ ပထမဆုံးအကြိမ်ရောက်ရှိလာခြင်းဖြစ်သည်။

ဒါ့အပြင် သူမသည် ဆူဇီမိုထက်အသက်ပိုငယ်ပြီး စူးစမ်းလိုစိတ်ပိုများလေသည်။ သူမက ဘေးပတ်လည်ကို စိတ်လှုပ်ရှားစွာဖြင့် လှည့်ပတ်ကြည့်ရှုနေ၏။

တစ်ခဏချင်းမှာပင် သူတို့နှစ်ယောက်က စိတ်ဝိညာဥ်ယာဥ်ပျံဖြင့် ခရီးဆက်လာခဲ့သည်မှာ နေ့တစ်ဝက်ကြာသွားခဲ့ပြီဖြစ်၏။

လင်းလောသည် သူမ၏ လှပသောလက်ကို ဆန့်ထုတ်ပြီး သူမ၏ လက်ချောင်းများဖြင့် ရေတွက်ကြည့်နေ၏။ ရုတ်တရက် သူမက ပြောလိုက်၏။

“ဒီနေ့က ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ အင်မော်တယ်မက်မွန်စားသောက်ပွဲ ကျင်းပတော့မယ့်နေ့နဲ့တူတယ်”

“အင်မော်တယ်မက်မွန် စားသောက်ပွဲလား”

ဆူဇီမိုက အနည်းငယ်အံ့အားသင့်သွား၏။

လင်းလောက ရှင်းပြလိုက်သည်။

“အင်မော်တယ်မက်မွန်စားသောက်ပွဲက ရှင်တို့ဆီက ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲနဲ့တူတယ်... အဲဒါက ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက အဖွဲ့အစည်းပေါင်းစုံက ကျင့်ကြံသူတွေရဲ့ မဟာစုဝေးပွဲတစ်ခုပဲ... အဲဒါကို မြို့တော်ငါးမြို့မှာ အလှည့်ကျ ကျင်းပတတ်တယ်”

“အဲဒါက... သေချာပေါက် အရမ်းစည်ကားမှာ”

“ကောင်းကင်အဆင့်သတ်မှတ်ချက်ကိုလည်း အင်မော်တယ်မက်မွန်စားသောက်ပွဲမှာ ရွေးချယ်လိမ့်မယ်”

“ဒီတစ်ခေါက်မက်မွန်စားသောက်ပွဲကို မြို့တော်ငါးမြို့ထဲက ဘယ်မြို့မှာ ကျင်းပမလဲမသိဘူး”

လင်းလောက တီးတိုးရေရွတ်လိုက်၏။

ထိုစဥ်မှာပင် မလှမ်းမကမ်းမှာ ဧရာမစစ်သင်္ဘောတစ်စင်းသည် တိမ်စိုင်များကိုဖြတ်ကျော်၍ ပျံသန်းလာ၏။ စစ်သင်္ဘောက ပေပေါင်းများစွာရှည်လျားပြီး ပေတစ်ရာကျော်မြင့်မား၏။ အဲဒီမှာ စုစုပေါင်းအထပ် ၇ထပ်ပါရှိပြီး အပေါ်ယံမှာ အလွန်တရာ ခမ်းနားထည်ဝါသည့်ပုံပေါ်ကာ လူပေါင်းထောင်ချီကို အလွယ်တကူဝင်ဆံ့နိုင်၏။

သိပ်သည်းများပြားသောအင်းကွက်များကို စစ်သင်္ဘော၏ ပတ်လည်မှာခတ်နှိပ်ထားပြီး ချိပ်ပိတ်ထားသော အကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်နေစေသည်။

စစ်သင်္ဘောနှင့်ယှဥ်လျှင် ဆူဇီမိုနှင့် လင်းလောစီးနင်းလာသော စိတ်ဝိညာဥ်ယာဥ်ပျံက အလွန်တရာသေးငယ်၍ သာမန်ဆန်နေ၏။

စစ်သင်္ဘော၏ ကုန်းပတ်ပေါ်မှာ ပုံရိပ်များစွာက မတ်တတ်ရပ်နေကြ၏။ သူတို့၏ ခေါင်းဆောင်က ငယ်ရွယ်သော အမျိုးသားတစ်ယောက်ဖြစ်၏။ သူ၏ အဖြူရောင်ဝတ်စုံက အစက်အပြောက်ကင်းမဲ့ပြီး သူက အဲဒါကို သပ်ရပ်တိကျစွာဝတ်ဆင်ထား၏။ သူ၏ ဆံပင်ကို သေသပ်စွာဖြီးထားပြီး သူ၏ ခါးပေါ်မှာ ဓားအိမ်ထဲထည့်ထားသည့်ဓားတစ်လက်ကို ချိတ်ဆွဲထား၏။

ထိုအရာများက သူ့ကို လွတ်လပ်ပေါ့ပါး၍ ထူးချွန်ထက်မြတ်သည့်ပုံပေါ်နေစေ၏။

စစ်သင်္ဘောပေါ်မှ လူငယ်အမျိုးသားသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်၏။ ကုန်းပတ်ပေါ်မှအခြားသူများ၏ ကျင့်ကြံမှုနယ်ပယ်များကလည်း မမြင့်မားကြပေ။ သူတို့အများစုက ကမ္ဘာမြေအင်မော်တယ် သို့မဟုတ် ကောင်းကင်အင်မော်တယ်နယ်ပယ်မှာရှိကြ၏။

စစ်သင်္ဘော၏ အော်ရာက သွားလေရာနေရာတိုင်းမှာ ခမ်းနားထည်ဝါနေပေလိမ့်မည်။

သို့သော်လည်း အဲဒါသည် ဆူဇီမိုနှင့် လင်းလော၏ မျက်လုံးထဲမှာ ဘာမှမဟုတ်ပေ။

လင်းလောသည် လူသားဧကရာဇ်နှင့် နတ်မိမယ်လင်းလုံ၏ သမီးဖြစ်၏။ သူမစိတ်ရှိလျှင် သူမသည် ဤစစ်သင်္ဘောပေါ်မှ လူများထက် များစွာပိုမိုသန်မာသော ကျင့်ကြံသူစစ်တပ်တစ်တပ်ကို ဆင့်ခေါ်စုဖွဲ့နိုင်၏။

ဆူဇီမိုသည်လည်း ဂမ္ဘီရမိုးကောာင်းကင် အင်မော်တယ်မဟာနယ်မြေ၏ ကောင်းကင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကနေ လာခဲ့လေသည်။

ဤစစ်သင်္ဘောပေါ်မှာ မည်သည့်ပကတိအင်မော်တယ်ပညာရှင်မှ မရှိဘူးဆိုလျှင် အဲဒါသည် အလွန်ဆုံး မဟူရာအဆင့် ဂိုဏ်းတစ်ဂိုဏ်း သို့မဟုတ် အဖွဲ့အစည်းတစ်ခုသာ ဖြစ်ပေလိမ့်မည်။ အဲဒါက သူတို့၏ စိတ်အာရုံကို ရရှိဖို့မထိုက်တန်ပေ။

စစ်သင်္ဘောပေါ်မှာ လူတိုင်းကလည်း ဆူဇီမိုနှင့်လင်းလောကို သတိထားမိကြ၏။

လူငယ်အမျိုးသားက လင်းလောကို တွေ့မြင်သောအခါ သူ၏ မျက်လုံးက ဝင်းလက်သွား၏။ ခဏမျှစဥ်းစားတွေးတောပြီးနောက် သူက အဝေးကနေ သူ၏ လက်နှစ်ဖက်ကိုယှက်ပြကာ အသံကိုမြှင့်၍ ပြောလိုက်၏။

“တာအိုရောင်းရင်းတို့... ခင်ဗျားတို့ကလည်း အင်မော်တယ်မက်မွန်စားသောက်ပွဲမှာပါဝင်ဖို့အတွက် လန့်ဖုန်းမြို့တော်ကို သွားကြမလို့မလား”

“ဟုတ်တယ်.. ကျုပ်တို့အဲကိုသွားမှာ”

ဆူဇီမိုက ညင်သာစွာခေါင်းညိတ်ပြပြီး သာမန်ကာလျှံကာပြန်ဖြေလိုက်၏။

“ဒီတစ်ခေါက် အင်မော်တယ်မက်မွန်စားသောက်ပွဲက လန့်ဖုန်းမြို့မှာ ကျင်းပမှာလား”

လင်းလောသည် တစ်စုံတစ်ရာကို လျှို့ဝှက်ကြံစည်နေပုံရပြီး သူမ၏ မျက်လုံးများက လိမ္မာပါးနပ်စွာဖြင့် လှည့်ပတ်ကြည့်ရှုနေ၏။

လူငယ်အမျိုးသားက ညင်သာစွာပြုံး၍ ဆက်ပြောလိုက်၏။

“ကျုပ်က... မဟူရာကြေးမုံဂိုဏ်းက လျန့်ယွီပဲ... တာအိုရောင်းရင်းတို့ ခင်ဗျားတို့စိတ်မရှိဘူးဆိုရင် စကားလေးဘာလေးပြောရအောင် ကုန်းပတ်ပေါ်ကို တက်ခဲ့ကြပါလား... ကျုပ်တို့တွေက အတူတူသွားလို့ရတာပဲ”

“အဟမ်း”

ဆူဇီမိုက ခဏမျှတွေဝေတုံ့ဆိုင်းနေပြီး သူ့ဘေးမှာရှိသော လင်းလောကို လှည့်ကြည့်လိုက်၏။

ထိုအခိုက်အတန့်မှာ လင်းလောသည် လေးနက်စွာစဥ်းစားတွေးတောနေပြီး အနည်းငယ်စိတ်ပျံ့လွင့်နေ၏။

လျန့်ယွီဟုအမည်ရသော လူငယ်အမျိုးသားက ဆက်ပြောလိုက်၏။

“လန့်ဖုန်းမြို့ကိုသွားတဲ့ခရီးစဥ်က သေချာပေါက်ချောမွေ့မှာမဟုတ်ဘူး... တာအိုရောင်းရင်းတို့ ခင်ဗျားတို့နှစ်​ယောက်ထဲဆိုရင် မိစ္ဆာဓားပြတချို့နဲ့ကြုံတွေ့တဲ့အခါ ခင်ဗျားတို့တွေက သေချာပေါက်ဒုက္ခရောက်လိမ့်မယ်”

“ကျုပ်တို့မဟူရာကြေးမုံဂိုဏ်းနဲ့ အတူခရီးသွားမယ်ဆိုရင် အများကြီးပိုပြီးတော့ ဘေးကင်းလုံခြုံသွားလိမ့်မယ်”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

မိစ္ဆာဓားပြတွေတဲ့လား..။

ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ဘယ်ကမိစ္ဆာဓားပြတွေရှိမှာလဲ။

ထိုစဥ်မှာပင် ဘေးမှာရှိသောလင်းလောက ရယ်မောလိုက်၏။

“ကောင်းပါပြီ... အခုလိုဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်လျန့်”

လင်းလောက ဘာကိုစဥ်းစားနေသည်ကို ဆူဇီမိုက မသိရှိသော်လည်း သူက အဲဒါကို စိတ်ထဲမှာ ထည့်မထားပေ။ သူက နှုတ်ဆိတ်နေပြီး လင်းလောနှင့်အတူ စစ်သင်္ဘောရှိရာသို့ ဦးတည်လိုက်၏။

လျန့်ယွီက ဓမ္မအညာရပ်တစ်ခုကို အသက်သွင်းလိုက်၏။ စစ်သင်္ဘော၏ ဘေးပတ်လည်ရှိအကာအရံအလွှာက အနည်းငယ်ယိမ်းထိုးသွားပြီး ဆူဇီမိုနှင့်လင်းလော​ဖြတ်သန်းဝင်ရောက်နိုင်ရန် အက်ကွဲကြောင်းတစ်ခုကို ပေါ်ထွက်လာစေ၏။

စစ်သင်္ဘောပေါ်သို့ တက်လှမ်းလာရင်း ဆူဇီမိုက လျန့်ယွီကို အကဲခတ်ကြည့်နေ၏။

ဤလူငယ်အမျိုးသားမှာ မည်သည့်မကောင်းသည့်ရည်ရွယ်ချက်မှ မရှိသည့်ပုံပင်။

သို့သော်လည်း သူ၏ အကြည့်က လင်းလောအပေါ် မကြာမကြာဖြတ်သန်းရောက်ရှိနေ၏။

“တာအိုရောင်းရင်းတို့ ကျုပ်က ခင်ဗျားတို့ကို ဘယ်လိုခေါ်ရမလဲ”

လန့်ယွီက နွေးထွေးသောအပြုံးတစ်ခုနှင့်အတူ မေးလိုက်၏။

ဆူဇီမိုက ပြောတော့မည့်ဆဲဆဲမှာပင် လင်းလောက ဖြတ်ပြောလိုက်၏။

“ကျွန်မရဲ့နာမည်ကဆူလော... သူကတော့ လင်းဇီမို ကျွန်မတို့တွေက တာအိုလက်တွဲဖော်တွေပဲ”

“အမ်..”

ဆူဇီမို၏ နှုတ်ခမ်းက လှုပ်သွားသော်လည်း သူက မည်သည့်စကားမှ မပြောဖြစ်လိုက်ပေ။

လင်းလောက ငယ်ရွယ်သော်လည်း သူမက သတိကြီးကြီးထားတတ်သည့်ပုံပေါ်ပြီး သူမ၏ နာမည်အရင်းနှင့် နောက်ခံကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ဆူဇီမိုက အဲဒါနှင့်ပတ်သက်၍ ဝင်ရောက်ပြောဆိုလိမ့်မည် မဟုတ်ပေ။

တာအိုလက်တွဲဖော်ဟူသော စကားကိုကြားရချိန်မှာ လျန့်ယွီ၏ မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည့်အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်သွား၏။

သို့သော်လည်း သူက သိပ်မကြာခင် ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး မေးလိုက်၏။

“ကျုပ်ထင်တာမမှားဘူးဆိုရင် ခင်ဗျားတို့နှစ်ယောက်က ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေဖြစ်ရမယ် ဟုတ်တယ်မလား”

“ဒါပေါ့... အတိအကျပဲ”

လင်းလောက ခေါင်းညိတ်ပြလိုက်၏။

လျန့်ယွီက ခဏမျှစဥ်းစားတွေးတောပြီး ပြောလိုက်၏။

“ခင်ဗျားတို့နှစ်ယောက်စိတ်မရှိဘူးဆိုရင် ခင်ဗျားတို့တွေ မဟူရာကြေးမုံဂိုဏ်းကို ဝင်ရောက်ကြပါလား... ကျုပ်တို့တွေက ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ နာမည်အတော်အသင့်ရှိတယ်”

“ကျွန်မတို့နှစ်ယောက်က ရှင်တို့ဂိုဏ်းကို ဝင်လို့ရတာလား”

လင်းလောက မယုံကြည်နိုင်ဟန်ဖြင့် အကဲစမ်းမေးလိုက်၏။

“ရတာပေါ့”

လျန့်ယွီက အလောတကြီးခေါင်းညိတ်ပြလိုက်၏။

“ဂိုဏ်းချုပ်က ဒီနေရာမှာမရှိပေမယ့် မဟူရာကြေးမုံဂိုဏ်းရဲ့ အကြီးဆုံးစီနီယာအစ်ကိုအနေနဲ့ ကျုပ်က ဂိုဏ်းချုပ်ကိုယ်စား ခင်ဗျားတို့နှစ်ယောက်ကို လက်ခံပေးလို့ရတယ်”

“တာအိုရောင်းရင်းဆူ... နောက်ပိုင်း ခင်ဗျားရဲ့ကျင့်ကြံမှုမှာ သံသယတစ်ခုခုရှိမယ်ဆိုရင် ကျုပ်ကိုသာမေးလိုက်”

ဆူဇီမို၏ ရင်ထဲမှာ ထူးဆန်းသောခံစားချက်တစ်ခု ပေါ်ထွက်လာ၏။

လန့်ယွီက တာအိုရောင်းရင်းဆူဟု ခေါ်ဆိုနေသော်လည်း သူက စကားပြောရင်း လင်းလောကိုကြည့်နေ၏။

မည်သို့ပင်ဆိုစေ လျန့်ယွီ၏ စိတ်ထဲမှာ လင်းလော၏ အမည်က ဆူလောဖြစ်၏။

“အမ်..”

လင်းလောကလည်း တွေဝေတုံ့ဆိုင်းနေပုံရ၏။

လျန့်ယွီ၏ နောက်ဘက်မှာ မဟူရာကြေးမုံဂိုဏ်းမှ အခြားသောကျင့်ကြံသူတစ်ယောက်က ဝင်ပြောလိုက်၏။

“ခင်ဗျားက ကျုပ်တို့စီနီယာအစ်ကိုရဲ့ လမ်းညွှန်မှုကိုခံယူနိုင်မယ်ဆိုတာ ခင်ဗျားရဲ့ဘဝမှာ အကြီးမားဆုံးအခွင့်အလမ်းတစ်ရပ်ပဲ... ခင်ဗျားက ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချသင့်တယ်”

“ကျုပ်တို့ရဲ့စီနီယာအစ်ကိုက ကျုပ်တို့မဟူရာကြေးမုံဂိုဏ်းမှာ အသန်မာဆုံးပညာရှင်ပဲ... သူက ဒီတစ်ခေါက် အင်မော်တယ်မက်မွန်စားသောက်ပွဲမှာ သေချာပေါက်နာမည်ရပြီး ကောင်းကင်အဆင့်သတ်မှတ်ချက်ထဲကို ဝင်ရောက်လိမ့်မယ်”

“အမ်..”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ဤလူပြောပုံအရ လျန့်ယွီသည် မဟူရာကြေးမုံဂိုဏ်းမှာ နံပါတ်တစ်ပညာရှင်ဖြစ်နေ၏။

ဒါဆို သူတို့ဂိုဏ်းက သိပ်ပြီးတော့ အားနည်းလွန်းမနေဘူးလား။

ဤကဲ့သို့သော မဟူရာအဆင့်ဂိုဏ်းတစ်ဂိုဏ်းက ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ဘယ်လိုလုပ်နာမည်ရှိနိုင်ပါ့မလဲ။

ဒါမှမဟုတ် လျန့်ယွီသည် စောစောတုန်းက ကြွားလုံးထုတ်ခဲ့တာလား။

“ဒါဆိုလဲ ကောင်းပါပြီရှင်”

လင်းလောက ပြုံး၍သဘောတူလိုက်၏။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုလျန့်ယွီ”

All Chapters