အခန်း (၁၀၂၁-၁၀၂၃)
Vol. 69 Ch. 1021-1023
အဆတစ်ရာစနစ် စာစဥ်(၆၉)
အခန်း(၁၀၂၁)
ကျန်းချန်ကို တောက်ပသော ရွှေရောင်အလင်းများ ဝန်းရံလာပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်ခန္ဓာကိုယ် အဖြစ်ပြောင်းလဲသွားကာ စစ်နတ်ဘုရားတစ်ပါးနှင့်ပင် တူနေခဲ့သည်။
"ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ် တတိယတိုက်ကွက် မိုးမြေတိတ်ဆိတ်"
အေးစက်စက် ကြုံးဝါးသံနှင့်အတူ ကျန်းချန်သည် သူ၏ လက်သီးချက်ကို ထုတ်ဖော်လိုက်တော့သည်။
သူ၏ရွှေရောင်လက်သီးသည် လမ်းတစ်လျောက်ရှိ နေရာလွတ်များကို အဆက်မပြတ် ဖြိုခွဲကာ ပျက်စီးစေခဲ့ပြီး ဝူကျန့်ယန် ဆီသို့ ရောက်ရှိသွားခဲ့သည်။
ကျန်းချန်၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်ဖြင့် နဂါးပြာ သန္ဓေခန္ဓာကိုယ်၏ သွေးစွမ်းအားကို အသုံးပြုကာ ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ် တတိယတိုက်ကွက်ကို ထုတ်ဖော်လိုက်သည့် စွမ်းအားသည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။
ဤလက်သီးချက်သည် ကမ္ဘာကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားရှိပုံရပြီး ကြယ်တစ်လုံး ကြွေဆင်းလာသကဲ့သို့ သာမန်အင်အားဖြင့် ပိတ်ဆို့၍ ရနိုင်မည်မဟုတ်ပေ။
"လခွမ်း ဒီကောင်က ဘယ်နေရာက လာတာများလဲ.. သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ အင်အားက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနေရတာလဲ "
ကျန်းချန်၏ လက်သီးစွမ်းအင်မှ အရှိန်အဝါကို ခံစားလိုက်ရလျှင် ဝူကျန့်ယန်သည် မျက်မှောင်ကြုတ်ကာ စိတ်ထဲကနေ ထိတ်လန့်သွားခဲ့သည်။
ရှန်းဝူတိုက်ကြီး၏ ခန္ဓာကိုယ်သန့်စင်ခြင်း (ဝါ)ရုပ်ပိုင်းဆိုင်ရာ တာအိုလမ်းစဥ်တွင် အဆင်ကိုးဆင့် ရှိသည်။
သူ၏ရှေ့မှကောင်လေး၏ ရုပ်ပိုင်းဆိုင်ရာအဆင့်သည် ဆဋ္ဌမအဆင့် နှောင်းပိုင်းသို့ပင် ရောက်ရှိလုနီးပါး ဖြစ်ပြီး ဆဋ္ဌမအဆင့် အထွတ်အထိပ်နှင့် သိပ်မဝေးတော့ပေ။
ထို့အပြင် ထိုကောင်လေး၏ သွေးစွမ်းအားသည် သူ၏ အင်ပါယာသွေးစွမ်းအားထက် လုံးဝ မနိမ့်ကျချေ။
ဤကောင်လေး လေ့ကျင့်ထားသည့် ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်သည်ပင် သူတို့ ကျင့်ဝူမြို့၏ ဘုရင်အဆင့် နည်းစနစ်ထက် ပိုမို အစွမ်းထက်နေခဲ့သည်။
သိထားရမည်မှာ လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ကပ်ဘေးကြီး ဖြစ်ပေါ်ပြီးနောက်တွင် သူတော်စင်မြို့တော် ငါးမြို့ထဲ၌ သူတို့ ထျန်းဝူ တစ်မြို့ထဲက သာလျှင် အင်ပါယာဝူ ချန်ထားခဲ့သည့် ရုပ်ပိုင်းဆိုင်ရာ ကျင့်စဥ်အမွေအနှစ်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
သူတို့ ထျန်းဝူမြို့အပြင် သူတော်စင်မြို့တော် ငါးမြို့တွင် ရုပ်ပိုင်းဆိုင်ရာ လမ်းစဥ်၌ ဤမျှ အစွမ်းထက်သည့် ပါရမီရှင် တစ်ယောက် ပေါ်ပေါက်လာလိမ့်မည်ဟု ဝူကျန့်ယန် တစ်ခါမှ မတွေးထားခဲ့ပေ။
သို့တိုင် ဤကောင်လေး၏ ခွန်အားက မည်မျှပင် သန်မာပါစေ၊ ယနေ့ သူတော်စင်မြို့တော် ငါးမြို့တွင် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသည့် ပါရမီရှင်ထဲ၌ သူကသာ နံပါတ်တစ် ဆိုသည်ကို ထိုကောင်လေးအား သိအောင်ပြရပေမည်။
"ဟမ့် မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာအင်အားက ဘယ်လောက်ပဲ သန်မာနေပါစေ.. သူတော်စင်မြို့တော် ငါးမြို့ထဲမှာတော့ ငါကသာ နံပါတ်တစ် ပါရမီရှင်ဆိုတာ မင်းဒီနေ့ သိစေရမယ်"
ဝူကျန့်ယန်က ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ထဲက ပြင်းထန်သော ရွှေရောင်ချီများ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ဆဋ္ဌမအဆင့် အထွတ်အထိပ်၏ ရုပ်ပိုင်းဆိုင်ရာ အင်အားသည် အပြည့်အဝ ပေါက်ကွဲထွက်လာခဲ့သည်။
ဝူကျန့်ယန်က သူ၏ တစ်ကိုယ်လုံးကို စုစည်းလိုက်ရာ ခမ်းနားထည်ဝါသော လက်သီးစွမ်းအင်များသည် သူ၏ လက်သီးကနေ ပေါက်ကွဲ၍ ထွက်လာခဲ့ပြီး ပတ်ဝန်းကျင် နေရာလွတ်များကိုပင် ပြိုကျစေခဲ့သည်။
"ကောင်လေး သွားသေလိုက်တော့"
"အင်ပါယာဝူရဲ့ နတ်ဘုရားလက်သီးသိုင်း"
ဝူကျန့်ယန်က သူ့ခန္ဓာကိုယ်မှ စွမ်းအားနှင့် သွေးစွမ်းအားများကို အစွမ်းကုန် ထုတ်သုံး၍ လက်သီးကို ဆုပ်လိုက်ရာ ကြီးမားသော အနီရောင် လက်သီးရိပ်တစ်ခုသည် လေထဲတွင် ပေါ်လာခဲ့သည်။
ထိုအနီရောင် လက်သီးရိပ်သည် ကမ္ဘာကြီးကိုပင် လွှမ်းခြုံထားပြီး နတ်ဘုရား တောင်တစ်လုံးကဲ့သို့ မကြုံစဖူး ကြောက်မက်ဖွယ် ခွန်အားဖြင့် ကျန်းချန်၏ လက်သီးချက်ကို ရင်ဆိုင်လိုက်၏။
"ဝုန်း"
အဖျက်စွမ်းအင်များ အပြည့်ပါသော လက်သီးချက် နှစ်ခုသည် ပြင်းပြင်းထန်ထန် ထိမှန်သွားခဲ့ကြပြီး ထိတ်လန့်ဖွယ်ကောင်းသော နောက်ဆက်တွဲ ရိုက်ခတ်မှုများသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည်အလား တုန်ခါသွားစေခဲ့သည်။
"ချီး.. ဘာနတ်ဘုရားလက်သီးသိုင်းလဲ.. ပြိုကွဲစမ်း "
ကျန်းချန်၏ မျက်နှာထားက တည်ငြိမ်မှုရှိနေခဲ့ပြီး ထိုခဏမှာပင် သူ၏ ရွှေရောင်လက်သီးကနေ ရုတ်တရက် လက်သီးဆန္ဒ တတိယအဆင့်၏ အင်အားက ပေါက်ကွဲထွက်လာခဲ့ပြီး ဝူကျန့်ယန်၏ သွေးရောင်လက်သီးရိပ်ကို ဖျက်ဆီးပစ်လိုက်သည်။
"ဝုန်း"
ပြင်းထန်သော ထိမှန်သံသည် ပတ်ဝန်းကျင် နေရာလွတ်တစ်ခုလုံးကို အကြီးအကျယ် တုန်ခါသွားစေခဲ့သည်။
ဝူကျန့်ယန်၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင် ကဲ့သို့ ဆယ်မီတာအကွာရှိ လုရွှေ ဝိညာဥ်ကန်ထဲကို အရှိန်ဖြင့် ပြုတ်ကျသွားခဲ့သည်။
နောက်ထပ် တစ်စက္ကန့်မှာပင် ရေထဲမှ မရေမတွက်နိုင်သော သားရဲများက ပေါ်ထွက်လာပြီး ဝူကျန့်ယန်ဆီ အပြေးအလွှား လာခဲ့ကြသည်။
ထိုမြင်ကွင်းကိုမြင်လျှင် ဝူကျန့်ယန်၏ မျက်နှာ အမူအရာသည် ပြောင်းလဲသွားခဲ့ပြီး သူ့ဆီသို့ ပြေးဝင်လာသောသားရဲများကို လက်သီးချက်များဖြင့် ပိတ်ဆို့ဟန့်တားကာ ကမ်းပေါ်သို့ ထိတ်လန့်တကြား နောက်ဆုတ်လာခဲ့၏။
ဤအချိန်တွင် ကျန်းချန်သည် စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ လုရွှေ ဝိညာဥ်ကန်၏ အလယ်တွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
သူက ဝူကျန့်ယန်ကို အထက်စီးကနေ မာန်ပါပါ ကြည့်လိုက်၏။
သူ၏ ခနဲ့တဲ့တဲ့ ရယ်မောသံသည် ကောင်းကင်တစ်ခွင်တွင် ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
"ဝူကျန့်ယန်.. မင်းလို သူတော်စင်မြို့တော် ငါးမြို့ရဲ့ နံပါတ်တစ် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း ပါရမီရှင် အစွမ်းအစက ဒီလောက်လေးပဲလား"
အခန်း(၁၀၂၁)ပြီး၏။
အခန်း(၁၀၂၂)
ကျန်းချန်၏ မထိီမဲ့မြင် လှောင်ရယ်သံ ထွက်ပေါ်လာသည်နှင့်အမျှ ဝူကျန့်ယန်၏ ရင်ထဲတွင် မချိမဆန့် ဝေဒနာကို ခံစားခဲ့ရပြီး သွေးတစ်ပွက်ကို အောင့်မထားနိုင်ဘဲ အန်ထုတ်လိုက်ရသည်။
"ကောင်လေး မင်းငါ့ကိုစောင့်နေ.. ဒီနေ့ကိစ္စကို ငါဝူကျန့်ယန် ကောင်းကောင်း မှတ်ထားမယ်"
၀ူကျန့်ယန်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်၏။
ကျန်းချန်ကို ကြည့်နေသည့် သူ၏ မျက်လုံးများသည် မီးဝင်းဝင်းတောက်လု မတတ် ဖြစ်နေခဲ့သည်။
အစောပိုင်းက ကျန်းချန်နှင့် တိုက်ခိုက်ရာတွင် သူ၏ ခြေထောက်အောက်မှ သားရဲ သေဆုံးသွားသဖြင့် သူ၏ အစွမ်းအစကို အကုန်အစင် အသုံးပြု၍ မရခဲ့ပေ။
ဤအချက်ကို သူ့ရှေ့မှ လူငယ်သည် အခွင့်ကောင်းယူကာ အချိန်ကိုက် လှုပ်ရှားခဲ့သည်။
သူက ထိုလူငယ်၏ တိုက်ခိုက်မှုကို အလျင်အမြန်ပင် ရင်ဆိုင်ခဲ့သော်လည်း လူငယ်၏ လက်သီးချက်ကြောင့် အရှက်တကွဲ ဖြစ်ခဲ့ရသည်။
ဝူကျန့်ယန်က အတော်လေး ဒေါသထွက်နေခဲ့၏။
သူ့အနေဖြင့် ဤကောင်လေးကို ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပြန်လည် ပေးဆပ်စေရမည်ဟု စိတ်ထဲကနေ တိတ်တဆိတ် တေးထားလိုက်သည်။
"ဝူကျန့်ယန်တောင် ဒီကောင်လေးရဲ့ဖိနှိပ်မှုကို ခံခဲ့ရတယ်ဟ"
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကမ်းပေါ်သို့ အရှက်တကွဲ ပြန်ရောက်လာသော ဝူကျန့်ယန်ကို မြင်လျှင် လဲ့ထျန်းဖန်းတို့ လူစုအပြင် ဝူကျန့်ယန်နှင့် အတူ လိုက်ပါလာသော တပည့်များ၏ မျက်နှာထက်တွင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဝူကျန့်ယန်သည် ထျန်းဝူမြို့၏ နာမည်ကျော် အင်ပါယာ အဆင့် ပါရမီရှင်တစ်ဦး ဖြစ်ပြီး သူတောင်စင်မြို့တော် ငါးမြို့တွင် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းနှင့် ပတ်သက်လျှင် နံပါတ်တစ်နေရာ၌ ရှိသည်။
၎င်း၏ တိုက်ပွဲဝင်စွမ်းရည်သည် ထျန်းဝူမြို့၏ ထိပ်တန်းလူငယ် ပါရမီရှင်များထဲတွင် တစ်ဦးအပါအဝင် ဖြစ်ရုံသာမက သူတော်စင်မြို့တော် ငါးမြို့ဖြင့် ကြည့်လျှင်ပင် ထိပ်တန်းဆယ်ဦးတွင် တစ်ဦးအပါအဝင် ဖြစ်သည်။
ဆိုရလျှင် သူတောင်စင်မြို့တော် ငါးမြို့ထဲတွင် ဝူကျန့်ယန်ကို ဖိနှိပ်နိုင်သူ အနည်းငယ်သာ ရှိသည်။
သို့သော်လည်း သူတို့ရှေ့မှ အညတရ ကောင်လေးသည်
ဝူကျန့်ယန်ကို ထိပ်တိုက် ရင်ဆိုင်ခဲ့ပြီး နောက်ဆုတ်သွား
အောင် လုပ်နိုင်ခဲ့သည်။
ပို၍ ထူးခြားသည်မှာ ထိုကောင်လေးသည် ဝူကျန့်ယန်နှင့် ရင်ဆိုင်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အင်အားကိုသာ အသုံးပြုခဲ့ခြင်းပင်။
သူတို့ ခေါင်းကွဲမတတ် စဥ်းစားလျှင်ပင် သူတောင်စင်မြို့ တော် ငါးမြို့ထဲတွင် ဝူကျန့်ယန်နှင့် ယှဥ်နိုင်သည့် ခန္ဓာကိုယ် ကျင့်ကြံခြင်း ပါရမီရှင် တစ်ယောက် မည်သည့်အချိန်ကတည်းက ပေါ်ထွက်လာသလဲ ဆိုသည်ကို နားမလည်နိုင်ခဲ့ကြချေ။
အထူးသဖြင့် ကျန်းချန်၏ အစွမ်းအစကို အစောပိုင်းက မြင်တွေ့ခဲ့ဖူးသည့် လဲ့ထျန်းဖန်းတို့ သုံးဦးသည် ဤအချိန်တွင် ပို၍ အံ့အားသင့်နေကြသည်။
"စီနီယာထျန်းဖန်း ဒီကောင်က တော်တော်ထူးဆန်းတာပဲ"
ကျင့်လဲ့မြို့မှ တပည့်တစ်ဦးက တံတွေးကိုမျိုချကာ ပြောလိုက်သည်။
သူ၏မျက်နှာထားက အလွန်ပင် အံ့အားသင့်နေပုံရသည်။
"ဒီကောင်လေးက ဒီတစ်ကြိမ် အင်ပါယာ အမွေအနှစ်နယ်မြေရဲ့ အကြီးမားဆုံး ဖြတ်မြင်းပဲ "
လဲ့ထျန်းဖန်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြိိီး လေးနက်စွာ ပြောလိုက်သည်။
"သူ့ရဲ့ပုံစံကို ကျင့်လဲ့မြို့က တပည့်တွေဆီ ဝေမျှပြီး ကျန်းချန်ဆိုတဲ့ ကောင်လေးကို ရန်မစမိအောင် သေချာမှာထားလိုက်"
ဤကောင်လေး၏ ပါရမီသည် သူ့ဘဝတစ်လျောက်လုံး မြင်တွေ့ဖူးသမျှထဲတွင် ကြောက်မက်ဖွယ် အကောင်းဆုံး ဖြစ်သည်။
သူတော်စင်မြို့တော် ငါးမြို့၏ ထိပ်တန်း ပါရမီရှင်များပင် ယှဥ်နိုင်ရန် ခက်ခဲလှ၏။
ဤကောင်လေး၏ အစွမ်းအစက သူတော်စင်မြို့တော်ငါးမြို့၏ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများထက်ပင် မနိမ့်ကျဟု လဲ့ထျန်းဖန်း ခံစားခဲ့ရသည်။
"ကောင်းပြီ ငါမင်းကို စောင့်နေမယ်"
ကျန်းချန်က ဝူကျန့်ယန်ကို ခပ်ပေါ့ပေါ့ပင်ကြည့်ကာ ပြောလိုက်၏။
သူ၏နှုတ်ခမ်းထောင့်တွင် ခနဲ့တဲ့တဲ့အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဝူကျန့်ဟန်၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းအဆင့်သည် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီ ဖြစ်၍ တိုက်ပွဲဝင်စွမ်းရည်သည် အမှန်တကယ်ပင် သန်မာလွန်းလှသည်။
မြေပြင်ပေါ်တွင်သာ ထိပ်တိုက် ရင်ဆိုင်ရမည်ဆိုလျှင် သူ၏ ရုပ်ပိုင်းဆိုင်ရာ အင်အားဖြင့် ဝူကျန့်ယန်ကို ရင်ဆိုင်ရန် အမှန်တကယ် ခက်ခဲလိမ့်မည် ဖြစ်၏။
သို့သော်လည်း ယခုအခါတွင် သူသည် လုရွှေဝိညာဥ်ကန် ထဲမှ လျှိုလီထျန်းရှီ အမြစ်ကို အမြောက်အမြား ရရှိထားခဲ့ပြီ ဖြစ်၏။
လျှိုလီထျန်းရှီ အမြစ်များကို အသုံးပြုလိုက်သည်နှင့် သူ၏ မပျက်စီးနိုင်သော ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကို ပဥ္စမအဆင့် အထွတ်အထိပ်ထိ ရောက်ရှိစေရန် လုံလောက်စေမည် မဟုတ်ပါလား။
သူ၏ မပျက်စီးနိုင်သော ခန္ဓာကိုယ်ကျင့်ကြံခြင်း ပဥ္စမအဆင့်သည် ဝူကျန့်ယန်၏ ဆဋ္ဌမအဆင့်နှင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိ၏။
ဆိုရလျှင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း နည်းစနစ်သည် ရှန်းဝူတိုက်ကြီး၏ အစွမ်းထက်ဆုံး ခန္ဓာကိုယ် သန့်စင်ခြင်းနည်းစနစ် အဆင့်ကို ကျိန်းသေ ကျော်လွန်နေခဲ့ချေပြီ။
လျှိုလီထျန်းရှီအမြစ်ကို စားသုံးပြီးလျှင် ဝူကျန့်ယန်ကို ရုပ်ပိုင်းဆိုင်ရာ အင်အားဖြင့် အေးအေးဆေးဆေး အန်ိုင်ယူနိုင်မည်ဖြစ်ရာ ဝူကျန့်ယန်ကို သူ၏ မျက်လုံးထဲတွင် အဘယ့်ကြောင့် ထည့်ထားရပါမည်နည်း။
"ခုနက ရှောင်ပိုင်ရီ စာတစ်စောင် ပို့ထားတာ ဖွင့်ဖတ်ကြည့်ရဦးမယ်"
ကျန်းချန်က သူ၏ ကျောက်စိမ်းတံဆိပ်ပြားကို ဖွင့်၍ စစ်ဆေးလိုက်ရာ ရှောင်ပိုင်တို့ လူစုသည် အခက်အခဲ တွေ့နေ၍ ဤနေရာသို့ လာနိုင်တော့မည် မဟုတ်ကြောင်း အကြောင်းကြားသည့်စာ ဖြစ်နေခဲ့သည်။
"ကြည့်ရတာ ရှေးဟောင်းဆေးဥယျာဥ်ကို ငါတစ်ယောက်ထဲပဲ ဝင်ရတော့မယ် ထင်တယ် "
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကန်နားရှိ ဝူကျန့်ယန်နှင့် အခြားသူများကို ချက်ချင်းဆိုသလို လျစ်လျူရှုလိုက်ကာ လုရွှေဝိညာဥ်ကန်၏ နက်ရှိုင်းသော နေရာဆီသို့ ရှေးဟောင်း ငရဲမိကျောင်းကို ထိန်းချုပ်ကာ သွားရောက်စေခဲ့သည်။
အခန်း(၁၀၂၂)ပြီး၏။
အခန်း(၁၀၂၃)
လုရွှေဝိညာဥ်ကန်၏ နက်ရှိုင်းသော နေရာသို့ ဝင်ရောက်သွားသည့် ကျန်းချန်၏ ကျောပြင်ကို ကြည့်ကာ ဝူကျန့်ယန်နှင့်အခြားသူများသည် အံ့အားသင့်သွားကြသည်။
"ဒီ.. ဒီကောင် ဘာလုပ်ချင်နေတာလဲ"
"လုရွှေဝိညာဥ်ကန်ရဲ့ နက်ရှိုင်းတဲ့ နေရာထဲကို တစ်ယောက်တည်း ဝင်သွားတာလား"
"မဟုတ်သေးဘူး.. သူ့ရဲ့ပုံစံကို ကြည့်ရတာ သူ့ရဲ့ပန်းတိုင်က လုရွှေဝိညာဥ်ကန် မဟုတ်လောက်ဘူး"
ဝူကျန့်ယန် အနောက်မှ ထျန်းဝူမြို့ တပည့်များသည် မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။
"ဒီကောင်က တစ်ဖက်အခြမ်းမှာ ရှိတဲ့ ရှေးဟောင်း ဆေးဥယျာဥ်ကို တစ်ယောက်ထဲ သွားချင်နေတာပဲဖြစ်မယ်.. ဒီကောင်တစ်ကယ်ပဲ ဦးနှောက်ပျက်သွားပြီလား.. လခွမ်း ဒီကောင်ကတကယ်ပဲ တစ်ဖက်အခြမ်းမှာရှိတဲ့ ရှေးဟောင်း ဆေးဥယျာဥ်ဆီသွားနေတာပဲဟ"
လဲ့ထျန်းဖန်းတို့ သုံးယောက်သည် ကျန်းချန်ကို တအံ့တသြ ကြည့်ကာ အသက်ရှူမှားမတတ်ပင် ဖြစ်ခဲ့ကြသည်။
ရှေးဟောင်းဆေးဥယျာဥ်သည် အင်ပါယာအမွေအနှစ် နယ်မြေထဲတွင် အကြီးမားဆုံးသော အင်အားများထဲမှ တစ်ခု ဖြစ်သည်။
ထိုသို့ကြီးမားသော အခွင့်အလမ်းများ ရှိသော်လည်း ရှေးဟောင်းဆေးဥယျာဥ် အတွင်းသို့ ဝင်ရောက်ရန်မှာမူ အလွန်ခက်ခဲ၏။
အထူးသဖြင့် အမွေအနှစ်နယ်မြေကို စတင်ဖွင့်လှစ်ချိန်တွင် ရှေးဟောင်း ဆေးဥယျာဥ်ကို အကာအကွယ်ပေးထားသော အစီအရင်သည် အလွန်ပင် အစွမ်းအပြည့်အ၀ ရှိသည်။
ရှေးဟောင်း ဆေးဥယျာဥ်၏ အစွမ်းထက် အစီအရင်ကြောင့် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် အတင်းအကြပ် ဝင်ရောက်ပါက အလွယ်တကူ ပျက်စီးသွားနိုင်ပေသည်။
ထို့ကြောင့် အင်ပါယာ အမွေအနှစ် နယ်မြေထဲသို့ ဝင်ရောက်လာသော ပါရမီရှင် အများစုသည် အင်ပါယာအမွေအနှစ် နယ်မြေ ဖွင့်လှစ်ပြီးနောက်တွင် ဆယ်ရက်ခန့် စောင့်ဆိုင်းလေ့ ရှိကြသည်။
ဤကဲ့သို့ စောင့်ဆိုင်းချိန်သည် ရှေးဟောင်းဆေးဥယျာဥ်၏ အကာအကွယ် အစီအရင်မှ ထုတ်လွှတ်သော စွမ်းအားများကို ပျံ့လွင့်သွားစေရန် လုံလောက်၏။
အစီအရင် အားနည်းသွားသောအခါမှသာလျှင် ကျင့်ကြံသူများသည် ရှေးဟောင်း ဆေးဥယျာဥ်ထဲသို့ ဝင်ရောက်ရန်ရွေးချယ်ကြသည်။
မှန်ပါသည်၊ အစီအရင်၏ စွမ်းအားအချို့ ပြယ်လွှင့်သွားလျှင်ပင် ရှေးဟောင်းဆေးဥယျာဥ် ထဲသို့ မည်သူကမှ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်မည်တော့ မဟုတ်ပေ။
ပါရမီရှင်တပည့်များသည် သူတို့၏ အဖွဲ့ထဲတွင် အစီအရင်ပညာရပ်တွင် မနိိမ့်ကျသည့် အစီအရင်သခင် တစ်ယောက်ကို ထည့်သွင်းထားကြလေ့ ရှိသည်။
အကြောင်းရင်းမှာ ထူးချွန်သော အစီအရင်သခင်၏ အကူအညီဖြင့် ဆိုလျှင် ရှေးဟောင်း ဆေးဥယျာဥ်ထဲကို ဝင်ရောက်သည့် အန္တရာယ်က များစွာ လျော့နည်းသွားမည် ဖြစ်သောကြောင့်ပင်။
ရှေးဟောင်း ဆေးဥယျာဥ်ထဲရှိ မရေမတွက်နိုင်သော ဆေးဖက်ဝင် ပစ္စည်းများကို အစိီအရင်များဖြင့် ကန့်သတ်ထားသည် ဖြစ်ရာ ရှေးဟောင်းဆေးဥယျာဥ် ထဲမှ တစ်စုံတစ်ရာကို ရရှိချင်သည်ဆိုလျှင် အစီအရင်သခင်သည် မရှိမဖြစ် လိုအပ်၏။
သို့သော်လည်း သူတို့ရှေ့မှ ကျန်းချန်ကမူ ရှေးဟောင်းဆေးဥယျာဥ်သို့ တစ်ကိုယ်တည်း သွားရောက်နေခဲ့သည်။
ကျန်းချန်၏ အစောပိုင်းက အစွမ်းအစများကို မမြင်ဖူးထားလျှင် လဲ့ထျန်းဖန်းသည် ကျန်းချန်၏ လုပ်ရပ်ကို လှောင်ပြောင်ကောင်း လှောင်ပြောင်မိပေလိမ့်မည်။
သို့သော်လည်း ယခုအခါတွင် လဲ့ထျန်းဖန်းသည် ကျန်းချန်ကို အထင်မသေးရဲတော့ပေ။
"ဒီကောင်လေးက သားရဲသခင် တစ်ယောက်တင် မကဘဲ အစီအရင် ပညာရပ်မှာလည်း ထူးချွန်တဲ့ အစီအရင်သခင် တစ်ယောက်လည်း ဖြစ်နေတာများလား"
လဲ့ထျန်းဖန်းက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်ပြီး မျက်နှာပေါ်တွင် အလွန်အမင်း အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
အကယ်၍ ဤအတိုင်းသာ မှန်နေမည်ဆိုလျှင် ဤကောင်လေးသည် တကယ်ကို ကြောက်မက်ဖွယ်ကောင်းသော မွန်းစတားတစ်ကောင် ဖြစ်သည် မဟုတ်ပါလော။
"ဝူထို့.. မင်းဘယ်လိုနည်းလမ်းကိုပဲ သုံးသုံး ငါ့အတွက်ရှေးဟောင်း ငရဲမိကျောင်း တစ်ကောင်ကို ယဥ်ပါးအောင်လုပ်ပေးစမ်း"
ဝူကျန့်ယန်က သူနှင့် တဖြည်းဖြည်း ဝေးကွာသွားသည့် ကျန်းချန်၏ နောက်ကျောကိုကြည့်ရင်း ဝူထို့ကို အမိန့်ပေးလိုက်သည်။
သူ၏မျက်လုံးများတွင် လူသတ်ငွေ့များ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့၏။
မူလက သူသည် ကျန်းချန်ကို လုရွှေဝိညာဥ်ကန်မှ ပြန်တက်လာမည့် အချိန်ကို စောင့်ဆိုင်းရန် ပြင်ဆင်ခဲ့သည်။
အစောပိုင်းက လုရွှေ ဝိညာဥ်ကန်ထဲတွင် ကျန်းချန်နှင့် ယှဥ်ပြိုင်ရစဥ် အရှက်တကွဲ ဖြစ်ခဲ့ရသော်လည်း ယင်းမှာ လုရွှေဝိညာဥ်ကန် ထဲတွင် သူ၏ တိုက်ပွဲဝင်စွမ်းရည်ကို အပြည့်အဝ ထုတ်မသုံးနိုင်ခဲ့သောကြောင့် ဖြစ်သည်။
ကျန်းချန်သာ ကမ်းပေါ်သို့ ပြန်တက်လာလျှင် သူ၏ ခွန်အားဖြင့် အလွယ်တကူ သတ်ပစ်နိုင်မည်ဟု ဝူကျန့်ယန် ယုံကြည်ခဲ့သည်။
သို့သော်လည်း ဝူကျန့်ယန် မမျှော်လင့်ထားသည်မှာ ကျန်းချန်သည် ကမ်းပေါ်သို့ ပြန်တက်ရန် အစီအစဥ်မရှိဘဲ တစ်ဖက်ကမ်းရှိ ဥယျာဥ်သို့ တစ်ကိုယ်တည်း ဦးတည်၍ သွားရောက်ခဲ့ခြင်းပင်။
ထျန်းဝူမြို့၏ အသန်မာဆုံး ပါရမီရှင်များထဲမှ တစ်ဦး အနေဖြင့် ဝူကျန့်ယန်သည် သူ၏ဘဝထဲတွင် ဤကဲ့သို့ ရှုံးနိမ့်ခြင်းမျိုး မကြုံဖူးသေးပေ။
ထို့အပြင် ကျန်းချန်၏ လက်ထဲတွင် လျှိုလီထျန်းရှီ အမြစ်အမြောက်အများ ရှိနေခဲ့သည်။
ထိုလျှိုလီထျန်းရှီ အမြစ်သည် သူ၏ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းကို သတ္တမအဆင့်ထိ မြှင့်တင်ရန် များစွာ အထောက်အပံ့ပြုလိမ့်မည် ဖြစ်၏။
၀ူကျန့်ယန်သည် ထျန်းဝူမြို့၏ အစီအရင် ပါရမီရှင် ဝူထျန်း ရောက်ရှိလာသည်နှင့် ကျန်းချန်ကို တစ်ခါတည်း သတ်ပစ်ရန် ဆုံးဖြတ်ထားခဲ့သည်။
မည်မျှပင် ပေးဆပ်ရပါစေ ကျန်းချန်ကို သတ်ဖြတ်ပြီး လျှိုလီထျန်းရှီ အမြစ်ကို လုယူမည်ဟု သူဆုံးဖြတ်ချက် ချထားခဲ့သည်။
အခန်း(၁၀၂၃)ပြီး၏။