အခန်း (၁၀၂၇-၁၀၂၉)
Vol. 69 Ch. 1027-1029
အခန်း(၁၀၂၇)
ရွှယ်လင်သိဒ္ဓိစမ်းရေသည် အင်ပါယာ အမွေအနှစ် နယ်မြေဖြစ်သည့်ရွှယ်မင်သူတော်စင်နယ်မြေ၏ အမြင့်မြတ်ဆုံးရတနာဖြစ်ပြီး ရှေးဟောင်းဆေးဥယျာဥ်ထဲရှိ အဖိုးတန်ဆုံးရတနာတစ်ပါးလည်း ဖြစ်သည်။
ကျန်းချန်သည် ရွှယ်လင်သိဒ္ဓိစမ်းရေမှ စိမ့်ထွက်လာသည့် ဝိညာဥ်စွမ်းရည်ကို တစ်ချက်မျှ ရှူရှိုက်လိုက်ရုံဖြင့် အကျိုးကျေးဇူး များစွာ ရရှိခဲ့သည်။
အကယ်၍ သူသာ ရွှယ်လင်သိဒ္ဓိစမ်းရေကို ရယူနိုင်ခဲ့လျှင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ခုန်ပေါက်တိုးတက်လာမည်မှာ သေချာသလောက်ပင်။
မှန်ပါသည်၊ ကျင့်ကြံခြင်းအဆင့် တိုးတက်လာခြင်းသည် ဒုတိယနေရာတွင်သာရှိပြီး ၎င်း၏ အဓိကလုပ်ဆောင်ချက်မှာ ဝိညာဥ်စွမ်းအားကို မြှင့်တင်ပေးခြင်း ဖြစ်သည်။
ရွှယ်လင်သိဒ္ဓိစမ်းရေကို ရှူရှိုက်ရာမှ ထွက်ပေါ်လာသော စနစ်၏ အချက်ပေးချက်များအရ ကျန်းချန်သည် ရွှယ်လင်သိဒ္ဓိစမ်းရေ၏ ဝိညာဥ်စွမ်းအားကို တိုးတက်စေသော အာနိသင်သည် ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေသော အာနိသင်ထက် နှစ်ဆပိုများကြောင်း သိရှိခဲ့သည်။
ဆိုလိုသည်မှာ အကယ်၍ သူသာ ရွှယ်လင်သိဒ္ဓိစမ်းရေကို လုံလောက်စွာ ရရှိခဲ့လျှင် သူ၏ ဝိညာဥ်စွမ်းအားကို ကောင်းစွာမြှင့်တင်နိုင်မည် ဖြစ်ပြီး သိုင်းသခင်နယ်ပယ် ကျင့်ကြံခြင်းအဆင့်ဖြင့် ဘုရင်စိတ်ဆန္ဒကို စုစည်းကာ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် ဖြစ်လာနိုင်မည် ဖြစ်၏။
သူသာ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် ဖြစ်လာခဲ့လျှင် သူတော်စင်မြို့တော် ငါးမြို့၏ ထိပ်တန်း ပါရမီရှင်များစွာထဲတွင် သူနှင့် ယှဥ်ပြိုင်နိုင်သောသူ တစ်ယောက်မှ မရှိတော့ဟု သူ ထင်မြင်ခဲ့သည်။
"ရွှယ်လင်သိဒ္ဓိစမ်းရေက ငါကျန်းချန်ရဲ့ အပိုင်ပဲ ဖြစ်ရမယ်.. ဘယ်သူမှ ငါ့ဆီက ရယူဖို့မစဥ်းစားနဲ့"
ကျန်းချန်၏ မျက်လုံးများက ရုတ်တရက် ခက်ထန်သွားခဲ့သည်။
ထို့နောက်တွင် သူ၏ပုံရိပ်သည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့၏။
ခဏအကြာတွင် ကျန်းချန်သည် ရွှယ်လင်သိဒ္ဓိစမ်းရေ၏ အရှိန်အဝါနောက်ကို လိုက်ရင်း ရှေးဟောင်း ဆေးဥယျာဥ်၏ နက်ရှိုင်းသော နေရာရှိ ရှေးကျသော ခန်းမတစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။
"ဒီခန်းမရဲ့ အတားအဆီးက တကယ်ကို ဖြိုဖျက်ခံထားရတာပဲ"
အခြားသူများ ဖြိုဖျက်ထားသော ခန်းမအတားအဆီးကို မြင်လျှင် ကျန်းချန်သည် စိတ်ထဲကနေ တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် အတွင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
ခန်းမထဲသို့ ဝင်ရောက်သွားပြီးနောက်တွင် ကျန်းချန်သည် မျက်လုံးကို ကစားလိုက်ရာ ခန်းမထဲရှိ အရာအာလုံးသည် သူ၏ မြင်ကွင်းရှေ့တွင် ပေါ်လာခဲ့သည်။
ခန်းမသည် အလွန်တရာ ကျယ်ဝန်းပြီး အချင်းမီတာ တစ်ရာခန့် ရှိ၏။
သူနှင့် ရှေ့ဆယ်မီတာ အကွာတွင် လူသုံးဦးသည် ခန်းမ၏ အလယ်သို့ ဖြည်းညင်းစွာ ချည်းကပ်နေခဲ့သည်။
ထိုလူသုံးဦးသည် သူ့ထက်အရင် ဤနေရာသို့ ရောက်လာသူများ ဖြစ်သည်မှာ ထင်ရှားနေ၏။
ခန်းမ၏ အလယ်တွင် ရေပန်းကန်တစ်ကန် ရှိပြီး ရေပန်း၏ အချင်းသည် ပေနှစ်ဆယ်ခန့် ရှိသည်။
ရေကန်၏ အလယ်တွင် ခရစ်စတယ် ကျောက်တုံးတစ်တုံး ရှိပြီး ကြွယ်ဝသော အရှိန်အဝါများကို ထုတ်လွှတ်နေသောရေပန်းများသည် ထိုခရစ်စတယ် ကျောက်တုံးရှိ အပေါက်ငယ်လေးများကနေ ထွက်ပေါ်နေခြင်း ဖြစ်သည်။
"ဝိုး.. ရွှယ်လင်သိဒ္ဓိစမ်းရေတွေ အများကြီးပါလား"
သူ့ရှေ့မှမြင်ကွင်းကို ကြည့်ရင်း ကျန်းချန်၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။
"မင်းအတွေးများနေပြီ.. ဒီကန်ထဲက ရေအများစုက ရွှယ်လင်သိဒ္ဓိစမ်းရေ အစစ်မဟုတ်ဘူး.. ခရစ်စတယ် ကျောက်တုံးရဲ့ အလည်ဗဟိုမှာ ရှိတဲ့ အပေါက်ငယ်လေးနဲ့ အောက်နားက ကျောက်ခွက်ကို မင်းမြင်လား.. အဲဒီအပေါက်ကနေ ကျောက်ခွက်ထဲကို စီးကျလာတဲ့ရေက ရွှယ်လင်သိဒ္ဓိစမ်းရေပဲ..ဒီရေကန်ထဲက ရေတွေက ရွှယ်လင်သိဒ္ဓိစမ်းရေရဲ့ အဟာရဓာတ်ကို တစ်နှစ်ပတ်လုံး ရရှိထားတဲ့အတွက် အာနိသင် အနည်းငယ်တော့ရှိနေတယ်.. ဒါပေမဲ့ ရွှယ်လင်သိဒ္ဓိစမ်းရေ အစစ်နဲ့ ယှဥ်လိုက်ရင်တော့ အများကြီးလိုပါသေးတယ်"
ထိုအချိန်တွင် သွေးမြစ်သည် ကျန်းချန်၏ စိတ်ထဲကနေ ရှင်းပြလိုက်သည်။
ကျန်းချန်က သွေးမြစ်ညွှန်ကြားရာသို့ ကြည့်လိုက်ရာ ဆန်းကြယ်သော ခရစ်စတယ်ကျောက်တုံး၏ အလယ်ဗဟိုတွင် အပေါက်ငယ်လေး တစ်ခုရှိနေသည်ကို တွေ့လိုက်ရ၏။
ထိုအပေါက်ငယ်လေးသည် ခရစ်စတယ်ကျောက်တုံး၏ ကျန်အပေါက်များလို ရေများပန်းထွက် မနေဘဲ အချိန် အပိုင်းခြားအလိုက် အရည်တစ်စက်ချင်းဆီသာ ကျောက်ခွက်ထဲကို စီးကျနေခဲ့သည်။
၎င်း၏အရည်က အလွန်တရာ ကြည်လင်ပြီး ပုလဲလို တောက်ပကာ ထူးခြားလှ၏။
ကျန်းချန်က ရွှယ်လင်သိဒ္ဓိစမ်းရေကို ကြည့်နေစဥ်မှာပင် သူ့ရှေ့မှ လူသုံးဦးသည် ကျန်းချန် ရောက်ရှိနေသည်ကို အလျင်အမြန်ပင် သတိပြုမိသွားခဲ့ကြသည်။
"ကောင်လေး မင်းဘယ်သူလဲ.. ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ"
ထိုသုံးယောက်က ရုတ်တရက် လှည့်ကြည့်လိုက်ကြပြီး သူတို့၏ အနောက်တွင် ရှိနေသည့် ကျန်းချန်ကို စိုက်ကြည့်လိုက်ကြသည်။
သူတို့၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သော အံ့အားသင့်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
"ငါက ယန်ဒီမြို့က ကျန်းချန်ပါ.. မင်းတို့တွေတောင် ဒီကို လာနိုင်မှာတော့ ငါက ဘာလို့ မလာနိုင်ရမှာလဲ"
ကျန်းချန်က ထိုသုံးယောက်ကို တည်ငြိမ်စွာကြည့်၍ ပြောလိုက်သည်။
"ကောင်လေး.. မင်းဘာသာမင်း ဘယ်သူဖြစ်ဖြစ် ငါဂရုမစိုက်ဘူး.. ဒီရွှယ်လင်သိဒ္ဓိစမ်းရေကို ငါလင်ပိုင်ချွမ် အရင်ဆုံးတွေ့တာပဲ.. အခြေအနေကို နားလည်ရင် ဒီကနေ ထွက်သွားလိုက်စမ်း"
သူ၏ ရှေ့မှ ငွေရောင်ဆံပင်နှင့် လူငယ်လေးသည် ၎င်း၏ နက်ရှိုင်းသော မျက်လုံးများဖြင့် ကျန်းချန်ကို စူးစိုက်ကြည့်နေခဲ့သည်။
ထိုလူငယ်ထံမှ ပြင်းထန်သော လူသတ်ငွေ့များလည်း ထွက်ပေါ်လာခဲ့၏။
အခန်း(၁၀၂၇)ဖြစ်၏။
အခန်း(၁၀၂၈)
လင်ပိုင်ချွမ်က ကျန်းချန်ကို သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်နေသော်လည်း စိတ်ထဲတွင် မယုံကြည်နိုင်စွာဖြင့် အံ့သြ ထိတ်လန့်နေခဲ့သည်။
ရှေးဟောင်း ဆေးဥယျာဥ်သည် အင်ပါယာ အမွေအနှစ်နယ်မြေ၏ အကြီးမြတ်ဆုံး အခွင့်အလမ်းများထဲမှ တစ်ခု ဖြစ်သည်။
၎င်းသည် ရွှယ်မင် သူတော်စင်နယ်မြေ၏ အမြင့်မြတ်ဆုံးရတနာ ဖြစ်သည့် ရွှယ်လင်သိဒ္ဓိစမ်းရေ မွေးဖွားရာနေရာလည်း ဖြစ်သည်။
ရှေးဟောင်း ဆေးဥယျာဥ်က တပ်မက်ချင်စဖွယ်ကောင်းသော်လည်း ရှေးဟောင်း အစီအရင်များဖြင့် တားဆီးကာကွယ်ထား၏။
ယေဘုယျအားဖြင့် အင်ပါယာ အမွေအနှစ် ဖွင့်လှစ်ပြီး ဆယ်ရက်မျှ ကြာမှသာ ရှေးဟောင်းအစီအရင်၏ စွမ်းအင်အများစုသည် ပျောက်ကွယ်သွားမည် ဖြစ်သည်။
ထိုအချိန်သို့ မရောက်မချင်း ရှေးဟောင်း ဆေးဥယျာဥ်ကို မည်သူမှ မဝင်လာရဲကြပေ။
လင်ပိုင်ချွမ်က ရှေးဟောင်း ဆေးဥယျာဥ်သို့ ပထမဦးဆုံး ဝင်ရောက်နိုင်ခဲ့ခြင်းမှာ သူ့ဆရာ၏ ကောင်းမှုကြောင့်သာ ဖြစ်သည်။
လွန်ခဲ့သော နှစ်တစ်ရာက လင်ပိုင်ချွမ်၏ ဆရာသည် အင်ပါယာ အမွေအနှစ်နယ်မြေထဲသို့ ဝင်ရောက်ခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် အစီအရင် တံဆိပ်ပြားတစ်ခုကို ရရှိခဲ့သည်။
ဤအစီအရင် တံဆိပ်ပြားသည် ရှေးဟောင်း ဆေးဥယျာဥ်၏ အစီအရင်ကို ဖွင့်လှစ်ရာတွင် အသုံးပြုသော တံဆိပ်ပြားဖြစ်၏။
ထို့ကြောင့် လင်ပိုင်ချွမ်က အစီအရင် တံဆိပ်ပြားကို အသုံးပြု၍ ဤနေရာသို့ ချောချောမွေ့မွေ့ ရောက်ရှိလာခြင်းပင်။
သူက သူ့ဆရာ၏ ညွှန်ကြားချက်အရ ရွှယ်လင်သိဒ္ဓိစမ်းရေကို ရယူတော့မည့် အချိန်မှာပင် တစ်စုံတစ်ယောက်က ဤနေရာသို့ ရောက်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ဒီကောင်လေး ကြည့်ရတာ ငါ့လိုပဲ ရှေးဟောင်း ဆေးဥယျာဥ်ရဲ့ အစီအရင်တံဆိပ်ပြားကို ရခဲ့တာထင်တယ်"
လင်ပိုင်ချွမ်၏ မျက်လုံးတွင် အေးစက်သော အလင်းရောင်များ တောက်ပလာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဤကောင်လေးသာ ရွှယ်လင်သိဒ္ဓိစမ်းရေကို လုယူရန် စိတ်ကူးနေသည်ဆိုပါက သူ့အနေဖြင့် သက်ညှာနေမည် မဟုတ်ပေ။
"ဒီကောင်က လင်ရှီမြို့ရဲ့ အင်ပါယာအဆင့် ပါရမီရှင် လင်ပိုင်ချွမ်လား"
ကျန်းချန်က မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
သူက လင်ပိုင်ချွမ်ဟူသော နာမည်ဖြင့်မစိမ်းပေ။
၎င်းသည် လင်ရှီမြို့၏ ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်ပြီး ခွန်အားမှာ အလွန်ပင် နက်နဲလှ၏။
သူတော်စင်မြို့တော် ငါးမြို့၏ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်သုံးဦးမှ လွဲလျှင် သူ့ကိုယှဥ်နိုင်သောသူ မရှိဟု ဆိုကြပြီး ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အောက်တွင် ပြိုင်ဘက်ကင်းအဖြစ် လူသိများသည်။
လင်ပိုင်ချွမ်၏ ခွန်အားက အလွန်ပင် သန်မာသော်လည်း ကျန်းချန်သည် အနည်းငယ်မျှပင် နောက်ဆုတ်ရန် ရည်ရွယ်ချက် မရှိပေ။
သူ့အနေဖြင့် ရှေးဟောင်းဆေးဥယျာဥ်သို့ အလျင်အမြန်လာရောက်ခဲ့သည်မှာ ရွှယ်လင်သိဒ္ဓိစမ်းရေ အတွက်သာ ဖြစ်သည်။
သို့ဖြစ်ရာ သူ့ရှေ့မှ လင်ပိုင်ချွမ်လောက်ကို မပြောနှင့်၊ လင်ရှီမြို့၏ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်ဖြစ်သူ မုန့်ရွယ်ရွှယ် ကိုယ်တိုင် ဖြစ်နေလျှင်ပင် ရွှယ်လင်သိဒ္ဓိစမ်းရေကို ရယူခြင်းမှ သူ့ကို တားဆီးနိုင်မည်မဟုတ်ချေ။
"ဟားဟား.. အရင်မြင်တာနဲ့ပဲ ဒါက မင်းအပိုင်လို့များ ထင်နေလား"
ကျန်းချန်က ခနဲ့တဲ့တဲ့ပြုံး၍ ပြောလိုက်သည်။
ထို့နောက်တွင် သူ၏ မောက်မာသောအသံသည် ခန်းမထဲတွင် ဖြည်းဖြည်းချင်း ပျံ့နှံ့သွားခဲ့၏။
"အင်ပါယာ အမွေအနှစ်နယ်မြေရဲ့ ရတနာက အရည်အချင်း ပိုရှိတဲ့သူဆီ ရောက်တာ သဘာဝပဲ.. ရွှယ်လင်သိဒ္ဓိစမ်းရေကို မင်းလိုချင်သလို ငါလည်းလိုချင်တယ်.. ဒါကြောင့် မင်းဆီကနေ ငါလုယူမယ်.. မင်းဘာလုပ်ချင်လဲ"
"ကောင်လေး ငါမင်းကို အခွင့်အရေးပေးခဲ့ပြီးပြီ.. ဒါပေမဲ့ မင်းက ဒီလောက်တောင် သေချင်တယ် ဆိုမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
ထိုအချိန်တွင် လင်ပိုင်ချွမ်၏ မျက်နှာထားက အေးစက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် လင်ပိုင်ချွမ်က သူ့နံဘေးရှိ သိုင်းသခင်နယ်ပယ် သတ္တမအဆင့် လူငယ်တစ်ဦးကို အမိန့်ပေးလိုက်သည်။
"လင်ယန် ဒီကောင့်ကို သတ်ပစ်လိုက်"
"ဟုတ်ကဲ့ စီနီယာအကို"
သိုင်းသခင်နယ်ပယ် သတ္တမအဆင့်မှ လူငယ်က ပြန်ဖြေလိုက်ပြီး ချက်ချင်းပင် ကျန်းချန်ကို စူးစိုက်၍ ကြည့်လိုက်သည်။
ထိုလူငယ်၏ မျက်နှာထက်တွင် အထင်သေးသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"ဟမ့်.. သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်က အမှိုက်လေးက ဘယ်ကရလာတဲ့ သတ္တိနဲ့ ရွှယ်လင်သိဒ္ဓိစမ်းရေ အတွက် ငါတို့နဲ့ ယှဥ်ပြိုင်ရဲနေတာလဲ.. အကောင်းအဆိုးကို နားမလည်ဘူးဆိုမှတော့ သွားသေလိုက်တော့"
စကားသံဆုံးသည်နှင့် လူငယ်က ပြင်းထန်သော ဝိညာဥ်စွမ်းရည်ဖြင့် ကျန်းချန်ကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။
"ဟားဟား.. မင်းရဲ့ခွန်အားလောက်နဲ့ ငါ့ကို ဖိနှိပ်ဖို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.. မင်းမပြောနဲ့ မင်းဘေးနားက လင်ပိုင်ချွမ်တောင်မှ အဲဒီလို အရည်အချင်းမရှိဘူး.. မင်းက ဘာကောင်မို့လို့လဲ.. ငါရဲ့မဟာအဆင့် ဓားစိတ်ဆန္ဒကို ခံယူလိုက်စမ်း"
စကားသံဆုံးသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒသည် ကျန်းချန်ဆီကနေ ချက်ချင်းဆိုသလို ပျံ့နှံ့လာခဲ့ပြီး လင်ယန်၏ ဝိညာဥ်စွမ်းအားနှင့် ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။
"ဝုန်း.."
ကျန်းချန်၏ မဟာအဆင့် ဓားစိတ်ဆန္ဒအောက်တွင် လင်ယန်၏ ဝိညာဥ်စွမ်းအားသည် ချက်ချင်းပင် ပျက်စီးကြေမွသွားခဲ့သည်။
မကြာမီမှာပင် လင်ယန် တစ်ကိုယ်လုံးသည် တုန်ယင်သွားခဲ့ပြီး မျက်နှာတစ်ခုလုံးကလည်း ရုတ်တရက် ဖြူဖျော့သွားကာ ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
အခန်း(၁၀၂၈)ပြီး၏။
အခန်း(၁၀၂၉)
"မင်း..မင်း"
လင်ယန်က သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော အင်အားများကို ထိန်းချုပ်လိုက်သည်။
ကျန်းချန်ကို ကြည့်နေသည့် သူ၏အကြည့်တွင် ထိတ်လန့်သော အရိပ်အယောင်များ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့၏။
သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်သာရှိပြီး သူကိုယ်တိုင်က အမှိုက်ဟုသာ မှတ်ယူခဲ့သော ကောင်လေးတွင် အစွမ်းထွက်သည့် တိုက်ပွဲဝင်စွမ်းရည် ရှိနေမည်ဟု သူဘယ်လိုမှ မမျှော်လင့်ထားခဲ့ပေ။
သူ၏ သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ခွန်အားဖြင့်ပင် ထိုလူငယ်ကို ပြန်လည်တိုက်ခိုက်နိုင်သည့် စွမ်းရည်မရှိခဲ့ပေ။
"တတိယအဆင့် ဓားစိတ်ဆန္ဒရဲ့ အထွတ်အထိပ်ဖြစ်တဲ့ မဟာအဆင့် ဓားစိတ်ဆန္ဒပါလား"
သူ့ရှေ့မှမြင်ကွင်းကို မြင်လိုက်ရလျှင် လင်ပိုင်ချွမ်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ကောင်လေး ငါမင်းကို အထင်သေးမိသွားတယ်"
ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်ကို တတိယအဆင့်အထွတ်အထိပ်ဖြစ်သည့် မဟာအဆင့်ထိတိုင် နားလည်ထားသောသူသည် သူတော်စင်မြို့တော် ငါးမြို့ထဲမှာပင် ဆယ်ယောက် မပြည့်ပေ။
သူ့ရှေ့မှကောင်လေးသည် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်သာ ရှိသေးသော်လည်း မဟာအဆင့် ဓားစိတ်ဆန္ဒကို အမှန်တကယ်ပင် နားလည်နေခဲ့သည်။
ယန်ဒီမြို့တွင် ဤမျှ အစွမ်းထက်သော ဓားပါရမီရှင်တစ်ယောက် ဘယ်အချိန်ကတည်းက ထွက်ပေါ်လာသည်ကို လင်ပိုင်ချွမ် အမှန်တကယ် မသိခဲ့ပေ။
ကျန်းချန်က လင်ပိုင်ချွမ်ကို အေးအေးဆေးဆေးသာ ကြည့်နေလိုက်သည်။
"ကျန်းချန်.. မဟာအဆင့်ဓားစိတ်ဆန္ဒကို နားလည်ထားတာနဲ့ပဲ ငါ့ရှေ့မှာ စိတ်ကြိုက်ရမ်းကားလို့ ရမယ်မထင်နဲ့.."
လင်းပိုင်ချွမ်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်များ တောက်ပလာခဲ့သည်။
သူက ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"မင်းရဲ့ခွန်အားကတော့ မဆိုးပါဘူး.. ငါမင်းကို ရွှယ်လင်သိဒ္ဓိစမ်းရေ ရယူဖို့အတွက် အခွင့်အရေးပေးမယ်.. မင်း ငါတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိသ၍ ငါမင်းကို ရွှယ်လင်သိဒ္ဓိစမ်းရေ ခွဲဝေပေးမယ်"
လင်ရှီမြို့မှ လူများသည် ဝိညာဥ် တိုက်ခိုက်မှုများကို အထူးကျွမ်းကျင်သောလူများ ဖြစ်ကြသည်။
မဟာအဆင့်စိတ်ဆန္ဒသည် ဝိညာဥ် တိုက်ခိုက်မှုများကို အတိုင်းအတာ တစ်ခုအထိ ကန့်သတ်နိုင်စွမ်း ရှိသည်။
သူ့ရှေ့မှ ကောင်လေးသည် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်သာ ရှိသေးသော်လည်း မဟာအဆင့် ဓားစိတ်ဆန္ဒကို နားလည်ထားခဲ့၏။
သူကိုယ်တိုင် တိုက်ခိုက်လျှင်ပင် ဤကောင်လေးကို ရှင်းပစ်ရန် အတော်လေး ကြိုးစားရပေလိမ့်မည်။
ယခုအချိန်သည် ရွှယ်လင်သိဒ္ဓိစမ်းရေကို ရယူရန် အဓိက အချိန်အခါ ဖြစ်၍ လင်ပိုင်ချွမ်သည် ကျန်းချန်နှင့် အင်အားဖြုန်းလိုခြင်း မရှိခဲ့ပေ။
ထို့အပြင် သူသည် တစ်ကြိမ် ကြိုးစားခဲ့ပြီးပြီ ဖြစ်၍ ဤရွှယ်လင်သိဒ္ဓိစမ်းရေကို ရရှိရန်မှာ မလွယ်ကူကြောင်း ကောင်းစွာသိထားခဲ့သည်။
ရွှယ်လင်သိဒ္ဓိစမ်းရေကို မွေးထုတ်ပေးသော လျှို့ဝှက် ဆန်းကြယ်သည့် ခရစ်စတယ် ကျောက်တုံးသည် လူတစ်ဦး၏ ဝိညာဥ်ကို တိုက်ရိုက် သက်ရောက်မှု ရှိစေသည့် ဆန်းကြယ်သောစွမ်းအားကို ထုတ်လွှတ်နိုင်သည်။
ကျန်းချန်ကမူ မဟာအဆင့် ဓားစိတ်ဆန္ဒကို နားလည်ထား၍ ၎င်းကို ရင်ဆိုင်ရန် အားသာချက်တချို့ ရှိသည်ဟု ဆိုရမည်။
ကျန်းချန်သာ သူတို့နှင့် တစ်ဖွဲ့တည်း ဖြစ်လာလျှင် ရွှယ်လင်သိဒ္ဓိစမ်းရေကို ရယူရာတွင် အကူအညီ ဖြစ်လာလိမ့်မည် မဟုတ်ပါလား။
"ငါနဲ့ပူးပေါင်းမလို့လား.. ဒါဆို ခွဲတမ်းကရော"
ကျန်းချန်က မထီမဲ့မြင် ပြုံး၍ မေးလိုက်သည်။
"လေးပုံတစ်ပုံပဲ ဘယ်လိုလဲ.. မင်းအခု ကျေနပ်သွားပြီလား"
လင်ပိုင်ချွမ်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ တောက်ပနေခဲ့သည်။
သူက ရင်ထဲရှိ ဒေါသကို ထိန်းချုပ်ကာ ညင်သာစွာ ပြောလိုက်သည်။
"မင်းဘေးမှာရှိတဲ့နှစ်ကောင်က ငါ့ရဲ့ တိုက်ကွက်တစ်ကွက်ကိုတောင် ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး..ဘယ်လိုလုပ်ပြီး သူတို့ကို ငါနဲ့တန်းတူ ခွဲဝေပေးနေရတာလဲ"
ကျန်းချန်က လင်ပိုင်ချွမ်ကို တည်ငြိမ်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"ငါနဲ့ပူးပေါင်းမယ် ဆိုရင်တော့ ပူးပေါင်းလို့ရတယ်.. ဒါပေမဲ့ ငါက ရွှယ်လင်သိဒ္ဓိစမ်းရေရဲ့ ဝေစုကို ၅၀ ရာခိုင်နှုန်း လိုချင်တယ်"
"ကောင်လေး.. စီနီယာအကို လင်ပိုင်ချွမ်ရှေ့မှာ မင်းကိုမင်း မာနထောင်လွှားဖို့ အရည်အချင်း ပြည့်မီနေတယ်များ ထင်နေလား"
လင်ယန်က ဒေါသတကြီး ပြောလိုက်သည်။
"ငါ့စိတ်ဆန္ဒနဲ့ ငါပဲ.. ငါသဘောတူချင်တူမယ် မတူချင်မတူဘူး.. မင်းနဲ့ဘာဆိုင်လဲ"
ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် တုံ့ပြန်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူက စိတ်မရှည်သော မျက်နှာထားဖြင့် ပြောလိုက်၏။
"ငါအပိုစကားတွေ ပြောရတာ သိပ်သဘောမကျဘူး.. ၅၀ ရာခိုင်နှုန်းက ငါအတော် လျှော့ထားပေးတာပဲ.. မင်းလက်မခံရင်လည်း ထားလိုက်တော့"
ကျန်းချန်၏ မောက်မာသော စကားများကိုကြားလျှင် လင်ပိုင်ချွမ်၏ မျက်နှာသည် အလွန်ပင် မှောင်မိုက်သွားခဲ့သည်။
သူက လင်ရှီမြို့၏ အင်ပါယာအဆင့် ပါရမီရှင် ဖြစ်ပြီး ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အောက်တွင် ပြိုင်ဘက်ကင်း ဖြစ်သည်။
သူလိုလူက ကျန်းချန်ကို ပူးပေါင်းရန် ကမ်းလှမ်းခြင်းသည် ကျန်းချန်ကို အကောင်းဆုံး မျက်နှာသာ ပေးနေခြင်းပင် ဖြစ်၏။
သို့ဖြစ်ရာ ဤကောင်လေးသည် အကောင်းအဆိုးကို ဤမျှလောက်အထိ နားမလည်လျှင် သူ့အနေဖြင့် သတ်ပစ်လိုက်ရုံသာ ရှိပေတော့သည်။
အခန်း(၁၀၂၉)ပြီး၏။