← Chapters

အခန်း (၁၀၃၀-၁၀၃၂)

Vol. 69 Ch. 1030-1032

အခန်း (၁၀၃၀-၁၀၃၂)

Vol. 69 Ch. 1030-1032

အခန်း(၁၀၃၀)

"သဘောမတူလို့ တိုက်ချင်လည်းဆိုလည်း မြန်မြန်တိုက်.. ငါ့အချိန်ကို လာမဖြုန်းနဲ့"

ကျန်းချန်က စိတ်မရှည်သော အမူအရာဖြင့် ပြောလိုက်သည်။

"ကောင်လေး သွားသေလိုက်တော့"

ကျန်းချန်က သူ့ကို လုံးဝ အရေးမစိုက်သည်ကိုမြင်လျှင် လင်ပိုင်ချွမ်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူက ရင်ဘတ်နားတွင် လက်ကိုကပ်၍ လက်ဟန်များကိုပြုလုပ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ခမ်းနားထည်ဝါသော ဝိညာဥ်စွမ်းအင်တစ်ခုသည် သူ၏ခန္ဓာကိုယ်ကနေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး အလျင်အမြန် စုစည်းသွားကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုခမ်းနားထည်ဝါသော ဝိညာဥ်စွမ်းအင်သည် ဧရာမဝိညာဥ်ကျားတစ်ကောင် အဖြစ် ပြောင်းလဲသွားခဲ့သည်။

ဝိညာဥ်စွမ်းအင်ဖြင့် လုံးလုံးလျားလျား စုစည်းပုံဖော်ထားသော ဧရာမကျားသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီးနောက် ကျန်းချန်ဆီသို့ ပြေးဝင်လာခဲ့သည်။

၎င်းလာရာ လမ်းတစ်လျောက်ရှိ ပတ်ဝန်းကျင်လေထုများသည် လျင်မြန်စွာပင် ပုံပျက်သွားခဲ့သည်။

လေထုထဲရှိ နေရာလွတ်တွင် သေးငယ်သော အက်ကြောင်းများပင် ဖြစ်ပေါ်လာခဲ့၏။

ဤဧရာမဝိညာဥ်ကျားသည် ဘာမှမဟုတ်သကဲ့သို့ ထင်ရသော်လည်း ၎င်းထံမှ ဝိညာဥ်ကို နက်ရှိုင်းစွာ ဖိအားပေးနေသော ဆန္ဒမျိုးသည် မည်သည့် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူကိုမဆို ထိတ်လန့်စေရန် လုံလောက်သည်။

"အေးစက်နေတဲ့ ဝိညာဥ်စွမ်းအားပါလား.. လင်ပိုင်ချွမ်က ဘုရင်စိတ်ဆန္ဒကို စုစည်းနိုင်နေပြီပဲ"

ကျန်းချန်က သူ့ဆီသို့ အပြင်းအထန် ပြေးဝင်လာသော ဧရာမဝိညာဥ်ကျားကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

ကျုံးကျိုးကုန်းမြေ၏ သူတော်စင်မြို့တော် ငါးမြို့အနက် လင်ရှီမြို့သည် ဝိညာဥ်နှင့် ပတ်သက်လျှင် လျှို့ဝှက်အနက်နဲဆုံး မြို့တော် ဖြစ်သည်။

လင်ရှီမြို့တွင် ဝိညာဥ်နှင့် သက်ဆိုင်သည့် သိုင်းအမွေအနှစ်များစွာ ရှိပြီး လင်ရှီမြို့မှ လူများသည် ဝိညာဥ်ကျင့်ကြံခြင်းတွင် ထူးချွန်ကြသည်။

သူ့ရှေ့မှ လင်ပိုင်ချွမ်သည် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် အောက်တွင် ပြိုင်ဘက်ကင်း ဆိုသည်မှာ အမှန်တရားပင်။

သူ၏ဝိညာဥ်စွမ်းအားက အလွန်ပင် သန်မာပြီး သူမွေးမြူထားသော ခြေလှမ်းတစ်ဝက် ဘုရင်စိတ်ဆန္ဒသည် ပြီးပြည့်စုံသော အဆင့်ကို မရောက်သေးသော်လည်း ယန်ဒီမြို့မှ ရှောင်ရှင်းယာတို့ နှစ်ဦးထက် များစွာ ပို၍ အားကောင်း၏။

၎င်းက စစ်မှန်သော ဘုရင့်စိတ်ဆန္ဒ အဆင့်သို့ ရောက်ရှိရန် သိပ်မဝေးတော့ဟု ထင်ရသည်။

ဧရာမ ဝိညာဥ်ကျား၏ အရှိန်အဟုန်က အလွန်လျင်မြန်၍ တခဏအတွင်းမှာပင် ကျန်းချန်၏ ခေါင်းအထက်သို့ ရောက်ရှိလာခဲ့သည်။

သူ၏ ခေါင်းအထက်မှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ထုတ်လွှတ်နေသည့် ဧရာမဝိညာဥ်ကျားကို ကြည့်ကာ ကျန်းချန်၏ မျက်လုံးများက စူးရှသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူက တိမ်တိုက်ဝါးမျို နည်းစနစ်ကို ထုတ်သုံးလိုက်ရာ သူ၏ အရှိန်အဝါသည် ချက်ချင်းပင် သိုင်းသခင်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ထို့နောက်တွင် မဟာအဆင့် ဓားစိတ်ဆန္ဒကို အသုံးပြုကာ ဧရာမဝိညာဥ်ကျား၏ ခေါင်းကို ပြင်းထန်စွာ ခုတ်ချလိုက်၏။

"ဝုန်း"

မမြင်ရသော စွမ်းရည်နှစ်ခုသည် လေထဲတွင် ထိပ်တိုက် ဆုံမိသွားကြပြီး ပြင်းထန်သော စွမ်းအင်လှိုင်းများကိုပင် ဖြစ်ပေါ်စေခဲ့သည်။

ဤအချိန်တွင် ခန်းမထဲရှိ မာကျောသော ကျောက်တုံးကြမ်းပြင်သည် လက်မောင်း အရွယ်အစားခန့် အက်ကြောင်းကြီးများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။

ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများ၏ရိုက်ခတ်မှုအောက်တွင် ကျန်းချန်သည် ခြေသုံးလှမ်းခန့် နောက်ဆုတ်သွားခဲ့ရသည်။

လင်ပိုင်ချွမ်ကမူ ခြေနှစ်လှမ်းမျှသာ နောက်သို့ ဆုတ်သွားခဲ့ရ၏။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ် လေးနက်သွားခဲ့သည်။

"ဒီလူက တကယ်ကိုမလွယ်ဘူးပဲ"

"ဒီကောင်လေးက သာမန်မဟုတ်ဘူး.."

ခြေသုံးလှမ်းသာ နောက်ဆုတ်သွားခဲ့ရသော ကျန်းချန်ကို မြင်လျှင် လင်ပိုင်ချွမ်၏ ရင်ထဲတွင် အံ့သြထိတ်လန့်မှုများကို ခံစားခဲ့ရသည်။

အစောပိုင်းက တိုက်ခိုက်မှုတွင် သူသည် ဘုရင်စိတ်ဆန္ဒကိုပင် အသုံးပြုခဲ့သည်။

ဤမျှ အစွမ်းထက်သော အင်အားကို သူတော်စင်မြို့တော် ငါးမြို့မှ အင်ပါယာအဆင့် ပါရမီရှင်တစ်ဦးပင် အလွယ်တကူ ရင်ဆိုင်နိုင်မည် မဟုတ်‌ပေ။

လင်ပိုင်ချွမ်၏ နောက်မှ လင်ရှီမြို့ရှိ တပည့် နှစ်ဦးသည်လည်း အလွန်အမင်း ထိတ်လန့်နေခဲ့ကြသည်။

သူတို့က လင်ပိုင်ချွမ်၏ ခွန်အား မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ကောင်းစွာ သိထားကြ၏။

သာမန်သိုင်းသခင် နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူပင် လင်ပိုင်ချွမ်၏ တိုက်ခိုက်မှုကို မတွန်းလှန်နိုင်ပေ။

သို့သော် သူတို့ရှေ့မှ ကောင်လေးသည် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်သာ ရှိသေးသော်လည်း လင်ပိုင်ချွမ် ထုတ်လွှတ်လိုက်သော ဝိညာဥ်စွမ်းအားကို ကောင်းစွာ ရင်ဆိုင်နိုင်ခဲ့သည်။

"တကယ်ကို မယုံနိုင်စရာပဲ.. ငါ့ရဲ့ တိုက်ခိုက်မှုကိုတောင် တားဆီးနိုင်တယ် ဆိုတော့ မင်းမှာအစွမ်းအစ နည်းနည်းပါးပါး ရှိပုံရတယ်.. မမျှော်လင့်ဘဲ ယန်ဒီမြို့မှာ အင်ပါယာအဆင့်ပါရမီရှင်ငါးဦး အပြင် မင်းလို မွန်းစတား တစ်ကောင် ရှိနေသေးတာကိုး"

လင်ပိုင်ချွမ်က အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။

ဤအချိန်တွင် သူ၏ မျက်နှာထားသည် အနည်းငယ် ပြန်လည်တည်ငြိမ်လာခဲ့သည်။

အခန်း(၁၀၃၀)ပြီး၏။

အခန်း(၁၀၃၁)

"သာမန်ဝိညာဥ် တိုက်ခိုက်မှုလေးကိုများ လာအမွှန်းတင်နေသေးတယ်.. ဒီလောက်ကတော့ တစ်ကွက်တင် မဟုတ်ဘူး ဆယ်ကွက်တိုက်ရင်တောင်မှ မင်း ငါ့ရဲ့ဆံပင်တစ်ပင်ကို ထိနိုင်မှာ မဟုတ်ဘူး"

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။

မကြာမီမှာပင် ကျန်းချန်က သူ၏လက်ကို လှုပ်ရှားလိုက်ရာ သွေးနဂါးဓားသည် သူ၏ လက်ထဲတွင်ပေါ်လာခဲ့သည်။

သူက သွေးနဂါးဓား၏ ဓားဦးဖြင့် လင်ပိုင်ချွမ်ကို ချိန်ရွယ်လိုက်သည်။

"လင်ပိုင်ချွမ်.. သတ္တိရှိရင် ငါနဲ့တိုက်စမ်း.. ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အောက်က ပြိုင်ဘက်ကင်း ဆိုတာ ဘယ်လောက်ထိ အစွမ်းထက်လဲ ငါစမ်းသပ်ကြည့်ချင်တယ်"

ကျန်းချန်က ယန်ဒီမြို့တွင် ခွန်အားများစွာ တိုးတက်လာခဲ့သော်လည်း အစွမ်းကုန် တိုက်ခိုက်နိုင်မည့် ပြိုင်ဘက်ကောင်းမျိုး မကြုံဖူးသေးပေ။

သို့ဖြစ်ရာ သူ့ရှေ့မှ လင်ပိုင်ချွမ်သည် ကောင်းမွန်သော အစမ်းသပ်ခံ ကျောက်တုံးပင် ဖြစ်သည် မဟုတ်ပါလား။

"ဟမ့်.. မင်းငါ့ရဲ့ ဝိညာဥ်တိုက်ကွက် တစ်ကွက်လောက်ကိုတားဆီးနိုင်တာနဲ့ပဲ ငါ့ရှေ့မှာ မာနထောင်လွှားဖို့ အရည်အချင်းပြည့်မီပြီလို့ ထင်မနေနဲ့.. မင်းနဲ့ငါ့ရဲ့ ကြားမှာ ဘယ်လောက်တောင် ကွာဟချက်ကြီးမားလဲဆိုတာ မကြာခင် မင်းသိရပါလိမ့်မယ်"

လင်ပိုင်ချွမ်၏ အေးစက်စက် စကားသံက ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် သူက ထူးခြားသော လက်ဟန်များကို ပြုလုပ်လိုက်ရာ တစ်ချိန်တည်းမှာပင် ခမ်းနားထည်ဝါသော ဝိညာဥ်စွမ်းအားသည် လင်ပိုင်ချွမ်ထံမှ ထပ်မံ၍ ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

ထိုအခါ ကျန်းချန်သည် လင်ပိုင်ချွမ်၏ ဦးခေါင်းထက်တွင် ဝိညာဥ်လက်ဝါးတစ်ခု တည်ရှိနေသည်ကို တွေ့လိုက်ရသည်။

"ထိုက်ရီဝိညာဥ်စည်းတံဆိပ် အသက်ဝင်"

အေးစက်စက် ကြုံးဝါးသံက ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဝိညာဥ်လက်ဝါးသည် သူ၏ရှေ့ရှိနေရာလွတ်ကို ချက်ချင်းဆိုသလို ထိုးဖောက်ကာ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဥ်စွမ်းအားဖြင့် ကျန်းချန်ကို ဖိနှိပ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ဝိညာဥ်ဖိအားသည် ကျန်းချန်ကို ဖုံးအုပ်သွားခဲ့ပြီး ထိုအချိန်တွင် ကျန်းချန်သည် အသက်ရှူရခက်ခဲလာသလိုပင် ခံစားလိုက်ရသည်။

"စီနီယာအကို လင်ပိုင်ချွမ်က သူ့ရဲ့ အစွမ်းအထက်ဆုံး ဝိညာဥ်တိုက်ခိုက်မှုကိုတောင် ထုတ်သုံးလိုက်ပြီ.. ဒီတစ်ခါတော့ ဒီကောင် သေမှာ သေချာသလောက်ပဲ"

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ လက်သီးချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့သော လင်ယန်သည် ဝမ်းသာအားရ ရေရွတ်လိုက်သည်။

ထိုက်ရီစည်းတံဆိပ်သည် လင်ရှီမြို့၏ ဘုရင်အဆင့် ဝိညာဥ်တိုက်ခိုက်ရေး နည်းစနစ် သုံးမျိုးထဲမှ တစ်မျိုး ဖြစ်သည်။

လင်ပိုင်ချွမ်သည် ထိုက်ရီစည်းတံဆိပ်ကို အသုံးပြုပြီး နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူကို သူ၏ လက်ထဲတွင် အကြီးအကျယ် ရှုံးနိမ့်အောင် ပြုလုပ်ခဲ့ဖူးသည်။

သို့ဖြစ်ရာ တစ်ဖက်မှ လူငယ်က စီနီယာအကို လင်ပိုင်ချွမ်၏ တိုက်ခိုက်မှုကို တားဆီးနိုင်မည်ဟု သူ မယုံကြည်ခဲ့ပေ။

"ဒါက ဝိညာဥ်တိုက်ခိုက်‌ရေး နည်းစနစ်လား တကယ်ကို ထူးခြားတာပဲ"

လင်ပိုင်ချွမ်၏ ထူးဆန်းသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလျှင် ကျန်းချန်သည် လျှော့မတွက်ရဲတော့ပေ။

သူက မဟာအဆင့် ဓားစိတ်ဆန္ဒကို အစွမ်းကုန် ထုတ်သုံးလိုက်ပြီး လေထဲမှ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဥ်ဖိအားကို ခုခံလိုက်သည်။

တစ်ချိန်တည်းမှာပင် သူက ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင်များကို လှုံ့ဆော်လိုက်ပြီး သွေးနဂါးဓား ဆီသို့ တွန်းပို့လိုက်သည်။

"မီးလျှံတစ်သောင်း ကောင်းကင်လောင်ကျွမ်းသိုင်း"

ကျန်းချန်က ကြုံးဝါးလိုက်ပြီး သူ၏လက်ထဲမှ သွေးနဂါးဓားကို ဝှေ့ယမ်းလိုက်သည်။

ထိုခဏမှာပင် မီးလျှံထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော မီးလျှံဓားကြီးသည် ကောင်းကင်ကိုပင် မီးရှို့နိုင်သောအစွမ်းသတ္တိဖြင့် လေထုကို ထိုးဖောက်ကာ လင်ပိုင်ချွမ်၏ ဝိညာဥ်လက်ဝါးကို ခုတ်ချလိုက်သည်။

"ဝုန်း"

ဧရာမမီးလျှံဓားနှင့် ဝိညာဥ်လက်ဝါး တို့သည် ချက်ချင်းပင် ထိပ်တိုက် ဆုံမိသွားကြပြီး ပြင်းထန်သော လေလှိုင်းများသည် ခန်းမတစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။

ကျန်းချန်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ခြေဆယ်လှမ်းခန့် နောက်ဆုတ်လိုက်မှသာ ရပ်တန့်နိုင်ခဲ့သည်။

သူကဲ့သို့ပင် ဆယ်လှမ်းကျော် နောက်ဆုတ်လိုက်ရသော တစ်ဖက်ရှိ လင်ပိုင်ချွမ်ကို သူက စူးစိုက်ကြည့်လိုက်သည်။

ဤအချိန်တွင် သူ၏ မျက်နှာထက်၌ ဖြူဖျော့သောအရိပ်အယောင် တစ်စွန်းတစ်စ ပေါ်လာခဲ့၏။

"လင်ရှီမြို့က သူတော်စင်မြို့တော် ငါးမြို့ထဲမှာ လျှို့ဝှက်အနက်နဲဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. ဒီဝိညာဥ်တိုက်ခိုက်ရေးနည်းစနစ်က တကယ်ကို ထူးခြားတာပဲ"

ကျန်းချန်က အလွန်ပင် အံ့အားသင့်သွားခဲ့သည်။

အစောပိုင်းက တိုက်ခိုက်မှုတွင် ကျန်းချန်သည် မဟာအဆင့်ဓားစိတ်ဆန္ဒ၊ နဂါးပြာ သန္ဓေ ခန္ဓာကိုယ်၏ သွေးစွမ်းအားနှင့် ဧကရာဇ်အဆင့် သိုင်းပညာရပ် တို့ကို ထုတ်သုံးခဲ့သည်။

ရှင်းလင်းစွာဆိုရလျှင် သူသည် အချိန်နှင့်အာကာသ ဓားနယ်မြေမှလွဲ၍ သူ၏အစွမ်းထက်သော တိုက်ခိုက်မှုအားလုံးနီးပါးကို ထုတ်သုံးခဲ့ခြင်း ဖြစ်၏။

သို့သော် ထိုသို့ဖြစ်လင့်ကစား ကျန်းချန်သည် လင်ပိုင်ချွမ်ကို ပြတ်ပြတ်သားသား အနိုင်မရဘဲ ယှဥ်နိုင်ရုံမျှသာ ရှိခဲ့သည်။

ထို့အပြင် သူ၏ စိတ်ထဲကို ထိုးဖောက်ဝင်ရောက်လာသည့် ဝိညာဥ်စွမ်းအား အစွန်းအစ တစ်ခုကြောင့် သူ၏ ဝိညာဥ်ပင် အနည်းငယ်မျှ ထိခိုက်သွားခဲ့သည်။

ဤလင်ပိုင်ချွမ်ကို သူတော်စင်မြို့တော်ငါးမြို့၏ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် အဆင့်အောက်မှ ပြိုင်ဘက်ကင်းအဖြစ် ချီးကျူးကြသည်မှာ တကယ်ကို ထိုက်တန်မှုရှိလှပေသည်။

အခန်း(၁၀၃၁)ပြီး၏။

အခန်း(၁၀၃၂)

"ဒီကောင်လေးက စီနီယာအကို လင်ပိုင်ချွမ်ရဲ့ ဝိညာဥ်တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့တယ်ဟ"

လင်ရှီမြို့မှ တပည့်နှစ်ဦးသည် ထိုမြင်ကွင်းကိုမြင်လျှင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ပြီး တစ္ဆေသရဲကို မြင်လိုက်ရသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။

စီနီယာအကို လင်ပိုင်ချွမ်သည် သူတော်စင်မြို့တော် ငါးမြို့၏ ထိပ်တန်း အင်ပါယာအဆင့် ပါရမီရှင်တစ်ဦး ဖြစ်သည်။

ဆိုရလျှင် ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူသုံးဦးမှ လွဲ၍ စီနီယာအကို လင်ပိုင်ချွမ်သည် သူတော်စင်မြို့တော် ငါးမြို့၏ ပါရမီရှင် အားလုံးထဲတွင် မည်သူမှ မယှဥ်နိုင်သည့် သူတစ်ယောက် ဖြစ်သည်။

သို့သော်လည်း သူတို့ရှေ့မှ ကောင်လေးသည် စီနီယာအကိုလင်ပိုင်ချွမ်၏ ထိုက်ရီစည်းတံဆိပ်ဖြင့် စိတ်ဝိညာဥ်တိုက်ခိုက်မှုကိုပင် ကောင်းစွာ ရင်ဆိုင်နိုင်ခဲ့သည်။

"ဧကရာဇ်အဆင့် သိုင်းပညာရပ်ပါလား.. မင်း.. မင်းက ယန်ဒီမြို့မှာ ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ်ကို တကယ်ပဲ ဆက်ခံရရှိခဲ့တာလား.."

လင်ပိုင်ချွမ်က သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော အင်အားများကို အတင်းအကြပ် ဖိနှိပ်လိုက်သည်။

ကျန်းချန်ကို ကြည့်နေသော သူ၏အကြည့်တွင် ချက်ချင်းဆိုသလို အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

သူတော်စင်မြို့တော် ငါးမြို့တွင် ရှည်လျားသော အမွေအနှစ် သမိုင်းကြောင်းများ ရှိကြပြီး မြို့တော်တိုင်းတွင် ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ်များ ရှိကြသည်။

သို့သော်လည်း အမွေအနှစ် အားလုံးတွင် အလွန် ပြင်းထန်သော အမွေအနှစ် စမ်းသပ်မှုများ ကိုယ်စီ ရှိကြ၏။

သူသိသလောက်ဆိုလျှင် ယနေ့သူတော်စင်မြို့တော်ငါးမြို့တွင် ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ်ကို ရရှိထားသည့် ပါရမီရှင်တပည့်များသည် လက်ချိုးရေ၍ပင် ရသည်။

ဤကောင်လေးသည် ဧကရာဇ်အဆင့် သိုင်းပညာရပ်ကို ဆက်ခံရရှိထားလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။

သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်သာ ရှိသော ကောင်လေးတစ်ဦးသည် မဟာအဆင့် ဓားစိတ်ဆန္ဒကို နားလည်ရုံသာမက ဧကရာဇ်အဆင့် သိုင်းပညာရပ်ကိုပါ တတ်မြောက်ထားခဲ့၏။

ဤမျှ ထူးချွန်သော ပါရမီရှင်သည် သူ့ဘဝတစ်လျောက် မြင်ဖူးသမျှထဲတွင် ကြောက်စရာ အကောင်းဆုံး ဖြစ်တည်မှုပင် ဖြစ်၏။

ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့် သုံးဦးနှင့် နှိုင်းယှဥ်လျှင်ပင် ထိုကောင်လေး၏ ပါရမီသည် အနည်းငယ်မျှပင် နိမ့်ကျနေမည် မဟုတ်ပေ။

"မင်းက သူတော်စင်မြို့တော် ငါးမြို့ရဲ့ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် အဆင့်အောက်က ပြိုင်ဘက်ကင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်.. တကယ်ကို အမြင်ကျယ်စေတာပဲ"

ကျန်းချန်က လင်ပိုင်ချွမ်ကို ပြုံး၍ ပြောလိုက်သည်။

"မင်းတို့ လင်ရှီမြို့ရဲ့ ဝိညာဥ်တိုက်ခိုက်‌ရေး နည်းစနစ်တွေက တကယ်ကို အဆင့်မြင့်တာပဲ"

"ကျန်းချန်.. မင်းရဲ့ ခွန်အားက အရမ်းသန်မာပြီး ငါနဲ့ တန်းတူ အရည်အချင်းရှိတယ် ဆိုတာ ငါဝန်ခံတယ်.. ငါတို့ ဒီလိုပဲဆက်တိုက်နေမယ် ဆိုရင် ဘယ်သူ့အတွက်မှ အကျိုးရှိမှာမဟုတ်ဘူး"

ထိုစကားကို ပြောရင်း လင်ပိုင်ချွမ်၏ မျက်လုံးများသည် လင်းလက် တောက်ပလာခဲ့သည်။

"ရွှယ်လင်သိဒ္ဓိစမ်းရေရဲ့ ငါးဆယ်ရာခိုင်နှုန်း မင်းကိုပေးဖို့ ငါသဘောတူတယ်.. ဘယ်လိုလဲ ငါနဲ့ပူးပေါင်းဖို့ ဆန္ဒရှိသွားပြီလား"

သူ့ရှေ့မှ ကောင်လေးတွင် အစွမ်းထက် ဝှက်ဖဲများစွာ ရှိပြီး တိုက်ပွဲဝင်စွမ်းရည်သည်လည်း သူ့အောက် မနိမ့်ကျပေ။

သူက လင်ရှီမြို့၏ အင်ပါယာ သွေးစွမ်းအားကို အသုံးပြုပြီး ကျန်းချန်ကို အနိုင်ယူနိုင်ခဲ့လျှင်ပင် တန်ဖိုး မသေးလောက်သော ပေးဆပ်မှုများနှင့် ရင်ဆိုင်ရမည် ဖြစ်၏။

ထို့ကြောင့် ကျန်းချန်နှင့် ဆက်လက် တိုက်ခိုက်နေမည့် အစား ကျန်းချန်ကို အရင်ထိန်းထားသည်မှာ ပို၍ကောင်းသည်။

ကျန်းချန်၏ ကိုယ်ပေါ်မှ လျှို့ဝှက်နည်းစနစ်၏ အင်အား ပျောက်ကွယ်သွားသော အချိန်မှ ကျန်းချန်ကို ရှင်းပစ်ခြင်းသည် သူ့အတွက် ပို၍ ကောင်းမွန်သော‌ ရွေးချယ်ခြင်း ဖြစ်သည် မဟုတ်ပါလော။

"တောင်းပန်ပါတယ်.. အစောပိုင်းက ငါးဆယ် ရာခိုင်နှုန်းရရင် ပူးပေါင်းမယ် ဆိုတာက မင်းကို ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အောက်မှာ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်လို့ ထင်ခဲ့လို့ပါ"

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"မင်းက ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင်အဆင့်အောက်က ပြိုင်ဘက်ကင်း ဆိုပေမဲ့ မင်းရဲ့ခွန်အားက သိပ်မကောင်းဘူးလို့ ငါထင်တယ်.. ဒါကြောင့် ငါမင်းနဲ့ပူးပေါင်းဖို့ ဆန္ဒမရှိတော့ဘူး"

လက်ရှိအချိန်တွင် ကျန်းချန်သည် မြောက်ပိုင်းတောရိုင်း ဒေသကနေ ကျင့်ကြံခြင်းခရီးစဥ်ကို စတင်ခဲ့သည့် မအူမလည်လေး မဟုတ်တော့ပေ။

လင်ပိုင်ချွမ်၏ ရည်ရွယ်ချက်ကို သူမည်ကဲ့သို့ မသိဘဲနေပါမည်နည်း။

ဤလင်ပိုင်ချွမ်သည် သူ၏ တိမ်တိုက်ဝါးမျိုနည်းစနစ်၏ စွမ်းအား ကုန်ဆုံးသည်နှင့် သူ့ကို ရှင်းပစ်မည်မှာ သေချာသလောက်ပင်။

တိမ်တိုက်ဝါးမျို နည်းစနစ်ကို စတင် အသုံးပြုလိုက်သည့် အချိန်ကတည်းကပင် ကျန်းချန်နှင့် လင်ပိုင်ချွမ်ကြား၌ အတူယှဥ်တွဲ ရပ်တည်ရန် မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် ကျန်းချန်အနေဖြင့် တိမ်တိုက်ဝါးမျို နည်းစနစ်၏ စွမ်းအားမပျောက်ဆုံးခင် လင်ပိုင်ချွမ်တို့ လူစုကို ရှင်းပစ်မှသာ ဖြစ်ပေလိမ့်မည်။

"မင်းက အတော် လေလုံးထွားတာပဲ"

ကျန်းချန်၏ ခနဲ့တဲ့တဲ့ စကားကိုကြားလျှင် လင်ပိုင်ချွမ်၏ မျက်နှာထက်တွင် လူသတ်လိုသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"မင်းဒီလောက်တောင် သေချင်နေမှတော့ မင်းဆန္ဒကိုဖြည့်ဆည်းပေးမယ်"

အခန်း(၁၀၃၂)ပြီး၏။

All Chapters