← Chapters

အခန်း (၁၀၃၃-၁၀၃၅)

Vol. 69 Ch. 1033-1035

အခန်း (၁၀၃၃-၁၀၃၅)

Vol. 69 Ch. 1033-1035

အခန်း(၁၀၃၃)

စကားသံ ဆုံးသည်နှင့် ဝိညာဥ်အင်ပါယာ သွေးစွမ်းအားသည် လင်ပိုင်ချွမ်၏ ခန္ဓာကိုယ်ကနေ အစွမ်းကုန် ပေါက်ကွဲထွက်လာခဲ့ပြီး သူ၏ နက်ရှိုင်းသော မျက်လုံးကနေ ထူးဆန်းသော အလင်းရောင် တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ခမ်းနားထည်ဝါသော ဝိညာဥ်စွမ်းအားများသည် လင်ပိုင်ချွမ်၏ မျက်လုံးထဲတွင် သေခြင်းဆန္ဒကို စုစည်းသွားခဲ့ကြသည်။

"ဒါက လင်ရှီမြို့ရဲ့ ဝိညာဥ်အင်ပါယာ သွေးစွမ်းအားပါလား"

လင်ပိုင်ချွမ်၏ မျက်လုံးထဲရှိ ဝိညာဥ်စွမ်းအားကို မြင်လျှင် ကျန်းချန်၏ မျက်နှာထားသည် အလွန်ပင် တည်ငြိမ်သွားခဲ့သည်။

ဤဝိညာဥ်စွမ်းအား၏ ဖိအားအောက်တွင် ကျန်းချန်သည် ရေခဲအခန်းထဲ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ဝိညာဥ်ပင် အနည်းငယ် မတည်မငြိမ် ဖြစ်လာခဲ့၏။

အင်ပါယာ သွေးစွမ်းအားများသည် ထူးခြားမှုရှိသည်။

အင်အားကြီးမားသော အင်ပါယာ၏ သွေးစွမ်းအားကို ပိုင်ဆိုင်သော တပည့်များသည် သာမန်လူများ လုံးဝ လက်လှမ်းမမီသည့် အရည်အချင်း ရှိရုံသာမက ထိုသွေးစွမ်းအားကို အားကိုး၍ ပြိုင်ဘက်ကို အဆင့်ကျော် တိုက်ခိုက်နိုင်သော အင်အားကိုလည်း ထုတ်လွှတ်နိုင်သည်။

အင်ပါယာတစ်ပါးများ၏ သွေးစွမ်းအားများတွင် မတူညီသော ပါရမီများ ရှိကြသည်။

ဥပမာအားဖြင့် ယန်ဒီမြို့မှ သွေးစွမ်းအားတွင် မီး၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်နိုင်သည့် ပါရမီများ ပါဝင်၏။

ထိုကြောင့် ယန်ဒီမြို့မှ မျိုးဆက်များသည် မီးလမ်းစဥ်အပေါ်နားလည်မှုတွင် သာမန်လူများထက် ပို၍ ထူးချွန်ကြသည်။

သွေးစွမ်းအား ပိုမိုအဆင့်မြင့်လေ မီးလမ်းစဥ်၏ လမ်းစဥ်ကို ပိုမိုမြန်ဆန်စွာ နားလည်နိုင်လေ ဖြစ်၏။

လင်ရှီမြို့၏ အင်ပါယာသွေးစွမ်းအားတွင် ပါဝင်သော ပါရမီသည် ဝိညာဥ်အပေါ်တွင် တည်ရှိသည်။

ထိုသွေးစွမ်းအားသည် လင်ရှီမြို့မှ ဆင်းသက်လာသော မျိုးဆက်များကို အဆင့်တူ ကျင့်ကြံသူများထက် ပိုမို အားကောင်းစေရုံ သာမက အလွန် လျှို့ဝှက် ဆန်းကြယ်သော‌ သွေးမျက်လုံး ပညာရပ်ကိုပါ အသုံးပြုစေနိုင်စွမ်း ရှိသည်။

သံသယဖြစ်ဖွယ် မရှိလောက်အောင်ပင် လင်ပိုင်ချွမ်သည် ဤတစ်ကြိမ်တွင် လင်ရှီမြို့၏ လျှို့ဝှက်အနက်နဲဆုံး သွေး မျက်လုံး ပညာရပ်ကို ထုတ်သုံးလိုက်ပြီ ဖြစ်၏။

"ကျန်းချန်.. မင်းက ငါ့ကို သွေးမျက်လုံး ပညာရပ် ထုတ်သုံးဖို့ ဖိအားပေးနိုင်ခဲ့တဲ့ ဒုတိယမြောက်လူပဲ.. ငါ့ရဲ့ သွေးမျက်လုံးပညာရပ် အောက်မှာ သေဆုံးရတော့မှာဆိုတော့ မင်းဂုဏ်ယူလို့ရပြီ"

"ဝိညာဥ်အင်ပါယာ သွေးစွမ်းအား အသက်ဝင်"

လင်ပိုင်ချွမ်၏ ကြုံးဝါးသံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

လင်ပိုင်ချွမ်၏ မျက်လုံးထဲရှိ ဝိညာဥ်ဆန္ဒသည် ကောင်းကင်သို့ထိုးတက်သွားပြီး ချက်ချင်းပင် သူ၏ ဦးခေါင်းထက်၌ ကြီးမားသော အမှောင်ရိပ်နှစ်ခု အဖြစ် စုစည်းသွားခဲ့သည်။

ထိုအမှောင်ရိပ်နှစ်ခုသည် မျက်လုံးနှင့် ဆင်တူပြီး အလွန်ပင်မှောင်မိုက်နက်ရှိုင်းကာ အတွင်းတွင် အဆုံးမရှိသော အနက်ရောင် ဝဲဂယက်တစ်ခု ရှိနေခဲ့၏။

၎င်းက အရာအားလုံးကို ဝါးမျိုနိုင်သော အနက်ရောင် တွင်းနက်ကြီးနှင့်ပင် ဆင်တူနေ၏။

ကြီးမားသော ဧရာမမျက်လုံးတစ်စုံသည် ကောင်းကင်ထက်ကနေ ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ကျန်းချန်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။

ထိုခဏတွင် ကျန်းချန်သည် သူ့တစ်ကိုယ်လုံး သေခြင်းတရား၏ အရိပ်အောက်တွင် ရှိနေသည်ဟု ခံစားလိုက်ရသည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှုသွင်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ အသက်စွမ်းအင်များနှင့် နဂါးပြာသန္ဓေ ခန္ဓာကိုယ်ကို လှုံ့ဆော်လိုက်ကာ အချိန်နှင့်အာကာသ ဓားနယ်မြေကို ထုတ်သုံးလိုက်သည်။

ချက်ချင်းဆိုသလို ထက်မြသော အပြာရောင်ဓားအလင်းများသည် သူ့ပတ်ပတ်လည်ရှိ လေထုထဲတွင် ပေါ်လာခဲ့သည်။

သူက သွေးနဂါးဓားကို ဝှေ့ယမ်းလိုက်ရာ အပြာ‌ရောင်ဓားအလင်းများသည် အပြာရောင်ဓားနယ်မြေ အဖြစ်သို့ လျင်မြန်စွာ စုစည်းသွားခဲ့ပြီး လင်ပိုင်ချွမ်တို့ လူစုကို ဖုံးအုပ်လိုက်သည်။

"ဒါ.. ဒါက ဓားနယ်မြေရဲ့ ပိုင်နက်စွမ်းအားပဲ"

သူ့ကို လွှမ်းခြုံထားသည့် အပြာရောင်ဓားနယ်မြေကို မြင်လျှင် လင်ချွမ်၏ မျက်လုံးထဲတွင် အံ့သြထိတ်လန့်သောအရိပ်အယောင်များ ဖုံးဖိမရစွာ ထွက်ပေါ်လာခဲ့သည်။

"ဓားနယ်မြေရဲ့ပိုင်နက် စွမ်းအားပါလား.. သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်က နတ်သန္ဓေ အင်ပါယာတွေပဲ ပိုင်ဆိုင်နိုင်တဲ့ ဓားနယ်မြေ ပိုင်နက်ကို တကယ်ပဲ ထုတ်သုံးနေတာလား.. ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"စီနီယာအကို လင်ပိုင်ချွမ်..ဒီအပြာရောင်ဓားနယ်မြေက အတော် ထူးဆန်းတယ်.. ကျွန်တော့်ရဲ့ အသက်တွေကို ဝါးမျိုနေသလိုပဲ.. ကျွန်တော်တို့ ဒီဓားနယ်မြေကို အမြန်ဆုံး ဖြိုခွဲမှဖြစ်မယ်ထင်တယ်"

ထိုအချိန်တွင် သူ၏ အနောက်ရှိ လင်ယန်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

လင်ပိုင်ချွမ်သည်လည်း အပြာရောင်ဓားနယ်မြေ၏ ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုနိုင်စွမ်းကို သဘာဝအတိုင်း ခံစားမိခဲ့သည်။

သူက အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး သူ၏ ခေါင်းအထက်ရှိ ကြီးမားသောအရိပ်ကို သူ၏ ကြီးမားသောဝိညာဥ်စွမ်းအားဖြင့် ထိန်းချုပ်ကာ သေခြင်းဆန္ဒဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

အချိန်နှင့်အာကာသ ဓားနယ်မြေ၏ စွမ်းအားပင်လျှင် ထိုကြောက်မက်ဖွယ်ကောင်းသော ဝိညာဥ်ဆန္ဒကို လုံးဝပိတ်ဆို့ရန် ခက်ခဲလှ၏။

ကြောက်မက်ဖွယ်ကောင်းသော ဝိညာဥ်စွမ်းအားသည် အချိန်နှင့်အာကာသ ဓားနယ်မြေကို ထိုးဖောက်ကာ ကျန်းချန်၏ စိတ်ထဲသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး မျက်နှာတစ်ခုလုံးလည်း ရုတ်တရက် ဖြူဖျော့သွားခဲ့၏။

အခန်း(၁၀၃၃)ပြီး၏။

အခန်း(၁၀၃၄)

သေခြင်းဆန္ဒပါဝင်နေသော ဝိညာဥ်စွမ်းအားသည် ကျန်းချန်၏ စိတ်ထဲသို့ ကျူးကျော်ဝင်ရောက်ကာ ကျန်းချန်၏ ဝိညာဥ်ကို ဖျက်ဆီးရန် ကြိုးစားခဲ့သည်။

ထိုအချိန်တွင် ကျန်းချန်သည် သူ၏ ဦးခေါင်းပေါက်ကွဲမတတ် ဖြစ်တော့မည်ဟုပင် ခံစားလိုက်ရပြီး နဖူးကနေ ချွေးစေးများလည်း စီးကျလာခဲ့သည်။

သူက အစွမ်းကုန် ရုန်းကန်နေစဥ်မှာပင် သူ၏ စိတ်ထဲတွင် အေးစက်စက် ရေရွတ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဟမ့်.. သာမန်သွေးမျက်လုံး နည်းစနစ်လောက်နဲ့ ဒီဧကရာဇ်ရဲ့နယ်မြေမှာ ရမ်းကားရဲတယ်.. ချေဖျက်စမ်း"

အေးစက်စက် စကားသံ အဆုံးသတ်သည်နှင့် သွေးရောင်ဝိညာဥ်ဆန္ဒ တစ်ခုသည် သေခြင်းဆန္ဒ ပါဝင်သော စွမ်းအားကို ချက်ချင်းပင် ဝိုင်းရံလိုက်သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သေခြင်းဆန္ဒ ပါဝင်သော ဝိညာဥ်စွမ်းအားသည် သွေးရောင်ဝိညာဥ်ဆန္ဒ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး ပျောက်ကွယ်သွားခဲ့သည်။

"ကောင်လေး ဒီဧကရာဇ်က အပြင်ထွက်ပြီး မတိုက်ခိုက်နိုင်ပေမဲ့ ဒီလိုမျိုး ဝိညာဥ်တိုက်ခိုက်မှုမျိုးကိုတော့ မင်းအတွက် တစ်ကွက်နှစ်ကွက် ခုခံပေးနိုင်ပါသေးတယ်.. နတ်ဝိညာဥ်ဘုရင်နယ်ပယ် စတုတ္ထအဆင့်ရဲ့ ဝိညာဥ်တိုက်ခိုက်မှု မဟုတ်သ၍ ဒီဧကရာဇ်က အလွယ်တကူ ဖြေရှင်းပေးနိုင်တယ်.. ခဏနေလို့ ရွှယ်လင်သိဒ္ဓိစမ်းရေရရင် ငါ့ကို ဝေမျှပေးဖို့ မ‌မေ့နဲ့ဦး"

သွေးမြစ်က သေခြင်းဆန္ဒ ပါဝင်သော ဝိညာဥ်ဆန္ဒကို အလွယ်တကူ ဝါးမျိုလိုက်ပြီးနောက်တွင် ကျန်းချန်ကို ပြောလိုက်သည်။

သူ၏ စိတ်ဝိညာဥ်ကို တိုက်ခိုက်နေသော ဝိညာဥ်ဆန္ဒ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသောအခါမှသာ ကျန်းချန်သည် အနည်းငယ် သက်ပြင်းချနိုင်ခဲ့သည်။

ကံကောင်းစွာဖြင့် သွေးမြစ်သည် သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေခဲ့သည်။

သို့မဟုတ်လျှင် လက်ရှိ ဝိညာဥ်စွမ်းအားဖြင့် လင်ပိုင်ချွမ်၏ ဝိညာဥ်စွမ်းအားကို ရင်ဆိုင်ရလျှင် ကြီးလေးသော အဖိုးအခကို ပေးဆပ်ရမည်မှာ သေချာသလောက်ပင်။

သွေးမြစ်က ကျန်းချန်၏ စိတ်ထဲသို့ ကျူးကျော် တိုက်ခိုက်နေသော ဝိညာဥ်ဆန္ဒကို ဖျက်ဆီးပစ်ရာတွင် ကူညီပေးနေချိန်တွင် အချိန်နှင့်အာကာသ ဓားနယ်မြေထဲတွင် ရှိနေသော လင်ပိုင်ချွမ်သည် တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး ရုတ်တရက် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။

"မင်း ငါ့ရဲ့ မျက်လုံးစွမ်းအားကို တကယ်ပဲ ဖျက်ဆီးလိုက်တာလား.. ဒါ.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လင်ပိုင်ချွမ်က ကျန်းချန်ကို တအံ့တသြ ငေးကြည့်ရင်း ပါးစပ်ကနေ မယုံကြည်နိုင်သော ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။

"မဖြစ်နိုင်စရာ ဘာအကြောင်းမှမရှိဘူး.. မင်းရဲ့ သွေးမျက်လုံး ပညာရပ်က အစွမ်းထက်တယ် ဆိုပေမဲ့ ငါ့အတွက်တော့ ဘာမှမဟုတ်ဘူး"

ကျန်းချန်က လင်ပိုင်ချွမ်ကို မဲ့ပြုံးပြုံး၍ ကြည့်ကာ ပြန်ဖြေလိုက်သည်။

[ဒီကောင်က ငါ့ရဲ့ သွေးမျက်လုံး ပညာရပ်ကိုတောင် အထိအခိုက်မရှိဘဲ အလွယ်တကူ ဖြေရှင်းနိုင်တယ်ဆိုတော့ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေလဲ မသိဘူး]

သူ၏ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုကို ကျန်းချန်က အလွယ်တကူ ဖြေရှင်းလိုက်သည်ကို မြင်လျှင် လင်ပိုင်ချွမ်သည် ချက်ချင်းဆိုသလို အံ့သြထိတ်လန့်သွားခဲ့သည်။

အစောပိုင်းတွင် သူသည် သူ၏ သွေးမျက်လုံး ပညာရပ်ဖြင့် အချိန်နှင့်အာကာသ ဓားနယ်မြေကို ထိုးဖောက်ကာ ကျန်းချန်ကို သတ်ပစ်နိုင်သ၍ အချိန်နှင့်အာကာသ ဓားနယ်မြေ၏ စွမ်းအားက ပျက်စီးသွားမည်ဟု တွက်ဆထားခဲ့သည်။

သို့သော်လည်း လက်တွေ့တွင်မူ သူ၏ အကြံအစည်မှာ မဖြစ်မြောက်ခဲ့ပေ။

ကျန်းချန်သည် သူ၏ သွေးမျက်လုံး ပညာရပ်ကိုပင် အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည် မဟုတ်ပါလား။

"လင်ယန်.. မင်းတို့နှစ်ယောက် ငါနဲ့အတူ ပူးပေါင်းပြီး ဒီဓားနယ်မြေရဲ့ အတားအဆီးကို ဖျက်ဆီးရအောင်"

အချိန်နှင့်အာကာသ ဓားနယ်မြေသည် သူတို့၏ အသက်ဓာတ်ကို ဝါးမျိုနေကြောင်း ခံစားမိလျှင် လင်ပိုင်ချွမ်သည် သူ၏ အနောက်ရှိ လင်ရှီမြို့မှ တပည့်နှစ်ဦးကို အော်ဟစ်လိုက်ပြီး အချိန်နှင့်အာကာသ ဓားနယ်မြေကို ဖြိုဖျက်ရာတွင် ဦးဆောင်ခဲ့သည်။

ထိုအချိန်တွင် လင်ယန်၏ အနားတွင်ရှိနေသည့် လင်ရှီမြို့မှ နောက်ထပ် တပည့်တစ်ဦးသည် ဆဋ္ဌမအဆင့် နှောင်းပိုင်း သားရဲ တစ်ကောင်ကို ဆင့်ခေါ်ခဲ့သည်။

"ဝုန်း.. ဝုန်း.. ဝုန်း.. ဝုန်း"

လူသုံးဦး၏ တိုက်ခိုက်မှုများသည် အချိန်နှင့်အာကာသ ဓားနယ်မြေ၏ အတားအဆီးပေါ်သို့ ဆက်တိုက်ဆိုသလို ကျရောက်သွားခဲ့သည်။

သို့သော်လည်း ကျန်းချန်၏ လက်ရှိစွမ်းအားဖြင့် ဆိုလျှင် အချိန်နှင့်အာကာသ ဓားနယ်မြေကို နတ်ဝိညာဥ်ဘုရင်အဆင့်အောက်ရှိ မည်သူမှ ဖြိုဖျက်နိုင်မည် မဟုတ်ပေ။

လင်ပိုင်ချွမ်၏ တိုက်ခိုက်မှုသာလျှင် အချိန်နှင့်အာကာသ ဓားနယ်မြေ၏ အတားအဆီးကို အနည်းငယ် လှိုင်းထစေခဲ့သည်။

လင်ရှီမြို့မှ တပည့်နှစ်ဦး၏ တိုက်ခိုက်မှုကမူ အချိန်နှင့်အာကသ ဓားနယ်မြေကို လုံးဝလှုပ်ရှားအောင် မလုပ်နိုင်ခဲ့ပေ။

"စီနီယာအကိုလင်ပိုင်ချွမ် ဒီအတားအဆီးက အရမ်းကိုအင်အားကြီးလွန်းတယ်.. ကျွန်တော်တို့အခု ဘာဆက်လုပ်ရမလဲ"

လင်ယန်က ထိတ်လန့်တကြား ပြောလိုက်သည်။

သူ့ရှေ့မှအပြာရောင်ဓားနယ်မြေသည် အလွန်ပင် ဆန်းကြယ်လှ၏။

သူက ဤအပြာရောင် ဓားနယ်မြေထဲတွင် တစ်ခဏလေးသာနေခဲ့ရသော်လည်း အနည်းဆုံး တစ်နှစ်တာ အသက်ဓာတ်သည် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။

ဤအတိုင်းသာ ဆက်သွားနေလျှင် အပြာရောင်ဓားနယ်မြေသည် သူတို့ကို အရှင်လတ်လတ် ဝါးမျိုတော့မည်မှာ သေချာနေသည် မဟုတ်ပါလား။

အခန်း(၁၀၃၄)ပြီး၏။

အခန်း(၁၀၃၅)

"ကျန်းချန်.. ငါဒီနေ့ လင်ပိုင်ချွမ်က မျက်လုံးရှိရဲ့သားနဲ့ ထိုက်စန်းတောင်ကို မမြင်ခဲ့မိဘူး.. မင်းအပေါ်ပြစ်မှားမိတာရှိရင် ငါ့အပေါ် ခွင့်လွှတ်ပေးပါ"

လင်ပိုင်ချွမ်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ရင်ထဲမှထိတ်လန့်မှုကို ဖိနှိပ်ကာ ကျန်းချန်ကို ပြောလိုက်သည်။

"မင်းရဲ့အချိန်နဲ့အာကာသ ဓားနယ်မြေကို ရုတ်သိမ်းပေးပါ.. ရွှယ်လင်သိဒ္ဓိစမ်းရေနဲ့ ပတ်သက်ပြီး ငါတို့တွေ မင်းနဲ့ မယှဥ်ပြိုင်တော့ဘူးလို့ ကတိပေးပါတယ်"

သူ့ရှေ့မှ လူငယ်၏ အချိန်နှင့်အာကာသ ဓားနယ်မြေသည် အလွန်ပင် အစွမ်းထက်၏။

သိုင်းသခင်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူပင် အလွယ်တကူ ဖြိုခွဲနိုင်မည် မဟုတ်ပေ။

လင်ပိုင်ချွမ်၏ ခွန်အားက ထူးခြားပြီး တိုက်ပွဲဝင်စွမ်းရည်သည်လည်း သာမန် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတချို့နှင့်ပင် ယှဥ်နိုင်၏။

သို့သော်လည်း သူအကျွမ်းကျင်ဆုံး တိုက်ခိုက်မှုမှာ ဝိညာဥ်တိုက်ခိုက်မှုများသာ ဖြစ်သည်။

သိုင်းပညာရပ် တစ်မျိုးတည်းကိုသာ ကြည့်မည်ဆိုလျှင် သူသည် သာမန်သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူထက် အနည်းငယ်သာ ပိုသန်မာသည် ဖြစ်ရာ အချိန်နှင့်အာကာသ ဓားနယ်မြေကို ဖြိုခွဲရန် လုံလောက်မှုမရှိခဲ့ပေ။

အချိန်နှင့်အာကာသ ဓားနယ်မြေထဲတွင် ပိတ်မိနေရင်း လင်ပိုင်ချွမ်သည် ထိုဓားနယ်မြေ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

ဤဓားနယ်မြေသည် တခဏလေးအတွင်း သူတို့၏ အသက်ကို နှစ်ပေါင်းများစွာ ကုန်ဆုံးသွားစေလိမ့်မည် ဖြစ်၏။

ထိုအတွက်ကြောင့် သူတော်စင်မြို့တော်ငါးမြို့၏ ခြေလှမ်းတစ်ဝက် နတ်ဝိညာဥ်ဘုရင် အဆင့်အောက်တွင် ပြိုင်ဘက်ကင်းဟု လူသိများသော လင်ပိုင်ချွမ်သည် ကျန်းချန်ကို ခေါင်းငုံ့ရုံသာ တတ်နိုင်တော့သည်။

ဓားနယ်မြေထဲတွင် ဆက်ရှိနေလျှင် သူတို့၏ အသက်ဓာတ်များသည် မကြာခင်အချိန်အတွင်း ကုန်ဆုံးတော့မည်ဟု သူထင်ခဲ့သည်။

"ပထမတစ်ချက်.. မင်းကတိစကားကို ငါမယုံဘူး"

"ဒုတိယတစ်ချက်.. ငါက ဓားထုတ်ပြီးရင် ဘယ်တော့မှ ပြန်မသိမ်းတတ်ဘူး"

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။

"ဒါကြောင့် မင်း ဒီဓားနယ်မြေထဲမှာ သေလိုက်တာ အကောင်းဆုံးပဲ.."

"ကျန်းချန်.. ငါ့ဆရာက လင်ရှီမြို့ရဲ့ မဟာဝိညာဥ် ဧကရာဇ်လေးပါးထဲက တစ်ပါးပဲ.. မင်းငါ့ကို သတ်မယ်ဆိုရင် ငါ့ဆရာနဲ့ လင်ရှီမြို့က မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"

ကျန်းချန်က သူ့ကိုသတ်ရန် ဆုံးဖြတ်ချက် ချထားပုံရသည်ကို မြင်လျှင် လင်ပိုင်ချွမ်သည် အထိတ်တလန့် ဖြစ်ကာ ကျန်းချန်ကို အော်ဟစ်လိုက်သည်။

ကျန်းချန်က လင်ပိုင်ချွမ်ကို ပျင်းရိလေးတွဲ့စွာ တစ်ချက် ကြည့်လိုက်သည်။

ထို့နောက် သူက လျစ်လျူရှုလိုက်ပြီး ခြေချိတ်၍ ထိုင်ကာ အတွင်းအား ကျင့်ကြံလိုက်သည်။

လင်ပိုင်ချွမ်နှင့် အစောပိုင်းက တိုက်ခိုက်ခဲ့သော တိုက်ပွဲတွင် ကျန်းချန်သည် ခွန်အားများစွာ ကုန်ဆုံးခဲ့ရပြီ ဖြစ်သည်။

ယခုအခါ သူက အချိန်နှင့်အာကာသ ဓားနယ်မြေကို ထပ်မံအသုံးပြုလိုက်သောကြောင့် သူ၏ ခန္ဓာကိုယ်တွင် အသက်စွမ်းအင်များ မကျန်ရှိတော့သလောက် ဖြစ်သွားခဲ့သည်။

အရေးကြီးဆုံးအချက်မှာ ကျန်းချန်သည် တိမ်တိုက်ဝါးမျိုနည်းစနစ်ကို ယခုလေးတင် အသုံးပြုခဲ့၍ မကြာမီမှာပင် အားနည်းသော အခြေအနေသို့‌ ရောက်ရှိတော့မည် ဖြစ်၏။

သူက အချိန်နှင့်အာကာသ ဓားနယ်မြေကို လုံးဝနီးပါး မကျွမ်းကျင်သေးသလို ဤတိုက်ကွက်ကို ပြန်လည် ရုတ်သိမ်းရန် အင်အားလည်းမရှိပေ။

အကယ်၍ ပြန်လည် ရုတ်သိမ်းရန် အင်အားရှိခဲ့လျှင်ပင် ကျန်းချန်သည် လင်ပိုင်ချွမ်တို့ သုံးယောက်ကို လွှတ်ပေးနိုင်မည် မဟုတ်ပေ။

လင်ပိုင်ချွမ်၏ ခြိမ်းခြောက်မှုကို ကျန်းချန်သည် လုံးဝဂရုမစိုက်ခဲ့ချေ။

ဤအင်ပါယာ အမွေအနှစ်နယ်မြေသည် ပကတိ အင်ပါယာတစ်ပါး၏ ကိုယ်ပိုင်ကမ္ဘာ ဖြစ်ပြီး ၎င်း၏ ဆန္ဒ ဥပ‌ဒေသများဖြင့် ထိန်းချုပ်ထားသောနေရာ ဖြစ်သည်။

ပြင်ပရှိ မည်သူကမှ ဤနေရာတွင် ဖြစ်ပျက်နေသည့် အရာအားလုံးကို တွေ့ရှိနိုင်မည် မဟုတ်ပေ။

အင်ပါယာအမွေအနှစ်နယ်မြေ ဖွင့်လှစ်သည့် အခါတိုင်းတွင် သူတော်စင်မြို့တော် ငါးမြို့မှ ပါရမီရှင် အမြောက်အများ သေဆုံးခဲ့ရသည်။

လင်ပိုင်ချွမ် သေဆုံးသွားလျှင်ပင် သူ၏ လက်ချက်ဟု မည်သူက သိနိုင်ပါအံ့နည်း။

"ကျန်းချန်.. မင်းငါ့ကို အတင်းအကြပ် ဖိအားပေးခဲ့တယ်.. ကောင်းပြီလေ ငါဒီနေ့ သေရမယ်ဆိုရင်တောင် မင်းကို ကြီးလေးတဲ့ အဖိုးအခ သေချာပေါက် ပေးဆပ်စေမယ်"

ကျန်းချန်က သူတို့ကို လုံးဝ အလွှတ်မပေးနိုင်တော့သည်ကိုမြင်လျှင် လင်ပိုင်ချွမ်၏ ခန့်ညားသော မျက်နှာထက်တွင် ရုတ်တရက် ရုန့်ရင်းသော အသွင်အပြင်များ ဖြစ်ပေါ်လာခဲ့သည်။

သူသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ သွေးစွမ်းအားများကို အစွမ်းကုန် လှုံ့ဆော်လိုက်ပြီး ထူးဆန်းသော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။

"စီနီယာအကိုလင်ပိုင်ချွမ်.. စီနီယာအကိုက သွေးဝိညာဥ် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုတော့မလို့လား"

ဤမြင်ကွင်းကို မြင်လျှင် လင်ယန်တို့၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

လင်ရှီမြို့သည် ကျုံးကျိုးကုန်းမြေ၏ သူတော်စင်မြို့တော် ငါးမြို့ထဲတွင် လျှို့ဝှက်အနက်နဲဆုံး မြို့တော် ဖြစ်သည်။

လင်ရှီမြို့မှ လူများသည် ဝိညာဥ်ကျင့်ကြံရာတွင် ကျွမ်းကျင်ရုံတင်မက ခန့်မှန်းရခက်ခဲသည့် လျှို့ဝှက် နည်းစနစ်များကိုလည်း တတ်မြောက်ထားကြသည်။

ဤသွေးဝိညာဥ် လျှို့ဝှက်နည်းစနစ်သည် လင်ရှီမြို့၏ အစွမ်းထက်ဆုံး လျှို့ဝှက်နည်းစနစ်များထဲမှ တစ်ခု ဖြစ်သည်။

ဆိုရလျှင် သွေးဝိညာဥ် လျှို့ဝှက်နည်းစနစ်သည် သွေးအဆီအနှစ်များကို လောင်ကျွမ်းစေပြီး အချိန်တိုအတွင်း အလွန်အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားကို ရရှိစေသည်။

ဤနည်းလမ်းသည် အလွန်အမင်း အစွမ်းထက်သော်လည်း လင်ရှီမြို့မှ တပည့်များသည် အလွယ်တကူ အသုံးမပြုရဲကြပေ။

အကြောင်းအရင်းမှာ သွေးဝိညာဥ် လျှို့ဝှက်နည်းစနစ်ကိုအသုံးပြုလိုက်သည်နှင့် ခန္ဓာကိုယ်ထဲရှိ အင်ပါယာ သွေးစွမ်းအားတွင် ပြန်လည် မပြင်ဆင်နိုင်သည့် ထိခိုက်မှုများ သက်ရောက်နိုင်သောကြောင့်ပင်။

အနည်းငယ်လေး တိမ်းစောင်းသွားသည်နှင့် မည်သည့်အခါမှ ပြန်လည် မ‌ကောင်းမွန်လာနိုင်သည့် အခြေအနေသို့ပင် ရောက်ရှိသွားနိုင်ပေသည်။

အခန်း(၁၀၃၅)ပြီး၏။

All Chapters