← Chapters

အခန်း (၁၁၀၁-၁၁၀၅)

Vol. 45 Ch. 1101-1105

အခန်း (၁၁၀၁-၁၁၀၅)

Vol. 45 Ch. 1101-1105

အပိုင်း(၁၁၀၁) မှော်ရတနာစံအိမ်

ရန်ကိုင်သည် လိုဏ်ဂူအား နည်းနည်းပါးပါး လှည်းကျဉ်း လိုက်ပြီးနောက် အကောင်းဆုံးနေရာတစ်ခုကို သူ့အိပ်ခန်း လုပ်ပစ်လိုက်သည်။

မကြာခင်တွင် လိုဏ်ဂူထဲမှ ထွက်လာပြီး နဂါးလိုဏ်ဂူတောင် တစ်ဝိုက် လျှောက်ပတ်ကြည့်သည်။ တစ်ချိန်တည်းတွင်း မည်သို့သော မိုးမြေစွမ်းအင် စုစည်းသည့် အစီအရင်ကို အသုံးပြုလျှင် ကောင်းမလဲဟုလည်း စဉ်းစားနေသေးသည်။

ယခင်က အမျိုးမျိုးသော စိတ်ဝိဥာဉ်အစီအရင်များနှင့် ထိတွေ့ခဲ့ဖူး၏။ ထုန်းရွှမ်လောကကြီးမှ ကောင်းကင်တော်ဂိုဏ်းတော်ဂိုဏ်း၊ ဘုံကိုးခု ထွတ်မြတ်နယ်မြေ၊ လွင့်မျောတိုက်ကြီး၊ မိုးရေစင်ကြယ်ပေါ်ရှိ ဇုန်းအောင်၏ နန်းတော်၊ ထိုနေရာအားလုံးတွင် မိုးမြေစွမ်းအင် စုစည်းပေးသည့် စိတ်ဝိဥာဉ်အစီအရင်များ ရှိကြပေသည်။

ဤနေရာတွင်နေရန် ဆုံးဖြတ်လိုက်ပြီးမှဖြင့် အကောင်းဆုံး ကျင့်ကြံရေး နေရာကို ဖန်တီးရမည် မဟုတ်ပေလော။

သူနားလည်သဘောပေါက်ထားသည့် စိတ်ဝိဥာဉ်အစီအရင်များသည် အတော်လေးကို ရိုးရှင်းလှပြီး အများစုသည် ဆေးပညာနှင့် သက်ဆိုင်သော စိတ်ဝိဥာဉ်အစီအရင်များ ဖြစ်သည်။ သို့သော် စိတ်ဝိဥာဉ်အစီအရင်သည် စိတ်ဝိဥာဉ်အစီအရင်သာ ဖြစ်သည်။ သိပ်ပြီး ကွာခြားခြင်းမရှိကြ။ နည်းနည်းလောက် ပြောင်းလဲလိုက်ရုံဖြင့် ကိုယ်လိုချင်သော ရလဒ်ကို ရရှိနိုင်ပေလိမ့်မည်။ ရန်ကိုင်သည် အတွေ့အကြုံ ကြွယ်ဝသူတစ်ယောက် ဖြစ်လေရာ အခြေခံ မိုးမြေစွမ်းအင် စုဆောင်းပေးသည့် အစီအရင်တစ်ခုကို ရေးဆွဲရန်မှာ မဖြစ်နိုင်စရာ အကြောင်းမရှိပါချေ။

ကောင်းမွန်သော စိတ်ဝိဥာဉ်အစီအရင်တစ်ခုကို ဖန်တီးရန်အတွက် သင့်လျော်နေသော မြေနေရာအနေထားနှင့် အခြားသော ကုန်ကြမ်းပစ္စည်း အချို့လည်း လိုအပ်ပေသည်။

နဂါးလိုဏ်ဂူတောင်တစ်ဝိုက်သည် အရမ်းကြီး မကျယ်သော်လည်း သဘာဝပတ်ဝန်းကျင်မှာ အတော်လေး ကောင်းမွန်ကြောင်းကို ရန်ကိုင် တွေ့ရှိခဲ့ရသည်။ အနီးအနားတွင် ဝူရီ သူ့အား လိုက်ပြခဲ့သည့် တောင်ထွတ် များစွာ ရှိနေပေသည်။ ထိုတောင်ထွတ်များကိုသာ အခြေခံအုတ်မြစ်အဖြစ် ပုံသွင်းလိုက်မည်ဆိုပါက ကောင်းမွန်သော စိတ်ဝိဥာဉ်အစီအရင်တစ်ခု မဖန်တီးနိုင်စရာ အကြောင်းမရှိတော့ပေ။

ရန်ကိုင်သည် သူတော်ဝင်သခင် ဖြစ်ခဲ့စဉ်က အကြီးအကဲရှု‌ဟွေ ပြောပြခဲ့သည့် တောင်ထွတ်ကိုးလုံး စိတ်ဝိဥာဉ်အစီအရင်နှင့် ပက်သက်သည့် အကြောင်းအရာများကို စဉ်းစားရင်း နဂါးလိုဏ်ဂူတောင်ကြော တစ်လျှောက် လမ်းပတ်လျှောက်နေခဲ့သည်။

မကြာမီ သူ့စိတ်ထဲ အစီအရင်အချို့ ရေးဆွဲလိုက်သည်။

အစီအစဉ် ရေးဆွဲပြီးသွားပြီဖြစ်သဖြင့်၊ လက်တွေ့ အကောင်အထည် ဖော်ရန်အတွက် ပထမဦးဆုံး ခြေလှမ်းအဖြစ် မိုင်ငါးဆယ်ဝေးကွာသော နေရာတွင် တည်ရှိသည့် ကောင်းကင်ကံကြမ္မာမြို့တော်ဆီ ဦးတည်လိုက်၏။

ကောင်းကင်ကံကြမ္မာမြို့တော်သည် အရိပ်လခန်းမ၏ ထိန်းချုပ်မှု အောက်မှ လွတ်ကင်းသော အင်အားစုတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ဟိုင်ခဲမိသားစုသည် ကောင်းကင်ကံတရားမြို့တော်နှင့် နီးကပ်လျှင်ပင် မြို့ကိုယ်တိုင်သည် အလွန်တရာကိုမှ စည်ပင်ဝပြောလွန်းလှသဖြင့် သူတို့ကဲ့သို့ အားနည်းသော မိသားစုလေးအဖို့ ထိုမြို့ကို ထိန်းချုပ်ခြင်းငှာ မစွမ်းနိုင် ဖြစ်ခဲ့ရသည်။

ဟိုင်ခဲမိသားစုအတွက် မြို့တွင်း ဆိုင်လေးအနည်းငယ်ကိုသာ ပိုင်ဆိုင်ထားလေသည်။

ကောင်းကင်ကံကြမ္မာ မြို့တော်ထဲသို့ ဝင်လိုက်သည်နှင့် ကြက်ပျံမကျ စည်ကားလှသော လူအုပ်ကြီးကို တွေ့လိုက်ရသည်။ ဤနေရာသည် ရေလကြယ်ရော၊ မိုးရေစင်ကြယ်ပေါ်ရှိ မြို့များအောက် နိမ့်ကျခြင်း မရှိပါချေ။

ဤနေရာရှိ ဆိုင်ခန်းအများစုကို အရိပ်လခန်းမနှင့် အရိပ်လခန်းမ၏ လက်အောက်ခံ အင်အားစုများမှ ပိုင်ဆိုင်ထားကြပေသည်။ လူစည်ကားသော နေရာတစ်ခုဖြစ်သဖြင့် ဤနေရာ၌ ဆိုင်ခန်းတစ်ခန်း ပိုင်ဆိုင်ထားခြင်းသည် ငွေပဒေသာ သစ်ပင်တစ်ပကို ပိုင်ဆိုင်ထားခြင်း မည်ပေသည်။

ဂိတ်ပေါက်တွင် ဂိတ်ကြေးကောက်ခံမည့် အစောင့်များမရှိ။ အရိပ်လခန်းမသည် မည်သည့်ကိုမဆို မြို့ထဲသို့ လွတ်လွတ်လပ်လပ် ဝင်၊ထွက်ခွင့် ပေးထားပေသည်။

ရန်ကိုင်သည် တက်တက်ကြွကြွဖြင့် မြို့ထဲသို့ ဝင်သွားလိုက်ပြီး ဇိမ်ပြေနပြေဖြင့် ဆိုင်ခန်းများကို‌ လျှောက်ပတ်ကြည့်လေသည်။ မကြာမီ ထူးဆန်းသော အချက်တစ်ချက်ကို ရန်ကိုင် တွေ့ရှိသွားခဲ့သည်။ အရိပ်ကြယ်ပေါ်ရှိ သူတော်စင်သလင်းကျောက်တစ်တုံး၏ တန်ဖိုးသည် အခြားကျင့်ကြံရေးကြယ်များပေါ်ရှိ သူတော်စင်သလင်းကျောက်များ၏ တန်ဖိုးထက် ပို၍ မြင့်မားနေပေသည်။

ဥပမာဆိုရသော်၊ အဆင့်နိမ့်သူတော်စင် သလင်းကျောက် သုံးရာ တန်ကြေးရှိသော ဆေးပုလင်းတစ်ပုလင်းသည် ဤနေရာ၌ သူတော်စင် သလင်းကျောက် နှစ်ရာသာ တန်ကြေးရှိနေခဲ့သည်။

အဆင့်နိမ့် သူတော်စင်သလင်းကျောက် အတုံးငါးရာသည် အတုံးလေးရာလောက်သာ တန်ဖိုးရှိနေခဲ့သည်။

ပြင်ပကြယ်စီရင်စုကြီးနှင့် ခွဲထွက်နေသည့်အတွက်ကြောင့် အရိပ်ကြယ်ပေါ်ရှိ ငွေကြေးသည် သူ့နည်းသူ့ဟန်နှင့် ဖြစ်နေခဲ့သည်။ ရန်ကိုင် အတော်လေး စိတ်လှုပ်ရှားသွားခဲ့လေသည်။

သူ့တွင် အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက် အတုံး(၄၇၀၀၀)တုံး ရှိနေသည်လေ။ သူတော်စင်သလင်းကျောက် လဲလှယ်နှုန်းမျာ တစ်အချိုးငါး ဖြစ်လေရာ တွက်ကြည့်လိုက်သော် သူ့တွင်ရှိနေသော သူတော်စင်သလင်းကျောက် စုစုပေါင်းသည် အဆင့်နိမ့်သူတော်စင်သလင်းကျောက် တစ်သန်းနှင့် ညီမျှနေ၏။

ရန်ကိုင်လည်း သူလိုအပ်နေသည့် ကုန်ကြမ်းပစ္စည်းများနှင့် သတ္တုများကို ချက်ချင်း ဝယ်ယူတော့လေသည်။

ထို့နောက် မှော်ရတနာစံအိမ်ဟုခေါ်နေသော နေရာဆီ ပျော်ပျော်ကြီးပြုံးလျက် ဦးတည်သွားလိုက်လေသည်။

မည်သည့်မြို့တွင်မဆို မှော်ရတနာစံအိမ်နှင့် ဆင်တူသော နေရာတစ်နေရာသည် အမြဲတမ်းရှိသည်။ ထုန်းရွှမ်လောကကြီးတွင် ဖြစ်စေ၊ ကြယ်စီရင်စုထဲတွင်ဖြစ်စေ အတူတူပင်။ ကျင့်ကြံသူများ အလာများသည့် မြို့ဖြစ်ပါက ထိုကဲ့သို့သော နေရာတစ်နေရာသည် မရှိမဖြစ်ကို လိုအပ်ပေသည်။

မှော်ရတနာထုလုပ်တတ်သည့် ကျင့်ကြံသူ များများစားစား မရှိချေ။ ထို့ကြောင့် ကျွမ်းကျင်သော (မှော်ရတနာသန့်စင်သူကို ပန်းပဲပညာရှင်ဟု စတင်ခေါ်ဝေါ်ပါတော့မည်) ပန်းပဲပညာရှင်များကို ရှာကာ သူတို့အတွက် မှော်ရတနာသန့်စင်ခိုင်းတတ်ကြသည်။ မှော်ရတာနာစံအိမ်ကဲ့သို့သော နေရာမျိုးသည် ပန်းပဲပညာရှင်များအတွက် သူတို့၏ အရည်အသွေးကို တိုးတက်အောင် တိုးတက်အောင် လုပ်ဆောင်နိုင်သော နေရာကောင်းတစ်ခု ဖြစ်ရုံမက ငွေများများ ရှာနိုင်သည့် နေရာတစ်ခုလည်း ဖြစ်ပေသည်။

ကောင်းကင်ကံကြမ္မာမြို့တော်ရှိ မှော်ရတနာစံအိမ်သည် လအရိပ်ခန်းမ၏ လက်အောက်တွင် ရှိသည်ဟု ပြောနိုင်သည်။ ထို့ကြောင့် ထိုနေရာတွင် အလုပ်နေကြသော ပန်းပဲပညာရှင်များသည် လအရိပ်ခန်းမမှ ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် လအရိပ်ခန်းမမှ ငှားရမ်းထားကြသူများ ဖြစ်သည်။ လအရိပ်ခန်းမတွင် အလုပ်လုပ်နေကြသော ပန်းပဲပညာရှင်များသည် သူတို့ရှာရသော ငွေအချို့ကို လအရိပ်ခန်းမဆီ ပြန်ပေးရသည်။

ရန်ကိုင် ရောက်လာသည့်အခါ ပြည့်ကြပ်သိပ်နေသော လူအုပ်ကြောင့် အံ့အားသင့်သွားခဲ့ရသည်။

ထိုနေရာတွင် တန်းစီစောင့်နေသော လူအယောက်ပေါင်း အနည်းဆုံး နှစ်ရာကျော်ရှိပေသည်။ ရန်ကိုင် ရောက်သော် အကြည့်ပေါင်းများစွာသည် သူ့ဆီသို့ ပြုံရောက်လာခဲ့သည်။ အချို့သည် ချက်ချင်းကို နိုးနိုးကြားကြား ဖြစ်သွားသည်။ ရန်ကိုင် တန်းမစီပဲ သူတို့ နေရာအား ဖြတ်လုမည်ကို သတိထားနေကြသည့်ပုံပင်။

ထိုမြင်ကွင်းကိုမြင်သော် ဘုံကိုးခုထွတ်မြတ်နယ်မြေက အဖြစ်အပျက်ကို ပြန်သတိရလိုက်သည်။ ထိုစဉ်က လူပေါင်းများစွာသည် သူတို့လိုချင်သော ဆေးလုံးကို ဖော်စပ်ရနိုင်ရေးတွက် ဘုံကိုးခုထွတ်မြတ် နယ်မြေ၏ အပြင်ဘက်တွင် လပေါင်းများစွာကြာအောင် တန်းစီ စောင့်ဆိုင်းခဲ့ရသည်။

သူလည်း ထိုမျှကြာအောင် စောင့်ရမည်လား။ ရန်ကိုင် မျက်မှောင် ကြုတ်သွားမိသည်။

ဆိုင်ဝန်ထမ်း အဝတ်အစားကို ဝတ်ဆင်ထားသည့် လူငယ်လေး တစ်ယောက်က ရန်ကိုင်ဆီ လမ်းလျှောက်လာခဲ့သည်။ ထိုလူငယ်လေး၏ ခွန်အားမှ သိပ်မမြင့်လှချေ။ ထိုနောက် စာစောင်တစ်ခုကို ထုတ်ယူလိုက်ပြီး ရန်ကိုင်လက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် ပြုံး၍ ပြောလိုက်သည် “တစ်ချက်ကြည့်ကြည့်လိုက်။ နားမလည်တာရှိရင် ကျုပ်ကို လာမေးလို့ရတယ်”

ရန်ကိုင်လည်း ထိုစာစောင်ကို ဖတ်ကြည့်လိုက်သော် မှော်ရတနာစံအိမ်တွင် ရှိနေသော အမျိုးမျိုးသော ပန်းပဲပညာရှင်များနှင့် သူတို့တောင်းခံသည့် အခကြေးများနှင့် အရေအတွက်ကိုပါ တွေ့လိုက်ရသည်။ အရေအတွက်ဆိုသည်မှာ ပန်းပဲပညာရှင်တွင် ပစ္စည်းအပ်ရန် လာစောင့်နေသော လူအရေအတွက်ကို ဆိုလိုပေသည်။

လူစောင့်အများဆုံး ပန်းပဲဆရာ၏ ဝန်ဆောင်မှုကို ရရှိရန် စောင့်နေသည့် လူအရေအတွက်မှာ သုံးဆယ်ထက်မက ရှိနေပြီး ထိုပန်းပဲဆရာသည် သူတော်စင်အထွဋ်အထိပ်အဆင့် မှော်ရတနာများကို သန့်စင်နိုင်ပေသည်။

သူ့အတွက် စောင့်နေသူ လူအများကြီး ရှိနေသည်မှာလည်း အံ့ဩစရာ မဟုတ်တော့ချေ။ ပန်းပဲဆရာသည် ဆေးပညာရှင်များနှင့် အတူတူပင်။ ပန်းပဲဆရာတစ်ယောက်၏ အဆင့် ပိုမြင့်လေ၊ သူသွန်းလုပ်နိုင်သည့် မှော်ရတနာ၏ အဆင့်အတန်းမှာလည်း ပိုမြင့်သလို အောင်မြင်နိုင်ချေမှာလည်း ပိုမြင့်ပေသည်။

မှော်ရတနာတစ်ခု သွန်းလုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းများကို စုဆောင်းဖို့ရာ မလွယ်ကူလှချေ။ ထို့ကြောင့် ပန်းပဲပညာရှင်များကို ရွေးချယ်ရာတွင် ကျင့်ကြံသူများ အလွန် သတိထားကြခြင်း ဖြစ်သည်။ ပိုက်ဆံနည်းနည်းပေးရပြီး မတတ်၊ မကျွမ်းကျင်သည့် ပန်းပဲဆရာ တစ်ယောက်ဆီ အကူအညီ တောင်းရခြင်းထက် ကြေးကြီးကြီးပေးပြီး ကျွမ်းကျင်သည့် ပန်းပဲဆရာတစ်ယောက်တွင်သာ အကူအညီ တောင်းခံချင်ကြသူ များသည်။

သူတော်စင်အထွဋ်အထိပ်အဆင့် မှော်ရတနာများကို ထုလုပ်နိုင်သည့် ပန်းပဲဆရာတစ်ဦး၏ လက်ခမှာ မနည်းလှပါ‌ျေ။ သို့သော်လည်း သူကဲ့သို့ အဆင့်ရှိသည့် ပန်းပဲဆရာတစ်ယောက်၏ ဝန်ဆောင်မှုကို ရရှိရန် စောင့်ဆိုင်းနေသည့် ကျင့်ကြံသူ မရှားပါချေ။

ရန်ကိုင်သည် ပန်းပဲဆရာများကို နာမည်များနှင့် အသေးစိတ်ကို ဖတ်ကြည့်လိုက်သည်။ မကြာမီ သူ့အကြည့်သည် ယန်ယန်ဆိုသော နာမည်တစ်လုံးပေါ်တွင် ရပ်တန့်သွားခဲ့သည်။ ယန်ယန်၏အကြောင်း ရှင်းပြထားသည့် အသေးစိတ်ကို ဖတ်ကြည့်လိုက်သည်။

ယန်ယန်၏ ဝန်ဆောင်မှုကို ရရှိရန်အတွက် စောင့်ဆိုင်းနေသော လူအရေအတွက်သည် သုညဖြစ်သည်။ ယန်ယန် ဆိုသော ပန်းပဲပညာရှင် တစ်ယောက်တည်းသာ လူမရှိ ဖြစ်နေခြင်းဖြစ်ပြီး ကျန်ပန်းပဲဆရာ အားလုံးသည် လူများဖြင့် ပြည့်ကြပ်နေသည်။

ဆိုင်ဝန်ထမ်းက ပြုံး၍ ပြောလိုက်သည် “ဧည့်သည်တော်ခင်ဗျား၊ ဒါကတော့ ဒီလိုပါ။ မှော်ရတနာစံအိမ်က အရိပ်လခန်းမက ပန်းပဲဆရာတွေရဲ့ အရည်အချင်းပေါ်မှာပဲ အာမခံပေးထားတာပါ။ အပြင်က ပန်းပဲဆရာတွေကိုတော့ အာမခံပေးထားခြင်း မရှိပါဘူး။ သူတို့ရဲ့ အရည်အချင်း၊ လက်ခတွေ အားလုံးကို သူတို့ဘာသာ ဆုံးဖြတ်တာပါ။ ကျုပ်တို့က မအားတော့ သေချာ စီစစ်နိုင်စွမ်း မရှိလို့ပါ။ ပန်းပဲဆရာကြီး ယန်ယန် ဒီကိုလာတုန်းက ကျုပ်တို့ တားပါသေးတယ်။ ဒါပေမယ့် သူက တန်ခိုးရှင်အဆင့် မှော်ရတနာတွေကို သန့်စင်နိုင်တယ်ချည်း အတင်းပြောနေတော့ ကျုပ်တို့လည်း မပြောတော့။ ကျုပ်ကတော့ မိတ်တွေကို သူ့ကို မရွေးဖို့အကြံပေးချင်တယ်။ တစ်ခုခု ဖြစ်သွားလို့ပစ္စည်းတွေ ဆုံးကုန်ဝယ်ဆိုရင် ကျုပ်တို့ဘက်က လျော်ပေးမှာမဟုတ်လို့ပါ။ မိတ်ဆွေရွေးချင်တယ်ဆိုရင် အခြား ပန်းပဲပညာရှင်တွေ အများကြီး ရှိပါသေးတယ်”

ဆိုင်ဝန်းထမ်း ပြောသည်ကိုနားထောင်ရင်း ထိုယန်ယန်ဆိုသော ပန်းပဲပညာရှင်သည် မိန်းကလေးတစ်ယောက် ဖြစ်နေသည့်အတွက် ရန်ကိုင် အံ့အားသင့်သွားခဲ့ရသည်။ ဤနည်းလမ်းသည် အရိပ်လခန်းမမှ ပြင်ပမှလာသော ပန်းပဲပညာရှင်များကို ဖိနှိပ်ရန် အသုံးပြုသည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်းကိုလည်း ရန်ကိုင် နားလည်သွားခဲ့သည်။

မှော်ရတနာစံအိမ်သည် ပြင်ပမှ ခေါ်ယူထားသော ပန်းပဲပညာရှင်များ၏ စွမ်းရည်အပေါ် အာမမခံပေးထားချေ။ သူတို့ အရိပ်လခန်းမမှ ပန်းပဲပညာရှင်များကိုသာ အာမခံပေးသည်။

“အခြား ပန်းပဲပညာရှင်တွေလား…” ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ အခြား ပန်းပဲပညာရှင်များသည် လူများဖြင့် ပြည့်ကြပ်နေပြီး တစ်ယောက်ပြီးရန်အတွက် အနည်းဆုံး ကြာမည်ဖြစ်လေရာ စောင့်ရမည်ဆိုပါက အချိန်အကြာကြီး စောင့်ရနိုင်၏။

“ဧည့်သည်တော်က အလျင်လိုနေတာလား။ အဲ့လိုဆိုရင် ပစ္စည်းတွေကို ထားခဲ့ပြီး လုပ်ပြီးသွားတော့မှာ လာပြန်ယူလို့ရပါတယ်ခင်ဗျ” ထိုလူက အကြံပေးလိုက်သည်။

ပြန်ဖြေနေမည့်အစား ရန်ကိုင်က မေးလိုက်သည် “ယန်ယန်ဆီမှ မှော်ရတနာ သွားလုပ်တဲ့လူ တစ်ယောက်မှ မရှိဘူးလား”

“ရှိတော့ရှိတယ်”

“ဘာဖြစ်သွားလဲ”

ဆိုင်ဝန်ထမ်း မဲ့ပြုံးပြုံးလိုက်သည်။ သူ့အမူအရာ ထိုအကြောင်းကို မပြောချင်သည့်ပုံပင်။ သို့သော်လည်း နောက်ဆုံး၌ ပြောလိုက်ပါသည် “ဧည့်သည်တော်ခင်ဗျား၊ အခြားတစ်ယောက်ဆီကိုသာ သွားဖို့ ကျုပ်အကြံပေးချင်ပါတယ်။ အဲ့လိုဆို လက်ခလည်း ပိုသက်သာလည်း ပိုပြီးတော့လည်း တန်ပါတယ်”

ဆိုင်ဝန်ထမ်းသည်ပင် ထိုပန်းပဲဆရာ ယန်ယန်အပေါ် အမြင်ကောင်း မရှိလေသဖြင့် ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့ရလေသည်။

သူတွေးနေတုန်းမှာပဲ တုတ်ခိုင်ထွားကြိုင်းသည့် လူသန်ကြီး တစ်ယောက်သည် တိုက်ပွဲဝင် စစ်တူကိုကိုင်လျက် အဆက်မပြတ် ကျိန်ဆဲရင်း အတွင်းခန်းထဲမှ ဒေါနှင့်မောနှင့် ခြေဆောင့်ရင်း ထွက်လာခဲ့လေသည်။ ထိုစစ်တူကြီးမှာ အတော်လေးကိုမှ ကောင်းသော်လည်း လူထွားကြီးသည် တူကြီးကို အမြင်ကတ်နေသည့် ပုံပင်။

ပန်းပဲပညာရှင်ကို ကျိန်ဆဲရဲတဲ့ လူလည်း ရှိသေးတာလား ရန်ကိုင် သူ့ကိုယ်သူ ပြန်မေးလိုက်သည်။

ပန်းပဲပညာရှင်များသည် ဆေးပညာရှင်များကဲ့သို့ပင် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြပေသည်။ ယေဘုယျအားဖြင့် မည်သည့် ကျင့်ကြံသူမှ ပန်းပဲပညာရှင်များကို မစော်ကားရဲကြချေ။ အကြောင်းငှာ တစ်နေ့နေ့ တစ်ချိန်ချိန်ကျလျှင် မှော်ရတနာများကို ထုလုပ်ခိုင်းရန်၊ ဆေးလုံးများကို သန့်စင်ခိုင်းရန် အကူအညီ လိုအပ်လာနိုင်သောကြောင့် ဖြစ်သည်။ ပန်းပဲပညာရှင်ကိုဖြစ်စေ၊ ဆေးပညာရှင်ကိုဖြစ်စေ စော်ကားလိုက်ခြင်းသည် အကူအညီ အရင်းအမြစ်ကို ဖြတ်တောက်လိုက်ခြင်း မည်ပေသည်။

သို့သော်လည်း တန်းစီစောင့်နေသော ကျင့်ကြံသူများသည် ထိုမြင်ကွင်းနှင့် အသားကျနေသည့်ပုံစံမျိုး လုပ်နေကြသည်။ ထိုမြင်ကွင်းကို သူတို့ မြင်ကဲ့သည်မှာ အကြိမ်ရေထပ်နေသည့် ပုံစံမျိုး။ မည်သူမှ ထိုလူထွားကြီး အသံတိုးတိုးပြောရန် သွားမပြောဘဲ။ စိတ်ဝင်တစားဖြင့်သာ ကြည့်နေကြသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၁၀၂) ပန်းပဲပညာရှင်ယန်ယန်

မကြာမီ အားလုံး၏ မြင်ကွင်းမှ ထိုထွားကြိုင်းသောလူကြီး ပျောက်ကွယ်သွားခဲ့သည်။

“အာ၊ ပန်းပဲဆရာယန်ယန် ထပ်အဆဲခံရပြန်ပြီ” ခန်းမထဲတွင် ရှိနေသော တစ်ယောက်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

“နည်းတောင်နည်းသေးတယ်။ သူတော်စင်ဘုရင်အဆင့် မှော်ရတနာတောင် ကောင်းကောင်း မသန့်စင်နိုင်ဘဲနဲ့ တန်ခိုးရှင်အဆင့် မှော်ရတနာ သန့်စင်နိုင်တယ် လာလုပ်နေသေးတယ်။ ပန်းပဲဆရာတိုင်းသာ သူ့လိုဆိုရင် ငါတို့ မှော်ရတနာတွေကို သူတို့လက်ထဲ ဘယ်လိုလုပ်ပြီး ထည့်ရဲတော့မှာလဲ”

“ဟုတ်တယ်။ တစ်ယောက်ယောက်က ပန်းပဲဆရာယန်ယန်ကို သူအသုံးပြုတာကြာပြီဖြစ်တဲ့ သူတော်စင်ဘုရင်အထွဋ်အထိပ်အဆင့် မှော်ရတနာကို နည်းနည်းလောက် သွားပြင်ခိုင်းတယ်တဲ့။ ဘာဖြစ်သွားတယ် ထင်လဲ။ အဲ့သူတော်စင်ဘုရင်အထွဋ်အထိပ်အဆင့်က သူတော်စင် အလယ်အလတ်အဆင့် ဖြစ်သွားပါရောဟေ၊ အဲ့ကောင် ငိုမဲ့မဲ့နဲ့ ထွက်သွားတာကွာ”

“အဲ့ဒါက ဘယ်လောက်မှ မဟုတ်သေးဘူး။ ပန်းပဲဆရာယန်ယန်ကို ဓါးလုပ်ခိုင်းလိုက်တဲ့ တစ်ယောက်ဆိုရင် ဘာရသွားတယ်မှတ်လဲ၊ တောခုတ်ဓါးကြီး ရသွားတာကွာ၊ လုပ်ခိုင်းတာက ဓါး၊ ရလိုက်တာက တောခုတ်ဓါး။ မင်းပဲ စဉ်းစားကြည့်တော့… ကိုယ့်ဖောက်သည်ရဲ့ တောင်းဆိုချက်ကိုတောင် လိုက်မလုပ်နိုင်ဘဲနဲ့ ဘယ်လိုလုပ်ပြီး ပန်းပဲဆရာ လုပ်ချင်နေတာလဲ မသိဘူး။ သူ့ဘာသာ လေလုံးထွားနေတာပဲ ဖြစ်ရမယ်။ မှော်ရတနာစံအိမ်ကလည်း သူ့လိုလူတစ်ယောက်ကို ဘာလို့ လက်ခံထားလဲ မသိဘူး”

“မှော်ရတနာစံအိမ်နဲ့ ဘာမှမဆိုင်ဘူး။ မှော်ရတနာစံအိမ်က ပန်းပဲဆရာယန်ယန်နဲ့ ယာယီစာချုပ်ပဲ ချုပ်ထားတာ။ ပန်းပဲဆရာယန်ယန် ဆီမှ ပစ္စည်းသွားအပ်တဲ့လူတိုင်းကို မှော်ရတနာစံအိမ်ကလူတွေ အတန်တန် သတိပေးတာပဲ။ သူတို့မှ လက်မခံတာ။ နည်းတောင်နည်းသေးတယ်”

“ငါလည်း အဲ့ပန်းပဲဆရာယန်ယန်ကို လုပ်ခိုင်းမယ့်အစား ဒီမှာပဲ လနည်းနည်းလောက် ထိုင်စောင့်နေလိုက်မယ်”

----------------------------------

အမျိုးမျိုးသော သတင်းစကား၊ အတင်းအဖျင်းစကားများကို ရန်ကိုင် ကြားနေခဲ့ရရာ သူ့အမူအရာလည်း ထူးဆန်းသည်ထက် ထူးဆန်းလာခဲ့ရ၏။

ဆိုင်ဝန်ထမ်းက သက်ပြင်းအရှည်ကြီးချလျက် “ဟူး။ ပန်းပဲဆရာ ယန်ယန်က တကယ်ကို လွန်လွန်းတယ်။ မှော်ရတနာစံအိမ်က သူ့ကို အတန်အတန် သတိပေးထားရဲ့သားနဲ့ အခုလိုလုပ်ဖြစ်အောင် ထပ်လုပ်လိုက်သေးတယ်။ ပြီးတောင် တောင်းလည်းမတောင်းပန်ဘူး။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ရက်အနည်းငယ်အတွင်း ပန်းပဲဆရာယန်ယန် ဒီကနေ ကန်ထုတ်ခံရလိမ့်မယ်”

“ဘာလို့လဲ” ရန်ကိုင်က ဆိုင်ဝန်ထမ်းကို ကြည့်ကာ မေးလိုက်သည်။

“သူ့လုပ်ပုံက မှော်ရတနာစံအိမ်ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတာကိုး။ အမြင့်ပိုင်းက လူတွေက ဘယ်လိုလုပ်ပြီး ထိုင်ကြည့်နေနိုင်မှာလဲ”

“ဒါပေမယ့် ဟိုကောင်ကြီး သယ်လာတဲ့ စစ်တူက အရည်အသွေး ကောင်းပါတယ်။ သူ့သူတော်စင်ချီနဲ့တောင် လုံးဝကို ကွက်တိ ဖြစ်နေသေးတယ်။ အဲ့ဒါကို သူဘာလို့ မကျေနပ်တာလဲ”

ဆိုင်ဝန်ထမ်းက ခြောကပ်ကပ်ရယ်မော၍ ရှင်းပြလိုက်သည် “သူမှာတာက စစ်တူမဟုတ်ဘူး။ တိုက်ပွဲတူပဲ…”

ရန်ကိုင် မျက်နှာ မဲ့သွားခဲ့ပြီး ထိုလူကြီး ဘာကြောင့် ဒေါသထွက်နေမှန်း ချက်ချင်း နားလည်သွားလိုက်သည်။ ခန်းမထဲရှိ အခြားလူများပြောသလို ပန်းပဲဆရာတစ်ယောက်သည် သူ့ဖောက်သည် တောင်းဆိုသည့်အတိုင်း မသွန်းပေးနိုင်ဘူးဆိုပါက သူ့ကိုယ်သူ ပန်းပဲဆရာဟု ခေါ်ခွင့်မရှိပါချေ။

“ဧည့်သည်တော်ကော ဆုံးဖြတ်ပြီးသွားပြီလား” ဆိုင်ဝန်ထမ်းက ရန်ကိုင်ကို ထပ်မေးလိုက်သည်။

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး စာစောင်ကို ဆိုင်ဝန်ထမ်းဆီ ပြန်ပေးရင်း ပြောလိုက်သည် “ပန်းပဲဆရာယန်ယန်ဆီ သွားမယ်”

ဆိုင်ဝန်ထမ်း ကြောင်သွားပြီး ရန်ကိုင်အား ထူးထူးဆန်းဆန်း စိုက်ကြည့်နေပြီးနောက် ပြန်မေးလိုက်သည် “မိတ်ဆွေ တကယ်သေချာလား”

ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်လိုက်ပြီး “ကျုပ်က မှော်ရတနာလုပ်ဖို့ လာတာမှမဟုတ်တာ။ ဒီအတိုင်း ရိုးရှင်းတဲ့ပစ္စည်းအချို့ လုပ်ရုံပဲ။ ပန်းပဲဆရာယန်ယန်က တန်ခိုးရှင်အဆင့် ပန်းပဲဆရာမဟုတ်ရင်တောင် ကျုပ်တောင်းဆိုတာကိုတော့ လုပ်ပေးနိုင်လောက်မှာပါ…”

“ဧည့်သည်တော်က အဲ့လိုဆုံးဖြတ်ပြီးမှတော့ ကျုပ်လည်း ဘာမှ ပြောမနေတော့ပါဘူး။ ကျေးဇူးပြုပြီး ကျုပ်နောက် လိုက်ခဲ့ပေးပါ” ဆိုင်ဝန်ထမ်းသည် ရန်ကိုင်အား ဘာမှထပ်အကြံပေးမနေတော့ဘဲ စံအိမ် နောက်ဘက်ရှိ အခန်းတစ်ခန်းဆီသို့ ဦးဆောင် ခေါ်သွားလိုက်သည်။ အခန်းရှေ့သို့ရောက်သော် ရန်ကိုင်အား အထဲဝင်သွားရန် အချက်ပြလိုက်ပြီး အဓိပ္ပါယ်ပါပါဖြင့် ပြောလိုက်သည် “ကံကောင်းပါစေ”

ရန်ကိုင်လည်း ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး အထဲသို့ လမ်းလျှောက်ဝင်သွားလိုက်သည်။

အခန်းသည် တော်တော်လေး ကြီးပေသည်။ အနည်းဆုံး မီတာ ထောင်ဂဏန်းရှိ၏။ အခန်းအလယ်တွင် ပန်းပဲဖိုကြီးတစ်လုံးလည်း ရှိ‌နေသည်။ ပန်းပဲဖို၏ နောက်တွင်မူ ပန်းပဲဆရာ ယန်ယန်ဟု ထင်ရသော လူတစ်ယောက် တင်ပလင်ခွေ ထိုင်နေသည်။

လူထွားကြီး၏ ဆဲဆိုသံသည် သူမပေါ် သက်ရောက်မရှိသည့်ပုံပင်။ လောလောဆယ်တွင် ပန်းပဲဆရာ ယန်ယန်သည် အကြွင်းမဲ့ တည်ငြိမ်သော ရှေးဟောင်ကန်တစ်ကန်နှယ် တင်ပလင်ခွေထိုင်နေခဲ့သည်။ အခန်းထဲဝယ် သူမ၏ အသက်ရှူသံတို့သာ ထွက်ပေါ်နေခဲ့သည်။

ရန်ကိုင်သည် ပန်းပဲဖိုရှေ့ရှိ ဖျာဆီ လျှောက်သွားလိုက်ပြီး ထိုင်ချလိုက်သည်။ ထို့နောက် ချက်ချင်းပဲ ပန်းပဲဆရာယန်ယန်၏ အသံကို ကြားလိုက်ရသည် “ရှင်ဘာသွန်းလုပ်ချင်တာလဲ”

ထိုအသံကို ကြားလိုက်သည့်အခါ ရန်ကိင်လည်း ပန်းပဲဖိုနောက်သို့ လှမ်းကြည့်မိလိုက်သည်။ သို့သော်လည်း ကြိုသိထားသည့်တိုင် အမျိုးသမီး ပန်းပဲဆရာတစ်ယောက်ကို တကယ်တမ်း တွေ့လိုက်ရချိန် မအံ့ဩဘဲ မနေနိုင်ခဲ့ချေ။

အံ့ဩစရာအကောင်းဆုံးသည်ကား ပန်းပဲဆရာယန်ယန်၏ အသံသည် အလွန်ကိုမှ ကြည်လင်ချိုသာ စွဲမက်ဖွယ်ကောင်းနေခြင်း ဖြစ်သည်လေရာ ရန်ကိုင်လည်း အသံပိုင်ရှင်သည် မည်ကဲ့သို့ ရှိမလဲဆိုသည်ကို သိချင်စိတ် ဖြစ်မိသွားသည်။

ထို့ကြောင့် နောက်သို့ လှမ်းချောင်းကြည့်လိုက်ရာ တလက်လက် တောက်ပနေသော မျက်လုံးအစုံကိုသာ မြင်လိုက်ရသည့်အတွက် နည်းနည်း စိတ်ပျက်သွားခဲ့ရသည်။ ယန်ယန်သည် သူမတစ်ကိုယ်လုံး အနက်ရောင် ခြုံလွှာကြီးဖြင့် လွှမ်းခြုံထားသည်။ မျက်နှာကိုပင် အနက်ရောင် မျက်နှာလွှားများဖြင့် ဖုံးအုပ်ထားခဲ့ပြီး မျက်လုံးကိုသာ ဖော်ထားခဲ့သည်။

“လူတိုင်းက ဘာလို့ ရှင့်လို ဖြစ်နေတာလဲ။ ရှင်ဒီကို မှော်ရတနာ သွန်းလုပ်ဖို့လာတာလား။ ကျွန်မကို ကြည့်ဖို့ လာတာလား” ယန်ယန်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

ကြားကြားချင်း ရန်ကိုင် ကြက်သေသေသွားသည်။ သို့သော်လည်း အလျင်အမြန်ပဲ ပြန်အသိဝင်လာခဲ့သည်။ ယခင် လာခဲ့သော လူအားလုံးသည်း သူ့ကဲ့သို့ ဖြစ်ခဲ့မည်မှန်း ချက်ချင်း နားလည်းလိုက်၏။ ထို့ကြောင့် ခပ်မြန်မြန်ပဲ တောင်းပန်လိုက်လေသည် “တောင်းပန်ပါတယ်ဗျာ။ ပန်းပဲဆရာယန်ယန် ဘယ်ပုံရှိမလဲ ဆိုတာကို ကျုပ်နည်းနည်း သိချင်သွားလို့ပါ”

“အင်း၊ ထားလိုက်တော့” ယန်ယန်က ရန်ကိုင်၏ အပြုအမူကို စိတ်ထဲမထားဘဲ နောက်တစ်ကြိမ် ထပ်မေးလိုက်သည် “ရှင်ဘာကို သန့်စင်ချင်တာလဲ”

ရန်ကိုင်က လိုရင်းကို တန်းသွားလိုက်သည် “ရိုးရိုးပစ္စည်းလေး နည်းနည်းပါးပါးပဲ။ မှော်ရတနာတော့ မဟုတ်ဘူး။ ကျုပ်ခင်ဗျားကိုပြမယ်”

ပြောပြီးသည်နှင့် စာရွက်နှင့် မှင်တံကို ယူလိုက်ကာ သူလိုအပ်နေသည့် အရာကို ပုံကြမ်းဆွဲပြလိုက်သည်။

ဤနေရာသည့် ရောက်လာသည့် ကျင့်ကြံသူများသည် သူတို့ လိုချင်သည့် အရာကို ပါးစပ်ဖြင့် ရှင်းပြမနိုင်သည့်အခါ ပုံကြမ်း ဆွဲပြလေ့ ရှိသည့်အတွက်ကြောင့် မှင်တံနှင့် စာရွက်ကို ကြိုတင်ပြင်ဆင်ပေးထားခြင်း ဖြစ်ပေသည်။

ဆွဲပြီးနောက် ယန်ယန်ဆီ ပေးလိုက်သည်။ ယန်ယန်လည်း ရန်ကိုင် ဆွဲထားသည်ကိုကြည့်လိုက်ပြီးနောက် အနည်းငယ် အံ့အားသင့်သွားသည့် လေသံဖြင့် “ရှင်က စိတ်ဝိဥာဉ်အစီအရင် လိုချင်နေတာလား”

ယခုတစ်ကြိမ်တွင်မူ ရန်ကိုင် အံ့အားသင့်ရမည့်အလှည့်ပင် “ဒီပုံကြမ်းကို ကြည့်ရုံနဲ့တင် စိတ်ဝိဥာဉ်အစီအရင်မှန်း ခင်ဗျား တန်းပြောနိုင်တယ်ပေါ့”

ယန်ယန်က ရယ်မောလိုက်ပြီး “ဘာမှ ခက်တာမှမဟုတ်တာ။ ဒါကို စိတ်ဝိဥာဉ်အစီအရင် စီမံဖို့ကလွဲပြီး အခြားနေရာမှ သုံးလို့ရတာမှ မဟုတ်တာ။ ဒီလောက်လေးတောင် မပြောနိုင်ရင် ငါကန်းနေရာ ရောက်သွားမှာပေါ့။ ရှင် စိတ်ဝိဥာဉ်အစီအရင်တွေကို နားလည်တာလား”

“အရမ်းကြီးတော့ မကျွမ်းဘူး” ရန်ကိုင်က အမှန်အတိုင်း ပြန်ပြောလိုက်သည်။ စိတ်ဝိဥာဉ်အစီအရင်ကို ခင်းကျင်းနိုင်သော်ငြား ထိုစိတ်ဝိဥာဉ်အစီအရင်၏ အစွမ်းနှင့်ပက်သက်၍မူ အာမမခံနိုင်ချေ။

“ကောင်းကောင်း နားမလည်ထားဘဲနဲ့ ဒါကို သွားလုပ်ရန် အကုန်လုံး အလဟဿ ဖြစ်ကုန်မှာ။ ဒါတွေကိုလုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေ၊ သတ္တုတွေရဲ့ တန်ဖိုးက သေးတာမဟုတ်ဘူး” ယန်ယန်က အသာအယာ ပြောလိုက်သည်။

ရန်ကိုင် ချက်ချင်းဆိုသလို မကျေမနပ် ဖြစ်သွားလေသည် “စိတ်ဝိဥာဉ်အစီအရင် ခင်းကျင်းပေးဖို့က ကျုပ်ကိစ္စ။ ခင်ဗျားအလုပ်က အဲ့ဒါတွေကို သန့်စင်ပေးဖို့ပဲ။ နောက်ဆုံးရလဒ် ဘာပဲဖြစ်ဖြစ်၊ လက်ခကို ကျုပ်ကျိန်းသေပေးမယ်”

ယန်ယန်ဆီ ဘာကြောင့် ဧည့်သည် တစ်ယောက်မှ မရှိသလဲ ဆိုသည်ကို နောက်ဆုံးတွင် ရန်ကိုင် နားလည်သွားခဲ့လေပြီ။ ယန်ယန်သည် သူများကိစ္စနှင့် ဝင်ပါရသည်ကို အရမ်း နှစ်သက်ဟန်ရသည်။ ထို့ကြောင့် သူမကို လူမုန်းများနေခြင်းဖြစ်သည်။

သို့သော်လည်း ယန်ယန်ကမူ နည်းနည်းလေးမှပင် ပြန်မငြင်းသည့် အတွက် ရန်ကိုင်လည်း အတော်လေး အံ့အားသင့်သွားရသည်။ ခဏကြာ တိတ်ဆိတ်နေပြီးနောက် ယန်ယန်က ရုတ်တရက် ပြောလိုက်သည် “ရှင်လိုတာတွေကို ကျွန်မ သန့်စင်ပေးနိုင်တယ်။ လိုအပ်ရင် စိတ်ဝိဥာဉ် အစီအရင်ကောင်းကောင်း တစ်ခုပါ ခင်းကျင်းပေးလို့ရတယ်။ ဒါပေမယ့် လက်ခတော့ ပေးဖို့လိိုမ့်မယ်”

“ခင်ဗျားက စိတ်ဝိဥာဉ်အစီအရင်လည်း ခင်းကျင်းတတ်တာဘူး”

“ကျွန်မ မလုပ်တတ်လို့ မရဘူးလား”

“ခင်‌ဗျား လိမ်နေတာတော့ မဟုတ်ပါဘူးနော်”

“ကျွန်မဘာလို့ ရှင့်ကို လိမ်ရမှာလဲ” ယန်ယန်က အထင်အမြင် သေးသေးဖြင့် နှာခေါင်းရှုံ့လိုက်သည် “ကျွန်မ လုပ်ပေးတာကို ကျေနပ်မှ ပိုက်ဆံပေးလို့ရတယ်။ ရှင့်ကြည့်ရတာ ဒီလောက်ကြီး ချမ်းသာမယ့်ပုံ မပေါက်တော့ ကျွန်မလည်း အများကြီး မတောင်းတော့ပါဘူးလေ။ အထွဋ်အထိပ် သူတော်စင်သလင်းကျောက် တစ်ရာဆို ဘယ်လိုလဲ။ အဲ့လောက်လေးတောင် မထုတ်ပေးနိုင်ရင်တော့ ကျွန်မဆီက အကူအညီရဖို့ နည်းနည်းလေးတောင် မမျှော်လင့်နဲ့”

“ခင်ဗျား သူတော်စင်သလင်းကျောက် လိုနေတာလား” ရန်ကိုင် ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားသည်။ ထိုမိန်းမသည် အရမ်းကို လိုက်လျောနေလွန်းသည်။ သူသည် ရိုးရှင်းသော ပစ္စည်းများကိုသာ ထုလုပ်ပေးရန် တောင်းဆိုလိုက်သော်လည်း သူမက စိတ်ဝိဥာဉ် အစီအရင်ကြီး တစ်ခုကိုပါ ခင်းကျင်းပေးမည်ဟု ပြောလာခဲ့သည်။ ရန်ကိုင် သံသယမဝင်ဘဲ ဘယ်နေမည်နည်း။

“ငါက ပန်းပဲဆရာလေ။ ငါလိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ဖို့ သူတော်စင် သလင်းကျောက် လိုအပ်တာပေါ့”

“ပန်းပဲဆရာတွေ အများစုက ချမ်းသာကြတာ မဟုတ်ဘူးလား။ ခင်ဗျားကျမှ ဘာလို့ သူတော်စင်သလင်းကျောက် လိုနေရတာလဲ” ရန်ကိုင် စိတ်ရှုပ်သွားသည်။ ဤလောကကြီးတွင် အချမ်းသာဆုံးလူကို ပြောပါဆိုလျှင် ပန်းပဲပညာရှင်များနှင့် ဆေးပညာရှင်များကိုသာ လက်ညိုးထိုး ညွှန်ပြရပေမည်။ ထိုအလုပ်နှစ်မျိုးသည် ပိုက်ဆံမရှိမည်ကို ဘယ်သောအခါမှ စိုးရိမ်စရာမလိုသည့် အလုပ်နှစ်မျိုးဖြစ်သည်။ အနည်းဆုံး သူတို့သွားသည့်နေရာတွင် သူတို့အား တင်ကျွေးထားမည့် လူများ ရှိကြသည်။

“ငါ့အခြေအနေကိုပဲကြည့်လေ။ ဒီပုံစံနဲ့ ဘယ်လိုလုပ်ပြီး သူတော်စင် သလင်းကျောက် ရှာနိုင်မှာလဲ” ယန်ယန်က ရန်ကိုင်အား စူပုပ်ပုပ် မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

ရန်ကိုင် ချက်ချင်း နားလည်သွားသည်။ မည်သူမှ သူမဆီမှ အကူအညီ လာမတောင်းသဖြင့် သူမလည်း ပိုက်ဆံမရချေ။ ထို့ကြောင့် ယန်ယန်တွင် သူတော်စင်သလင်းကျောက် မရှိသည်မှာ အထူးအဆန်းမဟုတ်။

ယခုမှပဲ ရန်ကိုင် စိတ်သက်သာရာ ရသွားသည်။ သို့သော်လည်း သတိထားနေဆဲ “ခင်‌ဗျား ဒီအတိုင်းထွက်သွားရင် ဘာပြဿနာမှ မရှိလောက်ပါဘူးနော်”

“မရှိဘူး။ မှော်ရတနာစံအိမ်နဲ့ ငါ့ကြားမှာ ယာယီစာချုပ်ပဲရှိတာ။ ငါကြိုက်တဲ့အချိန် ထွက်သွားလို့ရတယ်တော့။ တကယ်တော့ အကုန်လုံးက သူတို့ ဂုဏ်သတင်း ထိခိုက်မှာစိုးလို့ ငါ့ကို မြန်မြန် ထွက်သွားစေချင် နေကြတာ။ နလပိန်းတုံးကောင်တွေ”

ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်က ခေါင်းညိတ်၍ ပြောလိုက်သည် “ကောင်းပြီလေ။ ခင်ဗျားက ကျုပ်ကျေနပ်လောက်မယ့် စိတ်ဝိဥာဉ်အစီအရင်တစ်ခုကို ခင်းကျင်းပေးမယ်ဆိုရင် ကျုပ်ခင်ဗျားကို အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက် အတုံးတစ်ရာ ပေးမယ်”

“အပေးအယူ ဖြစ်သွားပြီဆိုမှတော့ သွားကြတာပေါ့” ပြောပြီးသည်နှင့် ပန်းပဲဖိုကြီးကို သူမ၏ သိုလှောင်လက်စွပ်ထဲသို့ထည့်ကာ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။

ရန်ကိုင် ယန်ယန်အား အထက်အောက် အစုံအဆန် ကြည့်လိုက်၏။ ထိုမိန်းမ၏ မျက်နှာကို မမြင်ရသော်လည်း ယန်ယန်သည် အတော်လေး အကောင်းသေးသည်ကို တွေ့လိုက်ရသည်။ ယန်ယန်၏ ခေါင်းသည် သူ့ပခုံးကိုသာရောက်သည်။ သို့သော်လည်း ရင်ဘတ်နေရာရှိ တောင်ပို့ နှစ်လုံးမှာ မနည်းမနောပင်။ အနက်ရောင်ဝတ်ရုံဖြင့် အုပ်ထားသည့်တိုင် ထိုတောင်နှစ်လုံးကို မဖုံးအုပ်နိုင်ခဲ့ချေ။

တောင်နှစ်လုံးမှာ အရွယ်အစားကြီးရုံတင်မဟုတ်၊ အချိုးအစားကပါ ပြီးပြည့်စုံနေခြင်းဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်လည်း နည်းနည်းလောက် ထပ်ကြည့်နေမိလိုက်သည်။

အခန်းထဲမှ ထွက်လာပြီးနောက် ယန်ယန်က ရန်ကိုင်အား ခဏ စောင့်နေရန် ပြောပြီး မှော်ရတနာခန်းမထဲရှိ တစ်နေရာသို့ ထွက်သွား၏။ မကြာမီ အေးဆေးတည်ငြိမ်သည့် အမူအရာဖြင့် ပြန်ရောက်သွားပြီး သွားရန် အဆင့်သင့်ဖြစ်နေပြီးဖြစ်ကြောင်း ရန်ကိုင်ကို အချက်ပြလိုက်သည်။

ရန်ကိုင်လည်း အချိန်မဖြုန်းတော့ဘဲ ကြယ်လွန်းပျံကိုထုတ်ကာ ထွက်သွားလေသည်။ ယန်ယန်သည် သူ့နောက်မှ အနီးကပ် လိုက်လာခဲ့၏။

သူတို့ နှစ်ယောက် ထွက်သွားပြီးနောက် မှော်ရတနာစံအိမ်မှ ဝမ်းသာအားရတကြီး အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့သည်။

ပန်းပဲဆရာကြီး ထွက်သွားသည့်အတွက် ကျင့်ကြံသူများစွာ ပျော်ရွှင်နေခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့ မှော်ရတနာများကို ပျက်စီးအောင် လုပ်မည့် ပန်းပဲဆရာ မရှိတော့ချေပြီ။ မည်သူမှ သူ့အား တားရန် မကြိုးစားခဲ့။ အစောပိုင်းက ရန်ကိုင်နှင့် စကားပြောခဲ့သော ဆိုင်ဝန်ထမ်းပင်လျှင် ရန်ကိုင်တို့အား အားပါးတရ လက်ဝှေ့ရမ်းပြနေ၏။ သူတို့အား ဝေးနိုင်သမျှ ဝေးဝေးသို့ မြန်မြန် ထွက်သွားစေချင်သည့်ပုံပင်။

နဂါးလိုဏ်ဂူတောင်ကြားသို့ သွားသည့်လမ်းတွင် ရန်ကိုင်နှင့် ယန်ယန်သည် ဘေးချင်းယှဉ်ကာ သွားခဲ့ကြသည်။ သို့သော် သူ့စိတ်ထဲ ယန်ယန်သည့် သူ့အား သိချင်စိတ်ဖြင့် အဆက်မပြတ် စိုက်ကြည့်နေသည်ဟု ခံစားမိနေခဲ့သည်။

အစပိုင်းတွင် အာရုံမစိုက်သော်ငြား ထိုသို့ အချိန်အကြာကြီး စိုက်ကြည့်ခံလာရသော်လည်း ရန်ကိုင်လည်း မနေတတ်တော့လေရာ မေးလိုက်လေသည် “ခင်ဗျားဘာလို့ ကျုပ်ကို စိုက်ကြည့်နေတာလဲ”

ယန်ယန်က မျက်ခုံးပင့်လိုက်ပြီး နှုတ်ခမ်းဆူကာ “ဘယ်သူက ရှင့်ကို စိုက်ကြည့်နေလို့လဲ”

“အဲ့ဒါဆို ခင်ဗျား ဘာကို ကြည့်နေတာလဲ”

“ရှင်စီးနေတဲ့ ကြယ်လွန်းပျံကို ကြည့်နေတာ” ယန်ယန်က နှာခေါင်းရှုံ့၍ “သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် ကြယ်လွန်းပျံ၊ မဆိုးပါဘူး။ ကျွန်မ အဆင့်မြှင့်ပေးရမလား။ အဲ့ကြယ်လွန်းပျံကို ဒီထက် ဆယ်ဆကောင်းအောင် လုပ်ပေးလို့ရတယ်။ ဒါပေမယ့် ရှင့်ဘက်က လိုအပ်တဲ့ ပစ္စည်းတွေကို ရှာပေးဖို့ လိုတာပေါ့။ ပြီးတော့ လက်ခလည်း ပေးဖို့လိုဦးမှာ”

ထိုစကားကို ကြားလိုက်သည့်အခါ သူစီးနေသည့် ကြယ်လွန်းပျံပေါ်မှ ရန်ကိုင် ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့ရသည်။ ခဏကြာမှသာ သူ့စိတ်ကို တည်ငြိမ်သွားအောင် လုပ်နိုင်ခဲ့ပြီး ရန်ကိုင်ကိုကြည့်ကာ မေးလိုက်လေသည် “ခင်ဗျားက တကယ်ကြီး တန်ခိုးရှင်အဆင့် ပန်းပဲဆရာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား”

မှော်ရတနာတစ်ခုကို အဆင့်မြှင့်တင်ခြင်းသည် အသစ်တစ်ခုကို ထလုပ်ခြင်းနှင့် လုံးဝကွဲပြားပေသည်။ အဆင့်မြှင့်တင်ခြင်းက ပိုခက်၏။ သူတော်စင်အထွဋ်အထိပ်အဆင့် မှော်ရတနာကို အဆင့်မြှင့်တင်နိုင်ရန် အနည်းဆုံး တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် ဖြစ်နေရန် လိုအပ်ပေသည်။

ယန်ယန်အနေဖြင့် ထိုကဲ့သို့ စကားမျိုးကို ပြောရဲပုံထောက်လျှင် သူမ၏ အရည်အချင်းအပေါ် ယုံကြည်ချက်ရှိသည့် အတွက်ကြောင့်သာ ဖြစ်ရမည်။

“ဟုတ်တာပေါ့” ရန်ကိုင်မှ သူမ၏ ပန်းပဲအဆင့်အကြောင်းကို ထုတ်ပြောလိုက်သည်နှင့် ယန်ယန်က မို့မောက်လုံးဝိုင်းသော ရင်အစုံကို ပင့်လျက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။

တောက်ပသော နေရောင်အောက် ထိုအမျိုးသမီး၏ အကြည့်သည် သူမ၏ အသံကဲ့သို့ ချိုသာကြောင်းကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ယန်ယန်သည် သူမနားတွင် ရှိသူတိုင်းအား သက်သောင့်သက်သာ ရှိစေနိုင်သော ရိုးသားအပြစ်ကင်းစင်သည့် အကြည့်ကို ပိုင်ဆိုင်ထားပေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၁၀၃) စိတ်ဝိဥာဉ်အစီအရင် ခင်းကျင်းခြင်း

ယန်ယန်၏ ပုံစံအရ သူမ လိမ်နေသည့်ပုံမပေါ်။ သို့သော်လည်း ကိုယ်မသိသော လူစိမ်းတစ်ယောက်ကို မျက်လုံးမှိတ် ယုံစားသည့်လူမျိုးထဲ ရန်ကိုင် မပါချေ။

“ခင်ဗျားက တန်ခိုးရှင်ပန်းပဲဆရာ ဖြစ်နေတာတောင် ဘာလို့ ဒီလောက် ဆင်းရဲနေတာလဲ”

“ဘယ်သူမှမှ ကျွန်မကို မယုံတာ” ယန်ယန်က စိတ်ဓါတ်ကျကျဖြင့် ပြန်ပြောလိုက်သည် “ဘယ်တစ်ယောက်ကမှ ကျွန်မကို အဆင့်မြင့် မှော်ရတနာတွေ မလုပ်ခိုင်းခဲ့ဘူး။ ကျွန်မဆီ ရောက်လာတဲ့ လူတွေကလည်း အစုတ်ပလုတ်တွေ လုပ်ခိုင်းဖို့ပဲ ရောက်လာတာလေ။ ဒီတော့ ကျွန်မလည်း လက်ခ နည်းနည်းလေးပဲ ရတော့တာပေါ့”

“မှော်ရတနာစံအိမ်မှာတုန်းက ကျုပ်ကြားလိုက်ပါသေးတယ်။ ခင်ဗျားက သူတော်စင် အထွဋ်အထိပ်အဆင့် မှော်ရတနာတစ်ခုကို သူတော်စင် အလယ်အလတ်အဆင့် မှော်ရတနာဖြစ်အောင် လုပ်လိုက်တယ်ဆို၊ အဲ့ဒါ အမှန်ပဲလား” ရန်ကိုင်က ယန်ယန်အား လူထူးလူဆန်း တစ်ယောက်ကို ကြည့်သည့်နှယ် ကြည့်လိုက်သည်။

“အမှန်ပဲ” ယန်ယန်က ခေါင်းညိတ်ပြလိုက်သဖြင့် ရန်ကိုင်လည်း အံ့ဩသွားခဲ့ရသည်။ ယန်ယန်က ဟန်မပျက်အမူအရာဖြင့် ဆက်ပြောသည် “အဲ့လူရဲ့ ကျင့်ကြံခြင်းက သူတော်စင်တတိယအဆင့်ပဲ ရှိသေးတာ။ အဲ့လောက်လေးနဲ့ သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် လက်နက်ကို အပြည့်အဝ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ သူတော်စင်ဘုရင် အလယ်အလတ် အဆင့်က သူ့အကန့်အသတ်ပဲ။ ဒါကြောင့် အဆင့်တစ်ဆင့်လျှော့ပြီး သူအသုံးချနိုင်တဲ့ စွမ်းအားကို တိုးတက်သွားအောင် လုပ်ပေးလိုက်တာ။ သူ့ကျင့်ကြံခြင်း မြင့်လာမှ အဲ့မှော်ရတနာကို ပြန်အဆင့်မြှင့်တင်ပေးဖို့ ကျွန်မဆီ ပြန်လာပေါ့”

“ဓါးလုပ်ခိုင်းတဲ့ တစ်ယောက်ကိုလည်း တောခုတ်ဓါးကြီး လုပ်ပေးလိုက်တယ်ဆို…”

“သူဘာသိလို့လဲ။ သူ့ကျင့်စဉ်၊ သိုင်းပညာရပ်နဲ့ သူတော်စင်ချီက လက်နက်ကြီးတွေနဲ့ပဲ သင့်တော်တာ။ ဓါးရှည်က ကျော့ရှင်းလှပတယ် ဆိုပေမယ့် ဓါးရှည်နဲ့ဆို သူ့ခွန်အားအကုန် ထုတ်သုံးနိုင်မှာ မဟုတ်ဘူး။ တောခုတ်ဓါးက သူ့အတွက် အကောင်းဆုံးပဲ။ သူဘာသာ ကိုယ်တိုင် စမ်းသုံးကြည့်ပြီးမှ ကျွန်မစေတနာကို နားလည်လာလိမ့်မယ်”

ရန်ကိုင် သက်ပြင်းချလိုက်သည်။ ထိုမိန်းမ ပြောနေသည်ကိုပဲ ယုံလိုက်ရမလား၊ မယုံဘဲနေလိုက်ရမလား မစဉ်းစားတတ်တော့။ သူမ ပြောသည်သာ အမှန်ဖြစ်မည်ဆိုပါက ယန်ယန်သည် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်တစ်ယောက် ကျိန်းသေ ဖြစ်ပေလိမ့်မည်။ သူမကဲ့သို့ တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် ငယ်ငယ်လေး တစ်ယောက်ကို ရှာတွေ့ရန်မှာ အလွန်တရာကိုမှ ခဲယဉ်းပေသည်။

သူမ ရုပ်ရည်အရဆိုလျှင် ယန်ယန်သည် ရန်ကိုင်ထက်ပင် ငယ်သေးသည်။ ထို့ကြောင့် မည်သူမှ သူမ တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် တစ်ယောက် ဖြစ်သည်ကို မယုံသည်မှာလည်း အထူးအဆန်းမဟုတ်။

သူမ လိမ်နေသလား၊ အမှန်အတိုင်း ပြောနေသလား ဆိုသည်ကို ရန်ကိုင် ခေါင်းထဲမှ ထုတ်ထားလိုက်တော့သည်။

“ယန်ယန်၊ ခင်ဗျား အဲ့လိုလုပ်လို့ မရဘူးဗျ။ ပန်းပဲပညာရှင်တစ်ယောက် ဆိုတာ ကိုယ့်ဆီလာတဲ့ ဧည့်သည်ရဲ့ တောင်းဆိုချက်အတိုင်း လုပ်ပေးရတယ်။ ကိုယ့်စိတ်ကြိုက် လိုက်လုပ်လို့မရဘူး။ ခင်ဗျားက သူတို့မှ မဟုတ်တာ။ ခင်ဗျားလုပ်လိုက်တဲ့ လက်နက်က သူတို့အတွက် အကောင်းဆုံး ဖြစ်မယ်မှန်း ခင်ဗျား ဘယ်လိုလုပ်ပြီး သိတာလဲ။ အဲ့လို တဇွတ်ထိုး ဆုံးဖြတ်ချက်ပဲ ချနေမယ်ဆိုရင်တော့ တစ်နေ့ ခင်ဗျား ဒုက္ခကောင်းကောင်း ရောက်ရလိမ့်မယ်”

ထိုစကားကို ကြားလိုက်သည့်အခါ ယန်ယန် မကျေမနပ် ဖြစ်သွားပြီး ရေရွတ်လိုက်လေသည် “ဒါပေမယ့် သူတို့ အဲ့လို ပစ္စည်းကောင်းတွေကို ဖြုန်းတီးပစ်နေတာကို ကျွန်မမှ မကြည့်ရက်တာ”

ရန်ကိုင် ခေါင်းသာခါလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။

ခဏအကြာ၌ ရန်ကိုင်တို့နှစ်ယောက် နဂါးလိုဏ်ဂူတောင်ကြားရှေ့သို့ ရောက်လာခဲ့သည်။ ယုဖုန်းနှင့် သူ့အဖွဲ့အသားများသည် ဘာမှန်းမသိသော ပစ္စည်းများကို လိုဏ်ဂူထဲသို့ သယ်နေကြသည်။

ရန်ကိုင် ရောက်လာသည်ကို သတိပြုမိသော် ယုဖုန်းက အပြုံးကြီးပြုံးလျက် သူ့ဆီပြေးလာပြီး ရန်ကိုင်၏ ပခုံးကိုကိုပုတ်လျက် “မင်းဒီမှာနေဖို့ ဆုံးဖြတ်လိုက်တယ်ဆို၊ အဲ့ဒါအမှန်ပဲလား”

“အင်း”

“ကောင်းတယ်။ အရိပ်ကြယ်မှာ မင်းနဲ့အသိမှ မရှိတာ။ ဒီမှာနေပြီး သခင်မလေးကို ကူညီပေးတာ အကောင်းဆုံးပဲ။ ဒါကို မင်းရဲ့ အတိတ်ဘဝက ကုသိုလ်ကံလို့တောင် ပြောလို့ရတယ်။ အခု သခင်မလေးက မင်းကို ကူညီပေးဖို့ ငါတို့ ညီအစ်ကိုတွေကို ခိုင်းလိုက်တယ်ကွ” ယုဖုန်းက လိုဏ်ဂူထဲ ဝင်ချည်၊ ထွက်ချည် လုပ်နေသော သူ့ညီအစ်ကိုများကို လက်ညိုးထိုး၍ ပြောလိုက်သည်။

ထို့နောက် သိုလှောင်လက်စွပ်တစ်ကွင်းကိုထုတ်ကာ ရန်ကိုင်ဆီ ပေးလိုက်ပြီး “ရော့၊ ဒါက မင်းအရင်ဝတ်ခဲ့တဲ့ သိုလှောင်လက်စွပ်ပဲ။ မင်းအတွက် နှုတ်ဆက်လက်ဆောင်လေး နည်းနည်းပါးပါး ထည့်ထားပေးတယ်။ နောက်ပိုင်းကျ ငါတို့ကျ မိသားစုတစ်ခုတည်း ဖြစ်လာမှာ၊ အဲ့ဒါကြောင့် ငြင်းဖို့ကြိုးစားမနေနဲ့”

ရန်ကိုင်လည်း သိုလှောင်လက်စွပ်ကို လက်ခံယူလိုက်ပြီး အထဲသို့ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ အဆင့်နိမ့် သူတော်စင်သလင်းကျောက် အနည်းငယ်နှင့် ကုသရေးဆေးပုလင်းများကို တွေ့လိုက်ရသည်။ ယခင်က ရှိနေခဲ့သည့် ပမာဏနှင့် ယခုလက်ရှိ ပမာဏသည် လားလားမျှမဆိုင်ချေ။ သို့သော် တစ်ဖက်လူက စေတနာဖြင့် ပေးခြင်းဖြစ်လေရာ ရန်ကိုင်လည်း လက်ခံထားလိုက်လေသည်။

ယခုမှပဲ ယုဖုန်း ယန်ယန်ကို သတိပြုမိသွားခဲ့သည်။ သတိပြုမိသည်နှင့် အလန့်တကြား ထအော်လိုက်လေသည်။ ယန်ယန်အား အတော်အတန် ကြာအောင် စိုက်ကြည့်နေပြီးနောက် အဓိပ္ပါယ်ပါပါပြုံးလျက် “ဟျောင့်၊ မင်းက ကြမ်းလှချည်လား။ ရောက်ရောက်ချင်းပဲ ရှိသေးတယ် အိမ်ကို မိန်းမတစ်ယောက် ခေါ်လာပြီ။ သူ့အချိုးအစားက မဆိုးဘူးကွ။ မင်းသူ့ကို ဘယ်ကခေါ်လာတာလဲ ငါ့ကိုပြောစမ်းကွာ။ ငါလည်း တစ်ယောက်လောက် သွားရှာမလို့”

ယန်ယန်မျက်နှာ အေးစက်သွားခဲ့ပြီး ယုဖုန်းအား မျက်နှာကြီးမဲ့လျက် စိုက်ကြည့်လိုက်သည်။

ယုဖုန်း ချက်ချင်းပဲ ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

ထို့နောက် ရန်ကိုင်က ရှင်းပြလိုက်သည် “ဒါက ဆရာကြီးယန်ယန်ပဲ”

“ဆရာကြီးလား” ယုဖုန်းမျက်နှာထက်ရှိအပြုံး‌ အေးခဲသွားပြီး “ဘယ်လို ဆရာကြီးလဲ”

“ပန်းပဲဆရာပဲ။ ဒီနေရာမှာ စိတ်ဝိဥာဉ်အစီအရင်တစ်ခု ခင်းကျင်းပေးဖို့ မှော်ရတနာစံအိမ်ကနေ သွားဖိတ်ခေါ်လာခဲ့တာ”

“ပန်းပဲဆရာလား” ယုဖုန်း ပြောင်ချော်ချော်၊ ပျက်ချော်ချော် လုပ်မနေတော့ဘဲ ချက်ချင်း လူကြီးလူကောင်းတစ်ယောက်၏ ပုံစံမျိုးဖြင့် လက်သီးကိုဆုပ်လျက် လေးလေးစားစား ဦးညွှတ်လိုက်လေသည် “ဆရာကြီးကို ဒီယု မလေးမစား လုပ်မိသလို ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပေးဖို့‌ေ တာင်းဆိုပါတယ်”

ယုဖုန်းသည် တစ်ခါတစ်ရံ ငပေငတေ တစ်ယောက်နှင့် တူသော်ငြား ပန်းပဲဆရာတစ်ယောက် မည်မျှ အဆင့်အတန်း မြင့်မားသည်ကို သူကောင်းကောင်း သိထားပေသည်။ ထို့ကြောင့် ယန်ယန်သည် အတော်လေး ငယ်ရွယ်လင့်ကစား၊ သူမအား မလေးမစား သွားမလုပ်ရဲချေ။ အကြောင်းမှာ ထိုအမျိုးသမီးသည် တစ်နေ့တွင် ထူးချွန်ကျော်ကြားသော ပန်းပဲပညာရှင်တစ်ယောက် မဖြစ်လာနိုင်ပါဘူးဟု မည်သူမှ အာမ မခံနိုင်သောကြောင့်ပင်။ တစ်နေ့တွင် သူမဆီလည်း သူအကူအညီ သွားတောင်းရသည့် အခါမျိုးလည်း ရှိနေနိုင်ပေသည်။

ယခုမှပဲ ယန်ယန်၏ အမူအရာ ပြေလျော့သွားခဲ့ပြီး အသာအယာ ခေါင်းညိတ်လိုက်လေသည်။

ယုဖုန်းက အလျင်အမြန်ပဲ ထပ်ပေါင်းပြောလိုက်သည် “ဒီက သခင်မလေးက ပန်းပဲဆရာဆိုမှတော့ ကျုပ်ကို မှော်ရတနာလေး တစ်ခုလောက် လုပ်ပေးလို့ရမလား”

“ရတာပေါ့” ယန်ယန်၏ မျက်ဝန်းလေးများ ချက်ချင်းဆိုသလို ကြယ်စင်လေးများကဲ့သို့ လင်းလက်တောက်ပသွားခဲ့ပြီး အလျင်အမြန်ပဲ သဘောတူလိုက်သည် “ဘယ်လိုပုံစံ၊ ဘယ်လိုအဆင့်မျိုး လိုချင်တာလဲ”

“မင်းတို့နှစ်ယောက် စကားပြောနှင့်… ငါတစ်ချက် သွားစစ်ဆေးကြည့်လိုက်ဦးမယ်” သိက္ခာဆယ်မရအောင် ဖြစ်နေသော ယုဖုန်းကို သည်းမခံနိုင်တော့သည့်အဆုံး ရန်ကိုင်သည် အကြောင်းပြချက် တစ်ခုရှာကာ စကားဝိုင်းမှ လစ်ထွက်သွားလေသည်။

များစွာသော ကျင့်ကြံသူတို့သည် လိုဏ်ဂူထဲ အဝင်၊အထွက်လုပ်ရင်း အလုပ်များနေခဲ့ကြသည်။ ကြယ်သင်္ဘောပေါ်တွင် လအတန်ကြာအောင် နေခဲ့ပြီးနောက် အတော်များများနှင့် အသိအကျွမ်း ဖြစ်ခဲ့သည်။ အချို့သည် သူနှင့်ရင်းနှီးပြီး အချို့သည် သူနှင့် မရင်းနှီးချေ။ သို့သော် ဝူရီ၏ အမိန့်ကြောင့် အကုန်လုံး သူ့အား လာကူပေးနေကြသည်။ သို့သော် မည်သူမှ စောဒကတက်လိုဟန် မတွေ့ရ။ အကုန်လုံးသည် သူတို့၏ အလုပ်ကို အကောင်းမွန်ဆုံး လုပ်ဆောင်ပေးနေကြသည်။

အတော်များများသည် ရန်ကိုင်အား လှမ်းနှုတ်ဆက်ကြသည်။ ရန်ကိုင်လည်း ပြန်၍ ကျေးဇူးတင်လိုက်သည်။

လိုဏ်ဂူတစ်ဝိုက် ခဏလျှောက်ပတ်ကြည့်နေပြီးနောက် အနည်းငယ် နွေးတေးတေးလေး ဖြစ်နေသလို ရန်ကိုင် ခံစားလိုက်ရသည်။

လိုဏ်ဂူတစ်ခုလုံးသည် လုံးဝကို အသွင်ပြောင်းသွားခဲ့လေပြီ။ အိပ်ခန်းအဖြစ် သူရွေးချယ်ခဲ့သော ကျောက်တုံးခန်းထဲတွင် အိပ်ရာကြီး တစ်လုံး၊ ကုတင်များ၊ ညောင်စောင်းများ ထားရှိပြီးခဲ့လေပြီ။ အခြားနေရာများသည်လည်း သန့်ရှင်းသပ်ရပ်နေခဲ့သည်။

ထိုလူအားလုံး တကယ်ကို ကြိုးစားပမ်းစား လုပ်သွားပေးခဲ့သည်။ အတော်များများသည် ရန်ကိုင်ဆီလာပြီး သူ့ပခုံးကိုပုတ်ကာ ‘မင်းကို လာအနိုင်ကျင့်တဲ့လူရှိရင် ဟိုင်ခဲမိသားစုဆီလာပြီး ငါတို့ကိုသာ လာရှာလိုက်’ ဟု ပြောသွားခဲ့သေးသည်။ ရန်ကိုင်က ပြုံး၍သာ ခေါင်းညိတ်ပြလိုက်၏။

လိုဏ်ဂူ၏ အပြင်အဆင်နှင့် ပက်သက်၍ ရန်ကိုင် အတော်လေး ကျေနပ်မိနေသည်။

ယုဖုန်းသည် အနီးအနားတစ်နေရာ၌ အတွေးနက်နေသည့် အမူအရာဖြင့် ရပ်နေခဲ့သည်။ ယန်ယန်ကိုမူ မတွေ့ရတော့ချေ။

“ဟိုမိန်းမကကော” ရန်ကိုင်က မေးလိုက်သည်။

“ဒီတောင်တစ်ဝိုက်ကို စစ်ဆေးကြည့်ဦးမယ်ဆိုပြီး ထွက်သွားတယ်” ယုဖုန်းက အမှုမထားဟန်ဖြင့်ပြန်ပြောသည်။ ရုတ်တရက် သူ့အမူအရာ ခါးသက်သွားခဲ့ပြီး “ရန်ကိုင်၊ ငါ့သူ့ကို စိတ်ဝိဥာဉ်အဆင့် မှော်ရတနာ တစ်ခုလေးပဲ သွားလုပ်ခိုင်းတာကွာ။ ပစ္စည်းတွေကိုလည်း ငါပဲ အကုန်အကျခံမှာကွာ။ အဲ့ဒါကို ဘာလို့ အဆင့်နိမ့် သူတော်စင် သလင်းကျောက် အတုံးငါးဆယ်တောင် တောင်းရတာရလဲ။ ဈေးအရမ်းများလွန်းမနေဘူးလား”

“တစ်ပဲသုံးလိုက်လို့ တစ်ပဲကုန်တာပဲလေ” ရန်ကိုင်က ယုဖုန်း၏ ပခုံးကို အသာအယာပုတ်လျက် “လက်ခံလိုက်တော့။ မင်းဘက်က သူ့ကို အရင်စပြီး သွားတောင်းဆိုကတည်းက နောင်တရဖို့ နောက်ကျသွားပြီ”

ယုဖုန်းက စိတ်ညစ်ညစ်ဖြင့် “အစောကတည်းကသာ သိလိုက်မယ် ဆိုရင် မှော်ရတနာစံအိမ်ဆီသွားပြီး အခြား ပန်းပဲဆရာတစ်ယောက်ကိုပဲ သွားအကူအညီ တောင်းလိုက်ပါတယ်ကွာ။ အဲ့လိုဆိုရင် လက်ခက အများကြီး သက်သာဦးမှာ။ အခုတော့ ငါ့ရဲ့ အဆင့်နိမ့် သလင်းကျောက် အတုံးငါးဆယ်လေး။ အဲ့မိန်းကလေးကို ကြည့်ရတာ အငတ်ဘေး ဆိုက်ကပ်နေတာလားတောင် မသိဘူး။ သူ့ကို သနားလို့ အလုပ်လေး ပေးလိုက်ဖို့ ကြိုးစားပါတယ်၊ အမြတ်ပါ ထုတ်ခံလိုက်ရတယ်… အခုတော့ ငါ့ပစ္စည်းတွေ ပျက်စီးမသွားဖို့ပဲ မျှော်လင့်ရတော့မယ်”

“ပစ္စည်းတွေ ပျက်စီးသွားကတော့ သိပ်မဖြစ်နိုင်ဘူး။ ဒါပေမယ့် မင်းလိုချင်တဲ့ မှော်ရတနာ ရဖို့ကတော့ နည်းနည်း ခက်မလားလို့… ဒါနဲ့ နေပါဦး။ မင်းဘာလို့ စိတ်ဝိဥာဉ်အဆင့် မှော်ရတနာတစ်ခု ဗြုန်းစားကြီး ကောက်လိုချင်ရတာလဲ” ရန်ကိုင်က ဇဝေဇဝါဖြင့် မေးလိုက်သည်။ ယုဖုန်းသည် သူတော်စင်ဘုရင် ပထမအဆင့် တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် စိတ်ဝိဥာဉ်အဆင့် မှော်ရတနာတစ်ခုသည် သူ့ခွန်အားကို နည်းနည်းလေးမှ တိုးတက်အောင် မလုပ်ပေးနိုင်ပါချေ။ စိတ်ဝိဥာဉ်အဆင့် မှော်ရတနာသည် အစစ်အမှန်ဒြပ်စင်အဆင့်၊ အင်မော်တယ်တက်လှမ်းခြင်း အဆင့်များအတွက်သာ ကောင်းကောင်း အသုံးဝင်နိုင်သည်။

“ဂျူနီယာတစ်ယောက်ကို ပေးမလို့” ယုဖုန်းက စပ်ဖြဲဖြဲပြုံးလျက် ပြန်ပြောလိုက်သည်။ ခဏအကြာ၌ ယန်ယန် ပြန်ရောက်လာခဲ့သည်။

ရောက်သည်နှင့် စကားတစ်ခွန်းပင် မပြောဘဲ မှင်တံနှင့် စာရွက်ကို ထုတ်ကာ ပုံကြမ်းများ စတင် ရေးခြစ်တော့သည်။ ထိုသို့ဆွဲနေရင်း ရပ်သွားလိုက်၊ မျက်မှောင်လေးကြုတ်လိုက်၊ ပြန်ဆွဲလိုက် လုပ်နေခဲ့သည်။ ရန်ကိုင်နှင့် ယုဖုန်းသည် သူမအား တစ်ချက်ကလေးမှ သွားမနှောင့်ယှတ်ဘဲ ဘေးမှနေ၍သာ ရပ်ကြည့်နေခဲ့သည်။

လက်ဖက်ရည်တစ်ခွက်ဆူစာလောက် ကြာပြီးသည့်နောက် ပုံကြမ်း ပြီးဆုံးသွားခဲ့သည်။ ဆွဲပြီးသားပုံကြမ်းကို ခေါင်းလေး တညိတ်ညိတ်ဖြင့် ကြည့်နေပြီးနောက် ထိုပုံကြမ်းကို ရန်ကိုင်လက်ထဲသို့ ထည့်ပေးကာ ပြောလိုက်သည် “ဒီနားတစ်ဝိုက်ကို အဲ့ပုံစံအတိုင်း ဖြစ်အောင်လုပ်လိုက်။ နင့်မှာ လူတွေအများကြီးရှိတာဆိုတော့ တစ်ရက်လောက်ပဲ ကြာမှာပေါ့၊ ဟုတ်တယ်မလား”

ရန်ကိုင်ကလည်း ယန်ယန်ဆွဲထားသည့် ပုံကြမ်းကို ယုဖုန်းနှင့်အတူ ကြည့်လိုက်သည်။

ယုဖုန်းသည် ယန်ယန် ဆွဲထားသည့်ပုံမှ ဘာကိုမှ မသိလိုက်ရသော်ငြား ရန်ကိုင်ကမူ အတော်လေးကို ထိတ်လန့်သွားရသည်။ ယန်ယန်သည် ပန်းပဲ ပညာတွင်သာမက စိတ်ဝိဥာဉ်အစီအရင် ခင်းကျင်သည့် နေရာတွင်ပါ ဆရာကြီးတစ်ပါး ဖြစ်ကြောင်းကိုလည်း ချက်ချင်း သဘောပေါက်သွား၏။

အနီးအနားတစ်ဝိုက်ကို ထိုပုံကြမ်းအတိုင်းသာ ပြောင်းလိုက်မည် ဆိုပါက ရန်ကိုင် လိုချင်နေသည့် စိတ်ဝိဥာဉ်အစီအရင်ကို ခင်းကျင်းရန် ပို၍ လွယ်ကူသွားပေလိမ့်မည်။

“နားလည်ပြီ” ရန်ကိုင်က ပုံကြမ်းကို သိမ်းလိုက်ပြီး ယုဖုန်းဘက်သို့ လှည့်၍ “မင်းတို့ကို ငါဒုက္ခပေးရတော့မယ်”

ယုဖုန်းက သွားပေါ်အောင်ပြုံးလျက် “ကိန်းကြီးခမ်းကြီးတွေ လုပ်မနေနဲ့။ သခင်မလေးက မင်းကို ကူညီဖို့ အမိန့်ပေးထားမှတော့ ငါတိုကလည်း အတတ်နိုင်ဆုံး ကူညီပေးရမှာပေါ့။ ခဏစောင့်၊ ငါလူသွားစုလိုက်ဦးမယ်”

ယုဖုန်း ထွက်သွားသည့်နောက် ယန်ယန်က ပြောလိုက်သည် “ငါလုပ်ထားတဲ့ အမှတ်အသားတွေကို နင်နားလည်တာလား”

ရန်ကိုင် ခေါင်းညိတ်ပြသည်ကိုမြင်သော် ယန်ယန်က ခေါင်းတစ်ချက် ညိတ်၍ ပြန်ပြောလိုက်သည် “အဲ့လိုဆိုရင် သူတို့ကို နင်ပဲ စောင့်ကြည့်လိုက်တော့။ အစီအရင်ဖန်တီးဖို့ လိုအပ်တဲ့ အခြား အစိတ်အပိုင်းတွေကို သွားလုပ်လိုက်ဦးမယ်။ ဟုတ်သားပဲ။ ငါ့ကို လိုအပ်တဲ့ပစ္စည်းတွေ ပေးဖို့ လိုသေးတယ်နော်”

ရန်ကိုင်လည်း သူဝယ်ယူထားသည့် ပစ္စည်းများကို ယန်ယန်ဆီ ချက်ချင်း ထုတ်ပေးလိုက်လေသည်။

မကြာမီ ယုဖုန်းသည် လူတစ်အုပ်နှင့်အတူ လိုဏ်ဂူထဲမှ ထွက်လာခဲ့သည်။ ရန်ကိုင်က လုပ်စရာရှိသည်များကို ညွှန်ကြားပေးလိုက်ပြီးနောက် အကုန်လုံး စအလုပ်လုပ်ကြတော့သည်။

နဂါးလိုဏ်ဂူတောင်ကြားသည် လေး၊ငါးယောက် အုပ်ဖွဲ့၍ မြေကျင်းတူသူတူး၊ တောင်များကို အနိမ့်အမြင့် ညှိသူကညှိ၊ သစ်ပင်များကို ရှင်းလင်းသူကရှင်း လုပ်နေသည့်လူများကြောင့် ချက်ချင်းဆိုသလို စည်ကားသက်ဝင်လာခဲ့သည်။ တစ်ချိန်တည်းတွင် ယန်ယန်လိုချင်သည့် ပုံစံအတိုင်း တဖြည်းဖြည်း ပြောင်းလဲလာနေခဲ့သည်။

ဤနေရာတွင် ရှိသူအားလုံးသည် သာမန် သေမျိုးများ မဟုတ်ကြလေရာ ထိုမြေနေရာအနေအထား ပြောင်းလဲသည့် ကိစ္စသည် သူတို့အတွက် အတော်လေးကို လွယ်ကူပေသည်။ ထို့ကြောင့် ထိုအလုပ်ကို တစ်ရက်အတွင်း လတ်စသတ်နိုင်ခဲ့သည်။

အကုန်လုံး လိုဏ်ဂူထဲသို့ ပြန်ရောက်လာသည့်အချိန်၌ ယန်ယန်လည်း သူမ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီးနေခဲ့လေပြီ။ သူမ လုပ်ထားသည့် ထူးထူးဆန်းဆန်းပုံစံ ပစ္စည်းများကြောင့် အကုန်လုံး ဇဝေဇဝါ ဖြစ်သွားကြသည်။

သို့သော် ယန်ယန်သည် အကုန်လုံးကို လျစ်လျူရှုလျက် ရန်ကိုင်အား ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး လိုဏ်ဂူထဲမှ ထွက်သွားလိုက်သည်။ ယန်ယန်သည် နဂါးလိုဏ်ဂူတောင်တစ်ဝိုက် ပြင်ဆင်ထားသည့် ပစ္စည်းများကို စတင် နေရာလိုက်ချတော့လေသည်။

ယုဖုန်းက ခေါင်းကုတ်၍ နားမလည်နိုင် ဖြစ်နေသည့် အမူအရာဖြင့် “ရန်ကိုင်၊ ဒီလောက် အလုပ်ရှုပ်ရအောင် မင်းဘယ်လို စိတ်ဝိဥာဉ်အစီအရင်ကို ခင်းကျင်းချင်နေတာလဲ”

“စောင့်သာ စောင့်ကြည့်နေလိုက်၊ မင်းနားလည်လာလိမ့်မယ်” ရန်ကိုင်က ဘာမှပြန်မပြောဘဲ စောင့်နေရန်သာ ပြောလိုက်သည်။

ယန်ယန် ခင်းကျင်းနေသည့် စိတ်ဝိဥာဉ်အစီအရင်ကို သူအပြည့်အဝ ယုံကြည်ပေသည်။

မကြာမီ နောက်ဆုံးနေရာသို့ ယန်ယန် ရောက်သွားခဲ့သည်။ ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်ပြီးနောက် ယန်ယန်သည် လေးထဲသို့ ပျံတက်လိုက်ပြီး အားလုံးအား လက်ဝှေ့ရမ်းပြလိုက်သည်။

“ပြီးသွားပြီလား” ရန်ကိုင်က သူ့ဘာသာရေရွတ်ရင်း ယန်ယန်ဆီ ပျံသန်းသွားလိုက်သည်။ အကုန်လုံးလည်း သူ့နောက်မှ လိုက်သွားကြ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၁၀၄) ငါလည်း ဒီမှာ နေနိုင်တာလား

ရုတ်တရက် မိုးမြေစွမ်းအင်တို့ စတင် လှုပ်ခတ်လာခဲ့သည်။ နဂါးလိုဏ်ဂူတောင်ပတ်လည်တွင် ရှိနေသော တောင်ထွတ်ခြောက်လုံး အနီးအနားပတ်လည် ဆယ်မိုင်ပတ်ပတ်လည်အတွင်းရှိ မိုးမြေစွမ်းအင်တို့သည် စတင် ဆွဲယူခံရလေတော့သည်။

ထိုဆွဲအားသည် သိပ်မပြင်းလှ။ သို့သော် အတော်လေး သိမ်မွေ့၊ ညင်သာလှသည်။

ယုဖုန်း၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား ထအော်လေသည် “မိုးမြေစွမ်းအင်စုဆောင်းတဲ့ အစီအရင်ကို မင်းပြင်နေတာလား”

ရန်ကိုင် ပြုံး၍ ခေါင်းညိတ်လိုက်သည်။

“အံ့ဩစရာပဲ။ သူတော်စင်သလင်းကျောက်တွေ မသုံးဘဲနဲ့တောင် ဒီလို စိတ်ဝိဥာဉ်အစီအရင်မျိုးကို စီရင်နိုင်တယ်” ယုဖုန်းနှင့် သူ့အပေါင်းအရာအားလုံး ရန်ကိုင်အား လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်ကြသည်။

ဟိုင်ခဲမိသားစုတွင်လည်း မိသားစုဝင်များ လေ့ကျင့်ရန်အတွက် မိုးမြေစွမ်းအင်ကို အထူးတလည် သိပ်သည်းနေအောင် လုပ်ပေးထားသည့် နေရာများ ရှိပေသည်။ သို့သော် ထိုနေရာများကို အရင်းအမြစ်များစွာ အကုန်အကျခံပြီးမှ လုပ်ထားနိုင်ခဲ့ခြင်းဖြစ်ပြီး ထိုကဲသို့ ဖြစ်နေစေရန် သူတော်စင်သလင်းကျောက်များကို အဆက်မပြတ် ထောက်ပံ့ပေးနေရန် လိုအပ်သည်။

သို့ရာတွင် ရန်ကိုင်နှင့် ယန်ယန် ဖန်တီးထားသော မိုးမြေစွမ်းအင် စုဝေးစေသည့် အစီအရင်သည် ပစ္စည်း အနည်းအကျဉ်းသာ လိုအပ်သည်။ သူတော်စင်သလင်းကျောက်ပင် မလိုပါချေ။

“ဒီနေရာက တော်တော်လေး ကြောင်းတယ်လို့ ပြောရမယ်။ အဲ့ဒါကြောင့်သာ မဟုတ်ရင် အခုလို စိတ်ဝိဥာဉ်အစီအရင်မျိုး ခင်းကျင်းနိုင်ခဲ့မှာ မဟုတ်ဘူး” ရန်ကိုင်က ရှင်းပြလိုက်သည် “ဒီအစီအရင် တကယ် ကောင်းမကောင်းက အချိန်တန်ရင် သိလာလိမ့်မယ်”

သူအသစ် ခင်းကျင်းလိုက်သည့် စိတ်ဝိဥာဉ်အစီအရင်၏ အစွမ်းကို ရန်ကိုင်မသိချေ။ သူထင်ထားသလောက် မကောင်းသည်မှာလည်း ဖြစ်နိုင်၏။ သို့သော် ဤနေရာသည် သူခရီးတစ်ထောက်နားရာ နေရာသာ ဖြစ်သည်။ ထို့ကြောင့် အလုံး ပုံအောပစ်လိုစိတ်မရှိချေ။ ထိုစိတ်ဝိဥာဉ် အစီအရင်သည် သူထင်ထားသလောက် မကောင်းလျှင်ပင် ရန်ကိုင် စိတ်ညစ်နေမည် မဟုတ်ချေ။

“လိုနေတာက အချိန်ပဲ… အချိန်သာရှိရင် ဒီမိုင်တစ်ထောင် ပတ်လည်မှာ ဒီနေရာက မိုးမြေစွမ်းအင် အသိပ်သည်းဆုံးနေရာတစ်ခု ဖြစ်လာမှာ” ယန်ယန်က ရန်ကိုင်တို့ဆီ ပျံသန်းလာပြီး သူမဖန်တီးလိုက်သည့် လက်ရာကောင်းကို ယုံကြည်ချက်အပြည်ဖြင့် ကြည့်ကာ ပြောလိုက်သည် “ဒီနေရာကို ပိုင်တဲ့လူတွေက တကယ်ကို မျက်စိမရှိတဲ့လူတွေ။ ဒီလို ပုန်းကွယ်နဂါးကုန်းမြေလို နေရာမျိုးတောင် ပစ်ထားရက်တယ်လို့”

“ပုန်းကွယ်နဂါးကုန်းမြေ” ရန်ကိုင် ကြောင်တောင်တောင် ဖြစ်သွားသည်။

“အဲ့ဒါက ဒီလိုမြေအနေအထားမျိုး ရှိတဲ့နေရာကို သက်သက် ပေးထားတဲ့ နာမည်ပဲ” ယန်ယန်က ရှင်းပြလိုက်သည် “ငါနင့်ကို ရှင်းပြရင်တောင် နင်နားလည်မှာ မဟုတ်ဘူး။ ဒီနေရာက မိုးမြေစွမ်းအင် စုဝေးတဲ့ စိတ်ဝိဥာဉ်အစီအရင်တစ်ခု ခင်းကျင်းဖို့ အရမ်းသင့်လျော်တဲ့ နေရာတစ်ခုလို့ သိထားရင်ရပြီ။ ဒါကို နဂွးလိုဏ်ဂူတောင်ကြားလို့ ခေါ်တယ်မလား”

“ယုဖုန်း ခေါင်းညိတ်လိုက်သည်”

“ဟုတ်တယ်။ ဒီနေရာက အဲ့လိုနာမည်မျိုးကို အလကားသက်သက် ရထားတာမဟုတ်ဘူး။ ဒီနေရာတန်ဖိုးကို သိတဲ့လူ တစ်ယောက်မှ ရှိမနေတာလေး တစ်ချက်ပဲ” ယန်ယန်က ရင်ကိုမော့လျက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။

ရန်ကိုင်က ယုဖုန်းနှင့် အကြည့်ချင်း တစ်ချက်ဖလှယ်လျက် အနည်းငယ် ခါးသက်သက် အမူအရာဖြင့် ပြောလိုက်သည် “ဝူရီကို ဒီအကြောင်း သွားပြောချင်လား။ ဒီတောင်ကို ငါ့ကို ပေးမယ်လို့ ပြောထားပေမယ့် ပြန်ယူမယ်လည်း ဘာမှမဖြစ်ဘူးနော်”

“သခင်မလေးကိုယ်စား မဆုံးဖြတ်ပေးနိုင်ဘူးဆိုပေမယ့် သခင်မလေးက ပေးပြီးသာပစ္စည်းကို ပြန်ယူတတ်တဲ့ လူစားမျိုး မဟုတ်တာတော့ အာမခံရဲတယ်” ယုဖုန်းက စပ်ဖြဲဖဲပြုံးလျက် “မင်းဘာသာမင်းသာ ဒီမှာ စိတ်အေးအေးနဲ့နေ။ တစ်ခုခုလိုရင် ဟိုင်ခဲမိသားစုဆီသာ လာခဲ့လိုက်။ ဒီနေရာက မိုးမြေစွမ်းအင် တကယ် သိပ်သည်းလာခဲ့မယ်ဆိုရင် ငါတို့လည်း ဒီမှာ လာနေမယ်။ အဲ့အချိန်က ငါတို့ကို မကန်ထုတ်ရဘူးနော်”

ရန်ကိုင်က ပြုံးပြီး သဘောတူလိုက်သည်။

ယုဖုန်းနှင့် သူ့အဖွဲ့သားများသည် ဟိုင်ခဲမိသားစုဆီသို့ ပြန်သွားလေသည်။

စိတ်ဝိဥာဉ်အစီအရင်ကို အပြည့်အဝ စီမံပြီးသွားပြီ ဖြစ်သဖြင့် ယန်ယန်၏အလုပ် ပြီးဆုံးသွားခဲ့သည်။ ထို့ကြောင့် ယခင် သဘောတူထားသည့် အတိုင်း ရန်ကိုင်သည် ယန်ယန်အား အထွဋ်အထိပ် သူတော်စင် သလင်းကျောက် အတုံးတစ်တရာ ပေးလိုက်သည်။

ယန်ယန်သည် နည်းနည်းလေးပင် အိန္ဒြေရရမလုပ်ဘဲ အတိတ် ဘဝကတည်းက ပိုက်ဆံငတ်လာသည့်နှယ် ထိုသလင်းကျောက်များကို အပြုံးပြီးပြုံးလျက် ချက်ချင်း လှမ်းယူလိုက်သည်။

ရန်ကိုင်လည်း ခေါင်းလေး တခါခါဖြင့်သာ သူမအား လျစ်လျူရှုထားလိုက်တော့လေသည်။ ထို့နောက် လိုဏ်ဂူဆီသို့ ပျံသန်းသွားလိုက်ပြီး တစ်ခုသော ကျောက်တုံးခန်းထဲ ဝင်သွားကာ ခုနှစ်ရောင်ခြယ် စိတ်ဝိဥာဉ်စုစည်းခြင်း အလံများကို ထုတ်ကာ နေရာချလိုက်သည်။

ယန်ယန် ခင်းကျင်းလိုက်သည့် အစီအရင် ကောင်းကောင်း၊ မကောင်းကောင်း ရန်ကိုင် စိတ်မပူရခြင်းမှာ ခုနှစ်ရောင်ခြယ် စိတ်ဝိဥာဉ် စုဝေးခြင်း အလံများကြောင့်ဆိုလျှင် မမှားချေ။ မိုးမြေစွမ်းအင် စုစည်းခြင်း အစီအရင်သည် မိုးမြေစွမ်းအင် အနည်းငယ်ကိုသာလျှင် စုဝေးနိုင်ပါစေ၊ ကိစ္စမရှိပါချေ။ ကျန်အလုပ်ကို ခုနှစ်ရောင်ခြယ် စိတ်ဝိဥာဉ် စုဝေးခြင်း အလံက ဆက်လုပ်သွားပေလိမ့်မည်။

မိုးမြေစွမ်းအင် စုစည်းခြင်း အစီအရင်က ပိုကောင်းနေလျှင် ရန်ကိုင် ပို၍ပင် ပျော်သေးသည်။ ခုနှစ်ရောင်ခြယ် စိတ်ဝိဥာဉ် စုစည်းခြင်း အလံကို ရန်ကိုင် နေရာချပြီးရုံတင်ရှိသေး၊ ယန်ယန် တိတ်တဆိတ် ပေါ်လာခဲ့၏။ ရောက်သည်နှင့် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခုနှစ်ရောင်ခြယ်စိတ်ဝိဥာဉ် စုစည်းခြင်း အလံကို သေချာအာရုံစိုက်ကာ စိုက်ကြည့်နေလိုက်သည်။

“နင်ဘာလို့ မထွက်သွားသေးတာလဲ” ရန်ကိုင် အံ့အားသင့်သွား၏။

“ယုဖုန်း လုပ်ခိုင်းထားတဲ့ စိတ်ဝိဥာဉ်အဆင့် မှော်ရတနာကို လုပ်ပေးရဦးမယ်လေ” ယန်ယန်က ခပ်မြန်မြန် ပြန်ဖြေလိုက်ပြီး ချက်ချင်းပဲ ရန်ကိုင်အား မီးတောက်မတတ် အကြည့်ဖြင့် စိုက်ကြည့်လျက် ကမန်းကတန်း ပြောလိုက်လေသည် “တန်ခိုးရှင်အဆင့်နိမ့် မှော်ရတနာလား။ နင်ဒါကို ဘယ်ကနေ ရလာတာလဲ။ နင်အခုမှ သူတော်စင် တတိယအဆင့်ပဲ ရှိသေးတာလေ။ ဘယ်လိုလုပ်ပြီး ဒီလို အဆင့်မြင့်တဲ့ မှော်ရတနာကို ရထားတာလဲ”

ရန်ကိုင် မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည် “တစ်ယောက်ယောက်က ငါ့ကို လက်ဆောင်ပေးလိုက်တာ”

“ငါပြန်ပြုပြင်ပေးရမလား။ အိုက်ယား၊ ဒီအလံခုနှစ်ခုထဲမှာ အညစ်အကြေးတွေ အများကြီးပဲ။ ငါ့ကိုသာ ပြင်ခိုင်းလိုက်ရင် ဒါကို အရင်ထက် တစ်ဆယ့်ငါးရာခိုင်နှုန်း ပိုကောင်းအောင် လုပ်ပေးလို့ ရတယ်နော်” ယန်ယန်က ပြောလိုက်သည်။ ယန်ယန်၏ မျက်လုံးများ မီးတောက်မတတ် တောက်ပနေသည်။

ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့သည်။ ထိုအမျိုးသမီးသည် မှော်ရတနာများနှင့် ပက်သက်လျှင် အလွန်ကိုမှ အရူးအမူးဖြစ်သည်။ အဆင့်မြင့်မှော်ရတနာတစ်ခုကို တွေ့လိုက်သည်နှင့် ထိုအရာကို ချက်ချင်းပြေးသန့်စင်၊ အဆင့်မြှင့်တင်ပစ်ချင်သည်။ သူမ အမှန်ကို ပြောနေသလား၊ လိမ်ပဲ လိမ်နေသလား ဆိုသည်ကိုမူ ရန်ကိုင် မသိချေ။

ထို့ကြောင့် မစွန့်စားရဲ။ မတော်လို့ သူ့အဖိုးတန် ပစ္စည်းလေး ကုန်သွားမှဖြင့် ရင်ကျိုးနေရပေလိမ့်မည်။ ခုနှစ်ရောင်ခြယ် စိတ်ဝိဥာဉ် စုစည်းခြင်းအလံသည် သူ့အနာဂတ် ကျင့်ကြံရေးအတွက် အကူအညီ ကြီးကြီးမားပေးနိုင်သည်။ ထို့ကြောင့် ယန်ယန် လက်ထဲဆီ လက်လွတ်စပယ် ထည့်မပေးရဲချေ။

ထို့အတွက်ကြောင့် ရန်ကိုင် ချက်ချင်းပဲ ခေါင်းခါလိုက်သည်။

ယန်ယန် စိတ်ပျက်သွားခဲ့ရသည်။ နှုတ်ခမ်းလေးကိုကွေးလျက် မကျေမနပ်ဖြင့် ပြန်အော်ပြေလေသည် “နင်လည်း အခြားလူတွေနဲ့ အတူတူပဲ။ ဘယ်သူမှ ငါ့အစွမ်းအစကို မယုံကြည်ကြဘူး။ နင်မကြိုးစားကြည့်ဘဲနဲ့ ငါဘယ်လောက်တော်လဲ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ”

သူမလေသံသည် အတော်လေးကိုမှ ကူကယ်ရာ မဲ့နေသည့် လေသံမျိုး၊ သူမ၏အကြည့်သည် သနားစဖွယ်ကောင်းနေသလို မျှော်လည်း မျှော်လင့်နေသည့် ပုံစံ၊ သူမ၏ အပြုအမူကြောင့် ရန်ကိုင် စိတ်ပြောင်းသွားရန် မျှော်လင့်နေသည့်ပုံပင်။

“နင့်မှာ သွားစရာနေရာ မရှိဘူးလား” ရန်ကိုင်က ရုတ်တရက် မေးလိုက်သည်။

“အင်း” ရန်ကိုင်က ရုတ်တရက် ခေါင်းစဉ်ကောက်ချိန်းလိုက်သည့် အတွက်ကြောင့် ယန်ယန် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။

“သွားစရာနေရာမရှိရင် ဒီမှာနေလို့။ အခုဒီမှာ ငါတစ်ယောက်တည်းပဲ နေနေတာ”

“ငါလည်း ဒီမှာ နေလို့ရတာလား” ယန်ယန် လုံးဝကို အံ့အားသင့်သွားသည်။

“သေချာလား။ ဒါပေမယ့် အရင်ကြိုပြောထားလိုက်မယ်။ တကယ် အရေးမကြီးရင် ငါ့ကို လာမနှောင့်ယှတ်နဲ့” ရန်ကိုင်က လက်ဝှေ့ရမ်း၍ ပြောလိုက်သည်။

ယန်ယန်လည်း အခန်းထဲမှ ချက်ချင်း ပြေးထွက်သွားလေသည်။ ခဏအကြာ၌ လိုဏ်ဂူ၏ အခြားတစ်ဖက်ဆီမှ သူရင်းနှီးနေသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်ကို ခံစားမိလိုက်သည်။

ထိုစွမ်းအင်သည် ယန်ဓါတ်စွမ်းအင်ပင်။

ယန်ယန်သည်လည်း ယန်ဓါတ်ကို ကျင့်ကြံသည်လည်း။ ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။ သို့သော်လည်း ယန်ယန်သည် ပန်းပဲဆရာ တစ်ယောက် ဖြစ်သည်ဆိုသောအချက်ကို ချက်ချင်း ပြန်သတိရလိုက်၏။ ပန်းပဲဆရာ ဖြစ်သည့်အတွက်ကြောင့် ယန်ဓါတ်ကို ကျင့်ကြံထားသည်မှာ အထူးအဆန်း မဟုတ်ချေ။ ထိုအရာကပဲ ရန်ကိုင်ကိုပို၍ နားမလည်နိုင်အောင် ဖြစ်သွားစေသည်။

ဆေးပညာရှင်ပင်ဖြစ်စေ၊ ပန်းပဲဆရာပင်ဖြစ်စေ၊ ထိုလူအားလုံးသည် သူတို့ဘက်တွင် အနည်းငယ် ကျွမ်းကျင်ာထားသည်ဆိုပါက အင်အားစု တစ်ခုဆီ ခိုလှုံဖို့ရာ ပြဿနာ ရှိလိမ့်မည်မဟုတ်ချေ။ သို့သော်လည်း ထိုအမျိုးသမီးသည် မည်သူမှ မလိုချင်သည့်အဆင့်ထိ ရောက်နေခဲ့သည်။

သနားစဖွယ် အဆင့်နိမ့်သူတော်စင်သလင်းကျောက် အတုံးငါးဆယ် အတွက်နှင့် စိတ်ဝိဥာဉ်အဆင့် မှော်ရတနာတစ်ခုကို သန့်စင်ပေးရန် အလျင်စလို သဘောတူခဲ့သည်။

အရင်အင်အားစုကများ နှင်ထုတ်လိုက်ရအောင် မလုပ်သင့်သည့် အပြစ်တစ်ခုကို သူမ လုပ်လိုက်မိလေလား ဆို၍ တစ်ရက်တော့ ယန်ယန်ကို သွားမေးရမည်ဟု ရန်ကိုင် သူ့ကိုယ်သူ သတိပေးလိုက်သည်။ တကယ်သာ နှင်ထုတ်ခံလိုက်ရသည်ဆိုပါက ရန်ကိုင်အနေဖြင့် သူမကို ဤနေရာမှ အလျင်အမြန် နှင်ထုတ်ရပေမည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်အခါ ယန်ယန်သည် သူမ၏ စွမ်းအင်ကိုသုံး၍ ကျောက်နံရံများအား အရည်ဖျော်ကာ အခန်းတစ်ခန်း ဖန်တီးနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့လက်ရှိ ပိုင်ဆိုင်မှုကို စတင် စစ်ဆေးတော့သည်။

ခန္ဓာသန့်စင်ခြင်းကန်ထဲ ဝင်သွားပြီး သလင်းကျောက်ထဲ လှောင်ပိတ်ခံလိုက်ရပြီးသည့် အချိန်မှစ၍ ထိုထူးဆန်းသော လောကကြီးမှ ရခဲ့သည့် ပစ္စည်းများကို တစ်ခါမှ မစစ်ဆေးရသေးချေ။ ထို့ကြောင့် အားလပ်တုန်းလေး ထိုပစ္စည်းများကို စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။

သူ့အိတ်ကပ်ထဲမှ သိုလှောင်လက်စွပ် သုံးကွင်းကို ထုတ်လိုက်သည်။ ထိုသုံးကွင်းသည် သေဆုံးသွားသော ကွေ့ချဲ၊ လော့ယောင်နှင့် ကန်းကျီတို့၏ ပိုင်ဆိုင်မှုများပင် ဖြစ်သည်။

ကွေ့ချဲ၏ သိုလှောင်လက်စွပ်ထဲတွင် အဆင့်တစ်ဆယ် မွန်းစတား သားရဲဖြစ်သော မိုးကြိုးလွမ်သေရာမှ ဖြစ်ပေါ်လာသော မိုးကြိုးဓါတ်ပါ ငှက်သစ်သားရှိနေခဲ့သည်။ သူသာ ထိုငှက်သစ်သားကို မှော်ရတနာ တစ်ခုအဖြစ် သွန်းလုပ်လိုက်မည်ဆိုပါက အားကောင်းသော မိုးကြိုးဓါတ်သုံး လက်နက်တစ်ခုကို ရရှိနိုင်ပေသည်။

ရန်ကိုင်သည် ထိုငှက်သစ်သားကို နတ်ဆိုးစာအုပ်ထဲ အလျင်အမြန် ထည့်သိမ်းလိုက်သည်။

ထို့နောက် ခရမ်းရောင်ကျောခွံကြီးကို ထုတ်လိုက်သည်။ ထိုကျောခွံသည် အဆင့်ကိုး မွန်းစတားသားရဲဖြစ်သော မြီးနီကိုယ်ခရမ်း ကင်းမြီးကောက်၏ ကျောခွံဖြစ်ကာ အကာအကွယ် မှော်ရတနာအဖြစ် သန့်စင်ရန် အကောင်းဆုံး ကုန်ကြမ်းဖြစ်ပေသည်။ ထိုအရာကိုလည်း နတ်ဆိုးစာအုပ်ထဲသို့ ထည့်သိမ်းလိုက်သည်။

ဤသို့ဖြင့် ရန်ကိုင်သည် တပြုံးပြုံးဖြင့် ပစ္စည်း တစ်ခုပြီးတ်စခုကို ထုတ်ယူသိမ်းဆည်းနေခဲ့သည်။ ထိုထူးဆန်းသော လောကကြီးတွင် သူတို့ အဖွဲ့ ရခဲ့သည့် ပစ္စည်းအားလုံးကို ရန်ကိုင်မှ ရသွားခဲ့သည်။

ကျိဖုန်းလက်ထဲ ရောက်သွားခဲ့သော မြီးနီကိုယ်ခရမ်း ကင်းမြီးကောက်၏ လက်မနှစ်ချောင်းထဲမှ တစ်ချောင်းမှလွဲ၍ ထိုသားရဲ၏ အမြီး၊ ကျောခွံနှင့် အမြူတေတို့သည် ရန်ကိုင်လက်ထဲသို့ ရောက်ခဲ့ရသည်။ ထို့အပြင် ရန်ကိုင်သည် ထိုလူသုံးယောက် စုဆောင်းခဲ့သော မရေမတွက်နိုင်သည့် ဆေးပင်များကိုလည်း ရလိုက်သေးသည်။

ထိုကျင့်ကြံသူသုံးယောက်သည် သိပ်မချမ်းသာလှ။ သူတို့ အသုံးပြုသော မှော်ရတနာများသည်လည်း သိပ်အဆင့်မမြင့်လှချေ။ ထို့ကြောင့် ထိုပစ္စည်းများကို နတ်ဆိုးစာအုပ်၏ ထောင့်တွင်သာ ပစ်ထားလိုက်သည်။ သူရလိုက်သည့် ပစ္စည်းများမှာ အတော့်ကိုမှ တန်ဖိုးကြီးသော်လည်း ထိုပစ္စည်းများသည် လောလောဆယ်တွင် အသုံးမဝင်သေးချေ။

ယန်ယန်သာ တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် အမှန်တကယ် ဖြစ်မည်ဆိုပါက သူမဆီ အကူအညီတောင်း၍ ထိုပစ္စည်းများကို သန့်စင်၊ ထုလုပ်ခိုင်းနိုင်သည်ဟု ရန်ကိုင် ရုတ်တရက် တွေးမိလိုက်သည်။

အနည်းဆုံး မြီးနီကိုယ်ခရမ်းကင်းမြီးကောက်၏ ကျောခွံကို လောလောဆယ်၌ ရန်ကိုင် လိုအပ်နေသော အကာအကွယ် မှော်ရတနာ တစ်ခုအဖြစ် ထုလုပ်နိုင်ပေသည်။ သို့သော်လည်း သူမ အရည်အချင်းကို အရင် ဆန်းစစ်ရပေဦးမည်။

တစ်ရက်ကြာပြီးနောက် ယုဖုန်း ပြန်ရောက်လာပြီး ယန်ယန်ဆီမှ သူတောင်းဆိုထားသည့် မှော်ရတနာကို ယူကာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြန်ထွက်သွားလေသည်။

နောက်ရက်အတောအတွင်း ဝူရီ၏ လက်အောက်ငယ်သားများသည် သုံးယောက်တစ်ဖွဲ့၊ ငါးတစ်ယောက်တစ်ဖွဲ့လာကာ သူတို့ စုဆောင်းထားသော ပစ္စည်းများ၊ သူတို့၏ မှော်ရတနာများကိုသယ်ကာ ယန်ယန်ဆီ လာရောက် အကူအညီ တောင်းကြသည်။

အကုန်လုံးသည် မျှော်လင့်ချက်အပြည့်ဖြင့် ရောက်လာကြသည်။ အပြန်တွင်လည်း ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်သွားနိုင်ကြသည်။ ယန်ယန်သည် သူတို့၏ တောင်းဆိုသည့် ပုံစံအတိုင်း လုပ်ပေးခဲ့သည်။ သူမဘာသာ တဇွတ်ထိုး‌ ပြောင်းလဲခဲ့ခြင်းမရှိ။ ထို့ကြောင့် သူမ၏ ဂုဏ်းသတင်းသည် ချက်ချင်းဆိုသလို တစ်ဟုန်ထိုး မြင့်တက်သွားရလေသည်။

ယခုဆိုလျှင် ဟိုင်ခဲမိသားစုတွင် ရှိနေသူအားလုံးနီးပါး နဂါးလိုဏ်ဂူ တောင်ကြားတွင် ပန်းပဲပညာရှင်တစ်ယောက် ရှိနေသည် ဆိုသည့် အကြောင်းကို သိနေကြလေပြီ။ လက်ခမှ ဈေးကြီးသော်လည်း ထိုပန်းပဲဆရာ သွန်းလုပ်လိုက်သည့် မှော်ရတနာအတိုင်းသည် အလွန်ကိုမှ အရည်အသွေး ကောင်းလှသည်။ သူမ အဆင့်မြှင့်တင်ပေးလိုက်သည့် မှော်ရတနာတိုင်းဟာ ဆိုလျှင်လည်း ယခင်ထက် နှစ်ဆယ်ရာခိုင်နှုန်း၊ သုံးဆယ်ရာခိုင်နှုန်းလောက် ပိုအစွမ်းထက်လာခဲ့ရသည်။

ရန်ကိုင်သည် ထိုကိစ္စကို အာရုံစိုက်မနေခဲ့။ သူသည် လိုဏ်ဂူ၏ အတွင်းပိုင်းတွင် နေသည့်အတွက်ကြောင့် ယန်ယန်ဆီ လာရောက် အကူအညီတောင်းသူများကြောင့် သူအနှောင့်အယှတ် မဖြစ်ခဲ့ရပေ။

ရန်ကိုင် စိတ်ညစ်ရသည်ကား ထိုမိန်းမသည် နေ့စဉ်နှင့်အမျှ သူ၏ ခုနှစ်ရောင်ခြယ် စိတ်ဝိဥာဉ်စုစည်းခြင်းအလံကို လာစိုက်ကြည့်ပြီး သူမအား အဆင့်မြှင့်တင်ခွင့်ပေးရန် နားပူနားဆာ လုပ်နေခြင်းပင်။ အမြဲတမ်း ငြင်းခံရသော်လည်း ယန်ယန်သည် နည်းနည်းလေးမှ စိတ်ဓါတ်ကျ မသွားသည့်အပြင် ထိုကဲ့သို့ လုပ်နေပါက တစ်နေ့တွင် ရန်ကိုင်အား စည်းရုံးနိုင်မည်ဟုလည်း ယုံကြည်နေသည့်ပုံပင်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၁၀၅) နင့်ကိုယ်နင် သက်သေပြနိုင်ဖို့ ငါနင့်ကို အခွင့်အရေး တစ်ခု ပေးမယ်

ယန်ယန်သည် ထူးဆန်းသော မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမသည် အဆင့်မြင့် မှော်ရတနာများကို စိတ်ဝင်စားရုံမက သူတော်စင် သလင်းကျောက်များကိုလည်း စိတ်ဝင်စားသည်။ သူမ အခန်းရှေ့မှ ဖြတ်သွားတိုင်း သူတော်စင် သလင်းကျောက်များကို တစ်လုံးချင်းစီ သေချာ ရေရွတ်ရင်း အဝတ်ဖြင့် ပွတ်တိုက် နေသည်ကို ရန်ကိုင် မြင်တွေ့ခဲ့ရသည်။

ညစ်ပတ်ဖုန်ပေနေသော အဆင့်နိမ့် သူတော်စင် သလင်းကျောက်များ သန့်ရှင်းတောက်ပြောင်သွားသည်ကို ကြည့်ရင်း ယန်ယန် အလွန်ကိုမှ ပီတိ ဖြစ်နေခဲ့သည်။ သူမ၏ သလင်းကျောက်များကို သန့်ရှင်းနေသည့် အချိန်တိုင်း ယန်ယန်သည် သွားကိုဖြဲလို့၊ သို့သော်လည်း ရန်ကိုင် သူမကို စိုက်ကြည့်နေမှန်း သိလိုက်သည်နှင့် သူတော်စင် သလင်းကျောက်များကို ချက်ချင်း ပြန်သိမ်းပစ်လိုက်သည်။ သူမ၏ သလင်းကျောက်လေးများကို ရန်ကိုင်မှ လာရောက် လုယူသွားမည်ကို စိုးရိမ်နေသည့်ပုံပင်။

ဒီမိန်းမက ငွေမက်တဲ့မိန်းမပဲ ယန်ယန်ကို ရန်ကိုင်မှ ထိုကဲ့သို့ ဆုံးဖြတ်လိုက်သည်။

အချိန်ကြာလာသည်နှင့် ယန်ယန်ဆီသို့ လူအရောက်အပေါက် နည်းလာခဲ့သည်။ သူတို့လိုချင်သည့် ပစ္စည်းများကို ရသွားပြီ ဖြစ်လေရာ ယန်ယန်ဆီ သွားနေစရာ မလိုတော့ချေ။ တစ်နေ့၌ အခန်းထဲတွင် ကျင့်ကြံနေတုန်း အပြင်ဘက်မှ ဝူရီ၏ လှမ်းခေါ်သံကို ကြားလိုက်ရသည်။

အရင်ရက်အတွင်း ဝူရီ ဘာလုပ်နေသလဲ သူမသိ။ အတော်လေးတော့ အလုပ်ရှုပ်နေလောက်၏။ ဝူရီ သူ့ဆီ လာမတွေ့သည်မှာ အတော်လေးပင် ကြာနေပြီ မဟုတ်ပေလော။ ဝူရီအသံ ကြားသဖြင့် ချက်ချင်းထရပ်ပြီး အပြင်သို့ ထွက်သွားလိုက်ရာ လိုဏ်ဂူရှေ့ မတ်တပ်ရပ်နေသော သွယ်လျ လှပသည့် ပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရသည်။

“အခြေအနေဘယ်လိုလဲ” ဝူရီက အပြုံးဖြင့် မေးသည်။

“အဆင်ပြေနေတာပဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ဝူရီအား စိုက်ကြည့်လိုက်ရာ သူမ သိပ်မပျော်မရွှင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“နင်နဲ့ အဲ့မိန်းကလေး ပန်းပဲပညာရှင်က ဒီနေရာမှာ စိတ်ဝိဥာဉ် စုစည်းခြင်းအစီအရင်တစ်ခုကို ခင်းကျင်းခဲ့တယ်ဆို၊ အဲ့ဒါအမှန်ပဲလား” ဝူရီက ဘေးပတ်ပတ်လည်ကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။ မိုးမြေစွမ်းအင် ယခင်ကထက် ပိုသိပ်သည်းနေသည်ကို သတိပြုမိသော် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး “ကြည့်ရတာ ယုဖုန်းပြောတာ အမှန်ပဲနဲ့ တူတယ်။ အစကတည်းကသာ သိခဲ့မယ်ဆိုရင် ငါလည်း တစ်ယောက် ယောက်ရှာပြီး ဒီမှာ စိတ်ဝိဥာဉ်အစီအရင် တစ်ခု ခင်းကျင်းလိုက်ပါတယ်။ ယုဖုန်းတို့အဖွဲ့ဆို ကျင့်ကြံရေးအခန်းတွေ အသုံးပြုဖို့ မိသားစုဆီ သူတော် စင်သလင်းကျောက် အများကြီး ပေးချေရတာ။ ဒါပေမယ့် အဲ့အခန်းတွေက ဒီအခန်းထက် နည်းနည်းလေး ပိုသာရုံပဲရှိတယ်”

“နောင်တရနေတာလား” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်မေး လိုက်သည်။

ဝူရီက နဂါးမျက်စောင်းဖြင့် ရန်ကိုင်အား စိုက်ကြည့်၍ နှာခေါင်းရှုံ့ကာ “ငါက သဘောထားကျဉ်းမြောင်းတဲ့ လူနဲ့ တူနေလို့လား။ ဒီတောင်ကို နင့်ဆီ ပေးပြီးသွားပြီဆိုမှတော့ ငါဘာလို့ ပြန်ယူနေရဦးမှာလဲ။ ဒီနေရာက အရင်ထက် ပိုကောင်းလာတယ် ဆိုရင်တောင် ငါနဲ့ ဘာမှ မဆိုင်တော့ဘူး။ ဒီမှာ နင့်ဘာသာနင် အေးအေးဆေးဆေး နေလို့ရတယ်။ ဘယ်သူကမှ နင့် ဆီကနေ လာလုမှာမဟုတ်ဘူး”

ရန်ကိုင်က တစ်ခုခု ပြောတော့မည်အပြု ရုတ်တရက် မျက်မှောင် ကြုတ်သွားခဲ့သည်။ ထို့နောက် ဘေးဘက်ဆီ လှမ်းကြည့်လိုက်ရာ အပြာ ရောင်အလင်းတန်းတစ်ခု သူတို့ဆီ ပျံသန်းလာနေသည်ကို တွေ့လိုက်၏။ ထိုအပြာရောင် အလင်းတန်းသည် တစ်ယောက်ယောက်မှ ကြယ်လွန်းပျံ ကိုသုံး၍ နဂါးလိုဏ်ဂူတောင်ကြားကို စစ်ဆေးနေခြင်းပင်။

“နင်တို့မိသားစုထဲကလား” ရန်ကိုင်က ထိုပုံရိပ်ကို စိုက်ကြည့်နေရင်း ဝူရီကို မေးလိုက်သည်။

“ဟုတ်တယ်။ မိသားစုရဲ့ ဘဏ္ဏာထိန်းတွေထဲက တစ်ယောက်ပဲ။ သူ့ ကို ဂရုစိုက်နေစရာမလိုဘူး” ဝူရီက သိပ်မကျေနပ်သည့် လေသံဖြင့် “သူ ဒီကို ယန်ယန်ဆိုတဲ့ ပန်းပဲပညာရှင်ကို ရှာဖို့ ရောက်လာခဲ့တာ”

“ယန်ယန်ကို ဘာလို့ ရှာနေတာလဲ” ရန်ကိုင် အံ့အား သင့်သွားသည်။

“ယန်ယန်က ပန်းပဲပညာရှင်လေ။ ပန်းပဲပညာရှင်မို့လို့ တွေ့ချင်နေ တာပေါ့” ဝူရီက ပြုံး၍ “ငါတို့ မိသားစုလေးတစ်ခု အနေနဲ့ ပန်းပဲပညာရှင် တစ်ယောက်ကို ပျိုးထောင်ပေးဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ အခုသူတို့ ရှေ့ကို လေလွင့်ပန်းပဲပညာရှင် တစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတာကို သူတို့ဒီအတိုင်း ငြိမ်နေမယ်ထင်လား။ ယန်ယန်ဆိုတဲ့ ပန်းပဲပညာရှင်က ငယ်ငယ်လေးပဲ ရှိသေးပေမယ့် အရည်အချင်းမရှိတဲ့ ပန်းပဲပညာရှင်မှ မဟုတ်တာ။ မိသားစုက လူတွေပြောတာဆို ယန်ယန်က အနည်းဆုံး စိတ်ဝိဥာဉ်အဆင့် မှော်ရတနာတွေကို လုပ်နိုင်တယ်လေ”

ထိုအချိန်အတောအတွင်း ယန်ယန်ဆီ လာရောက် အကူအညီ တောင်းသည့် လူများသည် အားကောင်းသည့်အစားထဲ မပါကြဘဲ ယုဖုန်းသည်သာ ကျင့်ကြံခြင်း အမြင့်ဆုံးသူ ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူတို လုပ်ပေးခိုင်းသည့် မှော်ရတနာများ၏ အဆင့်မှာ မြင့်မားခြင်းမရှိဘဲ နိမ့်ကျနေခဲ့သည်။ ထို့အတွက်ကြောင့်ပဲ ဟိုင်ခဲ မိသားစုဝင်များသည် ယန်ယန်အား သူတော်စင်အဆင့် ပန်းပဲ ပညာရှင် တစ်ယောက်အဖြစ် ယူဆလိုက်ခြင်း ဖြစ်သည်။

မည်သည့် အဖွဲ့အစည်းနှင့်မှ အဆက်အစပ် မရှိသည့် လေလွင့် ပန်းပဲပညာရှင်တစ်ယောက်ကို ဘာကြောင့် ဒီအတိုင်း အလွတ် ထားရမည်နည်း။ သူတို့ မိသားစုထဲသို့ ခေါ်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားရပေမည်။ ထို့ကြောင့် ယန်ယန်နှင့် စေ့စပ်ညှိနှိုင်း ဆွေးနွေးရန် တစ်ယောက်ယောက်ကို လွှတ်လိုက်ခြင်း ဖြစ်သည်။

“နင်နဲ့ အဲ့မိန်းမနဲ့ ဘယ်လို ပက်သက်တာလဲ။ အရင်က ဒီမှာ နင်နဲ့သိတဲ့လူ တစ်ယောက်မှ မရှိဘူးဆို။ အခုကျ ဘယ်လိုဖြစ်ပြီး ရောက်ရောက်ချင်း အလှလေး တစ်ယောက်ကို ခေါ်လာနိုင်တာလဲ” ဝူရီက ရန်ကိုင်အား သေသေချာချာ စိုက်ကြည့်ရင်း‌ မေးလိုက်သည်။

“သူတကယ် ဘယ်သူလဲ ဆိုတာကိုတောင် ငါသိတာ မဟုတ်ဘူး။ စိတ်ဝိဥာဉ် အစီအရင် ခင်းကျင်းပေးဖို့အတွက် သူ့ကို ဒီနေရာဆီ ခေါ်လာခဲ့တာ။ ပြီးတော့ ဒီမှာ နေနိုင်မလားလို့ မေးလာတော့ ငါလည်း သဘောတူလိုက်တာ။ နင်တို့ မိသားစု သူ့ကို ခေါ်ချင်ရင် ခေါ်သွားခေါ်သွားလိုက်။ သူဒီမှာ ရှိနေတာ နည်းနည်း စိတ်ရှုပ်ဖို့ကောင်းတယ်”

“ငါတို့ လိုက်မလိုက်က သူ့အပေါ်ပဲ မူတည်လိမ့်မယ်။ ဒါပေမယ့် သူ့လိုက်မလိုက်ကတော့ ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါအခု ဒီကိုလာတာ နင့်အခြေအနေ ဘယ်လိုရှိလဲ သိချင်လို့ သက်သက် လာကြည့်ရုံပဲ” ဝူရီက နှုတ်ခမ်းလေးကိုကွေးလျက် ရယ်ရယ် မောမောဖြင့် ပြောလိုက်သည်။

ခဏအကြာ၌ ဟိုင်ခဲမိသားစုမှ ဘဏ္ဏာထိန်း ရောက်လာခဲ့ပြီး ဝူရီအား ခေါင်းညိတ်ပြကာ “ဒီတောင်ရဲ့ မိုးမြေစွမ်းအင်က သိပ်မဆိုးဘူး။ တစ်နှစ်လောက်ကြာသွားရင် ပိုပြီးတော့တောင် ကောင်းလာနိုင်သေးတယ်။ ဒီတောင်ကို အခြားတစ်ယောက်ဆီ သခင်မလေး ပေးပစ်လိုက်တယ်ဆို။ သခင်မလေး ပေးလိုက်တဲ့ လူက ဒီလူလား”

ပြောပြီဂသည်နှင့် ရန်ကိုင်အား အထင်အမြင်တသေးဖြင့် စိုက်ကြည့်လိုက်သည်။

ဝူရီက မျက်မှောင်ကြုတ်လျက် ပြန်ပြောလေသည် “ဦးလေး ကျိုးက ဒီတောင်အတွက် ရောက်လာတာ မဟုတ်ဘူးမလား။ အခြား လုပ်စရာမရှိတော့ဘူးလား”

ကျိုးမျိုးရိုးနာမည်နှင့် ကျင့်ကြံသူက လှောင်ရယ်ရယ်လျက် “ကျုပ်က သိချင်လို့မေးကြည့်ရုံ သက်သက်ပါပဲ။ သခင်မလေး စိတ်ထဲ ထားနေစရာ မလိုပါဘူး”

ပြောပြီးသည်နှင့် ရန်ကိုင်အား နောက်တစ်ကြိမ် ထပ်ကြည့် လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ ဟုတ်လှပြီဟူသော ပုံစံဖြင့် လက်ကို ကျောနောက်ပစ်ရင်း အနီးအနားရှိ လိုဏ်ဂူဆီ အခန့်သား လျှောက်သွားလေသည်။

“စိတ်ပျက်ဖို့ကောင်းလိုက်တာ။ အားနေရင် အရာရာ လိုက်ပါ နေတယ်။ အရင်းတုန်းက သူတို့ ဒီနေရာကို စိတ်ဝင်စားတာ တစ်ကြိမ်တစ်ခါလေးတောင် မမြင်ဖူးပါဘူး။ မိသားစုပိုင်တဲ့ မြေက အကျယ်ကြီးပဲ။ အဲ့ထဲမှာမှ ငါ့ကို မိန်းကလေးဖြစ်လို့ဆိုပြီး ဒီဘာမှ မဖြစ်ထွန်းတဲ့ နေရာကြီး လာပေးတာလေ။ ဒါပေမယ့် ဒီနေရာက နေရာကောင်းတစ်ခုမှန်းလည်း သိရော၊ ချက်ချင်းကို ပြန်လိုချင် နေတော့တာပဲ” ဝူရီက မကျေမနပ်ဖြင့် ပြောလိုက်သည်။

ရန်ကိုင်သည် တဆိတ်ဆိတ်သာ နေခဲ့သည်။ အပြင်လူ တစ်ယောက် အနေဖြင့် အခြားသူ၏ မိသားစုကိစ္စထဲ ဝင်ပါ၍ မကောင်းချေ။

ဝူရီသည်လည်း အထွန့်တက်မနေတော့။ ယဲ့ယဲ့လေးပြုံး၍သာ သူမ၏ အရင်ဘဝ အခြေအနေကြောင်း မေးမြန်းရင်း လိုအပ်သည့် အရာ ရှိလျှင် ပြောရန် ပြောလေ၏။

နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင်ဖြင့် စကားပြောနေခဲ့သည်။ ဝူရီသည် ရန်ကိုင်ဆီမှ အကူအညီကို အတော်လေး မျှော်လင့် နေသည့်ပုံပင်၊ စကားပြောနေစဉ် အတောအတွင်း ရန်ကိုင်အား မျှော်လင့်တကြီး မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့၏။

လက်ဖက်ရည် ခွက်တစ်ဝက်စာလောက် ကြာပြီးနောက် ကျိုး မျိုးရိုးနာမည်နှင့် လူသည် လိုဏ်ဂူထဲမှ ယမ်းမီးပုံကျနေသော ပုံစံဖြင့် ထွက်လာခဲ့သည်။ ထွက်လာနေရင်း ဒေါသတကြီးဖြင့် ရေရွတ်သွားသေး၏ “ရောင့်တက်နေတဲ့ မိန်းကလေးပဲ။ စေတနာကို စေတနာမှန်းမသိဘူး။ ငါတို့ ဟိုင်ခဲမိသားစုကို သူတော်စင်အဆင့် ပန်းပဲပညာရှင်တစ်ယောက်တောင် မပျိုးထောင်ပေးနိုင်တဲ့ မိသားစု လို့ ထင်နေလားမသိဘူး။ တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်တဲ့၊ ကြွားရင်လည်း အကန့်အသတ်နဲ့ ကြွာတာ မဟုတ်ဘူး။ ငါတို့ကို ဦးနှောက်မပါတဲ့ အရူးလို့များ မှတ်နေလားမသိဘူး”

ဘဏ္ဏာထိန်းသည် ဆောင့်ကြီးအောင့်ကြီးဖြင့် ထွက်လာပြီး ဝူရီအား နှုတ်ဆက်စကားပင် မပြောတောဘဲ့ ဟိုင်ခဲ မိသားစုဆီသို့ ချက်ချင်း ပြန်ထွက်သွားလေသည်။

ထိုအခြင်းအရာကို ကြည့်ရင်း ဝူရီ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ရလေပြီ။ ယန်ယန်ဆိုသော မိန်းကလေး၏ သူမ မိသားစု၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုကလိမ့်မည်ဟု မထင်ထားခဲ့။ သူမ မိသားစု၏ ကမ်းလှမ်းမှုသည် သိပ်မဆိုးလောက်ဟု ဝူရီလည်း ထင်၏။ အရိပ်လခန်းမမှ ကမ်းလှမ်းမှုမျိုးနှင့် မယှဉ်နိုင်သော်လည်း လက်အောက်ခံ အင်အားစုလေးများအနက် သူတို့ မိသားစုသည် အဆင့်အတန်း တစ်ခုထိ ပိုင်ဆိုင်ထားသော မိသားစုဖြစ်သည်။

“နင်ခေါ်လာတဲ့ မိန်းမက အတောင်းအရမ်း ကြီးလွန်းတဲ့ပုံပဲ” ဝူရီက ရန်ကိုင်ကိုကြည့်၍ ပြောလိုက်သည် “ခဏတုန်းက ဦးလေး ကျိုးပြောသွားတာ ငါကြားလိုက်သေးတယ်။ အဲ့မိန်းကလေးက သူ့ကိုယ်သူ တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်လို့ ပြောနေတာ ဆိုပြီး တော့လေ။ သူအခုက အသက်နှစ်ဆယ်လောက်ပဲ ရှိသေးတာ မဟုတ်ဘူးလား”

“ငါ့လာမမေးနဲ့၊ ငါလည်း သိတာမဟုတ်ဘူး။ သူ့ကိုယ်သူ တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်လို့တော့ ပြောနေတာပဲ” ရန်ကိုင် ခေါင်းခါလိုက်သည်။

“စိတ်ဝင်စားစရာပဲ” ဝူရီက သူမ၏ နှုတ်ခမ်းလေးကို ကွေး၍ ရယ်မောလိုက်ပြီး “မေ့လိုက်တော့။ ပန်းပဲပညာရှင်တွေမှာ သူတို့ ကိုယ်ပိုင် အခွင့်အရေး ရှိပြီးသား။ လေကြီးတာက နည်းနည်း အမြင် ကတ်ဖို့ ကောင်းတယ် ဆိုပေမယ့် အဲ့ဒါက သူ့ဆုံးဖြတ်ချက်ပဲလေ။ ငါ့မှာ လုပ်စရာတွေ ရှိသေးလို့ နောက်မှ ပြန်လာခဲ့မယ်။ သွားပြီ၊ ဘိုင့်ဘိုင်”

ဝူရီအား နှုတ်ဆက်စကား ပြောပြီးနောက် ရန်ကိုင် အတွေး နက်သွားခဲ့သည်။ ထို့နောက် ယန်ယန် နေထိုင်သည့် ကျောက်တုံး ခန်းဆီ လမ်းလျှောက် သွားလေသည်။

ယန်ယန်က သနားစဖွယ် အမူအရာလေးဖြင့် ရန်ကိုင်ဆီသို့ လှည့်ကြည့်၍ မေးလိုက်သည် “ငါတန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် ဆိုတာကို ဘာလို့ ဘယ်သူမှ မယုံကြတာလဲ”

“နင်ပြောနေတာကလည်း ယုံချင်စရာကြီးကို” ရန်ကိုင်က နဖူးကို ပွတ်လိုက်သည်။

“ငါ့ကို အခွင့်အရေးလေး ပေးလိုက်ရုံပဲလေ။ ငါ့ကို တန်ခိုးရှင် အဆင့် ပစ္စည်း နည်းနည်းလောက်သာပေးလိုက်။ တန်ခိုးရှင်အဆင့် မှော်ရတနာတစ်ခု ငါ့လုပ်ပြမယ်” ယန်ယန်က အော်ပြောလိုက်၏။ ထိုသို့ အော်ပြောလိုက်သည် သူမ၏ ရင်မို့မို့အစ လှိုင်းလုံးသဖွယ် နိမ့်ချည်မြင့်ချည် ဖြစ်သွားခဲ့သည်။ သူမ၏ မျက်နှာလေးဟာလည်း အလွန်ကိုမှ သနားစဖွယ် ကောင်းနေခဲ့သည်။

“တန်ခိုးရှင်အဆင့် ပစ္စည်းတွေကို လမ်းဘေးက ဂေါ်ဖီထုပ်လို့ မှတ်နေတာလား။ အဲ့လို ပစ္စည်းတွေကို အင်အားစုကြီးတွေပဲ ပိုင်ဆိုင်နိုင်တာဟဲ့။ ဟိုင်ခဲမိသားစုက မိသားစု သေးသေးလေးပဲ ရှိတာ။ နင့်အရည်အချင်းကို စမ်းသပ်ဖို့အတွက်နဲ့ ဘယ်လိုလုပ်ပြီး အဲ့လို ဈေးကြီးတဲ့ ပစ္စည်းတွေကို ထုတ်ပေးနိုင်မှာလဲ။ သူတို့ ဘက်က ထုတ်ပေးလိုက်မယ့် နင့်ကြောင့် အဲ့ပစ္စည်းတွေ ပျက်စီး သွားရင်ကော။ ငါက သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် ဆေးပညာရှင် တစ်ယောက်လို့ပြောရင် နင်ယုံမှာလား” ရန်ကိုင်က ယန်ယန်ကို စိုက်ကြည့်၍ ပြောလိုက်သည်။

ယန်ယန် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။ ရန်ကိုင်အား အထက်အောက် အစုံအဆန် ကြည့်လိုက်ပြီးနောက် လှောင်ပြုံးပြုံးလျက် “နင်ကလား”

ချက်ချင်းဆိုသလို ယန်ယန်သည် ကမ္ဘာ့အရယ်ရဆုံး ပြက်လုံး ကို ကြားလိုက်ရသည့်နှယ် ဝါးလုံးကွဲ ထရယ်တော့လေသည်။

ရန်ကိုင်မျက်နှာ ဆေးခါးကြီး စားထားရသည့်နှယ် မဲမှောင် ရှုံ့မဲ့နေခဲ့သည်။

ယန်ယန်ပြောသည်ကို ဘာကြောင့် ဘယ်သူမှ မယုံကြည်လဲ ဆိုသည်ကို ရုတ်တရက် သူနားလည်သွားခဲ့သည်။ သူ့စကားကို ယန်ယန် မယုံသလို ယန်ယန်ကိုလည်း အခြားသူများ ယုံလိမ့်မည် မဟုတ်ချေ။ အကြောင်းမှာ သူတို့ ပြောလိုက်သည့် အဆင့်သည် သူတို့၏ အသက်အရွယ်နှင့် လွန်စွာကိုမှ လိုက်ဖက်မှု မရှိသည့် အတွက်ကြောင့်ပင် ဖြစ်သည်။ တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်၊ သူတော်စင်ဘုရင်အဆင့် ဆေးပညာရှင် အားလုံးသည် အသက် ရာနှင့်ချီ၊ ထောင့်နှင့်ချီနေသည့် လူများသာ ဖြစ်ကြသည်။

အသက်သုံးဆယ်ပင် မပြည့်သေးသည့် လူများ မဟုတ်ကြ။

ခဏလောက် စဉ်းစားပြီးနောက် ယန်ယန် လိမ်နေခြင်း မဟုတ်ဟု ရန်ကိုင် ထင်မိသွားသည်။ သူသည် သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်သည်။ သို့သော် မည်သူ့ကိုသွားပြောပြော၊ ဘယ်သူမှ သူပြောသည်ကို ယုံလိမ့်မည် မဟုတ်ချေ။ သို့ရာတွင် သူလိမ်နေသလား။ သူမလိမ်ချေ။ ယန်ယန်လည်း ထိုအတိုင်းပင် ဖြစ်လောက်သည်။ သူမ၏ အသက်အရွယ်ကြောင့်သာ သူမ တန်ခိုးရှင်အဆင့် ပန်းပဲ ပညာရှင် တစ်ယောက် ဖြစ်သည်ကို မည်သူမှ မယုံကြည်ကြခြင်း ဖြစ်လောက်၏။

“ငါနင့်ကို နောက်တစ်ကြိမ် ထပ်မေးမယ်။ နင်တကယ်ပဲ တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်တစ်ယောက်လား” ရန်ကိုင်က ယန်ယန်အား အလေးအနက် အမူအရာဖြင့် မေးလိုက်သည်။

“မေးနေလို့ ဘာထူးမှာလဲ။ ပစ္စည်းပေးပြီး လက်တွေ့ စမ်သပ် ကြည့်လိုက်ရင် သိမှာပဲ မဟုတ်ဘူးလား။ စမ်းသပ်ကြည့်ချင်ရင် နင်စီးနေတဲ့ ကြယ်လွန်းပံဖြစ်ဖြစ်၊ ဟိုအလံခုနှစ်တိုင်ဖြစ်ဖြစ်၊ နှစ်ခု ထဲက တစ်ခု ပေးကြည့်လိုက်။ တစ်ခုခု ဖြစ်သွားရင် ငါကို နင်ကြိုက်သလို လုပ်လို့ရတယ်”

“နင့်ကိုယ်နင် အရမ်း အထင်ကြီးနေတာပဲ” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး “ငါနင့်ကို ရောင်းမယ်ဆိုရင်တောင် ပျက်စီးသွားတဲ့ ငါ့ပစ္စည်းတွေအတွက် ဘယ်လိုမှ ကာမိမှာ မဟုတ်ဘူး”

ယန်ယန် ချက်ချင်း ဒေါသပုန် ထသွားပြီး အံကြိတ်တော့၏။

“ဒါတွေနဲ့ နင်ဘာလုပ်နိုင်လဲ” ရန်ကိုင်က ယန်ယန်ရှေ့ ပစ္စည်း တစ်ပုံကို ချပေးလိုက်သည်။

ဤမိန်းမ၏ တကယ့် အရည်အချင်းကို စမ်းသပ်ကြည့်လျှင် မမှားလောက်ဟု ထင်သည့်အတွက် လုပ်လိုက်ခြင်း ဖြစ်သည်။

ရန်ကိုင်အား အံကြိတ်ကာ မုန်းမုန်းတီးတီး စိုက်ကြည့်နေသော ယန်ယန်သည် ထိုပစ္စည်းများကို မြင်လိုက်သည်နှင့် ရန်ကိုင်ကိုပင် ဒေါသမထွက်နိုင်တော့ဘဲ ပစ္စည်းပုံဆီ ချက်ချင်း ပြေးထွက်သွားကာ အံ့အားသင့်တကြီး ပြောလေသည် “အဆင့်ရှစ် တိမ်မိုးကြိုးသားရဲရဲ့ သွား၊ မီးပြာကြံ့ရဲ့ ဦးချို၊ ပုံရိပ်ယောင် တိမ်လိမ်ပြာရဲ့ တောင်ပံတွေ၊ ဘုရားရေ၊ စိန်နဂါး နွားချေးပိုးရဲ့ ဦးမှင်တံ…”

ပစ္စည်းတစ်ခုကို ကောက်ယူလိုက်တိုင်း ထိုပစ္စည်း၏ အမည်၊ ထိုပစ္စည်း မည့်သည့်နေရာမှ လာသလဲဆိုသည်ကို ယန်ယန် အတပ် ပြောနိုင်ခဲ့သည်။ ချက်ချင်းဆိုသလို ယန်ယန်၏ အကြည့်ထဲဝယ် ရန်ကိုင် ချပေးလိုက်သော ပစ္စည်းပုံကြီးမှအပ အခြားဘာဆိုဘာမှ မရှိတော့ချေ။ ပစ္စည်းများအား သူမ၏ အသက်တမျှ ချစ်ရသော ကလေးများနှယ် တင်းတင်းကြပ်ကြပ် ဖိကပ်ထားခဲ့သည်။

ယန်ယန်မှ ထိုပစ္စည်း တစ်ခုချင်းစီကို ကောက်ယူပြီး နာမည် ခေါ်နေစဉ် အတွင်း ယန်ယန်၏ မျက်လုံးများ နီရဲနေကာ ပါးပြင်ပေါ် မျက်ရည် တတောက်တောက် စီးကျနေသည်ကို တွေ့လိုက်ရသည်။

အကြောင်းအရင် မသိလေရာ ရန်ကိုင်လည်း မေးလိုက်မိ၏ “နင်ဘာလို့ ငိုနေတာလဲ”

“ဒီလောက်များတဲ့ အဖိုးတန်ပစ္စည်းတွေကို မတွေ့ခဲ့ရတာ ဘယ်လောက်တောင် ကြာနေပြီလဲ မသိဘူး…” တရှုံ့ရှုံ့ ငိုကြွေးရင်း ပြောနေသည့်အတွက် ယန်ယန်၏ ပခုံးလေးများ တုန်ရီနေခဲ့သည် “အကုန်လုံးက ငါ့ကို အလကားသက်သက် လျှာအရိုးမရှိတိုင်း ကြွားနေတဲ့ လူလို့ပဲ သတ်မှတ်ထားကြတယ်။ ငါ့ဘာပဲပြောပြော၊ ဘယ်သူမှ မယုံကြဘူး။ ငါ့ဆီ ပစ္စည်း လာအပ်တယ်ဆိုရင်တောင် သူတော်စင်အဆင့် ပစ္စည်းတွေပဲ လာအပ်တယ်။ အဲ့ထက်မြင့်တဲ့ ပစ္စည်းတွေ တစ်ခါမှ လာမအပ်ဖူးဘူး။ ငါက လူလိမ် မဟုတ်တာကို ဘာလို့ ငါ့ကို လူလိမ်လို့ သတ်မှတ်နေကြတာလဲ မသိဘူး”

“မငိုနဲ့တော့။ အခု နင့်ကိုယ်နင် သက်သေပြဖို့ အခွင့်အရေးပဲ။ ဒီပစ္စည်းတွေ အကုန်လုံးက နင့်အပိုင်ပဲ။ ဒါတွေကို နင်စိတ်တိုင်းကျ သုံးပစ်လို့ရတယ်။ အဓိကက နင့်အရည်အချင်းကို ပြနိုင်ဖို့ပဲ”

“တကယ်ကြီးလား” ယန်ယန်က ရန်ကိုင်အား သူမ၏ ဖောင်းအစ်အစ် မျက်ဝန်းလေးများဖြင့် မော့ကြည့်လိုက်သည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး အသာအယာ ပြောလိုက်သည် “နင် လေလုံးထွားနေတာလား၊ အမှန်အတိုင်း ပြောနေတာလား ဆိုတာကို ငါလည်း သိချင်နေတာ”

All Chapters