← Chapters

အခန်း (၁၁၀၆-၁၁၁၀)

Vol. 45 Ch. 1106-1110

အခန်း (၁၁၀၆-၁၁၁၀)

Vol. 45 Ch. 1106-1110

အပိုင်း(၁၁၀၆)

ရန်ကိုင်က သူမအား အဆင့်မြင့် ကုန်ကြမ်းပစ္စည်းများစွာကို ပေးမည့် အပြင် ထိုပစ္စည်းများကိုလည်း သူမ စိတ်ကြိုက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ယန်ယန် အလွန် ပျော်သွားခဲ့သည်။ အရမ်းကိုမှ စိတ်ဓါတ် တက်ကြွသွားခဲ့ပြီး သူမ၏ မျက်ဝန်းများသည်လည်း ရွှန်းရွှန်း စိုအောင် လင်းလက်တောက်ပလာခဲ့သည်။ မျက်ရည်စများကို ခက်ခက် ခဲခဲဖြင့် သုတ်လိုက်ပြီးနောက် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းကာ ပြောလိုက်သည် “နင်စိတ်မပျက်စေရဘူး။ ငါ့လက်ထဲ ရောက်လာတဲ့ ဘယ်ပစ္စည်းများ ပျက်စီးရိုးထုံးစံ မရှိဘူး”

“ငါစောင့်ကြည့်နေမယ်”

“ဒါတွေကို နင်ဘယ်ကနေ ရလာတာလဲ။ နင့်ခွန်အားနဲ့ အဆင့်ရှစ် မွန်းစတားသားရဲ အများကြီးကို သတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ယန်ယန်က စပ်စပ်စုစုဖြင့် မေးလိုက်သည်။

“ကောက်လာတာ” ရန်ကိုင် စိတ်ထဲပေါက်သလို ပြန်ပြောလိုက်သည်။

သို့သော် ထိုပစ္စည်းများကို သူတကယ် ကောက်လာခဲ့ခြင်းပင်။ ထိုအရာ အားလုံးသည် ကွေ့ချဲနှင့် သူ့အဖွဲ့သားများ သတ်ခဲ့သည့် မွန်းစတား သားရဲများမှ လာခြင်းဖြစ်ပြီး သူတို့ သေသွားသည့်အခါ သူတို့၏ သိုလှောင် လက်စွပ်များကို ရန်ကိုင်မှ ကောက်ယူခဲ့သဖြင့် ထိုပစ္စည်းများသည် ရန်ကိုင့် အပိုင် ဖြစ်လာခဲ့ခြင်းပင်။

“ဘယ်ကနေ ကောက်လာတာလဲ၊ ငါလဲ သွားကောက်ချင်တယ်…” ယန်ယန်က စိတ်အားတက်သန်သည့် အမူအရာဖြင့် ရန်ကိုင်ကို ကြည့်ကာ မေးလိုက်သည်။

ယန်ယန် ပေးလိုက်သော စာရင်းကိုကိုင်ရင်း ကောင်းကင်ကံကြမ္မာ မြို့တော်ဆီသို့ ရန်ကိုင် နောက်တစ်ကြိမ် ခရီးထွက်ခဲ့သည်။ လက်နက်တစ်ခု ထုလုပ်ရန်အတွက် မွန်းစတားသားရဲများ၏ အစိတ်အပိုင်းသာမက သတ္တုနှင့် သလင်းကျောက် မျိုးစုံလည်း လိုပေသေးသည်။

ထိုသတ္တုများကို ရရှိပြီးနောက် ယန်ယန်သည် သူမ၏ ပန်းပဲခန်းထဲသို့ ချက်ချင်း ပြေးဝင်သွားလေသည်။ ပန်းပဲထုနေစဉ် အတောအတွင်း သူမအား မည်သူမှ အနှောင့်အယှတ် လာမပေးနိုင်စေရန် အလို့ငှာ အခန်းတံခါးကိုပါ သေချာ ပိတ်သွားခဲ့သည်။

ယန်ယန်၏ အခန်းဆီမှ အားကောင်းသော ယန်စွမ်းအင်လှိုင်းများ နေ့စဉ်နှင့်အမျှ ထွက်ပေါ်နေသည်ကို ရန်ကိုင် အာရုံခံမိသည်။ သို့သော် သွားရောက် မေးမြန်းခြင်းမျိုး မပြုလုပ်ခဲ့။ အချိန်လျှင် ယန်ယန်၏ တကယ့် အရည်အချင်းကို သိရပေလိမ့်မည်။

ယန်ယန်အား ပေးလိုက်သော ပစ္စည်းများသည် သူ့အတွက် အသုံး မဝင်သဖြင့် ရောင်းထုတ်ရမည့် အဆင့်နိမ့် ပစ္စည်းများသာ ဖြစ်ပေသည်။ ယန်ယန်သာ ထိုပစ္စည်းများကို မှော်ရတနာအဖြစ် သွန်းလုပ်နိုင်မည်ဆိုပါက ထိုပစ္စည်းများကို ပြန်ရောင်းသည့်အခါ အကျိုးအမြတ်များစွာ ရနိုင်ပေမည်။ ဖျက်စီးခံလိုက်ရလျှင်လည်း သူ့အတွက် ကိစ္စမရှိပါချေ။

ဤသို့ဖြင့် တစ်လ ကုန်သွားခဲ့သည်။ ယန်ယန်သည် သူမအလုပ်နှင့် သူမ အလုပ်ရှုပ်နေသည့်အတွက်ကြောင့် ရန်ကိုင်အား လာမရှုပ်နိုင်ခဲ့ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်၏ ဘဝမှာ အတော်လေးကိုမှ ငြိမ်းချမ်းနေခဲ့၏။ နဂါးလိုဏ်ဂူတောင်ကြားတွင် ခင်းကျင်းထားသော မိုးမြေစွမ်းအင်စုစည်းခြင်း အစီအရင်ကြောင့် ယခုဆိုလျှင် မြူခိုးလွှာလေးတစ်လွှာ စုစည်းနေခဲ့လေပြီ။ ထိုမြူခိုးလွှာသည် မသိပ်သည်းသော်လည်း နဂါးလိုဏ်ဂူတောင်ကြားအား စိတ်ဝိဥာဉ်စွမ်းအင် ပြည့်ဖြိုးကြွယ်ဝသည့် တောင်တစ်လုံးနှင့် ပို၍ ဆင်တူ သွားစေခဲ့သည်။

အချိန်ကြာလာသည်နှင့် တောင်တစ်ဝိုက်ရှိ မိုးမြေစွမ်းအင်သည် ပို၍ သိပ်သည်းကြွယ်ဝလာခဲ့သည်။

ထိုအချိန် အတောအတွင်း ရန်ကိုင်ကို ဝူရီ နှစ်ကြိမ် လာတွေ့ခဲ့သည်။ သို့သော် နှစ်ကြိမ်စလုံး သူမ ပျော်နေဟန်မရ။ မိသားစုတွင်း အခြေအနေ သိပ်မကောင်းသည့်ပုံပင်။ နှစ်ကြိမ်စလုံး ရန်ကိုင်နှင့် စကားလေးဘားလေး နည်းနည်းပါးပါး ပြောပြီးနောက် ပြန်ထွက်သွားခဲ့သည်။

တစ်လကြာပြီးနောက် သူ့အခန်းထဲ တင်ပလင်ခွေထိုင် ကျင့်ကြံနေစဉ် ယန်ယန်၏ ကျောက်ခန်းတံခါး အသံကို ရုတ်တရက် ကြားလိုက်ရသည်။ ထို့နောက် အလျင်စလိုနေသော ခြေသံတို့ သူ့အခန်းဆီ အလျင်အမြန် တိုးကပ်လာနေသည်ကို သတိပြုမိလိုက်သည်။

မော့ကြည့်လိုက်ရာ အနက်ရောင် ဝတ်ရုံရှည်ကြီးကို ကိုင်လျက် အခန်းတံခါရှေ့တွင် ရပ်ကာ သူ့အား စိတ်လှုပ်ရှားနေသည့် မျက်ဝန်းအစုံဖြင့် စိုက်ကြည့်နေသော ယန်ယန်ကို တွေ့လိုက်ရသည်။ ပန်းပဲထုပြီးပြီးချင်း ထွက်လာသည့် အတွက်ကြောင့်လား မသိရာ သူမ၏ မျက်နှာလေးသည် အနည်းငယ် နီမြန်းနေခဲ့သည်။ သူမ၏ မျက်နှာထက် ကျေနပ်အားရ၊ ယုံကြည်ချက်ရှိသည့် အမူအရာကို ရန်ကိုင် မြင်လိုက်ရသည်။

“ငါဝင်လာလို့ ရမလား” ယန်ယန်က ပတ်ပတ်လည်လို စပ်စုလိုစိတ် ပြင်းပြသော မိန်းကလေးတစ်ယောက်နှယ် လိုက်ပတ်ကြည့်နေခဲ့သည်။ တစ်နေ့တွင်၊ ယန်ယန်သည် ရန်ကိုင်၏ အခန်းထဲသို့ မပြောမဆိုဖြင့် ဗြုန်းစားကြီး ကောက်ဝင်လာခဲ့ဖူးသည်။ ထိုစဉ်က ရန်ကိုင်ကသည် ယန်ယန်၏ ဂုတ်ကိုကိုင်ကာ အခန်းထဲမှ နှင်ထုတ်ခဲ့လိုက်သည်။ ထိုအချိန်မှ စ၍ ရန်ကိုင်ခန်းထဲသို့ ဝင်ရမည်ကို ယန်ယန် အနည်းငယ် လန့်သွား၏။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး မျှော်လင့်ချက် ရေးရေးလေးဖြင့် မေးလိုက်သည် “ပန်းပဲထုတာ ပြီးသွားပြီလား”

ယန်ယန်က ရယ်မောလိုက်ပြီး စကားတစ်ခွန်းပင် ပြန်မပြောဘဲ အဆန်းတကြယ် လုပ်ရန် ကြိုးစားလေသည် “နင့်မျက်လုံးကို အရင် ပိတ်လိုက်၊ နင့်တွက် အံ့အားသင့်စရာ အကြီးကြီးတစ်ခု ငါလုပ်ထားတယ်”

ဘာအံ့အားသင့်စရာ ရှိမှာမို့လို့လဲ ရန်ကိုင်က ထူးထူးဆန်းဆန်း အမူအရာဖြင့် တွေးလိုက်သည်။ သို့သော်လည်း ယန်ယန် ပြောသည့်အတိုင်း မျက်လုံး ပိတ်ပေးလိုက်လေသည်။

သိုသော်လည်း မျက်လုံးပိတ်လိုက်သည်နှင့် ချက်ချင်းပဲ ရန်ကိုင်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရသည်။ အကြောင်းမှာ အခန်းထဲ သူတော်စင်ဘုရင်အဆင့် စွမ်းအင်လှိုင်းများစွာ ထွက်ပေါ်လာသည်ကို အာရုံ ခံမိလိုက်သည့် အတွက်ကြောင့်ပဲ ဖြစ်ပေသည်။ မျက်လုံး ဖွင့်ကြည့်လိုက်ရာ ယန်ယန်မှ သူ့ရှေ့၌ သပ်သပ်ရပ်ရပ် စီတန်းထားသော မှော်ရတနာများအား လက်ညိုးထိုးပြနေသည်ကို တွေ့လိုက်ရသည်။

“နင်ပေးတဲ့ ပစ္စည်းတွေ အကုန်လုံး တစ်ခုမှ မပျက်စီးသွားဘူးနော်။ ဒီမှာ၊ နင်ပေးတဲ့ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ သူတော်စင်ဘုရင် အဆင့် မှော်ရတနာတွေ” ယန်ယန်က တင်ပလင်ခွေ ထိုင်ချလိုက်ပြီး တင်းပုတ် ကဲ့သို့သော မှော်ရတာတစ်ခုကို ကောက်ယူ၍ စတင် ရှင်းပြလေသည် “ဒါက အဆင့်ရှစ် တိမ်မြိုးသားကျားသစ်ရဲ့ အစွယ်နဲ့ အခြားသတ္တုအချို့နဲ့ ပေါင်းစပ်ပြီး လုပ်ထားတဲ့ မှော်ရတနာပဲ။ သတ္တုနဲ့ ကျားသစ်ရဲ့ ဦးခေါင်းကို အတူတူ အရည်ဖျော်ပစ်လိုက်တယ်။ ပြီးလည်းပြီးရော သွားတွေကို စူးချွန်တွေ အဖြစ် ပြောင်းပစ်လိုက်တယ်။ ဒီလို မှော်ရတနာမျိုးက ထုတ်ခိုင်၊ ထွာကြိုင်း သန်မာတဲ့ ယောကျာ်းတွေနဲ့ ပိုက်လိုက်တယ်။ အတော်လေး အားကောင်းတဲ့ လက်နက်လို့တော့ ပြောလို့ရတယ်။ အဆင့်ကတော့ သူတော်စင်ဘုရင်အဆင့်နိမ့်ပဲ”

ပြောပြီးနောက် ထိုတင်းပုတ်ကို ရန်ကိုင်လက်ထဲသို့ ထည့်ပေးလိုက်၏။

ရန်ကိုင်လည်း တင်းပုတ်ကို သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည်။ ယန်ယန်သည် သူပေးခဲ့သော ပစ္စည်းများကို အကျိုးရှိရှိ အသုံးချသွားသည့်ပုံပင်။ တင်းပုတ်၏ အရည် အသွေးသည် အတော်လေး ကောင်းပေသည်။ ပိုင်ရှင်မှန် လက်ထဲသာ ရောက်သွားလျှင် ကောင်းကောင်း အစွမ်းပြနိုင်မည်မှာ မလွဲမသွေပင်။

“ဒီဓါးမြောင်ကိုတော့ မီးတောက်ပြာကြံ့ချိုကို အဓိကပစ္စည်းအဖြစ် သုံးပြီး လုပ်ထားတာ။ အရမ်းကြီး မထက်ပေမယ့် မီးတောက်ပြာကြံရဲ့ ချိုနဲ့ လုပ်ထားတာဖြစ်လို့ အရံအတားတွေကို ဖျက်စီးတဲ့နေရာမှ အရမ်း အသုံးဝင်တယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် နောက်ဆုံး ပြောရရင် ဒီလက်နက်က တိုက်ခိုက်ဖို့လုပ်ထားတာ မဟုတ်ဘူး။ အရံအတားတွေကို ဖျက်စီးဖို့ အထူးလုပ်ထားတာလို့ ပြောလို့ရတယ်။ နင်သာ ဒါကိုရောင်းမယ် ဆိုရင် ဝယ်ချင်တဲ့လူ အများကြီးရှိမှာ။ ဒါလည်း သူတော်စင်ဘုရင်အဆင့်နိမ့် လက်နက်တစ်ခုပဲ” ပြောပြီးသည်နောက် ထိုအပြာရောင် ဓါးမြှောင်ကိုလည်း ရန်ကိုင်လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

ထို့နောက် နောက်တစ်ခုကို ထပ်ကောက်ယူပြီး ဆက်ရှင်းပြပြန်သည် “ဒီကြာပွတ်ကို စိန်နဂါးနွားချေးပိုးရဲ့ ဦးမှင်တံကနေ လုပ်ထားတာ။ နင်ပေးတဲ့ ပစ္စည်းတွေ အားလုံးထဲမှာ ဒီတစ်ခုက သန့်စင်ရ အခက်ဆုံးပဲ။ အခြားပစ္စည်းတွေလို အကြမ်းမခံနိုင်ဘဲ ပျက်စီးလွယ်တော့ တော်တော်လေး သတိထားပြီး သန့်စင်လိုက်ရတယ်။ ဒီပစ္စည်းကို ငါ့လက်ထဲ ရောက်သွားတာ ကံကောင်းသွားတယ်မှတ်။ အခြားတစ်ယောက် လက်ထဲသာ ရောက်သွားလို့ ကတော့ နင့်ပစ္စည်း ဆုံးပြီပဲ။ ဒီလက်နက်က မိန်းမငယ်လေးအတွက် အရမ်း သင့်လျော်တယ်။ ဒီဦးမှင်ကို နင်ရခဲ့တာဆိုတော့ စိန်နဂါးနွားချေးပိုး ဘယ်လောက် ကြောက်ဖို့ကောင်းလဲဆိုတာ နင်သိမှာပေါ့။ ဒီကြာပွတ်နဲ့ အရိုက်ခံရရင် နင့်အသားမနာဘူး။ နင့်အရိုးပဲနာမှာ။ ကြာပွတ်နဲ့ လေးငါး ခြောက်ချက်လောက် အရိုက်ခံရမယ်ဆိုရင် အရိုးတောင် ကျိုးသွားနိုင်တယ်။ ဒါကတော့ ဟိုနှစ်ခုထက်တစ်ဆင့် ပိုမြင့်တယ်။ သူတော်စင်ဘုရင် အလယ် အလတ်အဆင့် လက်နက်တစ်ခုပဲ”

ရန်ကိုင်က ကျာပွတ်ကိုယူပြီး ကျာပွတ်ထဲ သူတော်စင်ချီ ထည့်သွင်း၍ ကြမ်းပြင်ကို ရိုက်ချကြည့်လိုက်သည်။ ရန်ကိုင်၏ လုပ်ရပ်ကြောင့် အနားတွင် ရှိနေသော ယန်ယန် အလန့်တကြား ထခုန်မိလေသည်။ သူမ၏ မျက်နှာဟာ ဆိုလျှင်လည်း သွေးမရှိတတ် ဖြူလျော်သွားခဲ့ရလေ၏။

ရန်ကိုင် ကျာပွတ်ကို သိမ်းလိုက်သည့်အခါမှ နောက်ဆုံး မှော်ရတနာကို စိတ်လှုပ်ရှားစွာ ကောက်ယူလိုက်သည်။ သို့သော် ယခင်အကြိမ်များနှင့် မတူဘဲ ယခုတစ်ကြိမ်၌ ယန်ယန်သည် သူမ၏ လှုပ်ရှားမှုကို အတော်လေး သတိထား၊ ဂရုစိုက်နေခဲ့သည်။ ထိုပစ္စည်းသည် သူမ၏ အကောင်းဆုံး လက်ရာကောင်းတစ်ခု ဖြစ်သည့်နှယ်။

“ဒါက ဒီတစ်ကြိမ် ငါဂုဏ်အယူရဆုံး လက်ရာဆိုရင် မမှားဘူး”

ရန်ကိုင်လည်း ယန်ယန်၏ လက်ထဲသို့ ငုံ့ကြည့်လိုက်ရာ လက်ဝါး အရွယ်လောက်ရှိသော တောင်ပံတစ်စုံကို တွေ့လိုက်ရသည်။ ထိုတောင်ပံ နှစ်ဖက်သည် တဖျတ်ဖျတ် တောက်ပနေပြီး စဉ်ဆက်မပြတ် အရောင် ပြောင်းလဲနေခဲ့လေရာ အလွန်ကိုမှ လှပသက်ဝင်ဖွယ် ကောင်းနေခဲ့သည်။

ပြောစရာမလိုအောင်ပင် ထိုတောင်ပံကို ပုံရိပ်ယောင်တိမ်လိမ်ပြာ၏ တောင်ပံများမှ လုပ်ထားခြင်းဖြစ်ပေသည်။ ထို့အပြင် ထိုတောင်ပံသည် ယန်ယန် ထုလုပ်ခဲ့သည့် မှော်ရတနာလေးခုအနက် အဆင့်အမြင့်ဆုံး သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် မှော်ရတနာ ဖြစ်ပေသည်။

“နင်ပေးလိုက်တဲ့ ပစ္စည်းတွေနဲ့ဆိုရင် အများဆုံးမှ သူတော်စင်ဘုရင် အလယ်အလတ်အဆင့်ပဲ လုပ်နိုင်မှာ ဆိုပေမယ့် ဒီတစ်ခုကို ငါသေချာ၊ အားစိုက်၊ ဂရုစိုက်ပြီး လုပ်ခဲ့လို့ သူ့အဆင့်ကို တစ်ဆင့် မြှင့်တင်နိုင်ခဲ့တယ်။ ဟိုးအရင်ကလည်းက တောင်ပံပုံစံ မှော်ရတနာတစ်ခုကို ငါလုပ်ချင်ခဲ့တာ။ ဒါပေမယ့် တောင်ပံလုပ်ဖို့ သင့်လျော်တဲ့ ပစ္စည်းတစ်ခုမှ ရှာမတွေ့ခဲ့ဘူး” ယန်ယန်က ထိုတောင်ပံလေးကို တယုတယ ကိုင်တွယ်နေခဲ့သည်။ ထိုတောင်ပံကို စိုက်ကြည့်နေသည့် သူမ၏ အကြည့်ဟာဆိုလျှင်လည်း အချိန်နှင့်အမျှ ပိုပို၍ ကျေနပ်အားရနေသည့်ပုံစံမျိုး။

ရန်ကိုင်က ထိုတောင်ပံကို လှမ်းယူလိုက်သည်။ ယန်ယန်က ရန်ကိုင်ဆီ မပေးချင်ပေးချင်ဖြင့် ပေးလိုက်ပြီး အထူးအလေးပေး၍ ပြောလိုက်သည် “သတိထားနော်၊ ပျက်စီးသွားဦးမယ်”

“ဒါက ငါ့အပိုင်မဟုတ်ဘူးလား” ရန်ကိုင်က ပြုံး၍ ပြန်ပြောသည်။

“နင့်အပိုင်ပဲပေါ့။ ဒါပေမယ့် လုပ်တဲ့လူက ငါ့လေ။ အဲ့ဒါကြောင့် ငါလုပ်ထားတဲ့ ပစ္စည်း နင်ကြောင့် မပျက်စီးအောင် လုပ်ဖို့ပဲ ငါ့တာဝန်ပဲ…”

“သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် မှော်ရတနာက ဒီလောက် လွယ်လွယ်နဲ့ ပျက်စီးနိုင်လို့လား” ရန်ကိုင်က ရယ်သွမ်းသွေး၍ ပြောသည်။

ယန်ယန်သည် တစ်ခုခု ပြန်ပြောရန် လုပ်လိုက်သော်ငြား မည်သည်ကို ပြန်ပြော၍ ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။ ထို့ကြောင့် ခေါင်းခါရမ်း၍ စတင် ရှင်းပြလိုက်လေသည် “ကြယ်လွန်းပျံတွေက သွားရလာရတာတွေမှာ အဆင် ပြေတယ်ဆိုပေမယ့် ဒီတောင်ပံတွေက တိုက်ခိုက်တဲ့နေရာမှာ ပိုပြီး အသုံးဝင်တယ်။ သေရေးရှင်ရေး အခြေအနေမျိုးတွေမှာ ကျင့်ကြံသူ တစ်ယောက်ရဲ့ အရှိန်ကို မြှင့်ပေးနိုင်တာမို့လို့ အရမ်းကို အသုံးဝင်နိုင်တယ်။ ဒါကိုသာ ရောင်းလိုက်မယ်ဆိုရင် အနည်းဆုံး အထွဋ်အထိပ်အဆင့် သူတော်စင် သလင်းကျောက် အတုံးသုံးသောင်းအောက် မလျော့ဘူး။ လေလံတင်လိုက်မယ် ဆိုရင်တော့ အဲ့ထက်တောင် ပိုရနိုင်သေးတယ်။ ဒီလောကကြီးမှ လူချမ်းသာတွေ အများကြီးပဲဟာကို၊ မုန်းဖို့ ကောင်းလိုက်တာ”

ပြောပြီးသည်နှင့် အလွန်တရာမှ ဆင်းရဲနေသည့် သူမ၏ ကံကြမ္မာကို မကျေနပ်သည့်အလား လက်သီးဆုပ်ကာ သူမလက်ကို ဒေါသတကြီး ဝှေ့ရမ်းလိုက်သည်။

“သုံးသောင်းလား” ရန်ကိုင် မျက်မှောင်ကြုတ်သွား၏။ ထိုတောင်ပံနှင့် အဆင့်တူသော သူ့ကြယ်လွန်းပျံကို ရေလကြယ်တွင် ဝယ်ယူခဲ့စဉ်က သူတော်စင်သလင်းကျောက် တစ်သောင်းနှစ်ထောင်သာ ကုန်ပေသည်။

အဆင့်တူမှော်ရတနာချင်း ဖြစ်သော်လည်း ထိုတောင်ပံ၏ တန်ဖိုးသည် သူ့ကြယ်လွန်းပျံထက် အများကြီး ပိုများပေသည်။ ထို့ကြောင့် ထိုမျှ ဈေးကြီးသည်မှာ အံ့အားသင့်စရာမဟုတ်။ ထို့ပြင် တောင်ပံ၏ပုံစံသည် အလွန်တရာကိုမှ လှပပေသည်။ ထို့ကြောင့် ထိုတောင်ပံသည် ကိုယ်ချစ်ရသူ မိန်းကလေးကို လက်ဆောင်ပေးချင်သည့် ယောကျာ်းများ လုံးဝကို လက် မလွှတ်သင့်သည် မှော်ရတနာတစ်ခုဟု ဆိုလျှင် မမှားပါချေ။

“နင်ဒါကို သူတော်စင်သလင်းကျောက် သုံးသောင်းနဲ့ ဝယ်ချင်လား” ရန်ကိုင်က ယန်ယန်ကိုကြည့်၍ မေးလိုက်သည်။

ယန်ယန် ချက်ချင်း ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။

“အဲ့ဒါဆိ ငါနင်ကိုရောင်းမယ်” ပြောပြီးသည်နှင့် ထိုတောင်ပံကို ယန်ယန်ဆီ ပစ်ပေးလိုက်လေသည်။

ယန်ယန်က ထိုတောင်ပံကို ကြောင်အမ်းအမ်းဖြင့် ဖမ်းလိုက်သည်။ ခဏအကြာ၌ ကိုးယိုးကားယဦး အမူအရာဖြင့် “ဒါပေမယ့် ငါ့မှာ သူတော်စင် သလင်းကျောက် အဲ့လောက် အများကြီး မရှိဘူး…”

ပြောပြီးသည်နှင့်နောက် ရှက်သွေးဖြန်းဖြန်း ဖြာသွား၏။

“ငါသိတယ်။ နင်ငါ့ကို ချက်ချင်း ပေးစရာ မလိုဘူး။ ချေးတယ်လို့သာ သဘောထားလိုက်။ ငါ့မှာ နင့်ဆီကနေ အကူအညီ တောင်းစရာတွေ ရှိသေးတယ်။ အဲ့ကျမှ နင့်ကို ပေးရမယ့် တန်ဖိုးကို အဲ့သုံးသောင်းထဲကနေ ပြန်နှုတ်မယ်။ နင့်အကြွေးကို ဆပ်လို့ပြီးတာနဲ့ နင်လွတ်လပ်သွားပြီပဲ။ အဲ့မတိုင်ခင်တော့ နင်က ငါ့ရဲ့ ကိုယ်ပိုင် ပန်းပဲဆရာအဖြစ် ရှိနေရလိမ့်မယ်”

“သူတော်စင်သုံးသောင်းတန်တဲ့ တာဝန်လား” ယန်ယန် ချက်ချင်း ကြောက်လန့်သွားခဲ့ပြီး “အခုတစ်ကြိမ် လုပ်ပေးခဲ့တာတွေအတွင် နင့်ဆီက ငါဘယ်လောက် တောင်းရမလဲ နင်သိလား”

“ဘယ်လောက်လဲ”

“နင့်ဆီကနေ ငါတစ်လုံးလုံး ကြိုးစားခဲ့ရတာတွေ အတွက် သူတော်စင် သလင်းကျောက် အတုံးတစ်ထောင် တောင်းမလို့ပဲ။ တစ်လကို အတုံး (၁၀၀၀)ဆိုရင် အတုံးသုံးသောင်းအတွက် လသုံးဆယ်တောင် လုပ်ပေးရမှာ။ လသုံးဆယ်ဆိုရင် အနည်းဆုံး နှစ်နှစ်ခွဲကြီးတောင်။ ပြီးတော့ နားချိန်မရှိဘဲ တောက်လျှောက် လုပ်ပေးနေရမှာ” ယန်ယန် မျက်နှာ သွေးမရှိတော့သလို ဖြူလျော်သွားခဲ့သည်။

“နှစ်နှစ်ခွဲက အဲ့လောက်ကြာတာမှ မဟုတ်တာ။ နင့်အကြွေးကို အဲ့အချိန်အတွင်း ပေးပြီးသွာတာလည်း ဖြစ်နိုင်တာ”

“မပေးနိုင်ရင်ကော” ယန်ယန် အော်ငိုတော့မတတ် ဖြစ်နေခဲ့သည်။ သူမတစ်သက် ထိုမျှ များပြားလှသော သူတော်စင်သလင်းကျောက်များကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

“နင့်ခန္ဓာကိုယ်နဲ့ ပေးလို့ရတယ်လေ” ရန်ကိုင်က သွားပေါ်အာင် ပြုံး၍ ယန်ယန်၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ရင်း ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်၏ “ငါလည်း နင့်ခန္ဓာကိုယ်ကို အတော်လေး စိတ်ဝင်စားနေတာ”

ယန်ယန်မျက်နှာ ပို၍ ဖြူလျော်သွားခဲ့သည်။ ထိုသကောင့်သား၏ မျက်နှာကိုကြည့်ရင်း သူမလက်ထဲရှိ တောင်ပံနှင့် ပစ်ပေါက်ချင်စိတ်တို့ ဖြစ်ပေါ်လာရသည်။ သို့သော် ထိုကဲ့သို့ မလုပ်ရက်။

ခဏလောက် စဉ်းစားပြီးနောက် အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည် “ခဏနေဦး ငါမေးစရာရှိသေးတယ်။ နင်က ငါ့ကို အဆက်မပြတ် ပန်းပဲထုခိုင်းမယ်လို့သာ ပြောနေတာ။ နင့်မှာ ပစ္စည်း အလုံအလောက်ကော ရှိလို့လား။ နင့်ဘက်က ပစ္စည်းတောက်လျှောက် မထောက်ပံ့ပေးနိုင်ဘူးဆိုရင် ငါက ဒီအတိုင်းကြီး စောင့်နေရမှာပေါ့။ အဲ့လိုဆို ငါ့အကြွေးတွေကို ဘယ်လိုလုပ်ပြီး ချေနိုင်တော့မှာလဲ”

ဒီမိန်းကလေးက မတုံးဘူးပဲ ယန်ယန်ကို တုံးအအ မိန်းကလေး တစ်ယောက်ဟု ထင်ခဲ့သော်လည်း ယန်ယန်သည် သူထင်ထားသလို မဟုတ်ဘဲ ဥာဏ်ကောင်းနေခဲ့သည်။

“ပစ္စည်းနဲ့ ပက်သက်ရင် စိုးရိမ်စရာမလိုဘူး။ အခုလောလောဆယ် ဒါကို အရင်ယူသွားနှင့်” ပြောပြီးသည်နောက် ယန်ယန်ရှေ့ နောက်ထပ် ပစ္စည်းပုံ တစ်ပုံကို ထပ်ချပေးလိုက်လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၁၀၇) စီးပွားရေး

ကွေ့ချဲတို့နှင့်အတူ သွားလာနေစဉ် အတောအတွင်း၌ အဆင့် (၇)၊ အဆင့် (၈) မွန်းစတားသားရဲများစွာကို သူတို့ သတ်ခဲ့သည်။ ထို့ကြောင့် သူ့တွင် ထိုပစ္စည်းများစွာ ရှိနေသည်မှာ အထူးအဆန်း မဟုတ်ပါချေ။ ယခင်တစ်ကြိမ်က သူ့အတွက် အသုံးမဝင်သော ပစ္စည်း များကိုသာ ထုတ်ယူခဲ့ခြင်း ဖြစ်၍ ယခုတစ်ကြိမ်တွင်မူ သူ့အတွက် အရမ်းကြီး အဖိုးတန်ခြင်းမရှိသော ပစ္စည်းအားလုံးကို ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ယန်ယန်သည် ပထမတစ်ကြိမ်ကဲ့သို့ လက်စွမ်းပြနိုင်ပြီး သူလည်း သူမ၏ စွမ်းဆောင်ရည်အပေါ် စိတ်ကျေနပ်လျှင် သူမအား တန်ခိုးရှင်အဆင့် မှော်ရတနာကို ထုလုပ်ခွင့် ပေးပေမည်။

မွန်းစတားသားရဲ အစိတ်အပိုင်းပုံကြီးကိုကြည့်ရင် ယန်ယန် အနည်းငယ် တုန့်ဆိုင်းနေခဲ့သည်။ သို့သော် နောက်ဆုံးတွင် အရှိကို အရှိအတိုင်း လက်ခံလိုက်လေသည်။

အထွဋ်အထိပ်သူတော်စင် သလင်းကျောက် သုံးသောင်းလေးသာ မဟုတ်ပေလော။ တစ်နေ့နေ့ကျ ထိုအကြွေးငွေကို ပြန်ဆပ်နိုင် ပေလိမ့်မည်။

ပစ္စည်းအားလုံးကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းပြီးနောက် လိုအပ်သော ကုန်ကြမ်းအမယ်များကို ချရေးကာ စာရင်းစာရွက်ကို ရန်ကိုင်ဆီ ပေးလိုက်သည် “ဒီသတ္တုတွေ သွားဝယ်ပေး။ ရက်နည်း နည်းလောက် နားပြီးမှ ငါနောက်တစ်ကြိမ် လုပ်ငန်းပြန်စမယ်”

ရန်ကိုင်သည် စာရင်းစာရွက်ကိုယူပြီး တစ်ချက်ကလေးပင် မစစ်ဆေးဘဲ ခေါင်းညိတ်၍ လမ်းလျှောက်ထွက်သွားလေသည်။

ယန်ယန်က သူမထွက်သွားခင် စိုးရိမ်တကြီး လှမ်းအော်မေး၏ “နင့်အခန်းထဲမှာ ငါ့ကျင့်ကြံလို့ရမလား။ ဒီမှာက ငါ့နေရာထက် ပိုပြီး မိုးမြေစွမ်းအင် သိပ်သည်းလို့”

“ရတယ်”

နဂါးလိုဏ်ဂူတောင်မှ ထွက်လာပြီးနောက် ကံကြမ္မာမြို့တော်ဆီ ပျံသန်းသွားလိုက်သည်။

ယန်ယန် ချရေးပေးလိုက်သည့် စာရင်းပေါ်ရှိ ကုန်ကြမ်းပစ္စည်း အားလုံးကို ဝယ်ရန် နေ့တစ်ဝက်လောက် အချိန်ယူလိုက်ရသည်။ မည်ကဲ့သို့သော သတ္တုနှင့် ကုန်ကြမ်းပစ္စည်းများအား ကောင်းကင် ကံကြမ္မာမြို့တော်တွင် ရနိုင်သလဲ ဆိုသည်ကို ယန်ယန် သိထားသည့် ပုံပင်။ ထို့ကြောင့် သူမ လိုချင်သော ပစ္စည်းများကို အခြားနေရာများ၌ တကူးတက လိုက်ရှာနေစရာ မလိုခဲ့ချေ။

ကုန်သွယ်ရေး အစည်းအရုံးဆိုသော ဆိုင်တစ်ဆိုင်၌…

ဆိုင်ဝန်ထမ်းသည် ရန်ကိုင် ဝယ်ယူထားသော သတ္တုများ၏ အရည်အသွေးနှင့် အရေအတွက်ကို စစ်ဆေးနေစဉ် အနည်းငယ် ဝဖိုင့်ဖိုင့်၊ ပုတိုတို လူအိုကြီးတစ်ယောက် စိတ်ဝင်တစား အမူအရာဖြင့် ရန်ကိုင်ဆီ လျှောက်လာ၍ မေးလိုက်သည် “လူငယ်လေး၊ ဒီသတ္တုတွေ ကို မှော်ရတနာသွန်းလုပ်ဖို့တွက် မင်းဝယ်နေတာလား”

ရန်ကိုင် ခေါင်းမော့လိုက်ပြီး ထိုလူအိုကြီးကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ ဆိုင်ဝန်ထမ်းက အလျင်အမြန်ပဲ ဝင်ရှင်းပြလိုက်၏ “ဧည့်သည်တော်ရေ၊ ဒါက ကျုပ်တို့ရဲ့ ဆိုင်ပိုင်ရှင် ချန်းထုန်ပါ”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။ ဘာမှတော့ ပြန်မပြောခဲ့။ ထိုလူအိုကြီးသည် အပြင်းပန်းတွင်သာ ဘာအန္တရာယ်မှ မရှိဟန် ထင်ရသော်လည်း သူ့ခွန်အားသည် လုံးဝ မနိမ့်ကျပါချေ။ တန်ခိုးရှင်အဆင့် ဖြစ်လောက်သည်။ သို့သော်လည်း သူ့အရှိန်အဝါကို ဖုံးကွယ်ထားသည့် အတွက်ကြောင့် တန်ခိုးရှင် မည်သည့်အဆင့်လဲ ဆိုသည်ကိုမှ ရန်ကိုင် မခန့်မှန်းနိုင်ခဲ့။

ချင်းထုန်ဆိုသော လူအိုကြီးသည် ရန်ကိုင်၏ အပြုအမူနှင့် ပက်သက်၍ နည်းနည်းလေးပင် စိတ်ပျက်သွားခြင်း မရှိဘဲ ပြုံး၍သာ ဆက်ပြောလိုက်သည် “မင်းစိတ်ချထားလိုက်။ ငါတို့ ကုန်သွယ်ရေး အစည်းအရုံးက ရိုးရိုးသားသားပဲ စီးပွားရေးလုပ်တာ။ လုပ်ကြံပြီး ပစ္စည်းလုတာတို့၊ ပြန်ပေးဆွဲတာတို့၊ နောက်ကွယ်ကနေ အကောက် ကြံတာတို့ မလုပ်ဘူး။ ပြီးတော့ ငါတို့က မှော်ရတနာတွေလည်း ဝယ်တယ်နော်။ မင်းမှာ ရောင်းစရာ မှော်ရတနာတွေ ရှိရင် ပြောလိုက်၊ ဈေးအကြောင်း ထိုင်ပြောကြမယ်”

“ကျုပ်မှာ ရောင်းစရာမှော်ရတနာ ရှိတယ်လို့ ခင်ဗျား ဘာလို့ ထင်တာလဲ” ရန်ကိုင်က လူအိုကြီးကို နားမလည်နိုင်ဟန်ဖြင့် ပြန်၍ ကြည့်လိုက်သည်။

ချင်းထုန်က ရယ်မောလိုက်ပြီး “မင်းက ဧည့်သည်ပဲလေ။ ငါက ဧည့်သည်တိုင်းကို ဒီစကားပြောတာ”

“ကျုပ်မှာ တကယ်ပဲ ရောင်းစရာ မှော်ရတနာတွေ ရှိနေတယ်” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောသည်။

ယခုတစ်ကြိမ် ကောင်းကင်ကံကြမ္မာ မြို့တော်ဆီသို့ ရန်ကိုင် လာရသည့် အကြောင်းအရင်း နှစ်ချက် ရှိသည်။ ပထမ တစ်ချက်သည် ယန်ယန်ပေးလိုက်သော သတ္တုများကို ဝယ်ရန် ဖြစ်ပြီး ဒုတိယမှာ သူမ ထုလုပ်ခဲ့သော မှော်ရတနာများကို ရောင်းချရန် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ထိုပစ္စည်းများသည် သူ့အတွက် အသုံးမှ မဝင်ပေလော။ တင်းပုတ်ဖြစ်စေ၊ ဓါးမြှောင်ဖြစ်စေ၊ ကြာပွတ်ဖြစ်စေ၊ အကုန်လုံးသည် သူ့အတွက် အသုံးမဝင်ပါချေ။ ထို့ကြောင့် ထိုပစ္စည်းများကို သိုလှောင် လက်စွပ်ထဲ ထည့်သိမ်းထားခြင်းသည် နေရာကုန်ရုံသာရှိပေရော့မည်။

ထို့အပြင် သတ္တုများကို ဝယ်ရန်အတွက် သလင်းကျောက်များ လိုအပ်ပေသေးသည်။

အစကမူ ထိုမှော်ရတနာများကို ရောင်းချရန်အတွက် ဝူရီဆီမှ အကူအညီတောင်းရန် စဉ်းစားခဲ့သည်။ တကယ်တော့ ဝူရီသည် ဒေသခံ ဖြစ်လေရာ ဤနေရာရှိ မှော်ရတနာ ဈေးကွက်အကြောင်း သူ့ထက် ပိုသည်မည်မှာ အမှန်အကန်ပင်။ သို့သော်လည်း ဝူရီ၏ ရာထူးသည် အတားအဆီး ဖြစ်နေခဲ့သည်။ ထို့အပြင် သူမ ကိုယ်တိုင် သည်လည်း အားကောင်းသည့်လူတစ်ယောက် မဟုတ်။ ထို့ကြောင့် သူမဆီမှ အကူအညီတောင်းလျှင် မလိုလားအပ်သော ပြဿနာများကို ဖိတ်ခေါ်လာနိုင်သည်။

ယခု ထိုပြုံးနေသော ဝတုတ်တုတ် လူအိုကြီးသည် သူ့အား အရင် စလာမေးခဲ့စဉ် ငြင်းပယ်လိုက်ပါက ခွင့်သာခိုက်မှ မလိုက်ချင်၊ ငမိုက် နင့်ပြင် ရှိလေဦးမလား ဟူ၍ ဖြစ်သွားနိုင်သည်။

ထိုလူအိုကြီး၏ ခွန်အားသည် နိမ့်ကျခြင်း မရှိသော်ငြား သူ့ကို ရန်ကိုင် မကြောက်။ အဆိုးဆုံးမှ လေဟာနယ်ကို ဆုတ်ဖြဲပြီး ထွက်ပြေးလိုက်ရုံပင်။ ထွက်ပြေးရန် ယုံကြည်ချက်အပြည့် ရှိမှဖြင့် ဘာကြောင့် ထိုလူအိုကြီးနှင့် ထိုင်မဆွေးနွေးရဲမည်နည်း။

“ကြည့်ရတာ ငါမမှားသွားဘူးနဲ့တူတယ်၊ ဟားဟားဟား။ ကဲ လူငယ်လေး၊ အထဲကြွခဲ့ပါလား” ချင်းတုန်က ရန်ကိုင်ကို အထဲသို့ ဖိတ် ခေါ်လိုက်သည်။

ခဏအကြာ၌ ရန်ကိုင်နှင့် ချင်းတုန်းသည် ခမ်းခမ်းနားနား ပြင်ဆင်ထားသော အခန်းတစ်ခန်းထဲသို့ ရောက်လာခဲ့သည်။ ထိုကဲ့သို့ ပစ္စည်းရောင်းချသူများသည် သူတို့ ရောင်းနေသော ပစ္စည်းများအား အခြားသူများမှ မြင်သွားမည်ကို မလိုချင်ကြချေ။ ထို့ကြောင့် အများစုသည် ရုပ်ပြောင်းရုပ်လွှဲလုပ်လျှင်လုပ်၊ မလုပ်လျှင် မျက်နှာဖုံး တပ်ကာ ရောင်းချကြသည်။

ဤအခန်းသည် ထိုပြဿနာများကို ဖြေရှင်းရန်အတွက် အဖြေ တစ်ခုဖြစ်သည်။ အခန်းတံခါးကို ပိတ်လိုက်သည်နှင့် အပြင်ဘက်မှ မည်သည့် ကောင်းကင်စိတ်အာရုံမှ အခန်းတွင်းရှိ အခြေအနေကို စစ်ဆေးနိုင်တော့လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်သည် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် အမူအရာ ဖြင့် အခန်းကို လိုက်ပတ်ကြည့်သည်။ ချင်းတုန်သည် ယဲ့ယဲ့လေး ပြုံး၍သာ ရန်ကိုင်ကို ကြည့်နေခဲ့သည်။

စီးပွားရေးတစ်ယောက် ဖြစ်သော ချင်းတုန်း အနေဖြင့် ရန်ကိုင် ၏ အပြုအမူကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့ရသော်လည်း ဘာအပိုမေးခွန်းမှ မေးမနေခဲ့ချေ။ လိုရင်းကိုသာ တန်းသွားလိုက်သည် “လူငယ်လေး၊ မင်းဘယ်လို မှော်ရတနာတွေ ရောင်းချင်းနေတာလဲ။ မင်းရောင်းချင်တဲ့ မှော်ရတနာကကော ဘယ်အဆင့်လဲ”

ရန်ကိုင်လည်း ယန်ယန် သွန်းလုပ်ထားသော မှော်ရတနာ (၃) ခုကို အမြန် ထုတ်ပြလိုက်သည်။

ချင်းတုန်က ထိုမှော်ရတနာ (၃)ခုအား တစ်ခုချင်း ကောက်ယူ စစ်ဆေးကြည့်လိုက်ပြီးနောက် ခေါင်းညိတ်၍ ပြောလိုက်သည် “ငါက ပန်းပဲမထုတတ်ပေမယ့် ဒီပစ္စည်းသုံးခုက သူတို့ အဆင့်အတွင်းမှာ ထိပ်တန်းအဆင့်တွေချည်းပဲ။ ပြီးတော့ ပန်းပဲဆရာတစ်ယောက် တည်းကပဲ သုံးခုစလုံးကို လုပ်ထားတာ။ မင်းဘယ်ဈေးနဲ့ရောင်းချင်လဲ”

ချင်းတုန်သည် လိုရင်းကိုသာ ပြောသည်။ အပိုမေးခွန်းများကို မေးမနေခဲ့သဖြင့် ရန်ကိုင် အတော့်ကို ကျေနပ်သွားရသည်။

“ဈေးကိုတော့ ကျုပ်လည်း မပြောတတ်ဘူး။ ဒီလို ပစ္စည်းတွေကို ခင်ဗျား ဘယ်ဈေးပေးလေ့ရှိလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

ချင်းတုန် ကြောင်သွားခဲ့သည်။ ရန်ကိုင်သည် ရောင်သူ ဖြစ်လင့် ကစား သူရောင်းမည့်ပစ္စည်း၏ တန်ဖိုးကို မသိ ဖြစ်နေလိမ့်မည်ဟု ချင်းတုန် မထင်ထားခဲ့ချေ။ ပစ္စည်း လာရောင်းသည့်လူတိုင်း ဈေးကိုင်ကြသည်ချည်းသာ။ ဈေးကောင်းရရန်အတွက် သူတို့ ယူလာသော ပစ္စည်းများကိုလည်း အမွှမ်းတင်လိုက်ကြသည်မှာလည်း ရွှန်းရွှန်းကိုစိုလို့။ သို့သော်လည်း ရန်ကိုင်ကမူ ရောင်းမည်ဟုပြော၍ သူ့အား ဈေးဖြတ်ခိုင်းနေခဲ့သည်။

အရောင်းအဝယ် ပြီးသွားသည့်တိုင် လာရောင်းသူများသည် ငါတို့များ နှပ်ချခံလိုက်ရတာလားဟု တွေးကာ စိုးရိမ်လေ့ရှိကြသည်။

ရန်ကိုင်ကမူ သူနှပ်ချခံရမည်ကို လုံးဝ စိတ်မပူသည့်ပုံပင်။

ချင်းတုန်ရင် ဖော်ရွေစွာပြုံး၍ ပြောလိုက်သည် “သူတော်စင် ဘုရင်အဆင့် မှော်ရတနာတွေရဲ့ တန်ဖိုးက အများအားဖြင့် အထွဋ် အထိပ်အဆင့် သူတော်စင်သလင်းကျောက် (၅၀၀၀) ကနေ စလေ့ရှိတယ်။ ဒါပေမယ့် အဲ့ဒါက ငါတို့ရဲ့ အကန့်အသတ်ပဲ။ အခု ပစ္စည်းသုံးခုမှာ နှစ်ခုက သူတော်စင်ဘုရင် အဆင့်နိမ့်၊ တစ်ခုက သူတော်စင်ဘုရင် အလယ်အလတ်အဆင့်။ သုံးခုစလုံးက တကယ်ကို ပစ္စည်းကောင်းတွေချည်း ဖြစ်တာမို့ အဆင့်နိမ့်နှစ်ခုကို (၆၀၀၀)နဲ့ ပေးဝယ်မယ်။ အလယ်အလတ်အဆင့် တစ်ခုကိုတော့ (၈၀၀၀)ပေါ့။ မင်းဘယ်လိုထင်လဲ”

“စုစုပေါင်း နှစ်သောင်းပေါ့” ရန်ကိုင် မျက်မှောင်ကြုတ်သွား၏။ ထိုဈေးသည် သူမျှော်မှန်းထားသည့်ဈေးထက် ပိုနိမ့်နေခဲ့သည်။

သို့သော်လည်း အရိပ်ကြယ်ပေါ်ရှိ သူတော်စင်သလင်းကျောက် များ၏ တန်ဖိုးသည် အခြားနေရာများထက် ပိုမြင့်သည့် အကြောင်းကို မှတ်မိလိုက်သည့်အခါ ရန်ကိုင် စိတ်သက်သာရာ ရသွားသည်။ ရန်ကိုင်၏ အမြင်အရ ချင်းတုန်ပေးသည့် ဈေးသည် မျှတသည်။ တကယ်တော့ သူကိုယ်တိုင်က စီးပွားရေးသမား တစ်ယောက် မဟုတ်ပေလော။ ထို့ကြောင့် ထိုမှော်ရတနာများကို အမြတ်တင်၍ ပြန်ရောင်နိုင်မည့် ဈေးနှုန်းဖြင့် ဝယ်ရပေလိမ့်မည်။

“ဈေးက နိမ့်တယ်ဆိုရင် ထပ်ဆွေးနွေးလို့ ရသေးတယ်နော်။ စီးပွားရေးဆိုတာက ဈေးခေါ်တာ၊ ငွေးပေးတာ သက်သက်နဲ့တင် မဟုတ်ဘူးလေ” ချင်းတုန်က အသာအယာ ပြုံးလိုက်သည်။

“ကျုပ်ဝယ်ခဲ့တဲ့ သတ္တုတန်ဖိုးကို လျော်ပေးလိုက်။ အဲ့လိုဆို ဒီဈေးနဲ့ပဲ ဖြတ်လိုက်မယ်” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။

ချင်းတုန်က အားပါးတရ ရယ်မော၍ ပြန်ပြောလိုက်သည် “ကောင်လေး၊ မင်းက တကယ်ကို လာဘ်မြင်တတ်တာပဲကွ။ မင်း ဝယ်ထားတဲ့ သတ္တုတန်ဖိုးက သေးတာမဟုတ်ဘူးကွ။ အနည်းဆုံး အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက် (၃၀၀၀)ရှိတယ်။ ဒါပေမယ့် မိတ်ဖြစ်ဆွေဖြစ် လျော်ပေးလိုက်ရတာကတော့ ကိစ္စ မရှိပါဘူးလေ။ မင်းမှာ နောက်ပိုင်း ရောင်းစရာတွေ ရှိသေးရင် ငါတို့ ကုန်သွယ်ရေး အစည်းအရုံဆီ အရင်လာရောင်းဖို့ မမေ့နဲ့နော်”

“ဟုတ်ပါပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

အရောင်းအဝယ် ပြီးသွားသည်နှင့် ရန်ကိုင်လည်း ဝယ်ပြီးသား ပစ္စည်းများကို သယ်ကာ ကောင်းကင်ကံကြမ္မာ မြို့တော်မှ ထွက်ခွာ လာခဲ့သည်။

သူထွက်သွားပြီးနောက် ချန်းတုန် ဆိုသော လူအိုကြီးက ရန်ကိုင် ပျောက်ကွယ်သွားအရာ အရပ်ဆီ စိုက်ကြည့်ရင်း ခဏအကြာ၌ ရေရွတ်လိုက်သည် “စိတ်ဝင်စားစရာပဲ”

“အကြီးအကဲချန်… ဒီတစ်ကြိမ် ကျုပ်တို့ ရှုံးသွားတယ်နော်။ သူ့ကို ပေးလိုက်တဲ့ သူတော်စင်သလင်းကျောက် (၃၀၀၀)ကို သူ လာရောင်းသွားတဲ့ မှော်ရတနာတွေကို ပြန်ရောင်းရုံနဲ့ မရလောက်ဘူး” ဆိုင်ဝန်ထမ်းက အထွန့်တက်လိုက်သည်။

ချန်းတုန်က ပြုံးသာပြုံး၍ ပြောလိုက်သည် “တကယ်လား။ ငါကတော့ ဒီတစ်ကြိမ် မြတ်သွားတယ်လို့ ထင်တာပဲ”

ဆိုင်ဝန်ထမ်းလည်း ကြောင်တောင်တောင် ဖြစ်သွားသည်။ သို့သော် မည်သို့ပင် စဉ်းစားစေကာမူ ချန်းတုန် ဘာကို ပြောချင်နေလဲ ဆိုသည်ကို မစဉ်းစားတတ်အောင် ဖြစ်နေခဲ့သည်။

“မင်းဘာသိလို့လဲ။ အဲ့ကောင်လေးနောက်မှာ ပန်းပဲပညာရှင် တစ်ယောက် ရှိနေလိမ့်မယ်။ အရင်လတုန်းကလည်း ဒီမြို့ကိုလာပြီး သတ္တုတွေ လာဝယ်သွားသေးတယ်။ အဲ့တုန်းက ငါတို့ တစ်ဆိုင်ထဲမှာ ဝယ်တာ မဟုတ်ဘူး။ ဆိုင်တွေခွဲပြီး လိုက်ဝယ်တာ။ လည်တော့ လည်သား။ အဲ့ကတည်းက ငါသူ့ကို သတိထားမိသွားတာ။ ဒါပေမယ့် ဒီမြို့မှာရှိတဲ့ ဆိုင်တွေ အများစုကို ငါတို့ အရိပ်လခန်းမက ပိုင်တယ် ဆိုတာ သူဘယ်လိုလုပ်ပြီး သိမှာလဲ။ … အခု သူပြန်ရောက်လာပြီး မှော်ရတနာတွေ လာရောင်းတယ်။ ပြီးတော့ သတ္တုအသစ်တွေလည်း ထပ်ဝယ်သွားတယ်။ အဲ့သတ္တုတွေကို ဘာလုပ်ဖို့ ဝယ်တယ်လို့ မင်းထင်လဲ” ချန်းတုန်က စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်သည်။

“သူပြန်လာလိမ့်မယ်။ သူပြန်လာရင် ငါ့ကို လှမ်းခေါ်လိုက်။ ငါကို မခေါ်နိုင်ရင်လည်း သူ့ကို သေချာဂရုစိုက်ပေးဖို့ မမေ့နဲ့။ သူစိတ်ကျေနပ်ဖို့ဆိုရင် ငွေနည်းနည်းလောက် ဆုံးရှုံးသွားတာ ဘာမှ မဖြစ်ဘူး” ချင်းတုန်က ထပ်ပြောလိုက်သည်။

“နားလည်ပါပြီ” ဆိုင်ဝန်ထမ်းက ခေါင်းညိတ်လိုက်သည်။ အကြီးအကဲ ချင်းတုန် မည်သည်ကို ပြောချင်နေသလဲ ဆိုသည်ကို သေချာ နားမလည်သေးသော်ငြား သူ့တွင် ဝင်ကန့်ကွက်ခွင့်မရှိချေ။

ချင်းတုန်သည် ကုန်သွယ်ရေး အစည်းအရုံးမှ ထွက်လာခဲ့ပြီး ကောင်းကင်ကံကြမ္မာမြို့တော်ထဲရှိ နန်းတော်ကြီး တစ်ခုဆီသို့ အမြန် ပြေးသွားခဲ့သည်။ ရောက်သည်နှင့် နန်းတော်ထဲရှိ လူအိုကြီး တစ်ဦးကို ရှာကာ အသစ်ရထားသော မှော်ရတနာသုံးခုကို ပေးလိုက်သည်။

လူအိုကြီးသည် တစ်ခုခုကို ခံစားကြည့်နေသည့်အလား မျက်လုံး ပိတ်လျက် မှော်ရတနာသုံးကို အသာအယာ ထိတွေ့ဆန်းစစ်နေ၏။ ခဏအကြာတွင် လူအိုကြီး၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူ့မျက်နှာထက် အံ့အားသင့်သည့် အမူအရာ ထွက်ပေါ်လာခဲ့သည်။

နာရီဝက်ကြာပြီးနောက် မှော်ရတနာ သုံးခုကို ချထားလိုက်ပြီး မျက်လုံးဖွင့်လိုက်သည်။

“ဆရာကဲလင်၊ အဲ့ဒါနဲ့ ပက်သက်ပြီး ဘယ်လိုထင်လဲ” ချင်းတုန် က ချက်ချင်း မေးလိုက်သည်။

“ဒီမှော်ရတနာသုံးခုကို တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်က ထုလုပ်ထားတာ” ကဲလင်ဆိုသော လူအိုကြီးက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း၍ ပြောလိုက်သည်။

“တန်ခိုးရှင်အဆင့်…” ချင်းတုန် မျက်လုံးကျွတ်ထွက်လုမတတ် ဖြစ်သွားခဲ့သည်။ ရန်ကိုင်၏ နောက်ကွယ်ရှိ ပန်းပဲပညာရှင်သည် အတော်လေး အဆင့်မြင့်မည်ဟု ထင်ထားသော်လည်း တန်ခိုးရှင် အဆင့် ဖြစ်လိမ့်မည် ဟူ၍တော့ မထင်ထားခဲ့ပါချေ။

“ဟုတ်တယ်။ သူ့အရည်အချင်းက ငါ့အောက်မကျဘူး။ ဒီမှော်ရတနာ သုံးခုထဲမှာ သုံးထားတဲ့ ပစ္စည်းတွေက အဆင့်ရှစ် မွန်းစတား သားရဲတွေဆီက ရတဲ့ အစိတ်အပိုင်းတွေပဲ။ ဒီသုံးခုကို ဘယ်သူလုပ်ထားတာလဲ။ ကောင်းကင်ကံကြမ္မာ မြို့တော်နားမှာ အဲ့လို အရည်အချင်းရှိတဲ့ ပန်းပဲဆရာ ရှိလို့လား” ကဲလင်းက မေးလိုက်သည်။

“ငါလည်း မသိဘူး။ ဒါတွေကို ဒီနေ့ လူငယ်လေး တစ်ယောက်က လာရောင်းသွားတာ” ချင်းတုန် ခေါင်းခါလိုက်သည်။

“သူအခု ဘယ်မှာလဲ” ကဲလင်က ထပ်မေးသည်။

“အရမ်းကြီး မဆင်မခြင် မလုပ်ရဲသေးဘူး။ တော်ကြာ ငါတို့ကို တစ်လွဲထင်သွားမှဖြင့်။ အခုမှ အစပဲ ရှိသေးတာကို”

ကဲလင်က ခေါင်းညိတ်လိုက်တယ် “ဟုတ်တယ်။ မင်းလုပ်တာ မှန်တယ်။ အဲ့လို ပညာရှင်တွေကို စည်းရုံးလို့ပဲကောင်းတယ်။ ရန်စလို့ မကောင်းဘူး။ အဆင့်ရှစ် မွန်းစတား သားရဲကို သတ်နိုင်တယ် ဆိုကတည်းက သူ့ခွန်အားက မနိမ့်ကျဖို့များပြီ။ တိုက်ခိုက်ရာမှာတင် မဟုတ်ဘူး။ ပန်းပဲထုတဲ့နေရာမှာပါ ငါ့အောက်မကျဘူးဆိုတော့ မင်း အဲ့လူငယ်လေးကို သေချာ အာရုံစိုက်ထားသင့်တယ်။ ရိုးသားမှုက အရေးအကြီးဆုံးပဲ။ သူ့နောက်က ပညာရှင် ဘယ်သူလဲ ဆိုတာကို သိဖို့ ခက်လိမ့်မယ်လို့တော့ ငါမထင်ဘူး”

“ငါလည်း အဲ့လိုပဲ ထင်နေတာ။ ပြီးတော့ ရှိသေးတယ်။ မကြာခင် သူပြန်လာလိမ့်မယ်။ ဒီနေ့ သူတော်စင်ဘုရင်အဆင့် သတ္တုတွေ အများကြီး ဝယ်သွားတယ်။ နောက်ထပ် မှော်ရတနာတွေ လုပ်ဖို့နဲ့ တူတယ်”

“ကောင်းတယ်။ ငါအခု တော်တော်လေး အိုနေပြီ။ နောက်ထပ် အကြာကြီး နေရတော့မှာမဟုတ်ဘူး။ အဲ့လို ပညာရှင်တစ်ယောက် သာ ငါ့အစား ရှိနေပေးမယ်ဆိုရင် မင်းတို့ မှော်ရတနာတွေ ပျက်စီးသွားတဲ့အခါကျ ပြန်ပြင်ပေးမယ့်လူ မရှိမှာကို စိုးရိမ်နေစရာ မလိုတော့ဘူး” ကဲလင်က မဲ့ပြုံးပြုံးလိုက်သည်။

ပန်းပဲပညာရှင်များသည် ပန်းပဲထုရာတွင်သာ စိတ်ဝင်စားကြပြီး တိုက်ခိုက်ခြင်းကို စိတ်မဝင်စားကြချေ။ ထို့ကြောင့် သူတို့၏ အသက် စွမ်းအင်သည် အဆင့်တူကျင့်ကြံသူများထက် ပို၍ နိမ့်ကျလေ့ရှိရာ ပို၍ အသက်တိုလေ့ ရှိကြပေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၁၀၈) ရွှေရောင်သွေးစက်၏ အံချီးဖွယ်ရာအစွမ်း

သူ့အခန်းထဲရှိ ကျောက်တုံးကုတင်ပေါ်တွင် ခြေကားယား လက်ကားယား လဲလျောင်းနေသော ယန်ယန်ကိုကြည့်ရင်း ရန်ကိုင် ခေါင်းသာ ခါလိုက်သည်။

တစ်လလောက် မနားတမ်း တောက်လျှောက် ပန်းပဲထုနေရ သဖြင့် သူမလည်း မောနေလောက်ပေပြီ။ လုံးဝကို ပစ်စလတ်ခတ် လဲလျောင်းနေသဖြင့် သူမ ခန္ဓာကိုယ်၏ အမို့အမောက်၊ ကောက်ကြောင်း အဖုံဖုံကို ရန်ကိုင် အထင်းသာ မြင်နေရသည်။ သူစိတ်က ကြည့်ချင်သည်ဖြစ်စေ၊ မကြည့်ချင်သည် ဖြစ်စေ၊ သူ့မျက်လုံးကမူ မို့တက်နေသော တောင်နှစ်လုံးဆီမှ အကြည့် မခွှာနိုင် ဖြစ်နေခဲ့ရသည်။

သူပြန်ရောက်သည်ကို ယန်ယန် နည်းနည်းလေးပင် သတိမမူမိ။

ဟိုနည်းနည်း ဒီနည်းနည်း လျှောက်ပြီးနောက် လိုဏ်ဂူထဲမှ ထွက်ကာ တောအုပ်ထဲ အမဲသွားလိုက်သည်။ အမဲလိုက်ပြီးနောက် လိုဏ်ဂူဝင်ပေါက်တွင် မီးဖိုကာ ရလာသော သားကောင်ကို စကင်သည်။ ယန်ယန်သည် မရပ်မနား အလုပ်လုပ်ခဲ့ရသည့် အတွက်ကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေသည်။ ထို့ကြောင့် အားပြန်ပြည့်အောင် အရသာရှိသည့်အရာ တစ်ခုခု စားသင့်ပေသည်။

အသားကင်လို့ မပြီးသေးခင်မှာပင် ယန်ယန်သည် လက်ပိုက်၍ နှာခေါင်းတရှုံ့ရှုံ့ဖြင့် အခန်းထဲမှ ပြေးထွက်လာသည်။ ထို့နောက် သူ့ဘေးတွင် ထိုင်ချလိုက်ပြီး တပြုံးပြုံးဖြင့် အဆီတဝင်းဝင်း ထနေသော ရွှေရောင် ယုန်ကင်လေးကို သားရေတမြောင်းမြောင်းဖြင့် စိုက်ကြည့်နေလိုက်သည်။

“အားပြန်ပြည့်ပြီလား” ရန်ကိုင်က အသားကင်နေရင်း မေးလိုက်၏။

“နည်းနည်းပါးပါးပေါ့။ လုံးဝကြီး အားပြန်ပြည့်ဖို့ကတော့ နောက်ထပ် ရက်နည်းနည်းလောက် ထပ်လိုဦးမယ်” ပြောပြီးနောက် ရန်ကိုင်အား အစောတလျင် တိုက်တွန်းလိုက်သည် “မြန်မြန် လှန်စမ်းပါဟယ်။ ဟိုမှာ တူးကုန်တော့မယ်။ ဟေ့၊ ဟေ့၊ အဲ့လို မလုပ်ရဘူးလေ။ ဖယ်ဖယ်… နင်ဖယ်… ငါပဲ လုပ်တော့မယ်”

ပြောပြီးသည်နောက် ယန်ယန်သည် ရန်ကိုင်လက်ထဲမှ အသားကင်တုတ်တံကို လုယူကာ သူမကိုယ်တိုင် ကင်တော့လေ၏။

ရန်ကိုင်လည်း ယန်ယန် လုပ်ချင်သလိုသာ လုပ်စေတော့ဟု စိတ်က မှတ်ယူလျက် သူမအား လွှတ်ထားပေးလိုက်ပြီး ဘေးမှ နေ၍သာ ထိုင်စောင့်ကြည့်နေသည်။ ထို့နောက် ယန်ယန်အား သင်္ကာမကင်း အမူအရာဖြင့် “တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် ဖြစ်နေတာတောင် ဘာလို့ ဒီလောက် စုတ်ပြတ်နေတာလဲ”

ထိုအချက်ကို ရန်ကိုင် နားမလည်နိုင်ဆုံးပင်။ ယန်ယန်၏ အရည်အချင်းကို သူကိုယ်တိုင် မြင်တွေ့ပြီးသွားခဲ့ပြီ။ ထို့ကြောင့် ယန်ယန်သာ ဆန္ဒရှိသရွေ့ ဤစုတ်စုတ်ပြတ်ပြတ် ဘဝမှ အလွယ်တကူ လွတ်မြောက်နိုင်ပေသည်။ အရိပ်ကြယ်ပေါ်တွင် ရှိနေသည့် အင်အားစုတိုင်း သူမအား သူတို့ အင်အားစုထဲသို့ ဆွဲသွင်းချင်ကြလိမ့်မည်။ သူမအတွက်နှင့် တိုက်ပွဲဖြစ်ရန် အဆင့်သင့် ဖြစ်နေကြသူများလည်း ရှားလိမ့်မည် မဟုတ်ချေ။

ယန်ယန်က နှုတ်ခမ်းလေးကို ကွေးလိုက်ပြီး “နင်ဘာသိလို့လဲ။ အဲ့အင်အားစုတွေထဲ တစ်ခုခုဆီ ငါဝင်လိုက်သင့်တယ်လို့ နင်ထင်နေတာမလား”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

“ငါမှ သူတို့ကိုမယုံတာ။ ဘာလို့ ဝင်ရမှာလဲ” ယန်ယန်က နှာခေါင်းရှုံ့၍ “အကုန်လုံးက ဥာဏ်နီဥာဏ်နက် များတဲ့ လူတွေ ချည်းပဲ။ ငါသူတို့အတွက် ဘာမှော်ရတနာမှ သန့်စင်ပေးမှာ မဟုတ်ဘူး”

ယခုမှပဲ ရန်ကိုင် နားလည်သွားတော့သည်။

အင်အားစုကြီး တစ်ခု၏ အကူအညီမပါဘဲ ယန်ယန်ကဲ့သို့သော မိန်းမငယ်လေး တစ်ယောက်အနေဖြင့် သူမ၏ အရည်အချင်း အစစ်အမှန်ကို ထုတ်ပြနိုင်ရန် ခက်ခဲလှသည်။ အကြောင်းမှာ သူမ၏ အရည်အချင်းကို ပြသနိုင်ဖို့ရာ လုံလောက်သော အဆင့်မြင့် ကုန်ကြမ်း ပစ္စည်းများ သူမတွင် ရှိမနေသောကြောင့် ဖြစ်ပေသည်။ ပန်းပဲစံအိမ်ကဲ့သို့ နေရာမျိုးသို့ သွားအလုပ်လုပ်သည့် အခါတွင်လည်း အကုန်လုံးသည် သူမ၏ အသက်အရွယ်ကို မေးခွန်းထုတ်ကြသည်။ ထို့ကြောင့် သူမဆီ မည်သည့် အဆင့်မြင့် ပစ္စည်းကိုမှ မအပ်ရဲဘဲ အဆင့်နိမ့် မှော်ရတနာများကိုသာ သွန်းလုပ်ခိုင်းရဲသည်။

သူမကိုယ်သူမ ‘ငါက တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်ပဲ’ ဟု ပြောလျှင်ပင် မည်သူကမှ သူမ ပြောသည်ကို ယုံလိမ်မည်မဟုတ်။ သူမ၏ အရည်အချင်းကို စမ်းသပ်ရန်အတွက် တန်ခိုးရှင်အဆင့် ကုန်ကြမ်းပစ္စည်းများကိုလည်း လာပေးနေလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ယန်ယန်၏ ဘဝ ထိုမျှ စုတ်ပြတ်နေသည်မှာ အထူးအဆန်း မဟုတ်ပါချေ။

ရန်ကိုင်ပင်လျှင် အစပိုင်း၌ သူမပြောသည်ကို မယုံခဲ့ချေ။ ထို့ကြောင့် ပစ္စည်းအချို့ပေးပြီး သူမ၏ အရည်အချင်းကို စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

“နင်နဲ့ သူတို့ကြားမှာ ရန်ငြိုးရှိလို့လား” ရန်ကိုင်က မေးလိုက်ရာ ယန်ယန်က “မရှိဘူး။ သူတို့ကို မကြိုက်ရုံသက်သက်ပဲ။ ဘယ် အင်အားစုပဲဖြစ်ဖြစ်၊ အမြဲတမ်း အတွင်းရေး ပဋိပက္ခတွေ ဖြစ်နေတာ။ သူတို့ ပြဿနာတွေထဲ ဝင်ပါဖို့ ငါစိတ်မဝင်စားဘူး။ ငါ့ဘာသာငါ အေးအေးဆေးဆေး ပန်းပဲထုနေရတာကိုပဲ ကြိုက်တယ်”

သူမပြောသည်မှာ မှန်ပေသည်။ ပန်းပဲပညာရှင်တစ်ယောက် ပိုအဆင့်မြင့်လေ သူ့အား ခေါ်ချင်သည့် အင်အားစု ပိုများလေသည်။ သို့သော်လည်း ထိုအင်အားစုများ၏ အတွင်း အင်အားစုများ အကုန်လုံး ထိုကဲ့သို့ တွေးနေကြလိမ့်မည်မဟုတ်။ ဟိုင်ခဲ မိသားစု ကဲ့သို့သော မိသားစုလေးတွင်ပင် အတွင်းရေး ပဋိပက္ခများ ရှိနေရာ အရိပ်လခန်းမ ကဲ့သို့သော အင်အားစုကြီးတွင်မူ ပြောနေစရာပင် မလိုတော့ချေ။

ယန်ယန်သာ ထိုအင်အားစုများထဲမှ တစ်ခုသို့ ဝင်သွားသည်နှင့် ထိုအတွင်းအရေး ပဋိပက္ခထဲ ချောင်ပိတ်မိသွားပေလိမ့်မည်။

အသားကင် ကျက်သွားသည့်အခါ ယန်ယန်က ယုန်၏ ခြေထောက်တစ်ချောင်းကို ဖြုတ်ကာ ရန်ကိုင်ဆီ ပေးလိုက်သည်။ ရန်ကိုင်က ငြင်းသဖြင့် သူမဘာသာ တစ်ယောက်တည် ယုန် တစ်ကောင်လုံးကို အားပါးတရ တုတ်တော့လေ၏။

“နင်လုပ်ထားတဲ့ မှော်ရတနာတွေကို ငါသွားရောင်းတယ်” ရန်ကိုင်က စကားစလိုက်သည်။

“နင့်အပိုင်ပဲဟာ။ နင်လုပ်ချင်သလို လုပ်ပေါ့”

“အထွဋ်အထိပ်သူတော်စင် သလင်းကျောက် (၂၀၀၀၀) ရလာတယ်”

“ဈေးက အနေတော်ပဲ။ နင်မရှုံးဘူး” ယန်ယန်က ပြန်ပြောသည်။

“အခု နင့်မှာ သူတော်စင်သလင်းကျောက် ဘယ်လောက်ရှိလဲ” ရန်ကိုင်က ကောက်မေးလိုက်ရာ ယန်ယန် ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားပြီး သူမ၏ သိုလှောင်လက်စွပ်ကို လက်ဖြင့် အုပ်လိုက်ကာ ပြန်မေးလိုက်လေသည် “ဘာလို့မေးတာလဲ”

ရန်ကိုင်မှ သူမ၏ သူတော်စင်သလင်းကျောက်များကို လိုချင်နေသည်ဟု ထင်သွားခဲ့သည်။ သိုသော်ငြား ခဏလောက် စဉ်းစားပြီးနောက် ထိုကဲ့သို့ မဖြစ်တန်ရာဟု တွေးပြီးသည့်အခါ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြန်ဖြေလိုက်လေသည် “အဆင့်နိမ့် သူတော်စင်သလင်းကျောက် နှစ်ထောင်လောက်…”

“ဆင်းရဲလိုက်တာ” ရန်ကိုင် ဆွံ့အသွားရလေပြီ။ သက်ပြင်းချ၍ ခေါင်းတရမ်းရမ်းဖြင့် သူ့သိုလှောင်လက်စွပ်ထဲမှ အထွဋ်အထိပ် အဆင့် သူတော်စင်သလင်းကျောက် အနည်းငယ်နှင့် ဆေးပုလင်း အနည်းငယ်ကို ထုတ်ယူလိုက်ပြီး ယန်ယန်ဆီ ပေးလိုက်သည် “ပန်းပဲထုရတာ အရမ်း အားကုန်တယ်။ ဒါတွေကို ယူထားလိုက်”

ယန်ယန်က သူမလက်မှ ဆီများကိုသုတ်ကာ ရန်ကိုင် ပေးသော သူတော်စင်သလင်းကျောက်များကို အားမနာတမ်း ချက်ချင်း လှမ်းယူ၍ သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း ထည့်သိမ်းလိုက်သည်။ ဆေးပုလင်းတစ်ပုလင်းကို ဖွင့်စစ်ဆေးကြည့်လိုက်သည့်အခါ ယန်ယန် အံ့အားသင့်သွားရသည် “သူတော်စင်ဘုရင်အဆင့်လား”

ရန်ကိုင် ထိုမျှ ရက်ရောလိမ့်မည်ဟု ယန်ယန် မထင်ထားခဲ့ချေ။ သူတော်စင်ဘုရင်အဆင့် ဆေးပုလင်း တစ်ပုလင်းသည် အတော့်ကို ဈေးကြီးပေသည်။ ရန်ကိုင် ပေးလိုက်သော ဆေးပုလင်းများ၏ တန်ဖိုးသည် သူမ သန့်စင်ခဲ့သည့် မှော်ရတနာသုံးခု တန်ကြေး၏ တစ်ဝက်လောက်နီးပါး ရှိပေသည်။

“နင်က တော်တော် ချမ်းသာတာပဲ” ယန်ယန်သည် ရန်ကိုင်အား ထူးထူးဆန်းဆန်း အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ အဆင့်ခုနှစ်၊ အဆင့်ရှစ် မွန်းစတားသားရဲများ၏ အစိတ်အပိုင်းများစွာ ရှိနေသည့် အပြင် သူတော်စင်ဘုရင်အဆင့် ဆေးပုလင်းများ၊ သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် ကြယ်လွန်းပျံ၊ တန်ခိုးရှင်အဆင့် မှော်ရတနာ များကိုလည်း ပိုင်ဆိုင်ထားသေးသည်။

ရန်ကိုင်ကဲ့သို့သော သူတော်စင် တတိယအဆင့်လေး တစ်ယောက် ဘာကြောင့် ထိုမျှ ချမ်းသာနေလဲ ဆိုသည်ကို ယန်ယန် မတွေးတတ်နိုင်အောင် ဖြစ်နေခဲ့သည်။

သူမနှင့် ယှဉ်လိုက်လျှင် မိုးနှင့်မြေပမာ ကွာခြားလွန်းလှသည်။ ထိုပစ္စည်းများကို သူဘယ်နေရာမှ ရလာခဲ့သည်။ ကြည့်ရသည့်မှာ သူ့တွင် အားကောင်းသော နောက်ခံတစ်ခုခု ရှိသည့်ပုံပင်။

“ဆေးလုံးတွေကို သိမ်းထားဖို့ မကြိုးစားနဲ့။ ကုန်သွားရင့် ငါ့ဆီ ထပ်တောင်းလို့ရတယ်။ ငါ့မှာ အများကြီးပဲ” ရန်ကိုင်က ပြောလိုက်၏။ ယန်ယန်သည် အဆင့်နိမ့် သူတော်စင်သလင်းကျောက်လေး တစ်တုံးကိုပ်င မသုံးစွဲရက်သည့် လူတစ်ယောက်မှန်း ရန်ကိုင်သိသည်။ ထို့ကြောင့် သူပေးသော ဆေးလုံးများကိုလည်း မသုံးဘဲ ပြန်ရောင်းရန် ချန်ထားမည်ကို စိုးရိမ်သဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

“နင်က လူကောင်းပဲ” ယန်ယန်က ပြောလိုက်သည်။

ပြောပြီးသည့်နောက် နောက်ထပ် အသားကင်တစ်ပိုင်းကို ဖဲ့ကာ ပါးစပ်ထဲသို့ အားရပါးရ သွတ်လေသည်။ နှုတ်ခမ်းများဆိုလျှင် အဆီ တရွဲရွဲကိုဝင်းလို့။

ရက်အနည်းငယ်ကြာပြီးနောက် ယန်ယန် အားပြန်ပြည့်ခဲ့လေပြီ။ ထို့ကြောင့် စတင်၍ ပန်းပဲထုတော့သည်။ ယခုတစ်ကြိမ်၌ ယန်ယန်သည် ရန်ကိုင်၏ အခန်းထဲတွင် ပန်းပဲထုခဲ့သည်။ ရန်ကိုင် ခင်းကျင်းထားသော ခုနှစ်ရောင်ခြယ် စိတ်ဝိဥာဉ် စုစည်းခြင်း အစီအရင်ကြောင့် ယန်ယန်အတွက် အားပြန်ဖြည့်ရန် ပိုလွယ်ကူ၏။ ထို့ကြောင့် အလုပ်ပိုသွက်သည်။

ချစ်ချစ်တောက် ပူလောင်သော စွမ်းအင်တို့ အဆက်မပြတ် ဖြာထွက်နေခဲ့သည်။ သို့သော် ထိုစွမ်းအင်မျိုးသည် ရန်ကိုင်အား အတော့်ကိုမှ သက်သောင့်သက်သာ ရှိစေသည်။

ယန်ယန် ပန်းပဲထုနေစဉ် ရန်ကိုင်လည်း ဤအတိုင်း ထိုင်မနေခဲ့။ ယန်ယန်နေသော အခန်းဆီသွားပြီး ကျင့်ကြံနေလိုက်သည်။

သူတော်စင်တတိယအဆင့်သို့ ချိုးဖျက်ခဲ့သည်မှာ အနည်းဆုံး လေး၊ငါးနှစ်လောက် ရှိခဲ့ပေပြီ။ အချိန်အများစုမှာ သွေးနီရောင် သလင်းကျောက်ထဲ ပိတ်မိနေရင်း ကုန်ဆုံးခဲ့ရသည် ဆိုသော်လည်း အသစ်ဖြစ်ပေါ်လာသော နတ်ဆိုးနတ်ဘုရားရွှေရောင်သွေးစက် အစက်တစ်ရာကြောင့် သူ့ခွန်အား တိုးတက်လာသည်ကို ရန်ကိုင် အသေအချာ ခံစားမိသည်။

သူသတိလစ်နေစဉ် အတောအတွင်း သူ့ကျင့်ကြံခြင်း ခိုင်မာ၊ ကျစ်လစ်သွားခဲ့သည်။

သူတော်စင်ဘုရင်အဆင့်သည် သူနှင့် သိပ်မဝေးတော့ဟု ရန်ကိုင် ခံစားနေမိသည်။ သူ့တွင် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် နားလည်သဘောပေါက်မှု မရှား။ လိုအပ်နေသည်ကား သူတော်စင်ချီ ပင်ဖြစ်သည်။ သူတော်စင်ချီကိုသာ လုံလောက်အောင် စုဆောင်း နိုင်သည်နှင့် နောက်တစ်ဆင့်သို့ ချိုးဖျက်နိုင်ပေလိမ့်မည်။

သူတော်စင်ချီကို စုဆောင်းနေရင်း ရွှေရောင်သွေးစက်ကိုပါ လေ့လာနေလိုက်သည်။

ယခင်က ရွှေရောင်သွေးစက်တစ်စက်ကိုသုံး၍ ဝူရီတို့၏ အခကအခဲကို ဝင်ဖြေရှင်းပေးခဲ့ဖူးသည်။ ထိုအဖြစ်အပျက်ကြောင့် ရွှေရောင်သွေးစက်၏ စွမ်းအားကို ရန်ကိုင် နားလည်သွားခဲ့ရသည်။

ယခု ရွှေရောင်သွေးစက်သည် တိုက်ခိုက်ခြင်းတွင်အပြင် အခြား မည်သည့်နေရာတွင်ပါ အသုံးဝင်သလဲ ဆိုသည်ကို သိချင်မိသည်။

ဝူရီတို့အား ကူညီပေးခဲ့စဉ်က အဖြစ်အပျက်ကို သေသေချာချာ ပြန်စဉ်းစားလိုက်ပြီးနောက် အကြံသစ်တစ်ခုကို စဉ်းစားမိလိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက် ရွှေရောင်သွေးတစ်စက်ကို လက်ချောင်းထိပ်တွင် စုစည်းစေလိုက်သည်။

ထိုရွှေရောင်သွေးစက်သည် လေဟာနယ်ထဲ တိုးဝင် ပျောက်ကွယ်သွားပြီး မိုင်တစ်ထောင်အကွာတွင် ပြန်ပေါ်လာခဲ့သည်။

ထိုစဉ် အလွန်ကိုမှ အံ့ချီးဖွယ်ကောင်းလှသည့် ထူးဆန်းသော ခံစားချက်တစ်ခုကို ရန်ကိုင် ရလိုက်သည်။ လက်ရှိတွင် သူသည် နဂါးလိုဏ်ဂူတောင်ရှိ ယန်ယန်၏ ကျောက်တုံးခန်းထဲတွင် ထိုင်နေခြင်းဖြစ်သည်။ သို့သော်လည်း မိုင်တစ်ထောင်အကွာတွင် ရှိနေသော ရွှေရောင်သွေးစက် ရှိနေသည့် နေရာရှိ မြင်ကွင်းများကိုပါ မြင်နေခဲ့ရသည်။ ရွှေရောင်သွေးစက်နှင့် သူ့ကြား ဖြတ်တောက် မရနိုင်သော ကြိုးတစ်ချောင်း ရှိနေသည့်အလား၊ သူ့အသိစိတ်ကို သွေးစက်နှင့် သူကိုယ်တိုင်ကြား လွတ်လွတ်လပ်လပ် ပြောင်းလဲ နိုင်သည်။ ရွှေရောင်သွေးစက်ကြောင့် မိုင်တစ်ထောင်အကွာရှိ မြင်ကွင်းများကိုပါ မြင်နိုင်ခဲ့သည်။

ဤသို့ဖြင့် ရန်ကိုင်သည် ရွှေရောင်သွေးစက်နှင့်အတူ ပတ်ဝန်းကျင် အသစ်ကို စတင် လေ့လာတော့သည်။

ရွှေရောင်သွေးစက် ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် ရှိနေသော မြို့များ၊ တောင်များ၊ တောအုပ်များ၊ မြစ်ချောင်းများကို မြင်သည်။ ရွှေရောင်သွေးစက်၏ အမြန်နှုန်းသည် အလွန်တရာကိုမှ မြန်ဆန်လှရာ သူ့ကြယ်လွန်းပျံထက်ပင် ပိုမြန်နေသေးသည်။ ထိုသို့ မြန်နေရခြင်းသည် လေဟာနယ်တာအိုအပေါ် သူ၏ နားလည်၊ သဘောပေါက်မှုများကြောင့် ဖြစ်ပေသည်။ ရွှေရောင်သွေးစက်သည် လေဟာနယ်၏ အချုပ်အနှောင်ကို ချိုးဖျက်ကာ သွားလာနိုင်သည့် အတွက်ကြောင့် သူ့ကောင်းကင်စိတ်အာရုံ သွားလာနိုင်သည့် အရှိန်ထက် ပိုမိုမြန်ဆန်သော အမြန်နှုန်းဖြင့်ပင် သွားလာနိုင်သည်။

ထိုရွှေရောင်သွေးစက်မှ ဖြာထွက်နေသော ထိတ်လန့်ဖွယ်ရာ အသက်စွမ်းအင်ကြောင့် အရိပ်ကြယ်ပေါ်တွင် ရှိနေသော ၎င်းဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ပညာရှင်များစွာ နိုးနိုးကြားကြား ဖြစ်ကုန်ကြလေသည်။

မရေမတွက်နိုင်သော အကြည့်များသည် ဖြတ်သန်းသွားသည့် သွေးစက်အား လိုက်ကြည့်ကြသည်။ သို့သော် ဘာကိုမှ မမြင်နိုင်ခဲ့။ မည်သည့်အရာကများ ထိုမျှ အားကောင်းသော အသက်စွမ်းအင်ကို ထုတ်လွှတ်ပေးနေသလဲ ဆိုသည်ကို သူတို့ နားမလည်။ ထို့နည်းအတူ မည်သည့် ပညာရှင်ကများ သူတို့၏ ကောင်းကင်စိတ်အာရုံထက်ပင် ပို၍ မြန်ဆန်စွာ သွားလာနိုင်သလဲ ဆိုသည်ကို သူတို့မသိ။ ရွှေရောင် သွေးစက် ပေါ်လာမှန်း သတိပြုမိမိချင်း လှမ်းကြည့်လိုက်သည့်အခိုက် ရွှေရောင်သွေးစက်သည် သူတို့ ထောက်လှမ်းနိုင်သည့် စက်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေပြီ။

ထိုအဖြစ်အပျက်ကြောင့် အင်အားစုကြီးများ၏ အထက်ပိုင်းများ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ အကုန်လုံး စုဝေးလိုက်ကြပြီး ထိုရွှေရောင်အလင်းတန်းသည် အရိပ်ကြယ်အား အန္တရာယ် ပေးနိုင်သော ပညာရှင် တစ်ယောက်ယောက်များ ဖြစ်နေလေမလား ဟုဆို၍ အချင်းချင်း စတင် ဆွေးနွေးကြတော့သည်။

ရွှေရောင်သွေးစက်နောက်ကို လိုက်ရန်ကြိုးစားသည့် ပညာရှင် အချို့လည်း ရှိပေသည်။ သို့သော် နောက်တွင်သာ ကျန်ခဲ့ရသဖြင့် လက်မလျှော့ချင်လျှော့ချင်ဖြင့် လက်လျှော့လိုက်ရသည်။

သူ့လုပ်ရပ်ကြောင့် အရိပ်ကြယ်တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့မှန်း ရန်ကိုင် မသိခဲ့။ သူ့ဘာသာ ရွှေရောင်သွေးစက်၏ အံ့မခန်းအသုံးဝင်ပုံကိုသာ လေ့လာနေခဲ့သည်။

သုံးရက်ကြာပြီးနောက် ရွှေရောင်သွေးစက်သည် အရိပ်ကြယ် တစ်ခုလုံးကို အပြည့်အဝ စစ်ဆေးပြီးသွားခဲ့လေပြီ။ သို့ရာတွင် ရွှေရောင်သွေးစက်ထဲ၌ ရှိနေသော အသက်စွမ်းအင်သည် စိုးစဉ်းမျှပင် အားနည်းသွားခြင်း မရှိခဲ့ပေ။

ရန်ကိုင် လုံးဝကို ထိတ်လန့်နေခဲ့ရလေပြီ။ သူ့အသိစိတ်သည် ရွှေရောင်သွေးစက်မှ အရိပ်ကြယ်တစ်ခုလုံးကို ဖြတ်သန်းသွားချိန် တစ်ပါးတည်းအတူ လိုက်သွားခဲ့သည်။ ထို့ကြောင့် အရိပ်ကြယ် မည်မျှ ကြီးမားကြောင်းကို သူသိသည်။ ကြယ်လွန်းပျံဖြင့်သာ သွားရမည် ဆိုပါက အရိပ်ကြယ်တစ်ခုလုံးကို လှည့်ပတ်နိုင်ရန်အတွက် အနည်းဆုံး လေးလလောက် အချိန်ယူရပေလိမ့်မည်။

သို့သော်လည်း ရွှေရောင်သွေးစက်သည် ထိုကဲ့သို့လုပ်ရန် သုံးရက်သာ အချိန်ယူခဲ့သည်။ ထိုအခြင်းအရာကို ထောက်ရှူခြင်း အားဖြင့် ရွှေရောင်သွေးစက် မည်မျှ မြန်ဆန်ကြောင်းကို ခန့်မှန်းကြည့်နိုင်ပေသည်။

ရွှေရောင်သွေးစက်တွင် အကန့်အသတ်ကော ရှိလေရဲ့လော။ ၎င်းသည် သူ့ခန္ဓာကိုယ်မှ မည်မျှ ဝေးဝေးအထိ သွားနိုင်သနည်း။

ထိုမေးခွန်းနှစ်ခုကို အဖြေရှာရန် ရန်ကိုင် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူ့ဆီ ပြန်ရောက်လာသော ရွှေရောင်သွေးစက်ကို ချက်ချင်းပဲ ကောင်းကင်ပေါ်သို့ စေလွှတ်လိုက်သည်။ အတွေး တစ်ချက်နှင့် ရွှေရောင်သွေးစက်သည် ချက်ချင်းပဲ ကောင်းကင်ကို ကျော်လွန်၍ ကြယ်စီရင်စုထဲ ထိုးဖောက်သွားခဲ့သည်။

သူ့အသိစိတ်သည် ရွှေရောင်သွေးစက် နှင့်အတူ လိုက်သွားခဲ့၏။ ကြယ်စီရင်စုထဲ ဖြတ်သွားနေစဉ် အတောအတွင်း ကြယ်သေများ၊ လွင့်မျောနေသော ကျယ်ပြောလှသည့် ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ကြီးများ၊ အုပ်နှင့်အုပ်နှင့် ရှိနေသော ကျောက်နက် မွန်းစတားသားရဲများကို မြင်တွေ့ခဲ့ရသည်။

ဤသည်မှာ အလွန်တရာကိုမှ ထူးခြားလှသော အတွေ့အကြုံ တစ်ခု ဖြစ်ပေသည်။ အသိစိတ်နှင့် ခရီးသွားလာရန် ဆိုသည်မှာ တန်ခိုးရှင်ဘုရင်အဆင့်ပင် မတတ်နိုင်သောအရာတစ်ခု ဖြစ်သည်။

ရွှေရောင်သွေးစက်သည် အမှန်တကယ်ကို အံ့အားသင့်ဖွယ် ကောင်းပေသည်။

ထိုကဲ့သို့သော အခြေအနေမျိုးထဲ ဝင်ရောက်သွားသည့်နောက်၊ သူ့ခန္ဓာကိုယ်၏ သူတော်စင်ချီကို စုပ်ယူနိုင်သည့် အမြန်နှုန်းသည် သာမန်ထက် ပို၍ မြန်ဆန်လာခဲ့သည်။ ထို့ကြောင့် ရန်ကိုင်လည်း သူတော်စင်ချီကို ယခင်ထက်မြန်မြန် စုပ်ယူလာနိုင်ခဲ့ပြီး သူ့ျကင့်ကြံခြင်းမှာလည်း အရှိအဟုန် မြန်မြန်ဖြင့် တိုးတက် လာနေခဲ့ရသည်။

သို့တိုင် နည်းနည်းလေးမှ သတိလျော့ပေါ့ခြင်း မရှိခဲ့။ ယခု အချိန်တွင် ဤနဂါးလိုဏ်ဂူတောင်ထဲ သူနှင့် ယန်ယန်သာရှိသည်။ ယန်ယန်သည် ပန်းပဲလုပ်ရာတွင် အာရုံစိုက်နေ၏။ ထို့ကြောင့် တစ်ယောက်ယောက် ကျူးကျော်လာလျှင် အချိန်မရွေး ကာကွယ်နိုင်ရန် အဆက်မပြတ် သတိထားနေခဲ့သည်။

ရွှေရောင်သွေးစက်နှင့် သူ့ခန္ဓာကိုယ်ကြား အသိစိတ်ကို စိတ်ရှိတိုင်း ပြောင်းလဲနိုင်သည်မှာ ကံကောင်းသွားသည်။ ထိုပုံစံသည် သူ့ဝိဥာဉ်မှ ခန္ဓာကိုယ်နှစ်ခုထဲ ရွှေ့ပြောင်းနေထိုင်နေသလို ဖြစ်နေ၏။ ရန်ကိုင်သည် ရွှေရောင်သွေးစက်၏ လှုပ်ရှားမှုကို စောင့်ကြည့်လိုက်၊ အသိစိတ်ကို သူ့ခန္ဓာကိုယ်ထဲ ပြန်ပြောင်းရွှေ့လိုက်၊ ထို့နောက် ရွှေရောင်သွေးစက်ထဲ ပြန်ပြောင်းလိုက် လုပ်နေခဲ့သည်။

အချိန်ကြာလာသော် ရွှေရောင်သွေးစက်အား စောင့်ကြည့်ချင်စိတ် ပျောက်လာခဲ့ရသည်။ ရွှေရောင်သွေးစက်သည် ကြယ်တာရာကောင်းကင်ထဲ အချိန်အတော်ကြာအောင် သွားပြီးသော်ငြား ၎င်း၏ အသက်စွမ်းအင်သည် အနည်ငယ်သာ လျော့သွား၏။ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက‌ ရွှေရောင် သွေးစက်ထဲရှိ အသက်စွမ်းအင် အပြီးတိုင် ပျောက်ကွယ်သွားရန် အနည်းဆုံး နှစ်ပေါင်းများစွာ လိုအပ်ပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၁၀၉) ထပ်လာပြန်ပြီလား

ယန်ယန်သည် ယခုတစ်ကြိမ်တွင်မူ လက်နက်ထုလုပ်ခြင်းကို ပြီးမြောက်ရန်အတွက် နှစ်လ အချိန်ယူခဲ့ရသည်။ သို့သော်လည်း ကျောက်တုံးခန်းထဲမှ ထွက်လာသည့်နေ့တွင် သူမနှင့်အတူ အဆင့်တူ သူတော်စင်ဘုရင်အဆင့် မှော်ရတနာ ခုနှစ်ခုကိုပါ တစ်ပါးတည်း ယူဆောင်လာခဲ့သည်။

ရန်ကိုင် ပေးခဲ့သည့် ဆေးလုံးများကြောင့်လား မသိရာ ယခုတစ်ကြိမ်၌ ယခင်အကြိမ်လောက် မပင်ပန်းခဲ့ချေ။ ထုလုပ်ပြီးသော မှော်ရတနာများကို ရန်ကိုင် လက်ထဲသို့ အပ်ပြီးနောက် ရန်ကိုင်အပေါ် အကြွေးမည်မျှ တင်နေသေးသလဲ ဆိုသည်ကို သေသေချာချာ ရေတွက်လေသည်။

ပန်းပဲထုရာတွင် ကျွမ်းကျင်လှသည်။ ဂုဏ်ယူဝံ့ကြွားခြင်း မရှိသလို မောက်မာခြင်းလည်း မရှိချေ။ ပြောရဆိုရလည်း လွယ်ကူသည်။ ပြီးပြည့်စုံသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသည့်အပြင် လှလည်း လှသေးသည်။ အရေးအကြီးဆုံး အချက်သည်ကား လက်ခ တောင်းရာတွင် အဆမတန် တောင်းဆိုခြင်းမျိုး မပြုဘဲ သင့်တင့်သော ဈေးနှုန်းကိုသာ တောင်းဆိုခြင်းဖြစ်သည်။

ရတနာတစ်ပါးကို ကောက်မိလိုက်ပြီးမှန်း သိလိုက်သည်နှင့် ယန်ယန်ကို သူ့ကိုယ်ပိုင် ပန်းပဲပညာရှင်ဖြစ်အောင် လုပ်ချင်စိတ်တို့ ပေါ်လာခဲ့သည်။

သူအား ဆေးပုလင်း အနည်းငယ်နှင့် အထွဋ်အထိပ်အဆင့် သူတော်စင် သလင်းကျောက် နည်းနည်းလောက် ပေးလိုက်သည့် အခါ ယန်ယန်က အပြုံးကြီးပြုံးလျက် ထိုပစ္စည်းအားလုံးကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်း၍ ပြောလိုက်သည် “နောက်ထပ် နင်ဘာလုပ်ဦးမှာလဲ။ ငါ့ကို ပစ္စည်းတွေ အရင်ပေး။ အဲ့ဒါမှ ဘယ်လို သတ္တုတွေ လိုအပ်တယ်ဆိုတာ နင့်ကို ပြောပြလို့ ရမှာ”

ရန်ကိုင်က မြီးနီကိုယ်ခရမ်း ကင်းမြီးကောက်၏ ကျောခွံ၊ အမြီးနှင့် လက်မတို့ကို ထုတ်ယူ၍ ယန်ယန်ဆီ ပစ်ပေးလိုက်၏။

ထိုပစ္စည်းများကို မြင်သည်နှင့်တစ်ပြိုင်နက် ယန်ယန် မျက်လုံးအပြူးသား ဖြစ်သွားပြီး သူမ၏ မျက်ဝန်းများဟာလည်း တလက်လက် တောက်ပသွားခဲ့လေသည်။ ချက်ချင်း ထိုင်၍ ထိုပစ္စည်းများကို ကောက်ယူကာ လက်ဖြင့် ခေါက်ကြည့်ရင်း သူ့မဘာသာ ရေရွတ်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် ရန်ကိုင် မျက်လုံး တည့်တည့်ကို စိုက်ကြည့်၍ မေးလိုက်သည် “နင်တကယ်ကြီး ဒါတွေကို ငါ့ကို သန့်စင်ခိုင်းစေချင်တာလား”

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “နင့်အရည်အချင်းကို သက်သေပြပြီးသွားပြီလေ။ နင်တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် ဖြစ်တယ်ဆိုတာကို ငါယုံသွားပြီ။ ဒါကြောင့် ဒါတွေကို နင့်လက်ထဲ ထည့်ပေးရဲတာ”

“ငါဒါတွေယူပြီး ထွက်ပြေးသွားမှာ နင်မကြောက်ဘူးလား” ယန်ယန် သူ့မျက်လုံးသူ မယုံနိုင်သေးချေ “ဒါတွေက တန်ခိုးရှင် အဆင့် မှော်ရတနာတွေ လုပ်နိုင်တဲ့ အဆင့်ကိုး မွန်းစတားသားရဲ တစ်ကောင်ရဲ့ အစိတ်အပိုင်းတွေနော်”

“နင်ပြေးချင်ပြေးပေါ့။ ငါအချိန်မရွေး နင့်ကို လိုက်ဖမ်းပြီး ပြန်ခေါ်လာလို့ရတယ်” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်၏။

ယန်ယန် မျက်နှာထက် အထင်သေးရိပ်တို့ ဖြတ်ပြေးသွား၏။ သူမအား သူ့လက်ခုပ်ထဲမှ ရေကဲ့သို့ သဘောထားသော ရန်ကိုင်၏ အပြုအမူကို ယန်ယန် အတော်လေး အမြင်ကတ်သွားသည်။

“စိတ်ချထားလိုက်။ ငါက ကိုယ့်စကား ကိုယ်မတည်တဲ့လူ မဟုတ်ဘူး။ ဒီပစ္စည်းတွေကို ငါအကောင်းဆုံး အသုံးချပေးမှာ။ ဒါပေမယ့် နင်ဒီတစ်ကြိမ် ဝယ်ရမယ့် သတ္တုတွေကလည်း အရင်လို ဈေးနည်းနေတော့မှာ မဟုတ်ဘူးနော်” ယန်ယန်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။

“ကိစ္စမရှိဘူး။ ရေးသာရေးပေးလိုက်” ရန်ကိုင်က ခေါင်းညိတ်၍ ထပ်ပေါင်းပြောလိုက်သည် “ဟုတ်သားပဲ။ ငါနင့်ကို ပြောစရာတစ်ခု ရှိသေးတယ်”

“ပြော”

“ဒီကျောခွံကို အကာအကွယ် မှော်ရတနာ လုပ်ပေးပါလား။ ငါ့အတွက် သုံးချင်လို့။ ကျန်တာတွေကိုတော့ နင်ကြိုက်သလိုသာ လုပ်”

“ကောင်းပြီလေ။ နင့်မှာ ဒီမွန်းစတားရဲ့ အမြူတေရှိလား။ ရှိရင် အဲ့ဒါကိုပါပေး။ အဲ့ဒါနဲ့ဆို ပိုပြီးကောင်းသွားမှာ”

ရန်ကိုင်လည်း လက်သီးဆုပ်အရွယ် အမြူတေလေးကို ယန်ယန်ဆီ ပစ်ပေးလိုက်ပေးသည်။ ထိုအမြူတေကို ဖမ်း၍ စစ်ဆေးကြည့်လိုက်ပြီးနောက် ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်ကာ လိုအပ်သော အခြားကုန်ကြမ်းပစ္စည်း အမယ်များကို စတင် ရေးချတော့လေသည်။

ခဏအကြာ၌ စာရင်းစွာရက်ကို ရန်ကိုင်ဆီ ပေးလိုက်ပြီး စိုးရိမ်တကြီး တိုက်တွန်းလိုက်သည် “မြန်မြန်သွားပြီး မြန်မြန် ပြန်လာခဲ့။ ရက်နည်းနည်းလောက် နားပြီးရင် ငါပြန်စတော့မှာ။ နင့်လို့ ကုန်ကြမ်းပစ္စည်းတွေ အများကြီး ရှိနေတဲ့ လူတစ်ယောက် နောက် လိုက်ရတာ တကယ် မဆိုးဘူး”

သူမ ကြည့်ရသည်မှာ သိပ်မရှည်သည့်ပုံပင်။

ကောင်းကင်ံကြမ္မာ မြို့တော်ထဲရှိ ကုန်သွယ်ရေးအစည်းအရုံး တတိယထပ်ရှိ အခန်းတစ်ခန်းထဲတွင် ချင်းတုန်သည် ထိုင်ခုံပေါ် ထိုင်ရင်း လွန်ခဲ့သော နှစ်လခန့်က ရန်ကိုင် ထွက်သွားခဲ့သည့် အရပ်ဆီ ကြည့်ကာ လက်ဖက်ရည် သောက်နေခဲ့သည်။ သူ့မျက်နှာထက် စိုးရိမ်ပူပန်ရိပ်တို့ ရေးရေးလေး ရစ်သိုင်းနေ၏။

ရန်ကိုင် ပြန်လာလိမ့်မည် မျှော်လင့်ထားသော်ငြား နှစ်လ ကြာပြီးသည်နှင့် ရန်ကိုင်၏ အရိပ်ကိုပင် မမြင်ခဲ့ရချေ။

ယနေ့ထိတိုင် ထိုလူငယ်လေး ပေါ်မလာသေးသဖြင့် ချန်းတုန် စိတ်ဓါတ်ကချင်ချင် ဖြစ်လာသည်။ ယခင်အချိန်က ရန်ကိုင်၏ နောက်ကွယ်တွင် ရှိနေသော အားကောင်းသည် ပညာရှင်ကို ရန်စမသလို ဖြစ်သွားမည်စိုးသဖြင့် ရန်ကိုင်ကို နောက်ယောင်ခံ လိုက်ရန် လူမလွှတ်ခဲ့ချေ။ ရန်ကိုင် ဘယ်သူဘယ်ဝါ ဖြစ်သလဲ ဆိုသည်ကိုလည်း ထင်သလို မမေးရဲခဲ့။ ရန်ကိုင် လာရောင်းသော ပစ္စည်းများကို ဝယ်ယူရင်းဖြင့်သာ ရန်ကိုင်နှင့် သူ့ကြား ရင်းနှီးမှုတိုးလာအောင် လုပ်ဆောင်ရန် စဉ်းစားထားခဲ့သည်။

သို့သော်လည်း ယခုတွင်မူ သူပဲ သတိထားလွန်းသွားသည်ဟု ပြောရလေတော့မလား။ အနည်းဆုံးတော့ ထိုလူငယ်လေးအား သူ့ဆရာနှင့် ဆက်သွယ်ချင်သည်ဟု ပြောခဲ့မိလိုက်သင့်သည်။ ထိုသို့ဆိုလျှင် ထိုလူငယ်လေးသာ ခေါင်းကောင်းသရွေ့ ထိုစကားကို သူ့ဆရာအား ကျိန်းသေ ပြန်ပြောပေလိမ့်မည်။

သူ့ဆရာသာ စိတ်ဝင်စားမည်ဆိုပါက သူတို့၏ လအရိပ်ခန်းမဆီ အလည်အပတ် လာပေလိမ့်မည်။ စိတ်မဝင်စားလျှင်ပင် သူ့တွင် ထိုလူငယ်လေး၏ဆရာ စိတ်ဝင်စားလာအောင် လုပ်နိုင်မည့် အခွင့်အရေး ရှိသေးသည်။

ထိုဆရာကြီးကို မြန်မြန် ခေါ်နိုင်သရွေ့ အရိပ်လခန်းမလည်း အကျိုးအမြတ်များများ ရနိုင်ပေလိမ့်မည်။ စောင့်လွန်းလျှင် အခြား အင်အားစုတစ်ခုမှ ထိုဆရာကြီးကို ရှာတွေ့သွားနိုင်သည်။ ထိုအခါ ထိုဆရာကြီးကို သူတို့ဘက် ခေါ်ချင်ပါက တစ်ဖက် အင်အားစုနှင့် ပြိုင်ဆိုင်ရပေလိမ့်မည်။ အခြေအနေ မကောင်းသော် တိုက်ပွဲများ ဖြစ်လာနိုင်ကာ လူအသေအပျောက် လည်း ရှိလာနိုင်သည်။

ထိုကဲ့သို့ စဉ်းစားမိလိုက်သည် ချန်းတုန် ကြိတ်မနိုင်ခဲမရ ဖြစ်သွားခဲ့ရရာ သူ့လက်ထဲရှိ လက်ဖက်ရည်ခွက်ကိုပင် အလိုလို ချေမွပစ်မိသွားသည်။ လက်ဖက်ရည်ပူများ သူ့လက်ပေါ်သို့ စီးကျလာသည့်အခါမှပဲ သူ့ကြောင့် လက်ဖက်ရည်ခွက် ကွဲသွားသည်ကို သတိပြုမိလိုက်သည်။

ရှုပ်ပွဲနေသော လက်ဖက်ရည်စားပွဲကိုကြည့်ရင်း ချန်းတုန် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

သူမငယ်တော့ချေ။ သူ့ကျင့်ကြံခြင်းသည်လည်း နိမ့်ကျခြင်း မရှိ။ သူယခုကဲ့သို့ ကိုယ့်စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်သည့် အဖြစ်မျိုး ဖြစ်ခဲ့သည်မှာ အချိန်မည်မျှ ကြာသွားခဲ့လေပြီ။ ငယ်ရွယ်စဉ်က သူ့စိတ်ခံစားချက်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့၏။

ဖန်ခွက်အကွဲစများကို သိမ်းဆည်းလိုက်ပြီး စိုနေသော စားပွဲခုံကို ခြောက်အောင် သုတ်လိုက်ပြီးနောက် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းကာ စိတ်ခံစားချက်ကို ငြိမ်အောင် လုပ်လိုက်၏။

ထိုစဉ်၊ သူစိတ်တိုနေတုန်း တစ်ယောက်ယောက်က တံခါး လာခေါက်သဖြင့် ချန်းတုန် မကျေမနပ် ဖြစ်သွားပြီး ခက်ထန်သည့် လေသံဖြင့် “ဘာလဲ”

“အကြီးအကဲချန်၊ လွန်ခဲ့တဲ့ နှစ်လတုန်းက မှော်ရတနာ လာရောင်းသွားတဲ့ လူငယ်လေး ရောက်နေပါတယ်” ယခင် အကြိမ်က ရန်ကိုင်အား ပစ္စည်း ရောင်းပေးခဲ့သော ဆိုင်ဝန်းထမ်းက လေးလေးစားစားဖြင့် ပြောလိုက်သည်။ ခဏကြာ စောင့်နေသည့်တိုင် အထဲမှ ပြန်ပြောသံ မကြားရသဖြင့် ဘာတွေဖြစ်နေတာပါလိမ့်မဟု တွေးနေစဉ်မှာပဲ အကြီးအကဲချန်က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်ကို ကြားလိုက်ရလေသည် “မြန်မြန် သူ့ကို အထဲခေါ်လိုက်”

ပြောပြီးသည်နှင့် ချက်ချင်းပဲ ချန်တုန်က ပြန်ပြောလိုက်သည် “မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ ငါကိုယ်တိုင် သွားရမယ်”

ဘုန်းဆိုသော အသံနှင့်အတူ အခန်းထဲတွင် ရှိနေသော ထိုင်ခုံများ၊ လက်ဖက်ရည်ခွက်များ လွင့်ပျံထွက် ကျိုးကြေ ပျက်စီးကုန်၏။

အကြီးအကဲချန် ထိုကဲ့သို့ ပျာယာခတ်သွားရလေအောင် ထိုလူငယ်လေးသည် ဘာများ ထူးခြားနေမှန်း ဆိုင်ဝန်ထမ်း လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့သည်။

အခန်းတံခါး ပွင့်သွားခဲ့ပြီး အကြီးအကဲချန်တုန်သည် အပြုံးကြီးပြုံးလျက် အောက်သို့ အလျင်အမြန် ပြေးဆင်းသွားလေသည်။

ဆိုင်ဝန်းထမ်းသည် အခန်းထဲသို့ တစ်ချက် လှမ်းကြည့်၏။ သူ့စိတ်ထင်သလိုပင် အခန်းတစ်ခုလုံး မွစာကြဲနေခဲ့လေသည်။

ပထမအထပ်တွင်၊ စောင့်ရပါ ကြာလာသဖြင့် ရန်ကိုင် စိတ်မရှည် ဖြစ်လာခဲ့သည်။

ယခင်အကြိမ် ဤနေရာသို့ လာစဉ်က ဆိုင်ဝန်ထမ်းသည် သူ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သည်။ ဆိုင်ဝန်ထမ်း ဝတ္တရား မပျက်ကွက်ဘဲ ဧည့်သည့် စိတ်ကျေနပ်အောင် အကောင်းဆုံး ဆောင်ရွက်ပေးသည်။ သိုသော် ယခုအကြိမ်၌ သူရောက်ရောက်ချင်းမှာပဲ၊ ဆိုင်ဝန်ထမ်းက သူ့အား ခဏစောင့်ရန် ပြောပြီး တစ်နေရာရာသို့ ပြေးထွက်သွား၏။

ခဏအကြာ၌ ဝတုတ်တုတ် လူအိုကြီး ချန်တုန် အလျင်စလို လမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ ခပ်မြန်မြန် လာနေသောကြောင့် သူ့ဗိုက်ကြီးသည် တဘတ်ဘတ်နှင့် လှုပ်ခါနေခဲ့သည်။ မရောက်ခင်မှာဘဲ အားပါးတရ ရယ်မောရင်း နွေးထွေးစွာ အော်ပြောလိုက်သည် “လူငယ်လေး။ မင်းပြန်လာမှာကို ငါစောင့်နေတာကွ။ မင်းကွာ နှစ်လလုံးလုံး ပျောက်ချက်သား ကောင်းနေလိုက်တာ။ လာခဲ့။ အထဲသွားမယ်”

ပြောပြီးသည်နှင့် ရန်ကိုင်ပခုံးအား တရင်းတနှီး ပုတ်ကာ သူ့အား သူတို့ယခင်အကြိမ်က အသုံးပြုခဲ့သည့် အခန်းထဲသို့ ခေါ်သွားလိုက်လေသည်။

ကုန်သွယ်ရေး အစည်းအရုံးထဲတွင် ဝယ်သူကဝယ်။ ရောင်းသူကရောင်း လုပ်နေကြသော ကျင့်ကြံသူအားလုံး ထိုအဖြစ်အပျက်ကြောင့် ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်ဆိုသော လူငယ်လေးကို ကြောင်ကြည့်နေမိလိုက်ကြသည်။

ချန်းတုန်သည် အရိပ်လခန်းမ၏ အဆင့်မြင့်သော အကြီးအကဲ တစ်ဦးဖြစ်မှန်း အတော်များများ သိထားကြသည်။ သို့သော်လည်း သူ့ကဲ့သို့ လူတစ်ဦးမှ လူငယ်လေး တစ်ယောက်ကို ရင်းရင်းနှီးနှီး၊ ဖော်ဖော်ရွေရွေ ဆက်ဆံနေသဖြင့် အကုန်လုံး ထိတ်လန့်အံ့အားသင့်သွားကြရသည်။ ရန်ကိုင်တို့ နှစ်ယောက် ပျောက်ကွယ်သွားပြီးနောက် လူအုပ်ကြီးကြား ဆွေးနွေးသံတို့ ညံထွက်လာခဲ့လေသည်။

“အဲ့လူငယ်လေး ဘယ်သူလဲ မင်းသိလား။ အကြီးအကဲ ချန်တုန်တောင် ကိုယ်တိုင် လာထွက်ကြိုရတယ်ဆိုတော့ သူ့အဆင့်အတန်းက မနိမ့်လောက်ဘူး။ ဒီအနီးအနားက မိသားစု ခေါင်းဆောင် တစ်ယောက် လာရင်တောင် အကြီးအကဲ ချန်တုန်က အခုလို ဆက်ဆံပေးတာ မဟုတ်ဘူး”

“ငါလည်းမသိဘူး။ သူ့ကို ငါတစ်ခမှ မမြင်ဖူးဘူး။ ဒါပေမယ့် သူအဝတ်အစားတွေက အင်အားစုကြီးတစ်ခုခုကနေ လာတဲ့ပုံ မပေါက်ဘူးကွ”

“သူ့ကျင့်ကြံခြင်းကလည်း သိပ်မမြင့်ဘူးနော်။ သူတော်စင် တတိယအဆင့်ပဲ ရှိသေးတယ်”

“အရင်တစ်ခါတုန်းကလည်း ဟိုင်ခဲမိသားစုခေါင်းဆောင်က ဆွေးနွေးစရာတစ်ခုခု ရှိလို့ဆိုပြီး အကြီးအကဲ ချန်တုန်နဲ့ လာတွေ့တယ်လေ။ ဒါပေမယ့် အကြီးအကဲချန်တုန်က ပေးတောင် တွေ့တာ မဟုတ်ဘူး”

“ဘာတွေ ဖြစ်နေလဲ ဘယ်သူသိကြလဲဟေ”

----------------------------------

အခန်းထဲသို့ ရောက်သည်နှင့် ချန်းတုန်သည် ရန်ကိုင်ကို အရင်ထိုင်ခိုင်းစေလိုက်သည်။ ထို့နောက် အစေခံမလေးများကို သစ်းသီးလက်ဖက်ရည် လာချပေးရန် အမိန့်ပေးလိုက်သည်။ မကြာမီ အစေခံမလေးများက လက်ဖက်ရည်နှင့် ရွှေရောင်အသီး တစ်ဗန်းကို လာချပေးလေသည်။ အသီးသည် သေးသာ သေးသော်ငြား ၎င်းထဲတွင် အံ့အားသင့်ဖွယ်ကောင်းလှသော စွမ်းအင်တို့ ကိန်းအောင်းနေခဲ့သည်။

ချန်းတုန်က အပြုံးကြီးပြုံးလျက် ရှင်းပြလိုက်သည် “ဒီအသီးတွေက ငါတို့ အရိပ်လခန်းမရဲ့ ထွက်ကုန်ပဲ။ အရိပ်ကြယ် တစ်ခုလုံးမှာ ဒီအသီးကို ပိုင်ဆိုင်တဲ့ အင်အားစုဆိုလို့ ငါတို့ အရိပ်လခန်းမပဲရှိတယ်။ တစ်ပင်တစ်ပင် ရင့်မှည့်ကို ဆယ်နှစ် စောင့်ရတယ်။ ပြီးတော့ တစ်ခါရင့်မှည့်မှ အများဆုံး အသီး ငါးရာလောက်ပဲရတယ်။ လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းကို နည်းနည်းလေးပဲ ကူညီပေးနိုင်တယ်ဆိုပေမယ့် အရသားက တကယ်ကို ထူးခြားတာ။ ဒီအသီးက လူ့စိတ်ကို တည်ငြိမ်အောင် လုပ်ပေးနိုင်တာတင် မဟုတ်ဘူး။ သူတော်စင်ချီကိုပါ မြန်မြန် ပြန်ပြည့်အောင် လုပ်ပေးနိုင်သေးတယ်။ ဒီအသီးတွေကို အဆင့်ချိုးဖျက်ခါနီးတွေမှာ အသုံးရင် အကောင်းဆုံးပဲ။ မင်းစိတ်ကြိုက်သာစားနော်”

ရန်ကိုင်သည် သူတော်စင်ဘုရင်အဆင့်နှင့် မဝေးတော့မှန်း ချန်းတုန် သတိပြုမိသည်။ ထို့ကြောင့် ထိုအသီးများဖြင့် တည့်ခင်း ဧည့်ခံလိုက်ခြင်း ဖြစ်ပေသည်။

ရန်ကိုင်လည်း အားနာမနေဘဲ အသီးတစ်လုံးကို ကောက်ယူ စားလိုက်သည်။ အသီးအရသာကို မြည်စမ်းပြီးနောက် ခေါင်းညိတ်၍ “အရသာက တော်တော်လေး ကောင်းတယ်။ အကြီးအကဲချန် စိတ်ထဲမထားဘူးဆိုရင် ဒီအသီးတွေကို ကျုပ်ပြန်ယူသွားလို့ရမလား”

ထိုအသီးများသည် သူတော်စင်ချီကို အလျင်အမြန် ပြန်ပြည့်စေရာ ယန်ယန်အတွက် အလွန် အသုံးဝင်လောက်၏။

ချန်းတုန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွဦးသည်။ ထို့နောက် သည်းလှိုက်အူလှိုက် ရယ်မော၍ ခေါင်းညိတ်ကာ “ရတာပေါ့။ ယူသွားလေ။ ငါနည်းနည်း ထပ်ပြင်ပေးလိုက်မယ်။ အများကြီး မပေးနိုင်တာတော့ စိတ်မကောင်းဘူးကွာ။ ငါတို့မှာလည်း အများကြီးက မရှိတော့”

ရန်ကိုင်၏ အနည်းငယ် သိပ်မယဉ်ကျေးသော ပြုမူ ပြောဆိုပုံနှင့် ပက်သက်၍ ချန်းတုန် စိတ်ထဲမထာချေ။ အကြောင်းမှာ ထိုအသီးများကို ရန်ကိုင်ဘာကြောင့် ပြန်ယူသွားချင်နေလဲ ဆိုသည်ကို သူသိသည်လေ။

ထိုအသီးများကို ရန်ကိုင်က ဘာကြောင့် ပြန်ယူသွားချင် ရသနည်း။

သူ့ဆရာဆီ ယူသွားရန် ကြံနေသည်မှာ မြေကြီးလတ်ခတ် မလွဲ သေချာပေသည်။

ရန်ကိုင်၏ အပြုအမူသည် သူ့နောက်တွင် အဆင့်မြင့် ပန်းပဲပညာရှင်တစ်ယောက် ရှိနေသည်ဆိုသော အချက်ကို ပို၍ သေချာသွားစေခဲ့သည်။

“အကြီးအကဲချန် ကျုပ်ပြန်လာမှာကို စောင့်နေတာဆို၊ အဲ့ဒါ အမှန်ပဲလား” ရန်ကိုင်က သိုလှောင်လက်စွပ်ထဲမှ မှော်ရတနာ ခုနှစ်ခုကိုထုတ်ရင်း မေးလိုက်သည်။

ချန်တုန် မျက်လုံးပြူးသွားသည်။ ရန်ကိုင်မှာ မှော်ရတနာ တစ်ခုကို ထုတ်ယူလိုက်တိုင်း အကြီးအကဲချန်တုန်၏ အသက်ရှူသံတို့ ပိုပို၍ လေးလံလာခဲ့သည်။

ရန်ကိုင် ယခင်က ဝယ်သွားသော သတ္တုများကို ထိုမှော်ရတနာများအား ထုလုပ်ရာတွင် အသုံးပြုခဲ့ကြောင်း ချန်းတုန် အတပ်ပြောနိုင်သည်။ သူပြန်သွားခဲ့သည်မှာ နှစ်လသာ ရှိသေးသည်။ သို့သော် နှစ်လအတွင်း မှော်ရတာခုနှစ်ခုကို ထုလုပ်နိုင်ခဲ့သည်။ ထိုအချက်သည် သူ့နောက်ကွယ်တွင် ရှိနေသာ ပညာရှင် မည်မျှ ထူးချွန်ကြောင်းကို မီးမောင်းထိုပြနေခဲ့သည်။

ဆရာကြီးကဲလင်ပင်လျှင် နှစ်လအတွင်း ထိုကဲ့သို့ အဆင့်မြင့် မှော်ရတနာခုနှစ်ခုကို မထုလုပ်နိုင်ပါချေ။

အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ချန်းတုန်က ပြုံး၍ ပြောလိုက်သည် “မှော်ရတနာတွေကို စောင့်နေတာက တစ်ကဏ္ဍ။ တကယ်တော့ ဒီလူအိုကြီးက မင်းကို တွေ့ချင်နေတာ။ ငါမင်းကို ဘယ်လိုခေါ်ရမလဲ”

“ရန်ကိုင်လို့ ခေါ်လို့ရတယ်”

“ငါ့နာမည်က ချင်းတုန်။ မင်းလည်း သိပြီးသား ဖြစ်မှာပေါ့။ ငါမင်းကို တူလေးလို့ခေါ်ရင် စိတ်ထဲ မထားဘူးမလား”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ချင်းတုန်၏ အသက်အရွယ်အရ သူ့အား တူလေးလို့ ခေါ်သည်မှာ အထူးအဆန်း မဟုတ်ပါချေ။

ချန်းတုန် ပို၍ ပြုံးမိသွားပြီး ဆက်ကာပြောလိုက်သည် “တူလေးရန်က တကယ်ကို အရည်အချင်းရှိတဲ့လူပဲနော်။ ဒီလောက် ငယ်ငယ်လေးနဲ့ သူတော်စင်ဘုရင်အဆင့်ကို ရောက်ခါနီး ဖြစ်နေတာ တကယ် ချီးကျူးစရာပဲ…”

ပြောပြီးသည့်နောက် ရန်ကိုင်၏ အမူအရာကို သေချာ လေ့လာကြည့်နေလိုက်သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၁၁၀)

လူငယ်များသည် ချီးကျူးခံရသည်ကို အမြဲတမ်း နှစ်သက်ကြသည်။ ထို့ကြောင့် သူ့ကဲ့သို့ လူတစ်ယောက်ဆီမှ ချီးကျူးစကားကို ကြားလိုက်ရသည့်အတွက် ရန်ကိုင် သူ့အပေါ် အနည်းငယ် အမြင်ကောင်း ရှိသွားလိမ့်မည်ဟု ချန်းတုန် မျှော်လင့်နေမိသည်။

သို့သော်လည်း ရန်ကိုင်ကမူ တုတ်တုတ်မျှ မလှုပ်သည့် အတွက် ချန်းတုန် အံ့အားသင့်သွားခဲ့ရသည်။ လူငယ်များ အမြှောက်ကြိုက်သည်မှာ သဘာဝပင် မဟုတ်ပါလား။ သူ့ကျမှ ဘာကြောင့် ထိုအတိုင်းကြီး ဖြစ်နေရသနည်း။

ချန်းတုန် အရှက်ပြေ ရယ်မောလိုက်သည်။ အမူအရာကို ပြန်ပြင်လိုက်ပြီး ဆက်၍ မေးလေသည် “တူလေးရန်၊ မင်း ပိုကောင်းတဲ့ အခွင့်အရေးတွေ မရှာချင်ဘူးလား”

ရန်ကိုင် သွားပေါ်အောင် ပြုံးလိုက်သည်။ ဤနေရာသို့ စရောက်သည့် အချိန်မှစ၍ ချန်းတုန်းသည် သူ့အား အလွန်ကိုမှ ကောင်းကောင်းမွန်မွန် ဆက်ဆံနေခဲ့သည်။ ထို့ကြောင့် ချန်းတုန် ဘာကြံနေလဲဆိုသည်ကို ရေးတေးတေးတော့ ခန့်မှန်းမိသွား၏။

ယခု ချန်းတုန်မှ ထိုမေးခွန်းကို မေးလိုက်သည့်အခါ သူ့ခန့်မှန်းချက် မှန်သွားပြီဖြစ်ကြောင်း ရန်ကိုင် သိသွားခဲ့သည်။ ထို့ကြောင့် ချန်းတုန်အား ကြည့်၍ ခပ်ပြတ်ပြတ် ပြောလိုက်သည် “အကြီးအကဲချန်းတုန် ပြောစရာရှိရင် ပြောသာပြောနော်”

ထိုစကားကို ကြားလိုက်သည့်အခါ ချန်းတုန် မျက်နှာ တည်သွားပြီး “တူလေးရန်၊ ရိုင်းသွားတယ်လို့တော့ မထင်နဲ့ကွာ။ ငါမင်းအပေါ် မကောင်းကြံနေတာ မဟုတ်ဘူး။ မင်းလို လူငယ်လေး တစ်ယောက်ကို မြင်တဲ့အချိန် မင်းကို ငါတို့ အဖွဲ့ထဲ ဆွဲသွင်းချင်စိတ် ပေါက်လာတာကို ထိန်းမရတာပဲ။ မင်းစိတ်ဝင်စားမယ်ဆိုရင် ငါတို့ လအရိပ်ခန်းမဆီ မင်းကို ဖိတ်ခေါ်ချင်တယ်။ မင်းအတွက် အကောင်းဆုံး အရင်းအမြစ်၊ နေစရာပတ်ဝန်းကျင်တွေ ပေးမှာ စိတ်မပူနဲ့။ တူလေးရန်ရဲ့ အရည်အချင်းနဲ့ဆို ဂိုဏ်းက တူလေးရန်ကို ကောင်းကောင်း မြေတောင်မြှောက်ပေးမှာ”

ရန်ကိုင်သည် ဝေ့လည်ကြောင်ပတ် လုပ်နေသည်ကို မကြိုက်သည့် လူမှန်း သိလိုက်သည်နှင့် ချန်တုန်းလည်း ကွေ့ပတ် ပြောမနေတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက် တန်းပြောလိုက်၏။

ချန်းတုန်သည် အတွေ့အကြုံ ရင့်ကျက်သည့် လူတစ်ယောက် ဖြစ်လေရာ ရန်ကိုင်နှင့် အရင်ခရီးမစဘဲ သူ့နောက်ကွယ်ရှိ လူဆီသာ အရင်တန်းသွားလိုက်ပါက သူ့အစီအစဉ် အောင်မြင်မည် မဟုတ်မှန်း သိထားသည်။ ထိုကဲ့သို့သော အဆင့်မြင့် ပန်းပဲပညာရှင်များတွင် ကိုယ်ပိုင် မာနာရှိလေရာ သူတို့ခေါ်တိုင်း လာမည့်သူမျိုး မဟုတ်ချေ။ ထို့ကြောင့် ရန်ကိုင်ကို အရင်အပိုင်ချုပ်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

ချန်းတုန်၏ အမြင်အရ ရန်ကိုင်သာ လအရိပ်ခန်းမထဲသို့ ဝင်လိုက်ပါက သူ့နောက်ကွယ်ဆရာ သူတို့ဆီသို့ လာလာမလာလာ သူတို့ကြားတွင် ဆက်ဆံရေးတစ်ခု အလိုလို ဖြစ်လာပေလိမ့်မည်။ အကုန်လုံး တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသွားသည့် အခါမှ ထိုပညာရှင်ကို သူတို့် အင်အားစုထဲ ဖိတ်ခေါ်လျှင် ခရီးလမ်းမှာ ပို၍ အဆင်ပြေချောမွေ့သွားနိုင်သည်။

ချန်းတုန်သည် အတော်လေး အစီအစဉ် အကွက်ချ တော်ပေသည်။

သူ့ဘက်မှ ကမ်းလှမ်းမှု လုပ်ပြီးသည့်အခါ ချန်းတုန်သည် ရန်ကိုင်၏ အမူအရာကို တိတ်တဆိတ် လေ့လာလိုက်သည်။ သို့သော် ကျောက်ရုပ်ထုကြီးကဲ့သို့ ဖြစ်နေသော ရန်ကိုင်၏ အမူအရာကြောင့် ချန်းတုန် စိတ်ပျက်သွားခဲ့ရသည်။

တိတ်တဆိတ် သက်ပြင်းချလိုက်ရင်း တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် တစ်ယောက် နောက်လိုက် ဖြစ်ထိုက်ပါတယ်လေ ဟု တွေးလိုက်လေသည်။ ရန်ကိုင်သည် တန်ခိုးရှင်အဆင့် ပန်းပဲ ပညာရှင်၏ တပည့် ဟုတ်မဟုတ် ဆိုသည်ကို မသေချာသော်ငြား နှစ်ပေါင်းများစွာ အတွေ့အကြုံအရ သူ့အမြင် မမှားကြောင်း သေချာပေသည်။ လေးနှင့်ပြောနေရုံ သက်သက်ဖြင့် ရန်ကိုင်၏ စိတ်ကို လှုပ်ရှားအောင် လုပ်နိုင်မည်မဟုတ်မှန်း သူသိသည်။

“ဟုတ်သားပဲ။ ငါတို့ လအရိပ်ခန်းမ တစ်ခုတည်း ပိုင်တဲ့ နတ်ဘုရားကျောက်တုံး တစ်ခုရှိတယ်။ အဲ့ကျောက်တုံးကို ထိလိုက်မယ်ဆိုရင် ထိလိုက်တဲ့လူရဲ့ ဝိဥာဉ်က ထူးဆန်းတဲံ လောကတစ်ခုထဲ ရောက်သွားပြီး သူတို့ရဲ့ ဝိဥာဉ်ကို ပိုပြီးသန့်စင်၊ တိုးတက်လာအောင် လုပ်နိုင်တယ်။ အခြေခံအုတ်မြစ်ကို ပိုပြီး ခိုင်ခံ့ကျစ်လစ်အောင် လုပ်ချင်တဲ့လူတွေအတွက် အရမ်း ကောင်းတယ်။ ငါတို့ လအရိပ်ခန်းမက တပည့်တွေ အဆင့် ချိုးဖျက်တော့မယ်ဆို အဲ့ကျောက်တုံးနဲ့ အတူကျင့်ကြံခွင့်ပေးဖို့ တောင်းဆိုကြတယ်။ နတ်ဘုရားကျောက်တုံးနဲ့ လေ့ကျင့်ခွင့်ရဖို့က ဂိုဏ်းအတွက် ဘာမှ မယ်မယ်ရရ လုပ်ပေး မထားဘဲ ရနိုင်တာမျိုး မဟုတ်ဘူး။ ဒါပေမယ့် တူလေးရန်သာ လအရိပ်ခန်းမထဲ ဝင်မယ်ဆိုရင် ငါမင်းကို ချွင်းချက်ထားပြီး နတ်ဘုရားကျောက်တုံး အချိန်တစ်ခုအထိ လေ့ကျင့်ခွင့် ပေးနိုင်တယ်။ တူလေးရန် သူတော်စင်ဘုရင်အဆင့်ကို ချိုးဖျက်တော့မှာမလား။ စိတ်ဝင်စားလား”

ထိုကဲ့သို့ ကမ်းလှမ်းလိုက်ပြီးသည်နှင့် ချန်းတုန်သည် ရန်ကိုင်၏ အမူအရာကို သေချာ စောင့်ကြည့်လိုက်သည်။ ယခုတစ်ကြိမ် ရန်ကိုင် မငြင်းလောက်ဘူးဟု သူထင်သည်။

အကြောင်းမှာ ရန်ကိုင်၏ ကျင့်ကြံခြင့်သည် နောက်ထပ် တစ်ဆင့်သို့ ချိုးဖျက်ခါနီးဆဲဆဲတွင် ရောက်နေခဲ့လေပြီ။ ဤကဲ့သို့ အခွင့်အရေးတစ်ခုသာ သူ့ရှေ့ရောက်လာလျှင် သူဒီအတိုင်း ငြိမ်နေမည်လား။

သို့သော်လည်း မကြာမီ ချန်းတုန် အကြပ်ရိုက်သွားရ၏။ အကြောင်းမှာ သူ့ဘက်မှ ထိုကဲ့သို့ ကမ်းလှမ်းပြီးသည့်တိုင် ရန်ကိုင်သည် တုတ်တုတ်မျှပင် မလှုပ်သေးသည်ကို တွေ့လိုက် ရသောကြောင့် ဖြစ်ပေသည်။ ရန်ကိုင်သည် နတ်ဘုရား ကျောက်တုံး၏ တန်ဖိုးကိုများ နားမလည်လေသလားဟု တွေးမိသွားရသည့် အထိပင်။

နောက်ထပ် ရှင်းပြရန် ပြင်နေစဉ်မှာပဲ ရန်ကိုင်က လက်ဝှေ့ရမ်း၍ စိတ်မရှည်သည့်ဟန်ဖြင့် ပြောလိုက်သည် “အကြီးအကဲချန်၊ ခင်ဗျားရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျုပ်ငြင်းပယ်ပါရစေ။ ကျုပ်က လွတ်လွတ်လပ်လပ် နေရတာကိုပဲ ကြိုက်တယ်။ ဘယ်အင်အားစုထဲကိုမှ မဝင်ချင်သေးဘူး။ ဒါကြောင့် ဒီကိစ္စကို ဘေးထားပြီး စီးပွားရေး ကိုပဲ သွားကြတာပေါ့”

ချန်းတုန် မျက်နှာ မဲ့သွားခဲ့သည်။ သို့သော် မကြာမီ ခြောက်ကပ်ကပ် ရယ်မောလျက် “ကောင်းပြီလေ။ တူလေးရန်က စီးပွားရေးအတွက်ပဲ ရောက်လာတာဆိုတော့ စီးပွားရေးပဲ လုပ်ကြတာပေါ့။ ဒီလူအိုကြီး စကားများသွားသလို ဖြစ်သွားရင် စိတ်ထဲမထားနဲ့နော်”

ယခုတစ်ကြိမ် မအောင်မြင်သော်လည်း ချန်းတုန်သည် စိတ်မရှည်သည့်လူမဟုတ်။ စိတ်ရှည်ပေသည်။ ထို့ကြောင့် တစ်ကြိမ် မအောင်မြင်သည်နှင့် စိတ်ညစ်သွားမည့် လူစားမျိုး မဟုတ်။ သူ့ဘက်မှ ရိုးသားကြောင်း ပြနေသရွေံ တစ်နေ့လျှင် အောင်မြင်ပေလိမ့်မည်။

ဤသို့ဖြင့် နှစ်ယောက်သား မှော်ရတနာအကြောင်း စတင် ဆွေးနွေးကြတော့သည်။

သူတော်စင်ဘုရင်အဆင့် မှော်ရတနာ ခုနှစ်ခုကို သူတော်စင် သလင်းကျောက် ငါးသောင်းကိုးထောင်ဖြင့် ရောင်းချနိုင်ခဲ့သည်။

“သတ္တုအချို့လည်း ကျုပ်တယ်ချင်တယ်” ရန်ကိုင်က သိုလှောင်လက်စွပ်ထဲမှ ယန်ယန် ရေးပေးလိုက်သည် စာရင်း စာရွက်ကိုထုတ်ကာ ချန်းတုန်ဆီ ပေးလိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခါ ချန်းတုန်၏ မျက်လုံးများ လင်းလက်သွားခဲ့သည်။ ချက်ချင်းပဲ တံခါးအပြင်ဘက်တွင် ရပ်နေသော ဆိုင်ဝန်ထမ်းကို လှမ်းခေါ်လိုက်လေသည်။ ဆိုင်ဝန်ထမ်းလည်း ချက်ချင်း ရောက်လာပြီး လေးလေးစားစားဖြင့် မေးလိုကသ်ည် “အကြီးအကဲချန် ဘာများ ပြောချင်လို့ပါလဲ”

“တူလေးရန်ရဲ့ စားရင်ထဲမှာ ရှိတာတွေ သွားယူလာခဲ့။ ပြီးတော့ ဆိုင်ထဲကနေ အထွဋ်အထိပ်အဆင့် သူတော်စင် သလင်းကျောက် ငါးသောင်းကိုးထောင်ပါ ထုတ်လာခဲ့ဦး”

“ဟုတ်ကဲ့” ဆိုင်ဝန်ထမ်းလေးသည် စာရင်းကို ယူပြီး ခေါင်းညိတ်လိုက်သည်။

ရန်ကိုင်က ဆိုင်ဝန်ထမ်းဘက်သို့လှည့်၍ ပြောလိုက်သည် “သတ္တုတွေရဲ့ တန်ဖိုးကို ငါးသောင်းကိုးထောင်ထဲကနေ တိုက်ရိုက် ဖြတ်လိုက်လို့ရတယ်။ နောက်ဆုံးကျန်တာကိုသာ ယူလာခဲ့”

“ဈေးကို တန်အောင် လုပ်ပေးလိုက်နော်” ချန်းတုန်၏ အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။

တစ်ခါတစ်ရံ ကိုယ့်ဘက်က မျက်နှာသာပေးနေသည်ကို တစ်ဖက်လူ သိအောင် ပြရန်လည်း လိုအပ်ပေသည်။

“ဟုတ်ကဲ့ပါ” ဆိုင်ဝန်ထမ်းက ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ထွက်သွားလေသည်။

သူထွက်သွားပြီးနောက် ချန်းတုန်က ရန်ကိုင် ပြုံးလျက် ကြည့်၍ ပြောလိုက်သည် “တူလေးရန်က ဖောက်သည် ဖြစ်နေပြီ ဆိုတော့ ငါတို့ရဲ့ ဝန်ဆောင်မှုနဲ့ ပက်သက်ပြီး ဘယ်လိုထင်လဲ”

“တကယ်ကို ကျေနပ်စရာကောင်းတယ်” ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။ ချန်းတုန်တွင် အခြားရည်ရွယ်ချက် ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရောင်ဝယ်ရေး လုပ်နေစဉ် အတောအတွင်း သူ့အပေါ် အမြတ်ထုတ်ရန် မကြိုးစားခဲ့သည့် အတွက် ရန်ကိုင် အတော်လေး ကျေနပ်မိနေခဲ့သည် “ဟုတ်သားပဲ။ အကြီးအကဲချန်လည်း အလုပ်များနေမှာပေါ့။ ကျုပ်ကို ဒီအတိုင်း ထားခဲ့ပြီး လုပ်စရာရှိတာတွေ သွားလုပ်စေ။ ကျုပ်ဘာသာ ဒီမှာစောင့်နေလိုက်မယ်”

ချန်းတုန်လည်း ပြုံးလိုက်ပြီး ခေါင်းညိတ်၍ ပြောလိုက်သည် “ဟုတ်ပြီလေ။ ဒါပေမယ့် တူလေးရန်မှာ ရောင်းစရာ မှော်ရတနာတွေ ရှိရင် ငါတို့ ကုန်သွယ်ရေး အစည်းအရုံးဆီ အရင် လာရောင်းဖို့ မမေ့နဲ့နော်”

“ကျုပ်မမေ့ပါဘူးဗျာ”

ပြောပြီးသည့်နောက် ချန်တုန်း ထွက်သွားခဲ့သည်။

နာရီဝက်ကြာ စောင့်ပြီးနောက် ဆိုင်ဝန်ထမ်းသည် သူ့အား အခြားအခန်းတစ်ခန်းဆီ ခေါ်သွားခဲ့သည်။ ထိုအခန်းထဲတွင် သတ္တုများနှင့် သူတော်စင်သလင်းကျောက် အပုံလိုက်ကြီး ရှိနေခဲ့သည်”

ချန်းတုန်မှ အထပ်ထပ်အခါခါ အတန်တန် သတိပေးထားသဖြင့် ဆိုင်ဝန်ထမ်းလည်း ရန်ကိုင်နှင့် ပက်သက်သည့် ကိစ္စများကို သေသေချာချာ ကိုင်တွယ်ရ၏။ ရန်ကိုင်အား အခန်းထဲသို့ ခေါ်လာပြီးနောက် လေးလေးစားစားဖြင့် ပြောလိုက်လေသည် “ဒါတွေက ဧည့်သည်တော် မှားထားတဲ့ သတ္တုတွေပါ။ စုစုပေါင်း အထွဋ်အထိပ် သူတော်စင် သလင်းကျောက် (၁၇၀၀၀) ကျသင့်ပါတယ်။ ဒါပေမယ့် ဧည့်သည်တော်က အထူး ဧည့်သည် ဖြစ်နေတဲ့အတွက် (၂၀)ရာခိုင်နှုန်း ဈေးလျှော့ပေးထားပါတယ်။ ဒါကြောင့် စုစုပေါင်း (၁၃၆၀၀)ပဲ ကျပါတော့မယ်။ သတ္တုတန်ဖိုးကို နှုတ်လိုက်ပြီးတဲ့နောက် စုစုပေါင်း လေးသောင်း ငါးထောင်ကျန်ပါတယ်။ ပစ္စည်းတွေကို စစ်ဆေးကြည့်ဦးမလား ခင်ဗျာ”

“မလိုတော့ဘူး” ရန်ကိုင်က ခေါင်းခါလိုက်သည်။ သတ္တု တန်ဖိုးနှင့် ပက်သက်၍လည်း အနည်းငယ် အံ့အားသင့်နေမိ၏။

ယခင်အကြိမ် ဤနေရာ၌ သတ္တုလာဝယ်စဉ်က အထွဋ်အထိပ် သူတော်စင်သလင်းကျောက် သုံးထောင်သာ ကုန်ခဲ့သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင် တစ်သောင်း ခုနှစ်ထောင် ကုန်ခဲ့ပေသည်။ ယန်ယန်မှ သူ့အား ပိုက်ဆံ ကုန်ဖို့ ပြင်ဆင်ထားရန် ပြောခဲ့သည်မှာလည်း အံ့ဩစရာ မဟုတ်တော့။

ချန်းတုန်သည် သူ့နောက်ကွယ်ရှိ ပန်းပဲပညာရှင်နှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်နေသည့် အတွက် ဆိုင်ဝန်ထမ်း သူ့အား လိမ်လောက်မည် မဟုတ်ဟု ရန်ကိုင် ထင်သည်။ ထို့ကြောင့် ပစ္စည်းများကို စစ်မနေတော့ချေ။

ကောင်းကင်စိတ်အာရုံဖြင့် သူတော်စင်သလင်းကျောက် အတုံးတစ်ရာမှအပ ကျန်ပစ္စည်းအားလုံးကို သိုလှောင် လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်သည်။

ဆိုင်ဝန်ထမ်းလေး၏ မျက်လုံးများ ဝင်းလက်သွားခဲ့ပြီး ရန်ကိုင်အား ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ ထို့နောက် သူတော်စင်သလင်းကျောက်အကြောင်း ဘာမှပြောမနေဘဲ ရန်ကိုင်အား ထွက်ပေါက်ဆီသို့ လိုက်ပို့ပေးလိုက်လေသည်။

ကုန်သွယ်ရေး အစည်းအရုံး တတိယထပ်တွင် ချန်းတုန်သည် ပျောက်ကွယ်သွားသော ရန်ကိုင်၏ ကျောပြင်ကိုကြည့်ရင်း ထိုကောင်လေးအား လအရိပ်ခန်းမထဲသို့ မည်သည့်နည်းလမ်း သုံး၍ ဆွဲခေါ်လျှင် ကောင်းမလဲဆိုသည့် အကြောင်းကို စဉ်းစားနေခဲ့သည်။ ထိုလူငယ်လေး၏ အကြိုက်ကို မသိသည့် အတွက်ကြောင့် ယနေ့ ကြိုးစားမှု မအောင်မြင်ခဲ့ရပေ။

သူသာ ထိုကောင်လေး၏ နောက်ခံအကြောင်းကို စစ်ဆေး ထားခဲ့လျှင်ပင် ပို၍ လွယ်ကူနိုင်ပေသည်။ သို့သော်လည်း ထိုသို့ လုပ်လိုက်ပါက တစ်ဖက်လူမှ သူ့အား အထင်လွဲသွားနိုင်ပေသည်။

မကြာမီ တံခါးခေါက်သံတစ်သံကို သူကြားလိုက်ရသည်။

“ဝင်လာခဲ့” ချန်းတုန်က ထိုင်ခုံပေါ်တွင် ထိုင်နေရင်း ပြောလိုက်သည်။

ဆိုင်ဝန်ထမ်း အထဲသို့ ဝင်လာပြီး ချက်ချင်းပဲ အစီရင်ခံ တင်ပြလိုက်သည် “အကြီးအကဲချန်၊ အဲ့လူငယ် ထွက်သွားတုန်းက ကျုပ်အတွက် သူတော်စင်သလင်းကျောက် အတုံးတစ်ရာ ချန်ထားပေးခဲ့ပါတယ်”

“အို” ချန်းတုန်က ဆိုင်ဝန်ထမ်းအား အံ့အားသင့်တကြီး ကြည့်လိုက်ပြီး “မင်းလက်ခံထားလိုက်လား”

“တပည့် ငြင်းတော့ မငြင်းခဲ့ဘူး။ အဲ့လူငယ်လေးက သူတော်စင် သလင်းကျောက်အကြောင်း ဘာမှ ပြောမသွားဘူး။ ဒါပေမယ့် သူဒီအတိုင်း ချန်ထားခဲ့တာ ဒီတပည့်အတွက်ဆိုတာ ကျုပ်သိပြီးသားပါ။ ဒါက မသင့်တော်ဘူးထင်ရင် အဲ့သူတော်စင် သလင်းကျောက်တွေကို ချက်ချင်း သွားပြန်ပေးလိုက်ပါမယ်” ဆိုင်ဝန်ထမ်းက ချန်းတုန်၏ အမူအရာကို အသေအချာ စောင့်ကြည်နေ၏။ ချန်တုန်များ ဒေါသထွက်သွားလေမလား တွေးနေရင်း…

သို့သော် ချန်းတုန်က လက်သာဝှေ့ရမ်း၍ ပြောလိုက်သည် “မလိုဘူး။ သူက မင်းကိုပေးမှတော့ လက်ခံထားလိုက်ပေါ့။ အဲ့ကောင်လေးက ပွင့်ပွင့်လင်းလင်းကို ပိုသဘောကျတာ။ မင်းသာ ကြောင်သူတော်ကြွက်သူခိုးယောင် ဆောင်ပြီး အဲ့ဒါတွေကို ငြင်းလိုက်မယ်ဆိုရင် သူမကျေမနပ် ဖြစ်သွားမှာ။ သူနောက်တစ်ကြိမ် သတ္တုတွေ လာဝယ်ရင် ကောင်းကောင်း ဂရုစိုက်ပေးလိုက်နော်။ သူ့ကို အဆင့်အမြင့်ဆုံ ဧည့်သည် တစ်ယောက်အဖြစ် သဘောထားပြီး ဂရုစိုက်ပေးလိုက်”

“တပည့် နားလည်ပါပြီ”

“ဟုတ်သားပဲ။ ဒီတစ်ကြိမ် သူဘယ်လို သတ္တုတွေ ဝယ်သွားတာလဲ။ အရင်တစ်ကြိမ်နဲ့ အတူတူပဲလား”

ဆိုင်ဝန်ထမ်းက ချက်ချင်း ခေါင်းခါလိုက်ပြီး “ဒီတစ်ကြိမ် သူဝယ်သွားတာ တစ်သောင်းခုနှစ်ထောင်ဖိုးတောင်။ သူ့ကို နှစ်ဆယ်ရာခိုင်းနှုန်း ဈေးလျှော့ပေးလိုက်တော့ စုစုပေါင်း…”

“တစ်သောင်းခုနှစ်ထောင်လား” ချန်းတုန်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး တစ်ခုခုကို ချက်ချင်း နားလည်သွားလိုက်ကာ ချက်ချင်းပဲ ကောက်မေးလိုက်သည် “တန်ခိုးရှင်အဆင့်တွေကို ဝယ်သွားတာလား”

“ဟုတ်တယ်”

ထိုစကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ချန်းတုန် ပြုံးသွားခဲ့ပြီး အားပါးတရ အော်ရယ်လျက် “ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်။ အဲ့လိုသာဆိုရင်…”

ချန်းတုန် အလွန်ကိုမှ စိတ်လှုပ်ရှားသွားပြီး အခန်းထဲ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေလေသည်။ တံခါးဝတွင် ရပ်နေသော ဆိုင်ဝန်ထမ်းသည် ချန်းတုန်ကို ကြည့်ရင်း နားမလည်နိုင် ဖြစ်နေခဲ့သည်။ ချန်းတုန် ဤကဲ့သို့ အရမ်း ပျော်ရွှင်ခဲ့သည်မှာ အတော်လေးပင် ကြာနေခဲ့လေပြီ။ သူမှတ်မိသလောက်ဆို တန်ခိုးရှင် ဒုတိယအဆင့်သို့ ချိုးဖျက်စဉ်ကသာ ဤကဲ့သို့ ပျော်ရွှင်ခဲ့ခြင်းဖြစ်သည်။

ခဏအကြာဤ ချန်းတုန်က ကျောက်စိမ်းပြားတစ်ပြားကို ယူ၍ အထဲသို့ စိတ်စွမ်းအင် ပို့လွှတ်လိုက်သည်။ ထို့နောက် ထိုကျောက်စိမ်းပြားကို ဆိုင်ဝန်ထမ်းဆီ ပေးလိုက်ပြီး “ကောင်းကင်ကံကြမ္မာ မြို့တော်မှာရှိတဲ့ ငါတို့ လအရိပ်ခန်းမ ပိုင်တဲ့ ဆိုင်က ဆိုင်ပိုင်ရှင်တွေ, ဘဏ္ဏာထိန်းတွေ အကုန်လုံးကို ဒီကောင်လေးရဲ့ ရုပ်ကို သေချာမှတ်ထားဖို့ ပြောလိုက်။ သူပစ္စည်းလာဝယ်ရင် လုံးဝကို လေးလေးစားစားနဲ့ ဆက်ဆံလို့။ ဒါပေမယ့် အရမ်းကြီး သိသာအောင် လုပ်ပြနေစရာမလိုဘူး။ နည်းနည်းလေး အလေးပေး ဆက်ဆံတာမျိုး၊ ဈေးလျှော့ ပေးတာမျိုးသာ လုပ်ပေးလို့။ မမှတ်မိဘဲ သွားအပြစ်ပြုမိမယ် ဆိုရင်တော့ ငါနဲ့တွေ့ပြီလို့ ပြောလိုက်”

ချန်းတုန်သည် အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။ ထို့ကြောင့် ဆိုင်ပိုင်ရှင်လည်း အနည်းငယ် လန့်သွားခဲ့ရလေသည်။

ကျောက်စိမ်းပြားထဲသို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်၍ စစ်ဆေးကြည့်လိုက်ရာ အကြီးအကဲချန်းတုန် ဖန်တီးထားသော ရန်ကိုင်၏ ပုံစံတူ ရုပ်ပုံလွှာကို တွေ့လိုက်ရလေသည်။

အကြီးအကဲချန်းတုန်က အရေးတကြီး အမူအရာဖြင့် သတိပေးထားသဖြင့် ဆိုင်ဝန်ထမ်းသည် ကျောက်စိမ်းပြားကို သေသေချာချာ သတိထားကိုင်လျက် ကောင်းကင်ကံကြမ္မာ မြို့တော်ထဲရှိ ဆိုင်အားလုံးကို လိုက်သတိပေးလေသည်။

ထိုလူထွက်သွားပြီးနောက် ချန်းတုန်သည် စားပွဲပေါ်တွင် တင်ထားသော မှော်ရတနာခုနှစ်ခုကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်း၍ ပန်းပဲဆရာကြီး ကဲလင်ဆီ ပြေးလေသည်။

ရန်ကိုင်နောက်ကွယ်ရှိ ပန်းပဲပညာရှင်သည် တကယ်ကြီး တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် ဖြစ်ကြောင်းကို ဆရာကြီး ကဲလင်အား သတိပေးရပေမည်။

အစပိုင်းတွင် ရန်ကိုင်လာရောင်းသည့် မှော်ရတနာများကို လုပ်ပေးသောလူသည် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်ဖြစ်မှန်း ခန့်မှန်းမိခဲ့သော်လည်း လုံးဝကြီး မသေချာခဲ့ချေ။

ထိုမှော်ရတနာများကို ရန်ကိုင်မှ တစ်နေရာရာတွင် ကောက်ရပြီး သူတို့ဆီ လာရောင်းခြင်းလည်း ဖြစ်နိုင်ပေသည်။ ယခုမူ လုံးဝ လွဲစရာမရှိတော့ပေ။ သူတို့၏ ခန့်မှန်းချက် လုံးဝ သေချာပေသည်။

All Chapters