← Chapters

အခန်း (၁၁၁၆-၁၁၂၀)

Vol. 45 Ch. 1116-1120

အခန်း (၁၁၁၆-၁၁၂၀)

Vol. 45 Ch. 1116-1120

အပိုင်း(၁၁၁၆) ကျောက်တုံးမျိုးနွယ်စု

ယန်ယန်နှင့် အစောပိုင်းက ရှက်ဖွယ်ကိစ္စအား မည်ကဲ့သို့ ဖြေရှင်းလျှင်ကောင်းမလဲ စဉ်းစားရင်း ရန်ကိုင်သည် လိုဏ်ဂူ ရှေ့တွင် ရပ်စောင့်နေခဲ့သည်။

သူသာ ယောကျဉ်းတစ်ယောက် ဖြစ်သည့်အတွက်ကြောင့် အရေထူလိုက်သည်မှာ ပြဿနာမဟုတ်။ အစောပိုင်းက ဖြစ်သွားသည့် ကိစ္စကို စိတ်ထဲမထားဘဲ ရယ်ရယ်မောမောဖြင့် လစ်ထွက်သွား၍ ရသည်။ သို့သော် ယန်ယန်ကမူ မတူတော့ချေ။ သူမသည် လွန်စွာကိုမှ အရှက်အကြောက်ကြီးသည့် အတွေ့အကြုံ မရှိသော၊ ယောကျာ်းတစ်ယောက်နှင့် ဤမျှ ဘယ်သောအခါမှ နီးနီးကပ်ကပ် မနေဖူးသော မိန်းကလေးတစ်ယောက် ဖြစ်သည်။

ယန်ယန်သည် ရွှယ့်ယွယ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ရွှယ့်ယွယ်သည် သူ့ရှေ့တွင် ကိုယ်လုံးတီး ရပ်နေသည့်တိုင် စိတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။ သူနှင့် မည်ကဲ့သို့ ဆွေးနွေးပြီး သူ့အား မည်ကဲ့သို့ အကွက်ချနိုင်မည်လဲ ဆိုသည်ကိုပင် စဉ်းစားနိုင်သော မိန်းမတစ်ဦး ဖြစ်သည်။

ယခုကိစ္စကြောင့် ယန်ယန် အလွန်ရှက်သွားပြီး သူနှင့် နောက်တစ်ကြိမ် စကားမပြောတော့လျှင်ကော။ ထို့ထက် ပိုဆိုးစရာသည်ကား သူ့အား ဒေါသထွက်သွားပြီး ရှက်ရှက်နှင့် ထွက်ပြေးသွားလျှင်ကော။

ရတနာတွေ၊ အဖိုးတန်းပစ္စည်းတွေ ဆုံးရှုံးလိုက်ရ၍ သိပ်ကိစ္စမရှိ။ ယန်ယန်ကို ဆုံးရှုံးလိုက်ဖို့ကိုမူ ရန်ကိုင် အဆင်သင့် ဖြစ်မနေသေးချေ။ ယန်ယန်သည် အဖိုးမဖြတ်နိုင်သော ပါရမီကို ပိုင်ဆိုင်ထားသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။ အရိပ်ကြယ်သို့ သူရောက်နေခဲ့သည်မှာ အတော်လေး ကြာနေလေပြီ ဖြစ်သော်ငြား သူသိသည့်လူ များများစားစား မရှိချေ။ ဤနေရာမှ အစပြု၍ သူ့နာမည်ကို ကြယ်စီရင်စုကြီး တစ်ခုလုံး သိသွားချင် လုပ်ချင်လျှင် သူတစ်ယောက်တည်းဖြင့် မဖြစ်နိုင်ရာ။ လူအင်အားနှင့် တကယ့် ပါရမီရှင်များကို သူ့နား၍ စုစည်းထားရန် လိုအပ်ပေသည်။

သကာရည်လောင်း စကားချိုချိုလေးများဖြင့် သွား၍ တောင်းပန်လိုက်သင့်သလား။ ရန်ကိုင် တုန့်ဆိုင်းနေခဲ့သည်။ ယန်ယန်သည် ရိုးသားဖြူစင်သော မိန်းကလေးတစ်ယောက် ဖြစ်သည့်အတွက်ကြောင့် စကားချိုချိုလေးများ သုံး၍ သူမ၏ ရှက်စိတ်ကို ဖြေဖျောက်နိုင်မည်ဟု သူထင်သည်။ သို့သော်လည်း အခပ်မသင့်ဘဲ သူ့ရည်ရွယ်ချက်ကို ထပ်မံ အထင်လွဲသွားကာမှ ငါးပါးမှောက်ပေလိမ့်မည်။

ဟား... စိတ်ညစ်ဖို့ ကောင်းလိုက်တာ ရန်ကိုင် ခေါင်းကုတ်၍ ညည်းတွားလိုက်သည်။

သူခေါင်းရှုပ်နေစဉ်မှာ ယန်ယန်က သူမ ဝတ်နေကျ အနက်ရောင် ဝတ်ရုံကြီးကို ဝတ်ဆင်လျက် လိုဏ်ဂူထဲမှ သူ့ဆီသို့ ရုတ်တရက် ပြေးထွက်လာခဲ့လေသည်။

“ရန်ကိုင်၊ ရန်ကိုင်၊... လာ၊ ငါ့နောက်လိုက်ခဲ့” ယန်ယန်က အလွန်တရာကိုမှ စိတ်အားထက်သန်၊ စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ရန်ကိုင်လက်မောင်းကို ကိုင်၍ သူ့အား လိုဏ်ဂူထဲသို့ အတင်းဆွဲခေါ်သွားလေသည်။

“ဘာဖြစ်လို့လဲ” ရန်ကိုင် နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ အစောပိုင်းက ကသိကအောက် အခြေအနေနှင့် ကြုံပြီးသည့်တိုင် ယန်ယန်သည် သူ့အား အပြစ်တင်ရန် မကြိုးစားဘဲ သူ့ကိုပင် အရင် စကားလာပြောလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ယန်ယန်အနေဖြင့် သူ့အား အတွေ့မခံဘဲ လိုဏ်ဂူထဲတွင် ရက်အတော်ကြာအောင် ပုန်းအောင်းနေလိမ့်မည်ဟုပင် ထင်ထားခဲ့သည်။

“ငါအရေးကြီးတာ တစ်ခုခု တွေ့လိုက်လို့၊ မြန်မြန် လာကြည့်လိုက်” သေသေချာချာပင် ရှင်းပြမနေဘဲ ရန်ကိုင်အား လိုဏ်ဂူထဲသို့ တရကြမ်း ဆွဲခေါ်သွားခဲ့သည်။ အစောပိုင်းက သူတို့နှစ်ယောက် ရပ်နေခဲ့သည့် နေရာသို့ရောက်သော် မြေကြီးပေါ်တွင် ရှိနေသော တွင်းပေါက်လေးကို လက်ညိုးထိုး၍ မေးလိုကသ်ည် “အဲ့တုန်းက ဘာကောင် ထွက်လာလဲ ဆိုတာကို နင်မြင်လိုက်လာ။ ငါ့ကို လန့်သေမတတ် ဖြစ်သွားအောင် လုပ်တဲ့ကောင်ကို နင်သေချာ မြင်လိုက်လား”

တလက်လက် တောက်ပနေသည့် သူမ၏ မျက်ဝန်းများ၊ စိတ်အားထက်သန် စိတ်လှုပ်ရှားနေသည့် သူမ၏ မျက်နှာကို မြင်သော် ရန်ကိုင်ခေါင်းထဲ အတွေးတစ်ချက် လက်သွားခဲ့သည် “နင်အဲ့ဒါဘာလဲ သိတာလား”

ယန်ယန်သည် ထိုအရာဘာလဲ မသိလျှင် ဤကဲ့သို့ ပြုမူနေလိမ့်မည် မဟုတ်ချေ။

“ငါသိလောက်တယ်” ယန်ယန်က ခေါင်းညိတ်လိုက်သည် “ဒါပေမယ့် ငါထင်တာ မဟုတ်တာလည်း ဖြစ်နိုင်တာပဲ။ အဲ့ကောင် ဘယ်မှာရှိလဲ နင်ရှာကြည့်ပေးလို့ရမလား။ ငါတို့သာ အဲ့ကောင်ကို ဖမ်းနိုင်ရင် ငါသေချာလေ့လာကြည့်လို့ရတယ်”

“အဲ့ဒါဘာလို့ နင်ထင်လဲ” ရန်ကိုင်က အလျင်စလို မေးလိုက်သည်။

ယန်ယန်က ခေါင်းခါ၍ မျက်မှောင်ကြုတ်ကာ ပြန်ပြောသည် “မမြင်ရသေးဘဲနဲ့ သေချာမပြောနိုင်ဘူး။ ရိပ်ခနဲပဲ မြင်လိုက်ရတာ၊ သေချာမြင်လိုက်ရတာ မဟုတ်ဘူး။ သေချာ မြင်ရတော့မှာပဲ ပြောလို့ရမယ်။ အဲ့ဒါက ငါစိတ်ထင်တာနဲ့ ရင်းနှီးနေတဲ့ တစ်ခုခုလည်း ဖြစ်နိုင်တာပဲလေ။ နင်ရှာလို့ရမလား”

“ရှာနေစရာမလိုဘူး”

“လိုတယ်” ယန်ယန်က ရန်ကိုင်၏ လက်မောင်းကို ချက်ချင်း ဖမ်းဆွဲ၍ လှုပ်ခါရမ်း၍ တောင်းဆိုလိုက်သည် “ငါ့ကို ကူရှာပေးပါနော်၊ ငါတကယ် သိချင်လို့ပါဟာ။ နင်သာငါ့ကို ကူပြီး ရှာပေးမယ်ဆိုရင် ငါ...ငါ...” ပြောနရင်း ယန်ယန်၏မျက်နှာ နီရဲလာခဲ့ပြန်သည်။ နောက်ဆုံးတွင် အံတင်းတင်းကြိတ်၍ ပြောလိုက်လေသည် “ခုဏတုန်းက ကိစ္စကို လျော်ပေးလိုက်မယ်”

“အဲ့ဒါက ငါနဲ့ ဘာမှမဆိုင်တာ” ရန်ကိုင်က ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။ မိန်းမများသည် တကယ်ကို မဆီမဆိုင် လျှောက်တွေ့တတ်သည့် လူများဟုလည်း တွေးလိုက်သေးသည်။

ယန်ယန် နှုတ်ခမ်းလေး ဆူလိုက်သည်။ အစောပိုင်းက ကိစ္စသည် ရန်ကိုင်နှင့် ဘာမှမဆိုင်ဘဲ သူမသည်သာ ရန်ကိုင် ကိုယ်ပေါ်သို့ ခုန်တက်သွားသူ ဖြစ်သည်ကို သိထားသော်ငြား တကယ်တမ်း အကျိုးအမြတ် ရသွားသည့်လူမှာ ရန်ကိုင်သာ ဖြစ်ပေသည်။ ထို့ကြောင့် သူမ မတရားခံလိုက်ရသလို ခံစားလိုက်ရသည်။

“ငါနင့်ကို မှော်ရတနာတွေ အမျာကြီး လုပ်ပေးခဲ့တယ်လေ။ ငါ့ကို ဒီတစ်ကြိမ်လောက်ပဲ ကူရှာပေးပါနော်...” ယန်ယန်ကက ဆက်လက်၍ တောင်းဆိုလိုက်သည်။

“ရှာနေစရာမလိုဘူး” ရန်ကိုင်က ခေါင်းခါရမ်း၍ “လှမ်းခေါ်လိုက်ရုံပဲ”

“လှမ်းခေါ်ရုံပဲ” ယန်ယန် မျက်နှာ တောင့်တောင့်ကြီး ဖြစ်သွားပြီး ရန်ကိုင်ကို ကြောင်ကြည့်နေခဲ့သည်။ ရန်ကိုင်ဘာကို ပြောချင်နေမှန်း သူမ နားမလည်နိုင်ချေ။

သို့သော်လည်း ခဏအကြာ၌ မြေအောက်မှ တရွရွ မြည်သံတို့ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူမမှ ရှာနေခြင်းဖြစ်သည့်အတွက် ယန်ယန်သည် ယခင်ကကဲ့သို့ သွေးပျက်ကြောက်လန့်မနေတော့ချေ။ အသံထွက်ပေါ်လာရာ နေရာကိုသာ သေချာစိုက်ကြည့်နေခဲ့သည်။

မြေကြီးပေါ်ထက် တွင်းတစ်တွင်း ပေါ်လာပြီး ထိုတွင်းထဲမှ မီးခိုးရောင်လေးထောင့်ခေါင်းတစ်လုံး ပြူထွက်လာခဲ့သည်။

ထိုအရာကို မြင်လိုက်သည်နှင့် ယန်ယန် ပို၍ စိတ်လှုပ်ရှားသွားပြီး သူမ၏ အသက်ရှူသံဟာ ဆိုလျှင်လည်း ပို၍ မြန်ဆန်လာခဲ့လေသည်။

ကျောက်တုံးလူသားလေးသည် အစောပိုင်းက သူ့ခေါင်းကို အားပါးတရ ရိုက်ချခဲ့သော ယန်ယန်ကို နည်းနည်း လန့်နေသည့် ပုံပင်။ သူ့သည် ကိုယ်ပိုင် အသိဥာဏ်မရှိဘဲ မသိစိတ်အရ လှုပ်ရှားနေသည့် သက်ရှိတစ်ကောင် ဖြစ်သော်လည်း သူ့အား ရိုက်ခဲ့သောလူကို မှတ်မိနေပေသေးသည်။

သူ့အား ရိုက်လိုက်သောလူ၏ မျက်နှာကို မြင်လိုက်သည်နှင့် ကျောက်တုံးလူသားလေးသည် တွင်းထဲမှ ချက်ချင်း ခုန်ထွက်၍ ဒယီးဒယိုင်ဖြင့် ရန်ကိုင် ခြေထောက်ဆီ ပြေးကာ သူ့ကိုယ်ပေါ် တွယ်တက်လေတော့သည်။

ယန်ယန်သည် ထိုမြင်ကွင်းကို မှင်သေသေဖြင့် စိုက်ကြည့်နေသည်။ သူမ၏ အကြည့်သည် ရန်ကိုင်ကိုယ်ပေါ် တွယ်တက်သွားသည့် ကျောက်တုံးလူသားပေါ်တွင် တောက်လျှောက် ရှိနေခဲ့ပြီး နောက်ဆုံး၍ အသံအကျယ်ကြီး ထအော်လေသည် “ကျောက်တုံးမျိုးနွယ်စု”

ယန်ယန် အလွန်တရာကိုမှ စိတ်လှုပ်ရှားနေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။

“ကျောက်တုံးမျိုးနွယ်စုလား” ရန်ကိုင် မျက်မှောင် ကြုတ်သွားခဲ့ပြီး ပခုံးပေါ်တွင် ရှိနေသော ကျောက်တုံးလေးကို လက်ဝါးပေါ်တင်၍ မေးလိုက်သည် “ဒါဘာလဲ နင်သိတာလား”

ယန်ယန်က ရန်ကိုင်ကို ကြည့်၍ အလျင်အမြန်က ခေါင်းညိတ်လိုက်သည်။ ပြီးသည်နှင့် ချက်ချင်း တစ်ခုခုကို နားလည်သွားလိုက်ပြီး ပြန်မေးလိုက်လေ၏ “ဒီကျောက်တုံး မျိုးနွယ်စုက နင့်ကောင်လား”

ရန်ကိုင်၏လူ မဟုတ်လျှင် ထိုကောင်သည် ရန်ကိုင်၏ ကိုယ်ပေါ်သို့ ဘာကြောင့် ပြေးတက်သွားမည်နည်း။ ရန်ကိုင် လာရန် အမိန့်ပေးလိုက်သည်နှင့် ဘာကြောင့် လာရသနည်း။ ရန်ကိုင်၏ ပိုင်ဆိုင်မှုကို နောက်တစ်ကြိမ် အထင်သေးမိလိုက်ပြီမှန်း သိလိုက်သည်နှင့် ယန်ယန် ခေါင်းမူးချင် ဖြစ်သွားသည်။

ရန်ကိုင်သည် အဖိုးတန်ပစ္စည်းများစွာကို ပိုင်ဆိုင်ထားသလို အဆင့်မြင့် မှော်ရတနာများကိုလည်း ပိုင်ဆိုင်ထားပေသည်။ သူတော်စင် တတိယအဆင့်သာ ရှိသေးသော်လည်း သူတော်စင် ဘုရင်များကို အလွယ်တကူ သတ်နိုင်သည်။ ယခုတွင်မူ ကျောက်တုံးမျိုးနွယ်စုဝင် တစ်ယောက်ကိုပါ ပိုင်ဆိုင်ထားပြန်၏။ ထိုကောင် ဘာကောင်နည်း။

ထို့ပြင် ထိုကျောက်တုံးမျိုးနွယ်စုကို သူမဘာကြောင့် ယခင်က မမြင်ဖူးခဲ့ရသနည်း။

“ဟုတ်တယ်။ ငါ့ကောင်ပဲ။ ဒီကျောက်တုံးမျိုးနွယ်စုက ဘာလဲ ငါ့ကိုပြောပြပေတော့” ရန်ကိုင် အတော်လေး စိတ်ဝင်စားနေသည်။ ကျောက်တုံးလူသားလေးကို ရက်ပေါင်းများစွာကြာသည်အထိ လေ့လာစောင့်ကြည့်ခဲ့သော်လည်း ထိုကောင်တွင် အလွန်အမင်း ကောင်းမွန်လှသော တွင်းတူစွမ်းရည် ပိုင်ဆိုင်ထားသည်ဆိုသော အချက်မှလွဲ၍ အခြားဘာကိုမှ မတွေ့ရှိခဲ့ရပေ။

“ငါ့အနီးကပ် ကြည့်ကြည့်လို့ရမလား။ သိပ်မသေချာလို့” ယန်ယန်က ကျောက်တုံးလူသားကို မျှော်လင့်တကြီးဖြင့် စိုက်ကြည့်နေခဲ့သည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ကျောက်တုံးလူသားကို ယန်ယန်ဆီ ပစ်ပေးလိုက်သည်။ ယန်ယန်ကို သူယုံပေသည်။ ထို့အပြင် ထိုကျောက်တုံးလူသားအကြောင်းကို ယန်ယန်အား ရှင်းပြစေလိုသည်။

ယန်ယန်က ကျောက်တုံးလူသားကို လက်နှစ်ဖက်ဖြင့် လှမ်းဖမ်းလိုက်သည်။ ကျောက်တုံးလူသားအား ဖြစ်သလို ပစ်ပေးသော ရန်ကိုင်ကို စူးစူးရဲရဲ လှမ်းကြည့်လိုက်သည်။

ယန်ယန်၏ အောက်သိုးသိုး မျက်နှာထားသည် ချက်ချင်းကို နူးညံ့သိမ်မွေ့သွားခဲ့သည်။ ထို့နောက် ကျောက်တုံးလူသားကို သူမရှေ့တွင်ထား၍ သေချာ စစ်ဆေးကြည့်တော့သည်။

သူ့အား ရိုက်နှက်ခဲ့သော ထိုအမျိုးသမီးကို ကျောက်တုံး လူသားလေး အတော့်ကို ကြောက်နေသည့်ပုံပင်။ ယန်ယန်ဆီ ရောက်နေသည့်တိုင် ရန်ကိုင်ဆီ ထပြေးမည်ချည်း လုပ်နေသဖြင့် ရန်ကိုင်လည်း သူ့အား ထိုနေရာတွင် နေရာ အမိန့်ပေးရတော့၏။

“သွေးအဆီးအနှစ်ကျောက်တံးပဲဟ။ တကယ်ကြီး ကျောက်တုံးမျိုးနွယ်စုပဲ။ ဒီမျိုးနွယ်စု မျိုးတုန်းသွားပြီး မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး အသက်ရှင်နေတဲ့ကောင်တွေ ရှိနေသေးတာလဲ” ယန်ယန်က ကျောက်တုံးလူသားလေးကို တင်းတင်းကြပ်ကြပ် ကိုင်ရင်း သူမဘာသာ တစ်ယောက်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။ ကျောက်တုံးလူသားကို သူမ လက်ထဲမှ မလွှတ်ပေးချင်တော့သည့် ပုံစံမျိုး လုပ်ပြနေသဖြင့် ရန်ကိုင်လည်း ကျောက်တုံးလူသားကို အမြန် ပြန်လုယူလိုက်ရသည်။

“ငါသေချာကြည့်လို့ မပြီးသေးဘူး။ ငါထပ်ကြည့်ရဦးမယ်” အစောပိုင်းက ဖြစ်ပျက်သွားခဲ့သည့် ရှက်ရွံ့ဖွယ် အခြေအနေကို ယန်ယန် မမှတ်မိတော့။ သူမ၏ အာရုံအလုံးသည် ကျောက်တုံး လူသားလေးပေါ်တွင် ရောက်နေခဲ့သည်။

“နင်သိတယ် ဆိုမှတော့ အခုငါ့ကို ရှင်းပြပေးပေတော့။ နင်ရှင်းပြလို့ပြီးသွားရင် ငါနင့်ဆီ ပြန်ပေးမယ်” ရန်ကိုင်က ပြောလိုက်သည်။

“အဲ့ကောင်က နင့်ဟာလေ။ ဒါတောင် သူဘာလဲဆိုတာကို နင်မသိဘူးလား” ယန်ယန်က ရန်ကိုင်အား အံ့ဩတကြီး စိုက်ကြည့်လိုက်သည်။

“ငါဘာလို့ သိရမှာလဲ” ရန်ကိုင်က ပြန်ပြောသည်။

ယန်ယန်၏ နှုတ်ခမ်းလေး ကွေးတက်သွားခဲ့သည်။ သူမ ရယ်ရခက်၊ ငိုရခက် ဖြစ်နေလေပြီ။ နောက်ဆုံးတွင် အံကြိတ်၍ ရေရွတ်လိုက်သည် “လောကကြီးက တကယ် မတရားဘူး။ ဒီကောင်လေးကို ငါ့ဆီမပေးဘဲ ဘာလို့ နင့်ဆီ ပေးခဲ့တာလဲ မသိဘူး”

အချိန်အတော်ကြာအောင် မကျေမနပ် ညည်းတွားစကား ဆိုနေပြီး နောက်ဆုံး၍ စရှင်းပြလိုက်သည် “အဲ့ဒါက ကျောက်တုံး မျိုးနွယ်စုပဲ”

“နင်တစ်ကြိမ် ပြောပြီးသွားပြီလေ။ ကျောက်တုံးမျိုးနွယ်စုက ဘာလဲဆိုတာကို ငါသိချင်နေတာ”

“အင်းးးးး” ယန်ယန်က ဒေါသတကြီး ခေါင်းညိတ်လိုက်ပြီး “သူတို့တွေကို ကျောက်တုံးရုပ်သေးရုပ်လို့လည်း ခေါ်တယ်။ နင်က သူ့ပိုင်ရှင်ဆိုမှတော့ သူ့အကြောင်း အတော်လေး သိထားမှာပေါ့၊ ဟုတ်တယ်မလား။ သူတို့တွေမှာ အသိဥာဏ် မရှိသလောက်ပဲ။ သူတို့ရဲ့ မသိစိတ်နဲ့ ပေးလာတဲ့ အမိန့်အတိုင်းပဲလိုက်ပြီး လှုပ်ရှား၊ ပြုမူကြတာ။ အဲ့ကောင်တွေက ကိုယ်ပိုင်မျိုးနွယ်စုရှိတဲ့ သက်ရှိတွေ ဆိုပေမယ့် ရုပ်သေးရုပ်တွေလို့လည်း ပြောလို့ရတယ်”

ရန်ကိုင် အသာအယာ ခေါင်းညိတ်လိုက်သည်။ ယန်ယန် ပြောနေသည်မှာ အမှန်ဖြစ်မှန်း သူသိသည်။

“သူတို့ကို မွေးဖွားဖို့အတွက် အထူးအခြေအနေတွေ လိုအပ်တယ်။ သူ၏ စဦးပုံစံက ဘာအသက်စွမ်းအင်မှမရှိတဲ့ အနက်ရောင်အလုံးလေးတစ်လုံးပဲ။ ဒါပေမယ့် သတ္တု အဆီအနှစ်တွေကို စုပ်ယူနိုင်မယ်ဆိုရင်တော့ တဖြည်းဖြည်းချင်း အသက်ရှိလာလိမ့်မယ်။ ငါပြောနေတဲ့ဟာကို ဥတစ်လုံးလို့ တွေးထားရင် အဆင်ပြေတယ်”

“အဲ့ဥကို ပေါက်စေဖို့အတွက် အထူးရတနာတစ်မျိုး လိုအပ်တယ်။ သွေးအဆီအနှစ်ကျောက်တုံးပဲ။ သွေးအဆီအနှစ် ကျောက်တုံးက ကျောက်တုံးမျိုးနွယ်စုရဲ့ နှလုံးလို့ ပြောလို့ရတယ်။ သွေးအဆီအနှစ်ကျောက်တုံးမရှိရင် သတ္တုအဆီအနှစ် ဘယ်လောက်ကိုပဲ သူတို့ စုပ်ယူစုပ်ယူ ဥပေါက်လာနိုင်မှာ မဟုတ်ဘူး။ ဒီကောင်လေးရဲ့ ရင်ဘတ်မှာရှိနေတဲ့ အနီရောင် ကျောက်တုံးက သွေးအဆီအနှစ်ကျောက်တုံးပဲ။ ဒါကြောင့် ဒီကောင်က ကျောက်တုံးမျိုးနွယ်စု ဆိုတာကို လုံးဝ သံသယ ရှိစရာမလိုတော့ဘူး”

ရန်ကိုင် ခန့်မှန်းထားသကဲ့သို့ပင် သွေးအဆီအနှစ် ကျောက်တုံးသည် ထိုကောင်လေး၏ နှလုံးသား ဖြစ်နေခဲ့သည်။

“ကျောက်တုံးမျိုးနွယ်စုက အရေအတွက် အရမ်းနည်းတယ်။ ဒါပေမယ့် သူတို့တွေကို သွားအထင်မသေးလိုက်နဲ့။ ရှေးတုန်းကဆိုရင် ကျောက်တုံးမျိုးနွယ်စုတစ်ကောင် ပေါ်လာတိုင်း လူတွေအများကြီး သူ့နောက်လိုက်ကြတာ။ အဲ့ကျောက်တုံး လူသားကို သူတို့ကိုယ်ပိုင် ရုပ်သေးရုပ်ဖြစ်အောင် လုပ်ချင်တာလေ”

“သူ့ကို ဘယ်လိုသုံးလို့ရလဲ” ရန်ကိုင်က မေးလိုက်သည်။

ယန်ယန်က ရယ်မောလိုက်ပြီး “သူတို့တွေက သတ္တု အဆီအနှစ်တွေကိုစားသပြီး ကြီးထွားလာတာဆိုတော့ သတ္တုတွေကို အာရုံခံတာနဲ့ ပက်သက်ရင် သူတို့တွေက ပြိုင်ဘက်ကင်းပဲ။ အနားမှာ သတ္တုတွင်း တစ်ခုခုသာ ရှိနေသရွေ့၊ သူတို့ ချက်ချင်း ရှာတွေ့နိုင်တယ်။ ဒီလောက်ဆို လုံလောက်ပြီမလား။ ကျောက်တုံး ရုပ်သေးရုပ်သာ ရှိမယ်ဆိုရင် နင့်စိတ်ကြိုက် သတ္တုတွင်းတွေကို လိုက်ရှာလို့ရပြီ။ တန်ခိုးရှင်ဘုရင်အဆင့် သတ္တုတွေတောင် ပါတယ်နော်”

ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျတ်ဖျတ် လက်သွားခဲ့ပြီး ကျောက်တုံးလူသားကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။ အစကမူ ဤကျောက်တုံးလူသားသည် ဘာမှ အသုံးမဝင်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုမှသာ အဖိုး မဖြတ်နိုင်သည့် ရတနာတစ်ခုကို ရထားမှန်း ရန်ကိုင် နားလည်လိုက်၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၁၁၇) မျက်မြင်သက်သေကို နှုတ်ပိတ်မှာတော့ မဟုတ်ပါဘူးနော်

ယန်ယန်က ထပ်ပြောလိုက်သည် “သတ္တုတွင်းတွေ ရှာတာက သူ့စွမ်းရည်တစ်မျိုးပဲ ရှိသေးတယ်။ သူ့မှာ ပန်းပဲပညာရှင်တွေ အမြဲတမ်း အိမ်မက်မက်ရတဲ့ စွမ်းရည်တစ်မျိုး ရှိသေးတယ်။ သတ္တု အဆီအနှစ်တွေကို သန့်စင်ပေးနိုင်တာပဲ။ ပန်းပဲပညာရှင် တစ်ယောက်သာ အဲ့ကောင်ရဲ့ အကူအညီရရင် သတ္တုထဲကနေ အညစ်အကြေးတွေ ဖယ်ဖို့အတွက် အကုန်ကုန်ခံပြီး အရည် ဖျော်နေစရာ မလိုတော့ဘူး။ ကျောက်တုံးရုပ်သေးရုပ်တွေနဲ့ဆို အဲ့လို ကိစ္စတွေကို အလွယ်လေး လုပ်လို့ရတယ်”

ဆေးဖော်စပ်ရာတွင် ဆေးပင်များကို သန့်စင်သော ဆေးအရည်အဖြစ်သို့ သိပ်သည်းရန် လိုအပ်သလို ပန်းပဲ ထုလုပ်ရာတွင် သတ္တုများ၏ အဆီအနှစ်ကို ထုတ်ယူရန် လိုအပ်ပေသည်။

အညစ်အကြေးများများကို ဖယ်ရှားနိုင်လေ ဖြစ်ပေါ်လာသော ဆေးလုံး သို့မဟုတ် မှော်ရတနာ၏ အရည်အသွေး ပိုကောင်းလေ။ ဆေးပညာရှင် သို့မဟုတ် ပန်းပဲပညာရှင် တစ်ယောက်၏ အရည်အသွေးကို ဆေးအမယ် သို့မဟုတ် သတ္တုများအား မည်သည့် ရာခိုင်နှုန်းအထိ အညစ်အကြေး ကင်းစင်အောင် သန့်စင်နိုင်သလဲ ဆိုသည့် အချက်ဖြင့် တိုင်းတာသည်များလည်း ရှိသေးသည်။

ထိုအခြင်းအရာပိုင်းတွင် ရန်ကိုင်နှင့် ယန်ယန်သည် သူတို့ နယ်ပယ်အသီးသီး၏ ထိပ်သီးများဖြစ်ကြသည်။

သို့သော်လည်း ကျောက်တုံးရုပ်သေးရုပ်သည် သတ္တုများ၏ အဆီအနှစ်ကို ထုတ်ယူနိုင်သော စွမ်းရည်ဖြင့် မွေးဖွားလာသည်။ သူ၏ သန့်စင်နိုင်စွမ်းသည် အခြားမည့်သည့် ပန်းပဲပညာရှင်ထက် မဆို ပိုမိုသာန်လွန်ပေသည်။ ထို့ကြောင့် ထိုကောင်လေးကို ယန်ယန် အလွန်စိတ်ဝင်စားနေရခြင်း ဖြစ်သည်။

ရန်ကိုင် မသိသည့်အချက်သည်ကား ကျောက်တုံး ရုပ်သေးရုပ်များတွင် နောက်ထပ်ခေါင်းစဉ်တစ်ခု ရှိပေသေးသည်။ ပန်းပဲပညာရှင်များ၏ အကောင်းဆုံး လက်ထောက် ဆိုသော ခေါင်းစဉ်ပင်။

သတ္တုတွင်းများကို ရှာသည့်စွမ်းရည် ဖြစ်စေ၊ သတ္တုများကို သန့်စင်သည့် စွမ်းရည်ဖြစ်စေ၊ ထိုစွမ်းအင် နှစ်မျိုးစလုံးကို ပန်းပဲ ပညာရှင်များ လိုအပ်ပေသည်။

ပန်းပဲပညာရှင်မဟုတ်သော ရန်ကိုင်မှ ကျောက်တုံးလူသားကို ပိုင်ဆိုင်ထားသည့်အတွက် ယန်ယန်၏ မျက်လုံးများ မနာလိုမှု ကြောင့် ရဲတက်လာခဲ့ရသည်။ ကျောက်တုံးရုပ်သေးရုပ် ရန်ကိုင်၏ လက်ထဲတွင် ရှိနေခြင်းသည် ကောင်းကင်လက်ဆောင်ကို ဖြုန်းတီးခြင်း မည်ပေသည်။ ကျောက်တုံး ရုပ်သေးရုပ်သာ သူမ၏ အပိုင်ဆိုလျှင် မည်မျှ ကောင်းလိုက်လေမည်နည်း။

“ဆက်ပြောလေ။ အခြားဘာရှိသေးလဲ” ရန်ကိုင်က ပြုံး၍ မေးလိုက်သည်။ ထိုကောင်လေးသည် ပိုပို၍ ကြည့်ပျော်ရှုပျော် ရှိလာသလို ရန်ကိုင် ခံစားလိုက်ရသည်။ ထုန်းရွှမ်လောကကြီးမှ သယ်လာခဲ့သော အနက်ရောင်ကျောက်တုံး နှစ်တုံးသည် အဖိုးမဖြတ်နိုင်လောက်‌အောင် တန်ဖိုးကြီးမားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ရုပ်သေးရုပ်ဆိုမှတော့ တိုက်ခိုက်တဲ့ နေရာမှာလည်း သုံးလို့ ရတာပေါ့” ယန်ယန်က သက်ပြင်းချလျက် “ပန်းပဲပညာရှင်တွေက ဆေးပညာရှင်တွေလိုပဲ တိုက်ခိုက်တဲ့နေရာမှာ အားမကောင်းဘူး ဆိုတာကို နင်သိတယ်မလား။ အဲ့ဟာကွက်ကို ကျောက်တုံး ရုပ်သေးရုပ်နဲ့ ဖြည့်လိုက်လို့ရတယ်”

ယန်ယန်သည် တိုက်ခိုက်ခြင်းကို စိတ်ဝင်စားသည့်အတွက် ထိုအကြောင်းနှင့် ပက်သက်၍ အများကြီး ရှင်းပြမနေခဲ့ချေ။

ရန်ကိုင် မျက်မှောင်ကြုတ်ပြီး ထိုကောင်လေးကို ကြည့်လိုက်သည်။ နဖူးတောက်လျှင်ပင် လွင့်ထွက်သွားသော ထိုကောင်လေးသည် မည်သို့များ တိုက်ခိုက်နိုင်ပါလေသနည်း ဆိုသောအချက်ကို ရန်ကိုင် စဉ်းစားမရနိုင် ဖြစ်နေခဲ့သည်။ တိုက်ခိုက်နိုင်သည် ဆိုလျှင်သည် အားကောင်းလေပါ့မလား။ တွင်းတူးပြီး တိုက်ခိုက်ခြင်းပေလော။ ထိုကောင်လေး၏ တွင်းတူ စွမ်းရည်သည် တစ်လောကလုံးသည် နံပါတ်တစ်ဖြစ်သည်။

“ကိုကိုရန်ကိုင်...” ယန်ယန်က နွှဲ့ဆိုးဆိုးနေသည့် ကလေးမလေး တစ်ယောက်၏ လေသံနှင့် ရှက်ရှက်ဖြင့် ပြောလိုက်သည်။

သူ့ဘာသာ အတွေးထဲ နစ်မြောနေသော ရန်ကိုင်၊ ထိုအသံကို ကြားလိုက်ရချိန် တစ်ကိုယ်လုံး ကြက်သီးမွှေညင်း ထသွားရသည်။ ယန်ယန်အား အေးစက်စက် စိုက်ကြည့်လိုက်ပြီး ခပ်ပြတ်ပြတ် ပြန်ပြောလိုက်လေသည် “ပြောစရာရှိရင်ပြောလိုက်”

ယန်ယန်သည် ထိုကဲ့သို့ ပုံစံမျိုးနှင့် လိုက်ဖက်သည့် မိန်းကလေးမဟုတ်။ ထိုကဲ့သို့ လုပ်ခြင်းသည် သူမ၏ မွေးရာပါ စွဲဆောင်မှုကို လျော့ကျသွားစေနိုင်သည်။

“နင့်ကျောက်တုံးရုပ်သေးရုပ်...”

“မရဘူး” ယန်ယန်အား ပြီးအောင်ပင် ပြောခွင့်မပေးဘဲ ချက်ချင်း ကြားဖြတ်ပြောလိုက်သည်။

ယန်ယန်က ချက်ချင်း စိတ်ဓါတ်ကျသွားပြီး “ငါပြောလို့ မပြီးသေးဘူးလေ”

“နင်ဘာပြောချင်နေလဲ ငါငသိတယ်။ နင်လိုချင်နေတာ မလား” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလျက် “မဖြစ်နိုင်ဘူး။ အဲ့ကောင်နဲ့ ငါ့ကြားမှာ ချိတ်ဆက်ပြီးသွားပြီ။ နင့်ဆီ ပေးလိုက်မယ် ဆိုရင်တောင် အဲ့ကောင်က ငါ့အမိန်ကိုပဲ နာခံနေဦးမှာ”

“နင်သူ့ကို နာခံအောင် လုပ်လိုက်ပြီ ဟုတ်လား” ယန်ယန် မျက်လုံးပြူးသွားခဲ့သည် “နင်ဘယ်လိုလုပ်လိုက်တာလဲ။ ကျောက်တုံး ရုပ်သေးရုပ်တွေဆိုတာ နာခံအောင်လုပ်ဖို့ အရမ်း ခက်တဲ့ကောင်တွေပါ။ ဒီကောင်တွေက ငယ်ငယ်တည်းက ပြုစု... နင်သူ့ကို မမွေးခင်ကတည်းက ပျိုးထောင်ခဲ့တာလား”

“မိန်းကလေးက လှလည်းလှ၊ ဥာဏ်လည်းကောင်းတာပဲဟ” ရန်ကိုင် သွားပေါ်အောင် ပြုံးလိုက်သည်။ ဤကောင်လေးကို သူပြုစုပျိုးထောင်ပေးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ ထို့အပြင် ဤကောင်လေး ဥမပေါက်ခင်ကလည်း ရွှေရောင် သွေးစက်တစ်စက် တိုက်ခဲ့သေးသည်။ ထို့ကြောင့် ကျောက်တုံး ရုပ်သေးရုပ်လေးနှင့် သူ့ကြားတွင် ဖြတ်တောက်မရနိုင်သော နှောင်ကြိုးတစ်မျှင် ရှိနေခြင်းဖြစ်သည်။

“အား..... လောကကြီးက ဘာလို့ မမျှရတာလဲ” ယန်ယန်က ဒေါသတကြီး ခြေဆောင့်လိုက်သည်။ ကျောက်တုံးရုပ်သေးရုပ်ကို သူမအပိုင် လုပ်ပစ်ချင်သော်လည်း ရန်ကိုင်က သူမထက်အရင် လက်ဦးနေခဲ့လေသည်။ ယခု သူမ၏ အကြံအစည်အားလုံး ရေစုန်မျောသွားခဲ့ရလေပြီ။

အကြောင်းမှာ ကျောက်တုံးရုပ်သေးရုပ်များသည် မြင့်မားသော အသိဥာဏ် မရှိသည့်အတွက် တစ်ယောက်ယောက်ကို သခင်အဖြစ် အသိအမှတ် ပြုလိုက်ပြီးသည်နှင့် ထိုတစ်ယောက်ကိုသာ သခင်အဖြစ် တစ်သက်လုံး အသိအမှတ် ပြုသွားတော့သည်။ အခြား မည်သည့်ကိုမှ သခင်အဖြစ် အသိအမှတ် မပြုတော့ချေ။

ယန်ယန်၏ စိတ်ပျက်သွားသည့် အမူအရာကိုမြင်သော် ရန်ကိုင်က အသာအယာ ချောင်းဟန့်၍ ပြောလိုက်သည် “အဲ့ကောင်က ငါ့အမိန့်တွေကိုပဲ နာခံတယ်ဆိုပေမယ့် ပန်းပဲ ထုတဲ့နေရာမှာ သူ့ကိုသုံးချင်တယ်ဆိုရင် ငါနင့်ကို ငှားပေးလို့ ရတယ်။ ငါက ပန်းပဲမှ ထုတတ်တာ မဟုတ်တာ”

“တကယ်လား” ယန်ယန် ချက်ချင်း ထရယ်၍ ရန်ကိုင်၏ ပခုံးကိုပုတ်င်း “အဲ့လိုဆို အဆင်ပြေတယ်။ အခု နင့်ဒိုင်းကို တန်ခိုးရှင် အလယ်အလတ်အဆင့်ထိ မြှင့်ပေးလို့ရပြီ။ ငါနောက်ပိုင်း လုပ်တဲ့ မှော်ရတနာတွေလည်း ပိုပြီးတော့ အဆင့်မြင့်လာလိမ့်မယ်။ ကိုကိုရန်ကိုင်က အရမ်းကို ကြင်နာတာပဲ”

ပျော်လွန်းလို့ သေတော့မည့်အလား။

“ဟုတ်ပြီ။ဟုတ်ပြီ။ သတ္တု အဆီအနှစ်‌တွေကို ဘယ်လို ထုတ်ယူလဲ ငါ့ကိုပြပါဦး” ရန်ကိုင်က ယန်ယန်၏ ချီးကျူးစကားကို နားမခံနိုင်တော့သည့် အတွက်ကြောင့် ချက်ချင်း ခေါင်းစဉ် ပြောင်းလိုက်သည်။ သူလည်း ထိုအချက်ကို အတော်လေး စိတ်ဝင်စားနေလေရာ ကိုယ်တွင် မြင်ချင်နေမိသည်။

“ရှင်းပါတယ်။ ဒီမှာကြည့်နေ” ယန်ယန်က ဖရဲသီး အရွယ်လောက်ရှိမည့် တန်ခိုးရှင်အဆင့် သတ္တုတုံးတစ်တုံးကို သူမ၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်သည်။ ထိုသတ္တုသည် ကောင်းကင်ကံကြမ္မာမြို့တော်မှ ရန်ကိုင် ဝယ်လာသည့် သတ္တု တစ်မျိုး ဖြစ်ပေသည်။

“ကောင်လေး။ ဒီကိုလာခဲ့။ အစ်မကြီးမှာ နင့်အတွက် အရသာရှိတဲ့ စားစရာတွေရှိတယ်” ယန်ယန်က အပြာရောင် ကျောက်တုံးကို ကျောက်တုံးရုပ်သေးရုပ် မြင်အောင် မြှောက်ပြလိုက်သည်။

ကျောက်တုံးရုပ်သေးရုပ်သည် ရန်ကိုင် လက်ထဲမှ ခုန်ထွက်ပြီး အပြာရောင်ကျောက်တုံး ရှိရာဆီ ချက်ချင်း ပြေးလေသည်။

တကျွတ်ကျွတ် မြည်သံနှင့်အတူ တစ်ခဏအတွင်း ဖရဲသီး အရွယ်အစားလောက်ရှိသော ကျောက်တုံး ကုန်သွားခဲ့လေသည်။ သို့သော် ကျောက်တုံးရုပ်သေးရုပ်၏ ဗိုက်မှာမူ ဖောင်းမလာခဲ့ပေ။

ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် မှင်သက်နေခဲ့သည် “မြန်လိုက်တာ”

ယန်ယန်သည်လည်း အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့သည်။ ကျောက်တုံးရုပ်သေးရုပ်၏ စွမ်းရည်ကို သိသော်လည်း ယခုမှသာ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ အပြာရောင် ကျောက်တုံးကို စားပြီးနောက် ကျောက်တုံးရုပ်သေးရုပ်အား မြေကြီးပေါ်တွင် ထိုင်စေလိုက်သည်။

“ပြီးတော့ကော” ရန်ကိုင်က မေးလိုက်သည်။

“ခဏစောင့်နေ”

နှစ်ယောက်စလုံး ကျောက်တုံး ရုပ်သေးရုပ်ကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။

မကြာမီ ကျောက်တုံးရုပ်သေးရုပ်၏ တောက်ပြောင်သော ခန္ဓာကိုယ်သည် စတင် မှိန်ကျသွားသည်ကို တွေ့လိုက်ရသည်။ တစ်ခုခု သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး ယခင်က ချောမွတ်၊ တောင်ပြောခဲ့သော ခန္ဓာကိုယ်ကို ဖုံးအုပ်သွားခဲ့သည်။

ခဏအကြာ၌ ကျောက်တုံး ရုပ်သေးရုပ်တစ်ကိုယ်လုံး မှုံထိုင်းထိုင်း၊ မီးခိုးရောင်ဖြစ်သွားခဲ့သည်။

ထို့နောက် သူ့တစ်ကိုယ်လုံး မဆိုသလောက်ကလေး တုန်သွားပြီး သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် မီးခိုးရောင် ကျောက်တုံးများသည် မရေမတွက်နိုင်သော အပိုင်အစလေးများ အဖြစ် မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။

ယန်ယန်က ရှင်းပြလိုက်သည် “ဒါတွေက ခုဏတုန်းက အပြာရောင်သတ္တုထဲမှာပါတဲ့ အညစ်အကြေးတွေပဲ”

ထို့နောက် ကျောက်တုံးရုပ်သေးရုပ်ဘက်သို့ လှည့်၍ တောက်ပစွာပြုံးကာ ပြောလိုက်သည် “ထွေးထုတ်လိုက်”

ယခုတစ်ကြိမ်တွင်မူ ကျောက်တုံးရုပ်သေးရုပ်သည် ကြောင်တောင်တောင်ဖြင့်သာ ရပ်နေခဲ့သည်။ သူမအမိန့်ကို နာခံမည် မဟုတ်မှန်း သိလေရာ ရန်ကိုင်ဆီသို့ လှမ်း၍ အကူအညီ တောင်းရလေသည်။

ရန်ကိုင်လည်း ကျောက်တုံးရုပ်သေးရုပ်ကို အမိန့်ပေးလိုက်၏။

ရန်ကိုင်က အမိန့်ပေးလာသဖြင့် ကျောက်တုံးရုပ်သေးရုပ်သည် ပါးစပ်ကို မဖြစ်နိုင်သလောက် ကျယ်အောင်ဟလျက် လက်သီးဆုပ် အရွယ် အညစ်အကြေးကင်းစင်သော သတ္တုကို ထွေးထုတ်လိုက်၏။ ရန်ကိုင်၏ မျက်လုံးများ တောက်ပသွားပြီး ယန်ယန်သည် ထိုသတ္တုကို ချက်ချင်း လှမ်းယူလိုက်လေသည်။

သူမ မကောက်ယူရသေးခင်မှာဘဲ ကျောက်တုံးရုပ်သေးရုပ်က နောက်ထပ် သတ္တုတစ်တုံးပြီး တစ်တုံးကို ထွေးထုတ်လာခဲ့သည်။ နောက်ပိုင်းတွင် တစ်ခါထွေးထုတ်လျှင် ဆယ်တုံးကျော်အထိပါ ထွေးထုတ်လာခဲ့သည်။

ထိုမြင်ကွင်းကြောင့် ရန်ကိုင် မှင်သက်သွားပြီး ယန်ယန်လည်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ရသည်။

သူတို့ရှေ့ရှိ မြင်ကွင်းသည် သူတို့ ထင်ထားသည်နှင့် တလွဲစီ ဖြစ်နေခဲ့လေသည်။

အသက်ဆယ်ရှိုက်စာကြာပြီးနောက် သူတို့ရှေ့တွင် သတ္တပုံကြီး တစ်ပုံ ရှိနေခဲ့လေပြီ။ ထိုသတ္တုများသည် သလင်းကျောက်ကဲ့သို့ ထွင်းဖောက်မြင်နေရသည်။ တစ်တုံးသည်သာ မိုးပြာရောင် တောက်နေခြင်း ဖြစ်သည်။

ကျောက်တုံးရုပ်သေးရုပ်သည် အတော်လေးကို မောပန်းသွားသည့် အလား ဒယီးဒယိုင်ဖြစ်ကာ ဖင်ထိုင်လျက် လဲကျသွားသည်။

သို့သော်လည်း ရန်ကိုင်နှင့် ရန်ကိုင်သည် ကျောက်တုံး ရုပ်သေးရုပ်ကို အာရုံမစိုက်နိုင်သေးဘဲ သူတို့ရှေ့ရှိ သတ္တုပုံကြီးတွင်သာ အာရုံရောက်နေခဲ့သည်။

“ယန်ယန်၊ ကျောက်တုံးရုပ်သေးရုပ်က သတ္တုတစ်တုံးကို စားပြီး အများကြီး ပြန်ထုတ်ပေးလို့ ရလို့လား” ရန်ကိုင်က မှင်သေသေဖြင့် မေးလိုက်သည်။ မေးပြီးတော့မှသာ ထိုမေးခွန်သည် အတော်လေး ယုတ္တိမရှိသည့် မေခွန်းဖြစ်မှန်း သဘောပေါက်လိုက်သည်။

“မဖြစ်နိုင်ဘူး” ယန်ယန်လည်း ရှင်းပြရခက်နေခဲ့သည်။ ယန်ယန်က အပြာငရောင် သတ္တုတုံးလေးကို ကောက်ယူလိုက်ပြီး လက်ဖြင့် သေချာ ပွတ်သပ်ကြည့်လိုက်ပြီးနောက် ပြောလိုက်၏ “ဒါက ငါအခုလေးတင် ကျွေးလိုက်တဲ့ သတ္တုပဲ”

ရန်ကိုင်က အခြားတစ်တုံးကို အလျင်စလို ကောက်ယူ၍ သေချာ စစ်ဆေးကြည့်လိုက်သည်။ ခဏအကြာ ထိတ်လန့်၊ အံ့ဩနေသည့် အမူအရာဖြင့် အလန့်တကြား ဆိုလိုက်လေသည် “ဒါက အပြာရောင်သတ္တုမဟုတ်ဘူး။ လေဟာနယ်ဝိဥာဉ် သလင်းကျောက်ပဲ”

“လေဟာနယ်ဝိဥာဉ် သလင်းကျောက်လား” ယန်ယန်၏ မျက်နှာလေး ဖြူလျော်သွားပြီး ချက်ချင်းပဲ တစ်တုံးကို ကောက်ယူ စစ်ဆေးကြည့်လိုက်ပြီးနောက် တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်လေသည် “တကယ်ကြီး လေဟာနယ်ဝိဥာဉ် သလင်းကျောက်ဩ”

ကျောက်တုံးရုပ်‌သေးရုပ်၏ ပါးစပ်အဟောင်းသားဖြစ်ဖွယ် လုပ်ရပ်ကြောင့် သူထွေးထုတ်လိုက်သည့် အခြားသတ္တုများကို ကောက်ယူ စစ်ဆေးဖို့ရာ မေ့လျော့နေခဲ့ပြီး ရန်ကိုင် ပြောမှသာ စစ်ဆေးမိလိုက်ခြင်း ဖြစ်သည်။

နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ သူတို့ရင်ထဲ မုန်တိုင်းထန်နေခဲ့လေပြီ။

ဤလောကကြီးတွင် မည်သည့် သတ္တုက အဖိုးအတန်ဆုံးလဲ ဆိုသည်ကို မေးခွန်ကို မည်သူမှ ဖြေနိုင်ိလမ့်မည် မဟုတ်သော်ငြား လေဟာနယ်ဝိဥာဉ် သလင်းကျောက်များသည် အဖိုးအတန်တုံး သတ္တုများထဲ တစ်ခုအပါဝင် ဖြစ်ပေသည်။

လေဟာနယ်ဝိဥာဉ်သလင်းကျောက်များ ရှားပါးရခြင်းမှာ ထိုသတ္တုများကို အခြားသတ္တုများကဲ့သို့ သတ္တုတွင်းကြီးများတွင် မတွေ့ရသောကြောင့် ဖြစ်သည်။ လေဟာနယ်ဝိဥာဉ် သလင်းကျောက်များကို ဒုတိယတန်းစားဖြစ်သော လေဟာနယ် ကျောက်တုံးနက် သတ္တုတွင်းများတွင်သာ တွေ့နိုင်သည်။ လေဟာနယ်ကျောက်တုံးနက်၏ တန်ဖိုးသည် အရမ်းကြီး မမြင့်လှချေ။

ထိုသတ္တုများကို ရံဖန်ရံခါ ပန်းပဲထုရာတွင် သုံးသော်ငြား အဆင့်မြင့် သတ္တုတစ်မျိုးတော့ မဟုတ်ချေ။ သို့‌သော် ထိုသတ္တုများနှင့် အတူတွဲတွေ့ရတတ်သည့် လေဟာနယ်ဝိဥာဉ် သလင်းကျောက်များမှာမူ ထူးခြားပေသည်။ လေဟာနယ်ဝိဥာဉ် သလင်းကျောက်များ၏ တန်ဖိုးမှာ အလွန်ကို မြင့်လှသည်။ ကျင့်ကြံသူများ ဝတ်ဆင်နေသော သိုလှောင်လက်စွပ်များ၊ ခရီးဝေ သွားရန်အတွက် အသုံးပြုသော လေဟာနယ်အစီအရင်များကို ပြုလုပ်ရာတွင် လေဟာနယ်ဝိဥာဉ် သလင်းကျောက်ကို မရှိမဖြစ် လိုအပ်ပေသည်။

ရံဖန်ရံခါ လေဟာနယ်ကျောက်တုံးနက် တွင်းတစ်တွင်းလုံး နေမှ လေဟာနယ်ဝိဥာဉ် သလင်းကျောက် လက်ဆေးဇလုံ ပမာဏလောက်သာ ရတတ်သည်။ ထိုမျှနှင့်ပင် အတော်လေး များနေပြီဟု ပြောရရသည်။ လေဟာနယ်ဝိဥာဉ် သလင်းကျောက် လုံးဝ မတွေ့ရသည့် လေဟာနယ်ကျောက်တုံးနက် တွင်းများလည်း ရှိပေသည်။ လေဟာနယ်ဝိဥာဉ် သလင်းကျောက်ို ရှာရန်အတွက် ကံကောင်းရန် လိုအပ်ပေသည်။

ဝယ်လိုအားနှင့် ပေးနိုင်စွမ်း မကိုက်သည့် အတွက်ကြောင့် လေဟာနယ်ဝိဥာဉ် သလင်းကျောက်၏ တန်ဖိုးမှာ အမြဲတမ်း မြင့်တက်နေရသည်။

သို့သော်လည်း လက်ရှိအချိန်၍ သူတို့ရှေ့တွင် လက်သီးဆုပ် အရွယ်အစားလောက်ရှိသော လေဟာနယ်ဝိဥာဉ် သလင်းကျောက် အပြုံလိုက်ကြီး ရှိနေခဲ့သည်။ ထိုအပုံထဲတွင် လေဟာနယ်ဝိဥာဉ် သလင်းကျောက် အနည်းဆုံး အတုံး (၃၀၀)၊ (၄၀၀)လောက် ရှိပေသည်။

ထိုပမာဏသည် ယန်ယန်ကို မဆိုထားနှင့်၊ ရန်ကိုင်ပင်လျှင် တပ်မက်မိသည်။ လက်သီးဆုပ်အရွယ် လေဟာနယ်ဝိဥာဉ် သလင်းကျောက် တစ်တုံးကို အနည်းဆုံး အထွဋ်အထိပ်အဆင့် သူတော်စင် သလင်းကျောက် အတုံး ငါးသောင်းနှင့် လဲလှယ်နိုင်ပေသည်။ ထိုတန်ဖိုးသည် တန်ခိုးရှင်အဆင့် မှော်ရတနာတစ်ခုစာ ရှိသည်။

အပြာရောင် တန်ခိုးရှင်အဆင့် သတ္တုတစ်တုံးကို စားပြီးနောက် ထိုသတ္တုများကို ကျောက်တုံးရုပ်သေးရုပ်မှ မှော်ဆန်ဆန် ထွေးထုတ်လာနိုင်သည်မှာ ဖြစ်နိုင်ချေမရှိပေ။ ထို့ကြောင့် ကျောက်တုံး ရုပ်သေးရုပ်သည် ထိုသတ္တုများကို ယခင်ကတည်းက သိုလှောင်ထားခြင်း ဟူသော ရှင်းပြချက်သာ ရှိတော့သည်။

“ရန်ကိုင်...” ယန်ယန်က တုန်ရီနေသောလေသံဖြင့် “ဒီကောင်လေး ဘယ်သတ္တုတွင်းတွေဆီ ရောက်ဖူးလဲ”

ရန်ကိုင်က ခေါင်းခါ၍ “ဒီကောင် မွေးလာတာ ရက်ပိုင်းပဲ ရှိသေးတယ်။ ဒါပေမယ့် အရင်ရက်တွေတုန်းကတော့ တွင်းတူးပြီး မြေကြီးထဲ လျှောက်ပတ်သွားနေတာ”

ယန်ယန်က တံတွေးတစ်လုတ် မြိုချ၍ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်သည် “နင်ပြောချင်တာက...”

ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

အလန့်တကြား ထအော်မိမည် စိုးသဖြင့် သူမ၏ပါးစပ်ကို လက်ဖြင့် ကမန်းကတန်း အုပ်လိုက်သည်။ ထိုလက်သီးဆုပ်အရွယ် သူတော်စင်ဝိဥာဉ် သလင်းကျောက်များသည်ပင် သူမကို အံ့အားသင့်အောင်လုပ်ရန် လုံလောက်နေလေပြီ. သို့သော်လည်း ယခု နောက်ထပ် ပို၍ မယုံကြည်နိုင်ဖွယ်ရာကောင်းသည့် အရာကို ထပ်ကြားလိုက်ရပြန်သည်။

ရုတ်တရက် သူမ၏ မျက်ဝန်းများဆီမှ မျက်ရည်စတို့ စီးကျလာခဲ့ပြီး ရန်ကိုင်ကို စိုက်ကြည့်၍ “ရန်ကိုင် နင့်ငါ့ကို နှုတ်ပိတ်ဖို့တော့ မကြိုးစားပါဘူးနော်၊ ဟုတ်တယ်မလား”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၁၁၈) လေဟာနယ်ဝိဥာဉ်သလင်းကျောက်တွင်း

ဤလောကကြီးတွင် လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားရန် အလို့ငှာ မျက်မြင်သတ်သေကို နှုတ်ပိတ်၊ မိသားစုတစ်ခုလုံးကို သတ်ဖြတ်သည့် ကိစ္စများမှာ သဘာဝသာဖြစ်သည်။ ယန်ယန်သည် ရန်ကိုင်၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးပေသည်။ သူတော်စင်ဘုရင် ပထမအဆင့်များပင် သူ့ပြိုင်ဘက် မဟုတ်ချေ။ ရန်ကိုင်သာ သူမအား သတ်ချင်သည်ဆိုပါက သူ၏ အနက်ရောင် နတ်ဆိုးမီးတောက်ကို အသုံးပြုလိုက်ရုံပင်။ သူမ၏ မှော်ရတနာ အားလုံး ထိုနတ်ဆိုးမီးတောက်ကို ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။

လက်ရှိအချိန်တွင် ယန်ယန်သည် ထိုလျှို့ဝှက်ချက်ကြီးကို သိလိုက်ရသည့်အတွက် အလွန်ကိုမှ နောင်တရနေခဲ့ရလေပြီ။

သို့သော်လည်း ရန်ကိုင်ကမူ ယန်ယန်ကို ကြည့်၍သာ ပြန်ပြီး မေးလိုက်သည် “နင်ဘာတွေ လျှောက်ပြောနေတာလဲ”

ယန်ယန်က ရုတ်ချည်း ပြုံးလိုက်သည် “နင်အဲ့လို မဟုတ်မှန်း ငါသိသားပဲ။ ဒီတွေကို မြန်မြန်သိမ်းလိုက်။ အခြားသူတွေ မြင်သွားရင် ပြဿနာတက်ကုန်မယ်”

ရန်ကိုင်လည်း ယန်ယန် ပြောသည့်အတိုင်း ရာနှင့်ချီသော လေဟာနယ်ဝိဥာဉ် သလင်းကျောက်များကို နတ်ဆိုးစာအုပ်ထဲသို့ အလျင်အမြန် ထည့်သိမ်းလိုက်လေသည်။

ယခုအချိန်ထိတိုင် ရန်ကိုင် စိတ်နှင့်ကိုယ်နှင့် မကပ်နိုင် ဖြစ်နေသေးသည်။ ထိုလေဟာနယ်ဝိဥာဉ်သလင်းကျောက်များကို မကြာသေးခင်ကမှ ကျောက်တုံးရုပ်သေးရုပ်က ရှာတွေ့ခဲ့ခြင်း ဖြစ်မည်ဆိုပါက သူရှာတွေ့ခဲ့သည့် နေရာသည် နဂါးလိုဏ်ဂူ တောင်ကြားတွင်သာ ဖြစ်ရပေလိမ့်မည်။ အကြောင်းမှာ ကျောက်တုံးရုပ်သေးရုပ်သည် အမြဲတမ်း မြေကြီးထဲတွင် လျှောက်သွားနေသောကြောင့် ဖြစ်ပေသည်။

သို့သော်လည်း သူနားမလည်နိုင်သည်ကား ဤမြေအောက်ကို ကောင်းကင်စိတ်အာရုံဖြင့် သေချာ စူးစမ်းရှာဖွေခဲ့သည့်တိုင် သတ္တု မိုင်းတွင်းနှင့် တူသည့်အရာကို ဘာကြောင့် ရှာမတွေ့ခဲ့ရသည်လဲ ဆိုသည့် အချက်ကိုပင်။ ဤနေရာတွင် လေဟာနယ် သလင်းကျောက်နက် ရှိနေသည်ဆိုပါက ဝူရီနှင့် ဟိုင်ခဲ မိသားစုသည်လည်း ထိုအကြောင်းကို သိထားလောက်ပေသည်။ တကယ်တော့ သူတို့ ဤနေရာတွင် ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ မဟုတ်ပေလော။

ကြည့်ရသည်မှာ ဤနေရာကို သေချာထပ်စုံစမ်းစစ်ဆေးရန် လိုအပ်သည့်ပုံပင်။

ကျောက်တုံးရုပ်သေးရုပ်ကို မချီလိုက်ပြီး ယန်ယန်ကို လက်ယပ်ပြလိုက်သည် “ငါနဲ့လိုက်ခဲ့”

ယန်ယန်လည်း ရန်ကိုင် မည်သည့် အကြောင်းအား ပြောမည်လဲ ဆိုသည်ကို ကြိုသိနေသည့်အလား ဘာတစ်ခွန်းမှ ပြန်မမေးဘဲ ရန်ကိုင်နောက်သို့သာ လိုက်သွားခဲ့သည်။

ဤသို့ဖြင့် ရန်ကိုင်နှင့် ယန်ယန်သည် လိုဏ်ဂူဆီမှ ဆယ်မိုင်ကျော် ဝေးကွာသော ချောင်ကျသည့် နေရာတစ်ခုကို ရှာလိုက်သည်။ ထိုနေရာသို့ ရောက်သည် ကျောက်တုံး ရုပ်သေးရုပ်ကို အောက်သို့ချ၍ မြေကျင်းတူးခိုင်းသည်။

မကြာမီ ကျောက်တုံးရုပ်သေးရုပ် ပျောက်ကွယ်သွားခဲ့ပြီး လူတစ်ယောက်စာ ဆင်းနိုင်လောက်အောင် ကျယ်ပြောသည့် တွင်လေးတစ်တွင်း ကျန်ခဲ့သည်။

ယခင်ကမူ ကျောက်တုံးရုပ်သေးရုပ်သည် သူ့တစ်ကိုယ်စာ ကျယ်သည့် တွင်းများကိုသာတူသည်။ ယခုမူ ရန်ကိုင်က လူတစ်ကိုယ်စာ တွင်းတူးခိုင်းသဖြင့် လူတစ်ကိုယ်စာ ကျယ်သည့် တွင်းကို တူးပေးခဲ့ခြင်း ဖြစ်သည်။

ယန်ယန် ပို၍ စိတ်လှုပ်ရှားလာခဲ့သည်။ စိတ်လှုပ်ရှားသဖြင့် မျက်နှာများပင် နီနေခဲ့သည်။ ရန်ကိုင် အရင် ဆင်းသွားမည်ကို ငြိမ်သက်တိတ်ဆိတ်စွာ စောင့်နေလိုက်သည်။

နာရီဝက်ကြာပြီးနောက် ရန်ကိုင်က ယန်ယန်အား ခေါင်းညိတ် ပြလိုက်ပြီး သူ့ရှေ့ရှိ အပေါက်ထဲသို့ ဆင်းသွားလိုက်သည်။

ကျောက်တုံးရုပ်သေးရုပ်သည် သဘာဝ မြေကျင်းတူးစက် ဟူ၍ပင် ထင်ရသည်။ သူတူးသွားသော လမ်းကြောင်းသည် ပေါ်လစ်တိုက်ထားသည့်အလား ချောမွတ်နေခဲ့သည်။ လမ်းတစ်လျှောက် မည်သည့် အဖုအထစ်ကိုမှ ရန်ကိုင် မခံစားမိခဲ့။

အမွှေးတိုင်တစ်ချောင်းစာလောက် ကြာပြီးနောက် လမ်းကြောင်း အဆုံးသတ်သွားသည်ကို တွေ့လိုက်ရသည်။ ရုတ်တရက် အောက်သို့ ပြုတ်ကျသွားသဖြင့် သူ့ခန္ဓာကိုယ်ကို အမြန် ပြန်ထိန်းလိုက်ရသည်။ ထို့နောက် သူ့ခြေထောက်နှင့် မြေကြီး ထိမိသွားသည်။

တကျွတ်ကျွတ် မြည်သံများကို သူကြားနေခဲ့ရသည်။ မကြည့်ဘဲနှင့်ပင် ထိုအသံသည် ကျောက်တုံး ရုပ်သေးရုပ်မှ သတ္တုများကို ဝါးစားခြင်းမှ ထွက်ပေါ်လာသော အသံများ ဖြစ်မှန်း ရန်ကိုင်သိလိုက်သည်။ အလင်းကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးတော့မည်အပြု သူ့ခေါင်းပေါ်မှ ယန်ယန်၏ အော်ဟစ် အကူအညီတောင်းသံကို ကြားလိုက်ရသည် “ရန်ကိုင် ငါ့ကိုကူပါဦး။ငါ... ငါတစ်နေလို့”

အပေါ်သို့ မော့ကြည့်လိုက်ရာ ရန်ကိုင်မျက်နှာ ချက်ချင်း မဲ့ရွဲ့သွားခဲ့ရသည်။

ယန်ယန် အမှန်တကယ် တစ်နေပေသည်။ ခန္ဓာကိုယ်က တစ်နေခြင်းမဟုတ်၊ မိုးထိမတတ် မို့တက်နေသော တောင်နှစ်လုံး ကြောင့် တစ်နေရခြင်းဖြစ်သည်။ လက်ရှိ ယန်ယန်၏ အပေါ်ပိုင်းသည် လိုဏ်ခေါင်းဝင်ပေါက်နှင့် တစ်နေပြီး ခြေထောက်နှစ်ချောင်းမှာမူ လေထဲ တန်းလန်း ဖြစ်နေခဲ့သည်။

ရန်ကိုင်က ယန်ယန်၏ ခြေကျင်းဝတ်ကို လှမ်းဆွဲ၍ အော်သို့ ဆွဲချလိုက်ရာ ယန်ယန် အလန့်တကြား ထအော်လေသည်။

“နာလိုက်တာ” အောက်သို့ ကျလာသည့်အခါ ယန်ယန်က သူမ၏ ရင်ဘတ်ကို လက်ဖြင့် အသာအယာ ပွတ်သပ်နေခဲ့သည်။ ညင်ညင်သာသာလေး မလုပ်ဘဲ အားနှင့် ဆောင့်ဆွဲသော ရန်ကိုင်ကိုလည်း အပြစ်တင်နေသေးသည်။

ရန်ကိုင်ကို ကောင်းကောင်း အပြစ်မတင်နိုင်သေးခင်မှာဘဲ ရန်ကိုင် လက်ထဲရှိ အလင်းကျောက်တုံး လင်းသွားခဲ့ပြီး ယန်ယန်လည်း လုံးဝကို အသံတိတ်သွားခဲ့သည်။ ပါးစပ်လေး ဆိုလျှင်လည်း အဟောင်းသားကို ဖြစ်လို့။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေခဲ့သည်။ သူမရင်ဘတ်မှ နာကျင်မှုကိုပင် မေ့လျော့သွားတော့၏။

ရန်ကိုင်သည်လည်း အလွန်ကိုမှ ထိတ်လန့်သွားသည့်ပုံပင်။ မြို့ရောက်သည့် တောသားနှယ် ဘယ်ကြည့်လိုက်၊ ညာကြည့်လိုက်၊ တောင်ကြည့်လိုက်၊ မြောက်ကြည့်လိုက် လုပ်နေခဲ့သည်။ သူ့နှလုံး ပေါက်ထွက်လုမတတ် စိတ်လှုပ်ရှားနေခဲ့ရသည်။

သူတို့နှစ်ယောက်သည် ယခင်ရက်များအတွင်း ကျောက်တုံး ရုပ်သေးရုပ် တူးခဲ့သည့် မြေအောက်လိုဏ်ဂူထဲတွင် မတ်တပ် ရပ်နေခြင်း ဖြစ်သည်။ လိုဏ်ဂူသည် မီတာဆယ်ဂဏန်းသာ ကျယ်ဝန်းသော်ငြား ဂူနံရံများမျာ အရောင်တလက်လက် ထနေ၏။

လေဟာနယ်ဝိဥာဉ် သလင်းကျောက် အတုံး အသေး၊အကြီး များမှာလည်း နေရာအနှံ့ ပြန့်ကျဲနေသည်။ ထိုလေဟာနယ်ဝိဥာဉ် သလင်းကျောက်များကြား လေဟာနယ်ကျောက်နက် အကြော ပါးပါးလေးများ ရှိနေခဲ့သည်။

ရန်ကိုင်နှင့် ယန်ယန်၏ အသက်ရှူသံ တဖြည်းဖြည်း မြန်ဆန်လာခဲ့ပြီး ကျောက်တုံးရုပ်သေးရုပ်၏ တကျွတ်ကျွတ်ဝါးသံ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ယန်ယန်က ရုတ်တရက် အော်ဟစ်လိုက်ပြီး ပန်းကန်ပြားတစ်ချပ် အရွယ် လေဟာနယ်ဝိဥာဉ် သလင်းကျောက်ဆီ ပြေးသွားလေသည်။ ထိုသလင်းကျောက်ကို နံရံမှ ဆွဲထုတ်ပြီးနောက် ကျေကျေနပ်နပ် ပြုံးလျက် အားပါးတရ ရယ်မောတော့လေသည်။

သို့သော်လည်း ယန်ယန်၏ အပြုအမူသည် ထူးထူးဆန်းဆန်း ဖြစ်မနေချေ။ သူမပုံစံမှာ သဘာဝသာ။ ရန်ကိုင်သည်လည်း အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့သည်။

နဂါးလိုဏ်ဂူတောင်မှ မီတာထောင်ဂဏန်း အနက်တွင် လေဟာနယ်ဝိဥာဉ် သလင်းကျောက် တွင်းကြီး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဤနေရာသည် လေဟာနယ်ကျောက်နက် တွင်း မဟုတ်တော့ချေ။ အကြောင်းမှာ တွင်းတစ်ဝက်လောက်သည် လေဟာနယ်ဝိဥာဉ် သလင်းကျောက်များ ဖြစ်နေသောကြောင့်ပင်။ ဤတွင်းကို လေဟာနယ်ဝိဥာဉ် သလင်းကျောက် တွင်းဟုသာ ခေါ်သင့်သည်။

မကြာမီ သူဘာကြောင့် ဤနေရာကို အာရုံမခံနိုင်ခဲ့သည်လဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့သည်။

ပထမအချက် အနေဖြင့် ဤနေရာသည် အလွန်နက်သည်။ ဒုတိယအချက်အနေဖြင့် ဤနေရာတွင် လေဟာနယ်ဝိဥာဉ် သလင်းကျောက်များစွာ ရှိနေခဲ့သည်။

ဤသတ္တုကို သိုလှောင်လက်စွပ်များ ပြုလုပ်ရာတွင် သုံးပြီး ၎င်း၏ စွမ်းရည်တစ်ခုမှာ ကောင်းကင်စိတ်အာရုံကို ပိတ်ဆို့နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့်သာ မဟုတ်လျှင် လူတိုင်း အခြားတစ်ယောက်၏ သိုလှောင်လက်စွပ်ထဲတွင် မည်သည့် ပစ္စည်းများ ရှိသည်ကို သိနိုင်မည် မဟုတ်ပေလော။

ထိုမြောက်မြားလှစွာသော လေဟာနယ်ဝိဥာဉ် သလင်းကျောက်များသည် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံကို တားဆီးထားခဲ့ခြင်း ဖြစ်ပေသည်။

ရန်ကိုင်၏ အလွန်အားကောင်းလှသော ကောင်းကင် စိတ်အာရုံပင် မထိုးဖောက်နိုင်သဖြင့် ဟိုင်ခဲမိသားစု ပညာရှင်များ ဆိုလျှင်မူ ဆိုဖွယ်ရာမရှိတော့ချေ။ ဤနေရာပိုင်ရှင်သည် သူတို့ အနေဖြင့် ရတနာသိုက်ပေါ် ဖင်ခုထိုင်သည် ဆိုသောအချက်ကို မသိဘဲ ဝူရီသည် မိန်းတစ်ယောက် ဖြစ်သည့်အတွက်ကြောင့် သူမဆီ ဤနေရာကို ပေးပစ်ခဲ့သည်။

သို့သော်လည်း ကျောက်တုံးရုပ်သေးရုပ်၏ မွေးရာပါ စွမ်းရည်ကြောင့်သာ မဟုတ်လျှင် ဤနေရာသိုက်သည် မည်သူမှ သတိမပြုမိဘဲ ဆက်လက် တည်ရှိနေပေလိမ့်ဦးမည်။

ရန်ကိုင်သည် ဟိုင်ခဲမိသားစုနှင့် လေးလေးနက်နက်ကြီး အဆက်အဆံ တစ်ခါမှ မလုပ်ခဲ့ဖူးချေ။ ဝူရီနှင့် သူ့ကြားမှ ဆက်ဆံရေးကြောင့် ဟိုင်ခဲမိသားကိုလည်း အစကတည်းက အမြင်ကတ်နေခဲ့သည်။

ဤတောင်ကို ဝူရီမှ သူနေရန်အတွက် ပေးထားခဲ့ခြင်း ဖြစ်သည်။ ယခုသူ အလွန်တရာကိုမှ ချမ်းသာကြွယ်ဝနေပြီ ဖြစ်လေရာ ဝူရီကို ကျေးဇူးတင်ချင်မိပေသည်။

ကံမကောင်းစွာဖြင့် ဝူရီ၏ ခွန်အားသည် အလွန်ကိုမှ နိမ့်ကျသည့်အတွက် သူမတွင် ဤသတ္တုတွင်းကို အခြားသော လူများလက်မှ ကာကွယ်ထားနိုင်စွမ်း မရှိပါချေ။ သူသာ ဤသတ္တုတွင်းကို သူမလက်ထဲသို့ ထည့်ပေးလိုက်ပါက သူမအတွက် ကောင်းကျိုးမရှိသည့်အတွက် သူမနှင့် ဟိုင်ခဲ မိသားစုဆီသို့ပါ ပြဿနာများ ဖိတ်ခေါ်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် နောက်ပိုင်းမှ သူမအား ပြန်အလျော်ပေးမည်ဟု ရန်ကိုင် ဆုံးဖြတ်လိုက်သည်။

“ရန်ကိုင်၊ ငါတို့ ချမ်းသာပြီ” ယန်ယန်က ပြောလိုက်သည်။ မည်သည့် အချိန်ကမှန်း သူ့ဘေးသို့ ရောက်နေပြီး သူ့အား တလက်လက် တောက်ပနေသော မျက်ဝန်းအစုံဖြင့် ကြည့်နေခဲ့သည်။

ရန်ကိုင်က ခေါင်းခါ၍ “ငါချမ်းသာတာ”

ယန်ယန်က နှုတ်ခမ်းလေး ဆူလိုက်ပြီး ရန်ကိုင်၏ လက်မောင်းကို ဆွဲရမ်းလျက် ကလေးဆိုလေး တစ်ယောက်နှယ် “ငါ့ကို အပြင်လူတစ်ယောက်လို မဆက်ဆံနဲ့လေ။ ဒီမှာ လေဟာနယ်ဝိဥာဉ်သလင်းကျောက်တွေ အများကြီးပဲ ရှိတာကို၊ ငါ့ကို နည်းနည်းလေးတောင် ပေးလို့ မရဘူးလား”

“နင်အဲ့ဒါတွေကိုယူပြီး ဘာလုပ်မလို့လဲ။ ဒါတွေကို သိုလှောင် လက်စွပ်လုပ်တဲ့ နေရာမှာပဲ သုံးလို့ရတာ။ ဈေးကွက်ထဲကိုသာ သိုလှောင်လက်စွပ်တွေ အများကြီး ရောက်သွားကြည့်ပါလား။ ဘယ်အရူးမဆို ငါတို့ လေဟာနယ်ဝိဥာဉ် သလင်းကျောက်တွင်း တစ်တွင်း တွေ့ထားတယ်ဆိုတာကို သိသွားမှာ။ အဲ့အခါကျ ငါတို့ ပြဿနာတက်ပြီပဲ”

“ငါသိုလှောင်လက်စွပ်တွေ လုပ်ချင်တာ မဟုတ်ဘူး။ အဲ့လေဟာနယ်ဝိဥာဉ် သလင်းကျောက်တွေကိုသုံးပြီး ဟင်းလင်းပြင် အစီအရင်ကို လေ့လာချင်တာ။ အရင်တုန်းက ပစ္စည်း အလုံအလောက် မရှိလို့ မလေ့လာခဲ့ရဘူး။ အခုဒီမှာ ရှိနေပြီဆိုတော့ ငါလေ့လာချင်ပြီ။ ဒီမှာ ရှိနေတာကလည်း အများကြီးပဲဟာ။ ငါ့ကို နည်းနည်းလောက်သာပေး။ အရမ်း ကောင်းတဲ့ ဟင်းလင်းပြင် အစီအရင်တစ်ခု ငါဖန်တီးပေးမယ်”

“ဘယ်လို ဟင်းလင်းပြင် အစီအရင်ကို နင်လုပ်ချင်နေတာလဲ” ဖြစ်နိုင်ချေ တစ်ခုကို စဉ်းစားမိလိုက်သဖြင့် ရန်ကိုင် ကြောင်သွားခဲ့သည်။

“ဟင်းလင်းပြင် အစီအရင်တွေကို နင်ကြားဖူးတာလား” ယန်ယန်က သူမ၏ ရည်ရွယ်ချက်ကို ဆက်လက် ဖုံးကွယ် မနေတော့ဘဲ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည် “အဲ့ဒါတွေက ကျင့်ကြံရေးကြယ်တွေကို ဖြတ်ပြီး တစ်နေရာကနေ တစ်နေရာကို ချက်ချင်း သွားနိုင်တဲ့ အရမ်းကို ဆန်းကြယ်နက်နဲတဲ့ စိတ်ဝိဥာဉ် အစီအရင်တွေပဲ။ နင်ကြည့်ရတာ ဒီအကြောင်း ကြားဖူးမယ့်ပုံ မပေါ်ပါဘူး။ ဒါပေမယ့် ငါ့စူးစမ်းလေ့လာမှု ဘယ်လောက် အရေးပါလဲ ဆိုတာကို အချိန်တန်ရင် နင်နားလည်လာလိမ့်မယ်”

“ဟင်းလင်းပြင် အစီအရင်ကို နင်လုပ်တတ်တာလား” ရန်ကိုင်၏ မျက်ဝန်းအစုံ ဝင်းလက်သွားပြီး ယန်ယန်အား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်လိုက်သည် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ အဲ့နည်းလမ်းတွေက ပျောက်ကွယ်သွားတာ ကြာနေပြီဆို”

ရေလကြယ်မှာ ရှိစဉ်က မွန်းစတားမျိုးနွယ်စု ရွှယ့်ထုန် ဆိုသော လူတစ်ဦးနှင့် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ လက်အောက်တွင် ရှိသော ဟင်းလင်းပြင် အစီအရင်တစ်ခုကို သုံးခဲ့ဖူးသည်။ ထိုစဉ်က လက်ရှိ ဟင်းလင်းပြင် အစီအရင် အားလုံးသည် ရှေ့ခေတ်အခါက အကြွင်းအကျန်များ ဖြစ်ကြပြီး ယနေ့သ၌ ဟင်းလင်းပြင် အစီအရင် ခင်းကျင်းနည်းကို မည်သူမှ မသိတော့ကြောင့် ရွှယ့်ထုန်က ပြောခဲ့သည်။

သူတော်စင်ဘုရင် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားသောကွေ့ဇူသည် လွင့်မျောတိုက်ကြီးပေါ်၌ ရှိစဉ်က သူ၏ မတောက်တခေါက် လေဟာနယ်တာအိုအပေါ် နားလည်မှုလေးဖြင့် ဟင်းလင်းပြင် အစီအရင်ကို နှစ်ပေါင်း တစ်ထောင်နီးပါး လေ့လာခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် ဝင်သွားသော လူများကို သတ်ပစ်နိုင်သော ချို့ယွင်းနေသည့် ဟင်းလင်းပြင် အစီအရင်တစ်ခုကိုသာ ဖန်တီးနိုင်ခဲ့သည်။

ထို့ကြောင့် ယန်ယန်မှ ဟင်းလင်းပြင် အစီအရင်များအား မည်ကဲ့သို့ ခင်းကျင်းရမလဲ ဆိုသည်ကို သိပါသည်ဟု ပြောလာချိန် ရန်ကိုင် လုံးဝကို အံ့ဩသွားခဲ့ရခြင်း ဖြစ်သည်။

ယန်ယန်အား တကယ့် အရေးကြီးသည့် မေးခွန်းတစ်ခုကို သူတစ်ခါမှ မမေးခဲ့ဖူးချေ။ မေးခွန်းသည်ကား ဤမျှ အသက် ငယ်ငယ်ဖြင့် ဘာကြောင့် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် တစ်ယောက် ဖြစ်နေရသနည်း။ သူကိုယ်တိုင်ပင်လျှင် သူတော်စင် ဘုရင်အဆင့် ဆေးပညာရှင်သာ ဖြစ်သေးသည်။ သို့သော်လည်း ယန်ယန်သည် သူ့ထက် ပိုငယ်ပေသည်။ ထိုမျှ ငယ်ရွယ်ရာ အလွန်တရာကိုမှ မြင့်မားလှသော ပါရမီကို ပိုင်ဆိုင်ထားလျှင်ပင် သူမ၏ ကြိုးစားမှုသက်သက်ဖြင့် ထိုအဆင့်ထိ ရောက်ဖို့ရာ မဖြစ်နိုင်ချေ။

ယခု ယန်ယန်မှ ဟင်းလင်းပြင်အစီအရင် အကြောင်းအား သိထားသည်ကိုလည်း ထပ်သိလိုက်ရပြန်ရာ ရန်ကိုင် ပို၍ ထိတ်လန့်သွားခဲ့၇သည်။

ယန်ယန်သည် သူမဘာသာ ဗလာဗလာဖြင့်‌ ရေရွတ်နေပြီး သေချာရှင်းပြခြင်းတော့ မရှိခဲ့ချေ။

“မေ့လိုက်တော့။ ရှင်းပြနေစရာ မလိုဘူး” ရန်ကိုင်လည်း သူမကို တွန်းအား ပေးမနေခဲ့ချေ။ လူတိုင်းတွင် အခြားသူများကို မပြောပြနိုင်သည့် ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိသည်။ သူ့တွင်လည်း ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိပေသည်။

“အဲ့လိုဆိုရင် ငါ့ကို နည်းနည်းလောက် ပေးမှာလား” ယန်ယန်က သနားစဖွယ် အမူအရာလေးဖြင့် မေးလိုက်သည်။ ရန်ကိုင်က သူမ၏ တောင်းဆိုချက်ကို ငြင်းပယ်မည် စိုးသည့်အတွက် အလျင်အမြန် ထပ်ပေါင်း ပြောလိုက်သည် “ငါပြောနိုင်တာ တစ်ချက်က ငါ့လေ့လာမှုသာ အောင်မြင်ရင် အရိပ်မှာတင် လျှောက်သွားနိုင်မှာ မဟုတ်ဘူး။ အခြား ကျင့်ကြံရေး ကြယ်တွေဆီတောင် သွားနိုင်လိမ့်မယ်”

“ဘယ်လို” ယခုတစ်ကြိမ်တော့ ရန်ကိုင် ထိတ်လန့်ရမည့် အလှည့်ပင်။

“နင်တစ်သက်လုံး အရိပ်ကြယ်ပေါ်မှာပဲ မနေချင်ဘူးမလား” ယန်ယန်က ရန်ကိုင်၏ အမူအရာကို အသေအချာ လေ့လာရင်း သံပူတုန်း တစ်ခါတည်း ရိုက်ရန် ကြိုးစားလိုက်သည် “အပြင် လောကကြီးမှာ ငါတို့ မမြင်ဖူးတဲ့အရာတွေ အများကြီးပဲ။ အဲ့မှာ တန်ခိုးရှင်ဘုရင်အဆင့်တွေ၊ တန်ခိုးရှင်ဘုရင်အဆင့် ပစ္စည်းတွေ ရှိတယ်လို့လည်း ငါကြားတယ်။ အဲ့ပစ္စည်းတွေနဲ့ဆို တန်ခိုးရှင် ဘုရင်အဆင့် မှော်ရတနာတွေကို ငါသန့်စင်နိုင်ပြီ။ ငါသာ နင့်ကို အဲ့လို မှော်ရတနာတစ်ခုလောက် လုပ်ပေးလိုက်တာနဲ့ နင့်ဘာသာရပ်နေပြီး ရန်သူတွေ လာတိုက်ခိုက်တာကို ဒီအတိုင်း ငြိမ်ခံနေမည်ဆိုရင်တောင် နင်ဘာမှ ဖြစ်မှာမဟုတ်ဘူး”

ထိုမိန်းကလေးသည် အတော်လေးကိုမှ ရိုးသားသော်ငြား မည်ကဲ့သို့ ဆွေးနွေရမလဲ ဆိုသည်ကို ကောင်းကောင်း သိထား၏။

သို့သော်လည်း ထိုကမ်းလှမ်းချက်သည် ရန်ကိုင်အတွက် အလွန်ကိုမှ ဆွဲဆောင်မှု ရှိလွန်းနေခဲ့သည်။

သူစိတ်လှုပ်ရှားသွားရခြင်းမှာ ယန်ယန်မှ တန်ခိုးရှင်ဘုရင် အဆင့် မှော်ရတနာကို လုပ်ပေးမည်ဟု ပြောသောကြောင့် မဟုတ်ဘြ သူ့မိတ်ဆွေနှင့် မိသားစုများရှိရာ ထုန်းရွှမ်လောကကြီး ရှိရာဆီ ပြန်နိုင်တော့မည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ယန်ယန်သည် ကျင့်ကြံရေးကြယ် တစ်လုံးနှင့်တစ်လုံးကြား ချိတ်ဆက်နိုင်သော ဟင်းလင်းပြင် အစီအရင်တစ်ခုကို ဖန်တီးနိုင်ပါက ဤကြယ်စီရင်စုထဲ သူအခြေကျသွားသည့် တစ်နေ့ သူ့မိတ်ဆွေနှင့် မိသားစုများကို ဤကျယ်ပြောလှသော လောကကြီးထဲ ခေါ်လာနိုင်ပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၁၁၉)

အိမ်ပြန်နိုင်တော့မည့် အခွင့်အရေးကြောင့် စိတ်ထဲတွင် အတော်လေး ပျော်ရွှင်နေသော်ငြား မျက်နှာထက်တွင် မပေါ်စေဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်မေးလိုက်သည် “အဲ့ဟင်းလင်းပြင် အစီအရင်ကို ခင်းကျင်းနိုင်မယ်ဆိုရင် ဘယ်လောက်ဝေးဝေး သွားနိုင်မှာလဲ”

ယန်ယန်က ယုံကြည်ချက်အပြည့်ဖြင့် ရယ်မော၍ “ဟင်းလင်းပြင် အစီအရင်တွေဆိုတာ အကွာအဝေးကို ကျော်ဖြတ်ဖို့ လုပ်ထားတာ။ ဒါကြောင့် ကိုယ်သွားချင်တဲ့ နေရာကိုသာ နေရာအတိအကျ သိသရွေ့ ဘယ်လောက်ဝေးလဲ ဆိုတာတွေက အရေးမပါတော့ဘူး”

“ဒီတော့ သွားနိုင်တဲ့ အကွာအဝေးက အကန့်အသတ် မရှိဘူးပေါ့” ရန်ကိုင်၏ မျက်လုံးများ တောက်ပသွားသည်။

ယန်ယန်က တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ပြန်ပြော၏ “အဲ့ဒါက စာတွေ့အရပဲ ပြောတာ။ သေချာမသေချာကတော့ လက်တွေ့ လုပ်ကြည့်မှ သိရလိမ့်မယ်... နင့်ငါ့ကို အချိန် နည်းနည်းလောက် ပေးလို့ရမလား”

“နင်ကြိုက်သလောက်သာယူ” ရန်ကိုင်က လက်ဝှေ့ရမ်းလျက် ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။ ဤနေရာတွင် ရှိသည့် လေဟာနယ်ဝိဥာဉ် သလင်းကျောက်များကို သူတစ်ယောက်တည်း အသုံးပြု၍မှ မကုန်ပေလော။ နောက်ပိုင်းကျလျှင် ဤနေရာမှ လေဟာနယ်ဝိဥာဉ်များကိုသုံး၍ ယန်ယန်အား သူ့မိတ်ဆွေနှင့် မိသားစုများအတွက် သိုလှောင်လက်စွပ် လုပ်ခိုင်းရပေမည်။

“ကျေးဇူးပဲ။ နင်က လူကောင်းတစ်ယောက်မျန်း ငါသိသားပဲ” ယန်ယန်က ဝမ်းသာပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီး ချက်ချင်း စတင် တူးတော့လေသည်။ ကျောက်တုံးရုပ်သေးရုပ်နှင့် လှည်လျှင် သူမ၏ တူးနှုန်းမှာ ပို၍ နှေးကွေးသော်လည်း သူမ၏ သိုလှောင် လက်စွပ်ထဲတွင် ရှိသည့်အရာများကိုသာ သူမအပိုင်၏ မှတ်ယူ၍ ရပေသည်။

ထိုအမှန်အရားကို အားလုံးထက်ပို၍ ယန်ယန် နားလည်၏။

ရန်ကိုင်သည် ယန်ယန်၏ အပြုအမူကို စိတ်ထဲမထားခဲ့။ လှုပ်ရှားရင်ခုန်နေခဲ့ရသော သူ့စိတ်လေးသည်လည်း တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာခဲ့ပြီး လေဟာနယ်ဝိဥာဉ် သလင်းကျောက်များကို ကြိတ်ဝါးနေသော ကျောက်တုံးရုပ်သေးရုပ် အပေါ် အာရုံစိုက်ထားလိုက်သည်။

ထိုကောင်ကို နှစ်ပေါင်းများစွာကြာအောင် အဖိုးတန်သတ္တု များစွာ ကျွေးကာ ပျိုးထောင်ခဲ့ရပြီး နောက်ဆုံးတွင် အသီးအပွင့်ကို ပြန်လည် ရိတ်သိမ်းနိုင်ခဲ့လေပြီ။ ကျောက်တုံးရုပ်သေးရုပ် မွေးလာချင်းချင်း ပထမဆုံး ရှာတွေ့သည့် သတ္တုတွင်းသည် လေဟာနယ်ဝိဥာဉ် သလင်းကျောက်တွင်း ဖြစ်နေသည်မှာ တကယ်ကို အံ့ဩစရာ ကောင်းလှပေသည်။

ယန်ယန်ပြောသည့်ပုံအရ ကျောက်တုံးမျိုးနွယ်စုသည် သတ္တုများကို အာရုံခံရာတွင် အလွန်တော်ကြာသည်။ သူတို့ အနားတွင်သာ ရှိနေသည်ဆိုပါက အခြားသူများ မရှာနိုင်သည့် ရှားပါးသတ္တုများကိုပင် ရှာနိုင်ပေလိမ့်မည်။

သူ့တွင် သွေးအဆီအနှစ်ကျောက်တုံး တစ်တုံးသာ ရှိနေသည်မှာ ကံဆိုးသွားခဲ့သည်။ မဟုတ်လျှင် နောက်ထပ်သော ကျောက်တုံး ရုပ်သေးရုပ်များကို ဥဖောက်နိုင်ပေလိမ့်မည်။

နေ့တစ်ဝက်ကြာပြီးနောက် ယန်ယန်က အမောတကော အသက်ရှူရင်း ရန်ကိုင်ဆီ ပြေးလာခဲ့သည်။ ရောက်သည်နှင့် သူတော်စင်သလင်းကျောက် တစ်တုံးကိုထုတ်ကာ သူမကိုယ်သူမ အားပြန်ဖြည့်လိုက်သည်။ သူမ မိုင်းတူးနေသည်မှာ မပြီးသေးသည့် ပုံပင်။

“သနားစရာပဲ” ယန်ယန်က ရုတ်တရက် ပြောလိုက်သည်။

“ဘာသနားစရာလဲ” ရန်ကိုင်က ပြန်မေးသည်။

“လူတွေက လေဟာနယ်ဝိဥာဉ် သလင်းကျောက်ကို သိုလှောင်လက်စွပ်တွေ၊ ဟင်းလင်းပြင် အစီအရင်တွေ လုပ်တဲ့ နေရာမှာပဲ အသုံးပြုကြတယ်။ လေဟာနယ်ဝိဥာဉ် သလင်းကျောက်တွေကို အခြားနည်းနဲ့ အသုံးပြုလို့ ရသေးတယ် ဆိုတာကို သူတို့ မသိကြဘူး”

“အို။ ဘယ်နည်းကို မသိတာလဲ” ရန်ကိုင်က ရယ်မောလိုက်သည်။ ယန်ယန်နှင့် အတူရှိနေခဲ့သည်မှာ အရမ်းကြီး မကြာသေးသော်ငြား ထိုမိန်းကလေးသည် သူ့အား တစ်ကြိမ်ပြီး တစ်ကြိမ် အံ့ဩရအောင် လုပ်ခဲ့သည်။ သူမ သိထားသော ဗဟုသုတများမှာ အခြားသူများ လိုက်မမှီအောင် နက်နဲ၊ များပြားလွန်းလှသည်။

“ကျင့်ကြံတဲ့နေရာမှာ သုံးလို့ရတယ်လေ” ယန်ယန်က ခေါင်းခါလိုက်ပြီး “နင်မသိဘူးလား။နင်မသိတာလည်း အထူးအဆန်း မဟုတ်ပါဘူးလေး။ ဒီအကြောင်းကို သိတဲ့လူ နည်းနည်းပဲ ရှိတာကိုး”

“လေဟာနယ်ဝိဥာဉ် သလင်းကျောက်တွေကို ကျင့်ကြံတဲ့ နေရာမှာ အသုံးပြုလို့ရတယ်၊ ဟုတ်လား” ရန်ကိုင် ထိတ်လန့် တုန်လှုပ်သွားခဲ့သည် “အဲ့ဒါတွေကို သူတော်စင်သလင်းကျောက် တွေလို သန့်စင်လို့ ရတယ်လို့ နင်ပြောချင်တာလား”

“ဟုတ်တယ်။ ဒါပေမယ့် လူတိုင်း ကျင့်ကြံလို့မရဘူး။ အနည်းငယ်ပဲ ကျင့်ကြံလို့ရတယ်။ ဘယ်သူတွေလဲ ဆိုတော့ လေဟာနယ်တာအိုကို သဘောပေါက်ထားတဲ့ လူတွေပဲ။ အဲ့လို လူတွေသာ လေဟာနယ်ဝိဥာဉ် သလင်းကျောက်တွေကို သုံးပြီး ကျင့်ကြံမယ်ဆိုရင် လေဟာနယ်တာအိုကို ပိုပြီး နက်နက်နဲနဲ နာလည်လာနိုင်လိမ့်မယ်” ယန်ယန်က ပြောလိုက်သည်။ သူမ ပြောလိုက်သည့် စကားကြောင့် ရန်ကိုင်၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည် ဆိုသည်ကိုမူ သတိမပြုမိခဲ့ချေ။

“လေဟာနယ်တာအိုဆိုတာ ကျွမ်းကျင်ဖို့ မပြောနဲ့၊ နားလည်ဖို့တောင် အရမ်းခက်တဲ့ တာအိုတစ်ခုပဲ။ အခုခေတ်မှာ ကျန်ရှိနေတဲ့ ဟင်းလင်းပြင် အစီအရင်တွေဆိုတာ ဟိုးခေတ်က လေဟာနယ်တာအိုကို ကျွမ်းကျင်တဲ့ ပညာရှင်တွေ ဖန်တီးခဲ့တာ။ သိုလှောင်လက်စွပ် လုပ်တဲ့နည်းတွေ ဆိုတာလည်း သူတို့ဆီကနေ အရင်းခံလာတာပဲ။ ဒီကြယ်စီရင်စုကြီး တစ်ခုလုံးမှာ လေဟာနယ် တာအိုကို နားလည်သဘောပေါက်ထားတဲ့လူ နှစ်ဆယ်ထက် မကျော်ဘူးလို့ ငါရဲရဲကြီး ပြောရဲတယ်။ အဲ့နှစ်ဆယ်ထဲမှာ... နည်းနည်းလောက်ပဲ လေဟာနယ်တာအိုကို အသုံးပြုပြီး သူတို့ ရန်သူတွေကို တိုက်ခိုက်နိုင်လိမ့်မယ်... ဟေး၊ နင်ဘာလုပ်နေတာလဲ”

ယန်ယန် လှည့်ကြည့်လိုက်သည့်အခိုက် ရန်ကိုင်မှ ကျောက်တုံး ရုပ်သေးရုပ် သန့်စင်ထားသော လေဟာနယ်ဝိဥာဉ် သလင်းကျောက် တစ်တုံးအား ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွဦးခဲ့ပြီး “အဲ့လေဟာနယ်ဝိဥာဉ် သလင်းကျောက်ထဲမှာ ရှိတဲ့ ဟွမ်းအားကို စုပ်ယူဖို့ လုပ်နေတာတော့ မဟုတ်ပါဘူးနော်။ နားထောင်၊ လေဟာနယ်တာအိုကို နားမလည်ထားရင် နင်ဘာသာနင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား အဲ့ထဲက စွမ်းအင်ကို စုပ်ယူနိုင်မှာ မဟုတ်ဘူး။ လေဟာနယ် တာအိုကို နားလည်ထားတဲ့ လူတွေပဲ အဲ့ထဲက စွမ်းအားကို စုပ်ယူနိုင်တာ။ လေဟာနယ်တာအိုကို လူတွေ အများကြီးက နားလည်ထားပေမယ့် သူတို့ နားလည်ထားတာတွေက ဘာလို့ ဒီလောက် နိမ့်ကျနေတာလဲ နင်သိလား။ လေဟာနယ်ဝိဥာဉ် သလင်းကျောက်ကို သုံးပြီး သူတို့ရဲ့ နားလည်သ‌ဘောပေါက်မှုကို မြှင့်တင်လို့ရတယ် ဆိုတာကို မသိလို့ပဲ။ ပြီးတော့ လေဟာနယ် ဝိဥာဉ် သလင်းကျောက်က အရမ်း ရှားပါးတာ။ အဲ့ဒါကိုသုံပြီး လေ့ကျင့်လို့ ရမယ်မှန်းသိရင်တောင် ဘယ်တော့မှ ကျင့်ကြံမှာ မဟုတ်ဘူး။ အဲ့လိုလေ့ကျင့်တာက ငွေကို မီးရှို့တာထက်တောင် ဆိုးသေးတယ်။ ဒီအကြောင်းကို သွားရင်တောင် မလုပ်နိုင်မယ့် လူက အများကြီးပဲ”

ရန်ကိုင်အား သင်ခန်းစားပေးပြီးနောက် ရန်ကိုင်လက်ထဲရှိ သူတော်စင်သလင်းကျောက်ကို မြင်လိုက်သည့်အခိုက် ယန်ယန် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။ ရှင်းပြမရနိုင်သော စွမ်းအင် တစ်မျိုးသည် လေဟာနယ်ဝိဥာဉ် သလင်းကျောက်ထဲမှ ရန်ကိုင်၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်းချင်း စီးဝင်နေသည်ကို သတိပြုမိလိုက်သည်။

အစပိုင်းတွင် ထင်ယောင်ထင်မှား ဖြစ်နေခြင်း ဖြစ်သည်ဟု ထင်မိသော်ငြား သေချာမျက်လုံး ပွတ်ကြည့်လိုက်ပြီးနောက် သူမ အထင်မှားနေခြင်း မဟုတ်မှန်း သိလိုက်ရသည်။

“နင်...” ယန်ယန် လုံးဝကို ပါးစပ်အဟောင်းသား ဖြစ်နေရလေပြီ။

“တကယ်ပဲဟ” ရန်ကိုင် လုံးဝကို အံ့အားသင့်နေခဲ့သည်။

လေဟာနယ်တာအိုကို နားလည်သဘောပေါက်နိုင်ရန် အတွက် ရန်ကိုင်အနေဖြင့် ဟင်းလင်းပြင်ထဲသို့ အမြဲသွားရ၏။ သို့သော်လည်း ထိုပရမ်းပတာဖြစ်နေသော နေရာတွင် ကျင့်ကြံရသည်မှာ အလွန်ကိုမှ အန္တရာယ်များသည့်အပြင် တိုးတက်မှုမှာလည်း အတော်လေး နှေးကွေး၏။ လွင့်မျော တိုက်ကြီးမှ လွတ်မြောက်လာသည့် အချိန်မှစ၍ ဟင်းလင်းပြင်ထဲ သွားပြီး တစ်ခါမျ မလေ့ကျင့်ရသေးချေ။ အကြောင်းမှာ လေဟာနယ်တာအိုအပေါ်သူ၏ နားလည်သဘောပေါက်မှုသည် တစ်ဆို့နေသည့် အခြေအနေတွင် ရောက်နေသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ဟင်းလင်းပြင်ထဲသွားပြီး ကျင့်ကြံလျှင်ပင် အကျိုးထူးမည် မဟုတ်ချေ။

ယန်ယန်၏ ပြောစကားကို နားထောင်ပြီးနောက် ရန်ကိုင်လည်း လက်တည့် စမ်းကြည့်လိုက်သည်။ သို့သော်လည်း ယန်ယန် ပြောသည့်အတိုင်း ဖြစ်နေသည်ကို သိလိုက်ရသည်ဖြင့် အရမ်းကို ပျော်သွားခဲ့ရသည်။

လေဟာနယ်ဝိဥာဉ် သလင်းကျောက်များကို ကျင့်ကြံရာတွင် အမှန်တကယ် အသုံးပြုနိုင်ပေသည်။

“နင်လေဟာနယ်တာအိုကို နားလည်ထားတာလား” ယန်ယန် အလန့်တကြား ထအော်မေးသည်။

“ဟုတ်တယ်။ ငါက နင်ပြောနေတဲ့ အယောက်နှစ်ဆယ်ထဲက တစ်ယောက်ပဲ” ရန်ကိုင် ရယ်မောလိုက်သည်။

“ဘုရားရေ၊ နင်ဘယ်လို မွန်းစတားကောင်ကြီးလဲ” ယန်ယန်၏ မျက်နှာလေး ဖြူလျော်သွားခဲ့သည်။ ထိုကဲ့သို့ လူထူးလူဆန်း တစ်ယောက်နှင့် လာတိုးလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင်မှ လေဟာနယ်တာအိုကို နားလည်သဘောပေါက်ထားသည် ဆိုသော အချက်မှာ သူမမှ တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် ဖြစ်နေသည် ဆိုသောအချက်ထက်ပင် ပို၍ ထိတ်လန့်စရာကောင်းပေသည်။

“ငါတို့က အခုမှ စတွေ့ရုံလေးပဲ ရှိသေးတာလေ။ ဒါကြောင့် ငါတို့မှာ ကိုယ်ပိုင်လျှို့ဝှက်ချက် အသီးသီး ရှိတာ သဘာဝပဲ မဟုတ်ဘူးလား” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီ။ ငါကျင့်ကြံလိုက်ဦးမယ်။ နင်ဘာသာ စိတ်ကြိုက် သွားတူပေတော့။ တူးလို့ရတာတွေ အကုန်လုံးက နင့်ဟာပဲ။ သန့်စင်ဖို့ လိုတယ်ဆိုရင် ကျောက်တုံးရုပ်သေးရုပ်ကိုသာ လုပ်ခိုင်းလိုက်”

ပြောပြီးသည်နှင့် ယန်ယန်အား အာရုံမစိုက်တော့ဘဲ လေဟာနယ်ဝိဥာဉ် သလင်းကျောက်အား သန့်စင်ရာတွင်သာ အာရုံစိုက်ထားလိုက်လေသည်။

ယန်ယန်လည်း ခဏကြာသည်အထိ မှင်သက်နေပြီး နောက်ဆုံး၍ ခေါင်းသာ ခါလိုက်လေသည်။ ရန်ကိုင်နှင့် ပိုဆက်ဆံလေ သူ့အကြောင်းကို ပိုပို၍ နားမလည်နိုင်လာလေ ဖြစ်နေခဲ့ရသည်။

သို့သော်လည်း ရန်ကိုင်မှ သူ့လျှို့ဝှက်ချက်အချို့ကို သူမအား ပြောပြခဲ့သည့်အတွက် ယန်ယန် စိတ်သက်သာရာ ရသွားခဲ့ရသည်။ ထို့နောက် ရန်ကိုင် ပြောသည့်အတိုင်း သူ့အား နှောင့်ယှတ် မနေတော့ဘဲ သူမဘာသာ လေဟာနယ်ဝိဥာဉ် သလင်းကျောက်ကို သွားတူးနေလိုက်သည်။

လေဟာနယ်ဝိဥာဉ် သလင်းကျောက်ထဲတွင် ပါရှိသော စွမ်းအင်သည် သူတော်စင်သလင်းကျောက်ထဲတွင် ပါရှိသော စွမ်းအင်နှင့် တူပေသည်။ သို့သော်လည်း ယန်ယန် ပြောသကဲ့သို့ လေဟာနယ်ဝိဥာဉ် သလင်းကျောက်ထဲတွင်ရှိသော စွမ်းအင်ကို လူတိုင်း စုပ်ယူ၍ မရနိုင်ချေ။ သူတော်စင်သလင်းကျောက်ထဲတွင် ရှိသော စွမ်းအင်ကိုမူ လူတိုင်း စုပ်ယူနိုင်ပေသည်။ လေဟာနယ် စွမ်းအင်ကို အသုံးပြုလိုက်သည်နှင့် လေဟာနယ်ဝိဥာဉ် သလင်းကျောက်ထဲမှ အံ့ဩဖွယ်ရာ စွမ်းအင်တစ်မျိုး သူ့ကိုယ်ထဲသို့ စီးဝင်လာသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။

ထိုစွမ်းအင်သည် သူတော်စင်ချီနှင့် မတူညီချေ။ သူ့ခန္ဓာကိုယ်ကို တိုးတက်အောင်လည်း မကူညီပေးပါချေ။ သို့သော် ထိုစွမ်းအင်များကို စုပ်ယူလာသည်နှင့် လေဟာနယ်တာအိုအပေါ် ပိုပို၍ နားလည်လာခဲ့ရသည်။

အတိတ်တွင် ဟင်းလင်းပြင်ထဲရှိ ပရမ်းပတာဖြစ်နေသော လေဟာနယ်စီးကြောင်းကို ခံစားခဲ့စဉ်က မုန်းတိုင်းဝေနေသော ပငယ်ထဲ ရွက်လွှင့်နေခဲ့ရသလို ခံစားခဲ့ရသဖြင့် လေဟာနယ် တာအိုကို တိုးတက်အောင်လုပ်ရန် အရမ်း ခက်ခဲ့ခဲ့ရသည်။ အချိန်အတော်ကြာအောင် အားစိုက် လေ့ကျင့်ပြီးမှသာ သဲလွန်စ အချို့ ဖမ်းဆုပ်နိုင်ခဲ့သည်။

သို့သော်လည်း ယခုမူ တူတော့ချေ။ ဤကဲ့သို့ ခံစားချက်မျိုးကို သူတစ်ခါမှ မခံစားဖူးခဲ့။ လေဟာနယ်တာအိုနှင့် ပက်သက်သည့် တံခါးပေါက်သည် ပွင့်နေခဲ့ပြီး သူ့က ဤအတိုင်းလေး သွားဝင် လေ့လာလိုက်ရုံ ကဲ့သို့သော ပုံစံမျိုးပင်။

လေဟာနယ်တာအိုကို ကျင့်ကြံခြင်းသည် ဤမျှ ရိုးရှင်း၊ လွယ်ကူလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ ဤသို့ဖြင့် ရန်ကိုင်သည် သူ့ဘာသာ ကျင့်ကြံနေလိုက်ရာ အပြင်လောကကြီး ကိုပင် မေ့လျော့သွားခဲ့လေတော့သည်။

မကြာမီ ပြဿနာတစ်ခုကို ရန်ကိုင် တွေံလိုက်ရသည်။

ယန်ယန် ပြောခဲ့သလိုပင် လေဟာနယ်ဝိဥာဉ် သလင်းကျောက်နှင့် ကျင့်ကြံခြင်းသည် ပိုက်ဆံ မီးရှို့ခြင်း မည်ပေသည်။

လေဟာနယ်ဝိဥာဉ် သလင်းကျောက်ထဲမှ စွမ်းအင်များကို စုပ်ယူရသည်မှာ သူတော်စင်သလင်းကျောက်ထဲရှိ စွမ်းအင်များကို စုပ်ယူရသည်ထက် ပိုမြန်ပေသည်။ အထွဋ်အထိပ်အဆင့် သူတော်စင် သလင်းကျောက်တစ်တုံးကို စုပ်ယူရန် ရန်ကိုင် အနေဖြင့် အချိန်နှစ်နာရီ ယူရသည်။ သို့သော် ကျောက်တုံး ရုပ်သေးရုပ်မှ သန့်စင်ထားသော လက်သီးဆုပ်အရွယ် လေဟာနယ် ဝိဥာဉ် သလင်းကျောက်တုံးတစ်ကို သန့် စင်ရန်အတွက် တစ်နာရီပင် မကြာခဲ့ချေ။

တစ်နေ့တည်းတွင် အထွဋ်အထိပ် သူတော်စင် သလင်းကျောက် သိန်းဂဏန်းတန်ဖိုးနှင့် ညီမျှသော လေဟာနယ် ဝိဥာဉ် သလင်းကျောက် ဆယ်တုံးကျော် ပြောင်သွားခဲ့သည်။

မည်သူကမှ ဤကဲ့သို့ အကုန်အကျ ခံနိုင်မည်နည်း။ ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းကဲ့သို့ အင်အားစုကြီး တစ်ခုပင် ဤအကုန်အကျကို မတောင့်ခံနိုင်ပါချေ။ တစ်ယောက်ယောက်သာ ဤကဲ့သို့ ကျင့်ကြံမည် ဆိုပါက သူတို့ မည်မျှပင် ချမ်းသာပါစေ အချိန်တိုအတွင်း မွဲသွားပေလိမ့်မည်။

ကျောက်တုံးရုပ်သေးရုပ်မှ လေဟာနယ်ဝိဥာဉ် သလင်းကျောက်တွင်းကြီးကို ရှာတွေ့သွားခဲ့သည်မှာ ကံကောင်း၏။ ဝူရီမှ ဤတောင်အား သူ့ဆီ ပေးခဲ့သည်မျာလည်း ကံကောင်းသည်။ ထို့ကြောင့် ရန်ကိုင်လည်း ဝူရီကို ပို၍ ကျေးဇူးတင်မိသွားလေသည်။

မျက်တောင်တစ်ခတ်အတွင်း ဆယ်ရက် ကုန်သွားခဲ့ပြီ ရန်ကိုင် သုံးလိုက်သည့် အတွက်ကြောင့် လေဟာနယ်ဝိဥာဉ်သလင်းကျောက် အတုံးနှစ်ရာနီးပါး ပြောင်သွားခဲ့လေပြီ။ ယခုဆိုလျှင် ကျောက်တုံး ရုပ်သေးရုပ် ပထမဆုံးအကြိမ် စထုတ်ပေးခဲ့သော လေဟာနယ် ဝိဥာဉ် သလင်းကျောက် တစ်ဝက်လောက်သာ ကျန်တော့ပေသည်။

ကံကောင်းစွာဖြင့် ယခင် ဆယ်ရက်လုံးလုံး ကျောက်တုံး ရုပ်သေးရုပ်မှ တောက်လျှောက် မိုင်းတူးနေခဲ့သည်။ ယခုဆိုလျှင် မြေအောက်လိုဏ်ဂူသည် ခင်ထက် အဆပေါင်းများစွာ ပိုကျယ်နေခဲ့လေပြီ။

ရန်ကိုင်က ခေါ်သဖြင့် ကျောက်တုံးရုပ်သေးရုပ်သည် ရန်ကိုင်ဆီ သွားပြီး သူတူးထားသမျှ လေဟာနယ်ဝိဥာဉ် သလင်းကျောက်များကို အန်ထုတ်ပေးလိုက်လေသည်။

ရန်ကိုင်၏ လုပ်ရက်ကို ယန်ယန် မကြည့်ရက်တော့။ ရန်ကိုင်၏ လုပ်ပုံမှာ သူ့အစေခံကို နင်းကန်ခိုင်းပြီး ရသမျှ အမြတ်အားလုံးကို သိမ်းကြုံးယူနေသော သခင်ဆိုးကြီး တစ်ယောက်နှင့်ပင် တူနေသေးသည်။

ထိုလေဟာနယ်ဝိဥာဉ်သလင်းကျောက် ရာဂဏန်းကို နတ်ဆိုးစာအုပ်ထဲ ထည့်သိမ်းလိုက်ပြီးနောက် ဆက်ကျင့်ကြံနေ၏။ လေဟာနယ်တာအိုကိုအပေါ် သူပို၍ နားလည်လာနိုင်ခဲ့လေပြီ။ မစမ်းသပ်ကြည့်ရသေးသော်လည်း သူသာ ယခုနေ လေဟာနယ်ကို ဆုတ်ဖြဲမည်ဆိုပါက ယခင်ထက် အများကြီး ပိုဝေးအောင် သွားနိုင်လိမ့်မည်ဟု ယုံကြည်ပေသည်။

တစ့်နေ၊ သူ့လက်ထဲရှိ လေဟာနယ်ဝိဥာဉ်သလင်းကျောက် နောက်တစ်တုံး ထပ်ကုန်သွားပြီး မျက်လုံး ပြန်ဖွင့်လိုက်သည့်အခိုက် ရင်နာနေသည့် အမူအရာဖြင့် သူ့အား စိုက်ကြည်နေသော ယန်ယန်ကို တွေ့လိုက်ရသည်။ ယန်ယန်သည် ဖုန်တလူးလူးဖြင့် လက်ပေါ်မေးထောက်ကာ သူ့ရှေ့၍ တင်ပလင်ခွေ ထိုင်နေခဲ့သည်။

“နင်သွားမတူးတော့ဘူးလား” ရန်ကိုင်က မေးလိုက်သည်။

ယန်ယန်က အထင်အမြင် တသေးဖြင့် “င့ါဘာသာငါ တူးနေလို့ အကျိုးမရှိဘူး။ ရှောင်ရှောင်ကိုပဲ အကုန် တူးခိုင်းလိုက်ပြီး ပြီးမှ သူ့ဆီက နည်းနည်းတောင်းလိုက်တာမှ ပိုကောင်းဦးမယ်”

“ရှောင်ရှောင်”

ယန်ယန်က လေဟာနယ်ဝိဥာဉ် သလင်းကျောက်များအား တူးနေသော ကျောက်တုံးရုပ်သေးရုပ်ကို လက်ညိုးထိုးပြလိုက်၏။

“အခုတော့ နားလည်သွဦးပြီပေါ့”

“နင်တောင် အခြားသူလုပ်ပေးတာကို အေးအေးဆေးဆေး ဇိမ်ခံထိုင်စားနေတာ။ ငါကကော ဘာလို့ အဲ့လို မလုပ်နိုင်ရမှာလဲ” ယန်ယန်က ထရပ်လိုက်ပြီး ပေကြံနေသော သူမ၏ အဝတ်ကို ခါလျက် “အပေါ်တက်ကြမယ်။ ဒီမှာရှိတဲ့ လေဟာနယ်ဝိဥာဉ် သလင်းကျောက်တွေကို ရှောင်ရှောင်လက်ထဲသာ အပ်ထားလိုက်။ ငါပန်းပဲထုစရာ ရှိသေးတယ်”

ရန်ကိုင်လည်း ခဏလောက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည် “ကောင်းပြီ”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၁၂၀)

မကြာမီ သူတို့နှစ်ယောက် မြေအောက်လိုဏ်ခေါင်းထဲမှ ထွက်လာခဲ့သည်။ အပေါ်သို့ ရောက်သည်နှင့် ယန်ယန်က ရန်ကိုင်၏ အင်္ကျီလက်စကို ဆွဲလိုက်ပြီး “ခဏစောင့်ဦး၊ ဒီနေရာကို ဖုံးကွယ်ဖို့ အစီအရင်တစ်ခု ခင်းကျင်းလိုက်ဦးမယ်”

“ကောင်းပြီ”

ယန်ယန်သည် ပန်းပဲထုရာတွင် ကျွမ်းကျင်ရုံမက စိတ်ဝိဥာဉ် အစီအရင် ခင်းကျင်းရာတွင်လည်း ကျွမ်းကျင်ပေသည်။ စိတ်ဝိဥာဉ် အစီအရင်ဘက်တွင် ရန်ကိုင်ထက်ပင် ပိုတော်သေး၏။ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများစွာကို ထုတ်လိုက်ပြီး ထိုပစ္စည်းများကို အရင် သန့်စင်လိုက်သည်။ ထို့နောက် သန့်စင်ပြီး ပစ္စည်းများကို မြေအောက်လိုဏ်ခေါင်း ဝင်ပေါက်ပတ်လည်တွင် လိုက်ချသည်။

အစီအရင် ပြီးဆုံးသွားပြီးနောက် ဝင်ပေါက်လည်း ပျောက်ကွယ်သွားခဲ့လေသည်။ ထိုဝင်ပေါက်ကို သာမန် မျက်လုံးဖြင့် မမြင်နိုင်ရုံမက ကောင်းကင်စိတ်အာရုံဖြင့်ပါ အာရုံခံ၍ မရချေ။

ရန်ကိုင်က လက်နှစ်ဖက်ကို ပွတ်ခါ၍ ပြောလိုက်သည် “ဒီနေရာကို သေချာမှတ်ထား။ နောက်တစ်ခါလာရင် ခုန်သာ ခုန်ချလိုက်”

ရန်ကိုင်လည်း ယန်ယန်၏ ခင်းကျင်းမှုနှင့် ပက်သက်၍ အတော်လေး ကျေနပ်မိသည်။ ဤနေရာသို့ လူကိုယ်တိုင် နောက်တစ်ကြိမ် ထပ်လာမည် မဟုတ်သော်ငြား ဤနေရာကို အခြားလူများ သိသွားမည့်ရန်မှ ကာကွယ်ထားနိုင်ခြင်းသည် အလွန်ကိုမှ အရေးပါသည်ဟု ဆိုနိုင်ပေသည်။ ဤနေရာ၌ လေဟာနယ်ဝိဥာဉ် သလင်းကျောက်များ ပြည့်နေသည့် တောင်တစ်လုံး ရှိသည့်အကြောင်းသာ သတင်း ပြန့်သွားပါက အရိပ်ကြယ်တစ်ခုလုံး ဗြောင်းသတ်သွားနိုင်သည်။

လူဆိုသည်မှာ အကျိုးအမြတ် မြင်သည်နှင့် ငမ်းငမ်းတက်သည့် သတ္တဝါများ ဖြစ်ကြသည် မဟုတ်ပေလော။ အဖိုးတန် လေဟာနယ်ဝိဥာဉ် သလင်းကျောက်တွင်းကြီးကို စိတ်မဝင်စားမည့် လူမရှိချေ။

ဤသို့ဖြင့် ရန်ကိုင်နှင့် ယန်ယန်တို့သည် နဂါးလိုဏ်ဂူတောင် ရှိရာဆီ ပြန်လာခဲ့ကြလေသည်။ သို့သော်လည်း တောင်ဆီသို့ မရောက်သေးခင်မှာပဲ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ အကြောင်းမှာ သူ့အား စိုးရိမ်တကြီး အမူအရာဖြင့် စောင့်နေသော ယုဖုန်းကို တွေ့လိုက်ရသောကြောင့်ပင် ဖြစ်သည်။ ထိုစဉ် ယုဖုန်းသည် လိုဏ်ဂူရှေ့တွင် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက် နေခဲ့သည်။

ရန်ကိုင်လည်း အရှိန်တင်လိုက်ပြီး သွားလိုက်ရာ မကြာမီ ယုဖုန်းရှေ့သို့ ရောက်လာခဲ့လေသည် “အစ်ကိုယု”

“ရန်ကိုင်” ရန်ကိုင်ကို မရှာနိုင်သဖြင့် ခေါင်းမဲ့နေသည့် ယင်ကောင်တစ်ကောင်နှယ် ဖြစ်နေသော ယုဖုန်းသည် ရန်ကိုင်၏ အော်သံကို ကြားလိုက်သည့်အချိန်၌ ချက်ချင်း ပျော်သွားခဲ့ပြီး အလျင်အမြန်ပဲ ပြန်ဖြေလိုက်သည် “မင်းဘယ်သွားနေတာလဲ။ ငါဒီနဂါးလိုဏ်ဂူတောင်ကို ပတ်ရှာနေတာ ကြာနေပြီ။ မင်း ထွက်သွားပြီလို့ ငါထင်နေတာ”

ရန်ကိုင်က အသာအယာ ရယ်မောလျက် “ငါယန်ယန်နဲ့ လမ်းလျှောက် ထွက်သွားခဲ့တာ။ ငါထွက်သွားမယ်ဆိုရင် ဝူရီကို ကြိုပြောထားမှာပေါ့ကွ။ နှုတ်ဆက်စကားမပြောဘဲ ဘယ် ထွက်သွားပါ့မလဲ”

သို့သော်လည်း ယုဖုန်းက ခေါင်းခါရမ်း၍ အ‌လေးအနက် လေသံဖြင့် ဝင်ပြောလိုက်သည် “အခု မင်းတကယ် ထွက်သွားတော့မှာလား”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး “မင်းဘာပြောချင်တာလဲ။ တစ်ခုခု ဖြစ်သွားလို့လား”

ဝူရီသည် သူ့အား ဤနေရာမှ နှင်ထုတ်မည် မဟုတ်မှန်းကို ရန်ကိုင် သိသည်။ သူမတွင် အိမ်မက်ကြီး ရှိသည်။ ထိုအိမ်မက်ကြောင့် ရန်ကိုင်အား ဤနေရာတွင်နေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးသည်။ နဂါးလိုဏ်ဂူတောင်ကိုပင် ယာယီလက်ဆောင်အဖြစ် ပေးလိုက်သေးသည်။ ထိုရက် အတောအတွင်း ဝူရီသည် သူ့ဆီ အကြိမ်ပေါင်းများစွာ လာလည်လာခဲ့သည်။

သို့သော်လည်း ယုဖုန်းသည် ဤနေရာသို့ ရောက်နေမှဖြင့် သူ့အား ဝူရီမှ တစ်ခုခု ပြောခိုင်းလိုက်ခြင်း ဖြစ်ရပေမည်။ မတော်တဆကြီး တစ်ခုခု ဖြစ်သွားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ဝူရီအနေဖြင့် ဤကဲသို့ လုပ်လိမ့်မည် မဟုတ်ချေ။

လူသုံးယောက်အား သူသတ်ခဲ့သည်ကို ရန်ကိုင် ရုတ်တရက် အမှတ်ရလိုက်သည်။ ရှုထျန်ကျဲတို့အဖွဲ့ကို အမြစ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

ယုဖုန်းက အလျင်အမြန် တိုက်တွန်းလိုက်သည် “ငါ့မှာ ရှင်းပြဖို့ အချိန်သိပ်မရှိဘူး။ ထုပ်ပိုးစရာတွေရှိရင် မြန်မြန် ထုပ်ပိုးလိုက်တော့။ လမ်းရောက်ရင် ငါပြောပြနိုင်တာကို ပြောပြပေးမယ်”

“ဘာကိစ္စလဲ။ ငါအခု ရေချိုးချင်နေပြီ” မြေအောက်ထဲတွင် အချိန်အတော်ကြာအောင် နေခဲ့ရသည့်အတွက် ယန်ယန်၏ မျက်နှာလေးတစ်ခုလုံး ဖုန်များဖြင့် ညစ်ပတ်နေခဲ့လေပြီ။

“မိန်းကလေးယန်ယန်၊ ကျေးဇူးပြုပြီး သည်းခံပေးပါ။ ရေချိုးလို့ကောင်းတဲ့ နေရာတစ်ခုရောက်အောင် အရင်စောင့်လိုက်... နင်ဘာတွေ ကြောင်နေတာလဲ။ ဘာမှ ထုပ်ပိုးစရာမရှိရင် အခုသွားကြတာပေါ့” ရန်ကိုင်တို့ နှစ်ယောက်စလုံး မတ်တပ်ရပ်နေသေးသည်ကို မြင်သော် ယုဖုန်းလည်း အော်မိလိုက်သည်။

ရန်ကိုင်က ရုတ်တရက် ရယ်မောလျက် “အစ်ကိုယု၊ ကျေးဇူးပြုပြီး စိတ်လျှော့ပါဦး။ ကျုပ်ကိုပြော၊ ဘာတွေဖြစ်နေလို့လဲ”

ယုဖုန်းက ဒေါသတကြီး ခြေဆောင့်လိုက်သည်။ ရန်ကိုင်ကို သတိလစ်အောင် ရိုက်ပြီးတော့သာ ချက်ချင်း ထွက်သွားချင်၏ “ငါ့မှာ ရှင်းပြဖို့ အချိန်မရှိဘူးလို့ ပြောပြီးသွားပြီလေ။ ငါမင်းကို ရှာနေတာ အကြာကြီး ရှေိနေပြီ။ သခင်မလေး မိသားစုကို အချိန် နှောင့်နှေးအောင် လုပ်ခဲ့တဲ့ အချိန်တွေအကုန်လုံးက ငါမင်းကို စောင့်နေတာနဲ့တင် ကုန်သွားပြီ။ အခုနေ ထွက်မသွားရင် အရမ်း နောက်ကျသွားလိမ့်မယ်”

ယုဖုန်း၏ အမူအရာ သုန်မှုန်သွားခဲ့ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ သခင်မလေး၏ ကြိုးစားအားထုတ်မှုအားလုံး အလဟဿ ဖြစ်သွားပြီမှန်း နားလည်လိုက်သည်။ အဖွဲ့သား အသစ်များ ရောက်မလာသေးခင်မှာပဲ ယုဖုန်းက အလျင်အမြန် တောင်းပန်လိုက်သည် “အစ်ကိုရန်၊ မကြာသေးခင်တုန်းက ရှုမိသားစု၏ သခင်လေးကို ရိုက်ခဲ့တယ်ဆို”

“ဟုတ်တယ်လေ” ရန်ကိုင်သည် သူတို့၏ သခင်လေးကို သတ်ခဲ့ရုံမက သူ့နောက်လိုက်များကိုပင် သတ်ခဲ့သေးသည်။ သို့သော် ယုဖုန်းသည် ထိုအကြောင်းကို ဘာကြောင့် မပြောရသနည်း။

ယုဖုန်းက ခါးသက်စွာပြုံးလျက် အဝေးကို ညွှန်ပြကာ “ရှုမိသားစု ဒီကို ရောက်နေပြီ”

“ရှုမိသားစုနဲ့ မင်းတို့ ဟိုင်ခဲမိသားစုယှဉ်ရင် ဘယ်လိုလဲ”

“အတူတူလောက်ပဲ။ ငါတို့ နှစ်ခုစလုံးက လအရိပ်ခန်းမရဲ့ လက်အောက်ခံ အင်အားစုတွေပဲ။ ဒါပေမယ့် ငါတို့ မိသားစုက ရှုမိသားစုနဲ့ စီးပွားရေးအရ အဆက်အသွယ်လေး ရှိတော့ မိသားစု နှစ်ခုကြားက ဆက်ဆံရေးက တော်တော်လေး ကောင်းတယ်လို့ ပြောလို့ရတယ်။ မင်းက ဟိုင်ခဲမိသားစုဝင် မဟုတ်လို့ မိသားစု အကြီးအကဲတွေက မင်းကို ကာကွယ်ပေးမှာ မဟုတ်ဘူး။ သခင်မလေးကလည်း မင်းကို မကာကွယ်ပေးနိုင်ဘူး။ ဒါကြောင့် မင်းမဆင်မခြင် မလုပ်လိုက်သင့်တာ” ယုဖုန်က ထပ်မံ၍ သက်ပြင်းချလိုက်သည်။

ရန်ကိုင်ကို ပြစ်တင်နေသော်လည်း သူနှင့် ရန်ကိုင်ကြား စည်းခြားရန် မကြိုးစားခဲ့။ ရန်ကိုင် ကိစ္စကိုပင် ကြားဝင်ပေးပြီး ရှုမိသားစုကိုပင် အချိန်ဆွဲထားပေးခဲ့သည်။

ထိုအပြုအမူကြောင့် ရန်ကိုင် ယုဖုန်းကို အတော်လေး ခင်မိသွားသည်။ ရှေ့တက်၍ ရန်ကိုင်၏ ပခုံးကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်သည် “အစ်ကိုယု၊ စိတ်မပူနဲ့။ ကျုပ်အတွက် ဘာပြဿနာမှ မဖြစ်ဘူး။ သူတို့ ကြိုးစားလာရင် ကျုပ်လည်း သူတို့ကို ဒီနေရာမှာ အမြဲတမ်း နေရအောင် လုပ်ပေးလိုက်မှာ”

ယုဖုန်းက ရန်ကိုင်အား အံ့အားသင့်တကြီး ကြည့်လိုက်၏။ သူ့ခဗျာ ရယ်ရခက် ငိုရခက် ဖြစ်နေချေပြီ။ နောက်ဆုံး ခေါင်းခါ၍ သက်ပြင်းချကာ “လူငယ်တွေကတော့ကွာ၊ ဟူး...”

ရန်ကိုင် ပေါက်တတ်ကရ စကားများ ပြောနေခြင်း ဖြစ်သည်ဟု ထင်နေခြင်း ဖြစ်သည်။ ရှုမိသားစုသည် ဟိုင်ခဲ မိသားစုကဲ့သို့ အရိပ်လခန်းမ၏ လက်အောက်ခံ အင်အားစုတစ်ခု ဖြစ်သော်လည်း မိသားစုတစ်ခု ဖြစ်နေပေသေးသည်။ တန်ခိုးရှင် အဆင့် ပညာရှင်တစ်ယောက် ဖြစ်နေသည့်တိုင် သူ့တွင် သူတော်စင်ဘုရင်အဆင့် ပညာရှင်များစွာ ရှိပေသည်။ သူတော်စင် တတိယအဆင့်သာ ရှိသေးသော ရန်ကိုင်သည် ထိုကဲ့သို့သော အင်အားစုတစ်ခုနှင့် မည်ကဲ့သို့ ယှဉ်နိုင်မည်နည်း။

ထို့အပြင် ဟိုင်ခဲမိသားစုသည် ရန်ကိုင်အား လုံးဝကို ကာကွယ်ပေးလိမ့်မည် မဟုတ်ချေ။ တကယ်တော့ သူတို့သည် ရန်ကိုင်အား ကာကွယ်ပေးလိမ့်မည် မဟုတ်သည့်အပြင် ရှုမိသားစုနှင့် ဆက်ဆံရေး ထိန်းထားရန်အတွက် ဟိုင်ခဲမိသားစု အကြီးအကဲများသည် ရန်ကိုင် ရှိနေသည့် နေရာကိုပါ ရှုမိသားစုဆီ ပြောပြပေးပေလိမ့်မည်။

သခင်မလေးမှ သူတို့အား နှောင့်နှေးအောင် လုပ်ပေးသည့် အတွက်ကြောင့်သာ မဟုတ်လျှင်၊ ယုဖုန်းသည်လည်း ကြိုပြီး လာနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ကြည့်ရသည်မှာ သူနောက်ကျသွားသည့်ပုံပင်။ ရုတ်တရက် သခင်မလေး၏ မျှော်လင့်ချက်အတိုင်း ဖြစ်အောင် မလုပ်ပေးနိုင်သည့်အတွက် သူ့အစိတ်ထဲ အပြစ်ရှိသလို ခံစားလိုက်ရသည်။

“ဟန့်၊ ကြွားဖို့ပဲသိတတ်တဲ့ ကောင်လေးပါလား။ ငါတို့ကို ထာဝရ ဒီမှာနေသွားအောင် မင်းဘယ်လိုလုပ်မလဲ ငါမြင်ချင်သေးတယ်” အေးစက်စက် နှာခေါင်းရှုံ့သံနှင့်အတူ ပိန်ပါးပါး လူအိုကြီးတစ်ယောက် ကောင်းကင်ပေါ်မှ ဆင်းလာပြီး ရန်ကိုင်အား သုန်မှုန်စွာဖြင့် ကြည့်လိုက်သည်။

ရန်ကိုင်သည် စကားကို တိုးတိုးပြောနေခြင်း မဟုတ်သဖြင့် လူအိုကြီး ကြားသွားသည့်ပုံပင်။

လူအိုကြီး၏အသံ ဆုံးသွားသည်နှင့် ကောင်းကင်ပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာခဲ့သည်။ စုစုပေါင်း လူအယောက်နှစ်ဆယ် ရှိပေသည်။ ထိုအယောက်(၂၀)အနက် လူကြီး၊ လူငယ်၊ ယောကျာ်း၊ မိန်းမ အကုန်အစုံ ပါဝင်နေခဲ့သည်။ ကျင့်ကြံခြင်းမျိုးစုံနှင့်လူများ ပါဝင်ကြပြီး ထိုလူများအနက် အားအကောင်းဆုံးသည် သူတော်စင်ဘုရင် တတိယအဆင့် ဖြစ်ပေသည်။

စကားပြောလိုက်သည့် လူအိုကြီး၏ ဘေးတွင် ရန်ကိုင်အား စိုးရိမ်တကြီး အမူအရာဖြင့် စိုက်ကြည့်နေသော ဖြူဖတ်ဖြူလျော် မျက်နှာထားနှင့် ချွေးတောက်တောက် ကျနေသည့် ခေါင်းပြောင် သက်လတ်ပိုင်းလူကြီး တစ်ဦးကို တွေ့လိုက်ရသည်။

ထိုသက်လတ်ပိုင်းလူကြီးသည် ယခင်အကြိမ်က ရှုထျန်ကျဲကို လိုက်ပါ စောင့်ရှောက်ပေးခဲ့သည့် လူကြီး ဖြစ်ပေသည်။ ထိုလူကြီး အပြေးမြန်သွားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူရော၊ သူ့သခင်လေးပါ သေသွားရပေလိမ့်မည်။

ဝူရီသည်လည်း အလျင်အမြန် ပျံသန်းလာခဲ့သည်။ မြေကြီးပေါ်သို့ ရောက်သည်နှင့် ရန်ကိုင်အား ဒေါသတကြီး လှမ်းကြည့်လိုက်သည်။ သူမ သတိပေးသည့်တိုင် စောစော ထွက်မသွားသည့်အတွက်ကြောင့် ရန်ကိုင်အား အပြစ်တင်နေသည့်ပုံပင်။ ထို့နောက် ယုဖုန်းအား စူးရဲစွာ စိုက်ကြည့်ပြန်သည်။ ယုဖုန်းသည် ဝူရီနှင့် အကြည့်ချင်း မဆုံရဲသည့်အတွက် ချက်ချင်း ခေါင်းလေး ငုံ့လိုက်သည်။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ထွက်ပြေးဖို့ မကြိုးစားတာ တကယ်ကောင်းတယ်ကွာ” သူတော်စင်ဘုရင် တတိယအဆင့် လူအိုကြီးက ထပ်တလဲလဲ ခေါင်းညိတ်လိုက်၏။ ထို့နောက် အေးစက်စက် လေသံဖြင့် မေးလိုက်သည် “ချိုးယွမ်၊ သခင်လေးကို ထိခိုက်အောင် လုပ်ခဲ့တာ အဲ့ကောင်လား”

လူအိုကြီး၏ မေးခွန်းကို ကြားပြီး သူ့ဘေးနားတွင် ရှိနေသော သက်လတ်ပိုင်း လူကြီးက ခပ်မြန်မြန် ခေါင်းညိတ်လိုက်လေသည် “ဟုတ်ပါတယ်။ အကြီးအကဲ ရှိရှုန်း၊ သခင်လေးကို ဒဏ်ရာ ရအောင် လုပ်လိုက်တဲ့လူက အဲ့ကောင်လေးပါ”

ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ချိုးယွမ်ဆိုသော ခေါင်းပြောင်လူကြီးအား အံ့အားသင့်တကြီး ကြည့်လိုက်၏။

ယခင်အကြိမ်က ရန်ကိုင်သည် ရှုထျန်းကျဲကို ဒဏ်ရာ ရအောင်သာမက သူတော်စင်ဘုရင်အဆင့် သုံးယောက်ကိုပါ သတ်ပစ်ခဲ့သည်။ သို့သော်လည်း ထိုအကြောင်းကို ရှုမိသားစု မသိထားသည့်ပုံပင်။

ချိုးယွမ်သည် ထိုစဉ်က ဖြစ်ပျက်ခဲ့သည့် အကြောင်းစုံကို ပြန်မတင်ပြခဲ့သည်မှာ ဖြစ်နိုင်လောက်သည်။ ရန်ကိုင် ချက်ချင်းပဲ နားလည်သွားလေသည်။ ချိုးယွမ်သည် သူတော်စင်ဘုရင် ဒုတိယအဆင့် ဖြစ်သည်။ သူနှင့်အတူ အခြားသူတော်စင်ဘုရင် ပထမအဆင့် သုံးယောက်လည်း ရှိနေသေးသည်။ သို့တိုင် သူတော်စင်တတိယအဆင့် တစ်ယောက်၏ လက်မှ သူတို့ သခင်လေးကို မကာကွယ်ပေးနိုင်ခဲ့ခြင်းသည် ကြီးမားသော ပြစ်မှုဖြစ်သည်။ ထို့အကြောင့် အပြစ်ကြီးကြီး ပေးခံရမည် စိုးသည့်အတွက်ကြောင့် အမှန်အတိုင်း ပြန်မပြောခဲ့ခြင်း ဖြစ်လောက်သည်။

ထိုသို့ဆိုလျှင် ရှုထျန်းကျဲမှ ထိုကိစ္စကို ကူပြီး ဖုံးကွယ်ပေးလျှင် ဖုံးကွယ်ပေး၊ မဟုတ်လျှင် သူ့ဝိဥာဉ် ဒဏ်ရာရသွားသည့် အတွက်ကြောင့် ပြန်မပြောနိုင် ဖြစ်ခဲ့ခြင်း ဖြစ်ရပေမည်။ ထိုစဉ်က ရန်ကိုင်သည် သူတို့နှစ်ယောက်ကို ကောင်းကင်စိတ်အာရုံဖြင့် လှမ်း၍ တိုက်ခိုက်ခဲ့သည် မဟုတ်ပေလော။

ဒုတိယအချက်သည် သိပ်၍ ဖြစ်နိုင်ချေမရှိ။ ရှုထျန်းကျဲသည် ရှုမိသားစု၏ သခင်လေး ဖြစ်သည့်အတွက်ကြောင့် ချိုးယွင်ကို ကူပြီး ထိုကိစ္စကို ဖုံးကွယ်ပေးနေစရာ မလိုပါချေ။

“သူဆိုမှတော့ လွယ်သွားပြီ။ ချိုးယွမ်း မင်းအပြစ်တွေကို ကျေအေးအောင် လုပ်နိုင်မယ့် အခွင့်အရေးတစ်ခု ငါမင်းကို ပေးမယ်။ အဲ့ကောင်ရဲ့ ခြေ၊လက်တွေကို သွားဖြတ်ပစ်လိုက်။ ပြီးတာနဲ့ ဒီကောင်ကို ပြန်ခေါ်သွားပြီး ဆေးအိုးထဲ နှစ်ထားမယ်။ ပြီးရင် သေပါရစေလို့ သူတောင်းပန်လာတဲ့အထိ နှိပ်စက်မယ်” ရှုရှီရှုန်းက ရန်ကိုင်အား စူးစူးရဲရဲ စိုက်ကြည့်ရင်း ဒေါသတကြီး အော်ပြောလိုက်သည်။

အနားတွင် ရှိနေသော လူများစွာ တုန်ရီသွားခဲ့ကြသည်။

ခြေလက်များကို ဖြတ်ပစ်ပြီး ဆေးအိုးထဲ စိမ်းထားလျှင် အနည်းဆုံး နှစ်ဝက်လောက်ကြာသည့်တိုင် ရန်ကိုင် သေမည် မဟုတ်ချေ။ နောက်နှစ်ဝက်လောက်ပင် သေလိမ့်ဦးမည် မဟုတ်လောက်။

သို့သော်လည်း ရန်ကိုင်ကမူ အေးအေးလူလူ အမူအရာ ဖြင့်သာ ချိုးယွင်အား စိုက်ကြည့်နေခဲ့သည်။

အကုန်လုံး အံ့အားသင့်နေရသည်ကား ချိုးယွင်သည် ချက်ချင်း ပြေးထွက်မသွားခဲ့ဘဲ ဆေးခါးကြီး စားထားရသော မျက်နှာဖြင့်သာ ရန်ကိုင်ကို စိုက်ကြည့်နေခဲ့သည်။ ပါးစပ်က ပြန်ပြောခဲ့သော်လည်း ခြေထောက်က ကော်နှင့် ကပ်နေသည့် အလား နည်းနည်းလေးမှ မရွေ့။ သူ့မျက်နှာတစ်ပြင်လုံး ကြောက်ရွံ့ရိပ်တို့ဖြင့် ပြည့်နေခဲ့ပြီး ပုတီးစေ့လုံးတမျှ ကြီးမားလှသော သူ့နဖူးထက်မှ တတောက်တောက် စီးကျနေခဲ့သည်။

တစ်ခုခု မှားယွင်းနေသည်ကို အကုန်လုံး သတိပြုမိလိုက်၏။ ချိုးယွင် တုန်နေသည်ကို သတိထားမိကြသော်ငြား ဘာကြောင့်မှန်း မည်သူမှ မသိကြ။

ချိုးယွမ်ရင်ထဲ အလွန်ကိုမှ ကြောက်လန့်နေမိလေပြီ။ ထိုလူငယ်လေး မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို အားလုံးထက် သူသိသည်။ လက်ကလေး အသာအယာ ဝှေ့ရမ်းလိုက်ရုံဖြင့် သူတော်စင်အဆင့်တစ်ယောက် သူတော်စင် ဘုရင်အဆင့် သုံးယောက်ကို သတ်နိုင်ပါသည်ဟု သူ့အား ပြောလာလျှင်ပင် သူသည် ထိုလာပြောသည့်လူကို သောက်ရူး ဟူ၍သာ သတ်မှတ်လိုက်ပေလိမ့်မည်။ အဆင့်ကျော် တိုက်ခိုက်နိုင်သူများပင် ထိုကဲ့သို့ လုပ်နိုင်ဖို့ရာ လုံးဝ မဖြစ်နိုင်ပေ။

သို့‌သော်လည်း ထိုအဖြစ်အပျက်ကို သူ့မျက်လုံးတပ်အပ်ဖြင့် မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။ သူ့ရှေ့တွင် ရှိနေသော လူငယ်လေးသည် သူတော်စင်ဘုရင်အဆင့် သုံးယောက်ကို ပုရွက်ဆိတ်လေးများနှယ် အလွယ်တကူ သတ်သွားခဲ့သည်။ ထိုစဉ်က သူသာ ထွက်ပြေးရန် ယတိပြတ် မဆုံးဖြတ်လိုက်ပါက၊ ထိုမိန်းကလေးကြောင့် လူငယ်လေးသည် သူ့နောက်သို့ လိုက်မလာနိုင်သည့် အတွက်ကြောင့်သာ မဟုတ်ပါက၊ သူလည်း ရေဝေးသို့ လားနေရလောက်ပေပြီ။

ပေါက်ကွဲထွက်လာသော စိတ်စွမ်းအင်ကို ခံစားမိပြီးနောက် ရန်ကိုင်ဆိုသော ထိုလူငယ်လေး မည်မျှ‌ ကြောက်မက်ဖွယ် ကောင်းကြောင်းကို ချိုးယွမ် လုံးဝ နားလည်သွားခဲ့သည်။ သူတို့ကြားရှိ ခွန်အား ကွာခြားချက်သည် မိုးနှင့်မြေပမာ ကြီးမားလှသည်။ သူနှင့် သခင်လေးသည် ကံကောင်းထောက်မ၍ အသက်ရှင်ခဲ့သော်လည်း သခင်လေး ဆိုသည့်လူမှာ ဒုက္ခိတ တစ်ယောက် ဖြစ်သွားခဲ့ရလေပြီ။ တစ်နေကုန် တစ်နေလုံး မျက်လုံးကလည်ကလည် ဖြစ်နေပြီး ပါးစပ်နေမှလည်း အမြုံ့ တစီစီ ထွက်နေခဲ့သည်။ ချိုးယွမ်သည်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သည်။ ယခုထိတိုင် သူ့ဒဏ်ရာ ပြန်မကောင်းသေးချေ။ အကျိုးဆက်အနေဖြင့် သူတော်စင်ဘုရင် ဒုတိယအဆင့်ဖြစ်သော သူ့ကျင့်ကြံခြင်းသည်ပင်လျှင် ယုတ်လျော့သွားခဲ့ရသည်။

All Chapters