← Chapters

အခန်း (၁၁၂၁-၁၁၂၅)

Vol. 45 Ch. 1121-1125

အခန်း (၁၁၂၁-၁၁၂၅)

Vol. 45 Ch. 1121-1125

အပိုင်း(၁၁၂၁)

ရှုရှီရှုန်း ကိုယ်တိုင် ရောက်လာသဖြင့် ရန်ကိုင်ကိစ္စ သူစိတ်ပူစရာ မလိုတော့ဟု ချိုးယွမ် ထင်နေခြင်းဖြစ်သည်။ သို့သော်လည်း ရှုရှီရှုန်းသည် သူကိုယ်တိုင် မလုပ်ဘဲ သူ့အား လာခိုင်းလိမ့်မည်ဟု မည်ကဲ့သဲ့ ထင်ခဲ့မည်နည်း။

သူ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်နေရင်း လူငယ်လေးကို ကြည့်ရင်း ချိုးယွင် ကြောက်လန့်တကြား ထအော်ပြီး လူအုပ်ကြီး၏ ကြောင်အနေသော အကြည့် အောက်တွင် ချက်ချင်း လှည့်ပြေးလေသည်။

ရန်ကိုင်ဆိုသော လူငယ်လေးကို သွားတိုက်ခိုက်လျှင် သေမည်မှန်း သိနေသည့်အတွက် သွားမတိုက်ခိုက်ရဲချေ။ ထို့ကြောင့် ထွက်ပြေးရန်သာ ရွေးချယ်လိုက်သည်။

သူ့လုပ်ရပ်ကြောင့် အကုန်လုံး မျက်လုံးအပြူးသား ဖြစ်သွားကြရသည်။ ဤနေရာသို့ ရောက်လာသော လူ အယောက်နှစ်ဆယ်ထဲတွင် ရှုမိသားစုမှ ကျင့်ကြံသူများသာ ပါဝင်နေခြင်း မဟုတ်ဘဲ ဟိုင်ခဲမိသားစုမှ ကျင့်ကြံသူ အချို့လည်း ပါဝင်နေပေသည်။ ရန်ကိုင်အား စိုးရိမ်သည့် အတွက်ကြောင့် ရောက်လာသော ဝူရီမှအပ ကျန်လူများသည် ပြပွဲကောင်းကိုတစ်ခုကို ကြည့်ရလိုငြား ရောက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုမူ ပြပွဲပင် မစရသေးခင်မှာဘဲ ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားခဲ့ရာ အကုန်လုံး မှင်သက်နေကြရလေသည်။

ရှုရှီရှုန်းသည်ပင်လျှင် ကြောင်အမ်းအမ်း ဖြစ်သွား၏။ သို့သော်လည်း မကြာမီ သူ့အမူအရာ အေးစက် သုန်မှုန်သွားခဲ့သည်။ သူ့လက်ကို ဝှေ့ရမ်း၍ သူတော်စင်ချီဖြင့် ကြိုးတစ်ချောင်းကို ဖန်တီးကာ ထွက်ပြေးသွားသော ချိုးယွင်ကို လှမ်းဖမ်းလိုက်သည်။

ရှုရှီရှုန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရာ ကြိုးတစ်ချောင်းလုံး တလက်လက် တောက်ပလာခဲ့သည်။ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတို့ ပေါက်ကွဲထွက် လာခဲ့ပြီး ကြိုးသည် ချိုးယွင်၏ အသားထဲ နစ်ဝင်သွားခဲ့၏။

ခရက်ဆိုသော အသံနှင့်အတူ အရိုးကျိုးသံနှင့်တကွ သွေးညှီနံ့တို့ ထွက်ပေါ်လာခဲ့သည်။ ကြောက်လန့်နေ‌သော ချိုးယွမ် တစ်ခုလုံး ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး သူ့မျက်လုံးထဲရှိ ကြောက်ရွံ့ရိပ်တို့သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ မကြာမီ သူ့အသက်စွမ်းအင် ပျောက်ကွယ်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး အသားစအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။

ချိုးယွမ်အနေဖြင့် မတိုက်ခိုက်ချင်ဘဲ ထွက်သွား ပြေးချင်ရုံပင်။ သို့သော်လည်း သူ့ကိုယ်မိသားစု အကြီးအကဲမှ သူ့အား ရုတ်တရက်ကြီး ထသတ်လိမ့်မည်ဟု ဘယ်သောအခါမှ မထင်ထားခဲ့ချေ။

“ကြောက်နေလိုက်တာများ” ရှုရှီရှုန်းလည်း ရှက်ရှက်နှင့် ဒေါသထွက်ကာ ကျိန်ဆဲတော့လေသည်။ သူတော်စင် တတိယအဆင့်လေးသာ ရှိသေးသော လူငယ်လေးတစ်ယောက်ကို ချိုးယွမ် ဘာကြောင့် ထိုမျှ ကြောက်နေမှန်း သူနားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ သူ့လုပ်ရပ်သည် ရှုမိသားစုကို မျက်နှာအကြီးကြီး ပျက်သွားစေခဲ့ကာ အများအမြင်တွင် လှောင်ရယ်စရာ တစ်ခု ဖြစ်လာခဲ့ရလေသည်။

ထို့ကြောင့် ရှုရှီရှုန်း ဒေါသထွက်သွားခြင်း ဖြစ်သည်။

“ကောင်းပြီလေ။ သူမလုပ်ချင်မှတော့ ငါကိုယ်တိုင်ပဲ လုပ်ရတော့မျာပေါ့” ရှုရှီရှုန်းက ရှေ့တစ်လှမ်းတိုးလိုက်ပြီး ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ ပြောလိုက်သည် “ငါတို့ရှုမိသားစုကို ရန်စရဲတဲ့သတ္တကို မင်းဘယ်ကနေ ရလာလဲ ငါမြင်ချင်သေးတယ်”

သူ့စကားကြောင့် ဟိုင်ခဲမိသားစုဝင်များ မျက်မှောင် ကြုတ်သွားခဲ့ကြသည်။ သူ့လေသံကို မကြိုက်သော်လည်း မည်သူမှ ဝင်မပြောခဲ့ကြချေ။

သူတို့ကသာ ဝင်ပြောမည်ဆိုပါက ဟိုင်ခဲမိသားစုသည် ရန်ကိုင်ကို ထောက်ခံပေးသည့် သဘောမျိုး ရောက်သွားနိုင်ပြီး မိသားစုနှစ်ခုကြား မကျေနပ်ချက်များ ဖြစ်ပေါ်လာစေနိုင်သည်။ ဘယ်ကမှန်းမသိသော လူလေး တစ်ယောက်အတွက်နှင့် ဟိုင်ခဲမိသားစုသည် ထိုကဲ့သို့ လုပ်လိမ့်မည် မဟုတ်ချေ။

“စီနီယာရှု၊ ကျေးဇူးပြုပြီး နေပါဦး” အကြီးအကဲများက ငြိမ်နေကြသော်လည်း ဝူရီက ငြိမ်မနေနိုင်ချေ။

ဟိုင်ခဲမိသားစုဝင်အားလုံး ဝူရီအား မကျေမနပ်ဖြင့် ကြည့်လိုက်ကြပြီး ရှုရှီရှုန်းက လှောင်ပြုံးပြုံးလျင် “နင်ဘာပြောချင်နေတာလဲ”

“ဝူရီ၊ နင့်နေရာနင် သိစမ်း” ဝူရီ ဘာမှ မပြောရ သေးခင်မှာဘဲ အဝါရောင်ဝတ်ရုံနှင့် လူအိုကြီးက လှမ်း၍ အော်ပြောလိုက်သည်။

ဝူရီက ထိုလူအိုကြီး၏ သတိပေးချက်ကို လျစ်လျူရှု၍ ရန်ကိုင်အား စိုးရိမ်တကြီး တစ်ချက် လှမ်းကြည့်လိုက်ပြီး ရဲဆေးတင်လျက် အော်ပြောလိုက်သည် “စီနီယာရှု၊ ရန်ကိုင်က ကျွန်မသူငယ်ချင်းပါ။ သူပြဿနာရှာတတ်တဲ့ လူတစ်ယောက် မဟုတ်မှန်း ကျုပ်သိတယ်။ တစ်ခုခု နားလည်မှုလွဲနေတာများ မဖြစ်နိုင်ဘူးလား”

“သူက ပြဿနာ မရှာတတ်ဘူး ဟုတ်လား။ ဒီတော့ နင်ပြောချင်တာက ပြဿနာ ရှာတဲ့လူတွေက ငါတို့ ရှုမိသားစုပေါ့ ဟုတ်လား” ရှုရှီရှုန်းက ဝူရီအား ကြမ်းကြုတ်စွာ စိုက်ကြည့်၍ “နားလည်မှုလွဲတာလား။ ထျန်ကျဲ ဒဏ်ရာအကြီးအကျယ်ရပြီး အရူးတစ်ယောက် ဘဝ ရောက်သွားတာ နာလည်မှုလွဲရုံ သက်သက်ပဲလား။ ကောင်မလေး။ ဒါတွေအားလုံးက နားလည်မှုလွဲတာ သက်သက်ပဲလို့ နင်ပြောချင်နေတာလား ကောင်မလေး။ ဟုတ်တယ်ဆိုရင်တော့ နင်ကိုယ်တိုင်က ဟိုင်ခဲမိသားစုဝင် တစ်ယောက် ဖြစ်နေတယ် ဆိုရင်တောင် ငါနင့်ကို ညှာနေမှာ မဟုတ်ဘူးနော်”

“ရောင်းရင်းရှု၊ ကျုပ်ဟိုင်ခဲမိသားစုကို လာဆွဲမထည်နဲ့။ ဒီကိစ္စက ကျုပ်တို့ မိသားစုနဲ့ ဘာမှ မဆိုင်ဘူး” အဝါရောင်ဝတ်ရုံတတ် လူအိုကြီးက နှာခေါင်းရှုံ့လိုက်သည်။ ရန်ကိုင်နှင့် ဝူရီကိုလည်း ပို၍ မကျေမနပ် ဖြစ်လာခဲ့သည်။

ဝူရီက အံကြိတ်၍ ဆက်ပြောလိုက်သည် “စီနီယာရှု၊ ကျွန်မသိသလောက်ဆို ရှုထျန်းကျဲက သူ့လူတွေခေါ်ပြီး မိန်းကလေးယန်ယန်ကို မဟုတ်တာလုပ်ဖို့ ကြိုးစားတယ်ဆို။ သူအဲ့လို လုပ်လတာကို ရန်ကိုင်က ပြန်တိုက်လို့ မရဘူးလား”

ဖြစ်စဉ်တစ်ခုလုံး ရှုမိသားစုမှ ဟိုင်ခဲမိသားစု၏ ပိုင်နက် နယ်မြေအတွင်း ဝင်ရောက်လာရာမှ အစပြုခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ထိုဖြစ်စဉ်ထဲတွင် ရှင်းပြမရနိုင်သည့် မေးခွန်းများစွာ ရှိနေခဲ့သည်။ သူတော်စင် တတိယအဆင့် လေးသာ ရှိသေးသော ရန်ကိုင်သည် ချိုးယွင်၏ ကာကွယ်မှု အောက်တွင် ရှိနေသော ရန်ကိုင်ကို အရူးတစ်ယောက် ဖြစ်အောင် မည်ကဲ့သို့ လုပ်လိုက်သနည်း။ ချိုးယွင်သည် သူ့သခင်လေးအတွက် လက်စားပြန်မချေ၍ ရှုမိသားစုသို့ ပြန်ပြေးရန် ဘာကြောင့် ကြိုးစားခဲ့သနည်း။

ထိုအဖြစ်အပျက်အားလုံးသည် ရှုမိသားစု၏ လုပ်ဇာတ် တစ်ခုဖြစ်သည်ဟု ဝူရီ ယုံကြည်နေသည်။ သို့သော် သူမ၏ အထင် မှန်မမှန်ဆိုသည်ကိုမူ မပြောတတ်ပါချေ။

ရှုရှီရှုန်းမှ ချိုးယွင်ကို သတ်လိုက်ခြင်းသည် သူမအား အတော်လေးကို ခေါင်းရှုပ်သွားစေခဲ့သည်။ သို့သော်လည်း ရန်ကိုင် အနိုင်ကျင့်ခံနေရသည်ကို ထိုင်ပြီး ကြည့်မနေ နိုင်ပါချေ။

“ဘာဖြစ်လဲ” ရှုရှုန်းရှီက အေးစက်စက် လေသ့ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “ထျန်းကျဲဆိုတာ ငါတို့ မိသားစုရဲ့ သခင်လေးပဲ။ သူအဲ့ကောင်မလေးကို ကြိုက်တာ ဘာဖြစ်လို့လဲ။ အဲ့ကောင်မလေးတွေ အတွက်တောင် ပိုကောင်းသွားတာ မဟုတ်ဘူးလား။ ငါတို့ သခင်လေးက ပေးတဲ့ အခွင့်အရေးကို လက်မခံပဲ ငြင်းပယ်လိုက်တယ် ဆိုတာ ငါတို့ ရှုမိသားစုကို စော်ကားလိုက်တာနဲ့ အတူတူပဲ”

“ဘာကြီးလဲ။ ရှင်တို့ ရှုမိသားစု ကြိုက်တဲ့လူတိုင်းက ရှင်တို့ အလိုကို လိုက်ပေးရမယ်၊ ဟုတ်လား” ဝူရီ ချက်ချင်း ဒေါသပုန် ထသွားခဲ့သည်။ အခြား ဘာကိုမှ မပြောသေးခင် ယန်ယန်သည် သူမကဲ့သို့ မိန်းမသားတစ်ယောက် ဖြစ်၏။ ဝူရီ အမုန်းဆုံးသည်ကား မိသားစုနောက်ခံကို အားကိုး၍ ယောကျာ်များကို အနိုင်ကျင့်၊ သူတို့၏ မိန်းမများကို အတင်း အဓမ ရယူရန် ကြိုးစားသည့် လူငယ်ဗိုလ်များပင်။ ထိုခွေးသူတောင်းစား ရှုထျန်ကျဲကြောင့် ဒုက္ခရောက်ခဲ့ရသည့် အပြစ်မဲ့ မိန်းကလေးများလည်း အများကြီးပင်။

ရှုထျန်းကျဲသည် ရန်ကိုင်ကြောင့် အရူးတစ်ယောက် ဖြစ်သွားခဲ့သည် ဆိုပါက ဝူရီ ပျော်လွန်းသဖြင့် ထ၍ပင် ခုန်လိုက်မိပေဦးမည်။

ရှုရှီရှုန်း၏ အမူအရာ ပို၍ အေးစက်သွားခဲ့ပြီး အဝါရောင် ဝတ်ရုံဝတ် လူအိုကြီးဆီ လှမ်းကြည့်၍ “ရောင်းရင်းဘ၊ မင်းတို့ ဟိုင်ခဲမိသားစုက ဒီကိစ္စထဲ ဝင်ပါချင်နေတာလား”

ဘချင်းယန်လည်း စိတ်ပျက်ပျက်ဖြင့် ဝူရီကို စိုက်ကြည့်လိုက်ပြီး “ဒီကိုလာခဲ့။ ဒီနေရာက နင်ဝင်စကား ပြောရမယ့် နေရာ မဟုတ်ဘူး”

ဝူရီက ပို၍ အံတင်းတင်း ကြိတ်လိုက်သည်။ သို့သော် ဘာမှတော့ ပြန်မပြောခဲ့ချေ။

ဘချင်းယန်က ရှုရှုန်းရှီဘက်သို့ လှည့်၍ အသာအယာ ပြောလိုက်သည် “ရောင်းရင်းရှု၊ စိတ်ကြိုက်သာလုပ်။ ကျုပ်ဘာမှ ဝင်ပါမှာမဟုတ်ဘူး။ ဒီကိစ္စက ကျုပ်တို့ မိသားစုနဲ့ ဘာမှမဆိုင်ဘူး။ အဲ့လူငယ်လေး ဝူရီ အပြင်ကနေ တွေ့လို့ ခေါ်လာတဲ့ လူငယ်လေး သက်သက်ပဲ။ ကျုပ်တို့ ဟိုင်ခဲမိသားစုဝင် မဟုတ်ဘူး”

“ကောင်းပြီလေ။ ငါလည်း ရှုမိသားစုနဲ့ မင်းတို့ ဟိုင်ခဲ မိသားစုကြား ပြဿနာ မဖြစ်စေချ်ပါဘူး။ ရောင်းရင်းဘက အခုလို ပြောလာတယ်ဆိုမှတော့ ငါလည်း အချိန် ဖြုန်းနေလို့ ဘယ်ဖြစ်ပါတော့မလဲ” ရှုရှုန်းရှီက ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည်။ မိသားစု နှစ်ခုသည် ခွန်အား အတူတူလောက်သာရှိသည်။ သို့သော် ဟိုင်ခဲမိသားစုသည် ထိုလူငယ်လေးကို ကာကွယ်ပေးရန် ကြိုးစားနေမည်ဆိုပါက ရှုရှုန်းရှီအတွက် ခက်ခဲရပေမည်။

အဆိုးဆုံး ဟိုင်ခဲမိသားစုနှင့် တိုက်ပွဲ ဖြစ်သွားနိုင်သည်။ ထိုသို့သာ ဖြစ်သွားလျှင် နောက်ဆုံး ရလဒ်သည် နှစ်ဖက် စလုံး ဒုက္ခရောက်ရမည့်ကိန်းပင်။ ယခု ဘချင်းယန်မှ ထိုကဲ့သို့ ပြောလသဖြင့် ရှုရှုန်းရှီလည်း ထိုကိစ္စကို စိုးရိမ်နေစရာ မလိုပါတော့ချေ။

“ရပ်လိုက်” ဝူရီက ရန်ကိုင်ရှေ့ အလျင်စလို ဝင်ရပ်၍ အော်ပြောလိုက်သည် “သူက ကျွန်မသူငယ်ချင်းပဲ။ ကျွန်မပဲ သူ့ကို ဒီမှာ နေခွင့်ပေးခဲ့တာ။ အခုလို မတော်တဆတစ်ခုခု ဖြစ်သွားတာနဲ့ ပက်သက်ပြီး ဘယ်သူမှန်မှန်၊ မှားမှား ဟိုင်ခဲ မိသားစုနဲ့တော့ အနည်းနဲ့အများ သက်ဆိုင်တာပဲ။ အကြီးအကဲဘသာ ဒီအတိုင်း ထိုင်ကြည့်နေလို့ ဒီသတင်း ပြန့်သွားခဲ့မယ်ဆိုရင် ဟိုင်ခဲမိသားစု ဂုဏ်သတင်း ထိခိုက်ရလိမ့်မယ်နော်။ အဲ့အခါကျ...”

“မောက်မာလိုက်တာ” ဘချင်းယန် တစ်ကိုယ်လုံး ဒေါသကြောင့် တဆတ်ဆတ် တုန်ရီသွားသည်။ ယခု ကိစ္စသည် ဟိုင်ခဲမိသားစုနှင့် ဘာမှမဆိုင်ပါဟု သူကိုယ်တိုင်က ပြောထားခဲ့သော်လည်း ဟိုင်ခဲမိသားစု၏ တိုက်ရိုက်မျိုးဆက် တစ်ယောက်ဖြစ်သော ဝူရီသည် ထိုကဲ့သို့ မဆင်မခြင် စကားများကို ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အခြေအနေသာ ဆိုးသွားလျှင် မိသားစု နှစ်ခုကြား အက်ကြောင်းထသွားနိုင်ပေသည်။

“ကောင်မ။ နင့်ရဲ့ မဟုတ်တရုတ် အရည်အချင်းလေးနဲ့ လုပ်ချင်တိုင်း လုပ်လို့ရပြီ ထင်နေတာလား။ ဟိုင်ခဲ မိသားစုရဲ့ ဥပဒေကို ဘာအတွက် လုပ်ထားတာလဲဆိုတာကို နင်မေ့သွားတာလား။ နင်ငယ်ရွယ်သေးတာကို ထောက်ထားပြီး အခုချက်ချင်း နောက်ပြန်ဆုတ်မယ်ဆိုရင် နင့်ကိုငါ အပြစ်မတင်တော့ဘူး။ မဟုတ်ရင်တော့ ကောင်းကောင်း အပြစ်ပေးခံရပြီသာမှတ်” ဘချင်းယန်က ဒေါသတကြီး အော်ပြောလိုက်သည်။

“မိသားစုဥပဒေ” ဆိုသော စကားကို ကြားလိုက်သည့် အခိုက် ဝူရီ၏ ခန္ဓာကိုယ်လေး တုန်ရီသွားပြီး သူမ၏ မျက်နှာလေးထက် ကြောက်ရွံ့ရိပ်တို့ ထွက်ပေါ်လာခဲ့၏။

နိုင်ငံများတွင် ဥပဒေရှိသလို မိသားစုများတွင်လည်း ဥပဒေရှိပေသည်။ မိသားစုဝင် သို့မဟုတ် အင်အားစု တစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင် ဥပဒေများ ရှိကြသည်။ ထိုဥပဒေကို ဖောက်ဖျက်ပါ သေသည်ထက် ဆိုရွားသော အပြစ်ပေးမှုကို ခံစားကြရသည်။

ဟိုင်ခဲမိသားစု၏ ဥပဒေသည်လည်း ထိုအတိုင်းပင် ဖြစ်လေသည်။

သို့သော်လည်း ကြောက်ရွံ့မှုသည် ဝူရီ၏စိတ်ကို ခဏတာသာ ကြီးစိုးနိုင်ခဲ့သည်။ မကြာမီ ဝူရီက ခိုင်မာ ပြတ်သားသော အမူအရာဖြင့် ခေါင်းခါ၍ “ရန်ကိုင်က ကျွန်မမိတ်ဆွေပဲ။ ရှင်သူ့ကို အဲ့လို ဆက်ဆံလို့မရဘူး... အဆိုးဆုံးမှ ရှင်တို့ ဆုံးရှုံးခဲ့တာတွေအတွက် ကျွန်မ လျော်ကြေးပေးးတာပဲရမယ်”

ဝူရီ၏ စကားလုံးများသည် ရှုရှီရှုန်းဆီ ဦးတည်နေခြင်း ဖြစ်သည်။

“ငါတို့ ဆုံးရှုံးမှုအတွက် အလျော်ပေးမယ် ဟုတ်လား” ရှုရှီရှုန်းက ပြန်၍ လှောင်ပြောင်လိုက်လေသည် “ငါတို့ ရှုမိသားစု သခင်လေးက ဒုက္ခတိဖြစ်သွားတာ။ နင်ဘယ်လို အလျော်ပေးမှာလဲ။ ရောင်းရင်းဘ၊ ဒါ မင်းတို့ မိသားစုဝင်တွေကို သွန်သင်ထားတဲ့ ပုံစံလား။ မိန်းကလေး တစ်ယောက်တောင် အကြီးအကဲရဲ့ ဆုံးဖြတ်ချက်ကို လာပြီး ဝင်စွက်နေရဲတာ တကယ် အထင်ကြီးစရာပဲ”

ဘချင်းယန်က အသက်ပြင်းပြင်း တစ်ချက်ရှူ၍ အေးစက်စက်‌ လေသံဖြင့် ပြောလိုက်သည် “ကျုပ်မိသားစုကို ကျုပ်ဘာသာ ဘယ်လိုသွန်သင်သွန်သင် ကျုပ်ကိစ္စ၊ ခင်ဗျားကိစ္စမဟုတ်ဘူး။ ဒီခွေးကိစ္စကို ကျုပ်ရှင်းပြီးတဲ့အထိ ခဏစောင့်”

ပြောပြီးသည်နှင့် ဝူရီအား ရေခဲတမျှ အေးစက်သည့် အကြည့်ဖြင့် စိုက်ကြည့်၍ ပြောလိုက်သည် “ငါနင့်ကို ရွေးချယ်စရာ နှစ်ခုပေးမယ်။ ပထမတစ်ခု၊ အခုချက်ချင်း ထွက်သွားပြီး မိသားစုဥပဒေအတိုင်း သွားအပြစ်ခံယူ။ ဒုတိယတစ်ခု၊ ငါကိုယ်တိုင် နင့်ကို ဆွဲထုတ်သွားမယ်။ နင့်ဘာသာရွေး”

ဝူရီမျက်နှာ ဖြူလျော်သွားခဲ့သည်။ ယခုကိစ္စသည် ထိုအတိုင်းအတာအထိ ဖြစ်လာလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။

သူမသည် မိန်းကလေး တစ်ယောက် ဖြစ်သော်လည်း ဟိုင်ခဲမိသားစုဝင် လူငယ်များကြားတွင် သူမ၏ ပါရမီသည် အကောင်းဆုံး ဖြစ်သည်။ ထို့ကြောင့် မိသားစုသည် သူမအား မြှေတောင်‌မြှောက်ပေးခဲ့သည်။ မိသားစုမှ အားတက်သရော ပြုစုပျိုးထောင်ပေးနေသဖြင့် ဝူရီလည်း ကြိုးကြိုးစားစား လေ့ကျင့်ခဲ့သည်။ သူမကိုယ်သူမ ယောကျာ်းတစ်ယောက်နှင့် လက်ထပ်ပြီး မိသားစုမှ ထွက်သွားရမည့် မိန်းမတစ်ယောက်ဟု ဘယ်သောအခါမှ မတွေးခဲ့ချေ။

အရိပ်ကြယ်မှ သတ္တုတူးရန် ထွက်သွားသည့် တာဝန်မှာလည်း မိသားစုမှ မည်သည့် ယောကျာ်းမှ မသွားရဲသည့်အတွက်ကြောင့် သူမက သွားခဲ့ရခြင်း ဖြစ်သည်။ ထိုနေရာတွင် တစ်နှစ်ကျော်လောက် သတ္တုတူးနေခဲ့ပြီး နောက်ဆုံးတွင် အကျိုးအမြတ် များစွာဖြင့် အိမ်ဆီသို့ ပြန်လာခဲ့သည်။

ထိုကဲ့သို့ သတ္တုသွားတူးနေစဉ် အတောအတွင်း သူမ သေမလို ဖြစ်ခဲ့ရသည့် အကြိမ်ပေါင်းများစွာ ရှိခဲ့သည်။ သူမနှင့်အတူ ထွက်သွားသည် လူအားလုံးတွင် တစ်ဝက် လောက်သာ ပြန်လာနိုင်ခဲ့သည်။ သို့သော်လည်း အရိပ်ကြယ်သို့ ပြန်ရောက်ချင်းချင်းမှာပဲ သူမတို့ တူးလာသည့် သတ္တုများကို အခြားလူများမှ လုယူသွားခဲ့သည်။

ထိုစဉ်က မိသားစုသည် စကားတစ်ခွန်းပင် ဝင်မပြောရဲခဲ့ချေ။ သူမတို့ကိုလည်း မည်သည့် ဆုလာဒ်မှ မပေးခဲ့ချေ။ ထို့ကြောင့် ယုဖုန်းတို့အား သူမ အိတ်ကပ်ထဲမှ စိုက်၍ ဆုပေးခဲ့ရသည်။

မိသားစုအပေါ် သူမလုပ်ပေးခဲ့သည့် အရာအားလုံးကို ဝူရီ ပြန်စဉ်းစားလိုက်သည်။ ထို့ကြောင့် အကြီးအကဲဘမှ သူမအား ဆက်ဆံသည့် သဘောထားကို ပြန်တွေးကြည့်၏။ သူမ ဒုက္ခရောက်သည်နေကို ဝမ်းသာအားရနေသော ဝမ်းကွဲများ၊ သူမနှင့် သက်တူရွယ်တူ မိသားစုဝင်များ၏ အမူအရာကိုလည်း ကြည့်လိုက်သည်။ ရုတ်တရက် ဝူရီ လုံးဝကို စိတ်ညစ်ဝမ်းနည်းသွားခဲ့ရလေသည်။

ယခုကိစ္စတွင် ဝင်မပါလိုက်သင့်မှန်း သူမသိသည်။ သို့သော် ရန်ကိုင် မတရားခံနေရသည်ကို ထိုင်၍ မကြည့်နိုင် ဖြစ်နေခဲ့သည်။

ရန်ကိုင်အား ဤနေရာသို့ ခေါ်လာပြီး ဤနေရာတွင် နေခိုင်းခဲ့သူမှာ သူမ ဖြစ်သည်။ သူတို့ကြား အဖိုးတန် သဘောတူညီချက် တစ်ခုလည်း ရှိသေးသည်...

ထိုအခိုက်အတန့်တွင်၊ မိသားစုတွင်းရှိ သူမ၏ အဆင့်အတန်းသည် သူမ ထင်ထားသလောက် ခိုင်မာခြင်း မရှိသေးမှန်း ဝူရီ နားလည်လိုက်သည်။ သူမသာ ယောကျာ်း တစ်ယောက် ဖြစ်မည်ဆိုပါက မိသားစုအကြီးအကဲများသည် စကားနည်းနည်းပါးပါး ဝင်ပြောပေးလိမ့်မည် ဖြစ်သည်။

အကြောင်းမှာ သူမသည် ဟိုင်ခဲမိသားစု၏ နေရာကို ဆက်ခံနိုင်သည့် အလားအလာ ရှိနေသောကြောင့် ဖြစ်၏။ သို့သော်လည်း သူမက မိန်းမတစ်ယောက် ဖြစ်နေသည့် အတွက် တစ်နေ့တွင် အခြားမိသားစုမှ တစ်ယောက်နှင့် လက်ထပ်ပြီး ထွက်သွားရပေလိမ့်မည်။ ထို့ကြောင့် မည်သူမှ သူမဘက်မှ ဝင်မပြောပေးချင်ကြချေ။

အကြီးအကဲဘက ထိုကဲ့သို့ ပြောလိုက်သဖြင့် သူမ မည်သည့် ရွေးချယ်မှုကိုလုပ်သည်ဖြစ်စေ၊ မိသားစုဥပဒေ အရ အပြစ်ပေးခြင်း ခံရပေလိမ့်မည်။

ဝူရီ၏ အနာဂတ် မှောင်မိုက်သွဦးခဲ့လေပြီ။

မျက်ရည်စတို့ သူမ၏ မျက်ဝန်းများဆီမှ စီးကျလာ၏။ မှောင်မိုက်သွားသော သူမ၏ အနာဂတ်ကြောင့်မဟုတ်၊ ထိုမျှ သွေးအေးရက်စက်သော လူများအတွက် နှစ်ပေါင်း များစွာကြာအောင် အားထုတ်ကြိုးစားပေးခဲ့သည်ကို တွေးမိလိုက်သည့် အတွက်ကြောင့် ဖြစ်ပေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၁၂၂)

ဝူရီ ကြိတ်ငိုနေသည်ကို မြင်လိုက်သော် ယုဖုန်းလည်း ဒေါသထွက်သွားပြီး အလျင်အမြန်ပဲ သူမဘေးတွင် ဝင်ရပ်လိုက်သည်။ လက်သီးကို တင်းတင်းဆုပ်လျက် ဘချင်းယန်ဟု ခေါ်သော အကြီးအကဲကို စိုက်ကြည့်လိုက်သည်။

“စည်းမရှိလိုက်တာ” ဘချင်းယန် ပို၍ ဒေါသထွက်သွားခဲ့သည်။ ဝူရီသည် သူ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ပြီး သူ့အား ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ခဲ့သဖြင့် သူဒေါသထွက်ခဲ့ရသည်။ သို့သော် ဝူရီသည် မိန်းမတစ်ဦး ဖြစ်သဖြင့် အချိန်တန်လျှင် မိသားစုဆီမှ ထွက်သွားမည် ဖြစ်လေရာ ကိစ္စမရှိချေ။ သို့သော် ယခုမူ သူမ၏ လက်အောက်ငယ်သားများပင် သူ့အား ဆန့်ကျင်လာခဲ့နေလေပြီ။ ဘချင်းယန် မည်ကဲ့သို့ သည်းခံနိုင်တော့မည်နည်း။

“ရီလေး၊ နင့်ရဲ့ အုပ်ချုပ်နိုင်စွမ်းက တကယ်ကို ကောင်းတယ်လို့ ပြောလို့ရမယ်။ နင့်လူတွေက နင့်အတွက်နဲ့ မိသားစုအကြီးအကဲကိုတောင် ဆန့်ကျင်နေပြီ” ဘေးတွင် ရပ်နေသော လူငယ်လေးတစ်ယောက်က ရုတ်တရက် ဝင်ပြောလိုက်သည်။ ထိုလူသည် အသက်သုံးဆယ်လောက် ရှိပြီး သူတော်စင်ဘုရင် ပထမအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည်။ သူ့အဝတ်အစားအရ ဟိုင်ခဲမိသားစု အတွင်းရှိ သူ့အဆင့်အတန်းသည် နိမ့်ကျဟန်မတူ။

ပြောပြီးသည်နှင့် ချက်ချင်းပဲ ခက်ထန်သည့် လေသံဖြင့် “အကြီးအကဲဘကို မြန်မြန် တောင်းပန်လိုက်စမ်း။ သူက ပြောတတ်တဲ့အတိုင်း လုပ်တတ်တဲ့လူမှန်း နင်သိတယ်နော်။ ဆုံးဖြတ်ချက်လေး တစ်ခုကြောင့် နင့်အနာဂတ်ကို မထိခိုက် သွားစေချင်နဲ့နော်”

ထိုလူငယ်လေးသည် ဝူရီကို ကူညီနေသည့် ပုံစံဖြင့် ဝင်ပြောလိုက်သည်။ သို့သော်လည်း သူ့ဝမ်းကွဲမှ ဝင်၍ ပြောဆိုလိုက်သည်နှင့် သူမအတွက် ရွေးချယ်စရာ မရှိတော့မှန်း ဝူရီ သိလိုက်သည်။

အကြီးအကဲဘသည် ပြောသည့်အတိုင်း လုပ်တတ်သည့် လူတစ်ယောက် ဖြစ်သည်။ သူ့ဝမ်းကွဲ၏ စကားလုံးများသည် မီးထဲ လောင်စာ ထည့်ပေးလိုက်သည်နှင့် မခြားချေ။

သူ့ဝမ်းကွဲမှ ထိုကဲ့သို့ ပြောပြီးသည်နှင့် အကြီးအကဲဘက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့၍ ပြောလိုက်သည် “တောင်းပန်ဖို့လား။ နောက်ကျသွားပြီ။ ငါက မိသားစုရဲ့ တိုးတက်မှုကိုပဲ စိတ်ဝင်စားတာ။ လာတောင်းပန်နေလို့ ဘာမှမထူးဘူး။ မိသားစုဆီ ပြန်ရောက်တာနဲ့ မိသားစု ဥပဒေအတိုင်း ကျိန်းသေ အပြစ်ပေးခံရမှာ”

ပြောပြီးသည်နှင့် ယုဖုန်းဘက်သို့လှည့်၍ ထပ်ပြော၏ “မင်းလည်းပါတယ်”

ယုဖုန်းမျက်နှာ ဖြူလျော်သွားပြီး ဝူရီအား မှင်သက်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

အသက်သုံးဆယ် အရွယ်လူကြီး၏ အကြည့်ထဲ ဝမ်းမြောက်ရိပ်တို့ ရုတ်တရက် ဖြတ်ပြေးသွားသည်။ သို့သော် မျက်နှာ အမူအရာ ပျက်ယွင်းသွားစေခြင်း မရှိဘဲ စိုးရိမ်နေသည့် ပုံစံသာ လုပ်ပြနေခဲ့သည်။ လွန်ခဲ့သော နှစ်များအတွင်း ဝူရီ လုပ်ပေးခဲ့သည့် ကိစ္စများကို ထောက်ရှု၍ သူမအား ညှာတာပေးရန် အကြီးအကဲဘကို ဟန်လုပ် တောင်းဆိုနေခဲ့သည်။

သူ့စကားလုံးများသည် အကြီးအကဲဘ၏ ဒေါသကို လျော့ကျသွားစေခြင်း မရှိသည့်အပြင် ပို၍ပင် မီးတောက် သွားစေခဲ့သည်။ ဝူရီသည် သူမ၏ အဆင့်အတန်းကြောင့် တစ်နေ့တစ်ခြား မောက်မာလသည်ဟု ဘချင်းယန် အထင် ရောက်သွားခဲ့သည်။

“ကျွန်မ ဘာမှားတာ လုပ်ခဲ့လို့လဲ” ဝူရီက ရုတ်တရက် မျက်ရည်သုတ်၍ သူမ ဝမ်းကွဲနှင့် ဘချင်းယန်အား ခေါင်းမာမာဖြင့် ကြည့်ကာ နှုတ်ခမ်းကိုက်၍ ပြောလိုက်သည် “ကျွန်မ ဘာမှားတာမှ မလုပ်ဘူး။ ရှင်တို့သာ ခွန်အားသုံးပြီး ကြီးနိုင်ငယ်ညှင်း လုပ်နေတာ”

“ကောင်းတယ်” ဘချင်းယန် ဒေါသထွက်သွားခြင်း မရှိသည့်အပြင် ပြုံးပင်ပြုံးလိုက်ပြီး “ငါ့ကို ဒီလိုတောင် ပြန်ပြောရဲတယ်ဆိုတော့ နင်မြန်မြန် သေချင်နေပြီနဲ့ တူတယ်”

ဝူရီက ခါးသက်စွာပြုံးလျက် “မိသားစုတွေ ဘာတွေ လာလုပ်မနေနဲ့။ ဒီနေ့ကစပြီး ဟိုင်ခဲမိသားစုနဲ့ ကျွန်မ ဘာဆို ဘာမှ မပက်သက်တော့ဘူး။ မိသားစုဥပဒေကိုလည်း ကျွန်မ ခံယူတော့မှာ မဟုတ်ဘူး”

“နင်...” ဝူရီဘက်မှ ထိုကဲ့သို့ ပြန်ပြောလာလိမ့်မည်ဟု ဘချင်းယန် မထင်ထားခဲ့ချေ။ ထိုစကားကို ကြားကြားချင်း ယချင်းယန် ဘာပြန်ပြော၍ ပြောရမှန်းမသိ ဖြစ်ကာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရလေသည်။

ဟိုင်ခဲမိသားစုမှ ကျင့်ကြံသူအားလုံးသည်လည်း ဝူရီအား အံ့အားသင့်တကြီး ကြည့်လိုက်ကြသည်။ ဝူရီဘက်မှ ထိုကဲ့သို့ ပြောလာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြချေ။ ဝူရီသည် ဘယ်ကမှန်းမသိသော လူငယ်လေး တစ်ယောက်အတွက်နဲ့ မိသားစုနှင့် ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်။ ထိုကဲ့သို့ အဖြစ်အပျက်မျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးချေ။

မိသားစုသည်သာ တပည့်များကို မောင်းထုတ်ခြင်း၊ နှင်ထုတ်ခြင်းမျိုး ပြုလုပ်လေ့ ရှိကြပြီး တပည့်များဆီမှ မိသားစုနှင့် ဆက်ဆံရေး ဖြတ်တောက်မည်ဟု ပြောသည်မျိုး တစ်ခါမှ မရှိခဲ့ဖူးချေ။ သူမ၏ လုပ်ရပ်သည် ဟိုင်ခဲမိသားစုကို စော်ကားလိုက်ခြင်း မည်ပေသည်။

ဝူရီ၏ ဝမ်းကွဲဖြစ်သော ဝူကဲ ကြိတ်ပျော်သွားသည်။ ဝူရီသည် မိန်းမတစ်ယောက် ဖြစ်သော်လည်း သူမ၏ အရည်အချင်းသည် သူ့ထက် ပိုသာသည်။ လွန်ခဲ့သော နှစ်များအတွင်း ဝူရီအား သေချာ စောင့်ကြည့်ခဲ့သည်။ ဝူရီသည် မိသားစုကို ပြောင်းလဲချင်နေမှန်း သူသိသည်။ ဝူရီသာ အကြီးအကဲများ၏ ထောက်ခံမှု ရရှိသွားပါက ဟိုင်ခဲမိသားစုခေါင်းဆောင် ဖြစ်လာနိုင်ပေလိမ့်မည်။

ဝူရီသည် မိန်းမတစ်ယောက် ဖြစ်နေသည့်အတွက် မိသားစု အကြီးအကဲများသည် သူမဆီမှ များများစားစား မျှော်လင့်ထားခဲ့ခြင်း မရှိသော်လည်း သတိဆိုသည်မှာ ပိုသည် မရှိချေ။ ထိုလူအိုကြီးများသည် ဝူရီကို ရူးကြောင်၊ မူးကြာင်ဖြင့် မိသားစု၏ ဆက်ဆံသူအဖြစ် သတ်မှတ် လိုက်လေလျှင် သူဘာတတ်နိုင်မည်နည်း။

သို့သော်လည်း ဝူရီသည် အကြီးအကဲ ဘချင်းယန်နှင့် အချင်းများပြီး မိသားစုနှင့် ဆက်ဆံရေး ဖြတ်တောက်ခဲ့၏။ သူ့အတွက်တော့ ထိုအရာသည် တကယ်ကို ကြက်သရေ အဖြာဖြာ ရှိလှသည့် ကိစ္စတစ်ခုပင် ဖြစ်လေသည်။

ကောင်းလိုက်တာ ဝူရီသည် တည်တည်ငြိမ်ငြိမ်ဟန်မျိုး လုပ်နေသော်လည်း စိတ်ထဲတွင်မူ ကုလားဘုရား လှည့်နေသည့်အလား မြူးထူးနေခဲ့သည်။ ထို့အပြင် ရန်ကိုင်ကိုလည်း တစ်ချက် လှမ်းကြည့်လိုက်လေသည်။ ဝူရီသည် ရန်ကိုင်နှင့်များ ချစ်ကြိုက်နေ၍ ထိုကဲသို့ မဆင်မခြင် ဆုံးဖြတ်ချက်ကို ချလိုက်ခြင်းပေလော။ သို့သော် မည်သည့် အကြောင်းကြောင့်ပင် ဖြစ်ပါစေ ဝူကဲ ရန်ကိုင်ကို ကြိတ်၍ ကျေးဇူးတင်နေမိသည်။ သူ့ကြောင့်သာ မဟုတ်ပါက သူ့ဝမ်းကွဲသည် အနာဂတ်တွင် သူ့အတွက် အခက်ခဲဆုံး ပြိုင်ဘက်တစ်ယောက် ဖြစ်လာနိုင်ပေသည်။

“သခင်မလေး...” ယုဖုန်းက ဝူရီအား အလန့်တကြား အော်ခေါ်လိုက်သည်။ ဝူရီ ထိုစကားမျိုး ပြောလိမ့်မည်ဟု သူတ်စခါမှ မထင်ထားခဲ့ချေ။ သို့သော် ချက်ချင်းပဲ ယုဖုန်းသည် ဆုံးဖြတ်ချက် ချပြီးသည့် အမူအရာဖြင့် “သခင်မလေး သွားတဲ့နောက် ကျုပ်ယုဖုန်း လိုက်မယ်”

“ကျေးဇူးပဲ ယုဖုန်း” ဝူရီက ယုဖုန်းအား အားတုံးအားနာ ဖြင့် ကြည့်၍ အားမပါသည့် လေသံဖြင့် ပြောလိုက်သည် “ငါတောင်းပန်ပါတယ်”

သူမကြောင့် ယုဖုန်းတို့ပါ မဆီမဆိုင် ပါသွားရခြင်း ဖြစ်မှန်း ဝူရီသိသည်။ သို့သော် သူမ မည်သို့ပင် ပြောပါစေ ယုဖုန်းသည် မိသားစု ဥပဒေ၏ အပြစ်ပေးခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုသည်ကား ဝူရီနှင့်အတူ မိသားစုထဲမှ ထွက်သွားရန်ပင် ဖြစ်လေသည်။

“သခင်မလေး တောင်းပန်နေစရာ မလိုပါဘူး” ယုဖုန်းက သွားပေါ်အောင်ပြုံး၍ “လွန်ခဲ့တဲ့ ငါးနှစ်တုန်းက သခင်မလေး ကယ်ခဲ့တဲ့ အတွက်ကြောင့်သာ မဟုတ်ရင် ကျုပ်သေသွားလောက်ပြီ။ အဲ့နေကတည်းကစပြီး သခင်မလေးနောက်ပဲ လိုက်တော့မယ်လို့ ကျိန်ဆိုခဲ့တာ”

“ကောင်းတယ်။ ကောင်းတယ်ကွာ။ တကယ်ကို သစ္စာတရားကြီးမားလှတဲ့ သခင်နဲ့ အစေခံအတွဲပါလား” ရှုရှုးရှီက ရုတ်တရက် ပြုံးကာ လက်ခုပ်တီး၍ ဘချင်းယန်ကို ပြောလိုက်သည် “ရေငာ်းရင်းဘ။ မင်းတို့ မိသားစုဆီကနေ ဒီလို ပွဲကောင်းတစ်ခုကို မြင်ခဲ့ရမယ်လို့ မထင်ထားဘူး၊ မင်းသိလား။ ဒီပွဲလေးကြောင့် ငါမွန်းကြပ်နေတာတောင် တော်တော်လေး သက်သာသွားတယ်”

ဟိုင်ခဲမိသားစုဝင် အချင်းချင်း ရန်ဖြစ်နေခြင်းကြောင့် အချိန်ကုန်သွားသည့်အတွက် ရှုရှီရှုန်း ဒေါသထွက်သွားခြင်း မရှိ။ စိတ်ဝင်တစားနှင့်ပင် သူတို့ အချင်းချင်း ရန်ဖြစ် နေသည်ကို ထိုင်ကြည့်နေလိုက်သည်။

ဟိုင်ခဲမိသားစုသည် ရှုမိသားစုနှင့် ခွန်အားချင်း အတူတူလောက်သာ ရှိသည်။ ထိုအင်အားစုနှစ်ခုကြား စီပွားရေး ကိစ္စအချို့လည်း ရှိသလို အချင်းများမှု အချို့လည်း ရှိသည်။ ထို့ကြောင့် ဟိုင်ခဲမိသားစုဝင် အချင်းချင်း ထိုကဲ့သို့ အချင်းများ ရန်ဖြစ်နေသည်အား ကြည့်နေရသည်ကို ရှုရှီရှုန်း ပျော်သည်။ မိသားစုဆီသို့ ပြန်ရောက်ပြီးနောက် သူ့မိတ်ဆွေများကို ပြန်ပြောကာ တဝကြီး ထိုင်ရယ်ရပေလိမ့်မည်။

ရှုရှီရှုန်း၏ လှောင်ပြောင်ထေ့ငေါ့ စကားကြောင့် ဘချင်းယန်၏ မျက်နှာ ရှစ်ခေါက်ချိုး ဖြစ်သွားသည်။ ဝူရီကိုလည်း သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် စိုက်ကြည့် လိုက်လေသည်။

မိသားစုဝင် အချင်းချင်း ပြဿနာ ဖြစ်ခြင်းသည် ကိစ္စကြီး တစ်ခုမဟုတ်ပါချေ။ မိသားစုဆို၍ ဖြစ်လာသည်နှင့် အတွင်းပြဿနာ ရှိသည်မှာ ဓမ္မတာသာ ဖြစ်သည်။ သို့သော် သူတို့၏ အတွင်းရေး ပဋိပက္ခကို အပြင်လူတစ်ဦးမှာ မြင်သွားခြင်းသည် အမှန်တကယ်ကို ရှက်စရာ ကောင်းပေ၏။ လက်ရှိအချိန်၌ ဘချင်းယန်သည် ဒေါသ ထွက်လွန်းသဖြင့် ဝူရီအား မိသားစုဆီသို့ ချက်ချင်း ဆွဲခေါ်သွားပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက် ချင်မိသည်။

“ရောင်းရင်းဘ၊ မင်းတို့ မိသားစုကိစ္စကို မင်းဘာသာ စိတ်ကြိုက်ဆုံးဖြတ်။ အခုလောလောဆယ် ထျန်ကျဲကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့ ဟိုကောင်လေးကို ငါ သတ်ချင်နေပြီကွာ” ပွဲကောင်းတစ်ပွဲကို စောင့်ကြည့် လိုက်ရပြီးနောက် ရှုရှီရှုန်းလည်း သိပ်စိတ်မရှည်ချင် ဖြစ်လာခဲ့လေပြီ။ ရန်ကိုင်အား လက်ညိုးထိုးကာ လှမ်း၍ လှောင်ပြောင် ပြောဆိုလိုက်သည် “သားရဲလေး။ မင်းဘယ်လို ပုန်းရမလဲပဲ သိတာလား။ သောက်ဖြစ်မရှိတဲ့ကောင်။ မိန်းမနောက်မှာ ပုန်းနေဖို့ပဲသိတယ်။ မြန်မြန် ထွက်လာပြီး လာအသေခံစမ်းကွာ ငါစိတ်မရှည်တော့ဘူး”

အစမှအဆုံးထိတိုင် ရန်ကိုင်သည် ရပ်စောင့်၍သာ ကြည့်နေခဲ့သည်။ ဝူရီ ကြိမ်းမောင်းဆူပူ ခံနေရသည့်တိုင်၊ သူမမိသားစုမှ ထွက်သွားသည့်တိုင် တစ်ခွန်းပင် ဝင်မပြောခဲ့။

အကြောင်းမှာ ထိုကိစ္စသည် တစ်ခြားမိသားစု၏ အတွင်းရေး ပြဿနာ ဖြစ်နေသည့် အတွက်ကြောင့်ပင်။ အဓိက တရားခံသည် ရန်ကိုင် ဖြစ်သော်လည်း ရန်ကိုင်က ကြားဝင်ရှေ့မထွက်သဖြင့် အခြေအနေ ပိုဆိုးသွားရ၏။

ဝူရီ ထိုကဲ့သို့ ဆုံးဖြတ်ချက် ချလိုက်ခြင်း၏ တစ်စိတ် တစ်ပိုင်းသည် သူ့ကြောင့် ဖြစ်သော်လည်း အဓိက အကြောင်းအရင်းမှာ မိသားစုဝင်များသည် သူမ‌အပေါ် မည်မျှ သွေးအေးရက်စက်သည်ကို သိလိုက်ရသောကြောင့် ဖြစ်ပေသည်။

မည်သို့ပင် ဖြစ်စေကာမူ သူ့ဘက်မှ ထိုကဲ့သို့ ပြတ်ပြတ် သားသား ရပ်တည်ပေးသော ဝူရီကို အတော်လေး ကျေးဇူး တင်မိပေသည်။

အရိပ်ကြယ်၏ အပြင်လောကကြီးကို မြင်ချင်သည့် ဝူရီ၏ စိတ်ဆန္ဒကို ပြည့်အောင် ဖြည်ဆည်းပေးမည်ဟုလည်း ဆုံးဖြတ်လိုက်သည်။

သူမကဲ့သို့ မိန်းမတစ်ယောက်သည် မိသားစုငယ်လေး တစ်ခုတွင် အချိန်ကုန်မနေသင့်ချေ။

ထိုကဲ့သို့ စဉ်းစားလိုက်ပြီးနောက် ရန်ကိုင်က ရှေ့ထွက်၍ ဝူရီ၏ ပခုံးကို အသာအယာ ပုတ်လိုက်သည်။ ထို့နောက် သူမအား သူ့နောက်သို့ ဆွဲခေါ်လိုက်ပြီး ရှုရှီရှုန်းဘက်သို့ လှည့်၍ လှောင်ပြော်ငလိုက်သည် “ခွေအိုကြီး၊ ခင်ဗျားက တယ်ဟောင်နေတာပဲနော်”

ရှုရှီရှုန်း၏ မျက်လုံးထဲ အေးစက်စက် အလင်းရိပ်တို့ ဖြတ်ပြေးသွားပြီး ခေါင်းညိတ်၍ “ကောင်းတယ်၊ ကောင်းတယ်။ ကောင်းတယ်။ လူငယ်ဆိုတဲ့အတိုင်း တကယ်ကို ရိုင်းစိုင်းတာပဲ။ မင်းလျှာထက်တဲ့အတိုင်း မင်းခွန်အား ထက်ဖို့ ငါမျှော်လင့်တယ်”

ပြောပြီးသည်နှင့် ရှုရှီရှုန်း၏ မျက်လုံးများဆီမှ စိတ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး မြှားတစ်စင်းနှယ် ရန်ကိုင်ခေါင်းဆီ တိုးဝင်သွားခဲ့သည်။

ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုကြောင့် ရှုထျန်ကျဲ အရူးဘဝ ရောက်သွားခဲ့ရသည်။ ထို့ကြောင့် ရန်ကိုင်အား သူ့ဆေးသူ ပြန်မြည်းခိုင်းရပေမည်။ ရန်ကိုင်သည် သူတော်စင်တတိယအဆင့်သာ ရှိသေးသည်ကို မြင်သော် ရှုရှီရှုန်းသည် ရန်ကိုင်အား ဆံ့တငင်ငင်နှင့် နာကျင်ခံစားစေရအောင် သူ့ခွန်အားအကုန်ကို အသုံး မပြုခဲ့ချေ။

ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ ထိုးဖောက်လာသော အေးစက်စက် စိတ်စွမ်းအင်လှိုင်းသည် တေဇောဓါတ်အသိစိတ်ပင်လယ်၏ တစ်မုဟုတ်ချည်း လောင်ကျွမ်းခြင်း ခံလိုက်ရလေရာ ရှုရှီရှုန်း၏ ဝိဥာဉ် ဒဏ်ရာရသွားပြီး သူ့မျက်နှာ ဖြူလျော်သွားခဲ့ရသည်။

“မင်း...” ရှုရှီရှုန်းသည် ရန်ကိုင်အား မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။ ထိုစဉ် သူ့ကောင်းကင်စိတ်အာရုံထက် ပိုအားကောင်းသော စိတ်စွမ်းအင်ကို ခံစားမိသည်။ သူ့ခွန်အား တစ်စိတ်တစ်ပိုင်းကိုသာ အသုံးပြုခဲ့သည့်အတွက် ကံကောင်းသွားခဲ့သည်။ မဟုတ်လျှင် တန်ပြန်ဒဏ်ရာသည် သူ့အသက်ကိုပင် နှုတ်ယူသွားနိုင်ပေသည်။

ရှုရှီရှုန်း၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ရန်ကိုင်အား အလျင်အမြန် ဝေ့၍ ကြည့်လိုက်သည်။ အစောပိုင်းက စိတ်စွမ်းအင်လှိုင်းသည် ရန်ကိုင်ဆီမှ လာသည်ဟု သူမယုံပါချေ။ ရန်ကိုင် ဝတ်ဆင်ထားသည့် ဝိဥာဉ်အမျိုးအစား မှော်ရတနာ တစ်မျိုးမျိုးမှ လာခြင်း ဖြစ်မည်ဟုသာ ယုံကြည်နေသည်။

သို့သော်လည်း အချိန်အတော်ကြာအောင် ရှာခဲ့သည့်တိုင် ဘာကိုမှ ရှာမတွေ့ခဲ့သဖြင့် သူ့စိတ်ထဲ ကြောက်စိတ်တို့ စတင် ထွက်ပေါ်လာခဲ့သည်။

ရှိနေသည့်လူ အကုန်လုံးထဲတွင် ဘချင်းယန် ဆိုသော လူအိုကြီး တစ်ယောက်သည်နှင့် သူနှင့်အဆင့်တူ ဖြစ်သည်။ အခြားသူများ၏ ကျင့်ကြံခြင်းမှာ သိပ်မြင့်မားခြင်း မရှိဘဲ အများစုသည် သူတော်စင်များသာ ဖြစ်ကြပြီး လက်တစ်ဆုပ် စာလောက်သာ သူတော်စင်ဘုရင် ပထမအဆင့်၊ ဒုတိယ အဆင့်များ ဖြစ်ကြသည်။ ထို့ကြောင့် မည်သည့် အရာများ ဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကို မသိကြဘဲ ရှုရှီရှုန်း လှုပ်ရှား လိုက်သည်ကိုသာ မြင်တွေ့လိုက်ကြသည်။ အကုန်လုံး ရန်ကိုင် မည်ကဲ့သို့ ဆိုးရွားသော ကံကြမ္မာဆိုးကို ရင်ဆိုင် ရမလဲ ဆိုသည်ကို မြင်တွေ့ချင်နေကြသည်။

သို့သော်လည်း လက်ရှိတွင် ရန်ကိုင်သည် ယခင်ကဲ့သို့ အကောင်းအတိုင်း ရှိနေသေးပြီး ရှုရှီရှုန်း၏ မျက်နှာမှာမူ ဖြူလျော်သွားခဲ့လေရာ အကုန်လုံး နားမလည်နိုင် ဖြစ်သွားခဲ့ကြရလေသည်။

ဘချင်းယန် တစ်ယောက်သည်သာ တစ်ခုခု ထူးခြားသွားသည်ကို သတိပြုမိလိုက်ပြီး ရန်ကိုင်အား သေချာ အာရုံစိုက်လိုက်သည်။ သို့သော်လည်း မကြာမီ ခေါင်းတရမ်းရမ်းဖြင့် ရန်ကိုင်၏ သနားစဖွယ်မျှသော ခွန်အားဖြင့် ရှုရှီရှုန်း၏ လုံးဝ ထိခိုက်အောင် လုပ်နိုင်လိမ့်မည် ဟူ၍သာ တွေးလိုက်သည်။

သို့သော်လည်း ရှုရှီရှုန်း၏ ဝိဥာဉ် အရှိန်အဝါသည် လုံးဝကို အားနည်းသွားခဲ့သည်။ သူဟန်ဆောင်နေဟန် မတူလေရာ ဘချင်းယန်လည်း ဘာတွေများ ဖြစ်ပျက် သွားခဲ့သလဲ အတွေးများမိသွားသည်။

“ခွေးအိုကြီး၊ ခင်ဗျား ဒီအတိုင်းပဲ ငြိမ်နေတော့မှာလား။ ခင်းဗျားက မစမှတော့ ကျုပ်ကပဲ အရင်စရတာပေါ့” ရန်ကိုင်က ရှုရှီရှုန်းကို ပြုံးဖြဲပြလိုက်သည်။ သူတော်စင် တတိယအဆင့်သို့ ချိုးဖျက်စဉ်က သူတော်စင်ဘုရင် ဒုတိယ အဆင့်ကို သတ်နိုင်ခဲ့သည်။ ယခု သူ့ကိုယ်ထဲတွင် အသစ်စက်စက် ဖြစ်ပေါ်လာသော အသန့်စင်ဆုံးသော ရွှေရောင်သွေးစက် အစက်တစ်ရာ ရှိနေခဲ့သည်။ ထို့ကြောင့် သူ့အသက်စွမ်းအင်သည် ယခင်ကထက် ပို၍ အားကောင်း နေခဲ့လေပြီ။ သူတော်စင်ဘုရင် ဒုတိယအဆင့်များသည် သူ့ပြိုင်ဘက်မဟုတ်။ တန်ခိုးရှင်အဆင့် ဆိုလျှင်လည်း သူနှင့် အဆင့်အရမ်းကြီး ကွာခြားလွန်းနေသည်။ သူတော်စင်ဘုရင် တတိယအဆင့်သာ သူနှင့် တိုက်ခိုက်ရန်အတွက် အ‌ကောင်းဆုံး ပြိုင်ဘက် ဖြစ်လေသည်။ သူ့ခွန်အား အကန့်အသတ်ကို မည်ကဲ့သို့ စမ်းသပ်ရမလဲ ကြံနေစဉ် သူတော်စင်ဘုရင် တတိယအဆင့် တစ်ယောက်သည် သူ့ရှေ့သို့ အလိုလို ရောက်လာလိမ့်မည်ဟု မည်သူ ထင်ထားခဲ့မည်လည်း။ ရှုရှီရှုန်း၏ ရောက်လာမှုသည် ရန်ကိုင့်အကြိုက် ဖြစ်သွားခဲ့သည်။

အချိန်ဆက်မဖြုန်းတော့ဘဲ ရန်ကိုင်သည် နတ်ဆိုး မီးတောက် ဓါးတစ်ချောင်းကို ဖန်တီးလိုက်သည်။

ထိုဓါး ထွက်ပေါ်လာသည်နှင့် ဟိုင်ခဲမိသားစုနှင့် ရှုမိသားစုဝင်အားလုံး သွေးပျက်သွားကြသည်။ အားအကောင်းဆုံး ပညာရှင်များ ဖြစ်ကြသော ဘချင်းယန်နှင့် ရှုရှီရှုန်းတို့ပင် လေးနက်တည်ကြည် သွားကြရလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၁၂၃) သံပြားကိုသွားကန်ခြင်း

ရှိနေသည့်လူ အကုန်လုံး ထိုနတ်ဆိုးမီးတောက် မည်မျှ ထူးခြားကြောက်မက်ဖွယ် ကောင်းသည်ကို ခံစားမိကြသည်။ မည်သူမှ ထိုကဲ့သို့ ထူးဆန်းသော စွမ်းအားမျိုးကို မကြုံဖူးကြချေ။ ထိုနတ်ဆိုးပေါ်လာရုံဖြင့် ကိုယ်တိုင် တိုက်ခိုက်ခံလိုက်ရသည့်အလား အကုန်လုံး မသက်မသာ ဖြစ်သွားကြသည်။ ထိုနတ်ဆိုးမီးတောက်နှင့်သာ လောင်ကျွမ်းခံလိုက်ရပါက မည်ကဲ့သို့ ဖြစ်သွားမလဲ ဆိုသည်ကို မည်သူမှ မပြောနိုင်ကြချေ။

တစ်ခဏတာဝယ် အကုန်လုံး ကြောက်လန့်၊ သွေးပျက် သွားခဲ့ကြလေသည်။

ဘချင်းယန်သည် ဟိုင်ခဲမိသားစုဝင်များကို နောက်ဆုတ်နေရန် မျက်လုံးဖြင့် တိတ်တဆိတ် အချက် ပြလိုက်သည်။ ရန်ကိုင်နှင့် ပက်သက်၍ တစ်ခုခု ထူးခြားနေမှန်းကို နောက်ဆုံးတွင် သူသတိပြုမိခဲ့လေပြီ။ သူ့တွင် ဝှက်ဖဲတစ်ခုခု မရှိပါက သူတော်စင်ဘုရင် တတိယအဆင့် ဖြစ်သော ရှုရှီရှုန်း၏ ရှေ့မှောက်၍ သူတော်စင် တတိယအဆင့်လေးဖြင့် မောက်မာတကြီး ပြုမူရဲမည်နည်း။

သို့သော်လည်း ထိုလူငယ်လေးတွင် မည်သည့်ဝှက်ဖဲ ရှိနေပါစေ ဘချင်းယန်အနေဖြင့် ဤအရှုပ်အယှတ်တွင် လုံးဝ ဝင်မပါချင်ချေ။ ရှုမိသားစုနှင့် ရန်ကိုင်ကြားမှ ရန်ငြိုးသည် သူတို့နှင့် ဘာမှမဆိုင်ချေ။ ထို့ကြောင့် ဘေးမှ နေ၍သာ ပျော်ပျော်ကြီး ထိုင်ကြည့်ပေမည်။ သူစိတ်ထဲ တွေးနေသည်ကား ဝူရီကိစ္စကို မည်ကဲ့သို့ ကိုင်တွယ်ရမလဲ ဆိုသည်ကိုပင်။

မိသားစုဆီမှ ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် ထွက်သွားရဲခြင်းသည် မိသားစုကို မလေးမစား လုပ်လိုက်ခြင်း သဘောရောက်လေရာ ထိုလူမျိုးကို မိသားစုမှ အလွယ်တကူ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။

ယန်ယန်သည် ရန်ကိုင်၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ဖူးပေသည်။ သို့သော် ရှုရှီရှုန်းကို သူကိုင်တွယ်နိုင်၊ မကိုင်တွယ်နိုင် ဆိုသည်ကိုမူ သူမ မသိပါချေ။ ထို့ကြောင့် ဝူရီနှင့် ယုဖုန်းတို့အား တိုက်ပွဲထဲ ဝင်မပါသွားစေရန် အလို့ငှာ သူမဘေးသို့ အလျင်အမြန် ဆွဲခေါ်လိုက်သည်။

အကုန်လုံး ပြန်ဆုတ်သွားသည်ကို မြင်ပြီးနောက် ရှုမိသားစုဝင်များလည်း နောက်ပြန်ဆုတ်လိုက်ကြသည်။

မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်နှင့် ရှုရှီရှုန်းတို့သာ ရှိတော့လေသည်။

“ခွေးအိုကြီး။ အခြားသူက ကျုပ်ကို လာရန်မစရင် ကျုပ်ကလည်း ဘယ်တော့မှ သွားရန်စမဘူး။ ဒါပေမယ့် ကျုပ်ကို လာရန်စရင်တော့ သေပြီသာမှတ်။ ခင်ဗျားက ဒီကို လာရဲမှတော့ ပြန်ထွက်သွားဖို့ မစဉ်းစားနဲ့တော့” ရန်ကိုင်သည် ပေါင်းသင်းဆက်ဆံရခက်သည့် လူတစ်ယောက် မဟုတ်ပါချေ။ ယနေ့တွင် ထိုခွေးအိုကြီးကို သင်ခန်းစာကောင်းကောင်း ပေးရမည်ဟု စိတ်ပိုင်းဖြတ် ထားပြီးလေပြီ။

ဟိုင်ခဲမိသားစုကိုဖြစ်စေ၊ ရှုမိသားစုကိုဖြစ်စေ၊ ရန်ကိုင် သောက်ဂရုမစိုက်ပါချေ။ ထိုမိသားစု မိသားစုနှစ်ခုတွင် တန်ခိုးရှင်အဆင့် တစ်ယောက်ပင် မရှိချေ။ ထို့ကြောင့် သူတို့ အနေဖြင့် သူ့အား ဘာမှလုပ်နိုင်မည် မဟုတ်မှန်း ရန်ကိုင် သိသည်။ တန်ခိုးရှင်အဆင့် ပညာရှင်တစ်ယောက် ကိုယ်တိုင် ရောက်လာလျှင် ရန်ကိုင် ထွက်ပြေးနိုင်ပေသေးသည်။

ထို့ကြောင့် မည်သူ့ကိုမှ သူမကြောက်ချေ။

“မောက်မာလိုက်တဲ့ ကောင်စုတ်လေး” ရှုရှီရှုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့မျက်နှာအိုကြီးသည် အစောပိုင်းမှ တန်ပြန်တိုက်ခိုက်မှုကြောင့် ဖြူလျော်နေဆဲ။ သူ့ဝိဥာဉ် ဒဏ်ရာရသွားပြီးနောက် ရန်ကိုင်များ အားကောင်းသော ဝိဥာဉ် မှော်ရတနာတစ်မျိုးမျိုးကို ဝတ်ဆင်ထားသလားဟု ထင်၍ ရန်ကိုင် တစ်ကိုယ်လုံးအား သေချာ စူးစမ်းလေ့လာကြည့်သည်။ သို့သော် မည်သည့် ဝိဥာဉ်မှော်ရတနာကိုမှ ရှာမတွေ့ခဲ့သဖြင့် သူ့စိတ်ထဲ အတော်လေး ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်အား စတင်၍ အလေးထားလာခဲ့ရသည်။ မာန်သွင်းအော်လိုက်ပြီးနောက် လက်ကိုမြှောက်လိုက်ရင် မမြင်နိုင်လောက်အောင် သေးငယ်လှသော အနက်ရောင်မျဉ်းကြောင်းလေး တစ်ကြောင်း ရန်ကိုင်ဆီသို့ တိုးဝင်သွားခဲ့လေသည်။

သူသည် ထိုလျှို့ဝှက်လက်နက်ဖြင့် သူတော်စင်ဘုရင် ဒုတိယအဆင့် ဖြစ်သော ချိုးယွင်ကို သတ်ခဲ့ခြင်း ဖြစ်သည်။ သူ့ဝှက်ဖဲအကြောင်း သိထားသော ဘချင်းယန်မှလွဲ၍ မည်သူမှ ထိုအချက်ကို သတိမပြုမိခဲ့ချေ။ အကုန်လုံးသည် ရှုရှီရှုန်း၏ သိပ်သည်းထားသော သူတော်စင်ချီ ဖြစ်သည် ဟူ၍သာ ထင်နေခဲ့ကြသည်။ သို့သော်လည်း ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် အလွန်တရာကိုမှ အားကောင်း လှသဖြင့် ထိုထူးဆန်းသော မှော်ရတနာကို အစကတည်းက သတိထားနေခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုမှော်ရတနာ ပေါ်လာသည်နှင့် ချက်ချင်းပဲ သူ့ဓါးဖြင့် တားလိုက်သည်။

အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သည် နတ်ဆိုး မီးတောက်သည် ရန်ကိုင် ခွန်အား၏ အဓိကအုတ်မြစ် ဖြစ်သည်။ ထို့ကြောင့် ထိုပါးပါလျသော တန်ခိုးရှင်အဆင့် မှော်ရတနာ ဖြစ်လျှင်ပင် နတ်ဆိုးမီးတောက်ဖြင့် လောင်ကျွမ်းပစ်ခြင်း ခံရလိမ့်မည်ဟု ရန်ကိုင် ယုံကြည် နေခဲ့သည်။

နတ်ဆိုးမီးတောက်ဓါးနှင့် ပါးလျသော ချည်မျှင် မှော်ရတနာတို့ ထိတွေ့သွားသည့်အခိုက် ချွင်ဆိုသော အသံနှင့်အတူ မီးပွားအချို့ စင်ထွက်လာခဲ့သည်။ တစ်ချိန်တည်းတွင် ထိုပါးလျသော ချည်မျှင်ပုံစံမှ အအေးလှိုင်းတို့ ပေါက်ကွဲထွက်လာပြီး ရန်ကိုင်ဆီသို့ အဘက်ဘက်မှ တိုးဝင်လာခဲ့လေသည်။

ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့သည်။ ထိုအနက်ရောင် အမျှင်တန်းလေးကို သူ့ကောင်းကင်စိတ်အာရုံဖြင့် သေချာ အာရုံစိုက် လေ့လာကြည့်လိုက်သည်။ ထိုအရာလေးသည် သူထင်ထားသည်နှင့် သိပ်မတူချေ။ နတ်ဆိုးမီးတောက်သည် ထိုအမျှင်တန်းလေးကို နည်းနည်းလေးပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။

ရှုရှီရှုန်း၏ နှုတ်ခမ်း ကွေးတက်သွားခဲ့ပြီး ယုံကြည်ချက် အပြည့်ဖြင့် အော်ပြောလိုက်သည် “သေလိုက်တော့”

သူ့အသံ ပျောက်ကွယ်သွားသည်နှင့် အနက်ရောင် အမျှင်တန်းသည် ရုတ်တရက်ဆိုသလို ပိုက်ကွန်ကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ရန်ကိုင်ကို အုပ်မိုးသွားလေ၏။

ရန်ကိုင်လည်း အလျင်အမြန် ရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်းတွင် လောကကြီးတစ်ခုလုံးကို ဖုံးအုပ်မတတ် ကြီးမားလှသော ကောင်းကင်ဖုံးလက်ဝါးကို ထုတ်ဖော်လိုက်သည်။ တိုက်ပွဲကို စောင့်ကြည့်နေသူ အားလုံး ကောင်းကင်ကြီးတစ်ခုလုံး မဲမှောင်သွားသလို ခံစားလိုက်ရသည်။

ပြင်းထန်သော စွမ်းအင်လှိုင်းတို့ ပေါက်ကွဲထွက်လာပြီး အနက်ရောင်ပိုက်ကွန်လည်း တစ်စစီ ဖြစ်သွားခဲ့ရသည်။ ရှုရှီရှုန်း၏ ခန္ဓာကိုယ် တစ်ချက် တုန်တက်သွားခဲ့ပြီး ရန်ကိုင်ကို မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်သည်။ သူ၏ အသေသတ် တိုက်ကွက်သည် ထိုမျှ အလွယ်တကူ ပျက်စီးသွားခဲ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သူ့ဝိဥာဉ်ကိုပင် ဒဏ်ရာရအောင် လုပ်ဆောင်နိုင်သော ရန်ကိုင်၏ စွမ်းရည်ကြောင့် ရှုရှီရှုန်းသည် တိုက်ပွဲစသည့် အချိန်မှစ၍ စွမ်းအားအပြည့် ထုတ်သုံးခဲ့သည်။ ရန်ကိုင်ကို မြန်မြန် သတ်ပြီး ရှုမိသားစု၏ မျက်နှာကို ပြန်အဖတ် ဆယ်ရပေမည်။ သို့သော်လည်း သူ့ကြိုးစားအားထုတ်မှုသည် သဲထဲရေသွန်သာ ဖြစ်ခဲ့ရသည်။

ထိုသူတော်စင် တတိယအဆင့်လေးသည် အလွန်ကိုမှ အမြင်ထက်ရှပြီး သူ၏ လက်နက်ပုန်းကို အစတကည်းက ကြိုမြင်ခဲ့သည်။ ထို့အပြင် သူ၏ သူတော်စင်ချီသည် သူ့တော်စင်ချီကဲ့သို့ ဖျက်အားပြင်းပေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် သူ့နက်နက်ပုန်းဖြစ်သော မရဏဝိဥာဉ်ရိပ် ပိုးချည်ကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

မရဏဝိဥာဉ်ရိပ်ကို တားဆီးနိုင်သော နည်းလမ်းသည် အတော်လေးကို ရိုးရှင်းပေသည်။ သို့သော် ထိုသို့လုပ်နိုင်ရန် အတွက် အံ့မခန်းစွမ်အားကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။

သူနှင့် အဆင့်တူသော ဘချင်းယန်ကဲ့သို့ ကျင့်ကြံသူ တစ်ယောက်မှ သူ့တိုက်ကွက်ကို တားဆီးနိုင်ခဲ့လျှင် ရှုရှီရှုန်း လက်ခံနိုင်သေးသည်။ သို့သော်လည်း ယခု သူ့တိုက်ကွက်ကို တားဆီးသွားသည့်လူမှာ သူတော်စင်တတိယအဆင့်သာ ရှိသေးသည် နို့နှံ့ပင် မစင်သေးသော လူငယ်လေး တစ်ယောက် ဖြစ်နေခဲ့သည်။

ထိုလူငယ်လေးသည် သူနှင့်ပင် လက်ရည်တူ ယှဉ်၍ တိုက်ခိုက်နိုင်သည်လား။ ရှုရှီုရှုန်း အလန့်တကြား ထအော်လုမတတ် ဖြစ်သွဦးခဲ့သည်။ အစောပိုင်းက သူ့ဝိဥာဉ် ဒဏ်ရာရသွားခဲ့ခြင်းသည် ရန်ကိုင်မှ ဝတ်ဆင်ထားသော ဝိဥာဉ် မှော်ရတနာတစ်ခုခုကြောင့် ဖြစ်သည်ဟု သံသယ ရှိနေခြင်း ဖြစ်သည်။ ယခုမူ ထိုကဲ့သို့ မတွေးရဲတော့ချေ။

ထိုလူငယ်လေး၏ ခွန်အားသည် သူ့အောက် မကျသည့် ပုံပင်။

ထိုလူငယ်လေးနှင့် ပက်သက်၍ တစ်ခုခု လုံးဝကို မှားယွင်းနေပေသည်။ သူ့အား စော်ကြား ရန်စသည့် စကားများ ပြောရဲသည်မှားလည်း အထူးအဆန်း မဟုတ်တော့။ လတ်စသတ်တော့ ထိုကောင်လေးသည် ကျားသားစားချင်၍ ဝက်ယောင်ဆောင်နေသည့်သူ ဖြစ်နေသကိုး။

ချိုးယွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး ရန်ကိုင်ကို တိုက်ခိုက်ခိုင်းသည့် အချိန်တွင် ထွက်ပြေးသွားခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပါချေ။ ကြည့်ရသည်မှာ ချိုးယွင်၏ ဒဏ်ရာရသည် ထိုလူငယ်လေးကြောင့် ရခဲ့ခြင်း ဖြစ်ရမည်။ သို့သော်လည်း ချိုးယွင်သည် ပြောလိုက်သည် ပို၍ အပြစ် ပေးခံရမည် စိုးသည့်အတွက်ကြောင့် ထိုအကြောင်းကို မပြောဘဲ ဖုံးကွယ်ထားခဲ့သည်။

သူတော်စင် တတိယအဆင့်လေးဖြင့် သူတော်စင်ဘုရင် ဒုတိယအဆင့် တစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာ ရအောင် လုပ်နိုင်သည့်အပြင် ကြောက်စိတ်ပါ ရိုက်သွင်း ပေးလိုက်သည်ကို ကြည့်လျှင် ထိုလူငယ်လေး မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သတိပြုမိနိုင်ပေသည်။

ထိုကဲ့သို့ စဉ်းစားမိသော် ရှုရှီရှုန်လည်း ရန်ကိုင်ကို လုံးဝ အထင်မသေးရဲတော့ဘဲ သူ့အမူအရာသည်လည်း ပို၍ လေးနက်တည်ကြည်သွားခဲ့ရသည်။ တိမ်ဖုံးလက်ကြောင့် တားဆီးခြင်း ခံလိုက်ရသော အနက်ရောင်အမျှင်လေးသည် သူ့လက်ထဲသို့ ပြန်ရောက်နေခဲ့လေပြီ။ ရှုရှီရှုန်းသည် ဆေးလုံး တစ်လုံး ထုတ်သောက်လိုက်သည်။

ထိုအခြင်းအရာကို မြင်ပြီးနောက် စောင့်ကြည့်နေသူ အားလုံး ကြောင်အမ်းအမ်း ဖြစ်ကုန်ကြလေသည်။

ဟိုင်ခဲမိသားစုဝင်ဖြစ်စေ၊ ရှုမိသားစုဝင်ဖြစ်စေ၊ အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်နေကြလေသည်။

ရှုရှီရှုန်း ကိုယ်တိုင် လှုပ်ရှားလျှင် ရန်ကိုင် ချက်ချင်း သတ်ခံရလျှင် သတ်ခံရ၊ မဟုတ်လျှင် အဖမ်းခံရလိမ့်မည်ဟု အကုန်လုံး ထင်နေခဲ့ကြခြင်း ဖြစ်သည်။ ထိုလူငယ်လေးသည် အရှက်မရှိ ကြွားဝါပြောဆိုခဲ့ရဲလေရာ ရှုမိသားစုဝင် အားလုံးသည် ရန်ကိုင် ခွေးဘဝရောက်ရမည့် အဖြစ်မျိုးကို အလွန်ကိုမှ မြင်ချင်နေကြသည်။

သို့သော်လည်း တစ်ကြိမ် လက်ရည်စမ်းတိုက်ခိုက် ကြည့်ပြီးနောက် ရန်ကိုင်သည် ထူးမခြားနားဟန်ဖြင့်သာ ရှိနေသေးသော်လည်း ရှုရှီရှုန်းက ဆေးတစ်လုံး ထုတ်၍ သောက်ရလိမ့်မည်ဟု မည်သူ ထင်မည်နည်း။

မျက်လုံးသာ ကန်းမနေသရွေ့ အခြေအနေသည် သူတို့ ထင်ထားသည်နှင့် တလွဲဖြစ်နေပြီမှန်း သိနိုင်ကြပေလိမ့်မည်။

“အကြီးအကဲဘ... ဘာ... ဘာတွေ ဖြစ်နေတာလဲ” ဝူရီ၏ ဝမ်းကွဲဖြစ်သော ဝူကဲက ဘချင်းယန်က တုန့်ဆိုင်း၊ တုန့်ဆိုင်းဖြင့် မေးလိုက်သည်။

ထိုမေးခွန်းကို ကြားလိုက်သည့်အခါ အကုန်လုံး၏ အကြည့်သည် ဘချင်းယန်ဆီသို့ ရောက်လာခဲ့လေသည်။ သူတို့သည်လည်း ထိုအဖြေကို သိချင်နေကြသည်။

“ဘာတွေဖြစ်နေတာလဲ ဟုတ်လား” ဘချင်းယန်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည် “ဘာဖြစ်နေတာလဲ ဆိုတော့ ဒီတစ်ကြိမ် ရှုမိသားစု သံပြားကို သွားကန်မိပြီလို့သာ မှတ်ထားလိုက်”

“အာ” မြန်ဆန်စွာ ပြောင်းလဲနေသော အခြေအနေကို သူ့ဦးနှောက် အမှီမလိုက်နိုင် ဖြစ်နေသဖြင့် ဘချင်းယန်က ဘာကိုပြောချင်နေမှန်း ဝူကဲ နားမလည်သေးနိုင် ဖြစ်နေခဲ့၏။ ရန်ကိုင်အား စိတ်ရှုပ်ထွေးစွာ လှမ်းကြည့်၍ မေးလိုက်သည် “အကြီးအကဲဘ၊ အဲ့ကောင်က သူတော်စင်တတိယအဆင့်ပဲ ရှိသေးတာလေ။ နည်းနည်းပါးပါးလောက် ပြန်တိုက်နိုင်တယ် ဆိုရင်တောင်မှ နောက်ဆုံးကျရင် ရှုံးသွားမှာပဲမလား။ သူတို့ ကျင့်ကြံခြင်းက အရမ်း ကွာခြားလွန်းနေတယ်လေ”

ဝူကဲ စကားလုံးများသည် ဘချင်းယန်ကို ပြောနေခြင်းထက် သူ့ကိုယ်သူ နှစ်သိမ့်ပေးခြင်းနှင့် ပိုတူနေ၏။ ဝူရီသည် ထိုလူငယ်လေးအတွက် မိသားစုမှ ထွက်သွားခဲ့သည်။ ထို့ကြောင့် ထိုလူငယ်လေးသာ သေသွားလျှင် ဝူရီလည်း ဒုက္ခ ရောက်ရပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင် အသက်ရှင်မည်ကို ဝူကဲ မလိုလားချေ။

“ဘယ်သူသိမှာလဲ” ဘချင်းယန်က မရေမရာ ပြန်ပြောလိုက်သည်။ ယခုလက်ရှိတွင် သူ့အာရုံ အလုံးစုံသည် ရှုရှီရှုန်းပေါ်တွင် ရှိမနေတော့ဘဲ ရန်ကိုင် ပေါ်တွင်သာ ရှိနေခဲ့လေပြီ။ အစပိုင်းတွင် ထိုလူငယ်လေးကို လုံးဝ အာရုံမစိုက်ခဲ့သော်လည်း ယခုမူ အာရုံမစိုက်၍ မရတော့ ဖြစ်နေခဲ့လေပြီ။

ထိုကောင်လေးကို ဝူရီ ဘယ်က သွားရှာလာခဲ့သနည်း။

မိသားစုနှစ်ခုမှ ကျင့်ကြံသူများ သူတို့မျက်လုံးသူတို့ မယုံကြည်နိုင် ဖြစ်နေချိန် ဝူရီနှင့် ယုဖုန်းသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်နေခဲ့သည်။

ရန်ကိုင် ဘယ်ကရောက်လာလဲ ဆိုသည်ကို အားလုံးထက် သူတို့ပို၍ ရှင်းရှင်းလင်းလင်း သိထားသည်။ ထိုစဉ်က သွေးနီရောင်သလင်းကျောက်ထဲ ပိတ်မိနေသော ရန်ကိုင်ကို ကြယ်သင်္ဘောပေါ်သို့ ပြန်ခေါ်လာခဲ့သူမှာ ယုဖုန်း ဖြစ်ပေသည်။ ကြယ်သင်္ဘောပေါ်တွင် ရှိနေသည့် တစ်လျှောက်လုံး အကုန်လုံးသည် ရန်ကိုင်အား သူတော်စင် တတိယအဆင့်သာ ရှိသေးသော လူငယ်လေး တစ်ယောက် အဖြစ်သာ သတ်မှတ်ထားခဲ့ကြသည်။ ဝူရီ အနေဖြင့် ရန်ကိုင်အား နဂါးလိုဏ်ဂူတောင်အား ပေးလိုက်ခြင်းမှာ ရန်ကိုင်သည် အပြင်လောကကြီးနှင့် ရင်းနှီးသည့်အတွက် နောက်ပိုင်းတွင် သူ့ဆီမှ အကူအညီ တောင်းလိုသောကြောင့် ဖြစ်ပေသည်။

သို့သော် ရန်ကိုင်၏ ခွန်အားသည် ထိုအဆင့်တွင် ရှိနေလိမ့်မည်ဟုတော့ မည်သူမှ မထင်ထားခဲ့ချေ။

ယန်ယန်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည် “စိတ်ပူမနေနဲ့။ ရန်ကိုင် ရှုံးမှာမဟုတ်ဘူး။ ဟိုတစ်ကြိမ်တုန်းက သူတော်စင်ဘုရင် ပထမအဆင့် သုံးယောက်ကို အလွယ်လေး သတ်သွားတာ။ ချိုးယွင်ဆိုတဲ့ လူတောင် သူ့ကြောင့် ထွက်ပြေးသွားခဲ့တာ။ အဲ့လူအိုကြီးက ချိုးယွင်ထက် ပိုသန်မာတယ်ဆိုပေမယ့် ရန်ကိုင်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး”

“ဘယ်လို ဘယ်လိုလ” ဝူရီ သူမပါးစပ်ကို လက်ဖြင့် အလန့်တကြား ဖုံးအုပ်၍ “သူ... သူ... သူက သူတော်စင် ဘုရင် သုံးယောက်ကို သတ်ခဲ့တာလား”

ယန်ယန်က ကူကယ်ရာမဲ့စွာဖြင့် ပြုံး၍ “ငါ့ရှေ့မှာတင် သတ်ခဲ့တာ။ ငါ့မှာ ကြောက်လွန်းလို့ သတိလစ်သွားတာ သုံးရက်ကြာမှ ပြန်နိုးလာခဲ့တယ်လေ”

ဤသို့ဖြင့် ယန်ယန်က ထိုစဉ်က တိုက်ပွဲအကြောင်းကို ရွှန်းရွှန်းစိုအောင် ရှင်းပြလေသည်။ သူမ၏ အလွန်ကိုမှ စိတ်အားထက်သန်နေသည့် အမူအရာကြောင့် ထိုစဉ်က သူမ သုံးရက်တိုင်တိုင် သတိလစ်သွားတာများ ဟုတ်မှဟုတ်ပါလေစ တွေးမိကောင်း တွေးမိသွားနိုင်၏။ ဝူရီနှင့် ယုဖုန်းသည် ယန်ယန် ရှင်းပြနေသည်ကို သေချာ နားစိုက်ထောင်နေပြီး ထိုသို့ နားထောင်နေရင်း သူတို့စိတ်ထဲ ပို၍ ထိတ်လန့်လာနေခဲ့ရသည်။

“ဂျူနီယာ၊ ငါမင်းကို လုံးဝကြီး အထင်သေးမိခဲ့မှန်း ငါဝန်ခံတယ်။ ဒါပေမယ့် ဘာဖြစ်လဲ။ ဒီနေ့ မင်းသေကို သေရလိမ့်မယ်” ဆေးတစ်လုံး သောက်ပြီးတော့မှသာ သူ့ဝိဥာဉ်ဆီမှ ခံစားနေရသည့် နာကျင်မှု သက်သာသွား၏။ သူ့ဝိဥာဉ်ဒဏ်ရာကို ချက်ချင်း ပျောက်ကင်းသွားအောင် မလုပ်နိုင်သေးသော်လည်း ယာယီ ဖိနှိပ်ထားနိုင်လိုက်သည်။ ထို့ကြောင့် ယခု သူ့ခွန်အား အပြည့်ကို ထုတ်သုံးနိုင်လေပြီ။

“အဲ့ကြိုးမျှင်လေးက မှော်ရတနာ မဟုတ်ဘူးလား” ရှုရှီရှုန်း၏ အသေသတ် တိုက်ကွက်ကို ဖျက်စီးပြီးနောက် ရန်ကိုင်သည် ချက်ချင်း ပြန်မတိုက်ခိုက်သေးဘဲ လူအိုကြီး ကိုသာ သေချာ စိုက်ကြည့်နေခဲ့သည်။ ထိုကြိုးမျှင်သည် မှော်ရတနာတစ်ခု မဟုတ်သူ သူခံစားနေရသည်။ မဟုတ်လျှင် နတ်ဆိုးမီးတောက်ကြောင့် ဘာမှ မဖြစ်ဘဲ နေလိမ့်မည် မဟုတ်ချေ။ အ‌စောပိုင်း ထိပ်တိုက်တွေ့ဆုံမှုမှ ထိုအနက်ရောင် ကြိုးမျှင်လေးသည် စိတ်စွမ်းအင်ကို ပုံဖော်ထားသည်နှင့် ဆင်တူသည်ကို တွေ့ရှိခဲ့ရသည်။ တစ်နည်းဆိုရသော် ထိုအနက်ရောင်ကြိုးမျှင်လေးသည် ရုပ်ခန္ဓာကို ထိခိုက်အောင် လုပ်နိုင်သည့် ကောင်းကင် စိတ်အာရုံ တိုက်ခိုက်မှု တစ်မျိုးနှင့် တူပေသည်။

ရုတ်တရက် ထိုကြိုးမျှင်ကို သူစိတ်ဝင်စားသွားသည် “ရတနာကောင်းပဲ။ ကျုပ်လိုချင်သွားပြီ”

“ဟွန့်၊ လေလုံးထွားချက်က လန်ပြန်ထွက်နေတာလဲ။ ငါ့ရတနာကို မလိုချင်ခင် မင်းအသက်ကို အရင် စိတ်ပူနေလိုက်ဦး” ရှုရှီရှုန်းက နှာခေါင်းရှုံ့လိုက်သည်။ သူ့ဆီမှ အားကောင်းသော အရှိန်အဝါတို့ ပေါက်ကွဲ ထွက်လာခဲ့ပြီး သူ့ခြေထောက်အောက်ရှိ မြေပြင် ချိုင့်ဝင်သွားခဲ့သည်။ သူ့အဝတ်အစားများသည် လေနှင့်အတူ လွင့်ပါနေပြီး အေးစက်စက် စွမ်းအင်များသည် သူ့ပတ်ပတ်လည်တွင် လှည့်ပတ်နေခဲ့ကြသည်။

မရေမတွက်နိုင်သော မရဏဝိဥာဉ်ရိပ် ကြိုးမျှင်များသည် ရှုရှီရှုန်း၏ ခန္ဓာကိုယ်ဆီမှ မြောက်မြားလှစွာသော ဆံပင်များ သဖွယ် ဖြာထွက်လာခဲ့သည်။ ကြိုးမျှင်အားလုံးသည် အသက် ရှိနေသည့် မြေများသဖွယ် ရန်ကိုင်ရှိရာဆီသို့ ချက်ချင်း ပြေးဝင်သွားကြလေသည်။ လမ်းတစ်ဝက်အရောက်တွင် ထိုကြိုးမျှင်အားလုံးသည် လည်ပတ်နေသော လှံတံ တစ်ချောင်းအဖြစ်သို့ ပေါင်းစည်းသွားပြီး ရန်ကိုင်၏ ရင်ဘတ်တည့်တည့်ဆီ တိုးဝင်သွားခဲ့သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၁၂၄)

ထိုဖြစ်ပေါ်လာသော လှံတံကြောင့် ဘေးပတ်လည် လေထုတစ်ခုလုံး လေပွေတစ်ခုနှယ် ဖြစ်သွားခဲ့လေသည်။ မရဏဝိဥာဉ်ရိပ် ကြိုးမျှင်လှံတံသည် မျက်တောင်တစ်ခတ် အတွင်း ရန်ကိုင်ရှေ့သို့ ရောက်လာခဲ့သည်။ အကုန်လုံး အံ့အားသင့်နေရသည်ကား ရန်ကိုင်၏ လုပ်ရပ်ပင်တည်း။ အရှိန်အဟုန်နှင့် ပြေးဝင်လာနေသော လှံတံကို ရန်ကိုင်သည် ရှောင်တိမ်ခြင်းမပြုဘဲ လက်နှင့် လှမ်းဖမ်းကိုင်လိုက်သည်။

နတ်ဆိုးမီးတောက်တို့ သူ့လက်တစ်ခုလုံးတွင် စတင် လောင်ကျွမ်းလာခဲ့သည်။ လေးနက်တည်ကြည်နေသော ရန်ကိုင်၏ အမူအရာအရ အစွမ်းကုန် ထုတ်သုံးနေသည့် ပုံပင်။

လှံတံကို လက်ဖြင့် ဖမ်းကိုင်လိုက်သည်အခိုက် ပြေးဝင်လာသော အရှိန်အဟုန်နှင့်တကွ လည်ပတ်နေသော လှံတံ၏ လည်အားကြောင့် ရန်ကိုင် နောက်သို့ တရစပ် ဆုတ်သွားခဲ့ရသည်။

လှံတံကို ကိုင်ထားသော သူ့လက်ဆီမှ ရွှေရောင်သွေးတို့ စီးကျလာခဲ့ရသည်။

သို့သော်လည်း မကြာမီ ရန်ကိုင်၏ ခြေလှမ်းတို့ ရပ်တန့် သွားခဲ့ပြီး ရွှေရောင်လှံတံကို ရပ်တန့်နိုင်လိုက်လေသည်။ နတ်ဆိုးမီးတောက်တို့ ဖုံးလွှမ်းနေသော သူ့လက်ဆီမှ အသား ကျွမ်းနံ့တို့ ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း ထိုကိစ္စကို ရန်ကိုင် ဂရုမစိုက်။ ရှုရှီရှုန်း၏ အနက်ရောင်ကြိုးမျှင်သည် အမှန်တကယ် ရပ်တန့်ရန် ခက်ခဲ လှပေသည်။ နတ်ဆိုးမီးတောက်သည်ပင် ယင်းအား မလောင်ကျွမ်းနိုင်ချေ။ ထို့ကြောင့် ဘယ်လောက်ပဲ ကြိုးစားရ ကြိုးစားရ ထိုရတနာကို ရအောင် ယူရပေမည်။ လိုချင်သည်ကို ရအောင်ယူပြီးမှ အကျိုးဆက်ကို စဉ်းစားပေမည်။

မဟုတ်လျှင် ရှုရှီရှုန်းအား အပြည့်အဝ အာရုံစိုက်၍ တိုက်ခိုက်နိုင်မည် မဟုတ်ဘဲ သူ့အာရုံ တစ်စိတ်တစ်ပိုင်းကို ထိုကြိုးမျှင်အား သတိထားနေရာတွင် ခွဲကာ အသုံးပြုရ ပေလိမ့်မည်။

ရန်ကိုင်သည် ကြိုးမျှင်ကို ကိုင်ပြီး ရပ်နေချိန် ရှုရှီရှုန်းသည် သူ့ဆီသို့ ပြေးဝင်လာခဲ့သည်။ ယန်ယန်နှင့် ဝူရီတို့ နှစ်ယောက်စလုံး အလန့်တကြား ထအော်ကြလေ၏။ ရန်ကိုင်အား နားချိန်ပင်မပေးဘဲ ရှုရှီရှုန်းသည် မိုးသီးမိုးပေါက်ပမာ တိုက်ခိုက်မှုများဖြင့် ရန်ကိုင်အား တရစပ် တိုက်ခိုက်လိုက်သည်။

ရန်ကိုင်သည် အနက်ရောင်လှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း စိတ်စွမ်းအင်ကို လှံတံဆီ ပစ်ထည့်ကာ လှံတံပေါ်ရှိ ရှုရှီရှုန်း၏ ဝိဥာဉ်အမှတ်အသားကို ချက်ချင်း ဖျက်စီးပစ်လိုက်လေသည်။ တစ်ချိန်တည်းတွင် အားနေသော လက်တစ်ဖြင့် ကောင်းကင်ဖုံးလက်ကို ထုတ်ဖော်၍ ရှုရှီရှုန်း၏ တိုက်ခိုက်မှုများကို တန်ပြန် ခုခံလိုက်သည်။

ဘုန်း... ဘုန်း... ဘုန်း...

အောက်ဘက်ရှိ မြေပြင် အက်ကွဲကုန်ပြီး ရှုရှီရှုန်းသည် ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လာရာလမ်းအတိုင်း လွင့်ပျံထွက်သွားခဲ့သည်။ လေထဲကျွမ်းပစ်နေစဉ်အတွင်း သွေးတစ်ပွက် အန်ထုတ်လိုက်ရရာ အသားအရေဟာလည်း ထပ်မံ၍ ဖြူလျော်သွားခဲ့ရပြန်သည်။

ရန်ကိုင်သည်လည်း နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားခဲ့ရသည်။ ရှုရှီရှုန်း၏ တိုက်ခိုက်မှုများကို တားဆီးခဲ့သော သူ့လက်သည်ပင် ထုံနေခဲ့ရပြီ။ ထို့အပြင် ရှုရှီရှုန်းကဲ့သို့ သွေးတစ်ပွက် အန်ထုတ်လိုက်ရသေးသည်။

သို့သော်လည်း သူ့အခြေအနေသည် ရှုရှီရှုန်းထက် အများကြီး ပိုကောင်းပေသည်။ ဒဏ်ရာရသွားသော်လည်း ရန်ကိုင်သည် စိတ်ညစ်မနေသည့်အပြင် ဝမ်းပင်သာနေ၏။ အကြောင်းမှာ ရှုရှီရှုန်း၏ အနက်ရောင်ကြိုးမျှင်ကို ရအောင် ယူနိုင်ခဲ့သောကြောင့်ပင် ဖြစ်လေသည်။ လျော့တိလျော့ရဲ ဖြစ်နေသော ကြိုးမျှင်များကို သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း ထည့်သိမ်းလိုက်သည်။

“မင်း... မင်း ငါ့ဝိဥာဉ်အမှတ်အသားကို ဘယ်လိုလုပ်ပြီး ချက်ချင်း ဖျက်ပစ်လိုက်နိုင်တာလဲ” ရှုရှီရှုန်း၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး သူ့ခဗျာ ဒေါသလည်း ထွက်၊ ယုံကလည်း မယုံနိုင် ဖြစ်နေခဲ့ရလေသည်။ ဒေါသ ထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေပြီး နောက်တစ်ကြိမ် သွေးတစ်ပွက် ထပ်အန်လိုက်ရပြန်သည်။

“ဟားဟားဟား” ရန်ကိုင်က အားပါးတရ အော်ဟစ် ရယ်မောလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းမှ သွေးကိုသုတ်၍ မောက်မာဝံ့ကြွားစွာဖြင့် ပြောလိုက်သည် “ခွေးအိုကြီး၊ ကျုပ်က လိုချင်တယ်လို့ ပြောပြီးရင် ရအောင် ယူတတ်တဲ့ လူစားပဲ။ အဲ့ဒါကို သေချာမှတ်ထားလိုက်”

မောက်မာလိုက်ခြင်း... အထက်စီး ဆန်လိုက်လေခြင်း... ဝံ့ကြွားလိုက်လေခြင်း...

ပွဲကြည့်နေသူအားလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွား၏။

ယခုလေးတင် ရန်ကိုင်သည် ထိုမှော်ရတနာကို လိုချင်သည်ဟု ပြောခဲ့သည်။ ပြောပြီးသည့်နောက် အသက် ဆယ်ရှိုက်စာပင် မကြာသေးသည့် အချိန်အတွင်းမှာပင် ရအောင် ယူပြသွားခဲ့သည်။

သူတော်စင်တစ်ယောက်သည် သူတော်စင်ဘုရင် တစ်ယောက်၏ မှော်ရတနာကို ဓါးပြတိုက် လုယူသွားသည်။ ထို့အပြင် သူတော်စင်ဘုရင် ခတ်နှိပ်ထားသည့် ဝိဥာဉ် အမှတ်အသားကိုပင် တဒင်္ဂအတွင်း ဖျက်စီးပြသွားသည်။ သူ့စိတ်စွမ်းအင် မည်မျှ အားကောင်းလိုက်လေသနည်း။

“လန်းချက်ပဲကွာ” ရန်ကိုင်ပုံစံကို ကြည့်ရင်း သူ့သွေးများ ဆူပွက်လာသလို ယုဖုန်း ခံစားလိုက်ရသည်။

ယန်ယန်နှင့် ဝူရီသာ စိတ်သက်သာရာ ရသွားရုံမဟုတ်၊ ဟိုင်ခဲမိသားစုမှ မိန်းမငယ်လေးများသည်လည်း သက်ပြင်း အသီးသီးချလျက် ရန်ကိုင်အား မီးတောက်မတတ် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

သူတို့ ယခင်က တွေ့ကြုံခဲ့သည် လူငယ်ပါရမီရှင်ဆိုသူ အားလုံးသည် ဘယ်ကမှန်းမသိသော ထိူလူငယ်လေး၏ ခြေဖျားကိုပင် မမှီချေ။ ထိုလူငယ်ပါရမီရှင်ဆိုသူ အားလုံးသည် ရန်ကိုင်နှင့် ယှဉ်လိုက်လျှင် အမှိုက်သာသာ သာ ဖြစ်သွားကြသည်။

ဘချင်းယန်လည်း မျက်လုံးမှေးစဉ်း မိသွားသည်။ သူ့ရင်ထဲ ကြောက်ရွံ့စိတ်တို့ စတင် ကိန်းအောင်လာခဲ့သည်။

ရှုရှီရှုန်း၏ ခွန်အားအကြောင်းကို မည်သူ့ထက်မဆို သူပိုသိသည်။ ရိုးရိုးသားသားပြောရရင် သူကိုယ်တိုင်ပင်လျှင် ရှုရှီရှုန်း၏ ပြိုင်ဘက် မဖြစ်နိုင်လောက်ချေ။ သို့သော်လည်း သူ့ရှေ့ရှိ လူငယ်လေးသည် ရှုရှီရှုန်း၏ တိုက်ကွက်နှစ်ကွက်ကို ခုခံနိုင်ရုံမက ရှုရှီရှုန်း၏ ရတနာကို လုယူ၍ သူ့ကိုပင် ဒဏ်ရာ ရသွားအောင် ပြန်လုပ်နိုင်ခဲ့သည်။ ထိုသို့ဆိုလျှင် သူသည် ထိုလူငယ်လေး၏ ပြိုင်ဘက် မဟုတ်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။

ရုတ်တရက် ဘချင်းယန် ခေါင်းကိုက်ချင်လားပြီး အသက်ရှူရ မွန်းကြပ်လာခဲ့သည်။

ရန်ကိုင် ပျော်နေရသည့် အကြောင်းအရင်းမှာ ရှုရှီရှုန်း၏ မှော်ရတနာကို လုယူနိုင်လိုက်သည့် အတွက်ကြောင့်မဟုတ်၊ အသစ်စက်စက် ရရှိထားသော သူ့ခွန်အားသည် သူတော်စင် ဘုရင် တတိယအဆင့်များနှင့် ယှဉ်နိုင်သည်ဆိုသော အချက်ကို သိလိုက်ရသောကြောင့်ပင် ဖြစ်သည်။ ရှုရှီရှုန်းသည် သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများထဲတွင် အားအကောင်းဆုံး မဟုတ်သော်ငြား သူသည် သူတော်စင်ဘုရင်တတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်နေပေသေးသည်။

သို့သော်လည်း ရန်ကိုင်သည် သူ့ဝှက်ဖဲများကို မထုတ်ဖော်ရသေးချေ။

လေဟာနယ်တာအို၊ ရွှေရောင်သွေးစက်၊ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံး... ထိုဝှက်ဖဲတစ်ခုကိုမှ မသုံးရသေးပါချေ။ ပုံမှန်စွမ်းအားကို သုံး၍သာ တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။

“အကြီးအကဲ” ရှုရှီရှုန်း ဒဏ်ရာရသွားသည်ကိုမြင်သော် ရှုမိသားစုဝင်တစ်ယောက်က လှမ်း၍ အော်ခေါ်လိုက်သည်။

ရှုရှီရှုန်းက အကုန်းလုံးကို ရှေ့တက်မလာရန် လက်ထောင်ကာ တားလိုက်သည်။ ထို့နောက် ရန်ကိုင်အား ကြမ်းကြုတ်စွာ စိုက်ကြည့်၍ “ကောင်းတယ်၊ ကောင်းတယ်။ ကောင်းတယ်။ ငါမင်းကို တကယ် လေးစားသွားပြီ။ မင်းလို လူမျိုး ဒီလောကကြီးမှာ ရှိလိမ့်မယ်လို့ ငါတစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ ဒါပေမယ့် အဲ့ဒါတွေဘာတွေ အရေးမကြီးဘူး။ ဒီနေ့၊ မင်းသေကို သေရမယ်။ မင်းကို မသတ်နိုင်ရင် ငါယောကျာ်း မဟုတ်တော့ဘူးကွ”

ပြောပြီးသည်နှင့် ရိုးရှင်းသော ပန်းချီကားတစ်ချပ်ကို ရုတ်တရက် ဆင့်ခေါ်လိုက်သည်။ ထိုပန်းချီကား ပေါ်လာသည်နှင့် သူတို့အပေါ် ကြီးမားသည့် ဖိအားတစ်ရပ် သက်ရောက်လာသလို အကုန်လုံး ခံစားလိုက်ရသည်။

“တောင်တစ်ရာ ပန်းချီကားချပ်” ထိုပန်းချီကားလိပ် ဘာလဲဆိုသည်ကို ဘချင်းယန် ချက်ချင်း သတိပြုမိလိုက်၏။ သူ့အမူအရာ ပြောင်းလဲသွားပြီး ဟိုင်ခဲမိသားစုဝင်များကို ချက်ချင်း လှမ်းအော်ပြောလေသည် “ပြန်ဆုတ်ကြ”

ဟိုင်ခဲမိသားစုဝင်များသည် ဘချင်းယန် အမိန့်အတိုင်း ချက်ချင်း နောက်ပြန်ဆုတ်သွားကြလေသည်။ ထိုပန်းချီကား ဘာလဲဆိုသည်ကို သိထားသော ရှုမိသားစုဝင်များမှာမူ အစောကြီးကလည်း ထွက်ပြေးသွားကြလေပြီ။

အကုန်လုံး ထွက်ပြေးသွားကြသည်ကို မြင်သော် ဝူရီလည်း ရင်ထိတ်သွားခဲ့ပြီး ယန်ယန်အား အလျင်စလို တိုက်တွန်းလိုက်လေသည် “ငါတို့လည်း ပြန်ဆုတ်သင့်တယ်”

“မလိုဘူး” ယန်ယန်က သူမလက်ကို ဝှေ့ရမ်း၍ ထူးဆန်းသော ပစ္စည်းအချို့ကို ထုတ်ကာ သူမတို့သုံးယောက် ပတ်လည်တွင် ချလိုက်သည်။ နေရာချပြီးသည်နှင့် ခေါင်းယဲ့ယဲ့လေးညိတ်လျက် “ဒီနေရာက တိုက်ပွဲ ကြည့်ဖို့အတွက် အကောင်းဆုံး နေရာပဲ”

ဝူရီသည် ယန်ယန်ကို ကြည့်ရင်း ဆွံ့အနေခဲ့သည်။ ယန်ယန် ခေါင်းများ ထိထားသည်လား၊ ဘာများ ဖြစ်နေသလဲ လုံးဝ မစဉ်းစားနိုင်အောင် ဖြစ်နေခဲ့သည်။

သို့သော်လည်း ယခုမှ နောက်ပြန်ဆုတ်ရန်အတွက် အရမ်း နောက်ကျလွန်းနေလေပြီ။ တောင်တစ်ရာ ပန်းချီကားချပ်ကို ဆင့်ခေါ်လိုက်ပြီးနောက် ထိုထဲမှ ပုံရိပ်ယောင် တောင်တစ်လုံးကို ချက်ချင်း ဆင့်ခေါ်လိုက်၏။ မီတာတစ်ရာကျော်မြင့်ပြီး မြေကမ္ဘာတုန်လုမတတ် စွမ်းအားကို ပိုင်ဆိုင်ထားသည့် ပုံရိပ်ယောင်တောင်သည် ကောင်းကင်ပေါ်မှနေ၍ ရန်ကိုင်ပေါ်သို့ ကျလာခဲ့သည်။

သူ့ရင်ထဲ အန္တရာယ် အငွေ့အသက်ကို ရလိုက်သဖြင့် ရန်ကိုင်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ ဘာကိုမှ စဉ်းစားမနေတော့ဘဲ သူ့ခေါင်းပေါ်၌ မဟာ ကောင်းကင်ဒိုင်းများကို အလျင်အမြန် ဖန်တီးလိုက်သည်။

“မင်းအလောင်းကို တစ်စစီဖြစ်အောင် ငါဘယ်လို ဖျက်စီးပစ်မလဲ ကြည့်ထားပေတော့” ရှုရှီရှုန်းက အော်ပြောလိုက်ပြီးနောက် ပုံရိပ်တောင်ဖြင့် ရန်ကိုင်ကို ရိုက်ချလိုက်သည်။

ဘုန်း... ခရက်... ခရက်...

ယခုလေးတင် ဖန်တီးထားသော မဟာကောင်းကင်ဒိုင်း အားလုံးသည် ပုံရိပ်ယောင်တောင်၏ စွမ်းအားအောက်ဝယ် တစ်မုဟုတ်ချည်း ပျက်စီးသွားခဲ့ရလေသည်။ တောင်သည် အရှိန်နည်းနည်းလေးပင် လျော့မသွားဘဲ ရန်ကိုင်ဆီသို့ ဆက်လက် တိုးဝင်သွားခဲ့သည်။

ရန်ကိုင်လည်း စိတ်ထဲကြိတ်၍ ကျိန်ဆဲလိုက်ရင်း အသည်းအသန် လှုပ်ရှားလိုက်ရသည်။

ရှုရှီရှုန်း၏ တောင်တစ်ရာပန်းချီကားချပ်သည် တန်ခိုးရှင် အဆင့် မှော်ရတနာဖြစ်သည်မှာ အထင်းသားပင်။ ထိုအရာသည် ပုံရိပ်ယောင် တောင်တစ်လုံးသာ ဖြစ်သော်ငြား တကယ့် တောင်တစ်လုံး၏ အလေးချိန်ကို သယ်ဆောင်ထား၏။ သူသာ ထိုတောင်အောက်၌ ဖိသတ်ခံရပါက သူ့ခန္ဓာကိုယ် အားကောင်းသည် ဆိုလျှင်ပင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။

ရွေးချယ်စရာ မရှိတော့သည့်အဆုံး လေဟာနယ် စွမ်းအားကို ထုတ်သုံးရတော့လေသည်။ ချက်ချင်းဆိုသလို ရန်ကိုင်၏ပုံရိပ် ပျောက်ကွယ်သွားခဲ့သည်။

ပုံရိပ်ယောင်တောင်သည် ရန်ကိုင်၏ ပုံရိပ် ရှိနေသည့် နေရာဆီ ကျဆင်းသွားခဲ့လေရာ ထိုနေရာရှိ မြေပြင်တစ်ခွင် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများဖြင့် ပြည့်သွားခဲ့ရသည်။ အဝေးတွင် ရှိနေသော တောင်များသည်ပင် တုန်ခါသွားပြီး ငှက်များလည်း ထပျံပြေးကုန်ကြလေသည်။

ရှုရှီရှုန်းသည် ထိုမြင်ကွင်းကို ကြောင်ကြည့်နေပြီးနောက် ရူးသွပ်စွာ အော်ဟစ်ရယ်မောလျက် “ခွေးကောင်လေး။ အခု ငါ့စွမ်းအားကို နားလည်ပြီလား။ ငါနဲ့များ လာယှဉ်တိုက် ချင်သေးတယ်။ ဦးနှောက်မရှိလိုက်တာ”

“အား” ရန်ကိုင် အသတ်ခံလိုက်ပြီ ထင်သွားသဖြင့် ဝူရီ မျက်နှာ ဖြူလျော်သွားခဲ့လေသည်။

“ခွေးအိုကြီး၊ ခင်ဗျား ဟောင်ဖို့ပဲ သိတာလား” ရန်ကိုင်၏ အသံသည် ရုတ်တရက် လေဟုန်ကိုးထိုးခွင်း၍ လာနေသော မဟာကောင်းကင်လှံတံနှင့်အတူ တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့သည်။ မဟာကောင်းကင် လှံတံသည် ချက်ချင်းဆိုသလို ရှုရှီရှုန်း၏ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့လေသည်။

ယခုလေးတင် ရန်ကိုင် သေသွားပြီအထင်ဖြင့် ဝမ်းသာ အားရ အော်ဟစ်ရယ်မောနေသော ရှုရှီရှုန်း သူ့ရှေ့ ရုတ်တရက် ပေါ်လာသော မဟာကောင်းကင်လှံတံကြောင့် အရယ်ရပ်သွားခဲ့ရသည်။ နဖူးထက် ချွေးအေးတို့ တတောက်တောက် စီးကျလာပြီး ကမန်းကတန်းဖြင့် သူတော်စင်ချီကို တောင်တစ်ရာ ပန်းချီကားထဲ့သို့ ထည့်သွင်း၍ နောက်ထပ်တောင်တစ်လုံးကို အလျင်စလို ဆင့်ခေါ်လိုက်သည်။ ယခု ပေါ်လာသော တောင်သည် ယခင်တောင်ထက် ပိုကြီးပေသည်။

မဟာကောင်းကင်လှံတံသည် အသစ်ပေါ်လာသော ပုံရိပ်ယောင်လှံတံကြောင့် ရှုရှီရှုန်းအား ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။

ရှုရှီရှုန်း ဒေါသထွက်သွားပြီး သူ့လက်ကို ဝှေ့ရမ်း၍ ဒုတိယတောင်ဖြင့် ရန်ကိုင်အား ထပ်ရိုက်ချသည်။

ထိုပန်းချီကားချပ်ကို ဘာကြောင့် တောင်တစ်ရာ ပန်ချီကားချပ်ဟုခေါ်မှန်း ရန်ကိုင် နားလည်သွားခဲ့လေပြီ။ ထိုပန်ချီကားချပ်ထဲတွင် တောင်အလုံးတစ်ရာ ရှိနေသည့် အတွက်ကြောင့် တောင်တစ်ရာ ပန်ချီကားချပ်ဟု ခေါ်ခြင်း ဖြစ်ပေသည်။ ရှုရှီရှုန်းမှ တောင်တစ်လုံးကို ထုတ်လိုက်ခြင်း ပန်ချီကားချပ်ထဲရှိ တောင်အရေးအတွက် တစ်လုံး နည်းသွားပေလိမ့်မည်။ ထို့အပြင် ထိုတောင်များသည် အသေဆုံးမှနေ၍ အကြီးဆုံးတောင်ဆီသို့ စီးတန်းထာသည့် ပုံစံပင်။

ထိုပန်ချီကားချပ်ကို စိုက်ကြည့်နေရင်း ရန်ကိုင် အနည်းငယ် တုန်ရီမိသွားသည်။ သူသာ ထိုတောင်များဖြင့် ထပ်ခါတလဲလဲ ရိုက်ချခံနေရပါက မကြာခင် သူ့အရိုးများ ကျိုးကြေရကုန်ပေလိမ့်မည်။

ရှုရှီရှုန်း၏ ခွန်အား အကန့်အသတ်ကို မသိသော်ငြား ရှုရှီရှုန်းအနေဖြင့် တောင်အလုံးတစ်ရာလုံးလုံးကို အပြင်သို့ ထုတ်ယူနိုင်လိမ့်မည်ဟု ရန်ကိုင် မယုံပါချေ။ သို့တိုင် ထိုမှော်ရတနာ၏ စွမ်းအားသည် အတော်လေးကိုမှ ထိတ်လန့်ဖွယ် ကောင်းနေပေသေးသည်။

ဒုတိယတောင်သည် ရန်ကိုင်ဆီသို့ ဆင်းလာပြီး ပထမ တောင်သည် မြေပေါ်မှ ပျံသန်းလာကာ ရန်ကိုင်အား နှစ်ဖက် ပိတ်၍ ညှပ်ချလိုက်သည်။

တောင်နှစ်လုံးဆီမှ ထွက်ပေါ်နေသော ဖိနှိပ်အားကြောင့် ရန်ကိုင်အနေဖြင့် သူတော်စင်ချီကိုပင် ကောင်းကောင်း မလှည်ပတ်နိုင် ဖြစ်နေခဲ့ရသည်။

ရှုရှီုရှုန်းသည် မီးကုန်ယမ်းကုန် ကြဲလေပြီ။ အစောပိုင်းကကဲ့သို့ တောင်များကို တစ်လုံးချင်းစီ ထုတ်မနေတော့ဘဲ တတိယနှင့် စတုတ္တတောင်များကို တစ်ပြိုင်တည်း ထုတ်ယူလိုက်သည်။ တောင်လေးလုံးက အဘက်ဘက်မှ ပိတ်ဆို့လာသဖြင့် ရန်ကိုင် ပြေးပေါက် ပိတ်သွားခဲ့ရသည်။

တောင်လေးလုံး ပေါင်းဆုံသွားသည့်အခိုက် ပတ်လည် လေဟာနယ်တစ်ခုလုံး ပြိုကျသွားမယောင် ထင်မှတ်ရသည်။ ပြင်းထန်သော စွမ်းအင်လှိုင်းတို့ ပေါက်ကွဲထွက်လာပြီး အနီးနားတွင် ရှိနေသော ကျောက်တုံးများ လွင့်ထွက်ကုန်ပြီး သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ကုန်သည်။

ထိုကမ္ဘာပျက်မတတ် မြင်ကွင်းကိုကြည့်ရင်း ရှုမိသားစုနှင့် ဟိုင်ခဲမိသားစုမှ ကျင့်ကြံသူများ၏ မျက်နှာ ဖြူလျော်သွားခဲ့ကြသည်။

သူတို့သာ အချိန်မှီ ပြန်မဆုတ်နိုင်ပါက ဖြာထွက်လာသော စွမ်းအင်လှိုင်းများကြောင့် တစ်ခါတည်း တန်းအသက်ပျောက်ရမည်မှန်း သိလိုက်သည်။ ယခုပင်လျှင် အဝေးသို့ ရောက်နေသည့်တိုင် ဖြာထွက်လာသော စွမ်းအင် လှိုင်းများသည် သူတို့၏ အသားကို ဓါးသွားများနှယ် ပိုင်းဖြတ်နေခဲ့သည်။ အားနည်သူများဆိုလျှင် စွမ်အင် လှိုင်းများနှင့်အတူ လွင့်ထွက်သွားကုန်ကြလေသည်။

“တောင်တစ်ရာ ပန်းချီးကားချပ်ရှေ့မှာဆိုရင် ငါတောင် ပြန်ဆုတ်ရတာ အဲ့လူငယ်လေးတော့ သေပြီပဲ” ဘချင်းယန် သက်ပြင်းအမောကြီး ချလိုက်သည်။ သူ့စိတ်ထဲ ပျော်ပဲ ပျော်သင့်သလား၊ နောင်တပဲ ရနေသင့်သလား မခွဲတတ်တော့။

ပရမ်းပတာ ဖြစ်နေသော တိုက်ပွဲကွင်းပြင်ကြီးထဲ အကောင်းအတိုင်း ရှိနေသော နေရာဆို၍ ယန်ယန်၊ ဝူရီနှင့် ယုဖုန်းတို့ ရပ်နေသော နေရာသာ ရှိပေသည်။ အားကောင်းသော စွမ်းအင်လှိုင်းများ ဖြာထွက်လာချိန် သူတို့ သေပြီဟု ဝူရီနှင့် ယုဖုန်းတို့ တွေးမိလိုက်ကြသည်။

သို့သော်လည်း အလင်းအကာအရံပါးလေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့အား ထိုစွမ်းအင် လှိုင်းများမှ ကာကွယ်ပေးသွားခဲ့သဖြင့် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အတွဲ(၅)- ကြယ်တာရာကောင်းကင်

အပိုင်း(၁၁၂၅)

“နင်က အစီအရင်ပညာရှင် တစ်ယောက်လား” ဝူရီက ယန်ယန်အား ထိတ်လန့်တကြား စိုက်ကြည့်လိုက်သည်။ အစောပိုင်းက ယန်ယန် စိတ်ဝိဥာဉ် အစီအရင် တစ်မျိုးအား ခင်းကျင်းလိုက်သည်ကို မြင်လိုက်သော်လည်း ယန်ယန် ခင်းကျင်းလိုက်သော စိတ်ဝိဥာဉ် အစီအရင်သည် ထိုမျှ အားကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ယုဖုန်းသည်လည်း ရန်ကိုင်အား လေးစားအားကျမှု အပြည့်ဖြင့် ကြည့်နေခဲ့သည်။

တောင်လေးလုံးကို တစ်ပြိုင်တည်း အသုံးပြုခဲ့ရသော ရှုရှီရှုန်းမှာမူ အတော်လေး ခြေကုန်လက်ပန်း ကျနေခဲ့သည်။ သို့သော် ဗြောင်းဆန်နေသော မြေပြင်ကို ငုံကြည့်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။

နှစ်ပေါင်းများစွာကြာအောင် ရှင်သန်နေခဲ့သည့် သူ့ဘဝ တစ်လျှောက် ရန်ကိုင်ကဲ့သို့ လူမျိုးနှင့် တစ်ကြိမ်တစ်ခါမှပင် မကြုံခဲ့ဖူးပါချေ။ သူ့ပထမဆုံး တိုက်ခိုက်မှုအား ရန်ကိုင်မှ မလှုပ်ရှားဘဲ မည်ကဲ့သို့ ရှောင်သွားခဲ့သလဲ ဆိုသည်ကို ယခုထိတိုင် သူစဉ်းစားမရသေးချေ။

သို့သော်လည်း ထိုကိစ္စအားလုံး အရေးမပါတော့ချေ။ ထိုကောင်လေး သေသွားခဲ့လေပြီ။ ရှုရှီရှုန်းလည်း စိတ်‌ရော ကိုယ်ပါ ပင်ပန်းနွမ်းနယ်နေခဲ့လေပြီ။ သို့သော်လည်း သူ့စိတ်ထဲ ကြိတ်၍ ကျေနပ်နေမိသည်။ မီးကုန်ယမ်းကုန် သုံး၍ တိုက်ခိုက်ပြီးနောက် ရှုမိသားစုနာမည်ကို ပြန်၍ အဖတ်ဆယ်နိုင်ခဲ့လေပြီ။

ရုတ်တရက် သူ့ရင်ထဲ အန္တရာယ် အငွေ့အသက်ကို ရလိုက်သဖြင့် တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ဖူးလာသော ဝါရင့်တစ်ယောက် ဖြစ်သည်နှင့်အညီ ဘာဆိုဘာမှ စဉ်းစားမနေဘဲ တောင်လေးလုံးစလုံးကို ထိုခံစားချက် ခံစားမိရာ အရပ်ဆီ လှမ်းပစ်လိုက်သည်။

ဘေးဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ ရှုရှီရှုန်း လွင့်ပြာလွင့်မတတ် ဖြစ်သွားခဲ့ရသည်။

သေသွားပြီဟု သူထင်နေသော လူငယ်လေးသည် အကောင်းအတိုင်း ရှိနေသေးပြီး အဖျက်စွမ်းအားတို့ဖြင့် ပြည့်နေသော နတ်ဆိုးမီးတောက်ဓါးဖြင့် သူ့အား ခုတ်ပိုင်းချလာနေခဲ့သည်။

ရှုရှီရှုန်း သူ့လျှာသူပြန်ကိုက်လုမတတ် ဖြစ်သွားခဲ့ပြီး ထိုတိုက်ခိုက်မှုအား ကမန်းကတန်း ခုခံလိုက်သည်။

အနက်ရောင်ဓါးသည် ပုံရိပ်ယောင် တောင်တစ်လုံး ပေါ်သို့ ကျရောက်သွားကာ တားဆီးခံလိုက်ရလေသည်။ သို့သော် ပူတစ်လှည့် အေးတစ်လှည့် ဖြစ်နေသော ဆန့်ကျင်ဘက် အရှိန်အဝါ နှစ်မျိုးကြောင့် ရှုရှီရှုန်း၏ နဖူးဆီမှ ချွေးအေးတို့ တတောက်တောက် စီးကျခဲ့ရသည်။

သူသာ ထိုအနက်ရောင်မီးတောက်နှင့် ထိမိလိုက်ပါက အရှင်လတ်လတ် လောင်ကျွမ်းခံရမည်မှန်းကို ရှုရှီရှုန်း သိသည်။ သူလုံးဝ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ထိုကောင် ဘာကောင်နည်း။

ရှုရှီရှုန်းသာ ထိတ်လန့်တုန်လှုပ်နေခြင်း မဟုတ်။ ရှုမိသားစုနှင့် ဟိုင်ခဲမိသားစုမှ ကျင့်ကြံသူများသည်လည်း ထိတ်လန့်တုန်လှုပ်နေကြလေသည်။ ဘချင်းယန်သည်လည်း မျက်လုံးအပြူးသား ဖြစ်နေခဲ့သည်။

သူကိုယ်တိုင်ပင်လျှင် တောင်လေးလုံးကို ညှပ်ပိတ် တိုက်ခိုက်မှုအား ရန်ကိုင် မည်ကဲ့သို့ တိမ်းရှောင်သွားသလဲ ဆိုသည်ကို မမြင်နိုင်ခဲ့ချေ။

အကယ်၍ ရန်ကိုင်နေရာတွင် သူသာဆိုပါက၊ ယခင် ကတည်းက ထွက်ပြေးရန် မပြင်ဆင်ထားလျှင် ထိုတောင်လေးလုံး၏ ပူးညှပ်တိုက်ခိုက်မှုကို မည်သို့မှ ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ချေ။ သိုသော်လည်း ထိုလူငယ်လေးက သူမလုပ်နိုင်သည့် အရာကို လုပ်ပြသွားခဲ့သည်။ ရန်ကိုင်၏ ခွန်အားကို အထင်သေးမိ နေသေးမှန်း သိလိုက်ရသဖြင့် သူ့စိတ်ထဲ ထိတ်လန့် သွားခဲ့ရသည်။ ရန်ကိုင်သည် လူထူးလူဆန်းမဟုတ်၊ မွန်းစတား တစ်ကောင်ပင် ဖြစ်သည်။

ရှုရှီရှုန်းသည် ပျာတီးပျာယာဖြင့် သူ့ပတ်ပတ်လည်ကို တောင်လေးလုံးနှင့် ပိတ်ကာထားလိုက်လေသည်။

သူကြောက်နေလေပြီ။ မဆင်မခြင် လှုပ်ရှားလိုက်မိ၍ မည်သို့ပင် သတ်သတ် မသေသေးသော ရန်ကိုင်မှ သူ့အား လာသတ်သွားမည်ကို ကြောက်နေမိသည်။

ပြေးဝင်တိုက်ခိုက်ရန် မလွယ်ကူသဖြင့် ရန်ကိုင်သည် သူတော်စင်ချီနှင့် ကောင်းကင်စိတ်အာရုံကို လေဟာနယ် တာအိုဖြင့် ပေါင်းစပ်၍ ရှုရှီရှုန်းဆီ ပစ်လွှတ်လိုက်သည်။ သို့သော်လည်း တောင်လေးလုံးသည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကိုသာမက စိတ်စွမ်းအင် တိုက်ခိုက်မှုများ ကိုပါ ကာကွယ်ထားနိုင်သည့် အတွက်ကြောင့် ရန်ကိုင်၏ တိုက်ခိုက်မှု ပစ်မှတ်ဆီ မရောက်သွားနိုင်ခဲ့ချေ။ ရန်ကိုင်လည်း တောင်လေးလုံး၏ စွမ်းရည်နှင့် ပက်သက်၍ အတော်လေး အံ့အားသင့်သွားခဲ့ရသည်။

ငါးလုံးမြောက်တောင်နှင့် ခြောက်လုံးမြောက်တောင်တို့ ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ထိုတောင်နှစ်လုံးသည် ယခင် တောင်လေးလုံးထက် ပို၍ ကြီးမားပေသည်။ ရှုရှီရှုန်းသည် လျှာကိုကိုက်၍ တောင်တစ်ရာ ပန်ချီကားချပ်ပေါ်သို့ သွေးတစ်ပွက် အန်ချလိုက်သည်။ ဖျော့တော့စပြုနေသော သူ့အရှိန်အဝါ ရုတ်တရက် ထအားကောင်းလာခဲ့၏။ ရှုရှီရှုန်းသည်၏ မျက်လုံးထဲ ရူးသွပ်ရိပ်တို့ ဖြတ်ပြေးသွားပြီး စွမ်းအင်ကုန်ကိုသုံး၍ အသစ်ထပ်မံ ဆင့်ခေါ်ထားသော တောင်နှစ်လုံးကို ရန်ကိုင်ဆီ ပစ်လွှတ်လိုက်လေသည်။

နဂါးလိုဏ်ဂူတောင် တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ရီလာကြီး မြေပြင်ထက် အက်ကြောင်းများစွာ၊ ကျင်းပေါက်များစွာ ထွက်ပေါ်လာခဲ့ရလေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် ဒေါသပုန်ထသွားခဲ့၏ “ခွေအိုကြီး၊ ကျုပ်အိမ်ကို ခင်ဗျား ဘယ်လို ဖျက်စီးရဲတာလဲ”

ရှုရှီရှုန်းအား ထိုအတိုင်း ဆက်လုပ်ခွင့် ပေးလိုက်ပါက နဂါးလိုဏ်ဂူတောင်တစ်ခုလုံး ဖျက်စီးခံရပေလိမ့်မည်။ မြေပြင် တစ်ခုလုံး ပြိုကျသွားသည်နှင့် တစ်ပြိုင်နက် တောင်အောက်တွင် ဖုံးကွယ်နေသော လေဟာနယ်ဝိဥာဉ် သလင်းကျောက်တွင်းလည်း ပေါ်လာနိုင်ပေသည်။

ရန်ကိုင်၏ သတ်ဖြတ်လိုစိတ် မိုးထိလုမတတ် မြင့်တက်သွားခဲ့သည်။

ဒေါသထွက်ထွက်နှင့် ရန်ကိုင်သည် နတ်ဆိုးမီးတောက် လှိုင်းလုံးတစ်စင်းကို ရှုရှီရှုန်းဆီ ပစ်လွှတ်လိုက်လေသည်။ သို့သော်လည်း ယခင်နှင့် မတူညီသည်ကား ယခုတစ်ကြိမ် ပစ်လွှတ်လိုက်သော နတ်ဆိုးမီးတောက်များသည် ပစ်မှတ်ကို ထိပြီးနောက် ပျောက်ကွယ်သွားခြင်း မရှိဘဲ လောင်ကျွမ်း တောက်လောင်နေသော မီးတိမ်တိုက်တစ်ခုအဖြစ် စုစည်းသွားခဲ့ကာ အလျင်အမြန် ကျယ်ပြန်လာခဲ့လေသည်။

နတ်ဆိုးမီးတောက်တိမ်တိုက်၏ လွှမ်းခြံခြင်း ခံလိုက်ရသည့်အခါ ရှုရှီရှုန်းနှင့် တောင်လေးလုံးလည်း အဆက်မပြတ်ကို လောင်ကျွမ်းခံရတော့လေသည်။ ရန်ကိုင်သည် တိမ်တိုက်၏ စွမ်းအားကို တိုးမြှင့်လိုရာ နတ်ဆိုးမီးတောက်ထဲသို့ သူတော်စင်ချီများကို ထပ်မံ ထည့်သွင်းအားဖြည့်ပေးလိုက်သည်။

“မဟုတ်ဘူး... မဟုတ်ဘူး...” ရှုရှီရှုန်းက ကြောက်လန့် တကြား အော်ဟစ်လိုက်သည်။ သူ့အား ဝိုင်းရံထားသော တောင်လေးလုံးသည် နတ်ဆိုးမီးတောက်တိမ်တိုက်၏ လောင်ကျွမ်းမှုအောက်တွင် တဖြည်းဖြည်း မှေးမှိန်လာ၏။

ထိုတောင်လေးလုံး ပျောက်ကွယ်သွားသည်နှင့် ရှုရှီရှုန်း ကျိန်းသေ သေရပေလိမ့်မည်။

“မင်းတို့ဘာတွေ ကြောင်ကြည့်နေတာလဲ။ ငါ့ကို လာကူကြလေ” ရှုရှီရှုန်းက တိုက်ပွဲအား ခပ်ဝေးဝေးမှ စောင့်ကြည့်နေကြသော ရှုမိသားစု၏ သူတော်စင်ဘုရင် အဆင့် ကျင့်ကြံသူများကို လှမ်းအော်ပြောလိုက်သည်။

ရန်ကိုင်အား တစ်ယောက်တည်း တိုက်ခိုက်ရခြင်းမှာ ရန်ကိုင်သည် သူတော်စင်တတိယအဆင့်လေးသာ ရှိသော ကျင့်ကြံသူ ဖြစ်သည်က တစ်ကြောင်း၊ သူ့စွမ်းအားနှင့် အကြီးအကဲ တစ်ယောက်၏ ဂုဏ်သိက္ခာကို ထုတ်ပြချင်သည်က တစ်ကြောင်းတို့ကြောင့် ဖြစ်ပေသည်။ သို့သော် ထိုလူငယ်လေးသည် ကျားသားစားချင်သဖြင့် ဝက်ယောင်ဆောင်ထားသော လူတစ်ယောက်ဖြစ်မှန်း သူမည်ကဲ့သို့ သိခဲ့ပါမည်နည်း။ လောလောဆယ်တွင် သေခြင်းတရားနှင့် သူရင်ဆိုင်နေခဲ့ရသည်။ သူမျက်နှာ ပျက်ရမည်ကိုပင် မထောက်ရှုနိုင်တော့ဘဲ သူ့မိသားစု ကျင့်ကြံသူများဆီမှ အကူအညီ လှမ်းတောင်းရတော့၏။

အဝေးမှ တိုက်ပွဲကို လှမ်းကြည့်နေကြသည့် ရှုမိသားစု၏ ကျင့်ကြံသူများအနက်တွင် ရှုရှီရှုန်း၏ အကူအညီ တောင်းသံကို ကြားလိုက်ရချိန် ပြေးထွက်သွားသူ နှစ်ယောက်သာ ရှိသည်။ ကျန်လုံးအားလုံးသည် အလိုလို နောက်ဆုတ်သွားခဲ့ကြလေသည်။

ရှုရှီရှုန်းသည် တောင်တစ်ရာ ပန်ချီကားချပ်ကိုပင် ထုတ်၍ တိုက်ခိုက်ခဲ့သော်ငြား ရန်ကိုင်၏ ပြိုင်ဘက် မဟုတ်ခဲ့ရာ သူတို့အနေဖြင့် ရန်ကိုင်၏ ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ဤအတိုင်းသာ ပြေးထွက်သွားပါက သွားအသေခံသည်နှင့် ခြားလိမ့်မည် မဟုတ်ချေ။

ပြေးထွက်သွားသော သူတော်စင်ဘုရင် အဆင့် ကျင့်ကြံသူ နှစ်ယောက်သည် ဘာတွေ ဖြစ်ပျက်နေလဲ ဆိုသည်ကို နားမလည်နိုင်သေးခင်မှာ မီးဘောလုံး နှစ်လုံးစာ မိသွားခဲ့သည်။ တိုးဝင်လာသော အနက်‌ရောင်မီးဘောလုံး နှစ်လုံးကို ရူးရူးမိုက်မိုက်နှင့် ခုခံရန် ကြိုးစားလိုက်ကြသည်။

သို့သော်လည်း မျက်တောင်တစ်ခတ် အတွင်းမှာပင် မီးတောက်များ၏ လောင်ကျွမ်းခြင်း ခံလိုက်ရပြီး မကြာမီ တစ်ကိုယ်လုံး မဲတူးလျက် မြေပြင်ပေါ်သို့ မလှုပ်မယှတ် ပြုတ်ကျသွားခဲ့လေသည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ကျန်ရှိနေသည့် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံး ဆက်၍ မနေရဲတော့ဘဲ ချက်ချင်း လှည့်ပြန်ပြေးကြတော့လေသည်။ ထိုသို့ ပြေးနေရင်း သူတို့ထဲမှတစ်ယောက် အော်ပြောသွား၏ “အကြီးအကဲ၊ ခဏလောက် တောင့်ခံထားနော်။ ကျုပ်တို့ မိသားစုဆီကနေ စစ်ကူသွားခေါ်ပြီး ပြန်လာခဲ့မယ်”

ထိုစကားကို ကြားလိုက်သည့်အခိုက် ရှုရှီရှုန်း နောက်ထပ် သွေးတစ်ပွက် ထပ်အန်လိုက်ရပြီး လုံးဝကို စိတ်ဓါတ်ကျသွားခဲ့ရလေသည်။

သူ့လူများဆီမှ အကူအညီ မရသဖြင့် ဘချင်းယန်ဆီသို့ လှည့်ရတော့သည်။ ရှုရှီရှုန်းက လှမ်း၍ အော်ဟစ်လိုက်သည် “ရောင်းရင်း၊ ငါ့ကို ကူညီပေးမယ်ဆိုရင် တောင်တစ်ရာ ပန်းချီကားချပ်ကို မင်းဆီ ပေးမယ်ကွာ”

ဘချင်းယန်၏ မျက်လုံး မှေးစဉ်းသွားပြီး သူ့ရင်ထဲ လိုချင်တပ်မက်စိတ်တို့ ထွက်ပေါ်လာခဲ့သည်။

ဟိုးယခင်ကတည်းက ရှုမိသားစုအပိုင် ဖြစ်သော တောင်တစ်ရာပန်းချီကားချပ်၏ စွမ်းပမားအကြောင်းကို သူကြားခဲ့ဖူးသည်။ ယနေ့တွင် ထိုပန်းချီကားချပ်၏ စွမ်းအားကို ကိုယ်တိုင်မျက်မြင် ကြုံတွေ့ခဲ့ရသည်။ သူသာ ထိုပန်းချီကားချပ်ကို ရပါက ဟိုင်ခဲမိသားစု၏ နံပါတ်တစ် ပညာရှင်တစ်ယောက် ဖြစ်လာနိုင်ပေလိမ့်မည်။ သာမန် တန်ခိုးရှင်အဆင့် တစ်ယောက်နှင့်ပင် နှစ်ကွက်သုံးကွက်မျှ ယှဉ်ပြိုင်တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်ပေလိမ့်မည်။

သို့သော်လည်း သူ့ရှေ့ရှိ လူငယ်လေးသည် သူရန်စမချင်သည့် တည်ရှိမှုတစ်ခု ဖြစ်နေခဲ့သည်။ တိုက်ပွဲ ဤမျှ ကြာသွားသည့်တိုင် ထိုလူငယ်လည်း မည်မျှ အားကောင်းသလဲ ဆိုသည်ကို ဘချင်းယန် အဖြေ ရှာမတွေ့သေးချေ။ ထို့ကြောင့် သူတုန့်ဆိုင်းနေမိသည်။

“ရောင်းရင်းဘ” ရှုရှီရှုန်းက စိုးရိမ်တကြီးဖြင့် ထပ်မံ အော်ဟစ်လိုက်ပြန်သည်။ သူမီးစာကုန်နေလေပြီ ဖြစ်လေရာ ဆက်လက် မတောင့်ခံနိုင်ပါတော့ချေ။

ဘချင်းယန်၏ အကြည့် ပြတ်သားသွားပြီး ရုတ်တရက် ရှေ့တက်မည်အပြု ရန်ကိုင်က အရိုးစိမ့်တက်မတတ် အေးစက်သည့် အကြည့်ဖြင့် သူ့အား စိုက်ကြည့်၍ အော်ပြောလိုက်သည် “ခင်ဗျား ဝင်ပါရဲပါကြည့်၊ ခင်ဗျား ဘာသာ ဝူရီအမျိုးဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ကျုပ်သောက်ဂရု စိုက်နေမှာမဟုတ်ဘူး။ ခင်ဗျားတို့ အကုန်လုံးကို တစ်ယောက် မကျန် သတ်ပစ်မှာ”

ဘချင်းယန်၏ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ပြီး သူ့ကျောရိုး တစ်လျှောက် စိမ့်တက်သွားခဲ့ရသည်။

ထိုစဉ် ရှုရှီရှုန်း၏ အော်သံနှင့်အတူ တောင်လေးလုံး ပျောက်ကွယ်သွားခဲ့ပြီး အနက်ရောင်မီးတောက်များသည် ရှုရှီရှုန်းကို အပြီးတိုင် ပြာချလောင်ကျွမ်းပစ်တော့သည်။ တိုက်ပွဲပြီးသွားချိန် ရှုရှီရှုန်း၏ အလောင်းကို မည်သည့် နေရာတွင်မှ မတွေ့ရ။ သူ့သိုလှောင်လက်စွပ်နှင့် တောင်တစ်ရာ ပန်းချီကားချပ်ကိုသာ တွေ့ရတော့သည်။

မရေမတွက်နိုင်သော လိုချင်တောင့်တနေသည့် လောဘတကြီး အကြည့်များသည် တောင်တစ်ရာ ပန်ချီကားချပ်ပေါ်သို့ ကျရောက်လာခဲ့သည်။

ရန်ကိုင်သည် အတွေးနက်နေသည့် အမူအရာဖြင့် မလှုပ်မယှတ်ကြီး ရပ်နေခဲ့သည်။ ရှုရှီရှုန်း သေသွားရာမှ ကျကျန်ခဲ့သော သိုလှောင်လက်စွပ်နှင့် တောင်တစ်ရာ ပန်းချီကားချပ်ကို လှမ်းယူမည့်ပုံလည်းမပြု။ ထို့အပြင် သူ့အရှိန်အဝါသည်လည်း နည်းနည်းလေးမှ အားနည်း ယုတ်လျော့သွားခြင်း မရှိခဲ့ဘဲ အချိန်နှင့်အမျှ တဖြည်းဖြည်း ပိုပို၍ အားကောင်းလာနေခဲ့သည်။

ယန်ယန်က သူမ၏ အနက်ရောင်ဝတ်ရုံကို လက်ဖြင့် ကိုင်၍ ရှေ့သို့ ပြေးထွက်သွားသည်။ ထို့နောက် တောင်တစ်ရာ ပန်းချီကားချပ်နှင့် ရှုရှီရှုန်း၏ သိုလှောင် လက်စွပ်ကိုယူကာ အစီအရင်ထဲသို့ အလျင်အမြန် ပြန်ဝင်ပြေးလေသည်။

“ဟူး...” ဘချင်းယန် သက်ပြင်းအမောကြီး ချလိုက်သည်။ တောင်တစ်ရာ ပန်းချီကားချပ်ကို သွားယူရဲသည့် သတ္တိ မရှိသည့်အတွက် လက်လွှတ်ဆုံးရှုံး ခံလိုက်ရာရာ အနည်းငယ်တော့ စိတ်ပျက်မိသွားခဲ့သည်။

နဂါးလိုဏ်တောင်သည် ရုတ်ချည်းဆိုသလို သုဿန် တစပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။

ဟိုင်ခဲမိသားစုများ ကျင့်ကြံသူများသည် တစ်ယောက်ကို တစ်ယောက် သူ့ကြည့်လိုက်၊ ကိုယ့်ကြည့်လိုက် လုပ်နေကြ၏။ သို့သော် မည်သူမှ စကားမပြောကြချေ။ တိုက်ပွဲသည် ဤကဲသို့ အဆုံးသတ်သွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ချေ။ ရှုမိသားစုသည် သူတို့၏ အဖိုးတန် တောင်တစ်ရာ ပန်းချီကားချပ်ကိုပင် ထုတ်ယူခဲ့သော်ငြား ရှုရှီရှုန်းသည် သူတော်စင်တတိယအဆင့်သာ ရှိသေးသော လူငယ်လေး၏ လက်ထဲတွင် အသတ်ခံလိုက်ရသည်။

ကိုယ်တိုင်သာ မမြင်ရလျှင် မည်သူမှ ယုံနိုင်လိမ့်မည် မဟုတ်ချေ။ ဝူရီနှင့် ယုဖုန်းသည်လည်း စကား မပြောနိုင်အောင်ကို ထိတ်လန့်နေခဲ့ကြသည်။

ဂျီးနီးယပ်ဟုခေါ်သော လူပေါင်းများစွာကို သူတို့ ကြားခဲ့ဖူးပေသည်။ အရိပ်လခန်းမ၏ လူငယ်မျိုးဆက်ထဲ၌ပင် ပါရမီရှင်များစွာ ရှိပေသည်။ ထိုပါရမီရှင် ဆိုသူ အားလုံးသည် သူတို့ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သော ကျင့်ကြံသူများကို ယှဉ်တိုက်ခိုက်နိုင်ကြသည့် အတွက်ကြောင့် ထင်ပေါ် ကျော်ကားနေကြခြင်း ဖြစ်သည်။

သို့သော်လည်း ထိုပါရမီရှင်ဟု ခေါ်နေသော လူငယ် အားလုံးသည် ရန်ကိုင်၏ ခြေဖျားကိုပင် မမှီချေ။

ယခုတစ်ကြိမ်တွင် ရန်ကိုင်သည် သူ့ထက် အဆင့်ကြီး တစ်ဆင့် ပိုမြင့်သော ပြိုင်ဘက်ကို ဘာဒဏ်ရာရမှမရဘဲ သတ်ပြနိုင်ခဲ့သည်။

သူသည် ပါရမီရှင်များကြားမှ ပါရမီရှင် ဖြစ်နေလေသလား။ ဝူရီနှင့် ယုဖုန်းတို့ ထိုကဲ့သို့သာ တွေးမိလိုက်သည်။ မိသားစုဆီမှ ခွဲထွက်လာခဲ့ရသဖြင့် ခံစားနေရသော ဝမ်းနည်းမှုတို့နေရာတွင် ထိတ်လန့်မှု၊ အံ့အားသင့်မှုတို့က အစားထိုး ဝင်ရောက်လာခဲ့သည်။

“အာ...” တောင်တစ်ရာ ပန်းချီကားချပ်နှင့် ဆော့ကစားနေသော ယန်ယန်သည် ရန်ကိုင်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည့်အခိုက် အလန့်တကြား ထ‌အော်မိလိုက်သည်။ ယန်ယန် အတွေးနက်သွားခဲ့ပြီး ခဏအကြာ၌ သူမ၏ မျက်နှာလေး အံ့အားသင့်သွား၏။ ထို့နောက် အနက်ရောင်ဝတ်ရုံကြီးကို လက်နှစ်ဖက်ဖြင့် တစ်ဖန်ကိုင်လျက် ရန်ကိုင်ဆီသို့ ပြေးသွားသည်။ ရန်ကိုင် ဆီသို့ ရောက်သော် သူမ၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းအချို့ကို ထုတ်ယူ၍ သူ့ပတ်လည်၌ အစီအရင်တစ်ခု ခင်းကျင်းပေးလိုက်သည်။

သူမ ပြန်လာသည့်အခါ ဝူရီက သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည် “ရန်ကိုင် ဘာဖြစ်လို့လဲ”

“သူအဆင့်ချိုးဖျက်တော့မယ်”

“အာ” ဝူရီ ထိတ်လန့်သွားခဲ့သည်။

“ဒါ...” ယုဖုန်းလည်း ဆွံ့အနေခဲ့သည်။ သူ့စိတ်ထဲ မနာလိုမိသလို ရှက်လည်း ရှက်မိသွားသည်။ တိုက်ပွဲကြီး တစ်ပွဲကို ရင်ဆိုင်တိုက်ခိုက်ပြီးနောက် ရန်ကိုင်သည် နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်တော့ပေမည်။ သူ့လက်ရှိ ကျင့်ကြံခြင်းသည် သူတော်စင် တတိယအဆင့် ဖြစ်သည်။ ထို့ကြောင့် နောက်တစ်ဆင့်သို့ ချိုးဖျက်မည် ဆိုပါက သူနှင့် ဝူရီတို့ ရောက်ရှိနေသော သူတော်စင်ဘုရင် ပထမဆင့်သို့ ရောက်ပေလိမ့်မည်။ ရန်ကိုင်ထက် ကျင့်ကြံခြင်း အဆင့် ပိုမြင့်သဖြင့် စိတ်ထဲ အနည်းငယ် ငါက ပိုသာသည်ဟု ခံစားနေရသော ခံစားချက်လေး ပျောက်ကွယ်သွားခဲ့ရလေသည်။ သို့သော်လည်း ရန်ကိုင်၏ လူမဆန်သော ခွန်အားကို ပြန်သတိရလိုက်ပြီးနောက် သူ့စိတ်အေးသက်သာရာ ရသွားခဲ့သည်။

ထိုကဲ့သို့သော လူတစ်ယောက် ယခုလို အချိန်မျိုး၌ အဆင့်ချိုးဖျက်ခြင်းသည် အထူးအဆန်း မဟုတ်ပါချေ။

ယန်ယန်သည်ပင် ထိုအချက်ကို သတိပြုမိမှဖြင့် ဘချင်းယန်လည်း သတိပြုမိပေသည်။ ထိုစဉ် ဘချင်းယန်သည် ခပ်ဝေးဝေးမှနေ၍ ရန်ကိုင်အား ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ အံ့အားသင့်မှု၊ ထိတ်လန့်မှု၊ စသော ခံစားချက်မျိုးစုံ ရောပြွမ်းနေသော အကြည့်ဖြင့် သေသေချာချာ စိုက်ကြည့်နေခဲ့သည်။

အနည်းငယ် မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်နေသော သက်လတ်ပိုင်းလူကြီး တစ်ဦးက ဘချင်းယန်နား တိုးကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည် “အကြီးအကဲဘ၊ အဲ့ကောင်လေး အဆင့်ချိုးဖျက်တော့မယ့် ပုံပဲ။ ကျုပ်တို့...”

All Chapters