← Chapters

အခန်း (၁၁၃၁-၁၁၃၅)

Vol. 46 Ch. 1131-1135

အခန်း (၁၁၃၁-၁၁၃၅)

Vol. 46 Ch. 1131-1135

အပိုင်း(၁၁၃၁)

ဘချင်းယန်ရင်ထဲ အတော်လေး အောင့်သက်သက် ဖြစ်နေခဲ့သည်။ သူ့ဘက်မှ အကောင်းဆုံးပုံစံဖြင့် ကမ်းလှမ်းပေးနေခဲ့သည်။ အခြားတစ်ယောက်သာဆိုလျှင် ဘာကြောင့် ဤကဲ့သို့ ပြောနေရမည်နည်း။ သူသည် စကားပြောကောင်းသော မြေခွေးအိုကြီးတစ်ကောင် ဖြစ်သည်။ မည်သည့်အချိန်တွင် ဘာကိုပြောသင့်သည်၊ ဘာကို မပြောသင့်သလဲ ဆိုသည်ကို သူသိသည်။

သို့သော်လည်း ရန်ကိုင်နှင့် ရင်ဆိုင်ရသည့်အခါ ဟိုင်ခဲမိသားစုဘက်မှ ပေးထားသည့် ကမ်းလှမ်းချက်ကိုသာ ပွင့်ပွင့်လင်းလင်း ပြောရသည့်ဘဝ ရောက်သွားခဲ့သည်။ အကြောင်းမှာ ထိုလူငယ်လေးသည် အတော်လေးကို စိတ်တိုတွယ်ပြီး စိတ်မရှည်သောကြောင့် ဖြစ်သည်။

ဝူရီကြောင့် ဟိုင်ခဲမိသားစုကို သူအမြင်မကြည် ဖြစ်နေသည်မှာလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သူသာ ယခုနေ လှည့်ထွက်သွားပါက နောက်ထပ် အခွင့်အရေးတစ်ခု ရမည်နိုင်မည် မဟုတ်မှန်း သိလိုက်၏။

လိုအပ်သည်ကို ပြောပြီးနောက် ရန်ကိုင်သာ အရူး မဟုတ်သရွေ့ သူ့ကမ်းလှမ်းချက်ကို လက်ခံပေလိမ့်မည်ဟု ထင်ကာ ရန်ကိုင်အား မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

“အသက်ငါးရှိုက်စာပဲ ကျန်တော့တယ်နော်” ရန်ကိုင်၏ မျက်နှာအမူအရာသည် စိုးစဉ်းမျှ ပြောင်းလဲသွားခြင်းမရှိ။ ဘချင်းယန်၏ ကမ်းလှမ်းချက်ကို နည်းနည်းလေးမှ တပ်မက်သွားခြင်းလည်း မရှိချေ။

ဘချင်းယန်၏ မျက်နှာ ဆေးခါးကြီး စားလိုက်ရသည့်နှယ် ရှုံ့မဲ့သွားခဲ့ပြီး စိတ်ထဲကြိတ်ကာ ကျိန်ဆဲရင်း အံကြိတ်ကာ ပြောလိုက်သည် “မိတ်ဆွေလေး၊ ငါတို့ ဟိုင်ခဲမိသားစုနဲ့ ရှုမိသားစု နှစ်ခုစလုံးက လအရိပ်ခန်းမရဲ့ လက်အောက်ခံ အင်အားစုတွေ၊ ငါတို့ကြား အချင်းများတာလေးတွေ ရှိတယ်ဆိုပေမယ့် တကယ်တမ်း ပြောရရင် ငါတို့ မိသားစုနှစ်ခုက မဟာမိတ်ဆွေတွေပဲ။ သွာအတူ၊ လာအတူ၊ သေအတူ၊ ရှင်အတူ ဆိုပြီးတော့တောင် သဘောတူညီချက် လုပ်ထားတာ။ ဒါကြောင့်သာ မဟုတ်ရင် ငါတို့မိသားစုလေးတွေ အကုန်လုံး လအရိပ်ခန်းမ ဝါးမြိုတာ ခံရတာ ကြာနေပြီ။ မိတ်ဆွေလေး အဲ့အချက်ကို ထည့်ပြီး မစဉ်းစားတာလား”

ခြိမ်းခြေက်နေလေပြီ။ သူပြောချင်သည်ကား ရန်ကိုင်သာ ဟိုင်ခဲမိသားစု၏ ကမ်းလှမ်းချက်ကို လက်မခံပါက ရှုမိသားစုသာ ရန်ကိုင်ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်နှင့် ဟိုင်ခဲမိသားစုသည်လည်း သူ့အား တိုက်ခိုက်ပေလိမ့်မည် ဆိုသည်ပင်။

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး “ခင်ဗျားတို့ သဘောပဲ။ ခင်ဗျားတို့ လာမယ်ဆိုရင်လည်း ကျုပ်ဘက်က အမြဲတမ်း ကြိုဆိုနေပြီးသား။ လာတဲ့အတိုင်းပဲ ပြန်ထွက်သွားနိုင်ဖို့ ဆုတောင်းထားပေါ့”

ပြောပြီးသည်နှင့် ဘချင်းယန် ပြန်ပြောမည်ကိုပင် စောင့်မနေတော့ဘဲ လိုဏ်ဂူထဲသို့ ပြန်ဝင်သွားလေသည်။

ဘချင်းယန် တစ်ကိုယ်လုံး ဒေါသကြောင့် တဆတ်ဆတ် တုန်ရင်နေခဲ့သည်။ သူ့ခွန်အားသည် သိပ်မမြင့်သော်ငြား သူသည် ဟိုင်ခဲမိသားစု၏ အကြီးအကဲတစ်ဦး ဖြစ်နေတုန်းပင်။ ရန်ကိုင်ကို မိသားစုထဲသို့ ခေါ်ရန် အမိန့်ပေးခံရသဖြင့် ဤနေရာသို့ လာခဲ့သည်။ သို့သော် ထိုကောင်စုတ်လေးသည် ထိုမျှ ပြောရဆိုရ လက်ပေါက် ကပ်လိမ့်မည်ဟု သူထင်မည်နည်း။ သူ့ကိုပင် နည်းနည်းမျှ သောက်ဂရုမစိုက်သည်အထိ မောက်မာနေပေသည်။

သူ့ကိုယ်သူ ထိုမျှ အထင်ကြီးနေသည်လား။ သူ့ခွန်အား မြင့်လျှင်ပင် သူတော်စင်ဘုရင် ပထမအဆင့်လေးဖြင့် ရှုမိသားစုကို ခုခံနိုင်လိမ့်မည်ဟု ထင်နေလေသလော။ ထို့သို့ တွေးနေလျှင် ရူးနေလို့သာ ဖြစ်ရပေမည်။

“မိတ်ဆွေလေးရန်” ဘချင်းယန်လည်း ရန်ကိုင်၏ သဘောထားကြောင့် ဒေါသထွက်လာခဲ့လေသည်။ ထို့ကြောင့် အေးစက်စက် လေသံဖြင့် အော်ပြောလိုက်၏ “နဂါးလိုဏ်ဂူတောင်က ငါတို့ ဟိုင်ခဲမိသားစုအပိုင်ပဲ။ အပြင်လူတွေကို မကြိုဆိုဘူး။ မိတ်ဆွေးလေရန် နေချင်ရင် အခြားတစ်နေရာ သွားရှာလိုက်တာကော်ငးမယ်”

လိုဏ်ဂူအပေါက်ဝသို့ ရောက်နေသော ရန်ကိုင်က နောက်သို့ ပြန်လှည့်၍ ဘချင်းယန်အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။

သို့သော်လည်း ဘချင်းယန်က မကြောက်သည့်အပြင် ပြန်၍ပင် လှောင်ပြောင်လိုက်သေးသည် “ဒီနေရာကို ဝူရီ မင်းဆီ ပေးခဲ့တာမှန်တယ်။ ဒါပေမယ့် ဝူရီက မိသားစုကနေ ထွက်သွားတော့ နဂါးလိုဏ်ဂူတောင်လည်း သူ့အပိုင် မဟုတ်တော့ဘူး။ သူ့ဘာသာ မိသားစုဆီ ပြန်လာပြီး မိသားစု ဥပဒေအတိုင်း အပြစ်ခံယူမှပဲ ဒီတောင်ကို သူ့ဆီ ပြန်ပေးနိုင်မယ်။ သူ့ဆီ ပြန်ပေးမယ်ဆိုရင်တောင် ငါတို့ ဟိုင်ခဲမိသားစုက အပြင်လူတွေကို မကြိုဆိုဘူး။ ငါတို့ မိသားစုပိုင်နက်ဆီ လာပြီး ရစ်သီရစ်သီလုပ်နေတဲ့ အပြင်လူတွေကိုတွေ့ရင် ပြင်းပြင်းထန်ထန်ကို အပြစ်ပေးမှာ”

“ထွက်သွားစမ်း” ရန်ကိုင်က နှာခေါင်းရှုံ့လျက် ဘချင်းယန်ဆီ စိတ်စွမ်းအင်လှိုင်းတစ်လှိုင်း ပစ်လွှတ်လိုက်၏။

ဘချင်းယန် နာနာကျင်ကျင် အော်ဟစ်လိုက်ရပြီး နောက်ပြန် လွင့်ထွက်သွားခဲ့သည်။ လေထဲတွင်ပင် သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး သူ့အသားအရေလည်း ဖြူလျော်သွားခဲ့ရသည်။ မြေကြီးပေါ်သို့ ပြုတ်ကျလာချိန် သူ့မျက်နှာပြင်လည်း ကြောက်ရွံ့မှုကြောင့် ဖြူစွတ်နေ၏။

သူသည် သူတော်စင်ဘုရင် တတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်သည်။ သို့သော် ဝိဥာဉ်ခွန်အားပိုင်းတွင် သူတော်စင်ဘုရင်အဆင့်သို့ တက်သစ်စ ရန်ကိုင်ထက် အများကြီး နိမ့်ကျနေသည့်ပုံပင်။ ရန်ကိုင် ပစ်လွှတ်လိုက်သော သာမန်ကာလျှံကာ စိတ်စွမ်းအင်လှိုင်း တစ်လှိုင်းကြောင့် သူ့အသိစိတ်ပင်လယ် ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ရသည်။

ထိုကောင်လေးသာ သူ့အား သတ်ချင်သည်ဆိုပါက သူအသက်ရှိပါလေဦးမလား။

“ဒီတစ်ကြိမ်တော့ ခင်ဗျားကို မသတ်သေးဘူး။ ခင်ဗျား မိသားစုဆီ ပြန်သွားပြီး ပြောပြလိုက်။ ကျုပ်ကို လာပြီး ပြဿနာ ရှာမယ်ဆိုရင် ခင်‌ဗျားတို့ မိသားစုတစ်ခုလုံးကို ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် မကျန်အောင် သတ်ပစ်မှာလို့။ ဝူရီနဲ့ သူ့နောက်လိုက်တွေ အကုန်လုံး ကျုပ်လူတွေ ဖြစ်နေပြီ။ နဂါးလိုဏ်ဂူတောင်ကလည်း ကျုပ်အပိုင်ပဲ။ ကျုပ်ခွင့်ပြုချက်မရဘဲ ဒီတောင်ရဲ့ မိုင်ငါးဆယ် ပတ်လည်ကို ခြေချရဲရင် ကျုပ်ကို ရန်စလိုက်တာနဲ့ အတူတူပဲ”

“မင်း...” ဘချင်းယန် ရန်ကိုင်အား လက်ညိုး ထိုးလိုက်သည်။ သို့သော် ထိန်းချုပ်မရနိုင်သော ဒေါသကြောင့် သူ့လက်ညိုးမှာ တဆတ်ဆတ် တုန်ရီနေပြီး နောက်ထပ် သွေးတစ်ပွက် ထပ်အန်လိုက်ရပြန်လေသည်။ သို့သော်လည်း ဘာမှ ထပ်မပြောရဲတော့လေသဖြင့် ကြယ်လွန်းပျံထုတ်ကာ ချက်ချင်း ပြန်ပြေးလေသည်။

ဘချင်းယန်မှ ဤနေရာတွင် ရှိနေသူ အားလုံးကို အပြစ်ပေးမည်ဟု ပြောလိုက်ချိန် ဝူရီနောက်သို့ လိုက်လာသည့် ကျင့်ကြံသူအားလုံး လန့်သွားခဲ့ကြသည်။ အကုန်လုံးသည် မိသားစု၏ ဥပဒေအတိုင်း ပေးသည့် အပြစ်မှာ မည်မျှ ပြင်းထန်ကြောင်းကို သိထားကြပေသည်။ မိသားစု ဥပဒေအတိုင်း အပြစ်ပေးခံရသည့် လူ(၁၀)ယောက် အနက် ခုနှစ်ယောက်က ဒုက္ခိတ ဖြစ်သွားသည်။ နှစ်ယောက်သည် ပွဲချင်းပြီး သေသွားပြီး ကျန်တစ်ယောက်သည် အိပ်ရာပေါ် ထာဝရ လဲလျောင်း သွားခဲ့ရသည်။

သို့သော်လည်း သူတို့အားလုံး လေးစားကြောက်ရွံ့ရသည့် အကြီးအကဲ ဘချင်းယန်သည် မျက်တောင်တစ်ခတ်အတွင်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားပြီး သွေးတစ်ပွက်အန်ကာ မိသားစုဥပဒေဆိုသော စကားကို တစ်ခွန်းပင် ထပ်မဟရဲတော့ဘဲ အမြီးကုတ်ကာ ထွက်ပြေးသွားခဲ့ရသည်။

ဘာတွေ ဖြစ်ပျက်သွားခဲ့လဲ မည်သူမှမသိ။ သို့သော် တစ်ခဏတာ ကြောင်အမ်းအမ်း ဖြစ်နေပြီးသည့်နောက် အကုန်လုံး ရန်ကိုင်အား လေးစားအားကျမှုအပြည့်ဖြင့် ကြည့်လိုက်ကြသည်။ သူတို့အားလုံး မိသားစုဆီမှ ထွက်လာခြင်းမှာ ဝူရီအပေါ် မိသားစု၏ ဆက်ဆံပုံကို မကြိုက်သည့်အတွက်ကြောင့် ဖြစ်သလို ဝူရီလည်း မိသားစုဆီမှ ထွက်လာခဲ့သောကြောင့် ဖြစ်သည်။ ဘချင်းယန်သည် ဝူရီအား မိသားစုဥပဒေအတိုင်း အပြစ်ပေးမည် လုပ်နေသဖြင့် ထိုလူအိုကြီးကို သူတို့ အားလုံး အတော်လေး အခဲမကြေ ဖြစ်ခဲ့ကြရသည်။ ယခု ဘချင်းယန် ဒဏ်ရာရသွားပြီး ကြောက်လန့်နေသည့် ခွေးတစ်ကောင်လို ထွက်ပြေးသွားသည်ကိုမြင်သော် သူတို့စိတ်ထဲ အတော့်ကိုမှ ကျေနပ်အားရသွားခဲ့ရသည်။

ထိုအဆင့်နိမ့် ကျင့်ကြံသူများသည် ဘချင်းယန်ကို ကြောက်သာ ကြောက်ကြပြီး သူ့အား မလေးစားကြချေ။ ထို့ကြောင့် ဘချင်းယန် သေသေ၊ရှင်ရှင် မည်သူမှ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သူတို့ ဂရုစိုက်သည့်လူကား ဝူရီသာ ဖြစ်သည်။

အထဲသို့ ပြန်ရောက်သော် မျက်နှာညိုးငယ်နေသည့် ဝူရီကို တွေ့လိုက်သဖြင့် အလျင်အမြန်ပဲ နှစ်သိမ့်ပေးလိုက်၏ “စိတ်မပူနဲ့။ မိသားစုဆီ ပြန်မသွားသရွေ့ သူတို့နင့်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး”

“ငါကိုယ်ငါ စိုးရိမ်နေတာမဟုတ်ဘူး။ နင့်ကို စိုးရိမ်နေရတာ။ ရန်ကိုင် ဒီတစ်ကြိမ် နင်တော်တော် လွန်းသွားတယ်။ အကြီးအကဲ ပြောသွားတဲ့အထဲမှာ အမှားမပါဘူး။ ငါတို့မိသားစုနဲ့ ရှုမိသားစုကြားမှာ အဲ့လို သဘောတူညီချက်မျိုး တကယ် ရှိနေတာ။ ရှုမိသားစုက နင့်ကို တိုက်ခိုက်မယ်ဆိုရင် ဟိုင်ခဲမိသားစုကလည်း ဝင်ပြီး တိုက်ခိုက်ရလိမ့်မယ်။ ပြီးတော့ နင်အခုလို အကြီးအကဲဘကို ဒဏ်ရာရအောင် လုပ်လိုက်လို့ ငါတို့ မိသားစုနဲ့ ရှုမိသားစုကို ပိုပြီး နီးကပ်သွားအောင် လုပ်ပေးလိုက်သလို ဖြစ်သွားပြီ”

“ငါ့အကြောင်းငါသိတယ်။ ဘာမှမဖြစ်ဘူး ပူမနေနဲ့။ သူတို့ဘာသာ ဘယ်လိုပဲလာလာ၊ ဒီနေရာကို သိမ်းနိုင်မှာ မဟုတ်ဘူး”

ထိုမိသားစုလေး နှစ်ကို ရန်ကိုင် လုံးဝ မကြောက်ချေ။ သူ့တွင် ရွှေရောင်သွေးစက် အစက်တစ်ရာ ရှိပေသည်။ သူသာ ချောင်ပိတ်ခံရသည်ဆိုပါက ရွှေရောင်သွေးစက် တစ်စက်ကို ထုတ်ဖော်၍ သူတို့ခေါ်လာသည် သူတော်စင် ဘုရင်အဆင့် အားလုံးကို သတ်ပစ်လိုက်ရ့ုပင်။

ရွှေရောင်သွေးစက်၏ စွမ်းအားကို သူကိုယ်တိုင် စမ်းသပ်ပြီးသွားခဲ့လေပြီ။ ထိုရွှေရောင်သွေးစက်ကို မည်သည့် သာမန်သူတော်စင်ဘုရင်အဆင့်မှ ခုခံနိုင်မည် မဟုတ်မှန်း သူသိသည်။ တကယ်တော့ ရွှေရောင် သွေးစက်တစ်စက်သည် သူ၏ သုံးလတာ ကြိုးစား အားထုတ်မှုနှင့် ညီမျှသည် မဟုတ်ပေလော။ ရွှေရောင်သွေးစက်က အရမ်း အဖိုးတန်နေသည့် အတွက်ကြောင့်သာ ရန်ကိုင် အနေဖြင့် ထိုသွေးစက်ကို မလိုအပ်ဘဲ ထုတ်မသုံးလိုခြင်း ဖြစ်သည်။

“အဲ့ဒါအမှန်ပဲ။ ငါဒီမှာရှိနေသရွေ့ ရှုမိသားစုတင် မဟုတ်ဘူး။ တန်ခိုးရှင်အဆင့် ပညာရှင်တွေ လာမယ် ဆိုရင်တောင် ငါတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး” ယန်ယန်က ရုတ်တရက် ဝင်ပြောလိုက်သည်။

ရန်ကိုင်နှင့် ဝူရီတို့ နှစ်ယောက်စလုံး ယန်ယန်အား အံ့အားသင့်တကြီး ကြည့်လိုက်သည်။ သူမ မည်သည့် အချိန်က ပေါ်လာမှန်း နှစ်ယောက်စလုံး မသိလိုက်ကြ၏။

ယန်ယန်က ရုတ်တရက် ပြုံးလျက် “သုံးရက်၊ သုံးရက်ပဲ စောင့်။ အဲ့ကျရင် နင်တို့သိလိမ့်မယ်”

ယန်ယန်၏ ယုံကြည်ချက် မိုးမွှန်နေသည့် အမူအရာကို မြင်သော် ရန်ကိုင် စိတ်လှုပ်ရှားမိသွားသည်။ အဖိုးတန် ပစ္စည်းများစွာသုံး၍ ခင်းကျင်းထားသည့် အကာအကွယ် စိတ်ဝိဥာဉ်အစီအရင် မည်မျှ အားကောင်းသလဲ ဆိုသည်ကို သူအတော်လေး သိချင်နေမိလေပြီ။

ယန်ယန်၏ ယုံကြည်ချက်ရှိသည့် အပြုံးကိုမြင်ပြီး ဝူရီ၏ ရင်ထဲရှိ ပူပင်သောကတို့ အလိုလို လျော့ပါသွားခဲ့ရသည်။

နဂါးလိုဏ်ဂူတောင်တွင် လူအနည်းငယ်သာ ရှိသော်ငြား အကုန်လုံးသည် အစီအစဉ်တကျနှင့်။ ငွေကြေးနှင့် အခြားသော အရင်းအမြစ်များသည် ဝူရီ၏ စီမံမှုအောက်တွင် ရှိနေသည်။ ဝူရီ လူများနှင့် ကျောက်တုံးရုပ်သေးရုပ်၏ အကူအညီကြောင့် ယန်ယန်သည် မဟာစိတ်ဝိဥာဉ် အစီအရင်ကြီးကို အလျင်အမြန် ခင်းကျင်းနိုင်ခဲ့သည်။

သူ့နေသည့် ကျောက်တုံးခန်းသို့ ပြန်လာသည့်အခါ အသစ်လုပ်ထားသည့် ကျောက်တုံးတံခါး တစ်ချပ်ကို တွေ့လိုက်ရသည်။ ထိုကျောက်တုံးတံခါးသည် ပါးလွှာပြီး အလွန်တရာကိုမှ ကျစ်လစ်မာကျောသည်။ ထိုတံခါးကို ပိတ်လိုက်လျှင် အပြင်ဘက်မှ မည်သည့်အသံမှ သူ့ဆီ မရောက်နိုင်တော့ချေ။ ထို့ကျောက်တုံ တံခါးတွင် အပြင်ဘက်မှ အသံများကို တားဆီးပေးနိုင်သလို ကောင်းကင်စိတ်အာရုံများကို တားဆီးနိုင်သည့် စွမ်းရည် ရှိပေသည်။ သို့သော်လည်း သူ့ကောင်းကင်စိတ်အာရုံသည် လေဟာနယ်ကို ခုန်ကျော်သွားနိုင်သည့် အတွက်ကြောင့် အထဲတွင် ဘာရှိသလဲ ဆိုသည်ကို ရန်ကိုင် မြင်နိုင်ခဲ့သည်။

ထိုကျောက်တုံးတံခါးသည် ယန်ယန်၏ လက်ရာဖြစ်မှန်း ရန်ကိုင် သေချာသည်။ ထိုကျောက်တုံတံခါးနှင့် ဆိုပါက နောက်ပိုင်း တံခါးပိတ်ကျင့်စဉ် ဝင်သည့်အခါ ပို၍ လွယ်ကူ အဆင်ပြေသွားလေပြီ။ အနည်းဆုံး သူတံခါးပိတ်ကျင်စဉ် ဝင်နေစဉ် အတောအတွင်း မည်သူမှ သူ့အား လာရောက် အနှောင့်အယှတ် ပေးနိုင်တော့မည် မဟုတ်ချေ။

ယန်ယန်အနေဖြင့် သူ့ဆီမှ သူတော်စင်သလင်းကျောက် ထပ်တောင်းရခြင်းသည် စိတ်ဝိဥာဉ်အစီအရင်ကို ခင်းကျင်းဖို့ရာသာမဟုတ်၊ ဤနေရာတွင် နေသူတိုင်းအတွက် လိုအပ်သော အရင်းအမြစ်များ ထောက်ပံ့ပေးလိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။ ထိူလူမျာသည် ရန်ကိုင်နှင့် ဘာမှမဆိုင်သော်ငြား သူတို့အားလုံးသည် ဝူရီကြောင့် မိသားစုဆီမှ ထွက်လာကြခြင်း ဖြစ်ပြီး လက်ရှိတွင့် သူ့အား အမျိုးမျိုးသော ကိစ္စများ၌ ကူညီပေးနေခဲ့သည်။ ထို့ကြောင့် ရန်ကိုင်အနေဖြင့် သူတို့အား ဖြစ်သလိုထား၍ မဖြစ်ချေ။ နောက်ပိုင်း သူတို့ ကျင့်ကြံရေးအတွက် သူတော်စင် သလင်းကျောက်များကို လိုအပ်ပေလိမ့်မည်။

သူတော်စင်သလင်းကျောက် အများကြီးအား အချိန်တို အတွင်း လိုချင်သည်ဆိုပါက လေဟာနယ်ဝိဥာဉ် သလင်းကျောက်များကို ထုတ်ရောင်းလိုက်ခြင်းသည် အကောင်းဆုံး နည်းလမ်း ဖြစ်ပေသည်။ သို့သော် ထိုနည်းလမ်းသည် ဥာဏ်မရှိသည့် နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။ ထို့ကြောင့် ထိုအလုပ်မျိုး ရန်ကိုင် လုပ်လိမ့်မည် မဟုတ်ချေ။

လေဟာနယ်ဝိဥာဉ် သလင်းကျောက် အများကြီး ဈေးကွက်ထဲ ရုတ်တရက် ထွက်ပေါ်လာပါက လူများစွာ၏ အာရုံကို ဆွဲဆောင်မိသွားနိုင်သည်။ လေဟာနယ်ဝိဥာဉ် သလင်းကျောက်များကို ရောင်း၍ မဖြစ်လေရာ ငွေပေါက် နောက်တစ်ပေါက် ဖန်တီးရပေမည်။

ရန်ကိုင်သည် အဆင့်မြင့် ဆေးပညာရှင်တစ်ယောက် ဖြစ်သည့်အတွက်ကြောင့် ငွေကိစ္စအား ဘယ်သောအခါမှ ပူစရာမလိုခဲ့ချေ။

နတ်ဆိုးစာအုပ်ထဲတွင် မရေမတွက်နိုင်သော ဆေးပင် အမျိုးမျိုး ရှိနေပေသည်။ ထိုဆေးများထဲမှာ အများစုကို ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ မလာခြင်းဖြစ်ပြီး အချို့သည် လွင့်မျောတိုက်ကြီးမှ ဖြစ်ကာ အချို့သည် ကွေ့ချဲ့ကဲ့သို့သော လူများဆီမှ ရလာခြင်းဖြစ်သည်။

ရန်ကိုင် ပိုင်ဆိုင်ထားသော ဆေးပင်ပမာဏသည် အလယ်အလတ်အဆင့် အင်အားစုတစ်ခု၏ ပိုင်ဆိုင်မှုနှင့် တူညီလုနီးပါးရှိသည်။ သူ့ဆေးပင်များထဲ တန်ခိုးရှင်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပင်များပင် ပါဝင်ပေသည်။

ဆေးပင်အချို့နှင့် ဆေးမီးကိုထုတ်ကာ ရန်ကိုင် စတင် ဆေးဖော်စပ်တော့လေသည်။

ယခု သူ့ကျင့်ကြံခြင်းအဆင့် တိုးတက်လာခဲ့ပြီ ဖြစ်လေရာ သူ့ဆေးပညာ အရည်အချင်းသည်လည်း တိုးတက်လို့ လာခဲ့လေပြီ။ သူတော်စင်ဘုရင် အထွဋ်အထိပ် အဆင့် ဆေးလုံးများကို သန့်စင်ကြည့်လိုက်ရာ အလွယ်တကူ သန့်စင်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ ဆေးသွေးကြော ပါသည့် ဆေးလုံးအရေအတွက်မှာ နည်းသော်လည်း နှစ်ဆယ်ရာခိုင်နှုန်းတော့ ရှိနေပေသည်။

အချိန်ကြာလာသည်နှင့် နှစ်ဆယ်ရာခိုင်နှုန်းမှ၊ နှစ်ဆယ့်ငါး၊ ထိုမှ သုံးဆယ်ရာခိုင်နှုန်းအထိ ဖြစ်လာခဲ့သည်။

ရန်ကိုင်၏ ခန့်မှန်းချက်အရ လက်ရှိသူသည် တန်ခိုးရှင် အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်နေပေပြီ။ ဆိုလိုသည်ကား လက်ရှိရန်ကိုင်သည် တန်ခိုးရှင် အဆင့်နိမ့် ဆေးလုံးများကို အောင်အောင်မြင်မြင် သန့်စင်နိုင်လေပြီ။ သို့သော်လည်း တန်ခိုးရှင်အဆင့် ဆေးလုံးကို သန့်စင်ရာတွင် မအောင်မြင်နိုင်ချေလည်း ရှိပေသေးသည်။

ထို့ကြောင့် တန်ခိုးရှင်အဆင့် ဆေးလုံးကို ဖော်စပ်၍ မအောင်မြင်လျှင် ဆေးပင်များ အလဟဿ ဖြစ်သွားနိုင်၏။ ထို့ကြောင့် တန်ခိုးရှင်အဆင့်‌ဆေးလုံးကို ဖော်စပ်ရန် သူ့ကိုယ်သူ ဖိအားပေးမနေဘဲ လောလောဆယ်တွင် ငွေရှာရန်သာ အာရုံစိုက်ထားလိုက်သည်။ ဆေးသွေးကြော ပါသော သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် ဆေးလုံး တစ်လုံး၏ တန်ဖိုးသည် သာမန်တန်ခိုးရှင်အဆင့် ဆေးလုံး တစ်လုံးထက် ပိုတန်ဖိုးကြီးပေသည်။ ထို့ကြောင့် တန်ခိုးရှင် အဆင့် ဆေးလုံးကို အရဲစွန့်ပြီး ဖော်စပ်နေစရာ မလိုချေ။

ရန်ကိုင်သည် အိပ်ဖို့စားဖို့ကိုပင် သတိမရတော့ဘဲ တောက်လျှောက် ဆေးဖော်စပ်နေခဲ့သည်။ ဆေးဖော်စပ်ခြင်းဖြင့် တက်သစ်စ ကျင့်ကြံခြင်းကိုလည်း ပို၍ ခိုင်မာကျစ်လစ်သွားစေခဲ့သည်။

သူတော်စင်ဘုရင်အဆင့် ဆေးလုံးများ အဆက်မပြတ် ထွက်ပေါ်နေခဲ့လေရာ မကြာမီ သူ့ကျောက်တုံးခန်း တစ်ခန်းလုံး ဆေးပုလင်းများဖြင့် စုပုံလာခဲ့သည်။

အခြားဆေးပညာရှင်များအတွက် ဆေးတစ်ကြိမ် ဖော်စပ်ပြီးလျှင် အနားယူရန် လိုအပ်သော်လည်း ရန်ကိုင် အတွက်မူ ထိုကဲ့သို့ လုပ်နေစရာ မလိုချေ။ သူ့တွင် အလွန်တရာကိုမှ အားကောင်းလှသော စိတ်စွမ်းအင် ရှိသလို စိတ်စွမ်းအင်ကို မကုန်ခမ်းစေရအောင် အဆက်မပြတ် အားဖြည့်ပေးနေသည့် ခြောက်ယောင်ခြယ်ဝိဥာဉ် ကြာပန်လည်း ရှိသည်။ သူ့ကောင်းကင်စိတ်အာရုံ၏ သိပ်သည်းဆသည် အဆင့်တူများထက် အဆများစွာ ပိုမိုအားကောင်းသည်။ ရန်ကိုင်၏ စိတ်စွမ်းအင် ကုန်ဆုံးနေသည့် နှုန်းသည် ဝိဥာဉ်ကြာပန်းမှ ပြန်လည်၍ ဖြည့်တင်းပေးနေသည့်နှုန်းနှင့် တူညီနေခဲ့သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၁၁၃၂)

သုံးရက်ကြာပြီးနောက် အခန်းထဲ ဆေးဖော်စပ်နေစဉ် ယန်ယန်၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံကို ကြားလိုက်ရ၏ “စလိုက်တော့”

ထို့နောက် ကြမ်းပြင်လှုပ်ခါလာပြီး အခန်း မျက်နှာကြက် ပေါ်ရှိ ဖုန်မှုန်များ အောက်သို့ ပြုတ်ကျလာခဲ့သည်။ သို့သော် မကြာမီ အရာအားလုံး တစ်ဖန်ပြန်လည် တည်ငြိမ်သွားပြီး အပြင်ဘက်မှ ဟစ်ကြွေးအော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့၏။

ဘာတွေဖြစ်နေတာလဲ ရန်ကိုင်လည်း အံ့ဩတကြီးဖြင့် ဆေးပင်၊ ဆေးမီးဖိုကိုချကာ အပြင်သို့ ထွက်ကြည့်လိုက်သည်။

အခန်းအပြင်ဘက်တွင် လူပေါင်းများစွာ အတူစုဝေး၍ ဝမ်းသာအားရ အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။ လွန်ခဲ့သော ရက်ပိုင်းက စိတ်ဓါတ်ကျဝမ်းနည်းနေခဲ့သော ဝူရီပင်လျှင် ဝမ်းသာအားရ ပြုံးနေခဲ့သည်။ ယန်ယန်ကမူ သူမကိုယ်သူမ မိုးမြေအရှင်သခင်တစ်ပါးဟု ထင်နေသည့် အလား လက်ကိုပိုက်လျက် ဂုဏ်ယူဝံ့ကြွားစွာ ပြုံးနေခဲ့သည်။ ယုဖုန်းသည် သူမဘေးတွင်ရပ်လျက် ချီးကျူးစကားများကို ရေပက်မဝင်အောင် ပြောနေခဲ့လေသည်။ ဘာတွေ ဖြစ်နေမှန်း နားမလည်သေးလေရာ ရန်ကိုင် မျက်မှောင် ကြုတ်မိသွားခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ” ထို့ကြောင့် ဝူရီဘက်သို့ လျှောက်သွားလိုက်ပြီး မေးလိုက်သည်။

“အို၊ ယန်ယန် အခုလေးတင် စိတ်ဝိဥာဉ်အစီအရင် ခင်းကျင်းလို့ ပြီးသွားတာလေ” ဝူရီက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

“ပြီးသွားတာလား” ရန်ကိုင် သူ့ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။ သို့သော် မည်သည့် ထူးခြားမှုကိုမှ မတွေ့ခဲ့ရ။ ရှင်းရှင်းပြောရလျှင် ဤနေရာ တစ်ခုလုံးသည် လွန်ခဲ့သော လဝက်ခန့်ကအတိုင်းသာ ရှိနေသေးသည်။ မြေနေရာပုံစံသည် ယခင်အတိုင်းသာ ရှိနေသေးသော်လည်း တစ်ခုခု ပြောင်းလဲသွားသလို သူ့စိတ်ခံစားလိုက်ရသည်။ ဘာပြောင်းလဲသွားသလဲ ဆိုသည်ကိုမူ သူမပြောတတ်ချေ။

ထို့ကြောင့် ရန်ကိုင်၏ အမူအရာ ရုတ်ချည်း လေးနက် တည်ကြည်သွားခဲ့လေသည်။ ယန်ယန်ကို အထင်သေးမိ နေသေးမှန်း နားလည်လိုက်သည်။ ယန်ယန် ခင်းကျင်း ထားသော အကာအကွယ် စိတ်ဝိဥာဉ်အစီအရင်ကို သူလုံးဝ အာရုံမခံနိုင်ချေ။

“ယန်ယန်၊ ဒီအကာအကွယ်စိတ်ဝိဥာဉ် အစီအရင် ဘယ်လောက် အားကောင်းလဲ” ရန်ကိုင်က လှမ်းအော်မေးလိုက်သည်။

“နင်စမ်းကြည့်ချင်လား” ယန်ယန်၏ မျက်လုံးထဲ ဥာဏ်နီဥာဏ်နက် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။ ပြီးနောက် ချက်ချင်းပဲ ရန်ကိုင်ကို တိုက်တွန်းလေသည် “သွားစမ်းကြည့်လိုက်။ နင်နားလည်သွားလိမ့်မယ်”

ရန်ကိုင်က ယန်ယန်ကို ခဏတာမျှ ကြာသည်အထိ စိုက်ကြည့်နေပြီးနောက် ခေါင်းခါရမ်း၍ ပြောလိုက်သည် “ငါဝင်သွားရင် ငါမျက်နှာပျက်သွားမှာပေါ့”

“မသေချာဘူးလေ။ နင်က အရမ်းကြမ်းတာပဲဟာကို။ သူတော်စင်ဘုရင် တတိယအဆင့်ကိုတောင် သတ်နိုင်သေးတာ င့ါအစီအရင်ကိုလည်း အလွယ်လေး ချိုးဖျက်သွားရင် ချိုးဖျက်နိုင်မှာပေါ့” ယန်ယန်က ရန်ကိုင်၏ ခွန်အားကို ချီးမွမ်းရင်း သူမ ခင်းကျင်းထားသည့် စိတ်ဝိဥာဉ် အစီအရင်၏ စွမ်းအားကို နှိမ့်ချပြောဆိုလိုက်သည်။

ရန်ကိုင်ကမူ ပြုံးသာပြုံးလိုက်ပြီး သေချာ စစ်ဆေး ကြည့်နေလိုက်သည်။

စိတ်ဝိဥာဉ်အစီအရင်များကို သာမန် အမြင်ဖြင့် သွားဆုံးဖြတ်၍ မရချေ။ ရန်ကိုင်သည် သူတော်စင်ဘုရင် တတိယအဆင့်ကို သတ်နိုင်သော်လည်း ဆန်းကြယ် နက်နဲသော စိတ်ဝိဥာဉ်အစီအရင်တစ်ခုထဲ ပိတ်မိသွားလျှင် ဘယ်တော့မှ ပြန်မထွက်လာနိုင်သည်မှာလည်း ဖြစ်သွားနိုင်သည်။

ယန်ယန်က သေချာမပြောသော်လည်း သူမ၏ စိတ်ဝိဥာဉ်အစီအရင်အပေါ် မည်မျှ ယုံကြည်ချက် ရှိကြောင်းကို လူတိုင်း မြင်တွေ့နိုင်ပေသည်။ သူသာ သူမ ခင်းကျင်းထားသည့် စိတ်ဝိဥာဉ်အစီအရင်ထဲ ဝင်သွားလိုက်ပါက အားလုံးရှေ့ မျက်နှာပျက်ရမည်မှန်း ရန်ကိုင်သိသည်။

အားလုံးက စောင့်ကြည့်နေလေရာ ထိုကဲ့သို့ ရူးမိုက်သည့် အလုပ်မျိုး ဘာကြောင့် လုပ်ရမည်နည်း။

ရန်ကိုင်က သူမမြှောက်ပေးသည့်အတိုင်း လိုက်မကသည်ကို မြင်သော် ယန်ယန်က အထင်အမြင် သေးသေးဖြင့် နှာခေါင်းသာရှုံ့လိုက်ပြီး ရန်ကိုင်အား လျစ်လျူရှုထားလိုက်တော့သည်။ သူမ ခင်းကျင်းလိုက်သည့် စိတ်ဝိဥာဉ်အစီအရင်အပေါ် ယုံကြည်မှုအပြည့်ရှိသည်။ စိတ်ဝိဥာဉ်အစီအရင်အကြောင်း ဘာမှမသိသည့် လူတစ်ယောက်သာ ထိုစိတ်ဝိဥာဉ်အစီအရင်ထဲ ရောက်သွားမည် ဆိုပါက သူတို့ မည်မျှပင် သန်မာစေကာမူ ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ယန်ယန် အနည်းငယ် စိတ်ပျက်နေရသည်ကား သူမတွင် ပစ္စည်းအလုံအလောက် မရှိခဲ့သည့်အတွက်ကြောင့် ခင်းကျင်းလိုက်သည့် စိတ်ဝိဥာဉ်အစီအရင်သည် ခုခံနိုင်စွမ်းသာ ရှိပြီး တိုက်ခိုက်နိုင်စွမ်း မရှိခြင်းပင်။ သူမကိုသာ ပစ္စည်းနှင့်အချိန် အလုံအလောက် ပေးမည် ဆိုပါက နဂါးလိုဏ်ဂူတောင်တစ်ခုလုံးအား ခွင့်ပြုချက်မရဘဲ ကျူးကျော်လာသည့် လူတိုင်းကို ရှင်းပစ်နိုင်မည့် ခံတပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်ပေသည်။

ဤကဲ့သို့သော စိတ်ဝိဥာဉ်အစီအရင်မျိုးကို ရန်ကိုင် နားမလည်သော်လည်း သူ့အတွေ့အကြုံအရ ဤစိတ်ဝိဥာဉ် အစီအရင်သည် အတော်လေးကို ဆန်းကြယ်နက်နဲမှန်း ရန်ကိုင်သိသည်။ ထိုစိတ်ဝိဥာဉ်အစီအရင်ကို သူလုံးဝ မစူးစမ်းနိုင်ခဲ့ချေ။

စူးစမ်းရန်အတွက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်တိုင်း သူ့ကောင်းကင်စိတ်အာရုံသည် ပင်လယ်ထဲ ပစ်ချလိုက်သည့် ခဲတစ်လုံးနှယ် ဖြစ်သွား၏။ မသိလျှင် လေဟာနယ်ကိုယ်တိုင်ပင် ကောင်းကင် စိတ်အာရုံကို ဝါးမြိုပစ်နိုင်သည့်နှယ်။

ရန်ကိုင်၏ စိတ်စွမ်းအင်ကို သာမန်ကျင့်ကြံသူ တစ်ယောက်၏ စိတ်စွမ်းအင်နှင့် သွားယှဉ်၍ မရသည်ကို သတိပြုမိသင့်သည်။ ကျင့်ကြံခြင်းသည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသော်လည်း သူ့စိတ်စွမ်းအင်သည် တန်ခိုးရှင်အဆင့် တစ်ယောက်၏ စိတ်စွမ်းအင်ကဲ့သို့ အားကောင်းပေသည်။ သူပင်လျှင် ဘာကိုမှ မစူးစမ်းနိုင်သည်ကို ထောက်ရှုကြည့်လျှင် ဤစိတ်ဝိဥာဉ် အစီအရင် မည်မျှ အံ့ဩဖွယ်ကောင်းကြောင်းကို မြင်တွေ့နိုင်ပေသည်။

မဟာနတ်ဆိုးနတ်ဘုရား၏ သုတ်သင်ခြင်းနတ်ဆိုး မျက်လုံးကို စတင် ရရှိပြီးသည့်အချိန်မှစ၍ ၎င်းကို ထုန်းရွှမ် လောကကြီးတွင် ရှိခဲ့စဉ်က အရိုးမျိုးနွယ်စုနှင့် တိုက်ပွဲတွင်သာ တစ်ကြိမ်အသုံးပြုခဲ့ဖူးသည်။ နောက်ပိုင်း တစ်ခါမှ အသုံးမပြုဖြစ်တော့ချေ။ သို့သော်လည်း ဒုတိယ အကြိမ်မြောက် အသုံးပြုရသည့် အချိန်သည် ယန်ယန် ခင်းကျင်းထားသည့် စိတ်ဝိဥာဉ်အစီအရင်ကို စစ်ဆေးရန် အတွက် ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

ရွှေရောင်သွေးစက် ရန်ကိုင်၏ မျက်လုံးထဲ စီးဝင်သွာသည်နှင့် သူ့ဘယ်ဘက်မျက်လုံး ရုတ်တရက် ရွှေရောင်တောက်လာခဲ့ပြီး ကြီးကြယ်မြင့်မြတ်သော အရှိန်အဝါတစ်ရပ် သူ့ကိုယ်မှ ဖြာထွက်လာခဲ့သည်။ ရန်ကိုင်နားတွင် ရပ်နေသော ဝူရီနှင့် ယန်ယန်တို့ နှစ်ယောက်စလုံး ဘာကြောင့်မှန်းမသိ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြသည်။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို သုံးလိုက်သည့် အချိန်တွင်မူ သဲလွန်စအချို့ကို ရန်ကိုင် ရှာတွေ့နိုင်ခဲ့သည်။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် မဟာနတ်ဆိုး နတ်ဘုရား၏ နတ်ဘုရားစွမ်းရည်များအနက် တစ်ခုဖြစ်ပြီး ပုံရိပ်ယောင်အားလုံးကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိသည်။ ယန်ယန်၏ စိတ်ဝိဥာဉ်အစီအရင်သည် သိမ်မွေ့နက်နဲ သော်လည်း လုံးဝ အာရုံခံမရသည့်အရာမျိုး မဟုတ်ချေ။

ရွှေရောင်မျက်လုံးဖြင့် ဝေ့ကြည့်လိုက်သည့်အခိုက် လိုဏ်ဂူအပြင်ဘက် မီတာတစ်ထောင်အကွာခန့်တွင် သွေးကြောများသဖွယ် ယှတ်ဖြာ၍ အရံအတားတစ်ခု အဖြစ် ဖွဲ့စည်းနေသော ပုန်းကွယ်နေသည့် စွမ်းအင်စီးကြောင်း များကို တွေ့လိုက်ရသည်။ ထိုစွမ်းအင်စီးကြောင်းများကို သာမန်မျက်လုံး သို့မဟုတ် ကောင်းကင်စိတ်အာရုံဖြင့် မမြင်နိုင်ချေ။ သို့သော် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးဖြင့် ဆိုလျှင်မူ မြင်နိုင်ပေသည်။

ထိုစွမ်းအင်စီးကြောင်းများမှ အန္တရာယ်များသည့် အရှိန်အဝါတစ်ခုကို ရန်ကိုင် ခံစားမိလိုက်သည်။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကြောင့် ယန်ယန် ခင်းကျင်းထားသည့် စိတ်ဝိဥာဉ်အစီအရင်ကို မြင်နိုင်လိုက်သော်ငြား ထိုအစီအရင်အား မည်ကဲ့သို့ ချိုးဖျက်ရမလဲ၊ ဖြတ်သွားရမလဲ ဆိုသည်ကိုမူ မသိနိုင်ခဲ့ချေ။ ထို့ကြောင့် ရန်ကိုင်လည်း အတော်လေးကိုမှ အံ့အားသင့် ထိတ်လန့်သွားရပြီး သာမန်ရတနာတစ်ခုမဟုတ်ဘဲ အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါးကို ကောက်ယူ မိလိုက်ပြီမှန်း ချက်ချင်း နားလည်လိုက်သည်။

“ရန်ကိုင်၊ နင်သွားမှာလား မသွားဘူးလား။ မြန်မြန် ဆုံးဖြတ်တော့။ အဲ့စိတ်ဝိဥာဉ်အစီအရင် ဘယ်လောက် အားကောင်းလဲ ငါသိချင်နေပြီ” ရန်ကိုင် မလှုပ်သေးသည်ကို မြင်သော် ယန်ယန်က တွန်းအားပေးလိုက်သည်။

ရန်ကိုင်က သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို ပြန်ရုတ်သိမ်း၍ ခေါင်းခါလျက် “ငါသွားစရာမလိုတော့ဘူး။ ဒီစိတ်ဝိဥာဉ်အစီအရင် ဘယ်လောက်အားကောင်းလဲ ဆိုတာကို စမ်းသပ်ပေးမယ့် လူတွေ ရောက်လာပြီ”

ပြောပြီးသည်နှင့် မိုးကုတ်စက်ဝိုင်း၏ တစ်ခုသော အရပ်ဆီ လှမ်းကြည့်လိုက်လေသည်။

“ဘယ်သူတွေလာတလဲ” ယန်ယန်က မေးလိုက်၏။

“ရှုမိသားစုလူတွေပဲ” ချဉ်းကပ်လာနေသည့် လူများသည် ရှုမိသားစုမှလူမှန်း သိလိုက်သည်နှင့် တစ်ပြိုင်နက် ဝူရီ မျက်နှာပျက်သွားသည်။ ဦးဆောင်လာသော လူကြီး၏ မျက်နှာကိုမြင်သော် အလန့်တကြား ထအော်တော့လေသည် “ရှုမိသားစု ခေါင်းဆောင် “ရှုကျီခွန်း၊ အကြီးအကဲငါးယောက်နဲ့ ဧည့်အကြီးအကဲ လေးယောက်စလုံး ရောက်လာတာ”

“ကောင်းလိုက်တဲ့ လူအင်အား” ရန်ကိုင်က လှောင်ပြုံး ပြုံးလိုက်သည်။

ရှုမိသားစုနှင့် သူ့ကြားရှိ ရန်ငြိုးသည် ကောင်းကင် ကံကြမ္မာမြို့တော်သို့ သူသွားရာမှ စတင်ခဲ့သည်။ သူမရှိစဉ် ရှုမိသားစု၏ အမှိုက်သခင်လေးသည် ဤနေရာကို ဖြတ်သွားတုန်း ယန်ယန်ကို မြင်သွားခဲ့ရသည်။ ထိုမှတစ်ဆင့် အမျိုးမျိုးသော အဖြစ်အပျက်များ ဖြစ်သွားခဲ့လေရာ နောက်ဆုံး၌ ဤအတိုင်းအတာအထိ ရောက်လာခဲ့ရသည်။

သို့သော်လည်း ရှုမိသားစုသည်ပင် ဤနေရာသို့ လာရဲလေရာ သူကကော ဘာကို ကြောက်နေရမည်နည်း။

“ရန်ကိုင်၊ အဲ့လူတွေကို အထင်မသေးနဲ့နော်။ ရှုရှီရှုန်းက အားကောင်းတယ်ဆိုပေမယ့် ရှုမိသားစုထဲမှာ သူက အားအကောင်းဆုံး မဟုတ်သေးဘူး။ ငါကြားတာတော့ ရှုမိသားစုခေါင်းဆောင် ရှုရှီခွန်က တန်ခိုးရှင်အဆင့်ကို ချိုးဖျက်ဖို့ နည်းနည်းလေးပဲ လိုတော့တာတဲ့။ ပြီးတော့ အကြီးအကဲတွေနဲ့ ဧည့်အကြီးအကဲတွေ အကုန်လုံးက သူတော်စင်ဘုရင် တတိယအဆင့်တွေချည်းပဲ။ အဲ့လူတွေ အကုန်လုံးကို နင်တစ်ယောက်တည်း ရင်ဆိုင်လို့ ဖြစ်ပါ့မလား” ဝူရီက စိုးရိမ်တကြီးဖြင့် သတိပေးလိုက်၏။

ရန်ကိုင် အလွန်အားကောင်းမှန်း သူမ သိသော်လည်း ကျားတစ်ကောင်တည်းဖြင့် မြေခွေးတစ်အုပ်လုံးကို အနိုင် မယူနိုင်ချေ။ ရှုမိသားစုသည် သူတို့တွင် ရှိရှိသမျှ အားကောင်းဆုံး ပညာရှင်များကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။

“ငါသူတို့ကို အထင်သေးနေတာ မဟုတ်ဘူး။ ဟိုင်ခဲ မိသားစုက လူတွေလည်း ရောက်လာပြီ။ စိတ်ဝင်စားစရာပဲ” ရန်ကိုင်က အခြားတစ်ဖက်အား အေးစက်စက် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ရန်ကိုင် စိုက်ကြည့်နေရာအရပ်မှ နောက်ထပ်အဖွဲ့ တစ်ဖွဲ့ ပျံသန်းလာနေခဲ့သည်။ ထိုအဖွဲ့၏ ခွန်အားသည် ရှုမိသားစုအောက် မကျချေ။ အဖွဲ့သားတိုင်းသည် သူတာ်စင်ဘုရင်အဆင့်များ ဖြစ်ကြပြီး အတော် များများသည် သူတော်စင်ဘုရင် တတိယအဆင့်များ ဖြစ်ကြသည်။

ဝူရီသည်လည်း ရန်ကိုင်အကြည့်အတိုင်း လိုက်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမ၏ မျက်နှာ ဖြူလျော်သွားခဲ့ရလေသည် “မိသားစု ခေါင်းဆောင်လည်း ရောက်လာတာလား...”

မိသားစုနှစ်ခုစလုံးသည် အတူလာရန် သဘောတူညီချက် လုပ်ထားသည့်ပုံပင်။ ရှုမိသားစုသည် ရန်ကိုင်အား သတ်ရန် ရည်ရွယ်ချက်ဖြင့် ရောက်လာသော်ငြား ဟိုင်ခဲမိသားစု၏ သဘောထားမှာမူ မရှင်းမလင်းပင်။

ယခင်အကြိမ်က ရန်ကိုင်သည် ဘချင်းယန်အား ခွေးမောင်းသလို မောင်းထုတ်ခဲ့သဖြင့် ဟိုင်ခဲမိသားစု မျက်နှာပျက်ခဲ့ရသည်။ ထိုစဉ်က ဟိုင်ခဲမိသားစုသည် ရှုမိသားစုနှင့် ပူးပေါင်းလိမ့်မည်ဟု ရန်ကိုင်အား ခြိမ်းခြောက် သွားခဲ့သည်။

ထိုသို့သာဆိုပါက သူတို့ဘာသာ ဝူရီ၏ မိသားစုဝင် ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ရန်ကိုင်လည်း ဂရုစိုက်နေမည်မဟုတ်။ အကုန်လုံးကို သတ်ပစ်ပေမည်။ ဝူရီကို ကျေးဇူးတင်သော်ငြား ဟိုင်ခဲမိသားစုကိုမူ နည်းနည်းမှ သနားနေမည် မဟုတ်ချေ။

မိသားစုနှစ်ခုစလုံးမှ ကျင့်ကြံသူများ အလျင်အမြန် စုဝေးသွားခဲ့ကြပြီး တစ်ခုခုကို စတင် ဆွေးနွေးတော့၏။ သို့သော် နှစ်ဖက်စလုံး စမလှုပ်ရှားကြသေးချေ။

သို့သော်လည်း ဆွေးနွေပြီးမကြာ မိသားစုနှစ်ခု စတင် အချင်းများတော့သည်။ ရှုမိသားစုခေါင်းဆောင်သည် သူ့လက်ကို ဒေါသတကြီး ဝှေ့ရမ်း၍ ရှုမိသားစုမှ ပညာရှင် များကို ဦးဆောင်ကာ ရန်ကိုင်ဆီသို့ တိုးကပ်လာလိုက်ပြီး ဟိုင်ခဲမိသားစုဝင်များမှာမူ သူတို့ နေရာတွင်သာ မလှုပ်မယှတ် ရပ်နေကြသည်။

ထိုအခြင်းအရာကိုမြင်မှပဲ ဝူရီ သက်ပြင်းချနိုင်၏။

သူမ၏ ယခင်မိသားစုခေါင်းဆောင်နှင့် အကြီးအကဲ များသာ ရန်ကိုင်ကို ဆန့်ကျင်မည်ဆိုလျှင် သူမ ဘာလုပ်ရမည်နည်း။ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ပါစေ သူမသည် တစ်ချိန်က ဟိုင်ခဲမိသားစုဝင် ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် မိသားစုခေါင်းဆောင်မှ အကြီးအကဲများနှင့် ဧည့်သည် အကြီးအကဲများကို ဦးဆောင်၍ ရန်ကိုင်အား တိုက်ခိုက်ရန် ဤနေရာသို့ ရောက်လာခြင်းကို မြင်ရသည်မှာ သူမရင်ထဲ အောင့်သက်သက် ဖြစ်ရသည်။ ကံကောင်းစွာဖြင့် မိသားစုနှင့် ရှုမိသားစုနှင့် ရန်ကိုင်ကြား ကိစ္စကို ချက်ချင်း ဝင်မပါလိုသေးသည့်ပုံပင်။

ထိုရလဒ်သည် လောလောဆယ် ဝူရီ မျှော်လင့်နိုင်သည့် အ‌ကောင်းဆုံး ရလဒ်ပင် ဖြစ်လေသည်။ ဟိုင်ခဲမိသားစုဝင် အကြီးအကဲများ မလှုပ်ရှားသည်ကို မြင်လိုက်သည့်အခါမှပဲ ယုဖုန်းနှင့်တကွ ဟိုင်ခဲမိသားစု၏ ယခင်ကျင့်ကြံသူများ၏ ရင်ထဲ ခဲဆွဲသလို လေးလံနေသည့် ခံစားချက်ကြီး ပျောက်ကွယ်သွားရပြီး သက်ပြင်းအသီးသီး ချလိုက်ကြ၏။

“ချင်းယန်၊ ရန်ကိုင်ရဲ့ ခွန်အားကို မင်းအသိဆုံးပဲ။ ဒီတစ်ကြိမ် သူဘယ်လိုဖြစ်မယ်ထင်လဲ” ဟိုင်ခဲမိသားစု ခေါင်းဆောင် ရီအန်းက အနည်းငယ် ဖြူလျော်နေသည့် ဘချင်းယန်ကို လှည့်မေးလိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဘချင်းယန်သည် ရန်ကိုင်ကြောင့် ဒဏ်ရာရပြီး ဟိုင်ခဲမိသားစုဆီသို့ ပြန်ရောက်လာခဲ့သည်။ ဘချင်းယန် ဒဏ်ရာရလာကြောင်း သိလိုက်ရချိန် အကြီးအကဲများနှင့် ဧည့်အကြီးအကဲများ အားလုံး အံ့အားသင့်သွားခဲ့ကြရသည်။ ရန်ကိုင်အား သူတို့ အထင်ကြီးနိုင်သမျှ အထင်ကြီးထားခဲ့သော်လည်း ထိုမျှနှင်ပင် မလောက်သေးမှန်း အားလုံး သိလိုက်ရသည်။

ဘချင်းယန် ပြောပြပုံအရ ရန်ကိုင်၏ ကောင်းကင် စိတ်အာရုံသည် တန်ခိုးရှင်အဆင့် ပညာရှင်တစ်ယောက်၏ ကောင်းကင်စိတ်အာရုံအောက် မနိမ့်ကျပါချေ။ ထိုမျှ အားကောင်းလှသော ကောင်းကင်စိတ်အာရုံရအောင် ရန်ကိုင် မည်ကဲ့သို့ လေ့ကျင့်ထားသလဲ ဆိုသည်ကို သူတို့ မသိသော်လည်း ထိုအချက်သည် ထိုလူငယ်လေး သာမန် မဟုတ်ကြောင်းကို မီးမောင်းထိုးပြနေခဲ့သည်။

ရန်ကိုင်၏ သဘောထားကြောင့် ဟိုင်ခဲမိသားစုသည် ရန်ကိုင်အပေါ် အတော်လေး စိတ်ပျက်သွားခဲ့သည်။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် သူ့အား ပြဿနာရှာရန် အတွက် ရှုမိသားစုနှင့် ပူးပေါင်းလာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရီအန်းသည် ချက်ချင်း ဆုံးဖြတ်ချက် မချသေးဘဲ နေခဲ့သည်။ ကျားအချင်းချင်း ကိုက်သည်ကို ဘေးနားမှ ထိုင်ကြည့်နေရုံဖြင့် သူကျေနပ်သည်။

ရီအန်း၏ မေးခွန်းကိုကြားသော် ဘချင်းယန်က မှုတ်ကုတ်ကုတ် အမူအရာဖြင့် ပြန်ပြောလိုက်သည် “သူအရမ်း သန်မာတယ်ဆိုပေမယ့် ဒီတစ်ကြိမ်တော့ နိုင်တော့မှာမဟုတ်ဘူး။ တောင်တစ်ရာပန်းချီကားချပ် အတွက် ရှုမိသားစုမှ လူကုန်ထုတ်လာတာ။ ရှုမိသားစုက တစ်ယောက်၊ နှစ်ယောက်ကို သူသတ်ကောင်း သတ်နိုင်လိမ့်မယ်။ ဒါပေမယ့် လက်သီးနှစ်လုံးက လက်သီးချက် အများကြီးကို ဘယ်လိုလုပ်ပြီး တားနိုင်မှာလဲ။ ဒီတစ်ကြိမ် သူကျိန်းသေ သေလိမ့်မယ်”

“ကောင်းတယ်” ရီအန်း၏ မျက်လုံးများ လက်သွားခဲ့သည်။

“မိသားစုခေါင်းဆောင်၊ အခု ကျုပ်တို့ ဝင်ပြီး ကူညီရင် မကောင်းဘူးလား။ ရန်ကိုင်က သေမှာ သေချာနေပြီပဲကို။ ပြီးတော့ အဲ့ကောင်က ကျုပ်တို့ မိသားစုကို မျက်နှာပျက်အောင် လုပ်ထားတာ။ သူ့ကို မိသားစုထဲ ခေါ်ဖို့ လုပ်နေစရာ မလိုတော့ဘူးနဲ့တူတယ်။ အခုနေ သူ့ကို တိုက်ခိုက်မယ်ဆိုရင် ရှုမိသားစုအပေါ်တောင် အကြွေး တစ်ခုတင်သွားရင် တင်သွားနိုင်သေးတယ်။ ပြီးတော့ တိုက်ခိုက်နေတုန်း တောင်တစ်ရာပန်းချီကားချပ်ကိုလည်း လုယူလို့ ရနိုင်သေးတယ်လေ” အကြီးအကဲ ဝလွမ်က အသံတိုးတိုးဖြင့် မေးလိုက်သည်။

“ဟုတ်တယ် မိသားစုခေါင်းဆောင်။ ရှုမိသားစုက တောင်တစ်ရာပန်းချီကားချပ်ကို ဆုံးရှုံးပြီးသွားပြီ။ ဒါကြောင့် တောင်တစ်ရာပန်းချီကားချပ်ကိုသာ ကျုပ်တို့ လုယူနိုင်မယ် ဆိုရင် အဲ့ဒါကို မယူထားနိုင်ရင်တောင်မှ တောင်တစ်ရာ ပန်းချီကားချပ်ကိုသုံးပြီး ရှုမိသားစုဆီကနေ ငွေညစ်လို့ ရတယ်လေ။ တောင်တစ်ရာပန်းချီကားချပ် အတွက်ဆို ရှုမိသားစု လုံးဝကို ရက်ရောလိမ့်မယ်” ဧည့်အကြီးအကဲ ဟွမ်ကျွမ်းကလည်း ဝင်ပြောလိုက်သည်။

“မိသားစုခေါင်းဆောင်က ကျားနှစ်ကောင် ကိုက်တာကို ကြည့်ပြီး နောက်ဆုံးမှ အမြတ်ဝင်ထုတ်ဖို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်” တစ်ယောက်ယောက် ရုတ်တရက် ကောက်မေးလိုက်သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၁၁၃၃)

ဟိုင်ခဲမိသားစုနှင့် ရှုမိသားစုသည် ခွန်အားပိုင်းတွင် အတူတူလောက်သာရှိသည်။ သို့သော် ရှုရှီရှုန်း၏ သေဆုံးမှုနှင့် တောင်တစ်ရာပန်းချီကားချပ် ဆုံးရှုံးမှုကြောင့် လက်ရှိ ရှုမိသားစုသည် ဟိုင်ခဲမိသားစုထက် ပို၍ အားနည်းနေခဲ့လေပြီ။

ရန်ကိုင်သာ ရှုမိသားစုမှ နောက်ထပ် သူတော်စင်ဘုရင် အဆင့် ပညာရှင်အချို့ကို ထပ်သတ်လိုက်ပါက ဟိုင်ခဲ မိသားစုအနေဖြင့် ရှုမိသားစုကို လုံးဝ အမြစ်မှ ဆွဲနှုတ်ပစ်နိုင်ပေလိမ့်မည်။

ထိုသို့ စဉ်းစားမိလိုက်သည်နှင့် ဟိုင်ခဲမိသားစုမှ ပညာရှင်များ၏ သွေးများ ဆူပွက်လာခဲ့ကြသည်။ တစ်ချိန်တည်းတွင် မိသားစုခေါင်းဆောင် ဆိုတဲ့ အတိုင်း၊ သူတို့ထက်ပို၍ ရေရှည်ကို မြင်တတ်ပါလားဟု တွေးမိလိုက်ကြသည်။ သူတို့သည် တောင်တစ်ရာ ပန်းချီကားချပ်ကို လုယူပြီး အကျိုးအမြတ်အချို့ ရယူလိုသော်ငြား ထို့ထက်ပိုသော အခွင့်အရေးကြီးတစ်ခု သူတို့ရှေ့တွင် ရှိနေလေရာ ထိုအခွင့်အရေးလေးကို ဘာကြောင့် ဂရုစိုက်နေရဦးမည်နည်း။

ရီအန်းကမူ ထိုလူအားလုံး ပြောနေသည်ကို လျစ်လျူရှုလျက် ရိုးရိုးရှင်းရှင်းသာ ပြောလိုက်သည် “မင်းတို့ အားလုံး ရေတိုအကျိုးအမြတ်ကိုပဲ စဉ်းစားနေကြတာလား”

“မိသားစုခေါင်းဆောင် ပြောချင်တာက...” အကုန်လုံး ရီအန်းအား မယုံသင်္ကာဖြင့်ကြည့်လိုက်ကြသည်။

ရီအန်းက သက်ပြင်းချ၍ “ငါတို့ ဟိုင်ခဲမိသားစုက ဘာလို့ လအရိပ်ခန်းမရဲ့ လက်အောက်ခံအင်အားစုတစ်ခု ဖြစ်နေရတာလဲ။ ဘာလို့လဲဆိုတော့ ငါတို့က လုံလောက်အောင် မသန်မာမလို့ပဲ။ ငါတို့မှာ တန်ခိုးရှင် အဆင့် ပညာရှင်တစ်ယောက်လောက်သာ ရှိကြည့်ပါလား လအရိပ်ခန်းမ ငါတို့ကို အထင်းသေးနေမှာ မဟုတ်ဘူး”

ရီအန်းဘာကို ပြောချင်နေလဲ မိသလိုက်ရာ အကြီးအကဲ အားလုံး မျက်တောင်ကြုတ်သွားခဲ့သည်။

“မိသားစုခေါင်းဆောင် ပြောချင်တာက ကျုပ်တို့သာ ရန်ကိုင်ကို မိသားစုထဲ ဆွဲခေါ်လိုက်မယ်ဆိုရင် သူ့ကို အားကိုးပြီး တန်ခိုးရှင်အဆင့် ပညာရှင်တစ်ယောက်ကို ပျိုးထောင်နိုင်လိမ့်မယ်ပေါ့”

“အာ၊ မိသားစုခေါင်းဆောင် သူ့ကို ခေါ်ချင်နေတုန်းလား။ ဒါပေမယ့် အဲ့ကောင်လေးက တကယ်ကို စည်းမရှိကမ်းမရှိတဲ့ကောင်နော်” ဝလွမ်က ခေါင်းခါရမ်း၍ ပြောလိုက်သည် “သူလို့ ရိုင်းစိုင်းတဲ့ ဂျူနီယာတစ်ယောက်ကို ခေါ်ဖို့က တကယ် မလွယ်လောက်ဘူးလားလို့”

“ဟုတ်တယ် မိသားစုခေါင်းဆောင်။ ပြီးတော့ သူက အခုမှ သူတော်စင်ဘုရင် ပထမအဆင့်ပဲ ရှိသေးတာ။ အဲ့ကနေ တန်ခိုးရှင်အဆင့်ကို ရောက်ဖို့ဆိုရင် အချိန် အကြာကြီး ကြာဦးမှာ။ အဲ့အချိန်အတွင်း ဘာဖြစ်သွားနိုင်လဲ ဆိုတာကို ဘယ်သူမှ ပြောနိုင်တာ မဟုတ်ဘူး” ဘချင်းယန်က ဝင်ပြောလိုက်သည်။ ရန်ကိုင်က သူ့အား ခွေးမောင်းသလို မောင်းထုတ်ခဲ့သည့်အတွက် ရန်ကိုင်၏ ပြိုင်ဘက် မဟုတ်မှန်း သိသော်ငြား ရန်ကိုင်ကို အတော်လေး မကျေမနပ် ဖြစ်နေခဲ့သည်။ ထို့ကြောင့် ရန်ကိုင်အား ခေါ်ရန် ကြိုးစားမည့် မိသားစုခေါင်းဆောင်၏ အကြံအစည်ကို ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။

ရီအန်းက ခေါင်းခါ၍ အလျင်အမြန် ပြောလိုက်သည် “ချင်းယန်ပြောတဲ့ပုံအရဆို အဲ့ကောင် ဒီတစ်ကြိမ် ကျိန်းသေ သေမှာ။ ဒါပေမယ့် သူမသေခင် ရှုမိသားစုက လူအချိုကိုလည်း ဆွဲခေါ်သွားလိမ့်မယ်။ ငါတို့အနေနဲ့ သူသေခါနီးမှ ဝင်ကူပေးလိုက်ရုံပဲလေ။ ဒီကောင့်မှာသာ လူ့အသိစိတ်ရှိရင် ငါတို့ မိသားစုထဲ ဝင်သင့်တယ် ဆိုတာကို နားလည်လိမ့်မယ်။ သူသာ ငါတို့ မိသားစုထဲ ဝင်လိုက်ရင် တောင်တစ်ရာပန်းချီကားချပ်လည်း ငါတို့အပိုင်ပဲ ဖြစ်လာမှာ မဟုတ်ဘူးလား”

အကုန်လုံး၏ မျက်လုံးများ ဝင်းလက်သွားကြသည်။

စကားမပြောသေးသော ချန်ချီက ရုတ်တရက် ဝင်၍ မေးလိုက်သည် “ကျုပ်တို့မိသားစုထဲ သူမဝင်ချင်ဘူး ဆိုရင်ကော”

ရီအန်းက လှောင်ပြောင်လိုက်သည် “သူမဝင်လို့ မရဘူးလေ။ သူမဝင်ရင် သေသွားရမှာပေါ့”

“ဒါပေမယ့် မိသားစုခေါင်းဆောင်၊ ကျုပ်တို့သာ အဲ့လို လုပ်လိုက်မယ်ဆိုရင် ရှုမိသားစုနဲ့ ရန်ငြိုး ဖွဲ့လိုက်သလို ဖြစ်သွားလိမ့်မယ်နော်” ဘချင်းယန်က စိုးရိမ်ပူပန်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။

“ရှုမိသားစုလား” ရီအန်းက အထင်အမြင်တသေးဖြင့် “ရှုမိသားစုကို ရန်စမိလိုက်လို့ကော ဘာဖြစ်မှာမို့လို့လဲ။ ဒီနေ့ကစပြီး ရှုမိသားစုဆိုတာ မရှိတော့ဘူး”

ထိုစကားကို ကြားလိုက်သည့်အခိုက် ရီအန်း ဘာကြံနေမှန်း အကုန်လုံး နားလည်သွားပြီး သက်ပြင်း ရှိုက်လိုက်မိကြသည်။

မိသားစုခေါင်းဆောင်သည် ခဲတစ်လုံးနှင့် ငှက် သုံးကောင် ပစ်လိုနေခြင်းဖြစ်သည်။ သူသည် လက်ရှိ အခွင့်အရေးကို အသုံးချကာ ရန်ကိုင်အား မိသားစုထဲသို့ ဆွဲခေါ်ချင်နေရုံမက ရှုမိသားစုကိုလည်း အမြစ်ဖြတ် သုတ်သင်ပစ်ရန် ကြံစည်နေခဲ့သည်။ တစ်ချိန်တည်းတွင် ရှုမိသားစု အပိုင်ဖြစ်သော တောင်တစ်ရာ ပန်းချီကားချပ်ကို ယူရန်လည်း ကြိုးစားနေသေးသည်။

ရီအန်း၏ အကြံအစည်ကြောင့် ဟိုင်ခဲမိသားစုဝင် အားလုံး မှင်သက်အံ့ဩနေခဲ့ကြရသည်။

“အဲ့ကောင်လေးသာ မိသားစုထဲ ဝင်မယ်ဆိုရင် ကလန်ရဲ့ အရင်းအမြစ်တွေသုံးပြီး သူ့အတွက် ဆေးလုံး ဝယ်ပေးလို့ရတယ်။ ဆေးလုံးသာရှိမယ်ဆိုရင် သူ့အတွက် တန်ခိုးရှင်အဆင့်ကို ချိုးဖျက်ဖို့ ဆယ်နှစ်တောင် လိုမှာ မဟုတ်ဘူး” ရီအန်းက ဆက်ရှင်းပြလိုက်သည်။

ထိုတောက်ပသော အနာဂတ်ကို စိတ်ကူးယဉ်ရင်း ရီအန်း၏ အမူအရာ ပိုပို၍ တောက်ပလာခဲ့သည် “သူသာ တန်ခိုးရှင်အဆင့်ကို ချိုးဖျက်သွားနိုင်တာနဲ့ ငါတို့ ဟိုင်ခဲ မိသားစုရဲ့ အဆင့်အတန်းလည်း မြင့်တက်သွားပြီပဲ။ အဲ့အခါကျ လအရိပ်ခန်းမထဲကို ဝင်လို့ရပြီ။ အရင်က ငါတို့ ဆုံးရှုံးထားတာတွေကိုလည်း ပြန်ယူနိုင်ပြီ”

အကုန်လုံး သက်ပြင်းရှိုက်သွားခဲ့ကြသည်။

ဆေးလုံးသုံး၍ ကျင့်ကြံခြင်း၏ အကျိုးဆက်များကို သူတို့ သိပေသည်။ ဆေးလုံးသုံး၍ ကျင့်ကြံမည်ဆိုပါက သူတော်စင်ဘုရင် ပထမအဆင့်မှ တန်ခိုးရှင်အဆင့်သို့ အချိန်တိုအတွင်း ရောက်သွားနိုင်မည် ဖြစ်သော်လည်း ထိုကဲ့သို့ လုပ်သည့်မည်သူမဆို သူတို့၏ အခြေခံအုတ်မြစ် ထိခိုက်သွားနိုင်ကာ အကြီးကျယ်ဆုံးသော ပါရမီရှင်များပင် အမှိုက်ဘဝသို့ ရောက်သွားနိုင်သည်။

သို့သော်လည်း ၎င်းမှာ သူတို့အတွက် အရေးမပါချေ။ ရန်ကိုင်သည် ဝူရီ ကြယ်တာရာကောင်းကင်ထဲမှ ကောက်ယူ လာခဲ့သည့် အပြင်လူတစ်ယောက်သာ ဖြစ်သည်။ သူ့တွင် ပြိုင်ဘက်ကင်း အရည်အချင်း ရှိလျှင်ပင် သူသည် ဟိုင်ခဲ မိသားစုဝင်တစ်ယောက် မဟုတ်ချေ။ သူအမှိုက်တစ်စ အဖြစ်သို့ ပြောင်းသွားလျှင်ကော ဘာအရေးနည်း။ သူတို့ မိသားစုအတွက်သာ အကျိုးရှိနိုင်ပါက သူနောက်ပိုင်း ဘာပဲဖြစ်သွားဖြစ်သွား သူတို့ ဂရုမစိုက်ပါချေ။

“မိသားစုခေါင်းဆောင်က အဝေးကို ကြိုမြင်တတ်တာပဲ။ တကယ်ကို လေးစားသွားပြီဗျာ” ဘချင်းယန်က လေးလေးစားစား ဦးညွှတ်လိုက်သည်။ ခဲတစ်လုံးနှင့် ငှက်သုံးကောင်းပစ်ရန် ကြံနေသော မိသားစု ခေါင်းဆောင်၏ အကြံအစည်ကို သူတကယ် လေးစား မိသွားလေပြီ။ သူတို့ အကြံအစည်သာ အောင်မြင်ပါက မိသားစုဂုဏ်သတင်းအား ဆက်လက် ထိန်းသိမ်းနိုင်မည် ဖြစ်သလို ရှုမိသားစုကိုလည်း အမြစ်ဖြတ်နိုင်မည့်အပြင် ရန်ကိုင်ကိုလည်း ရနိုင်ပေလိမ့်မည်။ ထို့နောက် ဆယ်နှစ် ကြာသည့်အခါ သူတို့မိသားစု ထွန်းတောက်ရမည့် အချိန်သို့ ရောက်လာပေလိမ့်မည်။

မိသားစုခေါင်းဆောင်၏ အကြံအစဉ်ကို အကြီးအကဲနှင့် ဧည့်အကြီးအကဲအားလုံး ဝိုင်းချီးကျူးလိုက်ကြသည်။ ရန်ကိုင်နှင့် နည်းနည်းပါးပါး ဆက်ဆံဖူးသော ချန်ချီနှင့် ဟောင်အန်းတို့မှာမူ သက်ပြင်းသာ ချလိုက်သည်။

ရှုမိသားစုဘက်တွင်မူကား...

ရှုမိသားစုခေါင်းဆောင် ရှရှီခွန်သည် ရှုမိသားစုမှ ပညာရှင်များကို ဦးဆောင်ကာ လိုဏ်ဂူဝင်ပေါက်ဆီမှ မီတာ ရာဂဏန်းအတွင်းသို့ ချဉ်းကပ်လာခဲ့သည်။ သို့သော် ယန်ယန်၏ စိတ်ဝိဥာဉ်အစီအရင် ဖုံးလွှမ်းထားသည့် မြေပြင်ပေါ်သို့ ခြေချမိလိုက်သည်နှင့် အကုန်လုံး မျက်မှောင် ကြုတ်သွားကြလေသည်။

သူတို့ရင်ထဲ မကောင်းသည့် အငွေ့အသက်တို့ ရလာသဖြင့် ဘေးပတ်ပတ်လည်ကို လှည်ပတ် စူးစမ်း ကြည့်လိုက်သော်လည်း မည်သည်ကိုမှ ရှာမတွေ့ခဲ့ချေ။

“မိသားစုခေါင်းဆောင် တတိယအကြီးအကဲကို သတ်သွားတာ သူပဲ” ရှုရှီရှုန်းနှင့်အတူ လိုက်ပါလာခဲ့သော သူတော်စင်ဘုရင် တစ်ယောက်က အဝေးတွင်ရှိနေသော ရန်ကိုင်ကို လက်ညိုးထိုးပြလိုက်သည်။

ရှုရှီခွန်၏ မျက်လုံး မှေးစဉ်းသွားပြီး သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ် လှိုင်လှိုင် ထွက်ပေါ်လာခဲ့သည်။ သူ့ရှေ့ရှိ လူငယ်လေးကို ကောင်းကင်စိတ်အာရုံဖြင့် လှမ်း၍ စစ်ဆေးကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လျက် “မင်တို့ပြောတော့ သူက သူတော်စင်တတိယအဆင့်ဆို၊ အခုဘာလို့ သူတော်စင်ဘုရင် ပထမအဆင့် ဖြစ်နေရတာလဲ”

“အာ” အစောပိုင်းက ပြောလိုက်သော ကျင့်ကြံသူ ကြောင်သွားခဲ့ပြီး အလန့်တကြား ပြန်ပြောလိုက်၏ “ဒါပေမယ့် အဲ့နေ့တုန်းက...”

“သောက်သုံးမကျလိုက်တာ ကိုယ့်ရန်သူရဲ့ ကျင့်ကြံခြင်းကိုတောင် မပြောနိုင်မှတော့ မင်း ဘာသောက်သုံးကျဦးမှာလဲကွ၊ ခွေးသူတောင်းစားရဲ့” သတင်းလာပို့ခဲ့သော လူကို ဒေါသတကြီးသာ ဆူပူနေခြင်း ဖြစ်ပြီး သူ့ရင်ထဲ အတော်လေးကို စိတ်သက်သာရာ ရသွားခဲ့သည်။

သူ့မိသားစုမှ ပညာရှင်များ ပြန်ပြောပြခဲ့စဉ်က ရှုရှီရှုန်းသည် သူတော်စင်တတိယအဆင့်သာ ရှိသေးသော လူငယ်လေး တစ်ယောက်၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည် ဟူ၍ပင်။ တောင်တစ်ရာပန်းချီကားချပ်ကိုလည်း ထိုလူငယ်လေးမှ ယူသွားခဲ့သည် ပြောခဲ့ကြသည်။ သူ့ကို လာပြောပြောချင်း မယုံခဲ့ချေ။ ယခု သူကိုယ်တိုင် မြင်လိုက်ရမှပဲ ထိုကောင်လေးသည် သူတော်စင်တတိယ အဆင့်မဟုတ်ဘဲ သူတော်စင်ဘုရင် ပထမအဆင့် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူတော်စင်ဘုရင် ပထမအဆင့်ဖြင့် ရှုရှီရှုန်းကို သတ်နိုင်ခြင်းသည် အရမ်းကြီး ထူးဆန်းနေသည်တော့ မဟုတ်ချေ။

ဟိုင်ခဲမိသားစုသည် ရန်ကိုင်နှင့် ရှုမိသားစုကြားမှ ပဋိပက္ခကို အခွင့်ကောင်းယူချင်သည့် အတွက်ကြောင့် ရန်ကိုင် အဆင့်ချိုးဖျက်သွားသည့် အကြောင်းကို ဘချင်းယန်မှ မပြောဘဲ ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရှုရှီခွန်းသည် သူ့အား သတင်းလာပို့သူများက ရန်ကိုင်၏ ကျင့်ကြံခြင်းကို မှားမြင်မိသည်ဟုသာ ယူဆသွားခဲ့သည်။

သူတော်စင်တတိယအဆင့်ဖြင့် သူတော်စင်ဘုရင် တတိယအဆင့်ကို သတ်နိုင်သည်ဆိုသော အချက်ကို ရှုရှီခွန် သိပ်မယုံချင်ချေ။ သို့သော် သူတော်စင်ဘုရင် ပထမအဆင့် ဆိုလျှင်မူ မတူတော့။ သူတော်စင်ဘုရင် ပထမအဆင့်နှင့် သူတော်စင်ဘုရင် တတိယအဆင့်သည် တစ်ဆင့်ထဲတွင် ရှိနေခြင်းဖြစ်သည်။ သူတော်စင်တတိယအဆင့်ကဲ့သို့ အဆင်ကြီး တစ်ဆင့်လုံး ကွာခြားနေခြင်း မဟုတ်ချေ။

ထိုစဉ်က ထွက်ပြေးလာခဲ့သော သူ့မိသားစုမှ ကျင့်ကြံသူများသည် ကြောက်အားလန့်အားဖြင့် အလျင်စလို ထွက်ပြေးလာသည့် အတွက်ကြောင့် ရန်ကိုင် သူ့ကျင့်ကြံခြင်းအား ဖုံးကွယ်ထားသည်ကို မမြင်မိလိုက်ခြင်း ဖြစ်သည်ဟုသာ ယုံကြည်သွားခဲ့လေသည်။

“ဟျောင့်၊ ငါ့တူကို ဒဏ်ရာရအောင်လုပ်ပြီး ငါ့တတိယ ညီလေးကို သတ်သွားတဲ့ ရန်ကိုင်ဆိုတဲ့ ခွေးကောင်က မင်းလား” ရှုရှီရှုန်းက အော်မေးလိုက်သည် “ငါတို့ ရှုမိသားစု အကြီးအကဲကို သတ်ရအောင် မင်းကို အဲ့သတ္တိ ဘယ်သူ ပေးလိုက်တာလဲ”

ရှုရှီခွန်မှ အော်ဟစ်လိုက်ချိန် ဝူရီနောက်တွင် ရှိနေသည့် ကျင့်ကြံသူအားလုံး သူတို့၏ မှော်ရတနာအသီးသီးကို ထုတ်လိုက်ကြသည်။ ဝူရီနှင့် ယုဖုန်းပင်လျှင် အချိန်မရွေး တိုက်ခိုက်နိုင်ရန် သူတို့၏ သူတော်စင်ချီကို စတင် စုစည်းနေကြလေပြီ။

ရန်ကိုင်က ရှေ့တစ်လှမ်းလှမ်းလိုက်ပြီး ရိသဲ့သဲ့ပြုံးလျက် ပြန်မေးလိုက်သည် “ခင်ဗျားက ရှုမိသားစု ခေါင်းဆောင်လား”

“ဟုတ်တယ်။ ငါပဲ”

“ကျုပ်ကတောင် မလာရသေးဘူး။ ခင်ဗျားက ကိုယ့်ဘာသာကိုယ် ရောက်လာတယ်ဆိုတော့ ပိုကောင်းသွားတာပေါ့။ ကဲ၊ ရောက်လာမှတော့ ဒီမှာပဲ တစ်သက်သုံး နေသွားလိုက်ပေတော့”

အစောပိုင်းက ရှုရှီခွန်အား စကားပြောခဲ့သည့် ကျင့်ကြံသူ တုန်လှုပ်သွားခဲ့ပြီး ချက်ချင်း နောက်သို့ ပြန်ဆုတ်လိုက်လေသည်။

ရှုရှီရှုန်း ဤနေရာသို့ ရောက်လာစဉ်က ထိုလူငယ်လေး ထိုစကား ပြောခဲ့သည်ကို သူသေသေချာချာ မှတ်မိသေး၏။ ထို့နောက် ရှုရှီရှုန်း သေသွားခဲ့ရလေသည်။ ထိုစကားသည် သူတို့ရင်ထဲရှိ ကြောက်ရွံ့စိတ်ကို တစ်ဖန်ပြန်လည် ထွက်ပေါ်လာစေခဲ့သည်။ မိသားစုခေါင်းဆောင်၊ အကြီးအကဲနှင့် ဧည့်အကြီးအကဲများ ရှိနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ချက်ချင်း လှည့်၍ ထွက်ပြေးနေပြီးလောက်ပေပြီ။

သူ့လက်အောက်ငယ်သား တုန်ရီနေသည်ကိုမြင်သော် ရှုရှီခွန်က ထိုလူအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် အံကြိတ်ကာ ရန်ကိုင်အား လှမ်းအော်ပြောလိုက်သည် “အပြောကတော့ ရွှေမိုးပဲ။ တောင်တစ်ရာပန်းချီကားချပ်ကို ပြန်ပေး။ ပြီးရင်း မင်းဒန်တန်ကို ဖျက်စီးပစ်လိုက်။ အဲ့လိုဆို မင်းအသက်ကို ချမ်းသာပေးမယ်။ မဟုတ်ရင်တော့ ငါကို ကြီးနိုင်ငယ်ညှင်း လုပ်ပါတယ်ဆိုပြီး လာအပြစ်မတင်နဲ့နော်”

ရှုရှီခွန်စိတ်ထဲ ရန်ကိုင်အား တစ်စစီဖြစ်သွားအောင် လုပ်ပစ်ချင်စိတ်တို့ တဖွားဖွား ထွက်ပေါ်နေခဲ့သည်။ ထိုသို့ ဖြစ်လေရာ ရန်ကိုင်အား ဘာကြောင့် ထိုမျှ အလွယ်တကူ သေခွင့်ပေးရမည်နည်း။ သူ့စိတ်ကြိုက် နှိပ်စက်ပြီးမှ သတ်ပစ်ရပေလိမ့်မည်။

“သောက်ပိုတွေ ပြောနေတာ တော်လိုက်တော့။ တိုက်မယ်ဆိုလာတိုက်၊ ဒီအဖေက အားယားနေတာ မဟုတ်ဘူး” ရန်ကိုင်က ပြန်၍ လှောင်ပြောင်လိုက်သည်။

“ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်” ရန်ကိုင်မှ သူ့အား ပမာမခန့် လုပ်နေသည်ကိုမြင်သော် ရှုရှီခွန်က ဒေါသတကြီး ပြုံး၍ အော်ဟစ်လိုက်လေသည် “မင်းဆန္ဒအတိုင်းပဲပေါ့”

ပြောပြီးသည်နှင့် ချက်ချင်းပဲ ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့လေသည်။ သူတော်စင်ဘုရင် တတိယအဆင့် ဖြစ်ကြသော ရှုမိသားစု၏ အကြီးအကဲနှင့် ဧည်အကြီးအကဲ အားလုံး ရှုရှီခွန်နောက်မှ အနီးကပ် လိုက်သွားခဲ့ကြသည်။

ရန်ကိုင်၏ ကျင့်ကြံခြင်း မည်သို့ပင် ဖြစ်နေစေကာမူ ရှုရှီရှုန်းကို သတ်နိုင်မှဖြင့် သူ့ခွန်အား နိမ့်ကျစရာအကြောင်း မရှိပါချေ။ ထို့ကြောင့် ရှုရှီခွန်လည်း ရန်ကိုင်ကို မည်ကဲ့သို့ အထင်သေးရဲမည်နည်း။ အစကတည်းက ရန်ကိုင်အား အရေအတွက် အားကိုးဖြင့် သတ်ရန် ကြံစဉ်ထားခြင်း ဖြစ်သည်။

အဝေးမှ စောင့်ကြည့်နေသော ဟိုင်ခဲမိသားစုသည် ရှုရှီခွန်၏ လုပ်ရပ်ကိုမြင်သော ကြောင်အမ်းအမ်း ဖြစ်ကုန်ကြလေသည်။

“သောက်ရှက် မရှိလိုက်တာကွာ” ဝလွမ်က အော်ပြောလိုက်၏။ ကြီးနိုင်ငယ်ညှင်း မလုပ်ချင်ပါဟု လေတစ်လုံးမိုးတစ်လုံး ပြောနေခဲ့သော်ငြား မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်အား ခွန်အား အားကိုးဖြင်သာမက အရေအတွက် အားကိုးဖြင့်ပါ အနိုင်ကျင့်နေကြလေပြီ။ ရှုမိသားစုသည် သူတို့ ထင်ထားသည်ထက် ပို၍ အရေထူပေသည်။

“ဒီလိုဆိုရင် ဒီကောင်လေး ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး။ မိသားစုခေါင်းဆောင် ကျုပ်တို့ ဘာလုပ်သင့်လဲ” ဟွမ်ကျွမ်း မျက်မှောင်ကြုတ်သွားသည်။

ရီအန်းလည်း မျက်နှာပျက်သွားသည်။ ရှုမိသားစုဘက်မှ ထိုကဲ့သို့ တိုက်ခိုက်လိမ့်မည်ဟု သူလည်း မထင်ထားခဲ့ချေ။ ရန်ကိုင်နှင့် ရှုမိသားစုကြားမှ ပဋိပက္ခအပေါ် အမြတ်ထုတ်မည့် သူ့အကြံအစည် မဖြစ်နိုင်တော့သည့်ပုံပင်။ ထို့ကြောင့် သက်ပြင်းချ၍သာ ပြောလိုက်သည် “ရန်ကိုင်သာ အဲ့လိုပဲ သေသွားမယ်ဆိုရင် ငါတို့ မိသားစုထဲ ဝင်ဖို့ မထိုက်တန်ဘူးလို့သာ မှတ်လိုက်ပေါ့။ ဒါပေမယ့်... အရင် စောင့်ကြည့်ကြတာပေါ့ကွာ။ သူအဲ့လောက် လွယ်လွယ် မသေတာလည်း ဖြစ်နိုင်တာပဲ”

ထိုစကားကို ကြားလိုက်သည့်အခါ ဟိုင်ခဲမိသားစုဝင် ကျင့်ကြံသူအားလုံး မှင်သက်နေသည့် အမူအရာမျိုးစုံဖြင့် ကြည့်လိုက်ကြသည်။

ရှုမိသားစုမှ ကျင့်ကြံသူအားလုံး တစ်ပြိုင်တည်း ပြေးဝင်လာနေသည်ကို မြင်သော်လည်း ရန်ကိုင်သည် လှောင်ပြုံးယဲ့ယဲ့လေး ပြုံးလျက်သာ မလှုပ်မယှတ် ရပ်နေခဲ့သည်။

ထို့နောက် လိုဏ်ဂူဝင်ပေါက်၏ မီတာသုံးထောင် ပတ်ပတ်လည်လုံး မြူခိုးများဖြင့် ဖုံးလွှမ်သွားပြီး ရှုမိသားစုမှ ပညာရှင်များသာ ရန်ကိုင်သည်လည်း သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

ဟိုင်ခဲမိသားစုမှ ပညာရှင်များသည် ကောင်းကင် စိတ်အာရုံများကို ထုတ်လွှတ်၍ မြူခိုးထဲ အာရုံခံကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုမြူခိုး၏ အပြင်လွှာကို မည်သူမှ မချိုးဖောက်နိုင်ခဲ့ချေ။

“စိတ်ဝိဥာဉ်အစီအရင်လား” ရီအန်း တစ်ကိုယ်လုံး မဆိုသလောက်ကလေး တုန်ရင်သွားပြီး ကျန်အကြီးအကဲ အားလုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြသည်။

စိတ်ဝိဥာဉ်အစီအရင်တစ်ခု ထိုနေရာတွင် ရှိနေသည့် အတွက်ကြောင့် သူတို့ ထိတ်လန့်သွားခြင်းမဟုတ်။ ထိုစိတ်ဝိဥာဉ် အစီအရင်ထဲ သူတို့၏ ကောင်းကင်စိတ်အာရုံ လုံးဝ မထိုးဖောက်နိုင်သည့် အတွက်ကြောင့်သော ထိတ်လန့် တုန်လှုပ်သွားခဲ့ရခြင်း ဖြစ်သည်။ ထိုစိတ်ဝိဥာဉ်အစီအရင်ကို ခင်းကျင်းထားသည့် လူသည် စိတ်ဝိဥာဉ်အစီအရင် နယ်ပယ်တွင် ကျိန်းသေ ဆရာတစ်ဆူ ဖြစ်ပေလိမ့်မည်။

ဤနေရာတွင် အစီအရင်ပညာရှင်ကြီး တစ်ယောက် နေနေသလော။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၁၁၃၄)

ယန်ယန်မှ စိတ်ဝိဥာဉ်အစီအရင်ကို အသက်သွင်းလိုက် သည်နှင့် တစ်ပြိုင်နက် ရှုမိသားစု ဒုက္ခရောက်ပြီမှန်း ရန်ကိုင် သိလိုက်သည်။

မြူခိုးထုသည် မီတာသုံးထောင်ပတ်လည်ကို အပြည့်အဝ လွှမ်းခြုံထားသည်။ မြူခိုးထဲသို့ ကောင်းကင်စိတ်အာရုံဖြင့် ထိုးဖောက်မကြည့်နိုင်သော်ငြား ရှုမိသားစုဝင်များ၏ ဝေဝါးဝါး ပုံရိပ်များကို မြင်တွေ့နေရသေးသည်။

တစ်ဖက်တွင်မူ ရှုမိသားစုမှ ပညာရှင်အားလုံး ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်နေကြလေသည်။ တစ်ယောက်နှင့် တစ်ယောက် အနီးကပ် ရပ်နေကြသော်လည်း အချင်းချင်း ပြန်မမြင်နိုင်ကြချေ။ မကြာမီ အကုန်လုံး သွေးပျက်ထိတ်လန့် ကြောက်ရွံ့ကုန်ပြီး ခေါင်းမပါသည့် ယင်ကောင်များနှယ် ထင်ရာမြင်ရာအရပ်ဆီ စတင်ပျံသန်းကြလေသည်။

“ရန်ကိုင်၊ ဒီစိတ်ဝိဥာဉ်အစီအရင်က တိုက်ခိုက်လို့ မရဘူး။ သူတို့ကို သတ်ချင်တယ်ဆိုရင် နင်ကိုယ်တိုင် လှုပ်ရှားမှပဲ ရလိမ့်မယ်” ယန်ယန်က လှမ်းပြောလိုက်ရာ ရန်ကိုင်က ခေါင်းညိတ်၍ “ငါသိပြီ”

ပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်မှ အနက်ရောင် မီးတောက်တို့ ပေါက်ကွဲထွက်လာပြီး အနက်ရောင်နဂါး တစ်ကောင်အဖြစ်သို့ ပြောင်းလဲကာ အနီးဆုံးတွင် ရှိနေသော ရှုမိသားစုအကြီးအကဲဆီ တိုးဝင်သွားလေသည်။

ရှုမိသားစု အကြီးအကဲသည် ကြောင်တောင်တောင် ဖြစ်နေဆဲပင်။ သူ့ပတ်ဝန်းကျင်အား သေသေချာချာကို သတိထားနေသော်ငြား မီးနဂါး ထွက်ပေါ်လာသည်ကို သတိမပြုမိခဲ့ဘဲ ထိုနဂါး သူ့အပေါ်တည့်တည့်သို့ ရောက်လာသည့်အခါမှ သတိပြုမိလိုက်သည်။ ဗြုန်းစားကြီး ကောက်ပေါ်လာသော နဂါးကြောင့် ရှုမိသားစု အကြီးအကဲလည်း ဘာလုပ်ရဘာကိုင်ရမှန်းမသိ ဖြစ်သွားပြီး သူ့ခွန်အားကို ကမန်းကတန်းလှည့်ပတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်လေသည်။

သို့သော်လည်း ကံမကောင်းစွာဖြင့် သူထုတ်လွှတ်သော သူတော်စင်ချီသည် အနက်ရောင်မီးတောက်အတွက် လောင်စာ ဖြစ်သွားခဲ့သည်။ မီးတောက်သည် နည်းနည်းမျှ အားနည်းသွားခြင်းမရှိဘဲ ပို၍ပင် အားကောင်းလာခဲ့ကာ တစ်ခဏအတွင်း ရှုမိသားစု အကြီးအကဲကို ဝါးမြိုသွားခဲ့လေသည်။

“အနက်ရောင်မီးတောက်တွေ...” ရှုမိသားစု အကြီးအကဲသည် သူမသေခင် ကြောက်လန့်တကြား အော်ဟစ်သွားခဲ့လေသည်။

ရှုမိသားစုဆီသို့ ပြန်လည် အစီရင်ခံလာသော ကျင့်ကြံသူများဆီမှ ရှုရှီရှုန်းသည် သေသည်အထိ ထိုမီးတောက်များ၏ အရှင်လတ်လတ် လောင်ကျွမ်းခြင်း ခံခဲ့ရပြီး တောင်တစ်ရာ ပန်းချီကားချပ်သည်ပင် မတားဆီးနိုင်ကြောင်း ကြားသိခဲ့ရသည်။

သူ့ခွန်အားသည် ရှုရှီရှုန်းလောက် မမြင့်သည့်အပြင် သူ့တွင် တောင်တစ်ရာပန်းချီကားချပ်ကဲ့သို့သော မှော်ရတနာလည်း မရှိလေရာ အနက်ရောင်မီးတောက်ကို မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

အသက်တစ်ရှိုက်စာ အတွင်းမှာပင် ရှုမိသားစု အကြီးအကဲ မီးသွေးတုံးဖြစ်သွားသည်။ သူဝတ်ထားသည့် သူတော်စင်ဘုရင် အလယ်အလတ်အဆင့် အကာအကွယ် ရတနာသည် အနက်ရောင်မီးတောက်ကို စိုးစဉ်မျှပင် ခုခံနိုင်ခြင်း မရှိခဲ့ချေ။

“ပဥ္စမအကြီးအကဲ ဘာဖြစ်တာလဲ” မီတာအနည်းငယ် အကွာတွင် ရှိနေသော သက်လတ်ပိုင်းလူကြီးက လှမ်း၍ အော်မေးလိုက်သည်။ ပဥ္စမအကြီးအကဲ၏ အော်သံကို ကြားလိုက်ရသဖြင့် လှမ်းမေးလိုက်သော်ငြား မည်သည့် ပြန်ထူးသံကိုမှ မကြားလိုက်ရချေ။

သူ့ရင်ထဲ အန္တရာယ်အငွေ့အသက်တို့ ရလာသဖြင့် ထွက်ပြေးတော့မည်အပြု၊ တစ်ဖက်သို့ လှည့်လိုက်သည့် အခိုက် သူ့အား လှောင်ပြုံးပြုံးလျက် စိုက်ကြည့်နေသော လူငယ်လေးကို တစ်ယောက်ကို မြင်လိုက်ရသည်။

“မင်းပဲ” ရန်ကိုင်ကို ချက်ချင်း မှတ်မိလိုက်သည်။ ဘာမှစဉ်းစားမနေဘဲ ကြာပွတ်ရှည်တစ်ချောင်းကို ထုတ်ယူကာ ရန်ကိုင်ရှိနေသည့် နေရာဆီ အချက်ပေါင်း များစွာ ရိုက်ချလိုက်လေသည်။

ရန်ကိုင်က နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ ထိုသို့ ခြေတစ်လှမ်းဆုတ်လိုက်သည်နှင့် သက်လတ်ပိုင်း လူကြီး၏ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။ သက်လတ်ပိုင်းလူကြီး ထုတ်ဖော်လိုက်သော ကြာပွတ်ချက် အားလုံးသည်လည်း ရန်ကိုင်ကို မထိဘဲ မြူခိုးထဲသို့သာ နစ်ဝင်ပျောက်ကွယ်သွားခဲ့လေသည်။

အားကုန်သုံး တိုက်ခိုက်လိုက်သော်လည်း ရန်သူကို ခြစ်ရာထင်အောင်ပင် မလုပ်နိုင်ခဲ့။ သူ့ရင်ဘတ်တစ်ခုလုံး လေးလံလာပြီး ပါးစပ်ထဲ သတ္တုအရသာ ရလိုက်သည်။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေမှန်း သူမသိ။ အားကုန်သုံး တိုက်ခိုက်ရာမှ တန်ပြန်သက်ရောက်မှု ခံစားရခြင်းလား၊ အကြောက်လွန်နေသည့် အတွက်ကြောင့်များလား သူမသိ။

သူ့စိတ်ကို တည်ငြိမ်အောင် မလုပ်ရသေးခင်မှာဘဲ ပူပြင်းတောက်လောင်နေသော လက်တစ်ဖက် သူ့လည်ပင်းကို ဖမ်းဆုပ်လာခဲ့သည်။ ဘာဖြစ်လို့ဖြစ်မှန်း မသိ ဖြစ်နေစဉ်မှာပဲ အနက်ရောင်မီးတောက်များသည် သူ့တစ်ကိုယ်လုံး ဝါးမြိုသွားခဲ့လေသည်။ သက်လတ်ပိုင်း လူကြီးအနေဖြင့် အော်ဖို့ အခွင့်အရေးလေးပင် မရလိုက်ဘဲ မရဏလမ်း မြန်းသွားခဲ့ရသည်။

ရန်ကိုင်သည် ချစ်ချစ်တောက် တူးနေသော အလောင်းကောင် ခန္ဓာကိုယ်ကြီးကို လွှတ်ပေးလိုက်ပြီး အနားတွင် ရှိနေသော အခြား ရှုမိသားစုဝင် ကျင့်ကြံသူဆီ လျှောက်သွားလိုက်သည်။

ခဏအကြာ၌ နောက်ထပ်‌ သွေးပျက်မတတ် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

လွယ်လွန်းပေသည်။ အလွန်ကိုမှ လွယ်လွန်းပေသည်။

သူ့လက်ရှိခွန်အားအရ သူတော်စင်ဘုရင် တတိယ အဆင့် ပညာရှင်တစ်ယောက်ကို အလွယ်တကူ အနိုင်ယူ နိုင်သော်လည်း ဤမျှ လွယ်လွယ်ကူကူ မဟုတ်ချေ။ ယန်ယန်၏ စိတ်ဝိဥာဉ်အစီအရင်ထဲ ပိတ်မိနေသူများသည် သူ့အား သတိမထားမိသဖြင့် ထိုလူအားလုံးကို ရန်ကိုင်မှ လွယ်လင့်တကူ သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဤသည်ကား စိတ်ဝိဥာဉ် အစီအရင်၏ အစစ်အမှန် စွမ်းအားပေလော။ ဘုံကိုးခုထွတ်မြတ်နယ်မြေကို ကာကွယ် ပေးထားသည့် စိတ်ဝိဥာဉ်အစီအရင်သည် ဤစိတ်ဝိဥာဉ် အစီအရင်နှင့် ယှဉ်လိုက်လျှင် အမှိုက်လောက်ပင် အဖိုး မတန်တော့ချေ။

ယန်ယန်သည် အမှန်တကယ် ဘယ်သူများလေနည်း။ ငယ်ငယ်လေးသာ ရှိသေးသော်လည်း တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်နေရုံမှက ဆရာအဆင့် အစီအရင်ပညာရှင် တစ်ယောက်လည်း ဖြစ်နေခဲ့သည်။

သူကသာ အမြဲတမ်း အခြားသူများကို အံ့ဩအောင် လုပ်ခဲ့ခြင်းဖြစ်သော်ငြား ယခုတစ်ကြိမ်တွင်မူ ယန်ယန်က သူ့ကို တစ်ကြိမ်ပြီးတစ်ကြိမ် အံ့ဩအောင် လုပ်ပြနေခဲ့သည်။ ဤစိတ်ဝိဥာဉ်အစီအရင်သည် ယန်ယန်မှ ပစ္စည်း၊ အချိန် မလုံလောက်သဖြင့် အလျင်စလို ခင်းကျင်းလိုက်သော မပြီးပြတ်သေးသည့် စိတ်ဝိဥာဉ်အစီအရင် တစ်ခုသာ ဖြစ်ပေသည်။ သူမသာ ဤအစီအရင်ကို အပြီးသတ်နိုင်မည် ဆိုပါက သူကိုယ်တိုင် လှုပ်ရှားစရာ လိုပါဦးမည်လော။ ဘာဖြစ်လို့ ဖြစ်သွားမှန်းပင် မသိဘဲ ရှုမိသားစုအားလုံး ဤအစီအရင်ထဲ သေသွားရပေလိမ့်မည်။

ထိုမိန်းကလေးသည် လွန်စွာကိုမှ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ထိုကောင်မလေးသည် ငယ်ရွယ်ပြီး လွန်စွာကိုမှ ကြောက်တတ်ရုံမက မည်ကဲ့သို့ တိုက်ခိုက်ရမလဲ ဆိုသည်ကို မသိသော်လည်း သူမ၏ အခြား စွမ်းရည်၊ အရည်အချင်းများသည် မြင်သူတိုင်းကို အံ့ဩထိတ်လန့် အောင် လုပ်နိုင်စွမ်း ရှိပေသည်။

ယန်ယန်၏ နောက်ကွယ်၌ ဇာတ်လမ်းတစ်ပုဒ် ရှိနေရပေမည်။ သို့သော်လည်း အခြားသူများ၏ ကိစ္စ၌ နှာခေါင်းထိုး ဝင်ပါရသည်ကို စိတ်မဝင်စားသူ ဖြစ်လေရာ ရန်ကိုင်လည်း ယန်ယန် ပြောပြလာသည့် အချိန်မှသာ နားထောင်ပေမည်။ သူ့ဘာသာ သူမနောက်ကြောင်းကို သွားစုံစမ်းလိမ့်မည် မဟုတ်ချေ။

မီတာသုံးထောင် ကျယ်ဝန်းသော စိတ်ဝိဥာဉ်အစီအရင် ထဲဝယ် ရှုမိသားစုဝင်များ၏ အော်သံများ ပဲ့တင်ထပ်နေခဲ့၏။ ရန်ကိုင်သည် စိတ်ဝိဥာဉ်အစီအရင်ထဲတွင် ပန်းခြံထဲ လမ်းလျှောက်ထွက်သလို သွားနေခဲ့သည်။ အမြင်အာရုံနှင့် ကောင်းကင်စိတ်အာရုံကို ပိတ်ဆို့နိုင်သော မြူခိုးထုသည် သူ့အတွက် ရန်သူ ရှိနေသည့် နေရာဆီ အလိုလို လမ်းကြောင်း ဖန်တီးပေးနေခဲ့သည်။

ယန်ယန် သူ့အား ကူညီပေးနေခြင်း ဖြစ်မှန်း ရန်ကိုင် သိသည်။

ရှုမိသားစုခေါင်းဆောင် ရှုရှီခွန်သည် စလာစဉ်ကကဲ့သို့ မမောက်မာနိုင်တော့။ သူ့မျက်နှာတစ်ခုလုံး သွေးဆုတ် ဖြူ‌လျော်နေခဲ့ရလေပြီ။ တောင်ဝှေးရှည်ကြီးကို အဆက်မပြတ် ဝှေ့ရမ်းနေရင်း ဘာမှမရှိသော ပတ်ဝန်းကျင်ကို တိုက်ခိုက်နေခဲ့သည်။ ရှုမိသားစု၏ အကြီးအကဲ ငါးယောက်မှာလည်း သူ့ပတ်ပတ်လည်တွင် တပ်စွဲထားကြသည်။ တစ်ယောက်နားမှ တစ်ယောက် ခြေတစ်လှမ်းပင် မခွာရဲကြချေ။

သို့သော် မြူခိုးထုကြီးကို သူတို့ မည်ကဲ့သို့ တိုက်ခိုက်နေပါစေ မြူခိုးထုသည် နည်းနည်းလေးမှပင် လျော့ပါးမသွားခဲ့ချေ။

မြူခိုးထုသည် သူတို့အား ဘာမှ မလုပ်နိုင်သော်ငြား ရှုမိသားစုမှ ပညာရှင်များသည် ကြောက်လန့်နေသော ယုန်သူငယ်လေးများကဲ့သို့ ဖြစ်နေကြသည်။ အော်သံတစ်သံ ကြားလိုက်တိုင်း ကျောရိုးတစ်လျှောက် စိမ့်တက်ကြရသည်။

အစပိုင်းတွင် ပညာရှင်များစွာ၏ အော်သံများ၊ အကူအညီ တောင်းသံများကို ကြားရသေးသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ အော်ဟစ်သံများသည် တစ်စတစ်စ လျော့ပါးပျောက်ကွယ်လာခဲ့သည်။

ရှုရှီခွန်နားတွင် ရှိနေသော အကြီးအကဲတစ်ဦးသည် အခြားအကြီးအကဲများ၏ နာမည်ကို အော်ခေါ်ကြည့် သော်လည်း မည်သည့် ပြန်ထူးသံမှ မကြားခဲ့ရချေ။

“အကုန်လုံး သေသွားပြီ... အကုန် သေသွားပြီ...” ထိုလူမျက်နှာ သွေးဆုတ်ဖြူလျော်ပြီး ထိုစကားလုံးကို ထပ်တလဲလဲ ရေရွတ်နေခဲ့သည်။ ကျန်ရှိနေသော အကြီးအကဲ ခြောက်ယောက်၏ရင်ထဲ ကြောက်ရွံ့စိတ်တို့ စတင် ကိန်းအောင်လာပြီး သူတို့တစ်ကိုယ်လုံး ကြောက်ရွံ့မှုကြောင့် တုန်ရီလာခဲ့လေသည်။

သေခြင်းသည် ကြောက်မက်ဖွယ်မကောင်း၊ သေရမည်ကို စောင့်နေရခြင်းသည်သာ ကြောက်မက်ဖွယ် ကောင်းခြင်း ဖြစ်သည်။ မိသားစု၏ အားအကောင်းဆုံး လက်ရွေးစင်များကိုခေါ်၍ လာခဲ့သော်လည်း ယခုမူ တစ်ဝက်လောက်သည် နည်းနည်းမျှ ခုခံနိုင်ခြင်းမရှိဘဲ သေသွားခဲ့ရလေပြီ။

အသက်ရှင်ကျန်ရစ် နေသူများမှာလည်း ရန်သူမှာ သူတို့အား မည်ကဲ့သို့ တိုက်ခိုက်နေသလဲ ဆိုသည်ကို အဖြေမထုတ်နိုင် ဖြစ်နေကြရသည်။

“ငါဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ငါထွက်သွားချင်ပြီ” ထိုဖိအားကို မခံနိုင်တော့သည့် ရှုမိသားစု အကြီးအကဲတစ်ယောက်သည် တောခုတ်ဓါးကြီးကို ဝှေ့ရင်းရင်း မြူခိုးထိုးထဲသို့ တိုးဝင်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

“ဧည့်အကြီးအကဲလျို၊ မပြေးနဲ့” ရှုရှီခွန်က အော်ခေါ်ရင်း အကြီးအကဲလျို၏ အင်္ကျီစကို လှမ်းဆွဲသည်။ သို့သော် အင်္ကျီစကို မဖမ်းမိလိုက်ဘဲ လေကိုသာ ဖမ်းမိသွားခဲ့သည်။ အကြီးအကဲလျို ဆိုသူမှာမူ သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

ရှုရှီခွန်၏မျက်နှာ ပို၍ မှုတ်ကုတ်သွားသည်။ အကြီးအကဲလျို တစ်ခုခု ဖြစ်တော့မည်မှန်း သူသိနေသည်။

သူထင်သည့်အတိုင်းပင် မကြာမီ အနီးနားဆီမှ အကြီးအကဲလျို၏ အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။ အကြီးအကဲလျို အသတ်ခံလိုက်ရလေပြီ။

ရှုရှီခွန်၏ မျက်လုံးထဲ နာကျည်းမုန်းတီးမှု၊ ကူကယ်ရာမဲ့မှုတို့ ပြည့်နှက်နေခဲ့သည်။ စိတ်ဝိဥာဉ် အစီအရင်ထဲတွင် သူ့ခွန်အား နည်းနည်းလေးကိုမျှပင် ထုတ်မသုံးနိုင်တော့ချေ။ ရန်ကိုင်နှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်တိုက်ခိုက်ရင်း အသတ်ခံလိုက်ရလျှင် ကိစ္စမရှိ။ သူ့ခွန်အား နိမ့်ကျသည့်အတွက်ကြောင့်သာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤကဲ့သို့ ဘာမှမလုပ်နိုင်ဘဲ သေသွားရမည့် အဖြစ်မျိုးကိုမူ ရှုရှီခွန် လက်မခံနိုင်ချေ။

ရှုမိသားစုမှ ဧည့်အကြီးအကဲလျိုကဲ့သို့ ထွက်ပြေးချင်နေသည့် နောက်ထပ် အကြီးအကဲတစ်ယောက် ရှိနေပေသေးသည်။ အစီအရင်ထဲသို့ ဝင်လာသည်မှာ လက်ဖက်ရည် ခွက်တစ်ဝက်စာပင် မရှိသေးသော်ငြား တစ်နှစ်ကြာသွားသလို သူတို့ ခံစားနေရသည်။

သို့သော်လည်း ဧည့်အကြီးအကဲလျို၏ အော်သံကို ကြားလိုက်ရချိန် အရင်ပြေးထွက်မသွားသည့် သူ့ကိုယ်သူ ကျေးဇူးတင်မိလိုက်သည်။ မဟုတ်လျှင် သူသည်လည်း အကြီးအကဲလျိုလမ်းအတိုင်း သွားရပေလိမ့်မည်။

“အကုန်လုံး နီးနီးကပ်ကပ်နေကြ” ရှုမိသားစုခေါင်ဆောင် ရှုရှီခွန်သည် အခြေအနေကို အလျင်အမြန် သုံးသပ်ပြီး အဖြေထုတ်လိုက်နိုင်သည် “ဒီစိတ်ဝိဥာဉ်အစီအရင်က ငါတို့ကို ပိတ်လှောင်ပြီး လမ်းကြောင်းမှားအောင်ပဲ လုပ်နိုင်တာ။ အခြားဘာမှ လုပ်နိုင်တာ မဟုတ်ဘူး။ ငါတို့သာ တစ်ယောက်နဲ့ တစ်ယောက် ခွဲနေမယ်ဆိုရင် ဟိုမိစ္ဆာကောင်လေးရဲ့ အကြိုက်ဖြစ်သွားလိမ့်မယ်။ အကုန်လုံး ငါ့နောက်လိုက်ခဲ့။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ကျိန်းသေ ထွက်သွားနိုင်မှာပဲ။ ဒီအစီအရင် ငါတို့ကို တစ်သက်လုံး ပိတ်ထားနိုင်မယ်လို့ ငါမယုံဘူး”

ရှုရှီခွန် ပြောသည့်စကားကို ကြားလိုက်သည့်အခိုက် အသက်ရှင်ကျန်နေရသူအားလုံး စိတ်ဓါတ် တက်ကြွသွား၏။ ထို့ကြောင့် ချက်ချင်းပဲ ရှုရှီခွန်နောက် အနီးကပ် လိုက်သွားကြလေသည်။

ရှုမိသားစု၏ လက်ကျန်အကြီးအကဲငါးယောက် အစီအရင်ထဲ ဟိုပြေးဒီပြေး လုပ်နေချိန် ဟိုင်ခဲ မိသားစုသည် ထိုမြင်ကွင်းကို အဝေးမှ ကြည့်နေခဲ့သည်။

အစောပိုင်းက သူတို့သည် ရန်ကိုင် မျှော်လင့်ချက် မဲ့သည့် အခြေအနေထဲသို့ ရောက်သွားလျှင် ဝင်ကူယ်ပြီး ကျေးဇူးတင်ခံရန် ကြံနေခြင်း ဖြစ်သည်။ သို့သော်လည်း လက်ဖက်ရည်တစ်ခွက်ဆူစာ မပြည့်သေးခင်မှာဘဲ အခြေအနေသည် ဤကဲ့သို့ တစ်ဆစ်ချိုး ပြောင်းလဲ သွားလိမ့်မည်ဟု မည်သူ ထင်မည်နည်း။

မြူခိုးထဲရှိ အခြေအနေကို သူတို့ မမြင်နိုင်သော်ငြား အော်သံများကိုမူ ကြားနိုင်ပေသည်။ ထို့ကြောင့် ယခုတစ်ကြိမ် ရှုမိသားစု လုံးဝ ဒုက္ခရောက်ပြီမှန်း သူတို့ သိလိုက်ကြသည်။

ရှုမိသားစု ခေါ်လာသည် သူတော်စင်တတိယအဆင့် လက်ရွေးစင် ဆယ်ယောက်ကျော်အနက် လေးယောက်၊ ငါးယောက်လောက်သာ ကျန်တော့ပေသည်။ သို့သော် ထိုလေးငါးယောက်သည်လည်း လွတ်မြောက်နိုင်မည်လား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသေးသည်။

ဟိုင်ခဲမိသားစုနှင့် ရှုမိသားစုသည် ခွန်အား အတူတူ လောက်သာ ရှိသည်။ ရှုမိသားစုပင်လျှင် ထိုအစီအရင်ထဲ ဒုက္ခလှလှ ရောက်ကြရသော် သူတို့ ဟိုင်ခဲမိသားစုလည်း ထိုအစီအရင်ထဲသို့ ရောက်သွားပါက ဒုက္ခရောက်ရမည်ဟု ဆိုလိုက်ခြင်း မဟုတ်ပေလော။

ဘချင်းယန်သည် ဘယ်ကတည်းကမှန်းမသိ လက်သုတ်ပဝါ တစ်ထည်ကိုထုတ်လျက် နဖူးထက်ရှိ ချွေးများကို အဆက်မပြတ် သုတ်နေခဲ့သည်။ ချွေးထွက် မည်မျှ များနေသလဲ ဆိုလျှင် သူသုတ်နေသည့် လက်သုတ်ပဝါ တစ်ထည်လုံး စိုရွှဲနေခဲ့လေပြီ။ သို့သော်လည်း ထိုအချက်ကို သတိမပြုမိဘဲ စိုရွှဲနေသည့် လက်သုတ်ပဝါဖြင့်သာ ဆက်သုတ်နေခဲ့သည်။

ဝလွမ်၊ ဟွမ်ကျွမ်းနှင့် အခြားအကြီးအကဲများလည်း ထိုမြင်ကွင်းကိုကြည့်ရင်း တုန်ရီနေခဲ့ကြသည်။

မီတာတစ်သောင်းပင် မရှိသော ဘာမှမဟုတ်သည့် နဂါးလိုဏ်ဂူတောင်သည် တစ်နေ့တွင် ရှုမိသားစု ပညာရှင်များ၏ သင်္ချိုင်း ဖြစ်လာလိမ့်မည်ဟု မည်သူ ထင်မည်နည်း။ လွန်ခဲ့သော တစ်လခန့်က ရှုမိသားစုမှ ရှုရှီရှုန်း ဤနေရာတွင် အသတ်ခံခဲ့ရသည်။ ယခုတွင်လည်း ရှုမိသားစုမှ ပညာရှင် ဆယ်ယောက်ကျော်မက ဤနေရာတွင် သေသွားရပြန်လေပြီ။

မိသားစုခေါင်းဆောင် ရီအန်း၏ အသားအရေ ဖြူဖတ်ဖြူလျော် ဖြစ်နေသော်လည်း သူ့စိတ်ထဲကြိတ်၍ ဝမ်းသာနေခဲ့သည်။ ရှုမိသားစု ပြောသည့်အတိုင်း ရန်ကိုင်အား မဆင်မခြင် သွားမတိုက်ခိုက်ခဲ့သည့် အပေါ် အတော်လေးကိုမှ ကျေနပ်နေမိသည်။ သူတို့သာ ရှုမိသားစုနှင့်အတူ ရန်ကိုင်ကို သွားတိုက်ခိုက်မည်ဆိုပါက အကျိုးဆက်မှာ မတွေးရဲစရာပင်။

ရှုမိသားစုနှင့် ရန်ကိုင် အချင်းများသည်ကို စောင့်ကြည့်ရင်း အမြတ်ထုတ်မည်ဟု တွေးနေသည်မှာ တကယ်ကို ရယ်စရာကောင်းလှပေသည်။ ရှုမိသားစုသည် အမြစ်ပြုတ် သုတ်သင်ခံရပြီ ဖြစ်လေရာ သူတို့ ဟိုင်ခဲ မိသားစုကကော မည်သို့သော အကျိုးအမြတ်ကို ရနိုင်တော့မည်နည်း။

ထိုစိတ်ဝိဥာဉ်အစီအရင်ကို ရီအန် မနာလိုမှုအပြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။ ထိုစိတ်ဝိဥာဉ်အစီအရင်ကို မည်သူ ခင်းကျင်းခဲ့ပါစေ၊ ဟိုင်ခဲမိသားစုတွင်လည်း ထိုကဲ့သို့ စိတ်ဝိဥာဉ်အစီအရင်တစ်ခု ခင်းကျင်းနိုင်မည် ဆိုပါက သူတို့မိသားစု၏ အကာအကွယ်သည် အလွန်ကိုမှ ခိုင်မာကျစ်လစ်သွားပေလိမ့်မည်။

“မိသားစုခေါင်းဆောင်...” ဝလွမ်က ကတုန်ကရင် လေသံဖြင့် အော်မေးလိုက်သည် “ကျုပ်တို့ အခု ဘာလုပ်ကြမလဲ”

“စောင့်သာကြည့်၊ စောင့်သာကြည့်နေ...” ရီအန်းက မဲ့ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ရန်ကိုင်အား သွားမတိုက်ခိုက်ခဲ့။ ဝူရီနှင့် အခြားသူများသည်လည်း ရန်ကိုင်ဘက်တွင် ရှိနေသေး၏။ ထို့ကြောင့် သူတို့သာ တစ်ဖက်လူအား သွားရန်မစပါက ရန်ကိုင်လည်း သူတို့အား ပြဿနာ လာရှာလိမ့်မည် မဟုတ်မှန်း ရီအန်း သိသည်။ ရှုမိသားစု ပညာရှင်များ ယနေ့ ဤကပ်ဘေးမှ လွတ်မြောက်နိုင်မလား၊ အမြစ်ဖြတ်ပဲ သုတ်သင်ခံရလေမလား ဆိုသည်ကို ရီအန်း သိချင်နေမိသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၁၁၃၅)

ယန်ယန် ဖန်တီးထားသည့် မြူခိုးထဲဝယ် ရှုမိသားစု ပညာရှင်အားလုံး သွေးပျက်ထိတ်လန့်နေခဲ့ကြလေပြီ။ ထိုစိတ်ဝိဥာဉ်အစီအရင်သည် မီတာသုံးထောင်သာ ကျယ်ဝန်းသော်ငြား သူတို့ မည်သည့်ဘက်သို့ ပြေးပြေး၊ မလွတ်မြောက်နိုင် ဖြစ်နေခဲ့သည်။

ကြည့်ရသည်မှာ သူတို့အားလုံး စက်ဝိုင်းပုံစံ ပတ်ပြေးနေသည့်ပုံပင်။ သူတို့ ပို၍ စိတ်ညစ်နေရသည်ကား ကြယ်လွန်းပျံများကို အသုံးပြု၍ မရခြင်းနှင့် အမြင့်ကြီး မပျံသန်းနိုင်ခြင်းပင်။ ဤမြူခိုးထဲ သူတို့အား (၁၀)မီတာ ထက်ပို၍ မပျံသန်းအောင် လုပ်ထားသည့် ထူးဆန်းသော စွမ်းအားတစ်မျိုး ရှိနေခဲ့သည်။

“ငကြောက်ကောင်။ သတ္တိရှိရင် ငါနဲ့လာတိုက်စမ်း။ မင်းပုန်းနေဖို့ပဲ သိတာလား” ရှုရှီခွန်က ဒေါသတကြီး အော်ပြောလိုက်သည်။ သူ့မျက်လုံးများဆိုလျှင် သွေးနီရောင် ရဲနေခဲ့လေပြီ။

ဘာမှ မလုပ်ရမကိုင်ရ ဖြစ်နေသည့် ခံစားချက်ကြောင့် သူ့စိတ်ထဲ အတော်လေးကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်လာ၏။ ထို့ကြောင့် ဤနေရာမှ ချက်ချင်း ပြေးထွက်၍ ရန်ကိုင်နှင့် တိုက်ခိုက်ချင်စိတ်ပင် ပေါက်လာခဲ့သည်။ သူသေလျှင် သေပါစေ၊ ကိစ္စမရှိချေ။ ဤကဲ့သို့ မြူခိုးထဲ ဘာမှ မလုပ်ရ မကိုင်ရဘဲ သေသွားရခြင်းထက် ပိုကောင်းပေသည်။

“ခွေးအိုကြီး၊ ခင်ဗျားကိုယ်ခင်ဗျား ကျုပ်နဲ့ တိုက်ခိုက်ဖို့ ထိုက်တန်တယ် ထင်နေလား” ရန်ကိုင်က အထင်အမြင် တသေးဖြင့် လှောင်ပြောင်ရယ်မောလိုက်သည်။

ရိုးရိုးသားသား ပြောရလျှင် ယန်ယန်၏ စိတ်ဝိဥာဉ် အစီအရင် အစွမ်းကို ရန်ကိုင်လည်း အံ့ဩနေရသည်။ သူ့စိတ်ထဲ အတော်လေးကိုမှ ပျော်နေလေရာ ရှုရှီခွန်၏ စိန်ခေါ်စကားကိုပင် မမှုတော့ချေ။

“မိတ်ဆွေလေး၊ ငါအရှုံးပေးပါတယ်ကွာ။ ငါအရှုံး ပေးပါတယ်။ ငါသူတို့ မိသားစုက မဟုတ်ဘူးပါကွာ။ ဧည့်အကြီးအကဲအဖြစ် ငှားထားတဲ့ လူတစ်ယောက် သက်သက်ပါပဲကွာ။ ငါသွားပါရစေနော်” အသား ဝါကြင့်ကြင့် လူအိုကြီးက မျက်ရည်ရွဲလွဲဖြင့် တောင်းပန် တိုးလျှိုးလိုက်သည်။

စိတ်ဝိဥာဉ်အစီအရင်ထဲ ပိတ်မိနေပြီး ရန်သူ၏ ကျားချောင်းချောင်းခြင်း ခံနေရသည့် အဖြစ်နှင့် ကြုံရသော် လူအိုကြီး စိတ်မခိုင်ဖြစ်လာလေသည်။ ဤနေရာတွင် ဆက်နေရလျှင် သူသေရမည်မှာ ကျိန်းသေနေလေပြီ။ သူ့လုပ်ရပ်ကြောင့် အများ၏ အထင်သေးခြင်း ခံရပြီး သစ္စာဖောက်အဖြစ် မှတ်ကျောက်တင်ခြင်း ခံရမည် ဖြစ်သော်ငြား သေမင်းသည် သူ့လက်တစ်ကမ်းတွင် ရှိနေပြီ ဖြစ်လေရာ ထိုအရာအားလုံး အရေးကြီးတော့ချေ။

“ဧည့်အကြီးအကဲဟွော်၊ မင်း...” ရှုရှီခွန်က ထိုလူအိုကြီးက စိတ်ပျက်ပျက်ဖြင့် လှမ်းအော်လိုက်သည် “မင်းကိုငါ စိတ်ပျက်သွားပြီကွာ။ ငါတို့ မိသားစုက ဒီလောက်အကြာကြီး မင်းကို ကောင်းကောင်းပေးကမ်း ခဲ့တာတောင်မှာ ငါတို့ လိုအပ်နေတဲ့အချိန်မှာ မင်းပါးစပ်က ဒီလိုစကားမျိုး ပြောထွက်ရက်တယ်နော်”

မျိုးရိုးနာမည်ဟွာနှင့် ဧည့်အကြီးအကဲ ရှက်သွားခဲ့၏။ သို့သော်လည်း အသံကျယ်ကျယ်ဖြင့် ပြန်အော်ပြောသည် “အခုကနေစပြီး ငါရှုမိသားစုရဲ့ ဧည့်အကြီးအကဲ မဟုတ်တော့ဘူး။ ရှုမိသားစုနဲ့ငါနဲ့ ဘာမှ မဆိုင်တော့ဘူး။ မိတ်ဆွေလေး ကျေးဇူးပြုပြီး ငါ့ကို သွားခွင့်ပေးပါကွာ။ ငါနောက်ပိုင်း မင်းလက်အောက်မှာ အလုပ်လုပ်ပေး နိုင်ပါတယ်။ ပြီးတော့ ငါ့ကျင့်ကြံခြင်းက သူတော်စင်ဘုရင် တတိယအဆင့်နော်”

“ကောင်းပြီ။ ကျုပ်စဉ်းစားကြည့်လိုက်မယ်” ရန်ကိုင်၏ အသံ ထွက်ပေါ်လာခဲ့သည်။

“မင်းသေချင်နေတာပဲ” ရှုရှီခွန်က သူ့တောင်ဝှေးဖြင့် ဧည့်အကြီးအကဲဟွော်ကို အားကုန်သုံး ရိုက်ချလိုက်သည်။ လက်ရှိတွင် အချင်းချင်း သွေးကွဲမှု မဖြစ်စေရေးသည် အရေးအကြီးဆုံးဖြစ်မှန်း သူသိသည်။ အချင်းချင်း စည်းလုံး ညီညွှတ်နေသေးလျှင် ဤနေရာမှ လွတ်မြောက်နိုင်ချေ ရှိသည်။ သို့သော် သွေးကွဲသွားလျှင်မူ ထင်းစည်းပြေသလို ဖြစ်သွားပေလိမ့်မည်။

အကြီးအကဲဟွော်ကဲ့သို့ မိမိအသက်ရှင်ရန်အတွက် ဘာမဆို လုပ်သည့်လူတစ်ယောက်ကို ရှုရှီခွန် နည်းနည်း လေးပင် မသနားချေ။

“မိသားစုခေါင်းဆောင် ကျုပ်ကို တွန်းအား ပေးမလာနဲ့နော်။ ရှုမိသားစုအတွက် ကျုပ်အများကြီး လုပ်ပြေးပြီးသွားပြီ။ အခု ကျုပ်ထွက်သွားချင်နေတာကို ဘာလို့ ကျုပ်ကို လာတားနေတာလဲ” ဧည့်အကြီးအကဲ ဟွော်သည် ငြိမ်ခံမနေဘဲ ပြန်တိုက်သည်။

ကျန်ရှုမိသားစု အကြီးအကဲ သုံးယောက်မှာမူ ထိုမြင်ကွင်းကိုကြည့်ရင်း ကြောင်နေခဲ့လေသည်။ သူတို့ တုန့်ဆိုင်းနေစဉ်မှာပဲ ရန်ကိုင်၏ အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည် “ရှုရှီခွန်ကို သတ်နိုင်တဲ့ ဘယ်သူ့ကို မဆို ငါလွှတ်ပေးမယ်”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် လက်ကျန် အကြီးအကဲ သုံးယောက်အနက်မှ နှစ်ယောက်သည် ချက်ချင်းဆိုသလို တိုက်ပွဲထဲသို့ ခုန်ဝင်သွားလေသည် “ရောင်းရင်းဟွော်၊ ကျုပ်ခင်ဗျားကို ကူညီပေးမယ်”

နောက်ဆုံးလက်ကျန် အကြီးအကဲသည် ရှုမိသားစု၏ ဧည့်အကြီးအကဲ မဟုတ်သည့်အတွက် ရန်ကိုင်၏ စကားကို ယုံကြည်ချင်းမရှိဘဲ ရှုရှီခွန်နှင့် ပူးပေါင်းကာ ကျန်နှစ်ယောက်ကို ပြန်တိုက်ခိုက်လေသည်။

ရုတ်တရက် စိတ်ဝိဥာဉ်အစီအရင်၏ မြူခိုးများ လှုပ်ခါသွားပြီး အသက်ရှင်ကျန်ရစ်နေသည့် ရှုမိသားစု၏ ကျင့်ကြံသူများ အဖွဲ့နှစ်ဖွဲ့ ကွဲသွားခဲ့သည်။ နှစ်ဖွဲ့စလုံး မှော်ရတနာ အသီးသီးကိုထုတ်ကာ အသေအကြေ တိုက်ခိုက်ကြတော့လေသည်။

ရန်ကိုင်က ထိုမြင်ကွင်းကို လှောင်ပြုံးပြုံးလျက် ကြည့်နေပြီးနောက် အစီအရင်ထဲမှ တည်တည်ငြိမ်ငြိမ်ဖြင့် ထွက်လာလိုက်သည်။ ရုတ်တရက် အော့အန်သံ ကြားသဖြင့် လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဆွံ့အသွားခဲ့သည်။

ထိုသွေးအေးရက်စက်သည့် မြင်ကွင်းကို ယန်ယန် မခံစားနိုင်တော့ချေ။ အခြားသူများအနေဖြင့် မြူခိုးထဲတွင် ဖြစ်ပျက်နေသည်ကို မမြင်နိုင်သော်ငြား အစီအရင်ကို ထိန်းချုပ်နေသော ယန်ယန်ကမူ ဘာကြောင့် မမြင်ဘဲ နေမည်နည်း။

ယန်ယန် မည်သည့် အချိန်ကတည်းက အန်နေမှန်း သူမသိသော်လည်း ယခု သူမျက်နှာတစ်ပြင်လုံး သွေးဆုတ် ဖြူလျော်နေခဲ့လေပြီ။ ဝူရီသည် ယန်ယန်၏ ကျောကုန်းကို အသာအယာ ပုတ်ပေးနေခဲ့သည်။

ရန်ကိုင် ထွက်လာသည်ကိုမြင်သော် ဝူရီက သူ့အား စူးရဲစွာစိုက်ကြည့်လျက် “လူသတ်မယ် ဆိုရင်လည်း နည်းနည်း သန့်သန့်ရှင်းရှင်းလေး လုပ်လို့မရဘူးလား။ ဘာလို့ ဒီလောက် ရွံ့စရာကောင်းအောင် လုပ်ရတာလဲ”

“အဲ့ဒါက ရွံ့စရာကောင်းတယ်...” ရန်ကိုင် ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ လူအနည်းငယ်ကို အလျင်အမြန် မီးရှို့သတ်ပစ်လိုက်ရုံသာ သူလုပ်ခဲ့သည်။ အခြား သူဘာလုပ်ခဲ့မိပါနည်း။ သူတို့၏ ခြေလက်များကို ဖြတ်ပြီး ကိုယ်တွင်းအင်္ဂါများ ထွက်ကျလာအောင် လုပ်ပေးရမည်လား။ ထိုသို့ဆိုလျှင် ယန်ယန် အသက်ပင် ရှိပါလေဦးမည်လော။

“နင်တကယ် ဥာဏ်နီဥာဏ်နက်များတဲ့ကောင်။ သူတို့ ဘာသာ အေးအေးဆေးဆေး ဖြစ်နေတာကို သွားပြီး သွေးကွဲအောင် လုပ်သေးတယ်” ဝူရီက ရုတ်တရက်ပြုံး၍ ပြောလိုက်သည်။ သူမအပြုံးကြောင့် အနားတွင် ရှိနေသူ ယောကျာ်းသားအားလုံး မှင်သက်သွားကြရလေသည်။

ဝူရီသည် ရှုမိသားစုဝင် မဟုတ်သည့်အတွက် ရှုမိသားစု ဘာဖြစ်ဖြစ် သူမ ဂရုမစိုက်ပါချေ။

“ငါ့ကို လာရန်စတဲ့လူအားလုံး ဘယ်တော့မှ အဆုံးသတ်ကောင်းလေ့ မရှိဘူး” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးနောက် ဆေးလုံး တစ်လုံးကို ထုတ်ကာ ယန်ယန်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

“ငါ... ဂရုမစိုက်ဘူး...” ယန်ယန်က ဆေးလုံးကို မျိုးချလိုက်ပြီးနောက် ရန်ကိုင်အား အားနည်းဖျော့တော့စွာ ကြည့်လျက် ပြောလိုက်သည် “ငါလိုအပ်တဲ့ ပစ္စည်းတွေ မြန်မြန် စုဆောင်းပေးပေတော့။ ငါ့ဘာသာ သတ်ဖြတ်ရေး အစီအရင်တစ်ခု ခင်းကျင်းတော့မယ်။ ငါအစီအရင်ကို ထိန်းချုပ်နေတုန်း နင်လူသတ်နေတာကို ဆက်ပြီး မကြည့်နိုင်တော့ဘူး...”

“ကောင်းပြီ။ ဝူရီ သူနားလို့ရအောင် အထဲ ခေါ်သွားပေးလိုက်ဦး။ အခု ဒီမှာ သူလုပ်စရာ ဘာမှ မရှိတော့ဘူး”

“အင်း” ဝူရီက ကောင်းညိတ်လိုက်ပြီး ယန်ယန်ကို တွဲလျက် လိုဏ်ဂူထဲသို့ ဝင်သွားလေသည်။

“အစ်ကိုရန်၊ အထဲမှာ ဘယ်လောက်ကျန်သေးလဲ” ယုဖုန်းက စိတ်လှုပ်ရှားတကြီးဖြင့် ရန်ကိုင်ဆီ ပြေးလာပြီး မေးလိုက်သည်။ ယခင် ဟိုင်ခဲမိသားစု ကျင့်ကြံသူ အားလုံးသည်လည်း ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ကြသည်။

ယခုတစ်ကြိမ်တွင် ရှုမိသားစုသည် အင်ပြည့်အားပြည့်ဖြင့် ချီတက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ရှိနေသူအကုန်လုံး တိုက်ပွဲကြီး တစ်ခုကို ဆင်နွှဲရတော့မည်ဟု ထင်ခဲ့ကြသလို သေရန်ပင် အဆင့်သင့် ပြင်ထားပြီးကြလေပြီ။ သို့သော် သူတို့ပင် မတိုက်ခိုက်ရသေးခင်မှာဘဲ ရှုမိသားစုမှ ခေါ်လာသည့် ပညာရှင်အားလုံးနီးပါး သေသွားလိမ့်မည်ဟု မည်သူ ထင်မည်နည်း။

အကုန်လုံး အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့ကြသည်။ ဤနေရာတွင် နေခြင်းသည် ဟိုင်ခဲမိသားစုတွင် နေရသည်ထက် ပို၍ ကောင်းပေသည်။ မိသားစုကို ပြတ်ပြတ်သားသား စွန့်ပစ်ပြီး ဝူရီနောက် လိုက်ခဲ့မိသည်ကို အတော်လေး ဝမ်းသာနေကြသည်။

မိသားစုတွင် နေရာ၏သည်မှာ ဤနေရာ၌ နေရသည်ထက် မည်သို့များ ပိုကောင်းမည်နည်း။

မိသားစုတွင် ရှိစဉ်က ကျင့်ကြံရေးခန်းများကို ဝင်ရန် အတွက် သတ်မှတ်ထားသော သူတော်စင်သလင်းကျောက် ကို ပေးချေရန် လိုအပ်သည်။ သူတော်စင်သလင်းကျောက် အလုံအလောက် မရှိလျှင် ရမှတ်များဖြင့် ပေးရန် လိုအပ်၏။

ထိုရမှတ်များကို မိသားစုအတွက် တာဝန်များ ထပ်ဆောင်ပေးခြင်းမှသာ ရရှိနို်ငသည်။

သို့သော်လည်း ဤနေရာတွင် မိုးမြေစွမ်းအင် စုစည်းပေးသည့် အသေးစား အစီအရင်တစ်ခု ခင်းကျင်းထားသည့် ကျောက်တုံးခန်း အခန်းတစ်ရာ ရှိနေခဲ့သည်။ ထို့အပြင် သူတို့ အသုံးပြုရန်အတွက် သူတော်စင်သလင်းကျောက်များကိုလည်း ပေးထားရာ ကျင့်ကြံရန် အရင်းအမြစ် မရှိမည်ကို စိတ်မပူစရာ မလိုတော့ချေ။

ထို့အပြင် ဤနေရာရှိ ကျောက်တုံးခန်းများသည် သူတို့ မိသားစုရှိ သူတော်စင်သလင်းကျောက် ပေးချေကာ အသုံးပြုရသည့် ကျင့်ကြံရေးအခန်းများထက် ပိုကောင်းပေသည်။

ကျောက်တုံးခန်းများထဲတွင် မိုးမြေစွမ်းအင် စုစည်းခြင်း အစီအရင် အသေးစား တစ်ခုသာ ခင်းကျင်းထားခြင်း မဟုတ်ဘဲ အပြင်မှ အသံများကို တားဆီးပေးနိုင်သည့် အစီအရင်တစ်ခုပါ ခင်းကျင်းပေးထားသေးသည်။ တံခါးကို ပိတ်ထားသည်နှင့် မည်သည့် ကောင်းကင်စိတ်အာရုံ၊ အသံဗလံမှ အထဲသို့ ဝင်နိုင်တော့မည် မဟုတ်ချေ။

သူတို့၏ အနာဂတ်သည် တောက်ပနေလေပြီ။

ထို့အပြင် နဂါးလိုဏ်ဂူတောင်တစ်ဝိုက်တွင် မိုးမြေစွမ်းအင် စုဝေးပေးသည့် အစီအရင်ကြီးတစ်ခု ရှိနေခဲ့သည်။ ထို့ကြောင့် အချိန်သာ ရှိသရွေ့ ဤနေရာ၏ မိုးမြေစွမ်းအင်သည် ပိုပို၍ သိပ်သည်းလာပေလိမ့်မည်။ သူ့တို့စိတ်ထဲ အပျော်များဖြင့် ပြည့်နေရလေပြီ။ မိသားစုမှ ထွက်လာခဲ့သဖြင့် ရနေသော နောင်တလေးများ၊ စိုးရွံ့ပူပန်မှုအားလုံး ရေစုန်မျော ပျောက်ကွယ်သွားခဲ့ပြီ။ ဤနေရာတွင် ရရှိနေခဲ့သည် ခံစားခွင့်သည် မိသားစုတွင် နေရစဉ်က ရရှိခဲ့သည့် ခံစားခွင့်ထက် အပုံကြီးသာသည်။

ယခု သူတို့ကို မောင်းထုတ်မည် ဆိုလျှင်ပင် မည်သူမှ ထွက်မသွားချင်ကြတော့။ ဤနေရာတွင် ဆက်နေပြီး ဝူရီနောက်သာ ဆက်လိုက်တော့မည် ဟူသော သူတို့၏ ဆုံးဖြတ်ချက်မှာ ပို၍ပင် ခိုင်မာလာခဲ့ရသည်။

ဝူရီသည် ရန်ကိုင်နောက်သို့လိုက်ရန် ဆုံးဖြတ် ထားသည်မှန်း သူတို့သိသည်။ ထို့ကြောင့် ဝူရီနောက်သို့ လိုက်ခြင်းသည် ရန်ကိုင်နောက်သို့ လိုက်ခြင်း မည်ပေသည်။

အားလုံးတွင် ဂုဏ်အယူနေဆုံးလူမှာ ယုဖုန်း ဖြစ်သည်။ အကြောင်းမှာ ရန်ကိုင်အား ကြယ်တာရာကောင်းကင်ထဲမှ ခေါ်လာခဲ့သည့်လူသည် သူဖြစ်နေသောကြောင့်ပင်။ သူသာ ရန်ကိုင် ရှိနေသော သွေးနီရောင် သလင်းကျောက်ကို မတော်တဆ ရှာမတွေ့ခဲ့ပါက သူတို့ မည်ကဲ့သို့ ယခုလိုမျိုး နေနိုင်မည်နည်း။ ဤကဲ့သို့ ခမ်းနားကြီးကျယ်သော မြင်ကွင်းကို မြင်တွေ့နိုင်မည်နည်း။

ယုဖုန်း၏ မေးခွန်းကိုကြားသော် ရန်ကိုင်က “ငါးယောက်”

ထိုစကား ထွက်လာသည်နှင့် မြူခိုးထဲမှ အော်ဟစ်သံ တစ်သံ ထွက်လာခဲ့သည်။

“အခုတော့ လေးယောက် ဖြစ်သွားပြီ”

ရှုမိသားစုခေါင်းဆောင် ရှုရှီခွန်သည် ရှုမိသားစုမှ အကြီးအကဲနှင့် ပေါင်း၍ ဧည့်အကြီးအကဲသုံးယောက်ကို ရင်ဆိုင်တိုက်ခိုက်နေခဲ့ကြသည်။ တိုက်ပွဲစပြီး မကြာမီ ပထမဆုံး မျိုးရိုးနာမည်ဟွော်နှင့် ဧည့်အကြီးအကဲ အသတ်ခံလိုက်ရလေသည်။

ထိုကဲ့သို့သော ကြောက်သွေးပါ သစ္စာမရှိသည့် လူမျိုးကို ရန်ကိုင် အလွန်မုန်းပေသည်။ ထို့ကြောင့် ထိုလူ သေသွားသည့်တိုင် ရန်ကိုင် နည်းနည်းလေးမှ မသနား။

သို့သော်လည်း ရှုရှီခွန်၏ ခွန်အားသည် အတော်လေး ကောင်းသည်ဟု ဆိုရပေမည်။ အနည်းဆုံး ရှုရှီရှုန်းထက် အများကြီး ပိုမြင့်သည်။ ဝူရီ ပြောခဲ့သကဲ့သို့ ရှုရီခွန်သည် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ခါနီးနေသည့်ပုံပင်။ ရှုရှီခွန်ကိုသာ နောက်ထပ် နှစ်နည်းနည်းလောက် အချိန် ပေးလိုက်ပါက တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ကောင်း ချိုးဖျက်နိုင်လောက်ပေသည်။

ကံမကောင်းစွာဖြင့် ထိုအခွင့်အရေးကို သူဘယ်တော့မှ ရတော့လိမ့်မည် မဟုတ်ချေ။

ခဏအကြာ၌ နောက်ထပ်‌ အော်ဟစ်သံတစ်သံ ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ထိုအော်သံသည် ရှုမိသားစု၏ အကြီးအကဲဆီမှ ဖြစ်သည်။ ရှုရှီခွန်သည် သန်မာသော်ငြား သူသည် တန်ခိုးရှင်အဆင့် တစ်ယောက် မဟုတ်သေး။ သူဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးနေသော အကြီးအကဲသည် ဧည့်အကြီးအကဲ နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အသတ်ခံလိုက်ရလေသည်။

ရှုရှီခွန်း ဒေါသပုန်ထသွားပြီး သူ့သွေးအဆီအနှစ်ကို လောင်ကျွမ်းပစ်ကာ တိုက်ခိုက်တော့လေသည်။ သွေးအဆီအနှစ်ကို လောင်ကျွမ်းပစ်လိုက်သဖြင့် သူ့ခွန်အား ရုတ်ချည်း မြင့်တက်သွားခဲ့သည်။

ယန်ယန် မရှိတော့သဖြင့် မြူခိုးထဲရှိ အခြေအနေကို ရန်ကိုင်လည်း မမြင်ရတော့ချေ။ တိုက်ခိုက်သံများကို နားထောင်ရင်းဖြင့်သာ အခြေအနေကို နားထောင်နေရ၏။ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကို သုံးကြည့်မည်ဆိုလျှင် မြင်နိုင်သော်ငြား မလိုအပ်သောကြောင့် မသုံးခြင်း ဖြစ်ပေသည်။

ထို့အပြင် ယန်ယန် လိုဏ်ဂူထဲသို့ ဝင်သွားပြီးနောက် ပတ်ပတ်လည် မီတာသုံးထောင်ပတ်လည်ကို ဖုံးလွှမ်းထားသည့် မြူခိုလည်း တဖြည်းဖြည်း လွင့်ပြယ် လာခဲ့သည်။

ခဏအကြာ၌ မြူခိုးအားလုံး ပျောက်ကွယ်သွားခဲ့သည်။ မြူခိုးအားလုံး ပျောက်ကွယ်သွားချိန် ရှုရှီခွန်မှ နောက်ဆုံး ဧည့်အကြီးအကဲအား သတ်လိုက်သည်ကို တွေ့လိုက်ရ၏။

အလောင်းများ နေရာအနှံ့ ပြန့်ကျဲနေသည်။ ရှုမိသားစုသည် သူတော်စင်ဘုရင် တတိယအဆင့် ဆယ်ယောက်ကျော် ဝင်လာသော်ငြား နောက်ဆုံးတွင်မူ ရှုရှီခွန် တစ်ယောက်သာ ကျန်ခဲ့သည်။ သို့သော်လည်း သူ့လက်တစ်ဖက် ပြတ်နေခဲ့ပေသည်။

တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက် သူတို့အား ချုပ်လှောင်ထားသည့် စိတ်ဝိဥာဉ်အစီအရင် ပျောက်ကွယ် သွားပြီမှန်း ရှုရှီခွန်သိလိုက်သည်။ သူ့ဘေးပတ်လည်ရှိ အလောင်းများကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရှုရှီခွန်၏ မျက်လုံးများ နီရဲသွားခဲ့သည်။ ထို့နောက် ဒေါသတကြီး အော်ဟစ်လျက် ရန်ကိုင်ဆီ ပြေးဝင်သွားလေသည် “ခွေးသူတောင်းစားလေး၊ သေလိုက်စမ်း”

ကြမ်းကြုတ်သော အရှိန်အဝါတစ်ရပ် ရှုရှီခွန်ဆီမှ ပေါက်ကွဲထွက်လာခဲ့ရာ သူ့နားတွင် ရှိနေသော ယုဖုန်း၏ မျက်နှာ ဖြူလျော်သွားပြီး နောက်သို့ အလိုလို ဆုတ်မိသွားသည်။

ရန်ကိုင်ကမူ မလှုပ်မယှတ်ဖြင့်သာ ရှိနေဆဲ။ သူ့အရှိန်အဝါကို ထုတ်လွှတ်၍ ရှုရှီခွန်မှ ထုတ်လွှတ်သော အရှိန်အဝါကို တန်ပြန် တိုက်ခိုက်လိုက်သည်။ ထိုအရှိန်အဝါနှစ်ခု ထိပ်တိုက်တွေ့သွားချိန်တွင် လေထုထဲ မမြင်နိုင်သော မုန်တိုင်းတစ်ရပ် ထွက်ပေါ်လာခဲ့သည်။

ရှုရှီခွန်၏ ပြေးဝင်လာနေသော ခန္ဓာကိုယ် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သို့သော် သွေးအဆီအနှစ်ကို ထပ်မံ လောင်ကျွမ်း၍ ရန်ကိုင်ဆီသို့ ပိုမို မြန်ဆန်သော အရှိန်ဖြင့် ပြန်လည် ပြေးဝင်သွားလေသည်။

“ဟွန့်” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ရှုရှီခွန်ဆီ စိတ်စွမ်းအင်လှိုင်းတစ်လှိုင်း ပစ်လွှတ်လိုက်သည်။ ထိုစိတ်စွမ်းအင်လှိုင်းနှင့်အတူ လက်သီးချက်တစ်ချက်ပါ ပစ်လွှတ်ပေးလိုက်သည်။

ပေါက်ကွဲထွက်လာသော သိပ်သည်းလှသည့် စွမ်းအင်များနှင့်အတူ ရန်ကိုင်၏ လက်သီးချက်သည် ရှုရှီခွန်ကို ထိမှန်သွားခဲ့လေရာ တစ်ဟုန်ထိုး ပြေးဝင် လာနေသော ရှုရှီခွန်၏ ခန္ဓာကိုယ် လေထဲတွင် တောင့်တောင်ကြီး ဖြစ်သွားခဲ့ရလေသည်။

ဖြူဖတ်ဖြူလျော် မျက်နှာထားဖြင့် မျက်လုံးကြီးပြူးလျက် ရန်ကိုင်အား စိုက်ကြည့်ကာ ရေရွတ်ပြောဆိုသွားသည် “အရိပ်လခန်းမက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”

ထိုစကားကို ပြောပြီးနောက် ရှုရှီခွန် တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားပြီး အသားစတို့ နေရာအနှံ့ ပြန့်ကျဲ ကုန်လေသည်။

All Chapters