← Chapters

အခန်း (၁၁၃၆-၁၁၄၀)

Vol. 46 Ch. 1136-1140

အခန်း (၁၁၃၆-၁၁၄၀)

Vol. 46 Ch. 1136-1140

အပိုင်း(၁၁၃၆)

ဝူရီ၏ နောက်လိုက်များနှင့် ဟိုင်ခဲမိသားစုမှ ပညာရှင်များသည် ထိုမြင်ကွင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။

ယခင်အကြိမ်က ရန်ကိုင်နှင့် ရှုရှီရှုန်းတို့ကြားမှ တိုက်ပွဲကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် ရန်ကိုင် အားကောင်းမှန်း သိထားကြသော်လည်း ထိုစဉ်ကနှင့် ယှဉ်လျှင် လက်ရှိရန်ကိုင်သည် ပို၍ အားကောင်းလာမှန်းကို ထပ်မံ သိလိုက်ကြရသည်။

ရှုရှီခွန် ဒဏ်ရာရနေလျှင်ပင် သူသည် တန်ခိုးရှင် အဆင့်သို့ ချိုးဖျက်ခါနီးဆဲဆဲ ပညာရှင်တစ်ယောက် ဖြစ်သည်။ သူ့အသက်စွမ်းအင်ကို လောင်ကျွမ်းပြီး တိုက်ခိုက်ခဲ့သည့်တိုင် ရန်ကိုင်ဆီမှ လက်သီးတစ်ချက်ကို မခုခံနိုင်ခဲ့ချေ။

ထိုကောင်သည် လူကော ဟုတ်မှဟုတ်ပေရဲ့လော။ ယုဖုန်းသည် ရန်ကိုင်၏ ကျောပြင်ကို စိုက်ကြည့်နေရင်း အလိုလို တုန်ရီမိသွားခဲ့သည်။

သို့မဟုတ် အပြင်လောကမှ ကျင့်ကြံသူများကပဲ ထိုမျှ ကြောက်မက်ဖွယ် ကောင်းနေခြင်းပေလော။ အပြင် လောကကြီးမှ ကျင့်ကြံသူအားလုံးသာ ရန်ကိုင်ကဲ့သို့ဆိုလျှင် အရိပ်ကြယ်ပေါ်ရှိ သူတိုးအားလုံး အလကားသက်သက် အချိန်တွေဖြုန်းတီးနေခြင်း ဖြစ်သွားရပေလိမ့်မည်။

အကုန်လုံး ငေးကြောင်သား ဖြစ်နေစဉ် ရန်ကိုင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် တိုက်ပွဲကွင်းပြင်ဆီသို့ လျှောက်ကာ သွားလိုက်ပြီး မြေကြီးပေါ် ကျကျန်နေခဲ့သော မှော်ရတနာ၊ သိုလှောင်လက်စွပ်များကို ကောက်ယူလိုက်သည်။ သိုလှောင် လက်စွပ်များကို ကောင်းကင်စိတ်အာရုံဖြင့် တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် အထင်အမြင် သေးသေးဖြင့် နှာခေါင်းရှုံ့ကာ ယုဖုန်းဆီ ပစ်ပေးလိုက်သည်။

“သူတော်စင်သလင်းကျောက်တွေနဲ့ ကုန်ကြမ်း ပစ္စည်းတွေကို ဝူရီဆီပေးလိုက်။ ကျန်တဲ့ ပစ္စည်းတွေကို မင်းတို့ဘာသာမင်းတို့ ခွဲယူလို့ရတယ်”

“အာ” ယုဖုန်း ကြောင်သွားပြီး “ဒါဆိုမင်းကကော”

“ငါ့အတွက်မလိုဘူး”

ရှုမိသားစု ရတနာများကို သူစိတ်မဝင်စားချေ။ တောင်တစ်ရာ ပန်ချီကားချပ်နှင့် ထိုမှော်ရတနာအဆင့်ရှိ ရတနာများကိုသာ သူစိတ်ဝင်စားသည်။ သို့သော် ထိုကဲ့သို့သော ရတနာများကို တွေ့ရန် မလွယ်ကူလှပေ။

“ညီလေးရန်ကို ကျေးဇူးအများကြီး တင်ပါတယ်ကွာ” ယုဖုန်း ကြောင်နေခဲ့သော်လည်း အလျင်အမြန်ပဲ ရန်ကိုင်ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထို့နောက် အပြုံးကြီး ပြုံးလျက် သိုလှောင်လက်စွပ်များကို ယူကာ သူ့လူများဆီ ပြေးသွားလေသည်။ အခြားသူများသည်လည်း သူ့နား ဝိုင်းအုံလာခဲ့ကြသည်။

ရှုမိသားစုသည် အရမ်းကြီး အားမကောင်းသော်ငြား အုတ်မြစ်အခိုင်အမာ ရှိပြီးသော မိသားစုတစ်ခု ဖြစ်သည်။ ထိုသိုလှောင်လက်စွပ်များထဲတွင် ရှုမိသားစုခေါင်းဆောင် ရှုရှီခွန်၏ သိုလှောင်လက်စွပ်ထဲတွင် မှော်ရတနာများ၊ ဆေးလုံးများနှင့် အခြားအဖိုးတန် ပစ္စည်းများ အများဆုံး ရှိပေသည်။ ထို့အပြင် အထွဋ်အထိပ်သူတော်စင် သလင်းကျောက် အတုံးနှစ်သောင်း၊ အလယ်အလတ်အဆင့် သူတော်စင်သလင်းကျောက် လေးသောင်းကျော်နှင့် အဆင့်နိမ့် သူတော်စင်သလင်းကျောက် အတုံးတစ်သိန်း မက ရှိနေပေသေးသည်။

ထိုအရာများကို မြင်လိုက်ပြီးသည့်နောက် ယုဖုန်း၏ မျက်လုံးများ နီဲရဲသွားခဲ့ရသည်။

လူသတ်ပြီး ဓါးပြတိုက်ခြင်းသည် အမြန်ဆုံး ချမ်းသာနိုင်သည့် နည်းလမ်းတစ်ခုဖြစ်မှန်း သိသော်ငြား ဟိုင်ခဲမိသားစုသည် အဆင့်အနိမ့်ဆုံး အင်အားစုများအနက် တစ်ခုဖြစ်ပေသည်။ ထို့ကြောင့် မည်သူ့ကို သူတို့ သွားတိုက်ခိုက် သတ်ဖြတ်ရမည်နည်း။ ယနေ့ အဖြစ်အပျက်နှင့် ကြုံရပြီးနောက် ထိုနည်းလမ်းသည် အမြန်ဆုံး ငွေရှာနိုင်သည့်နည်းလမ်း ဖြစ်မှန်းကို ယုဖုန်း နားလည်သွားခဲ့လေသည်။

ယုဖုန်းနှင့် တစ်ရာမကသော သူ့ညီအစ်များသည် ကြယ်တာရာကောင်းကင်ထဲ ခရီးထွက်ပြီး နှစ်နှစ်ကြာမျှ သတ္တုများ သွားတူးရသည်။ သို့သော်လည်း မိသားစုဆီ ပြန်လာသည့်အခါ အထွဋ်အထိပ်အဆင့် သူတော်စင် သလင်းကျောက် အတုံး နှစ်‌သောင်းသာ ရခဲ့သည်။ ထို့အပြင် ထိုသူတော်စင်သလင်းကျောက်များကို ဝူရီမှ သူမ အိတ်ကပ်ထဲမှ စိုက်ထုတ်၍ ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယနေ့တွင် တစ်နာရီတွင်း လူ(၁၀)ယောက်ကျော်ကို သတ်ပြီး သူတို့ညီအစ်ကို အားလုံးပေါင်း၍ တစ်သက်လုံး ရှာသည်ထက် ပို၍ များပြားသော ပမာဏကို ရှာပြသွားခဲ့သည်။

မှော်ရတနာများနှင့် ဆေးလုံးများသည် အရမ်းကြီး အဆင့်မမြင့်ကြဘဲ အများစုသည် သူတော်စင်အဆင့်များ ဖြစ်ကြကာ လက်တစ်ဆုပ်လောက်သာ သူတော်စင်ဘုရင် အဆင့်များ ဖြစ်ကြသည်။ သို့သော်လည်း ထိုအဆင့်သည် ဝူရီနောက်လိုက်များအတွက် အပြီးပြည့်ဆုံးဆုံး ဖြစ်ပေသည်။

သူတို့ထဲရှိ အများစုသည် သူတော်စင်အဆင့်သာ ရှိသေးကြပြီး လေးငါးယောက်လောက်သာ သူတော်စင်ဘုရင် အဆင့်သို့ ရောက်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုသူတော်စင်အဆင့် ဆေးလုံးများ မှော်ရတနာများသည် သူတို့အတွက် လုံးဝကို ကွက်တိ ဖြစ်နေခဲ့လေသည်။

“ဘုရင်အသွင်ပြောင်းဆေးလုံး ဆယ်လုံးတောင်” ယုဖုန်းက ရုတ်တရက် ထအော်လိုက်သည်။ ဆေးပုလင်းကို ကိုင်ထားသည့် သူ့လက် တဆတ်ဆတ် တုန်ရီနေခဲ့လေ၏။

ထိုစကားကို ကြားလိုက်သည့်အခါ အကုန်လုံး စိတ်လှုပ်ရှားသွားခဲ့ကြသည်။

ဘုရင်အသွင်ပြောင်း ဆေးလုံးကို ရန်ကိုင်ကိုယ်တိုင် တစ်ခါမှ မဖော်စပ်ဖူးသေးသော်လည်း ဆေးလုံးကို ဘာအတွက် သုံးလဲ သူသိသည်။ ဘုရင်အသွင်ပြောင်း ဆေးလုံးသည် သူတော်စင် တတိယအဆင့်မှာ သူတော်စင် ဘုရင်အဆင့်သို့ အောင်အောင်မြင်မြင် ချိုးဖျက်နိုင်ချေကို မြှင့်တင်ပေးနိုင်ပေသည်။ ထို့ကြောင့် ထိုသူတော်စင်ဘုရင် အဆင့်နိမ့် ဆေးလုံးသည် ဝယ်လိုအား များနေခြင်း ဖြစ်သည်။

အဆင့်ကြီးတစ်ဆင့်တွင် တစ်ဆို့နေပြီး နောက်တစ်ဆင့်သို့ မချိုးဖျက်နိုင်သော ကျင့်ကြံသူများစွာ ရှိပေသည်။ သူတော်စင်တတိယအဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူ ဆယ်ယောက်အနက် ကိုးယောက်သည် ထိုအဆင့်တစ်ဆို့သည့် ပြဿနာကို ကြုံကြရသည်။ ရန်ကိုင်ကဲ့သို့ အဆင့်တက် အတားအဆီးနှင့် မကြုံရသည့် ကျင့်ကြံသူမှာ အလွန်တရာကိုမှ ရှားပါးလှပေသည်။

သို့သော်လည်း သူသည်ပင် သုတ်သင်ခြင်းနတ်ဆိုး မျက်လုံး၏ အကူအညီကြောင့် ထိုသို့ လုပ်နိုင်နေခြင်း ဖြစ်သည်။ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသာ မရှိလျှင် သူသည်လည်း အခြားကျင့်ကြံသူများကဲ့သို့ နောက်တစ်ဆင့်သို့ ချိုးဖျက်ရန် ကြိုးစားသည့်အခါ ဆေးလုံးအချို့ ဖော်စပ်ရပေလိမ့်မည်။

ဘုရင်အသွင်ပြောင်းဆေးလုံးသည် သူတော်စင်အဆင့်မှ သူတော်စင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်စွမ်းကို သုံးဆယ် ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်ပေသည်။ သင့်တင့်သော အရည်အချင်းကိုသာ ပိုင်ဆိုင်ထားသရွေ့ ဆေးလုံး၏ အကူအညီဖြင့် သူတော်စင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ချေ ကိုးဆယ်ရာခိုင်နှုန်း ရှိပေသည်။

ဝူရီနောက်လို့ လိုက်လာသော လူများအနက် အယောက် နှစ်ဆယ်နီးပါးသည် သူတော်စင်တတိယအဆင့်များ ဖြစ်ကြသည့်အတွက် ထိုဘုရင်အသွင်ပြောင်း ဆေးလုံးသည် သူတို့အတွက် အလွန်ကိုမှ အဖိုးတန်လှပေသည်။

ဟိုင်ခဲမိသားစုတွင်လည်း ဘုရင်အသွင်ပြောင်း ဆေးလုံးများ ရှိပေသည်။ သို့သော် ထိုဆေးလုံးများသည် အရည်အချင်းရှိသော တပည့်များနှင့် မိသားစု၏ တိုက်ရိုက် မျိုးဆက်များအတွက်သာ ဖြစ်ပေသည်။ အချို့ဆိုလျှင် ထိုဆေးလုံးအနံ့ကိုပင် မရှူဖူးကြချေ။ ထိုနှစ်ဆယ် နီးပါးရှိသော သူတော်စင်တတိယအဆင့်များသည်သာ ဘုရင်အသွင်ပြောင်း ဆေးလုံးကို သန့်စင်နိုင်ပါက သူတော်စင်ဘုရင်အဆင့် ဖြစ်လာနိုင်ချေ ကိုးဆယ် ရာခိုင်နှုန်း သေချာပေသည်။

သူ့ညီအစ်ကိုရောင်းရင်းများ၏ အာသာတငမ်းငမ်း ဖြစ်နေသော အမူအရာကိုမြင်သော် ယုဖုန်း၏ အမူအရာ လေးနက်သွားခဲ့ပြီး ဆေးပုလင်းကို ချက်ချင်းပဲ အိတ်ကပ်ထဲသို့ ထည့်သိမ်းကာ အလျင်အမြန် အော်ဟစ် ပြောဆိုလိုက်သည် “ဒီဆေးလုံးကိုတော့ သခင်မလေးကိုပဲ ဝေစုခွဲခိုင်းလိုက်တော့မယ်”

အကုန်လုံး ခေါင်းညိတ်လိုက်ကြသည်။

ထိုအခြင်းအရာကိုမြင်သော် ထိုလူများအတွက် ဆေးလုံး အချို့ သန့်စင်ပေးသင့်သည်ဟု ရန်ကိုင် တွေးလိုက်မိသည်။ သူသည် အဆင့်တက်ရာတွင် မည်သည့် ဆေးလုံး အကူအညီကိုမှ မယူခဲ့ဖူးသော်ငြား အခြားသူများ မယူရဟု မလိုပါချေ။ ထို့အပြင် သူ့လက်ရှိ အရည်အချင်းဖြင့် ဘုရင် အသွင်ပြောင်း ဆေးလုံးများကို အလွယ်တကူ ဖော်စပ် သန့်စင်နိုင်ပေသည်။

ထိုသို့ဆုံးဖြတ်ပြီးနောက် ခမ်းလှမ်းလှမ်းသို့ အေးစက်စက် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ဟိုင်ခဲမိသားစုဝင်များ ထိုနေရာတွင် မလှုပ်မယှတ် ရပ်နေသည်ကို သူသတိပြုမိသည်။

ဟိုင်ခဲမိသားစုသည် ရှုမိသားစုနှင့်အတူ ရောက်လာခဲ့သော်ငြား သူ့အား မတိုက်ခိုက်ခဲ့သည့်အတွက် ရန်ကိုင်လည်း သူတို့အား မတိုက်ခိုက်ဘဲ ထားထားခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင်၏ အကြည့်ကို သတိပြုမိလိုက်သည့်အခိုက် ဘချင်းယန် တစ်ကိုယ်လုံး တုန်တက်သွားပြီး အလျင်စလို ပြောလိုက်လေသည် “မိသားစုခေါင်းဆောင် ကျုပ်ပြောဖို့ မေ့နေလို့။ ရန်ကိုင်က ဒီတောင်ပတ်လည် မိုင်ငါးဆယ် အတွင်းကို ဝင်လာတဲ့လူတိုင်းကို သူ့ရန်သူအဖြစ် သတ်မှတ်မယ်လို့ ပြောထားတယ်”

ထိုစကားကို ရန်ကိုင် ပြောခဲ့စဉ်က ဘချင်းယန် အတည် မမှတ်ခဲ့။ တကယ်တော့ နဂါးလိုဏ်ဂူတောင်သည် သူတို့ ဟိုင်ခဲမိသားစုအပိုင် မဟုတ်ပေလော။ ရန်ကိုင်သည်သာ ဤနေရာကို လုထားခြင်းဖြစ်သည်။ သို့သော်လည်း ရှုမိသားစု၏ ဥပမာကို မြင်တွေ့ပြီးနောက် ဘချင်းယန် ရန်ကိုင်၏ သတိပေးချက်ကို လျစ်လျူမရှုရဲတော့ချေ။

ရန်ကိုင်သည် ထိုအချက်ကို အကြောင်းပြချက်အဖြစ် သုံး၍ တိုက်ခိုက်လာမည်ဆိုပါက ဟိုင်ခဲမိသားစု ခုခံနိုင်၊ မခုခံနိုင်သည်မှာ မသေချာချေ။

“ဘယ်လို” ရီအန်း ထိတ်လန့်သွားပြီး “မိုင်ငါးဆယ်လား”

မိုင်ငါးဆယ် မဆိုထားနှင့်၊ သူတို့ ရပ်နေသော နေရာသည် လိုဏ်ဂူနှင့် ငါးမိုင်ပင် မကွာချေ။

“ပြန်ဆုတ်” ရီအန်း နည်းနည်းလေးပင် ဆက်မနေရဲဘဲ အားလုံးကို ပြန်ဆုတ်ရန် ချက်ချင်း အမိန့်ပေးလိုက်လေ၏။

မိုင်ငါးဆယ်အပြင်ဘက်သို့ ဆုတ်သွားပြီးမှသာ ရန်ကိုင် သူတို့အား ကြည့်မနေတော့သည်ကို သတိပြုမိလိုက်သည်။ အကုန်လုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ သူတို့ထက် အသက်အများကြီးငယ်သည့် လူငယ်လေး တစ်ယောက်ဆီမှ ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရသည့် အပေါ် အကုန်လုံး ရှက်ရွံ့မိနေကြသည်။

သို့သော်လည်း လောလောဆယ်တွင် ထိုအကြောင်းကို တွေးနေရန် အချိန်မရှိ။ ရှုမိသားစုမှ သူတော်စင်တတိယ အဆင့် ပညာရှင်အားလုံး သေသွားပြီးနောက် ရန်ကိုင် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သူတို့ နားလည်သွားခဲ့လေပြီ။

ရီအန်း ဘချင်းယန်အား ဒေါသတကြီး ကြည့်လိုက်သည်။

ရီအန်း သူ့ကို အပြစ်တင်နေမှန်း သိလေရာ ဘချင်းယန်လည်း အလျင်အမြန် ရှေ့တက်၍ လက်သီး ဆုပ်ကာ ပြောလိုက်လေသည် “မိသားစုခေါင်းဆောင် ဒီတစ်ကြိမ် ကျုပ်တကယ် အမှားလုပ်မိသွားပါတယ်။ ရန်ကိုင့် အလားအလာ အဲ့လောက် ကောင်းလိမ့်မယ်လို့ ကျုပ် တကယ် မထင်ခဲ့ဘူး။ ပြီးတော့ ဟိုမိန်းကလေးကလည်း အစီအရင်ပိုင်းမှာ ဒီလောက်အထိ တော်လိမ့်မယ်လို့လည်း မတွေးမိခဲ့ဘူး။ အစောကြီးကတည်းကသာ ကြိုသိခဲ့ရင် ရှုရှီရှုန်းကို ဒီနေရာဆီ လာခိုင်းခဲ့မှာ မဟုတ်ဘူး။ ပြီးတော့ ဝူရီကိုလည်း မိသားစုကနေ ထွက်ခွင့် ပေးခဲ့မှာ မဟုတ်ဘူး...”

“တောက်ပြီ။ အခုမှ ပြောနေလို့လည်း ဘာမှ မထူးတော့ဘူး” ရီအန်းက သူ့လက်ကို စိတ်မရှည်ဟန်ဖြင့် ဝှေ့ရမ်းလိုက်သည်။

“မိသားစုခေါင်းဆောင် ကျုပ်တို့ ရန်ကိုင်ကို မိသားစုထဲ ခေါ်ဖို့ ကြိုးစားဦးမှာလား” ဟွမ်ကျွမ်းက စိုးရိမ်တကြီး မေးလိုက်သည် “အဲ့ကောင်လေးက အရမ်း ကြောက်ဖို့ ကောင်းလွန်းတယ်။ ပြီးတော့ ဟိုမိန်းကလေးကလည်း အစီအရင်ပိုင်းမှာ တော်တာမှ နည်းနည်းနောနော မဟုတ်ဘူး။ ကျွန်မတို့ သူတို့နဲ့ ဆက်ဆံရေးကောင်းအောင် နေသင့်တယ်နော်”

“ဧည့်အကြီးအကဲဟွမ် ပြောတာ အမှန်ပဲ။ အဲ့နှစ်ယောက်နဲ့ မိတ်ဆွေဖြစ်အောင် ကျုပ်တို့ ကြိုးစားသင့်တယ်” ဝလွမ်က ဝင်ပြောလိုက်သည်။

“အခု သူတို့နဲ့ မိတ်ဆွေဖွဲ့လို့ မဖြစ်ဘူး” သို့သော်လည်း ရီအန်းက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။

“ဘာလို့လဲ” ဟွမ်ကျွမ်း နားမလည်နိုင် ဖြစ်နေခဲ့သည်။ ထိုလူငယ်လေးနှင့် မိန်းကလေး၏ အရည်အချင်းကို ကိုယ်တိုင် မျက်မြင်မကြုံခဲ့လျှင် ထိုနှစ်ယောက်နှင့် မိတ်ဆွေ ဖွဲ့ရန် မကြိုးစားသည်မှာ ကိစ္စမရှိချေ။ သို့သော် ထိုနှစ်ယောက်၏ အလားအလာကို ကိုယ်တိုင် မျက်စိတပ်အပ် မြင်ပြီးသွားပြီ ဖြစ်လေရာ ဘာကြောင့် ထိုအခွင့်အရေးကောင်းကြီးကို လက်လွှတ်ရမည်နည်း။ မိသားစုခေါင်းဆောင် ခေါင်းမကောင်းတော့ခြင်း ပေလော။

“ရှုရှီခွန် မသေခင် ဘာပြောသွားလဲ ဆိုတာကို မင်းတို့ မေ့နေတာလား” ရီအန်းက ပြန်ပြောလိုက်သည်။

သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်ပြီးနောက် အကုန်လုံး၏ အမူအရာ မည်းမှောင်သွားခဲ့ရသည်။

“မိသားစုခေါင်းဆောင် ပြောချင်တာက အရိပ်လခန်းမက...” ဟွမ်းကျွမ်းက တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြောလိုက်သည်။

ရီအန်းက လှောင်ပြုံးပြုံးလျက် “ငါတို့ ဟိုင်ခဲမိသားစုနဲ့ ရှုမိသားစုက အရိပ်လခန်းမရဲ့ အဆင့်အနိမ့်ဆုံးတွေ၊ သူတို့ အတွက် ဘာမှဟုတ်တာ မဟုတ်ဘူးဆိုပေမယ့် ငါတို့တွေက သူတို့ရဲ့ နာမည်ကို ယူသုံးနေတဲ့ အင်အားစုတွေပဲ။ ရှုမိသားစုက ပညာရှင်တွေ အများကြီးနဲ့ သူတို့ရဲ့ မိသားစု ခေါင်းဆောင်ကို သတ်လိုက်တယ်ဆိုတာက လအရိပ်ခန်းမရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ။ သူတို့သာ ဒီအခြေအနေကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင် နောက်ပိုင်းမှာ ငါတို့ မိသားစုကကော သူတို့ကို ဘယ်လို အားကိုးနေရဦးမှာလဲ။ လအရိပ်ခန်းမ ကျိန်းသေကို လှုပ်ရှားလိမ့်မယ်။ ငါတို့လည်း ဒီနေ မြင်ခဲ့တာတွေကို ပြန်တင်ပြရလိမ့်မယ်။ မဟုတ်ရင် သူတို့ ဒီကိုလာပြီး စစ်ဆေးရင် ပြဿနာတွေ တက်လိမ့်မယ်”

“မိသားစုခေါင်းဆောင် ပြောတာ မှန်တယ်ဆိုပေမယ့် ကျုပ်တို့သာ အဲ့လိုလုပ်လိုက်မယ်ဆိုရင် ဟိုလူငယ်လေးကို ရန်စမိလိုက်သလို ဖြစ်မသွားဘူးလား။ ကျုပ်တို့က သူ့ကို မိသားစုထဲ ခေါ်ဖို့ ကြိုးစားနေတာလေ” ဝလွမ်က နားမလည်နိုင်သည့် လေသံဖြင့် မေးလိုက်သည်။

“သူ့ကို ခေါ်ဖို့လား” ရီအန်းက ပြန်လှောင်လိုက်သည် “ငါတို့ မကိုင်တွယ်နိုင်တဲ့လူကို မိသားစုထဲခေါ်ပြီး ဘာလုပ်မှာလဲ။ သူ့အလားအလာနဲ့ အရည်အသွေးက လန်ပြန်ထွက်နေတာ။ ဟိုအစီအရင်ကျွမ်းတဲ့ မိန်းကလေးကလည်း ရှိသေးတယ်။ တစ်နေ့ သူတို့ အားကောင်းလာတဲ့အချိန်ကျရင် ငါတို့ ဟိုင်ခဲမိသားစု ဘယ်နား သွားနေရမှာလဲ။ အဲ့အချိန်ကျ ဒီနေရာတစ်ခုလုံး မျိုးရိုးနာမည်ရန် ဖြစ်သွားလိမ့်မယ်”

ယခင်က ထိုလူငယ်လေးကို သူတို့မိသားစုထဲသို့ ရီအန်း ခေါ်ချင်မိခဲ့သည်။ သို့သော် ထိုလူငယ်လေး၏ ခွန်အားနှင့် စွမ်းရည်ကို မြင်တွေ့လိုက်ရပြီးနောက် ထိုလူငယ်လေးကို မိသားစုထဲ ခေါ်သွင်းလျှင်ပင် သူတို့ ထိန်းချုပ်နိုင်မည် မဟုတ်မှန်း နားလည်လိုက်သည်။

ရန်ကိုင်မှ ရှုရှီခွန်အား လက်သီးတစ်ချက်တည်းဖြင့် ပေါက်ကွဲသွားစေခဲ့သည်ကို မြင်ပြီးနောက် ထိုလူငယ်လေးကို သူလုံးဝ ထိန်းချုပ်နိုင်မည်မဟုတ်မှန်း ရီအန်း သိလိုက်၏။ ရန်ကိုင်ကို မထိန်းချုပ်နိုင်မှဖြင့် ဘာကြောင့် သူ့ကို မိသားစုထဲသို့ ခေါ်နေရဦးမည်နည်း။ ရန်ကိုင်အား မိသားစုထဲသို့ ခေါ်ခြင်းသည် ဆာလောင်နေသည့် မြေခွေးတစ်ကောင်ကို အိမ်ထဲ ခေါ်သွင်းလိုက်ခြင်းနှင့် တူပေသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်ကျလျှင် ထိုမြေခွေးက သူတို့ မိသားစုတစ်ခုလုံးကို ပြန်ဝါးမြိုသွားပေလိမ့်မည်။

ရီအန်း၏ သဘောထားသည် အစောပိုင်းကနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားခဲ့သော်ငြား အပြောင်းအလဲမြန်သော သူ့သဘောထားကို မည်သူမှ အပြစ်မတင်။ ထို့အစား ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်သော သူ့စွမ်းရည်ကိုပင် ချီးကျူးလေးစားနေကြသည်။

မိသားစုခေါင်းဆောင် တစ်ယောက်၏ အတွေးကို သာမန် လူတစ်ယောက်၏ အတွေးနှင့် သွားယှဉ်၍ မရချေ။

ဟိုင်ခဲမိသားစု ပညာရှင်များသည် သူတို့နေထိုင်ရာဆီသို့ အလျင်အမြန် ပြန်လာပြီး ယနေ့ ဖြစ်ပျက်ခဲ့သည်များကို သတင်းပို့ရန်အတွက် ကောင်းကင်ကံကြမ္မာမြို့တော်ရှိ မြို့သခင်စံအိမ်ဆီ တစ်ယောက်ယောက်ကို စေလွှတ် လိုက်လေသည်။

ကောင်းကင်ကံကြမ္မာမြို့တော်သည် လအရိပ်ခန်းမ၏ လက်အောက်တွင် ရှိလေရာ ထိုမြို့၏ မြို့သခင်သည်လည်း လအရိပ်ခန်းမမှ ပညာရှင်တစ်ယောက် ဖြစ်ပေသည်။

ဟိုင်ခဲမိသားစုမှ သတင်းပို့ရန် လွှတ်လိုက်သည့်သူကား ဧည့်အကြီးအကဲ ဟွမ်ကျွမ်း ဖြစ်ပေသည်။

သို့သော်လည်း မြို့သခင်စံအိမ်သို့ ရောက်သည်နှင့် တံခါးစောင့်များ၏ ဟန့်တားခြင်း ခံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အစောင့်များသည် သွားပေါ်အောင် ပြုံးဖြဲလျက် တဏှာအကြည့်များဖြင့် ဟွမ်းကျွမ်း တစ်ကိုယ်လုံးကို သိမ်းကျုံးကြည့်နေလေရာ ဟွမ်းကျွမ်း အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်နေခဲ့ရလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၁၁၃၇)

ဟွမ်ကျွမ်းသည် အသက်မငယ်တော့်သော်ငြား သူမသည် အသက်သုံးဆယ်ရွယ်အရွယ် အမျိုးသမီး တစ်ယောက်ကဲ့သို့ ချောမောလှပနေဆဲပင်။ ရင့်ကျက်သော အမျိုးသမီးတစ်ယောက်၏ အရှိန်အဝါကို ထုတ်လွှတ်နေပြီး အရည်ရွမ်းနေသော လုံးကြီးပေါက်လှ ခန္ဓာကိုယ်မှာလည်း သားရေကျချင်စရာ။ မို့မောက်လှသော ရင်အစုံ၊ ဝိုင်းစက်စွံ့ကားနေသော တင်ပါးတစ်စုံ၊ ဖြောင့်စင်း သွယ်တန်းနေသော ခြေတံရှည်များနှင့် ခါးသွယ်သွယ်လေးကို ပိုင်ဆိုင်ထားသည်။ ထိုမျှသာ မကသေး ပန်းနုရောင်သန်းနေသော ကျောက်စိမ်းသား ကဲ့သို့ ချောမွတ်လှသည့် အသားအရေကိုပါ ပိုင်ဆိုင်ထားလေရာ မြင်သူ ပုရိသ ယောကျာ်းအပေါင်း လည်ပြန်ငေးမောရသည့် မိန်မး တစ်ယောက် ဖြစ်နေသည်မှာ မထူးဆန်းပါချေ။

“အစ်ကိုကြီးတို့၊ ကျွန်မက ဟိုင်ခဲမိသားစုက အကြီးအကဲ တစ်ယောက်ပါ။ မြို့သခင်ဖေးကျီတုနဲ့ ဆွေးနွေးစရာ ရှိလို့ပါ” ဟွမ်ကျွမ်းက အားတင်းပြုံးလိုက်ပြီး ရီအန်းအား ခွေးတစ်ကောင်ကဲ့သို့ ပက်ပက်စက်စက် စိတ်ထဲတွင် ကြိတ်၍ ဆဲဆိုလိုက်သည်။

ရီအန် သူမအား စေလွှတ်ခဲ့ရခြင်းသည် မိန်းမတစ်ယောက် ဖြစ်နေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ မြို့သခင်နှင့် ဆက်ဆံရာဖို့ရာ လှပသော အမျိုးသမီးတစ်ယောက်သည် ပို၍ သင့်တော်မည်ဟု ရီအန်း ထင်နေသည့်ပုံပင်။

သို့သော်လည်း မြို့သခင်စံအိမ်ထဲသို့ မဝင်ရသေးခင် မှာဘဲ သူတော်စင်အဆင့် ဂိတ်စောင့်သုံးယောက်၏ မျက်စိကျခြင်းကို ခံလိုက်ရလေရာ ဟွမ်းကျွမ်းရင်ထဲ ဒေါသလည်း ထွက်မိသလို ကူကယ်ရာလည်း မဲ့မိ၏။ အခြားနေရာတွင် ဆိုပါက ထိုသုံးယောက်စလုံးကို ရက်ရက်စက်စက် သတ်ပစ်လိုက်လေပပြီ။ သို့သော် ဤနေရာသည် လအရိပ်ခန်းမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော မြို့သခင်စံအိမ် ဖြစ်သည်။ ထို့ကြောင့် သူမသာ အသက်ဆက်မရှင်ချင်တော့သရွေ့ မဆင်မခြင် လှုပ်ရှား၍ မဖြစ်ပါချေ။

“ဟိုင်ခဲမိသားစုလား” မြင်းမျက်နှာကဲ့သို့ မျက်နှာ ရှည်ရှည်နှင့် လူကြီးက လှောင်ပြုံးပြုံး၍ ခေါင်းခါကာ “တစ်ခါမှ မကြားဖူးဘူး။ မင်းတို့ကော ကြားဖူးလား”

ချက်ချင်းပဲ နောက်တစ်ယောက်က ဝင်ပြောလိုက်သည် “အဲ့ဒါ ဂိုဏ်းရဲ့ လက်အောက်ခံအင်အားစုတစ်ခုမလား”

“လက်အောက်ခံမိသားစုလား” မြင်းမျက်နှာနှင့်လူက ခေါင်းညိတ်လိုက်ပြီး “မကြားဖူးတာလည်း အံ့ဩစရာ မဟုတ်တော့ပါဘူးလေ။ ဒီတော့ လက်အောက်ခံမိသားစုက လူတစ်ယောက်က ဒီကို ဘာလာလုပ်တာလဲ”

အစောင့်ကပင် ဟိုင်ခဲမိသားစုကို အရေးမထားလေရာ ဟွမ်ကျွမ်း ကြိတ်၍ အံကြိတ်မိသွားခဲ့သည်။ သို့သော်လည်း သူမစိတ်ထဲ မည်မျှပင် တနုံ့နုံ့ ဖြစ်နေပါစေ၊ ထိုအရာများကို စိတ်ထဲတွင်သာ မြိုသိပ်ထားခဲ့ပြီး ပြုံးလျက် ပြောလိုက်သည် “အစ်ကိုကြီးတို့ရယ်။ ကျွန်မ မြို့သခင်နဲ့တွေဖို့ တကယ် လိုအပ်နေလို့ပါ။ အစ်ကိုကြီးတို့သာ မြို့သခင်ဆီ သွား ပြောပေးမယ်ဆိုရင် ကျွန်မ တကယ်ကို ကျေးဇူးတင်မိမှာ”

မြင်းမျက်နှာနှင့်လူက‌ အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ ပြောလိုက်သည် “မြို့သခင်မှာ လုပ်စရာတွေ အများကြီး ရှိနေတာ နင့်လို လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး တွေ့ဖို့ အချိန်မှာလဲ။ နင့်မိသားစုဆီသာ ပြန်သွားစမ်းပါဟာ”

အရိပ်လခန်းမတွင် လက်အောက်ခံ အင်အားစုများစွာ ရှိပေသည်။ ထိုလက်အောက်ခံ အင်အားစုတိုင်းသည် အလွန်ကိုမှ အားနည်းပြီး လအရိပ်ခန်းမအတွက် အရေးမပါချေ။ အစောင့်များသည် သူတော်စင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသော်လည်း အရိပ်လခန်းမ၏ တပည့်ဖြစ်သည်ဟူသော ဂုဏ်ပုဒ်ဖြင့် မာနာထောင်လွှား ကြသည်။ ထို့ကြောင့် ဟွမ်ကျွမ်း၏ ကျင့်ကြံခြင်းသည် သူတို့ထက် ပိုမြင့်လျှင်ပင် သူမအား နည်းနည်းလေးမှ မျက်နှာသာ မပေးခြင်းဖြစ်သည်။

မြင်းမျက်နှာနှင့်လူ ပြောသည်ကို နားထောင်ပြီး ဟွမ်ကျွမ်း ပို၍ အံကြိတ်မိလိုက်သည်။ သို့သော် ရုတ်တရက် သူမစိတ်ထဲ အကြံတစ်ခု စဉ်းစားမိလိုက်ပြီး ထိုမြင်းမျက်နှာနှင့် လူကို လက်ယပ်ခေါ်လိုက်သည် “အစ်ကိုကြီး၊ စကားပြောလို့ရအောင်လို့ နည်းနည်းလောက် တိုးလာပေးပါလား”

ဟွမ်ကျွမ်းသည် လူ့အထာကို နှံ့စပ်နားလည် သဘောပေါက်သည့် လူတစ်ယောက် ဖြစ်လေရာ ထိုကဲ့သို့ ကောင်စုတ်လေး တစ်ကောင်ကို မည်ကဲ့သို့ ကိုင်တွယ်ရမလဲ ဆိုသည်ကို အဘယ်ကြောင့် မသိဘဲ နေရမည်နည်း။

“အို” မြင်းမျက်နှာနှင့် အစောင့်က ရယ်သွမ်းသွေး၍ “လူမြင်ကွင်းမှာ ပြောဖို့မသင့်တဲ့ ညီမလေး ပြောချင်တဲ့ဟာ တစ်ခုခုများ ရှိလို့လား”

မြင်းမျက်နှာနှင့်လူက ရယ်မောလိုက်ရင်း ဟွမ်းကျွမ်းဆီ လျှောက်သွားလိုက်သည်။

သူအနီးသို့ ရောက်လာသည့်အခါ ဟွမ်းကျွမ်းက သူမ၏ သိုလှောင်လက်စွပ်ထဲမှ သူတော်စင်သလင်းကျောက်များကို ထုတ်ယူလိုက်ပြီး မြင်းမျက်နှာနှင့် လူလက်ထဲဿို့ မသိမသာ ထိုးထည့်ပေးကာ တိုးတိုးလေး ပြောလိုက်သည် “အစ်ကိုကြီး၊ နည်းနည်းလောက်တော့ အဆင်ပြေပြေလေး လုပ်ပေးပါနော်”

မြင်းမျက်နှာနှင့် လူသည် သူတော်စင်သလင်းကျောက် များကို တစ်ချက်ပင် စောင့်ငဲ့မကြည့်ဘဲ သူ့သိုလှောင် လက်စွပ်ထဲသို့ မသိမသာ ထိုးထည့်လိုက်သည်။ ထို့နောက် ဟွမ်းကျွမ်း၏ လက်ကို ရုတ်တရက် ဖမ်းဆွဲ၍ မိန်းမ တစ်ယောက်၏ လက်ကို ဘယ်သောအခါကမှ မကိုင်ဖူးသည့်အလား အားပါးတရ ပွတ်သပ်တော့သည်။ ထို့နောက် ရမက်ထန်နေသည့် အကြည့်ဖြင့် “အစ်ကို မကူညီပေးချင်တာ မဟုတ်ဘူး ညီမလေးရဲ့။ မြို့သခင်ကကို အရမ်း အလုပ်များနေတာ...”

ထိုမြင်းမျက်နှာနှင့် လူ၏ ပွတ်သပ်ကိုင်တွယ်မှုကြောင့် ဟွမ်ကျွမ်း၏ ခန္ဓာကိုယ် တုန်ရီသွားပြီး တစ်ကိုယ်လုံး ကြက်သီးမွှေးညင်း ထသွားခဲ့ရသည်။ လောလောဆယ်တွင် ထိုသကောင့်သားကို အရေခွံစုတ်ကာ သူ့တစ်ကိုယ်လုံးကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် လုပ်ပစ်ချင်နေလေပြီ။ သို့သော်လည်း ဒေါသကို ချုပ်တည်းပြီး နောက်ထပ် သူတော်စင်သလင်းကျောက် လက်တစ်ဆုပ်ကို ထပ်မံ ထုတ်ယူလျက် မြင်းမျက်နှာလက်ထဲသို့ ထည့်ပေးလိုက်ပြန်၍ ဆက်လက် တောင်းဆိုလိုက်သည် “အစ်ကိုကြီးရယ်၊ ကျေးဇူးပြုပြီး မြို့သခင်ဆီသာ သွားပြေးပေးပါ။ သူငြင်းတယ်ဆိုရင် ကျွန်မ ဆက်မတောင်းဆိုတော့ပါဘူး”

သူတော်စင် သလင်းကျောက် အများကြီး ရပြီးသည့်နောက် မြင်းမျက်နှာနှင့်လူက ကျေနပ်သွားသည့် အမူအရာဖြင့် ဟွမ်ကျွမ်း၏ လက်ကို ပွတ်သပ်ရင်း ပြောလိုက်သည် “ကောင်းပြီလေ။ ညီမလေးအတွက်လည်း လာရတာ လွယ်တာမှ မဟုတ်တာ။ မြို့သခင်ဆီ အစ်ကိုကြီး သွားပြောပေးပါ့မယ်။ ဒါပေမယ့် မြို့သခင်က အရမ်း အလုပ်ရှုပ်နေတာဆိုတော့ ညီမလေး မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်လိမ့်မယ်လို့တော့ အာမ မခံနိုင်ဘူးနော်”

“ကျွန်မသိတယ်။ ကျေးဇူးပါပဲ အစ်ကိုကြီး” ဟွမ်ကျွမ်း ကြိတ်၍ သက်ပြင်းရှိုက်လိုက်သည်။ ထိုသူတောင်းစား သူမအား ဆက်လက် အသားယူနေမည်ကို ရင်ထဲ အတော်လေး ထိတ်လန့်နေမိသည်။

မြင်းမျက်နှာနှင့်လူ မြို့သခင်စံအိမ်ထဲသိ့ လမ်းလျှောက် ဝင်သွားသည်ကိုမြင်သော် ဟွမ်ကျွမ်းသည် အပြင်ဘက်၌ ရင်တမမဖြင့် စောင့်နေလိုက်လေသည်။

ခဏအကြာ၌ မြင်းမျက်နှာနှင့်လူ ပြန်ထွက်လာခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ သူ့မျက်နှာ မှုန်မှိုင်းနေခဲ့သည်။ ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် အခြေအနေ မကောင်းမှန်း ဟွမ်ကျွမ်း သိလိုက်လေရာ အလျင်စလိုပဲ ရှေ့တက် မေးလိုက်လေသည် “မြို့သခင် ဘာပြောလဲ”

မြင်းမျက်နှာနှင့်လူသည် ဟွမ်ကျွမ်းဆီမှ အကျိုးအမြတ် များစွာ ရရှိထားသဖြင့် ပြန်တော့ အော်မပြောခဲ့ဘဲ ပုံမှန်အတိုင်းသာ ပြောလိုက်သည် “ခင်ဗျားကို တွေ့မှာ မဟုတ်ဘူး။ ပြီးတော့ ကျုပ်ကိုတောင် သူ့အချိန်တွေ လာဖြုန်းလို့ဆိုပြီး ဆူလိုက်သေးတယ်”

“ဟူး...” ဟွမ်ကျွမ်း သက်ပြင်းချလိုက်ပြီး စိတ်ထဲ ကြိတ်၍ ကူကယ်ရာမဲ့မိသွားခဲ့သည်။ သူမတွင် ကူဖော် လောင်ဖက် ဆွေမျိုးသားချင်းမရှိဘဲ။ သူမဘာသာ ကြိုးစားပြီး သူတော်စင်ဘုရင် တတိယအဆင့်သို့ ရောက်အောင် ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဟိုင်ခဲမိသားစုထဲသို့ ဝင်ရောက်ပြီး ဧည့်အကြီးအကဲ ရာထူးကို လက်ခံယူခဲ့သည်။

ဟွမ်ကျွမ်းသည် ဧည့်အကြီးအကဲ ရာထူးကို အသုံးချ၍ လအရိပ်ခန်းမထဲသို့ ဝင်လိုခြင်းဖြစ်သည်။ တစ်နေ့တွင် လအရိပ်ခန်းမထဲသို့ ဝင်နိုင်လိမ့်မည်ဟု မျှော်လင့်သော်ငြား ယနေ့တွင်မူ အရိပ်လခန်းမသည် ဟိုင်ခဲမိသားစုကို လုံး အရှင်းဂရုမစိုက်မှန်း သူမ သိသွားခဲ့လေပြီ။ ဧည့်အကြီးအကဲ ဖြစ်သော သူမကိုယ်တိုင် ရောက်လာခဲ့သော်ငြား မြို့သခင်ကို တွေ့ပင် တွေ့ခွင့်မရခဲ့ချေ။

သူမအား မြို့သခင်စံအိမ်ဆီသို့ လွှတ်လိုက်သော် ရီအန်းကို စိတ်ထဲတွင် အကြိမ်တစ်ထောင်မက ကြိတ်၍ အပြစ်တင်နေလိုက်သည်။

ဟိုင်ခဲမိသားစုထဲတွင် သူအား မျက်စိကျနေသည့် လူများစွာ ရှိပေသည်။ သို့သော်လည်း မြို့သခင်စံအိမ်သို့ လာသည့်အခါ၍ သူမထက် အများကြီး ပိုအားနည်းသည့် လူတစ်ယောက်၏ အသားယူခြင်းကို ခံခဲ့ရသည်။ အားကောင်းသော နောက်ခံမရှိလျှင် အသက်ရှင်ဖို့ရာ အလွန်ကိုမှ ခဲယဉ်းလှပေသည်။

ရုတ်တရက် ဟိုင်ခဲမိသားစုမှ ထွက်သွားလျှင်များ ကောင်မလေးမလားဟု ဟွမ်ကျွမ်း တွေးမိလိုက်သည်။ ထိုမိသားစုတွင်သည် လုံးဝကို အနာဂတ်မရှိတော့ချေ။ သူတို့နှင့် ဆက်နေခြင်းသည် အချိန်ဖြုန်းရာ ရောက်ပေ၏။

“ညီမလေး၊ ဘာလို့ ရက်နည်းနည်းလောက် ထပ်ပြီး မစောင့်ကြည့်တာလဲ။ အခွင့်အရေးရင် ညီမလေးအတွက် နောက်တစ်ကြိမ် ထပ်ပြောပေးမယ်လေ” မြင်းမျက်နှာနှင့် လူသည် ဟွမ်ကျွမ်း၏ လက်ကို ကိုင်ရုံမျှဖြင့် မကျေနပ်သေးသည့်ပုံပင်။

“မလိုတော့ဘူး” ဟွမ်ကျွမ်း၏ အမူအရာ အေးစက်သွားပြီး ချက်ချင်းပဲ လှည့်ထွက်သွားလိုက်သည်။

“စေတနာကို တန်ဖိုးမထားတတ်တာ” မြင်းမျက်နှာနှင့် လူက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ မ

ဟွမ်းကျွမ် မိသားစုဆီသို့ ပြန်ရောက်သွားပြီး တာဝန် မအောင်မြင်ကြောင်း ပြောပြသည့်အခါ ရီအန် ဒေါသ ထွက်သွားပြီး ဟွမ်ကျွမ်းအား ဆူပူတော့လေသည်။ ထို့နောက် လက်ဆောင်ပစ္စည်းများစွာကို ပြင်ဆင်လျက် သူကိုယ်တိုင် ကောင်းကင်ကံကြမ္မာမြို့တော်ဆီ သွားတော့လေသည်။

ဟွမ်းကျွမ်းလည်း အတော်လေးကိုမှ ဒေါသထွက်သွားပြီး ဟိုင်ခဲမိသားစုကို ပိုပို၍ စိတ်ပျက်သွားခဲ့လေသည်။

သူ့ကျောက်တုံးခန်းထဲမှ ထွက်လိုက်ချိန် အပြင်ဘက်၌ ရုတ်ရုတ်သဲသဲ ဖြစ်နေသံကို ကြားလိုက်ရသည်။ အသံ ကြားရာလမ်းအတိုင်း သွားလိုက်ရာ မကြာမီ ကျောက်တုံးခန်းကြီး တစ်ခန်းရှေ့သို့ ရောက်လာခဲ့သည်။

ထိုကျောက်တုံးခန်းသည် အစည်းအဝေးခန်းအဖြစ် အသုံးပြုရန် အတွက် ယန်ယန်မှ ကျောက်တုံးရုပ်သေးရုပ်ကို လုပ်ခိုင်းခဲ့သည့် အခန်း ဖြစ်ပေသည်။ ယခုအချိန်တွင် ထိုအခန်းထဲ၌ လူနှစ်ယောက်လောက် ရှိနေပြီး အကုန်လုံး တစ်ယောက်နှင့်တစ်ယောက် အော်ဟစ်နေကြသည်။

ယုဖုန်းသည် အားလုံးထဲတွင် အသံအကျယ်ဆုံး ဖြစ်သည်။ အခန်းအလယ်ရှိ ကျောက်တုံးစားပွဲပေါ်တွင် တက်ရပ်၍ တစ်ယောက်ပြီး တစ်ယောက်ကို လက်ညိုးထိုးရင်း တံတွေး မိုးမွှန်အောင် ပြောနေခဲ့သည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲ အနည်းငယ် မကျေမနပ် ဖြစ်မိသွားသည်။

ဝူရီနောက်လိုက်များသည် ဝေစုခွဲဝေရင်း အချင်းချင်း ပြဿနာ ဖြစ်နေကြသည်ဟု ရန်ကိုင် ထင်နေခဲ့ခြင်း ဖြစ်၏။ ထိုသို့ဆိုလျှင် ဝူရီ၏ နောက်လိုက် ဖြစ်လင့်ကား ထိုလူများကို ဤနေရာမှ နှင်ထုတ်ပစ်ရပေလိမ့်မည်။

အချင်းချင်း အဝေမတည့်၊ ကိုယ့်တစ်ကိုယ်စာဖို့သာ ကြည့်သော လူများကို ရန်ကိုင် မကြိုက်ချေ။ သို့သော် သူတို့၏ အော်သံများကို နားထောင်ပြီးနောက် သူထင်သလို မဟုတ်မှန်း ရန်ကိုင် သိလိုက်သည်။

ထိုအငြင်းအခုံသည် သူတော်စင်သလင်းကျောက်၊ လက်နက်များကို ဝေစုခွဲခြင်းကြောင့် မဟုတ်ဘဲ ဆေးလုံးများကို ဝေစုခွဲနေရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အထူသဖြင့် သူတော်စင်ဘုရင်အဆင့်ကို ချိုးဖျက်ဝင်ရောက်စေနိုင်သော ဘုရင်အသွင်ပြောင်း ဆေးလုံး ဆယ်လုံးပင်။

အထူးသတိပြုမိရမည့် အချက်သည်ကား ဤနေရာတွင် ရှိနေသော လူအားလုံးသည် ဘုရင်အသွင်ပြောင်းဆေးလုံး မရသဖြင့် အော်ဟစ်ဆူပူနေခြင်း မဟုတ်ဘဲ အဖိုးတန် ဘုရင်အသွင်ပြောင်း ဆေးလုံးများကို အခြားသူများဆီ အတင်း တွန်းပေးနေခြင်းဖြစ်သည်။

အငြင်းအခုံ ဖြစ်နေသည်မှာ သုံးရက် ကြာခဲ့လေပြီ။ သို့သော် ယနေ့ထိတိုင် အဖြေတစ်ခု မထွက်နိုင်သေး။ ဝူရီသည်လည်း ကူကယ်ရာမဲ့နေခဲ့သည်။ သို့သော် သူမ ရင်ထဲတွင်မူ အတော်လေး ပျော်နေမိပေသည်။

“ငါ့လွမ်းမ လျိုပင်း။ မင်းသူတော်စင်ဘုရင် တတိယ အဆင့်ကို ဟိုးလွန်ခဲ့တဲ့ ကိုးနှစ်ကတည်းက ချိုးဖျက်သွားမှန်း ငါသိတယ်။ မင်းအခု အဆင့်တစ်ဆို့နေတာမလား။ အဲ့ဒါကို ဘာလို့ ဆေးလုံးတစ်လုံး မယူရတာလဲ။ သခင်မလေးကို မျက်နှာသာ မပေးချင်တာလား။ သခင်မလေးကော၊ ငါ့မျက်နှာကိုပါ မထောက်ဘူးဆိုရင် မင်းမျက်နှာကို ဒီအဖေ လာထိုးတော့မှ အပြစ်မတင်နဲ့နော်”

လျိုပင်းဆိုသော ကျင့်ကြံသူက ပြုံးဖဲလျက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည် “ယုဖုန်း၊ ငါ့လျိုပင်းက အသက်ခြောက်ဆယ် ပြည့်တော့မှာကွ။ ငါ့အရည်အချင်းကလည်း သိပ်ကောင်းတာ မဟုတ်ဘူး။ အဲ့ဆေးလုံးကို သောက်လို့ ဘာအကျိုးရှိဦးမှာလဲ။ အဲ့ဆေး သောက်မယ်ဆိုရင်တောင် သူတော်စင်ဘုရင်အဆင့်ကို ချိုးဖျက်ဖို့က မသေချာတာ များနေတာ အဲ့လိုရတနာ တစ်ခုကို ဘာလို့ င့ါအတွက် ဖြုန်းချင်နေရတာလဲ။ ကဲဝူရှုန်းကိုသာ ပေးလိုက်။ သူ့အရည်အချင်းက ငါ့ထက် ပိုကောင်းတယ်။ ပြီးတော့ သူလည်း သူတော်စင်တတိယ အဆင့်ပဲ။ သူတော်စင်ဘုရင်အဆင့်ကို သူကျိန်းသေ ချိုးဖျက်နိုင်လိမ့်မယ်”

အပြာရောင်အင်္ကျီ ဝတ်ထားသော သက်လတ်ပိုင်းလူကြီး ကဲဝူရှုန်းဆိုသူက ချက်ချင်း ခေါင်းခါလိုက်ပြီး “ငါမလိုဘူး။ ငါ့ကို အချိန်နှစ်နှစ်သာပေး။ သူတော်စင်ဘုရင်အဆင့်ကို ငါ့ဘာသာငါ ချိုးဖျက်နိုင်တယ်။ ငါ့အတွက်နဲ့ ဘုရင် အသွင်ပြောင်းဆေးလုံးကို မဖြုန်းတီးမိနေစေနဲ့။ ပေးမယ့်ပေး ရှောင်ယကိုသာ ပေးလိုက်”

လှပသော ဂါဝန်ကို ဝတ်ထားသည့် မိန်းမငယ်လေး တစ်ဦးက ချက်ချင်းပဲ အလျင်အမြန် လက်ဝှေ့ရမ်းလိုက်ပြီး “ငါလည်း မလိုချင်ဘူး။ ငါ့ဘာသာငါ သူတော်စင်ဘုရင် အဆင့်ကို ချိုးဖျက်နိုင်တယ်”

ယုဖုန်း နဖူးထက် သွေးကြောကြီးများ ဖုတက်လာပြီး ဒေါသတကြီး မိုးမွှန်အောင် ဆဲရေးတိုင်းထွာတော့လေသည်။ သို့သော် အချိန်အတော် ကြာသွားသည့်တိုင် အဖြေ မရှာနိုင်ခဲ့။ နောက်ဆုံး ဝူရီကိုကြည့်၍သာ အထွန့်တက် လေတော့သည် “သခင်မလေး၊ ဒီအလုပ်ကို ကျုပ်မလုပ်နိုင်တော့ဘူး။ ဒီသူတောင်းစားတွေ အကုန်လုံးက အရမ်း ခေါင်းမာလွန်းတယ်”

ဝူရီလည်း တစ်ခုခု ပြောတော့မည်အပြု ဝင်ပေါက်တွင် အပြုံးဖြင့် ရပ်နေသော ရန်ကိုင်ကို မြင်လိုက်သဖြင့် အလျင်အမြန်ပဲ သူ့ဆီ လမ်းလျှောက်သွားလိုက်လေသည်။

“ဒီလူတွေရဲ့ စရိုက်က တကယ်ကောင်းလွန်းတယ်” ရန်ကိုင် ချီးကျူးလိုက်သည်။ အပြင်လောကကြီးတွင် လှည့်လည်သွားလာခဲ့သည့် သူ့ဘဝတစ်လျှောက်လုံး လူပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးသည်။ အကျိုးအမြတ်လေး အတွက်နှင့် တစ်ယောက်နောက်ကျော ဓါးနှင့်ထိုးကြသော ညီအစ်ကိုအရင်းအချာများ၊ မိတ်ဆွေများကိုလည်း သူမြင်ခဲ့ဖူးသည်။ လူတို့သည် လောဘကြောင့် သေကြသလို ငှက်များသည် အစာကြောင့် သေကြေကြသည်။

သို့သော်လည်း ထိုလူများသည် သူတို့အား သူတော်စင်ဘုရင် အဆင့်သို့ ချိုးဖျက်စေနိုင်သော ဘုရင်အသွင်ပြောင်း ဆေးလုံးများကို တပ်မက်ခြင်း မရှိကြဘဲ တစ်ယောက်ကို တစ်ယောက်ဆီ လက်လွှဲပေးနေကြသည်။ ထိုကဲ့သို့ ကိုယ့်ဖို့သာကိုယ်သိသော အသင်းအဖွဲ့မျိုးကို ရန်ကိုင် မတွေ့ခဲ့သည်မှာ အတော်လေး ကြာနေခဲ့လေပြီ။ သူလူများကို ကြည့်နေရင်း သူ့ရင်ထဲ နွေးထွေးသွားခဲ့သည်။

“အစ်ကိုရန် ရှက်စရာတွေ မြင်စေကုန်မိပြီ” ဝူရီ ရှက်သွေးဖြာသွားခဲ့သည် “ဒီလူတွေက တကယ်ကို ငထူငအတွေ။ ဘုရင်အသွင်ပြောင်းဆေးလုံး ဆယ်လုံး အတွက်နဲ့ ငြင်းခုံနေကြတာ သုံးရက်ကြာတာတောင် မပြီးသေးဘူး။ ကျွန်မတို့ အစ်ကိုရန် နှောင့်ယှတ်မိသလို ဖြစ်သွားလားဟင်”

ရန်ကိုင်၏ စွမ်းအားကို မြင်တွေ့ပြီးနောက် ဝူရီလည်း ရန်ကိုင်အား ခေါ်ဝေါ်ပုံ ပြောင်းလဲသွားခဲ့သည်။ ထို့အပြင် မိသားစုဆီမှ ခွဲထွက်လာပြီးနောက် သူမ အတော်လေး ရင့်ကျက်လာသည်မှာ သိသာထင်ရှားလှသည်။

“ဟင့်အင်း၊ ဘာမှမဖြစ်ဘူး။ ယန်ယန်က အသံလုံ အစီအရင် ခင်းကျင်းပေးထားတာပဲ။ အခန်းထဲက ထွက်လာမှပဲ အသံကြားလို့ လာကြည့်ကြည့်တာ” ရန်ကိုင်က ပြုံး၍ သိချင်စိတ်ဖြင့် မေးလိုက်သည် “ဘုရင်အသွင်ပြောင်း ဆေလုံးတွေက ရဖို့ခက်တာလား”

ဝူရီက ခေါင်းညိတ်လိုက်ပြီး “ဘုရင်အသွင်ပြောင်း ဆေးလုံးတွေက သူတော်စင်ဘုရင်အဆင့်နိမ့် ဆေးလုံးတွေ ဆိုပေမယ့် ဈေးက မသေးဘူး။ တစ်လုံးကို အနည်းဆုံး အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက် အတုံး နှစ်ထောင်ရှိတယ်။ ဒီလို ဆေးလုံးကို သာမန်လူတစ်ယောက် ဘယ်လိုမှ မတတ်နိုင်ဘူး။ ဈေးနှုန်းက အဓိက မဟုတ်သေးဘူး။ အဓိကက ရောင်းမယ့်သူ မရှိတာပဲ။ ဒီဆေးလုံးကို လိုချင်တဲ့လူတွေ အများကြီးပဲ။ ဒါပေမယ့် ဆေးပညာရှင်တိုင်းက ဖော်စပ်နိုင်တာမှ မဟုတ်တာ။ အရိပ်ကြယ်ပေါ်က ပန်းပဲလုပ်တဲ့နည်းနဲ့ ဆေးဖော်စပ်တဲ့ နည်းလမ်းတွေက ကြယ်စီရင်စုထဲက အခြားနေရာတွေထက် နောက်ကျနေတာလေ။ ငါသိသလောက်‌တော့ ဒီမှာရှိတဲ့ အဆင့်အမြင့်ဆုံး ပန်းပဲပညာရှင်နဲ့ ဆေးပညာရှင်က တန်ခိုးရှင်အဆင့်နိမ့်တွေပဲ”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၁၁၃၈)

“နိမ့်လိုက်တာ” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ ထိုသို့ဆိုလျှင် သူနှင့်ယန်ယန်သည် အရိပ်ကြယ်ပေါ်ရှိ ဆေးပညာနှင့် ပန်းပဲနယ်ပယ် အသီးသီး၏ ထိပ်တွင် ရပ်နေသည်ဟု ဆိုလိုက်လေခြင်း မဟုတ်ပေလော။

ယန်ယန်သည် တန်ခိုးရှင်အဆင့်နိမ့်အဆင့်ထက် ပိုလောက်သည်။ အကြောင်းမှာ ယခင်က ကျောက်တုံး ရုပ်သေးရုပ်၏ အကူအညီဖြင့် ခရမ်းရောင်ရိုင်းကို တန်ခိုးရှင် အလယ်အလတ်အဆင့်သို့ မြှင့်တင်ပေးနိုင်သည်ဟု ပြောခဲ့သောကြောင့်ပင် ဖြစ်လေသည်။

“ဟုတ်တယ်။ နိမ့်လွန်းတယ်။ ဘာလို့လဲ ဆိုတာကိုတော့ ငါလည်း မသိဘူး။ ဒီအရိပ်ကြယ်ပေါ်မှာဆိုရင် ပန်းပဲ၊ ဆေး၊ မြေပုံ ပညာရှင်တွေ အကုန်လုံး တိုးတက်တာ နှေးကြတယ်” ဝူရီက ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။ ရန်ကိုင်သည် အပြင်လောကကြီးမှ လာမှန်း သူမသိသည်။ ထို့အပြင် ရန်ကိုင်၏ လေသံအရ အပြင်လောကကြီးသည် ဤနေရာထက် အများကြီး ပိုအဆင့်မြင့်မှန်း ဝူရီ သိလိုက်သည်။

ဝူရီ ပြောသည်ကို နားထောင်ပြီးနောက် ဆေးဖော်စပ်၍ သူတော်စင်သလင်းကျောက် ရှာခြင်းသည် အကြံကောင်း တစ်ခု ဖြစ်မှန်း ရန်ကိုင် သိလိုက်လေပြီ။

သူ့ဆေးပညာသည် အရိပ်ကြယ် ဆေးပညာ အဆင့်အတန်း၏ အထွဋ်အထိပ်ကို ရောက်ရှိနေလေပြီ။ ထို့ကြောင့် သူ့တွင် သူတော်စင်သလင်းကျောက် မလုံလောက်မည်ကို စိုးရိမ်စရာ မလိုတော့ချေ။ အင်အားစုများနှင့် အလဲအလှယ် လုပ်နိုင်သေးသည်။

ယန်ယန်၏ စိတ်ဝိဥာဉ်အစီအရင် ခင်းကျင်းမှုသည် ငွေကို မီးရှို့ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လုံလောက်သော သူတော်စင်သလင်းကျောက်များနှင့် အထောက်အပံ့များသာ မရှိလျှင် ဆက်လက်တိုးတက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

“ဒါဆိုရင် ဘာလို့ ရှုမိသားစုမှာ ဘုရင်အသွင်ပြောင်း ဆေးလုံး ဆယ်လုံးတောင် ရှိနေရတာလဲ” ရန်ကိုင်က မေးလိုက်သည်။ ယေဘုယျကျကျ ပြောရသော် ရှုမိသားစုတွင် သူတော်စင်ဘုရင်အဆင့် ဆေးပညာရှင် မရှိနိုင်ချေ။ သူတော်စင်ဘုရင်အဆင့် ဆေးပညာရှင် မရှိလျှင် ဘုရင်အသွင်ပြောင်း ဆေးလုံးများကို မည်ကဲ့သို့ ဖော်စပ်နိုင်မည်နည်း။

“အရိပ်လခန်းမက ရထားတာ ဖြစ်လောက်တယ်” ဝူရီက ရှင်းပြလိုက်သည် “အရိပ်လခန်းမရဲ့ လက်အောက်ခံ အင်အားစုတိုင်း အရိပ်လခန်းမဆီကနေ အဖိုးတန် ဆေးလုံးတွေ၊ မှော်ရတနာတွေကို ဝယ်ယူနိုင်တယ်။ ဒါပေမယ့် တန်ဖိုးကြီးကြီးတော့ပေးဖို့ လိုတာပေါ့။ ငါတို့ ဟိုင်ခဲမိသားစုလည်း အဲ့နည်းလမ်းနဲ့ ဘုရင်အသွင်ပြောင်း ဆေးလုံးတွေကို ရလာခဲ့တာ။ ဟိုတစ်ခေါက်က ဝူကဲ ယူလာပေးတဲ့ သူတော်စင်ဘုရင်အဆင့် ဆေးလုံးဆိုလည်း အဲ့နည်းလမ်းနဲ့ ရလာတာပဲ”

“ငါသိပြီ” န်ကိုင် ခေါင်းညိတ်လိုက်ပြီး ဆေးပုလင်း နှစ်ပုလင်းကို ဝူရီဆီ ပစ်ပေးလိုက်ကာ “သူတို့တွေကို ပေးလိုက်။ ဆက်ပြီး မငြင်းခုံကြတော့ဖို့လည်း ပြောလိုက်ဦး”

“ဘာတွေလဲ”

“ကိုယ့်ဘာသာ ကြည့်ကြည့်လိုက်”

ဝူရီလည်း ပုလင်းအဖုံးကို ဖွင့်ကြည့်လိုက်သည်။ သို့သော် ထိုသို့ဖွင့်ကြည့်လိုက်သည့်အခိုက် သူမ၏ မျက်နှာ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား ထအော်မိလိုက်လေသ်ည “ဘုရင်အသွင်ပြောင်း ဆေးလုံးတွေလား။ အလုံးနှစ်ဆယ်ကျော်တောင်။ ပြီးတော့ ဆေးသွေးကြော ပါတဲ့ ဆေးလုံးတွေလည်း အများကြီး ပါသေးတယ်”

သူမ တကယ်ကို ထိတ်လန့်တုန်လှုပ်မိနေလေပြီ။

ရှုကျီခွန်၏ သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော ဘုရင်အသွင်ပြောင်း ဆေးလုံးများသည် သာမန်ဆေးလုံးသာ ဖြစ်သည်။ သို့သော်ငြား ရန်ကိုင် ပေးလာသော ဆေးလုံများတွင် ဆေးသွေးကြောပါသော ဆေးလုံးများစွာ ရှိနေခဲ့သည်။ ထိုဆေးလုံးများကို ရန်ကိုင် မည်သည့် နေရာမှာ ရလာလဲဆိုသည်ကို ဝူရီ မတွေးတတ်နိုင်အောင် ဖြစ်နေခဲ့သည်။

သာမန် ဘုရင်အသွင်ပြောင်း ဆေလုံးများသည် ကျင့်ကြံသူတစ်ယောက် သူတော်စင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်စွမ်းကို သုံးဆယ်ရာခိုင်နှုန်း တိုးစေသည်။ ထို့ကြောင့် ဆေးသွေးကြောပါသော ဘုရင်အသွင်ပြောင်း ဆေးလုံးများ၏ အာနိသင်မှာ ပိုကောင်းမည်မှာ လုံးဝ သံသယရှိစရာ မလိုချေ။

“အစ်ကိုကြီးရန်၊ ဒါတွေကို နင်ဘယ်ကနေ ရလာတာလဲ” ဝူရီ ခေါင်းမော့ပြီး မေးလိုက်သည့်အခိုက် ရန်ကိုင် မရှိတော့ချေပြီ။ ချက်ချင်း ဝူရီ ခေါင်းနောက်ချင် ဖြစ်လာခဲ့သည်။ သာမန်ဘုရင်အသွင်ပြောင်း ဆေးလုံး တစ်လုံးသည် အထွဋ်အထိပ်အဆင့် သူတော်စင် သလင်းကျောက် နှစ်ထောင်ကျော် တန်ကြေးရှိလေရာ ထိုဆေးပုလင်းသည် သူတော်စင်သလင်းကျောက် လေးသောင်းကျော် တန်ကြေးရှိသည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။

ရန်ကိုင် မည်မျှ အပေးအကမ်း ရက်ရောမှန်း ယခုမှပဲ ဝူရီ နားလည်သွားခဲ့သည်။

ဆေးပုလင်းကို ကိုင်ထားသည့် သူမ၏ လက်ကလေး တုန်ရင်နေခဲ့သည်။ တုန်တုန်ရင်ရင်ဖြင့် နောက်ထပ် ဆေးပုလင်း အဖုံးကို ဖွင့်လိုက်သည့်အခါ ထပ်မံ၍ အံ့အားသင့်သွားခဲ့ရပြန်လေသည် “သူတော်စင်ဘုရင် ဆေးလုံးတွေ”

ထိုသူတော်စင်ဘုရင်အဆင့် ဆေးလုံးများစွာထဲတွင် ဆေးသွေးကြောပါသည့် ဆေးလုံးများစွာ ရှိနေခဲ့သည်။ ထိုဆေးပုလင်း နှစ်ပုလင်းစလုံးကို တူညီသော ဆေးပညာရှင် တစ်ယောက်မှ ဖော်စပ်ထားခြင်းဖြစ်မှန်း ဝူရီ ပြောနိုင်၏။ သို့သော် ဆေးသွေးကြောပါသည့်နှုန်းမှာ အလွန်ကိုမှ လွန်းလွန်းလှသည် မဟုတ်ပေလော။

ငယ်စဉ်ကလည်း ယခုအချိန်အထိ ဆေးသွေးကြော ပါသော ဆေးလုံး တစ်လုံးတည်းကိုသာ သူမ မြင်ဖူးခဲ့သည်။ ထိုဆေးသွေးကြောပါသည့် ဆေးလုံးဟာ ဆိုလျှင်လည်း စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးလုံးသာ ဖြစ်ပေသည်။

ဝူရီသည် အတော်လေးကိုမှ အတွေ့အကြုံ ကြွယ်ဝသည့် လူတစ်ယောက် ဖြစ်သည့်တိုင် ထိုဆေးလုံးပုလင်း နှစ်ပုလင်းသည် တောင်နှစ်လုံးကဲ့သို့ လေးလံသည်ဟု ခံစားနေခဲ့ရသည်။ ဘုရင်အသွင်ပြောင်းဆေလုံးများသည် သူမ၏ ညီအစ်ကိုမောင်နှမများကို သူတော်စင်ဘုရင် အဆင့်သို့ အလွယ်ဝကူ ချိုးဖျက်ဝင်ရောက်စေနိုင်ပြီး သူတော်စင်ဘုရင် ဆေးလုံးများသည် သူတို့၏ ကျင့်ကြံခြင်းကို အလျင်အမြန် တည်ငြိမ်သွားအောင် လုပ်ပေးနိုင်ပေလိမ့်မည်။ ရန်ကိုင်သည် သူတို့ အားလုံးအတွက် ပြင်ဆင်ထားပြီးခဲ့လေပြီ။ သူတို့ လုပ်စရာ လိုသည်ကား ထိုဆေးလုံးများကို သောက်ရန်သာ ဖြစ်တော့သည်။

“အစ်ကိုကြီးရန်ကို ကျေးဇူး အများကြီးတင်ပါတယ်” ဝူရီက အကျယ်ကြီး အော်ပြောလိုက်ပြီး ဆူညံနေသော အခန်းထဲသို့ ပြန်သွားလေသည်။ အထဲသို့ ရောက်သည်နှင့် ဆေးပုလင်းနှစ်ပုလင်းကို မြှောက်ပြ၍ ပျော်ရွှင်စွာ အော်ပြောလိုက်သည် “ငြင်းခုံမနေကြတော့နဲ့။ ဒီမှာ အားလုံးအတွက် ဘုရင်အသွင်ပြောင်းဆေးလုံး အလုံအလောက် ရှိနေပြီ။ အဲ့ဒါတင် မဟုတ်သေးဘူး။ သူတော်စင်ဘုရင်ဆေးလုံးတွေပါ ရှိသေးတာ

ဆူညံနေသော အခန်းတစ်ခန်းလုံး ရုတ်ချည်း တိတ်ဆိတ်သွားခဲ့ပြီး အကြည့်ပေါင်း နှစ်ဆယ်နီးပါးသည် ဝူရီပေါ်သို့ စုပြုံ ရောက်ရှိလာခဲ့သည်။

လိုဏ်ဂူအပြင်ဘက်တွင်... ယန်ယန်သည် စိတ်ဝိဥာဉ် အစီအရင်သစ် တစ်ခုကို ခင်းကျင်းနေခဲ့သည်။ ကျင့်ကြံခြင်း အတွက် သုံးရန် အနည်းကို ဖယ်ထားခဲ့ပြီး ကျန်သူတော်စင် သလင်းကျောက်အားလုံးကို ဝူရီလက်ထဲသို့ ရန်ကိုင် ထည့်ပေးထားလိုက်ပေသည်။ ယန်ယန်သည် အနက်ရောင် ဝတ်ရုံကြီးဝတ်လျက် စိတ်ဝိဥာဉ်အစီအရင်ကို သေချာ အာရုံစိုက် ခင်းကျင်းနေခဲ့သည်။

“ငါ့ကို လာကူဦး” ရန်ကိုင် သူမနားမှ ဖြတ်လျှောက် သွားသည်ကို မြင်သော် ယန်ယန်က ရန်ကိုင်အား လှမ်း၍ အကူအညီ တောင်းလိုက်သည်။

ခဏအကြာတွင် ရန်ကိုင်က ရုတ်တရက် မေးလိုက်၏ “ယန်ယန်။ နင်အရင် ခင်းကျင်းထားတဲ့ စိတ်ဝိဥာဉ် အစီအရင်က တန်ခိုးရှင်အဆင့်တွေ အပေါ်မှာကော အကျိုးသက်ရောက်မှုရှိလား”

“ရှိတယ်” ယန်ယန်က ပြန်ဖြေလိုက်သည်။ ဒါပေမယ့် အရင်အကြိမ်ကလိုတော့ ဖြစ်မှာမဟုတ်ဘူး။ တန်ခိုးရှင် အဆင့်တွေက သူတော်စင်ဘုရင်အဆင့်တွေထက် အများကြီး ပိုအားကောင်းတယ်လေ။ တန်ခိုးရှင်တတိယ အဆင့်သာ ရောလာရင် စိတ်ဝိဥာဉ်အစီအရင်က အဲ့လူက အသက်ဆယ်ရှိုက်စာပဲ ချုပ်ထားနိုင်လိမ့်မယ်”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

ယန်ယန်က လုပ်လက်စအလုပ်ကို ရပ်လျက် ရန်ကိုင်ကို အလေးအနက် အမူအရာဖြင့် စိုက်ကြည့်ကာ မေးလိုက်၏ “နင်နောက်ပိုင်း ဘယ်လိုဆက်လုပ်ဖို့ တွေးထားတလဲ”

“နင်ဘာပြောချင်တာလဲ” ယန်ယန် မေးချင်သည့် အဓိပ္ပါယ်ကို ရန်ကိုင် နားမလည်နိုင်ခဲ့။

“ဒီတောင်အောက်က သတ္တုတွင်းကို ရှင်းပြီးရင် ဒီမှာပဲ ဆက်နေဦးမှာလား။ ထွက်သွားမှာလားလို့ မေးတာ”

“ဆက်နေမှာပေါ့” ရန်ကိုင်က ချက်ချင်း ပြန်ဖြေလိုက်၏။ အရိပ်ကြယ်နှင့်သူ မရင်းနှီးသေးသလို နေစရာလည်း မရှိသေးသဖြင့် ဤနေရာမှ အလွယ်တကူ ထွက်သွားလိမ့်မည် မဟုတ်ချေ။

“အဲ့ဒါကောင်းတယ်။ ငါလည်း ဒီနေရာကို ကြိုက်တယ်။ ရေရှည်နေမယ်ဆိုရင် အားကောင်းတဲ့ စိတ်ဝိဥာဉ်အစီအရင် တွေကို ခင်းကျင်းထားမလားလို့ စဉ်းစားနေတာလ” ယန်ယန်က ယဲ့ယဲ့လေးပြုံးလျက် “ငါ့ကို ပိုအဆင့်မြင့်တဲ့ ပစ္စည်းတွေသာပေး။ တန်ခိုးရှင်တတိယအဆင့်ကိုတောင် လုံးဝ ချုပ်ထားပေးနိုင်တဲ့ အစီအရင် ငါခင်းကျင်းပေးမယ်”

ရန်ကိုင်၏ မျက်လုံးများ ဝင်းလက်သွားပြီး ယန်ယန်၏ စွမ်းရည်ကို ထပ်မံ အံ့အားသင့်သွားရပြန်သည်။

သူတို့ နှစ်ယောက် စကားပြောနေစဉ် အတောအတွင်း ဝူရီသည် လိုဏ်ဂူထဲမှ ရုတ်တရက် ပြေးထွက်လာခဲ့သည်။ စိတ်လှုပ်ရှားလွန်းသည့် အတွက်ကြောင့် သူမ၏ မျက်နှာလေးသည် မဆိုသလောက်ကလေး နီးမြန်းနေခဲ့သည်။

“ပြီးသွားပြီးလား” ရန်ကိုင်က သူမအား ပြုံး၍ မေးလိုက်သည်။

“အင်း။ အကုန်လုံး တံခါးပိတ်ကျင့်စဉ် ဝင်နေကြပြီ။ မကြာခင် အကုန်လုံး သူတော်စင်ဘုရင်အဆင့်တွေ ဖြစ်လာကြတော့မှာ။ အစ်ကိုကြီးရန်၊ ကျေးဇူးပဲနော်” ဝူရီက ခေါင်းညိတ်ကာ ပြောလိုက်ပြီးနောက် ဆက်ပြောလိုက်၏ “ခုဏတုန်းက ပြောဖို့မေ့နေလို့”

“ဘာလဲ”

“ဧည့်အကြီးအကဲချန်နဲ့ ဧည့်အကြီးအကဲဟောင်က ပြောတယ်။ မိသားစုခေါင်းဆောင်က လက်ဆောင်တွေ သယ်ပြီး ကောင်းကင်ကံကြမ္မာမြို့တော်က မြို့သခင် စံအိမ်ကို လွန်ခဲ့တဲ့ သုံးရက်တုန်းက သွားခဲ့တယ်တဲ့”

“ဧည့်အကြီးအကဲချန်နဲ့ ဧည့်အကြီးကဲဟောင်လား” ရန်ကိုင် မျက်မှောင်ကြုတ်သွား၏။ သို့သော် မကြာမီ ထိုနှစ်ယောက် မည်သူလဲ ဆိုသည်ကို ပြန်မှတ်မိသွားသည်။ ဧည့်အကြီးအကဲချန်သည် ကြယ်သင်္ဘောပေါ်တွင် သူတွေ့ခဲ့သည့် ချန်ချီဖြစ်ပြီး ဧည့်အကြီးအကဲဟောင်သည် ကြယ်သင်္ဘော အရိပ်ကြယ်သို့ ပြန်ရောက်စဉ်က သူတို့အား လာကြိုသည့် ဟောင်အန်း ဖြစ်သည်။

ထိုဧည့်အကြီးအကဲ နှစ်ယောက်နှင့် ဝူရီကြားရှိ ဆက်ဆံရေးသည် အတော်လေး ကောင်းမွန်သည့်ပုံပင်။ မဟုတ်လျှင် ထိုအကြောင်းကို သတင်းပို့ပေးလိမ့်မည် မဟုတ်ချေ။

“ဧည့်အကြီးအကဲဟွမ်ကျွမ်းကလည်း လူလွှတ်ပြီး အဲ့အကြောင်း ပြောထားသေးတယ်” ဝူရီ မျက်မှောင် ကြုတ်နေခဲ့သည်။ ဟွမ်ကျွမ်း ရုတ်တရက်ကြီး သူမအား ဘာကြောင့် ကူညီနေမှန်းကို ဝူရီ နားမလည်နိုင် ဖြစ်နေခဲ့လေသည်။ ထို့အပြင် ဟွမ်ကျွမ်း ရေးပို့ထားသည့် စာအရ သူမသည် မကြာခင် ဟိုင်ခဲမိသားစုမှ ထွက်သွားတော့မည့်ပုံပင်။ ဝူရီကိုလည်း နဂါးလိုဏ်ဂူတောင်မှ မြန်နိုင်သမျှ မြန်မြန် ထွက်သွားရန် အကြံပေးထားသေးသည်။

ရန်ကိုင်သည် ဟွမ်ကျွမ်းနှင့် မရင်းနှီးရာ သူမအား ဂရုစိုက်မနေခဲ့ချေ။ ထို့ကြောင့် ပြန်၍သာ မေးလိုက်သည် “နင်တို့ မိသားစုခေါင်းဆောင် ကောင်းကင်ကံကြမ္မာ မြို့တော်ဆီ သွားတာ အရိပ်လခန်းမဆီကနေ အကူအညီ တောင်းဖို့လား”

“ဟုတ်တယ်။ အစ်ကိုကြီးရန် ကျွန်မတို့ အခု ဘာလုပ်သင့်လဲ။ အရိပ်လခန်းမသာ အစ်ကိုကြီးရန် ရှုမိသားစုလူတွေ အများကြီးကို သတ်လိုက်တဲ့အကြောင်း သိသွားတာနဲ့ သူတို့ ဒီအတိုင်း ထိုင်နေတော့မှာ မဟုတ်ဘူး။ တန်ခိုးရှင်အဆင့်‌ ပညာရှင်တွေကိုတောင် ပို့လာနိုင်တယ်”

“တန်ခိုးရှင်အဆင့်လား” ရန်ကိုင် မျက်မှောင် ကြုတ်သွားခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် သူ့လက်ရှိ ခွန်အားသည် တန်ခိုရှင်အဆင့် ကျင့်ကြံသူများနှင့် ယှဉ်လျှင် မည်ကဲ့သို့ ရှိသလဲ ဆိုသည်ကို သူမသိချေ။ အဆင့်ကြီး တစ်ဆင့် ပြောင်းလဲသွားလျှင် ကျင့်ကြံသူ တစ်ယောက်၏ ခွန်အားသည် ကြီးကြီးမားမားကို ပြောင်းလဲသွားတတ်သည်။ လောလောဆယ်တွင် ရန်ကိုင်သည် သူတော်စင် တတိယ အဆင့် ကျင့်ကြံသူများကို အလွယ်တကူ သတ်နိုင်သော်ငြား တန်ခိုးရှင်ပထမအဆင့် ပညာရှင်များကို ရင်ဆိုင်နိုင်သည်ဟု မဆိုလိုပါချေ။

သို့သော်လည်း မကြာမီ ရန်ကိုင်က သင်္ကာမကင်း ဖြစ်နေသည့် အမူအရာဖြင့် “ထူးဆန်းတယ်။ ဒီအကြောင်းကို သွားသတင်းပို့တဲ့လူက ရှုမိသားစု ဖြစ်သင့်တာလေ။ နင်တို့ မိသားစု ဘယ်လိုလုပ်ပြီး ဖြစ်နေတာလဲ”

ဝူရီလည်း ခဏလောက် စဉ်းစားလိုက်ပြီးနောက် သူမ၏ နှုတ်ခမ်းလေးကိုကိုက်လျက် “မိသားစုခေါင်းဆောင်က အစ်ကိုရန်ကို မထိန်းချုပ်နိုင်တော့ဘူးလို့ ထင်လို့ အရိပ်လခန်းမဆီက အကူအညီတောင်းပြီး အစ်ကိုရန်ကို ရှင်းထုတ်ဖို့ ကြံနေတာ ဖြစ်ရမယ်”

ဝူရီသည် အတော်လေးကို ဥာဏ်ပြေးပေသည်။ မိသားစု ခေါင်းဆောင် ရီအန်း၏ စရိုက်ကို သိထားရုံဖြင့် အမှန်ကို ချက်ချင်း တန်းအဖြေ ထုတ်လိုက်နိုင်သည်။

ရန်ကိုင်က ခေါင်းညိတ်၍ “စိုးရိမ်နေဖို့ မလိုဘူး။ ပုံမှန်နေသလိုသာနေ။ တန်ခိုးရှင်အဆင့် ပညာရှင် တကယ် ရောက်လာမယ်ဆိုရင်တောင် ငါတို့ အဲ့လူကို တားနိုင်တယ်”

“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ထိုကိစ္စနှင့် စပ်လျဉ်း၍ ရန်ကိုင်အပေါ် ယုံကြည်ချက် အများကြီး ရှိသော်ငြား ရန်ကိုင်က ထိုကဲ့သို့ ပြောလာမှဖြင့် သူမလည်း ဘာမှ ကန့်ကွက်မနေတော့ချေ။

ဝူရီ ထွက်သွားပြီးနောက် ရန်ကိုင်က ပြောလိုက်သည် “ငါ့စိတ်ဝိဥာဉ်အစီအရင်ကိုသုံးပြီး တန်ခိုးရှင်အဆင့် ပညာရှင်ကို သတ်ဖို့ စိတ်ကူးမနေနဲ့နော်။ အဆင့်မြင့် ပစ္စည်းတွေ မရှိဘဲ ငါခင်းကျင်းနေသည့် သတ်ဖြတ်ခြင်း အစီအရင်က အဲ့လောက် အစွမ်းထက်မနေဘူး”

“နင့်စိတ်ဝိဥာဉ်အစီအရင်အပေါ် အားကိုးဖို့ စဉ်းစားနေတာ မဟုတ်ဘူး” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်သည်။ ယန်ယန်၏ စိတ်ဝိဥာဉ် အစီအရင်သာ တန်ခိုးရှင်အဆင့် ပညာရှင်ကို ခဏကြာမှ ပိတ်ထားနိုင်သရွေ့၊ ရောက်လာသည့်လူသည် တန်ခိုးရှင် တတိယအဆင့် မဟုတ်သရွေ့ ထိုအခြေအနေကို သူကိုင်တွယ်နိုင်လောက်သည်ဟု ရန်ကိုင် ထင်မိသည်။

ဤတောင်အောက်တွင် လေဟာနယ်ဝိဥာဉ် သလင်းကျောက်တွင်းကြီး ရှိနေလေရာ တန်ခိုရှင်အဆင့် မဆိုထားနှင့်။ တန်ခိုးရှင်ဘုရင်အဆင့် ရောက်လာလျှင်ပင် သူပြန်တိုက်ခိုက်ရပေလိမ့်မည်။

ယန်ယန်ကို ဆက်မကူညီတော့ဘဲ ချက်ချင်းပဲ ကျောက်တုံးခန်းထဲသို့ဝင်ကာ တံခါးပိတ်ကျင့်စဉ် ဝင်လိုက်သည်။ လေဟာနယ်ဝိဥာဉ် သလင်းကျောက် တစ်တုံးကို လက်ထဲတွင်ကိုင်လျက် လေဟာနယ် စွမ်းအားကို စတင် လေ့ကျင့်တော့လေသည်။

လေဟာနယ်တာအိုသည် ကျင့်ကြံရ ခက်ခဲသလို အလွန်ကိုမှလည်း အားကောင်းလှသည်။ တန်ခိုးရှင်အဆင့် ပညာရှင်များကို လေဟာနယ်စွမ်းအားကို အားကို၍ တိုက်ခိုက်ခြင်းသည် အကောင်းဆုံး ဖြစ်လိမ့်မည်ဟု ရန်ကိုင် တွေးမိသည်။

ယခင်က လေဟာနယ်တာအိုနှင့် သူ့တိုက်ခိုက်မှုများကို ပေါင်းစပ်ခြင်းဖြင့် လေဟာနယ်ကို ခုန်ကျော်၍ ရန်သူ မခန့်မှန်းနိုင်သည့် အရပ်ဆီမှ တိုက်ခိုက်နိုင်ခဲ့သည်။ ထိုပုံစံဖြင့် တိုက်ခိုက်မှုသည် သူတော်စင်ချီကိုသုံး၍ ဖန်တီးထားသော တိုက်ခိုက်မှုကို လေဟာနယ်တာအိုကို သုံး၍ ခုန်ကျော်တိုက်ခိုက်စေခြင်းသာ ဖြစ်သည်။

လေဟာနယ်စွမ်းအားကို အသုံးပြု၍ တိုက်ရိုက် တိုက်ခိုက်နိုင်မည် ဆိုပါက သူ့တိုက်ပွဲစွမ်းအားသည် အကြီးအကျယ် တိုးတက်လာမည်ဖြစ်ပြီး ကာကွယ်ရန်လည်း ပို၍ ခက်ခဲလာပေလိမ့်မည်။

အရိပ်လခန်းမမှ လူများ မည်သည့်အချိန်တွင် ရောက်လာမလဲ ဆိုသည်ကို သူမသိချေ။ သို့သော် အနှေးနှင့် အမြန် ရောက်လာမည်မှန်းကို သူသိသည်။ ထို့ကြောင့် ရန်ကိုင်သည် လေဟာနယ်တာအိုကို ဆင်ခြင်နေရင်း သူ့တိုက်ခိုက်မှုနည်းလမ်းအသစ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် ကြံနေခြင်း ဖြစ်သည်။

သူတော်စင်သလင်းကျောက် အများကြီးကို သန့်စင်ပြီးနောက် လေဟာနယ်တာအိုအပေါ် ရန်ကိုင်၏ နားလည်သဘောပေါက်မှုသည် အဆင့်သစ်တစ်ခုဆီသို့ ရောက်ရှိသွားခဲ့လေပြီ။ လေဟာနယ်တာအိုအ‌ကြောင်းကို အကြမ်းဖျင်းသာ သိထားသည့် လူတစ်ယောက် မဟုတ်တော့ချေ။

လွင့်မျောတိုက်ကြီးတွင် ရှိစဉ် လက်ရှိ နားလည်မှုမျိုးကို ပိုင်ဆိုင်ထားခဲ့လျှင် ထိုနေရာမှ ထွက်သွားနိုင်မည့် နည်းလမ်းကို အလွယ်တကူ ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။

လေဟာနယ်ဆုတ်ဖြဲခြင်းကို ထွက်ပြေးရာတွင်သာ အသုံးပြုနိုင်ပြီး ရန်သူကို သတ်ရန်အတွက် အသုံးမပြုနိုင်ချေ။ သို့သော် လေဟာနယ်ကို ဆုတ်ဖြဲဖူးလာသည့် သူ့အတွေ့အကြုံ အရ လေဟာနယ် တာအိုကို အသုံးပြု၍ တိုက်ခိုက်နိုင်သည့် နည်းလမ်း ရှိလိမ့်မည်ဟု သူ့စိတ်ထဲ ယုံကြည်နေမိသည်။ သူ့စိတ်ထဲ နည်းလမ်းပေါင်းများစွာကို စဉ်းစားပြီးနောက် မျက်လုံးကို ပိတ်လိုက်သည်။

သူ့ညာဘက်လက်ကို မြှောက်ကာ ခုတ်ပိုင်းလိုက်ရာ လက်မလက်သည်းခွံအရွယ် လေဟာနယ်အက်ကွဲကြောင်း တစ်ခု သူ့ရှေ့တွင် ပေါ်လာခဲ့လေသည်။ ထိုလေဟာနယ် အက်ကွဲကြောင်းသည် ဟင်းလင်းပြင် အရှိန်အဝါတို့ဖြင့် စီးဆင်းနေခဲ့ပြီး အဆုံးမရှိသည့် တွင်းပေါက်တစ်ခုနှင့်ပင် တူနေသေးသည်။

သို့သော်လည်း ယခင်ကဲ့သို့ မဟုတ်ဘဲ ယခုတစ်ကြိမ် လေဟာနယ် အက်ကွဲကြောင်းသည် ဖြည်းဖြည်းချင်း ရှေ့သို့ ရွေ့လျားသွားခဲ့လေသည်။

ထိုလေဟာနယ်အက်ကွဲကြောင်း ရွေ့သွားသည့်အခါ မိုးမြေစွမ်းအင် အကုန်လုံး ဝါးမြိုခံလိုက်ရလေသည်။

တစ်မီတာလောက် ရွေ့လျားသွားခဲ့ပြီးနောက် ထိုလေဟာနယ် အက်ကွဲကြောင့် ရုတ်တရက် ပိတ်သွားခဲ့၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၁၁၃၉) လေဟာနယ်ဓါးသွား

လက်ရှိတွင် ရန်ကိုင် အတော်လေး ပျော်နေခဲ့သည်။

ထိုလေဟာနယ်အက်ကွဲကြောင်းသည် လက်တစ်ချောင်း စာသာ ရှည်ပြီး လက်မလက်သည်းခွံ အရွယ်လောက်သာ ကျယ်ပြီး သွားသည့်နှုန်းမှာ အတော်‌လေးကိုမှ နှေးသည့်အပြင် တစ်မီတာပင်ပြည့်အောင် မသွားနိုင်သော်ငြား သူသာ လေ့ကျင့်နေသရွေ့ လေဟာနယ် စွမ်းအားကို ထိန်းချုပ်နိုင်သည့် စွမ်းအားအား တိုးမြှင့်နိုင်ပြီး ထိုနည်းလမ်းကို တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ပေလိမ့်မည်။

ထိုလေဟာနယ်အက်ကွဲကြောင်း၏ အမြန်နှုန်း တိုးသွားသည့်အခါ မည်သူ တားနိုင်တော့မည်နည်း။ လေဟာနယ်ထဲရှိ အက်ကွဲကြောင်သည် အရာအားလုံးကို ဝါးမြိုနိုင်ပေလိမ့်မည်။ ထိုအရာသည် သာမန် ကျင့်ကြံသူများ တောင့်ခံနိုင်သည့် အရာမျိုး မဟုတ်ချေ။

သူစိတ်အားတက်သွားခဲ့သည်။ ရန်ကိုင် ချက်ချင်း စတင် စမ်းသပ်လေ့လာတော့သည်။ လက်တစ်ချောင်းစာ အက်ကွဲကြောင်းများကို တစ်ခုပြီးတစ်ခု ဖန်တီးပြီး ရှေ့သို့ တွန်းပို့လိုက်လေသည်။ တဖြည်းဖြည်းနှင့် ထိုလေဟာနယ် အက်ကွဲကြောင်းများ၏ အမြန်နှုန်း မြင့်တက်လာခဲ့သည်။

ထိုတိုက်ခိုက်မှုအသစ်ကို လေ့လာနေရာတွင်သာ အာရုံစိုက်နေသဖြင့် မကြာမီ ရန်ကိုင်သည် အချိန်စီးဆင်းမှု ကိုပင် မေ့လျော့သွားခဲ့သည်။

လေဟာနယ် အက်ကွဲကြောင်းသည် တဖြည်းဖြည်း ရွေ့လျားနေရင်း မကြာမီ ကျောက်တုံးခန်း၏ နံရံဆီသို့ ရောက်လာခဲ့သည်။ ကျောက်တုံးနံရံနှင့် ထိမိသွားသည့် အခိုက် နရံပေါ်တွင် မြောင်းငယ်လေးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုမြောင်းငယ်လေးမှာ တစ်ယောက်ယောက်မှ တူးထုတ်သွားသည်နှင့်ပင် တူနေပေသေးသည်။

သို့သော်လည်း ထိုမြောင်းနေရာရှိ ကျောက်တုံး ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ လေဟာနယ်ထဲသို့ ရောက်သွားခြင်းဖြစ်မှန်း ရန်ကိုင် သိသည်။

ကျောက်တုံးနံရံပေါ်ရှိ မြောင်းငယ်လေးကို စစ်ဆေး ကြည့်လိုက်ပြီးနောက် ရန်ကိုင် အသာအယာ ခေါင်းညိတ် လိုက်သည်။ ထိုတိုက်ခိုက်မှုသာ လူကို ထိမိလျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်ပေသည်။ သို့သော်လည်း သွားသည့်နှုန်းမှာ အလွန်နှေးသောကြောင့် အလွယ်တကူ ရှောင်နိုင်သည့်အပြင် လုံလောက်အောင် အားမကောင်းသေး။ လေဟာနယ်အက်ကွဲကြောင်း ကိုယ်တိုင်က မတည်ငြိမ်သေးသည့် အတွဥ်ကြောင့် ဖြစ်နိုင်သည်။ သူသာ ထိုလေဟာနယ်အက်ကွဲကြောင်းကို တည်ငြိမ်အောင် လုပ်နိုင်ပါက ကျောက်နံရံအား အပေါက် ဖြစ်သွားအောင် လုပ်နိုင်မည်မှန်း ရန်ကိုင် သိသည်။

ထိုလေဟာနယ်အက်ကွဲကြောင်းကို လက်ရှိပုံစံဖြင့် အသုံးပြု၍ မရသေးချေ။ သူတော်စင်ဘုရင်အဆင့်တွင် ရောက်နေသော မည်သည့် ကျင့်ကြံသူမဆို သူတို့၏ သူတော်စင်ချီကိုသုံး၍ ထိုမတည်မငြိမ် ဖြစ်နေသော လေဟာနယ် အက်ကွဲကြောင်းကို ဖျက်စီးပစ်နိုင်ပေသည်။ ထို့ကြောင့် ထိုလေဟာနယ်အက်ကွဲကြောင်းမှာ အသုံးမဝင်သေးဘူးဟု ဆိုနိုင်ပေသည်။ သို့သော်လည်း ထို့အတွက်ကြောင့် ရန်ကိုင် စိတ်ဓါတ်ကျမသွားခဲ့။

ထိုလေဟာနယ်အက်ကွဲကြောင်းသည် လေဓါးသွားနှင့် ဆင်တူသည်။ ထို့ကြောင့် ခဏလောက် စဉ်းစားပြီးနောက် ထိုလေဟာနယ်အက်ကွဲကြောင်းကို လေဟာနယ်ဓါးသွားဟု အမည်ပေးလိုက်သည်။

ထိုလေဟာနယ်ဓါးသွားကိုသာ ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ပါက သူ့ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သော ပြိုင်ဘက်များကို တိုက်ခိုက်နိုင်မည်မှန်း ရန်ကိုင် သိသည်။ ထိုလေဟာနယ်စွမ်းအားကို တားဆီးရန် အလွန်တရာကိုမှ ခက်ခဲလှပေသည်။

ရန်ကိုင်သည် လေဟာနယ်ဓါးသွားကို ကျောက်တုံးခန်းထဲ သုံးရက်ကြာအောင် လေ့လာနေခဲ့သည်။ အချိန်နှင့်အမျှ လေဟာနယ်ဓါးသွား၏ စွမ်းအားသည် ပိုပို၍ ပြင်းထန်အားကောင်းလာခဲ့သည်။ သူ့ဘာသာ လေဟာနယ် ဓါးသွားကို လေ့လာရာ၌ အာရုံစိုက်နေစဉ် ရန်ကိုင် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ့အမူအရာမှာလည်း အေးစက်သွားခဲ့လေသည်။

ပညာရှင်များစွာ လိုဏ်ဂူဆီသို့ အလျင်အမြန် ချဉ်းကပ် လာနေသည်ကို သူသတိပြုမိပေသည်။ ထိုလူများ၏ အရှိန်အဝါနှင့်လည်း သူအတော်လေး ရင်းနှီးပေသည်။ ထိုလူများသည် ဟိုင်ခဲမိသားစုမှ ပညာရှင်များ ဖြစ်ပေသည်။

အားကောင်းသော ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင်၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့သည်။ ရောက်လာသည့် လူများသည် ဟိုင်ခဲမိသားစုမှ လူများသာ ပါဝင်သည်မဟုတ်ဘဲ တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူ နှစ်ယောက်လည်း ပါလာသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။

ဝူရီ ပြောခဲ့သည်ကို ပြန်စဉ်းစားကြည့်ပြီးနောက် ထိုတန်ခိုးရှင်နှစ်ယောက်သည် လအရိပ်ခန်းမမှ ရီအန်း သွားအကူအညီ တောင်းလာသည့် ကျင့်ကြံသူနှစ်ယောက် ဖြစ်မှန်း ရန်ကိုင် သိလိုက်သည်။

ထိုခွေးအိုကြီးသည် တကယ်ကို ရက်စက်လှသည်။ သူနှင့် ဟိုင်ခဲမိသားစုကြားတွင် ကမ္ဘာမကြေရန်ကြွေး၊ ရန်ငြိုးတို့ ရှိနေခြင်းမဟုတ်။ အများဆုံးမှ ဝူရီနှင့် အခြားသူများ ဟိုင်ခဲမိသားစုမှ ခွဲထွက်သွားခြင်းကြောင့် ရန်ကိုင်အပေါ် မကျေနပ်ချက် အနည်းငယ် ရှိခြင်းသာ။ သို့သော်လည်း ဟိုင်ခဲမိသားစုသည် ရှုမိသားစုထက်ပင် ပိုမြန်မြန် သူ့ကို ဖိနှိပ်ရန် ကြိုးစားခဲ့သည်။

ဝူရီ၏ ခန့်မှန်းချက် လုံးဝကို မှန်ကန်သွားခဲ့လေသည်။ သူ့စွမ်းဆောင်ရည်ကြောင့် ဟိုင်ခဲမိသားစုတစ်ခုလုံးကို အလွန်ကိုမှ ထိတ်လန့်သွားသည့်ပုံပင်။ သူသည် နဂါးလိုဏ်ဂူ တောင်ကို အပိုင်သိမ်းထားသဖြင့် ဟိုင်ခဲမိသားစုသည် စိတ်အေးလက်အေးဖြင့် မအိပ်စက်နိုင်ပါတော့ချေ။ နဂါးလိုဏ်ဂူတောင်သည် ဟိုင်ခဲမိသားစု ပိုင်နက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး သူတို့ နေသည့်နေရာနှင့် သိပ်၍ မဝေးပါချေ။ ထို့ကြောင့် ရန်ကိုင် တစ်နေ့ အားကောင်းလာပြီး သူတို့၏ တည်ရှိမှုအား ခြိမ်းခြောက် လာမည်ကို သူတို့ အတော်လေး လန့်နေခဲ့သည်။

ထိုအတွေးကြောင့် ဟိုင်ခဲမိသားစုသည် ရန်ကိုင်နှင့်တကွ ဤနေရာတွင် ရှိနေသူအားလုံးကို ရှင်းပစ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချက်ကို နားလည်လိုက်သည်နှင့် ရန်ကိုင်လည်း ထိုလူများသည် ဝူရီ၏ မိသားစုဖြစ်ဖြစ် မဖြစ်ဖြစ် နည်းနည်းလေးမှ ဂရုမစိုက်တော့ရန် ဆုံးဖြတ်လိုက်လေသည်။ သူ့အား စိန်ခေါ်ရန် ကြိုးစားလာသူများကို ဤနေရာမှ ဘယ်သောအခါမှ မထွက်သွားနိုင်အောင် လုပ်ပေးလိုက်ပေမည်။

ထို့ကြောင့် မတ်တပ်ရပ်ကာ ကျောက်တုံးခန်းတံခါးကို ဖွင့်လိုက်ရာ အခန်းရှေ့တွင် စိုးရိမ်တကြီးဖြင့် ရပ်နေသော ယုဖုန်းကို တွေ့လိုက်ရလေသည်။

“အစ်ကိုရန်...” ဝူရီက အနည်းငယ် ဖြူဖတ်ဖြူလျော် မျက်နှာထားဖြင့် အော်ခေါ်လိုက်သည်။

“ငါသိတယ်။ ဘယ်သူကိုမှ လိုဏ်ဂူထဲကနေ ထွက်မသွားစေနဲ့။ ယန်ယန်လည်း ဒီစိတ်ဝိဥာဉ်အစီအရင်ကို ကောင်းကောင်း အဆင့်မြှင့်ထားတာ။ နင်တို့သာ ဒီကနေ မထွက်သွားသရွေ့ သူတို့ နင်တို့ကို ထိနိုင်မှာမဟုတ်ဘူး”

“မဟုတ်ဘူး။ ငါနင်နဲ့လိုက်ပြီး သူတို့ကို ရင်ဆိုင်မယ်” သို့သော်လည်း ဝူရီက သူ့အကြံပေးချက်ကို ငြင်းဆန်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ ဝူရီသည် ဤအခွင့်အရေးကိုသုံး၍ ဟိုင်ခဲမိသားစုနှင့် အဆက်ဖြတ်ချင်နေသည့်ပုံပင်။

ရန်ကိုင်က ဝူရီအား တစ်ချက်ကြည့်လိုက်ပြီး အသာအယာ ခေါင်းညိတ်လျက် “အဲ့လိုဆို မဆင်မခြင် မလှုပ်ရှားနဲ့။ အခြေအနေ မကောင်းဘူးဆိုရင်တောင် လိုဏ်ဂူထဲကနေ လုံးဝ မထွက်နဲ့”

“အင်း” ဝူရီက အလျင်အမြန် ပြန်ပြောလိုက်သည်။

ရန်ကိုင်သည် ထိုလူများကို ဦးဆောင်၍ လိုဏ်ဂူ ဝင်ပေါက်ဆီ သွားလိုက်ရာ အားတက်သရော စိတ်ဝိဥာဉ် အစီအရင်ကို ပြင်ဆင်နေသော ယန်ယန်ကို တွေ့လိုက်ရလေသည်။

ရန်ကိုင် ထွက်လာသည်ကို မြင်လိုက်မှပဲ ယန်ယန် ကြိတ်၍ သက်ပြင်းချလိုက်သည်။ သူမ၏ လှုပ်ရှားမှုများသည် ပိုပို၍ မြန်ဆန်သွက်လက်လာခဲ့လေ၏။

ဝူရီနောက်သို့ လိုက်ရန် ရွေးချယ်ခဲ့သော လိုဏ်ဂူထဲတွင် ရှိနေသော ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် အပြင်သို့ ပြေးထွက်လာကြပြီး ရန်ကိုင်နှင့် ဝူရီ၏နောက်တွင် အလေးအနက် အမူအရာဖြင့် ရပ်လိုက်ကြသည်။

“အန်... ဟိုငပုကောင်ပါ ဘယ်လိုလုပ်ပြီး ပါလာတာလဲ။ ဒီကောင်က အရာရာပါတဲ့ ဆင်ချေးငပိချက်ပဲကွ” ရန်ကိုင် အံ့အားသင့်နေခဲ့သည်။ ချဉ်းကပ်လာနေသည့် လူများကြား သူအရိပ်ကြယ်ပေါ်သို့ စရောက်စဉ်က တွေ့ခဲ့သော အလွန်ကိုမှ ပုတိုတိုနှင့် မောက်မာ မာနကြီးသော ရှဲ့ဟုန်ဝမ်ကို တွေ့လိုက်ရသည်။

ဝူရီနှင့် အခြားသူများ သတ္တုသွားတူးရာမှာ အရိပ်ကြယ်ပေါ်သို့ ပြန်ရောက်လာစဉ် ရှဲ့ဟုန်ဝမ်ကို တွေ့ခဲ့ရသည်။ ထိုသောက်ဂျပုကောင်သည် ဝူရီတို့ အဖွဲ့သားများ တူးထားသည့် သတ္တုများကို ယူသွားခဲ့၏။ ထိုသောက်ဂျပုကောင်လေးသည် ဝူရီကို စိတ်ဝင်စားနေမှန်း ရန်ကိုင် သိသည်။ တစ်နေ့တွင် ဝူရီ၏ မျိုးရိုးနာမည်သည် ရှဲ့ဖြစ်လာလိမ့်မည်ဟုပင် ကြေညာခဲ့သေးသည်။ ရှဲ့ဟုန်ဝမ် ရောက်လာခြင်းသည် ဝူရီကြောင့် ဖြစ်လောက်ပေသည်။

ရှဲ့ဟုန်ဝမ်သည် အလွန်ကို ပုသည်။ သို့သော်လည်း သူသည် အားလုံးရှေ့မှ ဦးဆောင်လာနေခဲ့သည်။ ဟိုင်ခဲမိသားစုမှ ဧည့်အကြီးအကဲများနှင့် အကြီးအကဲများသည် တန်ခိုးရှင်အဆင့် ပညာရှင် နှစ်ယောက်နောက်မှ လိုက်လာနေခဲ့ကြသည်။

ရန်ကိုင် စကားကို ကြားပြီးနောက် ဝူရီ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ သို့သော်လည်း လက်ရှိ အချိန်သည် ရယ်ရမည့် အချိန်မဟုတ်သေးမှန်း သိသဖြင့် သူမ၏ အမူအရာကို ချက်ချင်း ပြန်ထိန်းလိုက်သည်။ မြို့သခင်စံအိမ်မှ လူများ ရောက်လာခဲ့သလို ရှဲ့ဟုန်ဝမ်လည်း ရောက်လာခဲ့သည်။ ကြည့်ရသည်မှာ သူမ မိသားစုသည် ရန်ကိုင်ကို အပြတ်ရှင်းပစ်ရန် စိတ်ပိုင်းဖြတ်ထားသည့်ပုံပင်။

ရန်ကိုင်မှ ရှဲ့ဟုန်ဝမ်ကို ရှာတွေ့သွားခဲ့သလို ရှဲ့ဟုန်ဝမ်သည်လည်း ရန်ကိုင်ကို ရှာတွေ့သွားခဲ့သည်။ ဝူရီနှင့်ရန်ကိုင် ဘေးချင်းယှဉ် ရပ်နေသည်ကိုမြင်သော် ရှဲ့ဟုန်ဝမ် ဒေါသပုန်ထသွားခဲ့ပြီး လက်သီးကျစ်ကျစ် ဆုပ်လျက် “ခွေးမ... ရုပ်ကတော့ ဖြူစင်သလိုလိုနဲ့။ တကယ်တော့ မိန်းမပျက်မ ဖြစ်နေတာကိုး”

ရှဲ့ဟုန်ဝမ် ဒေါသထွက်နေမှန်း သိသော် ရီအန်းက အလျင်အမြန် သတိပေးလိုက်သည် “သခင်လေးရှဲ့၊ အဲ့ရန်ကိုင် ဆိုတဲ့လူက အဆင့်သာ နိမ့်တာ။ သူ့ခွန်အားက အထင်သေးလို့ မရဘူးနော်။ ရှုမိသားစု တစ်ခုလုံး...”

“ငါသိပါတယ်ကွာ။ မင်းအဲ့ဒါကို ပြောနေတာ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် မကတော့ဘူး။ ငါနားထောင်ရလွန်းလို့ ငါ့နားတွေတောင် ပေါက်ထွက်တော့မယ်။ အခု ဒီသခင်လေး ကိုယ်တိုင် ရောက်လာပြီ ဆိုမှတော့ အဲ့ကောင် ကျိန်းသေ သေပြီပဲ။ စောင့်သာကြည့်နေလိုက်” ရှဲ့ဟုန်ဝမ်က သူ့လက်ကို စိတ်မရှည်စွာ ဝှေ့ရမ်းလျက် ရီအန်းစကားကို ဖြတ်ပြောလိုက်လေသည်။

ရှဲ့ဟုန်ဝမ်နောက်သို့ လိုက်လာသော တန်ခိုးရှင်အဆင့် ပညာရှင်နှစ်ယောက်သည် ရီအန်းအား အထင်အမြင် တသေးဖြင့် ကြည့်လိုက်သည်။ စိတ်ထဲတွင်ကား မိသားစုငယ်လေးများသည် မိသားစုငယ်လေးများ အတိုင်းပါပဲလားဟု တွေးနေမိလေသည်။ အဆင့်ကျော်၍ တိုက်ခိုက်နိုင်သည့် ကျင့်ကြံသူတစ်ယောက်နှင့် တွေ့တိုင်း ချက်ချင်းကို အံ့ဩသွားကြစမြဲ။

အရိပ်လခန်းမထဲတွင့် အဆင့်ကျော် တိုက်ခိုက်နိုင်သည့် ကျင့်ကြံသူများစွာ ရှိပေသည်။ အရိပ်လခန်းမရှိ မည်သည့် သူတော်စင်ဒုတိယအဆင့် တပည့်မဆို မိသားစုငယ်လေးရှိ မည်သည့် သာမန် သူတော်စင်တတိယအဆင့် အကြီးအကဲ၊ သို့မဟုတ် ဧည့်အကြီးအကဲကို အနိုင်ယူနိုင်ပေသည်။

ယခုတစ်ကြိမ်တွင် တန်ခိုးရှင်အဆင့် နှစ်ယောက်ပင် ရောက်လာခဲ့လေရာ ဤနေရာတစ်ခုလုံး ပြားချပ်ရမည်မှာ မလွဲမသွေပင် ဖြစ်လေသည်။

ရှဲ့ဟုန်ဝမ်ကို စိတ်မပျက်စေမိအောင် ရီအန်းသည် သက်ပြင်းတစ်ချက်ချ၍ ဘာမှ ဆက်မပြောတော့ချေ။ သူ့စိတ်ထဲတွင်မူ အ‌တော်လေးကို ခါးသက်သက် ဖြစ်နေခဲ့ရလေသည်။

မူလအစီအစဉ်သည် ရှဲ့ဟုန်ဝမ်ကို ခေါ်လာရန် မဟုတ်ချေ။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရီအန်းသည် လက်ဆောင်များနှင့်အတူ မြို့သခင်စံအိမ်သို့ သွားခဲ့သည်။ မြို့သခင်နှင့် သူတွေ့နိုင်ခဲ့ပြီး ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို တင်ပြခဲ့သည်။ သို့သော် ဖေးကျီတုသည် သူပြောသည်ကို အလေးအနက်မထားခဲ့။ ရှဲ့ဟုန်ဝမ်နှင့် မတော်တဆ တွေ့ခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် မြို့သခင်စံအိမ်ဆီမှ ပြန်စာရလျှင် စောင့်နေရပေဦးမည်။

ထို့အပြင် ရှဲ့ဟုန်ဝမ်သည် ဟိုင်ခဲမိသားစုကို ထောက်ခံရန်အတွက် ရောက်လာခြင်း မဟုတ်သလို ရှုမိသားစုအတွက် တရားမျှတမှု ဆောင်ကြဉ်းပေးရန် ရောက်လာခြင်းလည်း မဟုတ်ချေ။ ဝူရီအတွက်သာ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သူမျက်စိကျနေသော အမျိုးသမီးသည် ဘယ်ကမှန်း မသိသော် သူတော်စင်ဘုရင် ပထမအဆင့် တစ်ယောက်ကို နှစ်သက်သဘောကျနေသည်ဟု ရီအန်းမှ ပြောသည်ကို ကြားလျှင်ကြားချင်း ရှဲ့ဟုန်ဝမ် ဒေါသပုန်ထသွားပြီး တန်ခိုးရှင်အဆင့် ပညာရှင်နှစ်ယောက်ကို ခေါ်ကာ ရန်ကိုင်ကို သတ်ရန်အတွက် ဟိုင်ခဲမိသားစုခြံဝန်းဆီသို့ ထွက်လာခဲ့လေသည်။

သူထင်ထားသလို ဖြစ်မလာခဲ့သော်ငြား ရန်ကိုင်ကို ကိုင်တွယ်ရန်အတွက် အားကောင်းသော ပညာရှင်အချို့ကို ဖိတ်ခေါ်နိုင်ခဲ့သည်။ ထို့ကြောင့် ရီအန်လည်း အတော်လေး စိတ်သက်သာရာ ရသွားခဲ့ရလေသည်။ ကံမကောင်းစွာဖြင့် ယနေ့တွင် ဝူရီ သေရတော့ပေမည်။

ရှဲ့ဟုန်ဝမ်၏ မျက်လုံးထဲရှိ တဏှာအကြည့်ကို သွား၍ မကြည့်သင်။ စုတ်ပြတ်သတ်နေသည်မှာ သူ့စရိုက်ပင် ဖြစ်သည်။ သူလိုချင်သည့် မိန်းမတစ်ယောက်ကို မြင်လိုက်သည်နှင့် ထိုအမျိုးသမီးကို မရမခြင်း မရပ်တန့်ချေ။ သူ့အား လာတားသည့် လူအားလုံးကိုလည်း ရှင်းထုတ်ပစ်ခဲ့သည်ချည်းသာ။

တစ်ခါက မိသားစုငယ်လေးဆီမှ သခင်မလေး တစ်ယောက်ကို မျက်စိကျသွားခဲ့သည်။ ထို့ကြောင့် နောက်တစ်နေ့တွင် မင်္ဂလာခန်းဝင် လက်ဆောင်များနှင့် သူမအား လာတင်တောင်းမည်ဟု ပြောသွားခဲ့သည်။ သို့သော်လည်း ကောင်မလေးသည် ထိုကံကြမ္မာဆိုးမှ လွတ်မြောက်နိုင်ရန်အတွက် သူမ အချစ်ဆုံးလူနှင့် အိပ်စက်ခဲ့သည်။

ထိုသို့လုပ်ခြင်းဖြင့် ရှဲ့ဟုန်ဝမ်၏ လက်ထဲမှ လွတ်မြောက်နိုင်လိမ့်မည်ဟု ထိုအမျိုးသမီး ထင်ခဲ့သည်။ သို့သော်လည်း ရှဲ့ဟုန်ဝမ်သည် ထိုယောကျာ်းကို သတ်ပြီး အမျိုးသမီးကို သူ့အိမ်ပြန်ခေါ်သွားကာ တစ်လကြာအောင် နှိပ်စက်အရှက်ခွဲခဲ့သည်။ ထို့ကြောင့် သူမအား အဝတ်အကုန်ချွတ်ကာ ကောင်းကင်ကံကြမ္မာမြို့တော်၏ လူထူထပ်သော လမ်းမပေါ်တွင် ပစ်ထားခဲ့လေသည်။

မိန်းကလေးသည် ထိုအဖြစ်အပျက်ကြောင့် ချက်ချင်း ကိုယ့်ကိုယ်ကို သက်သေသွားခဲ့သည်။ သို့သော်လည်း သူတို့ကိုပါ အမှုလာပတ်မည်ကိုး စိုးရွံ့သဖြင့် မည်သူမှ သူမခန္ဓာကိုယ်ကို လမ်းပေါ်မှ မဖယ်ရှားရဲခဲ့ချေ။ ပုပ်သိုးသွားသည်အထိ လမ်းမပေါ်တွင် ကျန်နေခဲ့သည်။

တစ်လကြာပြီးနောက် ထိုမိန်းကလေး၏ မိသားစု တစ်ခုလုံး သုတ်သင်ခံလိုက်ရသည်။ မည်သူမှ လုပ်သွားလဲ ဆိုသည်ကို မသိသော်ငြား ဦးနှောက်ရှိသည့်လူတိုင်း လက်သည်မှာ ရှဲ့ဟုန်ဝမ်း ဖြစ်ကြောင်း သိနိုင်ပေသည်။

ရှဲ့ဟုန်ဝမ်၏ စရိုက်သည် ပြင်ဆင်မရတော့‌အောင် စုတ်ပြတ်သတ်နေပြီဟု ပြောနိုင်ပေသည်။

သူတို့ ဟိုင်ခဲမိသားစုကိုလည်း မည်သို့သော ကံကြမ္မာက စောင့်ကြိုနေလဲ ဆိုသည်ကို ရီအန်း မသိချေ။ ဝူရီ သူမ၏ အပျိုစင်ကို ထိန်းသိမ်းထားပါစေဟုသာ ဆုတောင်းနေရ၏။ မဟုတ်လျှင် သူတို့ ဟိုင်ခဲမိသားစုတစ်ခုလုံး ဒုက္ခ ရောက်ရပေလိမ့်မည်။

ဟိုင်ခဲမိသားစု၏ အကြီးအကဲများနှင့် ဧည့်အကြီးအကဲ အားလုံး မျက်နှာမကာင်းကြ။ ရှဲ့ဟုန်ဝမ် ယခင် လုပ်ခဲ့သည့် ကိစ္စများကို ပြန်တွေးရင်း တုန်ရီနေခဲ့ကြသည်။ ဝူရီကြောင့် သူတို့ပါ ဒုက္ခရောက်ရမည်ကို တွေးစိုးရိမ်နေခဲ့ကြလေသည်။

ရှဲ့ဟုန်ဝမ်၏ ဆူပုပ်နေသော မျက်နှာထားကြောင့် မည်သူမှ အသက်ကျယ်ကျယ် မရှုရဲခဲ့ကြ။

လိုဏ်ဂူရှေ့သို့ ရောက်လာပြီး အစီအရင် ခင်းကျင်းနေသော ယန်ယန်ကို မြင်ပြီးသည့်နောက် ရှဲ့ဟုန်ဝမ်၏ ဆူပုပ်နေသော မျက်နှာထား ပျောက်ကွယ် သွားခဲ့ပြီး အံ့အားသင့်မှုတို့ အစားထိုးဝင်ရောက်လာကာ အားပါးတရ ရယ်မောလျက် “နောက်ထပ် အလှလေး တစ်ယောက် ရှိနေတာပဲ။ ကြည့်ရတာ ဒီခရီး အကျိုးမယုတ်တော့ဘူးနဲ့တူတယ်”

ယန်ယန်သည် အနက်ရောင်ဝတ်ရုံကို ဝတ်ထားသော်ငြား သူမ၏ လုံးကြီးပေါက်လှ အချိုးအစား ပြီးပြည့်စုံလှသည့် ကိုယ်လုံးကိုယ်ပေါက်ကို ဖုံးကွယ် ထားနိုင်စွမ်း မရှိချေ။ ထို့အပြင် သူမ၏ တစ်မူထူးခြား လှပသေးသွယ်သည့် မျက်နှာလေးဟာလည်း ရှဲ့ဟုန်ဝမ်၏ အကြိုက် ဖြစ်နေခဲ့သည်။ ယန်ယန်ကို မြင်လိုက်သည့် အခိုက် သူ့သွေးများ ဆူပွက်လာခဲ့ရသည်။ ယန်ယန်နှင့် ဝူရီကို ချက်ချင်း ဆွဲခေါ်ပြီး အိမ်ပြန်ချင်စိတ်တို့ ဖြစ်ပေါ်လာရ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၁၁၄၀)

ထိုအတွေးဖြင့် ရှဲ့ဟုန်ဝမ်သည် ထိုနှစ်ယောက်ကို ပြေးဝင်လုရန် ရှေ့တက်သွားရန် ပြင်လိုက်စဉ် တန်ခိုးရှင် အဆင့် ပညာရှင်နှစ်ယောက်မှ သူ့အား တားလိုက်သည်။

“သခင်လေး။ အဲ့နေရာက နည်းနည်း ထူးဆန်းနေတယ်။ အစီအရင်တစ်ခု ခင်းကျင်းထားတာနဲ့ တူတယ်” လိုဏ်ဂူရှေ့ရှိ မြေနေရာလပ်ကို ကြည့်ရင်း ထိုကျင့်ကြံသူ မျက်မှောင်ကြုတ်သွားပြီး ကောင်းကင် စိတ်အာရုံဖြင့် ထပ်တလဲလဲ စိုက်ကြည့်လိုက်သည်။

ဤနေရာသို့ လာသည့်ခရီးလမ်းတွင် ရှုမိသားစု၏ သူတော်စင်ဘုရင် တတိယအဆင့် ပညာရှင်အားလုံး မည်ကဲ့သို့ သုတ်သင်ခံလိုက်ရသလဲ ဆိုသည်ကို ရီအန်းမှ သူတို့အား ရှင်းပြခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့‌သော စိတ်ဝိဥာဉ်အစီအရင်မျိုး တည်ရှိလျှင်ပင် ထိုအစီအရင်၏ စွမ်အားသည် တန်ခိုးရှင်အဆင့် တစ်ယောက်ကို တားဆီး နိုင်လောက်သည်အထိ အားမကောင်းနိုင်ရာဟု တွေးရင်း ရီအန်း၏ စကားကို အလေးအနက်မထားခဲ့။ သို့သော်ငြား ဤနေရာသို့ ကိုယ်တိုင်ရောက်လာပြီးသည့် အခါမှသာ ထိုစိတ်ဝိဥာဉ်အစီအရင်ကို အထင်းသေး၍ မရမှန်း သိလိုက်သည်။

“တစ်ခုခု ထူးဆန်းနေတာလား” ရှဲ့ဟုန်ဝမ်သည် ဦးနှောက်မရှိသည့် လူတစ်ယောက် မဟုတ်လေရာ အလျင်အမြန်ပဲ ခေါင်းညိတ်လိုက်သည် “ကျုပ်သိပြီ။ အဲ့လိုဆို ဒီသခင်လေး အလျင်စလို မလုပ်တော့ဘူး”

ထိုစဉ်မှာပဲ ယန်ယန် စိတ်ဝိဥာဉ်အစီအရင်အား ခင်းကျင်းလို့ ပြီးသွားခဲ့သည်။ ပြီးသည်နှင့် လိုဏ်ဂူဆီသို့ အလျင်အမြန် ပြန်ပြေးသွားလိုက်ပြီး ရန်ကိုင်နောက်တွင် ပုန်းအောင်းနေလိုက်လေသည်။ သူမ၏ ခန္ဓာကိုယ်လေးမှ တဆတ်ဆတ် တုန်ရီနေသဖြင့် ဝူရီမှ သူမလက်ကိုကိုင်ကာ ညင်ညင်သာသာ ပုတ်ပေးလိုက်ရသည်။

ရှဲ့ဟုန်ဝမ်သည် ယန်ယန်ဆီမှ အကြည့်ရုတ်လိုက်ပြီး ဝူရီအား ကြမ်းကြုတ်ရက်စက်စွာ ပြုံးပြရင်း လှမ်း၍ အော်ပြောလိုက်သည် “ဝူရီ၊ ဒီသခင်လေး နင့်ကို အခွင့်အရေး မပေးဘူးလို့ လာမပြောနဲ့နော်။ နင့်အကြောင်း နင်သိပြီး ဒီသခင်လေးနောက် လိမ်လိမ်မာမာနဲ့ ပြန်လိုက်ခဲ့မယ်ဆိုရင် အရင်က နင်လုပ်ခဲ့တာတွေကို ငါလျော်ပေးလိုက်မယ်။ မဟုတ်ဘူးဆိုရင်တော့ ငါ့ကို ရက်စက်လို့ဆိုပြီး လာပြီး အပြစ်မတင်နဲ့”

ဝူရီ၏ အသားအရေမှာ အတော်လေးကို ဖြူလျော်နေသော်ငြား ပြန်၍ အော်ဟစ်လိုက်ပါသေးသည် “အိမ်မက်သာမက်နေလိုက်။ နင့်နောက်လိုက်စေချင်ရင် ငါ့ကို အရင်သတ်မှတ်ပဲ ရလိမ့်မယ်”

“ကောင်းတယ်” ဒေါသထွက်ရမည့်အစား ရှဲ့ဟုန်ဝမ်က ရယ်မောလိုက်သည်။ ဝူရီနှင့် ရန်ကိုင် အတူရှိနေသည့် အကြောင်းကို သိလိုက်ရစဉ် ဒေါသထွက်သွားခဲ့ရသည်။ သို့သော် ဝူရီထက်ပင် ပိုလှသော ယန်ယန်ကို တွေ့လိုက်ရသဖြင့် သူ့ဒေါသတို့ လျော့ပါးရကုန်လေသည်။ ယခုတစ်ကြိမ်တွင် ဝူရီကိုသာမက ထိုခန္ဓာကိုယ်အချိုးအစား ပြီးပြည့်စုံလှသော ယန်ယန်ကိုပါ ရနိုင်တော့ပေမည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်နိုင်တော့မည်ကို ရှဲ့ဟုန်ဝမ် ဘာကြောင့် မပျော်ဘဲ နေရမည်နည်း။

ဝူရီကို ဆက်ဂရုစိုက်မနေတော့ဘဲ ရန်ကိုင်ဘက်သို့ လှည့်၍ နှာခေါင်းရှုံ့ကာ“"ကောင်စုတ်လေး၊ မင်းသတ္တိက မသေးပါလား။ ဒီသခင်လေးရဲ့ မိန်းမကိုတောင် လာပြီး ကြံရဲတယ်။ မင်းဘယ်သူပဲဖြစ်ဖြစ်၊ မင်းမှာ ဘာနောက်ခံပဲ ရှိရှိ၊ ဒီနေ့ မင်းသေကိုသေရမယ်။ လိမ်လိမ်မာမာနဲ့ ဦးညွှတ်ပြီး ဒီအဖိုးကို လာတောင်းပန်လိုက်။ အဲ့လိုဆို မင်းကို မနာကျင်ရဘဲ သေရအောင် လုပ်ပေးမယ်။ ဟိုမိန်းမကိုပါ ပေးမယ်ဆိုရင်တော့ မင်းရဲ့ သောက်ဖြစ်မရှိတဲ့ အသက်ကိုပါ ချမ်းသာပေးရင်း ချမ်းသာပေးမှာပေါ့”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူဘဝတွင် များစွာသော ဒုတိယမျိုးဆက် လူငယ်များကို မြင်ခဲ့ဖူးသည်။ သို့သော် ရှဲ့ဟုန်ဝမ်ကဲ့သို့ မောက်မာလွန်းသော လူကို တစ်ခါမှ မတွေ့ဖူးခဲ့ချေ။ ထိုကောင်သည် သူပြောလိုက်သည့် စကားကို လူတိုင်း နာခံရမည်ဟု ထင်နေလေသလော။ ပထမဆုံး ဝူရီကို သူနဲ့အတူ ပြန်လိုက်ခိုင်းသည်။ ထို့နောက် ရန်ကိုင်ကို ဦးညွှတ်ပြီး တောင်းပန်ခိုင်းသည်။ သူ့ကိုယ်သူ ဘာထင်နေလေသနည်း။

“ဒီသောက်ရူးက သောက်ကြီးသောက်ကျယ် ပြောဖို့ပဲ သိတာလား” ရန်ကိုင်က ဝူရီကို လှမ်းမေးသည်။

ဝူရီက လှောင်ပြုံးပြုံးလျက် “သူဂေါက်နေပြီ”

“ဟုတ်လောက်တယ်။ ဒီ‌ကောင် တကယ် ဂေါက်နေတာ။ သူ့ခန္ဓာကိုယ် ချိုးယွင်းနေလို့ စိတ်ပါ လိုက်ပြီး ချိုးယွင်းသွားတာ ဖြစ်မယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ရန်ကိုင်၏ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး အမူအရာကိုမြင်သော် ဝူရီတို့အဖွဲ့ စိတ်သက်သာရာ ရသွားခဲ့သည်။

တစ်ဖက်တွင်မူ ရှဲ့ဟုန်ဝမ်က ရန်ကိုင်ကို လွှတ်ပေးမည်ဟု ပြောသည်ကို ကြားလိုက်ချိန် ရီအန်းက အလျင်စလို ဝင်ပြောလိုက်သည် “သခင်လေးရှဲ့၊ အဲ့လူမှာ ဘာနောက်ခံမှမရှိဘူး။ သူက ပိုအားကောင်းတယ်ဆိုပြီး ကျုပ်တို့ နဂါးလိုဏ်ဂူတောင်ကို အတင်းအကြပ် လာလုယူထားတာ။ ကျေးဇူးပြုပြီး အဲ့ကို လွှတ်မပေးပါနဲ့ သခင်လေးရှဲ့”

ရန်ကိုင်ကို အမြစ်ဖြတ်ရန် စဉ်းစားထားပြီးမှဖြင့် သူ့အား နည်းနည်းလေးမှ ကြီးထွားခွင့် မပေးနိုင်ချေ။ ရီအန်သည် ရန်ကိုင်ကို အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ပါချေ။ ဝူရီအတွက်မူ သူမသည် မိသားစုထဲမှ ထွက်သွားပြီးဖြစ်၏။ ထို့ကြောင့် ရှဲ့ဟုန်ဝမ်လက်ထဲ ရောက်ပြီး သူမ ဘာဖြစ်ဖြစ် သူဂရုစိုက်နေမည်မဟုတ်။

“ငါ့ကိစ္စကို မင်းဝင်ပါချင်နေတာလား” ရှဲ့ဟုန်ဝမ်က ရီအန်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ရာ ရီအန်းလည်း ချက်ချင်းပဲ ပါးစပ်ပိတ်သွားခဲ့လေသည်။

ချက်ချင်းဆိုသလို ရှဲ့ဟုန်ဝမ်က လိုဏ်ဂူဘက်သို့လှည့်၍ အော်ပြောလိုက်သည် “ကောင်စုတ်လေး။ မင်းသတ္တိက မသေးပါလား။ ဒီအဖေရဲ့ မိန်းမတွေကိုလည်း ကြံတယ်။ အခြားသူရဲ့ ပိုင်နက်ကိုလည်း ဝင်လုတယ်။ ကြည့်ရတာ မင်းငါတို့ လအရိပ်ခန်းမကို သောက်ဖတ်မလုပ်ဘူးနဲ့ တူတယ်။ ဟိုင်ခဲမိသားစုက ငါတို့ လအရိပ်ခန်းမရဲ့ လက်အောက်ခံ မိသားစုဆိုတာကို မင်းမသိတာလား”

“တိုက်မယ်ဆိုတိုက်။ သောက်ပိုတွေ လာပြောမနေနဲ့” ထိုသောက်ဂျပုကောင်နှင့် စကားပြောဖို့ရာ ပျင်းလွန်းလှ၏။ ထိုသောက်ဂျပုကောင်ကဲ့သို့ ဦးနှောက်မကောင်းသည့်လူနှင့် စကားပြောချင်းသည် အချိန်ဖြုန်းရာသာ ကျသည်။ ဘာအကျိုးမှ ရှိလိမ့်မည် မဟုတ်။

“ကောင်းတယ်။ ငါလည်း ငါ့ကို လာစော်ကားရန် ဘယ်လို အကျိုးဆက်ကို ရင်ဆိုင်ရမလဲ မင်းသိအောင် လုပ်ပေးရမှာပေါ့။ အဲ့မိန်းကလေးက မင်းဟာမလား” ရှဲ့ဟုန်ဝမ်က ယန်ယန်ကို လက်ညိုးထိုးလိုက်ပြီး “မင်းက ဒီသခင်လေးရဲ့ အမျိုးသမီးကို ကြံရဲမှတော့ ငါလည်း မင်းလူကို လုယူရမှာပေါ့။ စိတ်ချထားလိုက်။ ငါမင်းကို ချက်ချင်း သေခိုင်းမှာ မဟုတ်ဘူး။ မင်းအမျိုးသမီးကို ငါဘယ်လိုလုပ်မလဲ ဆိုတာကို မင်းကို ထိုင်ပြီးတော့ကို စောင့်ကြည့်ခိုင်းမှာ”

ပြောပြီးသည်နှင့် လှမ်း၍ အမိန့်ပေးလိုက်သည် “ဟုန်ကျန်း၊ အဲ့ကောင်လေးကို သွားဖမ်းပေးစမ်း။ ဒီအဖေကိုများ လာစော်ကားရဲတယ်။ ငါ့အကြောင်း ကောင်းကောင်း သိသွားစေရမယ်”

ဟုန်ကျန်းဟုခေါ်သော တန်ခိုးရှင်ပထမအဆင့် ပညာရှင် မျက်မှောင်ကြုတ်သွားခဲ့သည်။ တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ပြန်ပြောလိုက်၏ “သခင်လေး၊ အဲ့မှာ စိတ်ဝိဥာဉ် အစီအရင်တစ်ခု ရှိနေတယ်”

“စိတ်ဝိဥာဉ်အစီအရင် ရှိနေရာ ဘာဖြစ်လဲ။ ဘာမဟုတ်တဲ့ စိတ်ဝိဥာဉ်အစီအရင်လေးက မင်းတို့ကို တားနိုင်မှာ မို့လို့လား” ရှဲ့ဟုန်ဝမ်က အော်ပြောလိုက်သည် “မင်းတစ်ယောက်တည်းနဲ့ မရရင် နှစ်ယောက်စလုံး သွားကာ။ ဒီသောက်စုတ်သောက်ပြတ် အစီအရင်က မင်းတို့ နှစ်ယောက်စလုံးကို တားနိုင်တယ်ဆိုတာ ငါမယုံဘူး။ မြန်မြန်သွားဖမ်းစမ်းကွာ။ ဒီအဖေ အဲ့ခွေးသာခေါင်းကို နှင်းချေပစ်ချင်နေပြီ”

ဟုန်ကျန်း အမူအရာ သုန်မှုန်သွားခဲ့သည်။

အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်အဆင့် ပညာရှင် တစ်ယောက်သည် အတော်လေး အားကောင်းသည့်အထဲ ပါဝင်ပေသည်။ တကယ်တော့ ဤနေရာတွင် အဆင့် အမြင့်ဆုံးသည် တန်ခိုးရှင်တတိယအဆင့် မဟုတ်ပေလော။ သိုသော်လည်း ဟုန်ကျန်းအား ရှဲ့ဟုန်ဝမ်ကို ကာကွယ်ပေးရန် အမိန့်ပေးထားသဖြင့် သူ့အမိန့်ကို သွားလွန်ဆန်၍ မရချေ။

အခြားတန်ခိုးရှင်အဆင့် ပညာရှင်သည် တစ်ခုခု ပြောချင်နေသည့်ပုံစံဖြင့် ဟုန်ကျန်းကို လှမ်းကြည့်လိုက်၏။ သို့သော် ဟုန်ကျန်းက လက်ဝှေ့ရမ်း၍ ပြန်ပြောလိုက်သည် “ငါစမ်းကြည့်လိုက်မယ်။ ငါမဖျက်စီးနိုင်မှပဲ အတူတူ လုပ်ကြတာပေါ့”

“ကောင်းပြီ” ထိုလူ ခေါင်းညိတ်လိုက်သည်။

ပြောပြီးည်နှင့် ကောင်းကင်စိတ်အာရုံကို အပြည့်အဝ ဖြန့်ကျက်ရင်း လိုဏ်ဂူဆီသို့ ဖြည်းဖြည်းချင်း လမ်း လျှောက်သွားလိုက်လေသည်။ သို့သော်လည်း သွားရင်း သွားရင်း သူပိုပို၍ ကြောက်လန့်လာနေမိသည်။ သူ့နားရှိ လေဟာနယ်သည် ဝဲကတော့ကြီး တစ်ခုအလား။ သူ့ကောင်းကင်စိတ်အာရုံ ထိုထဲရောက်သွားသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။ ဤစိတ်ဝိဥာဉ် အစီအရင်၏ စွမ်းအားကို အထင်သေးလိုက်မိပြီမှန်း ဟုန်ကျန်း ချက်ချင်း နားလည်လိုက်သည်။

သို့သော်လည်း ယခုမှ ပြန်ဆုတ်ရန် နောက်ကျလွန်းနေလေပြီ။ သို့သော်လည်း သူအံ့အား သင့်နေရသည်ကား တစ်ဖက်လူမှ စိတ်ဝိဥာဉ် အစီအရင်ကို အသက်မသွင်းသေးခြင်းပင်။

တစ်ဖက်လူသည် စိတ်ဝိဥာဉ်အစီအရင်ကို အသက်သွင်း၍ သူ့အား တိုက်ခိုက်မည်မကြံဘဲ ထိုဘက်ရှိ လူငယ်လေးတစ်ယောက်သည် သူ့ဆီသို့ လျှောက်လာခဲ့၏။ ထို့ကြောင့် ဟုန်ကျန်း အံ့အားသင့်မိသွားသလို ဝမ်းလည်း ဝမ်းသာမိသွားသည်။

“အစ်မယန်ယန် အစိအရင်ကို စလိုက်တော့” ဝူရီက ယန်ယန်၏ လက်မောင်းကို စိုးရိမ်တကြီး လှမ်းဆွဲလိုက်၏။ ယခင်အကြိမ်က ရှုမိသားစု လူများစွာသည် အစီအရင်ထဲ ကျရောက်သွားသည့်အတွက် ရန်ကိုင်၏ အလွယ်တကူ သတ်ဖြတ်ခြင်း ခံခဲ့ရလေသည်။ သို့‌သော်လည်း လက်ရှိတွင် သူရင်ဆိုင်နေရသည့်လူသည် တန်ခိုးရှင်အဆင့် ပညာရှင် တစ်ယောက် ဖြစ်နေခဲ့သည်။

သူတော်စင်ဘုရင် ပထမအဆင့်နှင့် တန်ခိုးရှင်ပထမ အဆင့်သည် လုံးဝကို ကွဲပြားပေသည်။ ဝူရီအနေဖြင့် ရန်ကိုင်၏ ခွန်အားကို အတော်လေး ယုံကြည်သည် ဆိုလျှင်ပင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မည်ဆိုပါက ဟုန်ကျန်းကို ရန်ကိုင် အနိုင်ယူနိုင်လိမ့်မည်ဟု သူမ မထင်ပါချေ။

ယန်ယန်က ခေါင်းခါ၍ “ရန်ကိုင်က အစီအရင်ကိုဖွင့်ဖို့ ပြောမသွားဘူး”

“ဘာလို့လဲ”

“ငါလည်းမသိဘူး”

သို့သော်လည်း ခဏအကြာအတွင် ရန်ကိုင်ဘာကြောင့် အစီအရင်အား မဖွင့်ချင်သလဲ ဆိုသည်ကို နားလည်သွား၏။ အကြောင်းမှာ ရန်ကိုင်သည် နတ်ဆိုးမီးတောက်ကို ဓါးအဖြစ် သိပ်သည်းစေ၍ ဟုန်းကျန်းတည့်တည့်ဆီ ခုတ်ပိုင်း ချလိုက်သောကြောင့်ပင် ဖြစ်သည်။

ရန်ကိုင် သူ့တိုက်ပွဲစွမ်းအား အကန့်အသတ်ကို စမ်းသပ်ချင်နေမိသည်။

“သွေးနားထင်ရောက်နေတဲ့ကောင်” ဟုန်ကျန်းက လှောင်ပြုံးပြုံး၍ ပြန်ထိုးလိုက်သည်။ သို့သော်လည်း သာမန်သာ ထင်ရသော သူ့လက်သီးချက်သည် ဖြတ်သွားရာ လမ်းတစ်လျှောက်ရှိ လေဟာနယ်ကို တစ်မျိုးတစ်ဖုံး ပြောင်းလဲသွားစေခဲ့လေသည်။

ရန်ကိုင်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွား၏။ သူတော်စင်ဘုရင် တတိယအဆင့်နှင့် တန်ခိုးရှင်အဆင့် ကြားတွင် ကွာဟချက် ကြီးကြီးမားမား ရှိမှန်းကို သိထားသော်ငြား တန်ခိုးရှင်အဆင့် တစ်ယောက်၏ တိုက်ခိုက်မှုသည် ထိုမျှ ထူးဆန်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သူ့လက်သီးချက်သည် အားကောင်းလွန်းနေခြင်း မဟုတ်။ သို့သော်လည်း ဟုန်းကျန်း၏ လက်သီးချက် ထွက်ပေါ်လာသည့်အချိန်တွင် သူ့တစ်ကိုယ်လုံးကို မမြင်နိုင်သော အားအင်တစ်ရပ်က ရစ်ပတ်သွားသလို ရန်ကိုင် ခံစားလိုက်ရသည်။ ထိုအားတစ်ရပ်ကြောင့် သူ့သူတော်စင်ချီကို လှည့်ပတ်နိုင်သည့်နှုန်း သိသိသာသာ လျော့ကျသွားခဲ့ရလေသည်။ သူတော်စင်ချီသာ မဟုတ်ဘဲ သူ့ခန္ဓာကိုယ်သည်လည်း ပို၍ လှုပ်ရှားရ ခက်သွား၏။

သူ့ခွန်အား ဖိနှိပ်ခံလိုက်ရလေပြီ။

မည်ကဲ့သို့သော စွမ်းအားပေနည်း။ ရန်ကိုင် လုံးဝကို ကြောင်နေခဲ့လေပြီ။ တန်ခိုးရှင်အဆင့် ပညာရှင် များစွာကို သူတွေ့ခဲ့ဖူးသည်။ သို့သော် တစ်ခါမှတော့ ယှဉ်မတိုက်ခိုက်ဘူးခဲ့ချေ။ ယခုအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ပေသည်။

တန်ခိုးရှင်အဆင့် ပညာရှင်များသည် သူတို့ထက် ကျင့်ကြံသူခြင်း အဆင့်နိမ့်သူများကို ဖိနှိပ်နိုင်သည့် ထူးဆန်းသော အားတစ်ရပ်အား ပိုင်ဆိုင်ထားသည်ကို ရန်ကိုင် ရှာဖွေတွေ့ရှိသွားခဲ့သည်။ သူမသေချာသည်ကား ထိုစွမ်းအားသည် ဟုန်ကျန်း တစ်ယောက်တည်းသာ တတ်ကျွမ်းထားသည့် စွမ်းအားလား၊ တန်ခိုးရှင်အဆင့် ပညာရှင်တိုင်း တတ်ကျွမ်းထားသည့် ပညာရပ်လား ဆိုသည်ကိုပင်။

ထိုစွမ်းအားကို သူစမ်းသပ်ကြည့်ချင်သွားလေပြီ။

ထုန်းရွှမ်လောကကြီးတွင် ရှိစဉ်က ကျင့်ကြံခြင်းနှင့် ပက်သက်၍ အခက်ကြုံလျှင် မန်ဝူရနှင့် ဆွေးနွေး တိုင်င်ကြည့်နိုင်သည်။ သို့သော်လည်း ဤနေရာတွင်မူ မည်သူ့ကိုမှ အားမကိုးနိုင်။ သူ့ကိုယ်သူသာ အားကိုးနိုင်၏။ ထိုထူးဆန်းသော စွမ်းအားကို နားလည်ချင်သည် ဆိုပါက တန်ခိုးရှင်အဆင့် ပညာရှင်တစ်ယောက်ကို သတ်ပြီး သူတို့၏ နားလည်သဘောပေါက်မှုများကို စုပ်ယူရပေလိမ့်မည်။

သူ့ခေါင်းထဲ အတွေးများစွာ ဖြတ်ပြေးနေတုန်း ဟုန်ကျန်း၏ လက်သီးချက်မှ လေဓါးသွားတို့ ပေါက်ကွဲ ထွက်လာခဲ့ပြီး ရန်ကိုင်၏ နတ်ဆိုးမီးတောက်ကို ချက်ချင်း ပျက်စီးသွားစေခဲ့သည်။

သူ့ခွန်အားသာ ဖိနှိပ်ထားခြင်း မခံရလျှင် ရန်ကိုင် အနေဖြင့် ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ပေလိမ့်မည်။ သို့သော် သူ့လှုပ်ရှားမှုများသည် ယခင်ထက် နှေးကွေး၊ လေးလံနေသဖြင့် တိုးကပ်လာနေသော လေဓါးသွားကို မရှောင်တိမ်းနိုင် ဖြစ်သွားခဲ့သည်။

လေဓါးသွားသည် အလွန်ကိုမှ အားကောင်းလှသည်။ တိုက်ရိုက်သာ ထိခံလိုက်ရမည်ဆိုပါက သူ့ခန္ဓာကိုယ် အားကောင်းသည် ဆိုလျှင်ပင် ကျိန်းသေ ဒဏ်ရာ ရသွားပေလိမ့်မည်။

ဝူရီ ထိတ်လန့်တကြား ထအော်မိလိုက်လေသည်။

“မိန်းမပျက်မ” ဝူရီမှ ရန်ကိုင်အား စိတ်ပူပေးနေသည်ကို မြင်သော် ရှဲ့ဟုန်ဝမ် ဆွေ့ဆွေ့ခုန်သွားရသည်။ ထို့ကြောင့် လူအများရှေ့တွင် သူမအား ကိုယ်တုံးလွှတ်ချွတ်ကာ ဗလက္ကာရ ပြုကျင့်ပစ်မည်ဟု စိတ်ထဲ ကြိတ်တေးလိုက်၏။ ပြီးနောက်တွင် သူမအား အမှိုက်တစ်စလို လွှင့်ပစ်ရပေမည်။

တစ်ဖက်တွင်မူ ယန်ယန်၏ အမူအရာသည် စိုးစဉ်းမျှ ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။ စိတ်ဝိဥာဉ်အစီအရင်ကို အသက်သွင်းမည့်ပုံလည်းမရ။

ဘုန်း....

လေဓါးသွားကြောင့် ရန်ကိုင် နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားခဲ့ရသည်။

“အန်” ရန်ကိုင် သေပြီဟု တွေးနေသော ဟုန်ကျန်း ရန်ကိုင်မှ ခရမ်းရောင်ဒိုင်းတစ်ခုအား ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့ရသည်။ ဒိုင်းတစ်ခုလုံး ခရမ်းရောင်တောက်နေပြီး ၎င်းဆီမှ ထုတ်လွှတ်နေသော အရှိန်အဝါဟာ ဆိုလျှင်လည်း အတော်လေးကို အားကောင်း၏။ တစ်ချက်ကြည့်ရုံဖြင့် ထိုဒိုင်းသည် အဆင့်မြင့် အကာအကွယ်မှော်ရတနာ တစ်ခုဖြစ်ကြောင်း သိနိုင်ပေသည်။ သူ့လေဓါးသွားသည် ထိုဒိုင်းပေါ်တွင် ခြစ်ရာတစ်ခုပင် ထင်အောင် မလုပ်နိုင်ခဲ့ချေ။

“တန်ခိုးရှင်အဆင့် မှော်ရတနာလား” ဟုန်ကျန်း၏ မျက်လုံးများ ဝင်ပသွားပြီး လောဘရိပ်တို့ သူ့မျက်နှာထက် လှိုက်တက်လာခဲ့သည်။

သူသာ ထိုတန်းခိုးရှင်အဆင့် မှော်ရတနာကို လုယူနိုင်မည် ဆိုပါက သူ့တိုက်ပွဲစွမ်းရည် ကျိန်းသေ တိုးတက်လာပေလိမ့်မည်။

“ကြမ်းလိုက်တာ” ရန်ကိုင် ခရမ်းရောင်ဒိုင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ အ‌စောပိုင်းက ဓါးချက်ကို ဒိုင်းဖြင့် ကာလိုက်နိုင်သည့်တိုင် ထွက်ပေါ်လာသော အားကြောင့် သူ့ကိုယ်ထဲရှိ သွေးများ ဗလောင်ဆူသွားခဲ့ရသည်။ သူ့ခန္ဓာကိုယ်လည်း မဆိုသလောက်ကလေး တုန်ရီနေရ၏။

“ကောင်လေးက မဆိုးဘူးပဲ” ဟုန်ကျန်း နှုတ်ခမ်း မဲ့လိုက်သည်။ သို့သော်လည်း သူ့စိတ်ထဲတွင်မူ အတော့်ကို အံ့အားသင့်နေရလေသည်။ အကြောင်းမှာ သာမန် သူတော်စင်ဘုရင် ပထမအဆင့်ဆိုပါက တန်ခိုးရှင်အဆင့် အကာအကွယ် မှော်ရတနာကို ပိုင်ဆိုင်ထားမည် ဆိုလျှင်ပင် သူ့တိုက်ကွက်ကြောင့် ဒဏ်ရာသွားပြီးလောက်ပေပြီ။ သို့သော် ထိုလူငယ်လေးသည် ဘာဒဏ်ရာမှ ရမသွားခဲ့ပေ။ သူ့ထက် ပိုအဆင့်မြင့်သော သူတော်စင်တတိယအဆင့် ပညာရှင်များကိုပင် သတ်နိုင်သည်မှာ အံ့ဩစရာ မဟုတ်တော့။ ရန်ကိုင် ပြသသွားသော စွမ်းဆောင်ရည်အရ သူ့တွင် သူတော်စင်ဘုရင် တတိယအဆင့်များကို သတ်နိုင်စွမ်း ရှိပေသည်။

All Chapters