← Chapters

အခန်း (၁၁၄၁-၁၁၄၅)

Vol. 46 Ch. 1141-1145

အခန်း (၁၁၄၁-၁၁၄၅)

Vol. 46 Ch. 1141-1145

အပိုင်း(၁၁၄၁)

လိုဏ်ဂူရှေ့တွင် ရန်ကိုင် သူ့လက်ကို ဝှေ့ရမ်းနေခဲ့သည်။ မကြာမီ သူ့လက်အား မမြင်နိုင်သော ကြိုးမျှင်ကဲ့သို့သော အရာလေးများက ချုပ်ထားသည်ကို တွေ့ရှိသွားခဲ့သည်။ ထိုအရာများသည် သူ့လှုပ်ရှားမှုကို နှေးကွေးအောင် လုပ်နေရုံမက သူတော်စင်ချီ လှည်ပတ်နှုန်းကိုပါ နှေးကွေးအောင် လုပ်ထားခဲ့သည်။ ထို့ကြောင့် သူ့ခွန်အား အပြည့်ကို ထုတ်မသုံးနိုင်ဘဲ ခရမ်းရောင်ဒိုင်းကို သုံးကာ ဟုန်ကျန်း၏ လက်သီးချက်ကို ကာကွယ်ခဲ့ရသည်။

ခရမ်းရောင်ဒိုင်းကို အပြည့်အဝ မသန့်စင်ရသေးသဖြင့် ၎င်း၏ စွမ်းရည်အပြည့်အဝကို မထုတ်သုံးနိုင်သေး သော်လည်း ထိုဒိုင်းသည် အဆင့်ကိုး မွန်းစတားသားရဲ၏ ကျောခွံနှင့် မွန်းစတားအမြူတေတို့ကို အမျိုးမျိုးသော တန်ခိုးရှင်အဆင့် သတ္တုများနှင့် ပေါင်စပ်၍ လုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဒိုင်းသည် အလွန်ကိုမှ မာကျောပြီး ဟုန်ကျန်း၏ တိုက်ခိုက်မှုကို အလွယ်တကူ ခုခံနိုင်ခဲ့သည်။

“ဘယ်လိုစွမ်းအားကြီးလဲ” သူ့အား ဖိနှိပ်နေသည့် စွမ်းအားကို အာရုံမခံနိုင်သဖြင့် ရန်ကိုင်လည်း ဟုန်းကျန်းကိုသာ လှမ်းမေးလိုက်လေသည်။

ဟုန်ကျန်းက ရယ်မောလိုက်ပြီး “ငတုံးကောင်၊ ရှီဆိုတာ ဘာလဲဆိုတာတောင် မသိသေးဘဲ ဆရာကြီး လုပ်ချင်တယ်ပေါ့”

“ရှီလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး “တိုက်ပွဲဝင် စိတ်ဝိဥာဉ်လား။ ကျုပ်မှာလည်း အဲ့ဒါ ရှိတယ်လေ”

ပြောပြီးသည်နှင့် ရန်ကိုင်သည် သူ့အရှိန်အဝါနှင့် သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း သူ့ရှီသည် ဟုန်ကျန်း၏ ရှီနှင့် ကွဲပြားနေခဲ့သည်။ သူ့ရှီ နိမ့်ကျနေခြင်းမဟုတ်၊ အပြင်လူ၏ အမြင်တွင် ရန်ကိုင်၏ အရှိန်အဝါသည် ဟုန်ကျန်းထက်ပင် ပိုသာနေသေးသည်။

သို့သော်လည်း ဟုန်ကျန်း ပြောနေသော ရှီသည် သူမသိသေးသည့် အခြားတစ်ခုမှန်း ရန်ကိုင် ပြောနိုင်သည်။ သူထင်နေသော ရှီနှင့် ဟုန်ကျန်း ပြောနေသောရှီသည် ဘာဆိုဘာမှ မဆိုင်ချေ။ ရန်ကိုင် ထုတ်လွှတ်လိုက်သော် တိုက်ပွဲဝင်စိတ်ဝိဥာဉ်သည် ပြိုင်ဘက်ကို အနှောင့်အယှတ် မပေးနိုင်သော်ငြား ဟုန်ကျန်း၏ ရှီသည် ရန်ကိုင်၏ ခွန်အားကို အကြီးအကျယ် ဖိနှိပ်နိုင်ပေသည်။

ဤသည်ကား တန်ခိုးရှင်အဆင့် ပညာရှင် တစ်ယောက်၏ စွမ်းအားပေလော။ အမှန်တကယ်ကို အံ့ဩစရာ ကောင်းလှပေသည်။ ထိုတွေ့ရှိမှုကြောင့် ရန်ကိုင် ကြောက်စိတ်ဝင်သွားခြင်း မရှိဘဲ သူ့တိုက်ခိုက်လိုစိတ် ပို၍ပင် အားကောင်းတောက်လောင် လာခဲ့ရသည်။

စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ထားလိုက်ပြီး ခရမ်းရောင် ဒိုင်းကိုကိုင်၍ ဟုန်ကျန်းအား လှမ်းအော်ပြောလိုက်သည် “ထပ်လာစမ်း။ ခင်ဗျားပြောနေတဲ့ ရှီဘာလဲဆိုတာကို ကျုပ်သိချင်နေပြီ”

ရန်ကိုင်သည် နတ်ဆိုးမီးတောက်ကို ရုပ်သိမ်းလိုက်ပြီး ခုခံကာကွယ်ရာတွင်သာ အပြည့်အဝ အာရုံစိုက်လိုက်သည်။

ဟုန်ကျန်းနှင့် တိုက်ခိုက်နှစ်ကွက်သာ ဖလှယ် ရပြီးသေးသော်ငြား သူ့အနေဖြင့် လက်ရှိတွင် တန်ခိုးရှင် အဆင့် ပညာရှင်တစ်ယောက်ကို သတ်ရန် မဖြစ်နိုင်မှန်း ရန်ကိုင် သိသည်။ ရွှေရောင်သွေးစက်ကို ထုတ်သုံးမည် ဆိုလျှင်ပင် ဖြစ်နိုင်မည် မဟုတ်ချေ။

ရှီဟုခေါ်သော စွမ်းအားသည် အလွန်ကို ဆန်းကြယ်၏။ သို့သော် ဟုန်ကျန်းအနေဖြင့်လည်း သူ့ကို သတ်နိုင်လိမ့်မည် မဟုတ်ချေ။ ခရမ်းရောင်ဒိုင်းကာနှင့် လေဟာနယ်ကို ဆုတ်ဖြဲနိုင်သည့် စွမ်းရည်ကြောင့် တန်ခိုးရှင်တတိယအဆင့် ရောက်လာလျှင်ပင် ရန်ကိုင်ကို သတ်နိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်၏ ပုံစံကို မြင်ပြီးနောက် ထိုလူငယ်လေး ဘာလုပ်ချင်နေလဲ ဆိုသည်ကို နားလည်သွားလေရာ ဟုန်ကျန်း ဒေါသပုန် ထသွားလေသည်။

တန်ခိုးရှင်အဆင့် ပညာရှင်များသည် သူတို့ထက် အဆင့်နိမ့်သော ကျင့်ကြံသူများကို ဖိနှိပ်နိုင်ကြသည်။ သို့သော် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိ‌သော ထိုလူငယ်လေးသည် သူ့ကိုအသုံးချကာ ရှီဆိုသည့်အရာကို လေ့လာချင်နေသည်။

ထိုသည်မှာ သူ့မျက်နှာကို ခပ်ဆတ်ဆတ် ရိုက်ချလိုက်ခြင်း မည်ပေသည်။ ထို့ကြောင့် ဟုန်ကျန်း ဒေါသ အမျက်ချောင်းချောင်း ထွက်သွားပြီး မုန်ယိုနေသည့် နွားသိုးတစ်ကောင်နှယ် ရန်ကိုင်ကို သည်းကြီးမည်းကြီး တိုက်ခိုက်တော့လေသည်။ လေဓါးသွားများကို တရစပ် ပစ်လွှတ်လိုက်ရာ ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးအုပ်လု မတတ် ဖြစ်သွားခဲ့သည်။

“ဟားဟားဟားဟား။ ဟုတ်တယ်။ အဲ့ကောင်းကို တစ်စစီ ဖြစ်အောင် လုပ်ပစ်” ရှဲ့ဟုန်ဝမ်က ထိုတိုက်ပွဲကို ကြည့်ရင်း လက်ခုပ်တီး၍ အော်ရယ်နေခဲ့သည်။

ဝူရီ၏ မျက်နှာ ဖြူလျော်သွားပြီး အလန့်တကြား ထအော်မိလိုက်ပြန်သည်။ သူမ၏ အပြုအမူသည် ရှဲ့ဟုန်ဝမ်ကို ပိုပြီး စိတ်လှုပ်ရှားသွားစေခဲ့သည်။

ဝူရီ၏လူများသည်လည်း ထိုမြင်ကွင်းကို မကြည့်ရက် သဖြင့် အကြည့်လွှဲလိုက်ကြသည်။ အကုန်လုံး ရန်ကိုင် သေလိမ့်မည်ဟု ထင်နေကြလေသည်။

ယန်ယန် တစ်ယောက်သာ အထင်အမြင်သေးသေးဖြင့် အလွန်ကိုမှ တိုးညင်းသည့် လေသံဖြင့် ပြောလိုက်သည် “အဲ့ဒိုင်းက တန်ခိုးရှင်ပထမအဆင့် တစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုတောင် မခုခံနိုင်ဘူးဆိုရင် ဒီနေ့ကစပြီး ငါပန်းပဲမထုတော့ဘူး”

သို့သော်လည်း သူမ ပြောလိုက်သည့် အသံမှ အလွန်ကိုမှ တိုးညင်းလှလေရာ အနားတွင် ရှိနေသော ဝူရီပင်လျှင် မကြားလိုက်ချေ။

ဘုန်း... ဘုန်း... ဘုန်း...

ပေါက်ကွဲသံတို့ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင် ရပ်နေသည့် နေရာတတစ်ခုလုံ ဖုန်တလူးလူး ဖြစ်သွားခဲ့သည်။ ရန်ကိုင် တစ်ကိုယ်လုံး နောက်သို့ လွင့်ထွက်သွားခဲ့ပြီး ကျောက်တုံးကြီး တစ်တုံးနှင့် သွား၍ ဝင်တိုက်မိသဖြင့် သွေးတစ်ပွက် အန်လိုက်ရသည်။

လေဓါးသွားများကြောင့် ဒဏ်ရာမရသွားခဲ့ရသော်ငြား ဓါးသွားများထဲ ပါဝင်နေသော အားကြောင့် သူ့တစ်ကိုယ်လုံး ဆောင့်ရိုက်သလို ခံလိုက်ရသည်။

ဟုန်ကျန်း၏ မျက်လုံးများ မှေးစဉ်းသွားခဲ့သည်။ ခရမ်းရောင်ဒိုင်း ထိုမျှ အစွမ်းထက်လိမ့်မည်ဟု မထင်ထား ခဲ့ချေ။ ရန်ကိုင်အား အနားယူချိန်ပင် မပေးတော့ဘဲ ရန်ကိုင်ရှေ့သို့ ချက်ချင်း ပြေးသွားလိုက်ပြီး သူ့နဖူး တည့်တည့်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

ရန်ကိုင်၏ လှုပ်ရှားမှုများကို နှေးကွေးအောင် လုပ်နေသော ဟုန်ကျန်း၏ရှီ ရုတ်တရက် ဆိုသလို ပိုပြီး အားကောင်းလာခဲ့သည်။ ရန်ကိုင်သည် လုပ်မိလုပ်ရာဖြင့် မပြီးပြတ်သေးသော လေဟာနယ်ဓါးသွားကို ကမန်းကတန်း ထုတ်သုံးလိုက်လေသည်။

လေဟာနယ် အက်ကွဲကြောင်းတစ်ခု ဟုန်ကျန်းဆီသို့ တိုးဝင်သွားခဲ့သည်။ ထိုအက်ကွဲကြောင်း ဘာလဲဆိုသည်ကို ဟုန်ကျန်း မသိသော်ငြား ၎င်းဆီမှ အန္တရာယ်ကို ဟုန်ကျန်း ခံစားမိနေခဲ့သည်။ ထို့ကြောင့် သူ့ကိုယ်သူ သူတော်စင်ချီဖြင့် ကာကွယ်ပြီးမှ ရန်ကိုင်အား ဆက်တိုက်ခိုက်သည်။

သို့သော်လည်း ထိုတဒင်္ဂတာ တုန့်နှေးမှုသည် ရန်ကိုင်အတွက် ခရမ်းရောင်ဒိုင်းကို ပြန်မြှောက်ရန် အချိန်ရသွားစေခဲ့လေသည်။

ဘုန်းဆိုသော မြည်သံကျယ်ကြီးနှင့်အတူ ရန်ကိုင်သည် ကြိုးပြတ်သွားသော စွန်းတစ်စင်းနှယ် လွင့်ထွက်သွားခဲ့၏။

ဟုန်ကျန်း မျက်လုံးမှေးစဉ်းသွားပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ယခုလေးတင် တိုက်ခိုက်ခံလိုက်ရသော နေရာကို သေချာ စိုက်ကြည့်လိုက်သည်။ သို့သော် ဘာကိုမှ ရှာမတွေ့ခဲ့။ သူ မည်သည့် ဒဏ်ရာမှ မရခဲ့ချေ။ ထို့ကြောင့် ခေါင်းသာ ခါလိုက်ပြီး ဘာကြောင့် ရုတ်တရက် အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်မှန်း အတွေးများသွားရ၏။

ရန်ကိုင်ရှိရာသို့ ပြန်လှည့်ကြည့်လိုက်သည့်အခါ ဟုန်ကျန်း ဆွံ့အသွားခဲ့ရလေသည်။

သူတော်စင်ပထမအဆင့် လူငယ်လေးသည် တိုက်ပွဲတွင် အတော်လေး ခံရပုံထောက်သော်ငြား မည်သည့် ဒဏ်ရာမှ ရမထားခဲ့ချေ။ ဟုန်ကျန်း၏ တိုက်ခိုက်မှု အားလုံးကို ခရမ်းရောင်ဒိုင်းကာက တားဆီးသွားခဲ့ပြီး သက်ရောက်အားဖြင့် ဖြစ်ပေါ်လာသော ဒဏ်ရာ အနည်းငယ်ကိုသာ ရန်ကိုင် ရခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လက်ရှိအချိန်၌ ထိုလူငယ်လေးသည် ကြောက်ရွံ့သည့်၊ ထွက်ပြေးမည့် အရိပ်အယောင်မပြ။ စပ်ဖြဲဖြဲပြုံး၍သာ ဟုန်ကျန်းက စိန်ခေါ်သည့်ဟန် လုပ်ပြနေခဲ့သည်။

“မင်းသေချင်နေတာပဲ” ဟုန်ကျန်း ဒေါသထွက်သွား၏။ တန်ခိုးရှင်အဆင့် ဖြစ်သည့်တိုင် သူတော်စင်ဘုရင် ပထမအဆင့်ကို အချိန်တိုအတွင်း မသတ်နိုင်ဘဲ ပြန်၍ပင် စိန်ခေါ်ခံနေရသေးသည်။ ထို့ကြောင့် သူ့ကိုယ်သူ လူပြက်တစ်ယောက်ကဲသို့ ခံစားလိုက်ပြီး ထပ်မံ ဒေါသထွက်သွားရပြန်လေသည်။

ဟုန်ကျန်းသည် သူ့ရှီကို ထုတ်လွှတ်ကာ ရန်ကိုင် တစ်ကိုယ်လုံးကို ဖုံးအုပ်လိုက်သည်။ ထိုသို့ လုပ်လိုက်သည် နှင့်တစ်ပြိုင် ဟုန်ကျန်း ထိတ်လန့်သွားရသည်။ အကြောင်းမှာ ရန်ကိုင်ဆီမှ သူနှင့်တူညီသော အရှိန်အဝါ တစ်မျိုး ထွက်ပေါ်လာသောကြောင့်ပင် ဖြစ်လေသည်။

ရန်ကိုင်ဆီမှ ထွက်ပေါ်နေသော အရှိန်အဝါသည် အလွန်တရာကိုမှ အားနည်းသော်ငြား ထိုအရာသည် ရှီ၏ လက္ခဏာမှန်း ဟုန်ကျန်း တပ်အပ်ပြောနိုင်သည်။ ထိုကောင်လေးကိုသာ အချိန်အလုံအလောက် ပေးလိုက်ပါက ရှီကို ကျိန်းသေ နားလည်နိုင်ပေလိမ့်မည်။

မည်သို့ ဖြစ်နိုင်မည်နည်း။ ခုဏကလေးတုန်းကပင် ထိုကောင်လေးသည် သူ့အား ရှီအကြောင်း မေးခဲ့သည်။ သို့သော် လက်ရှိတွင် ထိုကောင်စုတ်သည် ရှီဆိုသော အရာကို နားလည်သွားခဲ့လေပြီ။

တိုက်ခိုက်နေစဉ် အတောအတွင်း သူ့ဘာသာ နားလည် သဘောပေါက်သွားခဲ့ခြင်း ပေလော။ ထိုသို့ စဉ်းစား မိလိုက်သည်နှင့် တစ်ပြိုင်နက် ဟုန်ကျန်း ကျောချမ်းသွားရ၏။ ထိုကောင်လေးသည် အလွန်ကိုမှ မွန်းစတားဆန်လွန်းလှပေသည်။ ဟုန်ကျန်းအနေဖြင့် တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ပြီး ရှီကို နားလည်ရန်အတွက် အချိန် ဆယ်နှစ်ယူခဲ့ရသည်။ ထို့သည်မှာ သူ့ဂိုဏ်းမှ အကြီးအကဲများ၏ လမ်းညွှန်ပေးမှုကြောင့်လည်း ပါပေသည်။ ရှီကို နားလည်မှုအပိုင်းတွင် ဟုန်ကျန်းသည် တတ်သစ်စ အဆင့်သာ ရှိသေးသည်။

အရေးအကြီးဆုံး အချက်သည်ကား တန်ခိုရှင်အဆင့်သို့ ရောက်သော သူများသည်သာ ရှီဆိုသော အရာကို နားလည်နိုင်ခြင်း ဖြစ်သည်။ တန်ခိုးရှင်အဆင့်သို့ မရောက်သေးဘဲနှင့် ရှီကို နားလည်ရန်မှန် မဖြစ်နိုင်ချေ။

ထိုကောင်လေး မည်ကဲ့သို့ လုပ်ခဲ့သနည်း။ ရှီဆိုသည်ကို ထိုကောင်လေး နားလည်သွားပြီလေသလော။

“ထပ်လာလေ” ရန်ကိုင်က ထပ်စိန်ခေါ်လိုက်သည်။ ဟုန်ကျန်း တုတ်တုတ်မျှမလှုပ်သည်ကို မြင်သော် ရန်ကိုင်က ထပ်ပြောလိုက်သည် “ဘာတွေ ကြောင်နေတာလဲ။ ခင်ဗျား မတိုက်ခိုက်တော့ဘူးလား”

ရန်ကိုင်သာ တိုက်ခိုက်ရန် တောင်းဆိုနေခြင်းမဟုတ်။ ရှဲ့ဟုန်ဝမ်ကပါ ရန်ကိုင်ကို မြန်မြန် သွားတိုက်ခိုက်ပြီး သတ်ပစ်ရန် တွန်းအားပေးနေခဲ့သည်။

သို့သော်လည်း ထိုသောက်ဂျပုကောင်ကို ရန်ကိုင် မည်ကဲ့သို့ ဂရုစိုက်နိုင်မည်နည်း။ သူ့ဂရုစိုက်သည်ကား ဟုန်ကျန်းနှင့် အင်ပြည့်အားပြည့် တိုက်ခိုက်ရန်ပင်။

သူသာ ရှီဆိုသော အရာကို နားလည်နိုင်ပါက အရိုက်ခံရလျှင်ကော ဘာအရေးနည်း။

ဟုန်ကျန်းကမူ သက်ပြင်းယဲ့ယဲ့လေး တစ်ချက်အရင် ချလိုက်သည်။ ရန်ကိုင်အား ချက်ချင်း ပြေးဝင်မတိုက်ဘဲ သူ့အပေါင်းအပါဘက်သို့ လှည့်၍ အော်ပြောလိုက်သည် “စီနီဘာအစ်ကို၊ အတူတူ တိုက်ကြရအောင်၊ ဒီကောင့် မှော်ရတနာက အရမ်း အားကောင်းလွန်းတယ်။ ကျုပ် တစ်ယောက်တည်း မဖျက်စီးနိုင်ဘူး”

ထိုသို့ ပြောလိုက်ရ၍ နည်းနည်းလေးမှမရှက်။ အခြား တစ်ယောက်သာဆိုလျှင် သူ့စီနီယာအစ်ကိုဆီမှ သွား၍ အကူအညီ တောင်းလိမ့်မည် မဟုတ်သော်ငြား ထိုရန်ကိုင် ဆိုသော လူငယ်လေးသည် အလွန်တရာကိုမှ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ထိုကောင်ကိုသာ ယနေ့ မသတ်နိုင်လျှင် တစ်နေ့ကျ သူတို့အတွက် တကယ့် အိမ်မက်ဆိုးကြီး ဖြစ်လာနိုင်ပေသည်။

ထို့ကြောင့် သူ့စီနီယာအစ်ကိုဆီမှ ချက်ချင်း အကူအညီ လှမ်းတောင်းလိုက်ခြင်း ဖြစ်သည်။

ရှဲ့ဟုန်ဝမ်ကို ကာကွယ်ပေးနေသော အခြား တန်ခိုးရှင် အဆင့် ပညာရှင်သည် ဟုန်ကျန်း၏ အကူအညီ တောင်းသံကို ကြားလိုက်ရဿည့်အခါ အံ့ဩသွားခဲ့ရ၏။ သို့သော် ဘာမှ ပြန်မေးမနေဘဲ ခေါင်းညိတ်၍သာ “ငါလာပြီ”

ပြောပြီးသည်နှင့် သူလည်း တိုက်ပွဲထဲ ဝင်သွားလေ၏။

ထိုအဖြစ်အပျက်ကိုကြည့်ရင်း အကုန်လုံး မှင်သက် ကြောင်အနေကြသည်။

တန်ခိုးရှင်ပထမအဆင့် ပညာရှင်တစ်ယောက်သည် သူတော်စင်ပထမအဆင့် လူငယ်လေးကို တိုက်ခိုက်ရန် အတွက် အခြား တန်ခိုးရှင်ပထမအဆင့် တစ်ယောက်ဆီမှ အကူအညီ လှမ်းတောင်းခဲ့ရသည်။

သူ့ခေါင်းတစ်ခုလုံး ချာချာလည်သွားသလို ရီအန်း ခံစားလိုက်ရသည်။ အခြေအနေကို နားမလည်နိုင်သော်ငြား ရန်ကိုင် မည်မျှ ကြောက်မက်ဖွယ် ကောင်းသလဲ ဆိုသည်ကို နားလည်နိုင်ခဲ့သည်။ ထို့ကြောင့် သူ့စိတ်ထဲ စတင်၍ ကြောက်ရွံ့စိုးရိမ်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် ရန်ကိုင်ကို ရန်စလိုက်ခြင်းသည် မှန်းသလား၊ မှားယွင်းသလား ဆိုသည်ကို သူမသိတော့ချေ။

တန်ခိုးရှင်အဆင့် နှစ်ယောက်စလုံး သူ့ဆီ လာနေသည်ကို မြင်သော် ရန်ကိုင် မျက်မှောင် ကြုတ်သွဦးပြီး စိတ်ပျက်သည့် အရိပ်အယောင်တို့ သူ့မျက်နှာထက် ဖြတ်ပြေးသွားခဲ့သည်။ ပြီးသည်နှင့် လိုဏ်ဂူဆီသို့ အလျင်အမြန် ပြန်သွားလိုက်လေသည်။

တန်ခိုးရှင်အဆင့် တစ်ယောက်နှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သော်ငြား နှစ်ယောက်ဆိုလျှင်ကော။ လေဟာနယ်ကိုသာ မဆုတ်ဖြဲလျှင် သူကျန်းသေ အသတ်ခံရပေလိမ့်မည်။

“စလိုက်တော့” ရန်ကိုင်က သူ့နှုတ်ခမ်းထောင့်မှ သွေးစက်များကို သုတ်၍ ခရမ်းရောင်ဒိုင်းကို ပြန်သိမ်းကာ ယန်ယန်ကို လှမ်းပြောလိုက်သည်။

“နောက်ဆုံးတော့ စရပြီပေါ့” ယန်ယန်က ခေါင်းညိတ်လိုက်ပြီး လက်ကွက်အချို့ကို ထုတ်ဖော်၍ အစီအရင်ကို အလျင်အမြန် အသက်သွင်းလိုက်လေသည်။ ရုတ်တရက် ပတ်ပတ်လည် လေဟာနယ်တစ်ခုလုံး ဂယက်ထသွားခဲ့ပြီး တစ်ဖန်ပြန်လည် တည်ငြိမ်သွား၏။

ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကိုတို့ နှစ်ယောက် စိတ်ပူမိသွားခဲ့ကြပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဘေးပတ်ဝန်းကျင်ကို သေချာ စစ်ဆေးကြတော့လေသည်။ သို့သော် သူတို့ အံ့အားသင့်မိသွားရသည်ကား မည်သည့် အရာကိုမှ ရှာမတွေ့ခဲ့ခြင်းပင်။ စိတ်ဝိဥာဉ် အစီအရင်ကို အသက်မသွင်းစဉ်က သူတို့စိတ်ထဲ အန္တရာယ် အငွေ့အသက်ကို ခံစားမိသည်။ သို့သော် စိတ်ဝိဥာဉ် အစီအရင်ကို အသက်သွင်းလိုက်သည့် အချိန်တွင်မူ မည်သည့် အရာကိုမှ မခံစားမိတော့ချေ။ သူတို့၏ ကောင်းကင်စိတ်အာရုံကိုလည်း လွတ်လွတ်လပ်လပ် ပြန်လည် လှုပ်ရှားနိုင်နေလေပြီ။ သို့သော်လည်း စိတ်ဝိဥာဉ်အစီအရင်၏ စက်ကွင်းထဲသို့ ရောက်သွားလျှင် ကောင်းကောင်းကြီး ခံစားရမည်မှန်း သူတို့ သိသည်။

“မင်းတို့ ဘာရပ်ကြည့်နေတာလဲ။ အစီအရင်ကို မြန်မြန် ချိုးဖျက်ပြီး ဟိုမိန်းမနှစ်ယောက်ကို သွားဖမ်းလာပေးလေ” ရှဲ့ဟုန်ဝမ်က လှမ်းအော်ပြော၏။

တန်ခိုးရှင်အဆင့် ပညာရှင် နှစ်ယောက်စလုံး ကူကယ်ရာမဲ့နေကြရာ မတတ်သာသည့် အဆုံး မှော်ရတနာ အသီးသီးကို ထုတ်လျက် လိုဏ်ဂူရှေ့တည့်တည့်ရှိ လေဟာနယ်ကို ဝုန်းဒိုင်းကြဲ တိုက်ခိုက်ကြတော့သည်။

နှစ်ယောက်စလုံး အသုံးပြုနေကြသည့် မှော်ရတနာများမှာ အဆင့်နိမ့်ကျခြင်း မရှိဘဲ နှစ်ခုစလုံးသည် တန်ခိုးရှင်အဆင့်နိမ့် မှော်ရတနာများ ဖြစ်ကြပေသည်။

ဟုန်ကျန်း အသုံးပြုနေသည့် မှော်ရတနာသည် အစုံလိုက်ပါသော ဓါးပျံဆယ်နှစ်ချောင်း ဖြစ်သည်။ ဓါးပျံ တစ်‌ချောင်းချင်းစီတိုင်းသည် သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် မှော်ရတနာများ ဖြစ်ကြသော်ငြား အကုန်လုံးကို ပေါင်းစည်း အသုံးပြုလိုက်သည့်အခါ တန်ခိုးရှင်အဆင့်နိမ့် ဖြစ်သွားရသည်။

ဟုန်ကျန်း၏ စီနီယာအစ်ကို အသုံးပြုနေသော မှော်ရတနာမှာ ပို၍လည်း လန်းကာ တိုက်ပွဲဝင်တူကြီး ဖြစ်ပေသည်။

သာမန်အားဖြင့် ယန်ယန် ခင်းကျင်းထားသော စိတ်ဝိဥာဉ်အစီအရင်ကို အာရုံခံ၍ မရချေ။ သို့သော် တိုက်ခိုက်ခံရသည်နှင့် တစ်ပြိုင်နက် သဲလွန်စအချို့ ထွက်ပေါ်လာပေလိမ့်မည်။ အစီအရင်ကို မကျွမ်းကျင်သည့် လူများအဖို့ ခွန်အားသီးသန့်ကိုသာ အသုံးပြု၍ အစီအရင်ကို ချိုးဖျက်နိုင်မည် ဖြစ်သည်။ လူများစွာ၏ ကိုးဆယ်ရာခိုင်နှုန်းသည် ထိုအမျိုးအစားထဲ ပါဝင်သည်။ ထိုလူများသည် စိတ်ဝိဥာဉ်အစီအရင် ပျက်စီးသည်အထိကို ခွန်အားသုံး တိုက်ခိုက်တတ်ကြသည်။ ထိုနည်းလမ်းသည် အချိန်ကုန်သလို လူလည်း ပင်ပန်းရသည်။ အခပ် မသင့်လျှင် အစီအရင် ပျက်စီးသွားမှုကြောင့် ဒဏ်ရာပင် ရသွားနိုင်သည်။ အစီအရင်ကို အားနည်းသော လူအနည်းငယ်သည်သာ ၎င်း၏ အားနည်းချက်ကို လေ့လာပြီး အစီအရင်ကို ချိုးဖျက်ရန် ကြိုးစားကြသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၁၁၄၂)

နဂါးလိုဏ်ဂူတောင် အပြင်ဘက်တွင် တန်ခိုးရှင်အဆင့် ပညာရှင်နှစ်ယောက်သည် ယန်ယန် ခင်းကျင်းထားသော စိတ်ဝိဥာဉ်အစီအရင်ကို အားကုန်သုံး၍ သည်းကြီးမည်းကြီး တိုက်ခိုက်နေကြသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ဝူရီက လက်သီးတင်းတင်း ဆုပ်၍ စိုးရိမ်တကြီး အော်ပြောလိုက်လေသည် “ယန်ယန်၊ သူတို့ကို မြန်မြန်တား”

ယခင်အကြိမ်က ယန်ယန်သည် စိတ်ဝိဥာဉ်အစီအရင်ကို ကိုယ်တိုင်ထိန်းချုပ်၍ ရှုမိသားစုမှ ပညာရှင်များကို ရန်ကိုင် သတ်နိုင်အောင် ကူညီပေးခဲ့သည်။ ထို‌ကြောင့် ယခု အကြိမ် တွင်လည်း ယန်ယန်သည် ယခင်ကကဲ့သို့ လုပ်ဦးမည်ဟု ဝူရီ ထင်နေခြင်း ဖြစ်သည်။

သို့သော်လည်း ယန်ယန်က ခေါင်းခါ၍သာ ပြန်ပြော၏ “သူတို့သာ အစီအရင်ထဲ ဝင်ရင်လာ လုံးဝ ပြန်မထွက် သွားနိုင်စေရဘူးလို့ ငါအာမခံရဲတယ်။ ဒါပေမယ့် သူတို့ဘက်က ဝင်မလာရင်တော့ ငါလည်း ဘာမှ မတတ်နိုင်ဘူး”

ထိုအရာမှာ စိတ်ဝိဥာဉ်အစီအရင်များ၏ အားနည်းချက် ဖြစ်သည်။ စိတ်ဝိဥာဉ်အစီအရင်များသည် အားကောင်းသည် ဆိုသော်လည်း သေချာဂရုစိုက်၍ အစီအရင်၏ စက်ကွင်းထဲ မဝင်မိအောင် ရှောင်ရှားတတ်မည် ဆိုပါက ထိုအစီအရင် အားလုံး ဘာမှအသုံးမဝင် ဖြစ်သွားကြပေလိမ့်မည်။

“အဲ့လိုဆို ငါတို့ ဘာလုပ်ကြမလဲ” ဝူရီ ထိတ်လန့် တုန်လှုပ်လာခဲ့လေပြီ။

ယန်ယန်က ယဲ့ယဲ့လေးပြုံးလျက် “စိတ်မပူနဲ့။ ဒီစိတ်ဝိဥာဉ် အစီအရင်က သူတို့ ဖျက်စီးဖို့အတွက်ပဲ”

ရန်ကိုင် ယန်ယန်ကို အံ့အားသင့်နေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ သို့သော် ချက်ချင်းပဲ ထိုအစီအရင်၏ အတွင်းဘက်တွင် မျက်စိဖြင့် မမြင်နိုင်သည့် ပို၍ အားကောင်းသော အစီအရင်တစ်ခု ရှိနေသးမှန်း ချက်ချင်း နားလည်လိုက်လေသည်။ ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကို တို့သာ ထိုစိတ်ဝိဥာဉ်အစီအရင်ကို ချိုးဖျက်နိုင်ပါက သူတို့ဆီ ချက်ချင်း ပြေးဝင်လာကြပေလိမ့်မည်။ ထိုအခါကျ ပို၍ အားကောင်းသော စိတ်ဝိဥာဉ်အစီအရင်ထဲတွင် ပိတ်မိ သွားကြပေလိမ့်မည်။

အားလုံးထဲတွင် အကြောက်တတ်ဆုံး ဖြစ်သော ယန်ယန်သည် လက်ရှိတွင် အလွန်တရာကိုမှ အေးအေး ဆေးဆေး ဖြစ်နေခဲ့သည်။ ထို့အတွက်ကြောင့် ယန်ယန်၏ လက်ထဲတွင် ဝှက်ဖဲတစ်ခုခု ရှိနေသည်ကို ဘာကြောင့် ရန်ကိုင် မမြင်နိုင်ဘဲ နေမည်နည်း။ အမှန်တကယ် ရယ်ချင်စရာ ကောင်းသည်ကား ထိုတန်ခိုးရှင်အဆင့် နှစ်ယောက်သည် သူတို့ ဘာလုပ်နေသည်ကိုပင် မိသဘဲ အစီအရင်ကို ချိုးဖျက်ရန် ကြိုးစားနေကြခြင်းပင်။

ဘုန်း... ဘုန်း... ဘုန်း...

ဟုန်ကျန်း၏ ဓါးပျံ ဆယ်နှစ်ချောင်းနှင့် သူ့စီနီယာအစ်ကို၏ တိုက်ပွဲတူကြီးတို့သည် အစီအရင်ကို အဆက်မပြတ် တိုက်ခိုက်ကြနေလေရာ မကြာမီ အစီအရင်၏ မျက်နှာပြင်ထက် အက်ရာတို့ စတင် ထွက်ပေါ်လာလေ၏။

ရှဲ့ဟုန်ဝမ်သည်လည်း အော်ရပါများ၍ အားညောင်း လာသည့် အတွက်ကြောင့်လားမသိ မအော်တော့ဘဲ ဝူရီနှင့် ယန်ယန်ကိုသာ တစ်ယောက်ကိုကြည့်လိုက်၊ အခြား တစ်ယောက်ကို ကြည့်လိုက် လုပ်နေခဲ့သည်။

မိသားစုခေါင်းဆောင် ရီအန်းနှင့် ဟိုင်ခဲမိသားစု၏ အကြီးအကဲများ၊ ဧည့်အကြီးအကဲများသည် အတူတကွ ဘေးချင်းယှဉ် ရပ်နေခဲ့ကြသည်။ အစီအရင် တိုက်ခိုက် ခံနေရစဉ် ဆယ်မိုင်ကျော်အကွာမှ နောက်ထပ်အဖွဲ့တစ်ဖွဲ့ လိုဏ်ဂူဆီသို့ ထပ်မံ ရောက်ရှိလာခဲ့သည်။

“ဟန်၊ တိုက်ခိုက်သံတွေပါလား” အဖွဲ့ထဲတွင် ရှိနေသော တန်ခိုးရှင်အဆင့် ပညာရှင်က ရေရွတ်လိုက်၏။ ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကိုသည် မီးကုန်ယမ်းကုန်ဖြင့် အစီအရင်ကို တိုက်ခိုက်နေကြခြင်း ဖြစ်လေရာ သူတို့၏ တိုက်ခိုက်သံများကို ဆယ်မိုင်ကျော် အကွာမှပင် လှမ်း၍ ကြားနေရသည်။

“ဟိုကောင် နောက်တစ်ယောက်ကို သွားရန်စတာနဲ့ တူတယ်” နောက်မှ လိုက်ပါလာသော သက်လတ်ပိုင်း လူကြီးက လိုဏ်ဂူရှိရာဆီ လှမ်းကြည့်၍ ပြောလိုက်သည်။ ထို့နောက် ညိုးလျော်နေသော မျက်နှာထားဖြင့် အော်ဟစ် ပြောလိုက်သည် “စီနီယာလော့၊ အဲ့ကောင်က တကယ် စည်းမရှိတဲ့ကောင်။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ကျုပ်တို့ မိသားစုခေါင်းဆောင်နဲ့ သခင်လေးပါ အပါအဝင် စုစုပေါင်း လူဆယ်ယောက်ကျော်ကို သတ်သွားတာ။ သူ့ကြောင့် ကျုပ်တို့ ရှုမိသားစုတစ်ခုလုံး ဒုက္ခရောက်နေကြရပြီ။ ကျုပ်တို့အတွက် ပြန်ပြီး တရားမျှတမှု ရှာပေးဖို့ စီနီယာလော့ကို တောင်းဆိုပါတယ်ဗျာ”

လော့ချင်က အသာအယာ ခေါင်းညိတ်၍ “ငါသိတယ်။ အရင်တုန်းက မင်းတို့ ရှုမိသားစုခေါင်းဆောင် ငါ့ကို ကူညီဖူးတယ်။ ဒါကြောင့် ဒီတစ်ကြိမ် ငါမင်းတို့ ရှုမိသားစု ကိစ္စကို ဝင်ဖြေရှင်းပေးမယ်။ အဲ့ကောင်သာ သူ့အကြောင်း သူသိတယ်ဆိုရင်တော့ ကောင်းတာပေါ့။ အဲ့လိုမှ မဟုတ်ဘူး ဆိုရင်တော့ ငါကလည်း သင်ခန်းစားပေးဖို့ ဝန်လေးနေမှာ မဟုတ်ဘူး”

“စီနီယာလော့ကို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။ ကျေးဇူးအများကြီး တင်ပါတယ်” သက်လတ်ပိုင်းလူကြီး၏ ဦးဆောင်မှုဖြင့် နောက်ဘက်တွင် ရှိနေသော လူအုပ်ကြီးက လော့ချင်ကို ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။

ရှုမိသားစုမှ ထွက်သွားသည့် လူအားလုံး အသတ်ခံရကြောင်း ကြားသိလိုက်ရချိန် ရှုမိသားစုတွင် ကျန်ရစ်နေသူအားလုံး မိသားစု ဖျက်စီးခံရမည့် အရေးကို တွေးရင် ကြောက်လန့်သွားကြသည်။ သူတို့၏ သနားစဖွယ် ခွန်အားဖြင့် မိသားစုခေါင်းဆောင်တို့ အဖွဲ့ကို သတ်သွားသည့် လူအား လက်စားချေနိုင်မည် မဟုတ်မှန်း သိထားသဖြင့် ကောင်းကင်ကံကြမ္မာမြို့တော်တွင် အကူအညီ သွားတောင်းခဲ့ကြသည်။

ဦးဆောင်လာသော သက်လတ်ပိုင်းလူကြီးသည် ရှုမိသားစုခေါင်းဆောင် ရှုရှီခွန်၏ ဝမ်းကွဲ ရှုရှီပင်းဖြစ်ပြီး သူတော်စင်ဒုတိယအဆင့် ဖြစ်သည်။ သို့သော် ထိုမျှသာ ခွန်အားဖြင့် တန်ခိုးရှင်အဆင့်ဖြစ်သော လော့ချင်ကို ဖိတ်ခေါ်လာနိုင်ခဲ့သည်။

သူ့လက်ရှိခွန်အား၊ အဆင့်အတန်း၊ ချမ်းသာမှုနှင့် မြို့သခင် ဖေးရှီတုကို သွားခေါ်နိုင်မည် မဟုတ်မှန်း ရှုရှီပင်း သိသည်။ ထိုအချက်ကို ဟိုင်ခဲ မိသားစုမှ ရီအန်းက သက်သေပြပြီးသွားခဲ့လေပြီ။ လက်ဆောင်ပစ္စည်းများစွာ သယ်ကာ မြို့သခင်ကို သွားတွေ့သည့်တိုင် ဖေးရှီတုကို ခေါ်မလာနိုင်ခဲ့ချေ။

ဖေးရှီတုကဲ့သို့သော လူတစ်ယောက်သည် မိသားစုငယ်လေးများကြားမှ ကိစ္စများကို ဘာကြောင့် ဂရုစိုက်နေရမည်နည်း။ ရီအန်းသာ ရှဲ့ဟုန်ဝမ်ကို မတွေ့ခဲ့လျှင် မြို့သခင်စံအိမ်မှ သတင်းကို စောင့်နေရဦးမည် ဖြစ်သည်။

ထို့ကြောင့် ရှုရှီပင်သည် မြို့သခင်ဆီသို့ မသွားခဲ့ဘဲ ရှုရှီခွန်အပေါ် အကြွေးတင်ထားသည့် လော့ချင်ဆီသို့ သွားခဲ့သည်။ သူထင်ထားသည့်အတိုင်းပင်၊ လော့ချင်အား ဖိတ်ခေါ်လိုက်သည့်အခါ လော့ချင်သည် အလျင်အမြန်ပဲ သဘောတူလိုက်လေသည်။ ထို့ကြောင့် လော့ချင်က ဦးစီးဦးဆောင်ပြုလျက် နဂါးလိုဏ်ဂူတောင်ဆီသို့ ချီတက်လာခဲ့သည်။ သို့သော် တောင်ဆီသို့ မရောက်သေး ခင်မှာဘဲ တိုက်ခိုက်သံများကို ကြားလိုက်ကြရသည်။

ချက်ချင်းပဲ အရှိန်ကုန်တင်သွားလိုက်ရာ မကြာမီ လိုဏ်ဂူဆီသို့ ရောက်သွားခဲ့သည်။ ရောက်သွားပြီးနောက် ထိုနေရာတွင် ရှဲ့ဟုန်ဝမ်ကို မြင်လိုက်ရသည့် အတွက် လော့ချင် အတော်လေး ကြောင်သွားရသည်။ ချက်ချင်းပဲ ရှဲ့ဟုန်ဝမ်ဆီ ပျံသန်းသွားလိုက်ပြီး ဦးညွှတ်၍ နှုတ်ဆက် လိုက်လေသည် “နှုတ်ဆက်ပါတယ် သခင်လေးရှဲ့”

ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကိုအား အစီအရင်ကို အလျင်အမြန် ချိုးဖျက်ရန် တိုက်တွန်းရင်း အလုပ်များနေသော ရှဲ့ဟုန်ဝမ်သည် လော့ချင်၏ အသံကို ကြားလိုက်ရချိန် နောက်သို့လှည့်၍ အံ့အားသင့်နေသည့် အမူအရာဖြင့် ပြန်မေးလိုက်သည် “ခင်ဗျားက ရတနာ ဂိုဒေါင်အစောင့် မဟုတ်ဘူးလား။ ဘာလို့ ဒီကို ရောက်နေတာလဲ”

လော့ချင်က အလျင်အမြန်ပဲ ပြန်ပြောလိုက်လေသည် “သခင်လေးရှဲ့၊ ကျုပ်နဲ့ ဒီမှာသေသွားတဲ့ ရှုမိသားစု ခေါင်းဆောင်အပေါ် အကြွေးတင်နေတယ်လေ။ ဒါကြောင့် ဒီနေ့ သူ့အတွက် တရားမျှတမှု ရှာပေးဖို့ ရောက်လာခဲ့တာ”

ရှဲ့ဟုန်ဝမ်က ခေါင်းညိတ်လိုက်ပြီး “ဒီတော့ မင်းက တရားမျှတမှုရှာဖို့ ရောက်လာတာပေါ့။ ကောင်းတယ်။ မင်းရောက်လာတာ ကွက်တိပဲ။ ဟိုနှစ်ကောင်ကို မြန်မြန် သွားကူညီပေးလိုက်စမ်းကွာ။ အစီအရင်လေး တစ်ခုကို ဖျက်စီးဖို့ ဘာလို့ ဒီလောက် အချိန်ကြာနေတာလဲ မသိဘူး”

လော့ချင်သည် ရတနာဂိုဒေါင်အစောင့် ဖြစ်သော်ငြား သူသည် အရိပ်လခန်းမ၏ တပည့်တစ်ယောက် ဖြစ်နေဆဲပင်။ ထို့ကြောင့် ရှဲ့ဟုန်ဝမ်၏ အမိန့်ကို မနာခံဘဲ မနေရဲချေ။ ထိုသို့ ဖြစ်သည့်အတွက်ကြောင့် ချက်ချင်းပဲ ပြန်ပြောလိုက်လေသည် “သခင်လေးရှဲ့ ပြောတဲ့အတိုင်း ကျုပ်လုပ်လိုက်ပါမယ်”

ပြောပြီးသည်နှင့် လော့ချင်သည် သူ့ကိုယ်ပိုင် မှော်ရတနာကို ထုတ်ယူ၍ ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကိုကို အကူအညီပေးရန် ထွက်သွားလေသည်။

ရှုရှီပင်းမှ အကူအဖြစ် တန်ခိုးရှင်အဆင့် တစ်ယောက်အား ခေါ်လာသည်ကို မြင်သော် ရီအန်းတို့ အဖွဲ့ ချက်ချင်းပဲ သွားနှုတ်ဆက်ကြလေသည်။ ရှုရှီပင်လည်း ပြန်နှုတ်ဆက်လိုက်သည်။ သို့သော် ဟိုင်ခဲမိသားစုသည် ရန်ကိုင်အား ဘာကြောင့် တိုက်ခိုက်နေမှန်း သူတို့ နားမလည်နိုင် ဖြစ်နေခဲ့သည်။ ထို့အပြင် ရီအန်းသည် သူတို့ထက်ပင် ပို၍ စောရောက်နေခဲ့သည်။

ဘာကြောင့်မှန်း နားမလည်သော်ငြား မေးမနေခဲ့ချေ။ ရှုမိသားစုသည် ယခင် ရှုမိသားစု မဟုတ်တော့။ လအရိပ် ခန်းမ၏ စောင့်ကြည့်မှုကြောင့် ဟိုင်ခဲမိသားစုသည် သူတို့ ရှုမိသားစုအား ပေါ်ပေါ်ထင်ထင် ရန်စလိမ့်မည် မဟုတ်ချေ။ သို့သော် လူမသိသူမသိအောင် သူတို့ ပိုင်နက်ကို ကျူးကျော်ခြင်း၊ အကျိုးအမြတ်အချို့ တောင်းဆိုခြင်းများ ပြုလုပ်လာမည်မှာ မလွဲမသွေပင်။ ထို့‌ကြောင့် ရှုရှီပင်း အနေဖြင့် ကိုယ့်ကိုယ်ကို နိမ့်ချနေရုံသာ ရှိတော့သည်။

ရီအန်သည်လည်း အတော်လေး ပျော်နေမိသည်။ အစပိုင်းတွင် သိပ်၍ စိတ်မသက်မသာ ဖြစ်နေသော်ငြား ရှုရှီပင်းမှ နောက်ထပ် တန်ခိုးရှင်အဆင့် ပညာရှင် တစ်ယောက်အား ခေါ်လာသည်ကို မြင်ပြီးနောက် ယနေ့ ရန်ကိုင် လုံးဝ သေလိမ့်မည်ဟု ယုံကြည်သွားခဲ့သည်။

ယနေ့တွင် ရန်ကိုင်ကို ရှင်းပစ်နိုင်သလို ရှဲ့ဟုန်ဝမ်၏ ရမက်ဆန္ဒကိုလည်း ဖြည့်ဆည်းပေးနိုင်မည် ဖြစ်လေရာ ကံကောင်းလျှင် သူတို့ ဟိုင်ခဲမိသားစုသည် မနီးသော အနာဂတ်တွင် ပို၍ပင် တိုးတက်လာနိုင်ချေရှိပေသည်။ ရှဲ့ဟုန်ဝမ်မှ ဝူရီကို ပြန်ခေါ်သွားပြီး ဟိုင်ခဲမိသားစုသည် သူမအား ကောင်းကောင်း အသုံးချနိုင်မည်ဆိုပါက သူတို့ မိသားစု၏ လအရိပ်ခန်းမထဲသို့ ဝင်မည့် မျှော်လင့်ချက်မှာ စိတ်ကူးယဉ် အိမ်မက် သက်သက်သာ ဖြစ်နေတော့လိမ့်မည် မဟုတ်ချေ။ ဒေါသထွက်ထွက်နှင့် ရှဲ့ဟုန်ဝမ်မှ ဝူရီကို မသတ်လိုက်ပါစေနှင့်ဟုသာ ရီအန်း ဆုတောင်းနေမိ၏။

တောက်ပသော အနာဂတ်ကို မျှော်တွေးနေရင်း ဟုန်ကျန်း၏ မြည်တွန်တောက်တီးသံ ထွက်ပေါ်လာသည် “မင်းဘာလုပ်နေတာလဲ”

ထိုဒေါသတကြီး အော်သံကြောင့် အကုန်လုံး အသံကြားရာဆီ လှည့်ကြည့်လိုက်ရာ ထူးဆန်းသော မြင်ကွင်း တစ်ရပ်ကို မြင်လိုက်ရလေသည်။

ရှုရှီပင်းမှ အကူအညီအဖြစ် ခေါ်လာသော လော့ချင်သည် သူ့မှော်ရတနာကို ကိုင်လျက် လိုဏ်ဂူအား ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေခဲ့သည်။

ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကိုတို့ လော့ချင်၏ လုပ်ရပ်ကြောင့် မကျေမနပ် ဖြစ်သွားပြီး ချက်ချင်းပဲ ပြောလိုက်လေသည် “မကူညီဘူးဆိုရင်လည်း ဘေးထွက်နေကွာ။ ငါတို့ နှစ်ယောက်နဲ့တင် လုံလောက်တယ်။ ဒီစိတ်ဝိဥာဉ်အစီအရင်က ခဏနေရင် ပျက်စီးတော့မှာ။ မင်းကူကူ၊ မကူကူ ဘာမှ မထူးဘူး”

ခုလေးတင် ရှဲ့ဟုန်ဝမ်သည် သူတို့အား အသုံးမကျသည့် လူများဟု ကြိမ်းမောင်းနေခဲ့သည်။ အစီအရင်မှာ ကျိုးပျက်တော့မည် ဖြစ်လေရာ လော့ချင်ရောက်လာပြီး လာကူမှ အစီအရင် ကျိုးပျက်သည် ဆိုသော စကားမျိုး သူတို့ မကြာချင်ပါချေ။

“နေဦး၊ နေဦး” လော့ချင်သည် အရေးကြီးသည့် တစ်ခုခုကို ရှာတွေ့သွားလိုက်သည့်အလား မျက်ကလဲ ဆန်ပြာဖြင့် အလျင်စလို လှမ်းတားလိုက်လေသည်။ ထို့နောက် ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကိုကို ဆက်လက် မတိုက်ခိုက်ရန် ချက်ချင်း လှမ်းတားလိုက်၏။

“လော့ချင်း။ မင်းဘာသာ မတိုက်ချင်နေ၊ အခုဒါက ဘာလုပ်နေတာလဲ” ဟုန်ကျန်းက ဒေါသတကြီး အော်ဟစ် ပြောဆိုလိုက်သည်။

“ဘာဖြစ်နေတာလဲ” ရှဲ့ဟုန်ဝမ်လည်း လော့ကျန်းကို အမြင်မကြည် ဖြစ်သွားသည်။

“သခင်လေး၊ ဒီကောင်က ကျုပ်တို့ကို မကူပေးရုံတင် မဟုတ်ဘူး။ ကျုပ်တို့ကိုပါ လာတားနေတာ။ သူ့ခေါင်း ထိထားတာလား မသိဘူး” ဟုန်ကျန်းက အော်ပြောလိုက်၏ “ဒီကောင် အဲ့လူငယ်လေးနဲ့ တစ်ဖက်တည်းလား မသိဘူး”

“အဲ့ဒါအမှန်ပဲလား” ရှဲ့ဟုန်ဝမ်က လော့ချင်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။

“သခင်လေးရှဲ့၊ ကျုပ်ပြောတာကို ကျေးဇူးပြုပြီး အရင် နားထောင်ပေးပါဗျာ” လော့ချင်လည်း ထိတ်လန့်တကြား သူ့လက်ကို ဝှေ့ရမ်းလိုက်သည်။ ထို့နောက် ရှဲ့ဟုန်ဝမ်ဆီ အလျင်အမြန် လျှောက်သွားလိုက်ပြီး သူ့နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

သူဘာပြောမှန်း မည်သူမှမသိ။ သို့သော်လည်း သူပြောသည်ကို ကြားလိုက်သည့်အခိုက် ရှဲ့ဟုန်ဝမ်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရလေသည် “တကယ်ကြီးလား”

“အမှန်ပဲ” လော့ချင်က ထပ်တလဲလဲ ခေါင်းညိတ်၍ လေသံတိုးတိုးဖြင့် ပြောလိုက်သည် “သခင်လေး ကျေးဇူးပြုပြီး၊ စိတ်ရှည်ပေးပါနော်။ အကြီးအကဲချင်းကို ကျုပ်ချက်ချင်းပဲ လှမ်းအကြောင်းကြားလိုက်မယ်”

ပြောပြီးသည်နှင့် ရှဲ့ဟုန်ဝမ် ပြန်ပြောမည်ကိုပင် မစောင့်တော့ဘဲ ဆက်သွယ်ရေး မှော်ရတနာကို ချက်ချင်း ထုတ်ယူကာ ထိုထဲသို့ စိတ်စွမ်းအင် ပို့လွှတ်လိုက်သည်။

“ခွေးသူတောင်းစား” ရှဲ့ဟုန်ဝမ်က လော့ချင်လက်ထဲရှိ ဆက်သွယ်ရေး မှော်ရတနာကို ရိုက်ချလိုက်ပြီး အဝေးတွင် ရှိနေသော ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။

ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကိုသည် ဘာတွေ ဖြစ်နေသလဲ ဆိုသည်ကို မသိလေရာ တစ်ယောက်ကို တစ်ယောက်သာ ကြောင်ကြည့်နေကြလေသည်။

“သူတို့ ဘာတွေ လုပ်နေတာလဲ” ယန်ယန်က ခေါင်းလေးစောင်းပြီး စိုးရိမ်တကြီးဖြင့် လှမ်းမေးလိုက်သည် “သူတို့ အစီအရင်ဖျက်စီးမှာကို ငါစောင့်နေတာကို”

“ကြည့်ရတာ အချင်းချင်း အချင်းများနေကြတာနဲ့ တူတယ်” ရန်ကိုင်လည်း ဘာတွေ ဖြစ်နေမှန်း မပြောနိုင်။ လော့ချင်းသည် သူ့အား ကြောင်ကြည့်နေပြီး ဟုန်ကျန်းတို့အား တားလိုက်သည်ကိုသာ သူသိသည်။ သို့သော်လည်း ထိုလူကို သူတစ်ခါမှ မမြင်ဖူးပါချေ။

ထိုရုတ်တရက် အပြောင်းအလဲသည် ရန်ကိုင်ကိုသာမက ရီအန်းကိုပါ ခေါင်းရှုပ်သွားစေခဲ့သည်။ အစောပိုင်းလေးတင် ပျောက်ကွယ်သွားခဲ့သော မကောင်းသည့် ခံစားချက်တို့ သူ့စိတ်ထဲ တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့သည်။ ရှဲ့ဟုန်ဝမ်ဆီ လှမ်းကြည့်လိုက်ရာ ရှဲ့ဟုန်ဝမ်၏ မျက်နှာကြီး ဆယ်နှစ်ခေါက်ချိုး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ရီအန်း တကယ်ကို လန့်နေလေပြီ။ ရန်ကိုင်ဆိုသော ထိုလူငယ်လေးတွင် အလွန်အားကောင်းသည့် နောက်ခံများ ရှိနေလေသလား။ ထိုသို့မဟုတ်လျှင် ရှဲ့ဟုန်ဝမ်၏ မျက်နှာ ဘာကြောင့် ထိုသို့ အရုပ်ဆိုးနေရမည်နည်း။ ရန်ကိုင်တွင်သာ အားကောင်းသော နောက်ခံ မရှိပါက ရှဲ့ဟုန်ဝမ်၏ စရိုက်၊ စိတ်ထားအရ ယခုကဲ့သို့ တုန့်ဆိုင်းနေလိမ့်မည် မဟုတ်ချေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၁၁၄၃)

ရှဲ့ဟုန်ဝမ်သည် လော့ချင်စကားကို နားမထောင်သည့် အပြင် လော့ချင်ကိုပါ ပိတ်ကန်၍ ပြောလိုက်သည် “ထွက်သွားစမ်းကွာ”

ရှဲ့ဟုန်ဝမ်သည် အားမကောင်း။ သို့သော်လည်း သူ့ကန်ချက်ကို လော့ချင် မရှောင်ရဲချေ။ ထို့ကြောင့် အကန်ခံလိုက်ပြီး နောက်သို့ အနည်းငယ် ဆုတ်သွားပြီး အလျင်စလို ပြောလိုက်သည် “သခင်လေးရှဲ့၊ အကြီးအကဲချန် လမ်းမှာလာနေပြီ။ နည်းနည်းလောက် စောင့်ပေးပါနော် သခင်လေးရှဲ့။ အကြီးအကဲချန် ဒေါသထွက်ရင် ကျုပ်လည်း သူ့ဒေါသကို ခံနိုင်မှာ မဟုတ်ဘူး”

“မောက်မာလိုက်တာ” လော့ချင်းစကားကြောင့် ရှဲ့ဟုန်ဝမ် ဒေါသထွက်သွားပြီး မျက်နှာရှစ်ခေါက်ချိုး အမူအရာဖြင့် လော့ချင်အား စိုက်ကြည့်၍ ပြောလိုက်သည် “ငါလုပ်ချင်တာ လုပ်မယ်ကွာ။ ဘာဖြစ်လဲ။ မင်းရဲ့ သောက်ပါးစပ်ပုပ်ကြီးကို ပိတ်ထားလိုက်တော့ရင် ကောင်းမယ်။ မဟုတ်ရင် မင်းကိုပါ သတ်မိလိမ့်မယ်”

လော့ချင် အမူအရာ အေးစက်သွားခဲ့သည်။ သို့သော် ဘာမှတော့ ထပ်မပြောတော့ချေ။ သူသည် အရိပ်လခန်းမ၏ တန်ခိုးရှင်အဆင့် ပညာရှင်တစ်ယောက် ဖြစ်သော်လည်း သူ့တွင် အားကောင်းသော နောက်ခံ မရှိရာ ရှဲ့ဟုန်ဝမ်ကို သွားရန်စ၍ မဖြစ်ပါချေ။

ထို့ကြောင့် ရန်ကိုင်ကိုသာ လှမ်းအော်နိုင်တော့သည် “မိတ်ဆွေ၊ ခဏလောက် တောင့်ခံထားနော်။ နည်းနည်း လောက်သာ တောင့်ခံထားလိုက်။ အားလုံး အဆင်ပြေ သွားလိမ့်မယ်”

ထိုလူ ဘာလုပ်ချင်နေမှန်း နားမလည်သဖြင့် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ စဉ်းစားကြည့်သော်လည်း စဉ်းစားမရတော့သဖြင့် ပြန်၍သာ အော်မေးလိုက်သည် “ကျုပ်တို့ သိကြလို့လား”

လော့ချင်က ခေါင်းခါလိုက်သည် “မသိဘူး”

“မသိဘဲနဲ့ ဘာလို့ ကျုပ်ကို လာကူညီနေတာလဲ”

လော့ချင်၏ အမူအရာ ကိုးယိုးကားယား ဖြစ်သွားသည်။ မသိသော သူစိမ်းတစ်ယောက်အား မည်သူကမှ အကြောင်း ပြချက်မရှိ ကူညီပေးလိမ့်မည် မဟုတ်ချေ။ သူ့လုပ်ရပ်သည် ရန်ကိုင်အတွက် သံသယဝင်စရာ ကောင်းနေမန်း သိသော် ခဏလောက် စဉ်းစားပြီး ပြန်ပြောလိုက်သည် “မိတ်ဆွေ ငါ့ကို မတွေ့ဖူးပေမယ့် ငါကတော့ မိတ်ဆွေကို တွေ့ဖူးတယ်။ အကြီးအကဲချန်က မင်းပုံစံကို ကောင်းကင်ကံကြမ္မာ မြို့တော်က ဆိုင်ဝန်ထမ်းအားလုံးကို ပြထားတာ။ မင်းကို တွေ့ရင် ကောင်းကောင်း ဆက်ဆံရမယ်ဆိုပြီး ပြောထားသေးတယ်။ ငါ့နာမည်က လော့ချင်၊ ရတနာဂိုဒေါင် အစောင့်တစ်ယောက်ပဲ။ ဒါကြောင့် မင်းကို ငါသိနေတာ”

“ချင်းတုန်လား” ရန်ကိုင် တစ်ခဏတာ မှင်သက်သွား၏။ သို့သော်လည်း မကြာမီ ဘာဖြစ်နေမှန်း နားလည်သွားလေသည်။ ချင်းတုန်သည် သူပစ္စည်း သွားရောင်းသည့် ဆိုင်မှ လူကြီးဖြစ်သည်။ သူသည် ချင်းတုန်းဆီမှ ကုန်ကြမ်းပစ္စည်းများစွာကို ဝယ်ယူခဲ့သလို အဆင့်မြင့် မှော်ရတနာများစွာကိုလည်း ရောင်းချခဲ့သည်။ ထို့ကြောင့် ချင်းတုန်သည် သူ့အား အရေးကြီး ဧည့်သည် တစ်ယောက်အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်ပေသည်။

တကယ်တော့ အရိပ်ကြယ်ပေါ်ရှိ အဆင့်အမြင့်ဆုံး ပန်းပဲပညာရှင်သည်ပင်လျှင် တန်ခိုးရှင်အဆင့်နိမ့်သာ ရှိသေးသည် မဟုတ်ပေလော။ ထို့ကြောင့် သူတော်စင် အထွဋ်အထိပ်အဆင့် မှော်ရများသည် အလွန်ကိုမှ အဖိုးတန်ရာ ထိုပစ္စည်းများကို ရောင်းချမည်ဆိုပါက ဝယ်မည့်သူ မရှိမည်ကို စိုးရိမ်စရာ မလိုချေ။

သို့သော်လည်း ထိုအချက်နှင့်ပင် လက်ရှိ အခြေအနေကို ရှင်းပြရန် မလုံလောက်သေးချေ။ ချင်းတုန်၏ လုပ်ရပ်သည် ဖားယားသည်နှင့် တူနေသည်။ သူ့ပုံရိပ်ကို ကောင်းကင် ကံကြမ္မာမြို့တော်ရှိ ဆိုင်အားလုံးဆီပို့ပြီး သူ့ကို မြင်လျှင် အရေးကြီး ဧည့်သည်တစ်ယောက်အဖြစ် ဆက်ဆံရန် မှာကြားထားခြင်းသည် ဖားယားခြင်း မဟုတ်လျှင် ဘာဖြစ်မည်နည်း။

ရန်ကိုင်သည် သူတော်စင်တတိယအဆင့်သာ ရှိ‌သေးသည့် လေလွင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ထိုသို့ဆိုလျှင် ချင်းတုန်ကဲ့သို့သော လူတစ်ယောက်သည် ဘာကြောင့်များ သူ့ကို ဖားယားချင်နေရချင်သနည်း။

ရန်ကိုင်သည် ငတုံးတစ်ယောက် မဟုတ်လေရာ ခဏလောက် စဉ်းစားပြီးနောက် ချင်းတုန်သည် သူ့အား ဖားယားနေခြင်းမဟုတ်ဘဲ သူ့နောက်ကွယ်ရှိ ပန်းပဲပညာရှင်ကို ဖားယားလိုနေခြင်း ဖြစ်မှန်း သိလိုက်၏။

တစ်နည်းဆိုရသော် ချင်းတုန်သည် ယန်ယန်ကို မျက်နှာလိုမျက်နှာရ လုပ်နေခြင်းပင် ဖြစ်သည်။

သို့သော်လည်း ယန်ယန်အကြောင်း မသိထားသဖြင့် ရန်ကိုင်၏ နောက်ကွယ်တွင် အားကောင်းသော ပန်းပဲ ပညာရှင်တစ်ယောက် ရှိသည်ဟုသာ ယူဆခဲ့သည်။

ထိုကဲ့သို့ စဉ်းစားလိုက်ပြီဂနောက် ရန်ကိုင်က အသာအယာ ခေါင်းညိတ်၍ လော့ချင်းအား လက်သီးဆုပ် နှုတ်ဆက်၍ ပြောလိုက်သည် “ဒီက မိတ်ဆွေရဲ့ အကူအညီ အတွက် ကျေးဇူးပါပဲ။ ဒါပေမယ့် စီနီယာချင်းတုန်ကိုယ်တိုင် ဝင်ပါစရာ မလိုပါဘူး။ ကျုပ်ဘာသာ ကိုယ်တွယ်လို့ အဆင်ပြေပါတယ်”

အခြားသူများအား အကြွေးတင်ရသည်ကို ရန်ကိုင် မကြိုက်ချေ။ ချင်းတုန်သည် သူ့အပေါ် မကောင်းသည့် ရည်ရွယ်ချက် မရှိလျှင်ပင် သူသည် ချင်းတုန်အပေါ် အကြွေးတင်လိုက်မည် ဆိုပါက နောက်ပိုင်း ချန်းတုန်သည် သူ့ဆီမှ တစ်ခုခုကို တောင်းဆိုလာသော် သူငြင်းရ ခက်ပေမည်။ အထူးသဖြင့် ချင်းတုန်းဘက်မှ သူ့အား လအရိပ်ခန်းမထဲသို့ ဝင်ရန် ဖိတ်ခေါ်လာသည့်အခါပင်။

ရန်ကိုင်နှင့် လော့ချင်တို့သည် သိုသိုသိပ်သိပ် လူမသိ သူမသိအောင် ပြောနေခြင်း မဟုတ်လေရာ သူတို့နှစ်ယောက် ပြောနေသည်ကို အကုန်ကြားပေသည်။ သူတို့ ပြောနေသည်ကို ကြားလိုက်သည့်နောက် ရှုရှီပင်း မြေကြီးပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားပြီး ကျန်လက်ကျန် ရှုမိသားစုဝင်များလည်း ဖြူဖတ်ဖြူလျော်ဖြင့် တုန်တုန်ရီရီ ဖြစ်ကုန်ကြလေသည်။

လော့ချင်ကို ခေါ်လာလိုက်ခြင်းသည် သူတို့အား ဤသို့သော အခြေအနေထဲသို့ ရောက်ရှိသွားစေမည်ဟု ရှုရှီပင်း မထင်ထားခဲ့ချေ။ ရန်ကိုင်သည် အကြီးအကဲ ချင်းတုန်နှင့် ပက်သက်နေမှဖြင့် ရန်ကိုင်ကို သူတို့ ဘာလုပ်နိုင်တော့မည်နည်း။ အစကတည်းကသာ ကြိုသိထားခဲ့လျှင် လော့ချင်အား ဤနေရာဆီသို့ မခေါ်လာခဲ့ပါချေ။

မိသားစုခေါင်းဆောင်၊ အကြီးအကဲများနှင့် ဧည့်သည် အကြီးအကဲများ သေသွားခဲ့သော်ငြား ရှုမိသားစုတွင် လက်ကျန် မိသားစုဝင်အချို့ ကျန်ရှိနေပေသေးသည်။ ထို့ကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် နလန်ပြန်ထူလာ နိုင်ချေ ရှိပေသေးသည်။ သို့သော်လည်း ထိုအခွင့်အရေးသည် သူ့အကြောင်း အလုံးစုံ ပျက်စီး သွားခဲ့ရလေပြီ။

တကယ်ကို ရယ်စရာ ကောင်းလှပေသည်။ တစ်ဖက်လူသည် သူတို့အား အပြီးတိုင် ဖျက်စီပစ်ရန် မကြိုးစားခဲ့သော်ငြား လက်စားချေလိုသော သူ့ဆန္ဒကြောင့် မိသားစု ပျက်ကိန်း ဆိုက်ရပေတော့မည်။ ရှုရှီပင်း ဤနေရာတွင်သာ သူ့ကိုယ်သူ သက်သေ ပစ်ချင်မိတော့၏။

ရန်ကိုင်သည် အကြီးအကဲ ချင်းတုန်နှင့် ပက်သက်နေမှန်း သိလိုက်ရပြီးနောက် ရှုမိသားစုဝင်များသာ ထိတ်လန့်သွားခဲ့ကြခြင်း မဟုတ်။ ဟိုင်ခဲ မိသားစုဝင်များ သည်လည်း ဖင်ဂနာမငြိမ် ကြောက်လန့်တကြား ဖြစ်ကုန်ကြလေပြီ။ ရီအန်းမျက်နှာ ဖြူလျော်သွားပြီး သူ့နှလုံးခုန်နှုန်း ပေါက်ကွဲထွက်တော့မတတ် အဆက်မပြတ် တုန်ခါလာခဲ့သည်။

တစ်ချိန်လုံး ဘာကြောင့် စိတ်ထဲ မသိုးမသန့် ခံစားနေရသလဲ ဆိုသည်ကို ယခုမှသာ နားလည်သွား၏။ လတ်စသတ်တော့ ဤအကြောင်းကြောင့် ဖြစ်နေသည်ကိုး။

ရှဲ့ဟုန်ဝမ်သည် လအရိပ်ခန်းမ အဖွဲ့ဝင်ဖြစ်သော သူ့အဖေကို အားကိုး၍ ပိုင်စိုးပိုင်နင်း လုပ်နေသည့် လူငယ် မျိုးဆက် တစ်ယောက်သာသာ သာဖြစ်သည်။ သို့သော် ချင်းတုန်မှာမူ လအရိပ်ခန်းမ၏ အကြီးအကဲစစ်စစ် တစ်ယောက် ဖြစ်ကာ ရှဲ့ဟုန်ဝမ်၏ အဖေပင်လျှင် ချင်းတုန်ရှေ့ စကားကျယ်ကျယ် မပြောရဲချေ။ ရှဲ့ဟုန်ဝမ် ဆိုလျှင်မူ ပြောစရာပင်မလိုတော့။

ပြီးသွားပြီ ပြီးသွားပြီ ရီအန် မျက်လုံးများ မှောင်မိုက်သွားသည်။ ခြေမခိုင်ချင်လည်း ဖြစ်နေပြီ။ အားတင်း၍သာ ရပ်နေရတော့၏။ အသားအရေမှာလည်း ဖြူဖတ်ဖြူလျော်ကို ဖြစ်လို့။ မှောင်မိုက်တော့မည့် အနာဂတ်ကို ကြိုတွေးရင်း ရင်ထိတ်နေခဲ့ရချေပြီ။

သိသာသိခဲ့လျှင် ရန်ကိုင်အား မည်သည့်နည်းနှင့်မျှ ရန်စခဲ့လိမ့်မည် မတ်ပါချေ။ သူ့အား သတ်မည့် အတွေး ဆိုလျှင်မူကား ခေါင်းထဲပင် အဝင်ခံမည်မဟုတ်။ ဟိုင်ခဲ မိသားစုတွင် ရန်ကိုင်နှင့် မိတ်ဆွေ ဖြစ်နိုင်မည့် အခွင့်အရေး မရေမတွက်နိုင်အောင် ရှိခဲ့သည်။ သို့သော်လည်း ရသမျှ အခွင့်အရေးတိုင်းကို ငြင်းပယ်ပစ်ခဲ့သည်။ ဝူရီနှင့် ယုဖုန်းတို့ အဖွဲ့သည်သာ မှန်ကန်သော ရွေးချယ်မှုကို လုပ်နိုင်ခဲ့သည်။

သို့သော် ထိုနှစ်ယောက်သည် သူတို့ ဟိုင်ခဲမိသားစုဆီမှ ထွက်ခွာသွားခဲ့လေပြီ။

“မင်းတို့ သောက်အမှိုက်ကောင်တွေ ဘာလုပ်နေတာလဲ။ မင်းတို့ မိဘတွေ သေသွားလို့လား” ရှဲ့ဟုန်ဝမ်သည် ဒေါသ ထွက်ထွက်ဖြင့် ရီအန်းနှင့် ရှုရှီပင်းတို့ကို သူ့ခြေထောက်ဖြင့် တက်နင်းတော့လေသည်။

ခရက်...

ထိုအခိုက်အတန့်တွင် လိုဏ်ဂူအပြင်ဘက်ရှိ အစီအရင် ပျက်စီးသွားခဲ့သည်။

ရှဲ့ဟုန်ဝမ်က ပျော်ရွှင်စွာပြုံး၍ အော်ပြောလိုက်သည် “အဲ့ခွေးသူတောင်းစားလေးကို မြန်မြန်သတ်ကြ”

ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကို တစ်ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သို့သော်လည်း မကြာမီ ရှဲ့ဟုန်ဝမ်၏ အကြံကို နားလည်သွားခဲ့သည်။ ရှဲ့ဟုန်ဝမ်သည် အကြီးအကဲချင်းတုန် မရောက်ခင် ရန်ကိုင်ကို သတ်ပစ်လိုခြင်း ဖြစ်သည်။

ရန်ကိုင်သာ အသက်ရှင်နေပါက သူတို့အားလုံး အကြီးအကဲ ချင်းတုန်၏ အပြစ်ပေးခြင်း ခံ၇ပေလိမ့်မည်။ လအရိပ်ခန်းမဆီမှပင် နှင်ထုတ်ကောင်း နှင်ထုတ် ခံရနိုင်သည်။ သို့သော်လည်း ရန်ကိုင်သာ သေသွားခဲ့ပါက သူတို့ အပြစ်ပေးခံရမည် ဆိုလျှင်ပင် အရမ်းကြီး ဆိုးဆိုးရွားရွား အပြစ်ပေးခံရမည် မဟုတ်ချေ။

တကယ်တော့ လူသေတွင် မည်သည့် တန်ဖိုးမှ မရှိချေ။ အကြီးအကဲချင်းတုန်သည် သေသွားပြီး ဖြစ်သော လူငယ်လေး တစ်ယောက်အတွက် တန်ခိုးရှင်အဆင့် ပညာရှင် နှစ်ယောက်ကို သတ်လိမ့်မည် မဟုတ်ချေ။ ကောင်းကင်ကြီး ပြိုကျလာလျှင်ပင် ရှဲ့ဟုန်ဝမ်နှင့် သူအဖေသည် ကူ၍ ထမ်းပိုးထားပေးပေလိမ့်မည်။

ထိုကဲ့သို့ တွေးလိုက်ပြီးသော် ဟုန်ကျန်းနှင့် သူ့စီနီယာ အစ်ကိုနှစ်ယောက်သည် တုန့်ဆိုင်းမနေတော့ဘဲ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် လိုဏ်ဂူဆီသို့ ပြေးဝင်သွားလေသည်။

“လုပ်ရဲတယ်လား” လော့ချင် ထိတ်လန့်သွားသည်။ ရှဲ့ဟုန်ဝမ် ထိုမျှ ရက်စက်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူနားလည်လိုက်သည့်အချိန်တွင် အလွန်ကိုမှ နောက်ကျ လွန်းနေခဲ့လေပြီ။ ထို့ကြောင့် ဟုန်ကျန်းနှင့် သူ့စီနီယာ အစ်ကိုတို့ ပြေးထွက်သွားသည်ကို ရပ်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ရှဲ့ဟုန်ဝမ်က လှောင်ပြုံးပြုံးလျက် အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည် “ငါနဲ့ လာတိုက်ချင်တာလား။ ငယ်ပါသေးတယ်ကွာ”

ထိုအခြင်းအရာကိုမြင်သော် ရီအန်း အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ ရှဲ့ဟုန်ဝမ်၏ လုပ်ရပ်သည် သူ့ကို အတော်လေး အံ့အားသင့်သွားစေခဲ့သည်။ သို့သော် ထိုလုပ်ရပ်အတွက် တကယ်ကို ကောင်းလှပေသည်။

ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကိုသည် လျှပ်စီးတမျှ မြန်ဆန်သော အမြန်နှုန်းဖြင့် လိုဏ်ဂူဆီသို့ ပြေးသွားသည်။ လိုဏ်ဂူဆီသို့ မရောက်သေးခင်မှာပဲ ထိုနေရာ တစ်ခုလုံးကို အားကောင်းလှသော ရှီဖြင့် လွှမ်းခြုံပစ်လိုက်သည်။ ရန်ကိုင်ကို တစ်ချက်တည်း အပြတ်ရှင်းချင်နေသည့်ပုံပင်။

သို့သော်လည်း ရန်ကိုင်၏ အေးစက်စက် ထီမထင်ဟန် အမူအရာဖြင့် ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကိုတို့ရင်ထဲ မကောင်းသည့် အငွေ့အသက်တို့ ရလိုက်သည်။

“မကောင်းတော့ဘူး။ ဒီမှာ နောက်ထပ် အစီအရင်တစ်ခု ရှိသေးတယ်ဟ” အနက်ရောင်ဝတ်ရုံ ဝတ်ထားသော အမျိုးသမီးက နောက်ထပ်လက်ကွက်တစ်ခု ဖန်တီး လိုက်သည်ကို မြင်သော် သူနှင့် သူ့စီနီယာအစ်ကိုသည် ရန်ကိုင် ဆင်ထားသည့် ထောင်ချောက်ထဲသို့ ကျသွားပြီးမှန်း နားလည်လိုက်သည်။ ပြန်ဆုတ်ရန် ကြိုးစားလိုက်သော်ငြား ခြေတစ်လှမ်း နောက်ကျသွားခဲ့လေသည်။

“စလိုက်စမ်း” ယန်ယန်က အသံအကျယ်ကြီး အော်ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လိုဏ်ဂူရှေ့ရှိ မြင်ကွင်း အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။ သိပ်သည်းလှသော မြူခိုးထုကြီး ထွက်ပေါ်လာပြီး ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကို ဝါးမြိုသွားခဲ့လေသည်။

ယန်ယန်သည် သူတော်စင်ချီကို ပို့လွှတ်ရင် နောက်ထပ် လက်ကွက်တစ်ခု ဖန်တီးလိုက်သည်။ မကြာမီ မြူခိုးထဲ ပြင်းထန်သော စွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့သည်။

ရှုမိသားစုဝင်များ ဤနေရာသို့ ရောက်လာစဉ်က ယန်ယန်၏ အစီအရင်သည် ခုခံရုံသာ လုပ်နိုင်ခဲ့သည်။ သို့သော် လက်ရှိ အစီအရင်သည် ခုခံနိုင်ရုံသာမက သတ်ဖြတ်ခြင်းကိုပါ လုပ်နိုင်နေလေပြီ။

ထိုစိတ်ဝိဥာဉ်အစီအရင် တစ်မျိုးတည်းဖြင့် တန်ခိုးရှင် အဆင့် ပညာရှင်နှစ်ယောက်ကို သတ်နိုင်မည် မဟုတ်ချေ။ သို့သော် ရန်ကိုင်ပါ ဝင်သွားလိုက်မည် ဆိုပါက ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကိုတို့ နှစ်ယောက် ကျိန်းသေ ဒုက္ခ ရောက်ကြရပေလိမ့်မည်။

ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် ဘာကြောင့် ထိုသို့သော စကားမျိုးကို ပြောခဲ့မှန်း လော့ချင် ရုတ်တရက် နားလည်သွားခဲ့သည်။ ရန်ကိုင်တွင် အားကိုးစရာ နောက်ထပ် စိတ်ဝိဥာဉ်အစီအရင်တစ်ခု ရှိနေသေးသည်ကိုး။

သို့သော်လည်း ထိုစိတ်ဝိဥာဉ်အစီအရင်ဖြင့် တန်ခိုးရှင် အဆင့် ပညာရှင်နှစ်ယောက်ကို သတ်နိုင်လိမ့်မည်ဟု လော့ချင် မထင်။ တန်ခိုးရှင်အဆင့်နှင့် သူတော်စင်ဘုရင် အဆင့်ကို တစ်တန်းတည်း ထား၍ မရချေ။ အစစ်အမှန် ပါရမီရှင်များသည်ပင်လျှင် သူတော်စင်ဘုရင်အဆင့်ဖြင့် တန်ခိုးရှင်အဆင့် ပညာရှင်ကို မသတ်နိုင်ပါချေ။

“စလို့ရပြီ” ယန်ယန်က ပြောလိုက်သည်။

ရန်ကိုင်လည်း ခေါင်းညိတ်၍ နတ်ဆိုးမီးတောက်ဓါးကို သိပ်သည်းလိုက်လေသည်။

သို့သော် အစီအရင်ထဲသို့ သူမဝင်သွားရသေးခင်မှာပဲ အသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာခဲ့သည် “အားလုံး ရပ်လိုက်ကြစမ်း”

ထိုအသံကို ကြားလိုက်သည်နှင့် ရှဲ့ဟုန်ဝမ် တုန်ရီသွားပြီး သူ့ရင်ထဲ အကြောက်တရားတို့ စတင် စိုးမိုးလာခဲ့သည်။

ချင်းတုန် ရောက်လာခဲ့လေပြီ။

ရန်ကိုင်သည်လည်း မျက်မှောင်ကြုတ်လိုက်သည်။ ချင်းတုန် ထိုမျှ မြန်မြန် ရောက်လာလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ သို့သော်လည်း ရန်ကိုင်သည် စိုးစဉ်မျှပင် တုန့်ဆိုင်မနေဘဲ အစီအရင်ထဲသို့ ပြေးဝင်သွားလိုက်သည်။

အစီအရင်ထဲသို့ ရောက်သည်နှင့် နတ်ဆိုးမီးတောက်ကို ပြန်ရုတ်သိမ်း၍ ရွှေရောင်သွေးတစ်စက်ကို ထုတ်လိုက်၏။ ရွှေရောင်သွေးစက်မှ ဖြာထွက်နေသော အသက်စွမ်းအင်ကို ယန်ယန်၏ အစီအရင်သည်ပင်လျှင် အပြည့်အဝ ဖုံးကွယ်နိုင်စွမ်း မရှိပါချေ။

ချင်းတုန် မရောက်ခင် ရန်ကိုင်အနေဖြင့် ဤတိုက်ပွဲကို အမြန် အပြီးသတ်ရပေမည်။ အစကမူ ထိုသို့လုပ်ရန် မစဉ်းစားခဲ့။ သို့သော် တန်ခိုးရှင်အဆင့်များ ပိုင်ဆိုင်သော ရှီဟုခေါ်သည့် အရာကို အတော်လေး စိတ်ဝင်စားသွားသည့် အတွက်ကြောင့် ထိုတန်ခိုးရှင်အဆင့် နှစ်ယောက်ကို သတ်၍ သူတို့၏ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် နားလည်သဘောပေါက်မှုများကို စုပ်ယူရန် အကြံအစဉ် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထိုဆန်းကြယ်သော စွမ်းအားကို နားလည်သွားနိုင်မည် ဆိုပါက ရန်ကိုင်၏ခွန်အား ထပ်မံ မြင့်တက်လာပေလိမ့်မည်။ ထိုကဲ့သို့သော ရှားပါးလှသည့် အခွင့်အရေးကို ရန်ကိုင် မည်ကဲ့သို့ လက်လွှတ်ခံနိုင်မည်နည်း။

သူ့လုပ်ရပ်နှင့် ပက်သက်၍ ချင်းတုန် မည်ကဲ့သို့ လုပ်မလဲ ဆိုသည်ကိုမူ ရန်ကိုင် ဂရုမစိုက်ချေ။ ချင်းတုန်သာ ရန်ကိုင်နောက်ကွယ်ရှိ ပန်းပဲပညာရှင်နှင့် မိတ်ဆွေ ဖွဲ့ချင်သည်ဆိုပါက ရန်ကိုင် မျက်နှာပျက်ရမည့် လုပ်ရပ်မျိုး လုပ်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ယခုကိစ္စသည် ရန်ကိုင်၏ အမှားမဟုတ်။ သူ့ဘာသာ အေးအေးဆေးဆေး နေနေသော ရန်ကိုင်ကို ထိုလူများမှာ လာရောက် တိုက်ခိုက်ကြခြင်း ဖြစ်သည်။

ထို့ကြောင့် ရန်ကိုင်သည် ရွှေရောင်သွေးတစ်စက်ကို ထုတ်ယူ၍ ဓါးသွားပေါင်းများစွာအဖြစ် ပြောင်းလဲပစ်ကာ ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကိုကို တိုက်ခိုက်လိုက်လေ၏။

ရွှေရောင်ဓါးသွားများသည် အလွန်ကိုမှ မြန်ဆန်လှ၏။ သို့သော်လည်း နောက်တစ်ခဏအတွင် ထိုဓါးအားလုံးသည် နွံ့အိုင်ထဲ နစ်ဝင်သွားသည့်အလား နှေးကွေးသွားကြသည်။

ထိုကဲ့သို့ ဖြစ်ရခြင်းသည် ရှီကြောင့် ဖြစ်သည်ကို ရန်ကိုင် သိပေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၁၁၄၄)

တန်ခိုးရှင်အဆင့် နှစ်ယောက်၏ရှီသည် ထိုမျှ ရင်ဆိုင်ရ ခက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဟုန်ကျန်းနှင့် သူ့စီနီယာ အစ်ကိုသည် ယန်ယန်၏ စိတ်ဝိဥာဉ်အစီအရင်ထဲသို့ ရောက်သွားသော်ငြား သူတို့၏ရှီဿည် ရန်ကိုင့် ရွှေရောင်‌ သွေးစက် တိုက်ခိုက်မှုကို ဟန့်တားထားနိုင်ခဲ့သည်။

သို့သော်လည်း ထိုအချက်ကပင် ထိုနှစ်ယောက်အား သတ်ဖြတ်ရမည်ဆိုသော ဆုံးဖြတ်ချက်ကို ပို၍ ခိုင်မာ သွားစေခဲ့သည်။

ရွှေရောင်ဓါးသွားများကို ပစ်လွှတ်လိုက်ပြီးနောက် နောက်ထပ် နတ်ဆိုးမီးတောက်ဓါးတစ်ချောင်းကို ဖန်တီး၍ တိုက်ခိုက်ရန် ပြင်လေသည်။

ရန်ကိုင် မြူခိုးထဲဝင်သွားသည့်အခါ အပြင်ဘက်တွင် ရှိနေသူအားလုံး ထိတ်လန့်သွားခဲ့ကြသည်။ သို့သော်လည်း မကြာမီ ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကိုတို့၏ အော်သံများကို ကြားလိုက်ရလေသည်။ ချက်ချင်းဆိုသလို အားကောင်းသော စွမ်းအင်လှိုင်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး မြူခိုးထဲမှ လူတစ်ယောက် လွင့်ထွက်လာသည်ကို မြင်လိုက်ရသည်။

လွင့်ထွက်လာသည့်လူမှာ အခြားမဟုတ်၊ ရန်ကိုင်ပင် ဖြစ်လေသည်။ ရန်ကိုင် သွေးအန်နေခဲ့ရပြီး သူ့တစ်ကိုယ်လုံး ရွှေရောင်တောက်နေသည့် ဒဏ်ရာများဖြင့် ပြည့်နေခဲ့သည်။ မျက်နှာဟာ ဆိုလျှင်လည်း အလွန်ကိုမှ ဖြူလျော်နေပြီး သူ့လက်ထဲရှိ နတ်ဆိုးမီးတောက်ဓါးမှာလည်း အချိန်မရွေး ပျက်စီးတော့မလို ဖြစ်နေခဲ့သည်။

သူ့ရင်ဘတ်သည်ပင်သည် အတော်လေး ချိုင့်ဝင်နေ၏။

“ရန်ကိုင်” ဝူရီမျက်နှာ ဖြူလျော်သွားပြီး ရန်ကိုင်ဆီ ချက်ချင်း ပြေးသွားလိုက်သည်။ လွင့်ထွက်လာသော ရန်ကိုင်ကို ပြေးဖမ်းလိုက်ခြင်း ဖြစ်သည့်အတွက် ဝူရီပါ နောက်သို့ လွင့်ထွက်သွားခဲ့ပြီး အတော်းဝေးဝေးသို့ ရောက်သည့်အခါမှ ခြေခိုင်ခိုင် ရပ်လိုက်နိုင်သည်။

ရန်ကိုင် သွေးနောက်တစ်ပွက် ထပ်အန်ထုတ်လိုက်ပြီး ဒယီးဒယိုင် ဖြစ်သွားခဲ့သည်။ ဝူရီအား သူအဆင်ပြေကြောင်း လက်ယပ်ပြလိုက်ပြီးနောက် ကုသရေးဆေးလုံးတစ်းလုံးကို ထုတ်သောက်၍ တင်ပလင်ခွေထိုင်ကာ သူ့ဒဏ်ရာများကို ပြန်လည် ကုသတော့လေသည်။

မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်နေပြီး မြူခိုးထဲရှိ ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကိုတို့၏ နာနာကျင်ကျင် အော်ဟစ်သံများသာ ထွက်ပေါ်နေခဲ့သည်။ နှစ်ယောက်စလုံး မသေကြသေးချေ။ သို့သော်လည်း ယန်ယန်မှလွဲ၍ မည်သူမှ ထိုနှစ်ယောက်၏ လက်ရှိ အခြေအနေကို မသိကြချေ။

“ငါ့အမိန့်ကို ဘယ်ကောင် လွန်ဆန်ရဲတာလဲ” မကြာမီ ထိတ်လန့်ဖွယ်ရာ ဖိအားနှင့်အတူ ကောင်းကင်ပေါ်မှ လူတစ်ယောက် ဆင်းလာခဲ့သည်။ လူအိုကြီး၏ မျက်လုံး ဝေ့ကြည့်သွားသည့် လမ်းကြောင်း တစ်လျှောက်တွင် ရှိနေသော လူအားလုံး တုန်ရီသွားခဲ့ကြသည်။ ရှဲ့ဟုန်ဝမ် သည်ပင်လျှင် တုန်တုန်ရီရီ ဖြစ်နေပြီး အသံတစ်ချက်ပင် မထွက်ရဲတော့ချေ။

“အကြီးအကဲချန်” လော့ချင်က အလျင်စလို ရှေ့တက်သွားလိုက်ပြီး လက်သီးဆုပ်၍ နှုတ်ဆက်လိုက်၏။

“အန်၊ တူလေးရန်ကော” ချင်းတုန် မြေပေါ်သို့ ရောက်ရောက်ချင်း မေးလိုက်သည်ကား ရန်ကိုင်၏ အခြေအနေကိုပင်။ သို့သော်လည်း လော့ချင်မှ ပြန်မဖြေရသေးခင်မှာဘဲ ရန်ကိုင် ဒဏ်ရာကုသနေသည်ကို ချင်းတုန် မြင်လိုက်သည်။ ရန်ကိုင် ဒဏ်ရာရနေသည်ကို မြင်ပြီးနောက်သည့်နောက် ချင်းတုန်၏ မျက်နှာ သုန်မှုန်သွားခဲ့လေသည်။

ရန်ကိုင်၏ နောက်ကွယ်တွင် တန်ခိုးရှင်အဆင့် ပန်းပဲ ပညာရှင်တစ်ယောက် ရှိနေသည်။ လအရိပ်ခန်းမမှ ဆရာကြီး ကဲလင်တွင် နေရတော့မည့် အချိန်များများစားစား မရှိတော့ချေ။ ဆရာကြီးကဲလင် နေရာကို အစားထိုးမည့် သူ့ကိုသာ အချိန်မှီ မရှာနိုင်ပါက လအရိပ်ခန်းမ အနေဖြင့် တန်ခိုးရှင်အဆင့် မှော်ရများကို ထုလုပ်နိုင်တော့မည် မဟုတ်ဘဲ ထိုသို့ ထုလုပ်ရန် လိုအပ်သည့်အခါကျ အခြား အင်အားစုများဆီမှ သွားအကူအညီ တောင်းရပေလိမ့်မည်။

ထိုကိစ္စသည် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် တစ်ယောက် သက်သက်သာ မဟုတ်ဘဲ လအရိပ်ခန်းမ၏ အခြားအင်အားစုများနှင့် အဆင့်တူ ရပ်တည်နိုင်စွမ်းကို ဖော်ညွှန်းနေသည်။ သူတို့သာ အခြားအင်အားစုများဆီမှ အကူအညီ တောင်းမည်ဆိုလျှင် မြောက်မြားလှစွာသော တန်ကြေးကို ပေးချေရပေလိမ့်မည်။

ထို့ကြောင့်‌ လော့ချင်ဆီမှ ရန်ကိုင် တိုက်ခိုက်ခံနေရသည့် သတင်းကို ကြားကြားချင်း ချင်းတုန် ချက်ချင်း ပြေးလာခြင်း ဖြစ်သည်။ သူသည် ကောင်းကင်ကံကြမ္မာမြို့တော်ရှိ လူတိုင်းကို ရန်ကိုင်အား အရေးကြီးဧည့်သည်အဖြစ် ဆက်ဆံရမည်ဟု ပြောထားသည့်တိုင် တစ်ယောက်ယောက်သည် လူခေါ်လာပြီး ရန်ကိုင်ကို လာရောက် တိုက်ခိုက်ရဲပေသည်။ မည်သူကများ ကျားအသည်း စားထာ၍ ထိုမျှ သတ္တိကောင်းနေရသနည်း။

ရန်ကိုင် ဒဏ်ရာရနေသည်ကို မြင်လိုက်သည့်နှင့် ရှေ့ထွက်၍ ဝင်ဖြေရှင်းမည်အပြု သူ့အကြည့်ချင်သည် လိုဏ်ဂူအပြင်ဘက်တွင် ရှိနေသော စိတ်ဝိဥာဉ် အစီအရင်ဆီ ရောက်သွားခဲ့သည်။ ထိုစိတ်ဝိဥာဉ်အစီအရင်ကြောင့် ချင်းတုန်၏ မျက်လုံးများ မှေးစဉ်းသွားပြီး အသံအက်အက်ဖြင့် အလန့်တကြား အော်ပြောမိလိုက်၏ “အစီအရင်ပညာရှင်ကြီးလား”

ချင်းတုန်သည် ဤနေရာတွင် ရှိနေသော ဟုန်ကျန်းနှင့် အခြားတန်ခိုးရှင် နှစ်ယောက်ထက် ပိုအားကောင်းသလို ပို၍လည်း ဗဟုသုတ ကြွယ်ဝပေသည်။ ထို့ကြောင့် တစ်ချက် ကြည့်ရုံဖြင့် ထိုအစီအရင်ကို သာမန် အစီအရင်ပညာရှင် တစ်ယောက်မှ ခင်းကျင်းထားခြင်း မဟုတ်မှန်း သိလိုက်၏။ သူ့ကောင်းကင်စိတ်အာရုံပင်လျှင် ထိုအစီအရင်ကို ဖောက်၍ မမြင်နိုင်ချေ။

လိုဏ်ဂူဝင်ပေါက်ဝတွင် ရန်ကိုင်နား၌ ရပ်နေသည့် လူများစွာ ရှိနေပြီး အကုန်လုံးသည် ချင်းတုန်အား သတိ ကြီးကြီးထားလျက် ကြည့်နေကြသည်။ ထိုအခြင်းအရာကို မြင်သော် ထိုလူများသ သူ့အား သတိထားနေမှန်း သိလိုက်လေသဖြင့် အလျင်အမြန်ပဲ အော်ပြောလိုက်လေသည် “တူလေးရန်၊ ငါ့မှာ နှင်းဆီရိုင်း ဆေးလုံးတစ်လုံး ရှိတယ်။ ဒီဆေးလုံးနဲ့ဆို မင်းရဲ့ဒဏ်ရာတွေ မြန်မြန် ပြန်ကောင်းသွားလိမ့်မယ်။ ရော့၊ ယူလိုက်”

ပြောပြီးသည့်နောက် ဆေးပုလင်းတစ်ပုလင်းကို ရန်ကိုင်ဆီ ပစ်ပေးလိုက်လေသည်။

ရန်ကိုင်အနေဖြင့် လောလောဆယ်တွင် သူ့အား ပြန်မဖြေ၊ ပြန်မပြောနိုင်သေးမှန်း ချင်းတုန် သိသော်ငြား သူ့ရပ်တည်ချက်ကို အားလုံး သိသွားစေရန်အလို့ငှာ ထိုကဲ့သို့ လုပ်ပြရပေမည်။

ချင်းတုန်၏ ထိုအပြုအမူကို မြင်လိုက်မှပဲ ဝူရီနှင့် အခြားသူများ စိတ်သက်သာရာ ရသွားခဲ့ကြသည်။ ဝူရီက ဆေးပုလင်းကို လှမ်းယူလိုက်ပြီး ယဉ်ယဉ်ကျေးကျေးဖြင့် ပြန်ပြောလိုက်သည် “စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်”

ပြောနေစဉ်အတောအတွင်း မျက်နှာထက် မည်သည့် ခံစားချက်ကိုမှ မပေါ်လွင်စေသော်ငြား သူမရင်ထဲတွင်မူ မုန်တိုင်းထန်နေခဲ့ပေသည်။

နှင်းဆီရိုင်းဆေးလုးသည် သူတော်စင်အထွဋ်အထိပ် အဆင့် ဖြစ်သော အနီရောင်နှင်းဆီရိုင်းကို အဓိက ဆေးအမယ်အဖြစ် သုံးထားသည့် သူတော်စင်အထွဋ်အထိပ် အဆင့် ဆေးတစ်လုံး ဖြစ်သည်။ အနီရောင်နှင်းဆီရိုင်းကို ရှာရန် မခက်ခဲသော်ငြား ထိုဆေးလုံးကို သန့်စင်ရန် အလွန်ကိုမှ ခက်ခဲပေသည်။ သာမန် တန်ခိုးရှင်အဆင့်နိမ့် ပညာရှင်တစ်ယောက်ကိုယ်တိုင် ဖော်စပ်မည်ဆိုလျှင်ပင် သုံးဆယ်ရာခိုင်နှုန်းသာ အောင်မြင်နိုင်ချေရှိသည်။

ထိုဆေးလုံးသည် တန်ခိုးရှင်အဆင့်နိမ့် ဆေးလုံးကဲ့သို့ ဖော်စပ်ရ ခက်ခဲလှသည်။

သို့သောလည်း ချင်းတုန်သည် မျက်တောင်ပင်မခတ်ဘဲ ထိုဆေးလုံးကို ရန်ကိုင်ဆီ ပေးခဲ့သည်။ သူမသာ ရန်ကိုင်ကို ကြယ်တာရာကောင်းကင်ထဲမှ ကိုယ်တိုင် ပြန်ခေါ်လာခြင်း ဖြစ်ပြီး အရိပ်ကြယ်ပေါ်တွင် ရန်ကိုင်၏ ဆွေမျိုးသားချင်း တစ်ယောက်တစ်လေပင် မရှိမှန်းကို မသိထားခဲ့လျှင် ရန်ကိုင်သည် အရိပ်လခန်းမ အကြီးအကဲတစ်ဦးဦး၏ သားတစ်ယောက် ဖြစ်သည်ဟု ထင်မိမှာ အမှန်ပင်။

နှင်းဆီရိုင်းဆေးလုံးကို ထုတ်ပြီး ရန်ကိုင်ကို တိုက်မည် အပြု ရန်ကိုင်က အားနည်ဖျော့တော့စွာဖြင့် ပြန်ပြောလိုက်၏ “မလိုဘူး”

ချင်းတုန်၏ ဆေးလုံးကို ရန်ကိုင် သုံးမည်မဟုတ်ချေ။ ပထမဦးစွာ သူယခုလေးတင် သောက်လိုက်သော ဆေးသည် သူကိုယ်တိုင် သန့်စင်ထားသည့် ဆေးလုံးဖြစ်သည်။ ထိုဆေးလုံးသည် နှင်းဆီရိုင်းဆေးလုံးသည် အဆင့်ပို၍ နိမ့်သော်ငြား အတော်လေး ကောင်းသည့်အထဲ ပါပေ၏။ ထို့အပြင် ဆေးလုံးအကူအညီ မပါလျှင်ပင် ခဏလောက် ကျင့်ကြံလိုက်မည် ဆိုပါက သူ့ခန္ဓာကိုယ်၏ ပြန်လည် ကောင်းမွန်းနိုင်စွမ်းကြောင့် ရထားသော ဒဏ်ရာများ အချိန်တိုအတွင်း ပျောက်ကင်းသွားပေလိမ့်မည်။

ဒုတိယအနေဖြင့် ချင်းတုန်ပေးသော ဆေးလုံးကို မယူရခြင်း၏ အဓိက အကြောင်းပြချက်မှာ ချင်းတုန်သည် မည်သူ့ဘက်မှ ရပ်တည်ပေးမလဲ ဆိုသည်ကို မသိသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ချင်းတုန်သည် သူ့နှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်မည်ဆိုပါက နှစ်ယောက်သား တိုက်ခိုက်ကြရလိမ့်မည်။

ကံကောင်းစွာဖြင့် ချင်းတုန်သည် သူ့နှင့်ဆန့်ကျင်ဘက်၌ ရပ်တည်ဟန်မြ။ ချင်းတုန် ဘာကြောင့်ပင် သူ့အပေါ် ကောင်းပြနေသည် ဖြစ်ပါစေ ထိုနောက်ကွယ်တွင် မကောင်းသည့် အကြံအစည် တစ်ခုတစ်လေကိုမှပင် ရန်ကိုင် အာရုံမခံမိခဲ့ချေ။

“ဘာတွေဖြစ်နေတာလဲ။ ငါ့ကို သေချာရှင်းပြပေးစမ်း” တုန်ရီနေသော ရှဲ့ဟုန်ဝမ်နှင့် အသက်ဝင်နေသော စိတ်ဝိဥာဉ် အစီအရင်ကို မြင်ပြီးနောက် ချင်းတုန်၏ မျက်နှာ ထပ်မံ သုန်မှုန်သွားခဲ့သည်။

လော့ချင်လည်း ဘာကိုမှ ဖုံးကွယ်မထားရဲဘဲ အားလုံးကို အမှန်အတိုင်း ချက်ချင်း ရှင်းပြလိုက်လေသည်။

သူ့အမိန့်ပေးထားမှန်းကို သိလျက်နှင့် ရှဲ့ဟုန်ဝမ်မှ ရန်ကိုင်အား သတ်ရန် ကြိုးစားသည့် အကြောင်းကို သိလိုက်ရသည့်အခါ ချင်းတုန် ဒေါသပုန်ထသွားခဲ့ပြီး အားလုံးရှေ့၌ပင် ရှဲ့ဟန်ဝမ်၏ မျက်နှာကို ချက်ချင်း ပိတ်ရိုက်ချလိုက်လေသည်။ ရှဲ့ဟုန်ဝမ် ပုတိုတို ခန္ဓာကိုယ်လေး လေထဲ ကျွမ်းလေးငါးပတ်လောက် ပစ်သွားပြီးနောက် ဆယ်မီတာကျော်လောက် အကွာထိ လွင့်ထွက်သွားခဲ့သည်။

“အကြီးအကဲချင်း...” ရှဲ့ဟုန်ဝမ် ကြောက်သွေး ထွက်လုမတတ် ကြောက်လန့်နေလေပြီ။ ချင်းတုန်၏ ရိုက်ချက်ကြောင့် သွားများစွာ ကျွတ်ထွက်သွားရပြီး ပါးတစ်ပြင်လုံးမှာလည်း ရောင်ကိုင်းသွားခဲ့ရသည်။ သို့သော် တစ်ချက်ကလေးပင် ပြန်အထွန့်မတက်ရဲဘဲ သနားစဖွယ် အသံလေးသာ ပြုနိုင်ခဲ့သည်။

“မင်းအဖေကြောင့်သာ မဟုတ်ရင် မင်နေနေပြီသိလား” ချင်းတုန်က ရှဲ့ဟုန်ဝမ်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ (ရှဲ့ဟုန်ဝမ်၏ အဖေက ချင်းတုန်က အဆင့်နိမ့်ပါတယ်)

ထိုစကားကို ကြားလိုက်သည့်အခိုက် ရှဲ့ဟုန်ဝမ်၏ မျက်လုံးထဲ အမုန်းတရားတို့ ဖြတ်ပြေးသွားသည်။ သို့သော် အလျင်အမြန်ပဲ ဦးညွှတ်တောင်းပန်လိုက်လေသည် “အခုလို ညှာတာပေးတဲ့အတွက် အကြီးအကဲချင်းကို ကျေးဇူး အများကြီး တင်ပါတယ်”

ချင်းတုန်မှ သူ့ကို မသတ်မှန်း သိလိုက်သည့်အခါမှသာ ရှဲ့ဟုန်ဝမ် စိတ်သက်သာရာ ရတော့သည်။ ထိုအခါမှသာ သူတစ်ကိုယ်လုံး ချွေးရွဲနေသည်ကို သတိပြုမိလေသည်။

“ငါ့ကို လာကျေးဇူးတင်မနေနဲ့။ ငါမင်းကို မသတ်ဘူး ဆိုပေမယ့် အခြားသူတွေကတော့ မင်းကို မသတ်ဘူးလို့ မဆိုလိုဘူး။ မင်းသေမယ်၊ ရှင်မယ် ဆိုတာက တူလေးရန် အပေါ်မှာပဲ မူတည်တော့မယ်” ချင်းတုန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ရှဲ့ဟုန်ဝမ် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ယခုလေးတင် သူအထင်တသေး ဆက်ဆံနေခဲ့သော ကောင်စုတ်လေးသည် သူ၏ ရှင်ခြင်းသေခြင်းကို ထိန်းချုပ်နိုင်သည့် လူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု ရှဲ့ဟုန်ဝမ် မထင်ထားခဲ့ချေ။ အစောပိုင်းတွင် ရန်ကိုင်အား သူမည်ကဲ့သို့ ဆက်ဆံခဲ့သည်ကို ပြန်သတိရလိုက်သော် ရှဲ့ဟုန်ဝမ် အော်ငိုမိချင်သွားသည်။ သို့သော် မျက်ရည်က ထွက်မလာခဲ့။

သူသာ ထိုကောင်လေး လက်ထဲသို့ ရောက်သွားပါက အသက်ရှင်ကော ရှင်နိုင်ပါဦးမည်လား။ အကြီးအကဲချင်းပင် ထိုကဲ့သို့ ပြုမူနေရလောက်အောင် ထိုကောင်စုတ်လေးသည် မည်သူများ ဖြစ်လေသနည်း။

ရှဲ့ဟုန်ဝမ်သာမဟုတ်၊ ဟိုင်ခဲမိသားစုနှင့် ရှုမိသားစုမှ လူများသည်လည်း ရန်ကိုင်၏ ဇာတ်မြစ်ကို နားမလည်နိုင် ဖြစ်နေကြလေသည်။ ဝူရီနှင့် ယုဖုန်းတို့အဖွဲ့သားများလည်း ခေါင်းရှုပ်နေကြလေပြီ။ ဘာတွေဖြစ်နေမှန်း မသိသော်ငြား ဤကပ်ဘေးမှ လွတ်မြောက်သွားပြီမှန်းကိုမူ သူတို့ သိကြသည်။

“ရှုမိသားစုလား” မြေကြီးပေါ် ဖင်ထိုင်လျက် လဲကျနေသော ရှုရှီပင်းကို ကြည့်၍ ချင်းတုန်က အတိအလင်း ကြေညာလိုက်လေသည် “ဒီကနေစပြီး ရှုမိသားစု မရှိတော့ဘူး”

ရှုရှီပင် နေရာတွင်ပင် တန်းသတိလစ်သွားခဲ့ပြီး အခြား ရှုမိသားစုဝင်အားလုံး သွေးဆုတ်ဖြူလျော်သွားကြလေသည်။

ရှုမိသားစုသည် လအရိပ်ခန်းမ၏ လက်အောက်ခံ မိသားစု တစ်ခုသာ ဖြစ်သည်။ အကြီးအကဲချင်းတုန် မဆိုထားနှင့်၊ ဘာမဟုတ်သည့် ရှဲ့ဟုန်ဝမ်သည်ပင်လျှင် သူတို့ မိသားစုကို ဖျက်စီးပစ်နိုင်ပေသည်။

ရှုမိသားစုဝင်များ အလွန်ကိုမှ နောင်တရနေလေပြီ။ လက်စားချေရန်သာ မကြိုးစားခဲ့လျှင် လက်ကျန်မိသားစုဝင် များကို အားကိုး၍ တစ်နေ့ နလန်ပြန်ထူလာနိုင်သေးသည်။ သို့သော်လည်း အစားမတော်တစ်လုတ် မသွားမတော် တစ်လှမ်း ဆိုသလို ခြေတစ်လှမ်း မှားလိုက်သည့် အတွက်ကြောင့် ရှုမိသားစုတစ်ခုလုံး ပျက်စီးရပေတော့မည်။

“တပည့် လုပ်လိုက်ပါ့မယ်” လော့ချင်းက ခေါင်းညိတ်၍ လက်ကျန် ရှုမိသားစုဝင်များဘက်သို့ လှည့်ကာ ပြောလိုက်၏ “ငါ့နောက်လိုက်ခဲ့”

သူတို့အနာဂတ် မှောင်မိုက်သွားပြီမှန်း ရှုမိသားစုဝင်များ သိကြသည်။ သို့သော်လည်း မငြင်းဆန်နိုင်ရာ လိုက်ရုံသာ ရှိလေသည်။ သူတို့ထဲမှ နှစ်ယောက်သည် သတိလစ်နေသည့် ရှုရှီပင်းကို မသယ်လိုက်ပြီး လော့ချင်နောက်သို့ အကုန်လုံး လိုက်သွားကြလေသည်။

“ဟိုင်ခဲမိသားစုလား” ချင်းတုန်က ရီအန်းကို လှမ်း၍ ကြည့်လိုက်သည်။

ရီအန်း တစ်ကိုယ်လုံး တုန်ရီသွားပြီး ချက်ချင်းပဲ ရှေ့သို့ တက်၍ နှုတ်ဆက်လိုက်လေသည် “ရီအန်း အကြီးအကဲချင်းကို နှုတ်ဆက်ပါတယ်။ ရီအန်း ကမူးရှူးထိုး လုပ်မိလိုက်လို့ပါ။ ကျေးဇူးပြုပြီး ချမ်းသာပေးပါဗျာ အကြီးအကဲချန်ရာ။ ကျေးဇူးပြုပြီး ချမ်းသာပေးပါဗျာ”

ချင်းတုန်က အေးစက်စက် အမူအရာဖြင့် ပြုံးလိုက်ပြီး “မင်းအသက်ကိုတော့ နည်းနည်း ဆက်ရှည်ခွင့် ပေးလိုက်ဦးမယ်။ ဘယ်လို ဆက်လုပ်မလဲ ဆိုတာကိုတော့ တူလေးရန်ကပဲ ဆုံးဖြတ်လိမ့်မယ်”

ကိုယ်ကိုယ်တိုင် လက်စားချေခြင်းသည် အကောင်ဆုံး လက်စားချေခြင်း ဖြစ်သည်။ ချင်းတုန်သည် စကား တစ်ခွန်းတည်းဖြင့် ရှုမိသားစုကို ဖျက်စီးလိုက်သည်။ သူသာ ဟိုင်ခဲမိသားစုကို ထပ်မံ ဖျက်စီးလိုက်မည်ဆိုပါက ရန်ကိုင် အနေဖြင့် သူ့ဒေါသကို မည်သည့် နေရာတွင် သွား၍ ဖွင့်ထုတ်ရတော့မည်နည်း။ ရန်ကိုင်သာ ဒေါသထွက်‌ဦးမည် ဆိုပါက ချင်းတုန်အနေဖြင့် အခြားကိစ္စများအကြောင်းကို သူနှင့် မည်ကဲ့သို့ ဆွေးနွေးနိုင်မည်နည်း။

ချင်းတုန်စကားကို ကြားပြီးနောက် ရီအန်းမျက်နှာ ဖြူလျော်သွားသည်။ ရန်ကိုင် လက်ထဲသို့သာ ရောက်လျှင် ကျိန်းသေ အဆုံးသတ်ကောင်းမည် မဟုတ်မှန်း သူသိသည်။

ထိုစဉ် ရန်ကိုင် မတ်တပ်ရပ်လာခဲ့သည်။ သူ့မျက်နှာသည် အနည်းငယ် ဖြူလျော်နေသေးသော်ငြား သူတော်စင်ချီ အရှိန်အမှာမူ အတော်လေး တည်ငြိမ်နေလေပြီ။

“အစီအရင်ကို ရပ်လိုက်တော့” ရန်ကိုင်က ယန်ယန်ကို လှမ်းအော်ပြောလိုက်သည်။

ယန်ယန် ခေါင်းညိတ်လိုက်ပြီး အစီအရင်ကို ပိတ်ချလိုက်လေသည်။ ချက်ချင်းဆိုသလို မြူခိုးထုကြီး ပျောက်ကွယ်သွားပြီး လိုဏ်ဂူရှေ့ရှိမြင်ကွင်း တစ်ဖန် ပြန်လည် ကြည်လင်လာခဲ့သည်။ ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကို၏ အခြေအနေကို မြင်ပြီးသည့်နောက် အကုန်လုံး သက်ပြင်းရှိုက်လိုက်မိကြသည်။

အစောပိုင်းတွင် ရန်ကိုင်သည် မြူခိုးထုထဲမှ လွင့်ထွက်လာပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည့် အတွက်ကြောင့် ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကို အခြေအနေ ကောင်းမည်ဟု အကုန်လုံး ထင်နေခဲ့သည်။ သို့သော်လည်း ထိုနှစ်ယောက်သည် ရန်ကိုင်ထက်ပင် ပို၍ အခြေအနေ ဆိုးလိမ့်မည်ဟု မည်သူ ထင်မည်နည်း။

နှစ်ယောက်စလုံး သွေးသံတရဲရဲ ဖြစ်နေခဲ့သည်။ သူတို့ ခန္ဓာကိုယ်ပေါ်ထက် လောင်ကျွမ်းရာမရှိသည့် နေရာဆို၍ မရှိချေ။ ဟုန်ကျန်းသည် လက်တစ်ဖက် ပြတ်နေပြီး သူ့စီနီယာ အစ်ကိုသည် ခြေထောက်တစ်ဖတ် ပြတ်နေ၏။ နှစ်ယောက်စလုံးသည် ကြောက်လန့်ကြား ဖြူလျော်လျော် မျက်နှာများဖြင့် လှည့်ပတ်ကြည့်နေကြလေသည်။

ရန်ကိုင် သက်ပြင်းသာ ချမိလိုက်သည်။ တန်ခိုးရှင် အဆင့်များကို အထင်သေးမိနေသေးမှန်း သူသိလိုက်ပြီ။ ရွှေရောင်သွေးစက်နှင့် ယန်ယန်၏ စိတ်ဝိဥာဉ်အစီအရင်ကို ပေါင်းသုံးမည်ဆိုပါက ထိုနှစ်ယောက်ကို သတ်နိုင် လိမ့်မည်ဟု ထင်နေခဲ့သော်လည်း တကယ် တိုက်ခိုက်သည့် အခါမှသာ သူမှားယွင်းနေမှန်း သဘောပေါက်လိုက်သည်။

သူတို့၏ ရှီသည် အံ့ဩဖွယ်ကောင်းလှသည်။ ရှီနှစ်ခု ပေါင်းစည်းလိုက်သော် ရန်ကိုင်၏ လှဒပ်ရှားမှုများကို နှောင့်ယှတ်နိုင်ပြီး သူ့တိုက်ခိုက်မှုကို နှေးချနိုင်သည်။ ယုတ်စွဆုံး သူမည်သည့်ဘက်မှ တိုက်ခိုက်လာမလဲ ဆိုသည်ကိုပင် ခန့်မှန်းနိုင်လေသည်။

ရွှေရောင်သွေးစက်ကို အသုံးမပြုဘဲနှင့် ထိုနှစ်ယောက်ကို ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၁၁၄၅)

ရန်ကိုင်သည် ရွှေရောင်သွေးစက်ကို သုံးခဲ့သော်လည်း ထိုနှစ်ယောက်၏ ခြေတစ်ဖက်နှင့် လက်တစ်ဖက်ကိုသာ ဖြတ်နိုင်ခဲ့သည်။ မတန်လိုက်လေခြင်း။

ရွှေရောင်သွေးစက်တစ်စက်သည် သူ၏ သုံးလတာ ကြိုးစားအားထုတ်မှုနှင့် ညီမျှကာ လွယ်လင့်တကူ ရထားသည့် အရာမျိုး မဟုတ်ပါချေ။

လောလောဆယ်တွင် ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကိုတို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြသည်။ အရှင်ဆုံး ပြောရလျှင် သူတော်စင်အဆင့် ပညာရှင်များပင် လက်ရှိ ထိုနှစ်ယောက်ကို အလွယ်တကူ သတ်နိုင်ပေသည်။ သို့သော် ချင်းတုန် ရှိနေသဖြင့် ထိုနှစ်ယောက်ကို သတ်၍မရ ဖြစ်နေခဲ့သည်။ မည်သို့ပင် ဖြစ်စေကာမူ ထိုနှစ်ယောက်သည် လအရိပ်ခန်းမ၏ တပည့်များပင် မဟုတ်လေလော။

ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကိုအား နှမြောတသဖြင့် ကြည့်လိုက်ပြီးနောက် ချင်းတုန်ဆီ လျှောက်သွားလိုက်၏။

“တူလေးရန်၊ နောက်ကျသွားတဲ့အတွက် ငါတကယ်ကို စိတ်မကောင်ဘူးကွာ။ ငါသာ စောစောရောက်လာခဲ့ရင် မင်း အခုလိုမျိုး ဒုက္ခရောက်ရမှာ မဟုတ်ဘူး”

ပြောနေရင်း ရန်ကိုင်နောက်ဘက်ရှိ လိုဏ်ဂူဆီ လှမ်း၍ ကြည့်လိုက်သည်။ ရန်ကိုင် နောက်ကွယ်ရှိ တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် သူ့အား စိတ်ပျက်သွားမည်ကို ချင်းတုန် အတော်လေး စိုးရိမ်ပူပန်နေမိသည်။ ချင်းတုန်သည် ရန်ကိုင်နှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် နည်းလမ်းမျိုးစုံသုံး၍ ကြိုးစားခဲ့သော်ငြား အမှိုက်ကောင် ရှဲ့ဟုန်ဝမ်က သူလက်နှင့်ရေးခဲ့သမျှကို ခြေဖြင့် ဖျက်သွားခဲ့သည်။

ရန်ကိုင် သေလောက်သည့် ဒဏ်ရာမရသွားသည်မှာ ကံကောင်းပေသည်။ ထို့အပြင် သူ့နောက်ကွယ်ရှိ တန်ခိုးရှင် အဆင့် ပန်းပဲပညာရှင်ကိုယ်တိုင် ထွက်မလာသေးသဖြင့် ချင်းတုန် အတော်လေး စိတ်သက်သာရာ ရနေမိသည်။ ထိုပန်းပဲပညာရှင်သာ သူတို့ လအရိပ်ခန်းမကို ဒေါသ ထွက်သွားမည် ဆိုပါက ကိုယ်တိုင်ကိုယ်ကျ ထွက်လာပြီး သူ့အား လာစကားပြောပေလိမ့်မည်။ သို့သော်လည်း ထိုပညာရှင်သည် ရှေ့သို့ ထွက်မလာလေရာ လက်ရှိ အခြေအနေကို ရန်ကိုင်ကိုယ်တိုင် ဖြေရှင်းနိုင်မည်ဟု အပြည့်အဝ ယုံကြည်ထားသည့်ပုံပင်။

လက်ရှိ ကိစ္စ၏ အမှန်တရားကို ချင်းတုန် မမြင်သည်မှာလည်း အထူးအဆန်းမဟုတ်။ ယန်ယန်၏ တည်ရှိမှုသည် လွန်စွာကိုမှ မယုံကြည်နိုင်ဖွယ်ရာ ကောင်းလှသည် မဟုတ်ပေလော။ သူခေါ်ချင်နေသော တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်သည် ယန်ယန် ဖြစ်လိမ့်မည်ဟု ချင်းတုန် မည်ကဲ့သို့ ထင်ပါမည်နည်း။

“ဒီလောက် အလေးထားနေစရာ မလိုပါဘူး အကြီးအကဲချင်းရာ၊ ဂျူနီယာလည်း ဘာဒဏ်ရာမှ ရတာမှ မဟုတ်တာ” ရန်ကိုင်က လက်သီးဆုပ်၍ ပြန်ပြောလိုက်၏။ ချင်းတုန်သည် သူ့အပေါ်ကောင်းသည်။ အခြားသော ရည်ရွယ်ချက် တစ်ခုကြောင့် သူ့အပေါ် ကောင်းနေသည့် ဆိုသည်တိုင် ကောင်းကင်သည်က ကောင်းသည်ပင်။ မကောင်းသော ရည်ရွယ်ချက် တစ်ခုခုကြောင့် ကောင်းပြနေခြင်း မဟုတ်။

အရိပ်ကြယ်ပေါ်သို့ သူရောက်သည်မှာ မကြာသေးရာ လအရိပ်ခန်းမ၏ အကြီးအကဲတစ်ဦးနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းမှာ လုပ်သင့်သည့်အရာ ဖြစ်သည်။ ထို့ကြောင့် သူ့ကိုယ်သူ မောက်မာမနေဘဲ ဂျူနီယာ တစ်ယောက်ကဲ့သို့သာ ပြုမူနေခြင်းဖြစ်သည်။

“ကောင်းတယ်၊ အရမ်းကောင်းတယ်” ချင်းတုန် ခေါင်းညိတ်လိုက်သည်။

“အကြီးအကဲချင်းရဲ့ နှင်းဆီရိုင်းဆေးလုံးကို ပြန်ပေးပါ့မယ်။ ဂျူနီယာမှာ ကုသရေးဆေးလုံးတွေ ရှိနေပြီးသား။ ဒါကြောင့် အခုလောလောဆယ် မလိုသေးဘူး။ အခုလို ဂရုစိုက်ပေးတာနဲ့တင် အကြီးအကဲချင်းကို ကျေးဇူးတင်နေပါပြီ” ရန်ကိုင်က နှင်းဆီရိုင်းဆေးလုံးကို ပြန်ပေးရင်း ပြောလိုက်သည်။

ချင်းတုန်၏ မျက်လုံးများ လက်သွားခဲ့သည်။ ရန်ကိုင် သူ့အပေါ် အကြွေးမဝင်လိုမှန်းကို သတိပြုမိသော် သူလည်း ထိုကိစ္စကို ဆက်လက်၍ တွန်းအားပေးမနေခဲ့ချေ။ ရယ်ရယ်‌မောမောဖြင့်သာ နှင်းဆီရိုင်းဆေးလုံးကို ပြန်၍ ယူလိုက်သည်။ ချင်းတုန်၏ အမြင်အရ ရန်ကိုင်၏ နောက်ကွယ်တွင် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် တစ်ယောက် ရှိနေသည်။ ထို့ကြောင့် သူ့တွင် ပစ္စည်းကောင်း ရှားပါးနေမည်မဟုတ်လေရာ ထိုဘာမဟုတ်သည့် ကုသရေး ဆေးလုံးတစ်လုံးကို ဘာကြောင့် ဂရုစိုက်နေမည်နည်း။

“တူလေးရန်၊ ရှုမိသားစုကိစ္စကိုတော့ ငါဖြေရှင်းလိုက်ပြီ။ ဟိုင်ခဲမိသားစုကတော့ မင်းနဲ့ ဆက်ဆံရေး နည်းနည်းပါးပါး ရှိနေတာဖြစ်လို့ မင်းလက်ထဲပဲ ထည့်ပေးလိုက်တော့မယ်” ချင်းတုန်သည် မြေခွေးအိုကြီးတစ်ကောင် ဖြစ်လေရာ ဤကဲ့သို့သော ကိစ္စများကို မည်ကဲ့သို့ ကိုင်တွယ်ရမည်လဲ ဆိုသည်ကို ကောင်းကောင်း သိထားပေသည်။

ဟိုင်ခဲမိသားစု ကိစ္စကို ရန်ကိုင်လက်ထဲသို့ ထည့်ပေး လိုက်ခြင်းမှာ ရန်ကိုင်ဘေးနားတွင် ဟိုင်ခဲမိသားစုဆီမှ ကျင့်ကြံသူများစွာကို မြင်လိုက်ရသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ အများစုကို မမှတ်မိသော်လည်း ဟိုင်ခဲ မိသားစု၏ အတော်ဆုံး တပည့်များထဲမှ တစ်ယောက် ဖြစ်သော ဝူရီကိုမူ မှတ်မိပေသည်။

ရန်ကိုင်က ကျေးဇူးတင်စကား ပြန်ပြောလိုက်ပြီးနောက် ရီအန်းအား လှမ်းကြည့်လိုက်သည်။ ရီအန်း မျက်နှာ သွေးဆုတ် ဖြူလျော်သွားပြီး ခြေမခိုင်တခိုင်းဖြင့် ရန်ကိုင်ဆီ လမ်းလျှောက်လာ၍ ပြောလိုက်သည် “ငါတို့ မျက်လုံး ရှိပေမယ့် မမြင်နိုင်ခဲ့ဘူး။ ဒီသခင်လေး ရောက်လာတဲ့ အခါတုန်းကလည်း ငါတို့ ဟိုင်ခဲမိသားစုက ဧည့်ဝတ် မကျေပွန်တဲ့အပြင် စော်ကားရန်စတာမျိုးတောင် လုပ်လိုက်မိသေးတယ်။ ကျေးဇူးပြုပြီး သင့်လျော်တဲ့ အပြစ်ဒဏ်ကို ပေးပေးပါ”

ရန်ကိုင်က အေးစက်စက် အမူအရာဖြင့်သာ နှာခေါင်းရှုံ့လိုက်သည်။ ရီအန်းသာ ရိုးရိုးသားသား တောင်းပန်မည် ဆိုပါက ဝူရီမျက်နှာကို ထောက်ပြီး သူတို့အား အပြစ်ပေးလိမ့်မည် မဟုတ်ချေ။ သို့သော် ရီအန်းသည် သူတို့ဘက်မှ ဧည့်ဝတ်မကျေပွန်ဟု ဆိုလာခဲ့ရာ ရန်ကိုင်သည် နဂါးလိုဏ်းဂူတောင်ဆီသို့ လာလည်သည့် ဧည့်သည်တစ်ယောက်သာ ဖြစ်ပြီး သူတို့ ဟိုင်ခဲမိသားစုမှာ အိမ်ရှင်ဖြစ်ကာ ဧည့်သည်မှ အိပ်ရှင်ကို အရှက်ရအောင် လုပ်ခြင်းသည် မသင့်လျော်ဟု စောင့်ချိတ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ချင်းတုန်သည်လည်း ထိုလူအိုကြီး၏ စကားအနက်ကို သိလေရာ လှောင်ပြုံးသာ ပြုံး၍ မျက်လုံးပိတ်လိုက်လေ၏။ ထိုအပေါစား သရုပ်သကွက်များကို သူစိတ်မဝင်စားချေ။

“ခင်ဗျားတို့ ဟိုင်ခဲမိသားစုက ကျုပ်ကို ဘယ်တော့မှ တိုက်ရိုက် မဆန့်ကျင်ခဲ့ဘူးဆိုပေမယ့် ကျုပ်ကို ခြိမ်းခြောက်တဲ့လူတွေ၊ စိတ်ညစ်အောင် လုပ်တဲ့လူတွေ အားလုံးကို ဘယ်တော့မှ ညှာတာလေ့မရှိဘူး” ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြောလိုက်ရာ ရီအန်း၏ ဒူးများ ပျော့ခွေလုမတတ် ဖြစ်သွားခဲ့ရသည်။

“ဒါပေမယ့်...” ရန်ကိုင်က ဆက်ပြောလိုက်သည် “ခင်ဗျားတို့အသက်က ကျုပ်နဲ့ဘာမှမဆိုင်ဘူး။ ခင်ဗျားတို့ အသက်ရှင်ချင်ရင် ဝူရီကိုသာ သွားပြောလိုက်”

ရီအန်း ကြောင်အမ်းအမ်း ဖြစ်သွားပြီး ချက်ချင်းပဲ ဝမ်းသာအူမြူးသွားလေသည်။ ချက်ချင်းပဲ ဒူးထောက်ပြီး ဦးညွှတ်ကာ “ကျုပ်တို့ အသက်ကို ချမ်းသာပေးတဲ့ အတွက် ဒီကသခင်လေးကို ကျေးဇူးအများကြီး တင်ပါတယ်”

ယနေ့တွင် ဟိုင်ခဲမိသားစု ပျောက်ကွယ်တော့မည် မဟုတ်မှန်း ရီအန်း သိလိုက်သည်။ ဝူရီ၏ စရိုက်ကို မည်သူထက်မဆို သူပိုသိပေသည်။ သူသာ တောင်းဆိုသရွေ့ ဝူရီအနေဖြင့် သူတို့အား ကျိန်းသေ သတ်လိမ့်မည် မဟုတ်ချေ။ တကယ်တော့ ဝူရီသည် သူတို့၏ မိသားစုဝင် ဖြစ်ခဲ့ဖူးသည် မဟုတ်ပေလော။

“ထွက်သွားတော့” ရန်ကိုင်က အော်ပြောလိုက်သည်။

“ဟုတ်ကဲ့။ ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ” ရီအန်း ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ဝူရီဆီသို့ လျှောက်သွားလေသည်။

“တူလေးရန်က သဘောထားကြီးတာပဲ။ ဒီအကြီးအကဲ ဆိုရင်တော့ ပြဿနာတွေ ရှင်းသွားအောင် အဲ့ကောင်တွေ အကုန်လုံးကို သတ်ပစ်လိုက်ပြီ” ချင်းတုန်က ဝင်၍ မှတ်ချက်ပေးလိုက်သည်။

ရန်ကိုင်သည် ယဲ့ယဲ့လေးသာ ပြုံးလိုက်ပြီး ဘာမှ ပြန်မပြောနေခဲ့ချေ။

သူ့အနေဖြင့် ရီအန်းကို ဝူရီရှေ့တွင် သတ်ဖို့ရာ မဖြစ်နိုင်ချေ။ တိုက်ခိုက်နေရင်းဆိုလျှင်မူ ဖြစ်နိုင်သည်။ သို့သော်လည်း ရီအန်းသည် သူ့အား မည်သည့် အန္တရာယ်မှ မပေးနိုင်လေရာ ရီအန်း အသက်ရှင်ရှင် မရှင်ရှင် သူ့အတွက် အရေးမကြီးပါချေ။ ရီအန်း မည်မျှ လိမ္မာပါးနပ်နေပါစေ သူ၏ မဖြစ်စလောက်ခွန်အားဖြင့် ရန်ကိုင်ကို ကြောက်အောင် မလုပ်နိုင်ပေ။

“တူလေးရန် ဒီသူတောင်းစားကောင်းကို မင်းဘယ်လို ကိုယ်တွယ်ဖြေရှင်းဖို့ စဉ်းစားထားလဲ။ မင်းဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် မင်းဆုံးဖြတ်ချက်ကို ငါအပြည့်အဝ ထောက်ခံပေးမယ်” ချင်းတုန်က ဖူးရောင်ကိုင်းနေသော ရှဲ့ဟုန်ဝမ်ကို လည်ဂုတ်မှဆွဲ၍ ရန်ကိုင်ရှေ့သို့ ပစ်ပေးလိုက်သည်။

ရန်ကိုင်သည် ရှဲ့ဟုန်ဝမ်ကို ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်လိုက်သည်။

သို့သော်လည်း ရန်ကိုင်၏ မျက်ဝန်းနက်များထဲ သိပ်သည်းလှသော သတ်ဖြတ်လိုစိတ်တို့ ဖြတ်ပြေး သွားသည်ကို ချင်းတုန် သတိပြုမိလိုက်ရာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ ရန်ကိုင်သည် ရီအန်းနှင့် စကားပြောရာတွင် မည်သည့် သတ်ဖြတ်လိုစိတ်ကိုမှ မထုတ်လွှတ်ခဲ့။ သို့သော် ရှဲ့ဟုန်ဝမ်ကိုမူ အမှန်တကယ် သတ်ချင်နေသည့်ပုံပင်။

ရှဲ့ဟုန်ဝမ် သေသွားလျှင် ပြဿနာ သိပ်မရှိပါချေ။ သို့သော် သူ့အဖေသည် ဂိုဏ်းထိန်းတစ်ယောက် ဖြစ်နေရာ ရန်ကိုင်သာ သူ့ကို သတ်လိုက်ပါက နောက်နောင်တွင် ပိုပို၍ ပြဿနာ များလာနိုင်ပေသည်။

ချင်းတုန်၏ ရိပ်ခနဲ ပြောင်းလဲသွားသည့် အမူအရာကို ရန်ကိုင် မြင်လိုက်ပေသည်။ ချန်းတုန်သာ ရှဲ့ဟုန်ဝမ် သေသေမသေသေကို အမှုမထားဘူး ဆိုပါက ရန်ကိုင်သည် ရှဲ့ဟုန်ဝမ်ကို ချက်ချင်း သတ်ပေလိမ့်မည်။ တကယ်တော့ မြွေတစ်ကောင်ကို လွှတ်ပေးလိုက်ခြင်းသည် တစ်ခါတည်း အသေသတ်လိုက်ခြင်းက ပိုကောင်းပေသည်။

ရှုမိသားစု၏ လုပ်ရပ်သည် ဥပမာဖြစ်ပေသည်။ သို့သော် ချင်းတုန်၏ စကားအသွားအလာနှင့် အမူအရာရသည် ရှဲ့ဟုန်ဝမ်ကို သတ်ခြင်းသည် ချင်းတုန် ကဲ့သို့သော အကြီးအကဲ တစ်ယောက်အတွက် ပြဿနာများလှသည်မှန်း ရန်ကိုင် သိလိုက်သည်။

ဂိုဏ်းထိန်းတစ်ယောက် မည်မျှ အားကောင်းသနည်း။ ဂိုဏ်းထိန်းတစ်ယောက်သည် အကြီးအကဲကိုပင် ပြဿနာ ပေးနိုင်သည်လား။

ချင်းတုန်သည် ရှဲ့ဟုန်ဝမ်၏ အဖေကို ကြောက်နေခြင်း မဟုတ်ဘဲ ရှဲ့ဟုန်ဝမ် အဖေနောက်ကွယ်ရှိ လူကို လန့်နေခြင်း ဖြစ်မှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်သည်။ ထိုအချက်ကို နားလည်လိုက်သည်နှင့် ရန်ကိုင် အတွေး နက်သွားခဲ့သည်။

ရှဲ့ဟုန်ဝမ်သည် တန်ခိုးရှင်အဆင့် ပညာရှင်နှစ်ယောက် ကိုခေါ်၍ ရန်ကိုင်အား ပြဿနာ လာရှာခဲ့သည်။ ယန်ယန်၏ အစီအရင်ကြောင့်သာ မဟုတ်ပါက ထိုလူများလက်မှ ထွက်ပြေးနိုင်မည် ဆိုလျှင်ပင် ဝူရီနှင့် ယန်ယန်သည် ထိုခွေးသူတောင်းစား၏ လက်ထဲ ရောက်သွားရပေလိမ့်မည်။ ဤကိစ္စကို ဤအတိုင်း ထားလိုက်၍ မဖြစ်ချေ။

ရှဲ့ဟုန်ဝမ်အား အချိန်မရွေး ထသတ်တော့မလို ဖြစ်နေသော တဖြည်းဖြည်း အားကောင်းလာနေသည့် ရန်ကိုင်၏ သတ်ဖြတ်လိုစိတ်ကို သတိပြုမိသော် ချင်းတုန်သည် ရှဲ့ဟုန်ဝမ်အား ဆောင့်ကန်လိုက်ပြီး ကျိန်ဆဲအော်ပြောလိုက်လေသည် “ခွေးကောင်လေး။ သွားတဲ့နေရာတိုင်း ငါတို့ အရိပ်လခန်းမကို ကျက်သရေ ယုတ်ကောင်လုပ်တဲ့ကောင်။ မင်းအဖေ ဂိုဏ်းထိန်း ဖြစ်တာနဲ့ လုပ်ချင်တိုင်း လုပ်လို့ ရပြီလို့ ထင်နေတာလား။ လအရိပ်ခန်းမရဲ့ အရှုပ်ထုပ်ကို ရှင်းကို မင်းကို အခု ချက်ချင်း ငါမသတ်ရဲဘူးလို့ ထင်နေတာလား”

ရှဲ့ဟုန်ဝမ်၏မျက်နှာ အပြောင်းကြီး ပြောင်းလဲသွားပြီး အလျင်စလို လေးဖက်ထောက်သွားလျက် ချင်းတုန်၏ ပေါင်ကိုဖက်ကာ ငိုကြွေးတောင်းပန်တော့လေသည် “ကျေးဇူးပြုပြီး ညှာတာပေးပါ အကြီးအကဲချင်းတုန်ရယ်။ တပည့်မှားမှန်း သိပါပြီ။ တပည့်နောက်ဆို အခုလိုမျိုး မလုပ်တော့ပါဘူး။ အရိပ်လခန်းမီဆီ ပြန်ရောက်တာနဲ့ ချက်ချင်း ကိုယ့်အပြစ်ကိုယ် ဆင်ခြင်နေလိုက်ပါ့မယ်။ ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ အကြီးအကဲချင်း”

ချင်းတုန် ရန်ကိုင်ဆီ တစ်ချက် လှမ်းကြည့်လိုက်သည်။ ရန်ကိုင်၏ သတ်ဖြတ်လိုစိတ် မပျောက်ကွယ်သေးသည်ကို မြင်သော် ကြိတ်၍ သက်ပြင်းချလိုက်သည်။ ဤမျှလောက်နှင့် ရန်ကိုင်၏ ဒေါသကို ပြေစေမည်မဟုတ်သေးမှန်း သိလိုက်ရာ လေသံကိုမြှင့်၍ ဒေါသသံပါပါနှင့် အော်ဟစ်လိုက်လေသည် “သူတော်စင်ဘုရင်လေးကများ လုပ်ချင်းတိုင်း လုပ်နေလို့။ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းပြီ ထင်နေတာလား။ မင်းကို တန်ခိုးရှင်အဆင့် နှစ်ယောက်ကို သက်တော်စောင့်အဖြစ် ပေးလိုက်မိတာ အမှားပဲ။ အဲ့နှစ်ယောက်ကြောင့်ပဲ ငါ့စကားကို မင်းအလေးမထားတာ။ အဲ့လိုဆိုမှတော့ အဲ့သူတောင်းစား နှစ်ကောင်ကို အရင်သတ်ပေးရမှာပေါ့”

ပြောပြီးသည်နှင့် လက်ကိုမြှောက်၍ ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကိုဆီ သူတော်စင်ချီဓါးသွားနှစ်ချောင်းကို ပစ်လွှတ်လိုက်လေသည်။

ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကိုသည် ယခုလေးတင်မှ သေမင်းခံတွင်မှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ မသေကောင်း မပျောက်ကောင်း ဖြစ်ခဲ့သည့်အတွက် ပျော်နေမိသော်ငြား ချင်းတုန်၏စကားကို ကြားလိုက်ရသည့် အတွက် သူတို့နှလုံးကို လက်အေးကြီး တစ်ဖက်က ဆုပ်ကိုင်လိုက်သလို ခံစားလိုက်ရသည်။ မည်သို့မှ မတုန့်ပြန်နိုင်သေးခင်မှာပဲ ချင်းတုန်၏ သူတော်စင်ချီ ဓါးချက်သည် သူတို့ဆီသို့ ရောက်ရှိနေခဲ့လေပြီ။

“အကြီးအကဲချင်း ကျေးဇူးပြုပြီး” ဟုန်ကျန်း ကြောက်အားလန့်အားနှင့် ထအော်တော့လေသည်။ သို့သော်လည်း သူ့စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူနှင့် သူ့စီနီယာအစ်ကို နဖူးထက် အပေါက်တစ်ပေါက် ပေါ်လာခဲ့သည်။ သူတို့၏ မျက်လုံးများ အလျင်အမြန် မှောင်ကျသွားခဲ့ပြီး တန်ခိုးရှင်အဆင့်နှစ်ယောက် ဤလောကမှ ပျောက်ကွယ်သွားခဲ့ရလေသည်။

ရှဲ့ဟုန်ဝမ် တောင့်တောင့်ကြီး ဖြစ်နေသည်။ ကြောက်လွန်းသဖြင့် ကြောက်သေးပင် ပါချနေလေကာ မျက်နှာတစ်ခုလုံးဟာလည်း စက္ကူဖြူတစ်ရွက်နှယ် ဖွေးဆုတ်နေခဲ့လေပြီ။

ရန်ကိုင်လည်း မှင်သက်နေသည်။

အကြီးအကဲချင်းသည် တန်ခိုးရှင်အဆင့် နှစ်ယောက်ကို သတ်လိုက်လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ အကြီးအကဲ ချင်းတုန်၏ စကားအရ သူထင်ခဲ့သည်ကား အကြီးအကဲ ချင်းတုန်သည် ရှဲ့ဟုန်ဝမ်၏ နောက်ခံကို သတိပေးရင်း ညှာတာသင့်သည့်နေရာတွင် ညှာတာသင့်သည်ဟု သူ့အား သတိပေးနေခြင်း ဖြစ်သည်ဟုပင်။

ရန်ကိုင်လည်း နောက်သို့ တစ်လှမ်းဆုတ်ပေးပြီး ရှဲ့ဟုန်ဝမ်ကို မသတ်ခဲ့သည့်အတွက် အလျော်အစား ပြန်တောင်းမည်ဟုပင် စဉ်းစားနေသေးသည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်း အကြီးအကဲချင်းတုန်သည် တန်ခိုးရှင်အဆင့် နှစ်ယောက်ကို သတ်လိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

ခဏတာ ကြောင်အမ်းအမ်း ဖြစ်နေပြီးသည့်နောက် ရန်ကိုင် အူမြူးသွားခဲ့ပြီး သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသက်သွင်း၍ သေဆုံးသွားသော တန်ခိုးရှင်နှစ်ယောက် နာမ်ဝိဥာဉ်နှစ်ခုကို သူ့အသိစိတ်ပင်လယ်ထဲသို့ စုပ်ယူ၍ ရွှေရောင်အလင်းတန်းဖြင့် သန်စင်ပစ်လိုက်လေသည်။

ရွှေရောင်သွေးစက်နှင့် ယန်ယန်၏ အစီအရင်းကို ပေါင်းစပ်၍ အသုံးပြုသည့်တိုင် ထိုနှစ်ယောက်ကို မသတ်နိုင်ခဲ့သဖြင့် ရန်ကိုင် အတော့်ကို စိတ်ညစ်ခဲ့ရသည်။ ထိုနှစ်ယောက်ကို မသတ်လိုက်နိုင်ခြင်းသည် ရှီအား လေ့လာနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးလိုက်ခြင်းနှင့် အတူတူပင်။ သို့သော်လည်း ချင်းတုန်သည် သူအပြီး မပြတ်လိုက်နိုင်သော ကိစ္စကို အပြီးဖြတ်ပေးသွားခဲ့သည်။

သို့သော်လည်း မကြာမီ ချင်းတုန် ဘာကြောင့် ထိုကဲ့သို့ လုပ်လိုက်မှန်း နားလည်သွားခဲ့သည်။ ဟုန်ကျန်းနှင့် သူ့စီနီယာ အစ်ကိုတို့ နှစ်ယောက်သည် ဒုက္ခတိ ဖြစ်နေပေပြီ။ သူတို့ မသေသေးသော်ငြား သူတို့၏ အနာဂတ်သည် လုံးဝကို မှောင်မိုက်နေပြီမှ မလွဲမသွေပင်။ ပြတ်သွားသော လက်၊ ခြေထောက်များကို အသစ်ပြန်ထွက်စေနိုင်သော ဆေးလုံး ဤလောကကြီးတွင် လောလောဆယ် မရှိသေးချေ။ ထိုအသုံးမဝင်တော့သည့် တန်ခိုးရှင်အဆင့် နှစ်ယောက်ကို စတေးလိုက်ခြင်းဖြင့် ရန်ကိုင်၏ ဒေါသကို ပြေစေကာ ရှဲ့ဟုန်ဝမ်ကို ကယ်တင်လိုခြင်းပင် ဖြစ်သည်။

ထိုနှစ်ယောက်‌ သေသွားပြီးသည့်နောက် ရှီအား လေ့လာနိုင်မည့် အခွင့်အရေးကို ပြန်ရလိုက်သဖြင့် ရန်ကိုင်၏ ဒေါသ အတော်လေး လျော့ပါသွားခဲ့ရလေရာ ချင်းတုန်လည်း ထိုအခါမှသာ သက်ပြင်းချလိုက်နိုင်သည်။ ရန်ကိုင်၏ အမူအရာ ပြေလျော့သွားရခြင်းမှာ သေသွားသော တန်ခိုးရှင်အဆင့် နှစ်ယောက်၏ နာမ်ဝိဥာဉ်ကို စုပ်ယူ၍ ရှီအား လေ့လာနိုင်တော့မည် ဖြစ်သောကြောင့် ဆိုသည်ကိုမူ ချင်းတုန် မသိပါချေ။

All Chapters