← Chapters

အခန်း (၁၁၄၆-၁၁၅၀)

Vol. 46 Ch. 1146-1150

အခန်း (၁၁၄၆-၁၁၅၀)

Vol. 46 Ch. 1146-1150

အပိုင်း(၁၁၄၆)

ဝမ်းသာနေသည်ကို မျက်နှာထက် မပေါ်စေဘဲ အသာအယာ ချောင်းဟန့်၍သာ ပြောလိုက်သည် “လက်သည်လည်း အပြစ်ပေးခံရပြီးပြီ ဆိုမှတော့ ကျုပ်လည်း ဒီကိစ္စကို လျော်ပေးလိုက်ပါတော့မယ်လေ။ သခင်လေးရှဲ့ အနေနဲ့ နောက်ပိုင်းကျ တစ်ခုခု မလုပ်ခင် သေချာစဉ်းစားဖို့ လိုလိမ့်မယ်နော်”

“ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်။ အစ်ကိုကြီးကို ကျေးဇူးအများကြီးတင်ပါတယ်။ အကြီးအကဲချင်းတုန် ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်” ရှဲ့ဟုန်ဝမ်က ထိုလူအုပ်ကို ဝေ့ကြည့်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။

“မင်းဘာလို့ ထွက်မသွားသေးတာလဲ” ချင်းတုန်က ဒေါသတကြီး အော်လိုက်ရာ ရှဲ့ဟုန်ဝမ်လည်း အလျင်အမြန် ထရပ်ပြီး ဒယီးဒယိုင်ဖြင့် ထွက်ပြေးသွားလေသည်။ ကံကောင်းထောက်မပြီး လွတ်ကင်းခွင့် ရခဲ့သော သူ့အသက်လေးအား ပြန်ဆုံးရှုံးသွားရမည်ကို ကြောက်ရွံ့နေရာ နည်းနည်းလေးမျှပင် ထပ်မနေရဲတော့ပေ။

ထိုကိစ္စ ပြီးဆုံးသွားပြီဂနောက် အကုန်လုံး ကျေနပ် သွားခဲ့ကြလေသည်။

သေဆုံးသွားသော တန်ခိုးရှင်အဆင့် ပညာရှင် နှစ်ယောက်၏ နာမ်ဝိဥာဉ်များကို စုပ်ယူနိုင်ခဲ့သည့် အတွက်ကြောင့် ရှီကိုလေ့လာရင်း ထိုနှစ်ယောက်၏ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် နားလည် သဘောပေါက်မှုများကို‌ လေ့လာနိုင်လေပြီ။ ထို့ကြောင့် ရန်ကိုင် အတော်လေး ပျော်နေမိသည်။

ရှဲ့ဟုန်ဝမ်အတွက်မူ ချင်းတုန်၏ မျက်နှာကြောင့် လွှတ်ပေးလိုက်ရုံမှတစ်ပါး အခြားမရှိချေ။ သူသာ ရှဲ့ဟုန်ဝမ်ကို မရရအောင် သတ်လိုက်မည် ဆိုပါက ချင်းတုန် သူ့အား မကျေမနပ် ဖြစ်သွားနိုင်ပေသည်။

တစ်ဖက်တွင်မူ ချင်းတုန်သည်လည်း ရှဲ့ဟုန်ဝမ်ကို ကယ်တင်လိုက်နိုင်သဖြင့် အတော်လေး ကျေနပ်နေမိသည်။ ရန်ကိုင်သည် ငယ်သေးသော်လည်း မည်သည့် အချိန်တွင် ရှေ့တိုးရမည်၊ မည်သည့် အချိန်တွင် နောက်ဆုတ်ရမည် ဆိုသည်ကို ကောင်းကောင်း သိထားသည်။ တကယ်ကို လေးစားဖွယ်ကောင်သည့် အရည်အချင်းတစ်ရပ်ပင်။

နောက်ဆုံးရလဒ်သည် နှစ်ဦးနှစ်ဖက်စလုံးအတွက် ပြေရာပြေကြောင်း ဖြစ်သွားသည်။

“အခုလို ကူညီပေးခဲ့တဲ့အတွက် အကြီးအကဲချင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီကျေးဇူးကို ဂျူနီယာ မမေ့ပါဘူး” ရန်ကိုင်က ချင်းတုန်အား ကျေးဇူးတင်စကား ဆိုလိုက်သည်။ ချင်းတုန်သာ စောစော ရောက်မလာပါက ဤနေရာတွင် ရှိသူတိုင်းကို သူသတ်ပြီးလောက်ပေပြီ။

ရှဲ့ဟုန်ဝမ်ကိုသာ သတ်လိုက်မည် ဆိုပါက ဤနေရာ၌ ဆက်နေနိုင်တော့မည် မဟုတ်ချေ။ ထိုသို့ ဖြစ်လာသည့်အခါ အောက်ဘက်ရှိ လေဟာနယ်ဝိဥာဉ် သလင်းကျောက်တွင်းကို လက်လွှတ်ရပေလိမ့်မည်။ ထို့ကြောင့် ချင်းတုန်ကို ရန်ကိုင် ကျေးဇူးတင်မိခြင်း ဖြစ်သည်။

“တူလေးရန်က အရမ်း ယဉ်ကျေးနေတာပဲ” ချင်းတုန်က ရယ်မော၍ ပြောလိုက်သည် “ငါဘာမှ မလုပ်ရပါဘူးကွာ။ မင်းကသာ လူအများကြားက နဂါးတစ်ကောင်လို့ ပြောရမှာ။ သူတော်စင်ဘုရင် ပထမအဆင့်လေးနဲ့ တန်ခိုးရှင်အဆင့် နှစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်တယ် ဆိုကတည်းက တူလေးရန်ရဲ့ အနာဂတ်က တောက်ပဖို့ သေချာနေပြီ”

“အဲ့ဒါကိုတော့ ကျုပ်မခံယူဝင့်ပါဘူးဗျာ။ စိတ်ဝိဥာဉ် အစီအရင်ကြောင့်သာ ဟိုနှစ်ယောက်ကို ဒဏ်ရာရအောင် လုပ်လိုက်နိုင်တာ။ ကျုပ်ဘသာဆိုရင်တော့ အဲ့လိုမျိုး လုပ်နိုင်မှာ မဟုတ်ဘူး” ရန်ကိုင်က အသာအယာ ပြုံးလိုက်၏။

ချင်းတုန်သည် အခြေအနေကို ကောင်းကောင်း နားလည်ထားကာ စိတ်ဝိဥာဉ်အစီအရင်ကိုလည်း တစ်ချက် နှစ်ချက်မျှ ကြည့်ပြီးသွားခဲ့လေပြီ။ သို့သော်လည်း လက်ရှိ၌ စိတ်ဝိဥာဉ်အစီအရင်ကို အသက်မသွင်းထားသဖြင့် ထိုအစီအရင်ကို မစစ်ဆေးနိုင် ဖြစ်နေခဲ့ရသည်။ ယခုတွင် ရန်ကိုင်သည် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် တစ်ယောက် သာမက အားကောင်းသည့် အစီအရင်ပညာရှင် တစ်ယောက်ပါ ဖြစ်နေသည်ကို သိရှိလိုက်ရလေပြီ။

ချင်းတုန်၏ ခန့်မှန်းချက် မှန်ကန်ပေသည်။ သို့သော် ထိုပညာရှင် ဘယ်သူဘယ်ဝါ ဖြစ်သည်ဆိုသည်ကိုမူ သူလုံးဝ မသိသေးချေ။ မှော်ရတနာများကို ပြုလုပ်ခဲ့သည့် ပညာရှင်သည် ယန်ယန် ဖြစ်သည်။ အစီအရင်အား ခင်းကျင်းခဲ့သည့်လူသည် ယန်ယန် ဖြစ်သည်။ ထိုယန်ယန်သည် လက်ရှိတွင် ချင်းတုန်ရှေ့၌ ရှိနေသည်။ သို့သော်ငြား ကံမကောင်းစွာဖြင့် ချင်းတုန်သည် ထိုအချက်ကို မသိခဲ့ပါချေ။

“တူလေးရန်မှာ နေစရာနေရာ ရှိလား” ချင်းတုန်က မေးလိုက်သည် “မရှိရင် လအရိပ်ခန်းမဆီ လာလို့ ရတယ်နော်။ တူလေးရန်ရဲ့ အရည်အချင်းနဲ့ဆို လအရိပ်ခန်းမဆီ ဝင်လိုက်တာနဲ့ အဓိကတပည့် တန်းဖြစ်လာမှာ သေချာတယ်။ တူလေးရန် စိတ်ဝင်စားလား”

ချင်းတုန် ဘာတွေးနေမှန်းကို ရန်ကိုင် မသိဘဲ ဘယ်နေမည်နည်း။ ချက်ချင်းပဲ ခေါင်းခါလိုက်ကာ “မလိုပါဘူး။ ကျေးဇူးပါပဲ။ ဒီမှာလည်း အဆင်ပြေတယ်။ ဂျူနီယာက လွတ်လွတ်လပ်လပ် နေရာကို ကြိုက်တဲ့လူ ဆိုတော့ လအရိပ်ခန်းမထဲသာ ဝင်လိုက်မယ်ဆိုရင် ကိုယ့်ကိုယ်ကို အရှက်ရအောင် လုပ်သလို ဖြစ်နေမှာပဲ စိုးမိတယ်ဗျာ”

ချင်းတုန် ယဲ့ယဲ့လေး ပြုံးလိုက်ပြီး ထိုကိစ္စကို ချက်ချင်း ဘေးဖယ်ထားလိုက်တော့လေသည်။ သူသာ ထိုကိစ္စကို ဆက်ပြောနေမည်ဆိုပါက သူ့ကြိုးစားအားထုတ်မှုအားလုံး အလဟဿ ဖြစ်သွားလိမ့်မည် ဆိုသည်ကို ချင်းတုန် သိပေသည်။ ထို့အစား လိုဏ်ဂူဆီ လှမ်းကြည့် လှမ်းကြည့် လုပ်ရင်း နေရာတွင်သာ ရပ်နေသည်။ ရန်ကိုင် အထဲသို့ ဖိတ်ခေါ်မည်ကို သူစောင့်နေခြင်းပင်။

ရန်ကိုင် နောက်ကွယ်ရှိ တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်နှင့် စိတ်ဝိဥာဉ်အစီအရင် ပညာရှင် ဖြစ်သော ဆရာကြီးသည် လိုဏ်ဂူထဲတွင် နားနေပေသည်။ ထို့ကြောင့် သူသာ လိုဏ်ဂူထဲသို့ ဖိတ်ခေါ်ခံရမည်ဆိုပါက ထိုဆရာကြီးနှင့် တွေ့ကောင်းတွေ့နိုင်ပေလိမ့်မည်။

ချင်းတုန် စကားမပြော။ ရနန်ကိုင်ကလည်း စကား မပြော။ လက်ရှိတွင် ရန်ကိုင်သည် လိုဏ်ဂူထဲသို့ ချက်ချင်း ပြန်ပြေးပြီး ရှိဆိုသောအရာကို လေ့လာချင်နေသည်မှာ တစ်ပိုင်းသေနေလေပြီ။ ထိုသို့ဖြစ်လေသဖြင့် လက်ရှိအချိန်၌ အခြားကိစ္စများကို သူစိတ်မဝင်စားနိုင်သေးချေ။ အဓိက ပြဿနာသည်ကား ချင်းတုန်အား ထွက်သွားရန်အတွက် ရှင်းရှင်းလင်းလင်း လမ်းကြောင်းမပြလိုက်ခြင်းပင်။

နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြည့်နေကြလေရာ မကြာမီမှာပင် နှစ်ယောက် ကြားရှိ အခြေအနေ ကိုးယိုးကားယား ဖြစ်လာခဲ့ရသည်။

“အကြီးအကဲချင်ကို ဝူရီ နှုတ်ဆက်ပါတယ်” ထိုအချိန်၌ ဝူရီသည် ယန်ယန်နှင့်အတူ ရောက်လာပြီး အကြီးအကဲ ချင်းတုန်ကို လာနှုတ်ဆက်ခဲ့သဖြင့် နှစ်ယောက်သားကြားရှိ ကိုးယိုးကားယား အခြေအနေ ပျက်စီးသွားခဲ့ရလေသည်။

“ကောင်းတယ် ကောင်းတယ် ကောင်းတယ်” ချင်းတုန်က ပြုံးကာ ခေါင်းညိတ်၍ “နင်က ဟိုင်ခဲ မိသားစုက တပည့်တစ်ယောက်လား”

“အရင်ကတော့ ဟုတ်တယ်။ အခုကတော့ ဟိုင်ခဲ မိသားစုကနေ ခွဲထွက်လိုက်ပြီး။ အခု ကျွန်မက စီနီယာ အစ်ကို ရန်ကိုင်နောက် လိုက်နေတာ” ဝူရီက ပြန်ပြော၏။

“အရမ်းကောင်းတယ်။ တူလေးရန်နောက်သာ လိုက်မယ်ဆိုရင် နင့်အနာဂတ်က အခြားဟိုင်ခဲ မိသားစုဝင် တွေထက်ကို ပိုပြီး တောက်ပနေမှာ အသေအချာပဲ။ နင်က မြင်တတ်တာပဲ ကောင်မလေးရဲ့။ ကြိုးစားထား၊ တူလေးရန်ရဲ့ စိတ်နဲ့ကိုယ်ကိုပါ အပိုင်သိမ်းနိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပဲ”

ဒီသောက်အိုနာကျိုးကန်းကတော့ အပိုတွေ လျှောက်ပြီး ပြောနေတယ် ရန်ကိုင် ကြိတ်၍ ကျိန်ဆဲလိုက်သည်။

ဝူရ မျက်နှာ နီရဲသွားပြီး နှုတ်ခမ်းလေးကို ကွေးလျက် ကူကယ်ရာမဲ့စွာပြုံးကာ ပြောလိုက်သည် “ဒီဝူရီရဲ့ အနာဂတ်က အကန့်အသတ်နဲ့လေ။ စီနီယာအစ်ကိုရန်နဲ့ ဘယ်လိုလုပ်ပြီး ထိုက်တန်ပါ့မလဲ”

သူမကိုယ်သူမ နှိမ့်ချပြောနေခြင်းမဟုတ်၊ ရန်ကိုင်၏ အရည်အချင်းကို မြင်တွေ့လိုက်ပြီးနောက် အနည်းငယ်သော မိန်းမများသာ ရန်ကိုင်နှင့် ထိုက်တန်သည်ဟု အမှန်တကယ် ခံစားမိသွားသည်။ ထိုမိန်းမများထဲ သူမ မပါချေ။ ထို့အပြင် လောလောဆယ် ယောကျာ်းနှင့် မိန်းမကြားမှ အချစ် အကြောင်းကို သူမ စိတ်မဝင်စားသေးချေ။

“ဒါက...” ထို့နောက် ချင်းတုန်သည် ယန်ယန်ဆီ လှမ်းကြည့်လိုက်သည်။ ယန်ယန်နှင့် ဝူရီနှင့်အတူ ဤနေရာသို့ ရောက်လာမှဖြင့် သူမ၏ အဆင့်အတန်းသည် နိမ့်ကျဟန်မတူ။ ထို့ကြောင့် ချင်းတုန်အနေဖြင့် သူမကို လျစ်လျူရှုထား၍ မဖြစ်ချေ။

“ဒါက ကျွန်တော့် ဂျူနီယာညီမလေ” ယန်ယန် မပြောရသေးခင်မှာဘဲ ရန်ကိုင်က လက်ဦးမှုရယူကာ ယန်ယန်ကို မိတ်ဆက်ပေးလိုက်သည်။

ဝူရီနှင့် ယန်ယန်တို့ နှစ်ယောက်စလုံး ရန်ကိုင်ကို အံ့အားသင့်တကြီး အမူအရာဖြင့် ကြည့်လိုက်သည်။

“အို၊ တူလေးရန်ရဲ့ ဂျူနီယာညီမလား”

“သူက သူတော်စင်အဆင့် ပန်းပဲပညာရှင်ပဲ” ရန်ကိုင်က ထပ်ပေါင်းပြောလိုက်သည်။

ချင်းတုန်၏ မျက်လုံးများ တောက်ပသွားလေသည်။ အားပါးတရ ရယ်မောလျက် ခေါင်းညိတ်၍ “ဒီလောက် ငယ်ငယ်လေးနဲ့ သူတော်စင်အဆင့် ပန်းပဲပညာရှင် ဖြစ်နေတာ တကယ် တော်တာပဲ။ တူလေးရန်ရဲ့ ဂျူနီယာ ညီမလေးကလည်း တူလေးရန်အောက် မကျဘူးနဲ့ တူတယ်နော်”

“ကျုပ်ဂျူနီယာညီမပဲ။ မတော်လို့ ဘယ်ဖြစ်ပါ့မလဲ” ရန်ကိုင်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

“ငါ့ဂိုဏ်းက တပည့်တွေကို တော်တယ် မှတ်နေတာ မင်းတို့ စီနီယာဂျူနီယာ နှစ်ယောက်ရဲ့ အရည်အချင်းကို မြင်လိုက်ရတော့မှပဲ မျက်စိပွင့်နားပွင့် ဖြစ်သွားရတယ်။ တူလေးရန်တို့ နှစ်ယောက် ငါတို့ လအရိပ်ခန်းမထဲ မဝင်တာ တကယ်ကို ကံမကောင်းတာပဲ”

“နောက်ပိုင်း ဂိုဏ်းတစ်ခုခုထဲ ဝင်ဖြစ်မယ်ဆိုရင် လအရိပ်ခန်းမက ကျုပ်တို့ရဲ့ ပထမဦးစားပေး ဖြစ်လာမှာပါ”

ချင်းတုန်က ရယ်မောလိုက်ပြီး ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်၍ “ကောင်းပြီလေ။ အဲ့အချိန်ကို ငါစောင့်နေပါ့မယ်”

ရန်ကိုင် သူ့အား အထဲသို့ ဖိတ်ခေါ်မည့်ဟန် မပြသည်ကို မြင်သော် ချင်းတုန်လည်း အထဲသို့ဝင်ရန် ကြိုးစား မနေတော့ဘဲ စကားနည်းနည်းပါးပါး ပြောပြီးနောက် နှုတ်ဆက်စကားပြောကာ ထွက်သွားလေသည်။

ထွက်မသွားချင် ချင်းတုန် နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

“အကြီးအကဲချင်းတုန် ဘာပြောချင်လို့လဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

ချင်းတုန်က အမြန်ပဲ ပြန်မေးလိုက်သည် “လာမယ့် ရတနာစံအိမ် လေလံပွဲကို တူလေးရန် တက်ချင်မလားလို့ မေမလို့ပါ”

“လေလံပွဲလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ လေလံပွဲများသို့ သူတစ်ခါမှ မသွားဖူးချေ။ ထို့အပြင် လက်ရှိတွင်လည်း လေလံပွဲတက်ချင်စိတ် မရှိချေ။ သူ့စိတ်ထဲ ရှိသည်ကား ရှီကို အမြန်ဆုံး လေ့လာရန်ပင်။ ငြင်းတော့မည် အပြု ဝူရီနှင့် ယန်ယန်တို့ စိတ်ဝင်စားနေကြသည်ကို မြင်သော် ပြောတော့မည့်စကားကို ချက်ချင်းပဲ ပြန်ပြောင်းလိုက်လေသည် “လေလံပွဲကို ဘယ်နေရာမှာ ကျင်းပမှာလဲ”

ချင်းတုန်က သူ့သိုလှောင်လက်စွပ်ထဲမှ ရွှေရောင်ဖိတ်စာ တစ်ခုကို ထုတ်၍ ရန်ကိုင်ဆီ ပေးလိုက်သည် “နေရာနဲ့ အချိန်ကို ဒီပေါ်မှာ ရေးထားတယ်။ တူလေးရန် အားတယ် ဆိုရင် ဘာမှမဝယ်ဘူး ဆိုရင်တောင် စိတ်ပြေလက်ပျောက် လာကြည့်လို့ရတယ်။ ရောင်းစရာတစ်ခုခု ရှိတယ် ဆိုရင်လည်း လေလံပွဲက သလင်းကျောက်ရှာလို့ အကောင်းဆုံး နေရာတစ်ခုပဲ။ လေလံပွဲမှာ ရောင်းရတဲ့ ဈေးက ပုံမှန်ဈေးနှုန်းတွေထက် ပိုမြင့်တယ်လေ”

ရန်ကိုင်သည် ဖိတ်စာကို လက်ခံထားလိုက်သည်။ သို့သော် ဖွင့်မကြည့်ဘဲ ဝူရီလက်ထဲသို့သာ ထည့်ပေးလျက် ပြန်ပြောလိုက်သည် “အချိန်ရှိရင် လာခဲ့ပါမယ်”

“ကောင်းပြီလေ။ အဲ့အချိန်ကျရင် အဲ့မှာ ဒီလူအိုကြီး ရှိနေမှာ။ တူလေးရန် ရောက်လို့ တစ်ခုခု လိုအပ်တယ်ဆိုရင် ဒီလူအိုကြီး နာမည်ကိုသာ ပြောလိုက်” ချင်းတုန်က ထိုကဲ့သို့ ပြောပြီးနောက် ထွက်သွားလေသည်။

ချင်းတုန် ထွက်သွားပြီးနောက် ဘေးပတ်လည်သို့ လှည့်ကြည့်လိုက်ရာ ဟိုင်ခဲမိသားစုလည်း မရှိတော့သည်ကို တွေ့လိုက်ရသည်။ ဘာတွေ ဖြစ်ပျက်သွားခဲ့မှန်း မသိသော်ငြား ဝူရီ ဟိုင်ခဲမိသားစုကို ထိခိုက်အောင် လုပ်မည် မဟုတ်မှန်းကိုမူ သူသိသည်။

“ရန်ကိုင်၊ ဘာလို့ငါ့ကို နင့်ဂျူနီယာညီမလေးလို့ ပြောလိုက်တာလဲ” ယန်ယန်က ရန်ကိုင်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

“အထဲ အရင်သွားကြရအောင်” ရန်ကိုင်က ချက်ချင်း မရှင်းပြသေးဘဲ အထဲသို့ ခေါ်လိုက်သည်။

လိုဏ်ဂူ အပြင်ဘက်တွင် ရှိနေသော ယုဖုန်းနှင့် ဟိုင်ခဲ မိသားစုမှ တပည့်များသည် ရန်ကိုင်အား လေးစားအားကျမှု အပြည့်ဖြင့် ကြည့်နေကြလေသည်။

အစီအရင် အကူအညီဖြင့် တန်ခိုးရှင်နှစ်ယောက်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်သည့်တိုင် သာမန် ကျင့်ကြံသူတစ်ယောက် အနေဖြင့် ထိုကဲ့သို့ မည်သို့မှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ အစောပိုင်းက အပြင်လူများစွာ ရှိနေသည့်အတွက် သူတို့ကိုယ်သူတို့ ထိန်းထိန်းသိမ်းသိမ်း နေခဲ့ရသည်။ ယခု ဘယ်သူမှ မရှိတော့လေရာ သူတို့၏ ထိတ်လန့်လေးစားမှုတို့ကို ဖွင့်ထုတ်နိုင်လေပြီ။

“ပြန်သွားပြီး ကျင့်ကြံကြတော့” ပြောပြီးသည့်နောက် ဝူရီနှင့် ယန်ယန်ကို သူနေသည့် အခန်းဆီ ခေါ်သွားပြီး အခန်းတံခါးကို ပိတ်လိုက်သည်။

ရန်ကိုင် အမူအရာ လေးနက်နေသည်ကို မြင်သော် ယန်ယန်နှင့် ဝူရီလည်း အလိုလို လေးနက်မိသွားကြသည်။ ရန်ကိုင်တွင် ပြောစရာ အရေးကြီးကိစ္စတစ်ခုခု ရှိနေခြင်း ဖြစ်ရပေမည်။ မဟုတ်လျှင် ထိုကဲ့သို့ မျက်နှာမျိုး လုပ်လိမ့်မည် မဟုတ်ချေ။

“ချင်းတုန် ဘာလို့ ငါ့အပေါ် ဒီလောက်ကောင်းနေလဲ ဆိုတာကို နင်တို့ သိချင်နေကြတာမလား” ရန်ကိုင်က ထိုနှစ်ယောက် မေးချင်နေသည့် မေးခွန်းကို ကောက်မေးလိုက်သည်။

“ဟုတ်တယ်” ဝူရီ ခေါင်းညိတ်လိုက်သည်။

“ဘာလို့ ကောင်းနေရလဲ ဆိုတော့...” ရန်ကိုင်က ယန်ယန်ကို ကြည့်၍ “သူ့ကြောင့်ပဲပေါ့”

ဝူရီက ပြန်မေးလိုကသည် “ယန်ယန်ရဲ့ အစီအရင် စွမ်းရည်ကြောင့်လား”

ရန်ကိုင်က ခေါင်းခါလိုက်ပြီး “ယန်ယန်က တန်ခိုးရှင် အဆင့် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်နေလို့ပဲ”

“ဘယ်လို” ဝူရီ အလန့်တကြား ထအော်မိလိုက်သည်။ ဝူရီ ဤနေရာသို့ ရောက်လာစဉ်က ယန်ယန်သည် မည်သည့် မှော်ရတနာကိုမှ ထလုပ်ခဲ့ခြင်း မရှိဘဲ တစ်ချိန်းလုံး စိတ်ဝိဥာဉ် အစီအရင်များကိုသာ ခင်းကျင်းနေသဖြင့် ယန်ယန် ပန်းပဲထုတတ်သည် ဆိုသောအချက်ကို ဝူရီ သတိမပြုမိ ဖြစ်ခဲ့ရသည်။ သို့သော်လည်း ရန်ကိုင်ကိုယ်တိုင် ရှင်းပြလာသည့် အခါမှသာ ချင်းတုန် ဘာကြောင့် ရန်ကိုင် ကောင်းပြနေသလဲ ဆိုသည်ကို နားလည်သွားရတော့၏။

“ငါ့နောက်ကွယ်မှာ တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် တစ်ယောက် ရှိမှန်း ချင်းတုန်သိတယ်။ ဒါပေမယ့် အဲ့လူက ယန်ယန်မှန်းတော့ မသိဘူး။ အဲ့ပန်းပဲပညာရှင်က ငါ့ဆရာလို့ သူထင်နေတာ” ရန်ကိုင် သူ့ခန့်မှန်းချက်ကို ပြောလိုက်သည်။

“ငါသိသပြီ။ သူနင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံ နေရတာက နင့်ဆရာဆိုတဲ့လူနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်နေတာကြောင့်ကိုး” ဝူရီ ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်။ အရိပ်ကြယ်ပေါ်က အဆင့်အမြင့်ဆုံး ပန်းပဲပညာရှင်က တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်ဆိုတာ ငါမသိခဲ့လို့။ သိခဲ့ရင် အဲ့မှော်ရတနာတွေကို သွားရောင်းမှာ မဟုတ်ဘူး။ အခုတော့ ဖုံးဖိဖို့ နောက်ကျသွားပြီ။ ဒါပေမယ့် အဲ့လိုအဆင့်ရှိတဲ့ ပန်းပဲပညာရှင်ကို ချင်းတုန် ရန်စမရဲတာ ကံကောင်းသွားတယ်။ မဟုတ်ရင် ငါတို့ ဒုက္ခရောက်ပြီ” ထို့နောက် ရန်ကိုင်က ယန်ယန်ကို ကြည့်၍ ဆက်ပြော၏ “အခုကစနေစပြီး နင့်ကိုယ်နင် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် ဖြစ်ပါတယ်ဆိုပြီး လျှောက်မပြောနဲ့တော့။ နင့်ခွန်အားက အရမ်းနိမ့်လွန်းတယ်။ ဒီအကြောင်းကိုသာ လူတွေသိသွားရင် နင့်ကို ကျိန်းသေ လိုက်ဖမ်းကြမှာ”

ယန်ယန်က ရေရွတ်လိုက်သည် “ငါပြောရင်တောင် ဘယ်သူမှ ယုံကြတာမှ မဟုတ်တာ”

ယန်ယန်သည် ကောင်းကင်ကံကြမ္မာမြို့တော်ရှိ မှော်ရတနာစံအိမ်တွင် ခဏကြာအောင် အလုပ် လုပ်ခဲ့ဖူးသည်။ ထိုစဉ်က သူမကိုယ်သူမ တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် ဖြစ်သည်ဟူ၍ ကြေညာခဲ့သော်လည်း မည်သူမှ သူမကို မယုံကြည်ခဲ့ကြချေ။

“ဘာပဲဖြစ်ဖြစ် အခုကနေစပြီး အဲ့လိုမျိုး လျှောက်မပြောနဲ့တော့။ မဟုတ်ရင် ငါတို့အားလုံး ပြဿနာ အကြီးကြီး တက်လိမ့်မယ်” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည် “နားလည်လား”

“အင်း၊ ငါနားလည်ပြီ” ယန်ယန်က ခေါင်းညိတ်လိုက်သည်။

ရန်ကိုင် အမှန်တကယ်ကို ဆွံ့အနေပေသည်။ ယန်ယန်နှင့် သူသည် တကယ်ကို ဆန့်ကျင်ဘက်ပင်။ ရန်ကိုင်သည် သူ့ဆေးပညာ အရည်အချင်းကို အများ မသိအောင် ဖုံးကွယ်ထားချင်သော်ငြား ယန်ယန်ကမူ သူမ၏ အရည်အချင်းကို လူအများသိအောင် ကြေညာချင်နေသည်။ သို့သော်လည်း ယခုထိတိုင် သူမ အကောင်းအတိုင်း ရှိနေပေသေးသည်။ ထူးဆန်းလိုက်သည့် လောကကြီးပင်။

“ချင်းတုန်ကို ယန်ယန်က နင့်ဂျူနီယာညီမလေး၊ သူတော်စင်အဆင့် ပန်းပဲပညာရှင်လို့ ဘာလို့ ပြောခဲ့လဲ ဆိုတာကို ငါအခုမှပဲ နားလည်သွားတော့တယ်”

“ဟုတ်တယ်။ ဒီမှာ တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် တစ်ယောက် ရှိနေတာလို့ ချင်းတုန် တွေးနေတာလေ။ ဒီတော့ ငါ့မှာ သူတော်စင်အဆင့် ပန်းပဲပညာရှင် ဂျူနီယာ ညီမလေးတစ်ယောက် ရှိနေတာ အထူးအဆန်းမှ မဟုတ်တာ”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၁၁၄၇)

သူပြောသည့်စကားကို ချင်းတုန် ယုံကြည်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်သည်။ ချင်းတုန်သာ သူ့ကို သံသယ မဝင်သရွေ့ သူလုံးဝ လုံခြုံလေပြီ။ ချင်းတုန်၏ ကာကွယ်မှု ရရှိထားသည် ဖြစ်လေရာ ရှုမိသားစုကဲ့သို့ ကိစ္စမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်တော့လိမ့်မည် မဟုတ်ပါချေ။

“ငါသိပြီ” ဝူရီ ခေါင်းညိတ်လိုက်သည်။

“နားလည်ပြီဆိုရင် ကိုယ့်ကိစ္စကိုယ် သွားလုပ်ကြတော့။ ငါတံခါးပိတ်ကျင့်စဉ် ဝင်လိုက်ဦးမယ်” ရန်ကိုင်က ပြောလိုက်သည်။

“အစ်ကိုရန်၊ ရတနာစံအိမ် လေလံပွဲက...” ဝူရီက သူမ၏ နှုတ်ခမ်းလေးကို ကိုက်လျက် မေးလိုက်သည်။

“နင်သွားချင်လို့လား” ရန်ကိုင် မျက်မှောင်ကြုတ် လိုက်သည်။ သူထိုသို့ မေးလိုက်သည့်အခိုက် ဝူရီသာမက ရန်ကိုင်ပါ ခေါင်းညိတ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ နှစ်ယောက်စလုံး ထိုလေလံပွဲကို သွားချင်နေကြသည်။

“သွားချင်ရင်သွားလေ” သူတို့ သွားချင်သည်ကို ရန်ကိုင်က ဘာကြောင့် တားနေရမည်နည်း။ သူ့အမြင်တွင် ထိုလေလံပွဲသည် သူတို့နှစ်ယောက်အတွက် မျက်စိပွင့် နားပွင့်စရာ အတွေ့အကြုံတစ်ခုပင် ဖြစ်လေသည်။

ဝူရီသည် မိသားစုငယ်လေးမှာ လာသည့်အတွက် ဗဟုသုတ ကြွယ်ဝသည် ဆိုလျှင်ပင် အားကောင်းသည့် မိသားစုများမှ တပည့်များနှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ ယန်ယန်၏ ဘဝမှာလည်း အတော်လေးကိုမှ အခြေအနေ ဆိုးလှလောက်၏။ ထို့ကြောင့် အသစ်အဆန်း များများစားစား မြင်ခဲ့ဖူးလိမ့်မည် မဟုတ်လေရာ လေလံပွဲသို့ သွားချင်သည်မျာ သဘာဝပင် ဖြစ်လေသည်။

“နင်ကော” ဝူရီက ပြန်မေးသည်။

“ငါတံခါးပိတ်ကျင့်ကြံနေတာကနေ မထွက်လာ သေးဘူးဆိုရင်တော့ နင်တို့ပဲ သွားလိုက်ပတော့”

“အင်း” ဝူရီက ခေါင်းညိတ်လိုက်ပြီး ယန်ယန်နှင့်အတူ ထွက်သွားလေသည်။

ရန်ကိုင်သည် ကျောက်တုံးတံခါးကိုပိတ်၍ တင်ပလင်ခွေ ထိုင်ကာ အသိစိတ်ပင်လယ်ထဲသို့ သူ့အသိစိတ်ကို ပို့လွှတ်လိုက်သည်။ ရန်ကိုင်၏ နာမ်ဝိဥာဉ်သည် သူ့အသိစိတ် ပင်လယ်ထဲရှိ သန့်စင်သော စိတ်စွမ်းအင်နှစ်ခုရှေ့တွင် ပြန်ပေါ်လာခဲ့သည်။

ဤသည်မှာ တန်ခိုးရှင်အဆင့်၏ နာမ်ဝိဥာဉ်ကို စုပ်ယူဖူးသည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ယခင်က သူ့နားတွင် မည်သည့် တန်ခိုးရှင်အဆင့်မှာ မသေဖူးသဖြင့် ဤကဲ့သို့လုပ်ရန် အခွင့်အရေး မရခဲ့ဖူးချေ။ ထို့ကြောင့် တန်ခိုးရှင်အဆင့် တစ်ယောက်၏ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် နားလည်မှုများ မည်ကဲ့သို့ ရှိသလဲ ဆိုသည်ကို တစ်ခါမှ မလေ့လာခဲ့ဖူးချေ။ ထို့ကြောင့် ရှီအကြောင်း သူမသိခဲ့သည်မှာ အထူးအဆန်းမဟုတ်။ ယနေ့ ဟုန်ကျန်းနှင့် တိုက်ပွဲကြောင့်သာ မဟုတ်ပါက ရှီအား လေ့လာနိုင်မည့် အခွင့်အရေးကို အချိန်အကြာကြီး စောင့်ဆိုင်းနေရပေလိမ့်ဦးမည်။ ထိုဆန်းကြယ်သော စွမ်းအားသည် သူ့အား အတော်လေးကို ဆွဲဆောင်နေ၏။

တန်ခိုးရှင်အဆင့် ကျွမ်းကျင်သူ တစ်ယောက်နှင့် ရင်ဆိုင်ရာတွင် ရန်ကိုင် အတော်လေး သတိထားရသည်။ သူ့တစ်ဘဝလုံး အမြဲတမ်း အဆင့်ကျော်၍ တိုက်ခိုက် လာသည်ချည်းသာ။ အစစ်အမှန်ဒြပ်စင်အဆင့်တွင် ရှိစဉ်က အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို အနိုင်ယူ တိုက်ခိုက်နိုင်ခဲ့သလို အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ရောက်သည့်အခါတွင်လည်း မသေမျိုးအဆင့်၊ ထိုသို့ဖြင့် ဆက်လာလိုက်လေရာ သူတော်စင်အဆင့်သို့ ရောက်ရှိသည့်တိုင်အောင် အဆင့်ကြီးတစ်ဆင့်ကျော်၍ တိုက်ခိုက်အနိုင်ယူနိုင်ဆဲပင်။ သူတော်စင်ဘုရင် အဆင့်သို့ ရောက်သည့်အခါတွင်လည်း ယခင်ကကဲ့သို့ အဆင့်ကြီး တစ်ဆင့်ကျော်၍ တန်ခိုးရှင်အဆင့်ကို အနိုင်ယူနိုင်မည်ဟု ထင်ထားခဲ့သော်လည်း လက်တွေ့သည် သူ့အထင်နှင့် ကွဲလွဲနေခဲ့သည်။

တန်ခိုးရှင်အဆင့်နှင့် သူတော်စင်ဘုရင်အဆင့်များသည် လုံးဝကို ကွဲပြားကြပေသည်။ ထိုသို့ ကွဲပြားရသည့် အကြောင်းအရင်းမှာ ရှီကြောင့်ပင် ဖြစ်သည်။

တင်ပလင်ခွေထိုင်ချလျက် ထိုစွမ်းအင် အစုအဝေး နှစ်ခုကို သူ့ရှေ့သို့ ဆွဲယူလျက် ထိုထဲတွင် ပါဝင်နေသော ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် နားလည် သဘောပေါက်မှုများကို စတင် စုပ်ယူတော့သည်။ ရန်ကိုင်သည် ရှီဆိုသော အရာကို သေသေချာချာ လေ့လာ နိုင်ရန်အတွက် ထိုစွမ်းအင် အစုအဝေးနှစ်ခုကို ဖြည်းဖြည်းချင်း စုပ်ယူနေခဲ့လေသည်။

အချိန်သည် တဖြည်းဖြည်း ကုန်လွန်ခဲ့သော်လည်း ရန်ကိုင်သည် ပုံမှန်နှုန်းဖြင့်သာ ထိုနာမ်ဝိဥာဉ်နှစ်ခုကို တတိတိ စုပ်ယူနေခဲ့သည်။ နှစ်ရက်ကြာပြီးသည့်နောက် ထိုစွမ်းအင် အစုအဝေးနှစ်ခုကို စုပ်ယူးပြီးသည့် အချိန်၍ ရန်ကိုင် မျက်လုံး ပြန်ပွင့်လာခဲ့သည်။

ယခုလက်ရှိတွင် ရှီဆိုသောအရာ ဘာလဲဆိုသည်ကို အကြမ်းဖျင်း သူနားလည်သွားခဲ့လေပြီ။ သို့သော်လည်း ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကို၏ ခွန်အားများ အရမ်းကြီး မြင့်မားခြင်း မရှိသည့်အတွက်ကြောင့် ရှီဆိုသော အရာကို အနည်းအကျဉ်းလောက်သာ နားလည်ထားသည်။ ရှီအပေါ် ရန်ကိုင်၏ နားလည်မှုသည် ထိုနှစ်ယောက်ဆီမှ အရင်း ခံလာခြင်း ဖြစ်လေရာ ပြီးပြည့်စုံခြင်း ရှိမနေသေးချေ။

တန်ခ်ိုးရှင်တစ်ယောက်၏ ရှီသည် ထိတွေ့ကိုင်တွယ်၍ မရသည့် တိုက်ပွဲစိတ်ဝိဥာဉ်၊ သတ်ဖြတ်လိုစိတ် ကဲသို့သော အရာမျိုး မဟုတ်ချေ။ ထိုအရာများသည် နှစ်ပေါင်းများစွာ ကြာအောင် ကျင့်ကြံရင်း၊ တိုက်ပွဲအလီလီ တိုက်ခိုက်ရင်း၊ သတ်ဖြတ်ခြင်းဖြင့် အလိုလို ထွက်ပေါ်လာတတ်သော အရာများ ဖြစ်သည်။

သို့သော် ထိုမမြင်နိုင်သော အရှိန်အဝါများသည် ရှီ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပေသည်။

တန်ခိုးရှင်တစ်ယောက်၏ ရှီသည် တိုက်ခိုက်လိုစိတ်၊ သူတော်စင်ချီနှင့် စိတ်စွမ်းအင်ကို အတူတကွ ရောစပ်၍ ရုပ်သွင်ရှိသော အရာတစ်ခုဖြစ် ပြောင်းလဲစေလိုက်ခြင်းမှ ဖြစ်ပေါ်လာသော အရာဖြစ်သည်။ ကျင့်ကြံသူ တစ်ယောက်၏ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအို အပေါ် နားလည်သဘောပေါက်မှုသည် အတိုင်းအတာ တစ်ခုသို့ ရောက်သွားလျှင် ရှီကို သိပ်သည်းလာနိုင်ပေလိမ့်မည်။

ရှီကို မမြင်နိုင်သော်လည်း ထိတွေ့၍ရသည်။ အားကောင်းသော ဖိနှိပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။ တန်ခိုးရှင်အဆင့်များ သူတော်စင်ဘုရင်အဆင့်များကို ဘာကြောင့် အလွယ်တကူ သတ်နိုင်ကြနည်း။ ရှီ၏ ဖိနှိပ်နိုင်သော စွမ်းရည်ကြောင့်ပင် ဖြစ်သည်။ ရန်ကိုင်၏ ရွှေရောင်သွေးစက် တစ်စက်သည် ဟုန်ကျန်းတို့ စီနီယာညီအစ်ကို နှစ်ယောက်ကို မသတ်နိုင် ခဲ့ခြင်းမှာ ရွှေရောင်သွေးစက်၏ စွမ်းအား နိမ့်သောကြောင့် မဟုတ်ဘဲ ထိုနှစ်ယောက် ထုတ်လွှတ်လိုက်သော ရှီနှစ်ခု၏ ပေါင်းစပ်စွမ်းအားသည် ရွှေရောင်သွေးစက် တိုက်ခိုက်မှု၏ အရှိန်ကို အကြီးအကျယ် လျော့ကျသွားစေခဲ့သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ရွှေရောင်သွေးစက်၏ အရှိန် နှေးကွေးသွားသည့်အတွက် တန်ခိုးရှင်အဆင့် နှစ်ယောက်လည်း သူတို့ခန္ဓာကိုယ်၏ သေကွင်းသေကွက် နေရာများကို အချိန်မှီ ရှောင်နိုင်လိုက်လေသည်။

ထို့ကြောင့်သာ မဟုတ်လျှင် ဟုန်ကျန်းတို့ စီနီယာ ညီအစ်ကို နှစ်ယောက် ရန်ကိုင် လက်ချက်ကြောင့် ချင်းတုန် မသတ်ခင်ကတည်းက သေနေပြီးလောက်ပေပြီ။

ရှီကို နားလည်နိုင်ဖို့ရာ ခက်ခဲလှသည်။ ဟုန်ကျန်းသည် တန်ခိုးရှင်အဆင့်သို့ လွန်ခဲ့သော ဆယ်နှစ်ကတည်းက ချိုးဖျက်ဝင်ရောက်ခဲ့ခြင်း ဖြစ်သော်ငြား မကြာသေးမီသော အချိန်ကသာ သူ့ရှီကို ဖွဲ့စည်းနိုင်ခဲ့သည်။ သူ့စီနီယာ အစ်ကိုသည် သူ့ထက် အနည်းငယ် ပိုသန်မာသည်ဟု ပြော၍ ရသည်။ သို့သော် များများစားစားတော့ မဟုတ်ချေ။

ထို့အပြင် အမှန်တရားတစ်ခုကိုလည်း ရန်ကိုင် သိလိုက်ရသေးသည်။ ရှီကို ပြီးပြည့်စုံသော အဆင့်သို့ ရောက်အောင် သိပ်သည်းနိုင်ပါ တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်နိုင်ပေလိမ့်မည်။

ချင်းတုန်သည် တန်ခိုးရှင်တတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်ပြီးနှင့်သော်ငြား ရှီအပေါ် သူ၏ နားလည် သဘောပေါက်မှုသည် ပြီးပြည့်စုံခြင်းအဆင့်သို့ မရောက်သေးချေ။ ဆိုလိုသည်ကား သူ့သူတော်စင်ချီကို မည်မျှပင် တိုးမြှင့်စေကာမူ ရှီကို ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်အောင် မသိပ်သည်းနိုင်သရွေ့ နောက်တစ်ဆင့်သို့ ထပ်တက်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအရာသည် သူ့အဆင့်ချိုးဖျက်မည့် လမ်းကို တားဆီးနေသည့် အကြီးမားဆုံး အတားအဆီး ဖြစ်သလို အလွယ်တကူ ဖြတ်ကျော်မရနိုင်သည့် အတားဆီးလည်း ဖြစ်သည်။

ထို့ကြောင့်ပဲ ဟုန်းလော့ကြယ်စီရင်စုထဲတွင် တန်ခိုးရှင် အဆင့် ပညာရှင် အရမ်း နည်းပါးနေရခြင်း ဖြစ်လောက်၏။ ထိုကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနိုင်ရန်အတွက် အားကောင်းနေရန် လိုအပ်သလည် သဘောပေါက် နားလည်နိုင်စွမ်း မြင့်မားရန်လည်း လိုအပ်ပေသည်။

ထိုအချက်ကို နားလည်လိုက်သည်နှင့် ရန်ကိုင်လည်း ချက်ချင်းပဲ သူ့ရှီကို စတင် ဖွဲ့စည်းရန် ကြိုးစားတော့သည်။ ဟုန်ကျန်းနှင့် သူ့စီနီယာအစ်ကို နားလည်ထားသည့် အမှားများကို ဖယ်ရှား၍ သူ့ကိုယ်ပိုင်နားလည်မှုများကို ထည့်သွင်းရင်း သူစိတ်ဆန္ဒ၊ သူတော်စင်ချီနှင့် စိတ်စွမ်းအင်တို့ကို အတူတကွ ပေါင်းစည်းနိုင်ရန် အကောင်းဆုံး ကြိုးစားတော့သည်။

ဟုန်ကျန်းနှင့် တိုက်ပွဲတွင် ရှီဆိုသော အရာကို နားစွန်နားဖျာလေး ထိတွေ့နိုင်ခဲ့သည်။ သို့သော် ထိုစဉ်က ထိတွေ့မိခဲ့သည့် ခံစားချက်မှာ အလွန်ကိုမှ ဝေဝါးလှ လွန်းသဖြင့် ယခု မည်ကဲ့သို့ပင် ပြန်စဉ်းစား ပြန်ခံစားပါစေ ထိုခံစားချက်ကို ပြန်မရနိုင်တော့ပေ။ ထို့ကြောင့် ရန်ကိုင် နည်းနည်း စိတ်ညစ်မိသွားသည်။

ထပ်ခါထပ်ခါ ကြိုးစားကြည့်သော်ငြား အချိန်ကုန် လူပင်ပန်းသည်သာ အဖတ်တင်သည်။ ဆယ်ရက် ကြာပြီးသည်နှင့် ရှီအား ဆက်မလေ့လာသေးဘဲ ခဏလောက် ရပ်နားထားရန် ဆုံးဖြတ်လိုက်သည်။

သူ့လက်ရှိ ခွန်အားသည် အတော်လေး နိမ့်ကျနေသည့် အတွက်ကြောင့် ဖြစ်နိုင်သည်။ သူသာ သူတော်စင်ဘုရင် ဒုတိယ၊ တတိယအဆင့်သို့ ရောက်နေပါက ရှီကို လေ့လာရာတွင် ပို၍ လွယ်ကူနိုင်ပေသည်။ တကယ်တော့ ထိုရှီဆိုသော အရာသည် တန်ခိုးရှင်များသာ ပိုင်ဆိုင်သည့် စွမ်းအားတစ်မျိုး မဟုတ်ပေလော။ သူ့လက်ရှိအဆင့်ဖြင့် ဤမျှ လေ့လာနိုင်သည်ကပင် အတော်လေး ကောင်းနေပြီဟု ပြော၍ ရသည်။

ရန်ကိုင်သည် မရနိုင်မှန်း သိလျက်နှင့် အချိန်ဖြုန်းမည့် လူစားမျိုး မဟုတ်လေရာ သေချာ စဉ်းစားပြီးသော် သူ့ကျင့်ကြံခြင်း တိုးတက်လာမှသာ နောက်တစ်ကြိမ် ထပ်ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။ သူသာ နောက်ထပ် တန်ခိုးရှင်အဆင့်များသည် နာမ်ဝိဥာဉ်များကို စုပ်ယူနိုင်မည် ဆိုပါက နည်းနည်းလောက် အားစိုက်ထုတ်ရုံဖြင့် များများ တိုးတက်နိုင်ပေလိမ့်မည်။

ကျောက်တုံးတံခါးကို ဖွင့်လိုက်သည့်အခိုက် ဝူရီသည် ပျော်ရွှင်စွာ အော်ဟစ်ရင်း သူ့ဆီသို့ ပြေးလာသည်ကို မြင်လိုက်ရသည် “အစ်ကိုရန်၊ နင်ထွက်လာတာ အချိန်ကိုက်ပဲ”

“ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ” ရန်ကိုင်က ဝူရီကို ကြောင်အမ်းအမ်းဖြင့် ပြန်မေးလိုက်သည်။

“ဒီနေ့ ရတနာစံအိမ်လေလံပွဲ စမှာလေ” ဝူရီက ချက်ချင်းပဲ ပြန်ဖြေလိုက်သည်။

“ဒီနေ့လား” ရန်ကိုင် အံ့အားသင့်သွားသည်။ တိုက်ဆိုင်လိုက်ပါလားဟုလည်း စိတ်ထဲတွင် တွေးနေမိ၏။

“ဟုတ်တယ်” ဝူရီက ခေါင်းညိတ်လိုက်ပြီး ရန်ကိုင် နားနားသို့ကပ်၍ တိုးတိုးလေး ပြောလိုက်သည် “ယန်ယန်က လေလံပွဲမှာ ရောင်းဖို့အတွက်ဆိုပြီး တန်ခိုးရှင် အဆင့်နိမ့်နဲ့ အလယ်အလတ်အဆင့် မှော်ရတနာနှစ်ခု လုပ်ထားတယ်”

“သူရူးနေတာလား” ရန်ကိုင် ထိတ်လန့်သွားပြီး “သူအခု ဘယ်မှာလဲ”

“ဒီမှာပဲ” ယန်ယန်၏ပုံရိပ် ရန်ကိုင်နောက်တွင် ပြန်ပေါ်လာခဲ့သည်။

“နင်ဘာတွေ တွေးနေတာလဲ” ရန်ကိုင်က ယန်ယန်အား ခက်ထန်စွာ စိုက်ကြည့်လျက် “နင့်တန်ခိုးရှင်အဆင့် ပန်းပဲ ပညာရှင်တစ်ယောက် ဖြစ်တယ်ဆိုတာကို လူသိအောင် လျှောက်မလုပ်ဖို့ ငါနင့်ကို မပြောထားဘူးလား။ အခြားသူတွေ နင့်ကို ပစ်မှတ်ထားလာမှာကို လုံးဝ စိတ်မပူတာလား”

ယန်ယန်က ပြုံးသာပြုံး၍ ပြန်ပြောလိုက်သည် “ဒီကိစ္စကို ငါတို့သုံးယောက်တည်း သိထားတာလေ။ ငါတို့ မပြောရင် ဘယ်သူသိမှာမို့လို့လဲ”

“ဒါပေမယ့် အာရုံစိုက်ခံရမယ်လေ” ရန်ကိုင်က ခေါင်းခါရမ်း၍ “အရိပ်ကြယ်ပေါ်က အဆင့်အမြင့်ဆုံး ပန်းပဲပညာရှင်က တန်ခိုးရှင်အဆင့်နိမ့်ပဲ ရှိတာ။ ဒီတန်ခိုးရှင် အလယ်အလတ်အဆင့် မှော်ရတနာ ရုတ်တရက်ကြီး ပေါ်လာတာကို နင်ဘယ်လို ရှင်းပြမှာလဲ”

“အဲ့ကိစ္စနဲ့ ပက်သက်ပြီး အစ်ကိုရန် စိတ်ပူနေစရာ မလိုဘူး” ဝူရီက ယဲ့ယဲ့လေးပြုံးလျက် “အရိပ်ကြယ်ပေါ်က ပန်းပဲပညာရှင်တွေက တန်ခိုးရှင်အဆင့်နိမ့်ပဲ ရှိတယ်ဆိုပေမယ့် ဒီဂြိုလ်ပေါ်မှာ တန်ခိုးရှင် အလယ်အလတ်နဲ့ အထွဋ်အထိပ်အဆင့် မှော်ရတနာတွေ အများကြီး ရှိသေးတယ်။ ဒါကြောင့် တန်ခိုးရှင် အလယ်အလတ်အဆင့် မှော်ရတနာတစ်ခု ပေါ်လာရုံလောက်နဲ့ အဲ့လောက်ကြီး ပြဿနာ ဖြစ်စေမှာ မဟုတ်ဘူး”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ခဏအကြာမှာပဲ ဝူရီ ပြောချင်သည်ကို နားလည်သွားခဲ့သည်။ လက်ရှိ အရိပ်ကြယ် ပေါ်ရှိ ပန်းပဲပညာရှင်များသည် တန်ခိုးရှင် အဆင့်နိမ်သာ ဖြစ်သော်လည်း ဟိုးယခင်တွင် ဤနေရာ၌ တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ပန်းပဲပညာရှင်များ ရှိခဲ့ပေသည်။

အဆင့်မြင့် မှော်ရတနာများသည် နှစ်ပေါင်း ထောင်၊ သောင်းချီအောင် မပျက်မစီး မယိုမယွင်းဘဲ တည်ရှိနိုင်၏။ အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ များပင် ရှိလောက်သေးသည်။ သို့သော်လည်း ထိုမှော်ရတနာ အားလုံးသည် ဂိုဏ်းကြီးများ၏ အခြေခံအုတ်မြစ်များအဖြစ် ဖူးဖူးမှုတ် ထိန်းသိမ်းထားခြင်း ခံရမည်မှာ မလွဲမသွေပင်။

ထိုအချက်အားလုံးကို စဉ်းစားပြီးသော် ရန်ကိုင်၏ အမူအရာ အတော်လေး ပြေလျော့သွားခဲ့ပြီး ခေါင်းညိတ်၍ “အဲ့လိုဆိုပေမယ့် အဲ့လိုအဆင့်မြင့်တဲ့ မှော်ရတနာတွေကို ရောင်းစရာ မလိုဘူးလေ။ ဘာလို့ ကိုယ်တိုင်သုံးဖို့ မသိမ်းထားတာလဲ”

“ဒါဆိုရင် မှော်ရတနာတွေ မရောင်းဘဲ အစီအရင်ကို အဆင့်မြှင့်ဖို့ သလင်းကျောက်တွေကို ဘယ်ကနေ သွားရှာရမှာလဲ” ယန်ယန်က နှာခေါင်းရှုံ့၍ “အခု ငါတို့ လုံးဝ ချွတ်ခြုံကျနေပြီ။ ဒီလေလံပွဲက ပိုက်ဆံရှာဖို့ ရှားရှားပါးပါး အခွင့်အရေးတစ်ခုပဲ”

ယခုမှပဲ ရန်ကိုင်လည်း ထိုအချက်ကို ရုတ်တရက် ပြန်သတိရလိုက်သည်။ စိတ်ဝိဥာဉ်အစီအရင်များအား ခင်းကျင်းခြင်းသည် ပိုက်ဆံများကို မီးရှို့ခြင်းနှင့် တူသည်။ သို့သော်လည်း ထိုအစီအရင်ကြောင့်ပဲ ဟုန်ကျန်းနှင့် သူ့စီနီယာအစ်တို့ကို တားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် စိတ်ဝိဥာဉ်အစီအရင် ပိုက်ဆံကုန်သည်ဟု ဆိုကာ မခင်းကျင်းဘဲ နေ၍ မဖြစ်ပါချေ။

“နင်ဘယ်လို မှော်ရတနာတွေ လုပ်ထားတာလဲ။ ငါ့ကို တစ်ချက်လောက် ပြကြည့်ပါလား”

ရန်ကိုင် မကန့်ကွက်တော့သည်ကို မြင်သော် ဝူရီ အလွန်ကိုမှ စိတ်လှုပ်ရှားသွးပြီး တိုက်ခိုက်ရေး မှော်ရတနာ နှစ်ခုကို ချက်ချင်း ထုတ်ပြလိုက်သည်။ တစ်ခုသည် ကြာပွတ်ဖြစ်ပြီး နောက်တစ်ခုသည် ဓါးမြှောင်တစ်စုံ ဖြစ်သည်။ မြင်မြင်ချင်း ထိုမှော်ရတနာနှစ်ခုကို အဆင့်ကိုး မွန်းစတားသားရဲ ဖြစ်သော မြီးနီကိုယ်ခရမ်း ကင်းမြီးကောက်၏ အမြီးနှင့် လက်မမှ လုပ်ထားခြင်း ဖြစ်မှန်း ရန်ကိုင် တန်းသိလိုက်သည်။ မှော်ရတနာ တစ်ခုစလုံးသည် အားကောင်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေပြီး ပုံစံမှာလည်း အလွန်ကိုမှ လှပသည်။ မိန်းမများသုံးရန်အတွက် အသင့်လျော်ဆုံးပင်။

ယန်ယန်သည် တကယ်ကို ဥာဏ်ပြေးလှသည်။ ထိုကဲ့သို့သော မှော်ရတနာများကို ရောင်းမည်ဆိုလျှင် ယောကျာ်းသားများ ငွေထွက်ရတော့ပေဦးမည်။

“ယန်ယန်ကို ဒီမှော်ရတနာတွေ ရောင်းစေချင်ရတဲ့ အရေးအကြီးဆုံး အကြောင်းပြချက်က ဒီလက်နက်နှစ်ခုနဲ့ ဆိုရင် အစ်ကိုရန်ရဲ့ တကယ်မရှိတဲ့ ဆရာ ရှိတယ်ဆိုတာကို အကြီးအကဲချင်းတုန် ယုံလာအောင် လုပ်နိုင်လို့ပဲ။ ဒီမှော်ရတနာတွေ ဘယ်က ရောက်လာလဲ ဆိုတာကို အခြားလူတွေ မသိနိုင်ပေမယ့် အကြီးအကဲချင်းတုန်တော့ ကျိန်းသေ သိမှာပဲ။ အဲ့တော့ ဒီမှော်ရတနာတွေကို အစ်ကိုရန်ရဲ့ ဆရာလုပ်ထားမှန်း သိသွားလို့ရှိရင် အကြီးအကဲချင်းတုန်က နောက်ပိုင်းကျရင် ကျွန်မတို့ကို ပိုပြီးကောင်းကောင်းမွန်မွန် ဆက်ဆံလာလိမ့်မယ်လေ” ဝူရီက ရှင်းပြလိုက်သည်။

ရန်ကိုင်က ခေါင်းညိတ်း၍ ချီးကျူးလိုက်သည် “တကယ်ကို ဥာဏ်ပြေးကြတာပဲ။ အဲ့လိုဆိုမှတော့ သွားကြတာပေါ့”

ရန်ကိုင် သဘောတူလိုက်သည်ကို မြင်သော် ဝူရီနှင့် ယန်ယန်တို့ ပြုံးလိုက်ကြလေသည်။

“လေလံပွဲစဖို့ ဘယ်လောက်လိုသေးလဲ” ရန်ကိုင်က ရုတ်တရက် မေးလိုက်သည်။

“သုံးနာရီ။ ဒါပေမယ့် ကိစ္စမရှိဘူး။ ကောင်းကင် ကံကြမ္မာမြို့တော်ဆီ ကိုယ်တိုင်သွားပြီး လေလံပွဲမှာ လေလံတင်စရာ ပစ္စည်းအချို့ ရှိတယ်လို့ အကြီးအကဲ ချင်းတုန်ကို ကိုယ်တိုင် ပြောထားပြီးသွားပြီ။ ကျွန်မတို့ဘက်က ပစ္စည်း သွားပို့ပေးလိုက်ရုံပဲ။ ကျန်တာကို အကြီးအကဲချင်း ဆက်လုပ်လိမ့်မယ်”

“အင်း။ ဒါနဲ့ ဝူရီ၊ အရိပ်ကြယ်ပေါ်မှာ ဘယ်ဆေးလုံးက ဈေးအကြီးဆုံးလဲဆိုတာ နင်သိလား” ရန်ကိုင်က ရုတ်တရက် မေးလိုက်သည်။

အပိုင်း(၁၁၄၈)

အထွဋ်အထိပ်သိုင်းဧကရာဇ်

(ရတနာစံအိမ်လေလံပွဲ)

ရန်ကိုင်က ဘာအကြောင်းကြောင့်မှန်းမသိ ဗြုန်းစားကြီး ကောက်မေးလိုက်သော်လည်း ဝူရီသည် သူမသိထားသည့် ဈေးအကြီးဆုံးသော အဖိုးတန် ဆေးလုံးများကို အလျင်အမြန်ပဲ ပြောပြသွားခဲ့သည်။

“သွေးကြောတွေကို ပြန်ပြင်ပေးနိုင်တဲ့ မဟာ တိမ်တိုက်တောင်ဆေးလုံး၊ ဒဏ်ရာရနေတဲ့ ဝိဥာဉ်ကို ပြန်လည်ကုသပေးနိုင်တဲ့ လိပ်ပြာခေါ်ဆေးလုံး၊ အရင် အကြိမ်တုန်းက အကြီးအကဲချင်းတုန် ယူလာတဲ့ နှင်းဆီရိုင်း ဆေးလုံးတွေက တော်တော်လေး အဖိုးတန်တဲ့အထဲ ပါတယ်။ ဒါပေမယ့် ဈေးအကြီးဆုံးတွေကို ပြောရမယ် ဆိုရင်တော့ တန်ခိုးရှင် အခြေတည် ဆေးလုံးနဲ့ နိဗားနားတန်ခိုးရှင် ဆေးလုံးလို့ပဲ ပြောရလိမ့်မယ်။ နိဗားနားတန်ခိုးရှင် ဆေးလုံးဆိုရင် တန်ခိုးရှင်တတိယ အဆင့်တွေ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ရာမှာ အသုံးပြုတဲ့ ဆေးလုံးဖြစ်လို့ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးတယ်လို့ ပြောလို့ရတယ်။ အရိပ်ကြယ်ပေါ်မှာ အမြင့်ဆုံးအဆင့်က တန်ခိုးရှင်တတိယအဆင့်ပဲ။ တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက်မှ မရှိဘူး။ နိဗားနား တန်ခိုးရှင် ဆေးလုံးတစ်လုံး ရမယ်ဆိုရင် ဒီမှာရှိနေတဲ့ အင်အားစုကြီးတွေအကုန်လုံး သူတို့ ပိုင်ဆိုင်ထားတဲ့ မြို့တွေအကုန်လုံးနဲ့ လဲဖို့ နည်းနည်းလေးတောင် တုန့်ဆိုင်း တွေဝေနေမှာ မဟုတ်ဘူး”

“အဲ့လိုဆိုရင်တော့ အဲ့ဆေးလုံးကို ဘေးဖယ် ထားလိုက်တော့” ရန်ကိုင် ပြတ်ပြတ်သားသားကို ခေါင်းခါ ပြလိုက်သည်။

နိဗားနားတန်ခိုးရှင် ဆေးလုံးသည် တန်ခိုးရှင်ဘုရင် အဆင့်နိမ့် ဆေးလုံးတစ်လုံး ဖြစ်သည်။ သူ့အတွင် ထိုဆေးလုံးကို ဖော်စပ်ရန်အတွက် လုံလောက်သော ဆေးအမယ်များ ရှိမနေချေ။ ရှိနေလျှင်ပင် သူ့လက်ရှိ အရည်အချင်းဖြင့် ထိုမျှအဆင့်မြင့်သည့် ဆေးလုံးကို ဖော်စပ်နိုင်လိမ့်မည် မဟုတ်ချေ။ တန်ခိုးရှင်အခြေတည် ဆေးလုံးသည် တန်ခိုးရှင်အဆင့်နိမ့် ဆေးလုံးတစ်လုံးသာ ဖြစ်သည့်အတွက် ထိုဆေးလုံးကို သူသန့်စင်နိုင်ပေသည်။

“နင်ဘာလို့ မေးတာလဲ အစ်ကိုရန်” ဝူရီက ရန်ကိုင်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

“ဘာမှမဟုတ်ဘူး။ ဒီမှာခဏစောင့်နေ၊ ငါအခု ချက်ချင်းပဲ ပြန်လာခဲ့မယ်” ပြောပြီးသည့်နောက် ကျောက်တုံးခန်းထဲသို့ ပြန်လှည့်ဝင်သွားလေသည်။

ရန်ကိုင် ဘာလုပ်ချင်နေမှန်း သူတို့ မသိသော်ငြား ဝူရီနှင့် ယန်ယန်သည် ရန်ကိုင်ကို စိတ်ရှည်ရှည်ဖြင့် စောင့်နေပေးလိုက်သည်။ အကြမ်းဖျင်း နာရီဝက်လောက် ကြာပြီးသည့်နောက် ကျောက်တုံးခန်းထဲမှ ရန်ကိုင် ပြန်ထွက်လာခဲ့သည် “သွားကြစို့”

ဤသို့ဖြင့် သုံးယောက်သား ကောင်းကင် ကံကြမ္မာ မြို့တော်ဆီသို့ ခရီးထွက်လာခဲ့ကြလေသည်။

ချင်းတုန်ကိုယ်တိုင် နဂါးလိုဏ်ဂူတောင်ဆီ ရောက်လာပြီးသည့် အချိန်မှစ၍ မည်သူမှ သူ့အား ပြဿနာ လာရှာရဲတော့လိမ့်မည် မဟုတ်ဟု ရန်ကိုင် ယုံကြည်မိသည်။ ထို့ကြောင့် ဘာကိုမှ စိတ်ပူနေစရာ မလိုဘဲ စိတ်အေး၊ လက်အေးဖြင့် နဂါးလိုဏ်ဂူတောင်ဆီမှ ထွက်သွားနိုင်ပြီ။

တစ်ဖက်တွင်မူ ဝူရီနှင့်ယန်ယန်ကဲ့သို့ အားနည်းသော မိန်းကလေး နှစ်ယောက်မှ တန်ခိုးရှင်အဆင့် မှော်ရတနာ နှစ်ခုကိုကိုင်ပြီး လေလံပွဲသို့ သွားခြင်းသည် ရန်ကိုင်အား အလွန်ကိုမှ စိတ်ပူစေမိသည်။ ထို့ကြောင့် သူကိုယ်တိုင် ထိုနှစ်ယောက်နှင့်အတူ လိုက်သွားခဲ့ခြင်း ဖြစ်သည်။

ထိုမှော်ရတနာနှစ်ခုအား မည်သည့် ဈေးဖြင့် ရောင်းနိုင်မလဲ ဆိုသည်ကိုလည်း ရန်ကိုင် သိချင်နေမိ၏။ သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် မှော်ရတနာများကို သူတော်စင်သလင်းကျောက် သုံးသောင်းမှ ငါးသောင်းကြား ရောင်းချနိုင်လေရာ တန်ခိုးရှင်အဆင့်နိမ့် မှော်ရတနာ တစ်ခု၏ တန်ဖိုးသည် သူတော်စင်သလင်းကျောက် နှစ်သိန်းမှ ငါးသိန်းကြား တန်ကြေး ရှိနိုင်ပေသည်။ ဟုတ်လောက်ပေသည်။ ထိုမှော်ရတနာ နှစ်ခုကို ရောင်းပြီဂနောက် လိုဏ်ဂူ အစီအရင်ကို အပြီးသတ်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ဝယ်နိုင်လိမ့်မည်ဟု ရန်ကိုင် ခန့်မှန်းလိုက်သည်။

လမ်းတစ်လျှောက်လုံး ဝူရီနှင့် ယန်ယန်တို့ ရေပက်မဝင်အောင် ပြောသည်များကို နားထောင်ရင်း ရတနာစံအိမ်သည် လအရိပ်ခန်းမအပိုင် မဟုတ်သည်ကို သိရှိလိုက်ရသည်။

ရတနာစံအိမ်သည် သူ့ဘာသာ တည်ရှိသော အင်အားစု တစ်ခုဖြစ်ပြီး လအရိပ်ခန်းမထက်ပင် ပို၍ အားကောင်း၏။

ဥပမာပေးရသော် ရတနာစံအိမ်သည် စီးပွားရေးကို အဓိကထား လုပ်ဆောင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းနှင့် တူသည်။ ရတနာစံအိမ် အဖွဲ့ခွဲများသည် အရိပ်ကြယ်အနှံ့တွင် ပျံ့နှံ့တည်ရှိနေပေသည်။

လေလံပွဲကျင်းပသည့် တည်နေရာကို အတည်တကျ သတ်မှတ်ထားခြင်း မရှိဘဲ အရိပ်ကြယ်အနှံ့တွင် ကျင်းပသည်။ ယခုတစ်ကြိမ်တွင် လေလံပွဲကို ကောင်းကင် ကံကြမ္မာမြို့တော်တွင် လာရောက် ကျင်းပခြင်း ဖြစ်သည်။

ရတနာစံအိမ်လေလံပွဲသည် အရိပ်ကြယ်တွင် ရှိနေသူ များအတွက် ပွဲအခမ်းအနားကြီးတစ်ခုအဖြစ် သတ်မှတ်၍ ရပေသည်။ အကြောင်းမှာ လေလံပွဲမတိုင်ခင်တွင် ရတနာ စံအိမ်သည် သူတို့ လေလံတင်မည့် ပစ္စည်းများကို လူသိရှင်ကြား ကြေညာထားသောကြောင့် ပစ္စည်း လိုအပ်သည့် လူများစွာ၏ အာရုံကို ဆွဲဆောင်နိုင်သည့် အတွက်ကြောင့် ဖြစ်ပေသည်။

ရတနာစံအိမ် လေလံပွဲကို အရိပ်ကြယ်ပေါ်ရှိ အဓိက အင်အားစုကြီးအားလုံး တက်ရောက်ကြပေရာ လေလံပွဲ ကျင်းပတိုင်း အလွန်ကိုမှ စည်ကားသိုက်မြိုက်လှပေသည်။ လွန်ခဲ့သော နှစ်များအတွင်း လေလံပွဲဆီမှ တကယ့် ထိတ်ထိတ်ကြဲ ရတနာများလည်း ထွက်ပေါ်လာခဲ့ဖူးသည်။ တစ်ချိန်ကဆိုလျှင် တန်ခိုးရှင်ဘုရင်အဆင့် အကာအကွယ် မှော်ရတနာတစ်ခုပင် ပေါ်လာခဲ့ဖူးပေသည်။

ထိုမှော်ရတနာကို အထွဋ်အထိပ်အဆင့် သူတော်စင် သလင်းကျောက် သန်းငါးရာနှင့်တကွ ဖွံဖြိုးသာယာသော မြို့ဆယ်ငါးမြို့နှင့် လေလံတင် ရောင်းချခဲ့သည်ဟူ၍ ကောလဟာလများ ရှိကြသည်။

အမြဲလိုလို တည်ငြိမ်နေတတ်သော ရန်ကိုင်ပင်လျှင် ထိုပမာဏကြောင့် ထိတ်လန့်သွားခဲ့ရသည်။ အရိပ်ကြယ်သည် ကြယ်စီရင်စုကြီး၏ အခြားနေရာများနှင့် ယှဉ်လျှင် အလွန်ကိုမှ ခေတ်နောက်ကျနေသည့် အတွက် တန်ခိုးရှင်ဘုရင်အဆင့်နိမ့် မှော်ရတနာတစ်ခု၏ ဈေးနှုန်း ထိုမျှ ကြောက်မက်ဖွယ်ကောင်းနေခြင်းမှာ မဖြစ်နိုင်သည် မဟုတ်ချေ။

တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာများသည် ဤနေရာတွင်သာမဟုတ်၊ အခြားကြယ်များပေါ်တွင်လည်း ဈေးကြီးသည်ဆိုသော်ငြား ထိုမျှ ကြောက်မခန်းလိလိ ဈေးနှုန်းဖြင့် ရောင်းချနိုင်လိမ့်မည် မဟုတ်ပါချေ။

“နိဗားနားတန်ခိုးရှင်အဆင့် ဆေးလုံးတစ်လုံးလည်း တစ်ခါ ပေါ်လာဖူးသေးတယ်။ အဲ့ဆေးလုံးကိုလည်း မိုးကြိုးမုန်တိုင်းဂိုဏ်းက စီနီယာတစ်ယောက် ဝယ်သွားတယ်။ ဒါပေမယ့် ဆေးသောက်ပြီး အဆင့် ချိုးဖျက်ဖို့ ကြိုးစားတာ မအောင်မြင်တဲ့ အပြင်ကိုမှ သူ့ကျင့်ကြံခြင်းအဆင့်ပါ လျော့ကျသွားတယ်တဲ့။ မှန်မမှန်တော့ ငါလည်း မသိဘူး” ဝူရီက သက်ပြင်း အသာအယာချ၍ ပြောလိုက်သည်။

ရန်ကိုင် အမူအရာ ပြောင်းလဲသွားခြင်းမရှိ။ သူဘာမှ မပြောသော်လည်း ဝူရီပြောသည်မှာ မှန်လောက်ပေသည်။

တကယ်တော့ ထိုကဲ့သို့သော ဆေးလုံးများသည် ပြင်ပ အကူပစ္စည်းသက်သက်သာ ဖြစ်ကြသည်။ ထိုဆေးလုံးကို သောက်ခြင်းဖြင့် အဆင့်ကြီးတစ်ဆင့်သို့ ချိုးဖျက် ဝင်ရောက်နိုင်ချေကို မြှင့်တင်ပေးနိုင်သော်ငြား လုံးဝကို အောင်မြင်လိမ့်မည်ဟူသော အာမခံချက် မရှိပါချေ။ မိမိ၏ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် နားလည် သဘောပေါက်မှုသာ မလုံလောက်သေးလျှင် မည်သည့် ဆေးလုံးမှ မိမိအား ကူညီပေးနိုင်လိမ့်မည် မဟုတ်ချေ။ ဤသည်မှာ ဤလောကကြီး၏ နိယာမပင်ဖြစ်သည်။

အပြန်အလှန် အနေဖြင့် မိမိ၏ ကောင်းကင်လမ်းစဉ် နှင့် သိုင်းတာအိုအပေါ် နားလည်သဘောပေါက်မှုသည် လုံလောက်သည်ထက်ကို ကျော်လွန်နေပါက ဆေးအကူအညီ မပါဘဲနှင့်ပင်လျှင် နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပေလိမ့်မည်။

ရန်ကိုင်၏ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအို အပေါ် နားလည်သဘောပေါက်မှုသည် သူ့လက်ရှိ အဆင့်ထက်ကို အမြဲတမ်း ကျော်လွန်နေသည်။ ထို့ကြောင့် အဆင့်ချိုးဖျက်ဖူးသည့် တစ်လျှောက်လုံး မည်သည့် ဆေးလုံး၏ အကူအညီကိုမှ မယူခဲ့ရခြင်း ဖြစ်သည်။

မိုးကြိုးမုန်တိုင်းဂိုဏ်းမှ စီနီယာကြီးသည် ရှီအား ပြီးပြည့်စုံသည့်အဆင့်ထိ နားလည်ခြင်း မရှိသေးဘဲ ဆေးလုံး အားကိုးဖြင့် အဆင့်ချိုးဖျက်ရန် ကြိုးစားခဲ့ခြင်း ကြောင့် မအောင်မြင်ခဲ့ရခြင်း ဖြစ်သည်။

ထိုကဲ့သို့သော် ဆေးလုံးမျိုးကို အရိပ်ကြယ်ပေါ်ရှိ ဆေးပညာရှင်များ ဖော်စပ်နိုင်သည့် အရာမျိုး မဟုတ်ရာ အခြားနည်းလမ်း တစ်ခုခုဖြင့် ရလာခဲ့ခြင်း ဖြစ်ရမည်။

ကျင့်ကြံသူတစ်ယောက် အဆင့်ချိုးဖျက်ရန် ကျရှုံးမည် ဆိုပါက မိမိ၏ ခွန်အားအလိုက် အမျိုးမျိုးသော ဘေးထွက် ဆိုးကျိုးများကို ခံစားရသည်။ အချို့သည် မိုးကြိုးမုန်တိုင်း ဂိုဏ်းမှ စီနီယာကြီးကဲ့သို့ ကျင့်ကြံခြင်းအဆင့် လျော့သွားခြင်းမျိုး ဖြစ်နိုင်၍ အဆုံးဆိုးရလဒ်ဖြစ်သော သေသည်အထိပင် ဖြစ်နိုင်ပေသည်။

ထို့ကြောင့် ကျင့်ကြံသူများသည် ယုံကြည်ချက်မရှိဘဲ နောက်တစ်ဆင့်သို့ ချိုးဖျက်ရန် မကြိုးစားကြခြင်း ဖြစ်၏။

ခွန်အားနည်းသော ကျင့်ကြံသူတစ်ယောက် အဆင့် ချိုးဖျက်၍ ကျရှုံးလျှင် သိပ်ကိစ္စမရှိပါချေ။ ထို့ကြောင့် ထိုကဲ့သို့သော အဖြစ်အပျက်မျိုး ထုန်းရွှမ်လောကကြီး၌ မဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ အဆင့်ချိုးဖျက်ခြင်း မအောင်မြင်၍ ဘေးထွက်ဆိုးကျိုးနှင့် ကြုံရလျှင်ပင် ခွန်အားနိမ့်ကျနေပါက သိပ်ပြီး ပြင်းထန်ခြင်းမရှိ။ သို့သော် ခွန်အားသာ အလွန်အမင်း မြင့်မားနေသည် ဆိုပါက ဘေးထွက်ဆိုးကျိုးသည်လည်း ပို၍ ပြင်းထန်ပေလိမ့်မည်။

တကယ်တော့ ရန်ကိုင်လည်း ကြယ်စီရင်စုထဲသို့ ရောက်လာမှသည် ထိုအချက်ကို တဖြည်းဖြည်းချင်း နားလည်လာခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင်တို့ သုံးယောက်သားအဖွဲ့သည် ရယ်ရယ် မောမော စကားတပြောပြောဖြင့် လျှောက်လာလိုက်ရာ မကြာမီမှာပင် ကောင်းကင်ကံကြမ္မာမြို့တော်တွင် ရှိနေသော ရတနာစံအိမ်၏ အခွဲဆီသို့ ရောက်လာခဲ့သည်။

မိုးထိမတတ် မြင့်မားလှသော နန်းတော်ကြီးကို ကြည့်ရင်း ရတနာစံအိမ် မည်မျှ ကြွယ်ဝချမ်းသာသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့သည်။ ရတနာ စံအိမ်သည် ကောင်းကင်ကံကြမ္မာမြို့တော်ထဲရှိ အစည်ကားဆုံးသော နေရာမှ လမ်း၏ တစ်ဝက်လောက် နီးပါးကို ပိုင်ဆိုင်ထားပေသည်။ အဆောက်အဦးထဲသို့ ဝင်ချည်၊ ထွက်ချည် ပြုနေကြသော ကျင့်ကြံသူများစွာ ရှိနေခဲ့သည်။ ရတနာစံအိမ်၏ တံခါးရှေ့တွင် အလုံး ကြီးကြီးဖြင့် ရေးထိုးထားသော ရွှေရောင်စကားလုံးကြီး ငါးလုံး ရှိနေခဲ့သည်။

အားကောင်း၊ ပြင်းထန်သော အရှိန်အဝါတို့သည် ရတနာစံအိမ်၏ အတွင်းပိုင်းထဲမှ ဖြာထွက်နေခဲ့ရာ ထိုအရှိန်အဝါများကို အာရုံခံမိလိုက်သည့်အခိုက် ရန်ကိုင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

ဤအဆောက်အဦးထဲတွင် အနည်းဆုံး တန်ခိုးရှင် အဆင့် တစ်ရာကျော် ရှိပေသည်။ ကံကောင်းစွာဖြင့် ထိုပညာရှင်များသည် လေလံပွဲ လာတက်ကြခြင်းသာ ဖြစ်ပြီး ပြဿနာရှာရန် ရောက်လာကြခြင်း မဟုတ်ပေ။

ရတနာစံအိမ်ရှေ့တွင် တန်ခိုးရှင်ပထမအဆင့် ပညာရှင် နှစ်ယောက် ရပ်နေပြီး သွားလာနေသော လူအုပ်ကြီးကို ကြည့်ရှုစစ်ဆေးနေခဲ့သည်။ ရန်ကိုင်နှင့် သူ့အဖွဲ့ ရောက်လာလာချင်းမှာပဲ မိုးပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အစောင့်တစ်ယောက်က ချက်ချင်း ရှေ့တက်၍ လက်မြှောက်တားလျက် “ကျေးဇူးပြုပြီး တစ်ချက်လောက် ရပ်ပေးပါ ဧည့်သည်။ ရတနာစံအိမ်က လေလံပွဲ ကျင်းပတော့မှာပါ။ သာမန် အရောင်းအဝယ် မျိုးတွေကို အခုလောလောဆယ် မလုပ်သေးပါဘူး။ ဒါကြောင့် မိတ်ဆွေ ပစ္စည်းရောင်းတာ၊ ဝယ်တာ လုပ်ချင်တယ်ဆိုရင် မနက်ဖြန်မှ ပြန်လာခဲ့ပေးပါ”

“ကျုပ်တို့က လေလံပွဲတက်ဖို့ ရောက်လာတာ” ရန်ကိုင်က ဝူရီဘက်သို့လှည့်၍ ပြောလိုက်သည်။

လေလံပွဲတက်ရန်အတွက် ဖိတ်စာများ လိုအပ်သည်ကို ရန်ကိုင် သိသည်။ ချင်းတုန် ပေးခဲ့သော ဖိတ်စာသည် ဝူရီ လက်ထဲတွင် ရှိနေပေသည်။

ဝူရီသည် ဤမျှကြီးကျယ်ခမ်းနားလှသော အခမ်းအနား ပွဲမျိုးကို တစ်ခါမှ မတက်ရောက်ဖူးသည့်အတွက် ရတနာ စံအိမ် နန်းတော်ကဲ့သို့ ခမ်းနားကြီးကျယ်သော အဆောက် အဦးမျိုးကိုလည်း တစ်ကြိမ်တစ်ခါမျှပင် မမြင်ဖူးခဲ့ချေ။ ပထမဆုံး မြင်လိုက်သည့်အခိုက် သူ့မရင်ထဲ စိတ်လှုပ်ရှားမှုတို့ လှိုက်တက်လာပြီး မျက်နှာလေးပင် နီရဲသွားရသည်။ ရန်ကိုင် သူမဆီ ကြည့်လာသည့် အခါမှသာ ဖိတ်စာကို ရုတ်တရက် သတိရလိုက်ပြီး သိုလှောင်လက်စွပ်ထဲ ကမန်းကတန်း လိုက်ရှာတော့၏။

“ဟန့်၊ ရတနာစံအိမ် လေလံပွဲကို ခွေးတွေ၊ ကြောင်တွေ တက်လို့ ရတယ်ထင်နေတာလား” ထေ့ငေါ့လှောင်ပြောင်မှု တို့ ပြည့်နေသော ရယ်သံတစ်သံ အနီးအနားဆီမှ ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ထိုစကားအား ပြောလိုက်သည့်သလူဆီ လှမ်းကြည့်လိုက်သည်။ မိမိအား အခြားသူတစ်ယောက် လမ်းဘေးခွေး၊ကြောင်ဟု လာရောက် သမုတ်ခေါ်ဝေါ်မည်ဆိုပါက ဒေါသမထွက်ဘဲ နေမည်လည်း။ ရန်ကိုင် ဒေါသထွက်မိသွားသည်မှာ အမှန်ပင်။

သူ့အား လှမ်းလှောင်ပြောင်လိုက်သူမှာ အဖြူရောင် ဝတ်ရုံ ဝတ်ထားသည့် လူငယ်လေးပင်။ ထိုလူငယ်လေး၏ မျက်နှာမှာ ပြုံးနေသော်လည်း သူ့မျက်လုံးထဲရှိ အထင်းသေးမှုကို မည်သူမဆို မြင်နိုင်ပေသည်။ တောင့်တင်းကြံခိုင်သော ခန္ဓာကိုယ်၊ တလက်လက် တောက်ပနေသော မျက်ဝန်းအစုံသည် ထောင်ပေါင်း များစွာသော မိန်းမငယ်လေးတို့၏ အသည်းကို ညို့ငင်၊ ခြွေယူသွားနိုင်ပေသည်။

ရန်ကိုင် ကြောင်သွားရသည်ကား သူ့ရုပ်ရည်ကြောင့် မဟုတ်။ သူတော်စင်ဘုရင် တတိယအဆင့်သို့ ရောက်နေသည့် ထိုလူငယ်လေး၏ ကျင့်ကြံခြင်းပင်။ ထိုလူငယ်လေးဆီမှ အနည်းငယ်သော ဖိနှိပ်မှုကို ခံစားနေမိသည်။ ထိုလူငယ်လေး၏ အရှိန်အဝါသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ ရွှယ့်ယွယ်အောက် မနိမ့်ကျချေ။

ထိုလူငယ်လေး၏ နောက်တွင်မူကာ ပညာရှင်နှစ်ဦး ရှိနေခဲ့သည်။ ထိုနှစ်ယောက်သည် သူတို့၏ အရှိန်အဝါကို မည်သို့ပင် ချုပ်တည်းထားပါစေ သူတို့ နှစ်ယောက်၏ ခွန်အားသည် ရန်ကိုင် တွေ့ခဲ့ဖူးသည့် ဟုန်ကျန်းထက် ပိုမြင့်ပေသည်။ ထိုလူနှစ်ဦးသည် နဂါးနှင့်ဖီးနစ် ရောယှတ် ပျံသန်းကခုန်နေ၍ စကားနှစ်လုံး ရေးထိုးထားသည့် အမှတ်တံဆိပ်ပါ ဝတ်ရုံကို ဝတ်ဆင်ထားသည်။

တိုက်ပွဲ ဆိုသော စကားလုံးပင်...

“ကောင်းကင်တိုက်ပွဲအဖွဲ့အစည်းလား” ဝူရီ အလန့်တကြား ဆိလိုက်သည်။

ဒီတော့ သူက ကောင်းကင်တိုက်ပွဲဂိုဏ်းကပေါ့ ဒီလောက် ငယ်ငယ်လေးနဲ့ ဒီလို ခွန်အားမျိုး ပိုင်ဆိုင်ထားတာ အံ့ဩစရာတော့ မဟုတ်ပါဘူးလေ ရန်ကိုင် သူ့ဘာသာ တွေးလိုက်သည်။ အရိပ်ကြယ်သို့ ရောက်သည်မှာ အတော်လေး ကြာပြီး ဖြစ်သဖြင့် ကောင်းကင်တိုက်ပွဲ အဖွဲ့အစည်ကဲ့သို့ အင်အား အကြီးဆုံး အင်အားစုများအကြောင်းကို သူသိနှင့်ပြီးလေပြီ။

ကောင်းကင်တိုက်ပွဲအဖွဲ့အစည်း၏ လူငယ်မျိုးဆက် ထဲတွင် အလွန်ကိုမှ ပါရမီမြင့်သော ချူချန်ဖုန်း ဆိုသည့် လူငယ်လေးတစ်ယောက် ရှိသည်။ ထိုလူငယ်လေးသည် မြင့်မားသော ပါရမီကိုသာမှ ထက်ရှသော မျက်ဝန်း တစ်စုံကိုလည်း ပိုင်ဆိုင်ထားသေးသည်။

ရန်ကိုင်အထင်သာ မမှားလျှင် ထိုလူငယ်လေးသည် အရိပ်ကြယ်၏ နာမည်ကျော် ချူချန်းဖုန်း ဖြစ်ရပေမည်။

ဟုတ်ပေသည်။ ရန်ကိုင်အား တားခဲ့သော အစောင့်သည် ထိုလူငယ်လေးကို မြင်လိုက်သည့် အချိန်၌ လေးလေးစားစား လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည် “သခင်လေးချူ။ ကျေးဇူးပြုပြီး ဝင်သွားပါ”

“အင်း” ချူချန်ဖုန်းက ခေါင်းညိတ်လိုက်ပြီး ဝူရီနှင့် ယန်ယန်ဆီ လှမ်းကြည့်၍ ပြုံးကာ မေးလိုက်သည် “မိန်းကလေး နှစ်ယောက်ကော ရတနာစံအိမ်ထဲဆီ ဝင်ချင်လား”

ဝူရီနှင့် ယန်ယန်တို့ နှစ်ယောက်စလုံး ပါးစပ် ပိတ်နေသည်။

ချူချန်ဖုန်းက ဆက်ပြောသည် “လေလံပွဲ ကျင်းပတော့မှာ မို့လို့ အထဲဝင်ခွင့်တွေကို ကန့်သတ် ထားလိုက်ပြီ။ ဖိတ်စာမပါရင် အစောင့်တွေက ဘယ်သူ့ကိုမှ အထဲဝင်ခွင့် ပေးမှာ မဟုတ်ဘူး။ မိန်းကလေးတို့ တကယ် ဝင်ချင်တယ်ဆိုရင် ကျုပ်နဲ့ လိုက်ခဲ့လို့ရတယ်နော်”

သူ့မျက်နှာထက်ရှိ အပြုံးသည် လွန်စွာကိုမှ ရိုးသား ဖြူစင်လှပေသည်။ သို့သော်လည်း ယန်ယန်နှင့် ဝူရီသည် သူ့အပြုံးကိုကြည့်ပြီး အရူးလုပ်ခံမည့် လူစားထဲ မပါချေ။ ချူချန်ဖုန်း ဘာကြံနေလဲ သူတို့ မသိဘဲ နေမည်လား။

“ချူချန်းဖုန်းရာ၊ မင်းကတော့ နည်းနည်းလေး မတွေ့လိုက်ရတာနဲ့ အားနည်းတဲ့လူတွေကို လိုက်ပြီး အာဏာပြနေပြန်ပြီနဲ့တူတယ်။ လေလံပွဲတက်နိုင်လို့ မင်းကိုယ်မင်း ဟုတ်လှပြီ ထင်နေတာလား။ ဒါမှမဟုတ် မင်းတို့ ကောင်းကင်တိုက်ပွဲ အဖွဲ့အစည်းကပဲ မြင်လိုက်တာနဲ့ ဖင်တုန်အောင် ကြောက်စရာကောင်းတယ် လို့ ထင်နေတာလား” အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ယန်ယန်နှင့် ဝူရီတို့အား ဖိတ်ခေါ်နေသော ချူချန်ဖုန်း ထိုအသံကို ကြားလိုက်သည့် အချိန်တွင် မျက်မှောင် ကြုတ်သွားခဲ့လေသည်။ ယင်ကောင်တစ်ကောင်ကို မြိုချလိုက်ရသည့်အလား သူ့မျက်နှာထက်ရှိ အပြုံးလည်း ပျောက်ကွယ်သွားခဲ့ပြီး အသံထွက်ပေါ်လာရာ အရပ်ဆီ ပြန်၍ စိုက်ကြည့်လိုက်သည်။

မလှမ်းမကမ်းဆီမှ ရိူးရှင်းသော မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက် လမ်းလျှောက် လာနေခဲ့သည်။ ထိုလူငယ်လေးသည် ချူချန်ဖုန်းကဲ့သို့ ရှိုးထုတ်ပြနေခြင်းမရှိဘဲ ရိုးရိုးရှင်းရှင်းသာ ဝတ်စားထား၏။ ပြုမူဆက်ဆံပုံမှာလည်း ရိုးရိုးရှင်းရှင်းပင်။ သို့သော်လည်း ထိုလူငယ်လေးကို မြင်လိုက်သည်နှင့် ချူချန်းဖုန်း၏ မျက်လုံးထဲ လေးနက်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားလေသည်။

အပိုင်း(၁၁၄၉)

အထွဋ်အထိပ်သိုင်းဧကရာဇ်

(အဆောက်အဦးရှေ့ဝယ်)

ရန်ကိုင်လည်း ရောက်လာသည့် လူသစ်ဆီ လှမ်း၍ ကြည့်လိုက်သည်။

အကြည့်တစ်ချက်ဖြင့် ရန်ကိုင် အနည်းငယ် အံ့ဩသွားရသည်။ ထိုလူငယ်လေးသည် ရိုးရှင်းသော အဝတ်အစားကိုသာ ဝတ်ဆင်ထားသည်။ ရိုးရှင်းခြင်း မဟုတ်၊ ဖြစ်သလို ဝတ်စားထားသည်ဟုပင် ပြောရလေမလား။ သို့သော်လည်း သူ့ဆီမှ ထွက်ပေါ် နေသော အရှိန်အဝါသည် ချူချန်ဖုန်းမှ ပေးစွမ်းသည့် အရှိန်အဝါထက်ပင် ပို၍အားကောင်းနေသေးသည်။ ထို့အပြင် သူ့အရှိန်အဝါထဲ ထက်ရှမှုတို့ ကိန်းအောင် နေခဲ့လေသည်။ ထိုလူငယ်လေးဆီမှ လျှပ်စီးစွမ်းအင်ကို ရန်ကိုင် အာရုံခံနေမိသည်။

ထိုလူငယ်လေးသည် မိုးကြိုးဓါတ်ကျင့်စဉ် တစ်မျိုးမျိုးကို ကျိန်းသေ လေ့ကျင့်ထားရပေမည်။ ထို့အပြင် သူကျင့်ကြံထားခြင်းသည့် ကျင့်စဉ်တွင်လည်း အဆင့် တော်တော် မြင့်နေလောက်သည်။ သူ့ခန္ဓာကိုယ်သည် သိပ်ပြီး မထွားသော်ငြား သူသည် ပညာရှင်တစ်ယောက် ဖြစ်သည်။ အကြောင်းမှာ ထိုလူငယ်လေးသည် ချူချန်ဖုန်းကဲ့သို့ပင် သူတော်စင် ဘုရင် တတိယအဆင့် ဖြစ်နေသောကြောင့်ပင်။

ထိုလူငယ်လေး၏ နောက်တွင် မိုးကြိုးတံဆိပ် ထိုးထွင်းထားသော မိုးပြာရောင်ဝတ်ရုံကို ဝတ်ထားသည့် တန်ခိုးရှင်အဆင့် ပညာရှင်နှစ်ယောက် ရှိနေခဲ့သည်။

“ဘယ်သူလည်း မှတ်ပါတယ်။ မိုးကြိုးမုန်တိုင်းဂိုဏ်းက ရောင်းရင်းဖန် ဖြစ်နေတာကိုး။ မတွေ့ရတာ ကြာပြီနော်။ အရင်လိုပဲ စုတ်စုတ်ပြတ်ပြတ် ဝတ်စားနေတုန်းပါပဲလား။ မင်းပုံစံကြောင့် မိုးကြိုးမုန်တိုင်းဂိုဏ်း မျက်နှာပျက်ရမှာ မစိုးရိမ်ဘူးလား” ချူချန်းဖုန်းက ရယ်သွမ်းသွေးလျက် ပြောလိုက်သည်။

ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး ထိုရိုးရိုးရှင်းရှင်း ဝတ်းစားထားသည့် လူငယ်လေး မည်သူမှန်း ချက်ချင်း နားလည်သွားလေသည်။

မိုးကြိုးမုန်တိုင်းဂိုဏ်းမှ ဖန်ထျန်းဇုံပင်။ ချူချန်ဖုန်း ကဲ့သို့ပင် သူသည်လည်း အရိပ်ကြယ်၏ နာမည်ကျော် လူငယ် ပါရမီရှင်များထဲမှ တစ်ယောက် ဖြစ်ပေသည်။

ပါရမီရှင်များသည် မာနကြီးကြပြီး သူတို့ကိုယ်သူတို့သာ ပိုတော်သည်ဟု ထင်မှတ်ကြသည်။ ထိုနှစ်ယောက်သည် အရိပ်ကြယ်ပေါ်ရှိ လူငယ်မျိုးဆက်၏ ပါရမီအမြင့်မားဆုံး လူငယ်နှစ်ယောက် ဖြစ်လေရာ သူတို့ အချင်းချင်း မတည့်ကြသည်မှာ သဘာဝသာဖြစ်သည်။ အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် တွေ့ကြသည့်အခါ လှောင်ပြောင်ထေ့ငေါ့ စကားများသည် သူတို့ စကားဝိုင်း အတွင်း မပါမဖြစ်ပင်။

ရတနာစံအိမ်၏ အစောင့်နှစ်ယောက်သည်လည်း လက်မှိုင်ချနေရလေပြီ။ သာမန်လူများသည် စံအိမ်ရှေ့ ရုတ်ရုတ်ရုတ်ရုတ် လာလုပ်ပါက အစောကြီးကတည်းက သင်ခန်းစားပေးလိုက်ပေပြီ။ သို့သော် ချူချန်ဖုန်းနှင့် ဖန်ထျန်းဇုံတို့ နှစ်ယောက်သည် သူတို့ ရန်စနိုင်သည့် လူနှစ်ယောက် မဟုတ်ချေ။

ရန်ကိုင်ပင်လျှင် သူတို့ နှစ်ယောက်ကြား အနှောင့်အယှတ် တစ်ခုနှယ် ဖြစ်နေရလေပြီ။

“ငါသိုင်းလမ်စဉ်ကို စလျှောက်ကတည်းက ကောင်းကင် လမ်းစဉ်နဲ့ သိုင်းတာအိုကို လေ့လာဖို့ပဲ အာရုံစိုက်တာ။ မင်းလိုမျိုး ဝတ်ကောင်းစားလှတွေ ဝတ်စားပြီး ရှိုးထုတ်ဖို့ ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဘူး” ဖန်ထျန်းဇုံက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ချူချန်ဖုန်းက နှာခေါင်းတစ်ချက်ရှုံ့၍ သူ့အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ဖန်ထျန်းဇုံကလည်း အောက်ကျမခံ သူ့အရှိန်အဝါကို ပြန်ထုတ်ပြသည်။

အရှိန်အဝါနှစ်ခု ထိပ်တိုက်တွေ့သွားသည့်အချိန်၌ မုန်တိုင်းသေးတစ်ခု ဖြစ်ပေါ်လာပြီး ရတနာစံအိမ်ရှေ့ရှိ အခြေအနေ ပရမ်းပတာ ဖြစ်ကုန်လေသည်။ ထိုအခြေအနေကို သတိပြုမိသော အဆောက်အဦးထဲရှိ ပညာရှင်များသည် သူတို့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လာသည်။ သို့သော် ထိုအဖြစ်အပျက်သည် ချူချန်ဖုန်းနှင့် ဖန်ထျန်းဇုံတို့ နှစ်ယောက်သားကြား ပဋိပက္ခဖြစ်မှန်း သိသော် သူတို့၏ ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းကာ ဝင်မပါဘဲ နေလိုက်ကြလေသည်။

ထိုပါရမီရှင်နှစ်ယောက်သည် သူတို့၏ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ လုပ်ချင်ရာလုပ်နေသည်ကို မြင်သော် ရန်ကိုင်၏ အကြည့် အေးစက်သွားခဲ့သည်။ ဖန်ထျန်းဇုံကို ချူချန်ဖုန်းနှင့် မတူပါလားဟု တွေးမိခဲ့သော်လည်း ယခုမူ နှစ်ယောက်စလုံး အတူတူနှင့် အနူနူသာ ဖြစ်မှန်းကို ရန်ကိုင် သိလိုက်ရသည်။

ရန်ကိုင် နေရာတွင် ရပ်နေသူသည် သာမန် သူတော်စင် ဘုရင် ပထမအဆင့် တစ်ယောက်သာ ဖြစ်ပါက သူတို့ နှစ်ယောက်ကြားရှိ ပဋိပက္ခကြောင့် ဒုက္ခရောက်နေရလေပြီ။ ဒဏ်ရာမရသွားလျှင်ပင် နေရထိုင်ရ အဆင်ပြေလိမ့်မည် မဟုတ်ချေ။

ထိုနှစ်ယောက်သည် သူ့ကိုဖြစ်စေ၊ ဝူရီသို့ ယန်ယန်ကို ဖြစ်စေ၊ ဂရုမစိုက်ဘဲ သူတို့ မည်မျှ တော်ကြောင်းကိုသာ ကြွားချင်နေကြသည်။

နှစ်ယောက်သားကြား အရှိန်အဝါ အထွဋ်အထိပ်သို့ ရောက်လာချိန် ရန်ကိုင် နှာခေါင်းတစ်ချက် ရှုံ့ကာ သူ့လက်ကို ဝှေ့ရမ်းလိုက်သည်။

တစ်ခုခု ဆုတ်ဖြဲခံလိုက်ရသကဲသို့သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်သည် သူ့နေရာတွင်သာ တောင်တစ်လုံကဲ့သို့ မားမားမတ်မတ် ရပ်နေသေးသည်။ ဘာမှဖြစ်မသွား။ သူ့နောက်တွင် ပုန်းနေသော ဝူရီနှင့် ယန်ယန်သည်လည်း အကောင်းအတိုင်းသာ ရှိနေသည်။

“အန်” ချူချန်ဖုန်းနှင့် ဖန်ထျန်းဇုံတို့သည် သူတို့၏ အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်ကြပြီး ရန်ကိုင်အား အံ့အားသင့်နေသည့် အမူအရာဖြင့် တစ်ချိန်တည်း လှည့်ကြည့်လာကြသည်။

ရန်ကိုင်ကို ပစ်မှတ်ထား၍ သူတို့၏ အရှိန်အဝါကို ထုတ်လွှတ်နေခြင်း မဟုတ်သော်ငြား သူတို့ ထုတ်လွှတ် နေသည့် အရှိန်အဝါသည် သူတော်စင်ဘုရင် ပထမအဆင့် တစ်ယောက် ခုခံနိုင်သည့် အရာမျိုး မဟုတ်ချေ။ သို့သော် ယခုမူ ဘယ်ကမှန်းမသိသော် လူငယ်လေး တစ်ယောက်သည် သူတို့၏ အရှိန်အဝါကို အလွယ်တကူ ဖျက်စီးပစ်လိုက်လေရာ နှစ်ယောက်စလုံး မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။

သို့သော်လည်း နည်းနည်းလေး အံ့အားသင့်သွားခြင်း သာ ဖြစ်ပြီး ရန်ကိုင်၏ ကျင့်ကြံခြင်းသည် သူတို့ အာရုံ စိုက်ရလောက်သည့်အထဲ မပါသေးချေ။

“စီနီယာအစ်ကိုတို့ နှစ်ယောက်က အမြဲတမ်းကို ဆက်ဆံရေးကောင်းကြတာပဲနော်။ တွေ့လိုက်တိုင်း ဖော်ဖော်ရွေရွေနဲ့ ရှိနေကြတာ တကယ်ကို မနာလိုစရာပဲ” ဆည်းလည်းသံလေးကဲ့သို့ ချိုသာသော အသံတစ်သံနှင့် အတူ မိန်းကလေးတစ်ယောက် ပေါ်လာခဲ့သည်။

နို့နှစ်ရောင် အသားအရေနှင့် သိမ်‌မွေ့နူးညံ့သော အသွင်အပြင်နှင့်အတကွ ပျော့ပြောင်းညင်သာသည့် အရှိန်အဝါကြောင့် သူမအား မြင်လိုက်သည့် ပုရိသ ယောကျာ်းတိုင်း၏ စိတ်ထဲ သူမအား ကာကွယ်ပေးချင်စိတ် တို့ တဖွားဖွား ဖြစ်ပေါ်လာနိုင်ပေသည်။ ကိုယ်လုံး ကိုယ်ပေါက်ဟာဆိုလျှင်လည်း အပြစ်ပြောစရာမရှိ။ တကယ်ကို စွဲဆောင်မှုကောင်းလှသည်။ ဝတ်ထားသော ခရမ်းနုရောင် ဝတ်စုံသည် သူမ၏ အမို့အမောက်၊ ကောက်ကြောင်း အဖြာဖြာကို ထင်းနေစေလေရာ သူမ၏ အလှကို ပို၍ ဆွဲဆောင်မှုရှိနေစေလေခဲ့သည်။

သူမ ရောက်လာသည့်အချိန်၌ အကုန်လုံး၏ နှာခေါင်းထဲ သင်းပျံ့မွှေးကြိုင်သော ရနံ့တစ်ခု ပျံ့လွင့်လာ၏။ ထိုသင်းရနံ့သည် ရှုရှိုက်မိသူများ၏ စိတ်ကို ရွှင်လန်းစေလို နှလုံခုန်မြန်အောင်လည်း လုပ်ပေးလေ၏။

ကောင်မလေးသည် ထိုနှစ်ယောက်ကို လှောင်ပြောင် ပြောဆိုနေခြင်း ဖြစ်သော်လည်း နှစ်ယောက်စလုံး ဒေါသ မထွက်ကြ။ ချူချန်ဖုန်းသည် ပြုံးလျက်နှင့်ပင် ထိုမိန်းကလေးက မီးတောက်မတတ် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“စုတျယ်က စီနီယာအစ်ကိုနှစ်ယောက်ကို နှုတ်ဆက်ပါတယ်ရှင့်” မိန်းမငယ်လေးက ကျော့ရှင်း တင့်တယ်စွာ နှုတ်ဆက်လိုက်သည်။ အနည်းငယ် ပန်းနုရောင်သန်းနေသော သူမ၏ ပါးမို့မို့လေးမှာ လွန်စွာကိုမှ ပျော့အိဟန်ရကာ မြင်သူတိုင်းအား ပြေးဖျစ်ညစ်ပစ်ချင်စိတ် ပေါက်လာအောင် လုပ်နေသည်။

“ဂျူနီယာညီမယင်ပါလား။ မတွေ့ရတာကြာတော့ အစ်ကိုကြီးတောင် လွမ်းနေရတာ” ချူချန်ဖုန်းသည် ဖန်ထျန်းဇုံကို ဂရုမစိုက်တော့ဘဲ ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။

ဖန်ထျန်းဇုံသည်လည်း ထိုမိန်းကလေးအား အသာအယာ ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။

ထိုသုံးယောက်သည် အရိပ်ကြယ်၏ နာမည်ကျော် လူငယ်ပါရမီရှင် သုံးယောက် ဖြစ်နေလေရာ အချင်းချင်း သိနေကြသည်မှာ အထူးအဆန်း မဟုတ်ချေ။

“ဂျူနီယာညီမယင်လည်း လာမယ်လို့ မထင်ထားဘူး။ ကြည့်ရတာ ငါဒီတစ်ကြိမ် လာလိုက်တာ မှန်သွားပြီနဲ့ တူတယ်။ ဂျူနီယာညီမ ဒီနေ့ ငါနဲ့ လိုက်မလား။ အတူတူ ထိုင်ပြီး စကားလေးဘာလေး ပြောကြတာပေါ့။ စီနီယာ အစ်ကိုက သိပ်ပြီး ပါရမီမမြင့်ပေမယ့် ဒီရက်ပိုင်း ရှီကို လေ့လာနေရင်း နည်းနည်းပါးပါး သိလိုက်ရတာတွေ ရှိထားတယ်လေ” ချူချန်းဖုန်းက ဖိတ်ခေါ်လိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခိုက် ရန်ကိုင်၏ နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့သည်။ ရှီကို လေ့လာရန် မည်မျှ ခက်ခဲသလဲ ဆိုသည်ကို သူသိပေသည်။ တန်ခိုးရှင် နှစ်ယောက်၏ နားလည်သဘောပေါက်မှုများကို စုပ်ယူပြီးသည့်တိုင် ရှီဆိုသည့်အရာကို စိုးစဉ်းမျှပင် မဖမ်းဆုပ်နိုင်ပါသေးချေ။ ချူချန်ဖုန်းသည် သူ့ထက် ကျင့်ကြံခြင်း ပိုမြင့်သော်လည်း တန်ခိုးရှင်အဆင့်သို့ မရောက်သေးဘဲနှင့် ရှီကိုနားလည်ဖို့ရာ မဖြစ်နိုင်ချေ။ ချူချန်ဖုန်း ထိုကဲ့သို့ ပြောခြင်းသည် ယင်စုတျယ်နား ကပ်နိုင်ဖို့ရာ ဂွင်ဆင်နေခြင်း သက်သက်သာ ဖြစ်သည်။

ယင်စုတျယ်သည် ချူချန်ဖုန်း အကြောင်းကို ကောင်းကောင်း သိထားလေရာ ယဲ့ယဲ့ပြုံး၍သာ ပြန်၍ ငြင်းဆိုလိုက်လေသည် “စီနီယာအစ်ကိုနဲ့ စကား ပြောချင်ပေမယ့် ဂျူနီယာညီမက ဆရာ့ကိုယ်စား ရောက်လာခဲ့တာလေ။ အရေးကြီးတဲ့ ကိစ္စရှိနေလို့ စီနီယာအစ်ကိုနဲ့ စကားမပြောနိုင်တာကို ခွင့်လွှတ်ပေးပါ”

“ရတယ်၊ ရတယ်။ ကိစ္စမရှိဘူး။ နောက်ပိုင်း အချိန်တွေ အများကြီး ရှိသေးတာပဲဟာ” ယင်စုတျယ်၏ ငြင်းပယ်ခြင်း ခံလိုက်ရသဖြင့် ချူချန်ဖုန်း စိတ်ပျက်မသွား။ ကြည့်ရသည်မှာ ယင်စုတျယ်၏ ငြင်းပယ်ခြင်း ခံရသည်မှာ တစ်ကြိမ်ထက် မကတော့သည့်ပုံပင်။ ထို့ကြောင့် အတော်လေး ခံနိုင်ရည်ရှိနေခြင်း ဖြစ်သည်။

လူငယ်ပါရမီရှင်သုံးယောက်သည် အပေါက်ဝတွင် ပိတ်ရပ်နေသဖြင့် အတော်လေး အာရုံစိုက်စရာ ဖြစ်နေ၏။ သို့သော် သူတို့သုံးယောက်က မဝင်သေးသဖြင့် အခြား သခင်လေး၊ သခင်မလေးများသည်လည်း မဝင်နိုင်သေးဘဲ သူတို့ ဝင်မည့်အချိန်ကိုသာ ရပ်စောင့်နေကြရလေသည်။

ထိုလူငယ်များနှင့် ယှဉ်လျှင် သူတို့ သုံးယောက် အတော်လေး စုတ်စုတ်ပြတ်ပြတ် ဖြစ်နေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ထိုသခင်လေး သခင်မလေးများသည် မြင်သည်နှင့် မျက်စိထဲ ထင်းနေစေမည့် အဝတ်အစား များနှင့် အားကောင်းသော ကိုယ်ကြပ်မှော်ရတနာများကို ဝတ်ဆင်ထားကြသည်။

ရန်ကိုင်သည် ရိုးရှင်းသော အဝတ်အစားကိုသာ ဝတ်ဆင်ထားပြီး ယန်ယန်ကမူ သူမ၏ ဝိသေသဝတ်ရုံ ဖြစ်သော အနက်ရောင်ဝတ်ရုံကြီးကို ဝတ်ထားသည်။ ဝူရီကမူ သူတို့ နှစ်ယောက်လောက် မဆိုးချေ။ သို့သော် အခြား လူများနှင့် ယှဉ်လိုက်လျှင် သူမ ဝတ်ထားသည့် အဝတ်အစားမှာ အတော်လေး သာမန်ဆန်နေသည်။

သူတို့ သုံးယောက်သည် ငန်းအုပ်ကြားမှ ကြက်သုံးကောင်နှင့်ပင် တူနေသေးလေရာ လူအုပ်ကြီး၏ အာရုံစိုက်မိရာ ဖြစ်နေလေတော့သည်။

ကံကောင်းစွာဖြင့် ပါရမီရှင်သုံးယောက်သည် လေလံပွဲ မကြာခင် စတော့မည် ဖြစ်သဖြင့် ဆက်၍ စကား ပြောမနေကြတော့ချေ။ သခင်လေး၊ သခင်မလေးများမှ ထိုသုံးယောက်ကို နှုတ်ဆက်စကား ပြောပြီးသည့်နောက် အထဲသို့ အလျင်အမြန် ဝင်သွားကြလေသည်။

အထဲသို့မဝင်ခင် ဖန်ထျန်းဇုံသည် ရန်ကိုင်အား တစ်ချက် လှမ်းကြည့်သွားသည်။ သို့သော် ဘာမှတော့ မပြောချေ။

လူအုပ်ကြီး မရှိတော့မှပဲ ဝူရီ စိတ်သက်သာရာ ရသွားသည်။ သက်ပြင်းတစ်ချက်ချ၍ ရန်ကိုင်အား တိုးတိုးလေး ကပ်ပြောလိုက်သည် “ခုဏက တွေ့လိုက်တဲ့ မိန်းကလေးက မြက်သွေးရောင်ဂိုဏ်းကပဲ။ သူက အရိပ်ကြယ်ပေါ်မှာ အရမ်းကို နာမည်ကျော်တာ။ အရိပ်ကြယ်ရဲ့ နံပါတ်တစ်အလှဘုရင်မတဲ့။ သူ့ကို လိုက်နေတဲ့ လူတွေဆို ရိုက်သတ်လို့ကောင် မကုန်တဲ့အထိပဲ”

“နံပါတစ်အလှရှင်လား” ရန်ကိုင်က ရယ်မောလိုက်ပြီး “နင်တို့နှစ်ယောက်လည်း သူ့အောက်မှ မကျတာ။ အဲ့ဂုဏ်ပုဒ်က သူ့နဲ့ မထိုက်တန်ဘူး”

“ငါက သူနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ” ရန်ကိုင် အမှန်အတိုင်း ပြောနေခြင်းဖြစ်စေ၊ နားကြားကောင်းအောင် ပြောနေခြင်းဖြစ်စ၊ ထိုကဲ့သို့ ချီးကျူးခံလိုက်ရသဖြင့် သူမ စိတ်ထဲ ပျော်မိသည်မှာတော့ အမှန်ပင်။ မိန်းမများသည် သူမတို့၏ ရုပ်ရည်ကို လာချီးကျူးလျှင် ပျော်ကြသည်မှာ သဘာပင် မဟုတ်ပေလော။ သို့သော်လည်း သူမနှင့် ယင်စုတျယ်ကြားတွင် ကွာခြားချက် ကြီးကြီးမားမားကြီး ရှိနေသည်ကို ဝူရီသိသည်။ သူမတို့ နှစ်ယောက်၏ နောက်ခံသည် မိုးနှင့်မြေကဲ့သို့ ကွာခြားပေသည်။

“ငါတို့လည်း အထဲဝင်ကြတာပေါ့” ရန်ကိုင်က ပြောလိုက်သည်။ ဝူရီနှင့် ယန်ယန်တို့ကို ကာကွယ်ပေးရန် လေလံပွဲသို့ လာခဲ့သော်လည်း လူငယ်ပါရမီရှင်များစွာနှင့် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ချူချန်ဖုန်းဖြစ်စေ၊ ဖန်ထျန်းဇုံဖြစ်စေ၊ ယင်စုတျယ် ဖြစ်စေ သုံးယောက်စလုံးသည် အထင်မသေးသင့်သည့် လူများ ဖြစ်ကြသည်။ သူ့ရှေ့တွင် လျှောက်စရာလမ်း အရှည်ကြီး ရှိနေပေသေးသည်။ သူ့လက်ရှိ ခွန်အားသည် ဤလောကကြီး၏ ပြိုင်ဘက်ကင်းဖြစ်ရန်အတွက် အဝေး အဝေးကြီး လိုနေပေသေးသည်။

ထိုလူငယ်သုံးယောက်၏ ထွက်ပေါ်လာမှုသည် ရန်ကိုင်အား အဆင့်တူ ကျင့်ကြံသူများကိုပင် အထင် မသေးသင့်ကြောင်း သတိပေးသွားခဲ့သည်။ ထိုသုံးယောက်သည် သူတို့ ဂိုဏ်းအသီးသီး၏ ကိုယ်စားပြုများ ဖြစ်ကြလေရာ သူတို့ လက်ထဲတွင် မည်သို့သော ဝှက်ဖဲများအား ဖုံးကွယ်ထားမည်လဲ ဆိုသည်ကို မည်သူမှ မသိကြချေ။ တကယ်တမ်း တိုက်ခိုက်မည်ဆိုပါက မည်သူနိုင်မည်၊ မည်သူ ရှုံးမည်ဆိုသည်ကို ဘယ်သူမှ အတပ်မပြောနိုင်ပေ။

နောက်ဆုံးမှပဲ ဝူရီလည်း ဖိတ်စာကို ရှာတွေ့သွား၏။ သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်ပြီး ဖိတ်စာကို အစောင့်ဆီ ပေးလိုက်သည်။ အစောင့်သည် သူတို့ဆီမှ ဖိတ်စာ ထွက်လာလိမ့်မည်ဟု မထင်ထားသည့်ပုံပင်။ အံ့ဩသွားသော်လည်း ရန်ကိုင်တို့အား အရှက်ရအောင် လုပ်မနေဘဲ ချက်ချင်းပဲ အထဲသို့ ဝင်ခွင့် ပေးလိုက်သည်။

ရတနာစံအိမ်ထဲသို့ ဝင်လိုက်သည်နှင့် အဖွဲ့လိုက် အဖွဲ့လိုက်စုကာ အမျိုးမျိုးသော အကြောင်းအရာများကို ဆွေးနွေးနေကြသည့် လူအုပ်ကြီးကို တွေ့လိုက်ရသည်။

“ဒီတော့ ဒါက ရတနာစံအိမ်ပေါ့” ဝူရီ၏ အကြည့်ထဲ ထိတ်လန့်ရိပ်တို့၊ အံ့ဩရိပ်တို့ ပြည့်နှက်နေခဲ့သည်။ တောသာမြို့ရောက်သည်နှင့် အရာရာကို စိတ်ဝင်တစားနှင့် ဟိုကြည့်လိုက်၊ ဒီကြည့်လိုက် လုပ်နေခဲ့လေသည်။

သူတို့အား ဆီးကြိုနေသည်ကား အလင်းကျောက်များ စီခြယ်ထားသည့် အမိုးခုံဖြင့် အုပ်ထားသော စက်ဝိုင်းပြတ် ပုံစံ ခန်းမကျယ်ကြီးတ်စခုပင်။

ခန်းမ၏ အနိမ့်ဆုံးပိုင်းတွင် ထိုင်ခုံများကို အတန်းလိုက် အတန်းလိုက် သပ်သပ်ရပ်ရပ် စီတန်းထားလေသည်။ ထိုင်ခုံ အားလုံး၏ ရှစ်ဆယ်ရာခိုင်နှုန်းမှာ လူပြည့်နေကြလေပြီ။ အမြင့်လွှာများတွင် လူပေါင်းများစွာ ခေါက်တုံ့ခေါက်ပြန် သွားလာနေကြဆဲ။

အဓိကအလွှာ၏ အရှေ့ဘက်တွင်မူကား နှစ်မီတာ မြင့်သော စင်မြင့်တစ်ခု ရှိနေခဲ့သည်။ ထိုနေရာသည် အမျိုးမျိုးသော ပစ္စည်းများကို လေလံတင်ရောင်းချမည့် နေရာ ဖြစ်ပေသည်။

အထဲသို့ ရောက်သည်နှင့် ရန်ကိုင်သည် ချင်းတုန်ကို အရင် စရှာလေသည်။ သို့သော်လည်း လူများစွာဖြင့် ပြည့်ကြပ်နေသည့် ဤနေရာ၌ တစ်ယောက်သောလူကို ရှာရန်မှာ အလွန်ကိုမှ ခက်ခဲပေသည်။ သူသာ တန်ခိုးရှင် တတိယအဆင့် တစ်ယောက် ဖြစ်နေပါက ဘာကိုမှ အမှုထားနေစရာ မလိုဘဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရှာကြည့်နိုင်သည်။ သို့သော်လည်း သူ့လက်ရှိ ကျင့်ကြံခြင်းဖြင့် ထိုကဲ့သို့ လုပ်လိုက်ပါက နားလည်မှု လွဲမှားသည်မျိုး ဖြစ်နိုင်ကာ မလိုလားအပ်သော ပြဿနာများကို ဖိတ်ခေါ်မိသလို ဖြစ်သွားနိုင်ပေသည်။

အပိုင်း(၁၁၅၀)

အထွဋ်အထိပ်သိုင်းဧကရာဇ်

ဘာလုပ်ရမလဲ စဉ်းစားနေစဉ်မှာပဲ လူတစ်ယောက်က ရန်ကိုင်ဆီ ရောက်လာပြီး လေးလေးစားစား ဦးညွှတ်၍ ပြောလိုက်သည် “လော့ချင်က သခင်လေးရန်နဲ့ သခင်မလေးတို့ကို နှုတ်ဆက်ပါတယ်”

သူ့အား လာနှုတ်ဆက်သည့်လူသည် ရှုမိသားစုမှ သူ့အား ရန်ကြွေးဆပ်ရန် ဖိတ်ခေါ်ခဲ့သော တန်ခိုးရှင်အဆင့် ပညာရှင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့အား မှတ်မိသွားပြီး ချင်းတုန်အား လှမ်းအကြောင်း ကြားခဲ့သည့် လူမှာလည်း ထိုလူသာ ဖြစ်ပေသည်။

ရန်ကိုင်ကလည်း ပြန်၍ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သည် “အစ်ကိုလော့ပါလား။ အကြီးအကဲ ချင်းကော”

“အကြီးအကဲချင်းက အရေးကြီးကိစ္စအချို့ ရှိနေလို့ အခုလောလောဆယ် မလာအားသေးဘူး။ ဒါကြောင့်ပဲ ဒီတပည့်ကို သခင်လေးရန်ကို စောင့်နေခိုင်းခဲ့တာ။ သခင်လေးရန် လိုအပ်လောက်မယ့်ဟာတွေ အကုန်လုံးကို အကြီးအကဲချင်း စီစဉ်ထားပြီးသွားပါပြီ။ အဆင့်သင် ဖြစ်ပြီဆိုရင် ကျုပ်နောက် လိုက်ခဲ့ပေးပါ”

“ကောင်းပြီလေ။ လမ်းပြပေးပါဦး” ရန်ကိုင်လည်း ပြန်၍ ခေါင်းညိတ်ပြလိုက်သည်။

ရတနာစံအိမ်လေလံပွဲသည် ကောင်းကင်ကံကြမ္မာ မြို့တော်တွင် ကျင်းပနေခြင်း ဖြစ်လေရာ ကောင်းကင် ကံကြမ္မာမြို့တော်၏ စီနီယာအကြီးအကဲ တစ်ယောက် ဖြစ်သော ချင်းတုန်တွင် လုပ်စရာကိစ္စများစွာ ရှိနေသည်မှာ အထူးအဆန်း မဟုတ်ပါချေ။ ထို့ကြောင့် ထိုကိစ္စလေးဖြင့် ရန်ကိုင် စိတ်ကွက်နေလိမ့်မည် မဟုတ်။

လော့ချင်က ဦးဆောင်မှုဖြင့် ရန်ကိုင်တို့ အဖွဲ့သည် တတိယထပ်ဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ တတိယထပ်ရှိ အခန်းတစ်ခန်းရှေ့သို့ ရောက်သော် လော့ချင်က တံခါးကို တွန်းဖွင့်လိုက်ပြီး အထဲသို့ လမ်းလျှောက် ဝင်သွားရင်း ရှင်းပြလိုက်သည် “ဒီအခန်းက သခင်လေးရန်အတွက် အကြီးအကဲချင်း ကိုယ်တိုင် စီစဉ်ပေးထားတဲ့ အထူးအခန်းပါ။ သခင်လေး ကျေနပ်ရဲ့လား မသိဘူး”

အခန်းသည် နည်းနည်း သေးသော်လည်း ပရိဘောဂ အဆင်တန်ဆာများမှာ အတော်လေး အဆင့်မြင့်လှသည်။ သင့်တင့်လှပစွာ တန်ဆာဆင်ထားသော စားပွဲခုံ ပေါ်တွင်လည်း အရည်အသွေးမြင့် စိတ်ဝိဥာဉ်အသီးများ ရှိနေခဲ့လေသည်။ နွေဦးစမ်းရေ လက်ဖက်ရည်အိုးကို ချပေးထားပြီး လိုသည့်အရာများကို အဆင့်သင့် လုပ်ဆောင်ပေးရန် အစေခံမလေးနှစ်ယောက် ရှိနေ၏။ ထိုအစေခံမလေး နှစ်ယောက်သည် အတော်လေးကိုမှ ချောမောလှပကြပြီး ရန်ကိုင်တို့ အထဲသို့ ဝင်လာသည်နှင့် တောက်ပစွာပြုံးလျက် ဆီးကြိုနှုတ်ဆက်လေသည်။

အခြားအထူးခန်းများတွင်လည်း ဤကဲ့သို့ အစေခံမလေးများ ရှိသလား ဆိုသည်ကို ရန်ကိုင် မသိပေ။ သို့သော်လည်း ထိုနှစ်ယောက်ကို အကြီးအကဲချင်းတုန်မှ ခန့်ထားခြင်း ဖြစ်ရပေမည်။ အကြောင်းမှာ နှစ်ယောက် စလုံးသည် အရိပ်လခန်းမတံဆိပ်ပါသော ဝတ်စုံကို ဝတ်ဆင်ထားကြသောကြောင့်ပင် ဖြစ်သည်။

“အကြီးအကဲချင်း စီစဉ်ထားတာ တော်တော်လေး ကောင်းပါတာကို ကျုပ်ဘာလို့ မကျေနပ်ဘဲ နေရမှာလဲ” ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။

“သခင်လေးရန် ကျေနပ်တယ်ကြားရလို့ ကျုပ်လည်း ဝမ်းသာမိပါတယ်” လော့ချင်း စိတ်သက်သာရာ ရသွားသည့် ပုံပင်။ ရန်ကိုင်နှင့် ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက် တည်ရှိနေစေရန်အတွက် ဟုန်ကျန်းနှင့် သူစီနီယာအစ်ကို တို့နှစ်ယောက်အား ချင်းတုန် သတ်ပစ်ခဲ့သည်ဟု သူကြားခဲ့သည်။ ထို့ကြောင့် ချင်းတုန် ရန်ကိုင်အား ဘာကြောင့် ထိုမျှ အလွန်အမင်း ဂရုစိုက်နေသလဲဟု တွေးလည်း တွေးမိသည်။ ချင်းတုန်က ပေးထားသော အမိန့်ဖြစ်သဖြင့် နည်းနည်းလေးမှ လျစ်လျူမရှုရဲပါချေ။

“အပြစ်လုပ်သလို ဖြစ်မိသွားရင် ခွင့်လွှတ်ပေးပါ သခင်လေးရန်၊ သခင်လေးရန် လေလံတင်ချင်တဲ့ ပစ္စည်း ရှိရင် ကျုပ်နဲ့အတူ သူ့ဆီ ပို့ပေးဖို့ အကြီးအကဲချင်းက ညွှန်ကြားထားပါတယ်။ အခုကတည်းက ပေးမှပဲ ပစ္စည်းတန်ကြေးကို ဆုံးဖြတ်နိုင်ပြီး လေလံတင်မယ့် စာရင်းထဲ တည့်နိုင်မှာမို့လို့ပါ”

“ကျုပ်နားလည်ပြီ” ရန်ကိုင်က ဝူရီကို မျက်စိ မှိတ်ပြလိုက်ရာ ဝူရီလည်း သားသားနားနာ လှပစွာ ထုပ်ပိုးထားသည့် ကျောက်စိမ်းသေတ္တာ နှစ်လုံးကို သိုလှောင်လက်စွပ် ထဲမှ ထုတ်၍ လော့ချင် လက်ထဲ ထည့်ပေးလိုက်၏။ ထိုကျောက်စိမ်းသေတ္တာ နှစ်လုံးထဲ၌ တန်ခိုးရှင်အဆင့် မှော်ရတနာ နှစ်ခု ရှိနေခဲ့သည်။

“ဒါလည်း ပါတယ်” ပြောပြီးနောက် ကျောက်စိမ်းပုလင်း တစ်ပုလင်းကို လော့ချင် လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ကျေးဇူးပါပဲ သခင်လေးရန်၊ လွတ်လွတ်လပ်လပ် နေနော်။ လေလံပွဲက နာရီဝက်နေရင် စတော့မှာဆိုတော့ ဒီလော့ချင် အရင်သွားနှင့်လိုက်ပါဦးမယ်” လော့ချင်က ဦးညွှတ်လိုက်ပြီး မထွက်သွားခင် အရိပ်ခန်းမ၏ တပည့် နှစ်ယောက်ကို ရန်ကိုင်အား သေချာ ဂရုစိုက်ပေးရန် မှာကြာသွားခဲ့သည်။ ပြီးမှသာ ထွက်သွားလေသည်။

“ကြည့်ရတနာ ငါတို့ အခန်း (ဂ-၁၃)မှာနဲ့ တူတယ်” ဝူရီက အခန်းတံခါးကို ပိတ်၍ ပြောလိုက်သည်။

“ဒီမှာ ခင်းကျင်းထားတဲ့ အစီအရင်က မဆိုးဘူး” ယန်ယန်က အခန်းတစ်ခန်းလုံးအား လျှောက်ပတ်ကြည့်ရင်း ပြောလိုက်သည်။ “အခြားသူတွေရဲ့ ကောင်းကင်စိတ်အာရုံ ဒီထဲ ဝင်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် လေလံတင်တဲ့စင်နဲ့ နည်းနည်းဝေးနေတာ ဆိုးတယ်”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဒီနေရာက ရတနာစံအိမ်လေ။ ငါတို့အတွက် ဒီအခန်းရဖို့ အကြီးအကဲချင်း တော်တော်လေး ကြိုးစားခဲ့ရလောက်တယ်။ အခုလာတဲ့ လူတွေ အကုန်လုံးကို ကြည့်လိုက်။ မသိသူမရှိ နာမည်ကျော် တွေချည်းပဲ”

ရန်ကိုင် စကားပြောသည်ကို ကြားလိုက်သည့်အခါ အရိပ်လခန်းမ၏ တပည့်မလေးနှစ်ယောက် ပြုံးသွားသည်။ အကြီးအကဲချင်း ချီးကျူးခံရသည့်အပေါ် အတော်လေး ကျေနပ်သွားကြသည့်ပုံပင်။

“နင်တို့ နှစ်ယောက်လည်း လွတ်လွတ်လပ်လပ် နေကြနော်။ ငါတို့တွေက ချမ်းလည်းမချမ်းသာဘူး။ အာဏာရှိတဲ့လူတွေလည်း မဟုတ်ဘူး။ ဒီကို ပွဲကြည့်ဖို့ သက်သက် ရောက်လာရုံပဲ” အနည်းငယ် စိုးရိမ်နေဟန် ရသော အစေခံမလေး နှစ်ယောက်ကိုမြင်သော် ရန်ကိုင်က ပြောလိုက်သည်။

မိန်းကလေးနှစ်ယောက်စလုံး ကမန်းကတန်း လက်ဝှေ့ရမ်း၍ ခေါင်းခါလိုက်လေသည်။

ရန်ကိုင်လည်း ထိုနှစ်ယောက်ကို ဆက်ပြီး တွန်းအား ပေးမနေခဲ့ချေ။ ထို့အစား စားပွဲခုံတစ်ခုံ ယူထိုင်လိုက်ပြီး လက်ဖက်ရည်တစ်ခွဲ့ငှဲ့ကာ လေလံပွဲစမည့် အချိန်ကို အေးအေးဆေးဆေး ထိုင်စောင့်နေလိုက်လေသည်။

ဤနေရာတွင် ဖြစ်ပျက်နေသည်များကို ယခုထိတိုင် ဝူရီ မယုံနိုင်သေးချေ။ တစ်နေ့တွင် ဤသို့သော် လေလံပွဲမျိုး၌ ဝင်ရောက်ပါဝင် ဆင်နွှဲရလိမ့်မည်ဟု သူမ တစ်ခါမှ မထင်ထားခဲ့ချေ။ သူမပင်မဆိုထားနှင့်၊ ဟိုင်ခဲမိသားစု၏ မိသားစုခေါင်းဆောင်ဖြစ်သော ရီအန်းသည်ပင်လျှင် ဤလေလံပွဲသို့ တက်ရောက်ခွင့်မရှိချေ။

သို့သော်လည်း လက်ရှိတွင် သူမသည် အထူးခန်း တစ်ခန်းထဲ ထိုင်နေရပြီး ပထမအဆင့် အင်အားစုများမှ ပညာရှင်များကဲ့သို့ ဂရုစိုက်ခံနေရသည်။ လူချင်း တူလျှင်ပင် ကွာခြားချက်က ကြီးမားလွန်းလှပေပါလား။ ယခင်က သူမ၏ အကြီးမားဆုံး မျှော်လင့်ချက်သည် မိသားစုတစ်ခုလုံး၏ လေစားခံရသူဖြစ်ကာ မိသားစု‌ ခေါင်းဆောင် ရာထူးကို ဆက်ဆံနိုင်ရန်ပင် ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် သူမ၌ ထိုကဲ့သို့သော ဆန္ဒမျိုး မရှိတော့ချေ။

မိသားစုခေါင်းဆောင် ဖြစ်တော့ရော ဘာအရေးနည်း။ မိသားစုငယ်လေးတစ်ခု၏ မိသားစုခေါင်းဆောင်သည် အရိပ်လခန်းမ၏ သာမန် တပည့်တစ်ယောက်လောက်ပင် အရေးမပါချေ။ သူတို့နားတွင် ရပ်နေသော အစေခံ မိန်းကလေး နှစ်ယောက်ကိုပင် ဥပမာထားကြည့်လျှင် ရပေသည်။ ထိုမိန်းကလေးနှစ်ယောက်သည် သူတော်စင် တတိယအဆင့်သာ ရှိသေးသော်လည်း သူမတို့သာ ဟိုင်ခဲမိသားစုသို့ ရောက်သွားပါက ရီအန်းအနေဖြင့် ထိုနှစ်ယောက်ကို လေးလေးစားစား ဆက်ဆံရပေလိမ့်မည်။

ဤသည်ကား အင်အားစုကြီးများနှင့် မိသားစုငယ်လေး များကြားရှိ နှိုင်းမရသော ကွာခြားချက်ပင်တည်း။

လွန်ခဲ့သော ရက်ပိုင်းက၊ ရန်ကိုင် တံခါးပိတ်ကျင့်စဉ် ဝင်နေဆဲ အချိန်တွင် ရီအန်းသည် မိသားစုအကြီးအကဲများ နှင့်အတူ ရောက်လာပြီး ဝူရီအား မိသားစုခေါင်းဆောင် ရာထူးကို လက်ခံယူရန် လာပြောခဲ့သည်။ သို့သော်လည်း ထိုကမ်းလှမ်းချက်ကို ဝူရီ ချက်ချင်း ငြင်းပယ်ခဲ့သည်။ မိသားစုနှင့် အဆက်အသွယ်ဖြတ်ရန် ဆုံးဖြတ်ထားပြီးမှဖြင့် ပြန်သွားတော့မည် မဟုတ်ချေ။

ရုတ်တရက် တစ်ခုခု သူမဆီ ပျံလာနေသည်ကို သတိပြုမိသော် ဝူရီ ခပ်မြန်မြန် မျက်လုံးဖွင့်လိုက်ပြီး စောင်းကြည့်ကာ ထိုအရာကို လှမ်းဖမ်းလိုက်သည်။ ဖမ်းမိလိုက်မှပဲ ထိုအရာသည် စားပွဲခုံပေါ်တွင် ရှိနေသော အသီးတစ်လုံးဖြစ်မှန်း သိလိုက်ရသည်။

ရန်ကိုင်က ရယ်ရယ်မောမောဖြင့် “နင်ဘာတွေ တွေးနေတာလဲ”

“ဘာမှမဟုတ်ပါဘူး” ဝူရီ ခေါင်းခါလိုက်သည်။ ထို့နော်က စားပွဲပေါ်ရှိ အသီးနှစ်လုံးကို ယူ၍ အနားရှိ အစေခံမလေးနှစ်ယောက်ကို သွားပေးလိုက်သည်။

ယခုတစ်ကြိမ်တွင်တော့ မိန်းကလေး နှစ်ယောက် ငြင်းမနေတော့ချေ။ ဝူရီအား ယဉ်ကျေးသိမ်မွေ့စွာ ကျေးဇူးတင်လိုက်ပြီး အသီးကို လက်ခံထားလိုက်လေ၏။

လေလံပွဲ မစသေးသော်ငြား အခန်းတွင်ရှိ အခြေအနေမှာ အတော်လေး စည်းချက်ဝါးချက် ညီနေပြီဟု ပြော၍ရသည်။ အရိပ်ခန်းမ၏ မိန်းကလေးတပည့် နှစ်ယောက်က ရန်ကိုင်တို့သည် အခြားသော သခင်လေး၊ သခင်မလေးများနှင့် မတူဘဲ သူတစ်ပါးအပေါ် ကြင်နာတတ်သော၊ မာနမကြီးသော လူမှန်း သိလိုက်ကြ၏။ ယန်ယန်ဆိုလျှင် သူမတို့နှင့်ပင် ညီအစ်အရင်းအချာများ သဖွယ် စကားပြောနေခဲ့သည်။ ရန်ကိုင်အဖို့ တစ်ခွန်းပင် ဝင်ပြောခွင့်မရချေ။ လုပ်စရာမရှိသည့်အဆုံး စားပွဲ‌ပေါ်ရှိ လေလံတင်မည့် ပစ္စည်းစားရင်းကိုသာ ဖွင့်လိုက်သည်။

တစ်ချိန်တည်းတွင် ရတနာစံအိမ်၏ နောက်ဘက်၌ မုတ်ဆိတ်မွှေးမွှေးတိုတိုနှင့် မျက်နှာမည်း လူအိုကြီးက ချင်းတုန်အား မကျေမနပ်ဖြင့် ပြောလိုက်သည် “ချင်းအိုကြီး။ ပွဲကစတော့မယ်နော်။ မင်းရောင်းမယ်ဆိုတဲ့ ပစ္စည်းတွေ ဘယ်မှာလဲ”

ချင်းတုန်က တံခါးဘက်သို့လှည့်၍ တုန့်ဆိုင်း တုန့်ဆိုင်းဖြင့် ပြန်ပြောလိုက်သည် “ရောက်လာတော့မယ် မကြာဘူး။ ခဏလေးပဲစောင့်”

“ခဏစောင့်...။ ငါတို့ ရတနာစံအိမ်မှာ စည်းမျဉ်းတွေ ရှိတယ်ကွ။ ငါတို့ အချင်းချင်း ခင်လို့သာပေါ့။ မဟုတ်ရင် စည်းမျဉ်းကိုဖောက်ပြီး မင်းရောင်းချင်တဲ့ ပစ္စည်းတွေကို လေလံပွဲ မစခင်လေးမှာ ကောက်ထည့်ပေးမယ် ထင်နေလား”

“ငါသိပါတယ်ကွာ” ချင်းတုန်က အပြုံးဖြင့် ပြန်ပြောလိုက်သည်။ သို့သော်လည်း စိတ်ထဲတွင် ကြိတ်၍ ညည်းတွားနေခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဝူရီသည် သူမတို့ပစ္စည်းအချို့ လေလံတင်မည်ဟု သူ့အား လာပြောခဲ့သည်။ သို့သော်လည်း ဘာပစ္စည်းများ ဖြစ်မည် ဆိုသည်ကို ပြောမသွားခဲ့ချေ။ မှော်ရတနာများ ဖြစ်မည် ဆိုသည်ကိုသာ ပြောသွားသည်။

ရန်ကိုင် မျက်နှာကိုထောက်၍ ပစ္စည်းများကို လေလံပွဲ မစခင်သာ လာပို့ပေး၊ ကျန်တာကို သူဆက်တာဝန်ယူမည် ဟူ၍ ပြောခဲ့သည်။ သို့သော်လည်း ယခုအချိန်ပင် လာမပို့သေးလိမ့်မည်ဟု သူဘယ်ထင်မည်နည်း။ ထို့ကြောင့် ဆက်လက်၍ တောင်းဆိုရလေသည် “မင်းကလည်း၊ နည်းနည်းလောက် ဆက်စောင့်စမ်းပါကွာ။ မကြာခင် ကျိန်းသေ ရောက်လာတော့မှာ”

ယန်ဖေး၏ မျက်နှာမည်းမည်းကြီးသည် ဒယ်အိုးဖင် ကဲ့သို့ ပို၍ မည်းမှောင်သွားခဲ့လေသည်။ ထို့ကြောင့် ခေါင်းညိတ်၍ မကျေမနပ်ဖြင့် ပြန်ပြောလေသည် “ပြီးတော့မှ ငါမင်းကို မျက်နှာသာမပေးဘူးလို့ဆိုပြီး လာမပြောနဲ့နော်။ နောက်ထပ် အမွှေးတိုင်တစ်ဝက်စာ ငါထပ်စောင့်ပေးမယ်။ အဲ့အထိတောင် မရောက်လာ သေးဘူးဆိုရင်တော့ အဲ့ပစ္စည်းတွေ ဘယ်လောက်ပဲ အဖိုးတန် အဖိုးတန်၊ လေလံတင်မယ့် စာရင်းထဲ ထည့်ပေးမှာ မဟုတ်ဘူး”

“ငါသိတယ်။ မင်းကို ဒုက္ခရောက်အောင် လုပ်မိလို့ စိတ်မကောင်းပါဘူးကွာ” ချင်းတုန်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ ရတနာစံအိမ်တွင် ကိုယ်ပိုင်စည်းမျဉ်းများ ရှိလေရာ သူလည်း ထပ်၍ အထွန့်တက်မနေတော့ချေ။ ထိုကဲ့သို့ သဘောတူညီချက် ရပြီးပြီးချင်းမှာပဲ ချင်းတုန်၏ ဆက်သွယ်ရေးမှော်ရတနာ တုန်ခါလာခဲ့သည်။ လော့ချင်းဆီမှ ဆက်သွယ်နေမှန်း သိလိုက်ပြီးနောက် ချင်းတုန်၏မျက်နှာ ပြုံးဖြီးသွားပြီး “ရောက်နေပြီ”

ပြောပြီးသည်နှင့် အခန်းထဲမှ ချက်ချင်း ထွက်သွားလေသည်။

ခဏအကြာ၌ ကျောက်စိမ်းပုလင်း တစ်ပုလင်းနှင့် ကျောက်စိမ်းသေတ္တာနှစ်လုံးကို သယ်၍ အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။

ယန်ဖေးက မကျေမနပ်ဖြင့် “မင်းလေလံတင်ချင်တာ ဒါတွေလား”

“ဟုတ်တယ်” ချင်းတုန်သည် ပစ္စည်းများကို ဖွင့်မကြည့်ရသေးချေ။ အချိန် မရတော့သဖြင့် ယန်ဖေးဆီ အလျင်စလို ယူလာခဲ့ခြင်း ဖြစ်သည်။

“မြန်မြန် ဖွင့်လိုက်။ လေလံတင်ဖို့ အဆင်ပြေမပြေ ငါကြည့်ကြည့်မယ်” ယန်ဖေးက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ လက်ဝှေ့ရမ်း၍ တန်ခိုးရှင်အဆင့် ပညာရှင်များကို ဆင့်ခေါ်လိုက်ပြီး ကျောက်စိမ်းပုလင်းနှင့် ကျောက်စိမ်းသေတ္တာကို ဖွင့်ရန် ပြင်လိုက်လေသည်။

ချင်းတုန် ရင်တမမ ဖြစ်နေသည်ကို မြင်သော် ယန်ဖေးက လှောင်ပြောင်လိုက်သည် “ချင်းအိုကြီး၊ ပစ္စည်းအစုတ်တွေကို လေလံတင်ဖို့ ယူလာတာလို့တော့ လာမပြောနဲ့နော်။ အဲ့လိုဆိုရင် အခုချက်ချင်း မင်းပစ္စည်းတွေကို ပြန်ယူသွားလိုက်တာ ကောင်းလိမ့်မယ်”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ချင်းတုန်က ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်သည် “သူတော်စင် အထွဋ်အထိပ်အဆင့် မှော်ရတနာတွေကို အမှိုက်လို့ မင်းပြောချင်နေတာလား”

သူ့အား စကားလာပြောသည့်လူမှာ ဝူရီ ဖြစ်နေသည့် အတွက်ကြောင့် အနည်းငယ် စိတ်ပူနေခြင်း ဖြစ်သည်။ ရန်ကိုင်သာ ကိုယ်တိုင်ကိုယ်ကျ လာပြောမည် ဆိုပါက သူစိတ်ပူနေရလိမ့်မည် မဟုတ်ချေ။ ရန်ကိုင်၏ နောက်ကွယ်ရှိ ပန်းပဲပညာရှင်သည် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင်ဖြစ်သည်။ ထို့အပြင် ယခင်က ရန်ကိုင် နောက်ဆုံး လာရောင်းသွားသည့် မှော်ရတနာများမှာလည်း တန်ခိုးရှင်အထွဋ်အထိပ်အဆင့် ဖြစ်သည်။ ထို့သာမက‌သေး၊ ယခုလာပို့သည့် ပစ္စည်းများသည် လေလံတင်ရန်အတွက် ဖြစ်လေရာ လေလံတင်ဖို့အတွက် အဆင့်အနိမ့်စား ပစ္စည်းများကို မပို့ပေးမည်မှာ သေချာသလောက် ရှိသည်။

“သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် မှော်ရတနာလား...” ယန်ဖေး၏ မျက်နှာ အနည်းငယ် ပြေလျော့သွားခဲ့သည်။ သို့သော် အ‌လေးအနက် အမူအရာဖြင့် ပြောလိုက်သည် “အဲ့လိုပစ္စည်းတွေက လေလံတင်ဖို့ အဆင်ပြေတယ် ဆိုပေမယ့် ဒါက လုပ်ရိုးလုပ်စဉ် မဟုတ်ဘူးလေကွာ။ ပုံမှန်သာဆိုရင် သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် ဖြစ်နေရင်တောင် နောက်ကျမှလာပို့ရင် လေလံတင်မယ့် စာရင်းထဲကို ငါထည့်ပေးမှာ မဟုတ်ဘူး။ ဒီအကြောင်းကိုသာ အခြားသူတွေ သိသွားရင် ရှင်းပြဖို့မလွယ်ဘူးကွ”

သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် မှော်ရတနာများသည် အရမ်းကြီး အဖိုးမတန်သော်ငြား ထိုကဲ့သို့ ပစ္စည်းများသည် အရိပ်ကြယ်ပေါ်တွင် အများဆုံး အသုံးပြုကြသည့် မှော်ရတနာများ ဖြစ်ကြသည်။ အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် များများစားစား မရှိသဖြင့် တန်ခိုးရှင်အဆင့် ပညာရှင် များပင်လျှင် သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် မှော်ရတနာများကို အသုံးပြုကြသည်။ ထို့ကြောင့် သူတော်စင်ဘုရင် အထွဋ်အထိပ် မှော်ရတနာများသည် ရောင်းရလွယ်ကူပေသည်။ ယခုတစ်ကြိမ် လေလံပွဲတွင် ရတနာစံအိမ်မှ သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် မှော်ရတနာများစွာကို ပြင်ဆင်ထားပေရာ နှစ်ခုလောက် ပိုတိုးလာ၍ ဘာမှ ထူးခြားမသွားချေ။

လူအိုကြီးနှစ်ယောက် စကားပြောနေစဉ်မှာပဲ အနားမှ အလန့်တကြား အော်ဟစ်သံတစ်သံ ထွက်လာခဲ့သည်။

“ဘာဖြစ်တာလဲ” ယန်ဖေးက လှည့်ကြည့်လိုက်သည်။

“ဆရာ၊ ဒါက တန်ခိုးရှင်အဆင့်နိမ့် တိုက်ခိုက်ရေး မှော်ရတနာကြီး” တန်ခိုးရှင်အဆင့် ပညာရှင်က ကျောက်စိမ်းသေတ္တာထဲမှ ဓါးမြှောင်နှစ်ချောင်းကို ထုတ်ယူလိုက်ပြီး ချင်းတုန်နှင့် ယန်ဖေးဆီ ချက်ချင်း ယူသွားပေးလိုက်လေသည်။

ချင်းတုန်၏ မျက်လုံး မှေးစဉ်းသွားပြီး သူအသက်ရှု ကြပ်မတတ် ဖြစ်သွားရသည်။

ရန်ကိုင်နောက်ကွယ်ရှိ ပန်းပဲပညာရှင်သည် တန်ခိုးရှင် အဆင့် ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားပြီး ဖြစ်သော်လည်း ရန်ကိုင်သည် လေလံတင်ရန်အတွက် တန်ခိုးရှင်အဆင့် မှော်ရတနာများကို တကယ်ကြီး ထုတ်ယူလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

အစောကြီးကတည်းကသာ သိခဲ့လျှင် ထိုပစ္စည်းကို ရန်ကိုင်အား ဈေးနှစ်ဆပေးပြီး တိုက်ရိုက် ဝယ်လိုက်လေပြီ။ ယခု ထိုအဖိုးတန်ပစ္စည်းများသည် ရတနာစံအိမ်၏ လက်ထဲသို့ ရောက်သွားခဲ့လေပြီ။ ချင်းတုန် လိုချင်လျှင်ပင် လေလံဝင်ဆွဲမှသာ ရတော့ပေလိမ့်မည်။

ထိုပစ္စည်းကို ရန်ကိုင်ဆီမှ တိုက်ရိုက်ဝယ်ခြင်းထက် လေလံပွဲတွင် ဝယ်ခြင်းက ပိုဈေးကြီးပေသည်။ ထို့အပြင် အခြားသူများနှင့် လေလံယှဉ်ပစ်ရခြင်း ဖြစ်သည့်အတွက် ရမရကလည်း မသေချာချေ။ ရတနာစံအိမ်‌ လေလံပွဲသို့ ရောက်လာသူတိုင်းတွင် ငမွဲတစ်ယောက်မှ မပါချေ။ အကုန်လုံးသည် ကျိကျိတက် သူဌေးကြီးများပင်။ ထို့ကြောင့် ထိုလူများနှင့်အပြိုင် ယှဉ်လုရမည် ဖြစ်လေရာ ရနိုင်ချေ နည်းသွားပေသည်။

All Chapters