← Chapters

အခန်း (၁၁၅၁-၁၁၅၅)

Vol. 47 Ch. 1151-1155

အခန်း (၁၁၅၁-၁၁၅၅)

Vol. 47 Ch. 1151-1155

အပိုင်း(၁၁၅၁)

အထွဋ်အထိပ်သိုင်းဧကရာဇ်

ယန်ဖေးသည် ဓါးမြှောင်နှစ်ချောင်းထဲသို့ သူတော်စင်ချီ ထည့်သွင်း၍ စစ်ဆေးကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ အားပါးတရ ချီးကျူးလိုက်သည် “ကောင်းလိုက်တဲ့လက်နက်... တန်ခိုးရှင်အဆင့်နိမ့် သာဆိုတယ်။ အလယ်အလတ်အဆင့်ကိုတောင် ရောက်ခါနီးနေပြီ။ လက်ရာကလည်း ရှယ်ပဲ။ ပြီးတော့ ဒီလက်နက်က မိန်းကလေးသုံးတဲ့ လက်နက်ကွ။ ဟားဟားဟား၊ ရောက်လာတဲ့ သခင်လေးတွေတော့ နှလုံးသွေးယိုရဦးမယ်နဲ့ တူတယ်”

ယန်ဖေး၏ မျက်လုံးများ တဖျတ်ဖျတ် လင်းလက် တောက်ပနေသည်။ ထိုဓါးမြှောင်နှစ်ချောင်း၏ တန်ဖိုးကို ယန်ဖေး မမြင်ဘဲ ဘယ်နေမည်နည်း။ ဓါးမြောင် နှစ်ချောင်းသည် မိန်းကလေးများအတွက် အထူးသီးသန့် လုပ်ထားခြင်း ဖြစ်သည်။ ထိုဓါးမြောင်ကို ရဖို့အတွက် သခင်လေးများကြား တိုက်ပွဲဖြစ်ရပေတော့မည်။ ဓါးမြောင်ကို ရလိုက်သူအဖို့ သူတို့ ချစ်ရသူ မိန်းကလေးအား လက်ဆောင်ပေးနိုင်ပေလိမ့်မည် မဟုတ်ပေလော။

ချင်းတုန်သည် ပါးစပ်ဟ၍ ထိုမှော်ရတနာကို ပြန်တောင်းရန် လုပ်လိုက်သော်ငြား မှော်ရတနာသည် ယန်ဖေး လက်ထဲတွင် ရောက်နေပြီ ဖြစ်သဖြင့် ပြန်ရရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် သက်ပြင်းတစ်ချက် ချ၍သာ အရှိကိုအရှိအတိုင်း လက်ခလိုက်လေသည်။ အရိပ်လခန်းမတွင် အရည်အချင်းရှိသည့် မိန်းကလေး တပည့်များစွာ ရှိကြပေသည်။ ထိုမိန်းကလေးများကိုသာ ထိုဓါးမြောင်ပေးလိုက်မည် ဆိုပါက သူတို့၏ ခွန်အားကို ကျိန်းသေ တိုးတက်လာစေမည်မှာ မလွဲမသွေပင်။

သက်ပြင်းချပြီးရုံတင်ရှိသေး ပထမတစ်ကြိမ်ထက် ပို၍ စိတ်လှုပ်ရှားနေသော အလန့်တကြား နောက်ထပ် အော်ဟစ်သံ တစ်သံ ထပ်မံထွက်ပေါ်လာခဲ့သည်။

“ဒါ... ဒါ... ဒါက...”

“ဘာလဲ” ယန်ဖေးသည် ကျောက်စိမ်းသေတ္တာ အနားတွင် ဝိုင်းအုံနေသော လူအုပ်ကြီးကို တွန်းဖယ်၍ သူကိုယ်တိုင် ကြည့်ကြည့်လိုက်သည်။ ကျောက်စိမ်း သေတ္တာထဲ ရှိနေသည့် မှော်ရတနာကို မြင်လိုက်ရသည့် နောက်တွင် မျက်လုံးမှေးစဉ်းလျက် ထိုမှော်ရတနာကို ချက်ချင်း ကောက်ယူလိုက်သည်။ ယခုတစ်ကြိမ် မှော်ရတနာသည် အနီရောင်ကျာပွတ်ရှည် တစ်ချောင်း ဖြစ်သည်။ ကျာပွတ်ထဲသို့ သူတော်စင်ချီ ထည့်သွင်း ကြည့်လိုက်ပြီးသည့်နောက် ယန်ဖေး အလန့်တကြား ထအော်လေသည် “တန်ခိုးရှင်အလယ်အလတ် အဆင့်ကြီးဟ”

“ဘယ်လို” ချင်းတုန် လုံးဝကို ထိတ်လန့်သွားသည်။ သူ့မျက်နှာကြီးတစ်ခုလုံး သံပုရာသီး ကိုက်လိုက်ရသည့်နှယ် ရှုံ့မဲ့နေလေပြီ။

“ဟားဟားဟား။ ကောင်းလိုက်တာကွာ။ ဒီပစ္စည်းနဲ့ဆို နောက်ဆုံးလေလံပစ္စည်းအတွက် လုံးဝ အဆင်ပြေသွားပြီ။ အစက လေလံပွဲကို လောလော လောလောနဲ့ စီစဉ်လိုက်ရလို့ အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူနေတာ။ အခုတော့ လုံးဝကို အဆင်ပြေသွားပြီ။ တကယ်ကို ကောင်းကင်က ငါ့ကို မစပေးနေတာပဲကွ၊ ဟားဟားဟား” ယန်ဖေး အားပါးတရ အော်ရယ်မောလေသည်။ ထို့နောက် ချင်းတုန်ဘက်သို့လှည့်၍ ပျော်ရွှင်စွာပြုံးလျက် “ချင်းအိုကြီးရေ၊ ဒီတစ်ကြိမ်တော့ ငါမင်းကို တကယ် ကျေးဇူးတင်သွားပြီကွာ။ ဒီကျေးဇူးကို ငါသေချာ မှတ်ထားပေးမယ်သိလား”

ချင်းတုန်ပါးစပ် ယင်ကောင်ဝင်သွားသည့်နှယ် မဲ့ရွဲ့နေသည်။ ထို့နောက် အားတင်းပြုံးလျက် “မင်းကလည်း ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူးကွာ။ ငါတို့ အချင်းချင်း သိလာကြတာ နှစ်တွေ နည်းတော့တာမှ မဟုတ်တာ။ ဒီလို ကူညီပေးတာ သဘာဝပဲ မဟုတ်ဘူးလား၊ ဟားဟားဟား...”

ရယ်သာ ရယ်လိုက်သော်ငြား ရယ်သံက အသက်မပါလှ။ စိတ်ထဲတွင်လည်း လော့ချင်အား ကြိတ်၍ ကျိန်ဆဲနေလေသည်။ တန်ခိုးရှင်အဆင့်နိမ့် မှော်ရတနာ တစ်ခုနှင့်ပင် သွေးတက်ချင်နေလေရာ ပို၍ အဆင့်မြင့်သော နောက်ထပ် တန်ခိုးရှင်အဆင့် မှော်ရတနာ တစ်ခု ထပ်ပေါ်လာခဲ့သည်။ ထိုခွေးသူတောင်းစားကောင် လော့ချင် ဘာကြောင့် သူ့အား ဘာမှ မရှင်းပြသွားသနည်း။

ရန်ကိုင်သာ တန်ခိုးရှင်အဆင့် မှော်ရတနာနှစ်ခုအား လေလံတင်မည်မှန်း အစောကြီးကတည်း ကြိုသိခဲ့လျှင် ထိုပစ္စည်းများ ယန်ဖေးလက်ထဲသို့ မရောက်သေးခင်မှာပဲ ကြားဖြတ်၍ ကြိုဝယ်လိုက်ပေသည်။ မည်မျှပင် ပေးရပါစေ၊ ကိစ္စမရှိချေ။ လေလံပွဲတင်လောက်‌တော့ ကုန်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ယခုမှ နောင်တရရန် နောက်ကျ လွန်းနေလေပြီ။ ထိုအဖိုးတန်ရတနာနှစ်ခုကို လေလံဝင်ဆွဲ မှသာလျှင် ရနိုင်တော့ပေမည်။ သို့သော် သူ့တွင် ထိုပစ္စည်း နှစ်ခုကို လေလံပစ်နိုင်မည့် သလင်းကျောက်ပမာဏ အလုံအလောက်ကော ရှိလေရဲ့လော။

သနားစရာကောင်းသော လော့ချင်လေးမှာမူ အကြီးအကဲချင်းမှ သူ့အား ကြိတ်၍ ကျိန်ဆဲနေခဲ့သည်ကို မသိလိုက်ပါချေ။ ရန်ကိုင်မှ တန်ခိုးရှင်အဆင့် မှော်ရတနာ နှစ်ခုကို ယူလာလိမ့်မည်ဟု သူမည်ကဲ့သို့ သိပါမည်နည်း။ ထိုနှစ်ခုအနက် တစ်ခုသည် တန်ခိုးရှင်အလယ်အလတ် အဆင့်ဖြစ်ပေသည်။ အဆင့်နိမ့်ပင် မဟုတ်။

ဓါးမြောင်နှစ်ချောင်းသည် သိပ်ကိစ္စမရှိ။ အရိပ်ကြယ်ပေါ်ရှိ ပန်းပဲပညာရှင်များလည်း ထိုကဲ့သို့သော မှော်ရတနာမျိုးကို ထုလုပ်နိုင်ပေသည်။ သို့သော်လည်း အနီရောင်ကျာပွတ်ကဲ့သို့သော မှော်ရတနာမျိုးကိုမူ မထုလုပ်နိုင်ပါချေ။ အရိပ်ကြယ်ပေါ်ရှိ အဆင့်အမြင့်ဆုံး ပန်းပဲပညာရှင်မှ တန်ခိုးရှင်အဆင့်နိမ်သာ ရှိလေရာ တန်ခိုးရှင် အလယ်အလတ်အဆင့် မှော်ရတနာကို မည်ကဲ့သို့ ထုလုပ်နိုင်မည်နည်း။ ထိုကဲ့သို့သော မှော်ရတနာမျိုးကို ပုံမှန်နည်းလမ်းဖြင့် ရနိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် အရိပ်ကြယ်ပေါ်ရှိ အဆင့်မြင့် ဆေးလုံးများနှင့် မှော်ရတနာများ၏ တန်ဖိုးသည် မိုးထိလုမတတ် မြင့်မားနေရခြင်း ဖြစ်ပေသည်။

“ဟားဟားဟား၊ ကောင်းလိုက်တာပကွာ” ယန်ဖေး၏ မျက်နှာထက် အပြုံးပေါင်းစုံ ပွင့်လန်းနေခဲ့သည်။ ထို့နောက် ထပ်မံ၍ ချီးကျူးလိုက်ပြန်သည် “နောက်ထပ် မိန်းမတွေ သုံးတဲ့ မှော်ရတနာတစ်ခု။ ဒီလေလံပွဲကတော့ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းပြီ။ ဒီရတနာတွေကို အပြိုင်အဆိုင် ယှဉ်လုကြမယ့်လူတွေကို ငါတကယ် မြင်ချင်နေပြီကွာ”

“အာ... အာ... အကြီးအကဲယန်...” နောက်ထပ် တုန်ရီနေသည့် အသံတစ်သံ ထပ်မံထွက်ပေါ်လာခဲသည် “ဒါကို တစ်ချက်ကြည့်ကြည့်ပါဦး...”

ပြောပြီးသည်နှင့် ကျောက်စိမ်ပုလင်း တစ်ပုလင်းကို ယန်ဖေး လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

ယန်ဖေးလည်း ကျောက်စိမ်ပုလင်းအဖုံးကို ဖွင့်၍ အထဲသို့ ကြည့်ကြည့်လိုက်ရာ ချက်ချင်း မျက်လုံး အပြူးသား ဖြစ်သွားရလေသည်။ သူ့လက်နှစ်ဖက်စလုံး တဆတ်ဆတ် တုန်ရီသွားရာ ကျောက်စိမ်းသပုလင်းပင် အောက်သို့ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့လေသည် “တန်ခိုးရှင်အခြေတည်ဆေးလုံး”

ထိုစကားလုံးများသည် ချင်းတုန်၏ နားထဲဝယ် မိုးချိန်းသံနှယ် မြည်ဟည်းသွားခဲ့သည်။ နည်းနည်းလေပင် စဉ်းစားခြင်းမပြုတော့ဘဲ ကျောက်စိမ်ပုလင်းဆီ ပြေးသွားပြီး ချက်ချင်း လှမ်းယူလိုက်သည်။

ယန်ဖေးသည်လည်း လက်မနှေး။ ချင်းတုန်၏ လက်ကို အလျင်အမြန် ပုတ်ထုတ်လိုက်ရာ နှစ်ယောက်စလုံး ပြိုင်တူ နောက်ပြန်ဆုတ်သွားကြရလေ၏။

“ဒါဘာသလောလဲချင်းတုန်” ယန်ဖေးက ချင်းတုန်အား ဒေါသတကြီး လှမ်းကြည့်လိုက်သည်။

ချင်းတုန်၏ အမူအရာသည် အတော်လေးကိုမှ လေးနက် တည်ကြည်နေခဲ့သည် “ယန်ဖေး၊ ငါသေချာ ဆုံးဖြတ်ပြီးသွားပြီ။ ဒီပစ္စည်းတွေကို လေလံမတင်တော့ဘူး။ ငါကိုယ်တိုင်ပဲ ပြန်ယူသွားတော့မယ်”

သူသာ ကျောက်စိမ်းပုလင်းထဲရှိ တန်ခိုးရှင်အခြေတည် ဆေးလုံးကိုသာ မမြင်ခဲ့ပါက ဤအတိုင်း မျက်စိမှိတ် မသိချင်ယောင် ဆောင်နေလိုက်ပေမည်။ သို့သော် မြင်လိုက်သည့်အခိုက် ထိုတန်ခိုးရှင် အခြေတည် ဆေးလုံးသည် သာမန်တန်ခိုးရှင် အလယ်အလတ်အဆင့် မှော်ရတနာထက် ပိုအဖိုတန်မှန်းကို သိလိုက်သည်။

“အခု ပြန်လိုချင်တာလား။ နောက်ကျသွားပြီ” ယန်ဖေးက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏ “ငါစာပြီးတာကို ပြန်ထွေးထုတ်စေချင်နေတာလား။ ချင်းအိုကြီး၊ ဒါငါတို့ ပထမအကြိမ် တွေ့ဖူးတာ မဟုတ်ဘူးနော်”

“မဟုတ်တာတွေ။ ရတနာစံအိမ်ရဲ့ စည်းမျဉ်းကို ချိုးဖျက်တယ်ဆိုရင် ဘယ်လောက်ပဲ အဖိုးတန်တဲ့ ပစ္စည်း ဖြစ်နေပါစေ လေလံတင်မယ့် စားရင်ထဲကို ထည့်ပေးမှာ မဟုတ်ဘူးလို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား” ချင်းတုန်သည် သူ့မျက်နှာပျက်ရမည်ကို စိုးစဉ်းမျှပင် ဂရုမစိုက်တော့ဘဲ ပြောချလိုက်လေသည်။ ထိုတန်ခိုးရှင် အဆင့် မှော်ရတနာနှစ်ခုနှင့် တန်ခိုးရှင်အခြေတည် ဆေးလုံးရှေ့မှောက်၍ ဘာကို ဂရုစိုက်နေရမည်နည်း။

“အမွှေးတိုင်တစ်ဝက်စာအတွင်း ရောက်မလာရင် လက်မခံဘူးလို့ပဲ ငါပြောခဲ့တာ။ မင်းနာပင်းနေတာလား” ယန်ဖေးက ပြန်သည်။ ချင်းတုန်သည် အချိန်မရွေး သူ့အား ခုပ်အုပ်တော့မည်နှယ် လုပ်နေသည်ကို မြင်သော် ယန်ဖေးက အလျင်အမြန် နောက်ပြန်ဆုတ်လိုက်ပြီး ကျောက်စိမ်းသေတ္တာနှစ်လုံးနှင့် ကျောက်စိမ်းပုလင်းကို သူ့သိုလှောင်လက်စွပ်ထဲ ထိုးထည့်၍ လက်ဝှေ့ရမ်းကာ ပြောလိုက်သည် “မင်းတို့အားလုံး အကြီးအကဲချင်ကို စောင့်ကြည့်လိုက်။ သူခြေတစ်လှမ်း တိုးရဲတယ်ဆိုရင် တိုက်သာတိုက်”

“ဟုတ်ကဲ့ပါ” တန်ခိုးရှင်အဆင့် ပညာရှင် ငါးယောက် စလုံး ပြိုင်တူအော်ဟစ်လိုက်ကြပြီး ချက်ချင်းပဲ အကြီးအကဲချင်ကို မျက်ခြေမပြတ် စောင့်ကြည့်တော့၏။ အကြီးအကဲချင် လှုပ်ရှားရန် ပြင်လိုက်သည်နှင့် သူတို့ ချက်ချင်း တိုက်ခိုက်ပေမည်။

“ငါ့လွမ်းပဲ...” ချင်းတုန်လည်း ထဆဲလေသည်။ အကြမ်းနည်း သုံးမရတော့သဖြင့် အနည်းနည်းလမ်းကို သုံးရပေတော့မည် “ယန်အိုကြီး၊ ငါတို့ အချိန်အကြာကြီး ခင်လာခဲ့တာကို ထောက်ထာပြီး ငါ့ပစ္စည်းတွေကို ပြန်ပေးလို့ မရဘူးလား။ အဲ့ပစ္စည်းတွေကို မင်းဘယ်တုန်းကမှ မမြင်ခဲ့ဘူးလို့ သဘောထားလိုက်လေ။ မင်းသာ အဲ့လို လုပ်ပေးမယ်ဆိုရင် ဒီကျေးဇူးကို ငါ့တစ်သက်လုံး အမှတ်ရနေမှာပါကွာ...”

“မင်းတစ်ဘဝလုံးလား... အသက်ကပဲ သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေပြီ။ မင်းဘာသာမင်းသာ အသက် ရှင်အောင် နေစမ်းပါကွာ။ ငါ့အပေါ် ကျေးဇူးတင်တာတွေ ဘာတွေ အဖြစ်မခံချင်စမ်းနဲ့” ယန်ဖေးက ပြုံး၍ လက်ဝှေ့ရမ်းလိုက်သည်။

“သူများကို အဲ့လို မကျိန်ဆဲနဲ့ကွ။ ငါက အကောင်းကြီး ရှိသေးတယ်။ နောက်ထပ် နှစ်ရာဂဏန်းလောက် အေးအေးဆေးဆေး နေဖို့က ပြဿနာမရှိဘူးကွ” ချင်းတုန်က ပြန်ပြောသည်။

ထိုစကားကို ကြားလိုက်သည့်အခါ ယန်ဖေးက နှာခေါင်းရှုံ့၍ “ငါသာမင်းနေရာမှာဆိုရင် သူတော်စင် သလင်းကျောက် ပြန်ယူခိုင်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပြီ။ ဒါပေမယ့် မင်းကတော့ ဒီမှာနေပြီး ငါနဲ့ လာငြင်းခုံနေသေးတယ်။ တကယ်ကို အထင်ကြီးစရာပဲ။ ဒီရတနာတွေ ပေါ်လာတာကို မင်းနဲ့ငါပဲ သိသေးတာ။ အခြားလူတွေ သိသေးတာ မဟုတ်ဘူးနော်”

ထိုစကားကို ကြားလိုက်သည်နှင့် ချင်းတုန်၏ မျက်လုံးများ ဝင်လက်ပြီး ယန်ဖေးကို နှုတ်ဆက်၍ ချက်ချင်း ထွက်သွားလေသည်။ သူမည်သို့ပင် ပြောနေစေကာမူ ထိုပစ္စည်းများကို ယန်‌ဖေးဆီမှ ပြန်ရနိုင်တော့မည် မဟုတ်မှန်း ချင်းတုန် သိသည်။

“ချင်းအိုကြီး၊ ဒီပစ္စည်းတွေကို ဘယ်သူ ယူလာတာလဲ” ယန်ဖေးက လှမ်းအော်မေးသည်။ သို့သော်လည်း ချင်းတုန် ပြန်မဖြေခဲ့ချေ။ သူ့မိတ်ဆွေဟောင်းကြီး သူ့အပေါ် အခဲမကျေ ဖြစ်နေသည်ကို ယန်ဖေး သိပေသည်။ ထို့ကြောင့် ဆက်မေးမနေတော့ဘဲ ပြုံး၍သာ “ဘယ်သူပဲ ဖြစ်ဖြစ် တကယ် ကံကောင်းတဲ့လူပဲ။ တန်ခိုးရှင်အဆင့် မှော်ရတနာတင်မဟုတ်ဘူး။ တန်ခိုးရှင်အခြေတည် ဆေးလုံး နှစ်လုံးကိုပါ ရှာတွေ့တယ်ဆိုတာက နည်းတဲ့ ကံလားဟ”

မြေအောက်ခန်းထဲမှ ချင်းတုန် ထွက်လာသည့် အချိန်တွင် လော့ချင်အားက သူ့အား ဆီးကြိုနှုတ်ဆက်၏။ သို့သော်လည်း လော့ချင် ဘာမှ မပြောရသေးခင်မှာဘဲ ချင်းတုန်သည် လော့ချင်၏ မျက်နှာကို နှစ်ချက်တိတိ ပိတ်ရိုက်လိုက်သည်။

သူတော်စင်ချီကို သုံးမထားသော်လည်း ချင်းတုန်၏ ရိုက်ချက်သည် အတော်လေးကိုမှ အားကောင်းလှပေသည်။

ချင်းတုန်သည် ပေါက်တောမည့် မီးတောင်တစ်လုံးလို ဖြစ်နေလေပြီ။ ထို့ကြောင့် လော့ချင်း အလန့်တကြား ပြန်မေးမိလိုက်သည် “အကြီးအကဲချင်း၊ ကျုပ်ဘာအမှား လုပ်မိလို့လဲဗျာ...”

“ခွေးကောင်၊ မင်းဘာလို့ အမွေးတိုင်တစ်ဝက်စာ နောက်ကျပြီးမှ ရောက်မလာတာလဲကွ” ချင်းတုန်က ဒေါသတကြီး ပြစ်တင်လိုက်သည်။

“အန်” လော့ချင် ကြောင်သွားသည်။

အကြီးအကဲချင်းပဲ ရန်ကိုင်ဆီမှ ပစ္စည်းများကို သူ့ဆီ မြန်မြန် ယူလာရန် ပြောခဲ့ခြင်း မဟုတ်ပေလော။ သူလည်း အကြီးအကဲချင်း ပြောသည့်အတိုင်း လုပ်ခဲ့ခြင်းပင်။ သို့တိုင် အကြီးအကဲချင်းသည် ရုတ်တရက်ကြီး သူ့အား ဘာကြောင့် လာအပြစ်တင်နေရသနည်း။

အကြီးအကဲချင်းသည် ပုံမှန်ဆိုလျှင် ကြင်နာ သဘောကောင်းသည့် လူတစ်ယောက် ဖြစ်သည်။ အခြားသူ တစ်ယောက်အား ဘယ်တော့မှ အကြောင်းပြချက်မရှိ ရိုက်ပုတ်နှိပ်စက်ခြင်းမျိုး မလုပ်ချေ။ ထို့ကြောင့်ပဲ အကြီးအကဲချင်းကို အရိပ်ခန်းမ တပည့်များက လေးစားကြခြင်း ဖြစ်သည်။

သူ့စိတ်ထဲ ဘာဖြစ်နေမှန်း မသိသော်လည်း လော့ချင် စကားမပြောရဲချေ။ မျက်ကန်းပင်လျှင် အကြီးအကဲချင်း ဒေါသထွက်နေသည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် လက်ရှိ အချိန်တွင် တိတ်တိတ်နေလိုက်ခြင်းသည် အကောင်းဆုံး ဖြစ်ပေသည်။

“သွား၊ ကောင်းကင်ကံကြမ္မာမြို့တော်ထဲမှာ ရှိတဲ့ ဆိုင်တွေဆီသွားပြီး သူတော်စင်သလင်းကျောက် သန်းနှစ်ဆယ် သွားယူလာခဲ့,,, မဟုတ်ဘူး၊ မဟုတ်ဘူး။ သန်းငါးဆယ်သာ ယူလာခဲ့။ တစ်နာရီအတွင်းနော်”

“သန်း... သန်းငါးဆယ်လား” လော့ချင် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

“ဟုတ်တယ်”

“နားလည်ပါပြီ” လော့ချင်းလည်း ဘာအပိုမေးခွန်းမှ မေးမနေဘဲ ချက်ချင်း ခေါင်းညိတ်၍ လျှပ်စီးတန်းနှယ် ထွက်သွားလေသည်။ သန်းငါဆယ်အား တစ်နာရီအတွင်း စုဆောင်းရမည်မှာ လွယ်သည့်ကိစ္စ မဟုတ်ချေ။

လော့ချင် ပျောက်ကွယ်သွားသည်ကို မြင်မှပဲ ချင်းတုန် သက်ပြင်းတစ်ရှိုက် ရှုထုတ်လိုက်သည်။ ယခုတစ်ကြိမ် လေလံပွဲကို ကောင်းကင်ကံကြမ္မာမြို့တော်တွင် ကျင်းပသည်မှာ ကံကောင်းသွားပေသည်။ ကောင်းကင် ကံကြမ္မာမြို့တော်သည် လအရိပ်ခန်းမ အပိုင် ဖြစ်သည့် အတွက်ကြောင့် သူလိုအပ်သည့် သူတော်စင် သလင်းကျောက်များကို အလျင်အမြန် ရယူနိုင်ပေသည်။

လေလံပွဲကိုသာ အခြားအင်အားစုကြီး တစ်ခု၏ ပိုင်နက်ထဲတွင်သာ ကျင်းပခဲ့မည်ဆိုပါက ချင်းတုန် အနေဖြင့် ဘေးမှနေ၍သာ ကူကယ်ရာမဲ့စွာ ထိုင်ကြည့်နေရပေလိမ့်မည်။

တစ်ချိန်တည်းတွင် ရတနာစံအိမ်၏ အခန်း တစ်ခန်းထဲ၌ ယန်ဖေးသည် ထိုင်ခုံစောင်းပေါ် လက်ထောက် ထိုင်နေရင်း စဉ်းစားခန်းဝင်နေသည်။ မကြာမီ သူ့မျက်နှာထက် ထူးဆန်းသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အစောပိုင်းက ကျောက်စိမ်း သေတ္တာကို ဖွင့်ကြည့်ကြသည့် လူများထဲ ပါဝင်သော တန်ခိုးရှင်အဆင့် တစ်ယောက်ကို လက်ယပ်ခေါ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

ထိုလူလည်း ခေါင်းညိတ်ပြီး အလျင်အမြန် ထွက်သွားလေသည်။

ခဏအကြာ၌ (က)အပိုင်းရှိ အထူးခန်းများမှ လူများစွာ ထွက်သွားခဲ့သည်။ ထွက်သွားပြီးသည်နှင့် ဘယ်ကိုမှ မသွားဘဲ ကောင်းကင်ကံကြမ္မာမြို့တော်၏ ဟင်းလင်းပြင် အစီအရင် ရှိသည့် နေရာဆီသို့သာ တန်းသွားလေသည်။

မကြာမီ (ခ)အပိုင်းရှိ အထူးခန်းထဲမှ လူများလည်း ထပ်ထွက်သွားကြပြန်သည်။

ဟင်းလင်းပြင်အစီအရင်များသည် အလွန်တရာကိုမှ အဖိုးတန်လှကာ သာမန်လူများကို သုံးခွင့် မပေးထားချေ။ သို့သော်လည်း ထိုလူအားလုံးသည် အင်အားစုကြီးများမှ လူများ ဖြစ်ကြလေသဖြင့် အရိပ်ခန်းမမှ တပည့်များလည်း ထိုလူများကို မတားဆီးရဲကြချေ။ လိုအပ်သော အခကြေးကို ကောက်ခံပြီး သွားခွင့်ပေးလိုက်သည်။

အပိုင်း(၁၁၅၂)

အထွဋ်အထိပ်သိုင်းဧကရာဇ်

ကောင်းကင်ကံကြမ္မာမြို့တော်ရှိ ဟင်းလင်းပြင် အစီအရင် ဖွင့်မဆဲ၊ ပိတ်မဆဲ ဖြစ်နေခဲ့လေပြီ။

အစပိုင်းတွင်မူ ချင်းတုန် သိပ်ဂရုမစိုက်ခဲ့ချေ။ ထို့ကဲ့သို့သော အဖိုးတန်ရတနာမျိုးကို လေလံပွဲဆီသို့ ယူမလာရန် ရန်ကိုင်ကို ပြောရလိမ့်မည် ဟူသော အကြောင်းကိုသာ စဉ်းစားနေခဲ့သည်။

သို့သော်လည်း ဟင်းလင်းပြင် စွမ်းအင်လှိုင်းများ တရစပ် ထွက်ပေါ်လာသည့် အချိန်တွင်မူ ချင်းတုန်၏ အမူအရာ လေးနက်သွားခဲ့ပြီး သူ့စိတ်ထဲ တစ်ခုခုကို စဉ်းစားမိလိုက်သည်။ ထို့နောက် သူ့မျက်နှာ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။ ချက်ချင်းပဲ ရတနာစံအိမ်ထဲမှ ဟင်းလင်းပြင်အစီအရင် ရှိသည့် နေရာဆီသို့ ပြေးထွက်သွားလေသည်။

ဟင်းလင်းပြင်အစီအရင်ကို စောင့်ကြပ်နေရသည့် တပည့်များမှာလည်း အလွန်ကိုမှ ထိတ်လန့်နေကြသည်။ ယခုအချိန်ကျမှ လူအများကြီး ဟင်းလင်းပြင်အစီအရင်ကို ဘာကြောင့် သုံးချင်နေကြမှန်း နားမလည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။ ထိုလူများသည် လေလံပွဲဝင် ဝင်မပါတော့ဘဲ သူတို့ဂိုဏ်းဆီ ပြန်ကြတော့မလို့လော။

ထို့အပြင် ထွက်သွားသည့် လူအကုန်လုံးမှာ မိုးကြိုးမုန်တိုင်းဂိုဏ်း၊ ကောင်းကင်တိုက်ပွဲ အဖွဲ့အစည်း၊ မြက်သွေးရောင်ဂိုဏ်း၊ အမွှာနှလုံးသားတောင်ကြား၊ မီးတောက်နန်းတော်... မှလူများ ဖြစ်ကြသည်။ အကုန်လုံးသည် လအရိပ်ခန်းမအောက် အားမနည်းသည့် အင်အားစုများ ဖြစ်ကြပြီး အချို့ဆိုလျှင် သူတို့ထက်ပင် ပို၍ အားကောင်းကြသည်။

ထို့အပြင် ထို့လူအားလုံးသည် တစ်ယောက်ကို တစ်ယောက် သတိတကြည့်ကြည့် လုပ်နေကြလေသည်။ သူတို့လူမဟုတ်သည့် လူအာလုံးသည် သူတို့၏ ရန်သူများ ဖြစ်နေသည့်နှယ်။

ရုတ်တရက် လူသတ်ပွဲများ ထဖြစ်မည်ကို စိုးရိမ်သဖြင့် အရိပ်လခန်းမမှ တပည့်များသည် မည်သည့် မေးခွန်းကိုမှ မမေးခဲ့ဘဲ အခကြေးကိုသာ ကောက်ခံ၍ အစီအရင်ကို အသက်သွင်းကာ ထွက်သွားခွင့် ပေးလိုက်သည်။

သို့ဖြစ်သည့်တိုင် လူတိုင်းသည် သူတို့ အလုပ်လုပ်နေသည်ကို နှေးလွန်းသည်ဟု ဆူပူပြစ်တင် ပြောဆိုနေကြသေးလေသည်။

ဟင်းလင်းပြင်အစီအရင်ကို အသုံးပြုချင်နေသည့် လူအရေအတွက်မှ အင်အားစုပေါင်းများစွာမှ လူများ ဖြစ်ကြသည်။ ထို့ကြောင့် လအရိပ်ခန်းမမှ တပည့်များ အလျင်အမြန် လုပ်နေသည့်တိုင် သွားချင်နေသည့် လူအရေးအတွက်ကို လိုက်မမှီနိုင်အောင် ဖြစ်နေခဲ့သည်။ ဟင်းလင်းပြင်အစီအရင်ကို ဖွင့်ပြီး တည်နေရာ သတ်မှတ်ရသည်မှ အသက်တစ်ရှိုက်စာ၊ နှစ်ရှိုက်စာ အတွင်း ပြီးနိုင်သည့် အလုပ်မျိုး မဟုတ်ချေ။

အလုပ်လက်မလည်နိုင်အောင် ဖြစ်နေသဖြင့် အရိပ်လခန်းမမှ တပည့်များ ငိုချင်မိနေလေပြီ။ ထိုစဉ် အပြင်ဘက်မှ အားကောင်းသော အရှိန်အဝါတစ်ခု ထပ်မံထွက်ပေါ်လာသဖြင့် အခန်းထဲတွင် ရှိနေသော ပညာရှင်အားလုံး မျက်မှောင်ကြုတ်မိသွားကြသည်။ အသစ်ရောက်လာသည့် လူကို မြင်လိုက်ပြီးနောက် အကုန်လုံး လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ကြသည် “အကြီးအကဲချင်းပါလား”

ချင်းတုန်သည် မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် အထဲသို့ လျှောက်ဝင်သွားလေသည်။ ယခင်က စိတ်ထဲ မတင်မကျ ဖြစ်နေခြင်းသာ ဖြစ်သော်ငြား အခြေအနေကို သေချာ စစ်ဆေးကြည့်လိုက်ပြီးနောက် ဘာတွေ ဖြစ်ပျက်နေလဲ ဆိုသည်ကို သူမသိဘဲ မနေတော့ချေ။

“ခွေးအိုကြီးယန်၊ ငါဒါကို မှတ်ထားမယ်။ ငါ့လခွမ်း၊ သူငယ်းချင်းဖြစ်တာကို မထောက်ရက်၊ တောက်” ချင်းတုန် ဒေါသပုန်ထနေခဲ့လေသည်။

ယခုလေးတင် တန်ခိုးရှင်အဆင့် မှော်ရတနာများ လေလံပွဲတွင် ပေါ်လာမည်ဆိုသော အချက်ကို သူတစ်ယောက်သာ သိထာသည်ဟု ယန်ဖေး ပြောခဲ့သည်။ သို့သော် ယခုမူ ထိုအားသာချက်လေး ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့လေပြီ။ ယန်ဖေးသည် ထိုအကြောင်းကို သတင်း မဖွခဲ့လျှင် ထိုမျှ လူအများကြီး အဘယ်ကြောင့် သူတို့ အင်အားစုများဆီ ပြန်ရ လုပ်နေကြလိမ့်မည်နည်း။

ချင်းတုန် စကားကို ကြားလိုက်သည့်လူအားလုံး ရယ်ချင်မိသွားသည်။ သို့သော်လည်း မကြာမီ အကုန်လုံး၏ မျက်နှာ ဆူပုပ်သွားကြလေသည်။ အကုန်လုံးသည် သူတို့ဘာသာ သူတို့ စိတ်ညစ်နေကြလေရာ မည်သူမှ ချင်းတုန်အား ပြဿနာရှာရန် စိတ်မဝင်စားနေချေ။

“အကြီးအကဲချင်း” သူတို့၏ အကြီးအကဲ ပေါ်လာသည်ကို မြင်လိုက်မှပဲ အလုပ်ရှုပ်နေသော အရိပ်လခန်းမမှ တပည့်များ စိတ်သက်သာရာ ရသွားခဲ့ကြသည်။

လက်ရှိ အခြေအနေကို သူတို့ ကိုင်တွယ်နိုင်လေပြီ။

“ဘယ်လောက် ထွက်သွားပြီလဲ” ချင်းတုန်က အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်ပြီး စိတ်ကို ငြိမ်အောင်လုပ်ပြီးနောက် မေးလိုက်သည်။

“ခြောက်ယောက်တော့ ရှိသွားပြီ” အရိပ်လခန်းမ တပည့်တစ်ယောက်က အလျင်အမြန် ပြန်ပြောလိုက်သည်။

“အင်း” ချင်းတုန် ခေါင်းညိတ်လိုက်သည်။ ခြောက်ယောက်သာ ရှိသေးသဖြင့် သူလာခဲ့သည်မှာ အရမ်းကြီး နောက်ကျမနေသေးချေ။ ခန်းမထဲတွင် စုစုပေါင်း လူခြောက်ဆယ်၊ ခုနှစ်ဆယ်လောက် ရှိနေပေသည်။ ထိုလူအုပ်ကြီးကိုကြည့်၍ ချင်းတုန်က အားလုံးကြားအောင် အော်ပြောလိုက်သည် “မင်းတို့ အားလုံး ဂိုဏ်းဆီပြန်ပြီး သူတော်စင်သလင်းကျောက်တွေ စုဆောင်းချင်နေကြတာမလား။ ဟိုခွေးအိုကြီးယန် ဆီကနေ မင်းတို့ သတင်းရလိုက်တာလား”

အကုန်လုံး ခေါင်းကုတ်လိုက်၊ နားကုတ်လိုက်၊ ပါးကုတ်လိုက်သာ လုပ်နေကြပြီး မည်သူမှ ချင်းတုန်၏ အမေးကို ပြန်မဖြေခဲ့ကြချေ။

“ကောင်းတယ်။ မင်းတို့ သွားပြန်ယူချင်ယူပေါ့၊ ငါမင်းတို့ကို မတားဘူး။ ဒါပေမယ့် ဟင်းလင်းပြင် အစီအရင်ကို ထပ်တလဲလဲ အသုံးပြုနေရင် အစီအရင်လည်း ထိခိုက်လာနိုင်ပြီး ကံမကောင်းရင် ပျက်တောင် ပျက်စီးသွားနိုင်တယ်။ ဒါကြောင့် ငါလည်း မတတ်သာလို့ အခကြေးကို တိုးကောက်ခံရလိမ့်မယ်”

ခန်းမထဲတွင် ရှိနေသူအားလုံး ချင်းတုန်အား မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်သည်။ ချင်းတုန် ပေါက်တတ်ကရများ ပြောနေမှန်းကို အကုန်လုံး သိသည်။ ဟင်းလင်းပြင်အစီအရင်တိုင်းကို ရှေးခတ်ကတည်းက အသုံးပြုလာခြင်းဖြစ်ပြီး ယခုအချိန်ထိတိုင် အကောင်း အတိုင်း ရှိနေသေးသည်။ ထို့ကြောင့် ပုံမှန်ထက် ပို၍ အသုံးပြုလျှင်ပင် ဘာမှဖြစ်လိမ့်မည် မဟုတ်ချေ။ အစီအရင် ပျက်စီးသွားလိမ့်မည် ဆိုသည်မှာ ချင်းတုန်မှ အခကြေးကို တိုးလိုသည့်အတွက်ကြောင့် ပေးလိုက်သော အကြောင်းပြချက်မျှသာ ဖြစ်သည်။

သူတို့စိတ်ထဲ အမှန်တရားကို နားလည်ထားသော်ငြား မည်သူမှ ချင်းတုန်ကို မေးခွန်းမထုတ်ရဲကြချေ။ ဤနေရာသည် လအရိပ်ခန်းမ၏ ကြီးကြပ်မှုအောက်တွင် ရှိနေသော ကောင်းကင်ကံကြမ္မာမြို့တော် ဖြစ်သည် မဟုတ်ပေလော။ ဤနေရာရှိ ဟင်းလင်းပြင်အစီအရင်ကို လအရိပ်ခန်းမ ပိုင်ပေသည်။ ထို့ကြောင့် သူတို့သာ ထိုအစီအရင်ကို သုံးချင်သည်ဆိုပါက ချင်းတုန်အား သွားရန်စ၍ မဖြစ်ပါချေ။ သူတို့အားလုံးသည် အရေးကြီးသော တာဝန်ကိုယ်စီဖြင့် ရောက်လာကြသူများ ဖြစ်ကြပြီး မည်သူမှ လက်ဗလာဖြင့် မပြန်ချင်ကြပေ။

ချင်းတုန်က အဓိပ္ပါယ်ပါပါ ပြုံး၍ ပြောလိုက်သည် “နည်းနည်းလေးပါပဲ။ အများကြီး မဟုတ်ဘူး။ မင်းတို့ အားလုံး တတ်နိုင်တဲ့ဈေးပဲ။ ဘယ်လောက်လဲဆိုတော့ လူတစ်ယောက်ကို အထွဋ်အထိပ် သူတော်စင် သလင်းကျောက် ငါးသိန်းပဲ”

“အကြီးအကဲချင်း အဲ့လောက်ကြီး မလုပ်နဲ့လေ” တစ်ယောက်ယောက်က ချက်ချင်း အော်ပြောလိုက်သည် “ဟင်းလင်းပြင်အစီအရင်ကို တစ်ခါသုံးရင် ပုံမှန်မှ အထွဋ်အထိပ်သူတော်စင်သလင်းကျောက် (၁၀၀၀၀)ပဲ ကျတာ။ အခုလို အဆငါးဆယ်တောင် ဈေးတင်ပစ်လိုက်တာက မများလွန်းဘူးလား”

“ဟုတ်တယ်။ ငါးသိန်းကြီးက များလွန်းတယ်”

“အကြီးအကဲချင်း၊ သူများ မသရေစာကို ယူတာ မကောင်းဘူးနော်”

လူအုပ်ကြီးသည် တစ်ယောက် တစ်ပေါက်ဖြင့် စတင်၍ အော်ဟစ်အထွန့်တက်ကြသည်။ ဟင်းလင်းပြင်အစီအရင် တစ်ခါသုံးခသည် အထွဋ်အထိပ်သူတော်စင် သလင်းကျောက် ငါးသိန်းသာ ဖြစ်မည်ဆိုပါက မည်သူမှ ထိုအစီအရင်ကို သုံးလိမ့်မည် မဟုတ်ချေ။

အခြေအနေ ဝရုန်းသုန်းကား ဖြစ်တော့မည်ကို မြင်သော် အစီအရင်ကို စောင့်ကြပ်နေသည့် လအရိပ်ခန်းမမှ တပည့်များ ကြောက်လန့်သွားကြသည်။ ထိုအရာမှာ လူထု၏ ဒေါသကို ရန်စလိုက်ခြင်း ဖြစ်ပေသည်။ ထိုသို့သော စကားမျိုးကို အကြီးအကဲချင်း မည်ကဲ့သို့ ပြောရက်လေသနည်း။ အကုန်လုံး အကြီးအကဲချင်း အမှားတစ်ခု လုပ်လိုက်မိသည်ဟု ထင်မြင်နေကြသည်။

“မသုံးချင်မသုံးနဲ့လေ။ ငါမင်းတို့ကို အတင်း သုံးခိုင်းနေတာမှ မဟုတ်တာ” ချင်းတုန်က ထီမထင်ဟန်ဖြင့် ပြန်ပြောလိုက်သည် “ဒါပေမယ့် လေလံပွဲက မကြာခင် စတော့မှာနော်။ သေချာစဉ်းစား။ တော်ကြာ ကိုယ်လိုချင်တဲ့ ပစ္စည်းတွေ ပေါ်လာတော့မှ သူတော်စင်သလင်းကျောက် မလောက်လို့ပါဆိုပြီး ထိုင်ငိုမနေနဲ့၊ ဟဲဟဲ...”

“ငါသုံးမယ်။ ရော့ဒီမှာ၊ သူတော်စင်သလင်းကျောက် ငါးသိန်းတ” ချင်းတုန် ပြောလို့မပြီးသေးခင်မှာ တုတ်ခိုင်ခိုင် ထွားကြိုးကြိုင်းလူကြီးတစ်ယောက် ထွက်လာပြီး သိုလှောင် လက်စွပ်တစ်ကွင်းကို အရိပ်ခန်းမတပည့်ဆီ ပစ်ပေးလိုက်ပြီး အစီအရင်ကို အသက်သွင်းခိုင်းလိုက်၏။

ထိုတပည့်သည် သိုလှောင်လက်စွပ်ကို ဖမ်းယူ စစ်ဆေးကြည့်လိုက်ပြီးနောက် ချင်းတုန်အား ခေါင်းညိတ်ပြလိုက်သည်။

“အစီအရင်ကိုဖွင့်လိုက်” ချင်းတုန်က ဖွင့်ခိုင်းသဖြင့် အရိပ်လခန်းမ တပည့်လည်း အစီအရင်ကို ဖွင့်ပေးလိုက်၏။ အဖြူရောင်အလင်းတစ်ချက်နှင့်အတူ တုတ်ခိုင်ခိုင်လူကြီး အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့လေသည်။

ယခုအချိန်ထိတိုင် အရိပ်လခန်းမမှ တပည့်များ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုသည်ကို နားမလည်နိုင်ကြ သေးချေ။ အကြီးအကဲချင်းတုန်မှ ဟင်းလင်းပြင် အစီအရင် သုံးစွဲသည့်အခကြေးကို ငါးသိန်းအထိ ရုတ်တရက်ကြီး ဘာကြောင့် တိုးမြှင့် ကောက်ခံလိုက်သလဲ ဆိုသည်ကို မည်သူမှ နားမလည်နိုင်ကြချေ။

ဟင်းလင်းပြင်အစီအရင်များကို ဝေးကွာသော နေရာတစ်ခုမှ အခြားတစ်ခုသို့ သွားလာရာတွင်သာ အသုံးပြုကြပြီး မည်သူမှ ထိုအရာကိုး ပိုက်ဆံရှာရန် အသုံးမပြုခဲ့ကြချေ။

တစ်ကြိမ်သုံးခသည် ငါးသိန်းဖြစ်သည်။ အစီအရင်ကို သုံးရန် စောင့်ဆိုင်းနေသည့် လူအရေအတွက်မှာ (၆၀)မှ (၇၀)ကြား ရှိသည်။ ထိုသည်မှာ လူအကုန်မဟုတ်သေး။ ပြေးလာနေသည့် လူများလည်း ရှိနေသေးသည်။

သူတို့ သူတော်စင်သလင်းကျောက် မည်မျှပင် ရနိုင်လိမ့်မည်နည်း။ ထိုကဲ့သို့ တွေးမိလိုက်ရုံဖြင့် အရိပ်လခန်းမ၏ တပည့်များ စိတ်လှုပ်ရှားလာကြသည်။ ဤတိုင်းသာ ဆက်သွားနိုင်လျှင် အရိပ်လခန်းမနေ အနေဖြင့် ဆေးဆိုင်များ၊ မှော်ရတနာ အရောင်းဆိုင်များ ဖွင့်စရာပင် လိုတော့မည် မဟုတ်ချေ။ ဟင်းလင်းပြင် အစီအရင်အား အသုံးပြုသည့်အတွက် ပေးရသည့် အခကြေးကို ကောက်ခံရုံသက်သက်နှင့်ပင် အရိပ်လခန်းမကို အရိပ်ကြယ်ပေါ်တွင် အချမ်းသာဆုံး အင်အားစုတစ်ခု ဖြစ်လာစေနိုင်ပေသည်။

တစ်ယောက်ယောက်က စလိုက်သည်နှင့် အကုန်လုံး လွယ်ကူသွားခဲ့သည်။ တုတ်ခိုင်ခိုင်လူကြီးမှ ပထမဆုံး စထွက်သွားသည်နှင့် တုန့်ဆိုင်းနေသူအားလုံး ချက်ချင်း ရှေ့သို့ ပြေးထွက်လာကြလေသည်။ သူတော်စင် သလင်းကျောက် ငါးသိန်းကို အလျင်အမြန် ပေးချေပြီး ဟင်းလင်းပြင်အစီအရင်ကို သုံး၍ သူတို့ဂိုဏ်းဆီ ချက်ချင်း ပြန်သွားကြလေသည်။

အရိပ်လခန်းမ၏ တပည့်များ ပါးစပ်နားရွက် တက်ချိတ်လုမတတ် ပြုံးဖြီးနေကြသည်။ တစ်ယောက်ကို သူတော်စင်သလင်းကျောက် လက်ခံရန် တာဝန်ယူခိုင်းပြီး အခြားတပည့်များက ဟင်းလင်းပြင်အစီအရင်အား ဖွင့်ပေးသည့် အလုပ်ကို တာဝန်ယူသည်။

“အကြီးအကဲချင်း၊ လွင်ပြင်မြို့တော်ကို ရောက်ရင် ငါတို့ မြူလွင့်နန်းတော်ကနေ မင်းကို ကောင်းကောင်း ကြိုဆိုပေးမယ်သိလား” ချင်းတုန်၏ လုပ်ရပ်ကြောင့် ဒေါသထွက်သွားသော သက်လတ်ပိုင်းလူကြီးက သူတော်စင်သလင်းကျောက်များကို ပေးချေပြီးနောက် ချင်းတုန်ဘက်သို့လှည့်၍ ပြောလိုက်သည်။

ချင်းတုန်ကမူ သွားပေါ်အောင်သာ ပြုံးလိုက်ပြီး “ငါ့အသက်က တော်တော်လေး ကြီးနေပြီ။ ဘယ်ကိုမှ လျှောက်မသွားချင်တော့ဘူး။ ကောင်းကင်ကံကြမ္မာ မြို့တော်မှာပဲ သေတဲ့အထိ နေသွားဖို့ ဆုံးဖြတ်ထားပြီးသား”

ထိုစကားကို ကြားလိုက်သည့်အခိုက် သက်လတ်ပိုင်း လူကြီး၏ဒေါသ ငယ်ထိပ်ဆောင့်တက်သွားသည်။ တစ်ခုခု ပြန်ပြောတော့မည်အပြု အစီအရင် အသက်ဝင်လာပြီး သူ့အား လွင်ပြင်မြို့တော်ဆီ ပို့ဆောင်လိုက်လေသည်။

ခန်းမတစ်ခုလုံး လွန်စွာကိုမှ အသက်ဝင်နေသည်။ သူတော်စင်သလင်းကျောက် ငါးသိန်းပေး၍ အစီအရင်ကို အသုံးပြုနေသည့် လူများကိုကြည့်ရင်း ယန်ဖေးကြောင့် စိတ်ညစ်ခဲ့ရသည်များအားလုံး ပျောက်ကွယ်ကုန်လေသည်။

ယန်ဖေးသည် အသားကို စားပြီးသွားလေပြီ။ ထို့ကြောင့် သူစွတ်ပြုတ်သောက်သည်ကို အပြစ်မတင်သင့်။ မည်သို့ပင်ဖြစ်စေကာမူ ပိုက်ဆံအရင်ရှာပြီးမှ ကျန်သည်ကို နောက်မှ ဆက်စဉ်းစားရပေမည်။

အင်အားစုကြီးများ သူတော်စင်သလင်းကျောက် အသည်းအသန် လိုအပ်သည့် လေလံပွဲမျိုး တစ်ခါမှ မရှိခဲ့ဖူးချေ။ ထိုအဖြစ်အပျက်ကြောင့် ကောင်းကင် ကံကြမ္မာမြို့တော်တစ်ခုလုံး အတော်လေးကိုမှ စည်ကားသက်ဝင်နေခဲ့လေသည်။

မည်သည့် လေလံပွဲမှလည်း လက်ခံကျင်းပသူအတွက် ဤမျှ အမြတ်ရအောင် မလုပ်ပေးခဲ့ဖူးချေ။

ယခုတစ်ကြိမ်တွင် ဟင်းလင်းပြင်အစီအရင်အား အသုံးပြုခအတွက် ပေးဆောင်ရသည့် အခကြေး သက်သက်ဖြင့် လအရိပ်ခန်းမသည် အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက် သန်းသုံးဆယ် ရှာနိုင်ခဲ့သည်။ ငွေအလုံအလောက် မရှိသဖြင့်၊ လေလံဝင်ဆွဲလည်း ရနိုင်မည် မဟုတ်ဟု ထင်သဖြင့် ဟင်းလင်ပြင် အစီအရင်ကို အသုံးမပြုသည့် အင်အားစုများလည်း ရှိပေသည်။ မဟုတ်လျှင် လအရိပ်ခန်းမ ပို၍ပင် မြတ်သွားနိုင်သည်။

ဟင်းလင်းပြင်အစီအရင်ကို အဆက်မပြတ် အသုံးပြုနေသော်လည်း ရတနာစံအိမ်၏ လေလံပွဲသည် အချိန်မှီ စတင်ခဲ့သည်။

ယန်ဖေးသည် အတော့်ကို ဥာဏ်နီဥာဏ်နက် များပေသည်။ နောက်ဆုံး ပစ္စည်းများကို လေလံဆွဲဖို့ရာ အတော်လေးကိုမှ အကုန်အကျ များလိမ့်မည်ဟု လူလွှတ်၍ ကောလဟာလ လျှောက်ဖြန့်ခိုင်းသည်။ သို့သော်လည်း ထိုကဲ့သို့ လုပ်လိုက်သဖြင့် လေလံပွဲအား အနှောင့်အယှတ် မဖြစ်စေခဲ့သလို လေလံပွဲစမည့် အချိန်ကိုလည်း နှောင့်နှေးစေခြင်း မရှိခဲ့ချေ။

တန်ဖိုးအကြီးဆုံး ပစ္စည်းများကို လေလံပွဲ၏ နောက်ဆုံးပိုင်းမှ ရောင်းချပေမည်။ နောက်ဆုံးပိုင်းသို့ ရောက်ရန် အတော်လေး လိုသေးသည်။ ထိုမျှ အချိန်အများကြီး ရှိနေလေရာ အင်အားစုကြီးများ အတွက် သူတော်စင်သလင်းကျောက် များစွာကို စုဆောင်းဖို့ရာ အချိန်ရသွားလေပြီ။

ယန်ဖေးသည် သူ၏ (က)အပိုင်းထဲရှိ အထူးခန်းထဲ၌ ထိုင်၍ လက်ဖက်ရည်တစိမ့်စိမ့်သောက်ရင်း လေလံပွဲ စတင်လာမည့်အချိန်ကို တည်တည်ငြိမ်ငြိမ်ဖြင့် စောင့်ဆိုင်း နေခဲ့သည်။

ဆိုင်းသံ၊ဗုံသံတို့ တီးခတ်လာချိန် ဆူညံနေသော လေလံပွဲခန်းမကြီး ရုတ်တရက် တိတ်ဆိတ်သွားသည်။ မိန်းငယ်လေးများစွာတို့သည် အမြင့်ယံထက်ဆီမှ ပွင့်ချပ်လေးများ ကြွေကျလာသည့်နှယ် စင်မြင့်ပေါ်သို့ ငြိမ့်ညောင်းပြေပြစ်စွာ လှလှပပ ဆင်းသက်လာခဲ့သည်။

မိန်းမငယ်လေးတို့၏ တောက်ပသော အပြုံးတို့နှင့် အတူ လေလံပွဲတစ်ခုလုံး သင်းပျံ့လှသော မွှေးရနံ့တို့ဖြင့် ကြိုင်လှိုင်သွားခဲ့သည်။

မိန်းမငယ်လေး အားလုံးသည် လေခွင်တွင်ဝဲလျက် အင်္ကျီလက်စလေးများကို ပြိုင်တူ ဝှေ့ရမ်းလိုက်ကြသည်။ ကြည့်နေသူတိုင်း၏ အသည်းနှလုံးသားကို တဒုတ်ဒုတ် လှုပ်ခါသွားစေနိုင်သော လှုပ်ရှားမှုမျိုးဖြင့် စင်မြင့်ပေါ်သို့ တဖြည်းဖြည်း သက်ဆင်းလာခဲ့ကြသည်။ နောက်ဆုံးတွင် စင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့ပြီး အသာအယာ နောက်သို့ ဆုတ်လိုက်ကြသည်။

ထိုစဉ် လုံးကြီးပေါက်လှ ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦး စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။ အသားအရေမှာ နှင်းသားကဲ့သို့ ဖြူဖွေး၍ ကျောက်စိမ်းသားနှယ် ချောမွတ်လှသည်။ တင်းကြပ်ကြပ် ဖြစ်နေသော အဝတ်အစားကြောင့် ကောက်ကြောင်း အဖြာဖြာတို့ကိုလည်း အထင်းသား ပေါ်လွင်နေစေခဲ့လေသည်။ ကျောက်စိမ်းဖြူသားကဲ့သို့ သွယ်လျလှပေသော လက်မောင်းနှစ်ဖက်မှာမူ ဗလာ ဖြစ်နေ၏။ ရင်ဘတ်ဖော် အဝတ်အစား ဖြစ်သည့် အတွက်ကြောင့် လည်တိုင်တစ်ဝိုက်ကို လှစ်ဟာထားရာ အကြည့်မလွှဲရက်နိုင်စရာ တောင်ကြားတစ်နေရာကို လှမ်းမြင်နေရလေသည်။

ဆံပင်ကို အထုံးထားပြီး သွယ်လျကျော့ရှင်းသော လည်တိုင်ကို လှစ်ဟာထားသည်။ အမျိုးသမီး၏ ပုံစံမှာ တော်ဝင်ဆန်ဆန် ကျော့ရှင်းလှပနေခဲ့သည်။

ထိုအမျိုးသမီးသည် အရင်ဆုံး ရောက်လာခဲ့သည့် မိန်းမငယ်လေးများထက် ပရိတ်သတ်၏ အာရုံကို ပို၍ ဆွဲဆောင်နိုင်ခဲ့သည်။ ပျိုရွယ်ရင့်ကျက်နန်းဆန်သော အလှတရားကြောင့် အားလုံး၏ စိတ်အာရုံအလုံးစုံကို သိမ်းပိုက် ဆွဲဆောင်နိုင်ခဲ့သည်မှာ သဘာဝသာ ဖြစ်သည်။

အပိုင်း(၁၁၅၃)

အထွဋ်အထိပ်သိုင်းဧကရာဇ်

(ရှေးဟောင်းမြေပုံ)

အမျိုးသမီးသည် စင်မြင့်ပေါ်တွင်ရပ်လျက် ပရိသတ် များကို ကျော့ရှင်းစွာ ဦးညွှတ်လိုက်သည်။ ထို့နောက် စွဲမက်ဖွယ်ကောင်းလှစွာ ပြုံးလျက် အချိုသာဆုံးသော လေသံဖြင့် “အဝေးကနေ ရောက်လာပြီး လေလံပွဲကို တက်ရောက်လာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များ အားလုံးကို နှုတ်ဆက်ပါတယ်ရှင့်။ ပြီးတော့ လအရိပ်ခန်းမရဲ့ အကြီးအကဲချင်းကိုလည်း အထူပဲ ကျေးဇူးတင်ချင်ပါတယ်။ ဒီလေလံပွဲကို ဆက်ပြီး ကျင်းပလို့ရတာ အကြီးအကဲချင်းရဲ့ ကျေးဇူးကြောင့်လို့ ပြောရင် မမှားပါဘူးနော်”

ထိုစကား ထွက်ပေါ်လာသည်နှင့် အပိုင်း(က)နှင့် (ခ) အထူးအခန်းများထဲတွင် ရှိနေသော လူပေါင်းများစွာတို့ ကျိန်ဆဲကြတော့လေသည်။ သူတို့ တပည့်များဆီမှ အကြီးအကဲချင်းတုန်သည် ဟင်းလင်းပြင်အစီအရင်အား တစ်ခါအသုံးပြုခအတွက် သူတော်စင်သလင်းကျောက် ငါးသိန်းတောင်းသည်ကို သူတို့ ကြားသိခဲ့ရပြီးလေပြီ။ ထို့ကြောင့် မည်သူကများ ချင်းတုန်ကို မေတ္တာ ထားနိုင်တော့မည်နည်း။ ထအော်မဆဲသည်ကပင် ချင်းတုန်ကို မျက်နှာသာပေးရာ ရောက်နေလေပြီ။ သူ့အား ကျေးဖူးတင်ဖို့လား... အိမ်မက်ထဲတွင်ပင် မဖြစ်နိုင်။

အခန်း (ဂ-၁၃)တွင် ရှိနေသာ ရန်ကိုင်သည် ထိုအမျိုးသမီးလှလှကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။ လေလံပွဲကို တစ်ခါမှ မတက်ဖူးသော်လည်း လေလံပွဲ အကြောင်း မသိသည်တော့ မဟုတ်။

လေလံပွဲတစ်ပွဲတွင် လေလံပစ်သူသည် အရေးကြီးသော လူတစ်ယောက်ဖြစ်သည်။ ကျွမ်းကျင်သော လေလံပစ်သူ တစ်ယောက်သည် လေလံတင်သူ ပရိတ်သတ်အားလုံးကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီး ပစ္စည်းဈေးနှုန်းကို မြင့်လာအောင် လုပ်နိုင်ပေသည်။

ထိုအမျိုးသမီးသည် သူမ၏ အလှတစ်ခုတည်းနှင့် စကားတစ်ခွန်းပင် မပြောလျှင်တောင်မှ ပစ္စည်းတစ်ခု၏ တန်ဖိုးကို အဆများစွာ မြင့်တက်လာစေနိုင်ပေသည်။ ဤသည်မှာ လေလံပွဲတို့၏ သဘာဝပင်တည်း။

အမျိုးသမီးသည် သူမ၏ နာမည်ကို မိတ်ဆက်လိုက်၏။ ထို့နောက် သူတို့ ရတနာစံအိမ်ဘက်မှ ချို့ယွင်းချက်များ ရှိခဲ့လျှင် ခွင့်လွှတ်ပေးပါရန် ရိုရိုကျိုးကျိုးဖြင့် အားလုံးကို တောင်းပန်လိုက်သည်။ သူမ၏ စကားအသွားအလာသည် အထစ်အငေါ့မရှိ၊ ချောမွတ်ပြေပြစ်လှသည်။ ထို့ကြောင့် မည်သူမှ သူမအား အပြစ်မရှာနိုင်။

နွေဦးစမ်းရေကဲ့သို့ နွေးထွေးလှသော သူမ၏ အပြုံးကြောင့် ပရိသတ်အားလုံး သက်‌သောင့်သက်သာ ဖြစ်ရသည်။ သူမ၏ ကျော့ရှင်းလှသော မျက်ဝန်းအစုံသည် လူအုပ်ကြီးကို ဝေ့ကြည့်နေလေရာ လူတိုင်းအား ငါတို့ကို ကြည့်နေပါလားဟု အထင်အမြင် မှားသွားစေခဲ့လေသည်။

နည်းနည်းပါးပါး စကားပြောပြီးနောက် အမျိုးသမီးက ဆည်းလည်းသံကဲ့သို့ ချိုသာစွာ ရယ်မောလျက် ပြောလိုက်၏ “လူကြီးမင်းတို့လည်း စိတ်မရှည်တော့ဘူးလို့ ကျွန်မထင်တယ်။ လေလံပွဲကို စကြတော့ပေါ့။ ဒီနေ့ လေလံတင်မယ့် ပထမဆုံး ပစ္စည်းကတော့ သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် ကိုယ်ကြပ်အင်္ကျီ အမျိုးအစား အကာအကွယ် မှော်ရတနာတစ်ခုပဲ ဖြစ်ပါတယ်ရှင့်”

သူမမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် သပ်ရပ်လှပသော အဝတ်အစားကို ဝတ်ဆင်ထားသည့် တစ်ဦးသည် ကျောက်စိမ်းလင်ဗန်းကြီး တစ်ချပ်ကို သယ်လျက် စင်ပေါ်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့လေသည်။ ကျောက်စိမ်းလင်ဗန်းထက်တွင်မူကား ငါးရောင်ခြယ် သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် အကာအကွယ် မှော်ရတနာတစ်ခု ရှိနေခဲ့သည်။ မှော်ရတနာပုံစံကို ကြည့်ရုံဖြင့်လျှင် ထိုမှော်ရတနာသည် အဆင့်မြင့် ပစ္စည်းတစ်ခုမှန်း တန်းမြင်နိုင်သည်။

အမျိုးသမီးသည် ထိုမှော်ရတနာကို အားလုံး သေချာမြင်အောင် ပြလိုက်ပြီးမှ ဆက်၍ ပြောလေသည် “ဒီမှော်ရတနာကို ကျွန်မတို့ ရတနာစံအိမ်ရဲ့ ပန်းပဲဆရာကြီး ကုန်းကိုယ်တိုင် လုပ်ထားတာပါ။ ပန်းပဲဆရာကြီးကုန်းကို လူတိုင်း သိမယ်လို့ ကျွန်မထင်ပါတယ်။ ဒါကြောင့် ကျွန်မက မိတ်ဆက်ပေးမနေတော့ပါဘူးနော်။ ဒီမှော်ရတနာက ခုခံနိုင်စွမ်းတင် ကောင်းတာ မဟုတ်ဘူး။ အရွယ်အစားကိုပါ စိတ်ကြိုက် ပြောင်းလဲလို့ ရတာကြောင့် အမျိုးသမီးကော အမျိုးသားပါ အသုံးပြုနိုင်ပါတယ်။ ဈေးကတော့ သူတော်စင်အထွဋ်အထိပ် သလင်းကျောက် သုံးသောင်းကနေ စပါမယ်။ တစ်ကြိမ်တိုးတိုင်း သူတော်စင် သလင်းကျောက် နှစ်ထောင်အောက် လျော့လို မရပါဘူးရှင့်။ ကဲ၊ စပေးလို့ရပါပြီ”

အမျိုးသမီးက ထိုမှော်ရတနာကို ဈေးစခေါ်လိုက်သည့် အချိန်တွင် ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ယန်ယန်ဆီ လှည့်ကြည့်လိုက်သည်။

သူမှတ်မိသလောက် ယန်ယန် သူ့အတွက် လုပ်ပေးခဲ့သည့် မှော်ရတနာများထဲတွင် သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် မှော်ရတနာတစ်ခု ရှိခဲ့ပေသည်။ ထိုမှော်ရတနာကို ပုံရိပ်ယောင်တိမ်လိပ်ပြာ၏ တောင်ပံများမှ ထုလုပ်ထားပြီး ယန်ယန်၏ အဆိုအရ သူတော်စင်သလင်းကျောက် သုံးသောင်းတန်ပေသည်။

နှစ်ခုစလုံးသည် သူတော်စင်ဘုရင် အထွဋ်အထိပ် အဆင့် မှော်ရတနာများ ဖြစ်ကြသော်လည်း ယန်ယန်၏ တောင်ပံသည် ထိုငါးရောင်ခြယ် ကိုယ်ကြပ်အင်္ကျီထက် ပိုကောင်းသည်ဟု ရန်ကိုင် ထင်မိသည်။ ယန်ယန်၏ တောင်ပံသည် ပို၍ ရှားပါးရုံမက ပို၍လည်း လှသည်။ ထို့ပြင် ပို၍လည်း အသုံးဝင်သည်။

ထိုတောင်ပံများသည်ပင် သူတော်စင်သလင်းကျောက် သုံးသောင်းသာ တန်ပါက ထိုကိုယ်ကြယ်အင်္ကျီသည်လည်း ထိုမျှလောက်သာ တန်သည် မဟုတ်ပလော။ သို့သော် လက်ရှိ ခေါ်ထားသောဈေးသည် စ‌ပေးဈေးသာ ရှိသေး၏။

သူတွေးနေစဉ်မှာပဲ တစ်ယောက်ယောက် လေလံစပစ်လေသည်။ ထိုလူ ခေါ်လိုက်သည့် ဈေးကြောင့် ရန်ကိုင်မျက်နှာ မဲ့သွားခဲ့ရသည်။

“ငါးသောင်း”

ထိုလူသည် နှစ်သောင်းတိတိကို တစ်ချက်တည်း မြှင့်ပေးလိုက်လေသည်။

စင်ပေါ်တွင် ရှိနေသော အမျိုးသမီးက ပြုံး၍ ပြောလိုက်သည် “ထိုင်ခုံနံပါတ် (၆၉)မှာ ထိုင်နေတဲ့ မိတ်ဆွေက ပစ္စည်းကောင်းတွေကို မြင်တတ်တာပဲ။ တစ်ယောက်ကတော့ ငါးသောင်း ခေါ်လိုက်ပါပြီ။ နောက်ထပ်...”

ပြောလို့ပင် မဆုံးသေ တစ်ယောက်ယောက်က ဈေးခေါ်လိုက်လေသည် “ငါးသောင်းနှစ်ထောင်”

“ငါးသောင်းငါးထောင်”

“ငါးသောင်းရှစ်ထောင်”

အမျိုးသမီးသည် ဘာမှ ဆက်မပြောတော့ဘဲ စွဲမက်ဖွယ်ကောင်းစွာ ပြုံး၍သာ ရပ်နေလေတော့သည်။ သူမ ဘာမှဆက်ပြောစရာ မလိုတော့မှန်း အမျိုးသမီး သိသည်။ ဤကိုယ်ကြပ်အင်္ကျီကို လိုချင်သည့်လူတိုင်း သူတို့ဘာသာ ဈေးမြှင့်ကြပေလိမ့်မည်။

ဈေးမြင့်လာသည်နှင့် လေလံပွဲ၏ အဓိကအလွှာတွင် ထိုင်နေသူအားလုံး ဖင်တကြွကြွ ဖြစ်လာကြသည်။ မည်သူမှ အလျှာ့မပေးချင်ကြရာ ဈေးစွတ်တင်နေလေတော့သည်။ သို့သော် အထူးအခန်းထဲတွင် ရှိနေသူ အားလုံးမှာမူ တစ်ချက်လေးပင် လေလံဝင်မပစ်သေးဘဲ ငြိမ်နေကြ၏။

အထူးအခန်းများထဲတွင် ရှိနေသော လူများသည် အရိပ်ကြယ်ပေါ်ရှိ ကျော်ကြားသော အင်အားစုကြီးများမှ လူများ ဖြစ်ကြသည်။ ထိုမှော်ရတနာသည် အတော်လေး ကောင်းသည် ဆိုသော်ငြား သူတို့ကိုယ်သူတို့ နှိမ့်ချပြီး ခန်းမထဲတွင် ရှိနေသော လူများနှင့် သွားပြိုင်ရလောက် သည်အထိ မထိုက်တန်ပါချေ။

ယန်ယန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ အထင်အမြင်တသေးဖြင့် “ဒါလေးကို အဲ့လောက်တောင် ဈေးကြီးပေးတယ်နေတာ တကယ်ကို ဦးနှောက်မရှိတဲ့ ကောင်တွေပဲ”

ရန်ကိုင်လည်း ယန်ယန်နှင့် အတွေး အတူတူပင်။ အရိပ်ကြယ်ပေါ်တွင် သူတော်စင်သလင်းကျောက်များမှာ ထူးထူးခြားခြားကိုမှ ရှားပါးလှသည်။ ထို့ကြောင့် ဤနေရာရှိ သူတော်စင်သလင်းကျောက် တစ်တုံး၏ တန်ဖိုးသည် အပြင်လောကကြီးရှိ သူတော်စင်သလင်းကျောက် တစ်တုံး၏ တန်ဖိုးထက် ပိုမြင့်ပေသည်။ ထိုမှော်ရတနာကို ထိုမျှ ဈေးကြီးပေးဝယ်နေသော ထိုလူများကိုကြည့်ရင်း ရန်ကိုင် ခေါင်းသာ ရမ်းမိလိုက်သည်။

အနားတွင် ရပ်နေသော လအရိပ်ခန်းမမှ မိန်းမကလေး တပည့်တစ်ယောက် ရယ်သွမ်းသွေး၍ ညင်သာသိမ်မွေ့စွာ ရှင်းပြလိုက်လေသည် “သူတိုတွေ အဲ့မှော်ရတနာကို ပြိုင်လုနေတယ် ဆိုတာက ဆရာကြီးကုန်းရဲ့ နာမည်ကြောင့်ပဲ။ ဒီမှော်ရတနာကို လုပ်ထားတဲ့ လူကသာ အခြားတစ်ယောက်ဆိုရင် ဒီလောက် ဈေးကြီးပေးပြီး ရောင်းရမှာ မဟုတ်ဘူး”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ကျော်ကြားမှုသည် မည်မျှ အရေးပါသလဲ ဆိုသည်ကို ရန်ကိုင် သိသည်။ ကုန်းထိုင်ဟုန်သည် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် တစ်ယောက် ဖြစ်သည့်အတွက် သူလုပ်လိုက်သော မှော်ရတနာသည် အဆင့်နိမ့်နေသည့်တိုင် အရည်အသွေး မြင့်ပေလိမ့်မည်။ ထို့ကြောင့် အကုန်လုံး အလုအယက် ဈေးပေးနေကြခြင်း ဖြစ်သည်။

သို့သော်လည်း ထိုမှော်ရတနာ၏ဈေး (၈၀၀၀၀)သို့ ရောက်သွားသည့် အချိန်တွင်မူ လေလံဝင်ဆွဲသည့်လူ အရေအတွက်မှာ သိသိသာသာကို လျော့ကျသွားသည်။ ခဏအကြာတွင် ထိုမှော်ရတနာကို ခန်းမထဲတွင် ရှိနေသော လူငယ်လေးတစ်ယောက်က ရှစ်သောင်းလေးထောင့်ဖြင့် အနိုင်ရသွားလေသည်။

မှော်ရတနာကို ကိုင်ထားသော မှော်ရတနာစံအိမ်မှ အမျိုးသမီးတပည့်သည် စင်ပေါ်မှဆင်း၍ ထိုလူငယ်လေးဆီ သွားပို့ပေးလိုက်သည်။ တစ်ချိန်းတည်း၌ သူ့ဆီမှ အခကြေးငွေကိုပါ ယူလာခဲ့သည်။

လူငယ်လေးသည် မှော်ရတနာကို ရလိုက်သည်နှင့် သူ့ဘေးတွင် ထိုင်နေသော အမျိုးသမီးဆီ ပေးလိုက်ရာ အမျိုးသမီးလည်း လူငယ်လေး၏ပါးကို အနမ်းတစ်ပွင့် ပြန်ပေးလိုက်လေသည်။ အမျိုးသမီး၏ အနမ်းတစ်ပွင့်ကို ရလိုက်သော လူငယ်လေးသည် ဤလောကကြီးသည် သူသာ အကြီးကျယ်ဆုံးသော အောင်နိုင်သူတစ်ယောက် ပမာ နှစ်ထောင်းအားရ ရယ်မောနေ‌တော့လေသည်။

ဒုတိယလေလံပစ္စည်းမှာ ဘုရင်အသွင်ပြောင်း ဆေးလုံး ဆယ်လုံးဖြစ်ပြီး စပေးဈေးမှာ သူတောင်စင်သလင်းကျောက် တစ်သောင်းဖြစ်သည်။ နောက်ဆုံးတွင် ဆေးလုံးများကို သူတော်စင်သလင်းကျောက် နှစ်သောင်းခုနှစ်ထောင်ဖြင့် ရောင်းရလိုက်နိုင်ပြီး အဓိကအလွှာထဲရှိ တစ်ယောက်ယောက်သာ ဝယ်ယူသွားခဲ့သည်။ ဝယ်သွားသူမှာ အချို့သော မိသားစုငယ်လေး တစ်ခုခုမှ ဖြစ်သည့်ပုံပင်။

နောက်လေလံတင်သည့် ပစ္စည်းများမှာ အမျိုးမျိုးသော ဆေးလုံးများ၊ မှော်ရတနာများ၊ ကျင့်စဉ်များ၊ သိုင်းပညာရပ်များ စသည်တို့ ဖြစ်ကြပေသည်။ အချို့ အဖိုးတန် ရှားပါးသတ္တာများပင် ပါဝင်ပေသေးသည်။

အဖိုးတန်ပစ္စည်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၊ လူများစွာတို့က အလုအယက် ဈေးပေးကြရင်း လေလံပွဲမှာ တဖြည်းဖြည်း အရှိန်မြင့်လာခဲ့သည်။ ဈေးအကြီးဆုံး ပစ္စည်းမှာ သူတော်စင်သလင်းကျောက် နှစ်သိန်း ဖြစ်နေသဖြင့် ရန်ကိုင်ပင် အတော်လေး လန့်သွားရသည်။

အရိပ်ကြယ်မှ အင်အားစုများ၏ ကြွယ်ဝချမ်းသာမှုကို သူအတော်လေး အထင်သေးလိုက်မိပြီမှန်း ရန်ကိုင် နားလည်လိုက်သည်။ လက်ရှိ ရှိနေသည့် လူများထဲ၌ အရိပ်ကြယ်အကြောင်း ကောင်းကောင်း နားလည်သည့် လူမှာ ဝူရီဖြစ်သည်။ သို့သော် ဝူရီသည် မိသားစုငယ်လေးမှ လာသည့်အတွက် အင်အားစုကြီးများ မည်မျှ စွမ်းနိုင်သည်ကို နားမလည်ပါချေ။

အရိပ်ကြယ်ပေါ်တွင်လည်း လူချမ်းသာများ မရှားသည့်ပုံပင်။

လူအများ ဈေးပြိုင်ပေးသည်ကိုကြည့်ပြီး ရန်ကိုင်လည်း ဝင်၍ လေလံဝင်ဆွဲလေသည်။ သူလေလံဝင်ဆွဲလိုက်သော ပစ္စည်းများသည် သူ့အတွက် အသုံးမဝင်ပါချေ။

ကံကောင်းစွာဖြင့် သူ့တွင် လေလံဝင်ဆွဲရန်အတွက် လုံလောက်သော ငွေပမာဏရှိမနေခဲ့ချေ။ ရှိနေလျှင်ပင် သူ့ကိုယ်သူ ကောင်းကောင်း ထိန်းချုပ်နိုင်ပေသည်။

လေလံပွဲဆိုသော အရာများကို ရန်ကိုင် ကြိတ်၍ အထင်ကြီးနေမိလေပြီ။ သူတော်စင်သလင်းကျောက် တစ်သောင်းသာ တန်သော ပစ္စည်းတစ်ခုကို လေလံတင်လိုက်သည့်အခါ အဆပေါင်းများစွာ မကသော ဈေးဖြင့် ရောင်းချနိုင်ပေသည်။ လေလံပွဲဆိုသော အရာများသည် ငွေရှာသည့်နည်းလမ်း တစ်မျိုး ဖြစ်သည့်ပုံပင်။

ရန်ကိုင်သည် သူ့ကိုယ်သူ အတော်လေး ထိန်းချုပ်နိုင်၏။ သို့သော် ဝူရီနှင့် ယန်ယန်မှာမူ ထိုကဲ့သို့ မဟုတ်ချေ။ လေလံပွဲ အရှိန်မြင့်လာသည်နှင့် လုံလောက်သော ပိုက်ဆံမရှိသဖြင့် သူတို့ကိုယ်တိုင် လေလံဝင်မဆွဲနိုင်ကြသော်လည်း အခြားသူများအား လက်ညိုးထိုး၍ အားပေးကြသည်။ သူတို့ အားပေးနေသည့်လူ လေလံအောင်သွားလျှင် ပျော်ကြပြီး မအောင်လျှင်တော့ မျက်နှာလေး မဲ့သွားကြသည်။

အမျိုးသမီးတစ်ယောက် ရှိသင့်ရှိထိုက်သော အိန္ဒြေသိက္ခာတို့ ဘယ်များ ရောက်သွားလေသနည်း။

ရန်ကိုင်လည်း ထိုနှစ်ယောက်၏ လုပ်ရပ်ကြောင့် မျက်နှာပူလာရလေသည်။ ထို့ကြောင့် စားပွဲပေါ်မှ သစ်သီး နှစ်လုံးကိုကို ယူလျက် ထိုနှစ်ယောက်၏ ပါးစပ်ထဲသို့ ထိုးထည့်ပေးထားလိုက်လေသည်။ ထိုအခါမှသာ ထိုနှစ်ယောက် ငြိမ်သွားတော့သည်။

အနောက်ဘက်တွင် ရပ်နေသော လအရိပ်ခန်းမမှ အမျိုးသမီးနှစ်ယောက်သည် ရန်ကိုင်တို့ သုံးယောက်ကို ကြည့်ရင်း ပြုံးစိပြုံးစိ ဖြစ်နေခဲ့ကြသည်။ မရယ်မိစေရန် ရယ်ချင်စိတ်ကို အတတ်နိုင်ဆုံး အောင့်ထားကြလေသည်။

အချိန်ကြာလာသည်နှင့် လေလံတင်သည့် ပစ္စည်းများမှာ ပိုင အဆင့်မြင့်၊ ဈေးမြင့်လာကြသည်။ ပထမနှစ်နာရီလောက်၊ လေလံပွဲသည် အောက်ထပ်တွင် ထိုင်နေသော လူများအတွက်သာ ဖြစ်သည်။ အထူး အခန်းထဲတွင် ရှိနေသော လူများကမူ ရံဖန်ရံခါမှသာ လေလံဝင်ဆွဲတတ်ကြသည်။

သို့သော်လည်း နှစ်နာရီကျော် ကြာသွားပြီးနောက် အထူးအခန်းထဲမှ အသံများ စတင် ထွက်ပေါ်လာကြသည်။

စင်မြင့်ပေါ်တွင် ရှိနေသော အမျိုးသမီးသည် အချိန် အကြာကြီး မတ်တပ်ရပ်နေရသော်လည်း သူမ မျက်နှာ ထက်ရှိ အပြုံးသည် ဘယ်သောအခါမှ ပျောက်ကွယ် သွားခြင်း မရှိချေ။ နည်းနည်းလေးမှလည်း ပင်ပန်းနွမ်းနွယ်သည့်ပုံမပေါ်။ သူမ၏ စကားသံသည် နားဝင်ချိုသာနေသေးဆဲ။ အရေးကြုံလျှင် ပရိသတ်များ စိတ်ဝင်စားလာအောင် အမျိုးမျိုးပြောဆို၍ လေလံဈေးကို ဆွဲမြှင့်သည်။

“နောက်လေလံတင်မယ့် ပစ္စည်းကတော့ အတော်လေးကို ထူးခြားတယ်ရှင့်...” အမျိုးသမီးက ထပ်မံ၍ စကားပြောလိုက်သည်။ နှစ်လိုဖွယ်ကောင်းသော သူမ၏ လေလံလေးသည် အားလုံး၏ အိတ်ကပ်ထဲမှ သူတော်စင်သလင်းကျောက်များကို နှိုက်ထုတ်ရန် ကြိုးစားနေသည့်နှယ်။ “ဘာလို့လဲဆိုတော့ ဒီတစ်ခါ လေလံတင်မယ့် ပစ္စည်းရဲ့ တန်ဖိုးက နည်းရင်လည်း နည်းနိုင်တယ်။ များရင်လည်း များနိုင်လို့ပါပဲ”

ပြောပြီးသည်နောက် ကျော့ရှင်းစွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်သည် ကျောက်စိမ်းလင်ဗန်းကို ကိုင်လျက် စင်မြင့်ပေါ်သို့ တက်လာခဲ့လေသည်။ အကုန်လုံး၏ အကြည့်သည် ထိုကျောက်စိမ်းလင်ဗန်း ပေါ်တွင် စုပြုံနေခဲ့လေပြီ။

အမျိုးသမီးသည် ကျောက်စိမ်းလင်ဗန်းထဲမှ ပစ္စည်း၏ အစွန်းနှစ်ဖက်ကို လက်ဖြင့် အသာအယာ ကိုင်လျက် အားလုံးမြင်အောင် မြှောက်ပြလိုက်သည်။ ထို့နောက် ထိုပစ္စည်း၏ အရှေ့အနောက်ကို ဖြည်းဖြည်းချင်း လှည့်ပြလေသည်။ မရေမတွက်နိုင်သော ကောင်းကင် စိတ်အာရုံများသည် ထိုပစ္စည်းပေါ်သို့ စုပြုံ၍ ရောက်ရှိလာခဲ့သည်။ အားလုံးမြင်အောင် ပြပြီးနောက် အမျိုးသမီးသည် ပစ္စည်းကို လင်ဗန်းပေါ် ပြန်တင်ထားလိုက်သည်။

ထို့နောက် တခစ်ခစ် ရယ်သွမ်းသွေးလျက် လေလံပစ်သူ အမျိုးသမီးက ဆက်ပြောလေသည် “အကုန်လံး မြင်လောက်ပြီးပြီလို့ ထင်ပါတယ်။ ဒါက ရှေးဟောင်းမြေပုံတစ်ခုပါ။ ဒီမြေပုံလေးကို အတော်လေးကို ထူးခြားပါတယ်။ ကျွန်မတို့ ရတနာစံအိမ်က တပည့်တွေ လေလံတင်ဖို့ ပစ္စည်းတွေ သွားရှာတုန်းက အဲ့ထဲက တပည့်တစ်ယောက်က လူတစ်ယောက်ရဲ့ အသက်ကို ကယ်လိုက်မိတယ်ရှင့်။ အဲ့လူကလည်း သူ့အသက်ကို ကယ်ခဲ့ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ဒီမြေပုံလေးကို ထုတ်ပေးခဲ့တာပဲ။ ဒီမြေက သူတို့ မိသားစုရဲ့ ဘိုးဘေး အမွေအနှစ်တစ်ခုတဲ့။ ကျွန်မတို့ ရတနာစံအိမ်က ကျွမ်းကျင်သူတွေ စစ်ဆေးကြည့်ရသလောက်တော့ ဒီမြေပုံက မြေပုံကြီးတစ်ခုလုံးပဲ အစိတ်အပိုင်းတစ်ခုပဲ ရှိပါသေးတယ်။ မြေပုံရဲ့ ဘယ်အစိတ်အပိုင်းလဲ ဆိုတာကို မသိသလို ဘယ်မြေပုံရဲ့ အစိတ်အပိုင်းလည်း ဆိုတာကိုပဲ မသိသေးပါဘူးရှင်။ ဒါပေမယ့် ဒီမြေပုံက အနည်းဆုံး နှစ်ပေါင်း ထောင်နှင့်ချီ ကြာနေပါပြီ။ မြေပုံက ညွှန်ပြတဲ့ နေရာကလည်း သိပ်မရှင်းတော့ ဘယ်နေရာမှန်း ဘယ်သူမှ မသိကြဘူး။ ဒီမြေပုံက ဘာမှ ထူးထူးခြားခြား မဟုတ်တာ ဖြစ်ရင် ဖြစ်နိုင်သလို.... တကယ်ကို အံ့ဩဖွယ်ကောင်းတဲ့ မြေပုံတစ်ခု ဖြစ်နေရင်လည်း ဖြစ်နိုင်တယ်။ ရသွားတဲ့လူရဲ့ ကံပေါ် မူတည်တာပေါ့”

အပိုင်း(၁၁၅၄)

အထွဋ်အထိပ်သိုင်းဧကရာဇ်

အမျိုးသမီး၏ အသံ ပျောက်ကွယ်သွားသည်နှင့် ခန်းမထဲရှိ အခြေအနေ အရှိန်အဟုန် မြင့်လာခဲ့သည်။

အဖိုးတန်ရတနာများ၊ ကျင့်စဉ်များ၊ ဆန်းကြယ်သော အမွေအနှစ်များ၊ ထိုစကားလုံးများသည် အထူးခန်းထဲတွင် ရှိနေသော လူအားလုံး၏ အာရုံကို ဆွဲဆောင်သွားသည်။

သို့သော်လည်း ထိုအမျိုးသမီးသည် မြေပုံအကြောင်းကို မည်မျှ ရွှန်းရွှန်းဝေအောင် ပြောနေပါစေ သူမစကားကို အလုံးစုံ ယုံကြည်၍မရမှန်း သူတို့ သိပေသည်။ ထိုမြေပုံသည် ရတနာမြေပုံ ဖြစ်ပါသည်ဟု မည်သူမှ အတပ် အာမခံရဲသနည်း။ ထိုမြေပုံသည် သူတို့အား မည်သည့် နေရာဆီသို့ ခေါ်သွားမည်ကို မည်သူ သိသနည်း။ ထိုမြေပုံသည် အန္တရာယ်မျာသည့် နေရာတစ်ခုဆီသို့ ဦးတည်နေသော မြေပုံ မဟုတ်ပါဘူးဟု မည်သူ အာမခံရဲမည်နည်း။

ထို့အပြင် ထိုရှေးဟောင်းမြေပုံသာ အဖိုးတန်သည် ဆိုပါက လေလံပွဲသို့ ရောက်နေလိမ့်မည် မဟုတ်ချေ။ ရတနာစံအိမ်က အပိုင်သိမ်းထားလိုက်လောက်ပေပြီ။ ရတနာစံအိမ် ကိုယ်တိုင်သည် အလွန်ကိုမှ အင်အား ကြီးမားလှသည့် အင်အားစုတစ်ခုဖြစ်ပြီး ထိုမြေပုံ အကြောင်းကို စစ်ဆေးရန်အတွက် လူအလုံအလောက် ရှိပေသည်။

သို့သော်လည်း ခန်းမထဲရှိ လူများ၏ စိတ်လှုပ်ရှားမှု မြင့်တက်လာသည်ကို သတိပြုမိသော် သူမ၏ ရည်ရွယ်ချက် ပြီးမြောက်သွားပြီမှန်း အမျိုးသမီး သိလိုက်သည်။ ထို့ကြောင့် မည်သည့် အချိန်မှ ဆက်ဖြုန်းမနေတော့ဘဲ လိုရင်းကိုသာ ပြောလိုက်တော့ “ဒီရှေးဟောင်းမြေပုံရဲ့ စဦးဈေးက သူတော်စင်သလင်းကျောက် တစ်သောင်းပါ”

သို့သော်လည်း လေလံဆွဲရာတွင် မည်မျှ ပမာဏအောက် မလျော့၍ဟူ၍ ပြောမသွားခဲ့ချေ။ အကုန်လုံးကို လွတ်လွတ်လပ်လပ် လုပ်ခွင့် ပေးထားခဲ့သည်။

“တစ်သောင်း” ထိုအရာသည် မြေပုံအပိုင်းအစ တစ်ခုသာ ဖြစ်သော်လည်း လူတိုင်း လိုချင်မိကြသည်။ အခြား မြေပုံအစိတ်အစိတ်များကို မတွေ့သေးခြင်းသည် နောက်တွင်လည်း မတွေ့ဘဲ နေလိမ့်မည်ဟု မည်သူ ပြောနိုင်မည်နည်း။ သူတော်စင်သလင်းကျောက် တစ်သောင်းတည်းဖြင့် အဖိုးမဖြတ်နိုင်သည့် အခွင့်အရေး တစ်ခုကို ဝယ်ယူခွင့် ရနိုင်မည် ဖြစ်လေရာ အမျိုးသမီး၏ အသံ ပျောက်ကွယ်သွားသည်နှင့် လူတိုင်း အနိမ့်ဆုံး ဈေးနှုန်းကို အလုအယက် ပေးကြတော့သည်။

အမျိုးသမီးက ပြုံး၍ အဓိကအလွှာတွင် ရှိနေသော လူကို ကြည့်ကာ ပြောလိုက်သည် “ထိုင်ခုံနံပါတ် (၈၇)မှာ ရှိနေတဲ့ မိတ်ဆွေက တစ်သောင်းနှစ်ထောင် ပေးပါမယ်တဲ့။ အခြား ပိုတိုးပေးချင်တဲ့ လူများ ရှိပါသေးလားရှင့်”

“တစ်သောင်းနှစ်ထောင်”

“တစ်သောင်းငါးထောင်”

ယခုတစ်ကြိမ်တွင် အဓိကအလွှာမှ လူများသာမက၊ အထူးခန်းထဲမှ လူများပါ လေလံ ဝင်ဆွဲလာကြသည်။ တစ်ကြိမ် ဈေးနှုန်းမြှင့်တိုင်း သူတော်စင်သလင်းကျောက် နှစ်ထောင်း၊ သုံးထောင်မျှသာ မြှင့်သွားခဲ့လေသည်။

မကြာမီ စဦးဈေးနှုန်း သူတော်စင်သလင်းကျောက် တစ်သောင်းသာ တန်ကြေးရှိသော ရှေးဟောင်း မြေပုံ အပိုင်းအစ၏ ဈေးနှုန်းသည် သူတော်စင်သလင်းကျောက် ငါးသောင်းသို့ ခုန်တက်သွားခဲ့သည်။ ထိုမှတစ်ဆင့် ခုနှစ်သောင်း၊ ရှစ်သောင်း စသဖြင့် ဆက်တက်သွားသည်။

ရှစ်သောင်းသို့ ရောက်ပြီးနောက် ဈေးနှုန်း ငြိမ်သွား၏။ မည်သူမှ ဈေးဆက်မခေါ်ကြတော့။

ရှေးဟောင်မြေပုံ အပိုင်းအစ တစ်ခုအတွက် သူတော်စင် သလင်းကျောက် ရှစ်သောင်းဆိုသော တန်ဖိုးသည် အတော်လေး များနေပြီဟု ပြော၍ရသည်။ တကယ်တော့ ထိုအရာသည် မြေပုံ အပိုင်းအစာ တစ်ခုသာ ဖြစ်သည် မဟုတ်ပေလော။ ထို့ကြောင့် မည်မျှ ဈေးဆက်မမြှင့်ချင် ကြတော့ချေ။

ရန်ကိုင်က ခေါင်းခါလိုက်ပြီး ဝူရီအား တစ်ခုခု ပြောတော့မည်အပြု ယန်ယန်၏ အမူအရာ ထူးဆန်းနေသည်ကို မြင်သော် ချက်ချင်း လှမ်‌မေးလိုက်၏ “ဘာဖြစ်လို့လဲ”

ယန်ယန်က ရန်ကိုင်အား ပြန်ကြည့်၍ တိုးတိုးလေး ပြန်ပြောလိုက်သည် “ငါ့မှာလည်း အဲ့လို မြေပုံအပိုင်းအစ တစ်ခု ရှိတယ်”

“ဘယ်လို” ရန်ကိုင် ကြောင်သွားပြီး နောက်တစ်ကြိမ် သေချာ ပြန်အတည်ပြုလိုက်သည် “တကယ်ကြီးလား”

ယန်ယန် ခေါင်းညိတ်လိုက်သည်။

“ရှစ်‌သောင်းနှစ်ထောင်” ရန်ကိုင်သည် တစ်ချက် ကလေးပင် ထပ်မစဉ်းစားတော့ဘဲ ချက်ချင်း လေလံ ဝင်ဆွဲလိုက်လေသည်။ သို့သော်လည်း ထိုသို့ လေလံ ဝင်ဆွဲလိုက်ပြီးမှ သူ့တွင် သူတော်စင်သလင်းကျောက် မရှိမှန်း သတိရလိုက်သဖြင့် ရန်ကိုင်မျက်နှာ မဲ့သွားခဲ့ရ၏။

သို့သော်လည်း လေလံဆွဲပြီးမှဖြင့် မဆွဲတော့ဘူးဟု ပြန်ပြောရန် မဖြစ်နိုင်တော့ချေ။ ထိုသို့သာ လုပ်ပါက ရတနာစံအိမ်မှ မောင်းထုတ်ခြင်း ခံရပေလိမ့်မည်။

ငြိမ်သက်သွားသော လေလံဈေးသည် ရန်ကိုင်၏ လေလံဝင်ဆွဲမှုနှင့်အတူ တစ်ဖန်ပြန်လည် မြင့်တက် သွားရသည်။ အမျိုးသမီးက ရန်ကိုင် နေနေသည့် အထူးခန်း ရှိရာဆီသို့ တောက်ပစွာ ပြုံးပြ၍ အသံ ကျယ်ကျယ်ဖြင့် ပြောလိုက်လေသည် “အပိုင်း(ဂ-၁၃)က မိတ်ဆွေက ရှစ်သောင်းနှစ်ထောင် ပေးလိုက်ပါပြီ။ ထပ်တိုးပေးချင်တဲ့လူများ ရှိသေးပါလားရှင့်”

သူတော်စင်သလင်းကျောက် မရှိဘဲ လေလံ ဝင်ဆွဲမိသဖြင့် အကြပ်ရိုက်နေသော ရန်ကိုင်၊ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်နေစဉ်မှာပဲ အဓိကအလွှာဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“တစ်သိန်း”

ထိုလူဆီမှ အသံထွက်လာသည်နှင့် မရေမတွက် နိုင်သော ကောင်းကင်စိတ်အာရုံတို့ ထိုလူဆီ စုပြုံ ရောက်သွားသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ထိလူအနေဖြင့် မြေပုံအပိုင်းအစလေး တစ်ခုကို ထိုမျှ ဈေးကြီးပေးဝယ်ရလောက်သည် အချက်နှစ်ချက်သာ ရှိသည်။ တစ်ချက်သည် သူ့တွင် အခြားမြေပုံ အပိုင်းအစ တစ်ခု ရှိနေသည့် အတွက်ကြောင့် ဖြစ်ပြီး ဒုတိယ အချက်မှာ ထိုလူသည် ငွေကို ရေလိုဖြုန်းနိုင်သောကြောင့် ဖြစ်သည်။

သို့သော်လည်း ပထမတစ်ချက်သည် ပိုဖြစ်နိုင်ချေ ရှိသည်။ နောက်ဆုံး လေလံဝင်ဆွဲလိုက်သည့် လူသည် တစ်ခုခု မှားယွင်းနေမှန်းကို သတိပြုမိလိုက်သော် ချက်ချင်း ခေါင်းငုံ့လိုက်သည်။ သို့သော် သူ့မျက်နှာကို အကုန်လုံး မှတ်မိသွားပြီ ဖြစ်လေရာ ယခုမှ ပုန်းနေလည်း အသုံး ဝင်တော့မည် မဟုတ်ချေ။

ရန်ကိုင်လည်း ထိုလူမျက်နှာကို မှတ်ထားလိုက်သည်။ ထိုလူသည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသော သက်လတ်ပိုင်းလူကြီးတစ်ဦး ဖြစ်သည်။

ထိုလူ့တွင်လည်း မြေပုံအပိုင်းအစ တစ်ခုများ ရှိနေလေသလား။

ရန်ကိုင်သာ ထိုကဲ့သို့ တွေးနေသည်မဟုတ်၊ ခန်းမထဲရှိ အခြားအင်အားစုများသည်လည်း ထိုကဲ့သို့ တွေးနေပေ၏။ ထိုလူသာ ရတနာစံအိမ်ထဲမှ ထွက်သွားလျှင် လူများစွာ၏ ပစ်မှတ်ထားခြင်း ခံရပေလိမ့်မည်။ ရှေးဟောင်းမြေပုံ အပိုင်းအစကို ဝယ်လိုက်ခြင်းသည် ပြဿနာကို လက်ယပ် ခေါ်လိုက်သည်နှင့် မခြားချေ။

ထိုလူမှ သူ့ပြဿနာအား ဝင်ဖြေရှင်းသွားသည့် အတွက် အတော်လေး ကံကောင်းလှသည်ဟု ရန်ကိုင် တွေးနေမိ၏။ မဟုတ်လျှင် ယခုသူသည် အားလုံး ပစ်မှတ်ထားနေသည့် လူဖြစ်သွားရပေလိမ့်မည်။

သို့သော်လည်း ယန်ယန်မှ ထိုကဲ့သို့‌ မြေပုံအပိုင်းအစ တစ်ခုကို ပိုင်ဆိုင်ထားလိမ့်မည်ဟု ရန်ကိုင် မည်ကဲ့သို့ သိခဲ့မည်နည်း။ ထိုမြေပုံအပိုင်းအစ နှစ်ခုကို ပေါင်းစပ် လိုက်မည် ဆိုလျှင် မည်သို့သော မြေပုံ ထွက်လာမည်နည်း။ ထိုမြေပုံ မည်သည့် နေရာသို့ ဦးတည်နေသလဲ ဆိုသည်နှင့် ပက်သက်သည့် သဲလွန်စအချို့ကို ရှာတွေ့ကောင်း ရှာတွေ့နိုင်ပေလိမ့်မည်။ သူ့စိတ်ထဲ ထိုလူ့ဆီမှ မြေပုံ အပိုင်းအစကို မည်ကဲ့သို့ယူလျှင် ကောင်းမလဲ ကြိတ်၍ စဉ်းစားနေလိုက်သည်။ ယူမည်ဆိုလျှင် အခြားသူများ မလှုပ်ရှားခင် အရင်လက်ဦးအောင် လုပ်ရပေလိမ့်မည်။

အမျိုးသမီးလှလှ ပြောသည်သာ မှန်မည်ဆိုပါက ထိုမြေပုံသည် ရတနာသိုက်တစ်ခုဆီသို့ ဦးတည် နေပေလိမ့်မည်။

လေလံပွဲသည် ဆက်သွားနေခဲ့သည်။ ရုတ်တရက် အရိပ်လခန်းမ အမျိုးသမီး တပည့် နှစ်ယောက်က သူတို့၏ ဆက်သွယ်ရေး မှော်ရတနာကို ထုတ်ကြည့်လိုက်သည်။ ပို့လာသည့် သတင်းကို မြင်ပြီးနောက် ပြုံးလျက် “သခင်လေးရန်၊ အကြီးအကဲချင်းက သခင်လေးရန်ကို တွေ့ချင်လို့တဲ့”

“ဝင်လာခိုင်းလိုက်လေ” ရန်ကိုင်လည်း အကြီးအကဲချင်းကို တွေ့ချင်နေမိသည်။ သို့သော် အကြီးအကဲချင်းကိုယ်တိုင် အရင်ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

အမျိုးသမီးတပည့်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်း အထူးအခန်း တံခါးကို သွားဖွင့်လိုက်လေသည်။ အခန်း တံခါးပွင့်သွားသည်နှင့် အခန်းရှေ့တွင် အပြုံးကြီးပြုံးလျက် ရပ်နေသော ချင်းတုန် ပေါ်လာခဲ့သည်။

ဘာမှမလုပ်လိုက်ရဘဲ သူတော်စင်သလင်းကျောက် သုံးသန်း ရုတ်တရက် ရလိုက်သူ တစ်ယောက်သည် ချင်းတုန်ကဲ့သို့ ပျော်နေမည်မှာ အမှန်ပင်။ ယန်ဖေးက သတင်း ဖြန့်လိုက်သည့်အတွက်ကြောင့် ယခင်ကဲ့သို့ အားသာချက် မရှိတော့သည့် ကိစ္စကိုမူ ချင်းတုန် ဂရုမစိုက်တော့ချေ။

သူတော်စင်သလင်းကျောက် သုံးသန်း အလကား အမြတ်ထွက်လိုက်သဖြင့်‌ လေလံပွဲကို မနိုင်လျှင်ပင် ချင်းတုန် ဘာမှမပြောလိုချေ။

“တူလေးရန်၊ လုပ်စရာရှိတွေ ရှိနေလို့ အစောကြီး မလာဖြစ်လိုက်တာ ခွင့်လွှတ်နော်” ချင်းတုန်က လက်သီးဆုပ်၍ ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။

“ဟာ၊ အကြီးအကဲချင်းကလည်း။ ဘာတွေ လာပြောနေတာလဲ။ အကြီးအကဲချင်းသာ မကူညီရင် ကျုပ်တို့ ဒီမှာ ထိုင်နေနိုင်မှာတောင် မဟုတ်ဘူး” ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်သည်။

သို့သော်လည်း ချင်းတုန်က လက်ဝှေ့ရမ်း၍သာ ပြောလိုက်သည် “ငါက ဒီလေလံပွဲမှာ အရိပ်လခန်းမကို ကိုယ်စားပြုပေးရမှာဆိုတော့ ဒီမှာ အကြာကြီး နေလို့ မဖြစ်ဘူး။ အခုလာတာ တူလေးရန်ကို ကျေးဇူးတင်ချင်ရုံ သက်သက်ပဲ”

“ကျုပ်ကို ကျေးဇူးတင်ဖို့” ရန်ကိုင် နားမလည်နိုင် ဖြစ်သွားသည်။

“ဟုတ်တယ်။ ငါတို့ အရိပ်လခန်းမကို အမြတ်များများ ရအောင် လုပ်ပေးခဲ့တဲ့ တူလေးရန်ကို ကျေးဇူးတင်ရမယ်။ ဒီမှာ၊ ကျေးဇူးတင်လက်ဆောင်လေး။ တူလေးရန် ငြင်းလို့ မရဘူးနော်” ချင်းတုန်က သိုလှောင်လက်စွပ်တစ်ကွင်းကို ရန်ကိုင်လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်နေသည်။ ချင်းတုန်ကို ကြောင်၍သာ စိုက်ကြည့်နေမိပြီးနောက် ခဏအကြာတွင် ပြန်မေးလိုက်လေသည် “အကြီးအကဲချင်း၊ ကျုပ်ကို သေချာလေး ရှင်းပြလို့ရမလား။ ကျုပ်ဘာများ လုပ်လိုက်လို့ အကြီးအကဲချင်း ကျုပ်ကို ကျေးဇူးတင်တေနာလဲ”

ချင်းတုန်၏ စကားသည် အတော်လေးကို အဓိပ္ပါယ် ပါလှသည်။ သူသည် အရိပ်လခန်းမကိုယ်စား ရန်ကိုင်ကို ကျေးဇူးတင်ချင်သည်ဟု ပြောသည်။ ထိုကဲ့သို့ အားကောင်းသော အင်အားစုတစ်ခုမှ သူ့အား အကြောင်းပြချက်မရှိဘဲ ဘာကြောင့် လာကျေးဇူး တင်နေသလဲ ဆိုသည်ကို ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့သည်။

သူလေလံပွဲသို့ ယူလာသည့် ပစ္စည်းများကြောင့် ဆိုလျှင်ကော၊ ထိုသို့ မဖြစ်လောက်ချေ။ ထိုပစ္စည်းကြောင့် အမြတ်ရမည့်သူသာ ရတနာစံအိမ်သာ ဖြစ်သည်။ လအရိပ်ခန်းမအတွက် လုံးဝ အကျိုးအမြတ် မရှိချေ။

ရန်ကိုင် အခြားသူများအား အကြွေးမတင်ချင်သည်ကို သိလေရာ ချင်းတုန်လည်း အခြေအနေကို ရန်ကိုင် နားလည်သွားအောင် သေချာ ရှင်းပြတော့လေသည်။

ခဏလောက် စဉ်းစားလိုက်ပြီးနောက် ချင်းတုန်က စ၍ ရှင်းပြလိုက်သည် “ဒီလိုကွ။ တူလေးရန် ယူလာခဲ့တဲ့ ပစ္စည်းတွေက အရမ်း အဖိုးတန်တယ်လေ။ ဒီတော့ အင်အားစုကြီးတွေက အဲ့လို ပစ္စည်းတွေ လေလံပွဲမှာ ပါလာမယ်ဆိုတာကို မသိထားဘူး။ ဒါကြောင့် ပိုက်ဆံ အလုံအလောက် မယူလာကြဘူး။ အဲ့လို ပစ္စည်းတွေ ပါမယ်မှန်းသိရော သူတို့မှာ ပိုက်ဆံမလောက်တော့ ဂိုဏ်းဆီပြန်ပြီး ပိုက်ဆံသွားပြန်စုရတာပေါ့။ အဲ့လို လုပ်ဖို့အတွက် ငါတို့ အရိပ်လခန်းမရဲ့ ဟင်းလင်းပြင် အစီအရင်ကို အသုံးပြုရတယ်လေ။ ဒါကြောင့် ငါလည်း ဟင်းလင်းပြင်အစီအရင်ကို အသုံးပြုခကို ထပ်တိုး ကောက်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။ အဟမ်း၊ အခုလို ဖြစ်လာရတယ်ဆိုတာကလည်း တူလေးရန်က အဲ့ပစ္စည်းတွေကို ယူလာပေးလို့လေ။ ဒါပေမယ့် ရလာတဲ့ အကျိုးအမြတ်တွေက အရိပ်လခန်းမအပိုင်ဆိုတော့ ငါတစ်ယောက်သည် သိမ်းကျုံးမဆုံးဖြတ်ရဲဘူး။ ဒါပေမယ့် ဒီလောက် လက်ဆောင်လေးကတော့ အဆင်ပြေတယ်။ တူလေးရန် မငြင်းပါနဲ့နော်”

ရန်ကိုင် ကြောင်နေခဲ့သည်။ ချင်းတုန် ထိုကဲ့သို့ ပိုက်ဆံရှာလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ ထိုကဲ့သို့ လုပ်ရဲသည့် ချင်းတုန်၏ သတ္တိကိုလည်း လေးစားမိသွား၏။ ထိုသို့ လုပ်လိုက်သည့်အတွက် လူမည်မျှကို ချင်းတုန် ရန်စမိသွားမည်နည်း။ အပိုင်း (က)နှင့် (ခ)မှ လူများစွာ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားနေကြသည်မှာ ထိုအကြောင်းကြောင့်ကိုး။

လေလံပွဲသို့ သူယူလာခဲ့သည့် ပစ္စည်းများ မည်မျှ အဖိုးတန်လဲ ဆိုသည်ကို ရန်ကိုင် ကောင်းကောင်းသိ၏။ ချင်းတုန်၏ ရှင်းပြချက်နျင့်ပါ ပေါင်းလိုက်သော် သူမည်ကဲ့သို့ အကျိုးဆောင်မိလိုက်သလဲ ဆိုသည်ကို ရန်ကိုင် ချက်ချင်း နားလည်သွားလေသည်။

ငြင်းဆန်ဖို့ရာ အကြောင်းပြချက် မရှိသဖြင့် သိုလှောင် လက်စွပ်ကို လက်ခံလိုက်ပြီး ရယ်မောလျက် “အဲ့လို ဆိုမှတော့ ဒီဂျူနီယာလည်း ငြင်းမနေတော့ပါဘူးလေ။ ကျုပ်လည်း သူတော်စင်သလင်းကျောက် နည်းနည်း ချေးချင်လို့ အကြီးအကဲချင်းကို သွားရှာဖို့ လုပ်နေတာ။ အခုတော့ မလိုတော့ဘူး”

ယခုလေးတင် သူတော်စင်သလင်းကျောက် နည်းနည်း ချေးရန် အကြီးအကဲချင်းကို သွားရှာရန် လုပ်နေခြင်း ဖြစ်သည်။

အစကမူ လေလံဝင်ဆွဲရန် မစဉ်းစားထားခဲ့ချေ။ သို့သော် ရှေးဟောင်းမြေပုံ ထွက်ပေါ်လာမှုကြောင့် သူလိုအပ်နေသော အရာတစ်ခုခု လေလံပွဲတွင် ပေါ်လာနိုင်သည် ဆိုသောအချက်ကို ရန်ကိုင်အား နားလည်သွားစေခဲ့သည်။ ထိုကဲ့သို့သော ပစ္စည်း တစ်ခုခုသာ လေလံပွဲတွင် ပါလာပါက သူ့တွင် သူတော်စင်သလင်းကျောက် အလုံအလောက် မရှိလျှင် သူမည်ကဲ့သို့ လေလံဝင်ဆွဲနိုင်မည်နည်း။ ထို့အပြင် ဝူရီနှင့် ယန်ယန်တို့ အခြားသူများအား အားပါးတရ အားပေးနေသည်ကို မြင်သော် သူတို့လည်း လေလံဝင်ဆွဲချင်နေမှန်း ရန်ကိုင် နားလည်လိုက်သည်။

ချင်းတုန်ကလည်း ရယ်ရယ်မောမောဖြင့် “တူလေးရန်သာ အရမ်းဈေးအမြင့်ကြီး လေလံဝင်မဆွဲ သရွေ့ ဒီလောက်နဲ့ လုံလောက်တယ်”

ရန်ကိုင်အား သူတော်စင်သလင်းကျောက် မည်မျှ ပေးသလဲ ဆိုသည်ကို ပြောမသွားခဲ့။ ရန်ကိုင်ကလည်း မေးမနေခဲ့ချေ။ လူကြီးလူကောင်း နှစ်ယောက်၏ စကားဝိုင်းထဲ ထိုကဲ့သို့သော အကြောင်းအရာများကို မေးနေစရာ မလိုချေ။ ချင်းတုန်သည် ထိုလက်ဆောင်ကား လအရိပ်ခန်းမမှ ကျေးဇူးတင်လက်ဆောင်ဟု အထူး ပြောသွားခဲ့သည်။

ထိုစဉ် လေလံစင်ပေါ်မှ အမျိုးသမီးလှလှက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည် “နောက်လာမယ့် ပစ္စည်းကိုတော့ လူတော်တော်များများ စိတ်ဝင်စားမယ့် အရာတစ်ခုပါရှင့်။ အားလုံး လေလံဆွဲဖို့ အသင့်ပြင်ထားကြတော့နော်”

ထိုစကားသံနှင့်အတူ အထူးခန်းများထဲရှိ အခြေအနေ တင်းမာလာသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ထိုလူအားလုံး နောက်လာမည့်ပစ္စည်း ဘာဖြစ်မလဲ ဆိုသည်ကို ကြိုသိထားကြသည့်ပုံပင်။

အမျိုးသမီးငယ်လေးသည် ကျောက်စိမ်ပုလင်း တစ်ပုလင်း တင်ထားသည့် ကျောက်စိမ်းလင်ဗန်း တစ်ချပ်ကို သယ်၍ စင်ပေါ်သို့ လျှောက်လာခဲ့သည်။ အမျိုးသမီးလှလှက ကျောက်စိမ်ပုလင်းကို ယူ၍ အဖုံးကို ဖွင့်လျက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည် “နောက်လေလံတင်မယ့် ပစ္စည်းကတော့ တန်ခိုးရှင် အခြေတည် ဆေးလုံးပဲ ဖြစ်ပါတယ်ရှင့်”

အမျိုးသမီး၏ လေသံ ပျောက်ကွယ်သွားသည်နှင့် ခန်းမကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်လေသည်။ အမျိုးသမီး၏ မျက်နှာထက်ရှိ အပြုံးမှာမူ ပို၍ ပီပြင် တောက်ပလာခဲ့သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၁၁၅၅)

အမျိုးသမီး၏ ကြေညာချက်ကို ကြားလိုက်သည်နှင့် အပိုင်း(ဂ-၁၃)ထဲတွင် ရှိနေသော ချင်းတုန်သည် ရန်ကိုင်အား အလျင်စလို နှုတဆ်က်လိုက်လေသည် “တူလေးရန်၊ လေလံပွဲပြီးလို့ မင်းမှာ အချိန်ရှိသေးတယ် ဆိုရင် ငါမင်းနဲ့ စကားနည်းနည်း ပြောချင်တယ်။ အခုတော့ ဒီတန်ခိုးရှင်အခြေတည် ဆေးလုံးကို ရအောင် ယူရမှာမို့လို့ ငါ့ကို အရင်သွားခွင့်ပေးပါဦးနော်”

ရန်ကိုင်လည်း ခေါင်းညိတ်၍ “ဟုတ်ကဲ့ပါ”

ချင်းတုန် ကပျာကယာ ထွက်သွားလေသည်။ အမျိုးသမီးသည် ခဏလောက် စောင့်ကြည့်နေသည်။ ပြီးမှ လက်ကိုမြှောက်၍ အားလုံးကို တိတ်တိတ်လေးနေပေးရန် တောင်းဆိုလိုက်သည်။ အားလုံး တိတ်သွားသည့် အခါမှသာ ဆက်ပြောလေသည် “တန်ခိုးရှင်အခြေတည်ဆေးလုံး အကြောင်း အကုန်လုံး သိထားပြီးသားပါနော်။ ဒီဆေးလုံးက သူတော်စင်ဘုရင်အဆင့် တစ်ယောက် တန်ခိုးရှင်အဆင့်ကို အောင်အောင်မြင်မြင် ချိုးဖျက်စေနိုင်တဲ့ အခွင့်အရေးကို တိုးမြှင့်ပေးနိုင်ပါတယ်။ ကျွန်မတို့ အရိပ်ကြယ်ပေါ်မှာ အရင်းအမြစ်တွေ ရှားပါးတာမို့လို့ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တွေ မရှိနိုင်ကြဘူး။ အများဆုံးရှိမှ တန်ခိုးရှင် အဆင့်တွေပဲ။ ဒါပေမယ့် တန်ခိုးရှင်အဆင့်ကိုကော လူဘယ်လောက်များများက ရောက်နိုင်လို့ပဲ။ အဲ့လို မရောက်နိုင်တဲ့ အကြောင်းအရင်းက ကျွန်မတို့မှာ တန်ခိုးရှင် အခြေတည် ဆေးလုံးကို သန့်စင်ပေးနိုင်တဲ့ ဆေးပညာရှင် မရှိလို့ပါပဲ။ ဒီဆေးလုံးက သူတော်စင်ဘုရင် အထွဋ်အထိပ် အဆင့်ပဲ ဆိုပေမယ့် သန့်စင်ရခက်တာကတော့ တန်ခိုးရှင် အဆင့် ဆေးလုံးလိုပဲ။ ဒီဆေးလုံး တစ်လုံးကိုရဖို့ အတွက် အားစိုက်ထုတ်မှုတွေ၊ အချိန်တွေ၊ အရင်းအမြစ်တွေ အများကြီး ပုံအောထားရတာ။ ဒါကြောင့် ဆေးလုံးရဲ့ စဦးဈေးက သူတော်စင်သလင်းကျောက် တစ်သိန်းကနေ စပါမယ်။ တစ်ကြိမ်တိုးတိုင်း သူတော်စင်သလင်းကျောက် နှစ်ထောင်အောက် လျော့လို့မရပါဘူးရှင့်”

အမျိုးသမီး၏ စကားကို ကြားလိုက်သည့်အချိန်တွင် ရန်ကိုင် ကြောင်သွားခဲ့လေသည်။

ထိုတန်ခိုးရှင်အခြေတည် ဆေးလုံကို သူယူလာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် တစ်လုံးပင်မဟုတ်၊ နှစ်လုံးတိတိ ယူလာခဲ့ခြင်းဖြစ်သည်။ ထို့သိုဆိုလျှင် ရတနာစံအိမ်သည် ထိုဆေးလုံးတစ်လုံကိုရရန် အရမ်းကြီး အာစိုက်ခဲ့ရသည်ဟု ဘာကြောင့် ပြောနေရသနည်း။

လုပ်ဇာတ်ခင်းနေခြင်း ဖြစ်ပေသည်။ သို့သော်လည်း အမှန်တရားကို သိသည့် လူအနည်းငယ်မှလွဲ၍ အများစုမှာ အမျိုးသမီး၏ စကားကို ယုံကြည့်ကြသည်။ အမျိုးသမီးသည် လျှာအရိုးမရှိတိုင်း လျှောက်ပြောနေခြင်းမှာ ဆေးလုံး၏ တန်ဖိုးကို မြင့်နိုင်သမျှ မြင့်စေရန် ဖြစ်ပေသည်။

တန်ခိုးရှင်အဆင့်ဆေးလုံးကို ဝယ်ခြင်းသည် တန်ခိုးရှင် အဆင့် ဆေးလုံးတစ်ယောက်ကို ဝယ်ခြင်းသည် ထပ်တူ မကျသော်လည်း အရမ်းကြီးတော့ အောက်မလျော့ပါချေ။ ထို့ကြောင့် အင်အားစုကြီးတိုင်း ထိုဆေးလုံးကို အသည်းအသန် လိုချင်ကြပေသည်။

ရန်ကိုင်သည် ဆေးလုံး နှစ်လုံးကို ယူဆောင်လာခဲ့ သော်လည်း ရတနာစံအိမ်သည် တစ်လုံးကိုသာ အရင် လေလံတင်သေးသည်။ ဆေးလုံးပြိုင်ပွဲသည် အတော့်ကို ပြင်းထန်လောက်သော်လည်း အရမ်းကြီးတော့ ပြင်းထန်မည့်ပုံမရ။ တကယ့် ပညာရှင်များသည် ဆေးလုံးကို အားကိုး၍ အဆင့်ချိုးဖျက်ခြင်းမျိုး မလုပ်ကြချေ။

ရန်ကိုင်၏ ခန့်မှန်းချက် မှန်ပေသည်။ ဆေးလုံး လေလံပွဲမှာ အတော်လေးကိုမှ ပြင်းထန်သော်လည်း အထူးအခန်းများထဲရှိ မည်သူတစ်ဦးတစ်ယောက်ကမှ ဝင်လေလံမဆွဲခဲ့ချေ။ လေလံဝင်ဆွဲသည့် လူအများစုမှာ အဓိကအလွှာမှ လူများဖြစ်ကြပေသည်။ အကုန်လုံး အသည်းအသန် လေလံဆွဲနေကြလေရာ မကြာမီ အချိန်အတွင်း ဆေးလုံး၏ တန်ဖိုးသည် တစ်သိန်းမှ နှစ်သိန်းရှစ်သောင်းသို့ ရောက်ရှိသွားခဲ့သည်။

အဓိကအလွှာတွင် ရှိနေကြသော အင်အားစုများသည် အထူးခန်းထဲတွင် ရှိနေသော အင်အားစုများလောက် အားမကောင်းကြရာ သူတို့ ပိုင်ဆိုင်ထားသော တန်ခိုးရှင် အဆင့် ပညာရှင် အရေအတွက်မှာ အင်အားစုကြီးများနှင့် ယှဉ်လျှင် နည်းပါးပေသည်။ တန်ခိုးရှင်အခြေတည် ဆေးလုံး တစ်လုံးသည် သူတို့အတွက် အကျိုးအမြတ်များစွာကို ဆောင်ယူလာပေးနိုင်လေရာ အကုန်လုံး သည်းကြီးမည်းကြီး လိုချင်နေကြသည်မှာ မထူးဆန်းချေ။ သူတို့ မိသားစုထဲတွင် တန်ခိုးရှင်အဆင့် ပညာရှင်တစ်ယောက်သာ ပေါ်လာပါက သူတို့၏ အဆင့်အတန်းနှင့် ခွန်အားကို အဆင့်တစ်ခုသို့ ပြောင်းလဲပစ်နိုင်ပေသည်။

ဟိုင်ခဲမိသားစုနှင့် ရှုမိသားစုများတွင် သူတော်စင်ဘုရင် တတိယအဆင့် များစွာ ရှိသော်လည်း တန်ခိုးရှင်အဆင့် ပညာရှင် တစ်ယောက်ပင် မရှိချေ။ သို့သော်လည်း သူတို့သာ ထိုတန်ခိုးရှင်အခြေတည် ဆေးလုံးကို ရလိုက်မည် ဆိုပါက လအရိပ်ခန်းမထဲသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။ ယခင်နှင့် မတူသော ပြုစုမှုမျိုးကို လက်ခံရရှိပေလိမ့်မည်။

ထို့ကြောင့်ပဲ အင်အားစုလေးများသည် ထိုတန်ခိုးရှင် အခြေတည်ဆေးလုံးကို ရရှိရန် အသည်းအသန် ကြိုးစား နေကြခြင်း ဖြစ်ပေသည်။

ဈေးနှုန်းသည် နှစ်သိမ်းရှစ်သောင်းသို့ ရောက်ရှိ သွားပြီးနောက် လေလံဝင်ဆွဲသူ အတော်လေး လျော့သွားခဲ့သည်။ နှစ်သိမ်းရှစ်သောင်းသည် လူအများစု အတွက် အကန့်အသတ်ဖြစ်သည်။ ထို့ကြောင့် သူတို့ မည်မျှလိုချင်နေပါစေ လက်လျှော့ရုံသာ တတ်နိုင်တော့၏။

“ထိုင်ခုံနံပါတ် သုံးဆယ်နှစ်မှာ ထိုင်နေတဲ့ မိတ်ဆွေက နှစ်သိန်းရှစ်သောင်း ပေးလိုက်ပါပြီ။ နောက်ထပ် ထပ်တိုး ပေးချင်တဲ့လူများ ရှိပါသေးလားရှင့်” အမျိုးသမီးက ပြုံးလျက် အားလုံးကို အော်မေးလိုက်သည်။

နှစ်သိန်းရှစ်သောင်း ပေးထားသောလူသည် စိလှုပ်ရှားစွာဖြင့် ထရပ်လိုက်သည်။ စိုရိမ်းမှုတို့ကိုလည်း သူ့မျက်နှာထက် မြင်တွေ့နိုင်ပေသည်။ အခြားတစ်ယောက် သူ့အားကျော်ပြီး ဈေးပေးလိုက်မည်ကို စိုးရိမ်နေသည့် ပုံပင်။ ထို့ကြောင့် အမျိုးသမီးကို လှမ်း၍ ပြောလိုက်လေသည် “မြန်မြန်လုပ်လေ။ ဘယ်သူမှ ဈေးပေးတော့မှာမဟုတ်ဘူး။ မြန်မြန် ဆုံးဖြတ်လိုက်တော့လေ”

အမျိုးသမီးလည်း အခြားဘယ်သူမှ မပေးတော့သည်ကို မြင်သော် လေလံကျယ်ကျယ်ဖြင့် “ဒီလိုဆိုရင်တော့ ဒီဆေးလုံးကို နှစ်သိန်းရှစ်သောင်း...”

“သုံးသိန်း” အထူးခန်းတစ်ခန်းထဲမှ လေသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အမျိုးသမီး တောင့်တောင့်ကြီး ဖြစ်သွားပြီး အသံ ထွက်ပေါ်လာသည့် အထူးခန်းဆီ လှမ်းကြည့်လိုက်သည်။

သုံးသိန်းပေးလိုက်သည့်လူသည် အပိုင်း(က)ရှိ အထူးခန်းတစ်ခန်းမှထဲ ဖြစ်ပေသည်။

ထိုလူသည် လေလံဈေးကို ပိုမြင့်မြင့် ပေးလိုက်သည့် အပြင် အထူးခန်းထဲမှလည်း ဖြစ်နေသည်။ သူ့ကဲ့သို့ လူတစ်ယောက်သည် အဓိကအလွှာမှ လူတစ်ယောက် ရန်စနိုင်သည့်လူမျိုး မဟုတ်ချေ။ ထိုလူ အစောပိုင်းက လေလံဝင်မဆွဲရခြင်းမှ အဓိကအလွှာမှ လူများနှင့်အတူ လေလံဝင်ဆွဲရမည်ကို ရွံမုန်းသဖြင့် နောက်ဆုံးနေမှ ဝင်ပြောလိုက်သည့်ပုံပင်။

သူက ထိုကဲ့သို့ လေလံဈေးပေးလိုက်သည်နှင့် မည်သူမှ ဈေးထပ်မပေးတော့ချေ။

အမျိုးသမီးနှုတ်ခမ်း ကွေးတက်သွားပြီး အကြိမ်ရေ စတင် ရေတွက်တော့သည်။ တန်ခိုးရှင်အခြေတည် ဆေးလုံးသည် အတော်လေး ရှားပါးသော်လည်း သုံးသိန်း ဆိုသော ပမာဏမှ သူမျှော်လင့်ထားသည့် အကန့်အသတ် အတွင်း ရှိနေပေသေးသည်။ သို့သော်လည်း သူမ စကား မပြောရသေးခင်မှာပဲ တစ်ယောက်ယောက်က လေလံ ဝင်ဆွဲလိုက်လေသည်။

“လေးသိန်း” လေလံဈေးကို ပြောလိုက်ပြီးနောက် ထိုလူက ရယ်မောလျက် ထပ်ပြောလိုက်သည် “တန်ခိုးရှင် အခြေတည် ဆေးလုံးလို အဖိုးတန်ရတနာတစ်ခုက ဒီထက် အများကြီး ပိုတန်တယ်။ တစ်ကြိမ်တိုးမှ သူတော်စင် သလင်းကျောက်လေး ထောင်ဂဏန်းလောက်ပဲ တိုးတာက ဆေးလုံးကို စော်ကားနေတာနဲ့ အတူတူပဲ”

ထိုစကားလုံးများသည် ယခုလေးတင် လေလံဆွဲခဲ့သည့် အပိုင်း(က)ရှိ အထူးခန်းမှ လူကို လှောင်ပြောင်နေခြင်း ဖြစ်ပေသည်။ သို့သော် သူထိုကဲ့သို့ ပြောလိုက်သည်နှင့် ပက်သက်၍ ဘာမှ ပြဿနာမရှိပါချေ။ အကြောင်းမှာ ထိုကဲ့သို့ ပြောလိုက်သည့်လူဟာလည်း အပိုင်း(က)ရှိ အထူးခန်းထဲတွင် ရှိနေသောကြောင့်ပင် ဖြစ်လေသည်။ ထိုလူ၏ အဆင့်အတန်းသည် အစောပိုင်းက လေလံ ဆွဲခဲ့သည့်လူအောက် မနိမ့်ကျချေ။

အရိပ်ကြယ်ပေါ်ရှိ အင်အားစုများသည် တစ်ခုနှင့်တစ်ခု မသင့်မြတ်ကြချေ။ အင်အားစုများကြား တိုက်ပွဲများလည်း ဖြစ်ကြသည်။ သွေးစွန်းသည့် တိုက်ပွဲများပင် ရှိသေးသည်။ ထိုလူနှစ်ယောက်သည် အချင်းချင်း မတည့်ကြသည့် အင်အားစုနှစ်ခုမှ ဖြစ်မှန်း သူတို့၏ အပြုအမူမှ သိနိုင်သည်။ မဟုတ်လျှင် ဘာကြောင့် လေလံဆွဲရုံသက်သက် မဟုတ်ဘဲ လှောင်ပြောင်နေရသနည်း။

“အကြီးအကဲချင်းပဲ...” အပိုင်း(ဂ-၁၃)တွင် ရှိနေသော ဝူရီက တိုးတိုးလေး ရေရွတ်လိုက်သည်။ လေးသိန်း ပေးလိုက်သော လူသည် အကြီးအကဲချင်းတုန် ဖြစ်ပေသည်။

ရန်ကိုင်လည်း မျက်မှောင်ကြုတ်နေသည်။ ချင်းတုန် ဘာများကြံနေလေသနည်း။ ထိုတန်ခိုးရှင်အခြေတည် ဆေးလုံးကို သူယူလာမှန်း ချင်းတုန် သိသည်။ ထိုသို့ဆိုလျှင် ဘာကြောင့် ထိုမျှ ဈေးမြှင့်နေရသနည်း။ ချင်းတုန်သာ တကယ် နိုင်သွားမည်ဆိုပါက ပိုက်ဆံကုန်ရုံသက်သက်သာ မဖြစ်ပေဘူးလော။ ထိုသို့မဟုတ်ဘဲ ဆေးလုံးကို အကြောင်းအရင်း တစ်ခုခုကြောင့် အတည် လိုချင်နေခြင်း ပေလော။

ဆေးလုံးကို ဈေးမြင့်မြင့်နှင့် ရောင်းရအောင် လုပ်ပြီး ရန်ကိုင်ကို ကူညီပေးလိုခြင်း ဖြစ်လောက်သည်။ သို့သော် လေလံပွဲတွင် အခြားသော ပိုကောင်းသည့် တန်ခိုးရှင် အခြေတည်ဆေးလုံးတစ်လုံး ရှိနေသည်ကို ချင်းတုန် သိထားပေသည်။ ထို့ကြောင့် ထိုဆေးလုံးအတွက် ပိုက်ဆံ အများကြီးဖြုန်းနေစရာ မလိုချေ။ ချင်းတုန်သာ ရန်ကိုင်ကို ကူညီချင်သည်ဆိုပါက နောက်လေလံတင်မည့် ဆေးလုံး၏ တန်ဖိုးကို မြှင့်ပေးလျှင် ပိုကောင်းပေလိမ့်မည်။

ချင်းတုန်နှင့် ထိုလူကြား မကျေနပ်ချက် ရှိသောကြောင့် သာ ချင်းတုန်မှ ထိုကဲ့သို့ ဈေးပေးလိုက်ခြင်း ဖြစ်သည်ဟူ၍ သာ ရန်ကိုင် ယူဆလိုက်တော့သည်။

“ဟွန့်၊ လေးသိန်းတစ်သောင်း” အစောပိုင်းက လေလံဝင်ဆွဲလိုက်သည့် တစ်ယောက်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လျက် ဆေးလုံးကို နောက်ထပ် တစ်သောင်း ထပ်တိုးလိုက်သည်။

“ငါးသိန်း” သို့သော်လည်း ချင်းတုန်ကမူ နောက်ထပ် ကိုးသောင်းတိတိ ထပ်မြှင့်လိုက်ပေသည်။

“ငါးသိန်းတစ်သောင်း”

“ခြောက်သိန်း”

----------------------------------

နှစ်ယောက်သားကြားမှ မကျေနပ်ချက်ကြောင့် ဆေးလုံး၏ တန်ဖိုးသည် ကြောက်မခန်းလိလိ မြင့်တက် သွားခဲ့လေသည်။ မြင့်တက်သွားသော ဈေးနှုန်းကြောင့် သူအိမ်မက်များ မက်နေသလားဟုပင် ရန်ကိုင် ထင်မြင် မသိသွားရသည်။ သူသာမန်ကာလျှံကာ ဖော်စပ်လိုက်သည့် ဆေးလုံးကို ထိုမျှ ဈေးမြင့်မြင့်ဖြင့် ရောင်းရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

အရိပ်ကြယ်ပေါ်ရှိ ဈေးအကြီးဆုံး ဆေးလုံးများ အကြောင်းကို ဝူရီအား မေးခဲ့သည်။ ဝူရီက တန်ခိုးရှင် အခြေတည်ဆေးလုံးနှင့် နိဗားနားတန်ခိုးရှင် ဆေးလုံးဟု ပြန်ပြောခဲ့သည်။ နိဗားနားတန်ခိုးရှင်အဆင့် ဆေးလုံးကို သူမသန့်စင်နိုင်သေးသဖြင့် တန်ခိုးရှငအခြေတည် ဆေးလုံးကိုသာ သန့်စင်ခဲ့လေသည်။ ယန်ယန်၏ တန်ခိုးရှင် အဆင့် မှော်ရတနာနှစ်ခု သက်သက်ဖြင့် ပိုက်ဆံအများကြီး ရှာမရမည်ကို စိုးရိမ်သည့်အတွက်ကြောင့် သူကလည်း ကူရှာပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုဆေးလုံးကို ထိုမျှ ဈေးအမြင့်ကြီးဖြင့် ရောင်းရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

အထွဋ်အထိပ်သူတော်စသင်သလင်းကျောက် ခြောက်သိန်းဖြင့်ဆိုလျှင် သူလိုအပ်သည့် အဖိုးတန်ပစ္စည်း များစွာကို ဝယ်ယူနိုင်လေပြီ။ ယန်ယန်လည်း နဂါးလိုဏ်ဂူ တောင်ပတ်လည်တွင် ခင်းကျင်းထားသော အစီအရင်ကို အဆင့်မြှင့်နိုင်လေပြီ။

သို့သော်လည်း ဆေးလုံးသည် ခြောက်သိန်းနှင့်ပင် ရပ်တန့်သွားခြင်း မရှိသေးပေ။

အထူးအခန်းများထဲမှ မရေမတွက်နိုင်သော သက်ပြင်းရှိုက်သံများ၊ သက်ပြင်းချသံများ ထွက်ပေါ်လာ၏။ ထိုနှစ်ယောက် ရူးနေလေပြီ။ တန်ခိုးရှင်အခြေတည် ဆေးလုံး တစ်လုံးကို ထိုမျှ ဈေးကြီးပေးဝယ်နေစရာ လိုပါသလော။ သူတို့နှစ်ဦးကြား အမုန်းတရား ရှိလျှင်ပင် တန်ခိုးရှင် အခြေတည် ဆေးလုံးအတွက် ထိုမျှ ဈေးကြီးပေးစရာ လို၍လော။ အကယ်၍ နောင်အခါ လေလံပွဲတွင် တန်ခိုးရှင် အခြေတည် ဆေးလုံးများသာ ထွက်ပေါ်လာမည် ဆိုပါက သူတို့လည်း ထိုမျှ ဈေးကြီးပေး၍ ဝယ်ရပေမည်လော။ ထိုသို့သာ ဝယ်ရမည်ဆိုပါက အရူးသာ ဝယ်ပေလိမ့်မည်။

“သူတော်စင်သလင်းကျောက် ဘယ်လောက်တောင် ပေါသောနေလဲ မသိဘူး” ဝူရီက ခါးသက်စွာ ပြုံးလျက် ပြောလိုက်သည်။ ဟိုင်ခဲမိသားစုဆိုလျှင် သူတော်စင် သလင်းကျောက် သောင်းဂဏန်းပမာဏကို ရှာဖို့အတွက်နဲ့ ရုန်းကနေရသည်။ သို့သော်လည် ရတနာစံအိမ်တွင် ထိုကဲ့သို့သော ပိုက်ဆံမျိုးကို လူတိုင်း ထုတ်သုံးနိုင်ကြ၏။

“စေငာ့်ကြည့်လိုက်။ အဲ့သူတော်စင်သလင်းကျောက် တွေအကုန်လုံး ငါတို့ဟာ ဖြစ်လာတော့မှာ”

“ဘာလို့လဲ” ဝူရီ ရန်ကိုင်အား ကြောင်ကြည့်လိုက်၏။

“အဲ့တန်ခိုးရှင်အခြေတည်ဆေးလုံးက ငါ့ဟာလေ”

“ဘယ်လို” ဝူရီနှင့် ယန်ယန်တို့ နှစ်ယောက်စလုံး ရန်ကိုင်အား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်သည်။ နောက်ဘက်တွင် ရပ်နေသော အရိပ်လခန်းမမှ မိန်းကလေး တပည့်နှစ်ယောက်သည်လည်း ပါးစပ်ကို လက်ဖြင့် အလန့်တကြား အုပ်လိုက်မိကြသည်။ သူတို့ ပြုစုပေးရမည့် လူငယ်လေးသည် ထိုမျှ ချမ်းသာနေလိမ့်မည်ဟု သူမတို့ မထင်ထားခဲ့ချေ။ မိန်ကလေးနှစ်ယောက်စလုံး ရန်ကိုင်ကို အတော်လေး အထင်ကြီးမိသွားလေသည်။

“ရှစ်သိန်း” ချင်းတုန်က ဈေးခေါ်လိုက်သည်။ သူ့လေသံအရ သူတော်စင်သလင်းကျောက် ရှစ်သိန်းသည် သူ့အတွက် ဘာမှ အရေးမပါသည့်ပုံပင်။

ကိုးသိန်း” ချင်းတုန်နှင့် ယှဉ်လေလံဆွဲနေသော လူလည်း ချင်းတုန်မှ ဈေးတောက်လျှောက် မြှင့်နေသဖြင့် အတော်လေး တင်းနေလေပြီ။ အံကြိတ်၍ ခက်ထန်သော လေသံဖြင့် ကိုးသိန်းဟု အော်ဟစ်ဈေးပေးလိုက်ပြီးနောက် ချင်းတုန်အား ဒေါသတကြီး လှမ်းအော်ပြောလေသည် “ချင်းတုန်ခွေးအိုကြီး။ မင်းစိန်ခေါ်တယ်ဆို ငါကလည်း တိမ်ပေါ်လိုက်ဖို့ အဆင်သင့်ပွဲကွ။ သူတော်စင် သလင်းကျောက် သိန်းဂဏန်းလောက်ကို ငါတို့ ပင်လယ်ကျောင်းတော်က လုံးဝမမှုတာ”

“ဟားဟားဟား” ချင်းတုန်က အော်ရယ်လိုက်ပြီး “ကျန်းဟွိုက်အန်း၊ မင်းဘာပြောချင်နေတာလဲ။ ရတနာစံအိမ် လေလံပွဲကို မင်းတစ်ခါမှ မတက်ဖူးဘူးလား။ ဘယ်ရတနာပဲဖြစ်ဖြစ် ဈေးအများဆုံး ပေးနိုင်တဲ့လူက အနိုင်ပဲလေ။ ဒါလေးကိုတောင် မင်းမသိဘူးလား။ ငါက ဒီတန်ခိုးရှင်အခြေတည် ဆေးလုံးကို ကြိုက်လို့ ငါ့ဘာသာ လေလံဝင်ဆွဲတာလေ။ မင်းမပြိုင်နိုင်ရင် နောက်ဆုတ် နေလိုက်ပေါ့။ ပြီးတော့ ခုဏတုန်းက ငါသူတော်စင် သလင်းကျောက် သန်းနဲ့ချီ ရထားတယ်လေ။ ဒါပေမယ့် အဲ့ဒါတွေကို ဘယ်လိုသုံးမရလဲ မသိဘူး ဖြစ်နေတာ။ ငါလိုချင်တဲ့ ပစ္စည်းကိုတောင် မဝယ်နိုင်ရင် အဲ့ဒါတွေက ဘာလုပ်ရတော့မှာလဲ။ ငါနဲ့အတူ မြှပ်ပစ်လိုက်ရမှာလား”

ထိုစကား ထွက်ပေါ်လာသည်နှင့် အထူးအခန်း များစွာထဲမှ အံကြိတ်၍၊ ဒေါသတကြီး ရေရွတ်သံတို့ ထွက်ပေါ်လာခဲ့လေသည်။ အထူးသဖြင့် ပင်လယ် ကျောင်းတောင်မှ ကျန်းဟွိုက်အန်းဆိုလျှင် ဒေါသ ထွက်လွန်းသဖြင့် သွေးအန်လုမတတ်ပင် ဖြစ်သွားရသည်။

ချင်းတုန် ကောက်ယူလာခဲ့သော သူတော်စင် သလင်းကျောက်များသည် အထူးအခန်းများအားလုံးနီးပါး ဆီမှ ဖြစ်လေသည်။ ထိုထဲတွင် ပင်လယ်ကျောင်းတော်လည်း ပါပေသည်။ အခြားသူများ၏ သူတော်စင်သလင်းကျောက် ကိုသုံး၍ ထိုလူလိုချင်နေသည့် ရတနာကို လုယူခြင်း ဖြစ်လေရာ အလုယူခံရသည် မည်မျှ အသည်းပေါက် လိုက်မည်နည်း။

All Chapters