အခန်း (၁၁၅၆-၁၁၆၀)
Vol. 47 Ch. 1156-1160
အပိုင်း(၁၁၅၆)
အထွဋ်အထိပ်သိုင်းဧကရာဇ်
ချင်းတုန်၏ အသုံးအဖြုန်း ကြီးမှုကြောင့် အကုန်လုံး အံ့အားသင့်နေကြသော်လည်း မနာလိုလည်း ဖြစ်မိနေကြ၏။ ငွေအများကြီး စုဆောင်းနိုင်မည့် ထိုကဲ့သို့သော အခွင့်အရေးသည် ချင်းတုန်၏ လက်ထဲသို့ ဘာကြောင့် ကျရောက်သွားခဲ့ရသနည်း။ ရတနာစံအိမ်သည် လေလံပွဲကို နှစ်နှစ်၊ သုံးနှစ်တစ်ခါ မြို့အမျိုးမျိုးတွင် ကျင်းပကြသည်။ သို့သော် ထိုကဲ့သို့သော အခွင့်အရေးကို ငွေရပေါက်တစ်ခုအဖြစ် ပြောင်းပစ်ရန်အတွက် ဥာဏ်နီဥာဏ်နက်များရန် လိုသလို ဥာဏ်ပြေးဖို့လည်း လိုပေသည်။
ကျန်းဟွိုက်အန်းဘက်မှ မည်သူကမှ ထောက်ခံ၍ ဝင်မပြောကြ။ ချင်းတုန် ပြောသွားသည်မှာလည်း အမှန်ပင် ဖြစ်လေသည်။ လေလံပွဲတစ်ခုတွင် ဈေးအများဆုံး ပေးနိုင်သူသာ အနိုင်ရပေမည်။ ထို့အပြင် အရိပ်လခန်းမနှင့် ပင်လယ်ကျောင်းတော်ကြား မကျေနပ်ချက်များ ရှိသည်ကို သူတို့ သိထားသည်။ ထို့ကြောင့် ချင်းတုန်သည် ကျန်းဟွိုက်အန်းအား ပေါ်ပေါ်ထင်ထင် ပစ်မှတ်ထားခြင်း ဖြစ်သည်။ ထိုနှစ်ယောက်၏ အရှုပ်အယှတ်ထဲ မည်သူမှ ဝင်မပါချင်ကြ။
“လတ်စသတ်တော့ အဲ့လိုကိုး” ဝူရီက ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည်။
“နင်ဘာသိသွားတာလဲ” ရန်ကိုင်က ဝူရီကို လှမ်းမေးလိုက်သည်။
“ကျန်းဟွိုက်အန်း ဘာလို့ အဲ့တန်ခိုးရှင်အခြေတည် ဆေးလုံးကို ဝယ်ချင်နေမှန်း ငါသိတယ်” ဝူရီက ပြုံး၍ “သူက ပင်လယ်ကျောင်းတော်ရဲ့ ကျောင်းသခင် သုံးယောက်ထဲက တစ်ယောက်ပဲ။ ဒါပေမယ့် သူ့အချစ်ဆုံးသာ ကျန်းရှီရန်က သာမန် အရည်အချင်းနဲ့ပဲ မွေးလာတာတဲ့။ သူ့အကူအညီကောင်းလို့သာ သူ့သား သူတော်စင်တတိယအဆင့်ကို ရောက်လာခဲ့တာ။ အဲ့လို ရောက်လာဖို့တောင် ကုန်ကျခဲ့တာ မနည်းဘူး။ ဒါပေမယ့် သူတော်စင်တတိယအဆင့်က သူ့သားရဲ့ အကန့်အသတ် ဖြစ်နေပြီ။ ဆက်မတက်နိုင်တော့ဘူး။ တန်ခိုးရှင်အခြေတည် ဆေးလုံးသာ မရှိဘူးဆိုရင် သူ့သာ ဘယ်တော့မှ တန်ခိုးရှင်အဆင့်ကို ချိုးဖျက်နိုင်တော့မှာ မဟုတ်ဘူး။ ကျန်းဟွိုက်အန်း တန်ခိုးရှင်အခြေတည် ဆေးလုံး လိုက်ဝယ်သေးပါတယ်။ မအောင်မြင်ခဲ့ဘူးလေ။ အဲ့တော့ ဆေးလုံးကို ဖော်စပ်မယ်ဆိုရင် ဆေးအမယ်တွေ စုဆောင်း၊ ပြီးတော့ ဆေးပညာရှင်တစ်ယောက်ကို အကူအညီ တောင်းပြီး ဖော်စပ်ခိုင်းတာပဲ။ ဒါပေမယ့်လည်း မအောင်မြင်ပြန်ဘူး”
“ဒါကြောင့် ဒီတန်ခိုးရှင်အခြေတည် ဆေးလုံးကို ဝယ်ဖို့ သူအသည်းအသန် ကြိုးစားနေတာလဲ” ရန်ကိုင်၏ မျက်ဝန်း အစုံ တောက်ပသွားသည်။ ချင်းတုန် ဘာကြောင့် ဈေးကို တစ်ဟုန်ထိုး မြှင့်တင်နေလဲ ဆိုသည်ကို နောက်ဆုံးတွင် သူနားလည်သွားခဲ့လေပြီ။ ကျန်းဟွိုက်အန်းသည် ထိုဆေးလုံးကို မရရအောင် ဝယ်မည်မှန်း သိထားသဖြင့် ချင်းတုန်သည် ဈေးကို မြှင့်ချင်တိုင်း မြှင့်နေခြင်း ဖြစ်ပေသည်။
“ဟုတ်လောက်တယ်”
“ဒါပေမယ့် အကုန်လုံးမှာ အကန့်အသတ်ဆိုတာ ရှိတယ်။ ဒီကျန်းဟွိုက်အန်းက သွေးဆူလွယ်ပေမယ့် အရူးတစ်ယောက်တော့ မဟုတ်ဘူး။ အကြီးအကဲချင်းသာ ဈေးထပ်တင်မယ်ဆိုရင် ဆေးလုံးက သူ့အပိုင်ဖြစ်တော့မှာ” ရန်ကိုင်လည်း အနည်းငယ် စိုးရိမ်နေပေသည်။ ချင်းတုန်သည် သူ့အပေါ် ကောင်းသည့်အတွက်ကြောင့် ချင်းတုန် ကိုယ့်ရှူးကိုယ်ပတ်မည့် အဖြစ်သား သူ မမြင်ချင်ပါချေ။
သို့သော်လည်း ဝူရီက ပြုံးလိုက်ပြီး “ဘာတွေ စိုးရိမ်နေတာပဲ။ အခုပဲ အကြီးအချင်း ပြောသွားတယ်လေ။ သူတော်စင်သလင်းကျောက်တွေ သန်းနဲ့ချီ သူကောက်ရထားတယ်တဲ့။ ချဲ့ကားပြောနေတာ ဆိုပေမယ့် အကြီးအကဲချင်းက တကယ် ချမ်းသာတဲ့လူ။ အင်း၊ ဟုတ်သားပဲ။ သူခုဏတုန်းက နင့်ကို သူတော်စင် သလင်းကျောက် ဘယ်လောက် ပေးသွားတာလဲ”
“မသိဘူး” ယခုမှပဲ ရန်ကိုင်လည်း ထိုအကြောင်းကို ပြန်သတိရလိုက်သည်။ ချင်းတုန်သည် သူ့အား ထိုလက်စွပ်ကို ပေးပြီး အလျင်စလို ထွက်သွားခဲ့သည်။ တန်ခိုးရှင်အခြေတည်ဆေးလုံး လေလံပွဲကလည်း ချက်ချင်း စလာသဖြင့် ရန်ကိုင်လည်း သူယူလာသည့် ဆေးလုံး မည်သည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်လိမ့်မလဲ ဆိုသည်ကို စိတ်ဝင်စားနေသဖြင့် အကြီးအကဲချင်း ပေးသွားသည့် သိုလှောင်လက်စွပ်ကို မေ့လျော့နေခဲ့သည်။
သိုလှောင်လက်စွပ်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့ရလေသည်။
“ဘယ်လောက်လဲ” ရန်ကိုင်၏ အမူအရာ ပြောင်းလဲ သွားသည်ကိုမြင်သော် ဝူရီနှင့် ယန်ယန်တို့ ရင်တမမ၊ ဖင်တကြွကြွ ဖြစ်သွားကြသည်။ ယန်ယန်သည် သူမ၏ လက်ကလေးကို တင်းတင်းဆုပ်၍ ရန်ကိုင်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။
ရန်ကိုင်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သိုလှောင်လက်စွပ်ကို ထိုနှစ်ယောက်ဆီ ပေးလိုက်ကာ “နင်တို့ဘာသာ ကြည့်ကြည့်ပေတော့”
ဝူရီလည်း သိုလှောင်လက်စွပ်ကို ယူလိုက်သည်။ သို့သော်လည်း အထဲသို့ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် သူမပါးစပ်လေးကို အလန့်တကြား ပိတ်မိလိုက်သည်။ သူမလုံးဝကို ထိတ်လန့်သွားခဲ့ရလေပြီ။
ထိုအခြင်းအရာကိုမြင်သော် ယန်ယန်သည် ဝူရီ လက်ထဲမှ သိုလှောင်လက်စွပ်ကို လှမ်းယူလိုက်ပြီး သူမ ကိုယ်တိုင် စစ်ဆေးကြည့်လိုက်သည်။ သို့သော် အထဲရှိ ငွေပမာဏကို မြင်ပြီးနောက် ယန်ယန်လည်း ဝူရီ ကဲ့သို့ပင် ဖြစ်သွားလေသည်။
ချင်းတုန်ပေးသော သိုလှောင်လက်စွပ်ထဲတွင် သူတော်စင်သလင်းကျောက် သုံးသန်းရှိနေခဲ့သည်။ ထိုပမာဏကြောင့် ဝူရီနှင့် ယန်ယန်သာမဟုတ်၊ ရန်ကိုင် ပင်လျှင် မှင်သက်နေရလေသည်။
ချင်းတုန်ပြောသွားသော လက်ဆောင်လေး ဆိုသည်မှာ သူတော်စင်သလင်းကျောက် နှစ်သောင်း၊သုံးသောင်းကို ပြောနေခြင်းဟုသာ ထင်ခဲ့သည်။ သုံးသန် ဖြစ်လိမ့်မည်ဟု မည်သူ ထင်မည်နည်း။ သူသာ အရမ်းကြီး ဈေးကြီးသည့် အရာကိုမဝယ်သရွေ့ ထိုသူတော်စင်သလင်းကျောက်မှာ သူဖြုန်းရန်အတွက် လုံးလောက်သည် ချင်းတုန် ပြောသွား ခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပါချေ။
သူတော်စင်သလင်းကျောက် သုံးသန်း ရှိနေပြီဖြစ်ရာ သူဝယ်ချင်သည့် ပစ္စည်းတော်တော်များများကို ဝယ်နိုင်လေပြီ။
“အကြီးအကဲချင်းက ချဲ့ကား ပြောနေတာ မဟုတ်ဘူးနဲ့ တူတယ်။ သူတကယ် သူတော်စင်သလင်းကျောက် သန်းနဲ့ချီရထားလောက်တယ်” ရန်ကိုင်၏ အမူအရာ ထူးဆန်းနေခဲ့သည်။ ထိုသူတော်စင်သလင်းကျောက် အားလုံးသည် အစီအရင်အသုံးပြုခအဖြစ် ကောက်ခံရာမှ ရထားသော သလင်းကျောက်များ ဖြစ်ကြသည်။ သို့သော် မည်မျှအထိတောင် ဈေးတိုး၍ ကောက်ခံသဖြင့် ဤမျှ များပြားသော သူတော်စင်သလင်းကျောက်များကို ရခဲ့သနည်း။ ရန်ကိုင်ကိုပင် လက်ဆောင်လေးအဖြစ် သုံးသန်း ပေးသွားရာ သူ့ကိုယ်တိုင်တွင် မည်မျှအထိပင် ရှိနေလိမ့်မည်နည်း။
ဝူရီသည် အနောက်ဘက်ရှိ လအရိပ်ခန်းမ မိန်းကလေး တပည့်နှစ်ယောက်အား သတိတိကြည်ကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်ပြီး ရန်ကိုင်အား တိုးတိုးလေး ပြောလိုက်၏ “ငါတို့ ဒီမှာ သတိထားဖို့ လိုတယ်နော်...”
သို့သော်လည်း ရန်ကိုင်က နှာခေါင်းသာရှုံ့လိုက်ပြီး “ဘာလို့ သတိထားနေရမှာလဲ။ ဒီသလင်းကျောက်တွေကို ငါ့ကြောင့်ရလာတာလေ။ ငါ့ကြောင့်သာ မဟုတ်ရင် အကြီးအကဲချင်း အဲ့လိုမျိုး လုပ်နိုင်မှာ မဟုတ်ဘူး။ ဒီပစ္စည်းကို ရဲရဲတင်းတင်း လက်ခံထားလို့ရတယ်”
“အဲ့ဒါဆိုလည်းပြီးရော...” ဝူရီ ခေါင်းညိတ်လိုက်၏။ သို့သော် စိတ်ထဲ အနည်းငယ် ပူပန်နေမိသည်။
ရန်ကိုင်တို့သုံးယောက် စကားပြောနေကောင်းနေစဉ် ချင်းတုန်နှင့် ကျန်းဟွိုက်အန်းကြားမှ စကားအချေအတင် ပြောပွဲမှာလည်း အတော်လေး ဇာတ်ရှိန်တက်နေခဲ့သည်။ သူတို့နှစ်ယောက် ငြင်းခုံနေကြသည်ကို ကြည့်ရမတော့သည့် အဆုံး အပိုင်း(က) အထူးခန်းထဲတွင် ထိုင်နေသော ယန်ဖေးက ထပြောတော့လေသည် “မင်းတို့နှစ်ကောင် ကိုက်နေတာ ရပ်ကြတော့ကွာ။ သူများတွေ လေလံဆွဲဖို့ စောင်နေတယ် ဆိုတာလည်း သတိရကြဦး။ တစ်ယောက်နဲ့ တစ်ယောက် ကြည့်မရဘူးဆိုရင် အပြင်မှာ သွားတိုက်ကြ။ ဒီမှာလာစကားများမနေနဲ့”
ရတနာစံအိမ်မှ ယန်ဖေးက ပြောလာသည့်အခါမှပဲ ချင်းတုန်နှင့် ကျန်းဟွိုက်အန်းတို့၏ ရန်စကားပွဲ တိတ်သွားခဲ့သည်။ အချင်းချင်း ကြည့်မရလျှင်ပင် ရတနာစံအိမ်ကို မျက်နှာသာပေးသင့်သည်။ မဟုတ်လျှင် နောက်ပိုင်းကျ ကျင်းပသည့် လေလံပွဲများတွင် ပါဝင်ခွင့် ရတော့လိမ့်မည် မဟုတ်ချေ။ ထိုအခါကျ ဆုံးရှုံးရမည့် လူသည် သူတို့သာ ဖြစ်ပေလိမ့်မည်။ အရိပ်ကြယ်ပေါ်ရှိ အဖိုးတန်ပစ္စည်း အများစုကို ရတနာစံအိမ်မှတစ်ဆင့် လေလံတင်ကြခြင်း ဖြစ်သည်။
ချင်းတုန်က အဓိပ္ပါယ်ပါပါ ပြုံးလျက် “အချို့လူတွေ ကပ်စေးနှဲတာကို ငါကတယ် ကြည့်မရလို့ကွ။ ကဲပါကွာ၊ ဘာမဟုတ်တာလေးကို ငြင်းနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး။ ဘယ်သူနိုင်နိုင်၊ အနိုင်ပဲပေါ့။ ကောင်မလေး၊ တန်ခိုးရှင်အခြေတည်ဆေးလုံးအတွက် နောက်ဆုံးဈေးက ဘယ်လောက်လဲ”
စင်ပေါ်ရှိအမျိုးသမီးက ပြုံး၍ “ကျောင်းသခင်ကျန်းက ကိုးသိန်းပေးထားပါတယ် အကြီးအကဲချင်း”
“ကိုးသိန်းလား။ မြင့်လိုက်တာ။ ဟဲဟဲ။ အဲ့ဒါနဲ့ဆို တန်ခိုးရှင်အခြေတည်ဆေးလုံး သုံးလုံးတောင် ဝယ်လို့ ရနေပြီ”
ချင်းတုန် ပါးစပ်မှ ထိုစကား ထွက်သွားသည်နှင့် ကျန်းဟွိုက်အန်း ရှိနေသည့် အခန်းထဲမှ ခုံကျိုးသံ ထွက်ပေါ်လာခဲ့လေသည်။ ကျောင်းသခင်ကျန်း ချင်းတုန်ကို အရေခွံစုတ်ပစ်ချင်နေလေပြီ။ ဆေးလုံးကို ထိုမျှ ဈေးမြင့်အောင် သူကိုယ်တိုင် လုပ်ခဲ့ပြီးမှ သူများကို လာအပြစ်တင်၊ လှောင်ပြောင်နေသေးသည်။ ကျန်းဟွိုက်အန်း ဒေါသထွက်ပြီး မသေသေအောင် ရန်စချင်နေသည့်ပုံပင်။
ချင်းတုန်က ထပ်မံ၍ အော်ဟစ်လိုက်သည် “တစ်သန်း”
ချင်းတုန် ခေါ်လိုက်သည် ဈေးကြောင့် အကုန်လုံး သက်ပြင်းရှိုက်လိုက်မိကြသည်။ လေလံပွဲစသည်မှာ သုံးနာရီလောက်သာ ရှိသေးသော်လည်း သူတော်စင် သလင်းကျောက် တစ်သန်းတန်ဖိုးရှိသည့် ပစ္စည်းတစ်ခု စတင် ထွက်ပေါ်လာခဲ့လေပြီ။ ထိုဈေးနှုန်းသည် သာမန် ဈေးထက် အဆပေါင်းများစွာ ပိုမြင့်မှန်း အကုန်လုံး သိကြသော်လည်း ဤနေရာသည် လေလံပွဲဖြစ်သည်။ လေလံပွဲတွင်ရောင်းသည့် ပစ္စည်းများ၏ တန်ဖိုးသည် သာမန်ဈေးနှုန်းထက် ပိုမြင့်လေ့ရှိသည်မှာ သဘာဝသာ ဖြစ်သည်။
ပင်လယ်ကျောင်းတော်၏ အထူးခန်းထဲမှ တစ်ခုခု ကျိုးကြေသွားသည့်အသံ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။
သို့သော်လည်း ချင်းတုန်က ရယ်မော၍ဿာ “ကျန်းဟွိုက်အန်း၊ ငါမင်းကို မျက်နှာသာမပေးဘူးလို့ မပြောနဲ့ကွာ။ မင်းနဲ့သိလာတာ နှစ်နဲ့ချီနေပြီဆိုတော့ တစ်ယောက်ကို တစ်ယောက် ခက်ခဲအောင် လုပ်ရတာ မကောင်းလှဘူး။ အခြားသူမြင်ရင် ရယ်ကုန်လိမ့်မည်။ မင်းသာ ဒီတစ်ကြိမ် ငါ့ထက် ပိုပေးနိုင်မယ်ဆိုရင် ဒီတန်ခိုးရှင်အခြေတည်ဆေးလုံးကို ငါမယူတော့ဘူး။ ဘယ်လိုထင်လဲ”
“တစ်သန်းတစ်သောင်း” ချင်းတုန်မှ သူ့အား လှောင်ပြောင်ပြောဆိုနေခြင်း ဖြစ်မှန်းကို သိနေသည့်တိုင် ကျန်းဟွိုက်အန်းသည် ဈေးကို ထပ်မြှင့်လိုက်သေးသည်။
ဤအထိ ရောက်လာပြီးမှဖြင့် သူတို့ကြားမှ ပြိုင်ပွဲသည် ဆေးလုံး သက်သက်သာ မဟုတ်တော့ဘဲ ဂုဏ်သိက္ခာနှင့်ပါ သက်ဆိုင်လာခဲ့လေပြီ။ ထို့အပြင် ကျန်းဟွိုက်အန်း အနေဖြင့် ယခင်နှစ်များတွင် တန်ခိုးရှင်အခြေတည် ဆေးလုံးကို လိုက်ရှာခဲ့သော်လည်း ရလဒ်မထွက်ခဲ့ချေ။ သူစုဆောင်းခဲ့သည့် ဆေးပင်တန်ဖိုး သက်သက်နှင့်ပင် သူတော်စင်သလင်းကျောက် တစ်သန်းကျော် တန်ကြေး ရှိသည်။ သို့သော်လည်း ဆေးပညာရှင်ရှာပြီး ဆေးဖော်စပ်ခိုင်းလိုက်တိုင်း ထိုဆေးပင်အားလုံး အမှိုက် ဖြစ်သွားကြရသည်။ ယခု သူ့ရှေ့တွင် အဆင့်သင့် လုပ်ပြီးသား တန်ခိုးရှင်အခြေတည်ဆေးလုံး ရှိနေပြီ ဖြစ်လေရာ ဘာကြောင့် လက်လွှတ်ခံလိုက်ရမည်နည်း။
ကျန်းဟွိုက်အန်းအား သွေးအန်လုမတတ် ဖြစ်သွားစေကား တန်ခိုးရှင်အခြေတည်ဆေးလုံးကို ဝယ်လိုက်သည့်လူမှာ သူဖြစ်သည်။ သို့သော် မသိသူ အမြင်တွင် ချင်းတုန်သည် သူ့အား သနားသဖြင့် ဆေးလုံးကိုလေလံဆက်မဆွဲဘဲ သူ့ဆီ ပေးလိုက်ခြင်း ဖြစ်နေသည်။ ကောင်းကင်ကံကြမ္မာမြို့တော်ထဲတွင် ရှိနေသော ရတနာစံအိမ် လေလံပွဲ၌ ဖြစ်သည့် အတွက် ကြောင့်သာ မဟုတ်လျှင် ချင်းတုန်ကို ချက်ချင်း ပြေးတိုက်ခိုက်ပြီးလောက်ပေပြီ။
ချင်းတုန် တကယ် လွန်သွားလေပြီ။
လေလံကြေး တစ်သန်းတစ်သောင်းသို့ ရောက်သွားသည့် အခိုက် မည်သူမှ လေလံဝင်ဆွဲခြင်းမျိုး မလုပ်ခဲ့။ ချင်းတုန်ပင်လျှင် ငြိမ်နေခဲ့သည်။ ဤသို့ဖြင့် နောက်ဆုံးတွင် တန်ခိုးရှင်အခြေတည် ဆေးလုံးသည် ကျန်းဟွိုက်အန်း လက်ထဲသို့ ရောက်သွားခဲ့လေသည်။
ချင်းတုန်ဆီမှ သူတော်စင်သလင်းကျောက် သုံးသန်းကို လက်ခံရရှိခဲ့သည့်အပြင် ဆေးလုံးရောင်းကြေးမှ သူတော်စင် သလင်းကျောက် တစ်သန်းကိုပါ ထပ်ရရှိခဲ့သဖြင့် ရန်ကိုင် အလွန် ပျော်နေခဲ့လေပြီ။ သို့သော်လည်း သူတော်စင် သလင်းကျောက် သုံးသန်းရထာပြီး ဖြစ်သဖြင့် နောက်ထပ် တစ်သန်းလောက် ထပ်ရလိုက်သည့်ကိစ္စအတွက် အရမ်းကြီး ပျော်နေခြင်းမျိုးတော့ မရှိကြ။ ငွေအတိုင်းအတာ ပမာဏ တစ်ခုကို ပိုင်ဆိုင်ပြီးသွားလျှင် အားလုံးသည် အရေအတွက် သက်သက်သာ ဖြစ်တော့လေသည်။
သို့သော်လည်း အခြားလေလ့တင်သည့် ပစ္စည်းများကို သုံးယောက်စလုံး စိတ်ဝင်တစား လိုက်ကြည့်ကြသေးသည်။ ရန်ကိုင်သည် သူယူလာသည့်ဆေးလုံး မည်သည့်ဈေးဖြင့် ရောင်းချနိုင်မလဲ ဆိုသည်ကို သိချင်နေသလို ယန်ယန် သည်လည်း သူမလုပ်ထားသည့် တန်ခိုးရှင်အလယ်အလတ် အဆင့် မှော်ရတနာ မည်သည့်ဈေးဖြင့် ရောင်းချနိုင်မလဲ ဆိုသည်ကို သိချင်နေမိကြသည်။
လေလံပွဲသည် ဒုတိယအပိုင်းသို့ ရောက်လာလေပြီ။
တန်ခိုးရှင်အခြေတည်ဆေးလုံး ထွက်ပေါ်လာပြီးသည့် နောက်ပိုင်း ဆက်ထွက်လာသော ပစ္စည်းများသည် အဆင့် တစ်ခုသို့ ရောက်သွားခဲ့သည်။ အရည်အသွေးပိုင်းတွင် ဖြစ်စေ၊ ရှားပါးမှုပိုင်းတွင်ဖြစ်စေ ဒုတိယပိုင်းရှိ လေလံတင် ပစ္ဏည်းများသည် ပထမတစ်ပိုင်းထက် ပိုမြင့်ကြသည်။ ထို့ကြောင့် ဈေးနှုန်းများသည်လည်း ပိုမြင့်ကြပေသည်။
ထိုအချိန်သို့ ရောက်လာသည့်အခါ လေလံပွဲတွင် ဝင်ပြိုင်သည့်လူများသည် အထူးခန်းထဲတွင် ရှိနေသော လူများသက်သက် ဖြစ်လာကြသည်။ အဓိကအလွှာတွင် ရှိနေသော လူများမှာမူ ထိုင်ကြည့်နေရုံသာ ရှိတော့သည်။
ဒုတိယပိုင်းတွင် ပေါ်လာသည့် ပစ္စည်းတိုင်းကို သူတော်စင်သလင်းကျောက် နှစ်သိန်းအောက်မလျော့သော ဈေးဖြင့် ရောင်းချနိုင်ခဲ့ကြသည်။ အချို့ပစ္စည်းများ ဆိုလျှင် သူတော်စင်သလင်းကျောက် တစ်သန်းဆိုသော ပမာဏကိုပင် ကျော်လွန်သွားခဲ့ပေသည်။ ထို့အချက်ကြောင့် အရိပ်ကြယ်ပေါ်တွင် သူဌေး၊ သူကြွယ်များ မရှားကြောင်းကို ရန်ကိုင် နားလည်သွားခဲ့ရသည်။ ရတနာစံအိမ်၏ လေလံပွဲသည် ချမ်းသာကြွယ်ဝသူများ စုဝေးသည့် နေရာ ဖြစ်ပေသည်။
သူတော်စင်သလင်းကျောက် သုံးသန်း လက်ထဲတွင် ရှိနေသလို တစ်သန်းကိုလည်း မကြာခင် ရပေလိမ့်မည်။ ထို့ကြောင့် ဝူရီနှင့် ယန်ယ်တို့ လေလံပွဲတွင် ပါချင်လာသည်။ ယန်ယန်သည် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် တစ်ယောက် ဖြစ်သည့်အတွက် မည်သည့် မှော်ရတနာကိုမှ လေလံဝင်မဆွဲခဲ့။ ထို့ကြောင့် ဆေးလုံးကို လေလံဆွဲမည် အပြု ရန်ကိုင်က သူတို့အား တားလိုက်သည်။
ရန်ကိုင်ကိုယ်တိုင်သည် ဆေးပညာရှင် ဖြစ်နေလေရာ ဘာကြောင့် ဆေးလုံးများကို လေလံဆွဲနေရဦးမည်နည်း။
နောက်ဆုံးတွင် ယန်ယန်သည် အစီအရင် ခင်းကျင်းရန် နှင့် ပန်းပဲထုလုပ်ရန်အတွက် ရှားပါးပစ္စည်းအချို့ကို ဝယ်လူခဲ့လေသည်။
ဖရဲသီးတစ်လုံးစာ အရွယ်အစားရှိသော ကြယ်သတ္တု အပိုင်းအစတ်စခုအတွက် သူတော်စင်သလင်းကျောက် နှစ်သောင်း၊ အဆင့်မြင့် မိုးပြာသစ်သားအပိုင်းအစ ဆယ်ခုအတွက် သူတော်စင်သလင်းကျောက် (၃၇၀၀၀)၊ အချို့သော အဆင့်ကိုး မွန်းစတားသားရဲ အစိတ်အပိုင်း အချိုနှင့် အမြူတေအတွက် သူတော်စင်သလင်းကျောက် တစ်သန်းနီးပါး အသုံးပြုခဲ့သည်။ သူတို့လက်ထဲရှိ သူတော်စင်သလင်းကျောက် သုံးသန်းသည် အလျင်အမြန် လျော့ကျလာခဲ့ရလေသည်။
ရန်ကိုင်ကမူ တစ်ခါမှ လေလံဝင်မဆွဲ့ချေ။
ထူးဆန်း၍ ဘာမှးမသိသော လက်ဆေးဇလုံး အရွယ်အစားလောက်သာ ရှိသည့် ကျောက်တုံးတစ်တုံးကို မြင်လိုက်သည့်အခါမှသာ လေလံဝင်ဆွဲခဲ့သည်။ ထိုကျောက်တုံးသည် မည်သို့သော ကျောက်တုံး ဖြစ်သလဲ ဆိုသည်ကို ရတနာစံအိမ်မှ ပညာရှင်များပင်လျှင် မဆုံးဖြတ်နိုင်ခဲ့ချေ။
ခန်းမထဲတွင် ရှိနေသော ပညာရှင်များသည် ထိုကျောက်တုံးကို သူတို့၏ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်သည်။ သို့သော် ဘာမှ ရှာမတွေ့ခဲ့။ ထို့ကြောင့် ထိုကျောက်တုံးကို ရန်ကိုင်မှ စဦးဈေး တစ်သိန်းငါးထောင်ဖြင့် ဝယ်ယူသွားနိုင်ခဲ့သည်။
အကြောင်းမှာ ထိုကျောက်တုံးသည် မည်သို့သော ကျောက်တုံး ဖြစ်သည်ကို မသိသည်ကတစ်ကြောင်း၊ ရတနာစံအိမ်က ပန်းပဲပညာရှင်များပင်လျှင် ထိုကျောက်တုံး ကို အရည်မဖျော်နိုင်သည်က တစ်ကြောင်းတို့ကြောင့် ကျောက်တုံးဈေးသည် နိမ့်ကျမှုမရှိခြင်း ဖြစ်သည်။
အပိုင်း(၁၁၅၇)
အထွဋ်အထိပ်သိုင်းဧကရာဇ်
အခြားသူများသည် ထိုဘာမှန်းမသိသော ကျောက်တုံး တစ်တုံးအတွက် ပိုက်ဆံအများကြီး သုံးလိုက်သော ရန်ကိုင်ကို ပိုက်ဆံဖြုန်းသူဟု ထင်နေပေလိမ့်မည်။ သို့သော် ဝူရီနှင့်ယန်ယန်တို့ နှစ်ယောက်စလုံး ရန်ကိုင်သည် ထိုကဲ့သို့ လူစားမျိုးမဟုတ်မှန်း သိထားကြသည်။ ရန်ကိုင်တွင့် ထိုကျောက်တုံးကို လေလံဆွဲရသည့် အကြောင်းအရင်း ရှိပေသည်။ ထိုကျောက်တုံးကို မြင်လိုက်စဉ်က ရန်ကိုင် အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့သည်။
မကြာမီ ရတနာစံအိမ်မှ အမျိုးသမီးတစ်ယောက် ကျောက်တုံးကို လာပို့သည်။ ရန်ကိုင်လည်း တန်ကြေးကို ပေးချေလိုက်ပြီးနောက် ကျောက်တုံးကိုကိုင်ကာ ဟိုကြည့် ဒီကြည့် လုပ်နေလိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။
ယန်ယန်က ရန်ကိုင်နားသို့ ကပ်သွားပြီး တိုးတိုးလေး မေးလိုက်သည် “အဲ့ဒါဘာလဲနင်သိလား”
“မသိဘူး” ရန်ကိုင်က ခေါင်းခါလိုက်သည်။
“မသိရင် ဘာလို့ ဝယ်လိုက်တာလဲ” ယန်ယန် ဆွံ့အနေခဲ့လေပြီ။
“ငါ့အတွက် အသုံးဝင်မယ်ထင်လို့ ဝယ်လိုက်တာ” ရန်ကိုင်က အသေမချာ ပြန်ပြောလိုက်သည်။ သူ့အတွက် အသုံးမဝင်ဘူးသာဆိုလျှင် ဘာကြောင့် သူတော်စင် သလင်းကျောက် တစ်သိန်းငါးထောင်ကို သုံး၍ ဝယ်ခဲ့မည်နည်း။ သူတော်စင်သလင်းကျောက် တစ်သိန်း ငါးထောင်သည် သူ့လက်ရှိ ပိုင်ဆိုင်မှုနှင့်စာလျှင် မပြောပလောက်သော်လည်း ထိုငွေပမာဏသည် သူအလွယ်တကူ ဖြုန်းမပစ်နိုင်သည့် ငွေပမာဏ ဖြစ်နေသေးသည်။
“နင့်အတွက် အသုံးဝင်တာလား” ယန်ယန် မျက်မှောင် ကြုတ်သွားပြီး ရန်ကိုင် နားနားကပ်ကာ တိုးတိုးလေး မေးလိုက်သည် “နင့်မှာ ရှေးဟောင်းအင်းဆက်ကောင်တွေ ရှိလို့လား”
“ရှေးဟောင်းအင်းဆက်တွေလား” ရန်ကိုင်သည် ယန်ယန်အား မျက်မှောင်ကြုတ်လျက် ပြန်ကြည့်လိုက်၍ မေးလိုက်သည် “ဒီကျောက်တုံးကို ဘာအတွက် အသုံးပြုရလဲ နင်သိလို့လား”
ယန်ယန် ခေါင်းညိတ်လိုက်သည်။
ယခုတစ်ကြိမ်တွင်မူ ရန်ကိုင် အံ့ဩရမည့်အလှည့်ပင်။ ရတနာစံအိမ်မှ ပညာရှင်များသာမက လေလံပွဲတွင် ရှိနေသည့် လူအားလုံး မသိသော ထိုကျောက်တုံးကို အလွန်ကိုမှ ငယ်ရွယ်လှသော ယန်ယန်မှ သိနေခဲ့သည်။
ထို့အပြင် ယန်ယန်သည် တန်ခိုးရှင်အဆင့် ပန်းပဲ ပညာရှင်တစ်ယောက် ဖြစ်နေရုံမက အဆင့်မြင့် အစီအရင် ပညာရှင်တစ်ယောက်လည်း ဖြစ်နေသေးသည်။ တကယ်ကို ဆန်းကြယ်လှသည့် ယန်ယန်ပင်။
ယန်ယန်သာ သာမန်လူတစ်ယောက် မဖြစ်နိုင်ဘူးဟု ရန်ကိုင် အစောကြီးကတည်းက ခန့်မှန်းထားခဲ့ဖူးသည်။ သို့သော်လည်း သူ့ခန့်မှန်းချက် မမှားသည့်ပုံပင်။
“ဒါဘာကျောက်တုံးလဲ” ယန်ယန်က တိုးတိုးလေး ပြန်မေးလိုက်သည်။ ဝူရီလည်း သူတို့နားကပ်ပြီး လာနားထောင်သည်။
“အင်းဆက်ကျောက်တုံးပဲ” ယန်ယန်က ယုံကြည်ချက် အပြည့်ဖြင့် ပြန်ပြောလိုက်သည် “ဒီကျောက်တုံးက လူသားတွေအတွက် အသုံးမဝင်ဘူး။ ပန်းပဲပညာရှင်တွေ အတွက်လည်း အသုံးမဝင်ဘူး။ ရှေးဟောင်းအင်းဆက်တွေ အတွက်ပဲ အသုံးဝင်တယ်။ ရှေးဟောင်းအင်းဆက်တွေသာ ဒီပေါ်မှာ နေမယ်ဆိုရင် ပိုပြီး မြန်မြန် ကြီးထွားလာနိုင်တယ်၊ ဒါကြောင့် နင့်မှာ ရှေးဟောင်းအင်းဆက်တွေ ရှိလားလို့ ငါမေးလိုက်တာ”
ထိုအခါမှသာ သူ့အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော ခြောက်ရောင်ခြယ်ကျွန်းပေါ်၌ နေနေကြသည့် ဝိဥာဉ်ဝါးမျို အင်းဆက်များသည် ထိုကျောက်တုံး ပေါ်လာသည့်အချိန်၌ ဘာကြောင့် စိတ်လှုပ်ရှားလာကြသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့လေသည်။
ဝိဥာဉ်ဝါးမျိုအင်းဆက်များသည် ရှေးဟောင်းအင်းဆက်များ ဖြစ်ကြသည်။ ဝိဥာဉ်ဝါးမြို အင်းဆက်များကို ရန်ကိုင်မှ ထုန်းရွှမ်လောကကြီးတွင် ရခဲ့ခြင်းဖြစ်ပြီး ယခု ခြောက်ရောင်ခြယ်ကျွန်းပေါ်တွင် မွေးမြူထားလေသည်။
ဝိဥာဉ်ဝါးမြိုအင်းဆက်များကို စရခဲ့စဉ်က ထိုကောင်များသည် အရမ်းကြီး အားကောင်းခြင်း မရှိဘဲ သူတော်စင်အဆင့်အောက် ကျင့်ကြံသူများကိုသာ ဒုက္ခပေးနိုင်သည်။ သို့သော် မသေမျိုးအဆင့်အောက် ကျင့်ကြံသူတစ်ယောက်သာ သူတို့၏ အသိစိတ်ပင်လယ် ထဲသို့ ထိုကောင်များ၏ ကျူးကျော်ခြင်း ခံလိုက်ရမည် ဆိုပါက ချက်ချင်း သေသွားပေလိမ့်မည်။
အမျိုးမျိုးဆင့်ကဲ ပြောင်းလဲပြီး ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်းထဲတွင် နှစ်ပေါင်းများစွာကြာအောင် နေလာပြီးနောက် ရန်ကိုင်၏ ဝိဥာဉ်ဝါးမြို အင်းဆက် များသည် ယခင်ကထက် ပိုမို သန်မာလာခဲ့လေပြီ။ သို့တို့ သူတော်စင်အဆင့် ကျင့်ကြံသူများကိုသာ အန္တရာယ် ပေးနိုင်သေးသည်။ သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူ များသည် ထိုကောင်များကို အလွယ်တကူ ဖျက်စီး၊ သတ်ပစ်နိုင်သည်။ ရန်ကိုင် အားကောင်းလာသည် နှင့်အမျှ ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် တဖြည်းဖြည်း သူ့အတွက် အသုံးမဝင် ဖြစ်လာခဲ့ရလေသည်။
သို့သော်လည်း ရန်ကိုင်သည် ထိုကောင်များကို စွန့်မပစ်ခဲ့ဘဲ ခြောက်ရောင်ခြယ်ကျွန်းပေါ်တွင်သာ နေစေလျက် သူတို့တိုးတက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
ထိုအင်းဆက်ကြောင့်တုံးကြောင့်သာ မဟုတ်လျှင် ခြောက်ရောင်ခြယ်ကျွန်းပေါ်၌ ဝိဥာဉ်ဝါးမြိုအင်းဆက်များ ရှိနေသည် ဆိုသောအချက်ကို ရန်ကိုင် မေ့လျော့ကောင်း မေ့လျော့သွားလောက်ပေပြီ။
ဝိဥာဉ်ဝါးမြိုအင်းဆက်များ စိတ်လှုပ်ရှားသွားသည့် အတွက်ကြောင့် ရန်ကိုင်လည်း ထိုကျောက်တုံးကို ချက်ချင်း ဝယ်လိုက်ခြင်း ဖြစ်သည်။
ယန်ယန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရတနာ တစ်ခုကို သူဝယ်မိလိုက်ပြီမှန်း ရန်ကိုင် သိလိုက်၏။ ထိုသူတော်စင်သလင်းကျောက် တစ်သိန်းငါးထောင်သည် အချည်းနှီး ဖြစ်မသွားခဲ့ချေ။ ထိုအင်းဆက်ကျောက်တုံးသာ ဝိဥာဉ်ဝါးမြိုအင်းဆက်များကို သူတော်စင်ဘုရင်အဆင့်နှင့် တန်ခိုးရှင်အဆင့်များကို ထိခိုက်အောင် လုပ်နိုင်သည်အထိ တိုးတက်သွားစေနိုင်ပါက ရန်ကိုင်၏ ခွန်အားလည်း သိသိ သာသာကို တိုးတက်လာရပေလိမ့်မည်။
“နင့်မှာဘယ်လို ရှေးဟောင်းအင်းဆက်တွေ ရှိတာလဲ” ယန်ယန်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
“အိမ်ပြန်ရောက်မှ ပြောပြမယ်” ရန်ကိုင်က ပြုံးလိုက်၏။ ယန်ယန်သည် ရန်ကိုင်ကို ထူးထူးဆန်းဆန်း စိုက်ကြည့်နေလိုက်သည်။ သို့သော် ဘာမှတော့ ထပ်၍ မေးမနေခဲ့ချေ။
“ဟိုမှာလေလံတင်တဲ့ ဓါးမြောင်နှစ်ချောင်းကို ကြည့်လိုက်” ဝူရီက ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။ ထိုဓါးမြောင်နှစ်ချောင်းကို ယန်ယန်မှ လုပ်ထားသည်ဟု ထုတ်မပြောနိုင်လေရာ ထိုကဲ့သို့ ပုံစံဖြင့်သာ ပြောရတော့သည်။ သူတို့နောက်တွင် လအရိပ်ခန်းမမှ မိန်းကလေးတပည့်နှစ်ယောက် ရှိနေသည် မဟုတ်ပေလော။
ရန်ကိုင်နှင့် ယန်ယန်တို့ နှစ်ယောက်စလုံး လေလံစင်မြင့်ဆီသို့ လှမ်းကြည့်လိုက်သည် တန်ခိုးရှင် မှော်ရတနာများနှင့်အတူ သယ်ဆောင်လာသော ဓါးမြောင် နှစ်ချောင်းကို တွေ့လိုက်ရသည်။
ကောင်းမွန်ကျော့ရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် မိန်းကလေး ဆယ်နှစ်ယောက်သည် ကျောက်စိမ်းလင်ဗန်း ဆယ့်နှစ်ချပ်ကို ကိုင်ကာ စင်မြင့်ပေါ်သို့ လျှောက်လာနေခဲ့သည်။ ကျောက်စိမ်း လင်ဗန်း တစ်ချပ်ချင်းစီတိုင်းပေါ်တွင် တန်ခိုးရှင်အဆင့် မှော်ရတနတစ်ခုစီ အသီးသီး ရှိနေခဲ့သည်။
လေလံပစ်သူ အမျိုးသမီးက ပြုံး၍ စကားစလိုက်သည် “ဒီအပိုင်းမှာတော့ ဘာပစ္စည်းတွေကို လေလံတယ်မယ် ဆိုတာကို အားလုံးသိပြီး ဖြစ်လောက်မယ်လို့ ထင်ပါတယ်။ ဟုတ်ပါတယ်။ အခုတစ်ခါ လေလံတင်မယ့် ပစ္စည်းတွေက တန်ခိုးရှင်အဆင့် မှော်ရတနာ (၁၂)ခုပါပဲ။ မကြာခင်မှာပဲ အရိပ်ကြယ်ကြီးရဲ့ တားမြစ်နေရာ(၃)ခုထဲက တစ်ခုဖြစ်တဲ့ သဲမီးတောက်နယ်မြေကြီး ပွင့်တော့မှာကို ဒီနေရာမှာ ရှိနေတဲ့လူတွေ အကုန်လုံး သိပြီးလောက်ပါပြီ။ အဲ့ဒါက နှစ်ပေါင်းရာနဲ့ချီမှ တစ်ကြိမ် ကြုံနိုင်တဲ့ အခွင့်အရေးပါ။ အဲ့နယ်မြေထဲ ဝင်ဖို့ဆိုရင် အားကောင်းနေရုံတင် မဟုတ်ဘူး၊ အဆင့်မြင့် မှော်ရတနာတွေလည်း ရှိနေဖို့ လိုအပ်ပါတယ်။ ဒီတန်ခိုးရှင် မှော်ရတနာ (၁၂)ခုက လာမယ့် သဲမီးတောက်နယ်မြေအတွက် ကျွန်မတို့ ရတနာစံအိမ်က အထူးပြင်ဆင်ပေးထားတဲ့ ရတနာတွေပါ။
အရိပ်ကြယ်ပေါ်မှာ တန်ခိုးရှင်အဆင့် မှော်ရတနာတွေ အများကြီး မရှိပါဘူး။ ဒီမှော်ရတနာ (၁၂)ခုကို ရဖို့အတွက် ကျွန်မတို့ ရတနာစံအိမ်က အရမ်း အားစိုက်ခဲ့ရပါတယ်။ ဒီရတနာတွေကို ရဖို့ကြိုးစားရင်းနဲ့ ကျွန်မတို့ ရတနာ စံအိမ်က ဒဏ်ရာရသွားတဲ့ တပည့်တွေ မနည်းပါဘူး”
အမျိုးသမီးသည် လေသံမြင့်မြင့်ဖြင့် ပြောနေခဲ့သည်။ ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ဝူရီဘက်သို့ လှည့်ကာ မေးလိုက်သည် “တားမြစ်နယ်မြေ သုံးခုကဘာတွေလဲ”
ဝူရီက ပြုံးလျက် “နင်အရိပ်ကြယ်ပေါ် ရောက်တာ မကြာသေးဘူးဆိုတော့ အဲ့အကြောင်း ဘယ်သိပါဦးမလဲ။ တားမြစ်နေရာကြီး သုံးခုဆိုတဲ့အတိုင်း အဲ့နေရာတွေက အရမ်းကို အန္တရာယ်များတာ။ အဲ့နေရာတွေအကြောင်း တွေးလိုက်မိရုံနဲ့တင် ကြက်သီးမွှေးညင်းထတယ်။ ပထမနေရာကတော့ သူပြောသွားတဲ့ သဲမီးတောက် နယ်မြေပေါ့။ အဲ့နေရာ ဘယ်လောက်ကျယ်လဲ ဘယ်သူမှ မသိကြဘူး။ ဒါပေမယ့် အဲ့နေရာတစ်ခုလုံးက မီးတောက်တွေနဲ့ အမြဲဖုံးလွှမ်းနေတာ။ အပြင်ဆုံးဘက်က အပူကိုတောင် ဘယ်ကျင့်ကြံသူမှ မခံနိုင်ဘူး။ အဲ့ထဲကို အတင်းတိုးဝင်ဖို့ လုပ်ခဲ့တဲ့ တန်ခိုးရှင်အဆင့်တစ်ယောက် ရှိခဲ့ဖူးတယ်လေ။ ဒါပေမယ့် အထဲတောင် မရောက်ပါဘူး။ ဝင်ရုံလေးပဲ ရှိသေးတယ်။ လုံးဝကို သေသေချာချာ ပြင်ဆင်ထားတာတောင်မှ ချက်ချင်း ပြာဖြစ်သွားတာပဲ”
“တကယ်ကြီးလား” ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။
“ဟုတ်တယ်။ အဲ့ဒါတောင် အပြင်ကဘက်ပိုင်းက အပူပဲ ရှိသေးတယ်။ အတွင်းပိုင်းကို မပြောသေးဘူး။ အဲ့က အပူကို တန်ခိုးရှင်ဘုရင်အဆင့်တွေတောင် ခံနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် အရိပ်ကြယ်ပေါ်မှာ တန်ခိုးရှင်ဘုရင် အဆင့်တစ်ယောက်မှ မရှိတော့ အဲ့ကအပူကို တန်ခိုးရှင် ဘုရင်အဆင့်တွေ ခံနိုင်လား၊ မခံနိုင်ဘူးလား ဆိုတာကိုတော့ ဘယ်သူမှ သေသေချာချာ မသိကြဘူး”
“ဒါဆို သဲမီးတောက်နယ်မြေ ပွင့်တော့မယ်လို့ အဲ့အမျိုးသမီး ဘာလို့ ပြောသွားတာလဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ သဲမီးတောက်နယ်မြေသာ မည်သူမှ ဝင်၍မရသည့် နေရာတစ်ခုဖြစ်ပါက မည်သူမှ ကိုယ့်အသက်ကို အဆုံးရှုံးခံပြီး ဝင်လိမ့်မည် မဟုတ်ချေ။
“ဘာလို့လဲဆိုတော့ သဲမီးတောက်နယ်မြေထဲက အပူချိန် အကြီးအကျယ်လျော့ကျသွားတဲ့ အချိန်တစ်ခု ရှိလို့ပဲ။ အဲ့အချိန်က အတည်တကျ မရှိဘူး။ နှစ်ပေါင်း ဆယ်နှင့်ချီပြီးမှလည်း နှစ်ပေါင်း ရာနဲ့ချီပြီးမှလည်း ဖြစ်နိုင်တယ်။ အပူဓါတ် လျော့သွားပြီ ဆိုတာနဲ့ ကျင့်ကြံသူတွေ အထဲဝင်လို့ရပြီပဲ။ အရင်တစ်ခါ သဲမီးတောက်နယ်မြေ ပွင့်သွားတာ လွန်ခဲ့တဲ့ နှစ်(၄၀၀)တုန်းက ဆိုပြီးတော့လို့တော့ မိသားစု မှတ်တမ်းထဲမှာ ဖတ်ဖူးတယ်”
ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။ ထိုနေရာထဲသို့ လူမရောက်သည်မှာ နှစ်ပေါင်း(၄၀၀) ရှိနေပြီဆိုပါက အထဲတွင် အဖိုးတန်ရတနာများစွာ အသစ် ဖြစ်ပေါ်ပြီးလောက်ပေပြီ။ ထိုအရာကို အခွင့်အရေးကြီး တစ်ရပ်ဟု လေလံပစ်သည့် အမျိုးသမီး ပြောသွားသည် မှာလည်း အထူးအဆန်း မဟုတ်တော့ပါချေ။
အလွန်ကိုမှ ပူပြင်းသည် ပတ်ဝန်းကျင်တွင်သာ ပေါက်ရောက်ကြသော အဖိုးတန်ရတနာများစွာ ရှိမှန်း ရန်ကိုင် သိထားသည်။ အပူချိန် ပူပြင်းလေ ထိုရတနာများ ပိုအားကောင်းလေ ဖြစ်သည်။ သဲမီးတောက်နယ်မြေ ထဲတွင်လည်း သူတို့ လာရှာမည်ကို စောင့်ဆိုင်းနေကြသည့် အဖိုးတန်ရတနာများစွာ ရှိနေလောက်ပေမည်။
သို့သော်လည်း ရန်ကိုင် စိတ်ဝင်စားသွားရသည်မှာ ထိုအဖိုးတန်ရတနာများ မဟုတ်၊ ထိုနယ်မြေ၏ အပူချိန်သာ ဖြစ်ပေသည်။ ထိုနေရာသည် ယင်နေကြာနေရစင်ကို သန့်စင်နိုင်မည့် နေရာကောင်းတစ်ခု ဖြစ်ပေသည်။
မိုးရေစင်ကြယ်တွင် ရှိစဉ်က ယင်နေကြာရေစင်ကို သန့်စင်ရန်အတွက် အလွန်ကိုမှ အပူချိန်မြင့်သော နေရာ တစ်ခုကိုရှာရန် လိုအပ်သည်ဟု ဇုန်းအောင်က သူ့ကို ပြောခဲ့သည်။
ရန်ကိုင်တွင် ယင်နေကြာရေစင် အစက်နှစ်ဆယ်မက ရှိပေသည်။ ထို့အပြင် ယင်နေကြာရေစင်ကို သန်စင်ရန် အတွက် လိုအပ်သော ပစ္စည်းအမယ်အားလုံးကိုလည်း စုဆောင်းပြီးသွားလေပြီ။ လိုအပ်နေသည်ကာ အပူချိန် အလွန်အမင်း မြင့်မားသော နေရာပင်။
သူသာ ယင်နေကြာရေစင်တစ်စက်ကို သန့်စင်နိုင်မည် ဆိုပါက သူ့ခွန်အား ကျိန်းသေ တိုးတက်လာပေလိမ့်မည်။
ဝူရီက ဆက်ပြောသည် “ဒုတိယတားမြစ်နေရာက ဧကရာဇ်ဥယျာဉ်ပဲ။ အဲ့နေရာက တစ်ချိန်တုန်းက မဟာ ကြယ်တာရာကောင်းကင် ဧကရာဇ်ရဲ့ ဥယျာဉ် ဖြစ်ခဲ့ဖူးတယ်တဲ့”
ရန်ကိုင် ကြောင်သွားခဲ့လေသည် “မဟာ ကြယ်တာရာ ကောင်းကင် ဧကရာဇ်”
“ဟုတ်တယ်။ အဲ့ဒဏ္ဏာရီလာ စီနီယာကြီးပဲ။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ဟုန်းလော့ ကြယ်စီရင်စုကြီး တစ်ခုလုံးကို မဟာကြယ်တာရာ ကောင်းကင် ဧကရာဇ်က အုပ်ချုပ်ခဲ့တာတဲ့။ ဒါပေမယ့် ဘာကြောင့်လဲတော့မသိ၊ တစ်နေ့ကျလည်း ကျရော မဟာကြယ်တာရာကောင်းကင် ဧကရာဇ် ရုတ်တရက် ပျောက်ကွယ်သွားတယ်လေ။ သူဘယ်ရောက်သွားလဲ ဆိုတာကို ဘယ်သူမှ မသိကြဘူး”
ရန်ကိုင် နှလုံးခုန်မြန်သွားသည်။ လွင့်မျောိတိုက်ကြီး၌ ရှိစဉ်က ကြယ်ဧကရာဇ်အကြောင်း ကြားခဲ့ဖူးသည်။ ထိုစဉ်က ထိုကြယ်ဧကရာဇ်ဆိုသော လူမှာ ဒဏ္ဏာရီ သက်သက်သာ ဖြစ်သည်ဟု ထင်သဖြင့် အရမ်းကြီး အရေးစိုက်မနေခဲ့ချေ။ သို့သော်လည်း ကြည့်ရသည်မှာ အတိတ်အချိန်၌ ထိုကြယ်ဧကရာဇ်ဆိုသော လူမှာ အမှန်တကယ် တည်ရှိခဲ့သည့်ပုံပင်။ အကြောင်းမှာ ချောင်ကျသော အရိပ်ကြယ်လို နေရာမှ လူများသည်ပင် သူ့အကြောင်း သိနေသောကြောင့် ဖြစ်သည်။ ထိုကဲ့သို့သော မသိသူမရှိလေအောင် ကျော်ကြားသည့် လူတစ်ယောက်မှာ ကောလဟာလ ဒဏ္ဏာရီသက်သက်သာ မဖြစ်နိုင်ပါချေ”
ကြယ်ဧကရာဇ်သည် ကြယ်စီရင်စုကြီးတစ်ခုလုံးကို အုပ်ချုပ်သွားခဲ့လေရာ သူမည်မျှပင် အားကောင်း လိုက်လေမည်နည်း။
ကြယ်ဧကရာဇ်မဆိုထားနှင့်၊ ကြယ်သခင်ကိုပင် သူမမြင်ဖူးသေးချေ။ ရန်ကိုင် သိထားသည်ကား ကြယ်သခင်တစ်ယောက် ဖြစ်လာရန်အတွက် အနိမ့်ဆုံး တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ထားရန် လိုအပ်သည်။ တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်လာပြီးနောက် ကြယ်အမြူတေကို သန့်စင်နိုင်ရန် ကြိုးစားရမည်။ သူတို့ ကြယ်သခင် ဖြစ်လာ၊ မဖြစ်လာ ဆိုသော အချက်သည် ကြယ်အမြူတေကို သန့်စင်နိုင်၊ မနိုင်အပေါ် မူတည်နေပေသည်။
“သဲမီးတောက်နယ်မြေက အမြဲတမ်း တည်ရှိနေတာ။ ဒါပေမယ့် ဘယ်သူမှ အထဲမဝင်နိုင်ဘူး။ ဧကရာဇ် ဥယျာဉ်ကတော့ ရှာလို့ကိုမတွေ့တာ။ အဲ့ဒါ ဘယ်မှာရှိလဲ ဆိုတာကို ဘယ်သူမှ မသိကြဘူး။ ဒါပေမယ့် တစ်ခါတစ်လေ အချို့အချိန်လေးတွေမှာ အဲ့ထဲ ဝင်နိုင်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် ဝင်သွားတဲ့ လူတိုင်း ဘယ်သူမှ အသက်ရှင်လျက် ပြန်မထွက်လာနိုင်ဘူး။ အချို့ ထူးခြားတဲ့ အချိန်တွေမှာပဲ ဧကရာဇ်ဥယျာဉ်က တည်ငြိမ်သွားပြီး လူတွေ ဝင်လို့ရတဲ့ နေရာတစ်ခု ဖြစ်လာတာ”
ကြယ်ဧကရာဇ်၏ ဥယျာဉ်၊ ထိုအရာနှင့် ပက်သက်၍ ရန်ကိုင် အတော်လေး စိတ်လှုပ်ရှားနေမိသည်။ ကြယ်ဧကရာဇ်တစ်ယောက် ပိုင်ဆိုင်ခဲ့သော ဥယျာဉ်ထဲတွင် အဖိုးရတနာများ မည်မျှ ရှိလိမ့်မလဲ ဆိုသည်ကို စိတ်ကူး ကြည့်လျှင်ပင် မရချေ။
“တတိယနယ်မြေကတော့ အရိပ်ဝိဥာဉ်ကျွန်းပဲ။ အဲ့ဒါက ပင်လယ်ဘက်မှာ ရှိတာ။ အရမ်းလည်း အန္တရာယ် များတယ်။ သဲမီးတောက် နယ်မြေက အမြဲတမ်းရှိတယ်။ ဧကရာဇ်ဥယျာဉ်က တစ်ခါတစ်လေ ပေါ်လာတယ်။ ဒါပေမယ့် အရိပ်ဝိဥာဉ်ဥယျာဉ်ကတော့ ဘယ်တော့မှကို ပေါ်မလာတာ။ ပေါ်လာလို့ လူသိသွားရင်တောင်မှ ဘယ်သူမှကို ပြန်မပြောနိုင်ခင် သေသွားကြရတာပဲ” ဝူရီက ခြောက်ခြားဖွယ် လေသံကြီးဖြင့် ပြောလိုက်ရာ ယန်ယန် ကြောက်လန့်တကြား ထခုန်လုမတတ် ဖြစ်သွားရသည်။ ထိုကောင်မလေးသည် အလွန်တရာကိုမှ ကြောက်တတ် လွန်းလှပါလေတကား။
“ဘယ်သူမှ မမြင်ဖူးမှတော့ အရိပ်ဝိဥာဉ်ကျွန်း ရှိတယ် ဆိုတာကို နင်တို့ ဘယ်လို သိကြတာလဲ” ရန်ကိုင် ခေါင်းစားသွားသည်။ တားမြစ်နယ်မြေ သုံးခုအနက် နောက်ဆုံး တစ်ခုသည် သိပ်၍ ယုတ္တိမရှိချေ။
ဝူရီက ယဲ့ယဲ့လေးပြုံးလျက် “သိပ်တော့ ယုတ္တိမရှိပေမယ့် အရိပ်ကြယ်ပေါ်မှာ ရှိတဲ့လူတိုင်းက ရှိတယ်လို့ ပြောနေမှတော့ ရှိသွားရမှာပေါ့”
ရန်ကိုင်လည်း ထိုအကြောင်းကို ဆက်မပြောတော့။ သို့သော်လည်း ပွင့်လာတော့မည့် သဲမီးတောက်နယ်မြေ အကြောင်းတွေးရင် ရန်ကိုင်အတော်လေး စိတ်လှုပ်ရှား နေမိသည်။ ယင်နေကြာရေစင်ကို သန့်စင်ရန်အတွက် သဲမီးတောက် နယ်မြေထက် ပိုကောင်းသည့်နေရာ မရှိတော့ချေ။
အပိုင်း(၁၁၅၈)
အထွဋ်အထိပ်သိုင်းဧကရာဇ်
ရန်ကိုင်နှင့် ဝူရီတို့ စကားပြောကောင်းနေစဉ်မှာပဲ တန်ခိုးရှင်အဆင့် မှော်ရတနာများ လေလံပွဲ စတင်ခဲ့သည်။
သဲမီးတောက်နယ်မြေ ဖွင့်တော့မည် ဖြစ်သည်က တစ်ကြောင်း၊ အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်အဆင့် မှော်ရတနာများ ရှားပါးသည်က တစ်ကြောင်းတို့ကြောင့် ထိုမှော်ရတနာ ဆယ်နှစ်ခုပင်လျှင် အထူးအခန်းထဲရှိ ပညာရှင်များ၏ လိုချင်မှုကို ဖြည့်ဆည်းပေးနိုင်လိမ့်မည် မဟုတ်ချေ။
ထိုတန်ခိုးရှင်အဆင့် မှော်ရတနာ ဆယ်နှစ်ခုစလုံး ဈေးနှုန်းမြင့်မြင့်ဖြင့် ရောင်းချနိုင်ပေလိမ့်မည်။
ပထမဆုံး ဈေးစခေါ်လိုက်သည့်လူကား မိုးကြိုးမုန်တိုင်းဂိုဏ်းမှ ဖန်ထျန်းဇုန် ဖြစ်ပြီး နောက်မှ လိုက်ခေါ်သည့်လူကား ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ချူချန်ဖုန်း ဖြစ်ပေသည်။ ထို့အပြင် မြက်သွေးရောင်ဂိုဏ်းမှ ယင်စုတျယ်၏ အသံကိုလည်း ကြားလိုက်ရသည်။ လူငယ် ပါရမီရှင်များသည် သူတို့၏ ခွန်အားကိ မြှင့်တင်နိုင်ရန် အတွက် မှော်ရတနာများကို ရအောင်ယူကြတော့ပေမည်။
ပထမဆုံး လေလံတင်လာသည့် တန်ခိုးရှင်အဆင့် မှော်ရတနာ၏ ဈေးနှုန်းမှာ သူတော်စင်သလင်းကျောက် တစ်သိန်းသာ ဖြစ်သော်လည်း တစ်ခဏအတွင်းမှာပဲ ခြောက်သိန်းအထိသို့ မြင့်တက်သွားခဲ့သည်။ သို့တိုင် ထိုမျှနှင့်ပင် ဈေးနှုန်းမှာ လျော့သွားခြင်း မရှိသေးချေ။
အပြိုင်အဆိုင် ဈေးပြိုင်ပေးနေသော အသံများကို နားထောင်ရင်း ထိုအင်အားစုများ၏ ကြွယ်ဝချမ်းသာမှု၊ အရိပ်ကြယ်ပေါ်ရှိ တန်ခိုးရှင်အဆင့် မှော်ရတနာ၏ အဖိုးတန်မှုကို သူလျှော့တွက်နေသေးမှန်း ရန်ကိုင် ထပ်မံ သဘောပေါက်လိုက်ရပြန်သည်။ သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့် မှော်ရတနာများကို သုံးသောင်းမှ ငါးသောင်းကြားဈေးဖြင့် ရောင်းရသဖြင့် တန်ခိုးရှင်အဆင့် မှော်ရတနာများကို နှစ်သိန်း၊ သုံးသိန်းလောက်ဖြင့်သာ ရောင်းရမည်ဟု ထင်ခဲ့သည်။
သို့သော် သူထင်ထားသလို မဟုတ်ပါချေ။
တန်ခိုးရှင်အဆင့်နိမ့်နှင့် သူတော်စင်ဘုရင် အထွဋ်အထိပ်အဆင့်သည် အဆင့်လေး တစ်ဆင့်သာ ခြားနေသော်လည်း ဈေးနှုန်းမှာမူ ကြောက်မခန်းလိလိ ကွာခြားပေသည်။
ခဏလောက် စဉ်းစားကြည့်လိုက်သည့်အခါ ရန်ကိုင် နားလည်သွားရသည်။ နှစ်ပေါင်းများစွာကြာအောင် တည်ရှိလာသော အင်အားစုများ ဖြစ်သည်နှင့်အညီ သူတို့၌ သူတော်စင်သလင်းကျောက် ရှားပါးနေမည် မဟုတ်ချေ။ သူတို့တွင် ရှားပါးနေသည်ကား အဆင့်မြင့် မှော်ရတနာ များပင် ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့ မှော်ရတနာများ ပေါ်လာသည်နှင့် သူတော်စင်သလင်းကျောက်များကို သုံးရန် တုန့်ဆိုင်းနေလိမ့်မည် မဟုတ်ချေ။
တန်ခိုးရှင်အဆင့်နိမ့် မှော်ရတနာများသည် ထိုကဲ့သို့ မှော်ရတနာများ ဖြစ်ပေသည်။ အရိပ်ကြယ်ပေါ်ရှိ အဆင့် အမြင့်ဆုံး ပန်းပဲပညာရှင်သည် တန်ခိုးရှင်အဆင်နိမ့် ဖြစ်သည်။ သို့သော်လည်း တန်ခိုးရှင်အဆင့် ဆိုတိုင်း တန်ခိုးရှင်အဆင့် မှော်ရတနာများကို ယန်ယန်ကဲ့သို့ အောင်မြင်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ပန်းပဲထုခြင်းသည် ဆေးဖော်စပ်ခြင်းနှင့် တူသည်။ ပန်းပဲထုနေစဉ် အတောအတွင်း တစ်ခုခု ဖြစ်သွားပါက သုံးထားသည့် ကုန်ကြမ်းပစ္စည်းအားလုံး ဆုံးရပေလိမ့်မည်။
ပထမဆုံး တန်ခိုးရှင်အဆင့် မှော်ရတနာသည် သန်းအဆင့် ကန့်သတ်ချက်ကို အလျင်အမြတ် ဖြတ်ကျော် သွားခဲ့သည်။ ထို့နောက်ပိုင်း လေလံဆွဲသည့်လူ တဖြည်းဖြည်း လျော့ကျသွားခဲ့လေသည်။ သို့သော်လည်း လူများစွာမှာ လေလံဆက်ဆွဲနေသေးသဖြင့် ဈေးနှုန်းမှာ ဆက်လက် မြင့်တက်နေလေသည်။
ထိုမှော်ရတနာကို မည်သည့် ဈေးနှုန်းဖြင့် ရောင်းနိုင်မလဲ ဆိုသည်ကို ရန်ကိုင် အတော်လေး သိချင်နေမိသည်။ သို့သော် ရုတ်တရက် သူ့အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး ယန်ယန်နှင့် ဝူရီအား တိုးတိုးလေး ပြောလိုက်သည် “ငါသွားစရာလေးရှိလို့၊ ခဏနေရင် ပြန်လာခဲ့မယ်”
အမျိုးသမီးနှစ်ယောက်စလုံး ကြောင်သွားခဲ့သည်။ သို့သော် ဘာမေးခွန်းမှ ပြန်မေးမနေဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။
ရန်ကိုင်သည် အပိုင်း (ဂ-၁၃)မှ အမြန်ထွက်၍ ရတနာစံအိမ် အပြင်ဘက်သို့ ထွက်သွားလိုက်သည်။ ရတနာစံအိမ် အပြင်ဘက်တွင် ခဏမျှ ရစ်သီရစ်သီ လုပ်နေပြီးနောက် လူအုပ်ကြီးထဲ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့လေသည်။
လေလံပွဲကို အာရုံစိုက်နေခဲ့သော်လည်း ရန်ကိုင်သည် ရှေးဟောင်းမြေပုံ အပိုင်အစအား ဝယ်သွားသည့် လူကို အဆက်မပြတ် အာရုံစိုက်နေသေးသည်။ တန်ခိုးရှင်အဆင့် မှော်ရတနာ ဆယ်နှစ်ခုပေါ်လာသဖြင့် အကုန်လုံး၏ အာရုံ လေလံပွဲဆီ ရောက်နေချိန် ရှေးဟောင်းမြေပုံ အပိုင်းအစကို ဝယ်သွားသော သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူသည် ရတနာစံအိမ်ထဲမှ တိတ်တိတ်လေး ခိုးထွက်သွားခဲ့သည်။
ထိုလူသည် သူ့အကြောင်းသူမသိဘဲ ရှေးဟောင်း မြေပုံအပိုင်းအစကို ဈေးကြီးဇွတ်ပေးကာ ဝယ်ခဲ့သဖြင့် အများ အာရုံစိုက်စရာ ဖြစ်ခဲ့ရသည်။ ယခု လူအများစု လေလံပွဲသို့ အာရုံရောက်နေချိန် တိတ်တိတ်လေး ထွက်သွားရန် ကြံနေခြင်း ဖြစ်သည်။
သို့သော်လည်း ယခုမူ အရမ်း နောက်ကျလွန်းနေပြီ။ သူ့ကဲ့သို့ လူတစ်ယောက်သည် ထိုမြေပုံအပိုင်းအစကို ဘယ်သောအခါမှ မဝယ်ခဲ့သင့်ချေ။
ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် တန်ခိုးရှင် အဆင့်တစ်ယောက်၏ ကောင်းကင်စိတ်အာရုံကဲ့သို့ အားကောင်းသည်။ ထို့ကြောင့် ထိုလူကို စောင့်ကြည့်ဖို့ရာ အတော်လေး လွယ်ကူခဲ့သည်။ ထို့အပြင် သူနှင့် အကြံတူ ဥာဏ်တူ လူများစွာ ရှိနေသေးသည်ကိုလည်း ရန်ကိုင် သတိပြုမိလိုက်သည်။ ရတနာစံအိမ်မှ သူကဲ့သို့ ထွက်လာသည့်လူ များစွာ ရှိပေသည်။
ခဏကြာမျှ ရန်ကိုင် ဆွံ့အနေခဲ့သည်။ ထိုလူအား အာရုံစိုက်သည့်လူ သိပ်မရှိလောက်သည် သူထင်ခဲ့သော်ငြား ယခု ထိုကဲ့သို့ မဟုတ်သည့်ပုံပင်။
ထိုလူသည် သူ့အရှိန်အဝါကို ဖုံးကွယ်ရန် အကောင်းဆုံး ကြိုးစားထားသော်လည်း သူတော်စင်ဘုရင် ပထမအဆင့် တစ်ယောက်သည် ပညာရှင်အများကြီး၏ အကြည့် အောက်မှ မည်ကဲ့သို့ လွတ်မြောက်နိုင်မည်နည်း။
အမွှေးတိုင်တစ်ချောင်းစာ မရှိတတ်သေးခင်မှာဘဲ ထိုလူသည် ကောင်းကင်ကံကြမ္မာ မြို့တော်ဆီမှ ထွက်ခွာ သွားခဲ့လေပြီ။
ရန်ကိုင်သည် ထိုလူနောက် လိုက်နေသည့် အဖွဲ့ထဲတွင် နောက်ဆုံးဖြစ်သည်။ လူများစွာတို့၏ ကောင်းကင် စိတ်အာရုံသည် ရန်ကိုင်အား ရှာတွေ့သွားပြီး ဖြစ်သော်ငြား မည်သူမှ သူ့အား အာရုံမစိုက်ကြ။ တကယ်တော့ ရန်ကိုင်သည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသည် မဟုတ်ပေလော။
ကောင်းကင်ကံကြမ္မာမြို့တော်နှင့် မိုင်ငါးဆယ်အကွာ။
ချောင်ကျပြီး ကျောက်ဆောင်၊ ကျောက်တုံးများ ထူထပ်ပေါများသည့် ကျောက်တုံးတောအုပ်၏ အစွန်အဖျား တစ်နေရာ၊ ထိုနေရာသည် လူသတ် ဓါးပြတိုက်ရန် နေရာကောင်းတစ်ခု ဖြစ်ပေသည်။
သူ့နောက်သို့ လူများစွာ လိုက်နေသည်ကို ကဲ့ရှုန်း သိပေသည်။ သို့သော် ထိုလူများကို မောင်းထုတ်၍မှ မရလေရာ သူဘာတတ်နိုင်မည်နည်း။ ထိုလူများ ဘာကြောင့် သူ့နောက် လိုက်နေသလဲ ဆိုသည်ကို ကဲ့ရှုန်း သိပေသည်။ သူ့ခြေထောက်များ တုန်ရင်နေလေပြီ။ မျက်နှာမှာလည်း သွေးမရှိတော့။ သူ့ပါးကိုသာ ရိုက်ချင်မိတော့သည်။ ဘာကြောင့်များ အကြောရှည်ပြီး ထိုမြေပုံအပိုင်းအစကို သွားလေလံဆွဲလိုက်ရသနည်း။
ထို့အပြင် ပေးလိုက်ရသည့် တန်ဖိုးမှာလည်း သူ့မိသားစု စုဆောင်းထားသမျှ ပိုက်ဆံအားလုံးပင်။ သူ့ကိုယ်ပိုင် ပိုက်ဆံပင် မဟုတ်၊ မိသားစု တစ်ခုလုံး၏ ပိုက်ဆံပင် ဖြစ်သည်။
သူ့ကိုသာ အခွင့်အရေး ထပ်ပေးမည်ဆိုပါက ထိုမြေပုံ အပိုင်းအစကို လုံးဝ လေလံဝင်မဆွဲပါတော့ချေ။ သို့သော် ယခုမှ နောင်တရရန် နောက်ကျလွန်းနေလေပြီ။ ပျံသန်းနေစဉ် အတောအတွင်း သူ့နောက်ဆီ ဦးတည်နေသည့် မရေမတွက်နိုင်သော အေးစက်စက် အကြည့်များကို အာရုံခံမိသည်။
သူ့ကြယ်လွန်းပျံကို မထုတ်ရဲချေ။ သူသာ ထိုကဲ့သို့ လုပ်လိုက်သည်နှင့် မုန်တိုင်းသဖွယ် တိုက်ခိုက်မှုများ သူ့ဆီ ပြုံကျလာပေလိမ့်မည်။
ဆယ်မမိုင်အကွာတွင် ရှိနေသော ကျောက်တုံး တောအုပ်ကို မြင်ပြီးနောက် ကဲ့ရှုန်း ဆက်မသွားတော့။ သူသာ ဆက်သွားလျှင် သေရမည်မှန်း သိနေသည်။
လေအေးတစ်ချက် သူ့အား ပွတ်သပ်ကျီစယ် တိုက်ခတ်သွားသည်။ သူ့အင်္ကျီစသည် လေညင်းထဲဝယ် တဖျတ်ဖျတ် လွင့်ခါနေသည်။ တောင့်မခံနိုင်တော့သည့် အဆုံး ကျဲံရှုန်းက မြေကြီးပေါ် ဒူးထောက်ချလိုက်ပြီး အကျယ်ကြီး အော်ပြောလိုက်သည် “စီနီယာတို့၊ ကျုပ်အသက်ကို ချမ်းသာပေးပါဗျာ။ ဒီမြေပုံအပိုင်းအစကို ကျုပ်ဘယ်တော့မှ မဝယ်လိုက်သင့်ပါဘူး။ ကျုပ်အခုမှ သူတော်စင်ဘုရင်အဆင့်ကို ချိုးဖျက်ပြီးရုံပဲ ရှိသေးတာပါ။ ကျုပ်မသေချင်သေးဘူး”
လေတိုက်ခတ်သံတို့ တဝှီဝှီ ညံနေသည်။ ကဲ့ရှုန်း၏ အော်ဟစ်တောင်းပံသည် လေတိုက်ခတ်သံနှင့် ပေါင်းစပ် သွားလေရာ ခြောက်ကပ်နေသော ဤနေရာသည် ပို၍ ခြောက်ခြားဖွယ် ကောင်းသွားခဲ့လေသည်။
မည်သည့် အသံကိုမှ မကြားရ၊ မည်သူ တစ်ဦး တစ်ယောက်ကိုမှ မတွေ့ရသော်လည်း ထိုလူများသည် သူ့အား ကြောက်ရွံ့နေခြင်းကြောင့် မထွက်လာခြင်း မဟုတ်ဘဲ သူတို့ အချင်းချင်း သတိထားနေသည့် အတွက်ကြောင့် ထွက်မလာသေးခြင်း ဖြစ်သည်ကို ကဲ့ရှုန်း သိထားသည်။
ကြောက်ရွံ့စိတ်ကို မအောင့်အည်းနိုင်တော့သည့် အဆုံး ကဲ့ရှုန်းသည် သူ့သိုလှောင်လက်စွပ်ထဲမှ မြေပုံအပိုင်းအစကို ထုတ်လိုက်ပြီး လေပေါ်မြင့်မြင့် ကိုင်မြှောက်လျက် အော်ပြောလိုက်သည် “မြေပုံအပိုင်းအစက ဒီမှာပါ။ စီနီယာတို့ လိုချင်တယ်ဆိုရင် ယူသွားကြပါ။ ကျေးဇူးပြုပြီး ကျုပ်အသက်လေးကိုပဲ ချမ်းသာပေးပါ”
မည်သူမှ ပေါ်မလာသော်လည်း အဘက်ဘက်ဆီမှ မမြင်နိုင်သော ဖိအားအရပ်ရပ်တို့ သူ့ဆီ ဝိုင်းပြုံလာသည်ကို ကဲ့ရှုန်း သတိပြုမိသည်။
ကဲ့ရှုန်းသည် ဆက်လက်၍ အော်ဟစ်တောင်းပန် နေသော်လည်း မည်သူမှ ပေါ်လာမသေးပါချေ။ ခဏအကြာ၌ နောက်တစ်ကြိမ် ထပ်အော်ဟစ်ပြန်သည် “စီနီယာတို့ ဒီမြေပုံအပိုင်းအစကို ဒီနေရာမှာပဲ ကျုပ်ထားခဲ့ပါမယ်။ လိုချင်တဲ့လူ လာယူလို့ရပါတယ်။ ဒီဂျူနီယာ သွားလို့ရပြီလားခင်ဗျာ”
မည်သူမှ ပြန်မဖြေသေးချေ။
ကဲ့ရှုန်းသည် ထိုကဲ့သို့ သုံးကြိမ်တိုင်တိုင် ပြောပြီးမှ နောက်ဆုံး ပြောလိုက်သည် “စီနီယာတို့ မကန့်ကွက်ရင် ဂျူနီယာ သွားပါတော့မယ်နော်”
ပြောပြီးသည်နှင့် ရှေးဟောင်းမြေပုံအပိုင်းအစကို မြေကြီးပေါ်တွင် ထားလိုက်သည်။ လေနှင့်အတူ လွင့်မသွားစေရန် ထိုပေါ်တွင် ကျောက်တုံးတစ်တုံး တင်ထားလိုက်သည်။
သူနောက်သို့ လှည့်လိုက်သည်နှင့် လူငယ်လေး တစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသဖြင့် လိပ်ပြာ လွင့်မတတ် ထိတ်လန့်သွားပြီး ချက်ချင်း မြေကြီးပေါ် ဒူးထောက်ကျသွားသည်။ ထိုလူငယ်လေးသည် အဆင့်မြင့် မှော်ရတနာတစ်ခုကို ဝတ်ဆင်ထားသဖြင့် သာမန် လူတစ်ယောက် မဟုတ်ကြောင်း သိနိုင်ပေသည်။ ကဲ့ရှုန်းအား ထိတ်လန့်သွားစေသည်ကား ထိုလူငယ်လေး မဟုတ်၊ သူ့နောက်တွင် ရပ်နေသော လူနှစ်ယောက်ပင်။ ထိုလူနှစ်ယောက်စလုံးသည် တန်ခိုးရှင်အဆင့် ပညာရှင် များ ဖြစ်ကြပေသည်။
“ဒီနေရာကို လေလံပွဲလို့ ထင်နေတာလား။ သုံးကြိမ် အော်ပြီးသွားရုံနဲ့ အားလုံးပြီးသွားပြီလို့ ထင်နေတာလား” လူငယ်လေးက လှောင်ပြောင်လိုက်သည်။
ကဲ့ရှုန်းက အလျင်အမြန် လက်ဝှေ့ရမ်းလိုက်ပြီး “မဟုတ်ရပါဘူးဗျာ။ ကျုပ်ဘယ်လောက်အော်အော် ဘယ်သူမှ ထွက်မလာလို့ အဲ့လို လုပ်လိုက်ရတာပါ။ မြေပုံ အပိုင်းအစကို ကျုပ်ဒီနေရာမှာ ထားခဲ့လိုက်ပါပြီ။ သခင်လေး လိုချင်ရင် ယူလို့ပါတယ်။ ကျုပ်အသက်ကိုပဲ ချမ်းသာပေးပါဗျာ”
“ငါနဲ့ လာမညှိနှိုင်းနဲ့” လူငယ်လေးက မထူးခြားနားပင်။ သူ့နောက်ရှိ ပညာရှင်အား မြေပုံ အပိုင်းအစကို သွားယူရန် ပြောလိုက်သည်။
နောက်တွင် အချိန်မရွေး ခုန်အုပ်ရန် စောင့်နေသည့် ပညာရှင်များစွာ ရှိနေသဖြင့် အရင်ဆုံး ထွက်မလာချင်ချေ။ သို့သော်လည်း ထိုကြောက်တတ်လွန်းသော သူတော်စင် ဘုရင်အဆင့် ပညာရှင် ထွက်သွားတော့မည်ကို မြင်သဖြင့် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ရှေ့ထွက်လိုက်ခြင်း ဖြစ်၏။
လူငယ်လေး၏ နောက်တွင် ရှိနေသော တန်ခိုးရှင် အဆင့် ပညာရှင်က သူ့လက်ကိုမြှောက်၍ မြေပုံကို သူ့ဆီ လှမ်းယူလိုက်သည်။ တစ်ချက် စစ်ဆေးကြည့်ပြီးနောက် “ဒါလေလံပွဲကနေ သူဝယ်ခဲ့တဲ့ မြေပုံပါပဲ သခင်လေး”
ပြောပြီးနောက် မြေပုံအပိုင်းအစကို လူငယ်လေး၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
လူငယ်လေးက ထိုမြေပုံအပိုင်းအစကို သူ့သိုလှောင် လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်ပြီး ကဲ့ရှုန်းအား ကြည့်ကာ ပြောလိုက်သည် “မင်းသိုလှောင်လက်စွပ် ငါ့ကိုပြစမ်း”
“အာ” ကဲ့ရှုန်း တုန့်ဆိုင်းသွာသည်။ သို့သော်လည်း သူမပေးချင်လျှင် ပေးရမည် ဖြစ်သဖြင့် နာနာခံခံနှင့် သိုလှောင်လက်စွပ်ကို လူငယ်လေးဆီ ပေးလိုက်လေသည်။
လူငယ်လေးသည် သိုလှောင်လက်စွပ်အား သူ၏ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့မျက်နှာတစ်ခုလုံး ဝက်ဖင်နှယ် ရှုံ့မဲ့သွားပြီး ဒေါသတကြီး မေးခွန်းထုတ်လိုက်လေသည် “မင်းမှာ အခြား မြေပုံအပိုင်းအစ မရှိတော့ဘူးလား”
“ကျုပ်မှာ ရှိတယ်လို့ တစ်ခါမှ မပြောခဲ့ဘူးလေ...” ကဲ့ရှုန်းက အားမပါသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
“ခွေးသူတောင်းစား” လူငယ်လေး ဒေါသထွက်သွားပြီး ကဲ့ရှုန်းအား ဆောင့်ကန်လိုက်လေသည်။ ထို့နောက် အံကြိတ်၍ အော်ပြောလိုက်သည် “မင်းမှာ အခြား မြေပုံ အပိုင်းအစ မရှိရင် ဒါကို ဘာလို့ ဝယ်ခဲ့တာလဲကွ”
“ဒီမြေပုံအပိုင်းအစက အဆင့်မြင့်မှော်ရတနာတွေ၊ ကျင့်စဉ်တွေ ရှိတဲ့နေရာဆီ ခေါ်သွားပေးနိုင်တယ်လို့ ဟိုအမျိုးသမီး ပြောခဲ့တယ်လေ” ကဲ့ရှုန်းက ပြန်ပြောလိုက်၏။ ထိုအမျိုးသမီး၏ စကားကြောင့်ပဲ မရှိမယ့်ရှိမယ့် သူတော်စင်သလင်းကျောက် တစ်သိန်းကို သုံး၍ ထိုမြေပုံအပိုင်းအစကို ဝယ်ခဲ့ခြင်း ဖြစ်သည်။
“သူပြောလိုက်တာနဲ့ မင်းက ယုံတယ်လား” လူငယ်လေး၏ မျက်နှာ မည်းမှောင်သွားပြီး ဒေါသတကြီး ထပ်အော်ပြောလေသည် “ဒီမြေပုံ အပိုင်းအစလေးနဲ့ လမ်းကြောင်း ရှာတွေ့မယ်လို့ ထင်နေတာလားကွ၊ သောက်ရူးကောင်ရဲ့”
ကဲ့ရှုန်းက ကိုးယိုးကားယား အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
အပိုင်း(၁၁၅၉)
အထွဋ်အထိပ်သိုင်းဧကရာဇ်
လူငယ်လေး ဆွံ့အနေမိသလို ဒေါသလည်း အရမ်း ထွက်သွားခဲ့ရသည်။ ထိုသောက်ရူးကို ချက်ချင်း သတ်ပစ်လိုက်ချင်နေလေပြီ။ ထိုခွေးကြောင်ကဲ့ရှုန်က ဈေးနှုန်းကို တစ်ဟုန်ထိုး မြှင့်တင်လိုက်သည့် အတွက် သူ့တွင် နောက်ထပ်မြေပုံ အပိုင်းတစ်ခု ရှိသည်ဟု အကုန်လုံး ထင်မှတ်သွားခဲ့ကြသည်။ လူငယ်လေးခဗျာ သူ့ကိုယ်သူ အရူးတစ်ယောက်ဟုပင် ထင်မြင်မိနေလေပြီ။ ဒေါသထွက်လွန်းသဖြင့် သူတော်စင်ချီကို လက်ထိပ်တွင် စုစည်းလျက် ထိုလူကို သတ်ရန် ပြင်လိုက်သည်။
ကဲ့ရှုန်းသည် အဆက်မပြတ် ငိုကြွေးရင်း သူ့ကို မသတ်ရန် တောင်းပန်နေလေသည်။
သို့သော်လည်း လူငယ်လေးမှ ကဲ့ရှုန်းကို မသတ်ခင် တန်ခိုးရှင်အဆင့်တစ်ယောက်က ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည် “သခင်လေး၊ သူ့ကို သတ်လို့ မဖြစ်ဘူးနော်”
လူငယ်လေးက ခက်ထန်သည့် အမူအရာဖြင့် ပြန်မေးလိုက်သည် “ဘာလို့လဲ”
“သူ့ကိုသာ သတ်လိုက်ရင် သူ့ဆီက မြေပုံအပိုင်းအစ နှစ်ခုစလုံးကို ကျုပ်တို့ ရသွားတယ်လို့ ထင်ကုန်မှာ။ မြေပုံ အပိုင်းအစ တစ်ခုရှိတာ ကိစ္စမဟုတ်ပေမယ့် နှစ်ခု ဆိုရင်တော့ ပြဿနာများနိုင်တယ်နော်”
ထိုစကားကို ကြားလိုက်သည့်အခါ လူငယ်လေးလည် သူကိုယ်တိုင် စဉ်းစားကြည့်လိုက်သည်။ ခဏကြာမျှ စဉ်းစား ပြီးနောက် တန်ခိုးရှင်အဆင့် ပြောသည်မှာ ဟုတ်မှန်ကြောင်း သိလိုက်ပြီး ကဲ့ရှုန်းကို မသတ်တော့ဘဲ ဆောင့်ကန်လျက် ဆဲရေးတိုင်းတွာပြီးတော့သာ ထွက်သွား လိုက်တော့လေသည်။ သိုလှောင်လက်စွပ်ကိုလည်း ကဲ့ရှုန်း မျက်နှာဆီ ပြန်ပစ်ပေါက်လိုက်သည်။
မည်သူမှ သူထွက်သွားသည်ကို တားဆီးရန် မကြိုးစားခဲ့ကြချေ။
လူငယ်လေးတို့အဖွဲ့ ထွက်သွားပြီးနောက် မကြာမီ နောက်ထပ် လူတစ်ယောက် ထွက်လာပြီး ကဲ့ရှုန်းဆီ သွားကာ မျက်မှောင်ကြုတ်လျက် မေးခွန်းအနည်းငယ် မေးလိုက်သည်။
ကဲ့ရှုန်းလည်း အမှန်အတိုင်းပဲ ပြန်ဖြေလိုက်သည်။
ထိုလူသည် မြေပေါ်တွင် ကျနေသော ကဲ့ရှုန်း၏ သိုလှောင်လက်စွပ်ကို ကောက်ယူစစ်ဆေးကြည့်လိုက်၏။ ထို့နောက် ဖြည်းဖြည်းချင်း ခေါင်းခါယမ်းလျက် သိုလှောင် လက်စွပ်ကို မြေပေါ်တွင် ပစ်ချထားခဲ့ကာ ပြန်ထွက်သွားလေသည်။
သူထွက်သွားပြီးနောက် တတိယလူတစ်ယောက် ရောက်လာခဲ့သည်။ ထို့နောက် လေးယောက်မြောက်၊ ငါးယောက်မြောက် စသဖြင့် တစ်ယောက်ပြီး တစ်ယောက် ရောက်လာနေခဲ့သည်။
သေခြင်းရှင်ခြင်း အတွေ့အကြုံကို ထပ်တလဲလဲ ခံစားတွေ့ကြုံခဲ့ရပြီးနောက် ကဲ့ရှုန်း ယခင်ကကဲ့သို့ အလွန်ကိုမှ ကြောက်လန့်နေခြင်း မရှိတော့ဘဲ အတော့်ကို တည်ငြိမ်သွားခဲ့သည်။ သို့သော်လည်း ထိုပညာရှင်များမှ မေးသော မေးခွန်းကို မှန်မှန်ကန်ကန်ဖြင့် ထပ်တလဲလဲ ဖြေဆိုနေရသေးသည်။ သို့သော်လည်း အကုန်လုံးသည် မေခွန်းမေးပြီးတိုင်း သူ့သိုလှောင်လက်စွပ်ကို စစ်ဆေး၍ ထွက်သွားကြသည်။ မည်သူမှ သူ့အား သတ်ရန် မကြိုးစားခဲ့။
နာရီဝက်လောက် ကြာပြီးနောက် ရဣ်ကိုင် အလှည့်သို့ ရောက်လာခဲ့သည်။
သို့သော်လည်း ကဲ့ရှုန်းသည် တူညီသော မေးခွန်းကို ထပ်တလဲလဲ ဖြေနေခဲ့ရသဖြင့် ရန်ကိုင်က မမေးရ သေးခင်မှာပဲ အရင်ဖြေလိုက်လေသည် “ငါ့မှာ ဒုတိယ မြေပုံအပိုင်းအစမရှိဘူး။ ဟိုအမျိုးသမီးပြောတဲ့ စကားကို ယုံပြီးတော့ မြေပုံကို ဝယ်လိုက်မိတာ။ မယုံရင် ငါ့သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်လို့ရတယ်။ ကျေးဇူးပြုပြီး ငါ့အသက်ကိုပဲ ချမ်းသားပေးပါကွာ”
ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုလူ၏ သိုလှောင်လက်စွပ်ကို စစ်ဆေးမနေတော့။
လူများစွာက စစ်ဆေးပြီးသွားပြီ ဖြစ်လေရာ ဒုတိယ မြေပုံအပိုင်းအစသည် သိုလှောင်လက်စွပ်ထဲ ရှိခဲ့လျှင်ပင် လက်ရှိအချိန်၌ ကဲ့ရှုန်တွင် ရှိနေတော့ရန် မဖြစ်နိုင်ရာ။
“နောက်တစ်ကြိမ် ကိုယ်ဘာဝယ်ဆိုတာ သေချာ ဂရုစိုက်” ရန်ကိုင်က သတိပေးလိုက်သည်။
ကဲ့ရှုန်းနောက် လိုက်ခဲ့သည့် လူပေါင်းများစွာအနက် သူနှင့် ရန်ကြွေးရှိသူ တစ်ဦးတစ်ယောက်မှ မပါဝင်။ အကုန်လုံးသည် ကဲ့ရှုန်၏ အရူးလုပ်ခြင်း ခံခဲ့ရခြင်းသာ ဖြစ်သည်။ ကဲ့ရှုန်သည် သရုပ်ဆောင်ရာတွင် အလွန်ကိုမှ ပီပြင်သည်မဟုတ်။ ထိုအရူးကောင်သည် အမျိုးသမီး ပြောသည့်စကားကို အလွယ်လေး ယုံလိုက်မည်ဟုမှ မည်သူမှ မထင်ခဲ့ခြင်းပင်။
ကဲ့ရှုန်းက ခေါင်းထပ်ခါထပ်ခါ ညိတ်လိုက်ပြီး “အဲ့လေလံပွဲကနေ ဘာဆိုဘာမှ မဝယ်တော့ဘူး”
ထွက်သွားတော့” ရန်ကိုင်က လက်ဝှေ့ရမ်း၍ “အခု အသတ်မခံရတာ ကံကောင်းတယ်မှတ်။ နောက်တစ်ကြိမ် ဆိုရင်တော့ အခုလို ကံကောင်းနိုင်တော့မှာ မဟုတ်ဘူး”
“ငါသိတယ်။ ငါသိတယ်။ ငါသိတယ်” ကဲ့ရှုန်က ကျေးဇူးတင်စွာ ဦးညွှတ်လိုက်ပြီး မြေပေါ်တွင် ကျနေသော သိုလှောင်လက်စွပ်ကို ကောက်ယူလျက် ထွက်ပြေး သွားလေသည်။ ကဲ့ရှုန်သည် ကြောက်လွန်းနေသဖြင့် ရန်ကိုင်သည် သူနှင့် ကျင့်ကြံခြင်းအဆင့်တူသော လူတစ်ယောက် ဖြစ်သည်ဆိုသော အချက်ကိုပင် သတိ မပြုမိလိုက်ချေ။ မဟုတ်ပါက ရန်ကိုင်အား ထိုကဲ့သို့ ယဉ်ကျေးနေလိမ့်မည် မဟုတ်ချေ။
ခပ်လှမ်းလှမ်းသို့ ထွက်ပြေးပြီးနောက် ကြယ်လွန်းပျံကို ထုတ်ယူကာ ပျံသန်းထွက်သွားသည်။ ကဲ့ရှုန်း ထွက်သွားရာ အရပ်ဆီမှ ငိုရှိုက်သံတို့ကို ရန်ကိုင် ကြားနေခဲ့ရလေသည်။
လေလံပွဲတွင် ပေါ်လာသော မြေပုံအပိုင်းစကို လူငယ်လေးမှ ယူသွားခဲ့သဖြင့် ရန်ကိုင် အတော်လေး ခေါင်းခြောက်သွားခဲ့ရသည်။ လက်ရှိတွင် သူ့ခွန်အားသည် အတော်လေး နိမ့်ကျနေသည်။ ထို့ကြောင့် သူ့အနေဖြင့် ထိုလူငယ်လေးဆီမှ မြေပုံအပိုင်းအစကို သွားလုရန်မှာ မဖြစ်နိုင်ပါချေ။
အခြားသူများ လူငယ်လေးဆီမှ မြေပုံအပိုင်းအစကို မလုယူရခြင်းမှာလည်း ထိုကဲ့သို့ လုပ်လိုက်ရုံဖြင့် ဘာမှ အကျိုးမရှိမှန်း သိထားသည့် အတွက်ကြောင့်သာ ဖြစ်၏။ မြေပုံအပိုင်းအစ တစ်ခုတည်းဖြင့် ဘာလုပ်မည်နည်း။ ထို့ကြောင့်သာ မဟုတ်လျှင် လေလံပွဲတွင်ကတည်းက ထိုမြေပုံအပိုင်းအစကို ရအောင် ယူခဲ့မိပေလိမ့်မည်။
ထို့အပြင် ပထမဆုံး ထွက်လာသည့် လူငယ်လေးသည် အားကောင်းသော နောက်ခံကို ပိုင်ဆိုင်ထားသည်။ မဟုတ်လျှင် သူ့တွင် တန်ခိုးရှင်အဆင့် သက်တော်စောင့် နှစ်ယောက် ရှိနေလိမ့်မည် မဟုတ်ချေ။
မြေပုံအပိုင်းအစသည် ကဲ့ရှုန် လက်ထဲတွင် ရှိနေခြင်းမှာ ပို၍ ကောင်းသည်။ ယခု မြေပုံအပိုင်းကို ထိုသခင်လေးမှ ယူသွားပြီ ဖြစ်လေရာ အချိန်တိုအတွင်းတွင်တော့ ရန်ကိုင် အနေဖြင့် ထိုမြေပုံအပိုင်းအစကို ပြန်ယူနိုင်လိမ့်ဦးမည် မဟုတ်ချေ။ သို့သော်လည်း လူငယ်လေး၏ မျက်နှာကို သူသေချာ မှတ်ထားခဲ့လေသည်။ ထို့ကြောင့် နောက်ပိုင်း သူအင်အားကြီးလာသည့်အခါ သွားပြန်ယူ၍ ရသည်။
ခဏလောက် ညည်းတွားနေပြီးနောက် ကောင်းကင် ကံကြမ္မာမြို့တော်ရှိ ရတနာစံအိမ်သို့ ပြန်သွားလိုက်သည်။
အပိုင်း(ဂ-၁၃)ထဲသို့ ဝင်လာပြီးနောက် ထိုင်ခုံပေါ် ထိုင်လျက် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ကာ တစ်ထိုင်တည်း မော့သောက်လိုက်သည်။ ဝူရီနှင့် ယန်ယန်တို့နှစ်ယောက် အလွန်ကိုမှ စိတ်လှုပ်ရှားနေသည်ကို မြင်သော် ရန်ကိုင်က မေးကြည့်လိုက်သည် “အခု ဘယ်မှော်ရတနာကို လေလံ တင်နေတာလဲ”
“နင်ပြန်လာပြီး” ယခုမှပြ ရန်ကိုင် ပြန်ရောက်နေမှန်းကို ဝူရီနှင့် ရန်ကိုင်တို့ သတိပြုမိ လိုက်ကြသည်။ ဝူရီက အပြုံးကြီးပြုံးလျက် “လေလံပွဲက ဈေးနှုန်းတွေက တကယ်ကို မထင်မှတ်ထားတာကြီးပဲ။ ရောင်းသွားတဲ့ တန်ခိုးရှင်အဆင့် မှော်ရတနာတွေ အကုန်လုံး သန်းဂဏန်းကျော်တယ်။ အခု နောက်ဆုံး မှော်ရတနာဖြစ်တဲ့ ဓါးမြောင်နှစ်ချောင်းကို လေလံ တင်နေတာလေ”
“အို” ရန်ကိုင်လည်း လေလံစင်ဆီ လှမ်းကြည့်လိုက်၏။ ဟုတ်ပေသေည်။ လေလံပစ်သူ အမျိုးသမီးသည် ဓါးမြောင် နှစ်ချောင်းကို လေလံတင်နေပေသည်။
“ဘယ်ဈေးနှုန်း ဖြစ်နေပြီလဲ” ရန်ကိုင်က မေးကြည့်လိုက်သည်။
“၂သန်းနဲ့တစ်သိန်း” ဝူရီက ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။ ရန်ကိုင် ပြန်ပြောမည်ကိုပင် မစောင့်တော့ဘဲ ဆက်၍ ရှင်းပြလိုက်လေသည် “အဲ့ဓါးမြောင် နှစ်ချောင်းရဲ့ အဆင့်က တန်ခိုးရှင် အလယ်အလတ်အဆင့်နား ကပ်နေလို့ ဈေးနှုန်းက ပိုမြင့်နေတာ။ ရှင်းရှင်းပြောရရင် ဒီမှော်ရတနာက အရင်လေလံတင်သွားတဲ့ မှော်ရတနာ (၁၁)ခုလုံးထက် ပိုကောင်းတယ်”
ထိုစဉ် လေလံပစ်သူ အမျိုးသမီးက အော်လိုက်သည် “(၂၁)သိန်း တစ်ကြိမ်၊ (၂၁)သိန်း နှစ်ကြိမ်၊ (၂၁)သိန်း သုံးကြိမ်... ရောင်းထွက်သွားပါပြီ။ အခန်(ခ-၃)မှာ ရှိနေတဲ့ မိတ်ဆွေအတွက် ဂုဏ်ယူပါတယ်ရှင့်။ မိတ်ဆွေအနေနဲ့ သဲမီးတောက်နယ်မြေထဲမှာ ကံကောင်းပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်”
အမျိုးသမီးက စကားနည်းနည်း ပြောပြီးနောက် ဓါးမြောင်နှစ်ချောင်း ထည့်ထားသည့် လင်ဗန်းအား ကိုင်ထားသည့် အမျိုးသမီးကို အခန်း (ခ-၃)တွင် ရှိနေသော လူဆီ ယူသွားပေးရန် အချက်ပြလိုက်သည်။
“အန်၊ အခန်း(ခ-၃)၊ မြက်သွေးရောင် ဂိုဏ်းက မဟုတ်ဘူးလား” ရန်ကိုင် အံ့အားသင့်နေခဲ့သည်။ ထိုဓါးမြောင်နှစ်ချောင်းကို ယင်စုတျယ်မှ မရရအောင် ယူသွားလိမ့်မည်ဟု ရန်ကိုင် ထင်နေခဲ့သည်။ တကယ်တော့ ထိုမှော်ရတနာသည် မိန်းကလေးများနှင့် အလွန်ကိုမှ လိုက်ဖက်လှသည် မဟုတ်ပေလော။ မြက်သွေးရောင် ဂိုဏ်းသည် အပိုင်း(က)တွင် ရှိနေပေသည်။ အပိုင်း(ခ)တွင် မဟုတ်။
“မြက်သွေးရောင်ဂိုဏ်းလား” ဝူရီ ရန်ကိုင်အား နားမလည်နိုင်စွာ ကြည့်လိုက်သည်။
“ဘာမှမဟုတ်ဘူး” ရန်ကိုင်က ယဲ့ယဲ့လေး ပြန်ပြုံးသည်။
ရန်ကိုင် မရှိစဉ်အတောအတွင်း တန်ခိုးရှင်အဆင့် မှော်ရတနာအားလုံး ရောင်းကုန်သွားခဲ့သည်။ နောက် လေလံတင်မည့် ပစ္စည်းများသည် တန်ခိုးရှင်အဆင့်နိမ့် ဆေးလုံးများပင် ဖြစ်လေသည်။
သဲမီးတောက်နယ်မြေ မကြာမီ ဖွင့်တော့မည် ဖြစ်သည့် အတွက်ကြောင့် အင်အားစုကြီးများသည် သူတော်စင် သလင်းကျောက်များကို ကပ်စေးနှဲနေမည် မဟုတ်ကြောင်း သိထားသည့်အတွက် ရတနာစံအိမ်သည် ဤလေလံပွဲကို ထူးရှယ်ပြင်ဆင်ထားခဲ့သည်။ သူတို့သာ ကောင်းမွန်သော ပစ္စည်းများကို လေလံတင်ပါက ဈေးကြီးကြီးဖြင့် ရောင်းချ နိုင်ပေလိမ့်မည်။ ထို့ကြောင့် တန်ခိုးရှင်အဆင့်နိမ့် မှော်ရတနာများ ပြီးသည့်နောက် တန်ခိုးရှင်အဆင့်နိမ့် ဆေးလုံးများကို လေလံတင်လာခဲ့ခြင်း ဖြစ်သည်။
မကြာမီ အရိပ်ကြယ်ပေါ်ရှိ တန်ခိုးရှင်အဆင့် ဆေးလုံးများ မည်မျှ ဈေးကြီးကြောင်းကို ရန်ကိုင် မြင်တွေ့ခဲ့ရသည်။ သူတော်စင်ချီကိုအား အလျင်အမြန် ပြန်ပြည့်စေနိုင်သော ဆေးလုံးများကို တစ်ပုလင်းလျှင် သူတော်စင်သလင်းကျောက် (၆)သိန်းဖြင့် ရောင်းသည်။ ဆိုလိုသည်ကား ဆေးလုံးတစ်လုံးလျှင် သူတော်စင် သလင်းကျောက် ခြောက်သောင်းကျပေသည်။
နှင်းဆီရိုင်းဆေးလုံး ဆယ်လုံးပါသည့် ဆေးပုလင်း တစ်ပုလင်းကို သူတော်စင်သလင်းကျောက် (၇၀၃၀၀၀)ဖြင့် ရောင်းချသည်။
သွေးကြောများကို ပြန်လည် ပြင်ဆင်ပေးနိုင်သည့် ဆေးလုံးငါးလုံးပါ ဆေးတစ်ပုလင်းကို (၈၀၀၀၀၀)ဖြင့် ရောင်းချသည်။
ဈေးအကြီးဆုံးသည်ကား အပဓဓါတ်ကို ကာကွယ် ပေးနိုင်သော နှင်းရေခဲဆေးလုံးပင်။ ထိုဆေးလုံး (၁၀)လုံးပါ ဆေးတစ်ပုလင်းကို သူတော်စင်သလင်းကျောက် တစ်သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။
သဲမီးတောက်နယ်မြေသည် အလွန်တရာကိုမှ အပူဓါတ် ပြင်းထန်လှသည်။ ထို့ကြောင့် ထိုထဲဝင်မည့်သူများ အတွက် နှင်းရေခဲဆေးလုံးမှာ အလွန်ကိုမှ အသုံးဝင်ပေသည်။ ထို့ကြောင့် ထိုဆေးလုံးငါးလုံးပါ ဆေးပုလင်းများကို အင်အားစုကြီးများမှ အလုအယက် လုဝယ်ခဲ့ကြသည်။
ဆေးလုံးများသည် မှော်ရတနာများနှင့် ကွဲပြားသည်။ မှော်ရတနာတစ်ခုသည် ကြီးကြီးမားမား မထိခိုက်သရွေ့ မရေမတွက်နိုင်အောင် ပြန်လည် ပြုပြုနိုင်သည်။ သို့သော် ဆေးလုံးမှာမူ တစ်ကြိမ် သောက်လိုက်သည်နှင့် အပြီးတိုင် ပျောက်ကွယ်သွားပေလိမ့်မည်။ ထို့အခြင်းအရာကို ထောက်ရှုကြည့်ပါက အင်အားစုကြီးများသည် သဲမီးတောက်နယ်မြေအတွက် အစွမ်းကုန် ပြင်ဆင် နေသည်ကို သိမြင်နိုင်သည်။ သာမန်အခြေအနေမျိုးတွင် ဆိုပါက တန်ခိုးရှင်အဆင့် ဆေးလုံးများသည် ဈေးကြီးသည့်တိုင် ထိုမျှမြင့်မားသည့် ဈေးနှုန်းဖြင့် လုံးဝ ရောင်းချနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ဈေးကွက်၏ ဝယ်လိုအား၊ အခြေအနေကို လိုက်၍ ရတနာစံအိမ်သည် ထိုဆေးလုံးများကို မူရင်းဈေးထက် သုံးဆ၊လေးဆသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ခဲ့သည်။
လေလံပစ်သူ အမျိုးသမီးသည် စင်ပေါ်တွင် အပြုံးကြီး ပြုံးလျက် ရပ်နေခဲ့သည်။ မည်မျှ ပျော်နေလဲမသိ၊ သူမ၏ ပါးလေးပင် ပန်းရောင်ရွှန်းစိုနေခဲ့လေပြီ။
တန်ခိုးရှင်အဆင့် ဆေးလုံးများကို ရောင်းချရန်အတွက် တစ်နာရီကျော် ကြာခဲ့သည်။
လေလံပွဲပြီးသွားပြီဟု အကုန်လုံး ထင်နေစဉ်မှာပင် လေလံပစ်သူ အမျိုးသမီးက ပြုံးလျက် အားလုံးကြားအောင် အော်ပြောလိုက်သည် “ကြွရောက်လာကြပါသော ဂုဏ်သရေရှိ ဧည့်သည်တော်များအားလုံးရှင့်၊ အခု နောက်ထပ် လေလံတင်မယ့် ပစ္စည်းကတော့ ကျွန်မတို့ ရတနာစံအိမ်လေလံပွဲရဲ့ နောက်ဆုံး ပစ္စည်းပဲ ဖြစ်ပါတယ်...”
သူမပါးစပ်မှ ထိုစကား ထွက်လာလိုက်သည်နှင့် တစ်ပြိုင်နက် လေလံပွဲတစ်ခုလုံး အပ်ကျသံပင် ကြားရ လောက်သည်အထိ တိတ်ကျသွားခဲ့သည်။ ပြင်းထန်၊ လေလံသော အသက်ရှူသံများကိုသာ ကြားနေရတော့၏။ မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာတို့သည် စင်မြင့်ထက်ပေါ်ရှိ အမျိုးသမီးပေါ်တွင် စုပြုံ ရောက်ရှိ နေခဲ့လေသည်။ အမျိုးသမီး၏ လေသံဟာဆိုလျှင်လည်း ယခင်နှင့်မတူဘဲ အနည်းငယ် ကတုန်ကရင် ဖြစ်နေခဲ့ရာ ယခုတစ်ကြိမ် လေလံတင်မည့် ပစ္စည်းသည် အတော့်ကိုမှ အဆင့်မြင့်လှသည့် ပစ္စည်းတစ်ခုခုမှန်း အကုန်လုံး နားလည်သဘောပေါက်လိုက်ကြသည်။
“ဒီပစ္စည်းရဲ့ အရေးပါမှုကြောင့် ဒီနောက်ဆုံးပစ္စည်းကို ရတနာစံအိမ်ရဲ့ ခေါင်းဆောင် ဆရာယန်ကိုယ်တိုင် လေလံပစ်ပါ့မယ်ရှင့်။ ဆရာယန် ကျေးဇူးပြုပြီး စင်ပေါ်သို့ ကြွလာခဲ့ပေးပါ” အမျိုးသမီးက ပြောပြီးသည်နှင့်သည့် စင်မြင့်၏ အခြားတစ်ဖက်ဆီသို့ ပြုံး၍ ကြည့်လိုက်သည်။
ယန်ဖေးသည် အလေးအနက် အမူအရာဖြင့် စင်မြင့်ပေါ်သို့ ခြေလှမ်းကျဲကျဲလှမ်းကာ တက်လာခဲ့သည်။
“ယန်ဖေးကိုယ်တိုင် လေလံတင်တော့မှာဟ” အဓိက အလွှာပင်မဟုတ်၊ အထူးအခန်းများသည်ပင် ပွက်ပွက်ညံနေခဲ့လေပြီ။
မျက်နှာမည်းယန်ဖေးသည် ရတနာစံအိမ်၏ ကောက်ကျစ်၊ ဥာဏ်များ၊ ရက်စက်၊ နှလုံးညစ်သော လေလံပစ်မြေခွေးအိုကြီးအဖြစ် ကျော်ကြားသည်။ သူလေလံတင်သည့် အချိန်တွင်း လေလံဆွဲသူများဆီမှ အသားသုံးလေးငါးထပ်လောက် မညစ်လိုက်ရလျှင် မကျေနပ်သည့် လူစားမျိုးဖြစ်သည်။ သို့သော်လည်း ယန်ဖေး၏ အဆင့်အတန်းမှာ ယခင်နှစ်များအတွင်း မြင့်တက်လာခဲ့လေရာ သူကိုယ်တိုင် လေလံတင်သည်မှာ ရှားပါးသွားခဲ့ရသည်။
ယန်ဖေးကိုယ်တိုင် လေလံတင်တော့မည်ကို ကြားသိလိုက်ရချိန် လူများစွာ ထိတ်လန့်သွားခဲ့ရသည်။
ယခုလာမည့် လေလံပွဲသည် အလွန်ကိုမှ တိုက်ပွဲ ပြင်းထန်တော့မည်မှန်း အကုန်လုံး သိလိုက်ကြသည်။ အထူးခန်းများတွင် ထိုင်နေကြသော ပညာရှင်များသည် နှမြောတသ အမူအရာများဖြင့် သူတို့၏ သိုလှောင် လက်စွပ်များကို ပွတ်သပ်နေကြသည်။ ထပ်တလဲလဲလည်း သက်ပြင်းချနေကြလေသည်။
“အဲ့ဒါက လေလံပွဲရဲ့ နောက်ဆုံးပစ္စည်းလား” ဝူရီနှင့် ယန်ယန်တို့ အချင်းချင်း ကြည့်လိုက်သည်။ မိန်းကလေး နှစ်ယောက်စလုံး အလွန်ကိုမှ စိတ်လှုပ်ရှားနေကြပြီး အတူတူ ကခုန်နေကြလေသည်။
နောက်ဆုံး လေလံတင်မည့် ပစ္စည်း မည်သည့် အရာလဲ ဆိုသည်ကို သူတို့ သတိနေလေပြီ။ နောက်ဆုံး ဆိုသော စကားလုံးသည် ထိုပစ္စည်း၏တန်ဖိုးကို တစ်ဟုန်ထိုး မြင့်တက်သွားစေနိုင်မည်မှာ မလွဲမသွေပင်။ လေလံပွဲ ပြီးသည်နှင့် သူမတို့နှစ်ယောက် သူဌေးမကြီးများ ဖြစ်လာပေတော့မည်။
အဖိုးတန်သတ္တုပစ္စည်းများစွာ ဝယ်နိုင်တော့မည့် အဖြစ်ကို တွေးရင် ယန်ယန် ပီတီ တစိမ့်စိမ့် ဖြာနေ၏။
အထူးခန်း (က-၅)ထဲတွင် ချင်းတုန်သည် လူငယ်လေ ခြောက်ယောက်နှင့်အတူ ထိုင်နေခဲ့သည်။ အယောက် တိုင်းသည် အရိပ်လခန်းမ၏ လူငယ်ကြယ်ပွင့်များ ဖြစ်ကြသည်။
သို့သော်လည်း ချင်းတုန်ဘေးနားတွင် ထိုင်နေသည့် ယောကျာ်းလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက် ရှိနေခဲ့သည်။ လူငယ်လေးသည် ရဲရင့်ပြီး သူရဲကောင်း ဆန်သော ရုပ်သွင်ကို ပိုင်ဆိုင်ထားသည့် သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ထို့အပြင် စူးရှသည့် မျက်ဝန်းအစုံကိုလည်း ပိုင်ဆိုင် ထားသေးသည်။
မိန်းမငယ်လေးမှာမူ ချိုသာလှပလေသည်။ သူမသည်လည်း သူတော်စင်ဘုရင် တတိယအဆင့် ဖြစ်သော်ငြား သူမ၏ အရှိန်အဝါသည် လူငယ်လေးကဲ့သို့ အားမကောင်းလှချေ။
အပိုင်း(၁၁၆၀)
အထွဋ်အထိပ်သိုင်းဧကရာဇ်
နဂါးရိုက်ကျာပွတ်
အကြီးအကဲချင်းတုန်၏ ဘေးတွင် ထိုင်နေရသည် ဖြစ်လေရာ ထိုလူငယ်လေးနှင့် မိန်းမငယ်လေးတို့၏ အဆင့်အတန်းမှာ လုံးဝ မနိမ့်ကျနိုင်ချေ။
“အကြီးအကဲချင်းနဲ့ ဆရာကြီးယန်နဲ့ အချင်းချင်း သိကြတယ်မလား။ အဲ့နောက်ဆုံး ပစ္စည်းက ဘာလဲ ဆိုတာ အကြီးအကဲချင်း သိလား” အနားတွင် ရပ်နေသော မိန်းကလေး တပည့်တစ်ယောက်က သိချင်စိတ်ဖြင့် မေးမြန်းကြည့်လိုက်သည်။
ချင်းတုန်သည် ထိုမိန်းကလေး၏ စကားကို မကြားသည့် အလား စင်မြင့်ပေါ်ကိုသာ အလေးအနက် အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။ ထိုအခြင်းအရာကို မြင်လိုက်သည် အကုန်လုံး အသက်ပင် အောင့်ထား မိလိုက်ကြသည်။ နောက်ဆုံးပစ္စည်းသည် လုံးဝကို ပုံမှန်မဟုတ်ဟု ပို၍ တွေးထင်မိလာသည်။ အကြီးအကဲသည် နောက်ဆုံး ပစ္စည်းအကြောင်းကို သိထားပြီး ဖြစ်ရပေလိမ့်ညမ်။ မဟုတ်လျှင် ဤကဲ့သို့ အမူအရာမျိုး လုပ်ပြနေလိမ့်မည် မဟုတ်ချေ။
“လော့ချင်” ချင်းတုန်က ရုတ်တရက် အော်ခေါ်လိုက်သည်။
“တပည့်ဒီမှာ ရှိပါတယ်” အနားတွင် အမြဲရပ်နေသော လော့ချင်က အလျင်စလို ပြန်ထူးလိုက်သည်။
“သူတော်စင်သလင်းကျောက် ဘယ်လောက်လောက် မင်းစုမိလိုက်လဲ”
လော့ချင်က အလျင်အမြန်ပဲ လေးလေးစားစားဖြင့် ပြန်ဖြေလိုက်လေသည် “အကြီးအကဲ ပြောတဲ့အတိုင်း သူတော်စင်သလင်းကျောက် ငါးသန်း စုဆောင်း လာခဲ့ပါတယ်။ ဒါပေမယ့် အဓိက သူတော်စင် သလင်းကျောက်တွေက ဂိုဏ်းကနေ ရတာပါ”
“သန်းငါးဆယ်လား...” ချင်းတုန် မျက်လုံး မှေးစဉ်းလိုက်သည် “ငါ့မှာရှိတဲ့ သန်းသုံးဆယ်လောက်နဲ့ ပေါင်းလိုက်မယ်ဆိုရင် စုစုပေါင်း သန်းရှစ်ဆယ်...”
အထူးခန်းထဲတွင် ရှိနေသော လူအားလုံး ထိတ်လန့် သွားခဲ့ကြသည်။ သူတို့သည် အရိပ်လခန်းမမှ တပည့်များ ဖြစ်ကြသည်။ အရိပ်လခန်းမ မဆင်းရဲမှန်းကိုလည်း သူတို့ သိသည်။ သို့တိုင် သန်းရှစ်ဆယ်ကဲ့သို့သော ပမာဏသည် အလွန်ကိုမှ ထိတ်လန့်ဖွယ်ကောင်းနေဆဲ။
သို့သော်လည်း သူတို့အား ကြောင်သွားစေသည်ကား ချင်းတုန် သူ့ဘာသာ ရေရွတ်လိုက်သော စကားပင် “ဒါနဲ့တောင် လောက်ပါ့မလား မသိဘူး”
ချင်းတုန် ဘေးနားတွင် ထိုင်နေသော မိန်းမငယ်လေးက မနေနိုင်ဘဲ မေးလိုက်မိလေသည် “နောက်ဆုံး ပစ္စည်းက ဘာလဲဆိုတာ ဆရာသိလား။ သူတော်စင်သလင်းကျောက် ရှစ်ဆယ်နဲ့တောင် ဘာလို့ မလောက်ရသေးတာလဲ”
သူမသာ သိချင်နေရုံမက အနားတွင် ရပ်နေသော လူငယ်လေးသည်လည်း သိချင်နေမိသည်။
လေလံပွဲစတင်သည့် အချိန်မှစ၍ အမြင့်ဆုံးဈေးဖြင့် ရောင်းချခဲ့သည့် ပစ္စည်းသည် ဓါးမြောင်နှစ်ချောင်းဖြစ်ပြီး သူတော်စင်သလင်းကျောက် (၂၁)သိန်းဖြင့် ရောင်းခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးပစ္စည်းသည် တန်ခိုးရှင်ဘုရင်အဆင့် ပစ္စည်းများ ဖြစ်နေလေမလား။
တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာဆိုပါက သန်းရှစ်ဆယ်ပင် လောက်လိမ့်မည် မဟုတ်ချေ။ ရတနာ စံအိမ်သည် ထိုကဲ့သို့သော ပစ္စည်းကို မည်သည့် နေရာမှ ရလာလေသနည်း။
“မင်းတို့ နားမလည်သေးဘူး” ချင်းတုန်က ခါးသက်သက် ပြုံးလျက် “သန်းရှစ်ဆယ်ဆိုတာ များတယ် ထင်ရပေမယ့် အခြားသူတွေမှာ ငါတို့ထက် ပိုရှိတယ်။ အရိပ်ကြယ်ပေါ်မှာ အရိပ်လခန်းမက အင်အားစုကြီး တစ်ခုပဲ။ ဒါပေမယ့် ငါတို့နဲ့ မိုးကြိုးမုန်တိုင်းဂိုဏ်း၊ ကြယ်ဧကရာဇ်ဂိုဏ်းနဲ့ ကောင်းကင်တိုက်ပွဲအစည်းအရုံး တို့လို ထိပ်ဆုံးအင်အားစုကြီး သုံးခုကြားမှ ကွာခြားချက် အချို့ ရှိနေသေးတယ်။ မြက်သွေးရောင်ဂိုဏ်း၊ မီးတောက် ကျောင်းတော်၊ အမွှာနှလုံးသာတောင်းကြားနဲ့ မြူမှုန် နန်းတော်တို့တောင် ငါတို့ထက် ပိုပြီး လွှမ်းမိုနိုင်စွမ်း ကြီးတယ်။ သူတို့မှာ သူတော်စင်သလင်းကျောက်တွေ ငါ့ထက်တောင် ပိုပြီး ရှိနေသေးနိုင်သေးတယ်”
“ဆရာ၊ တကယ်ကြီး ဘာကို လေလံတင်မှာလဲ” မိန်းမငယ်လေးက ထပ်မေးသည်။
“စောင့်ကြည့်လိုက်” ချင်းတုန်က ပြောလိုက်သည်။ ပြန်ဖြေမည့်ပုံမရ။ သူပြောပြလျှင်ပင် ထိုပစ္စည်း၏ တန်ဖိုးကို ဂျူနီယာများ နားလည်လိမ့်မည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ အချိန်ရောက်လာလျှင် သူတို့ နားလည်ပေလိမ့်မည်။
အထူးခန်းအားလုံး တိတ်ဆိတ်နေပြီး အကုန်လုံး၏ အကြည့်သည် စင်မြင့်ပေါ်တွင် ရှိနေခဲ့သည်။
မျက်နှာမည်းယန်ဖေးက စင်မြင့်ပေါ်တွင် ရပ်လျက် စူးရှသော မျက်လုံးအစုံဖြင့် လူအုပ်ကြီးကို သိမ်းကျုံး ကြည့်လိုက်သည်။ ထို့နောက် အသံအကျယ်ကြီး အော်ပြောလိုက်လေသည် “အခုလို ရတနာစံအိမ် လေလံပွဲကို တက်ရောက်ပေးတဲ့အတွက် မင်းတို့အားလုံးကို တကယ် ကျေးဇူးတင်တယ်။ ဒီတစ်ကြိမ် လေလံပွဲက အတော်လေး ကျေနပ်စရာကောင်းတယ်လို့ ပြောလို့ ရတယ်။ ဒါပေမယ့် ငါမကြိုက်တာ ရှိလားလို့ မေးရင်တော့ မင်းတို့ ဒီတစ်ကြိမ် တော်တော်လေး ကုပ်စေးနှဲနေတယ် အချက်ကိုပဲ ပြောရလိမ့်မယ်။ မင်းတို့အားလုံး ပိုပြီး စိတ်ဓါတ်တက်ကြွလာအောင် ငါကိုယ်တိုင် ထွက်လာရတာ။ ဒီလေလံပွဲမှာ ဘယ်သူ့ကိုမှ မင်းတို့ မျက်နှာသာ ပေးနေစရာ မလိုဘူး။ ရတနာစံအိမ်ကိုလည်း မျက်နှာသာ ပေးစရာ မလိုဘူး။ မင်းတို့ကြိုက်တဲ့ ပစ္စည်းကို ဝင်ဆွဲလို့ရတယ်။ အိပ်ရောင်းပြီး ဆွဲရရင်တောင် ဘာဖြစ်လဲ။ ကိုယ်လိုချင်တဲ့ ပစ္စည်းရဖို့က အဓိကပဲ မဟုတ်ဘူးလား”
ယန်ဖေးစကားကြောင့် အထူးခန်းထဲတွင် ရှိနေသော ပညာရှင်အားလုံး သက်ပြင်းရှိုက်လိုက်မိကြသည်။
မျက်နှာမည်းယန်သည် တကယ်ကို အကျင့်မကောင်း ပါချေ။ သူတို့ကို အိမ်ရောင်းပြီး လေလံဆွဲစေချင်နေသည်။
ထို့နောက် ယန်ဖေးက ဆက်ပြောလိုက်သည် “ကဲ စကားပြောတာတွေ တော်လောက်ပြီပေါ့။ အခုပဲ မင်းတို့ အားလုံးကို ဒီလေလံပွဲရဲ့ နောက်ဆုံးပစ္စည်းနဲ့ မိတ်ဆက်ပေးမယ်”
ယန်ယန်က အချက်ပြလိုက်ရာ ကျောက်စိမ်းလင်ဗန်း တစ်ချပ်ကို ကိုင်ထားသည့် အမျိုးသမီးတစ်ယောက် စင်ပေါ်သို့ လမ်းလျှောက်တက်လာခဲ့လေသည်။ ကျောက်စိမ်းလင်ဗန်းကို အနီရောင် ပိတ်သားဖြင့် ဖုံးအုပ်ထားလေသည်။
အမျိုးသမီးသည် ယန်ဖေးရှေ့သို့ လျှောက်သွားပြီး ရပ်နေလိုက်သည်။ ယန်ဖေးက အားလုံးဘက်သို့ လှည့်၍ “မျက်လုံးကျယ်ကျယ်ဖွင့်ပြီး သေချာကြည့်ထားကြနော်...”
ပြောပြီးသည်နှင့် အနီရောင်ပိတ်သားကို မတင်လိုက်ရာ အနီရောင်ကျာပွတ်တစ်ချောင်း ထွက်ပေါ်လာခဲ့လေသည်။ ကျာပွတ်သည် ကင်းမြီးကောက်တစ်ချောင်း၏ အမြီးကဲ့သို့ အကန့်၊ အကန့်နှင့် ဖြစ်သော်လည်း သွန်းလုပ်ထားပုံမှ အလွန်ကိုမှ အနုစိပ်လှသည်။ ထို့အပြင် ကျာပွတ်၏ အဖျားဟာ ဆိုလျှင်လည်း စူးချွန်တစ်ချောင်းကဲ့သို့ ဖြစ်၍ အစိမ်းရောင်တောက်နေခဲ့သည်။ ကြည့်လိုက်ရုံဖြင့် ကျာပွတ်ထိပ်တွင် အဆိပ်ပါမှန်း သိနိုင်ပေသည်။
“နဂါးရိုက်ကျာပွတ်ပဲ” ယန်ဖေးက အော်ပြောလိုက်သည်။
အခန်း(ဂ-၁၃)ထဲတွင် လက်ဖက်ရည်သောက်နေသော ရန်ကိုင်သည် ယန်ဖေး၏ စကားကို ကြားလိုက်သည့်အချိန် ပါးစပ်ထဲရောက်နေသော လက်ဖက်ရည်များကို ပြန်ထွေးထုတ်လုမတတ် ဖြစ်သွားခဲ့၇သည်။
ဓါးမြောင်နှစ်ချောင်းကို လေလံတင်စဉ်က မည်သည့် အရွှန်းတင်နာမည်မှ ပြောဆိုခြင်းမပြုဘဲ ရိုးရိုးတမ်းတမ်း ဓါးမြောင်းနှစ်ချောင်းဟုသာ ဆိုလျက် ရောင်းချခဲ့သည်။
သို့သော်လည်း ကျာပွတ်နီကိုမူ ‘နဂါးရိုက်ကျာပွတ်’ ဟူ၍ အမည်ပေးခဲ့ပေသည်။ နာမည်နှင့်တင် အတော့်ကိုမှ ရှိန်လောက်ပေသည်။ သို့သော်လည်း ပို၍ အံ့ဩစရာ ကောင်းသည်ကား ထိုကဲ့သို့သော နာမည်တစ်ခုပင် လက်တန်း ပြောရဲသော ယန်ဖေး၏ အရည်ထူမှုပင်။
အရပ်ရပ်ဆီမှ မီးတောက်တော့မတတ် အကြည့်များနှင့် အတူ မရေမတွက်နိုင်သော ကောင်းကင်စိတ်အာရုံတို့သည် ကြာပွတ်နီဆီသို့ ရောက်လာခဲ့လေသည်။ အထူးခန်းနှင့် အဓိကခန်းမတစ်ခုလုံးလည်း ပွက်ပွက်ညံသွားခဲ့သည်။
ယန်ဖေးက ဆက်ပြောလိုက်သည် “ဒီကျာပွတ်က တန်ခိုးရှင်အလယ်အလတ်အဆင့် မှော်ရတနာတစ်ခုပဲ။ ငါတို့ ရတနာစံအိမ်က ပန်းပဲဆရာတွေ ပြောတာကတော့ ဒီကျာပွတ်ကို အဆင့်ကိုးမွန်းစတားသားရဲ မြီးနီကိုယ်ခရမ်း ကင်းမြီးကောက်ရဲ့ အမြီးနဲ့ လုပ်ထားတာတဲ့။ တန်ခိုးရှင် အလယ်အလတ်အဆင့် မှော်ရတနာက ဘာကို ကိုယ်းစားပြုလဲ ဆိုတာကိုတော့ ငါရှင်းပြစရာ မလိုတောဘူးလို့ ထင်တယ်။ အရိပ်ကြယ်ပေါ်က ဘယ်ပန်းပဲပညာရှင်မှ ဒီလို ကျာပွတ်မျိုး မလုပ်နိုင်ဘူး။ အရှည်ကတော့ ငါးမီးတာပဲရှိတယ်။ ဒါပေမယ့် သူတော်စင်ချီ ထည့်လိုက်မယ်ဆိုရင်တော့ အရှည်ကို ကိုယ်လိုသလို ပြောင်းလဲလို့ရတယ်။ ပြီးတော့ ဒီမှော်ရတနာကို လုပ်ထားတဲ့ ပန်းပဲဆရာက မြီးနီကိုယ်ခရမ်း ကင်းမြီးကောက်ရဲ့ အမြီးဖျားကိုပါ ထပ်ထည့်ထားသေးတယ်။ အဲ့လို လုပ်ထားတာက နည်းနည်း ရက်စက်ကြမ်းကြုတ်တယ် ဆိုပေမယ့် မှော်ရတနာနဲ့ အစွမ်းကို တိုးသွားစေတာကတော့ မြေကြီးလက်ခတ်မလွဲပဲ”
ယန်ဖေးက ထိုသို့ပြောလိုက်ပြီး နဂါးရိုက်ကျာပွတ်ကို ယူ၍ အားလုံးရှေ့တွင် လွှဲရမ်းပြလိုက်သည်။
ခဏလောက် သရုပ်ဖော်ပြသပြီးနောက် ယန်ဖေးသည် ကျာပွတ်ကို ကျောက်စိမ်းလင်ဗန်းပေါ် ပြန်တင်ထားလိုက်၏။
ထိုစဉ် အပိုင်း(က)ရှိ အထူးခန်းတစ်ခန်းထဲမှ လူတစ်ယောက်၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည် “ဆရာယန်၊ ငါတို့ကို အိမ်ရောင်းပြီး မင်းဆွဲစေချင်တဲ့ ပစ္စည်းက ဒါလား။ တန်ခိုးရှင်အလယ်အလတ်အဆင့် မှော်ရတနာတွေက ရှားတယ်ဆိုပေမယ့် အိမ်ရောင်း ရလောက်တဲ့အထိတော့ မဟုတ်သေးဘူးနော်။ ဟွန့်၊ တန်ခိုးရှင်ဘုရင်အဆင့် ရတနာကိုများ မင်းတို့ လေလံတင်မှာလားလို့ ငါတွေးနေခဲ့တာ။ ဟုတ်လည်း မဟုတ်ဘူး”
“ဟုတ်တယ်။ အကုန်လုံးကို မျှော်လင့်ချက်ကြီးကြီး ပေးပြီးမှ တန်ခိုးရှင်အလယ်အလတ်အဆင့် မှော်ရတနာပဲ ထုတ်ပြလာတာတော့ မဟုတ်သေးဘူးနော်”
ယန်ဖေးသည် အားလုံး၏စကားကို မကြားသည့် အလား လှောင်ပြုံးပြုံးလျက်သာ စင်မြင့်ပေါ်တွင် ရပ်နေလေသည်။
လေလံပွဲတွင် မယုံကြည်နိုင်စရာ ပစ္စည်းတစ်ခု ပေါ်လာမည်ဟု အထူးအခန်းထဲတွင် ရှိနေသည့် လူအားလုံး သတိထားကြရသည်။ ထို့ကြောင့် ကိုယ်စားလှယ်များကို လွှတ်ကာ သူတော်စင်သလင်းကျောက်များ အလျင်စလို ပြန်ယူခိုင်းခဲ့၇လေသည်။ သို့သော်လည်း မည်သည့် ပစ္စည်းအား လေလံတင်မလဲ ဆိုသည်ကို ရတနာစံအိမ်က သူတို့အား ပြောမသွားခဲ့။ ထို့အပြင် ချင်းတုန်အနေဖြင့် နောက်ဆုံးပစ္စည်းက ဘာပစ္စည်းလဲ ဆိုသည်ကို ချင်းတုန်မှ လျှောက်ပြောလိမ့်မည် မဟုတ်ဟု ယန်ဖေး အပြည့်အဝ ယုံကြည်နေမိသည်။
အင်အားစုကြီးတိုင်းသည် သူတော်စင်သလင်းကျောက် များစွာကို ပြန်ယူခဲ့ကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ပေါ်လာသော ပစ္စည်းသည် တန်ခိုးရှင်အလယ်အလတ် အဆင့် မှော်ရတနာသာ ဖြစ်နေသဖြင့် အကုန်လုံး စိတ်ပျက် မိသွားခဲ့ကြလေသည်။
သို့သော်လည်း ထိုရတနာကို ရအောင်ယူရန် စဉ်းစားထားကြသေးသည်။ တန်ခိုးရှင်အလယ်အလတ် အဆင့် မှော်ရတနာကို သူတို့ မပိုင်ဆိုင်နိုင်လျှင်ပင် ဈေးမြင့်အောင် မြှင့်ခြင်းဖြင့် အခြားသူများ အထိနာအောင် လုပ်နိုင်ပေသည်။
သို့သော်လည်း မကြာမီ ယန်ဖေးသည် လေလံပွဲတွင် ရှိနေသည့် ယောကျာ်းများ သွေးအန်လောက်မည့် စကားကို ပြောလိုက်သည် “ဒီမှော်ရတနာက မိန်းကလေးတွေနဲ့ အသင့်တော်ဆုံးပဲ။ မင်းတို့အတွက် အသုံးမဝင်ဘူး ဆိုရင်တောင် ဒါကိုဝယ်ပြီး မင်းတို့ချစ်တဲ့ မိန်းကလေးကို ပေးလို့ရတာပဲ၊ မဟုတ်ဘူးလား။ ဒီမှော်ရတနာသာ ပေးလိုက်ရင် မင်းတို့ချစ်တဲ့ မိန်းကလေးကို ဒီည အိမ်ခေါ်သွားလို့ရပြီပဲ”
“ခွေးသူတောင်းစားအိုကြိး” မြက်စိမ်းရောင်ဂိုဏ်းကို ကိုယ်စားပြုသည့် အထူးခန်းထဲတွင် ရှိနေသော ယင်စုတျယ်သည် ယန်ဖေးကို ကြိတ်ကျိန်ဆဲလိုက်သည်။
ဓါးမြောင်နှစ်ချောင်းကို သူမ မဝယ်ခဲ့ခြင်းမှာ ပိုကောင်းသည့် မှော်ရတနာများ ပေါ်လာလေမလား ဆိုသော မျှော်လင့်ချက်ကြောင့် ဖြစ်သည်။ သူမ မျှော်လင့်ထားသလို နဂါးရိုက်ကျာပွတ် ပေါ်လာခဲ့သည်။ ထိုကျာပွတ်ကို မရရအောင် ယူမည်ဟုလည်း စိတ်ထဲ ယတိပြတ် ဆုံးဖြတ်ထားလိုက်သည်။ သူမ၏ ကျော်ကြားမှု၊ နာမည်ကြောင့် သူမသာ လေလံပေးလိုက်ပါ ဤနေရာတွင် ရှိနေသော လူတော်တော်များများ သူ့တို့ဘာသာ အလိုလို လက်လျှော့်သွားကြပေလိမ့်မည်။ သို့သော်လည်း ယန်ဖေးမှ ထိုကဲ့သို့ ပြောလိုက်သဖြင့် သူ့မအတွက် ယှဉ်ပြိုင်သူများ ပိုမိုများပြားလာရပေတော့မည်။
ယင်စုတျယ် ဘေးနားတွင် ထိုင်နေသော သက်လတ်ပိုင်း အမျိုးသမီးက ယင်စုတျယ်၏ လက်ကို အသာအယာ ပုတ်၍ နှစ်သိမ့်ပေးလိုက်သည် “စိတ်အေးအေးထား၊ ဒီပစ္စည်းကို ငါတို့ရမှာ”
“ကျေးဇူးပါ၊ ဒုတိယဒေါ်လေး” ယင်စုတျယ်က ချိုသာစွာ ပြုံးလိုက်သည်။
“နဂါးရိုက်ကြာပွတ်အတွက် ကြမ်းခင်းဈေးက သူတော်စင်သလင်းကျောက် တစ်သန်းပါ။ တစ်ကြိမ်တိုးတိုင်း တိုးတိုင်း တစ်သိန်းအောက် လျော့လို့ မရပါဘူး။ ကဲ၊ အားလုံး စပေးလို့ရပါပြီ” ယန်ဖေးက ပြောသင့်သည်များကို ပြောပြီးနောက် လေလံပွဲကို စတင်လိုက်သည်။
သူ့စကားသံ ပျောက်ကွယ်သွားသည်နှင့် လေလံဈေးသံများ အပြိုင်အဆိုင် ထွက်ပေါ်လာကြသည်။
“(၁၁)သိန်း”
“(၁၃)သိန်း”
“(၁၅)သိန်း”
“၂သန်း”
နဂါးကြာပွတ်ကို အထင်အမြင် သေးနေကြသော ပညာရှင်များသည် သူတို့ ပြောခဲ့သည်များကို မေ့လျော့ကာ အပြိုင်အဆိုင် လေလံဈေးခေါ်နေကြလေသည်။ အင်အားစုကြီးများမှ စီနီယာများသာမက လူငယ်မျိုးဆက်၏ ကြယ်ပွင့်များပါ ပါဝင် ပြိုင်ဆိုင်နေကြ၏။
“ငါ (၂၁)သိန်းပေးမယ်” ကောင်းကင်တိုက်ပွဲ အစည်းအရုံးမှ ချူချန်ဖုန်းက ယုံကြည်အပြည့်ရှိသည့် လေသံဖြင့် အော်ပြောလိုက်သည်။
“ဟန့်၊ (၂၃)သိန်း” ချူချန်ဖုန်းနှင့် ထာဝရ ဆန့်ကျင်ဘက် ဖြစ်သော ကောင်းကင်မုန်တိုင်းဂိုဏ်းမှ ဖန်ထျန်းဇုန်က ဈေးမြှင့်ပေးလိုက်သည်။ နှစ်ယောက် စလုံး၏ ဂိုဏ်းအင်အားမှာ အတူတူလောက် ရှိသည်။ သူတို့ နှစ်ယောက်၏ ကိုယ်ပိုင်ခွန်အားချင်းဟာလည်း အတူတူ လောက်သာ ရှိသည်။ ထို့ကြောင့် နှစ်ယောက်စလုံး မည်သူမှ တစ်ယောက်နောက် တစ်ယောက် မကျန်ခဲ့ချင်ကြချေ။
“အစ်ကိုဖုန်းက ဘာလို့ နဂါးရိုက်ကျာပွတ်ကို ဝယ်ချင်တောလဲ။ ဒါက အစ်ကိုဖုန်းနဲ့ လုံးဝ မလိုက်ဖက်ဘူးနော်။ ဒါကို ဝယ်တာ ငွေဖြုန်းတာပဲရှိမယ်” ချူချန်ဖုန်းက အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး လေလံဈေးကို ထပ်မြှင့်လိုက်သည် “(၂၅)သိန်း”
“ငါမသုံးနိုင်တာ ဟုတ်တယ်။ မင်းကော ဘာထူးလို့လဲ။ (၂၈)သိန်း” ဖန်ထျန်းဖုန်က နောက်ကောက်ကျမခံခဲ့။
“ကျုပ်က လက်ဆောင်ပေးဖို့ ဝယ်တာလေ။ မြက်သွေးရောင်ဂိုဏ်းက ဂျူနီယာညီမလေးယင်ဆီမှာ မှော်ရတနာကောင်းကောင်း မရှိဘူးလို့ ဒါကိုဝယ်ပြီး သူ့ကို လက်ဆောင်ပေးမလားလို့။ (၃)သန်း”
ပွင့်ပွင့်လင်းလင်း သူ့အချစ်ကို ကြေညာလိုက်ခြင်းပင်။ သူ့စကားကြောင့် လူပေါင်းများစွာဆီမှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာခဲ့သည်။
မြက်သွေးရောင်ဂိုဏ်းထဲတွ၈် ရှိနေသော သက်လတ်ပိုင်း အမျိုးသမီး၏ အမူအရာ အေးစက်သွားပြီး ယင်စုတျယ်၏ အမူအရာမှာလည်း သုန်မှုန်သွားခဲ့သည်။ ယနေ့အဖြစ်အပျက်ကြောင့် မဟုတ်တရုတ် ကောလဟာလများ ထွက်လာမည်ကို မလိုလားသည့် အတွက် အလျင်အမြန်ပဲ အော်ပြောလိုက်လေသည် “အစ်ကိုချူရဲ့ စေတနာကို ကျေးဖူးတင်ပေမယ့် ဒီစုတျယ်က ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ငြင်းပယ်ပါရစေ၊ နဂါးရိုက် ကျာပွတ်ကို ကျွန်မ လိုချင်တာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်မဘာသာကျွန်မပဲ ဝယ်လိုက်ပါ့မယ်။ (၃၂)သိန်း”