အခန်း (၁၁၆၆-၁၁၇၀)
Vol. 47 Ch. 1166-1170
အပိုင်း(၁၁၆၆)
အထွဋ်အထိပ်သိုင်းဧကရာဇ်
သူတော်စင်သလင်းကျောက်များ ရလာပြီဖြစ်သဖြင့် ဈေးဝယ်ရမည့်အချိန် ရောက်လေပြီ။ ယန်ယန်သည် သူမ လိုချင်သည့် ပစ္စည်းများကို ချက်ချင်း စာရင်း ချရေးလိုက်သည်။
ချင်းတုန်သည် ထိုစာရင်းကိုယူပြီး တစ်ချက် ကြည့်လိုက်သည်။ ထိုသို့ ကြည့်လိုက်သည်နှင့် သူ့အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရသည်။
ယန်ယန် ရေးထားသည့် ပစ္စည်းတိုင်းသည် အလွန်ကိုမှ ဈေးကြီးပေသည်။ ထိုပစ္စည်း အကုန်လုံးကိုသာ ဝယ်မည် ဆိုပါက သူတော်စင်သလင်းကျောက် အနည်းဆုံး သန်းလေးဆယ်၊ ငါးဆယ်လောက် ကျသင့်ပေလိမ့်မည်။ ပိုက်ဆံကိစ္စနှင့် ပက်သက်၍ စိတ်မပူပါချေ။ ရန်ကိုင်သည် ယခုလေးတင် သူတော်စင်သလင်းကျောက် သန်းတစ်ရာ ရထားရာ ထိုပစ္စည်းတန်ဖိုးကို မပေးနိုင်စရာ အကြောင်း မရှိချေ။ သူသိချင်မိသွားသည်ကား ရန်ကိုင် ဘာကြောင့် ထိုမျှများပြားတန်ဖိုးကြီးသော ကုန်ကြမ်းပစ္စည်းများအား ဝယ်ချင်နေလဲ ဆိုသည်ကိုပင်။
နားမလည်သော်ငြား ထိုအရာကို စိတ်ထဲတွင်သာ ထားလိုက်သည်။ အပြင်သို့ ထုတ်မမေးခဲ့။ အသာအယာ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်သည် “ပစ္စည်း အကုန်လုံးကိုတော့ ချက်ချင်း မရနိုင်သေးဘူး။ ဒါပေမယ့် တစ်လအတွင်း ရအောင်လုပ်ပေးမယ်”
“အဲ့လိုဆို စီနီယာကိုပဲ အားကိုးတော့မယ်နော်” ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်သည်။
အကုန်လုံး ပြောသင့်သည်များကို ပြောပြီးသွားပြီ ဖြစ်လေရာ ပြန်ရတော့မည့် အချိန်သို့ ရောက်လေပြီ။
ရန်ကိုင် ထွက်သွားပြီးနောက် ချင်းတုန်သည် ယန်ယန် ရေးပေးသွားသည့် စာရင်းစာရွက်ကို ကိုင်လျက် “ဒီပစ္စည်းတွေ မြန်မြန် သွားရှာလိုက်။ ဂိုဒေါင်ထဲမှာ မရှိရင် အနားက အင်အားစုတွေကို ရှာပေးဖို့ ပြောလိုက်။ ပြောထားတဲ့ အချိန်အတွင်း ရအောင် လုပ်ရမှာနော်”
“ဟုတ်ကဲ့ပါ” လော့ချင်း ချက်ချင်း ထွက်သွားသည်။
ထိုကိစ္စ အားလုံးပြီးမှသာ ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ အထဲ ဝင်လာခဲ့သည်။ သူတို့ ဆရာပျော်နေသည်ကို မြင်လိုက်သည့်နောက် တုန်ရွှမ်းအာက မေးလိုက်လေသည် “ဆရာ၊ ခုဏကဟိုလူက ဘာတွေများ ထူးခြားနေလို့ သူ့ကို အရေးတယူ ဆက်ဆံနေရတာလဲ”
“သူတကယ် အံ့ဩဖို့ကောင်းတာ” ချင်းတုန်က သက်ပြင်း အမောကြီး ချလိုက်ပြီးနောက် သူ့တပည့် နှစ်ယောက်ကို ကြည့်၍ “သူတော်စင်ဘုရင်အဆင့်ပဲ ရှိသေးတယ်ဆိုပြီး သူ့ကို သွားအထင်မသေးလိုက်နဲ့။ သူက သူတော်စင်ဘုရင်တတိယအဆင့်က လူတွေကိုတောင် သတ်နိုင်တယ်”
ဝေကုချန်း အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော် မကြာမီ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။
သူသည်လည်း သူတော်စင်ဘုရင် ပထမအဆင့်တွင် ရှိစဉ်က သူတော်စင်ဘုရင် တတိယအဆင့်များကို သတ်နိုင် ခဲ့ပေသည်။ ထို့ကြောင့် ထိုအရာသည် သိပ်ပြီး အံ့ဩစရာ ကောင်းလှသည်ဟု မထင်။
“အဲ့လိုဆိုရင် သူတော်တယ်လို့ ပြောရမှာပဲ။ ဒါပေမယ့် အဲ့လောက်နဲ့တင် ဆရာအနေနဲ့ သူ့ကို အရေးတယူ ဆက်ဆံ နေစရာ မလိုဘူးလေ။ ဆရာသူ့ကို လအရိပ်ခန်းမထဲ ခေါ်ချင်နေတာလား”
“သူ့ကို ခေါ်ဖို့လား” ချင်းတုန်က အရှက်ပြေ ရယ်လိုက်ပြီး “သူဝင်ချင်ရင်ကို အဆင်ပြေနေပြီ”
“ဘယ်လို။ ကျွန်မတို့ လအရိပ်ခန်းမက ကြယ်ဧကရာဇ် ဂိုဏ်းတို့၊ အခြားဂိုဏ်းကြီးတွေနဲ့ မယှဉ်နိုင်ပေမယ့် အားနည်းတဲ့ ဂိုဏ်းတစ်ဂိုဏ်းတော့ မဟုတ်ပါဘူးနော်” တုန်ရွှမ်းအားက ပြန်ပြောလိုက်သည်။
“သူ့နောက်ခံက ဘာလဲ နင်သိလို့လား။ ပြီးတော့ သူဘယ်ကလ လာလဲဆိုတာကိုကော နင်သိလို့လား” ချင်းတုန်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “နင်တို့ မသိလို့၊ မဟုတ်ရင် သူ့ကို အထင်သေးမှာ မဟုတ်ဘူး”
“အကြီးအကဲ သေချာရှင်းပြပေးလို့ရမလား။ အကြီးအကဲပြောတာ ကြားပြီး အဲ့လူအကြောင်း ကျုပ်စိတ်ဝင်စားသွားပြီ” ဝေကုချန်းက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ အကြီးအကဲချင်က ထိုမျှ လေးစားနေရသည့် လူတစ်ယောက်သည် သာမန် လူတစ်ယောက် လုံးဝ မဖြစ်နိုင်ချေ။
“အပြန်လမ်းမှာရှင်းပြမယ်” ချင်းတုန်က လက်ဝှေ့၇မ်းလိုက်ပြီး ရတနာစံအိမ်မှ ထွက်လာခဲ့သည်။
ကောင်းကင်ံကြမ္မာမြို့တော်ရှိ အကြီးဆုံး နန်းတော် ဆီသို့ လမ်းလျှောက်လာနေစဉ် ချင်းတုန်က ပြောလိုက်၏ “ဒီနေ့ လေလံတင်သွားတဲ့ နဂါးရိုက်ကျာပွတ်နဲ့ တန်ခိုးရှင် အခြေတည်ဆေးလုံးတွေကို ဘယ်သူ ယူလာတယ် ထင်လဲ”
တုန်ရွှမ်းအာက ထိတ်လန့်တုန်လှုပ်သွားသည့် လေသံဖြင့် “ဆရာပြောချင်တာက...”
“ဟုတ်တယ်။ သူပဲ” ချင်းတုန်က ခေါင်းညိတ်၍ “တန်ခိုးရှင်အခြေတည် ဆေးလုံးကိုတော့ သိပ်မတွေးနဲ့။ အဲ့ဆေးလုံးက အရမ်းကို ရှားပါတဲ့ပစ္စည်း။ အလွယ်တကူ ရနိုင်တာမျိုး မဟုတ်။ ကံကောင်းမှ ရနိုင်တာ။ ဒါပေမယ့် နဂါးရိုက်ကျာပွတ်ကတော့ သူ့ဆရာ လုပ်ထားတဲ့ ပစ္စည်းပဲ”
“ဘယ်လို” ဝေကုချန်းလည်း ထိတ်လန့်သွားခဲ့သည် “အဲ့လူငယ်လေးရဲ့ ဆရာက တန်ခိုးရှင် အလယ်အလတ် အဆင့် ပန်းပဲပညာရှင်လား။ အရိပ်ကြယ်ပေါ်မှာ ဘယ်တုန်းက အဲ့လိုပညာရှင်တစ်ယောက် ပေါ်လာတာလဲ”
“အဲ့ဒါကြောင့်ပဲ ငါသူနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ချင်နေတာ။ အရိပ်ကြယ်ပေါ်မှာ အဲ့လို ပန်းပဲပညာရှင်မျိုး တစ်ယောက်မှ မရှိဘူး။ သူတို့က အပြင်လောကကြီးကနေ ရောက်လာခဲ့တာ”
“အပြင်ကနေလား...” ဝေကုချန်နှင့် တုန်ရွှမ်းအာတို့ နှစ်ယောက်စလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
“ဟုတ်တယ်။ အပြင်ကနေ လာခဲ့တာ။ ငါတို့ အရိပ်ကြယ်က အပြင်လောကကြီးနဲ့ အရမ်း ဝေးလွန်းတယ်။ အနီးဆုံးကြယ်တောင် ဒီနေရာနဲ့ အဝေးကြီးပဲ။ ငါတို့ အရိပ်ကြယ်ပေါ်မှာ အဆင့်မြင့် ပန်းပဲပညာရှင်တွေ မရှိတော့ ကြယ်စီရင်ထဲ အဝေးကြီး သွားနိုင်တဲ့ ကြယ်သင်္ဘောတွေ မဆောက်နိုင်ဘူး။ ဒါကြောင့် အပြင်လောကကြီးမှာ ဘာတွေရှိလဲဆိုတာ စိတ်ကူးယုံပဲ တတ်နိုင်တယ်။ အပြင်ဘက်မှာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တွေ၊ ပန်းပဲပညာရှင်တွေ ရှိတယ်ဆိုတာကို သိထားပေမယ့် အဲ့အဆင့်တွေက ငါတို့ ဘယ်တော့မှ မရောက်နိုင်တဲ့ အဆင့်တွေလေ”
“ဒီနေရာကနေ အပြင်ဘက်ကို သွားလို့ မရတာကို သူတို့က ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ” တုန်ရွှမ်းအာက မယုံသင်္ကာဖြင့် မေးလိုက်သည်။
“တိုက်ဆိုင်သွားတာပေါ့” ချင်းတုန်က ပြုံးလျက် “ငါသူ့ကို စစတွေ့တုန်းက သူ့ဆရာကို ရန်စမိသွားမှာစိုးလို့ သူ့နောက်ခံကို မမေးရဲခဲ့ဘူး။ ဒါပေမယ့် မကြာသေးခင် တုန်းက လော့ချင်ကို သူ့နောက်ခံအကြောင်း သွားစုံစမ်း ကြည့်ခိုင်းခဲ့တယ်။ ငါကြားသလောက်တော့ သူ့ကို ဟိုင်ခဲ မိသားစုပိုင်တဲ့ ကြယ်သင်္ဘောက ကြယ်တာရာကောင်းကင် ထဲမှာ ခရီးသွားနေတုန်း တွေ့ခဲ့တာတဲ့။ အဲ့လူငယ်လေးကို ကြယ်သင်္ဘောပေါ် ခေါ်လာတုန်းက မိုးရေစင်ကြယ်ကလို့ ပြောတယ်တဲ့။ ငါရှေးဟောင်းသမိုင်း လှန်ကြည့်ပြီးသွားပြီ။ မိုးရေစင်ကြယ်ဆိုတာ တကယ် ရှိတယ်”
“သူ့ကိုပဲ ခေါ်လာရင် သူ့မှာ တန်ခိုးရှင်အလယ်အလတ် အဆင့် ဆရာတစ်ယောက်ရှိတာ ဘယ်လိုလုပ်ပြီး သေချာ နေရတာလဲ”
“သူ့ဆရာ ဘာလုပ်ချင်နေလဲ ဆိုတာကို ငါလည်း နားမလည်ဘူး။ သူ့ကို တိတ်တဆိတ် ကာကွယ်ပေးနေတယ်လို့ ထင်တာပဲ။ ဟိုင်ခဲမိသားစု ကြယ်သင်္ဘော အရိပ်ကြယ်ဆီ ပြန်လာတုန်းက ကျောက်နက်သားရဲအုပ်ကြီး ဝိုင်းတိုက်တာ ခံရတယ်လေ။ အကုန်လုံး ဒုက္ခရောက်နေတဲ့အချိန် ရွှေရောင် လှံတစ်ချောင်း ပေါ်လာပြီး ကျောက်နက်သားရဲ အားလုံးကို သတ်ပစ်သွားတယ်တဲ့။ ဒါပေမယ့် လှံပိုင်ရှင်ကိုတော့ ဘယ်သူမှ ရှာမတွေ့ခဲ့ဘူး။” ချင်းတုန်က ရှင်းပြလိုက်သည်။
“ဒီသတင်းကို လော့ချင်ရလာတာ။ အဲ့ကိစ္စကို ဟိုင်ခဲ မိသားစုက တပည့်တွေအများကြီး ကိုယ်တိုင် မြင်ခဲ့ကြတာ။ ဒါကြောင့် ရန်ကိုင်ကို အရိပ်ထဲကနေ ကာကွယ်ပေးနေတဲ့ တစ်ယောက်ယောက် ရှိလိမ့်မယ်လို့ ငါထင်တာ”
ချင်းတုန်၏ သုံးသပ်ပြသွားချက်သည် အတော့်ကိုမှ ကျိုးကြောင်းသင့်လှသည်။ ရရှိထားသည့် သတင်းအရ ကောက်ချချမည့်သူတိုင်း ထိုကဲ့သို့သာ တွေးပေလိမ့်မည်။ သို့သော်လည်း ရန်ကိုင်၏ အစစ်အမှန် ခွန်အားကို ချင်းတုန် လျှော့တွက်သွားခဲ့သည်။ ထို့အပြင် ယန်ယန်၏ ထူးခြား လွန်းလှသည့် စွမ်းရည်ကိုလည်း အတူတူပင်။ ထို့ကြောင့် ရန်ကိုင်တွင် ဆရာတစ်ယောက် ရှိနေသည်ဟု ထင်သွားခဲ့ခြင်း ဖြစ်ပေသည်။
“သူသာ အပြင်လောကကြီးက လာတာဆိုရင် သူ့မှာ တန်ခိုးရှင်အလယ်အလတ်အဆင့် ပန်းပဲပညာရှင် ဆရာ တစ်ယောက် ရှိနေတာ အထူးအဆန်း မဟုတ်တော့ဘူး” ဝေကုချန်းက ခေါင်းညိတ်လိုက်သည်။
“ငါဒီနေ့ မင်းတို့ကို ဆူပူနေတာမဟုတ်ဘူး။ ဒါပေမယ့် အခြားသူတွေရဲ့ ခွန်အားကို သေချာ လေ့လာဖို့ပဲ။ ပြီးတော့ ဘယ်တော့မှ လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး သွားမဆုံးဖြတ်နဲ့။ ဒီနေ့ ပြောခဲ့တာတွေကို အခြား ဘယ်သူ့ ကိုမှ သွားပြန်မပြောနဲ့နော်”
“တပည့် နားလည်ပါတယ်” လူငယ်လေး နှစ်ယောက် စလုံး ခေါင်းညိတ်လိုက်ကြသည်။
“သူ့ဆရာက တန်ခိုးရှင် အလယ်အလတ်အဆင့် ပန်းပဲ ပညာရှင်တောင် မကသေးဘူးလို့တော့ ငါထင်တာပဲ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူနဲ့ ဆက်ဆံရေး ကောင်းနေဖို့က အရေးအကြီးဆုံးပဲ။ မင်းတို့အတွက် မှော်ရတနာနှစ်ခု လုပ်ပေးမယ်လို့ သူသဘောတူထားတယ်။ သူလည်း သဲမီးတောက် နယ်မြေထဲ ဝင်မှာ။ အဲ့မှာ မင်းတို့ အချင်းချင်း ရင်းနှီးအောင် လုပ်ဖို့ အခွင့်အရေး ရလိမ့်မယ်။ ငါပြောတာကို သေချာမှတ်ထားနော်”
“တပည့် မှတ်ထားပါတယ်” ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ နှစ်ယောက်စလုံး ပြိုင်တူ ခေါင်းညိတ်လိုက်၏။ အကြီးအကဲချင် သူတို့အား ထိုလူငယ်လေးဆီ ခေါ်သွားစဉ်က မာနတစ်ခွဲသားဖြင့် လုပ်မနေခဲ့သင့်ချေ။ သဲမီးတောက် နယ်မြေ ဖွင့်သည်နှင့် ရန်ကိုင်နှင့် ရင်းနှီးအောင် လုပ်ရမည်ဟု စိတ်ထဲကြိတ်၍ ဆုံးဖြတ်ချက် ချလိုက်လေသည်။
နဂါးလိုဏ်ဂူရှေ့၊ ရန်ကိုင် သူ့ကြယ်လွန်းပျံပေါ်မှ ခုန်ဆင်းလိုက်သည်။
ဝူရီနှင့် ယန်ယန်တို့ နှစ်ယောက်စလုံး ရန်ကိုင်အား အထူးအဆန်း မျက်နှာနှင့် ကြည့်နေကြသည်။ နှစ်ယောက် စလုံး သူ့အား အံ့ဩနေသည့် အကြည့်ဖြင့် မကြာခဏ ကြည့်ကြည့်နေကြသည်။
“နင်တို့ ဘာမေးချင်နေတာလဲ” ရန်ကိုင် မျက်မှောင် ကြုတ်လိုက်သည်။
“နင့်မှာ ဆရာတကယ် ရှိတာလား” ဝူရီက မေးလိုက်၏။
“နင်ဘာလို့ မေးတာလဲ”
“ရတနာစံအိမ်ဆီ မသွားခင်တုန်းက အရိပ်ကြယ်ပေါ်မှာ ဘယ်ဆေးလုံးက ဈေးအကြီးဆုံးလဲလို့ မေးခဲ့တယ်လေ။ ငါက တန်ခိုးရှင်အခြေတည်ဆေးလုံးနဲ့ နီဗားနားတန်ခိုးရှင် ဆေးလုံးလို့ ပြောရော နင်က တန်ခိုးရှင် အခြေတည်ဆေးလုံး နှစ်လုံး ထုတ်ပြလာတယ်။ အဲ့ဆေးလုံးတွေကို နင့်ဆရာ ပေးလိုက်တာလား”
ရန်ကိုင်က ရယ်သွမ်းသွေးလိုက်ပြီး “နင်ဘယ်လိုထင်လဲ”
“ငါမသိဘူး” ဝူရီက ခေါင်းခါလိုက်သည်။
“ငါ့မှာဆရာရှိရင် အခုအချိန်အထိ နင်တို့ သူကို မမြင်ဖူးဘဲ နေလိမ့်မယ်လို့ ထင်လား”
“တန်ခိုးရှင်အခြေတည်ဆေးလုံးကကော...”
“ငါကိုယ်တိုင် ဖော်စပ်ထားတာလို့ ပြောရင် နင်တို့ ယုံမှာလား”
အမျိုးသမီး နှစ်ယောက်စလုံး ပြတ်ပြတ်သားသားကို တုန့်ဆိုင်းခြင်းမရှိ ခေါင်းခါလိုက်သည်။
သူလည်း ယခင်က ယန်ယန်ကဲ့သို့ ဘဝမျိုး ရောက်နေလေပြီ။ ယန်ယန်သည် သူ့ကိုယ်သူ တန်ခိုးရှင် အဆင့် ပန်းပဲပညာရှင် ဖြစ်ပါသည်ဟု ပြောခဲ့သော်ငြား မည်သူမှ မယုံကြည်ခဲ့ချေ။
ယခုသူလည်း အတူတူပင်။ ထိုဆေးလုံး နှစ်လုံးကို သူကိုယ်တိုင် ဖော်စပ်ခဲ့ပါသည်ဟု ပြောသော်လည်း ဝူရီနှင့် ယန်ယန်တို့ နှစ်ယောက်စလုံး မယုံကြချေ။ ထိုအကြောင်း ဆက်ပြီး လေပွားမနေတော့ဘဲ ရန်ကိုင်က ချင်းတုန် သူ့အား ပေးခဲ့သည့် သိုလှောင်လက်စွပ်ကို ယန်ယန်ဆီ ပေးလိုက်ပြီး “သူတို့အတွက် အကာအကွယ် မှော်ရတနာနှစ်ခုလောက် လုပ်ပေးလိုက်ပါဦး။ အဆင့်အမြင့်ကြီးတော့ မလုပ်နဲ့။ တန်ခိုးရှင် အဆင့်နိမ့်လောက်ဆို အဆင်ပြေပြီ”
“ငါသိပြီ” ယန်ယန်က ခေါင်းညိတ်လိုက်သည်။ သူမအတွက် တန်ခိုးရှင်အဆင့်နိမ့် မှော်ရတနာများကို လုပ်ရန်မှာ မခက်ခဲလှပေ။ ယခု သူမသည် ကျောက်တုံး ရုပ်သေးရုပ်၏ အကူအညီကိုပါ ရနေပြီ ဖြစ်လေရာ ယခင်ကထက် ပိုမို မြန်ဆန်စွာ လုပ်နိုင်လေပြီ။
ပန်းပဲထုရာတွင် အချိန်အယူရဆုံးသည်ကား သတ္တုများကို သန့်စင်ရခြင်းပင်။ ပုံမှန်ဆိုလျှင် သတ္တုများကို အကြိမ်များစွာ သန့်စင်ပ်ရန် လိုသည်။ ထိုသို့လုပ်ခြင်းဖြင့် အချိန်ကုန်ရုံသာမက လူလည်း အရမ်း ပင်ပန်းရသည်။ သို့သော် ကျောက်တုံးရုပ်သေးရုပ်သည် သတ္တုများကို အချိန်တိုအတွင်း အညစ်အကြေး လုံးဝ ကင်းစင်အောင် လုပ်ပေးနိုင်သည် ဖြစ်လေရာ သူမအတွက် အချိန်ကုန်၊ လူပင်ပန်းရမည့် အဖြစ်မှ ကင်းလွှတ်သွားခဲ့လေပြီ။ ထို့ကြောင့် ကျောက်တုံးရုပ်သေးရုပ်များသည် ပန်းပဲ ပညာရှင်များအတွက် အကောင်းဆုံး အကူများ ဖြစ်သည်ဟု ယန်ယန် ပြောခဲ့ခြင်းပင်။
ယခင်ကဆိုလျှင် ယန်ယန်အနေဖြင့် တန်ခိုးရှင် အဆင့် မှော်ရတနာတစ်ခုကို လုပ်ရန်အတွက် တစ်လ၊ နှစ်လလောက် အချိန်ယူရသည်။ သို့သော်လည်း ယခုမူ သုံးလေးရက်အတွင်း ပြီးအောင် လုပ်နိုင်လေပြီ။
“သဲမီးတောက်နယ်မြေထဲဝင်ဖို့ ငါသွားပြင်လိုက်ဦးမယ်။ လိုဏ်ဂူကိစ္စတွေကိုတော့ နင်တို့ပဲ တာဝန်ယူထားလိုက်တော့” ပြောပြီးသည်နောက် အခန်းထဲသို့ ဝင်သွားလိုက်ပြီး တံခါးကို ပိတ်ချလိုက်၏။
သဲမီးတောက်နယ်မြေ ဖွင့်မည့်အချိန်ကို အတိအကျ မသိရသေးသော်လည်း အနည်းဆုံး တစ်လ၊ နှစ်လလောက် ပြင်ဆင်ချိန် ရပေသည်။
ထိုအချိန်အတောအတွင်း သူ့တိုက်ပွဲစွမ်းရည် တိုးတက် လာအောင် လုပ်ထားရပေမည်။
မှော်ရတနာကိစ္စနှင့် ပက်သက်၍ ခရမ်းရောင်ဒိုင်း၊ တောင်တစ်ရာပန်းချီကားချပ်တို့ပေါ် သူ့ဝိဥာဉ် အမှတ်အသား ခတ်နှိပ်နိုင်ရန် ကြိုးစားရပေမည်။ မှော်ရတနာနှစ်ခုစလုံးကို သန့်စင်ပြီးသွားသည့်အခါ တိုက်ပွဲတွင် သုံးရ လွယ်ကူအဆင်ပြေစေရန် သူ၏ သူတော်စင်ချီဖြင့် အားဖြည့်ပေးရမည်။
ထို့အပြင် နှင်းရေခဲဆေးလုံးများစွာကိုလည်း ဖော်စပ်ရန် စဉ်းစားထားသည်။
လေလံပွဲတွင် ပေါ်လာသည့် နှင်းရေခဲဆေးလုံး များသည် တန်ခိုးရှင်အဆင့်နိမ့်များ ဖြစ်ကြသည်။ ထို့ကြောင့် သူ့လက်ရှိ ကျွမ်းကျင်မှုဖြင့် ထိုဆေးလုံးများကို ဖော်စပ်နိုင်မည်မှာ လုံးဝ သေချာပေသည်။ ထို့အပြင် သူ့တွင် ဆေးအမယ်အများကြီးလည်း ရှိပေသေးသည်။
ကုသရေးဆေးလုံးများသည် သူ့တွင် အများကြီး ရှိနေသေးသဖြင့် ထပ်ဖော်စပ်နေစရာ မလိုတော့ချေ။ ထို့အပြင် သူ့ခန္ဓာကိုယ်၏ ပြန်လည်ကောင်းမွန်နိုင်စွမ်း ကြောင့် ကုသရေးဆေးလုံးများကို မလိုအပ်သလောက် ဖြစ်နေခဲ့သည်။ အဆိုးဆုံးဖြစ်လာလျှင် ရွှေရောင် သွေးစက် တစ်စက်ကို ဖောက်ခွဲပစ်လိုက်ရုံပင်။ သူ့အုတ်မြစ် မထိခိုက်သွားသရွေ့ ရွှေရောင်သွေးစက်ထဲတွင် ပါဝင်သော စွမ်းအားသည် သူ့ခန္ဓာကိုယ်ကို အချိန်တိုအတွင်း ပြန်လည် ကောင်းမွန်နိုင်ပေသည်။
အရေးကြီးသည်ကား လေဟာနယ်ဓါးသွား၏ စွမ်းအားကို မြန်မြန် တိုးတက်အောင် လုပ်ရန်သာ ဖြစ်သည်။
အပိုင်း(၁၁၆၇)
အထွဋ်အထိပ်သိုင်းဧကရာဇ်
လေဟာနယ်ဓါးသွားသည် လေဟာနယ်စွမ်းအားကို အသုံးချပုံတစ်မျိုးဖြစ်ပြီး ရန်ကိုင်သာ အသုံးပြုနိုင်သည့် တိုက်ခိုက်ရေးနည်းလမ်းတစ်မျိုး ဖြစ်သည်။ လေဟာနယ် ဓါးသွားကို ခုခံရန်မှာ လုံးဝနီးပါးကို မဖြစ်နိုင်ပြီး သူသာ ထိုနည်းလမ်းကို ပြီးပြည့်စုံအောင် လုပ်နိုင်မည်ဆိုပါက သူ၏ ဝှက်ဖဲတစ်ချပ် ဖြစ်လာပေလိမ့်မည်။
သဲမီးတောက်နယ်မြေသို့ သူတစ်ခါမှ မရောက်ဖူးသဖြင့် ထိုနေရာအကြောင်း ကောင်းကောင်း မသိ။ ချင်းတုန်၏ ရှင်းပြထားသလောက် ထိုနေရာသည် အလွန်ကိုမှ အန္တရာယ်များသည့် နေရာတစ်ခုဖြစ်သည်။ ထို့ကြောင့် ထိုထဲသို့ မဝင်မီ အကောင်းဆုံး ပြင်ဆင်သွားရန် လိုအပ်၏။
တင်ပလင်ခွေ ထိုချလိုက်ပြီးနောက် လေလံပွဲမှ ရခဲ့သည့် အင်းဆက်ကျောက်တုံးကို အရင်ထုတ်လိုက်သည်။
ထိုကျောက်တုံးထဲတွင် ရှေးဟောင်းအင်းဆက်များကို တိုးတက်အောင် လုပ်ပေးနိုင်သည့် ထူးဆန်းသော စွမ်းအင် တစ်မျိုး ရှိသည်ဟု ယန်ယန် ပြောခဲ့သည်။ ဝိဥာဉ်ဝါးမြို အင်းဆက်များသည် ရှေးဟောင်းအင်းဆက်များ ဖြစ်သည်။
အင်းဆက်ကျောက်တုံးကို ထုတ်ယူလိုက်သည်နှင့် သူ့အသိစိတ်ပင်လယ်ထဲရှိ ခြောက်ရောင်ခြယ်ကျွန်းပေါ်၌ ရှိနေကြသော ဝိဥာဉ်ဝါးမြိုအင်းဆက်များ ဂနာမငြိမ် ဖြစ်လာကြသည်။
သို့သော်လည်း ရန်ကိုင်၏ ခွင့်ပြုချက်မရဘဲ ခြောက်ရောင်ခြယ်ကျွန်းပေါ်မှ မထွက်ခွာနိုင်သည့် အတွက်ကြောင့် ပို၍ကို ဂနာမငြိမ် ဖြစ်လာကြလေသည်။
ရန်ကိုင်လည်း သူ့အသိစိတ်ပင်လယ် အတားအဆီးကို ဖြေလျော့ပေးလိုက်ရာ ချက်ချင်းဆိုသလို မရေမတွက် နိုင်သော ဝိဥာဉ်ဝါးမြိုအင်းဆက်များ အင်းဆက်ကျောက်တုံး ဆီသို့ ချက်ချင်း ပျံသန်းလာကြလေသည်။
ဝိဥာဉ်ဝါးမြိုအင်းဆက်များ အင်းဆက်ကျောက်တုံးထဲ ရောက်သွားသည်နှင့် ချက်ချင်း ဆိုသလို အချင်းချင်း မတည့် ဖြစ်လာကြပြီး သူတို့ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာလည်း ကြမ်းတမ်းလာခဲ့လေသည်။
မကြာမီ အင်းဆက်ကျောက်တုံးထဲမှ တိုက်ခိုက်သံများ ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ဝိဥာဉ်ဝါးမြို အင်းဆက်များ အချင်းချင်း ပြန်လည် ဝါးမြိုနေသည်ကို တွေ့လိုက်ရလေသည်။ အားနည်းသော ဝိဥာဉ်ဝါးမြို အင်းဆက်များသည် အချိန်အကြာကြီး မတောင့်ခံနိုင်ကြဘဲ အားကောင်းသော ကောင်များ၏ ဝါးမြိုခြင်း ခံလိုက်ရသည်။ အားနည်းသော ကောင်များကို ရှင်းထုတ်ပြီးနောက် အားကောင်းသော ကောင်များသည် သူတို့အချင်းချင်း ပြန်တိုက်ခိုက်ကြတော့သည်။ ဤသို့ဖြင့် ဝိဥာဉ်ဝါးမြို အင်းဆက်များ၏ အရေအတွက်မှာ အလျင်အမြန် လျော့ကျလာခဲ့ရလေသည်။
ရန်ကိုင် အူမြူးသွားသည်။
ဝိဥာဉ်ဝါးမြိုအင်းဆက်များ ချင်ချင်း ပြန်လည် မဝါးမြိုကြသည်မှာ အတော့်ကိုမှ ကြာသွားခဲ့လေပြီ။ သို့သော် ထိုကဲ့သို့ ပြန်လည်ဝါးမြိုခြင်းဖြစ်စဉ် ပြီးသည့််နောက်တွင် ထိုကောင်များ၏ ခွန်အား သိသိသာသာ တိုးတက်လာ၏။ ယခု ထိုဖြစ်စဉ် ထပ်ဖြစ်နေသည်ကို မြင်ရသော် ထိုကောင်များ၏ ခွန်အား နောက်တစ်ဆင့်သို့ ထပ်မံ မြင့်တက်တော့မည်မှန်း ရန်ကိုင် သိလိုက်သည်။
ဝိဥာဉ်ဝါးမြိုးအင်းဆက်များသည် တန်ခိုးရှင်အဆင့် ပညာရှင်များကို ခြိမ်းခြောက်နိုင်သည်အထိ ပြောင်းလဲ တိုးတက်သွားမည် ဆိုပါက အရိပ်ကြယ်ပေါ်တွင် သူပြိုင်ဘက်ကင်းလေပြီ။ ထိုအခါ ယန်ယန်အနေဖြင့် နဂါးတောင်ကြားလိုဏ်ဂူတောင်တွင် အစီအရင်တစ်ခု ခင်းကျင်းနေစရာ မလိုတော့ချေ။ ဝိဥာဉ်ဝါးမြို အင်းဆက်များကို ကြောက်ရွံ့သည့်အတွက်ကြောင့် မည်သူမှ သူ့အား လာရန်စရဲလိမ့်မည် မဟုတ်ချေ။
ခဏလောက် စောင့်ကြည့်သော်လည်း ပြီးမည့်ပုံ မပေါ်သေးသဖြင့် ရန်ကိုင်လည်း ထိုအင်းဆက်လေးများ၏ စစ်ပွဲကို ဂရုစိုက်မနေတော့ဘဲ အင်းဆက်ကျောက်တုံးကို အခန်းထောင့်တစ်နေရာတွင် ထားလိုက်ကာ သူတို့ဘာသာ ဆက်လက် တိုက်ခိုက်နေစေလိုက်သည်။
ထို့နောက် ဆေးပင်အချို့နှင့် ဆေးမီးကို ထုတ်ယူကာ နှင်းရေခဲဆေးလုံးကို ဖော်စပ်ရန် ပြင်ဆင်တော့သည်။
သူ့အနေဖြင့် တန်ခိုးရှင်အဆင့်နိမ့် ဆေးလုံးများကို အလွယ်တကူ သန့်စင်နိုင်သည် ဖြစ်လေရာ နှစ်ရက်အတွင်း နှင်းရေခဲဆေးလုံး အလုံးနှစ်ဆယ်ကို သန့်စင်နိုင်ခဲ့ပြီး ထိုထဲမှ ရှစ်လုံးတွင် ဆေးသွေးကြော ပါပေသည်။
ဆေးလုံးများကို ဖော်စပ်ပြီးနောက် လေဟာနယ် စွမ်းအားကို ကျင့်ကြံခြင်း သူ့မှော်ရတနာကို အားဖြည့်၏။
ဤသို့ဖြင့် အချိန်တရွေ့ရွေ့ ကုန်ဆုံးနေလေရာ မျက်တောင်တစ်ခတ်အတွင်း သုံးလကုန်သွားခဲ့သည်။
ကျောက်တုံးခန်းထဲတွင် ရန်ကိုင်သည် လေဟာနယ် ဝိဥာဉ် သလင်းကျောက် တစ်တုံးကိုကိုင်လျက် မျက်လုံး ပိတ်ရင်း တင်ပလင်ခွေ ထိုင်နေခဲ့သည်။ ထိုသို့ ထိုင်နေရင်း ကျန်လက်တစ်ဖက်ဖြင့် လေထဲသို့ ဝှေ့ရမ်းကြည့်နေခဲ့သည်။ ထိုကဲ့သို့ ဝှေ့ရမ်းလိုက်တိုင်း ပါးလျေသော လေဟာနယ် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး ပျံထွက်သွား၏။
အခန်းတစ်ခုလုံး ပွစာကြဲနေသည်။ လေဟာနယ် ဓါးသွားများ၏ အဆက်မပြတ် ဖြတ်တောက်မှုကြောင့် အကုန်လုံးနီးပါး ပျက်စီးနေကုန်လေပြီ။
သုံးလလောက် တံခါးပိတ်ကျင်စဉ် ဝင်ပြီးနောက် သူ၏ လေဟာနယ်ဓါးသွားသည် ယခင်ကထက် ပို၍ အားကောင်း လာခဲ့သည်။ ပို၍ မြန်ဆန်လာခဲ့သလို ယခင်ကထက်လည်း ပို၍ တည်ငြိမ်လာခဲ့သည်။
တည်ငြိမ်မှုနှင့် မြန်ဆန်မှုသည် လေဟာနယ်ဓါးသွား၏ အဓိကအချက်ဖြစ်ကာ အထူးသဖြင့် တည်ငြိမ်မှုပင်။ ထိုတိုက်ခိုက်မှုသည် သူတော်စင်ချီကို သိပ်သည်းပြီး တိုက်ခိုက်ရသည့် တိုက်ခိုက်မှုများနှင့် မတူညီချေ။ သူတော်စင်ချီကို သုံးရသည့် တိုက်ခိုက်မှုများသည် သူတော်စင်ချီ များလျှင် များသလောက် အားကောင်း၏။ သို့သော်လည်း လေဟာနယ်ဓါးသွားတွင် ရန်ကိုင် အသုံးပြုထားသော သူတော်စင်ချီပမာဏသည် အလွန်ကိုမှ နည်းပါးလွန်းလှသည်။ လေဟာနယ်ဓါးသွားတွင် အရေးကြီးဆုံးသည်ကား ၎င်းနှင့် ထိတွေ့သမျှ အရာ အားလုံးကို ဝါးမြိုပစ်နိုင်စွမ်းပင်။
ထို့ကြောင့် ထိုဓါးသွားသာ မတည်ငြိမ်သရွေ့ ဘာကိုမှ ဝါးမြိုပစ်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအရာကို ဖြတ်သွားသည့် အရာတိုင်း ဟင်းလင်းပြင်ထဲသို့ ရောက်သွား၏။ ထိုလေဟာနယ်ဓါးသွားသည် အခြားသူများ၏ တိုက်ခိုက်မှုများကိုပင် ဝါးမြိုပစ်နိုင်၏။ အခြားသူများ၏ တိုက်ခိုက်မှုများနှင့် မှော်ရတနာများကို ဝါးမြိုပစ်နိုင်သည်အထိ အားကောင်းလာပါက တိုက်ခိုက်ရာတွင် ခုခံရန် လုပ်နေစရာ မလိုတော့ဘဲ တိုက်ခိုက်ခြင်းသည် သူ၏ အကောင်းဆုံးသော ခံစစ် ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း လေဟာနယ်ဓါးသွား၏ တည်ငြိမ်မှုကို အခြားသူများ၏ တိုက်ခိုက်မှုများက ပျက်ယွင်းစေနိုင်၏။ လေဟာနယ်ဓါးသွား မတည်မငြိမ် ဖြစ်လာပါက လုံးဝ ပျက်စီးသွားပြီး အသုံးမဝင် ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် တံခါးပိတ်ကျင့်စဉ် ဝင်နေစဉ် အတောအတွင်း လေဟာနယ်ဓါးသွားကို မည်ကဲ့သို့ တည်ငြိမ်အောင် လုပ်ရမလဲ ဆိုသည့် အပေါ်တွင်သာ လုံးဝနီးပါး အာရုံစိုက်ထားသဖြင့် လေဟာနယ်ဓါးသွား၏ အမြန်နှုန်းမှာ ယခင်နှင့်စာလျှင် တိုးတက်လာသည် ဆိုသော်လည်း များများစားစား တိုးတက်လာခြင်း မရှိချေ။
ကျင့်ကြံနေလျှင် အချိန်မေ့၊ အားလုံးကိုမေ့ ဖြစ်တတ်သည်မှာ သဘာဝဖြစ်သည်။ ထို့ကြောင့် ဆက်သွယ်ရေး မှော်ရတနာမှ ကောင်းကင်စိတ်အာရုံ လှိုင်းများ ထွက်ပေါ်လာသည့် အခါမှသာ ရန်ကိုင် နိုးလာခဲ့လေသည်။
ချင်းတုန် သူ့အား သတင်းပို့လာလေပြီ။ ချင်းတုန် ပို့သော သတင်းစကားကို ဖတ်ပြီးနောက် အခန်းထဲမှ အလျင်အမြန် ထွက်သွားလိုက်သည်။
သုံးလဆိုသော အချိန်ကာလသည် လေဟာနယ် ဓါးသွားကို ပြီးပြည့်စုံအောင် လုပ်ရန်အတွက် အလွန်ကိုမှ တိုတောင်းလွန်းလှသည်။ မပြီးပြတ်သေးသော လေဟာနယ်ဓါးသွားကို တိုက်ပွဲအတွင်း အသုံး မပြုနိုင်ချေ။ သို့သော် သဲမီးတောက်နယ်မြေမှာ ပွင့်လာတော့မည် ဖြစ်သဖြင့် ထိုကိစ္စကို ဘေးချိတ်ထားရပေတော့မည်။
ကံကောင်းစွာဖြင့် သုံးလကြာအောင် သူတော်စင်ချီဖြင့် အားပြည့်ပြီးနောက် ခရမ်းရောင်ဒိုင်းနှင့် တောင်တစ်ရာ ပန်းချီကားချပ် နှစ်ခုစလုံးကို စအသုံးပြုနိုင်လေပြီ။
သူလိုဏ်ဂူထဲမှာ ထွက်လာလိုက်သည်နှင့် ပြောင်းလဲ သွားသော နဂါးလိုဏ်ဂူတောင်ကြောင့် ရန်ကိုင်၏ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ရသည်။ ဤနေရာရှိ မိုးမြေ စွမ်းအင်သည် အလွန်ကိုမှ သိပ်သည်းလာခဲ့ရာ တောင်တစ်လုံးချင်းစီတိုင်းတွင် ရစ်သိုင်းနေသော မြူခိုး ကဲ့သို့သော အရာများကိုပင် မြင်နေရလေပြီ။ ထို့အပြင် သေသေချာချာ ဆောက်လုပ်ထားသော အိမ်များစွာနှင့် ဘာမှန်းမသိသော အရာများကိုလည်း တွေ့နေရသည်။
ကျင့်ကြံသူများစွာတို့ အလုပ်ရှုပ်နေကြသည်။ ယန်ယန်နှင့် ဝူရီမှာမူ တစ်ခုခုကို လေ့လာနေရင်း အလုပ်ရှုပ်နေလေသည်။ ရန်ကိုင် ထွက်လာသည်ကို မြင်သော် အမျိုးသမီး နှစ်ယောက်စလုံး ကြောင်သွား၏။ သို့သော် ချက်ချင်းပဲ သူတို့ လုပ်နေသည့် ကိစ္စကို ဘေးချကာ ရန်ကိုင်အား နှုတ်ဆက်လိုက်သည်။
“သွားတော့ဖို့လား” ဝူရီက မေးလိုက်သည်။
“အင်း” ရန်ကိုင်က ခေါင်းညိတ်၍ သူတို့ကို သတိပေးလိုက်လေသည် “ငါထွက်သွားရင် ငါ့အခန်းနား ဘယ်သူမှ မလာစေနဲ့နော်။ အထူးသဖြင့် အင်းဆက် ကျောက်တုံးနားပဲ။ အဲ့ထဲမှ အင်းဆက်အချို့ ရှိနေတယ်”
“နားလည်ပြီ” ဝူရီက အလျင်အမြန် ပြန်ဖြေလိုက်၏။
“အကြီးအကဲချင်း လုပ်ခိုင်းထားတဲ့ တန်ခိုးရှင်အဆင့် မှော်ရတနာတစ်ခုကိုကော ပို့ပြီးသွားပြီလား” ရန်ကိုင်က ယန်ယန်ဘက် လှည့်မေးလိုက်သည်။
“နင်တံခါးပိတ်ကျင့်စဉ် ဝင်သွားပြီး ဆယ်ရက်လောက် ကြာတာနဲ့ ပို့ထားလိုက်တာ။ ငါဝယ်ထားတဲ့ ပစ္စည်းတွေကို အကြီးအကဲချင်း ကိုယ်တိုင်လာပို့တုန်းက တစ်ခါတည်း ပေးလိုက်တာ”
“ကောင်းတယ်”
“နင်သွားမယ်ဆိုပေမယ့် ရှောင်ရှောင်ကတော့ နေခဲ့ရလိမ့်မယ်။ သူမရှိရင် မှော်ရတနာ လုပ်ဖို့ ငါအရမ်း အားစိုက်ရမှာ” ယန်ယန်က ပြောလိုက်သည်။
ရှောင်ရှောင်သည် ကျောက်တုံးရုပ်သေးရုပ် ဖြစ်သည်။ ယန်ယန်သည် သူ့ကို မမေးဘဲ သူမစိတ်ကြိုက် နာမည် ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရန်ကိုင်က ထိုကိစ္စကို စိတ်ထဲ ထားမနေခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ သဲမီးတောက် နယ်မြေသို့ သွားသည့် ခရီးတွင် ကျောက်တုံး ရုပ်သေးရုပ်၏ အကူအညီကို လိုလိမ့်မည် မဟုတ်သဖြင့် ယန်ယန်၏ တောင်းဆိုချက်အတိုင်း ကျောက်တုံး ရုပ်သေးရုပ်ကို အမိန့်အချို့ပေးပြီး ချန်ထားရစ်ခဲ့သည်။
ကောင်းကင်ကံကြမ္မာမြို့တော်ဆီသို့ သွားနေစဉ် ထိုနေရာဆီမှ အပြာရောင်အလင်းတန်းတစ်ခု သူ့ဘက်သို့ ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။ သေချာ ကြည့်ကြည့်လိုက်သည့်အခါ လော့ချင် ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
“သခင်လေးရန်” လော့ချင်က ရပ်လိုက်ပြီး လက်သီးဆုပ်၍ ရန်ကိုင်အား ပြောလိုက်သည် “အကြီးအကဲချင်း သခင်လေးကို မြို့က ဟင်းလင်းပြင် အစီအရင်ဆီ မြန်မြန် ခေါ်လာဖို့ ပြောလိုက်လို့ပါ။ အကုန်လုံး ရောက်နေပြီ။ သခင်လေးရန် တစ်ယောက်ပဲ ကျန်တော့တာ”
“အဲ့လိုဆိုရင် အစ်ကိုလော့ကိုပဲ အကူအညီ တောင်းရတော့မှာပေါ့” ရန်ကိုင်က နှုတ်ဆက်လိုက်ပြီး လော့ချင်နှင့်အတူ ကောင်းကင်ကံကြမ္မာမြို့တော်ဆီ ထွက်သွားလိုက်လေသည်။
သွားနေစဉ် အတောအတွင်း ရန်ကိုင်သည် လော့ချင်ကို သဲမီးတောက်နယ်မြေအကြောင်း မေးခဲ့သည်။ သို့သော် လော့ချင်သည် သဲမီးတောက်နယ်မြေအကြောင်း သိပ်မသိထားချေ။ သဲမီးတောက်နယ်မြေ ပွင့်တော့မည့် အကြောင်းနှင့် အရိပ်ကြယ်ပေါ်ရှိ အင်အားစုကြီး အားလုံး အမျိုးမျိုးသော ဝင်ပေါက်များဆီ အပြေးသွားနေသည် ဆိုသောအချက်ကိုသာ သိထားသည်။
ကောင်းကင်ကံကြမ္မာ မြို့တော်ထဲသို့ ရောက်ပြီးနောက် နန်းတော်ကြီးတစ်ခုဆီ ချက်ချင်း တန်းသွားလိုက်သည်။ ထိုနေရာသို့ ရောက်နေပြီးနောက် ထိုနေရာတွင် စုဝေးနေသည့်လူ စုစုပေါင်း အယောက်နှစ်ရာနီးပါး ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုလူများအနက် ကိုးဆယ်ရာခိုင်နျုန်းသည် သူတော်စင်ဘုရင်များ ဖြစ်ကြပြီး အများစုသည် သူတော်စင်ဘုရင် ဒုတိယအင့်၊ တတိယအဆင့်များ ဖြစ်ကြသည်။ သူတော်စင်ဘုရင် ပထမအဆင့်များလည်း ရှိသေးသည်။ သို့သော်လည်း သဲမီးတောက်နယ်မြေသည် အလွန်ကိုမှ အန္တရာယ် များလှသဖြင့် သူတော်စင်ဘုရင်ပထမအဆင့်များသည် အထဲရောက်သည်နှင့် ဘာမှ သိပ်လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ အရိပ်လခန်းမတွင် လူငါးဆယ်အတွက်သာ နေရာ ရှိသည်ဟု ချင်းတုန် ပြောသွားခဲ့ပေသည်။ သို့သော် ဤနေရာတွင် ဘာကြောင့် ထိုမျှ လူများနေရသနည်း။
ထို့အပြင် ထိုလူများ၏ အမူအရာအရ အားလုံးသည် သဲမီးတောက်နယ်မြေထဲသို့ ဝင်ကြတော့မည့်ပုံပင်။
ရန်ကိုင် အထဲသို့ ဝင်လာသည်နှင့် မရေမတွက် နိုင်သော အကြည့်ပေါင်းစုံတို့ သူ့ဆီ စုပြုံရောက်လာသည်။ ချင်းတုန်က ရယ်ရယ်မောမောဖြင့် သူ့အား ဆီးကြို နှုတ်ဆက်လိုက်လေသည် “တူလေးရန် ရောက်လာတာ အချိန်ကိုက်ပဲ။ အခုလေးတင်ပဲ အကုန်လုံးကို စုပြီးတာ။ ဟင်းလင်းပြင်အစီအရင်လည်း ဖွင့်ဖို့ အသင့်သင့် ဖြစ်ရုံပဲ။ မင်းတို့အားလုံး ငါ့နောက်လိုက်ခဲ့ကြ”
ယခင်အကြိမ် သူတို့တွေ့စဉ်က သူ့တပည့် နှစ်ယောက် အတွက် တန်ခိုးရှင်အဆင့်မှော်ရတနာ နှစ်ခုကို လုပ်ပေးမည်ဟု ရန်ကိုင်က ပြောခဲ့သည်။ ပြောပြီးနောက် ဆယ်ရက်အတွင်း ထိုမှော်ရတနာနှစ်ခု ချင်းတုန်ဆီသို့ ရောက်လာခဲ့သည်။ မှော်ရတနာနှစ်ခုလုံးသည် တန်ခိုးရှင် အဆင့်နိမ့်သာ ဆိုသော်ငြား အလယ်အလတ်အဆင့်သို့ ရောက်ခါနီးနေလေပြီ။ ထိုအကာအကွယ် မှော်ရတနာ နှစ်ခုစလုံးသည် ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့၏ လက်ထဲ၌ ရှိနေပေသည်။
ထိုမှော်ရတနာနှစ်ခုကိုသာ လေလံတင်မည် ဆိုပါက အနည်းဆုံး သူတော်စင်သလင်းကျောက် လေးသန်းလောက် ရပေသည်။ နှစ်ခုစလုံးသည် အအေးဓါတ် မှော်ရတနာများ ဖြစ်ကြသည့်အတွက် သဲမီးတောက်နယ်မြေ၏ အပူဓါတ်ကို ခုခံရာတွင် အသုံးဝင်သည် မဟုတ်ပေလော။ ထို့ကြောင့် ထိုမှော်ရတနာများ၏ ဈေးနှုန်း မြင့်သွားရခြင်း ဖြစ်သည်။
ချင်းတုန် သူ့အပေါ် ကောင်းခဲ့သမျှကို ရန်ကိုင်က ထိုတစ်ကွက်တည်းနှင့်ပင် တန်အောင် ပြန်ဆပ်သွားသည်။
ထို့ကြောင့် ချင်းတုန်သည် ရန်ကိုင်အား အလွန်ကိုမှ ကျေးဇူးတင်နေခြင်းဖြစ်သည်။ ယခုတစ်ကြိမ်တွင်လည်း ရန်ကိုင်ကို စောင့်မနေစေရအောင် အကုန်လုံးကို စုဝေးစေပြီးမှ ရန်ကိုင်ဆီ အကြောင်းကြားလိုက်သည်။
ချင်းတုန်ကိုယ်တိုင် နှုတ်ဆက်သည်ကို မြင်သော် ကျင့်ကြံသူများစွာတို့သည် ရန်ကိုင်အား အံ့ဩနေသည့် အမူအရာများဖြင့် ကြည့်လိုက်ကြသည်။ သူတို့၏ အကြီးအကဲချင်းသည် သူတော်စင်ဘုရင် ပထမအဆင့်ကို ဘာကြောင့် ထိုမျှ အထူးအရေးပေး ဆက်ဆံနေမှန်း သူတို့ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
“စီနီယာအစ်ကိုဝေ၊ အဲ့လူဘယ်သူလဲ။ ကျွန်မတို့ကို အကြာကြီး စောင့်ခိုင်းထားရအောင် အဲ့လူက ဘယ်သူလဲဟင်” လှပငယ်ရွယ်သော မိန်းမငယ်လေး တစ်ယောက်က ဝေကုချန်းအား မေးလိုက်သည်။
“ဟုတ်တယ်။ သူ့ကြည့်ရတာ အင်အားစုကြီး တစ်ခုခုက လာတဲ့ပုံလည်းမပေါ်ဘူး။ ကျင့်ကြံခြင်းအဆင့် ဆိုရင်လည်း သူတော်စင်ဘုရင်ပထမအဆင့်ပဲ ရှိသေးတယ်” တစ်ယောက်ယောက်က ဝင်ပြောလိုက်သည်။
ဝေကုချန်းက ထိုလူများအား တစ်ချက်ကြည့်လိုက်ပြီး အမျိုးသမီးဆီမှ နည်းနည်း ခွာလျက် ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည် “သူဘယ်သူလဲဆိုတာ အရေးမကြီးဘူး။ သူ့ကို သွားရန်မစမိအောင်သာနေ”
ဝေကုချန်းက အေးစက်စက် တုန့်ပြန်မှုကြောင့် အမျိုးသမီးငယ်လေး အောင့်သက်သက် ပြုံးလျက် နောက်သို့ ပြန်ဆုတ်လိုက်လေသည်။
ဝေကုချန်းသည် အရိပ်လခန်းမ၏ အရည်အချင်း အရှိဆုံး တပည့်တစ်ယောက် ဖြစ်သည့်အပြင် ရုပ်ချောပြီး တည့်တိုးလည်းဆန်သည်။ ထို့ကြောင့် သူ့အား ကြိတ်၍ လေးစားနေသူ အမျိုးသမီးတပည့်များစွာ ရှိပေသည်။ ကံမကောင်းစွာဖြင့် ဝေကုချန်း၏ စိတ်ထဲတွင် တုန်ရွှမ်းအာ တစ်ယောက်သာ ရှိပေသည်။
အပိုင်း(၁၁၆၈)
အထွဋ်အထိပ်သိုင်းဧကရာဇ်
နန်းတော်ထဲတွင် အရိပ်လခန်းမ၏ ဝတ်စုံကို ဝတ်ဆင်ထားသည့် စုစုပေါင်း လူအယောက်(၅၀) ရှိနေခဲ့ပြီး အကုန်လုံးသည် သပ်ရပ်ခံ့ညားနေခဲ့ကြသည်။ ကျန်လူ အယောက်တစ်ရာမှာမူ အခြားအမျိုးမျိုးသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
ရန်ကိုင်စိတ်ထဲ ဘာတွေးနေလဲ ဆိုသည်ကို နားလည် လိုက်သည့်အလား ချင်းတုန်က ရှင်းပြလိုက်လေသည် “ငါတို့ အရိပ်လခန်းမမှာ ငါတို့ကြိုက်သလို အသုံးပြုလို့ ရတဲ့ နေရာငါးဆယ်ရှိတယ်။ ဒါပေမယ့် ငါတို့ အရိပ်လခန်းမရဲ့ လက်အောက်ခံ မိသားစုတွေ၊ အင်အားစုတွေမှာလည်း ဝင်ခွင့်အသီးသီး ရှိသေးတယ်။ ငါတို့လောက်တော့ မများဘူးပေါ့။ ဒီမှာ ငါတို့ အရိပ်လခန်းမနဲ့ ဘာမှမသက်ဆိုင်တဲ့ အခြား အင်အားစုတွေလည်း ရှိသေးတယ်။ သူတို့တွေက ကောင်းကင်ကံကြမ္မာမြို့တော်နဲ့ နီးလို့ ဒီကိုလာပြီး ငါတို့နဲ့ အတူတူသွားဖို့ လုပ်နေကြတာ”
ထို့ကြောင့် ခန်းမထဲတွင် လူအများကြီး ရှိနေရခြင်း ဖြစ်မှန်းကို ရန်ကိုင် ရုတ်တရက် နားလည်လိုက်သည်။
အရိပ်ကြယ်ပေါ်ရှိ အင်အားစုများသည် ယခုကိစ္စနှင့် ပက်သက်၍ အတော်လေး မျှမျှတတ လုပ်ဆောင်ခဲ့သည်ဟု ပြော၍ရသည်။ အကျိုးအမြတ်အားလုံးကို သူတို့ တစ်ကိုယ်တည်း မောင်ပိုင်စီးရန် မကြိုးစားခဲ့ချေ။ အားနည်းသော အင်အားစုများအတွက်လည်း နေရာများ ပေးထားခဲ့သည်။ သို့သော် အထဲရှိ အကျိုးအမြတ်များကို သူတို့ ရနိုင်လား၊ မရနိုင်ဘူးလား ဆိုသည်မှာ သူတို့၏ စွမ်းရည်အပေါ်တွင်သာ မူတည်နေပေသည်။
ထို့ကြောင့် သဲမီးတောက်နယ်မြေ တစ်ကြိမ်ဖွင့်တိုင်း အထဲသို့ဝင်သည့်လူ လူတစ်သောင်းအောက် မလျော့ဟု ချင်းတုန် ပြောခဲ့ခြင်းပေကိုး။
အရိပ်ကြယ်သည် ကြီးလွန်းလှသည်။ အင်အားစု တစ်ခု ချင်းစီတိုင်းသည် သဲမီးတောက်နယ်မြေသို့ ဝင်နိုင်မည့် နေရာ များစွာ မရသော်ငြား အကုန်လုံးကို စုပေါင်း ကြည့်လိုက်ပြီးနောက် တစ်သောင်းပမာဏကို ပြည့်ဖို့သည် ပြဿနာ တစ်ခု မဟုတ်တော့ချေ။
ချင်းတုန်နှင့်အတူ လမ်းလျှောက်နေစဉ် သူ့အား မုန်းမုန်းတီးတီး စိုက်ကြည့်နေသည့် အကြည့်စူးစူးကို ခံစားမိလိုက်သဖြင့် ထိုခံစားချက် ထွက်ပေါ်လာရာ အရပ်ဆီ ချက်ချင်း လှမ်းကြည့်လိုက်သည်။ ထိုကဲ့သို့ အကြည့်မျိုးကို ရန်ကိုင် အရမ်း ခံစားလွယ်ပေသည်။
လူနှစ်ယောက်၏ အကြည့် ထိပ်တိုက်တွေ့သွားချိန် တစ်ဖက်လူ၏ မျက်နှာ မဲ့သွားခဲ့ပြီး ချက်ချင်းပဲ အကြည့်လွှဲလိုက်ပေသည်။
ရှဲ့ဟုန်ဝမ်ပင်...
သူလည်း သွားမှာလား ဟိုးတစ်ခါက ရှဲ့ဟုန်ဝမ်သည် နဂါးတောင်ကြားသို့လာပြီး ရန်ကိုင်ကို ပြဿနာ ရှာခဲ့သည်။ ချင်းတုန် ရောက်လာသောကြောင့်သာ မဟုတ်ပါက ရှဲ့ဟုန်ဝမ် သေသွားလောက်ပေပြီ။ ထိုကောင်သည် နောက်ခံကောင်းကောင်း ရှိသည်မှလွဲ၍ ဘာဆိုဘာမှ သုံးစားမရသော လူတစ်ယောက် ဖြစ်သည်။ သူတော်စင်ဘုရင် ပထမအဆင့်ကို ရောက်ထားသော်ငြား ဆေးလုံးအကူအညီဖြင့်သာ ရောက်ထားခြင်း ဖြစ်ပြီး သူ့တိုက်ပွဲစွမ်းရည်မှာ အလွန်ကိုမှ နိမ့်ကျလှသည်။
ရန်ကိုင် ပိုပြီး အံ့အားသင့်သွားရစေသည့် အချက်သည်ကား ရှဲ့ဟုန်ဝမ်သည် အရိပ်လခန်းမ၏ ဝတ်စုံကို ဝတ်မထားခြင်းပင်။ သူ့နောက်တွင် သူ့နှင့် တူညီသော ဝတ်စုံကို ဝတ်ဆင်ထားသည့် သူတော်စင်ဘုရင် တတိယ အဆင့် ပညာရှင်နှစ်ယောက် ရှိနေခဲ့သည်။
“စီနီယာ၊ သဲမီးတောက်နယ်မြေထဲမှာ လူသတ်လို့ ရလား” ရန်ကိုင်က ရုတ်တရက် ချင်းတုန်ကို မေးလိုက်၏။
ရန်ကိုင်မှ ရှဲ့ဟုန်ဝမ်အား စိုက်ကြည့်နေရင်း မေးလိုက်သည်ကိုမြင်သော် ရန်ကိုင် ဘာလုပ်ချင်နေလဲ ဆိုသည်ကို ချင်းတုန် ချက်ချင်း သိလိုက်သည်။ ထို့ကြောင့် လှောင်ပြုံးပြုံးလျက် ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “သတ်လို့ရတယ်။ အခြားသူတွေကို သွားပြဿနာ မရှာမိစေဖို့တော့ တူလေးရန် သတိထားပေါ့။ ဒါပေမယ့် ကိုယ့်ကို လာပြဿနာရှာရင်လည်း ငြိမ်ခံမနေနဲ့။ လုပ်ချင်သလိုသာ လုပ်လိုက်။ နောက်ဆက်တွဲ ကိစ္စကို ဒီလူအိုကြီး ကြည့်ရှင်းမယ်”
“အဲ့လိုဆို စီနီယာကို ကြိုပြီး ကျေးဇူးတင်ပါတယ်ဗျာ” ရန်ကိုင်လည်း လှောင်ပြုံးပြုံးနေခဲ့သည်။ ရှဲ့ဟုန်ဝမ်သာ သဲမီးတောက်နယ်မြေထဲ မဝင်လျှင် သူ့ကို ဤအတိုင်း ထားလိုက်နိုင်ပေသေးသည်။ သို့သော်လည်း ထိုကောင်သည် သူ့လား လာလက်စားချေရဲသည်။ ပထမတစ်ကြိမ် သနားညှာတာ ပေးပြီးသွားလေပြီ။ ဒုတိယတစ်ကြိမ် ဆိုသည်မှာ ရှိတော့မည်မဟုတ်။ ယခင်အကြိမ်က သူ့ကို မသတ်ခဲ့ခြင်းမျာ ချင်းတုန် မျက်နှာကြောင့် ဖြစ်ပေသည်။
ချင်းတုန်သည်လည်း ရှဲ့ဟုန်ဝမ်၏ လုပ်ရပ်ကြောင့် အတော်လေး စိတ်ပျက်နေသည်။ ယခင်အကြိမ်က ရှဲ့ဟုန်ဝမ်၏ အသက်ကို ကယ်ရန်အတွက် အတော်လေး ကြိုးစားခဲ့ရသည်။ သို့သော်လည်း ထိုသောက်ရူးသည် ကံကောင်း၍ အသက်ရှင်သွားသော သူ့အသက်ကို တန်ဖိုးထားခြင်းမရှိဘဲ ရန်ကိုင်အား လက်စားချေချင်နေ၏။
သူ့သေလမ်း သူဖန်ချင်နေလေရာ ချင်းတုန်လည်း တားမနေတော့ပါချေ။
“ဒီသောက်ရူးမျိုးက သဲမီးတောက်နယ်မြေထဲ ဝင်ဖို့ အရည်အချင်း မပြည့်မှီဘူး။ သူလို့ အရူးမျိုးအတွက် ငါတို့ အရိပ်လခန်းမက ဘယ်တော့မှ နေရာတစ်နေရာ ဖြုန်းတီးပစ်မှာ မဟုတ်ဘူး” ချင်းတုန်က ရန်ကိုင်အား တိုးတိုးလေး ပြောလိုက်သည် “ဒါပေမယ့် သူ့အဖေက ဈေးကြီးပေးပြီး မိသားစုငယ်လေးဆီကနေ နေရာသုံးခုကို ဝယ်ခဲ့တယ်လေ။ သူ့နောက်က သူတော်စင်ဘုရင် တတိယ အဆင့် သုံးယောက်က သူတို့ ရှဲ့မိသားစုဝင်တွေပဲ။ ငါတို့ အရိပ်လခန်းမနဲ့ ဘာမှမဆိုင်ဘူး”
ချင်းတုန် ပြောချင်သည်ကား ထိုလူများကို သတ်လိုက်၍ ဘာပြဿနာမှမရှိဟု ဆိုလိုက်ခြင်းပင်။
ရန်ကိုင်အား အံ့အားသင့်သွားစေသည်ကား သဲမီးတောက်နယ်မြေထဲသို့ ဝင်ခွင့်များကို ရောင်းချနိုင်ခြင်း၊ ဝယ်ယူနိုင်ခြင်းများ ပြုလုပ်နိုင်သည် ဆိုသောအချက်ပင်။ ရန်ကိုင်လည်း ထိုအကြောင်းကို အကြီးအကဲချင်းတုန်အား ချက်ချင်း မေးကြည့်လိုက်လေသည်။
ချင်းတုန်က ရယ်ရယ်မောမောဖြင့်သာ “ရတာပေါ့။ သဲမီးတောက်နယ်မြေထဲ ဝင်ခွင့်တွေကို အင်အားစုကြီးတွေက သတ်မှတ်ပေးပြီး အခြား အင်အားစုတွေဆီ ဖြန့်ဝေပေးတာပေါ့။ ဒါပေမယ့် အဲ့ဝင်ခွင့်တွေကို သူတို့ ဘယ်လိုလုပ်မယ် ဆိုတာကတော့ သူတို့အပေါ်မှာပဲ မူတည်လိမ့်မယ်”
“အဲ့လိုဆိုရင် ပိုက်ဆံသာ အလုံအလောက်ရှိရင် သဲမီးတောက်နယ်မြေထဲ သတ်မှတ်ပေးထားတဲ့ လူအရေအတွက်ကို ကျော်လွန်ပြီး လူတွေ ပို့လို့ရတယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲမလား” ရန်ကိုင် တစ်ခုခုကို ချက်ချင်း စဉ်းစားမိလိုက်သည်။
“ဟုတ်တယ်။ အဲ့လိုပြောလို့ရတယ်။ ဒါပေမယ့် သဲမီးတောက်နယ်မြေက အရမ်း အန္တရာယ်များတာလေ။ အဲ့လောက် လူအများကြီးကို ဘယ်လိုလုပ်ပြီး ပို့ရဲမှာလဲ။ ပို့လိုက်တဲ့လူတွေသာ သေသွားခဲ့ရင် သူတို့ရဲ့ အုတ်မြစ် ကြီးကြီးမားမားကို ထိခိုက်သွားမှာ။ ဒါပေမယ့် တူလေးရန် ပြောတာ မှန်ပါတယ်။ ငါတို့ အရိပ်လခန်းမက ဝင်ခွင့် နေရာငါးဆယ်ပဲ ရတယ်ဆိုပေမယ့် အင်အားစုငယ်လေး တွေဆီကနေ နောက်ထပ် နေရာနှစ်ဆပ် ထပ်ပြီး ဝယ်ထားတယ်။ စုစုပေါင်း ခုနှစ်ဆယ် ဖြစ်သွားတာပေါ့”
“ကျုပ်သိပြီ” ရန်ကိုင် အသာအယာ ခေါင်းညိတ်လိုက်၏။
“သဲမီးတောက်နယ်မြေထဲမှ သတိထားစရာတွေ အများကြီး ရှိတယ်။ အရင်အကြိမ်က တူလေးရန် အလျင် လိုနေလို့ ဒီလူအိုကြီး မပြောဖြစ်လိုက်ဘူး။ ဒါကြောင့် ဝေကုချန်းနဲ့ တုန်ရွှမ်းအာတို့နဲ့ အတူသွားဖို့ တူလေးရန်ကို အကြံပေးချင်တယ်။ မသိတာရှိလို့ရှိရင် သူတို့ကို ချက်ချင်း မေးလိုက်လို့ရတယ်” ချင်းတုန်က ပြောလိုက်သည်။
“ကျုပ်သိပြီ” ချင်းတုန်၏ ရည်ရွယ်ချက်ကို သူနားလည်ပေသည်။ ချင်းတုန်သည် ဝေကုန်ချန်း၊ တုန်ရွှမ်းအာနှင့် သူ့ကြား ကောင်းမွန်သော ဆက်ဆံရေး တစ်ခု တည်ဆောက်စေလိုခြင်း ဖြစ်သည်။
သူတို့နှစ်ယောက် စကားပြောနေစဉ် ဟင်းလင်းပြင် အစီအရင်ရှေ့သို့ ရောက်လာခဲ့သည်။ ချင်းတုန်က ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့ကို လက်ယပ်ခေါ်လိုက်၏။
“မင်းတို့နှစ်ယောက် ရန်ကိုင်နဲ့ အရင်သွားနှင့်။ ငါတို့ကို တည်ငြိမ်မြစ်ရေမြို့မှာ စောင့်နေစရာ မလိုဘူး။ သဲမီးတောက်နယ်မြေဆီကိုသာ ဆက်သွားလိုက်။ မင်းတို့ ဂိုဏ်းတူဦးလေးဝမ်နဲ့ ယန်တို့က အဲ့မှာ စောင့်နေလိမ့်မယ်။ ရောက်ရင် ဘာဆက်လုပ်ရမလဲ ဆိုတာ သူတို့ ပြောလိမ့်မယ်။ ငါကျန်တဲ့လူတွေကို ခေါ်ပြီး မင်းတို့နောက် လိုက်လာခဲ့မယ်”
“ဟုတ်ကဲ့” ဝေကုချန်းက လေးလေးစားစား ဦးညွှတ်၍ ရန်ကိုင်အား ပြုံးကာ နှုတ်ဆက်လိုက်သည် “ညီလေးရန်ကို နှုတ်ဆက်ပါတယ်”
သူ့သဘောထားသည် ယခင်ကနှင့်စာလျှင် အများကြီး ပိုကောင်းမွန်လာခဲ့သည်။ တုန်ရွှမ်းအားသည်လည်း ရန်ကိုင်အား ယခင်နှင့်မတူသည့် ပုံစံမျိုးဖြင့် နှုတ်ဆက်လာ၏။
ရန်ကိုင်လည်း ကောင်းကောင်းမွန်မွန် ပြန်နှုတ်ဆက်လိုက်သည်။ ထို့နောက် သုံးယောက်စလုံး ဟင်းလင်းပြင်အစီအရင်ထဲသို့ ဝင်သွားလေသည်။
သူတို့ ထွက်သွားပြီးနောက် ချင်းတုန်သည် သွားရန် စတင် ပြင်ဆင်တော့သည်။
ဟင်းလင်းပြင်အစီအရင်သည် တစ်ကြိမ်တွင် လူငါးယောက်သာ ပို့ပေးနိုင်သည်။ ထို့နောက် လူနှစ်ရာ နီးပါးလောက်ကို ပို့ရန်အတွက် တစ်နာရီ၊ နှစ်နာရီလောက် အချိန်ယူရပေလိမ့်မည်။
ခေါင်းအနည်းငယ် ရီဝေဝေ ဖြစ်သွားပြီးသည့်နောက် အသိပြန်ဝင်လာသည့် အချိန်တွင် ခန်းမထဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။
ခန်းမထဲတွင် စိတ်ဝိဥာဉ်အစီအရင်တစ်ခု ရှိနေသည်။ ထိုစိတ်ဝိဥာဉ်အစီအရင်ကို မည်သည့် အင်အားစုမှတပည့် စောင့်ကြပ်နေလဲ သူမသိ။ သို့သော်လည်း သူတို့သုံးယောက် ပေါ်လာသည်နှင့် ထိုတပည့်က အလျင်အမြန် မေးလိုက်၏ “အရိပ်လခန်းမကလား”
ဝေကုချန်းက ခေါင်းညိတ်လိုက်ပြီး အင်္ကျီအိတ်ထဲမှ တိုကင်တစ်ပြားကို ထုတ်ပေးလိုက်သည်။ ထိုလူက တိုကင်ပြားကို တစ်ချက် စစ်ဆေးကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ဝေကုချန်းဆီ ပြန်ပေးလိုက်သည်။
ခန်းမအပြင်ဘက်သို့ ရောက်သည်နှင့် ဝေကုချန်းက ပြောလိုက်သည် “ညီလေးရန်၊ ငါနောက်ကနေ လိုက်ခဲ့နော်။ ဒါက ကောင်းကင်ကံကြမ္မာမြို့တော်နဲ့ မိုင်းတစ်သန်းဝေးတဲ့ တည်ငြိမ်မြစ်ရေမြို့တော်ပဲ။ ဒါပေမယ့် သဲမီးတော်က နယ်မြေဆီ ရောက်ဖို့ဆိုရင် နောက်ထပ် တစ်ရက်၊ နှစ်ရက်လောက် ထပ်ပျံသွားဖို့ လိုသေးတယ်”
“ရှေ့ကနေသွားလေ အစ်ကိုဝေ” ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်သည်။ အရိပ်ကြယ်အကြောင်း သူသိပ်မသိ။ ထို့ကြောင့် ဝေကုချန်းကို ရှေ့ဆုံးမှ သွားခိုင်းခြင်းသည် အကောင်းဆုံးဖြစ်သည်။
ဝေကုချန်းက ခေါင်းညိတ်ပြီး ကြယ်လွန်းပျံကို ထုတ်ကာ ထိုပေါ်သို့ တက်လိုက်သည်။ ကြယ်လွန်းပျံ ပေါ်သို့ တက်လိုက်ပြီးနောက် တုန်ရွှမ်းအာဆီ လက်ကမ်းပေးလိုက်သည်။
တုန်းရွှမ်အားက ရှက်ရှက်ဖြင့် ဝေကုချန်းက စူးရဲစွာ တစ်ချက်စိုက်ကြည့်လိုက်သည်။
သို့သော် ဝေကုချန်းက ရယ်သာရယ်လျက် “ညီလေးရန်က အပြင်လူမှမဟုတ်တာ၊ ဘာတွေ ရှက်နေစရာ လိုလို့လဲ”
တုန်းရွှမ်အားလည်း ဝေကုချန်း၏ အပြုအမူကို လက်မှိုင်ချရတော့သည်။ ကမ်းပေးထားသည့် ဝေကုချန်း၏ လက်ကို လှမ်းဖမ်းလိုက်ပြီး ကြယ်လွန်းပျံပေါ်သို့ တက်လိုက်၏။
ရန်ကိုင်လည်း သူ့ကြယ်လွန်းပျံကိုထုတ်ပြီး ထိုပေါ်သို့ တက်လိုက်သည်။
ဤသို့ဖြင့် ရန်ကိုင်တို့သုံးယောက်အဖွဲ့သည် ကြည်လင်မြစ်ရေမြို့တော်မှ အလျင်အမြန် ထွက်ခွာ သွားကြတော့လေသည်။
ရန်ကိုင်၏ ကြယ်လွန်းပျံကဲ့သို့ပင် ဝေကုချန်း၏ ကြယ်လွန်းပျံသည်လည်း သူတော်စင်ဘုရင် အထွဋ်အထိပ် အဆင့် ဖြစ်သည်။
ကြည်လင်မြစ်ရေမြို့တော်မှ ထွက်သွားပြီးပြီးချင်းမှာပဲ ဝေကုချန်းက စကားစပြောလာခဲ့သည် “ညီလေးရန်က သဲမီးတောက်နယ်မြေအကြောင်း သိပ်မသိထားဘူးလို့ အကြီးအကဲချင်းက ပြောတယ်။ ညီလေးရန် မေးချင်တာ ရှိရင် မေးနော်။ အားနာမနေနဲ့”
ရန်ကိုင်တွင် မေးစရာရှိပေသည်။ ဝေကုချန်းက မေးရန် ပြောလာမှဖြင့် သူကလည်း မေးရပေတော့မည် “အချို့ နေရာတွေကို ဖြတ်သွားမှပဲ သဲမီးတောက်နယ်မြေထဲ ဝင်လို့ ရတယ်ဆိုတာကို သိတယ်။ အထဲကအခြေအနေ ဘယ်လို ရှိလဲဆိုတာကိုတော့ မသိထားဘူး။ ပြီးတော့ ဘာတွေကို သတိထားရမလဲ ဆိုတာကိုလည်း ဘာမှ မသိထားဘူး။ အစ်ကိုဝေ အကြံလေးပေးပေးဖို့ မျှော်လင့်ပါတယ်”
ဝေကုချန်းက ပြုံးလျက် “အကြံပေးတာမျိုးတော့ မလုပ်ရဲပါဘူးကွာ။ ဒါပေမယ့် အကြီးအကဲတွေဆီကနေ ငါသိထားတာတွေကိုတော့ ပြောပြပေးမယ်။ ငါလည်း အများကြီး သိထားတာမဟုတ်ပေမယ့် အစ်ကိုရန် ထက်တော့ နည်းနည်းလေး ပိုသိထားတယ်”
ဤသို့ဖြင့် ဝေကုချန်းသည် ရန်ကိုင်အား သူသိထားသမျှ အကြောင်းအရာများကို စိတ်ရှည်လက်ဖြင့် ရှင်းပြတော့၏။ တုန်ရွှမ်းအားက တစ်ခါတစ်ခါ ဝင်ဝင်၍ ပြောလေသည်။
သူတို့ နှစ်ယောက်ကြောင့် ရန်ကိုင်လည်း သဲမီးတောက် နယ်မြေအကြောင်း အတော်လေး သိလာရသည်။
သဲမီးတောက်နယ်မြေသည် တစ်နှစ်ပတ်လည်း မီးတောက်များဖြင့် ဖုံးလွှမ်းနေသည်။ တန်ခိုးရှင်အဆင့် ပညာရှင်များသည် ထိုထဲသို့ လုံးဝ မဝင်နိုင်ချေ။ အထူး အချိန်းများတွင်သာ သူတော်စင်ဘုရင်အဆင့် ပညာရှင်များ ဝင်နိုင်ကြသည်။
သို့သော်လည်း သဲမီးတောက်နယ်မြေတစ်ခုလုံး ချစ်ချစ်တောက် ပူနေသည်တော့မဟုတ်။ သဲမီးတောက် နယ်မြေသည် အလွှာများစွာဖြင့် ဖွဲ့စည်းထားသည့် နေရာတစ်ခု ဖြစ်ပေသည်။
သဲမီးတောက်နယ်မြေ၏ အပြင်ဘက်ဆုံးအပိုင်းသည် တစ်နှစ်ပတ်လုံး ပူပြင်းတောက်လောက်နေသည်။ အထဲသို့ ပိုဝင်သွားလေ ပိုပူလာလေ၊ ပိုအန္တရာယ်များလာလေ ဖြစ်သည်။
ထိုအပိုင်းတွင် အဖိုးတန် ရတနာများ ရှိကြသည်။ သို့သော် ထိုရတနာများသည် သာမန်အဖိုးတန် သတ္တုများသာ ဖြစ်ပေသည်။ ထိုသတ္တုများသည် နှစ်ပေါင်းများစွာကြာအောင် မီးကင်ထားခံရသည့်အတွက် အလွန်ကိုမှ သန့်စင်လှကာ အချို့သတ္တုများဆိုလျှင် ပန်းပဲထုရာတွင် တိုက်ရိုက်ပင် အသုံးပြုနိုင်လေသည်။ ထို့အပြင် ထိုသတ္တုများ၏ အရည်အသွေးသည် အပြင်ဘက်တွင် တူးယူရရှိသည့် သတ္တုများထက် အပုံကြီး သာပေသည်။
သဲမီးတောက်နယ်မြေတွင်းရှိ အဓိကအန္တရာယ်သည် ချစ်ချစ်တောက် ပူပြင်းလှသော အပူချိန်မဟုတ်၊ မီးတောက် ဝိဥာဉ်သားရဲများနှင့် ပျံသန်းနေသော မီးစုန်းများပင် ဖြစ်သည်။
မီးတောက်ဝိဥာဉ်သားရဲများသည် မီးဓါတ်စွမ်းအင်များ ရောနှောပေါင်းစပ်ရာမှ ဖြစ်တည်သည့်အရာတစ်ခု ဖြစ်၏။ မီးဓါတ်ပြင်းအားသည် သိပ်သည်းဆ တစ်ခုအထိသို့ ရောက်ရှိသွားသည့်အခါတွင် မွန်းစတားသားရဲအသွင်ပုံစံ စတင် ဖြစ်ပေါ်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည် အစစ်ဟုထင်ရသလို တစ်ချိန်တည်းတွင် အတုဟုလည်း ထင်ရပေသည်။
သူတို့၏ ခန္ဓာကိုယ် ပိုသိပ်သည်းလေ ခွန်အားမှာလည်း ပို၍ မြင့်မားလေပင်။ သို့သော်လည်း သူတို့ခွန်အား မည်မျှ မြင့်မားစေကာမူ အကုန်လုံးတွင် အသိဥာဏ် မရှိကြချေ။ သူတို့အား ကောင်းကင်စိတ်အာရုံဖြင့် တိုက်ခိုက်၍မရဘဲ သူတော်စင်ချီ တစ်ခုတည်းဖြင့်သာ တိုက်ခိုက်၍ရနိုင်သည်။
ရေခဲဓါတ်စွမ်းအင်သုံး တိုက်ခိုက်မှုများ၊ မှော်ရတနာများဖြင့် ထိုကောင်များကို တိုက်ခိုက်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။ သဲမီးတောက်နယ်မြေထဲသို့ ဝင်သွားသည့် လူတိုင်းသည် ထိုကဲ့သို့သော မှော်ရတနာ များကို ဝယ်သွားကြပေသည်။
မီးတောက်ဝိဥာဉ်သားရဲ၏ ကိုယ်ထဲတွင် မီးတောက် အမြူတေဟုခေါ်သော အဖိုးတန်ရတနာတစ်ခု ရှိသည်။ မီးတောက်အမြူတေများကို အထူးဆေးလုံးများ၊ မှော်ရတများ ဖော်စပ်ပြုလုပ်ရာတွင် အသုံးပြုနိုင်ကြ၏။ ထိုအရာများကိုသုံး၍ ဆေးလုံးဖော်စပ်ပါက ဆေးလုံး၏ အရည်အသွေးကို မြှင့်တင်နိုင်သလို ပန်းပဲထုပါကလည်း ဖြစ်ပေါ်လာသည့် မှော်ရတနာ၏ အရည်အသွေးကို တိုးမြှင့်ပေးနိုင်သည်။
အရိပ်ကြယ်ပေါ်တွင်ရှိသည့် ဆေးပညာရှင်များ၊ ပန်းပဲပညာရှင်များသည် တန်ခိုးရှင်အဆင့်နိမ့်တွင်သာ သောင်တင်နေကြသည်။ ထို့ကြောင့် တန်ခိုးရှင် အလယ်အလတ်အဆင့် ဆေးလုံးများ၊ မှော်ရတနာများကို လုပ်ချင်သည်ဆိုပါက မီးတောက်အမြူတေများကို မရှိမဖြစ် လိုအပ်ပေသည်။
အပိုင်း(၁၁၆၉)
အထွဋ်အထိပ်သိုင်းဧကရာဇ်
မီးတောက်အမြူတေများ၏ အဖိုးတန်မှုကြောင့် သဲမီးတောက်နယ်မြေထဲသို့ သွားသော တပည့်များစွာ တို့သည် မီးတောက်ဝိဥာဉ်သားရဲများကို အထူးသီးသန့် အမဲလိုက်ကြသည်။ မိသားစုငယ်လေးများဆီမှ အချို့ ကျင့်ကြံသူများသည်လည်း ထိုကဲ့သို့ လုပ်ကြသည်။ မီးတောက်အမြူတေများကို သဲမီးတောက်နယ်မြေထဲတွင် သာ ရနိုင်သည်။ ထို့အပြင် ထိုမီးတောက်အမြူတေများကို ဆေးပညာရှင်များနှင့် ပန်းပဲပညာရှင်များက ဈေးကြီးပေး၍ ဝယ်ယူကြပေသည်။
“ညီလေးရန်သာ နောက်ဆုံးအဆင့် ရောက်နေတဲ့ မီးတောက်ဝိဥာဉ်သားရဲတစ်ကောင်နဲ့ တွေ့မယ်ဆို လုံးဝ ပြန်မတိုက်နဲ့။ နောက်ဆုံးအဆင့် ရောက်နေတဲ့ မီးတောက်ဝိဥာဉ်သားရဲက အဆင့်ကိုး မွန်းစတားသားရဲ တစ်ကောင်နဲ့ အဆင့်တူတယ်” ဝေကုချန်က အလေးအနက် သတိပေးလိုက်သည်။
အဆင့်ကိုးမွန်းစတား သားရဲများသည် လူသားမျိုးနွယ်၏ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများနှင့် အဆင့်တူပေသည်။ သူတော်စင်ဘုရင်များ အနေဖြင့် တန်ခိုးရှင်အဆင့် ပညာရှင်များ၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
ပြောပြီးသည့်နောက် ဝေကုချန်းက ပြုံးဖြီးလျက် “ဒါပေမယ့် အဲ့လိုမီးတောက်ဝိဥာဉ်သားရဲတွေက အရမ်း ရှားတော့ တွေ့ဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး”
ရန်ကိုင်က ခေါင်းညိတ်၍ ပြန်မေးလိုက်သည် “မီးတောက်ဝိဥာဉ်သားရဲကတော့ ဟုတ်သွားပြီ။ မီးစုန်းတွေဆိုတာ ဘာကြီးလဲ”
ဝေကုချန်း၏ အမူအရာ ရုတ်ချည်း လေးနက်သွားပြီး “မီးစုန်းတွေက မီးတောက်ဝိဥာဉ်သားရဲတွေထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းသေးတယ်။ ဒါပေမယ့် အဲ့ကောင်တွေက မီးတောက်ဝိဥာဉ်သားရဲတွေနဲ့ ယှဉ်လိုက်ရင် အတော်လေး အရေအတွက် နည်းတယ်။ ပြီးတော့ အရမ်းလည်း ရှားတယ်။ သဲမီးတောက်နယ်မြေထဲ သာ ဝင်လာတယ်၊ မီးစုန်းတွေကို တစ်ခါမှ မတွေ့ဖူးတဲ့လူ အများကြီးပဲ။ တွေ့လိုက်တဲ့ လူတွေဆိုရင်လည်း တွေ့ရုံလေးပဲ တွေ့လိုက်တာ။ ဒါပေမယ့် မီးစုန်းတွေကို ညီလေးရန် အထင်မသေးသင့်ဘူးနော်။ အဲ့ကောင်တွေက အရမ်းအရမ်းကို မြန်လွန်းတာ။ ကောင်းကင်စိတ်အာရုံ နဲ့တောင် လိုက်ဖမ်းလို့ မိတာမဟုတ်ဘူး။ ကိုယ့်နားက ဖြတ်သွားရင်တောင် သတိမပြုမိတတ်တဲ့ အခါမျိုးတွေ ရှိတယ်”
ရန်ကိုင်မျက်နှာ လေးနက်သွားခဲ့လေသည်။ ကောင်းကင်စိတ်အာရုံထက် ပို၍ မြန်မြန် သွားလနိုင်သော အရာမျိုးကို သေချာသတိထားရန် လိုအပ်ပေသည်။
“တကယ့် အန္တရာယ်က သူတို့ရဲ့ အရှိန်တော့ မဟုတ်ဘူး။ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းပဲ။ ပြင်သာ မပြင်ဆင်ထားရင် သူတို့ တိုက်ခိုက်တာ ခံလိုက်ရပြီ ဆိုတာနဲ့ ဝိဥာဉ်တစ်ခုလုံး လောင်ကျွမ်းသွားခံရမှာ။ ကိုယ့်ခွန်အားက နိမ့်ကျနေရင်လည်း အဲ့အတိုင်းပဲ။ သဲမီးတောက်နယ်မြေ ဖွင့်တိုင်း ကံမကောင်းဘဲ မီးစုန်းတွေ သတ်တာ ခံရတဲ့လူတွေ အမြဲတမ်း ရှိတယ်လို့ အကြီးအကဲချင် ခဏခဏပြောနေကျ”
“အဲ့ကောင်တွေက ရှောင်လို့မရတဲ့ အန္တရာယ်တွေပေါ့” ရန်ကိုင်က ပြန်မေးလိုက်သည်။
ဝေကုချန်းက ရယ်မောလိုက်ပြီး “ညီလေးရန် ပြောတာ မှန်တယ်။ အဲ့ကောင်တွေကို ခုခံဖို့ဆိုတာ မဖြစ်နိုင်လုနီးပါးပဲ။ ဒါပေမယ့် သဲမီးတောက်နယ်မြေထဲ ဝင်လာတဲ့လူတိုင်း စိတ်ပိုင်ဆိုင်ရာ ကြိုတင်ပြင်ဆင် ထားပြီးတဲ့ လူတွေချည်းပဲလေ။ မီးစုန်းတွေ တိုက်ခိုက်တာ ခံရလို့ သေသွားခဲ့ရင်တော့ ကိုယ့်ကံကိုယ် အပြစ်တင်ရုံပေါ့”
ရုတ်တရက် တုန်ရွှမ်းအာက နှုတ်ခမ်းလေးကွေးလျက် ဝင်ပြောလိုက်သည် “စီနီယာအစ်ကိုက အဲ့ကောင်တွေရဲ့ အန္တရာယ်ကိုပဲ ပြောနေတယ်။ ဒါပေမယ့် အဲ့ကောင်တွေကို သတ်နိုင်ရင် ဘာရမလဲဆိုတာကိုတော့ မပြောဘူး”
ရန်ကိုင်က တုန်ရွှမ်းအားအား အံ့အားသင့်တကြီး ကြည့်လိုက်သည်။ မီးစုန်းများကို သတ်နိုင်လျှင် မည်သို့သော အကျိုးအမြတ်အား ရမလဲ ဆိုသည်ကို သိချင်မိသွားသည်။
ဝေကုချန်းက ရယ်မောလိုက်ပြီး ခေါင်းညိတ်၍ “ငါလည်း အဲ့အပိုင်းကို ရှင်းပြဖို့ လုပ်နေတာ။ မီးစုန်းတွေက တကယ်ကို ကြောက်ဖို့ကောင်းတဲ့ အရာတွေ။ ဒါပေမယ့် အရမ်း အဖိုးတန်တဲ့ အရာတွေဆိုလည်း မမှားဘူး။ အချို့လူတွေမှာ ဓါတ်သဘာဝတစ်မျိုးမျိုး ပိုင်ဆိုင်ထားတဲ့ အသိစိတ်ပင်လယ်တွေ ရှိတယ်ဆိုတာကို ညီလေးရန် သိတယ်မလား”
“အင်းသိတယ်” ရန်ကိုင် အမူအရာ ပြောင်းလဲသွား၏။
“အဲ့လို အသိစိတ်ပင်လယ်တွေ ပိုင်ဆိုင်ထားတဲ့ လူတွေက သာမန်မဟုတ်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားလေ့ရှိကြတယ်။ တေဇောဓါတ်အသိစိတ် ပင်လယ်က ဆေးပညာရှင်တွေနဲ့ ပန်းပဲပညာရှင်တွေ အလိုချင်ဆုံးဟာတွေ။ ရေခဲနဲ့ အဆိပ်ဓါတ် တေဇောဓါတ် အသိစိတ်ပင်လယ်တွေကို ပိုင်ဆိုင်ထားတဲ့ လူတွေကတော့ အားကောင်းတဲ့ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုတွေ လုပ်နိုင်ကြတာပေါ့။ အချို့လူတွေက အဲ့လို အသိစိတ် ပင်လယ်တွေကို မွေးကတည်းက ရထားတာ။ ဒါပေမယ့် အချို့ကတော့ ထူးခြားတဲ့ ကျင့်စဉ်တွေကို ကျင့်ကြံပြီးမှ ရကြတာ။ အဲ့လို ကျင့်စဉ်တွေက အရမ်းရှားလွန်းတယ်။ ငါတို့ လအရိပ်ခန်းမမှာတောင် အဲ့လို ကျင့်စဉ်မျိုး မရှိဘူး။ အချို့ ကံကောင်းပြီး အဲ့လို အသိစိတ်ပင်လယ်တွေ ရသွားတဲ့ လူတွေလည်း ရှိတယ်”
ရန်ကိုင်သည်လည်း သူ၏ တေဇောဓါတ် အသိစိတ်ပင်လယ်ကို ကံကောင်းပြီး ရထားခြင်း ဖြစ်သည်။ ထိုစဉ်က သူသည် အစစ်အမှန် ကျောက်စိမ်းစိတ်ဝိဥာဉ်ကို သန့်စင်ပြီး သူ့ခွန်အားကို တိုးတက်အောင် လုပ်လိုခြင်းသာ။ သို့သော်လည်း တေဇောဓါတ် အသိစိတ်ပင်လယ် ရသွားလိမ့်မည်ဟု မည်သူ ထင်မည်နည်း။
တေဇောဓါတ်အသိစိတ်ပင်လယ် မည်မျှ အံ့ဩဖွယ် ကောင်းကြောင်းကို အခြားသူများထက် သူပိုသိပေသည်။
“မီးစုန်းတွေကို အရမ်းအဖိုးတန်တယ်လို့ ပြောရတာက မီးစုန်းတွေကို သန့်စင်ပြီး တေဇောဓါတ်အသိစိတ်ပင်လယ် ကို ရနိုင်တာမို့လို့ပဲ။ အခွင့်အရေး အများကြီး မရှိပေမယ့် ရနိုင်တယ် ဆိုတာနဲ့တင် အဖိုးတန်နေပြီလေ” ဝေကုချန်းက ပြုံးလျက် “ဆေးပညာရှင်တွေ၊ ပန်းပဲပညာရှင်တွေ အကုန်လုံး တေဇောဓါတ်အသိစိတ်ပင်လယ်ကို လိုချင်ကြတာ ညီလေးရန်လည်း သိမှာပေါ့။ မင်းသာ မီးစုန်း တစ်ကောင်လောက်ကို ဖမ်းပြီး သွားရောင်းမယ်ဆိုရင် အဲ့ဆေးပညာရှင်တွေ၊ ပန်းပဲပညာရှင်တွေ အကုန်လုံး ဈေးကြီး ပေးဝယ်ကြမှာ” ပြောပြီးသည်နှင့် ဝေကုန်ချန်းသည် ရန်ကိုင်၏ အမူအရာကို စောင့်ကြည့် နေလိုက်သည်။
ရန်ကိုင်နောက်တွင် တန်ခိုးရှင်အဆင့် ပန်းပဲပညာရှင် တစ်ယောက် ရှိနေသည့်အတွက် ရန်ကိုင်လည်း မီးစုန်း တစ်ကောင်လောက်ကို လိုချင်ပေလိမ့်မည်။ သို့သော်လည်း ရန်ကိုင်၏ အမူအရာသည် ပုံမှန်အတိုင်းသာ ရှိနေသဖြင့် ဝေကုချန်း စိတ်ပျက်သွားရသည်။
ဝေကုချန်းက အလျင်အမြန် ထပ်ပြောလိုက်သည် “ဒါပေမယ့် မီးစုန်းကို သန့်စင်မယ်ဆိုရင် အန္တရာယ်လေး ရှိသေးတာကို သိထားဖို့ လိုလိမ့်မယ်။ ကိုယ့်အသိစိတ် ပင်လယ်က တေဇောဓါတ်အသိစိတ်ပင်လယ်အဖြစ် မပြောင်းနိုင်သေးခင်မှာဘဲ မီးစုန်း လောင်ကျွမ်းပစ်တာကို ခံရနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီအကြောင်းကို ညီလေးရန် သိထားရင် ရပြီ။ မီးစုန်းတွေဆိုတာ တွေ့ဖို့ မဖြစ်နိုင်တဲ့ ကောင်တွေလေ။ တွေ့ပြီဆိုရင်လည်း ရှောင်နေလိုက်တာ အကောင်းဆုံးပဲ”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူ့မျက်နှာထက် မည်သည့် အမူအရာကိုမှ မပေါ်လွင်စေသော်လည်း စိတ်ထဲတွင်မူ မီးစုန်း တစ်ကောင်လောက်သာ တွေ့ပါက စမ်းကြည့်ရန် ဆုံးဖြတ်ထားခဲ့သည်။
မီးစုန်းသည် ကျင့်ကြံသူတစ်ယောက်၏ အသိစိတ် ပင်လယ်ကို တေဇောဓါတ်အသိစိတ်ပင်လယ်အဖြစ်သို့ ပြောင်းလဲပေးနိုင်သလို ထိုကျင့်ကြံသူ၏ ဝိဥာည်ကိုလည်း လောင်ကျွမ်းပစ်နိုင်သည်။ သို့သော်လည်း ရန်ကိုင်သည် တေဇောဓါတ်အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားပြီး ဖြစ်သဖြင့် သူ့ဝိဥာဉ်လောင်ကျွမ်းခံရမည်ကို စိုးရိမ်စရာ မလိုတော့ချေ။
“အဲ့လောက်ဆိုရင် ဒီသဲမီးတောက်နယ်မြေနဲ့ ပက်သက်ပြီး သိထားသင့်တာတွေ စုံသွားပြီလို့ ပြောလို့ ရတယ်။ အပူဓါတ်ကို ခုခံရုံတင် မဟုတ်သေးဘူး။ မီးတောက်ဝိဥာဉ်သားရဲနဲ့ မီးစုန်းတွေကိုလည်း သတိထားဖို့ လိုလိမ့်မယ်။ ပြီးတော့ အပြင်ပိုင်းက အပူက အတွင်းပိုင်းနဲ့ ယှဉ်ရင် အတော်လေး အားနည်းတယ်။ ဒါပေမယ့် အပြင်လွှာကို ဖြတ်ကျော်ပြီး အခြားတစ်လွှာထဲ ဝင်နိုင်မယ် ဆိုရင်တော့ နိဗ္ဗာန်ဘုံဆီ ရောက်လိုက်တာနဲ့ အတူတူပဲ”
“ဘာပြောချင်တာလဲ” ရန်ကိုင် ရုတ်တရက် စိတ်ဝင်စားသွားသည်။
“ဘာလိုလဲဆိုတော့ နောက်အလွှာက ရတနာသိုက်ကြီး မို့လို့ပဲ။ အဲ့မှာဘာအပူဓါတ်မှမရှိဘူး။ အလွှာတစ်ခုလုံးက အဖိုးတန်ရတနာတွေ၊ မွန်းစတားသားရဲတွေနဲ့ ပြည့်နေတာ။ ဒုတိယအလွှာထဲ ရောက်သွားရင် အခြားကျင့်ကြံသူတွေနဲ့ မွန်းစတားသားရဲအချို့ရဲ့ ရန်ကို ကာကွယ်နိုင်ပြီ ဆိုတာနဲ့ ချမ်းသာပြီလို့သာ မှတ်ထားလိုက်ပေတော့”
ရန်ကိုင် မျက်ဝန်းအစုံ တောက်ပသွားပြီး “အဲ့လိုနေရာမျိုး ရှိတာလား”
“ရှိတာပေါ့။ မဟုတ်ရင် သဲမီးတောက်နယ်မြေထဲက အဲ့လောက်ကြီး စိတ်ဝင်စားစရာ ကောင်းတော့မှာ မဟုတ်ဘူး။ ဒီနေရာမှ အပူချိန်မြင့်မှ ရှာတွေ့နိုင်တဲ့ ပစ္စည်းအချို့ ရှိတယ်ဆိုပေမယ့် အများကြီး ရှိတာမှ မဟုတ်တာ။ ရတနာနယ်မြေသာ မရှိရင် သဲမီးတောက် နယ်မြေက နည်းနည်းလောက်ပဲ စိတ်ဝင်စားစရာ ကောင်းတော့မှာ” ရန်ကိုင် စိတ်လှုပ်ရှားသွားသည်ကို မြင်သော် ဝေကုချန်း အတော်လေး ကျေနပ်သွား၏။
“ငါတို့ စီနီယာဂျူနီယာ အတွဲကလည်း ရတနာနယ်မြေဆီ သွားဖို့ ရည်ရွယ်ထားတာ။ ဂိုဏ်းကနေ မီးတောက်ဝိဥာဉ်သားရဲတွေကို အမဲလိုက်ဖို့ လူသီးသန့် လွှတ်ထားပြီးသားဆိုတော့ အဲ့အတွက်နဲ့ ငါတို့ အချိန် ဖြုန်းနေစရာ မလိုတော့ဘူး”
လအရိပ်ခန်းမထဲတွင် ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည် အတော်လေး အဆင့်အတန်း မြင့်ကြသည်။ ထို့ကြောင့် ထိုအမဲလိုက်ရမည့် တာဝန်မျိုး သူတို့ လုပ်ရလိမ့်မည် မဟုတ်။ သူတို့ ဂျူနီယာ ညီ၊ညီမများက ထိုသားရဲများကို အမဲလိုက်နေချိန် သူတို့၏ တာဝန်သည် ရတနာနယ်မြေမှ ရတနာများကို ရသလောက် စုဆောင်းနိုင်ရန် ဖြစ်သည်။
လအရိပ်ခန်းမ တစ်ခုတည်း ထိုကဲ့သို့ လုပ်သည်မဟုတ်၊ အခြားအင်အားစုများသည်လည်း ထိုကဲ့သို့ လုပ်ကြသည်။ ထိုဂိုဏ်းများ၏ တပည့်များကို အဖွဲ့နှစ်ဖွဲ့ ခွဲထားသည်။ သာမန် တပည့်များသည် အမဲလိုက်ရသည့် အလုပ်ကို တာဝန်ယူကြရပြီး လက်ရွေးစင် တပည့်များသည် ဒုတိယနယ်မြေသို့ သွားကာ အဖိုးတန် ရတနာများကို ရှာဖွေကြရသည်။
“ဒီတော့ သဲမီးတောက်နယ်မြေက နှစ်ပိုင်း ခွဲထားတာပေါ့” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
“တကယ်တော့ နှစ်ပိုင်းမကဘူး” ဝေကုချန်းက ခေါင်းခါ၍ “ရတနာနယ်မြေ အတွင်းပိုင်းထဲကို ဆက်ပြီး ဝင်သွားမယ်ဆိုရင် သဲမီးတောက်နယ်မြေရဲ့ ဒုတိယ အလွှာကို ရောက်လိမ့်မယ်။ ဒုတိယအလွှာက အပြင်လွှာထက် အများကြီး ပိုအန္တရာယ်များတယ်။ အကြီးအကဲချင်းကလည်း အဲနေရာဆီ မသွားဖို့ အတန်တန် တားမြစ်ထားတာ”
“ဒုတိယအလွှာရှိမှတော့ ဒုတိယရတနာမြေလည်း ရှိမှာပေါ့၊ မဟုတ်ဘူးလား” ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
“အဲ့ဒါတော့ မပြောတတ်ဘူး။ အရိပ်လခန်းမက ဘယ်သူမှ ဒုတိယအလွှာဆီ မရောက်ဖူးတော့ အဲ့အကြောင်း ဘယ်သူမှ မသိကြဘူး။ ဒုတိယအလွှာဆီ သွားဖို့လုပ်တဲ့ လက်ရွေးစင်တပည့်တွေ အကုန်လုံးကတော့ သေကုန်ကြတာပဲ။ ဒါကြောင့် ကြယ်ဧကရာဇ်ဂိုဏ်းတို့၊ ကောင်းကင်တိုက်ပွဲအဖွဲ့အစည်းတို့၊ မိုးကြိုးမုန်တိုင်းဂိုဏ်း တို့လို အင်အားစုကြီးတွေကြောင့် ဒုတိယအလွှာက ဘယ်လိုမျိုးလဲ ဆိုတာကို မသိကြဘူး”
“ဒီတော့ အကုန်လုံးက အပြင်နှစ်လွှာကိုပဲ အာရုံစိုက်ထားကြတာပေါ့”
“အဲ့လိုပြောလို့ရတယ်။ ဒါပေမယ့် ညီလေးရန် စိုးရိမ်မနေနဲ့။ ဒီနေရာက အကျယ်ကြီးပဲ။ ဆက်သွယ်ဖို့ နည်းလမ်းတွေ မရှိဘဲနဲ့ နှစ်ဝက်ကြာသွားရင်တောင် တစ်ယောက်နဲ့ တစ်ယောက် ပြန်တွေ့ဖို့က သိပ်ပြီး ဖြစ်နိုင်လှတာ မဟုတ်ဘူး”
“ဘာလို့ နှစ်ဝက်လဲ”
“ဟုတ်သားပဲ။ ညီလေးရန်ကို ပြောဖို့မေ့နေတာ။ သဲမီးတောက်နယ်မြေကို နှစ်ဝက်ပဲဖွင့်တာ။ နှစ်ဝက် ကြာသွားတာနဲ့ အကုန်လုံး အပြင်ပြန်ပို့ခံရမှာ။ ဘယ်သူမှ အထဲမှာ ဆက်နေလို့မရဘူး။ ပြီးတော့ သဲမီးတောက် နယ်မြေထဲ ရောက်ပြီဆိုတာနဲ့ ကြယ်လွန်းပျံတွေကိုလည်း သုံးလို့ မရတော့ဘူး။ ပျံတာတွေ ဘာတွေကိုလည်း လုပ်လို့ မရတော့ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ လမ်းလျှောက်ပြီး သွားရတော့မှာ။ ကိုယ်ဘယ်လောက် သွားနိုင်လဲ ဆိုတာကတော့ ကိုယ်လေ့ကျင့်ထားတဲ့ လှုပ်ရှားမှု ပညာရပ်တွေပေါ်မှာ မူတည်သွားတာပေါ့။ အဲ့ဒါက တကယ့်ကို စိတ်ညစ်စရာအကောင်းဆုံး အပိုင်းပဲ” ဝေကုချန်းက ခေါင်းခါ၍ စိတ်ပျက်ပျက်ဖြင့် ပြောလိုက်၏။
မပျံသန်းနိုင်အောင် လုပ်ထားသည့် ရှင်းပြမရသော စွမ်းအင်တစ်မျိုးကြောင့်သာ မဟုတ်လျှင် သဲမီးတောက် နယ်မြေထဲ ဝင်သွားသည့်လူတိုင်း အကျိုးအမြတ်များစွာ ပို၍ ရပေလိမ့်မည်။
ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် ကြိတ်၍ ကျေနပ်သွားခဲ့ရသည်။
အခြားသူများသည် အရှိန်မြှင့်ရန်အတွက် မည်သို့သော နည်းလမ်းများကို အသုံးပြုကြမလဲ ဆိုသည်ကို သူမသိသော်ငြား သူ့တွင် လေမိုးကြိုးတောင်ပံများ ရှိပေသည်။ ထိုလေမိုးကြိုးတောင်ပံများနှင့် ဆိုပါက ပြေးနေလျှင်ပင် သူ့အရှိန်ကို သိသိသာသာ မြင့်တက် လာစေနိုင်ပေသည်။
တစ်ခုတည်းသော မေးခွန်းသည်ကား အထဲတွင် လေမိုးကြိုးတောင်ပံများကို အသုံးပြု၍ ရသလား၊ မရဘူးလား ဆိုသည့်အချက်ပင်။ လေမိုးကြိုးတောင်ပံသည် ပျံသန်းရေး မှော်ရတနာ မဟုတ်သဖြင့် သဲမီးတောက် နယ်မြေထဲတွင် ကန့်သတ်ခံရခြင်း မရှိလောက်ချေ။ သို့သော် အထဲဝင်သွားမှသာ စမ်းသပ်ကြည့်ရပေမည်။
“ပြီးတော့ ငါတို့ ဝင်ပေါက်တစ်ခုတည်းက ဝင်တယ် ဆိုပေမယ့် အကုန်လုံးက ရောက်ချင်တဲ့နေရာ ရောက်မှာ။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့နိုင်ဖို့ အတွက် အထူးဆက်သွယ်ရေး မှော်ရတနာတွေ သယ်သွားကြတာ”
ပြောပြီးသည်နှင့် တုန်ရွှမ်းအာက သူမ၏ သိုလှောင် လက်စွပ်ထဲမှ ဆက်သွယ်ရေးမှော်ရတနာ တစ်ခုကို ထုတ်ယူ၍ ရန်ကိုင်ကို ပေးလိုက်လေသည်။
ဆက်သွယ်ရေး မှော်ရတနာများကို အစုံလိုက်၊ အစုံလိုက်ဖြင့် လုပ်ထားကြသည်။ တစ်စုံတွင် ခုနှစ်ခု၊ ရှစ်ခု ရှိသော်ငြား အရေအတွက်ကို ထပ်တိုး၍ ရပေသည်။ သို့သော်လည်း ပန်းပဲပညာရှင်များသည် အပင်ပန်းခံပြီး ဘာကြောင့် တစ်ခုတည်းမလုပ်ကြဘဲ ပုံစံတူ ခုနှစ်ခု၊ ရှစ်ခုလောက် လုပ်ကြသနည်း။
အကြောင်းမှာ ဆက်သွယ်ရေး မှော်ရတနာများသည် အမျိုးအစား တူမှသာလျှင် ဆက်သွယ်၍ ရနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့ ပြောနေသည်ကို အပြင်လူ ခိုးနားထောင်မည်ကို စိုးရိမ်နေစရာ မလိုချေ။
ယခင်တစ်ခါက ရန်ကိုင်ကို ဆက်သွယ်ရေးမှော်ရတနာ တစ်ခု ချင်းတုန် ပေးခဲ့သည်။ သို့သော်လည်း ထိုဆက်သွယ်ရေး မှော်ရတနာကို သူတို့နှစ်ယောက် ဆက်သွယ်ရန် အတွက်သာ အသုံးပြုနိုင်သည်။ တုန်ရွှမ်းအား သူ့အား ယခုပေးလိုက်သော ဆက်သွယ်ရေး မှော်ရတနာသည် ချင်းတုန် သူ့ကို ပေးခဲ့သည့် ဆက်သွယ်ရေး မှော်ရတနာနှင့် မတူချေ။ ရန်ကိုင်တွင် ဝူရီ၊ ယန်ယန်တို့နှင့် ဆက်သွယ်နိုင်သည့် ဆက်သွယ်ရေး မှော်ရတနာလည်း ရှိပေသည်။
ဝေကုချန်း၊ တုန်ရွှမ်းအာတို့ဖြင့် အတူသွားလာရန် မရည်ရွယ်ထားသော်ငြား ထိုဆက်သွယ်ရေးမှော်ရတနာကို လက်ခံယူထားလိုက်ပေသည်။
“ဂျူနီယာညီမလေး၊ ငါပြောတာ တစ်ခုခု လိုသွားသေးလား” ဝေကုချန်းက တုန်ရွှမ်းအားကို မေးလိုက်သည်။ သူပြောသည့်အထဲတွင် တစ်ခုခု လိုသွားပြီး ထိုအရာကို မသိလိုက်သည့် အတွက်ကြောင့် ရန်ကိုင် ဒုက္ခရောက်သွားမည်ကို သူစိုးရိမ်ပေသည်။
“လိုတယ်လို့တော့ မထင်ဘူး” တုန်ရွှမ်းအာက ခေါင်းခါလိုက်သည်။
“မလိုတော့ရင် ဒီလောက်နဲ့ဆို အဆင်ပြေပြီ။ ညီလေးရန် သိချင်တာရှိသေးရင်လည်း မေးနော်။ အားနာနေစရာ မလိုဘူး” ဝေကုချန်းက ပြုံးလိုက်သည်။
“အင်း”
အပိုင်း(၁၁၇၀)
အထွဋ်အထိပ်သိုင်းဧကရာဇ်
ဝေကုချန်းသည် အတော်လေးကို စကားများသည့်လူ ဖြစ်ပေသည်။ ရန်ကိုင်နှင့် သိကျွမ်းသွားပြီးနောက် စကားကို ရေပက်မဝင်အောင်ကို ပြောတော့သည်။ သူ့ကြောင်လည်း အရိပ်ကြယ်ပေါ်ရှိ အကြောင်းအရာ တော်တော်များများကို ရန်ကိုင် သိသွားခဲ့သည်။
ထိုသို့ ပြောနေစဉ် အတောအတွင်း အပြင်လောကကြီး အကြောင်း စကားစရန် ကြိုးစားသေးသည်။ သို့သော်လည်း သူထိုကဲ့သို့ စလိုက်သည်နှင့် ရန်ကိုင်က သူ့အမေးကို ရှောင်ရှောင်ထွက်သွားခဲ့သည်။
နှစ်ကြိမ်၊ သုံးကြိမ်လောက် မရသော် ဝေကုချန်းလည်း ထိုအကြောင်းကို မေးမနေတော့ချေ။
အပြင်လောကကြီး အကြောင်းကို ရန်ကိုင် မပြောချင်ဟု ထင်သွားခဲ့သည်။ သို့သော်လည်း အမှန် တရားသည် ရန်ကိုင်ကိုယ်တိုင်သည် အပြင်လောကကြီး အကြောင်းကို များများစားစား မသိထားခြင်းပင်။ ကြယ်စီရင်စုထဲသို့ ရောက်သည့်အချိန်မှစ၍ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်း၏ ပင်မကြယ်ဖြစ်သော ရေလကြယ်နှင့် ၎င်း၏ အခွဲဖြစ်သော မိုးရေစင်ကြယ် ဆီသို့သာ ရောက်ဖူးလေသည်။ ထို့ကြောင့် ကြယ်စီရင်စု၏ အခြားသေူ နေရာများနှင့် အင်အားစုများအကြောင်းကို မသိပါချေ။
တုန်ရွှမ်းအာကမူ အတော်လေးကို တည်ငြိမ်လှသည်။ အချိန်တိုင်းလိုလို တင်ပလင်ခွေထိုင်ကျင့်ကြံနေသည်။
တစ်ရက်ကြာပြီးနောက် အနီးအနားဝန်းကျင်ရှိ အပူချိန် မြင့်တက်လာသည်ကို ရန်ကိုင် ရုတ်တရက် ခံစားမိလိုက်၏။ ပတ်ဝန်းကျင် မြင်ကွင်းတို့မှာလည်း ပြောင်းလဲလာသည်။ စိမ်းစိုရောင်တောတန်းတို့ ပျောက်ကွယ်သွားပြီး နီညိုရောင် သဲကန္တာရက အစားထိုး ဝင်ရောက်လာပြီး အပူချိန်မှာ ပို၍ ပူပြင်းလာသည် ပတ်ဝန်းကျင်မှာ ပိုပို၍ ခြောက်ကပ်လာ၏။
သဲမီးတောက်နယ်မြေသည် အရိပ်ကြယ်ပေါ်တွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိလာခဲ့သည် ဖြစ်လေရာ ၎င်းဆီမှ ထုတ်လွှတ်နေသော အပူချိန်ကြောင့် ပတ်ဝန်းကျင်ပုံပန်းသွင်ပြင်ပင် ပြောင်းလဲကုန်ရလေပြီ။
အချိန်တစ်ခုသို့ရောက် ဟိုးအရှေးစူးစူးသို့ စိုက်ကြည့်လိုက်ရာ အနီရောင်သန်းနေသော မိုးကုတ် စက်ဝိုင်းကို လှမ်းမြင်လိုက်ရသည်။
“အဲ့ဒါ သဲမီးတောက်နယ်မြေရဲ့ အစွန်ဖျားပိုင်းပဲ” ဝေကုချန်းက အနီရင့်ရောင်မိုးကုတ်စက်ဝိုင်းကို ညွှန်ပြ၍ လေးနက်တည်ကြည်သည့် လေသံဖြင့် ပြောလိုက်သည် “ကြည့်ရတာ သဲမီးတောက်နယ်မြေ တရားဝင်ဖွင့်ဖို့ နောက်ထပ် ရက်နည်းနည်းလောက် လိုသေးတယ်နဲ့ တူတယ်”
“ဘယ်လိုသိတာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။
“အရောင်ကိုကြည့်လိုက်။ အဲ့အနီရင့်ရောင်သာ အနီနုရောင်ပြောင်းသွားရင် ဝင်လို့ရပြီ။ ဒါပေမယ့် အခု ဝင်မယ်ဆိုရင်တော့ ဝင်သွားတဲ့လူတိုင်း သေရလိမ့်မယ်” ဝေကုချန်းက ရှင်းပြလိုက်သည်။
နည်းနည်းလောက် ဆက်သွားလိုက်ပြီး မကြာမီ သဲမီးတောက်နယ်မြေနှင့် မိုင်ငါးဆယ်အကွာသို့ ရောက်လာခဲ့လေသည်။ သူတို့ရှေ့ ကြိုရောက်နေသည့် စုစုပေါင်း လူငါးရာလောက် ရှိပေသည်။ ထိုလူများသည် အဖွဲ့အသီးသီးခွဲလျက် ထိုင်နေခဲ့ကြသည်။ ရန်ကိုင်တို့ အဖွဲ့ရောက်လာသည်ကို သတိပြုမိသော် သူတို့ဆီ လှမ်းကြည့်လိုက်သည်။
ထိုလူအများစုသည် သူတော်စင်ဘုရင်အဆင့်များ တစ်ယောက်စ၊ နှစ်ယောက်စသော တန်ခိုးရှင်အဆင့် ပညာရှင်များကိုလည်း တွေ့ရသည်။ သူတို့၏ အကြီးအကဲများ ဖြစ်သည့်ပုံပင်။
သို့သော်လည်း ထိပ်ဆုံးပိုင်းနားတွင် သဲမီးတောက် နယ်မြေ၏ အခြေအနေကို လေ့လာနေသည့် တန်ခိုးရှင် ကျင့်ကြံသူတစ်ဖွဲ့ ရှိနေခဲ့သည်။
ထိုပညာရှင်များသည် အရိပ်ကြယ်တွင် ရှိကြသော အားအကောင်းဆုံး ဂိုဏ်းများ၏ ကိုယ်စားပြုများ ဖြစ်ကြပြီး အတော်များများသည် တန်ခိုးရှင်တတိယအဆင့် ပညာရှင်များ ဖြစ်ကြသည်။ သူတို့ ထိုနေရာတွင် ရှိနေသည်မှာ အနည်းဆုံး နှစ်ဝက်လောက် ရှိနေပေပြီ။
အရိပ်လခန်းမသည် ဤနေရာနှင့် အဝေးဆုံးတွင် ရှိသည့်အတွက် သူတို့အဖွဲ့ နောက်ဆုံးမှ ရောက်သည်မှာ အထူးအဆန်းမဟုတ်။ ထိုနေရာသို့ ရောက်ပြီးနောက် နေရာလပ်တစ်ခုရှာထိုင်လိုက်သည်။
ဝေကုချန်းက ဘေးပတ်လည်ကို တစ်ချက်လောက် ကြည့်ပြီးနောက် ပြောလိုက်သည် “ညီလေးရန်၊ မင်းဒီမှာ ခဏစောင့်နေဦးနော်။ ငါ့ဂိုဏ်းတူ ဦးလေးတွေကို သွားနှုတ်ဆက်လိုက်ဦးမယ်။ အဲ့လူမှ ငါတို့ကို အကြီးတွေကို မရိုသေးဘူးဆိုပြီး အပြစ်မတင်ကြမှာ”
“အစ်ကိုဝေ ကျုပ်ကို စိတ်ပူနေစရာ မလိုပါဘူး” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။
ဝေကုချန်းနှင့် တုန်ရွှမ်းအာတို့သည် သူတို့၏ ကြယ်လွန်းပျံ အသီးသီးကို ထုတ်ယူလိုက်ပြီးနောက် တစ်ခုသောဘက်ဆီသို့ ထွက်သွားလေသည်။
ရန်ကိုင်လည်း သူ့ပတ်ဝန်းကျင်ကို စတင် စစ်ဆေး ကြည့်လိုက်သည်။ ဤနေရာသို့ ရောက်လာသည့်လူများ အားလုံးသည် အဖွဲ့အသီးသီးဖြင့် ရှိနေကြသည်။ အသေးဆုံး အဖွဲ့တွင် လူနှစ်ဆယ်လောက်သာ ရှိကြပြီး အခြားအဖွဲ့များသည် အရိပ်လခန်းမကဲ့သို့ ငါးဆယ် ဝန်းကျင်လောက် ရှိကြသည်။
အတော်များများသည် ရန်ကိုင်အား စိတ်ဝင်တစားဖြင့် ကြည့်နေကြသော်လည်း အများစုသည် အထင်အမြင် တသေးဖြင့် ကြည့်နေကြခြင်း ဖြစ်သည်။
ရန်ကိုင်၏ ကျင့်ကြံခြင်းသည် နိမ့်ကျလွန်းလှသည်။ ထို့အပြင် ဝေကုချန်း၊ တုန်ရွှမ်းအာတို့ဖြင့်သာ ရောက်လာခြင်း ဖြစ်သည့်အတွက် သူတို့အဖွဲ့ကို လူသုံးယောက်သာ စေလွှတ်နိုင်သော အင်အားစုလေး တစ်ခုမှ အဖွဲ့နှင့် အထင်မှားလွယ်နိုင်ပေသည်။
ရန်ကိုင် ထိုင်ပြီးရုံလေးတင်မှာပဲ လူနှစ်ယောက် သူ့ဆီ လျှောက်လာပြီး သူ့ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
ထိုနှစ်ယောက်သည် လူသုံးဆယ် ဝန်းကျင်လောက် ရှိသည့် အဖွဲ့ဆီမှ လာခဲ့ခြင်း ဖြစ်သည်။ ဝင့်ခွင့်နေရာ သုံးဆယ် ရရှိနိုင်ခြင်းမှာ သူတို့ အင်အားစုသည် အရိပ်လ ခန်းမနှင့် မယှဉ်နိုင်သော်လည်း အားမနည်းဟု ဆိုလိုပေ၏။
ထိုလူနှစ်ယောက်သာမဟုတ်၊ အတော်များများသည် မတ်တပ်ရပ်ကာ သူ့ဆီသို့လာရန် ပြင်နေကြသည်။ သို့သော် ထိုနှစ်ယောက်မှာ အရင်ဆုံး ရောက်ရှိလာခြင်း ဖြစ်သည့် အတွက်ကြောင့် ကျန်လူများသည် ထိုနှစ်ယောက်၏ အခြေအနေကို ရပ်လျက် စောင့်ကြည့်နေကြလေသည်။
သူတို့ ဘာလို့ ငါ့ကို ကြည့်နေကြတာလဲ မသိဘူး ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
သူ့ရှေ့ရှိ လူနှစ်ယောက်စလုံး ငယ်ရွယ်ကြသည်။ နှစ်ယောက်စလုံး အများဆုံးမှ သုံးဆယ်၊ လေးဆယ် လောက်သာ ရှိကြပေဦးမည်။ တစ်ယောက်သည် သူတော်စင်ဘုရင် တတိယအဆင့်သို့ ရောက်နေပြီး အခြား တစ်ယောက်သည် သူတော်စင်ဘုရင် ပထမအဆင့် ဖြစ်သည်။ နှစ်ယောက်သည် ကောက်ကျစ်စဉ်းလဲသော လူများဖြစ်ဟန် မတူသော်လည်း သူတော်စင်ဘုရင် တတိယ အဆင့် လူကြီး၏ မျက်နှာထက်တွင် အမာအရွတ်များ ရှိနေသဖြင့် သူ့မျက်နှာမှာ အတော်လေး ကြည့်ရဆိုးနေ၏။
“ရောင်းရင်း” မျက်နှာအမာရွတ်နှင့် လူကြီးက လိုရင်းကို တန်းပြောလိုက်သည် “မင်းသဲမီးတောက် နယ်မြေထဲ ဝင်ဖို့လုပ်နေတာလား”
မေးစရာမလိုသည့် မေးခွန်းကို မေးလိုက်လေသည်။ သူ့လေသံထဲ အထင်သေးရိပ်တို့ကို ရန်ကိုင် အသေအချာ အာရုံခံနေမိသည်။
ထိုလူနောက်တွင် ရှိနေသော လူသည်လည်း ရန်ကိုင်ကို အသေအချာ စိုက်ကြည့်နေသည်။
ရန်ကိုင် ထိုနှစ်ယောက်နှင့် စကားမပြောချင်ချေ။ သူသည် လအရိပ်ခန်းမနှင့်အတူ လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပြဿနာတစ်ခုခု တက်လျှင် ချင်းတုန်အတွက် ခက်ခဲသွားနိုင်သည်။ ထို့ကြောင့် ခဏလောက် စဉ်းစား ပြီးသည့်နောက် ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်”
ထိုလူက သွားပေါ်အောင် ပြုံးဖြီးလိုက်ပြီး “မင်းက အရမ်းကြီး အားကောင်းတာ မဟုတ်ဘူး။ အဲ့ထဲ ဝင်သွားရင် သေသွားနိုင်တယ်နော်”
“အဲ့ဒါ ငါ့ကိစ္စ” ထိုနှစ်ယောက်၏ ရည်ရွယ်ချက်ကို ရန်ကိုင် သိနေလေပြီ။ ချင်းတုန် ပြောသလို သဲမီးတောက် နယ်မြေထဲသို့ သွားနိုင်သည့် ဝင်ခွင့်များကို အခြား တစ်ယောက်ဆီသို့ လွှဲပြောင်းပေးနိုင်သည် မဟုတ်ပေလော။
တစ်ဖက်လူသည် သူ့ဆီမှ သဲမီးတောက်နယ်မြေထဲသို့ ဝင်ခွင့်ကို လိုချင်နေခြင်း ဖြစ်သည်။
မျက်နှာအမာရွတ်နှင့်လူက ခေါင်းခါ၍ ပြန်ပြောသည် “ငါမင်းကောင်းကျိုးအတွက် ပြောနေတာ။ မင်းတို့ သုံးယောက်တည်းလာတာ ငါတွေ့တယ်။ ဟိုနှစ်ယောက်က အတွဲမလား။ အထဲရောက်တာနဲ့ သူတို့နှစ်ယောက် မင်းကို ဂရုစိုက်တော့မှာ မဟုတ်ဘူး။ မင်းခွန်အားနဲ့ တစ်ယောက်တည်း ဝင်သွားမယ်ဆို သေဖို့များတယ်နော်”
ပြောနေသည့်ပုံမှာ မသိလျှင် ရန်ကိုင်အတွက် အမှန်ပဲ စိတ်ပူပေးနေသည့်ပုံစံမျိုး၊ သို့သော်လည်း ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခြင်း မရှိသည်ကိုမြင်သော် ထိုလူ စိတ်တိုသွားပြီး လိုရင်းကို တန်းပြောတော့လေသည် “ငါ့မင်းနဲ့ အလှဲအလှယ်တစ်ခု လုပ်ချင်လို့၊ မင်းစိတ်ဝင်စားလား”
“စိတ်မဝင်စားဘူး” ရန်ကိုင်က ပြတ်ပြတ်သားသားကို ငြင်းဆန်လိုက်သည်။ ထိုလူ ဘာလိုချင်နေလဲ ဆိုသည်ကို သူသိသည်။ သို့သော် ပြန်ပြောဖို့ရာ အရမ်း ပျင်းလွန်းနေ၏။
“ဒီလောက် အလျင်စလို မငြင်းလိုက်နဲ့လေ” မျက်နှာ အမာရွတ်နှင့်လူက ပြုံးဖြီးလိုက်ပြီး ထိုင်ချကာ တိုးတိုးလေး ပြောလိုက်သည် “မင်းသိတဲ့အတိုင်းပဲ သဲမီးတောက် နယ်မြေထဲ ဝင်ရင် မင်းအသက်ကို စွန့်စားရလိမ့်မယ်။ နောက်ဆုံးတော့ မင်းလိုချင်တာက အကျိုးအမြတ်ပဲ မလား။ ငါ့မှာ မင်းအသက်ကို မစွန့်စားရဲဘဲ အကျိုးအမြတ် ရနိုင်တဲ့နည်းလမ်း ရှိတယ်”
ပြောပြီးသည်နှင့် သူ့သိုလှောင်လက်စွပ်ထဲမှ မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်ပြီး ရန်ကိုင်လက်ထဲသို့ ထည့်ပေးကာ “ဒါက သူတော်စင်ဘုရင် အဆင့်နိမ့် မှော်ရတနာပဲ။ အရည်အသွေးကလည်း အတော်လေး ကောင်းတယ်နော်။ ငါမင်းကို ပေးလိုက်မယ်။ မင်းသာ ဒါကိုသန့်စင်လိုက်မယ်ဆိုရင် မင်းခွန်အား ကျိန်းသေ မြင့်တက်လာမှာ။ ဒါပေမယ့် ငါမင်းကို အလကားတော့ ပေးမှာမဟုတ်ဘူး။ မင်းရဲ့ ဖြတ်သန်းရေး တံဆိပ်ပြားကို ငါ့ဆီ ပြန်ပေးရမယ်”
“ဘာဖြတ်သန်းရေးတံဆိပ်ပြားလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။
“သဲမီးတောက်နယ်မြေထဲ ဝင်လို့ရတဲ့ ဝင်ခွင့်လေ။ မသိချင်ယောင် ဆောင်မနေနဲ့” ရန်ကိုင်အား မီးတောက် မတတ် အကြည့်ဖြင့် စိုက်ကြည့်နေသော သူတော်စင်ဘုရင် ပထမအဆင့် ကျင့်ကြံသူက ရုတ်တရက် အော်ပြောလိုက်၏။
“အဲ့လို ရှိတာလား” ရန်ကိုင် မျက်မှောင်ကြုတ်သွား၏။ ဝေကုချန်းနှင့် ချင်းတုန် ပြောသွားသည့်အထဲ ဖြတ်သန်းရေး တံဆိပ်ပြားအကြောင်း မပါရှိချေ။
ရန်ကိုင် ကြောင်တောင်တောင် အမူအရာကိုမြင်သော် မျက်နှာအမာရွတ်နှင့်လူက ရန်ကိုင် မသိချင်ယောင် ဆောင်နေသည်ဟု ထင်သွားကာ လှောင်ပြုံးပြုံးလိုက်သည် “ရောင်းရင်း ဒီကမ်းလှမ်းချက်ကို မငြင်းသင့်ဘူးနော်။ င့ါဂျူနီယာညီလေးက သဲမီးတောက်နယ်မြေထဲ ဝင်ချင်နေတာ။ ဒါပေမယ့် ငါတို့ မိုးပြာရောင်ပျံလွှား ဂိုဏ်းမှာ ဝင်ခွင့်အလုံအလောက် မရှိဘူး ဖြစ်နေတယ်။ မင်းဝင်ခွင့်သာ ရမယ်ဆိုရင် ငါတို့အတွက် အဆင် ပြေသွားပြီ။ ပြီးတော့ ငါမင်းဆီက အလကား ယူဖို့ ကြိုးစားနေတာမှ မဟုတ်တာ။ ငါမင်းကို အဖိုးတန် မှော်ရတနာတစ်ခု ပေးထားတယ်လေ”
“ငါ့ဖြတ်သန်းရေးတံဆိပ်ပြားကို သူတော်စင်ဘုရင် အဆင့်နိမ့် မှော်ရတနာလေးနဲ့ ဝယ်ချင်နေတာလား” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ငါ့မှာ မင်းပြောနေတဲ့ ဖြတ်သန်းရေးတံဆိပ်ပြား မရှိတာကို ထားလိုက်ဦး။ ရှိရင်တောင် မင်းကို ရောင်းမှာ မဟုတ်ဘူး”
“မိတ်ဆွေက အကောင်းပြောနေတုန်း လက်မခံဘဲ လက်ပါမှ လက်ခံချင်တာလား။ မိတ်ဆွေရဲ့ သိုလှောင် လက်စွပ် ငါ့ကို ပြရဲလား” မျက်နှာအမာရွတ်နှင့်လူ၏ မျက်နှာ သုန်မှုန်သွားခဲ့သည်။
“ငါ့သိုလှောင်လက်စွပ်ကို ကြည့်ချင်တာလား။ မင်းမှာ အဲ့လို အရည်အချင်း ရှိလို့လား” ရန်ကိုင်၏ အမူအရာ အေးစက်သွားခဲ့သည်။
ကျင့်ကြံသူတစ်ယောက်၏ သိုလှောင်လက်စွပ်သည် ထိုကျင့်ကြံသူ၏ ပိုင်ဆိုင်မှုကို ကိုယ်စားပြုသည်။ ထို့ကြောင့် ယေဘုယျအားဖြင့် မည်သည့် ကျင့်ကြံသူများ အခြားလူ တစ်ယောက်၏ သိုလှောင်လက်စွပ်ကို ကြည့်ခွင့်ပေးပါ ဟူသော ရိုင်းပြသည့် တောင်းဆိုချက်မျိုးကို မလုပ်ကြချေ။ မျက်နှာအမာရွတ်နှင့် လူကြီး၏ စကားသည် ရန်ကိုင် မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း မည်ပေသည်။
“စီနီယာအစ်ကို၊ အဲ့ကောင်နဲ့ အပိုတွေ ပြောမနေနဲ့တော့။ လုသာယူလိုက်။ သူကျုပ်တို့ကို ပြန်တိုက်ခိုက်ရဲမှာ မဟုတ်ဘူး” သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသော သကောင့်သားသည် စိတ်မရှည်တော့သဖြင့် မျက်နှာအမာရွတ်နှင့်လူကို တိုက်တွန်းလိုက်လေသည်။
မျက်နှာအမာရွတ်နှင့်လူ တုန့်ဆိုင်းနေသေးသည်ကို မြင်သော် သူတော်စင်ဘုရင်ပထမအဆင့်သာ ရှိသေးသော လူက ရှေ့တက်၍ ရန်ကိုင်၏ သိုလှောင်လက်စွပ်ကို သွားလုယူသည်။
ရန်ကိုင်၏ သည်းခံစိတ် ဂိတ်ဆုံးနေလေပြီ။ ထိုနှစ်ယောက်သည် သူ့ရှေ့တွင်ပင် သူ့ပစ္စည်းကို လုယူ ဓါးပြတိုက်ရန် ကြိုးစားနေခဲ့သည်။ သူ့ကို ဘာကောင် မှတ်နေလေသနည်း။ သူတော်စင်ဘုရင် ပထမအဆင့်မှ သူ့သိုလှောင်လက်စွပ်ကို လုယူဖို့ ကြိုးစားလာသည်ကို မြင်သော် ရန်ကိုင်က မရှောင်ဘဲ ထိုလူ၏ လက်ကို လှမ်းချုပ်ကိုင်လိုက်သည်။
သူတော်စင်ဘုရင်ပထမအဆင့် သာသာလေးဖြင့် ရန်ကိုင်၏ တိုက်ခိုက်မှုမှ မည်ကဲ့သို့ လွတ်နိုင်မည်နည်း။ သူတော်စင်ဘုရင် ပထမအဆင့်လူည်း ကြောင်နေ၏။ သို့သော် ဘာဖြစ်လို့ဖြစ်မှန်း မသိသေးခင်မှာပဲ သူ့လက်မှ အရိုးကျိုးသံတို့ ထွက်ပေါ်လာခဲ့သည်။
ငုံ့ကြည့်လိုက်သည့်အခါ သူ့လက်မောင်းတစ်ဖက်လုံး တွန့်လိမ်ကောက်ကေါးသွားသည်ကို တွေ့လိုက်ရသည်။ နာကျင်လွန်းလှသဖြင့် စူးစူးဝါးဝါ ထအော်တော့လေသည်။ ပုတီးစေ့တမျှ ကြီးမားလှသော ချွေးသီးလုံးတို့သည်လည်း သူ့နဖူးထက်မှ တတောက်တောက် စီးကျလာတော့သည်။
“မင်းလုပ်ရဲတယ်လား” မျက်နှာအမာရွတ်နှင့် လူကြီးသည် ထိုအော်သံကြားမှ အသိပြန်ဝင်လာသည်။ သူ့ဂျူနီယာညီလေး လက်ချိုးခံလိုက်ရသည်ကို မြင်သော် သူတော်စင်ချီကို စုစည်း၍ ရန်ကိုင်မျက်နှာ တည့်တည့်ကို ထိုးချလိုက်လေသည်။
ရန်ကိုင်သည် မျက်နှာအမာရွတ်လူကြီး၏ ဂျူနီယာ ညီလေးကို သူ့ရှေ့တည့်တည့်သို့ ဆွဲကာလိုက်သည်။
ထိုအခြင်းအရာကို မြင်လိုက်သော် မျက်နှာ အမာရွတ်နှင့် လူကြီးသည် သူ့လက်ကို ပြန်ရုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် အားအကုန် ပြန်မရုတ်နိုင် လေသဖြင့် အရှိန်မကုန်သေးသော သူ့လက်သည် သူ့ဂျူနီယာညီလေးကို သွားမှန်လေးသည်။
ဂျူနီယာညီလေးဆိုသည် တစ်ကိုယ်လုံး ကွေးတက်သွားပြီး သူ့မျက်နှာတစ်ခုလုံး သွေးဆုတ် ဖြူလျော်သွားကာ မြေပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားလေသည်။