← Chapters

အခန်း (၁၁၇၆-၁၁၈၀)

Vol. 48 Ch. 1176-1180

အခန်း (၁၁၇၆-၁၁၈၀)

Vol. 48 Ch. 1176-1180

အပိုင်း(၁၁၇၆)

အထွဋ်အထိပ်သိုင်းဧကရာဇ်

ခပ်ဝေးဝေးသို့ လျှောက်သွားပြီးနောက် ရန်ကိုင်အား အတူသွားမလားဟု မေးခဲ့သည့်လူက ရန်ကိုင် ရှိနေရာဆီသို့ ပြန်လှည့်ကြည့်၍ နားမလည်နိုင်သည့် အမူအရာဖြင့် သူ့ဘာသာ ရေရွတ်လိုက်သည် “သူတော်စင်ဘုရင် ပထမ အဆင့်လေးနဲ့ သူတော်စင်ချီ မသုံးဘဲ ဒီကအပူဓါတ်ကို ခုခံနိုင်နေတာ။ ထူးဆန်းလိုက်တာ…”

သူတော်စင်ဘုရင် တတိယအဆင့်ဖြစ်သော သူပင်လျှင် သူတော်စင်ချီကို မသုံးဘဲ နေလိုက်ရာ တစ်ခဏအတွင်း သူ့အဝတ်အစားများ ချွေးစိုရွှဲသွားခဲ့ရသည်။ သို့သော်လည်း သူတော်စင်ချီကို မသုံးထားသော်ငြား အေးအေးဆေးဆေး ဖြစ်နေသော ရန်ကိုင်ကို မြင်လိုက်သည့်အခါ အနည်းငယ် အထင်ကြီး အံ့ဩမိသွားသောကြောင့် အတူသွားမလားဟု ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

ရန်ကိုင်သည် ထင်သလောက် မရိုးရှင်ဟု သူ့စိတ်ထဲ ခံစားနေရပေသည်။

သို့သော်လည်း တစ်ဖက်လူသည် တစ်ယောက်တည်း သွားလာခြင်းကိုသာ နှစ်သက်သည့်ပုံပင်။ သူ့ဖိတ်ခေါ်မှုကို ခပ်ပြတ်ပြတ်ပဲ ငြင်းဆိုခဲ့သည်။ ဤနေရာသည် စကား တစ်ခွန်းမှားလျှင် မရဏလမ်း မြန်းရနိုင်သည့် နေရာမျိုး ဖြစ်သည့်အတွက်ကြောင့် အပြုအမူ၊ အပြောအဆိုကို သေချာ ဂရုစိုက်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။

သူတော်စင်ပထမအဆင့် လူငယ်လေးသည် မည်သို့သော လူစားမျိုးလဲ မည်သူသိမည်နည်း။ သူသာ အခြားတစ်ယောက်ယောက် စိတ်ညစ်စေလောက်မည့် စကားကို သွားပြောမိပါက လူသတ်ပွဲ ဖြစ်သွားနိုင်သည်။ ဤနေရာ ပွင့်ခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း လေးရာခန့်က ဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် ဤနေရာတစ်ခုလုံး ရတနာများဖြင့် ပြည့်နေလောက်ပေမည်။ ထို့အတွက်ကြောင့် လောလောဆယ် အရေးအကြီးဆုံးသည် ရတနာရှာရန် ဖြစ်သည်။

ထိုလူထွက်သွားပြီးသော်ငြား ရန်ကိုင်သည် မူလ နေရာတွင်သာ ရပ်နေခဲ့သည်။ အစောပိုင်းက သူ့အား အတူ သွားရန် ဖိတ်ခေါ်ခဲ့သည့် လူ၏ အသံကို ရင်းနှီးနေသလိုလို ခံစားနေရသည်။ သို့သော်လည်း ထိုလူကို တစ်ခါမှ မမြင်ဖူးချေ။

သူဘယ်တော့မှ မတွေ့ဖူးသည့် လူတစ်ယောက်၏ အသံကို မည်ကဲ့သို့ သိနိုင်မည်နည်း။

ခဏလောက် ထပ်စဉ်းစားနေလိုက်သော်ငြား ဘာမှ စဉ်းစားမရသဖြင့် ထိုကိစ္စကို ဘေးဖယ်ထားလိုက်ပြီး ယွမ်သံလိုက်အိမ်မြောင်ကို သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်သည်။

ဆက်သွယ်ရေး မှော်ရတနာဆီမှ ကောင်းကင်စိတ်အာရုံ လှိုင်းများ ဖြာထွက်နေခဲ့သည်။ ဝေကုချန်း ပို့ထားသည့် သတင်းနှင့် တူသည်။ ထို့ကြောင့် စစ်ဆေးကြည့်လိုက်ရာ အမှန်တကယ် ဝေကုချန်း၏ စကား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဝေကုချန်းသာမဟုတ်၊ တုန်ရွှမ်းအာနှင့် အခြား လအရိပ်ခန်းမ၏ တပည့်များသည်လည်း သူတို့၏ တည်နေရာကို အချင်းချင်း လှမ်းပြောနေခဲ့ကြသည်။

ရန်ကိုင်သည် ထိုသတင်းအားလုံးကို လျစ်လျူရှုလိုက်ပြီး ဆက်သွယ်ရေးမှော်ရတနာကို သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်ထားလိုက်သည်။ ထို့ကြောင့် သဲမီးတောက်နယ်မြေ အတွင်းပိုင်း ရှိနေသည့် အရပ်ကို အတည်ပြုလိုက်ပြီးနောက် စတင် ခရီးထွက်လေသည်။

ရန်ကိုင်နှင့် မိုင်သုံးရာအကွာရှိ တောင်ကြီးတစ်လုံး၏ အောက်ခြေတွင် ဝေကုချန်း ရပ်နေခဲ့သည်။ ထိုတောင်သည် အလွန်ကိုမှ ကြီးမားလှရာ အဝေးမှပင်လျှင် တောင်၏ အနားသတ်ကို လှမ်းမြင်နိုင်ပေသည်။ သူနှင့် လရိပ်ခန်းမ၏ အခြားတပည့်များသည် ဤနေရာတွင် စုဝေရန်း အချိန်းအချက် ပြုလုပ်ထားကြသည်။ အရူးသာမဟုတ်သရွေ့ ဤတောင်ကို အလျင်အမြန် ရှာတွေ့ပေလိမ့်မည်။

တုန်ရွှမ်းအာသည် သူနှင့် အနီးဆုံးတွင် ရှိနေသည့် အတွက်ကြောင့် လက်ဖက်ရည် ခွက်တစ်ဝက်စာလောက် အချိန်မှာပဲ အရင်ဆုံး ရောက်လာခဲ့သည်။

“စီနီယာအစ်ကို” တုန်ရွှမ်းအာက ပျော်ရွှင်စွာ လှမ်းခေါ်လိုက်သည်။ သူမ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အပြာဖျော့ဖျော့ အရောင်အဝါတစ်မျိုး ရှိနေခဲ့သည်။ ထိုအရောင်အဝါသည် ပတ်ဝန်းကျင်၏ အပူဓါတ်ကို သူမ ခန္ဓာကိုယ်ဆီ ကပ်မလာနိုင်အောင် ကာကွယ်ပေးထား၏။ ထိုအရောင်အဝါသည် ယန်ယန် လုပ်ထားပေးခဲ့သည့် တန်ခိုးရှင်အဆင့်နိမ့် မှော်ရတနာမှ လာခြင်း ဖြစ်သည်။

ဝေကုချန်းသည် ရန်ကိုင်ကဲ့သို့ပင် မည်သည့် မှော်ရတနာ၊ သူတော်စင်ချီကိုမှ မသုံးဘဲ မတ်တပ်ရပ်နေ၏။ တုန်ရွှမ်းအာ ရောက်လာပြီးနောက် တုန်ရွှမ်းအာအား ပြန်လှမ်း၍ ပြုံးပြလိုက်သည်။

“စီနီယာအစ်ကို၊ ငါတို့နဲ့ အတူသွားဖို့ လုပ်ထားတဲ့ ဂျူနီယာမောင်လေး၊ ညီမလေးတွေက ပြန်ဖြေပေမယ့် အစ်ကိုရန်ကတော့ ဘာမှပြန်မပြောဘူး။ သူရှိနေတဲ့ နေရာက ငါတို့များ အရမ်း ဝေးနေလို့ ဆက်သွယ်ရေး မှော်ရတနာက သူ့ဆီမရောက် ဖြစ်သွားတာလား” တုန်းရွှမ်အားက အနည်းငယ် စိုးရိမ်နေသည့် လေသံဖြင့် မေးလိုက်သည်။

“မဟုတ်လောက်ဘူး” ဝေကုချန်းက ခေါင်းခါလိုက်ပြီး “ဒီဆက်သွယ်ရေး မှော်ရတနာတွေကို ဆရာကြီးကဲလင် ကိုယ်တိုင် လုပ်ပေးထာတာ။ ဒီမှော်ရတနာ သတင်းပို့နိုင်တဲ့ အကွာအဝေးက မိုင်ငါးရာကျော်တယ်။ ငါတို့ ဝင်လာတဲ့ အချိန်က သိပ်ကွာတာ မဟုတ်တော့ အကုန်လုံး နေရာအနံ့ ရောက်သွားမယ်ဆိုရင်တောင် တစ်ယောက်နဲ့ တစ်ယောက် အရမ်းကြီး ဝေးမှာ မဟုတ်ဘူး။ သူလည်း အနီးအနားမှာပဲ ရှိလောက်တယ်။ ညီလေးရန် ပြန်မပြောတာက… မသိလို့ မဟုတ်ဘူး။ တမင်တကာ မပြောဘဲကိုနေတာ”

“စီနီယာအစ်ကို ပြောချင်တာက စီနီယာအစ်ကိုရန်က တစ်ယောက်တည်း သွားချင်တယ်လို့ပေါ့” တုန်ရွှမ်းအာသည် လှပပြီး ဥာဏ်ကောင်းသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ဝေကုချန်း၏ စကားကို ကြားလိုက်သည်နှင့် ရန်ကိုင်၏ အစီအစဉ်ကို ချက်ချင်း နားလည်လိုက်သည်။

“ယုံကြည်ချက်ရှိတဲ့ လူတွေက တစ်ယောက်တည်းပဲ သွားကြတယ်” ဝေကုချန်းက ပြုံးဖြီးလိုက်သည်။

“စီနီယာအစ်ကိုလည်း တစ်ယောက်တည်း သွားချင်နေတာလား” တုန်ရွှမ်းအာက မေးလိုက်သည်။

ဝေကုချန်းက ရယ်မောလိုက်ပြီး “စီနီယာအစ်ကိုက ဒီက ငါ့အချစ်လေးနဲ့အတူ နှစ်ယောက်တည်း သွားချင်တာပေါ့။ ငါတို့က တစ်ယောက်နဲ့တစ်ယောက် ချစ်လည်းချစ်၊ နားလည်း နားလည်ကြတော့ ဒီတားမြစ်နယ်မြေထဲမှာ ငါတို့ နှစ်ယောက်တည်းသာ အတူသွားနိုင်မယ်ဆိုရင် ငါအရမ်း ပျော်မိမှာ”

ထိုစကားကို ကြားလိုက်သည့်အခါ တုန်ရွှမ်းအာ လျှာလေး ထုတ်လိုက်သည်။ သို့သော်လည်း သူမမျက်နှာ ထက်ရှိ ပျော်ရွှင်မှုကို မဖုံးဖိနိုင်ခဲ့ချေ။

သို့သော်လည်း မကြာမီ ဝေကုချန်းက နှာခေါင်းရှုံ့၍ “ဖြစ်နိုင်ရင် ငါ့တို့နှစ်ယောက်တည်းပဲ သွားချင်တာ။ ဒါပေမယ့် ဖြစ်မှမဖြစ်နိုင်တာကိုး။ ဂိုဏ်းတူဦးလေးဝမ်နဲ့ ယန်က ဟိုကောင်တွေကို စောင့်ရှောက်ပေးဖို့ ငါ့ကို အမိန့်ပေးထားတယ်။ ဒီတော့ သူတို့ကို ထားသွားလို့ မဖြစ်တော့ဘူး။ တကယ် ရယ်စရာကောင်းတဲ့ကောင်တွေ၊ သူတို့ကိုယ်တိုင်ကျတော့ ဘာမှ မဟုတ်ဘဲနဲ့။ ညီလေးရန် ကိုများ သွားပြီး အထင်သေးနေသေးတယ်။ သူတို့လို ကောင်တွေက ညီလေးရန်ရဲ့ ခွန်အားကို ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ။ သွားမယ့်သွားဆို အဲ့အရှုပ်ထုပ်တွေနဲ့ အတူမသွားဘဲ ညီလေးရန်နဲ့ပဲ သွားတယ်”

“အစ်ကိုကလည်း၊ အစ်ကိုက ဂိုဏ်းသားတစ်ယောက် ဖြစ်နေမှတော့ အချို့ကိုယ်မလုပ်ချင်တဲ့ ကိစ္စတွေ ရှိရင်တောင် လုပ်ရမှာပဲလေ” တုန်ရွှမ်းအားက အသာအယာ နှစ်သိမ့်ပေးလိုက်သည်။

ထိုအရာသည် တုန်ရွှမ်းအာ၏ အကောင်းဆုံး အာသာချက် ဖြစ်သည်။ သူမ၏ ထိုအချက်ကို ဝေကုချန်း အနှစ်သက်ဆုံး ဖြစ်သည်။ သူစိတ်ညစ်နေတိုင်း သူမက သူ့အား အမြဲတမ်း နှစ်သိမ့်ပေးသည်။ သူစိတ်ညစ်နေတိုင်း သူမပြောလိုက်သည့် စကားလေးများကြောင့် စိတ်သက်သာရာ ရရသည်။

“ငါသိတယ်လေ။ အဲ့အကြောင်းကို မပြောနဲ့တော့။ ဟိုကောင်တွေ လာတော့မယ်။ တော်ကြာ သူတို့ ကြားသွားရင် မကောင်းဘူး” ဝေကုချန်းက ပြုံး၍ ခေါင်းခါလိုက်သည်။ ထိုအကြောင်းကို ပြောမနေတော့ဘဲ နောက်ဘာဆက်လုပ်မလဲ ဆိုသည်ကိုသာ တုန်ရွှမ်းအာနှင့် ဆွေးနွေးတော့လေသည်။

ထိုစဉ် ရန်ကိုင်သည် သူ၏ ပထမဆုံး မီးတောက်ဝိဥာဉ် သားရဲကို ရင်ဆိုင်နေရသည်။

မီးတောက်ဝိဥာဉ် သားရဲများသည် မွန်းစတားသားရဲများ ကဲ့သို့ ရှာရလွယ်လိမ့်မည်ဟု သူထင်ခဲ့သည်။ ထို့ကြောင့် ဤနေရာသို့ စရောက်စဉ်ကတည်း ထိုကောင်များကို ရှာနေခဲ့သည်။ ထို့အပြင် ထိုသားရဲများတွင် ရှိသည့် မီးတောက်အမြူတေကိုလည်း သူအတော်လေး စိတ်ဝင်စားနေမိသည်။

မီးတောက်သားရဲများအား မည်ကဲ့သို့ ရှာရမလဲ ဆိုသည်ကို မသိသည့်အတွက်ကြောင့် ဦးတည်ချက်မရှိ လိုက်ရှာနေစဉ် သူ့ခြေထောက်အောက်မှ မီးတောက်များ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ ထို့နောက် မီးတောက်နေသော ကျားပုံစံ မီးတောက်ဝိဥာဉ်သားရဲ တစ်ကောင် သူ့ရှေ့တွင် ပေါ်လာခဲ့လေသည်။

ရန်ကိုင်သည် ထိုသားရဲကို ချက်ချင်း ပြေးမတိုက်သေးဘဲ သေသေချာချာ လေ့လာနေခဲ့သည်။

ဝေကုချန်း ပြောခဲ့သလိုပင် ထိုမီးတောက်ဝိဥာဉ် သားရဲ၏ ခန္ဓာကိုယ်သည် လုံးဝကို ပုံရိပ်ယောင် ဖြစ်နေ၏။ ၎င်း၏ အရှိန်အဝါသည် သဲမီးတောက်နယ်မြေ၏ အရှိန်အဝါနှင့် လုံးဝကို တူညီနေသည့်အတွက် ရန်ကိုင် အလွန်ကိုမှ သတိထားနေခဲ့သည့်တိုင် ထိုကောင်ကို သတိမပြုမိခဲ့ခြင်းဖြစ်သည်။ မီးတောက်ဝိဥာဉ်သားရဲ သူ့ခြေထောက်အောက်မှ ခုန်ထွက်လာသည့် အခါမှသာ သတိပြုမိလိုက်သည်။

ထိုကျားပုံစံ မီးတောက်ဝိဥာဉ်သားရဲသည် အားနည်းပြီး ထိလိုက်သည်နှင့် ပျက်စီးသွားတော့မလိုလို ဖြစ်နေကာ သန်မာလျှင်ပင် အများဆုံးမှ အဆင့်ငါးမွန်းစတားသားရဲ တစ်ကောင်လောက်သာ အားကောင်းကြသည်။ အဆင့်ငါး မွန်းစတားသားရဲများသည် လူသားမျိုးနွယ်စု၏ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများနှင့် တူညီပေသည်။ ထိုကောင်တွင် ပြီးပြည့်စုံသော ခန္ဓာကိုယ် မရှိဘဲ ခေါင်းတစ်လုံးနှင့် ကိုယ်တစ်ခြမ်းသာ ရှိပြီး ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးသည် မီးတောက် ဘောလုံးကြီးသာ ဖြစ်သည်။

ရန်ကိုင် စိတ်ပျက်သွားခဲ့သည်။ ကျားပုံစံ မီးတောက် ဝိဥာဉ်သားရဲ သူ့ဆီ ပြေးခုန်အုပ်လာသည်ကို မြင်သော် သာမန်ကာလျှံကာ လက်သီးတစ်ချက်သာ ထိုးချလိုက်သည်။ သူ့လက်သီးမှ ဖြာထွက်လာသော သူတော်စင်ချီကြောင့် ကျားပုံစံမီးတောက်သားရဲ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး အနက်နီရောင်အစေ့လေးတစ်စေ့ ကျကျန်ခဲ့သည်။

ရန်ကိုင်လည်း ထိုအစေ့လေးကို ကောက်ယူလိုက်သည်။

ထိုအရာသည် သူကြားဖူးနေသည့် မီးတောက် အမြူတေ ဖြစ်ပေသည်။ သို့သော်လည်း လက်ရှိ မီးတောက်အမြူတေ သည် အလွန်ကိုမှ သေးလွန်းလှသည်။ ထိုထဲတွင် ပါဝင်သော စွမ်းအင်မှာ သန့်စင်သော်လည်း ပမာဏမှာ အလွန့်ကိုမှ နည်းလွန်းလှသည်။ ရန်ကိုင်လည်း သူတော်စင်ချီကို လှည့်ပတ်၍ ထိုထဲတွင် ပါဝင်သော စွမ်းအင်များကို အကုန်အစင် စုပ်ယူပစ်လိုက်လေသည်။

မီးတောက်အမြူတေသည် မီးတောက်ဝိဥာဉ်သားရဲ၏ အဆင့်နှင့် တိုက်ရိုက် ဆက်စပ်နေလောက်သည်။

မီးတောက်ဝိဥာဉ်သားရဲ ပိုအဆင့်မြင့်လေ၊ မီးတောက် အမြူတေ ပိုကြီးလေပင်။ ထိုသဲစေ့လေးလောက်သာ ရှိသော မီးတောက်အမြူတေသည် အဆင့်ငါးမီးတောက်ဝိဥာဉ် သားရဲတစ်ကောင်၏ အမြူတေဖြစ်ပေသည်။ အဆင့်ခြောက်၊ အဆင့်ခုနှစ် မီးတောက်ဝိဥာဉ်သားရဲများ၏ အမြူအတေ ဆိုလျှင်မူ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပေသည်။

မီးတောက်နယ်မြေ၏ အပြင်ဘက်ဆုံး အပိုင်းသည် သူ့အတွက် အတော်လေး ပျင်းစရာကောင်းလှသည်။ ထို့ကြောင့် ရန်ကိုင်လည်း ထိုနယ်မြေကို စူးရမ်ရန်အတွက် မစဉ်းစားတော့ဘဲ အတွင်းပိုင်းသို့သာ သွားရန် ဆုံးဖြတ် လိုက်လေသည်။

ချက်ချင်းဆိုသလို လေမိုကြီးတောင်ပံတို့ ရန်ကိုင်၏ ကျောဘက်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တောင်ပံများသည် ထွင်းဖောက်မြင်နေရပြီး လျှပ်စီး လျှပ်နွယ်တို့သည် တောင်ပံနား တဖျက်ဖျတ် လက်နေ၏။ ထိုလေမိုကြိုးတောင်ပံကို ရန်ကိုင် အသုံးမပြုခဲ့သည်မှာ အတော်လေး ကြာနေခဲ့လေပြီ။

ထုန်းရွှမ်လောကကြီးတွင် ရှိစဉ်က လေမိုးကြိုး တောင်ပံများသည် သူ့အား အကြိမ်ပေါင်းများစွာ ကူညီ ပေးခဲ့သည်။ သို့သော် ကြယ်လွန်းပျံကို ရရှိပြီးနောက် လေမိုကြီးတောင်ပံကို သိပ်မသုံးဖြစ်တော့ချေ။

ကြယ်စီရင်စုသို့ရောက်ပြီးသည့်နောက် လေမိုးကြီုး တောင်ပံကို တစ်ကြိမ်မှပင် ထုတ်မသုံးဖြစ်ခဲ့။ သို့သော်လည်း လေမိုးကြိုးတောင်ပံကို ဤကဲ့သို့သော နေရာမျိုးတွင် နောက်တစ်ကြိမ် ထပ်မံ ထုတ်သုံးရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လေမိုးကြိုးတောင်ပံထဲသို့ သူတော်စင်ချီ ထည့်သွင်း လိုက်ရာ ချက်ချင်းဆိုသလို ရန်ကိုင်အရှိန် တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ပြီး တစ်ကိုယ်လုံး အလင်းတန်းအသွင်သို့ ပြောင်းလျက် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင် အတော်လေးကို ကျေနပ်မိနေသည်။ သူ့ခန်းမှန်းချက် မှန်ကန်ခဲ့သည်။ ကြယ်လွန်းပျံများကို အနေရာတွင် အသုံးမပြုနိုင်သော်လည်း လေမိုးကြိုး တောင်ပံများကို အသုံးပြုနိုင်ပေသည်။ သူသာ မြေပေါ်မှ မကြွသရွေ့ မည်သည့် ဖိနှိပ်မှုကိုမှ ခံစားရလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ရန်ကိုင်တစ်ကြိမ် ပျံသန်းကြည့်ရန် ကြိုးစားခဲ့ပေသည်။ ထိုကဲ့သို့ လုပ်လိုက်သည့်အခိုက် အလွန်ကိုမှ လေးလံသော ဖိအားတစ်ခု သူ့အပေါ်သို့ ကျဆင်းလာခဲ့လေသည်။

ဆက်လက် ကြိုးစားကြည့်လိုက်သော်ငြား အချည်းနှီးသာ ဖြစ်လေသဖြင့် လေပေါ်ပျံတက်မည့် အကြံကို ရနက်ိုင် လက်လျှော့လိုက်ပြီး မြေပေါ်တွင်သာ ပြေးတော့သည်။

ဤတားမြစ်နယ်မြေသည် အတော်လေးကို ထူးဆန်းလှသည်။ မည်ကဲ့သို့သော လောကဥပဒေသများ ဤနေရာအား ထိန်းချုပ်ထားသလဲ ဆိုသည်ကို ရန်ကိုင် မသိသော်ငြား ဤနေရာရှိ တားမြစ်ချက်များမှ မနည်းလှချေ။

လမ်းတစ်လျှောက် မည်သူနှင့်မှ ရန်ကိုင် မတွေ့ခဲ့။ မသိလျှင် ဤမီးတောက်နယ်မြေထဲသို့ သူတစ်ယောက်တည်း ရောက်နေသလိုလို။ သဲမီးတောက်နယ်မြေသည် အလွန်ကိုမှ ကျယ်လွန်းလှသည်။ အပြင်ဆုံးအလွှာသည် ပိုကျယ်သည်။ ထို့ကြောင့် အပြင်ဆုံးအလွှာတွင် အခြားသူများနှင့် တွေ့နိုင်ချေ နည်းပေသည်။ သို့သော်လည်း အထဲသို့ ဝင်သွားလိုက်သည်နှင့် အခြားသူများနှင့် တွေ့နိုင်ချေ များလာခဲ့သည်။ တကယ်တော့ ဂိုဏ်းများ၏ လက်ရွေးစင် တပည့်များအားလုံးသည် အတွင်းပိုင်းသို့ သွားနေကြသည် မဟုတ်ပေလော။

မီးတောက်ဝိဥာဉ်သားရဲများသည် ဤနေရာရှိ သာမန် သားရဲများဖြစ်ကြသည်။ လမ်းတစ်လျှောက်တွင် ခွန်အား အမျိုးမျိုးရှိသော မီးတောက်ဝိဥာဉ်သားရြများကို တစ်ကောင်စ၊ နှစ်ကောင်စ တွေ့ခဲ့ရသည်။ ထိုမီးတောက် ဝိဥဥာဉ်သားရဲများသည် အက်ကြောင်းများထဲမှ ခုန်ထွက်လာပြီး ရန်ကိုင်အား တိုက်ခိုက်ရန် လုပ်ခဲ့သည်။ သို့သော်လည်း ရန်ကိုင်အား မတားနိုင်ခဲ့။ အပြင်ဘက်တွင် လှည့်လည်သွားလာနေသော မီးတောက်ဝိဥာဉ်သားရဲ များလည်း ရှိပေသည်။

သို့သော်လည်း ရန်ကိုင်သည် အဆင့်(၅)၊ (၆) မီးတောက်ဝိဥာဉ်သားရဲများကို စိတ်မဝင်စားထားသည့် အတွက်ကြောင့် လျစ်လျူသာ ရှုထားခဲ့လိုက်သည်။

အထဲသို့ သူပိုသွားသည်နှင့်အမျှ အပူချိန်မှာ ယခင်ထက် ပိုမြင့်လာခဲ့သည်။ အပူချိန်သာ မြင့်လာရုံမဟုတ်၊ စမ်ဖျင်းဖျင်း ခံစားချက်သည်လည်း ပိုပြင်းထန်လာခဲ့သည်။ ထို့အပြင် လေထဲတွင် ရှိနေသော မီးတောက်အဆိပ် ပြင်းအားမှာလည်း ပိုသိပ်သည်းလာခဲ့လေသည်။ ထိုမီးတောက် အဆိပ်များသည် မွှေးညင်းပေါက်များမှ တစ်ဆင့် ရန်ကိုင်ကိုယ်ထဲသို့ စီးဆင်ပြီး သူ့ခန္ဓာကိုယ်၊ သူတော်စင်ချီ လှည့်ပတ်နှုန်းကို ပျက်စီး၊ နှောင့်နှေးအောင် လုပ်နေခဲ့သည်။

သူ့ကျင့်စဉ်ကို လှည့်ပတ်လိုက်သည့်တိုင် ထိုမီးတောက် အဆိပ်များကို မရှင်းပစ်နိုင်ခဲ့ချေ။ ထိုအရာများကိုသာ သူ့ခန္ဓာကိုယ်ထဲ ဆက်ထားမည်ဆိုပါက အန္တရာယ်ကြီး တစ်ခု ဖြစ်လာနိုင်သည့်အတွက် ခန္ဓာကိုယ်ထဲမှ အတင်းအကြပ် အပြင်သို့ စွန့်ထုတ်ပစ်ရတော့သည်။

အပူချိန် မြင့်လာသည့်အတွက်ကြောင့် သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန် သူတော်စင်ချီကို အသုံးပြုရတော့သည်။

အပိုင်း(၁၁၇၇)

အထွဋ်အထိပ်သိုင်းဧကရာဇ်

သုံးရက်ကြာပြီးနောက် တောင်ကြားတစ်နေရာဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။ ထိုသုံးရက်အတွင်း ရန်ကိုင်သည် လေမိုးကြိုးတောင်ပံများဖြင့် ခရီးအပြင်း နှင်နေခြင်းဖြစ်သဖြင့် သူ့အရှိန်သည် အခြားသူများထက် အများကြီး ပိုမြန်သည်။ လမ်းတွင် အဆင့်ရှစ် မီးတောက် သားရဲအချို့ကို သတ်သည်မှလွဲ၍ အခြားဘာမှ မလုပ်ခဲ့ချေ။

အဆင့်ရှစ်မီးတောက်သားရဲသည် အတိုင်းအတာ တစ်ခုအထိ သိပ်သည်းနေလေပြီ။ အက်ကြောင်းကြားထဲမှ ထိုကောင် ရုတ်တရက် ခုန်ထွက်လာသည့်အချိန် ရန်ကိုင် တကယ့်ကို အံ့အားသင့်သွားရသည်။ လေမိုကြိုးတောင်ပံ၏ အကူအညီကြောင့် သူ့အရှိန် မြန်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုချောင်းမြောင်း တိုက်ခိုက်မှုသည် သူ့အား ဒဏ်ရာရသွားစေနိုင်ပေသည်။

ထိုအခိုက်တွင် မီးတောက်ဝိဥာဉ်သားရဲများ၏ ကြောက်မက်ဖွယ် အကောင်းဆုံး အရာသည် သူတို့၏ အမြန်နှုန်းမဟုတ်ဘဲ သဲမီးတောက်နယ်မြေနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နေနိုင်သည့် သူတို့၏ စွမ်းရည်ပင် ဖြစ်ကြောင်းကို ရန်ကိုင် သိရှိနားလည်သွားခဲ့သည်။ သူတို့ဘာသာသူတို့ မပေါ်လာသရွေ့ ကျင့်ကြံသူများ အနေဖြင့် သူတို့အား ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ပေါ်လာသည်ဆိုလျှင် ချက်ချင်းကို ချောင်းမြောင်း တိုက်ခိုက်ပေလိမ့်မည်။ ကံမကောင်းလျှင် ထိုတိုက်ခိုက်မှုတွင် မိမိအသက်ပါ တစ်ခါတည်း ပါသွားနိုင်၏။

အဆင့်ရှစ် မီးတောက်သားရဲများသည် သူတောစစင် ဘုရင်အဆင့် ကျင့်ကြံသူများနှင့် ညီမျှသည်။ သူ့နေရာ၌ အခြားကျင့်ကြံသူ တစ်ယောက်သာဆိုပါက ထိုချောင်းမြောင်း တိုက်ခိုက်မှုသည် ထိုကျင့်ကြံသူ၏ အသက်ကို နှုတ်ယူသွားပေလိမ့်မည်။

ကံကောင်းစွာဖြင့် ရန်ကိုင်သည် ခိုဥတစ်လုံးစာအရွယ် မီးတောက်အမြူတေ တစ်လုံးကို ရရှိလိုက်နိုင်ခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်လည်း အခြားအဆင့်ရှစ် မီးတောက်ဝိဥာဉ်သားရဲများကို လိုက်လံအမဲလိုက်ချင်စိတ်တို့ ဖြစ်ပေါ်လာခဲ့ရသည်။ တကယ်တော့ သူကိုယ်တိုင်သည် ဆေးပညာရှင်တစ်ယောက် ဖြစ်နေပြီး မီးတောက်ဝိဥာဉ် သားရဲများ၏ အမြူတေသည် သူကဲ့သို့ ဆေးပညာရှင်များ အတွက် အလွန်ကိုမှ အသုံးဝင်သည် မဟုတ်ပေလော။

ရန်ကိုင်သည် အားကောင်းသော မီးတောက်ဝိဥာဉ် သားရဲများ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံရမည် စိုးသည့်အတွက်ကြောင့် တောင်ကြားထဲသို့ မဝင်မီ တောင်ကြား တစ်ခုလုံးကို ကောင်းကင်စိတ်အာရုံဖြင့် လွှမ်းခြုံပစ်လိုက်သည်။

ဤတောင်ကြားသည် အတော့်ကို ထူးဆန်းလှသည်။ အဘက်ဘက်တွင် ပြောင်ရှင်းနေသော တောင်များစွာတို့ ရှိနေကြသည်။ တောင်ကြားတစ်ခုလုံးသည် ကျင်းကြီး တစ်ကျင်းနှင့်ပင် တူနေပေသည်။ တောင်ကြားသည်လည်း အတော်လေးကိုမှ ကြီးမားလှသည်။ ဝင်ပေါက်မှ လှမ်းကြည့်မည်ဆိုပါက အဆုံးကို လှမ်းမမြင်နိုင်ဘဲ တစ်ခုနှင့်တစ်ခု ယှတ်ဖြာနေသော အဆုံးမဲ့ လျှိုမြောင်များ၊ မြင်လိုက်ရုံဖြင့် ကျောချမ်းသွားနိုင်သော အသူတရာ ချောက်တမျှ နက်ရှိုင်းလှသည့် အက်ကွဲကြောင်းများကိုသာ လှမ်းမြင်နေရသည်။

သို့သော်လည်း ရန်ကိုင်သ်ည ထိုအရာများကို ဂရု စိုက်မနေဘဲ လေမိုးကြိုးတောင်ပံကို သုံး၍သာ တောင်ကြား အတွင်းပိုင်းထဲသို့ တိုးဝင်သွားခဲ့သည်။

သူနှင့်ဝေကုချန်းတွင် တူညီသော အတွေးတစ်ခု ရှိနေခဲ့သည်။ အခြားသူများ မရောက်ခင် ရတနာနယ်မြေသို့ မြန်နိုင်သမျှ မြန်မြန်သွားပြီး အဖိုးတန် ရတနာများကို စုဆောင်းရန်ပင်။ အခြားဂိုဏ်းများမှ လက်ရွေးစင်များသာ ရောက်လာပါက ပစ္စည်းကောင်းများကို ရနိုင်ချေ နည်းသွားပေလိမ့်မည်။

အကုန်လုံးသည် လက်ရှိအချိန်တွင် ရတနာနယ်မြေ ဆီသို့ အပြေးနှင်နေကြသည်။ သို့သော်လည်း လေမိုးကြိုး တောင်ပံကြောင့် ရန်ကိုင်သည် အခြားသူများထက် ပို၍ အရေးသာနေသည်ဟု ဆိုနိုင်ပေသည်။

နေ့တစ်ဝက်ကြာပြီးနောက် တောင်ကြား အတွင်းပိုင်း ထဲသို့ ရန်ကိုင် ရောက်လာခဲ့သည်။ သို့သော်လည်း တကယ် အံ့အားသင့်စရာကောင်းသည်ကား ယခုထိတိုင် မီးတောက် ဝိဥာဉ်သားရဲ တစ်ကောင်ကိုမှ မတွေ့ရသေးခြင်းပင်။ အစောပိုင်းက ဆိုလျှင် သူကမည်မျှကောင်းနေစေကာမူ အနည်းဆုံး တစ်နာရီလျှင် မီးတောက်ဝိဥာဉ်သားရဲ တစ်ကောင် တွေ့ရသည်။ သို့သော်လည်း ယခုမူ နေ့တစ်ဝက် ကြာသွားပြီးသည့်တိုင် မည်သည့် မီးတောက်ဝိဥာဉ်သားရဲ ကိုမှ မတွေ့ရသေးချေ။

ဤတောင်ကြားတစ်ခုလုံးသည် မီးတောက်ဝိဥာဉ် သားရဲများ၏ တားမြစ်နယ်မြေများ ဖြစ်နေသလားဟူ၍ပင် ထင်ရလေသည်။

မီးတောက်ဝိဥာဉ်သားရဲများနှင့် မကြုံရသည့်အပေါ် ရန်ကိုင် အတော်လေး ကျေနပ်နေမိသည်။

သို့သော်လည်း ရန်ကိုင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ချက်ချင်း ဘေးသို့ ရှောင်လိုက်သည်။

ယခုလေးတင် သူ့ကောင်းကင်စိတ်အာရုံသည် ပုံမှန် မဟုတ်သော စွမ်းအင်လှိုင်းများကို အာရုံခံမိလိုက်သည်။ ထိုစွမ်းအင်လှိုင်းများကို သူရင်းနှီးနေပေသည်။ ထိုစွမ်းအင် လှိုင်းများသည် မြေအောက်ဘက်ရှိ မီးတောက်ဝိဥာဉ် သားရဲများမှ တိုက်ခိုက်တော့မည့် အရိပ်လက္ခာ ဖြစ်သည်။

ဟုတ်ပေသည်။ သူရှောင်လိုက်သည်နှင့် ချက်ချင်း ဆိုသလို သူရပ်နေသော နေရာဆီသို့ ပုံသဏ္ဏာန်အမျိုးမျိုး၊ အဆင့်အမျိုးမျိုး ရှိသော မီးတောက်ဝိဥာဉ်သားရဲများစွာ ခုန်အုပ်လာခဲ့သည်။

ရန်ကိုင် ထိုကောင်များနှင့် အလုပ်ရှုပ်မနေချင်ချေ။ ရှေ့သို့သာ ဆက်သွားနေချင်မိသည်။ သို့သော်လည်း သူရပ်ပင် မရပ်ရသေးခင်မှာပဲ သူ့ခြေထောက်အောက်ဆီမှ ပုံမှန်မဟုတ်သော စွမ်းအင်လှိုင်းများ ထပ်ပေါ်လာခဲ့သည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း အခြား တစ်ဖက်ဆီသို့ ရှောင်လိုက်ပြန်သည်။ သို့သော်လည်း သူရှောင်သွားသည့် နေရာဆီမှ ပုံမှန်မဟုတ်သော စွမ်းအင် လှိုင်းများ ထပ်ပေါ်လာခဲ့ပြန်သည်။

တစ်ချိန်တည်းတွင် တောင်ကြားတစ်ခုလုံး ပရမ်းပတာ ဖြစ်လာခဲ့ပြီး နေရာအနှံ့တွင် ရှိနေသော အက်ကြောင်းများ ဆီမှ ပုံသဏ္ဏာန်အမျိုးမျိုး ရှိကြသော မီးတောက်ဝိဥာဉ် သားရဲများ ခုန်ထွက်လာခဲ့ကြသည်။

အက်ကြောင်းများထဲမှ ထွက်ပေါ်လာပြီး မီးတောက် ဝိဥာဉ်သားရဲ အရေအတွက်မှာ မရေမတွက်နိုင်အောင်ကို များပြားလှပြီး ရပ်တန့်သွားခြင်း မရှိသေးဘဲ တစ်ကောင်ပြီး တစ်ကောင် ဆက်လက် ခုန်ထွက်လာနေခဲ့သည်။

နောက်ဆုံး ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားလေပြီ။

ဤတောင်ကြားနှင့် ပက်သက်ပြီး တစ်ခုခု ပုံမှန် မဟုတ်ပါချေ။

တစ်နေရာတည်းတွင် မီးတောက်ဝိဥာဉ်သားရဲ အများကြီး ပေါ်လာလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ ဤနေရာသည် သူထင်ထားသည်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ ဤတောင်ကြားသည် မီးတောက်ဝိဥာဉ် သားရဲများအတွက် တားမြစ်နေရာတစ်ခု မဟုတ်ဘဲ သုခဘုံတစ်ခု ဖြစ်နေခဲ့သည်။

ဤနေရာတွင် မီးတောက်ဝိဥာဉ် မည်မျှ စုဝေးနေလဲ ဆိုသည်ကို မည်သူ သိမည်နည်း။ အချိန်အနည်းငယ်အတွင်း ရန်ကိုင်သည် မီးတောက်ဝိဥာဉ်သားရဲများ၏ ဝိုင်းထားခြင်း ခံလိုက်ရလေသည်။

ဘေးပတ်ဝန်ကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် ဝေ့ကြည့်လိုက်သည့်အခိုက် ရန်ကိုင် မျက်နှာပျက်သွားရ၏။

ပတ်ပတ်လည် မီတာတစ်ထောင်ဝန်းကျင် ပတ်လည် တစ်ခုလုံး မီးတောက်ဝိဥာဉ်သားရဲများဖြင့် ပြည့်နေခဲ့သည်။ အများစုသည် အဆင့်ငါး၊ အဆင့်ခြောက်များ ဖြစ်ကြသော်ငြား ထိုအုပ်ထဲတွင် အဆင့်ခုနှစ်၊ အဆင့်ရှစ် များလည်း ရောပါနေကြပေသည်။ ထို့အပြင် မီးတောက် ဝိဥာဉ်သားရဲများသည် အချိန်နှင့်အမျှ အက်ကြောင်းထဲမှ အဆက်မပြတ် ထွက်လာနေခဲ့ကြသည်။

မပျံနိုင်သဖြင့် ထိုကောင်များကို သတ်ပြီးမှသာ ဤနေရာမှ ထွက်သွားနိုင်ပေလိမ့်မည်။ သို့သော်လည်း ထိုမျှ များပြားလှသော မီးတောက်ဝိဥာဉ်သားရဲ အုပ်ကြီးကို သူအမှန်တကယ် သတ်နိုင်မည်လား။

ရန်ကိုင် ကြောင်နေစဉ်မှာပဲ မီးတောက်ဝိဥာဉ်သားရဲ များသည် အော်ဟစ်ဟိန်းဟောက်လျက် ရန်ကိုင်ဆီသို့ ပြေးဝင်လာကြလေသည်။ ထိုကောင်များသည် ရန်ကိုင်ဆီသို့ မရောက်သေးခင်မှာပဲ အဝေးပစ်တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်နေကြလေပြီ။ အချို့သည် မီးဘောလုံးများဖြင့် ပစ်လွှတ်ကြပြီး အချို့သည် မီးမြှားများဖြင့် ပစ်ကြသည်။

သို့သော်လည်း ထိုတိုက်ခိုက်မှုများကို အဆင့်ခုနှစ် သားရဲများနှင့်အထက်သာ လုပ်နိုင်ခြင်း ဖြစ်သည်။

ရန်ကိုင်လည်း မာန်သွင်းအော်ဟစ်လျက် နတ်ဆိုး မီးတောက်ဓါးတစ်ချောင်း ဖန်တီးကာ သူ့ဆီ တိုးဝင် လာသော မီးတောက်ဝိဥာဉ်သားရဲအားလုံးကို တစ်ကောင်ပြီး တစ်ကောင် အပြတ်ရှင်းပစ်တော့သည်။ နတ်ဆိုးမီးတောက် ဓါးနှင့် ထိခံလိုက်ရသည့် မီးတောက်ဝိဥာဉ်သားရဲအားလုံး အသက်ပျောက်ကြရသည်။

ထို့နောက် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်း၍ နတ်ဆိုးမီးတောက်လှံများကို ပတ်ပတ်လည်သို့ ပစ်လွှတ် လိုက်သည်။ မီးတောက်လှံများသည် မီးတောက်ဝိဥာဉ် သားရဲများကို တစ်ကောင်ပြီးတစ်ကောင် ဖောက်ထွက် သွားခဲ့ပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ရန်ကိုင်သည် မဟာကောင်းကင်ဓါးနှင့် ကောင်းကင် အပြစ်ပေးလှံတံကို အဆက်မပြတ် ထုတ်ဖော်ရင်း သူ့နားရှိ မီးတောက်ဝိဥာဉ်သားရဲများကို ရှင်းပစ်နေခဲ့သည်။

အခြားသူများသာ ထိုမီးတောက်ဝိဥာဉ်သားရဲအုပ်နှင့် ကြုံရပါက လူအုပ်လိုက်လာလျှင်ပင် သူတို့ကိုယ်သူတို့ မလွတ်နိုင်တော့ဘူးဟူ၍ ထင်ကြပေလိမ့်မည်။ အကြောင်းမှာ မီးတောက်ဝိဥာဉ်သားရဲ အရေအတွက် အလွန်ကိုမှ များပြားနေသောကြောင့် ဖြစ်သည်။ မီးတောက် ဝိဥာဉ်သားရဲ အများစုသည် တစ်ချက်တည်းဖြင့် အသက် ပျောက်သွားနိုင်သည် ဆိုလျှင်ပင် ထိုကောင်များကိုသတ်ရန် အသုံးပြုရမည့် စွမ်းအင်ပမာဏမှာ အလွန်တရာကိုမှ များပြားလှပေလိမ့်မည်။

ကျင့်ကြံသူတစ်ယောက် ထိုကောင်အားလုံးကို မသတ်နိုင်ခင်မှာဘဲ အားကုန်သွားပြီး မီးတောက်ဝိဥာဉ် သားရဲအုပ်ထဲ နစ်မြုပ်သွားရပေလိမ့်မည်။

ရန်ကိုင်ကမူ မတူချေ။ သူ့ကိုယ်ထဲတွင် စုဆောင်း ထားသော စွမ်းအင် ကုန်ဆုံးသွားမည်ကို စိုးရိမ်စရာမလို။ ယခင်အခါ ယန်အရည်စက်ကို ဒန်တန်ထဲတွင် သိုလှောင် ခဲ့သည်။ သို့သော်လည်း ယခုမှ သူ့သူတော်စင်ချီသည် နတ်ဆိုးမီးတောက်အသွင်သို့ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲတွင် တိုက်ရိုက်သိုလှောင်ထားနိုင်လေပြီ။

ရန်ကိုင်ပိုင်ဆိုင်ထားသော သူတော်စင်ချီ ပမာဏသည် အခြားမည်သည့် သူတော်စင်ဘုရင်ထက်မဆို ထောင်နှင့်ချီ မက များပြားလှပေသည်။ တန်ခိုးရှင်အဆင့် ကျင့်ကြံသူ များပင်လျှင် ထိုဘက်တွင် သူနှင့် မယှဉ်နိုင်ချေ။

သူတော်စင်ချီများကို အဆင်အခြင်မဲ့ ထုတ်လွှတ်ရင်း တိုးဝင်လာနေသော မီးတောက်ဝိဥာဉ်သားရဲများကို အဆက်မပြတ် သတ်ဖြတ်နေခဲ့သည်။

မကြာမီ ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။

မီးတောက်ဝိဥာဉ်သားရဲ အများကြီးကို မြင်လိုက်စဉ်က ကြောင်သွားခဲ့သော်ငြား မကြာမီ စိတ်လှုပ်ရှားသွားခဲ့သည်။

အကြောင်းများ မီးတောက်ဝိဥာဉ်သားရဲ အများကြီးကို သတ်ခြင်းဖြင့် မြောက်မြားလှစွာသော မီးတောက်အမြူတေ များကို စုဆောင်းနိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်။ အဆင့်ငါး၊ အဆင့်ခြောက် မီးတောက်ဝိဥာဉ်သားရဲများ၏ မီးတောက်အမြူတေများသည် သိပ်အသုံးမဝင်ဘူး ဆိုလျှင်ပင် အဆင့်ခုနှစ်၊ အဆင့်ရှစ်များ၏ မီးတောက် အမြူတေများမှာမူ အသုံးဝင်ပေသည်။ ထိုမီးတောက် အမြူတေ တစ်ခုချင်းစီတိုင်းသည် ဆေးဖော်စပ်ခြင်း၊ ပန်းပဲထုလုပ်ခြင်းတို့အတွက် အသုံးဝင်ပေသည်။

သို့သော်လည်း လက်ရှိတွင် ထူးဆန်းသော အချက် တစ်ချက်ကို ရန်ကိုင် သတိပြုမိသွားသည်။ မီးတောက်ဝိဥာဉ် သားရဲများစွာကို သူသတ်ပစ်လိုက်ပြီးနောက် ဤနေရာရှိ မီးတောက်ဝိဥာဉ်သားရဲများနှင့် အပြင်ဘက်ရှိ မီးတောက် ဝိဥာဉ်သားရဲများ မတူသည်ကို တွေ့ရှိလိုက်ရသည်။ ဤနေရာရှိ မီးတောက်ဝိဥာဉ်သားရဲများတွင် မီးတောက် အမြူတေ မရှိချေ။

လက်ဖက်ရည်တစ်ခွက်စာဆူချိန် ကြာသွားပြီးနောက် အဆင့်ငါး၊ အဆင့်ခြောက် မီးတောက်ဝိဥာဉ်သားရဲ အကောင် သုံးရာကျော်ကို ရန်ကိုင် သတ်ဖြတ်ပြီးသွားခဲ့လေပြီ။ အဆင့်ခုနှစ် အကောင်းများစွာကိုပင် သတ်ဖြတ်ခဲ့သေးသည်။ သို့သော် မည်သည့်မီးတောက်ဝိဥာဉ်သားရဲဆီမှ မီးတောက် အမြူတေကို မရရှိခဲ့ချေ။

ဤနေရာနှင့် ပက်သက်၍ တစ်ခုခု ကြီးကြီးမားမား လွဲမှားနေပေသည်။ သတ်ဖြတ်နေရင်း သတ်ဖြတ်နေရင်း ရန်ကိုင် ပိုပို၍ စိတ်ရှုပ်လာခဲ့သည်။ သို့သော် ရုတ်တရက် သူ့အကြည့်သည့် မလှမ်းမကမ်းတွင် ရှိနေသော အဆင့်ရှစ် မီးတောက်ဝိဥာဉ်သားရဲဆီ ရောက်သွားခဲ့သည်။

ရန်ကိုင်သည် သူ့နားတွင် ရှိနေသော မီးတောက်ဝိဥာဉ် သားရဲများကို တစ်ချက် ရှင်းထုတ်ပစ်လိုက်ပြီး အဆင့်ရှစ် မီးတောက်ဝိဥာဉ်သားရဲဆီ ပြေးဝင်သွားလေသည်။

မရောက်သေးခင်မှာပဲ ကောင်းကင်အပြစ်ပေးလှံတံကို ဖန်တီးလိုက်သည်။

အဆင့်ရှစ်သားရဲသည် သာမန်မီးတောက်ဝိဥာဉ် သားရဲများနှင့်မတူ။ ရန်ကိုင်သူ့ဆီ ပြေးဝင်လာနေသည်ကို မြင်သော် ချက်ချင်း နောက်ဆုတ်လိုက်ပြီး အခြားသော မီးတောက်ဝိဥာဉ်သားရဲအုပ်ကြား ဝင်ပုန်းလိုက်သည်။ ထိုနည်းဖြင့် ကောင်းကင်အပြစ်ပေးလှံတံသည် သူ့ကို ထိမသွားခဲ့ဘဲ အခြားမီးတောက်ဝိဥာဉ်သားရဲများကိုသာ ထိသွားခဲ့လေသည်။ ထို့နောက် ရန်ကိုင်ဆီ မီးတောက်များ ပြန်ပစ်လွှတ်လိုက်သည်။

ရန်ကိုင်လည်း ရှောင်ချိန်မရှိသည့် အတွက်ကြောင့် သူတော်စင်ချီသုံး၍ ဒိုင်းတစ်ခုကို ကမန်းကတန်း အမြန် ဖန်တီးလိုက်ရသည်။ မီးတောက်များကို ဒိုင်းဖြင့် ကာကွယ် လိုက်ပြီးနောက် နတ်ဆိုးမီးတောက်ဓါးကို ဝှေ့ရမ်းရင်း အဆင့်ရှစ်သားရဲဆီ ပြေးဝင်သွားလိုက်သည်။

အဆင့်ရှစ်မီးတောက်ဝိဥာဉ်သားရဲလည်း ထိုတိုက်ကွက်ကို မရှောင်နိုင်ခဲ့ဘဲ အသက်ပျောက်သွား ခဲ့ရလေသည်။ အဆင့်ရှစ် မီးတောက်ဝိဥာဉ်သားရဲကို သတ်ပြီးနောက် မီးတောက်အမြူတေရှိမရှိ ကြည့်လိုက်၏။ သို့သော် မည်သည့် မီးတောက်အမြူတေကိုမှ မတွေ့ရ။

ရန်ကိုင် ကျိန်ဆဲတော့လေသည်။ မရေမတွက်နိုင်အောင် များပြားလှသော မီးတောက်ဝိဥာဉ်သားရဲများ ရှိနေသော်ငြား ထိုကောင်များကို သတ်ပြီးသည့်တိုင် မီးတောက်အမြူတေ တစ်ခုကိုပင် မရသေးချေ။ တကယ်ကို သည်းမခံနိုင်စရာပင်။

ထိုကောင်များကို သတ်ခြင်းဖြင့် မီးတောက်အမြူတေ ရနိုင်မည်ဆိုပါက သတ်ရတန်ပေသည်။ သို့သော်လည်း အကျိုးမရှိဘဲနှင့် ထိုကောင်များကို ဘာကြောင့် အချိန်ကုန်ခံ ထိုင်သတ်နေရမည်နည်း။

ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ရန်ကိုင်၏ ခန္ဓာကိုယ်ဆီမှ မီးတာတစ်ရာရှည်လျားသော နဂါး တစ်ကောင် ထွက်ပေါ်လာခဲ့သည်။ သူ့ကျောဘက်ရှိ ရွှေနဂါးတက်တူးပင် ဖြစ်လေသည်။

သို့သော် နဂါးကိုယ်ထဲသို့ သူတော်စင်ချီကို ထည့်သွင်း လိုက်သည်နှင့် နဂါးတစ်ကိုယ်လုံး မည်းနက်သွားခဲ့သည်။ နဂါးနက်သည် ခေါင်းကိုခါ၊ အမြီးကိုလှုပ်ရမ်း၍ မီးတောက် ဝိဥာဉ်သားရဲအုပ်ထဲသို့ တိုးဝင်သွားခဲ့လေသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်သည် ယန်ယန် လုပ်ပေးထားသည့် ခရမ်းရောင်ဒိုင်းကို ထုတ်လိုက်ပြီး မီးတောက်ဝိဥာဉ်သားရဲများ၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။ ထို့အပြင် ယခင်က ရှုမိသားစုပိုင်ခဲ့သော တောင်တစ်ရာ ပန်းချီကားချပ်ကိုပါ ထုတ်ယူ၍ မီးတောက် ဝိဥာဉ်သားရဲများကို တောင်များဖြင့် ထုသတ်လေသည်။

ရန်ကိုင်၏ ခွန်အားသည် ရှုရှီရှုန်း၏ ခွန်အားထက် အများကြီး ပိုမြင့်သဖြင့် တောင်(၈)လုံးကို တစ်ထိုင်တည်း အလွယ်လေး ထုတ်ယူနိုင်ပေသည်။

အပိုင်း(၁၁၇၈)

အထွဋ်အထိပ်သိုင်းဧကရာဇ်

တောင်တစ်ရာပန်းချီကားချပ်သည် မှော်ရတနာကောင်း တစ်ခု ဖြစ်သော်လည်း သတ်ဖြတ်ရေးအတွက် သင့်လျော်သော မှော်ရတနာတစ်ခု ဖြစ်ပေသည်။

တောင်ကြီးရှစ်လုံးသည် ဝိုးတဝါးတား ဖြစ်နေသော်ငြား တောင်တစ်လုံးချင်းစီသည် အစစ်အမှန် တောင်တစ်လုံး၏ အလေးချိန်ကို ပိုင်ဆိုင်ထားသည်။ ပြင်ပအား ထပ်ပေါင်းစရာ မလိုချေ။ ကောင်းကင်ပေါ်မှ ပစ်ချပေးလိုက်ရုံဖြင့် ရပေပြီ။ သူတော်စင်ချီ၏ သက်ရောက်မှုအောက်၌ တောင်များဆီမှ နတ်ဆိုးမီးတောက်များ၏ အရိပ်အယောင်များကို တွေ့မြင်လာရသည်။ တောင်များ တစ်လုံးပြီးတစ်လုံး အဆက်မပြတ် ပြုတ်ကျနေသဖြင့် မရေမတွက်နိုင်သော မီးတောက်ဝိဥာဉ်သားရဲများအကုန် ကျိုးကြေနေကုန်သည်။

တောင်တစ်ရာပန်းချီကားကို ယခုမှသာ ပထမဆုံး အကြိမ် စတင် အသုံးပြုဖူးခြင်း ဖြစ်သော်ငြား ၎င်း၏ သတ်ဖြတ်နိုင်စွမ်းနှင့် ပက်သက်၍ ရန်ကိုင် အတော်လေး ကျေနပ်နေမိသည်။ တောင်တစ်ရာပန်းချီကားချပ်ကို သုံး၍ သတ်ဖြတ်ခြင်းသည် အနည်းဆုံး မဟာကောင်းကင်ဓါးနှင့် ကောင်းကင်အပြစ်ပေးလှံတံတို့ကို သုံး၍ သတ်ခြင်းထက် အများကြီး ပိုမြန်ပေသည်။

ဘုန်း… ဘုန်း… ဘုန်း…

တောင်ကြားတစ်ခုလုံး မိုးချုန်းနေသည့်နှယ် ဗြောင်းသတ်အောင် ဆူညံ့နေခဲ့ပြီး မြေပြင်သည်လည်း ငလျင်လှုပ်သည့်နှယ် အဆက်မပြတ် တုန်ခါနေခဲ့သည်။

တစ်ချိန်တည်းတွင် ရန်ကိုင် လာသည့်ဘက်ဆီမှနေ၍ လူသုံးယောက်သည် တောင်ကြားဆီသို့ လာနေခဲ့သည်။ နှစ်ယောက်သည် သူတော်စင်ဘုရင် တတိယအဆင့်များ ဖြစ်ကြပြီး တစ်ယောက်သည် သူတော်စင်ဘုရင် ပထမ အဆင့် ဖြစ်သည်။ သူတော်စင်ဘုရင် တတိယအဆင့် နှစ်ယောက်စလုံးသည် သူတော်စင်ဘုရင် ပထမအဆင့်၏ အရှေ့နှင့်အနောက်တွင် ခွဲ၍ ရပ်နေကြသည်။

တောင်ကြားဆီသို့ ရောက်လာသည့်အခါ ရှေ့ဆုံးမှ ဦးဆောင်လာနေသောလူ၏ ခြေလှမ်းတို့ ရပ်တန့်သွားပြီး တောင်ကြားအား သင်္ကာမကင်း အမူအရာဖြင့် ကြည့်လိုက်သည်။

သူရပ်လိုက်သည့်အခါ နောက်ဘက်တွင် ရှိနေသော နှစ်ယောက်သည်လည်း ရပ်လိုက်ကြသည်။ နောက်ဆုံးတွင် ရှိနေသော ကျင့်ကြံသူသည်လည်း နိုးနိုးကြားကြား ဖြစ်သွားခဲ့လေသည်။ သို့သော်လည်း အလယ်ရှိနေသည့် ကျန်နှစ်ယောက်ထက် ခေါင်းတစ်လုံးစာ ပိုပုသော လူမှာမူ အေးအေးဆေးဆေး အမူအရာဖြင့်သာ ရှိနေဆဲ။ သူ့ပုံစံမှာ အန္တရာယ်များသော သဲမီးတောက်နယ်မြေကို စူးစမ်း လေ့လာနေခြင်းမဟုတ်ဘဲ အပန်းဖြေလမ်းလျှောက် ထွက်နေသည့်အလား။

ရှေ့ဦးမှ ဦးဆောင်လာသော ကျင့်ကြံသူသည် တောင်ကြားအား လက်ဖက်ရည်တစ်ခွက်ကြာအောင် စောင့်ကြည့်စစ်ဆေးနေပြီး၊ ရှေ့ဆက်သွားမည့် အရိပ်အယောင် မပြသည်ကိုမြင်သော် အလယ်တွင် ရှိနေသော ငပုကောင်က စိတ်ညစ်စည်ဖြင့် အော်ပြောလိုက်လေသည် “ရှဲ့ဟုန်၊ မင်းဘာတွေ ကြောင်နေတာလဲ။ မြန်မြန်သွားလေ”

ရှဲ့ဟုန်ဟုခေါ်သော လူငယ်လေးက နောက်ပြန်လှည့်၍ ပြောလိုက်သည် “သခင်လေး၊ ခဏစောင့်ဦး၊ ဒီတောင်ကြားနဲ့ ပက်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ်”

ပြောပြီးသည်နှင့် နောက်ဆုံးတွင် ရှိနေသော သူတော်စင် ဘုရင် တတိယအဆင့် ကျင့်ကြံသူကို လှမ်းခေါ်လိုက်သည်။ ပြီးသည်နှင့် နှစ်ယောက်စလုံး တီးတိုးတီးတိုးပြောရင်း ပတ်ဝန်းကျင်ကို သေသေချာချာ စစ်ဆေးကြတော့သည်။

ထိုလူနှစ်ယောက်၏ ထိုမျှ အလေးအနက် ဖြစ်နေသည်ကို မြင်သော် အရပ်ပုပု လူငယ်လေးက နှာခေါင်းရှုံ့လိုက်လေသည် “ဘာအပိုတွေ လုပ်နေတာလဲ။ လမ်းမှာတောင် ဘာအန္တရာယ်မှ မတွေ့ခဲ့ရတာကို မီးတောက်ဝိဥာဉ်သားရဲတွေက ရုတ်တရက် ခုန်ထွက်လာပြီး ငါ့ကို လာသတ်မယ် ထင်နေလား။ သဲမီးတောက်နယ်မြေက ဘယ်လောက် အန္တရာယ်များပါတယ်ဆိုပြီး ပြောနေကြတဲ့ ကောလဟာလတွေ အကုန်လုံးလည်း အပိုတွေချည်းပဲ။ အဲ့အန္တရာယ်များတယ် ဆိုတဲ့စကားကို ဦးနှောက်မပါတဲ့ ကောင်တွေကို ခြောက်ဖို့ လုပ်ထားတာပဲ ဖြစ်လိမ့်မယ်။ ဟွန့်၊ ဦးနှောက်မရှိတဲ့ကောင်တွေ၊ ငါ့ကိုများ ခြောက်ချင်နေသေးတယ်”

ထိုလူငယ်လေသည် ရှဲ့ဟုန်ဝမ်မှလွဲ၍ အခြားမဟုတ်။ အခြား သူတော်စင်ဘုရင်တတိယအဆင့် နှစ်ယောက်သည် ရှဲ့မိသားစုမှ သူ့ကို ကာကွယ်ပေးရန် လွှတ်လိုက်သော ကျင့်ကြံသူနှစ်ယောက် ဖြစ်ပေသည်။

ထိုလူနှစ်ယောက်သည် လအရိပ်ခန်းမမှ ကျင့်ကြံသူ မဟုတ်ဟု ချင်းတုန် ရန်ကိုင်အား ပြောခဲ့သည်။

ရှဲ့ဟုန်ဝမ်၏ စကားကို ကြားပြီးနောက် သူတော်စင် ဘုရင် တတိယအဆင့် ကျင့်ကြံသူနှစ်ယောက် အချင်းချင်း ကြည့်လိုက်ပြီး ခေါင်းသာ ခါလိုက်ကြသည်။ ရှဲ့ဟုန်ဝမ်သည် မွေးကတည်းက ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင် နေလာခဲ့ရသူ ဖြစ်သဖြင့် အပြင်လောကကြီးရှိ အန္တရာယ် များကို နားလည်မည် မဟုတ်မှန်း သူတို့သိသည်။ ထို့အပြင် ယခင်ရက်များအတွင်း အန္တရာယ်များသည် မည်သည့် အရာနှင့်မှ သူတို့ မရင်ဆိုင်ရသေးချေ။ ထို့ကြောင့် ရှဲ့ဟုန်ဝမ်သည် ဤနေရာကို အထင်သေးနေခြင်း ဖြစ်သည်။

နှစ်ယောက်စလုံးသည် သဲမီးတောက်နယ်မြေထဲသို့ တစ်ခါမှ မဝင်ဖူးသော်ငြား ဤနေရာသည် အရိပ်ကြယ်၏ တားမြစ်နယ်မြေ တစ်ခုဖြစ်သဖြင့် အန္တရာယ်များမည်မှာ မလွဲမသွေပင်။

တစ်ယောက်ယောက်သာ ထိုစကားကို ပြောလိုက်သည်ပါက ထိုလူကို သူတို့ အဖက်ပင် လုပ်မည် မဟုတ်ချေ။ သို့သော် ပြောလိုက်သည့်လူသည် ရှဲ့ဟုန်ဝမ် ဖြစ်နေသည်။ ရှဲ့ဟုန်ဝမ်ကို ကာကွယ်ပေးရမည်မှာ သူတို့၏ တာဝန်ဖြစ်သည်။ ရှဲ့ဟုန်ဝမ်သာ တစ်ခုခု ဖြစ်သွားပါက သူတို့၏ အနာဂတ်မှာ မတွေးရဲစရာပင်။

ထို့ကြောင့် လေးထောင့်မျက်နှာနှင့် ကျင့်ကြံသူက ရှဲ့ဟုန်ဝမ်ကို အလေးအနက် အမူအရာဖြင့်‌ ပြောလိုက်သည် “သခင်လေး၊ ဒါက သဲမီးတောက်နယ်မြေရဲ့ အပြင်ဘက်ပဲ ရှိသေးတယ်။ ဒါကြောင့် ကံကောင်းပြီး အဆင့်ငါး၊ အဆင့်ခြောက် မီးတောက်ဝိဥာဉ်သားရဲတွေပဲ တွေ့ခဲ့တာ။ သခင်လေးရဲ့ ဘုန်းတန်ခိုးကြောင့် အဲ့ကောင်တွေကို သတ်ရတာ ဘယ်ခက်ပါ့မလဲ”

ချီးကျူးစကား ကြားလိုက်ရသည့်အခါ ရှဲ့ဟုန်ဝမ် မြောက်ကြွမြောက်ကြွ ဖြစ်သွားသည်။ စိတ်မရှည်နေသည့် သူ့မျက်နှာ အမူအရာမှာလည်း အတော်လေးကို ပြေလျော့ သွားခဲ့လေသည်။ ကောင်းကင်အောက်တွင် သူသာ အရှင်သခင်တစ်ပါးနှယ် ခေါင်းကိုမော့ ရင်ကို ကော့လိုက်၏။

ထိုကျင့်ကြံသူက ဆက်ပြောလိုက်သည် “ဒါပေမယ့် သခင်လေး၊ ဒီနေရာကို အရမ်းကြီး ပေါ့သေးသေးတော့ မမှတ်လိုက်နဲ့နော်။ အဆင့်ငါး၊ အဆင့်ခြောက်တွေကို တွေ့တာ အဆင်ပြေတယ်။ ဒါပေမယ့် အဆင့်ခုနှစ်၊ အဆင့်ရှစ်တွေသာ ထွက်လာမယ် ဆိုရင်တော့…”

ထိုစကားကို ကြားလိုက်သည့်အခါ ရှဲ့ဟုန်ဝမ်၏ မျက်လုံး မှေးစဉ်းသွားပြီး လေးထောင့်မျက်နှာနှင့် လူကြီးကို စိုက်ကြည့်ကာ “ရှဲ့ယွင်၊ ဒီသခင်လေးကို မင်းအထင်သေး နေတာလား။ ငါ့မှာရှိတဲ့ မှော်ရတနာတွေ၊ နတ်ဘုရား စွမ်းရည်တွေနဲ့ အဆင့်ခုနှစ်၊ အဆင့်ရှစ်တောင် မဟုတ်ဘူး။ အဆင့်ကိုးတွေ ပေါ်လာရင်တောင် ဂရုမစိုက်ူးကွ။ ငါ့အဲ့ကောင်တွေကို အလွယ်လေး သတ်ပစ်လိုက်လို့ ရတယ်။ အဲ့အဆင့်မြင့် မီးတောက်ဝိဥာဉ်သားရဲတွေနဲ့ မတွေ့မှာကိုတောင် ငါစိုးရိမ်နေတာကွာ။ သွား၊ မင်းပြောတဲ့ အဲ့အဆင့်မြင့်ကောင်တွေ သွားရှာလိုက်။ ငါဘယ်လောက် အစွမ်းထက်လဲ မင်းကိုပြပေးမယ်”

ရှဲ့ဟုန်ဝမ် တကယ်ကို သောက်ရူးဖြစ်နေသည်။

ရှဲ့ယုန်နှင့် ရှဲ့ယွင်တို့မှာ အပြင်ပြိုင်းတွင် တည်ငြိမ် နေသော်ငြား စိတ်ထဲတွင်မူ ရှဲ့ဟုန်ဝမ်ကို ရက်ရက်စက်စက် ကျိန်ဆဲနေခဲသည်။

ရှဲ့ဟုန်ဝမ် ဦးနှောက်မရှိသည့်ကောင်မှန်း သူတို့ ကြားခဲ့ဖူးသည်။ သို့သော် ကောလဟာလများ အမှန်ဖြစ်နေမှန်း ယခုမှသာ နားလည်သွားရတော့သည်။

သူသည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသည်။ အဆင့်ကိုးမဆိုထားနှင့်၊ အဆင့်ခုနှစ်၊ အဆင့်ရှစ် မီးတောက်ဝိဥာဉ်သားရဲတစ်ကောင်ပင် သူ့အား အလွယ်လေး သတ်ပစ်နိုင်ပေသည်။ သို့သော်လည်း သူ့ကိုယ်သူ အဆင့်ကိုးကိုပင် သတ်ပြမည်ဟု အရှက်မရှိ ကြွားဝါနေခဲ့သည်။

ထိုကဲ့သို့ အရူးတစ်ယောက်ကို သွားရှင်းပြနေ၍လည်း ဘာမှ ထူးလာလိမ့်မည် မဟုတ်ချေ။ ရှဲ့ဟုန်ဝမ် စိတ်ကျေ နပ်သွားအောင်သာ လုပ်ပေးလိုခြင်း ဖြစ်သည်။ ရှဲ့ဟုန်ဝမ်က ခေါင်းညိတ်၍ “မင်းတို့ စိတ်ချထားလိုက်။ ဒီတစ်ကြိမ် ငါလက်စားပြန်ချေနိုင်မယ်ဆိုရင် မိသားစုဆီ ပြန်ရောက်တာနဲ့ ငါ့အဖေကိုပြောပြီး မင်းတို့ ဘယ်လိုတွေ လုပ်ပေးခဲ့တယ် ဆိုတာကို မိသားစုခေါင်းဆောင်ဆီ ပြောခိုင်းလိုက်မယ်။ မင်းတို့ ရမယ့် အကျိုးအမြတ်က နည်းမှာ မဟုတ်ဘူး”

ရှဲ့ယွင်နှင့် ရှဲ့ရုန်တို့၏ မျက်လုံးများ တောက်ပသွားပြီး ပြိုင်တူ ခေါင်းညိတ်လိုက်ကြလေသည်။

သူတို့ ဤတာဝန်ကို ယူခဲ့ရခြင်းမှာ ရှဲ့ဟုန်ဝမ်၏အဖေ ရှဲ့လီသည် ဤတာဝန်ကို ပြီးမြောက်နိုင်မည် ဆိုပါက သူတို့အား သူတော်စင်သလင်းကျောက် သုံးသိန်းပေမည်ဟု ကတိပေးထားခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်သာ မဟုတ်လျှင် ရှဲ့ဟုန်ဝမ်နှင့်အတူ သဲမီးတောက်နယ်မြေ ထဲသို့ ဘာကြောင့် ဝင်လာခဲ့ရမည်နည်း။

ထို့အပြင် မိသားစုသည် သဲမီးတောက်နယ်မြေထဲတွင် သူတို့ ရရှိခဲ့သည့် အကျိုးအမြတ်များကို ပြန်မတောင်းချေ။ ဤနေရာတွင် သူတို့ ရသမျှအရာအားလုံးသည် သူတို့အပိုင် ဖြစ်ပေသည်။

လွန်ခဲ့သော လအနည်းငယ်ခန့် ရှဲ့မိသားစုသည် တာဝန် တစ်ခုကို ကြေညာခဲ့သည်။ ထိုတာဝန်အတွက် ရှဲ့မိသားစု၏ တပည့်ပေါင်းများစွာ ဝင်ပြိုင်ကြသည်။ နောက်ဆုံး ရှဲ့ရုန်နှင့် ရှဲ့ယွင်တို့သည် ထိုတာဝန်အတွက် သင့်လျော်သော လူများ အဖြစ် အရွေးချယ်ခံခဲ့ရသည်။

ရှဲ့ဟုန်ဝမ် လက်စားချေချင်နေသည့်လူသည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသော ရန်ကိုင် ဆိုသည့်လူ ဖြစ်ကြောင်း သိထားကြသည်။

ရှဲ့ဟုန်ဝမ်၏ ပြောစကားအရ ရန်ကိုင်ဆိုသော လူသည် စည်းမရှိကမ်းမရှိ မာနကြီးသည့် သောက်သုံးမကျသည့်လူ တစ်ယောက်ဖြစ်သည်။ ထိုကောင်သည် သူနှင့် ယှဉ်တိုက်လျှင် သူ့ကိုပင် အနိုင်ယူနိုင်မည် မဟုတ်ဘဲ အကြီးအကဲချင်းကြောင့်သာ သူ့အား ဘာမှမလုပ်ဘဲ နေခဲ့ရခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။

သို့သော် ရှဲ့ရုန်နှင့် ရှဲ့ယွင်တို့သည် အရူးများ မဟုတ်ကြရာ ရှဲ့ဟုန်ဝမ်၏ လျှာအရိုးမရှိ လျှောက်ပြော နေသည့် စကားများကို မယုံချေ။ ဤလောကကြီးတွင် ရှဲ့ဟုန်ဝမ်အား အနိုင်မယူနိုင်သည့် သူတော်စင်ဘုရင် အဆင့် ကျင့်ကြံသူမရှိချေ။ သူတော်စင်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးစ ကျင့်ကြံသူတစ်ယောက်ပင်လျှင် ရှဲ့ဟုန်ဝမ်အား အလွယ်တကူ အနိုင်ယူနိုင်သည်။

နှစ်ယောက်စလုံးသည် ရှဲ့လီဆီမှ အမှန်တရားကို သိခဲ့ရသည်။

ရန်ကိုင်ဆိုသော လူငယ်လေးသည် သူတော်စင်ဘုရင် ပထမအဆင့်ပင် ဖြစ်လင့်ကစား သူတော်စင်ဘုရင် တတိယ အဆင့်များကို သတ်နိုင်သည်။ သို့သော်လည်း ရှဲ့ရုန်နှင့် ရှဲ့ယွင်တို့သည်လည်း ရှဲ့မိသားစုရှိ တပည့်များထဲတွင် လက်ရွေးစင်များ ဖြစ်ကြသည်။ ထို့ကြောင့် ရန်ကိုင်ဆိုသော လူငယ်လေးကို သတ်နိုင်မည်ဟု ယုံကြည်နေကြသည်။

“သူဒီဘက်သွားတာ မင်းတို့ သေချာလား” ရှဲ့ဟုန်ဝမ်က ရုတ်တရက် မေးလိုက်သည် “သူ့နောက်လိုက်ရတာ ဘာလို့ ဒီလောက်တောင် ကြာနေတာလဲ။ လမ်းမှား မှားနေတာလား”

ရှဲ့ရုန်က ပြုံးဖြီးလိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ပြောလိုက်သည် “လမ်းမှားမှာကို သခင်လေးကို စိတ်ပူနေစရာ မလိုဘူး။ သူဒီလမ်းအတိုင်း ကျိန်းသေ သွားတာ။ ဘယ်သူမှ ကျုပ်လိုက်ဖမ်းတာကနေ လွတ်မှာ မဟုတ်ဘူး”

ရှဲ့ရုန်သည် နောက်ယောင်ခံလိုက်ခြင်းတွင် ထူးချွန်သည့် အပြင် မြင့်မားသော တိုက်ပွဲဝင်စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် ရှဲ့မိသားစုဝင် တပည့်များစွာ အနက်မှ ဤတာဝန်အတွက် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

သဲမီးတောက်နယ်မြေထဲသို့ ဝင်ရောက်ပြီး ရန်ကိုင် ရှိနေသည့် နေရာကို အတည်ပြုပြီးနောက် ဆက်သွယ်ရေး မှော်ရတနာ အကူအညီဖြင့် သုံးယောက်သား အတူတူ စုဝေးလိုက်ကြပြီးနောက် ရန်ကိုင်နောက်သို့ လိုက်လေ၏။

“ဒါဆို ဘာလို့ အခုထိ သူ့ကို မတွေ့သေးတာလဲ” ရှဲ့ရုန်က ရှေ့တည့်တည့်ကို ညျွှန်ပြလိုက်သည်။

ရှဲ့ဟုန်ဝမ် ဝမ်းသာသွားခဲ့ပြီး “တကယ်ကြီးလား”

“သေချာတယ်”

“ဒါဆို ဘာတွေ စောင့်နေသေးတာလဲ။ သူ့နောက် မြန်မြန် လိုက်တော့လေ။ ငါအဲ့ကောင်ကို သတ်ချင်နေပြီ” ရှဲ့ဟုန်ဝမ်က အော်ဟစ်လိုက်ပြီး ချက်ချင်းပဲ ခေါင်းပြန်ခါ၍ “မဟုတ်သေးဘူး။ ငါအဲ့ကောင်ကို အရှင်ဖမ်းရမယ်။ ပြီးမှ ငါ့ကို တစိမ့်စိမ့် ထိုင်နှိပ်စက်ရမယ်။ ဒီအတိုင်းသတ်လိုက်ရင် ညှာတာလွန်းရာ ကျလွန်းတယ်။ ငါ့ကို သေတာထက်ဆိုးတဲ့ နာကျင်မှုကို ခံစားခိုင်းရမယ်”

“သခင်လေး၊ ကျုပ်တို့ကိုယ်တိုင်တောင် လုပ်စရာ မလိုတော့ဘူးနဲ့တူတယ်” ရှဲ့ရုန်က ထူးဆန်းသည့် အမူအရာဖြင့် ပြောလိုက်သည်။

“မင်းဘာပြောချင်တာလဲ” ရှဲ့ဟုန်ဝမ်က မျက်လုံး မှေးစဉ်း၍ ရှဲ့ရုန်ကို ကြည့်လိုက်သည်။

ရှဲ့ဟုန်ဝမ်က ယဲ့ယဲ့လေးပြုံးလျက် “သူဒီတောင်ကြားထဲ ဝင်သွားတယ်ဆိုမှတော့ သူ့မှာ အသက်ဆယ်သက် ရှိရင်တောင် ပြန်ထွက်လာနိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် သူ့နောက်ကို ကျုပ်တို့ကိုယ်တိုင် လိုက်နေစရာ မလိုတော့ဘူး။ သူအခုတောင် သေချင် သေနေလောက်ပြီ”

“ဘာလို့လဲ။ မင်းဘယ်လိုလုပ်ပြီး သိတာလဲ” ရှဲ့ဟုန်ဝမ် နားမလည်နိုင် ဖြစ်နေခဲ့သည်။

ရှဲ့ရုန်က ပြုံး၍ ရှင်းပြလိုက်သည် “ကျုပ်တို့ ဒီကို မလာခင် မိသားစုခေါင်းဆောင်က သဲမီးတောက်နယ်မြေနဲ့ ပက်သက်တဲ့ နေရာအချို့ကြောင်း ရှင်းပြခဲ့တယ်။ ဒီတောင်ကြားလည်း သူပြောတဲ့အထဲမှာ ပါတယ်။ အရင် တစ်ခါ သဲမီးတောက်နယ်မြေဖွင့်တုန်းက ကျုပ်တို့ ရှဲ့မိသားစုက စီနီယာတစ်ယောက်ကို ဒီကို မတော်တဆ ရောက်လာခဲ့တယ်။ ဒါပေမယ့် ရောက်ပြီးလို့ တစ်နာရီတောင် မကြာသေးခင်မှာပဲ တောင်ကြားထဲမှ မရေမတွက်နိုင်တဲ့ မီးတောက်ဝိဥာဉ်သားရဲတွေက လူတစ်ဖွဲ့ကို ဝိုင်းပြီး သတ်နေတာကို တွေ့လိုက်တယ်။ အဲ့အဖွဲ့တစ်ခုလုံးက အင်အားစုကြီးက လက်ရွေးစင်တွေ နဲ့ချည်း ဖွဲ့ထားတယ်။ လူအယောက်ကလည်း (၃၀)အောက် မလျော့ဘူး။ အဲ့တုန်းက အခြေအနေက အရမ်းကို အန္တရာယ်များတာလေ။ ကျုပ်တို့ ရှဲ့မိသားစုက စီနီယာလည်း ဒုက္ခရောက်မှာစိုးလို့ တောင်ကြားထဲကနေ တိတ်တိတ်လေးပဲ ပြန်ထွက်လာလိုက်တယ်။ သဲမီးတောက် နယ်မြေ ပွင့်သွားလို့ အပြင်ရောက်တဲ့အခါ တောင်ကြားထဲမှာ ပိတ်မိနေတဲ့ လူတွေကို ကျုပ်တို့ ရှဲ့မိသားစုက စီနီယာ လိုက်ရှာသေးတယ်။ ဒါပေမယ့် တစ်ယောက်မှ မတွေ့ခဲ့ဘူး”

“သူတို့ ဒီတောင်ကြားထဲ ရောက်သွားတာလား” ရှဲ့ဟုန်ဝမ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ အစောပိုင်းက အဆင့်ကိုး မီးတောက်ဝိဥာဉ်သားရဲများ ကိုပင် သတ်မည်တကဲကဲ လုပ်ပြနေသော ရှဲ့ဟုန်ဝမ်သည် မရေမတွက်နိုင်သော မီးတောက်ဝိဥာဉ်သားရဲများ ဆိုသည့် စကားကို ကြားလိုက်သည်နှင့် သွေးဆုတ်ဖြူလျော်သွား၏။

“အမှန်ပဲ။ အဲ့ကျင့်ကြံသူတွေအကုန်လုံး တောင်ကြားထဲမှ သေသွားတယ်။ သူတို့တွေ ဒီတောင်ကြားမှ သေသွားတယ် ဆိုတာကို ကျုပ်တို့ ရှဲ့မိသားစုက စီနီယာ တစ်ယောက်ပဲ သိထားတာ။ အခြားတစ်နည်း ပြောရရင်တော့ ဒီတောင်ကြား အကြောင်းကို ကျုပ်တို့ ရှဲ့မိသားစုတစ်ခုပဲ သိထားတာ။ ရန်ကိုင် အဲ့ထဲကို ဝင်သွားပြီ ဆိုမှတော့ သူလုံးဝ အသက်ရှင်တော့မှာ မဟုတ်ဘူး။ ကျုပ်အခုရပ်ပြီး ဒီတောင်ကြားကို စူစမ်းတယ် ဆိုတာက စိတ်ထဲ မယုံသင်္ကာ ဖြစ်နေမိလို့ပဲ။ အခု ရှဲ့ရုန်နဲ့ပါ သေချာ စစ်ဆေးကြည့်ပြီးသွားပြီ။ ဒီတောင်ကြားက ကျုပ်တို့ ရှဲ့မိသားစုကစီနီယာ ပြောပြခဲ့တဲ့ တောင်ကြားပဲ”

ထိုစကားကို ကြားပြီးနောက် ရှဲ့ဟုန်ဝမ်က ဒေါသတကြီး ခြေဆောင့်လိုက်သည် “ငါ့လခွမ်း၊ သူဘာလို့ ဒီလိုမျိုး သေသွားရတာလဲကွာ။ ငါသူ့ကို အသက်ရှင်လျက်ဖမ်းပြီး နှိပ်စက်ချင်နေတာကွ”

ရန်ကိုင်ကို သူကိုယ်တိုင် မသတ်လိုက်နိုင်သည့် အတွက်ကြောင့် ရှဲ့ဟုန်ဝမ် အလွန်ကိုမှ နောင်တရနေခဲ့သည်။

အပိုင်း(၁၁၇၉)

အထွဋ်အထိပ်သိုင်းဧကရာဇ်

ရှဲ့ဟုန်ဝမ်၏ စကားသံ ဆုံးသွားသည်နှင့် တောင်ကြား ဆီမှ ပေါက်ကွဲသံအကျယ်ကြီးကို သုံးယောက်စလုံး ရုတ်တရက် ကြားလိုက်ရလေသည်။

အသံသည် သူတို့နှင့် အတော်လေး ဝေးနေသော်ငြား သေသေချာချာ ကြားလိုက်ရသည်။ ထို့ပြင် သူတို့ ရပ်နေသည့် မြေပြင်သည်ပါ အနည်းငယ် တုန်ခါနေသည်။

ရှဲ့ယွင်နှင့် ရှဲ့ဟုန်တို့ အံ့အားသင့်နေကြသည်။ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုသည်ကို မသိသော်ငြား ဤကဲ့သို့ ဖြစ်အောင် လုပ်နိုင်ပုံထောက်လျှင် တောင်ကြားထဲရှိ တိုက်ပွဲသည် အလွန့်ကိုမှ ပြင်းထန်နေရပေလိမ့်မည်။

ရှဲ့ဟုန်ဝမ်ကမူ ခဏမျှ စဉ်းစားနေလိုက်ပြီးနောက် ရုတ်တရက် ဝမ်းသာတကြီး ထအော်လေသည် “အဲ့ဒါ ဟိုအမှိုက်ကောင်များ ဖြစ်နေမလား”

ရှဲ့ဟုန် မျက်မှောင်ကြုတ်သွားပြီး မသင်္ကာဟန်ဖြင့် ပြန်ပြောလေသည် “ဟုတ်လောက်တယ်။ ဒီလမ်းအတိုင်း လာခဲ့တာဆိုလို့ သူတစ်ယောက်ပဲရှိတာဆိုတော့။ အခု သူ့ကို မီးတောက်ဝိဥာဉ်သားရဲတွေ ဝိုင်းထားတာ ဖြစ်ရမယ်”

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ကောင်းကင်က ငါရှဲ့ဟုန်ဝမ်ကို ကူညီပေးနေတာပဲ ဖြစ်ရမယ်” ရှဲ့ဟုန်ဝမ်က အားရပါးရ အော်ရယ်လိုက်ပြီး လက်ဝှေ့ရမ်း၍ ပြောလိုက်သည် “သွားကြည့်ရအောင်၊ အဲ့သူတောင်းစား ဘယ်လို ဆိုးဆိုးရွားရွား သေမလဲဆိုတာကို ငါမြင်ရမှ ဖြစ်မယ်။ မဟုတ်ရင် စားဝင်အိပ်ပျော်နိုင်မှာ မဟုတ်ဘူး”

“သခင်လေး…” ရှဲ့ရုန်နှင့် ရှဲ့ယွင်တို့၏ အမူအရာ ပြောင်းလဲသွားပြီး ရှဲ့ရုန်က အလျင်အမြန် ပြောလိုက်၏ “သခင်လေး၊ အဲ့တောင်ကြားက သဲမီးတောက်နယ်မြေ ထဲမှာတောင် တားမြစ်နေရာတစ်ခု ဖြစ်နေတာ။ အဝင်ပဲ ရှိပြီး အထွက်မရှိတဲ့ တောင်ကြားလို့တောင် ပြောလို့ရတယ်။ အဲ့လူ ဝင်သွားပြီဆိုမှတော့ ကျိန်းသေသေမှာပဲကို ဘာလို့ စွန့်စားပြီး သွားကြည့်ချင်နေတာလဲ၊ သခင်လေးရယ်။ ကျုပ်တို့နှစ်ယောက် တစ်ခုခု ဖြစ်သွားလို့ ဘာမှ မဖြစ်ပေမယ့် သခင်လေးသာ တစ်ခုခု ဖြစ်သွားခဲ့ရင်…”

ရှဲ့ဟုန်ဝမ်သည် သူ့အား မြှောက်ပြောခြင်းကို အလွန် ကြိုက်မှန်း ရှဲ့ရုန်သိသည်။ ထို့ကြောင့် ရှဲ့ဟုန်ဝမ်အား အတင်းအကြပ် သွားမတားခဲ့ချေ။ ထို့ကဲ့သို့ သွားတားလျှင် သူတို့ကိုပင် ပြန်ဒေါသထွက်သွားနိုင်သေးသည်။

ဟုတ်ပေသည်။ ရှဲ့ရုန် ပြောသည်အထဲ မှန်သည့်စကား အချို့ ပါသည်ဟု ရှဲ့ဟုန်ဝမ် တွေးမိလိုက်သည်။ ထိုနှစ်ယောက် တစ်ခုခု ဖြစ်သွားလျှင် ဘာမှ မဖြစ်နိုင်‌ သော်ငြား သူသာ တစ်ခုခု ဖြစ်သွားခဲ့လျှင်… သို့သော်လည်း သွားချင်စိတ်က မပျောက်သေး။ ရန်ကိုင် မည်ကဲ့သို့ သေမလဲ ဆိုသည်ကို သူသေသေချာချာ ထိုင်ကြည့်ချင်နေမိသည်။

သူ့အသက်ရှင်လာသည့် တစ်ဘဝလုံး မည်သူကမှ သူ့အား ရန်ကိုင်ကဲ့သို့ အရှက်မခွဲဘူးချေ။ ထိုအကြောင်းကို ပြန်တွေးလိုက်တိုင်း စားမဝင်အိပ်မပျော် ဖြစ်ရသည်။ ခွေးသူတောင်းစားအိုကြီး ချင်းတုန်ကိုလည်း အခဲမကြေ ဖြစ်မိသည်။ ထိုစဉ်က ထိုခွေးအိုကြီးသည် သူ့အတွက် လက်စားချေမပေးဘဲ ရန်ကိုင်ကို မျက်နှာသာပေးကာ သူ့အား ပြန်တောင်းပန်ခိုင်းခဲ့သည်။

ထိုခွေးအိုကြီး ချင်းတုန်ကို အနှေးနှင့်အမြန် ပြန်ပေးဆပ်ရအောင် လုပ်မည်ဟု ရှဲ့ဟုန်ဝမ်စိတ်ထဲ ကြိတ်၍ ကြုံးဝါးနေခဲ့သည်။

ရှဲ့ဟုန်ဝမ်သည် တကယ်ကို ဦးနှောက်မရှိသည့် လူပင်။ ချင်းတုန်ကြောင့် သူအသက်ရှင်ခွင့် ရခဲ့သည်ကို မသိဘဲ ချင်းတုန်ကို လက်စားပြန်ချေမည် ဟူ၍သာ လုပ်နေခဲ့သည်။

ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်သော် ရှဲ့ဟုန်ဝမ် ဒေါသထွက်လာရသည်။ ရန်ကိုင် အသေဆိုးနှင့် သေနေသည့် ပုံစံကို ကြည့်ချင်စိတ်တို့လည်း ပိုမို ဖြစ်ပေါ်လာရသည်။ ဆုံးဖြတ်လိုက်ပြီးနောက် မေးလိုက်လေသည် “အဝေးကနေ ကြည့်ရင်တော့ ဘာမှမဖြစ်ဘူးလား”

ရှဲ့ရုန် ထိတ်လန့်သွားပြီး ထိုကဲ့သို့ မလုပ်ရန် ပြန်ပြောတော့မည်အပြု ရှဲ့ဟုန်ဝမ်က ဖြတ်ပြောလိုက်သည် “ငါတို့ ရှဲ့မိသားစုက စီနီယာတောင် လုံလုံခြုံခြုံနဲ့ ပြန်ထွက်လာနိုင်သေးတာပဲ။ ငါတို့ကော ဘာလို့ မထွက်လာနိုင်ရမှာလဲ။ ဘာလဲ၊ မင်းတို့ကိုယ်မင်းတို့ ယုံကြည်ချက်မရှိတာလား။ အဲ့လိုဆိုရင် ဒီမှာ မင်းတို့ဘာသာ နေခဲ့လိုက်။ ငါသခင်လေး တစ်ယောက်တည်း သွားမယ်။ ဒါပြီးသွားလို့ မိသားစုဆီ ပြန်ရောက်ရင် သူတော်စင် သလင်းကျောက် သုံးသိန်းရဖို့ကိုတော့ တွေးတောင် မတွေးနဲ့”

သူတို့တွင် ရွေးချယ်စရာကော ရှိရဲ့လား။ ရှဲ့ရုန်နှင့် ရှဲ့ယွင်တို့ စိုးရိမ်သွားခဲ့ကြသည်။ ရှဲ့ဟုန်ဝမ်အား ကာကွယ်‌ ပေးရမည့် တာဝန်ကို လက်ခံခဲ့ခြင်းသည် သူတော်စင် သလင်းကျောက် သုံးသိန်းနှင့် သဲမီးတောက်နယ်မြေထဲ၌ ရနိုင်သည့် အကျိုးအမြတ်များကြောင့် ဖြစ်သည်။ ထိုသူတော်စင် သလင်းကျောက် သုံးသိန်းကိုသာ လက်လွှတ်လိုက်ရမည် ဆိုပါက သူတို့ ရရှိမည့် အကျိုးအမြတ် တစ်ဝက်‌ လျော့သွားနိုင်ပေသည်။

ရှဲ့ရုန်နှင့် ရှဲ့ယွင်တို့ တုန့်ဆိုင်းသွားခဲ့လေသည်။ တောင်ကြား မည်မျှ အန္တရာယ်များကြောင့် အခြားသူများထက် သူတို့ ပိုသိသည်။ ဤနေရာသို့ မလာခင်က ဤတောင်ကြားထဲသို့ မဝင်သင့်ကြောင့် ရှဲ့လီမှ သူတို့အား ပြောထားခဲ့သည်။ ရှဲ့လီသည် သူတို့၏ လုံခြုံရေးကို စိုးရိမ်ခြင်းမဟုတ်၊ သူတို့မှ ရှဲ့ဟုန်ဝမ်အား မကာကွယ်ပေးနိုင်မည်ကို စိုးရိမ်ခြင်း ဖြစ်သည်။

ရှဲ့ဟုန်ဝမ်သာ တစ်ခုခု ဖြစ်ခဲ့ပါက သူတို့လည်း အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ရှဲ့ဟုန်ဝမ်က သွားနေပြီ ဖြစ်မှဖြင့် သူတို့ကော မသွား၍ ရပါမည်လော။

ထိုနှစ်ယောက် တုန့်ဆိုင်းနေသည်ကိုမြင်သော် ရှဲ့ဟုန်ဝမ်က နှာခေါင်းရှုံ့၍ ပြောလိုက်သည် “မင်းတို့သာ ငါ့ကို ခေါ်သွားပြီး အဲ့သူတောင်းစားကောင် ဘယ်လိုသေလဲ ဆိုတာကို ကြည့်နိုင်အောင် လုပ်ပေးမယ်ဆိုရင် မိသားစုဆီ ပြန်ရောက်တာနဲ့ ငါကိုယ်တိုင် မင်းတို့ကို လက်ဆောင်အချို့ ပေးမယ်။ အသူရာလက်ဝါးကို မင်းတို့ မသင်ရဘူးမလား။ အဲ့အသူရာလက်ဝါးအကြောင်း ငါနည်းနည်းပါးပါး သိထားတယ်”

‘အသူရာလက်ဝါး’ ဆိုသော စကားကို ကြားလိုက်သည့် အခါ ရှဲ့ရုန်နှင့် ရှဲ့ယွင်တို့ မျက်နှာထက်ရှိ တု့န်ဆိုင်းမှုအားလုံး ပျောက်ကွယ်သွားခဲ့လေသည်။

ရှဲ့ဟုန်ဝမ်က သူကိုပူတုန်း ဆက်လက် ထုရိုက်လိုက်၏ “မင်းတို့ စိုးရိမ်နေစရာ မလိုဘူး။ ငါအဝေးကနေပဲ ကြည့်မှာ။ မင်းတို့ကိုယ်တိုင်လည်း သူ့ကို သွားသတ်စရာမ လိုဘူး။ သူသေသွားတာနဲ့ ငါတောင်ကြားထဲက ချက်ချင်း ပြန်ထွက်သွားမယ်”

ရှဲ့ရုန်က သက်ပြင်းမောကြီးချလျက် ရှဲ့ယွင်ကိုကြည့်၍ မေးလိုက်သည် “မင်းဘယ်လိုထင်လဲ”

ရှဲ့ယွင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ခဏအကြာ၌ ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်လေသည် “ငါတို့မှာကော ရွေးစရာ ရှိသေးလို့လား”

ရှဲ့ဟုန်ဝမ်ပြောသည့်အတိုင်း လုပ်ရုံမှလွဲ၍ အခြား မရှိတော့ချေ။ ရှဲ့ဟုန်ဝမ်ပြောသည့်အတိုင်း လုပ်လျှင် စွန့်စားရနိုင်သော်ငြား သူတို့ ရရှိမည့် အကျိုးအမြတ်သည် ပိုများပေလိမ့်မည်။ ရှဲ့ဟုန်ဝမ်က ကမ်းလှမ်းချက်ကို ငြင်းပယ်ချင်သည် ဆိုပါက သူပေးမည့် အကျိုးအမြတ်ကို မယူလိုက်ရုံပင်။

နှစ်ယောက်စလုံး ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ရှဲ့ရုန်က ခေါင်းညိတ်လိုက်သည် “ကောင်းပြီလေ။ ကျုပ်တို့ သခင်လေးကို အဲ့နေရာဆီ ခေါ်သွားပေမယ်။ ဒါပေမယ့် မဆင်မခြင် မလုပ်ဖို့တော့ ကျုပ်တို့ကို ကတိပေး။ တစ်ခုခု မှားနေတာနဲ့ သခင်လေးကို ကျုပ်တို့ ချက်ချင်း ပြန်ခေါ်ပြီး ထွက်လာမှာ။ အဲ့တစ်ချက်ကိုတော့ ကတိပေးပေးပါ၊ သခင်လေး”

“ကောင်းပြီ၊ ငါသဘောတူတယ်။ ပြောစရာရှိတာ ပြောလို့ ပြီးသွားရင် မြန်မြန် သွားကြမယ်။ ငါတို့သာ ဆက်ပြီး နှေးနေရင် ဟိုသူတောင်းစားကောင် ငါတို့ မရောက်ခင် သေသွားလိမ့်မယ်” ရှဲ့ဟုန်ဝမ်က စိတ်မရှည်စွာဖြင့် တိုက်တွန်းလိုက်သည်။

ရွေးစရာမရှိတော့သည့်အဆုံး ရှဲ့မိသားစုမှ ကျင့်ကြံသူ နှစ်ယောက်လည်း ရှဲ့ဟုန်ဝမ်ကို ကာကွယ်ရင်း တောင်ကြား အနက်ပိုင်းထဲသို့ ဝင်သွားခဲ့လေသည်။

အတွင်းပိုင်းသို့ ရောက်လာသည်နှင့် မြေပြင်မှာ ပို၍ ပြင်းပြင်းထန်ထန် လှုပ်ခါလာခဲ့သည်။ အစပိုင်းတွင် ရှဲ့ရုန်သည် ပတ်ဝန်းကျင်ကို သတိကြီးကြီးထားလျက် ဖြည်းဖြည်းချင်းသာ ခရီးနှင်နေခဲ့သော်ငြား ရှဲ့ဟုန်ဝမ်က နားပူနားဆာ လုပ်လာသဖြင့် အရှိန်မြှင့်ရတော့သည်။

နေ့တစ်ဝက်လောက် ကြာပြီးနောက် အဝေးဆီမှ အနီရောင်တောက်နေသော နေရာကို လှမ်းမြင်လိုက်ရ၏။

မသိလျှင် သဲမီးတောက်နယ်မြေ၏ အနီရောင် အားလုံးသည် ထိုနေရာတွင် သွားရောက် စုဝေးနေသည့် အလား။ သေချာ အနီးကပ်ကြည့်လိုက်သည့်အခါ ထိုအနီရောင်အလင်းရောင်မှာ မီးတောက်များ မဟုတ်ဘဲ မီးတောက်ဝိဥာဉ်သားရဲအုပ်ကြီး ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ မီးတောက်ဝိဥာဉ်သားရဲအုပ်ကြီးသည် လူတစ်ယောက်ကို ဝိုင်း၍ တိုက်ခိုက်နေခဲ့ကြသည်။

အချိန်နှင့်အမျှ မီးတောက်ဝိဥာဉ်သားရဲအုပ်ထဲမှ ပုံရိပ်ယောင်တောင်များ တစ်လုံးပြီးတစ်လုံး ပေါ်လာခဲ့သည်။ ထိုသို့ လေပေါ်သို့ မြင့်တက်လာပြီးနောက် အောက်ဘက်ရှိ မီးတောက်ဝိဥာဉ်သားရဲများကို ထုချေသတ်သည်။ ထိုတောင်တစ်လုံး ကြမ်းပြင်နှင့် ထိခတ်သွားတိုင် မြေပြင် တစ်ကြိမ် တုန်ခါသည်။

ရှဲ့ရုန်နှင့် ရှဲ့ယွင်ထို့ ထိတ်လန့်နေလေသည်။

ဤတောင်ကြားထဲတွင် မီးတောက်ဝိဥာဉ်သာရဲများ မရေမတွက်နိုင်အောင် ရှိမှန်း ရှဲ့လီဆီ သိခဲ့ရသည်။ သို့သော် ကိုယ်တိုင် မြင်လိုက်သည့်အခါမှပဲ ဤနေရာတွင် ရှိနေသော မီးတောက်ဝိဥာဉ်သားရဲ မည်မျှ များပြားကြောင်းကို သေသေချာချာ သိသွားရတော့သည်။

လွန်ခဲ့သော နှစ်လေးရာခန့်က ဤနေရာထဲသို့ ဝင်လာသော အင်အားစုကြီးမှ လက်ရွေးစင်အားလုံး အသတ်ခံလိုက်ရသည်မှာလည်း အံ့ဩစရာတော့ မဟုတ်။ မီးတောက်ဝိဥာဉ်သားရဲများသည် ထိုမျှ များနေလေရာ တန်ခိုးရှင်အဆင့် ဝင်လာလျှင်ပင် ထိုတန်ခိုးရှင်အဆင့်သည် ဤနေရာမှ ပြန်ထွက်သွားနိုင်မည် မဟုတ်ချေ။ ထို့အပြင် သဲမီးတောက်နယ်မြေထဲသို့ ဝင်ခွင့်ရသည့် လူအာလုံးသည် သူတော်စင်ဘုရင် အဆင့်များသာ ဖြစ်သည်။

ရှဲ့ဟုန်ဝမ်၏ ပုံစံမှာ တကယ်ကို ရယ်စရာ ကောင်းနေ၏။ အဆင့်ကိုး၊ အဆင့်ရှစ် မီးတောက်ဝိဥာဉ် သားရဲများကို သတ်ပြမည် တကဲကဲ လုပ်နေသော်ငြား ထိုမီးတောက်ဝိဥာဉ်သားရဲအုပ်ကို မြင်လိုက်သည့် အချိန်၍ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ မျက်နှာ တစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားပြီး ကြောက်လွန်းသဖြင့် အကြောအချဉ်များ တောင့်သွားပြီး ခြေလက်များ မလှုပ်ရှားနိုင် ဖြစ်သွားခဲ့ရသည်။

“ပုန်း” ရှဲ့ရုန်က ရှဲ့ဟုန်ဝမ်ကို ခပ်လှမ်းလှမ်းတွင် ရှိနေသော မီးတာဒါဇင်ကျော်မက မြင့်သ်ည့ တောင်များဆီ ဆွဲခေါ်သွားလိုက်သည်။ တစ်ချိန်တည်းတွင် မှော်ရတနာ တစ်ခုကို ထုတ်ယူလိုက်ပြီး သူတို့ သုံးယောက် ပတ်ပတ်လည်၌ အရံအတား တစ်ခုကို ဖန်တီးလိုက်သည်။

တောင်တစ်လုံးပေါ်သို့ တက်ပြီးနောက် တိုက်ပွဲကို သေသေချာချာ စောင့်ကြည့်လေ့လာတော့သည်။ တိုက်ပွဲကို ကြည့်ရင်း သူတို့ ပိုပို၍ အံ့ဩလာနေခဲ့ရသည်။

သူတို့ရှေ့တွင် သိန်းနှင့်ချီမက များပြားလှသော မီးတောက်ဝိဥာဉ်သားရဲအုပ်ကြီး ရှိနေခဲ့သည်။ သူတို့သာ ထိုသားရဲအုပ်၏ အဝိုင်းခံရမည် ဆိုပါက လက်ဖက်ရည် တစ်ခွက်စာအတွင်း သေသွားရပေလိမ့်မည်။

သို့သော်လည်း ထိုရန်ကိုင်ဆိုသော ကျင့်ကြံသူသည် မီးတောက်ဝိဥာဉ်သားရဲများနှင့် ပြင်းထန်ကြမ်းရမ်းသော တိုက်ပွဲကို ဆက်လက် ဆင်နွှဲနေဆဲ။

မြေပြင်တုန်ခါသံ၊ ပေါက်ကွဲသံများကို ကြားခဲ့ရသည်မှာ နေ့တစ်ဝက်လောက် ရှိနေလေပပြီ။ နေ့တစ်ဝက်အတွင်း သူတော်စင်ချီ မည်မျှကို သူအသုံးပြုခဲ့ပြီးပြီနည်း။ ထိုတောင်အရိပ်များကို ဖန်တီးပေးသော မှော်ရတနာကို အသက်သွင်းရန်အတွက် သူတော်စင်ချီ မည်မျှကို အသုံးပြုခဲ့ပြီးပြီနည်း။ ထိုမျှ များပြားသော သူတော်စင်ချီ များကို သူမည်ကဲ့သို့ ပြန်ဖြည့်သနည်း။ မီးတောက် ဝိဥာဉ်သားရဲ ဘယ်လောက်များများကို သူသတ်ခဲ့ပြီးပြီနည်း။

သူတို့ အထိတ်လန့်ရဆုံးသည်ကား တိုက်ပွဲအား နှစ်နာရီ၊ သုံးနာရီမျှကြာအောင် စောင့်ကြည့်နေသော်ငြား ထိုတိုက်ပွဲသည် အဆုံးသတ်တော့မည်ဟန်မရှိ၊ ရန်ကိုင်သည် မီးတောက်ဝိဥာဉ်သားရဲပေါင်း များစွာနှင့် မရပ်မနား တိုက်ခိုက်နေရသော်ငြား ပင်ပန်းနွမ်းနွယ်သည့် အရိပ်အယောင် စိုးစဉ်မှမပြ။ ထို့အပြင် ရန်ကိုင်ကို ဝိုင်းထားသည့် မီးတောက်ဝိဥာဉ်သားရဲ အရေအတွက် မှာလည်း လျော့ကျသွားခြင်းမရှိသလို တိုးလာခြင်းမရှိ ဖြစ်နေခဲ့ကာ ပုံမှန်အတိုင်းသာ ရှိနေခဲ့သည်။ တစ်ကောင် သေသွားလျှင် ထိုတစ်ကောင်၏ နေရာကို အခြား တစ်ကောင်က အစားဝင်သည်။

ထိုထူးဆန်းသော တိုက်ပွဲဿည် ကမ္ဘာပျက်သည်အထိ ပြီးဆုံးမည့်ဟန်မရှိ။

“သူဘာလို့ မသေသးတာလဲ” ရှဲ့ဟုန်ဝမ်က စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။ မီးတောက်ဝိဥာဉ် သားရဲများ၏ ဝိုင်းထားခြင်း ခံရသည့် လူသည် သူအလွန် မုန်းတီးနေသော ရန်ကိုင် ဖြစ်သည်မှာ သံသယရှိစရာမလို။ ဤနေရာသို့ ရောက်ပြီးနောက် ရန်ကိုင် ချက်ချင်းကို သေတော့မည်ဟု ရှဲ့ဟုနန်ဝမ် တွေးခဲ့သည်။ သို့သော် ယခုထိတိုင် ရန်ကိုင် မသေသေးသဖြင့် ရှဲ့ဟုန်ဝမ် အလွန်ကိုမှ စိတ်ညစ်ဒေါသထွက်နေခဲ့ရသည်။

“အံ့ဩဖို့ကောင်းလိုက်တာ” ရှဲ့ရုန်က ရန်ကိုင်ကို ချီးကျူးလိုက်သည်။ ရန်ကိုင်သည် လက်ရွေးစင် ကျင့်ကြံသူ တစ်ယောက် ဖြစ်မှန်း သိသော်ငြား ရန်ကိုင်၏ ကျင့်ကြံခြင်း အဆင့်သည် သိပ်မမြင့်သည့်အတိုက် သူ့တိုက်ပွဲစွမ်းရည်မှာ သိပ်မြင့်လိမ့်မည် မဟုတ်ဟူ၍ တွေးခဲ့သည်။

သို့သော်လည်း ရန်ကိုင်၏ တိုက်ပွဲစွမ်းရည်ကို ကိုယ်တိုင် မြင်တွေံပြီးသည့်အခါမှ ထိုလူငယ်လေးကို လုံးဝ အထင်သေးမိနေသေးမှန်း သဘောပေက်လိုက်သည်။ သူတို့သာ ထိုလူငယ်လေးနှင့် တစ်ယောက်ချင်း သွားယှဉ်၍ တိုက်ခိုက်မည်ဆိုပါက သူတို့ပင် ပြန်ရှုံးသွားနိုင်ပေသည်။

“ရှဲ့ရုန်၊ သူ့ကို သွားသတ်လိုက်စမ်းကွာ။ ငါဆက်ပြီး မစောင့်နိုင်တော့ဘူး” ရုတ်တရက် ရှဲ့ဟုန်ဝမ်က အကျယ်ကြီး အော်ပြောလိုက်သည်။

ရှဲ့ရုန်နှင့် ရှဲ့ယွင်တို့ ဤတာဝန်အတွက် ရွေးချယ်ခြင်း ခံခဲ့ရခြင်းမှာ သူတို့၏ ထူးခြားသော စွမ်းရည်များကြောင့် ဖြစ်ပေသည်။ ရှဲ့ရုန်သည် ခြေခံရာတွင် ကျွမ်းကျင်သည်။ တန်ခိုးရှင်အဆင့် တစ်ယောက်သာ မဟုတ်သရွေ့ ထိုလူကို ခြေရာခံရန် သဲလွန်စကို ရှာဖွေနိုင်သည်။ သူ့လက်မှ မည်သူမှ ပြေးမလွတ်နိုင်ချေ။ သဲမီးတောက်နယ်မြေထဲသို့ ဝင်သွားသော တစ်ယောက်ယောက်ကို လိုက်ရှာရန်အတွက် သူ့စွမ်းရည်ကို လိုအပ်ပေသည်။

ရှဲ့ယွင်မှာမူ အသေတိုက်ကွက်မျိုးသည် အားသာသည့် လူတစ်ယောက်ဖြစ်သည်။

ရန်ကိုင်ကဲ့သို့ လက်ရွေးစင်တစ်ယောက်ကို ချောင်းမြောင်းတိုက်ခိုက်ခြင်သည် အကောင်းဆုံးဖြစ်၏။ ထို့ကြောင့်ပဲ ရှဲ့ယွင်သည်လည်း ရွေးချယ်ခံခဲ့ရခြင်း ဖြစ်၏။

ရှဲ့ဟုန်ဝမ်ပြောသည်ကို ကြားလိုက်သည့်အခါ ရှဲ့ယွင်က ခေါင်းခါ၍ လေးသံတိုးတိုးဖြင့် “အဲ့လိုလုပ်လို့ မဖြစ်ဘူး၊ သခင်လေး။ သူ့ကို အဝေးကနေ တိုက်ခိုက်တာ ပြဿနာ မရှိပေမယ့် မီးတောက်ဝိဥာဉ်သားရဲတွေက သူ့ကို ဝိုင်းနေတာ။ သူ့ကို လှမ်းတိုက်ခိုက်မယ် ဆိုရင်တောင် သူ့ကို ထိဖို့က သိပ်မသေချာဘူး။ မီးတောက်ဝိဥာဉ်သားရဲတွေကိုပဲ သွားထိဖို့က ပိုများတယ်။ ပြီးတော့ သူ့နောက်ဘက် ခရမ်းရောင် ဒိုင်းကာကလည်း အဆင့်မြင့် မှော်ရတနာ တစ်ခုပဲ။ သူ့ကို တစ်ချက်တည်း သတ်နိုင်မယ်လို့ အာမမခံနိုင်ဘူး”

သူယခုနေ လတိုက်ခိုက်လျှင်ပင် အများဆုံးမှ ရန်ကိုင်ကို ဒဏ်ရာရအောင် လုပ်နိုင်ရုံသာ။ ရန်ကိုင်ကိုသာ တစ်ချက်တည်း သေအောင် မသတ်နိုင်ဘူး ဆိုပါက သူတို့ ရှိနေသည့်အကြောင်းကို တစ်ဖက်လူအား ဘာကြောင့် သိစေလိုက်ရမည်နည်း။ စောင့်နေခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ထို့အပြင် မီးတောက်ဝိဥာဉ်သားရဲများ သူတို့အား သတိပြုမိသွားမည်ကိုလည်း ရှဲ့ယွင် စိုးရိမ်နေသည်။

သူနှင့် ရှဲ့ရုန်တွင် ထိုသိန်းနှင့်ချီသော မီးတောက်ဝိဥာဉ် သားရဲအုပ်ကြီးကို သတ်နိုင်စွမ်း မရှိပါချေ။

“အဲ့လိုဆို ငါတို့ ဘာလုပ်ကြမလဲ” ရှဲ့ဟုန်ဝမ်က မကျေနပ်သည့် လေသံဖြင့် မေးလိုက်သည်။ သူ့အလွန်ကိုမှ မုန်းတီးသော ရန်သူသည် သူ့ရှေ့တည့်တည့်တွင် အကောင်းအတိုင်း အသက်ရှင်လျက် ရှိနေသေးသည်။ သို့သော်လည်း ထိုလူအား သွားလက်စားမချေနိုင်ချေ။ ထို့ကြောင့် ရှဲ့ဟုန်ဝမ် အလွန်ကိုမှ စိတ်ညစ်နေရသည်။

အပိုင်း(၁၁၈၀)

အထွဋ်အထိပ်သိုင်းဧကရာဇ်

“စိတ်ရှည်ပါဦး သခင်လေးရယ်” ရှဲ့ရုန်က ယဲ့ယဲ့လေး ပြုံးလျက် “သူတိုက်ခိုက်နေတာ အကြကြီး ရှိနေပြီ။ သူ့မှာ တိုက်ခိုက်နေရင်း အားပြန်ဖြည်နိုင်တဲ့ နည်းလမ်း ရှိရင်တောင်မှ အမြဲတမ်း အားပြည့်အင်ပြည့်နဲ့ ရှိနေနိုင်မှာမှ မဟုတ်တာ။ အဲ့မီးတောက်ဝိဥာဉ်သားရဲတွေသာ သူ့ကို သတ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးဘဲ။ မသတ်နိုင်လို့ မီးတောက်ဝိဥာဉ်သားရဲအုပ်ထဲကနေ လွတ်မြောက်လာမယ် ဆိုရင်တောင် သူ့အခြေအနေ မီးစာကုန်ရေခမ်းတော့မယ့် အခြေအနေမျိုး ဖြစ်နေမှာ။ အဲ့အချိန်ကျမှ ရှဲ့ယွင်ကို တိုက်ခိုက်ခိုင်းလည်း နောက်မကျသေးဘူးလေ။ အဲ့လိုဆို သူလုံးဝ ခုခံနိုင်မှာ မဟုတ်တော့ဘူး။ အခုလောလောဆယ် တော့ ဒီအတိုင်းပဲ သူရုန်းကန်နေတာကို ဇိမ်ပြေနပြေနဲ့ စောင့်ကြည့်လိုက်ဦးလေ”

“ဟုတ်တယ်။ မင်းပြောတာ မှန်တယ်” ရှဲ့ဟုန်ဝမ်က ကျေနပ်သွားသည့် အမူအရာဖြင့် ရန်ကိုင်အား စိုက်ကြည့်လိုက်သည်။

ရှဲ့ရုန်နှင့် ရှဲ့ယွင်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။ နှစ်ယောက်စလုံး၏ အကြည့်ထဲ ကူကယ်ရာမဲ့မှု၊ လှောင်ပြောင်မှုတို့ ပါဝင်နေခဲ့သည်။ ရှဲ့ဟုန်ဝမ်ကဲ့သို့ အရူး တစ်ယောက်ကိုသာ ထိုမှ လှည့်စားရ လွယ်ကူပေလိမ့်မည်။ အခြားတစ်ယောက်သာဆိုလျှင် ထိုစကားလုံး ရိုးရိုးလေး များဖြင့် သွားလှည့်စား၍ ရမည် မဟုတ်ချေ။

ရှဲ့ဟုန်ဝမ်တို့ သုံးယောက် တောင်တစ်လုံးနောက်တွင် ပုန်းပြီး ရန်ကိုင်ကို စောင့်ကြည့်နေစဉ်၊ မီးတောက်ဝိဥာဉ် သားရဲများ၏ ဝိုင်းထားခြင်း ခံနေရသည့် ရန်ကိုင်မှာမူ အလွန်ကိုမှ စိတ်ညစ်နေခဲ့သည်။

သူ့အား တစ်ယောက်ယောက်မှ နောက်ယောက်ခံပြီး သူ့နောက်သို့ လိုက်လာသည်ကို မသိခဲ့ချေ။ ယခု သူ့နောက်သို့ လိုက်လာသူများသည် လပ်လှမ်းလှမ်းရှိ တောင်တစ်လုံးနောက်တွင် ပုန်းအားပြီး သူ့အား အချိန်မရွေး ချောင်းမြောင်းတိုက်ခိုက်ရန် ကြံနေသည် ဆိုသည်ကိုလည်း သတိမပြုမိချေ။

သူ့စွမ်းအင် အလုံးစုံကို မီးတောက်ဝိဥာဉ်သားရဲများအား သတ်ဖြတ်ရာတွင်သာ အသုံးပြုနေပြီး ယခုလောလောဆယ်၌ အခြားဘာကိုမှ အာရုံမစိုက်နိုင်သေးချေ။

တစ်ရက်နီးပါးလောက် သတ်ဖြတ်ပြီးသည့်နောက် ရှေ့ဘက်သို့ တစ်ဆယ်ကီလိုမီတာလောက် တိုးသွားနိုင်၏။ ထိုနည်းဖြင့် တောင်ကြားထဲမှသာ ထွက်ချင်သည်ဆိုပါက အနည်းဆုံး လဝက်လောက် အချိန်ယူရပေလိမ့်မည်။

လဝက်လောက်ကြာပြီးနောက် မိသားစုကြီးများနှင့် ဂိုဏ်းကြီးများမှ လက်ရွေးစင်အားလုံး ရတနာနယ်မြေသို့ ရောက်နှင့်နေလောက်ပေပြီ။ ထိုအချိန်ကျမှ တောင်ကြား ထဲမှ ထွက်နိုင်လျှင် သူဘာကို သွားရှာရမည်နည်း။

သို့သော်လည်း ယခုအချိန်၌ စိတ်ပူနေ၍ ဘာမှ အသုံးဝင်မည် မဟုတ်မှန်း ရန်ကိုင် သိသည်။ ဤနေရာရှိ မီးတောက်ဝိဥာဉ်သားရဲ အရေအတွက်မှာ အလွန်ကိုမှ များလွန်းလှသည်။ သူဘက်မှ တစ်ကောင်ပြီး တစ်ကောင် အဆက်မပြတ် သတ်ဖြတ်နေသည့်တိုင် တစ်ကောင်ပြီး တစ်ကောင် ပြန်ပေါ်လာနေဆဲ။ ထို့အပြင် သေသွားသည့် မီးတောက်ဝိဥာဉ်သားရဲများဆီမှ မည်သည့် မီးတောက် အမြူတေကိုမှ မရခဲ့ချေ။

သို့သော်လည်း ထိုမျှ အချိန်ကြာပြီးသည့်နောက် ထိုမီးတောက်ဝိဥာဉ်သားရဲများနှင့် ပက်သက်၍ ထူးခြားသည့် အချက်တစ်ချက်ကို သတိပြုမိလိုက်သည်။ ထိုမီးတောက် ဝိဥာဉ်သားရဲ အားလုံးသည် အက်ကြောင်းထဲမှ ပေါ်လာခြင်း ဖြစ်သော်လည်း အကုန်လုံးသည် တစ်ခုတည်းသော အက်ကြောင်းဆီမှသာ ပေါ်လာနေခြင်း ဖြစ်သည်။

ထိုနေရာဆီမှ တစ်ခုခုသည် မီးတောက်ဝိဥာဉ်များကို အဆက်မပြတ် ထုတ်ပေးနေသည့်နှယ်။

ရန်ကိုင် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ အခြားနေရာတွင်ဆိုပါက လေဟာနယ်တာအိုအပေါ် သူ၏ နားလည်သဘောပေါက်မှု အရ မမြင်နိုင်သော ထိုအရင်းအမြစ်ကို အလွယ်တကူ အာရုံခံနိုင်ပေလိမ့်မည်။ သို့သော်လည်း သဲမီးတောက် နယ်မြေထဲတွင်မူ သူ့ကောင်းကင်စိတ်အာရုံသည် အကြီးအကျယ် ဖိနှိပ်ထားခြင်း ခံရသဖြင့် ထိုအရာကို ရှာတွေ့ရန် အတော်လေး ကြိုးစားလိုက်ရသည်။

ကံကောင်းစွာဖြင့် နေ့တစ်ဝက်လောက် စစ်ဆေးပြီးနောက် မီးတောက်ဝိဥာဉ်သားရဲများ အဆက်မပြတ် ထွက်ပေါ်လာနေသည့် ပင်မ အရင်းအမြစ်ကို ရှာတွေ့သွားခဲ့သည်။

ထိုနေရာသည် အက်ကြောင်းကြီးတစ်ခု ဖြစ်သည်။ ထိုအက်ကြောင်းထဲမှ မြေကဲ့သို့ မီးတောက်များ အဆက်မပြတ် ထွက်ပေါ်လာနေခဲ့သည်။ ထိုမှတစ်အဆင့် အခြားအက်ကြောင်းများအတိုင်း သွားပြီးနောက် မြေပေါ်သို့ အရောက် မီးတောက်ဝိဥာဉ်သားရဲများ အသွင်သို့ ပြောင်းကာ ရန်ကိုင်အား တိုက်ခိုက်ကြသည်။

ပြဿနာ အရင်းအမြစ်ကို ရှာတွေ့သွားပြီ ဖြစ်သဖြင့် ရန်ကိုင်သည် ထိုမီးတောက်ဝိဥာဉ်သာရဲများနှင့် အချိန် ဖြုန်းမနေတော့ချေ။ တောင်ရှစ်လုံးကို အတူတူ ဖြစ်အောင် ပြန်စုစည်းလိုက်ပြီး ရှေ့တည့်တည့်တွင် ရှိနေသော အကောင်များကို အဆက်မပြတ် ထုချေလျက် ခရမ်းရောင်ဒိုင်းဖြင့် ကျောဘက်အား ကာရင်း အက်ကြောင်း ရှိရာ အရပ်ဆီသို့ တိုးသွားလိုက်သည်။ တစ်ချိန်တည်းတွင် သူတော်စင်ချီကို အနက်ရောင်ဓါးတစ်ချောင်း အဖြစ်သို့ စုစည်းစေလျက် မီးတောက်ဝိဥာဉ်သားရဲများကို သတ်ဖြတ် တော့လေသည်။

သူ့တိုက်ခိုက်မှု တစ်ချက်စီတိုင်းသည် မီးတောက်ဝိဥာဉ် သားရဲ များစွာကို သတ်ဖြတ်နိုင်သော်ငြား ဤနေရာတွင် ရှိနေသည့် မီးတောက်ဝိဥာဉ်သားရဲ အရေအတွက်မှာ အလွန်ကိုမှ များပြားလွန်းလှသည်။ ရန်ကိုင်က တိုက်ကွက်ကို ထုတ်လွှတ်ပြီးသည်နှင့် တစ်ပြိုင်နက် အဆင့်ခြောက်၊ အဆင့်ခုနှစ် မီးတောက်ဝိဥာဉ်သားရဲ များစွာတို့ ရန်ကိုင်အား ခုန်ဝင် တိုက်ခိုက်လာကြသည်။ ထိုကဲ့သို့ တိုက်ခိုက်ခံရသဖြင့် သူ့အဝတ်အစားများ စုတ်ပြဲကုန်ပြီး သူ့ကိုယ်ထက် ဒဏ်ရာများစွာ ရခဲ့ရသည်။

ရန်ကိုင်မှ အက်ကြောင်းကြီးဆီသို့ သွားနေသည်ကို မြင်သော် မီးတောက်ဝိဥာဉ်သားရဲအားလုံး ယခင်ထက်ပို၍ ရက်စက်ကြမ်းကြုတ်လာကြသည်။ အဆင့်ခုနှစ်၊ အဆင့်ရှစ် မီးတောက်ဝိဥာဉ်သားရဲများသည်ပင် ရန်ကိုင်ဆီသို့ အဆင်အခြင်မဲ့ ပြေးဝင်လာကြကုန်လေသည်။

တောင်ရှစ်လုံးကို ရှေ့မှာစီးကာစေစဉ် ခရမ်းရောင်ဒိုင်းကို နောက်မှ ကာထားစေဖြင့် သူ့လုံခြုံရေး နှင့်ပက်သက်၍ ဘာမှ စိုးရိမ်နေစရာ မလိုချေ။ သူ့လက်ထဲရှိ နတ်ဆိုးမီးတောက်ဓါးသည် လမ်းတစ်လျှောက်တွင် ရှိနေသော မီးတောက်ဝိဥာဉ်သားရဲများကို သစ်ဆွေးတုံးများ ကဲ့သို့ အလွယ်တကူ ပိုင်းဖြတ်သွားခဲ့သည်။

အက်ကြောင်းကြီးဆီသို့ ရောက်လာပြီးနောက် ကောင်းကင်စိတ်အာရုံဖြင့် စူးစမ်းစဉ်က တွေ့ရှိခဲ့သည်နှင့် တူညီသော မြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။ ထိုအက်ကြောင်းထဲရှိ တစ်နေရာရာဆီမှ မီးတောက် အရှိန်အဝါများ အဆက်မပြတ် ထွက်ပေါ်လာနေခဲ့ပြီး ထိုမီးတောက်အရှိန်အဝါ တစ်ခုချင်းစီးသည် ခဏအတွင်း မီးတောက်ဝိဥာဉ်သားရဲများ အဖြစ်သို့ ပြောင်းလဲကာ ရန်ကိုင်၏ လမ်းကြောင်းကို ပိတ်ဆို့ကြကုန်သည်။

ရန်ကိုင်လည်း ချက်ချင်းပဲ အက်ကြောင်းကြီးထဲသို့ ခုန်ဆင်းသွားလိုက်သည်။ သောင်းနှင့်ချီသော မီးတောက် ဝိဥာဉ်သားရဲများသည် သူ့နောက်သို့ ပြေးလိုက်လာကြ၏။

ခပ်လှမ်းလှမ်းဆီ တောင်နောက်မှ စောင့်ကြည့်နေသော ရှဲ့ဟုန်ဝမ်တို့သည်လည်း ထိုမြင်ကွင်းကို မြင်လိုက်ပေသည်။

ထိုအက်ကြောင်းကြီးထဲသို့ ရန်ကိုင် ရုတ်တရက်ကြီး ဘာကြောင့် ခုန်ဆင်းသွားမှန်း သူတို့ နားမလည်။ သို့သော် သူတို့လည်း ဘာမှဝင်လုပ်မရသဖြင့် တောင်ကြားကြီး တစ်ခုလုံး တိတ်ဆိတ်သွားသည်ကိုသာ စောင့်ကြည့်နေရ၏။ အစောပိုင်းက ရှိခဲ့သော မီးတောက်ဝိဥာဉ်သားရဲအုပ်သည် ရန်ကိုင်နောက်သို့ လိုက်သွားကြသဖြင့် တောင်ကြားထဲ၌ တစ်ကောင်မှ ကျန်ရစ်မနေတော့ချေ။

“သူဘာလုပ်နေတာလဲ” ရှဲ့ဟုန်ဝမ် မျက်မှောင် ကြုတ်သွားခဲ့သည်။

“မသိဘူး။ ဒါပေမယ့် သိပ်မကြာခင် သူထွက်လာ လောက်တယ်။ သူထွက်မလာရင် သူသေသွားလို့ပဲ” ရှဲ့ယွင်က ရန်ကိုင် ခုန်ဆင်းသွားသည့် အက်ကြောင်းနှင့် နီးသော တောင်ဆီ လက်ညိုးထိုး၍ “အဲ့ကနေ ချုံခို တိုက်ခိုက်ကြတာပေါ့။ သူထွက်မလာရင်လည်း ဘာမှ မဖြစ်ဘူး။ ထွက်လာတယ်ဆိုရင်တော့ သေဖို့သာ ပြင်ထားပေတော့။ တန်ခိုးရှင်အဆင့် ဆိုရင်တောင် ငါ့တိုက်ခိုက်မှုကို ရှောင်နိုင်မှာ မဟုတ်ဘူး”

“ကောင်းတယ်” ရှဲ့ဟုန်ဝမ်က အလျင်အမြန်ပဲ သဘောတူလိုက်လေသည်။ ဤသို့ဖြင့် သူတို့သုံးယောက် ထိုတောင်ဆီ နေရာပြောင်းတော့သည်။

ရန်ကိုင်သည် မြေပြင်အောက် မီတာထောင်ပေါင်း များစွာအနက်ဆီသို့ ကျသွားခဲ့သည်။ သူ့ပန်းတိုင်သည် ရိုးရှင်းသည်။ မီးတောက်အရှိန်အဝါများ အဆက်မပြတ် ထွက်ပေါ်လာနေသည့် နေရာကို ရှာဖွေရန်ပင်။ ဤတောင်ကြား၏ ဆန်းကြယ်မှုနှင့် ပက်သက်၍ သူအတော်လေး သိချင်နေမိသည်။ ဤတောင်ကြားသည် မီးတောက်အမြူတေ မရှိသော မီးတောက်ဝိဥာဉ်သားရဲ များကို အဆက်မပြတ် မည်ကဲ့သို့ ထုတ်ပေးသလဲ ဆိုသည်ကို ရန်ကိုင် အတော်လေး သိချင်နေမိသည်။

ထိုကောင်များကို သတ်ဖြတ်ရင်း သူတော်စင်ချီ များစွာကို ဖြုန်းတီးပစ်ခဲ့ရသည်။ သတ်သာ သတ်ခဲ့ခြင်း ဖြစ်ပြီး မည်သည့် အကျိုးအမြတ်မှ ပြန်မရခဲ့သေးချေ။ ထို့ကြောင့် ဤတောင်ကြားဆီမှ အကျိုးအမြတ် နည်းနည်းမျှပင် ပြန်မရနိုင်ခဲ့လျှင် သူ့အတွက် အလွန်ကိုမှ နစ်နာရာ ကျသွားနိုင်ပေသည်။

မီးတောက်ဝိဥာဉ်သားရဲများကို အဆက်မပြတ် ထုတ်ပေးနေသည့် အရာသည် မည်သည့်အရာပင် ဖြစ်ပါစေ ရှားပါးပြီး အဖိုးတန်မည်မှ မလွဲမသွေပင်။

အတော်လေး ဆင်းလာပြီး၊ မြောက်မြားလှစွာသော မီးတောက်ဝိဥာဉ်သားရဲများကို သတ်ဖြတ်ပြီးနောက် ရန်ကိင်၏ မျက်ဝန်းများ လက်သွားခဲ့သည်။

နောက်ဆုံးတွင် မီးတောက်ဝိဥာဉ်သားရဲများကို အဆက်မပြတ် ထုတ်ပေးနေသည့် ပင်မအရင်းအမြစ်ဆီ ရောက်ရှိလာခဲ့လေပြီ။ လိုဏ်ဂူပုံစံကဲ့သို့ နေရာဆီမှ မြွေကဲ့သို့ အရှိန်အဝါများစွာ ထွက်လာနေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ငေါထွက်နေသည့် ကျောက်ဆောင်ပေါ် ဆင်းလိုက်ပြီးနောက် လိုဏ်ဂူထဲသို့ ခုန်ဝင်ရန် ပြင်လိုက်၏။

ထိုစဉ် ပုံမှန်မဟုတ်သော မီးတောက်တစ်ခု လိုဏ်ဂူထဲမှ ထွက်လာခဲ့သည်။ ထိုမီးတောက်သည် ရန်ကိုင် ယခင်က မြင်ခဲ့သည့် မီးတောက်များထက် ပို၍ အားကောင်း၊ သိပ်သည်းပေသည်။

ထိုမီးတောက်အရှိန်အဝါသည် တဖျတ်ဖျတ် လှုပ်ခါနေပြီးနောက် မျက်တောင်တစ်ခတ်အတွင်း စပါးအုံ တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

“အဆင့်ကိုး” ရန်ကိုင် အမူအရာ ပြောင်းလဲသွားသည်။ ထိုမီးတောက်ဝိဥာဉ်သားရဲသည် လုံးဝကို ပြီးပြည့်စုံသည့် ရုပ်ခန္ဓာဖြင့် ရှိပေသည်။ ထိုစပါးအုံ၏ ခန္ဓာကိုယ်သည် အစစ်အမှန်မြွေတစ်ကောင်၏ ခန္ဓာကိုယ်နှင့် တူလှသည်။

စပါးအုံသည် အနားရှိ ကျောက်နံရံကို ကပ်တွယ်လိုက်ပြီး ရန်ကိုင်ဆီသို့ အနီရောင်အလင်းတန်း တစ်စင်း ပစ်လွှတ်လိုက်သည်။ အလင်းတန်း သူ့ဆီ မရောက်သေးခင်မှာပင် အလွန်ကိုမှ ပူပြင်းလှသော အပူဓါကို ရန်ကိုင် ခံစားမိလိုက်ရာ သူတော်စင်ချီကို ကပျာကယာ လှည့်ပတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်ရလေသည်။

တစ်ချိန်တည်းတွင် ကျယ်လောင်သော နဂါးဟိန်းသံ နှင့်အတူ အနက်ရောင်နဂါး ပြန်လည် ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင် ကျောဘက်ရှိ ရွှေနဂါးတက်တူးတွင် အစစ်အမှန် ရှေးဟောင်းနဂါးတစ်ကောင်၏ အရှိန်အဝါ ရှိနေလေရာ သာမန် စကားအုံတစ်ကောင်က မည်ကဲ့သို့ သွားယှဉ်နိုင်မည်နည်း။

မြွေအထက်တွင် ရေနဂါးများ ရှိကြသည်။ ရေနဂါး အထက်တွင် အစစ်အမှန်နဂါးများ ရှိပေသည်။ မြွေနှင့် အစစ်အမှန်နဂါးကြား လွန်စွာကိုမှ ကြီးမားလှသော ကွာဟချက်ကြီး ရှိနေခဲ့သည်။ နဂါးရောင်နဂါးနှင့် မီးတောက် စပါးအုံတို့ တိုက်ခိုက်ကြရာ အက်ကြောင်းထဲရှိ လိုဏ်ဂူ နံရံများ အက်ကွဲပြိုကျကြရကုန်လေသည်။ ထို့ကြောင့် နှစ်ကောင်သို့ အောက်သို့ ထပ်ပြုတ်ကျသွားကြကုန်သည်။

ရန်ကိုင်သည် ထိုအချိန်ကို အခွင့်ကောင်းယူ၍ လိုဏ်ဂူထဲသို့ ပြေးဝင်သွားလိုက်သည်။ သို့သော်လည်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်နှာပျက်သွားရသည်။

သူ့ရှေ့တွင် ပုံမှန်မဟုတ်သည့် မီးတောက်နှစ်ခု ရှိနေခဲ့သည်။ ထိုမီးတောက်နှစ်ခုသည် အဆင့်ကိုး မီးတောက် ဝိဥာဉ်သားရဲအဖြစ်သို့ ပြောင်းလဲနေလေသည်။

ရန်ကိုင်သူ့ကံကို ကြိတ်၍ ကျိန်ဆဲလိုက်သည်။ သူ့အနက်ရောင်နဂါးသည် ထိုထဲမှ တစ်ကောင်ကိုသာ ထိန်းနိုင်ပေလိမ့်မည်။ သုံးကောင်းစလုံးကို သူ့အနေဖြင့် တစ်ပြိုင်တည်း မည်သို့မှ တိုက်ခိုက်နိုင်မည် မဟုတ်ချေ။ ထိုမီးတောက်နှစ်ခုသာ အဆင့်ကိုး မီးတောက်ဝိဥာဉ် သားရဲအဖြစ်သို့ ပြောင်းလဲသွားပါက သူ့အနေဖြင့် ထွက်ပြေးရုံသာ ရှိတော့ပေမည်။

ထွက်သာ ထွက်ပြေးလိုက်ရလျှင် သူကြိုးစားခဲ့သမျှ အရာအားလုံး သဲထဲရေသွန် ဖြစ်ကုန်ပေလိမ့်မည်။ ပိုဆိုးသည်ကား ဤနေရာတွင် ပျံ၍ မရခြင်းပင်၊ ထို့ကြောင့် အပေါ်သို့ ထွက်ပြေးဖို့ဆိုသည်မှ မဖြစ်နိုင်လှ။

သူ့ရင်ထဲ စိုးရိမ်ပူပန်နေစဉ်မှာပဲ အနီရင့်ရောင် ကျောက်တုံး တစ်တုံးကို ရန်ကိုင် လှမ်းမြင်လိုက်သည်။

ထိုကျောက်တုံးကို မြင်လိုက်သည့်အခိုက် ရန်ကိုင် မျက်လုံး ပြူးသွားရလေသည်။ ထိုအနီရင့်ရောင် ကျောက်တုံးသည် သူယခင်က စုဆောင်းထားခဲ့သည့် မီးတောက်အမြူတေများနှင့် တူညီသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သို့သော်လည်း သန့်စင်မှုနှင့် သိပ်သည်းမှုပိုင်းတွင် ဤကျောက်တုံးသည် အပုံကြီး သာပေသည်။ အဆင့်ရှစ် မီးတောက်ဝိဥာဉ်သားရဲများ၏ မီးတောက်အမြူတေသည်ပင် ခိုဥတစ်လုံးစာသာ ရှိလေရာ သူ့ရှေ့ရှိကျောက်တုံးနှင့် မည်သို့မှ မယှည်နိုင်ပါ‌ချေ။ ထိုနှစ်ခုကို ယှဉ်လိုက်မည်ဆိုလျှင် အဆင့်ရှစ် မီးတောက် အမြူတေသည် လုံးဝကို အမှိုက်တစ်စ ဖြစ်သွားပေမည်။

ထိုအနီရင့်ရောင်ကျောက်တုံးသည် ပန်းကန်ပြားတစ်ချပ် အရွယ်မျှ ကြီးမားပြီး ရန်ကိုင်နှင့် မလှမ်းမကမ်းတွင် ရှိနေ၏။

ရန်ကိုင်လည်း ထိုကျောက်တုံးဆီ အလျင်အမြန် ပြေးသွားလိုက်သည်။ ရောက်သည်နှင့် ကျောက်တုံးကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်ပြီး လိုဏ်ဂူထဲမှ အမြန်ပြန်ထွက်လာလိုက်သည်။ အဆင့်ကိုး မီးတောက်ဝိဥာဉ်သားရဲ နှစ်ကောင် အသွင်းပြောင်လို့ မပြီးသေးသည့် အချိန်ကို အခွင့်ကောင်းယူကာ ဤနေရာမှ ထွက်ပြေးရပေမည်။

သို့သော်လည်း လိုဏ်ဂူထဲမှ မထွက်ရသေးခင်မှာပဲ အဆင့်ကိုး မီးတောက်ဝိဥာဉ်သားရဲနှစ်ကောင် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ ရန်ကိုင် စိတ်ထဲ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး ရန်ကိုင် အရမ်းကို ပျော်သွားခဲ့လေသည်။

အနက်ရောင်နဂါးနှင့် အပြန်အလှန် သတ်ပုတ်နေသော စပါးအုံလည်း ပျောက်ကွယ်သွားခဲ့သည်။

သူ့နောက်သို့ လိုက်နေသော သောင်းနှင့်ချီသည့် မီးတောက်ဝိဥာဉ်သားရဲအားလုံးလည်း မရှိတော့ချေပြီ။

ဘာတွေဖြစ်နေလဲ ဆိုသည်ကို ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့သည်။

ထိုမီးတောက်ဝိဥာဉ်သားရဲအားလုံးသည် ပန်းကန်ပြား အရွယ် အနီရင့်ရောင်း မီးတောက်သလင်းကျောက်ဆီမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။ ထို့ကြောင့် သူမည်မျှပင် သတ်စေကာမူ မည်သည့် မီးတောက်အမြူတေကိုမှ မရခဲ့ခြင်း ဖြစ်သည်။ အကြောင်းအရင်းသည်ကား သူတို့၏ အမြူတေသည် လိုဏ်ဂူထဲတွင် ရှိနေသည့် အတွက်ကြောင့် ဖြစ်ပေသည်။

ယခု ထိုမီးတောက်သလင်းကျောက်သည် သူ၏ သိုလှောင်လက်စွပ်ထဲသို့ ရောက်သွားလေပြီ။ ထောက်ပံ့မည့် အရင်းအမြစ် မရှိတော့သည့် အတွက်ကြောင့် ထိုမီးတောက် ဝိဥာဉ်သားရဲအားလုံး‌ ပျောက်ကွယ်သွားရခြင်း ဖြစ်သည်။

ထိုအချက်ကို နားလည်ပြီးနောက် ရန်ကိုင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

ယနေ့ သူကြိုးစားခဲ့သမျှ အရာထင်လာခဲ့လေပြီ။ ထိုမီးတောက်သလင်းကျောက်ကြီး တစ်တုံးလုံးနှင့်ပင် ဤခရီး တန်သွားပြီဟု ပြော၍ရသည်။ နောက်ပိုင်း ဘာမှ ထပ်မရဘူး ဆိုလျှင်ပင် ကိစ္စမရှိတော့ချေ။

ထို့အပြင် သဲမီးတောက်နယ်မြေ ပွင့်သည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ အကုန်လုံးသည် ရတနာနယ်မြေဆီသို့ အလုအယက် သွားနေဆဲသာ ရှိသေးလေရာ ထိုနေရာတွင် ပိုကောင်းသည့် ရတနာ မရှိတော့ဘူးဟု မည်သူ အာမခံနိုင်မည်နည်း။

ရန်ကိုင် အတော်လေး ကျေနပ်သွားခဲ့ရလေပြီ။ မီးတောက်ဝိဥာဉ်သားရဲများ မရှိတော့သည့် အတွက်ကြောင့် တောင်တစ်ရာ ပန်းချီကားချပ်ကို ပြန်သိမ်းလိုက်ပြီး အနက်ရောင် နဂါးကို ပြန်ဆင့်ခေါ်လိုက်သည်။

ယနေ့ တိုက်ပွဲရှည်ကြီးကြောင့် သူအတော်လေးကိုမှ ပင်ပန်းခဲ့ရသည်။ ကံကောင်းစွာဖြင့် သူ့စုဆောင်းထာသည့် သူတော်စင်ချီပမာဏမှာ အတော်လေး များနေခဲ့လေသည်။

လိုဏ်ဂူထဲတွင် အားပြည်ဖြည့်လိုက်ပြီးနောက် အပေါ်သို့ ပြန်တက်ရန် ပြင်တော့လေသည်။

All Chapters