အခန်း (၁၁၈၁-၁၁၈၅)
Vol. 48 Ch. 1181-1185
အပိုင်း(၁၁၈၁)
အထွဋ်အထိပ်သိုင်းဧကရာဇ်
ပျံ၍မရသည်မှာ အလွန်ကိုမှ စိတ်ညစ်စရာ ကောင်းပေသည်။ မီတာထောင်ပေါင်းများစွာ အနက်သို့ ဆင်းလာခဲ့ခြင်း ဖြစ်သည့်အတွက် မြန်မြန်ဆန်ဆန် ပြန်တက်မည် ဆိုလျှင်ပင် အပေါ်သို့ ပြန်ရောက်ရန် နာရီဝက်လောက် ကြာပေဦးမည်။ ကံကောင်းစွာဖြင့် လောလောဆယ်၌ သူစိတ်ကောင်းဝင်နေခဲ့သည်။
နာရီဝက်လောက် ကြာပြီးသည့်နောက် အပေါ်သို့ ရန်ကိုင် ပြန်ရောက်လာခဲ့သည်။ အပေါ်သို့ ရောက်ပြီးသော် အသက်တစ်ချက် ရှူသွင်းလိုက်ပြီး သဲမီးတောက်နယ်မြေ၏ အတွင်းဘက်ဆီသို့ ဦးတည်နေသော လမ်းကြောင်းကို ရှာရန် အတွက် ယွမ်သံလိုက်အိမ်မြောင်ကို ထုတ်လိုက်သည်။
သို့သော် သူလှုပ်ပင်မလှုပ်ရသေးခင်မှာပဲ သူ့စိတ်ထဲ ခြောက်ခြားဖွယ် အန္တရာယ်အငွေ့အသက်တို့ ရလိုက်သည်။ သေခြင်းတရား နီးကပ်လာနေသည့် ခံစားချက်မျိုးပင်။
ချက်ချင်းပဲ သူတော်စင်ချီကို ကမန်းကတန်း လှည့်ပတ်၍ ဘေးဘက်သို့ ခုန်ရှောင်လိုက်သည်။
အလွန်ကိုမှ လျင်မြန်သော အနီရောင်အလင်းတန်း တစ်စင်း အနီးအနာရှိ တောင်တစ်လုံးဆီမှ ရန်ကိုင်၏ ညာဘက် ရင်အုံတည့်တည့်ဆီသို့ တိုးဝင်သွားခဲ့သည်။
ထိုအလင်းတန်းနောက်တွင် ပါဝင်သောအားကြောင့် ရန်ကိုင် လွင့်ထွက်သွားခဲ့ရပြီး သူ့ရင်ဘတ်ရှိ အရိုးအားလုံး သည်လည်း အလွန်ကိုမှ နာကျင်သွားခဲ့ရသည်။ ထိုမထင်မှတ်ထားသည့် တိုက်ခိုက်မှုကြောင့် ရန်ကိုင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ရသည်။
သူ့ခန္ဓာကိုယ် မြေပြင်သို့ မရောက်သေးခင် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို အလျင်စလို ဖြန့်ကျက်၍ သူ့အား တိုက်ခိုက်လိုက်သည့် အရာကို ရှာဖွေလိုက်သည်။ တိုက်ခိုက်သူ ဘယ်သူလဲ သိလိုက်သည်နှင့် ရန်ကိုင် ဒေါသ အမျက်ချောင်းချောင်း ထွက်သွားခဲ့ရလေသည်။
သဲမီးတောက်နယ်မြေထဲသို့ မဝင်စဉ် ရန်ကိုင် မြင်ခဲ့သည့် သောက်ရူးကောင် ရှဲ့ဟုန်ဝမ်နှင့် သူတော်စင် ဘုရင် တတိယအဆင့်ဖြစ်သည့် သူ့သက်တော်စောင့် နှစ်ယောက်ပင်။ နှစ်ယောက်စလုံးအား ရှဲ့ဟုန်ဝမ်ကို ကာကွယ်ပေးရန်အတွက် ရှဲ့မိသားစုမှ လွတ်လိုက်ခြင်း ဖြစ်သည်။ သို့သော် လောလောဆယ်၌ ထိုနှစ်ယောက်ထဲမှ တစ်ယောက်သည် ဒူးလေးကဲ့သို့ မှော်ရတနာတစ်ခုကို ကိုင်လျက် ပင်းပန်နွမ်းနွယ်စုဖြင့် မြေကြီးပေါ်တွင် ဒူးထောက်နေခဲ့သည်။
ထိုဒူးလေးပုံစံ မှော်ရတနာသည် ကိုင်ထားသောလူ၏ သူတော်စင်ချီများကို အရူးအမူး စုပ်ယူနေခဲ့သည့်အတွက် ထိုလူ၏ အရှိန်အဝါများလည်း တဖြည်းဖြည်း မတည်မငြိမ် ဖြစ်လာခဲ့ရလေသည်။ ထို့အပြင် ထိုကျင့်ကြံသူ၏ လက်နှင့် ပါးစပ်မှ သွေးများ စီးကျနေသေးပြီး ဒူးလေးထဲသို့ စီးဝင် နေခဲ့သည်။ ထိုကျင့်ကြံသူ၏ အသွေးကို စုပ်ယူနေသော ဒူးလေးတစ်ခုလုံး သွေးနီရောင် သန်းနေခဲ့သည်။
အခြား သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံသူသည် သူ့အပေါင်းအပါ၏ အခြေအနေကို မြင်သော် သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးများကို အလျင်အမြန် ထုတ်ယူလိုက်ပြီး အားနည်းနေသော ကျင့်ကြံသူ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
ရှဲ့ဟုန်ဝမ်သည် ရန်ကိုင် သေသွားပြီ အထင်နှင့် တောင်ထိပ်ပေါ်တွင် ဝမ်းသာအားရ မတ်တပ်ရပ်လျက် ကခုန် လက်ခုပ်တီးနေခဲ့သည်။
သို့သော်လည်း ရန်ကိုင် မြေပြင်ပေါ်သို့ ကျသွားပြီး လဲကျသွားခြင်း မရှိသည်ကို မြင်လိုက်သော် ရှဲ့ဟုန်ဝမ်၏ မျက်နှာထက်ရှိ အပြုံး တောင့်တောင်ကြီး ဖြစ်သွားရသည်။
ရန်ကိုင်သည် ချက်ချင်း ပြန်မတိုက်ခိုက်သေးဘဲ သူ့ဒဏ်ရာကို အရင်စစ်ဆေးကြည့်ရန် ပြင်လိုက်သည်။ ရှဲ့ဟုန်ဝမ်ကဲ့သို့ သောက်ရူးကို သူဂရုမစိုက်။ ဒူးလေးကို အသုံးပြုလိုက်သော ကျင့်ကြံသူမှာလည်း မီးစာကုန်တော့မယ့် မီးတိုင်တစ်ခုနှယ် ဖြစ်နေလေပြီ။ အခြားတစ်ယောက်မှာလည်း သူတော်စင်ဘုရင်တတိယ အဆင့်သာ ဖြစ်လေရာ သူ့အတွက် ပြဿနာ မရှိလှ။
လက်ရှိတွင် သူ့ညာဘက်ရင်အုံ၌ အားကောင်းသော အရှိန်အဝါကို ပေးစွမ်းနေသည့် မြှားသေးသေးလေး တစ်စင်း ရှိနေခဲ့သည်။ ထိုမြှားလေးသည် သူ့အသားထဲသို့ နစ်ဝင်နေပြီး အဆုတ်ကိုပင် ဖောက်သွားသလား မသိရရာ၊ ရန်ကိုင်အဖို့ အတော်လေး အသက်ရှူရ ခက်ခဲနေခဲ့သည်။
ရန်ကိုင်စိတ်ထဲ အတော်လေးကိုမှ ထိတ်လန့်နေမိသလို ဝမ်းလည်း ဝမ်းသာနေမိသည်။ တစ်ဖက်လူတွင် ထိုကဲ့သို့ ထူးဆန်းသည့် မှော်ရတနာတစ်ခု ရှိလိမ့်မည်ဟု မထင်ထား သည့်အတွက်ကြောင့် ထိတ်လန့်မိနေခြင်း ဖြစ်ပြီး အန္တရာယ်ကို အာရုံခံမိလိုက်သည်နှင့် ချက်ချင်း ရှောင်တိမ်း လိုက်နိုင်သည့် အတွက်ကြောင့် ဝမ်းသာနေခြင်း ဖြစ်သည်။
သူ့ရန်သူသည် သူ့နှလုံးတည့်တည့်ကို ချိန်ထားခြင်း ဖြစ်လောက်သည်။ သို့သော် ရန်ကိုင်က နောက်ဆုံး အခိုက်အတန့်တွင် ဘေးဘက်သို့ တိမ်းရှောင်လိုက်သဖြင့် မြှားသည် သူ့ညာဘက်ရင်ဘတ်ကိုသာ ထိသွားခဲ့ခြင်း ဖြစ်သည်။
မာကျောလှသော သူ့ခန္ဓာကိုယ်ကြောင်လည်း ထိုမြှားကို ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ့ခန္ဓာကိုယ်၏ မာကျောမှုကြောင့် သာ မဟုတ်လျှင် ထိုမြှားသည် သူ့ညာဘက်ရင်ဘတ်ကို ဖောက်ထွက်သွားလောက်ပေပြီ။
ရန်ကိုင် မျက်နှာ မြူဆိုင်းနေခဲ့လေပြီ။ သတ်ဖြတ်လိုစိတ်တို့ဟာ ဆိုလျှင်လည်း သူ့ပတ်လည်၌ တိမ်စိုင်တိမ်တိုက်များသဖွယ် စုဝေးလို့။ သူ့လက်ကို ဆန့်ထုတ်၍ ရင်ဘတ်ရှိ မြှားကို ဆွဲနှုတ်ရန် လုပ်မည်အပြု ထိုမြှားသည် သူ့ဘာသာ ပျောက်ကွယ်သွားခဲ့ပြီး ရွှေရောင်သွေးတို့ ယိုစီးကျနေသည့် အပေါက်တစ်ပေါက်သာ ကျန်ခဲ့သည်။ သို့သော်လည်း ထိုအပေါက်လေးသည် မကြာမီ သူ့ဘာသာ ပြန်လည်ကောင်းမွန်းသွားခဲ့သည်။
ဒဏ်ရာပြဿနာ ဖြေရှင်းသွားပြီးသည့်နောက် အနားရှိ တောင်ဆီ လှမ်းကြည့်လိုက်ပြီး ထိုတောင်ဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည်။
ရှဲ့ဟုန်ဝမ် မြေကြီးပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားပြီး သွေးဆုတ်ဖြူလျော်နေသည့် မျက်နှာထားခြင်း အော်ပြောလိုက်လေသည် “ရှဲ့… ရှဲ့… ရှဲ့…”
ယခုအချိန်ထိတိုင် သူနှင့်အတူ ပါလာသည့် လူနှစ်ယောက်၏ နာမည်ကို မသိသေးချေ။
ရှဲ့ယွင်သည် ရှဲ့ဟုန်ဝမ်မှ သူ၏ အားနည်းနေသော ပုံစံနှင့် ပက်သက်ပြီး စိတ်ပူသွားသည်ဟု အထင်မှားကာ အားနည်းစွာ ပြန်ပြောလိုက်လေသည် “သခင်လေးကျုပ်ကို စိတ်ပူစရာမလိုဘူး။ ကျုပ်ဘာသာ တစ်လ၊ နှစ်လလောက် နားလိုက်ရင် ပြန်ကောင်းသွားမှာ။ ဒီမှော်ရတနာကို အသုံးပြုတဲ့အတွက် ကျုပ်ဘက်က ဒီလိုမျိုး ပေးဆပ်ရတာ သဘာဝပဲလေ”
ထိုထူးဆန်းသော မှော်ရတနာကြောင့်သာ ရန်ကိုင်ကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့် ရှိနေခြင်း ဖြစ်သည်။
ရှဲ့ယွင်မှ ပြောလို့ပြီးသွားသည်နှင့် တစ်ပြိုင်နက် သူ့ဒဏ်ရာမှ တောက်လျှောက် သွေးစုပ်ယူနေသော ဒူးလေး သွေးစုပ်ယူခြင်း ရပ်တန့်သွားပြီး သူ့လက်ထဲမှ အောက်သို့ ပြုတ်ကျသွားလေသည်။
ထိုစကားကို ကြားလိုက်သည့်အခါ ရှဲ့ဟုန်ဝမ် ရှဲ့ယွင်အား ထဆဲပစ်ချင်မိသွားသည်။ ဘာလို့ မင်းကို ဂရုစိုက်မှာလဲ မအေးလိုးရဲ့။ မင်းသေရင်တောင် ဂရုမစိုက်ဘူးကွ။
ခြေမကိုင်မိလက်မကိုင်မိ ဖြစ်လျက်နှင့် အလန့်တကြား ထအော်လိုက်လေသည် “သူလာနေပြီ”
“ဘာ” ရှဲ့ယွင်နှင့် ရှဲ့ရုန်တို့ နှစ်ယောက်စလုံး၏ အမူအရာ ပြောင်းလဲသွားပြီး ရှဲ့ဟုန်ဝမ် ကြည့်နေသည့် အရပ်ဆီ လှမ်းကြည့်လိုက်သည်။ သူတို့ ကြည့်လိုက်သည့် အခိုက် မှုန်ကုတ်နေသော မျက်နှာဖြင့် ဖြည်းဖြည်းချင်း လမ်းလျှောက်လာနေသော ရန်ကိုင်ကို တွေ့လိုက်သည်။ သူ့ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းသည် သူတို့၏ ရင်ကို ဆောင့်နင်းနေသည့်နှယ်၊ သုံးယောက်စလုံး မွန်းကြပ်သလို ခံစားလာခဲ့ရသည်။
“မဖြစ်နိုင်ဘူး” ရှဲ့ယွင်က ကြောက်ရွံ့တုန်လှုပ်မှု အပြည့်ဖြင့် မယုံကြည်နိုင်စွာ ပြောလိုက်သည် “သူဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ”
သူ့မှော်ရတနာ၏ စွမ်းအားကို အခြားဘယ်သူ့ထက်မဆို သူပိုသိပေသည်။
ထို့အပြင် သူတိုက်ခိုက်ခဲ့လိုက်သည့် အချိန်သည် လုံးဝကို ကွက်တိဖြစ်သည်။ အက်ကြောင်းကြီးထဲမှ ရန်ကိုင် မည်ကဲ့သို့ လွတ်မြောက်လာသလဲ ဆိုသည်ကို သူမသိသော်ငြား ရန်ကိုင်သည် တစ်နေ့လုံးနီးပါး မရပ်မနား တိုက်ခိုက်နေခဲ့ခြင်း ဖြစ်လေရာ သူ့တွင် သူတော်စင်ချီ သိပ်ပြီး ရှိလောက်တော့မည် မဟုတ်ချေ။ ထို့အပြင် ရန်ကိုင်၏ အဝတ်အစားများ စုတ်ပြဲနေပြီး တစ်ကိုယ်လုံး လောင်ကျွမ်းရာများစွာတို့ဖြင့် ပြည့်နေလေသဖြင့် ရန်ကိုင် နုံးချိနေပြီဟု အထင်ဖြင့် ရှဲ့ယွင်လည်း တုန့်ဆိုင်းခြင်းမရှိ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
သူ့တိုက်ခိုက်မှုကို တန်ခိုးရှင်အဆင့်အောက် မည်သည့် ကျင့်ကြံသူမှ ခုခံနိုင်မည်မဟုတ်ဟု ရှဲ့ယွင် ယုံကြည်သည်။ တန်ခိုးရှင်အဆင့် ဆိုလျှင်ပင် ရှီကို ကောင်းကောင်း အသုံး မချနိုင်လျှင် ထိုတိုက်ခိုက်မှုအောက် အသက်ပျောက်သွား ရပေလိမ့်မည်။ ထိုတိုက်ခိုက်မှုကို တောင်ခံလိုက်လျှင် အားကောင်းသော တန်ခိုးရှင်တစ်ယောက်၏ သိပ်သည်းထားသော ရှီကို အသုံးပြုရပေလိမ့်မည်။
သို့သော်လည်း သူမည်သို့ပင်တွေးတွေး လက်ရှိ မြင်နေသည့် အရာကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ ရန်ကိုင်သည် အမှန်တကယ် အသက်ရှင်နေခဲ့သည်။ သူပစ်လိုက်သောမြှားကြောင့် ရသွားသည့် ဒဏ်ရာသည်ပင် ဘာမှ မပြောပလောက်ချေ။
ထို့ကြောင့် ရှဲ့ယွင် အလွန်ကိုမှ ခြောက်ခြားသွားပြီး မြေပြင်ပေါ် လဲပြိုကျသွားလေသည်။
ဒီသောက်ရူးရှဲ့ဟုန်ဝမ် ဘယ်လိုကောင်မျိုးကို သွားပြီး ရန်စထားတာလဲကွာ။ ငါ့ဒူးလေးနဲ့ ချောင်းပစ်ခံရတာတောင် မသေတဲ့ကောင်ကို လက်စားချေချင်နေသေးတယ်။ လက်စား ချေချင်တယ်ဆိုရင်လည်း သူ့ဘာသာ လက်စားချေပါလား၊ ဘာလို့ ငါ့ကိုပါ လာဆွဲထည့်ရတာလဲကွာ
“ရှဲ့ရုန်… မင်းဘာလုပ်နေတာလဲ” ရှဲ့ဟုန်ဝမ်က ရုတ်တရက် ထပ်အော်လိုက်သည်။
ရှဲ့ယွင်က အားနည်းဖျော့တော့စွာဖြင့် မဲ့ပြုံးပြုံးလျက် ဘေးဘက်သို့ ကြည့်လိုက်သည်။
ရှဲ့ရုန် ဘာတစ်ခွန်းမှမပြောဘဲ ထွက်ပြေးသွားလေပြီ။ ရန်ကိုင်ဆိုသော လူသည် သွားရှုပ်၍ မရသည့် လူစားမှန်း သိသွားလေပြီ။ ထို့ကြောင့် တုန့်ဆိုင်းမနေဘဲ ချက်ချင်း ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
“ရှဲ့ရုန်၊ ဒီကို ချက်ချင်း ပြန်လာစမ်း” ရှဲ့ဟုန်ဝမ်သည် ရန်ကိုင်နှင့် သွားမရင်ဆိုင်ရဲချေ။ သို့သော်လည်း ရှဲ့ရုန်ကိုမူ ကြောက်မနေခဲ့ချေ။ သူတစ်ယောက်တည်း ကြောက်သည့် အတွက်ကြောင့် အကူအညီ ရလိုရငြား ရှဲ့ရုန်ကိုပါ ခေါ်ထားလိုခြင်း ဖြစ်သည်။ “မင်းထွက်ပြေးရဲရင် ပြန်ရောက်တာနဲ့ ငါ့အဖေကိုပြောပြီး မင်းကို မိသားစု စည်းကမ်းအတိုင်း အပြစ်ပေးခိုင်းမှာနော်”
ရှဲ့ရုန်သည် ရှဲ့ဟုန်ဝမ်ကို လျစ်လျူရှု၍ ပိုမြန် ထွက်ပြေးသွားခဲ့သည်။
“လေကုန်ခံမနေနဲ့။ ထွက်ပြေးချင်တယ်ဆို ကိုယ့်ဘာသာ ထွက်ပြေးသွားလိုက်။ ပြေးနိုင်ရင်တော့” ရှဲ့ယွင်က ပြောလိုက်သည်။ ဤနေရာတွင် သူသေရတော့မည်မှန်း ရှဲ့ယွင်သိသည်။ ထို့ကြောင့် အခြား ဘာကိုမှ ဂရုစိုက်မနေတော့ချေ “မင်းထွက်ပြေးဖို့လည်း မဖြစ်နိုင်ပါဘူးလေ။ မင်းလည်း ဒီမှာပဲ သေရမှာ။ ဟူး… ငါ့ရှဲ့ယွင် မင်းလို့ ဦးနှောက်မရှိတဲ့ အရူးတစ်ကောင်နဲ့ ငရဲမင်းဆီ အတူသွားရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ တကယ်ကို ရှက်စရာကောင်းလိုက်တာ”
ရှဲ့ရုန်သာ ရှိနေသေးလျှင် ရှဲ့ရုန်ကို အားကိုးပြီး အသက်ရှင်ကောင်း အသက်ရှင်နိုင်သည်။ သို့သော်လည်း ရှဲ့ရုန်သည် ထွက်ပြေးသွားပြီ ဖြစ်သဖြင့် မည်သို့မှ အသက်ရှင်နိုင်တော့မည် မဟုတ်။ ရန်ကိုင် သူ့ကို မသတ်လျှင်ပင် လက်ရှိပုံစံဖြင့် သဲမီးတောက်နယ်မြေထဲ သူ့ဘာသာ မည်သို့မှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။
ရှဲ့ဟုန်ဝမ် အနေဖြင့် သူ့ကို မည်ကဲ့သို့ ကာကွယ်ပေးမည်နည်း။
ထိုစကားကို ကြားလိုက်သည့်အခိုက် ရှဲ့ဟုန်ဝမ် တစ်ကိုယ်လုံး အေးခဲသွားပြီး ရှဲ့ယွင်အား ဒေါသတကြီး စိုက်ကြည့်၍ ပြောလိုက်လေသည် “မင်းငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ။ ဒီသခင်လေးကို ဦးနှောက်မရှိတဲ့ အရူးကောင်လို့ ခေါ်ရဲတယ်ဟုတ်လား။ မင်း…”
ရုတ်တရက် ရှဲ့ဟုန်ဝမ် ဆက်မပြောနိုင်တော့။ အကြောင်းမှာ ယခင်က သူပြောသည်ကို နာခံနေသော ရှဲ့မိသားစု တပည့်သည် လက်ရှိတွင် သူ့အား အထင်တသေးဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည့် အတွက်ကြောင့် ဖြစ်သည်။ သူ့အကြည့်သည် အဖိုး မတန်သေးနုပ်သော ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသည့် အကြည့်မျိုးပင်။
လေတိုးသံတစ်ချက်ကြောင့် ရှဲ့ဟုန်ဝမ် အလန့်တကြား ထအော်လိုက်ပြီး နောက်ပြန်လဲကျသွားခဲ့သည်။ မော့၍ ကြည့်လိုက်ရာ သူ့ရှေ့တွင် ရပ်နေသော ရန်ကိုင်ကို မြင်လိုက်ရလေသည်။ ရန်ကိုင်ဆီမှ ဖြာထွက်နေသော ဖိအားသည် တောင်တစ်လုံးတမျှ လေးလံလွန်းလှသည်။
သဲမီးတောက်နယ်မြေသည် အလွန်ကိုမှ ပူလှသည်။ သို့သော်လည်း လက်ရှိတွင် ရှဲ့ဟုန်ဝမ်သည် မည်သည့် အပူဓါတ်ကိုမှ မခံစားမိ။ အလွန်တရာ ခြောက်ခြားဖွယ် ကောင်းလှသော အအေးဓါတ်ကိုသာ ခံစားမိနေခဲ့သည်။ သူ့ဝိဥာဉ်ကိုပင် အေးခဲပစ်နိုင်သော အသူတရာ ချောက်နက်ထဲသို့ ကျသွားသည့်နှယ် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေခဲ့လေသည်။
နဂါးဟိန်းသံ ရုတ်တရက် ထွက်ပေါ်လာသဖြင့် မော့ကြည့်လိုက်ရာ ရန်ကိုင်ဆီမှ အနက်ရောင်နဂါး တစ်ကောင် ထွက်ပေါ်လာပြီး ရှဲ့ရုန် ထွက်ပြေးသွားသည့် အရပ်ဆီ ပျံထွက်သွားသည်ကို မြင်လိုက်ရသည်။
ခဏအကြာ၌ တိုက်ပွဲဖြစ်သံတို့ကို ရှဲ့ဟုန်ဝမ် ကြားလိုက်ရသည်။ တဖြည်းဖြည်းနှင့် တိုက်ပွဲသံတို့ တိုးညင်းသွားခဲ့ပြီး ရှဲ့ရုန်၏ အော်ဟစ်သံတို့မှာလည်း တစတစအားနည်းလာခဲ့ပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။
အနက်ရောင်နဂါးသည် အလျင်အမြန် ပြန်လည် ရောက်ရှိလာခဲ့ပြီး ရန်ကိုင်ကိုယ်ထဲသို့ တိုးဝင် ပျောက်ကွယ် သွားခဲ့သည်။
ရှဲ့ရုန် သေသွားပြီမှန်း ရှဲ့ဟုန်ဝမ် သိလိုက်သည်။ ရှဲ့ဟုန်ဝမ်သည် ရန်ကိုင်ကို ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်ရင်း ငိုယိုတော့လေသည်။ သူ့နှုတ်ခမ်းသည်လည်း ပွစိပွစိ ဖြစ်နေခဲ့သည်။ တောင်းပန်ချင်သော်လည်း မည်သည့် စကားမှ မထွက်နိုင် ဖြ်စနေခဲ့သည်။
သူလုံးဝ ကြောက်နေလေပြီ။
ရန်ကိုင်သည် ရှဲ့ဟုန်ဝမ်အား ရေခဲတမျှ အေးစက်သည့် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။ ထိုအမှိုက်ကောင်သည် လူအားကိုးဖြင့် သူ့အား ချုံခိုတိုက်ခိုက်ပြီး ဒဏ်ရရအောင် လုပ်ခဲ့သည်။
“အရင်တစ်ကြိမ်က ချင်းတုန် အသက်ရှင်ခွင့်ရခဲ့တာ မမှတ်သေးဘဲ ငါ့ကို လက်စားချေဖို့လုပ်တယ်ဆိုတော့ မင်းက တကယ် သေချင်နေတာပဲ။ မင်းက သေချင်နေတယ် ဆိုမှတော့ ငါလည်း သေအောင် လုပ်ပေးရမှာပေါ့” ပြောပြီးသည်နှင့် နတ်ဆိုးမီးတောက်များကို ပစ်လွှတ်၍ ရှဲ့ဟုန်ဝမ်အား လောင်ကျွမ်းပစ်စေလိုက်လေသည်။
ရှဲ့ဟုန်ဝမ်သည် သူတော်စင်ဘုရင် ပထမအဆင့် ဖြစ်သည့်တိုင် ရန်ကိုင်၏ တိုက်ခိုက်မှု နည်းနည်းလေးမျှပင် ခုခံနိုင်ခဲ့ခြင်း မရှိခဲ့ချေ။ သူဘာအတွက်များ ကျင့်ကြံနေခဲ့လေသနည်း။
နတ်ဆိုးမီးတောက်သည် ရှဲ့ဟုန်ဝမ်၏ ဝိဥာဉ်ရော၊ ခန္ဓာကိုယ်ကိုပါ လောင်ကျွမ်းပစ်ခဲ့လေသည်။
ရှဲ့ဟုန်ဝမ်ကို ရှင်းပြီးနောက် ရှဲ့ယွင်ဆီ လှည့်လိုက်၏။ ထိုကောင်သည် နည်းနည်းတော့ စိတ်ဝင်စားစရာကောင်း၏။ သေမည်ကို သိသော်လည်း ကြောက်လန့်နေသည့် ပုံစံမျိုး လုပ်မနေခဲ့။ ရှဲ့ရုန် သေသွားသည့်အချိန်၌ အနည်းငယ် ထိတ်လန့်သွားသည်မှအပ သူ့အမူအရာသည် ပုံမှန် အတိုင်းသာ ရှိနေခဲ့သည်။
ရှဲ့ယွင် ထိတ်လန့်သွားသည်ကား ရန်ကိုင်သည် ရှဲ့ရုန်အား ထိုမျှ သတ်နိုင်လိမ့်မည်ဟု မထင်ထားသောကြောင့် ဖြစ်သည်။ သူတို့ကြားရှိ ခွန်အား ကွာခြားချက်သည် သူထင်ထားသည်ထက်ပင် ပို၍ ကြီးမားနေခဲ့သည်။
အပိုင်း(၁၁၈၂)
အထွဋ်အထိပ်သိုင်းဧကရာဇ်
တောင်ကြားထဲဝယ်၊ ရန်ကိုင်သည် ရှဲ့ယွင်အား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။ ရှဲ့ယွင်အား ချက်ချင်း မသတ်သေးဘဲ အရင် မေးလိုက်သည် “ငါဒီမှာ ရှိနေတယ်ဆိုတာကို မင်းတို့ ဘယ်လိုသိတာလဲ။ မတော်တဆ တွေ့တာလို့တော့ လာမပြောနဲ့။ သဲမီးတောက် နယ်မြေက အကျယ်ကြီး။ နည်းလမ်းတစ်ခုခု မသုံးဘဲ မင်းတို့ သုံးယောက်စလုံး ငါရှိနေတဲ့ နေရာကို သိဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ငါကျေနပ်လောက်မယ့် အဖြေကို ပေးမယ် ဆိုရင် မင်းအလောင်းကို အကောင်းအတိုင်း ချန်ထားပေးမယ်”
ထို့နောက် အေးစက်စက် အမူအရာဖြင့် ဆက်ပြောလိုက်သည် “မပြောချင်လည်း ရတယ်။ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် အဲ့အခါကျ ငါမင်းကို သေပါရစေလို့ တောင်းပန်လာရအောင် လုပ်ပစ်မှာ။ ငါမင်းကို ဖြေးဖြေးချင်း ထိုင်ညှင်းပန်းနှိပ်စက်နိုင်တယ်ဆိုတာ ယုံလိုက်”
ရှဲ့ယွင်က ခါးသက်စွာပြုံးလျက် အသက်ပြင်းပြင်း တစ်ချက် ရှုသွင်းလိုက်ရင်း ပြောလိုက်သည် “ရှင်းပါတယ်။ အရိပ်လခန်းမ တပည့်တွေထဲမှ ငါတို့ကို သတင်ပေးတဲ့ လူတစ်ယောက် ရှိနေလို့ပေါ့။ ဒီမှာရှိတဲ့ လူတိုင်းက ယွမ်သံလိုက်အိမ်မြောင်အတိုင်း သွားနေကြတာ။ ငါတို့သာ မင်းဘယ်ကနေ ဝင်သွားလဲ ဆိုတာကို သိလိုက်တာနဲ့ မင်းဘယ်ရောက်နေလဲ ဆိုတာကို ခြေရာခံဖို့ မခက်တော့ဘူး။ မင်းအရင်ဆုံး သတ်လိုက်တဲ့ ရှဲ့ရုန်က ခြေရာခံတဲ့နေရာမှာ ဆရာကြီးပဲ”
ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။
သူအား တိုက်ခိုက်လိုက်သည့်လူသည် ရှဲ့ဟုန်ဝမ်မှန်း သိလိုက်သည်နှင့် ရန်ကိုင် စိတ်ထဲ နည်းနည်းပါးပါးတော့ တွေးမိသွားသည်။
သဲမီးတောက်နယ်မြေသို့ ဝင်လာသည့် အချိန်မှစ၍ ရှဲ့ဟုန်ဝမ်တို့အဖွဲ့အပြင် အခြားလူနှစ်ယောက်သာ တွေ့ခဲ့သည်။ တစ်ယောက်သည် အရိပ်လခန်းမ၏ ဝတ်စုံကို ဝတ်ဆင်ထားသည့်လူ ဖြစ်ပြီး အခြားတစ်ယောက်သည် အခြားဂိုဏ်းတစ်ဂိုဏ်းမှ တပည့်တစ်ယောက် ဖြစ်သည်။
သူ့နေရာကို ခြေရာခံရန်အတွက် ရှဲ့ဟုန်ဝမ်သည် သူရှိနေသည့်နေရာကို အရိပ်လခန်းမရှိ တစ်ယောက်ယောက် ဆီမှ ကြားသိခဲ့ရပေလိမ့်မည်။ သူ့နေရာကို သတင်း ပေးခဲ့သည့်လူသည် ဤနေရာသို့ ဝင်ဝင်ချင်း စတွေ့ခဲ့သည့် လူနှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်ပေသည်။
လတ်စသတ်တော့ ထိုကဲ့သို့ ဖြစ်နေသည်ကိုး။ သူ့ကို မြင်မြင်ချင်း ထိုအရိပ်လခန်းမ တပည့်၏ အမူအရာ တစ်မျိုးကြီး ဖြစ်သွားသည်မှာ အထူးအဆန်း မဟုတ်တော့ပါချေ။ ရှဲ့ဟုန်ဝမ်သည် သူ့အကြောင်းကို ထိုတပည့်ဆီ ကြိုတင် အကြောင်းကြားထားခြင်း ဖြစ်ရမည်။ ထို့ကြောင့် ထိုတပည့်သည် သူ့ကို မြင်သည်နှင့် အလျင်အမြန် ထွက်သွားပြီး သူရှိနေသည့် တည်နေရာကို ရှဲ့ဟုန်ဝမ်ဆီ သတင်းပေးလိုက်ခြင်း ဖြစ်ရမည်။
ရှဲ့ဟုန်ဝမ်သည် လူတစ်ယောက်တည်းကိုသာ သူ့အကြောင်း ပြောထားခြင်း မဟုတ်လောက်ဟု ရန်ကိုင် ထင်သည်။ သဲမီးတောက်နယ်မြေထဲသို့ ဝင်လာသည့် အရိပ်လခန်းမတပည့် အယောက်(၇၀)ရှိသည်။ ထို့ကြောင့် ငွေကိုတပ်မက်သည့် တပည့်များစွာ ရှိပေလိမ့်မည်။
ရှေးပဝေသဏီကတည်းက ငွေသည် လူသားများကို အသိစိတ်ပျောက်အောင် လုပ်ခဲ့သည့်အရာ မဟုတ်ပေလော။
“ငါကို အေးအေးဆေးဆေး သေခွင့်ပေးနော်” ရှဲ့ယွင်သည် ထူးမခြားနားဟန်ဖြင့် မြေကြီးပေါ် မလှုပ်မယှတ် လဲချလိုက်လေသည်။
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ရှဲ့ယွင်အား မနာကျင်ရအောင် တစ်ချက်တည်း သတ်ပေးလိုက်သည်။
ရန်ကိုင်သည် ပြောသည့်အတိုင်း လုပ်သည့်လူ ဖြစ်သည်။ တစ်ဖက်လူကို အလောင်းအပြည့်အစုံ ချန်ရစ်ပေးမည်ဟု ပြောခဲ့သဖြင့် ထိုလူအား နတ်ဆိုး မီးတောက်ဖြင့် လောင်ကျွမ်းပစ်ခြင်း မလုပ်ခဲ့ချေ။
ထို့နောက် ရန်ကိုင်သည် မြေကြီးပေါ် ပြုတ်ကျနေသော ဒူးလေးကို ကောက်ယူလိုက်သည်။ ဒူးလေးကို ခဏလောက် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် မျက်ခုံးပင့်မိလိုက်၏။ ထိုဒူးလေးသည် အတော်လေးကို အားကောင်းလှရာ သူ့ကိုပင် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။ သို့သော်လည်း ထိုမှော်ရတနာတွင် ချို့ယွင်းချက် ရှိနေပေသည်။ ၎င်းအား တစ်ကြိမ်သုံးလိုက်ပြီးနောက် ဖြစ်ပျက်သွားသည့် ရှဲ့ယွင်၏ ပုံစံကို မြင်ပြီးနောက် ဤဒူးလေးသည် သူတော်စင်ချီကို သာမက အသုံးပြုသူ၏ သွေးကိုပါ စုပ်ယူကြောင်း ရန်ကိုင် နားလည်လိုက်သည်။
ဤမှော်ရတနာသည် မကောင်းဆိုးရွားလက်နက် တစ်ခုဟု ပြောလျှင်ပင် မမှားချေ။
အခြားတစ်ယောက်ကို သတ်ရန်အတွက် ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင် လုပ်ရသော မှော်ရတနာမျိုးကို ရန်ကိုင် စိတ်မဝင်စားချေ။ ဤမှော်ရတနာသည် ကိုယ့်ကို ကာကွယ်ပေးမည့်လူ ရှိသည့်အခါမှသာ အသုံးပြု၍ ကောင်းပေသည်။
ထိုမှော်ရတနာကို သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် ရှဲ့ဟုန်ဝမ်နှင့် ရှဲ့ယွင်တို့၏ သိုလှောင်လက်စွပ်များကို ကောက်ယူ စစ်ဆေးကြည့်သည်။ သို့သော် ဘာအဖိုးတန်ပစ္စည်းမှ မရှိသဖြင့် ရန်ကိုင် စိတ်ပျက်သွားခဲ့ရသည်။ သိုလှောင်လက်စွပ်ထဲတွင် ဆေးလုံး အချို့နှင့် သူတော်စင်သလင်းကျောက် အနည်းငယ်သာ ရှိနေခဲ့သည်။
သို့သော်လည်း ဤသည်မှာ သဘာဝပင်။ ရန်ကိုင်ကဲ့သို့ ပိုင်ဆိုင်သမျှအရာအားလုံးကို ကိုယ်နှင့်အတူ တစ်ခါတည်း သယ်လာကြသူများ မဟုတ်ဘဲ အခြားကျင့်ကြံသူများသည် သူတို့၏ ပိုင်ဆိုင်မှုများကို သဲမီးတောက်နယ်မြေထဲသို့ မဝင်မှီ အပြင်ဘက်တွင် ထားခဲ့သည်။ မဟုတ်လျှင် အထဲ၌ တစ်ခုခု ဖြစ်ခဲ့ပါ ဆုံးရှုံးမှုမှာ သက်သာလိမ့်မည် မဟုတ်ချေ။
ဆေးလုံးထဲတွင် ရန်ကိုင်အတွက် အသုံးဝင်သည့် ဆေးလုံးဆို၍ နှင်းရေခဲဆေးလုံး ငါးလုံးပါ ဆေးပုလင်း တစ်ပုလင်းသာ ဖြစ်သည်။
သူ့တွင်ရှိသော နှင်းရေခဲဆေးလုံးအားလုံးကို ချန်ချီနှင့် ဟောင်အန်းဆီ ပေးပစ်လိုက်ပြီ ဖြစ်သဖြင့် သူ့တွင် နှင်းရေခဲ ဆေးလုံးတစ်လုံးမှ မကျန်တော့ပါချေ။ သို့သော် ရှဲ့ဟုန်ဝမ်၏ သိုလှောင်လက်စွပ်ထဲမှ ငါးလုံး ရလိုက်သည်။ ထိုငါးလုံးသည် အရေးပေါ်လိုလျှင် အသုံးဝင်လာပေလိမ့်မည်။
ရှဲ့ဟုန်ဝမ်နှင့် ရှဲ့ယွင်တို့၏ မွဲတေနေသော သိုလှောင် လက်စွပ်များကို မြင်ပြီးသည့်နောက် ရှဲ့ရုန်၏ သိုလှောင် လက်စွပ်ကို ရန်ကိုင် သွားစစ်ဆေးမနေတော့ဘဲ သဲမီးတောက်နယ်မြေ အတွင်းပိုင်းဆီသို့သာ ဦးတည်၍ သွားလိုက်လေသည်။
မီးတောက်ဝိဥာဉ်သားရဲများ၏ နှောင့်ယှတ်မှု မကြုံရသဖြင့် လေမိုးကြိုးတောင်ပံကိုသုံးလျက် ရန်ကိုင်သည် တောင်းကြားထဲမှ နှစ်ရက်အတွင်း အပြင်သို့ ထွက်လာနိုင်ခဲ့သည်။
အတွင်းပိုင်းသို့ ပိုသွားလေ မီးတောက်အပူချိန်မှာ ပို၍ မြင့်မားလာလေပင်။ ရန်ကိုင်၏ ခန္ဓာကိုယ်သည် သာမန် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထက် ပိုမာကျောသည်။ ထို့အပြင် ရန်ကိုင်သည် ယန်ဓါတ်ကို ကျင့်ကြံထားသူ ဖြစ်သည်။ ထို့ကြောင့် မီးတောက်အဆိပ်ကို ခုခံရန်အတွက် သူတော်စင်ချီကို နည်းနည်းလောက် လှည်ပတ်လိုက်ရုံဖြင့် အဆင်ပြေနေခဲ့သည်။
သဲမီးတောက်နယ်မြေ မည်မျှကျယ်လဲ သူမသိ။ ရှေ့ဆက်၍သာ သွားနေခဲ့သည်။ လမ်းတစ်လျှောက် အခြား မည်သည့် ကျင့်ကြံသူနှင့်မှ မကြုံခဲ့ရ။ မည်သည့် အဖိုးတန် ရတနာမှလည်း မရရှိခဲ့ချေ။ လဝက်လောက် ကြာပြီးသည့် နောက်တွင် အဆင့်ခုနှစ် မီးတောက်ဝိဥာဉ်သားရဲ အမြူတေ အနည်းငယ်နှင့် ဆေးပင်အနည်းငယ်သာ ရရှိခဲ့သည်။
ယခုမှပဲ မီးတောက်အမြူတေများ၏ အဖိုးတန်မှု၊ ရှားပါးမှုကို ရန်ကိုင် နားလည်သွားခဲ့သည်။ ဤနေရာသို့ စဝင်လာစဉ်က အဆင့်ရှစ် မီးတောက်ဝိဥာဉ်သားရဲ တစ်ကောင်နှင့်တွေ့ပြီး ထိုကောင်ကို သတ်ခဲ့ရာမှ ခိုဥအရွယ် မီးတောက်အမြူတေ တစ်တုံးကို ရခဲ့သည်။ တောင်ကြားထဲတွင် ပန်းကန်ပြားအရွယ် မီးတောက် သလင်းကျောက်တစ်တုံးကို ထပ်ရခဲ့သည်။ မီးတောက် အမြူတေကို ရထားသည့်ဘက်တွင် ရန်ကိုင်ကို မှီသည့် လူတစ်ယောက်ပင် မရှိဟု ဆိုနိုင်ပေသည်။
အဆင့်ခုနှစ်အထက် မီးတောက်ဝိဥာဉ်သားရဲများကို တွေ့ရန် ခက်ခဲလှသည့်အတွက် မီးတောက်အမြူတေများမှာ အလွန်ကိုမှ အဖိုးတန်ပေသည်။
အဆင့်ငါး၊ အဆင့်ခြောက် မီးတောက်ဝိဥာဉ်သားရဲများမှ မီးတောက်အမြူတေများသည် အလွန်ကိုမှ သေးငယ်လှသည့် အတွက်ကြောင့် ဆေးဖော်စပ်ခြင်း၊ ပန်းပဲ ထုလုပ်ခြင်းတို့တွင် အသုံးမပြုနိုင်ဘဲ ကျင့်ကြံခြင်းတွင်သာ အသုံးပြုနိုင်ပေသည်။
ထို့အပြင် သူရထားသည့် မီးဓါတ်ဆေးပင်များမှာလည်း သိပ်ပြီး အဖိုးမတန်လှ။ အများစုသည် သူတော်စင်ဘုရင် အဆင့်များ ဖြစ်ကြပြီး တစ်ပင်နှစ်ပင်လောက်သည်သာ တန်ခိုးရှင်အဆင့်သို့ ရောက်ထားသည်။ ထိုကဲ့သို့ နည်းပါးရသည့် အကြောင်းအရင်းမှာ အလွန်ကိုမှ ပူပြင်းသည့် ပတ်ဝန်းကျင်တွင် ပေါက်ရောက်နိုင်သည့် ဆေးပင် ရှားပါးသောကြောင့် ဖြစ်ပေသည်။ ရန်ကိုင်အား စိတ်ကျေနပ်စေသည်ကား ထိုဆေးပင်များ၏ အရည်အသွေးမှာ အတော်လေးကို ကောင်းမွန်ခြင်းပင်။ ဤနေရာသို့ လူမဝင်ခဲ့သည်မှာ နှစ်လေရာ ရှိပြီဖြစ်သဖြင့် အထဲရှိ ဆေးပင်များမှာ အတော်လေးကိုမှ ရင့်နေလောက်ပေပြီ။
တစ်နေ့၊ ရန်ကိုင်သည် သူ့ဘာသာ အလျင်အမြန် သွားနေတုန်း သူ့ဘေးနားမှ အလင်းတစ်ချက် ဖြတ်သွား၏။ ထိုအလင်းမှာ အလွန်ကိုမှ မြန်လွန်းလှသဖြင့် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည်ပင်လျှင် ထိုအရာကို သတိ ပြုမိလိုက်ရုံသာ သတိပြုမိခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း ထိုအလင်းတန်းသည် ရန်ကိုင်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
“မီးစုန်းလား” ရန်ကိုင် မျက်လုံးမှေးစဉ်းသွားပြီး ထိုအရာ ဘာလဲ ဆိုသည်ကို ချက်ချင်း နားလည်သွဦးလိုက်သည်။
မီးစုန်များအကြောင်းကို ဝေကုချန်း သူ့အား ပြောပြခဲ့သည်။ သူ့တေဇောဓါတ်အသိစိတ်ပင်လယ်ကို ပိုမိုအားကောင်းလာစေရန်အတွက် ရန်ကိုင်လည်း မီးစုန်း တစ်ကောင်လောက်ကို ဖမ်းပြီး သန့်စ်ငချင်မိသည်။ သို့သော် မီစုန်းများသည် အလွန်ကိုမှ ရှားပါးသည်ဟု ဝေးကုချန်း သူ့အား ပြောခဲ့သည်။ သဲမီးတောက်နယ်မြေထဲ ဝင်သည့် လူအယောက် သောင်းနှင့်ချီသော်လည်း အများစုသည် မီးစုန်များကို မြင်ပင်မမြင်ဖူးကြချေ။
ရန်ကိုင်လည်း ချက်ချင်းပဲ မီးစုန်းနောက်သို့ အလျင်အမြန် ပြေးလိုက်လေသည်။ မီးစုန်းနောက်ကို အမှန်တကယ် ပြေးလိုက်နိုင်မလား သိချင်မိသည်။
သို့သော် စိတ်ပျက်မှုနှင့်သာ ကြုံတွေ့ခဲ့ရလေသည်။ နာရီဝက်လောက် ပြေးလိုက်နေပြီးနောက် မီးစုန်သည် သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသဖြင့် ရန်ကိုင်လည်း ခါးသက်သက် အမူအရာဖြင့်သာ ရပ်လိုက်ရသည်။
ထိုမျှမြန်နေလေရာ မည်သူကများ ထိုမီးစုန်ကို ဖမ်းနိုင်တော့မည်နည်း။
အရိပ်ကြယ်ပေါ်ရှိ ကျင့်ကြံသူများ မီးစုန်သည် လူတစ်ယောက်၏ အသိစိတ်ပင်လယ်ကို ဆင့်ကဲ ပြောင်းလဲအောင် လုပ်ပေးနိုင်သည် ဆိုသည်ကို မည်ကဲသို့ သိလာသလဲ ရန်ကိုင်မသိ။ သို့သော်လည်း ထိုအကြောင်းကို လူတိုင်း သိထားမှဖြင့် အရင်ကြိုးစားခဲ့သူ တစ်ယောက်ယောက် ရှိနေသည့်အတွက်ကြောင့် ဖြစ်ရပေမည်။ ဆိုလိုသည်ကား တစ်ယောက်ယောက်သည် မီးစုန်းကို ဖမ်းမိဖူးပေလိမ့်မည်။
သူတို့ မည်ကဲ့သို့ လုပ်ခဲ့သနည်း။ မတော်တဆ၊ အခွင့်အလမ်း တစ်ခုခုနှင့် ကြုံ၍ ဖမ်းမိသွားခဲ့သည် ဆိုသော အချက်မှလွဲ၍ အခြားနည်းလမ်းတစ်ခုကို ရန်ကိုင် မစဉ်းစားတတ်တော့ပါချေ။
သဲမီးတောက်နယ်မြေထဲတွင် သူ့အမြန်နှုန်းကို လိုက်မှီသည့်လူ ရှိလိမ့်မည်ဟု ရန်ကိုင် မယုံပါချေ။ ထို့ကြောင့် သူပင် မီးစုန်းနောက် မလိုက်နိုင်လျှင် မည်သူကများ လိုက်နိုင်ဦးမည်နည်း။
ခဏလောက် စိတ်ပျက်ပျက်ဖြင့် ရပ်နေပြီးနောက် ယွမ်သံလိုက်အိမ်မြောင်ကို ထုတ်ကာ သူ့တည်နေရာကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သဲမီးတောက် နယ်မြေ၏ အတွင်းပိုင်းဆီသို့ ဦးတည်သွားလေသည်။
ခြောက်ရက်ကြာပြီးနောက် ရန်ကိုင်သည် တစ်နေရာတွင် ရပ်လျက် ထူးထူးဆန်းဆန်း အမူအရာဖြင့် သူ့ရှေ့ရှိ အနီရောင်မြက်ပင်များကို ကြည့်နေခဲ့သည်။ ထိုမြက်ပင်များကို သွားထိကြည့်လိုက်ရာ ယင်းတို့သည့် ဓါးသွားကဲ့သို့ ထက်ရှမာကျောလှသည်ကို တွေ့လိုက်ရသည်။
ထိုကဲ့သို့သော မြက်ပင်မျိုးကို လွန်ခဲ့သော (၃)ရက်ခန့်က မြင်ခဲ့ဖူးပေသည်။ ထိုအပင်များသည် မြက်ပင်များ ဖြစ်နေလျှင်ပင် သဲမီးတောက်နယ်မြေထဲ၌ ရှင်သန်နိုင်သည်ဆိုသော အချက်နှင့် ထိုမြက်ပင်မျးသည် သာမန်မြက်ပင်များ မဟုတ်မှန်း သိနိုင်သည်။ ရန်ကိုင်လည်း ထိုမြက်ပင်များသည် အသုံးများဝင်မလား ဆိုသော ရည်ရွယ်ချက်ဖြင့် စစ်ဆေးကြည့်လိုက်သော်ငြား ဘာမှ အသုံးမဝင်သော သာမန်မြက်ပင်များသာ ဖြစ်နေမှန်း သိလိုက်ရသည်။ သို့သော်လည်း ထိုမြက်ပင်များ၏ ထက်ရှမာကျောမှုမှာမူ တကယ်ကို အံ့ဩစရာပင်။
လွန်ခဲ့သော သုံးရက်ခန့်က ထိုမြက်ပင်များကို တစ်ကြိမ် မြင်ခဲ့သည်။ ယခု နောက်တစ်ကြိမ် ထပ်မြင်နေရပြန်လေပြီ။
သူလမ်းပျောက်နေလေသလော။ ရန်ကိုင် မျက်မှောင် ကြုတ်သွားပြီး ယွမ်သံလိုက်အိမ်မြောင်ကို ထုတ်လိုက်သည်။ သူသွားနေသည့်လမ်းကြောင်း မှန်ပေသည်။ သွားနေသည့် အတောအတွင်း ရန်ကိုင်သည် ယွမ်သံလိုက်အိမ်မြောင်ကို မကြာမကြာ ထုတ်စစ်ဆေးကြည့်နေသည့်အတွက် လမ်းပျောက်ဖို့ဆိုသည်မှာ သိပ်၍ မဖြစ်နိုင်လှချေ။
ထိုအကြောင်းကို မစဉ်းစားတော့ဘဲ ခေါင်းခါလျက် ရှေ့သို့သာ ဆက်သွားလိုက်လေသည်။
မထွက်သွားခင် လိုရမယ်ရ ထိုမြက်ပင်များနား အမှတ်အသား လုပ်ခဲ့လိုက်သည်။
သုံးရက်ကြာပြီးနောက် သူအမှတ်အသား လုပ်ခဲ့သည့် မြက်ပင်များကို ရန်ကိုင် ပြန်မတ်တပ်ရပ်နေခဲ့သည်။ ရန်ကိုင် အတော့်ကိုမှ စိတ်ညစ်နေလေပြီ။
သူအထင် မှားယွင်းနေခြင်း မဟုတ်ဘဲ အမှန်တကယ် လမ်းပျောက်နေခြင်း ဖြစ်မှန်းကို ယခုမှသာ နားလည် သွားတော့သည်။
မြက်ပင်များနားရှိ အမှတ်အသားသည် ယခင်အတိုင်း ရှိနေဆဲ။ သို့သော်လည်း သူမည်ကဲ့သို့ လမ်းပျောက် သွားခဲ့ရသနည်း။ ယွမ်သံလိုက်အိမ်မြောင် ညွှန်ပြသည့် လမ်းအတိုင်း သွားခြင်းဖြစ်လေရာ မည်ကဲ့သို့ လမ်းပျောက် နေရသနည်း။
ယွမ်သံလိုက်အိမ်မြောင် ပျက်သွားခြင်းပေလော။
ထိုကဲ့သို့သော မှော်ရတနာတစ်ခု အလွယ်တကူ ပျက်စီးသွားလိမ့်မည်ဟု ရန်ကိုင် မယုံပါချေ။ ဤနေရာ၌ ကိုးရက်လုံးလုံး ဝိုင်းကြီးပတ်ပတ် ပတ်မိနေရခြင်းအတွက် အခြားအကြောင်းအရင်းတစ်ခု ရှိရပေလိမ့်မည်။
ရန်ကိုင်သည် မျက်မှောင်ကြီးကြုတ်လျက် အကြောင်းအရင်းကို ရပ်စဉ်းစားနေခဲ့သည်။
ရုတ်တရက် ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိလိုက်ပြီး လက်မကို ကိုက်ကာ ဘယ်ဘက်မျက်လုံးအပေါ်၌ ရေပြင်ညီ အတိုင်း ဖြတ်ဆွဲချလိုက်သည်။
ရွှေရောင်သွေးစက်သည် ဘယ်ဘက်မျက်လုံးထဲသို့ စီးဝင်သွားသည်နှင့် တစ်ပြိုင်နက် သူ့ဘယ်ဘက်မျက်လုံး ရုတ်ချည်း ရွှေရောင်တောက်လာခဲ့သည်။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး…
သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးဖြင့် စစ်ဆေး ကြည့်လိုက်ပြီးသည့်နောက် တစ်ခုခုကို ရန်ကိုင် ရှာတွေ့ သွားခဲ့သည်။ သူ့မျက်လုံးနှစ်လုံး မြင်နေရသည့် မြင်ကွင်း မတူညီချေ။ ညာဘက်မျက်လုံးသာ သာမန်မြင်ကွင်းကို ပြဿနနေပြီး သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး ရှိသည့် ဘယ်ဘက်မျက်လုံးသည် သာမန်မျက်လုံးဖြင့် မမြင်နိုင်သော စွမ်းအင်စီးကြောင်းများကို ပြသနေခဲ့သည်။ အချို့ တောင်ကုန်းများနှင့် ကုန်ပြင်မြင့်များမှာလည်း ပုံရိပ်ယောင် ဖြစ်လာကုန်ကြလေသည်။
စိတ်ဝိဥာဉ်အစီအရင်…
ထိုအခြင်းအရာကို မြင်လိုက်သည့်အခိုက် ရန်ကိုင် အတော်လေး ကြောက်လန့်မိသွားသည်။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် ဤလောကကြီး ထဲတွင် ရှိနေသော ပုံရိပ်ယောင်များကို မြင်နိုင်သည်။ မဟာ နတ်ဆိုးနတ်ဘုရားသည် သူတော်စင်ဘုရင်အဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သော်လည်း သူ၏ ဤနတ်ဘုရား စွမ်းရည်သည် သူတော်စင်ဘုရင်အဆင့်ကို ကျော်လွန်နေပေသည်။
အပိုင်း(၁၁၈၃)
အထွဋ်အထိပ်သိုင်းဧကရာဇ်
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို သုံးလိုက်သည်နှင့် တစ်ပြိုင်နက် ဘာတွေဖြစ်ပျက်နေလဲ ဆိုသည်ကို ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့သည်။ အစီအရင်တစ်ခုထဲ သူမတော်တဆ ရောက်သွားခဲ့ခြင်း ဖြစ်ပေသည်။
ယန်ယန်သည် အစီအရင်ပညာရှင်တွင် ဆရာတစ်ဆူ ဖြစ်လေရာ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ဆိုသလို သူမနား နေပါများသဖြင့် ရန်ကိုင်လည်း အစီအရင်အကြောင်း နည်းနည်းပါးပါး သိကျွမ်းလာခဲ့သည်။
သူ့အား ဝိုင်းကြီးပတ်ပတ် ပတ်လျှောက်စေအောင် လုပ်နိုင်သော အစီအရင်ဆို၍ စိတ်ရှုပ်ထွေး အစီအရင်သာ ရှိပေသည်။ ထို့အပြင် ဤကဲ့သို့သော နေရာမျိုးတွင် ရှိသော အစီအရင်မျိုးသည် တစ်ယောက်ယောက်မှ ခင်းကျင်း သွားသည့် အစီအရင်တစ်ခု မဖြစ်နိုင်ပါချေ။
စိတ်ရှုပ်ထွေးအစီအရင်များသည် ပုံမှန်အားဖြင့် အလွန်ကိုမှ စက်ကွင်းကျယ်လွန်းကြသည်။ ဤနေရာထဲသို့ ဝင်လာသည့် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများတွင် ထိုမျှကျယ်လှသော အစီအရင်မျိုးကို ခင်းကျင်းနိုင်သည့် စွမ်းရည်မျိုး မရှိပါချေ။ ထိုကြောင့် ဤစိတ်ဝိဥာဉ် အစီအရင်သည် သဘာဝအတိုင်း ဖြစ်လာသည့် အစီအရင်သာ ဖြစ်ရပေမည်။
ထိုအချက်ကို နားလည်လိုက်သည်နှင့် ရန်ကိုင် စိတ်ညစ်သွားရပြန်သည်။
လူလုပ်အစီအရင်များသည် သဘာဝအတိုင်း ဖြစ်နေသည့် အစီအရင်များနှင့် အလွန်ကို ကွဲပြားသည်ဟု ယန်ယန် ပြောခဲ့သည်။ လူလုပ်အစီအရင်များတွင် အစီအရင်ကို ချိုးဖျက်နိုင်မည့် သဲလွန်စအချို့ ရှိစမြဲပင်။ သို့သော်လည်း သဘာအတိုင်း ဖြစ်နေသော အစီအရင် များသည် ထိုကဲ့သို့ အားနည်ချက်မျိုး မရှိချေ။ ဆိုလိုသည်ကား သဘာအဝိုင်း ဖြစ်ပေါ်နေသော အစီအရင်များသည် လူလုပ်အစီအရင်များကဲ့သို့ ပင်မအချက်အချာနေရာ၊ အားနည်းချက်နှင့် ချက်ပွိင့်များ ကဲ့သို့သော အရာမျိုးမရှိချေ။
ထို့အပြင် ရန်ကိုင်သည် စိတ်ဝိဥာဉ်အစီအရင်နှင့် ပက်သက်၍ ကျွမ်းကျင်သူတစ်ယောက် မဟုတ်ပါချေ။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကြောင့် အစီအရင်ထဲ ရောက်နေမှန်း သူသိခဲ့ရသည်။ သို့သော်လည်း ထိုကဲ့သို့ သိရုံဖြင့် အစီအရင်ကို ချိုးဖျက်နိုင်မည်ဟု မဆိုလိုပါချေ။
သူသာ အစီအရင်ကို ချိုးဖျက်ချင်လျှင် သူ့ကိုယ်သူ အားကိုးမှသာ ရပေလိမ့်မည်။
ထို့ကြောင့်ပဲ ရန်ကိုင် စိတ်ညစ်နေခြင်း ဖြစ်သည်။ ယန်ယန်သာ ဤနေရာတွင် ရှိလျှင် သူမကို အားကိုး၍ ဤအစီအရင်ကို ချိုးဖျက်နိုင်ပေလိမ့်မည်။ သို့သော်လည်း လောလောဆယ်၌ ယန်ယန်မရှိ၊ သူတစ်ယောက်တည်းသာ ရှိသည်။
ခဏလောက် စိတ်ညစ်စိတ်ပျက်နေပြီးနောက် သူ့စိတ်ကို တည်ငြိမ်အောင် အရင်လုပ်လိုက်သည်။ အစီအရင်ထဲ ရောက်နေပြီ ဖြစ်မှဖြင့် ညည်းတွားနေ၍ မရတော့။ နည်းလမ်းရှာရုံသာ ရှိတော့သည်။
အကောင်းဆုံးနည်းလမ်းသည် လေဟာနယ်ကို ဆုတ်ဖြဲ၍ ထွက်သွားရန်ပင်။ ရန်ကိုင်သည် လေဟာနယ် တာအိုကို ကျွမ်းကျင်သည့်အတွက် လေဟာနယ်ကို ဆုတ်ဖြဲ၍ ထွက်သွားခြင်းသည် အကောင်းဆုံး နည်းလမ်း ဖြစ်သည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည်နှင့် ရန်ကိုင်သည် လေဟာနယ်အက်ကွဲကြောင်း တစ်ခုကို ဖန်တီးလိုက်ပြီး ထိုထဲ ခုန်ဝင်လိုက်သည်။ ထိုထဲ ဝင်လိုက်ပြီးသည်နှင့် လေဟာနယ်အက်ကွဲကြောင်းလည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့လေသည်။
ခဏအကြာ၌ အစောပိုင်း ရန်ကိုင် ရပ်နေခဲ့သော နေရာ၌ လေဟာနယ်အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့၏။
အက်ကွဲကြောင်းထဲမှ ထွက်လာပြီး ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည့်အခိုက် ရန်ကိုင်၏ အမူအရာ မည်းမှောင်သွားခဲ့ရသည်။
လေဟာနယ်ကို ဆုတ်ဖြဲပြီး ဟင်းလင်းပြင်ထဲသို့ ခုန်ဝင်လိုက်ကတည်းက တစ်ခုခု မှားယွင်းနေမှန်း ရန်ကိုင် သိခဲ့သည်။ အကြောင်းမှာ ပုံမှန်အားဖြင့် ယောက်ယတ်ခတ် ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်သည် အလွန်ကိုမှ တည်ငြိမ်၊ ငြိမ်သက်နေသောကြောင့် ဖြစ်သည်။ ဟင်းလင်းပြင်ထဲမှ ပြန်ခုန်ထွက်လာချိန် အစောပိုင်းက ရပ်နေခဲ့သည့် နေရာတွင်သာ ပြန်ပေါ်လာသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။
ဤစိတ်ရှုပ်ထွေးအစီအရင်သည် လူတစ်ယောက်၏ အသိစိတ်ကို ရှုပ်ထွေးအောင် လုပ်နိုင်ရုံမက လေဟာနယ်ကိုပါ ပိတ်လှောင်ထားနိုင်သည်။ တစ်နည်းဆိုရသော် ရန်ကိုင်အနေဖြင့် လေဟာနယ်ကို ဆုတ်ဖြဲ၍ ဤနေရာမှ ထွက်သွားနိုင်မည် မဟုတ်ချေ။
ခဏလောက် စဉ်းစားလိုက်ပြီးနောက် အားသုံး၍ အစီအရင်ကို ဖျက်စီးမည်ဟုသာ ဆုံးဖြတ်လိုက်သည်။ အစီအရင်ကို မကျွမ်းကျင်သဖြင့် အစီအရင်ကို ဖျက်စီးပြီး ထွက်သွားရုံသာရှိတော့သည်။ သူ့ခွန်အားသည် အစီအရင်ကို ဖျက်စီးရန် လုံလောက်ပါစေဟု ဆုတောင်းရပေတော့မည်။ မဟုတ်လျှင် ဤနေရာ၌ တစ်သက်လုံး ပိတ်မိနေရ ပေလိမ့်မည်။
ဆုံးဖြတ်ပြီးသည်နှင့် ပတ်ပတ်လည်ကို သေသေချာချာ စူးစမ်းကြည့်လိုက်သည်။ နာရီဝက်ကြာပြီးနောက် အခြား နေရာများထက် ပို၍ ပုံရိပ်ယောင်ဆန်နေသည့် နေရာကို ရွေးချယ်လိုက်သည်။ ထိုနေရာသည် အစီအရင်၏ အားနည်းချက် ဖြစ်ပါစေဟုသာ မျှော်လင်ရပေမည်။
တောင်တစ်ရာ ပန်ချီကားချပ်ကို ထုတ်ယူလိုက်ပြီး တောင်ဆယ်လုံးကို ဆင့်ခေါ်လျက် ထိုနေရာကို တောင် ဆယ်လုံးဖြင့် တစ်ပြိုင်တည်း ထုချလိုက်သည်။ ဘုန်း… ဘုန်း… ဘုန်း…
ရန်ကိုင်သည် ထိုနေရာတစ်ခုတည်းကိုသာ တောင်တစ်ရာ ပန်းချီကားချပ်သုံး၍ ထုရိုက်နေခဲ့သည်။ တောင်တစ်ရာပန်းချီကားချပ်၏ ထုရိုက်မှုအောက်တွင် ဘေးပတ်ပတ်လည်ရှိ မြင်ကွင်းအဖုံဖုံတို့ တွန့်လိမ့်လာကာ ပျက်စီးတော့မလို ဖြစ်လာခဲ့သည်။
ဖြစ်နိုင်တယ် ရန်ကိုင်လည်း တောင်တစ်ရာ ပန်းချီကားချပ်ထဲသို့ သူတော်စင်ချီ ထပ်အားဖြည့်လိုက်၏။
သို့သော် သူနောက်ထပ် မတိုက်ခိုက်ရသေးခင်မှာပဲ ရန်ကိုင်အမူအရာ ရှုံ့မဲ့သွားရသည်။ အကြောင်းမှာ တွန့်လိမ် သွားသော ပန်ဝန်းကျင်သည် ချက်ချင်းဆိုသလို အကောင်း အတိုင်း ပြန်ဖြစ်သွားခဲ့သောကြောင့်ပင် ဖြစ်လေသည်။
ဤစိတ်ရှုပ်ထွေး အစီအရင်သည့် သူ့ဘာသာ အလိုလို ပြန်ကောင်းနိုင်ပေသည်။ ဤနေရာသည် အထဲသို့ မတော်တဆ ရောက်လာသည့် လူတိုင်းအတွက် သေမင်း ထောင်ချောက်ပင် ဖြစ်လေသည်။
ရန်ကိုင် အံကြိတ်၍ တောင်အလုံးနှစ်ဆယ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် တောင်အလုံးနှစ်ဆယ်ကို သုံး၍ ထိုနေရာကို တစ်ပြိုင်တည်း ရိုက်ချလိုက်သည်။
----------------------------------
နေ့တစ်ဝက် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ရှေ့ရှိ အစီအရင်ကို တုန်လှုပ်ခြောက်ခြားစွာဖြင့် ကြည့်နေခဲ့သည်။
စိတ်ရှုပ်ထွေးအစီအရင်သည် သူထင်ထားသည်ထက်ပင် ပို၍ မာကျောတောင့်တင်းနေခဲ့သည်။ သူခွန်အားမည်မျှသုံး၍ တိုက်ခိုက်စေကာမူ အစီအရင်သည် ချက်ချင်းကို သူ့ဘာသာ အလိုလို ပြန်ကောင်းသွားသည်။ တောင်တစ်ရာ ပန်းချီကားချပ်ကို ပြန်သိမ်းထားလိုက်ပေပြီ။ တောင်အလုံး နှစ်ဆယ်သည် လက်ရှိသူ၏ အကန့်အသတ် ဖြစ်သည်။ ထို့ကြောင့် တောင်တစ်ရာပန်းချီကားချပ်ကို ဆက်လက် အသုံးပြုနေ၍လည်း ဘာမှထူးမည်မဟုတ်၊ အချိန်ကုန်ရုံသာ ရှိပေလိမ့်မည်။
ဤအစီအရင်ကို တစ်ချက်တည်း မဖျက်စီးနိုင်လျှင် မည်သို့မှ ဖျက်စီးနိုင်လိမ့်မည် မဟုတ်ချေ။ ရှဲ့ယွင်၏ မှော်ရတနာကို အသုံးပြုလျှင်ကော။ သို့သော် သူ့တွင် ရှဲ့ယွင်၏ မှော်ရတနာကို ထိုင်သန့်စင်နေရန် အချိန်မရှိ။ ထို့အပြင် ရှဲ့ယွင်၏ မှော်ရတနာနှင့်ပင်လျှင် အစီအရင်ကို ဖျက်စီးနိုင်မည့်ပုံမပေါ်။ ထို့ကြောင့် ရွှေရောင်သွေးစက်ကို အသုံးပြုရုံသာရှိတော့သည်။
ရန်ကိုင် သက်ပြင်းအမောကြီး ချလိုက်သည်။ ရွှေရောင် သွေးစက်တစ်စက်သည် သူ၏ သုံးလတာ ကျင့်ကြံမှုနှင့် ညီမျှပေသည်။ ထို့ကြောင့် မလိုအပ်လျှင် ရွှေရောင်သွေးစက်ကို မသုံးချင်ပါချေ။
သွေးနီရောင်သလင်းကျောက်ထဲတွင် ရှိနေစဉ် အတောအတွင်း ရွှေရောင်သွေးစက် တစ်ရာလောက် ရန်ကိုင် ဖန်တီးနိုင်ခဲ့သည်။ သို့သော်လည်း ထိုသွေးစက်များကို ထပ်တလဲလဲ အသုံးပြုပြီး ပြန်မဖြည့်ဘဲ ထားထားသဖြင့် ယခုလက်ရှိအချိန်၌ သူ့တွင် ရွှေရောင်သွေးစက် (၉၀)လောက်သာ ကျန်တော့ပေသည်။
သို့သော်လည်း ဤအချိန်သည် ထိုကဲ့သို့သော အရာများကို ဂရုစိုက်နေရမည့် အချိန်မဟုတ်။
ရန်ကိုင်သည် ရွှေရောင်သွေးစက် တစ်စက်ကို သူ့လက်ချောင်းထိပ်တွင် စတင် စုဝေးစေလိုက်သည်။
ရုတ်တရက် အားကောင်းလှသော အသက်စွမ်းအင် အရှိန်အဝါတို့ ရွှေရောင်သွေးစက်မှ ဖြာထွက်လာခဲ့လေသည်။
ထိုရွှေရောင်သွေးစက်သည် ရန်ကိုင် ဒဏ်ရာရလျှင် စီးကျလာသည့် ရွှေရောင်သွေးများထက် ပို၍ ရွှေရောင် တောက်နေခဲ့သည်။ ရွှေရောင်သွေးစက်သည် ရွှေရောင် ပဲသီးစေ့လေးတစ်စေ့နှယ် ရန်ကိုင် လက်ချောင်းထိပ်၌ အသာအယာ စုဝေးသွားခဲ့သည်။
အတွေးတစ်ချက်နှင့် ရန်ကိုင်သည် ရွှေရောင် သွေးစက်ကို မြှားလေးတစ်စင်းအဖြစ်သို့ ပြောင်းစေလိုက်ပြီး အစီအရင်ဆီ ပစ်လွှတ်လိုက်သည်။ အစီအရင်နှင့် ရွှေရောင် သွေးစက် ထိသွားသည့်နေရာဆီမှ ရွှေရောင်အလင်းတန်းတို့ ပေါက်ကွဲထွက်လာခဲ့ရာ ရန်ကိုင် မျက်စိတစ်ခုလုံး ကျန်းစပ်သွားခဲ့ရလေသည်။
ထို့ကြောင့် သူ့ညာဘက်မျက်လုံးကို ချက်ချင်း ကောက်ပိတ်လိုက်ပြီး ဘယ်ဘက်မျက်လုံးကို မှေးစဉ်း၍ သူ့ရှေ့ရှိမြင်ကွင်းကို စိုက်ကြည့်လိုက်သည်။
တစ်ခုခု အက်ကွဲဿွားသံနှင့်အတူ စိတ်ရှုပ်ထွေး အစီအရင်၏ ချိုးယွင်းချက်နေရာ ပေါက်ထွက်သွားခဲ့သည်။ ထို့နောက် ရွှေရောင်သွေးစက် ပေါက်ကွဲထွက်သွားခဲ့ပြီး အစီအရင်ပေါ်ရှိ အပေါက်ကလေးသည် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့လေသည်။
တစ်ချိန်တည်းတွင် ရန်ကိုင် ဘေးပတ်ပတ်လည်ရှိ ပုံရိပ်ယောင်မြင်ကွင်း စတင် တွန့်လိမ်လာခဲ့သည်။ တောင်ကုန်းများစွာတို့သည်လည်း လှိုင်းလုံးများနှယ် စတင် နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး ပျောက်ကွယ်သွားခဲ့သည်။
ရန်ကိုင်လည်း ပျော်ပျော်နှင့် အစီအရင်ထဲမှ ခုန်ထွက်တော့မည်အပြု၊ အနီရောင်အလင်းတန်းများစွာတို့ အဘက်ဘက်ဆီမှ သူ့ဆီ တစ်ဟုန်ထိုး တိုးဝင်လာပြီး ရွှေရောင်များအား ဖုံးအုပ်သွားသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ထိုအနီရောင်အလင်းတန်းများသည် အစီအရင်ကို ပြန်ပြင်ပေးနေခဲ့သည်။
ရန်ကိုင် ထပ်မံ စိုးရိမ်သွားရပြန်သည်။ ဤကဲ့သို့ ဖြစ်လာရန်အတွက် ရွှေရောင်သွေးစက် တစ်စက်ကို အသုံးပြုထားရသည် ဖြစ်လေရာ ဘာကြောင့် သူ့အားထုတ်မှုကို အလဟဿ ဖြစ်ခံလိုက်ရမည်နည်း။
ချက်ချင်းပဲ နောက်ထပ် ရွှေရောင်သွေးစက်တစ်စက်ကို ထပ်ထုတ်လိုက်သည်။ နောက်ထပ် ရွှေရောင်သွေးစက် ပေါက်ကွဲသွားသည့် အချိန်တွင် ထွက်ပေါ်လာသော အနီရောင် အလင်းရောင်အားလုံး နေလာနှင်းပျောက်သည့် နှယ် ပျောက်ကွယ်သွားခဲ့ကြရသည်။
စိတ်ရှုပ်ထွေးအစီအရင်၏ ချို့ယွင်းချက် ရှိခဲ့သည့် နေရာတွင်မူကာ ရွှေရောင်ဝင်ပေါက်ကြီးတစ်ပေါက် ရှိနေခဲ့လေသည်။ ရန်ကိုင်လည်း နည်းနည်းလေးမှ လေးဖင့်မနေဘဲ အစီအရင်ထဲမှ ချက်ချင်း ခုန်ထွက်လိုက်၏။
သူထွက်သွားပြီးနောက် ရွှေရောင်အလင်းတန်း တဖြည်းဖြည်း အားနည်းလာပြီး စိတ်ရှုပ်ထွေးအစီအရင်သည် သူ့ဘာသာ အလိုလို ပြန်ကောင်းသွားခဲ့လေသည်။
ထိုနေရာမှ ထွက်လိုက်သည်နှင့် ဖြောင့်တန်းသည့် လမ်းလေးတစ်လမ်းပေါ်သို့ ရောက်နေသည်ကို ရန်ကိုင် တွေ့လိုက်ရသည်။ ထိုလမ်းလေးကို ချောမွတ်၊ သေးငယ်သော ကျောက်တုံးလေးများဖြင့် လုပ်ထားသည်။ လမ်းဘေးနှစ်ဖက်နှစ်ချပ်တွင် ရန်ကိုင် မြင်ခဲ့ဖူးသည့် အနီရောင်မြက်ပင်များ ရှိနေခဲ့သည်။ သို့သော် ထိုအနီရောင် မြက်ပင်များသည် သူယခင် မြင်ခဲ့ဖူးသည့် အနီရောင် မြက်ပင်များနှင့် အနည်းငယ် ကွာခြားနေခဲ့သည်။
အစီအရင်ထဲတွင် ရှိနေသော အနီရောင်မြက်ပင် များသည် အနည်းငယ် ခြောက်သွေ့နေဟန်ရပြီး ဤနေရာရှိ အနီရောင်မြက်ပင်များမှာမူ အနီရောင်တလက်လက် တောက်ပလျက် ရှိနေခဲသည်။ သူ့ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည့်အခါ အနီရောင်မြက်ပင်များ ကြားတွင် အရိုးများ ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုအရိုးများသည် ဤနေရာထဲသို့ ယခင်က ဝင်ခဲ့သည့် ကျင့်ကြံသူများ၏ အရိုးများမှန်း ရန်ကိုင် သိလိုက်သည်။ သဲမီးတောက်နယ်မြေသို့ ဝင်လာပြီးနောက် အစီအရင်ထဲ မတော်တဆ ရောက်ရှိသွားပြီး ပြန်မထွက်တတ်တော့သဖြင့် ထိုနေရာတွင်သာ ပိတ်မိသွားခြင်း ဖြစ်သည်။ သို့သော် အစီအရင်ထဲတွင် ရှိနေရမည့် အရိုးများသည် ဘာကြောင့် အနေရာတွင် ရှိနေရသလဲ ဆိုသည်ကိုမူ ရန်ကိုင် မသိချေ။
ရန်ကိုင် ထိတ်လန့်နေစဉ်မှာပဲ လမ်းဘေးနှစ်ဖက် နှစ်ချပ်တွင် ရှိနေသော မြက်ပင်များ အရှိန်အဟုန် လျင်မြန်စွာဖြင့် ကြီးထွားလာသည်ကို ရန်ကိုင် သတိ ပြုမိလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်မီတာပင် မပြည့်တတ်သော မြက်ပင်သည် မီတာ ဒါဇင်မက မြင့်သွားခဲ့သည်။
ဓါးသွားများနှင့် ဆင်တူသော မြက်ပင်များသည် ပျော့ပျောင်းညင်သာသော ကြာပွတ်ရှည်များကဲ့သို့ ဖြစ်လာခဲ့လေပြီ။ အကုန်လုံးသည် ရန်ကိုင်အား အလျင်အမြန် ရိုက်ချလာခဲ့သည်။
ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။ အနီရောင်မြက်ပင်များ ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ လွန်ခဲ့သော ရက်အနည်းငယ်ခန့် ထိုမြက်ပင်များကို မတွေ့ပြီး ၎င်းတို့၏ ထက်ရှမာကျောမျုကို မစမ်းသပ်ကြည့်ခဲ့လျှင် ယခုဆို ထိုမြက်ပင်များ၏ တိုက်ခိုက်မှုကို ခန္ဓာကိုယ်သက်သက်ဖြင့် ခုခံမိလောက်ပေသည်။ ထိုသို့သာ လုပ်မိလိုက်မည် ဆိုပါက ဒဏ်ရာအမာရွတ်များစွာဖြင့် အဆုံးသတ်သွားရပေလိမ့်မည်။ ထို့အပြင် ထိုမြက်ပင်များသည် ရုန်းပြန်နိုင်စွမ်း ကောင်းသည့်အတွက် ဖြတ်တောက်ရန် ခက်ခဲလေရာ ပို၍ ရင်ဆိုင်ရ ခက်သွားရလေသည်။
ထိုအရာများကို ရင်ဆိုင်ရ ခက်သည့်အတွက်ကြောင့်သာ မဟုတ်လျှင် မြက်ပင်နည်းနည်းလောက်ကို ခူးယူပြီး ယန်ယန် ကြည့်ဖို့ ပြန်သယ်သွားမိလောက်သည်။ ယန်ယန်သည် အလွန်ကိုမှ ဗဟုသုတကြွယ်ဝသည့် ထူးနဆန်းသော အမျိုးသမီး တစ်ယောက် မဟုတ်ပေလော။ ထိုမြက်ပင်များကိုလည်း သူမ သိလောက်ပေသည်။
သို့သော်လည်း လက်ရှိတွင် ထိုမရေမတွက်နိုင်သော မြက်ပင်များသည် ထောင်ပေါင်းများစွာသော ကျာပွတ်များ အသွင်သို့ ပြောင်းလဲပြီး ရန်ကိုင်အား တိုက်ခိုက်နေခဲ့လေပြီ။
သို့သော်လည်း ရန်ကိုင် မခုခံရသေးခင်မှာပဲ ဘေးနှစ်ဖက်နှစ်ချပ်ဆီမှ ထူးဆန်းသော စွမ်းအင် အရံအတား တစ်ခုပေါ်လာပြီး ယိမ်းထိုးနေသော မြက်ရှည်ပင်များကို သူ့ဆီ မရောက်အောင် တားဆီးထားခဲ့သည်။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ရန်ကိုင်၏ အမူအရာ ထူးဆန်းသွားခဲ့ရလေသည်။
စိတ်ရှုပ်ထွေးအစီအရင်သည် သဘာဝအတိုင်း ဖြစ်နေသည်ဟု ထင်ခဲ့မိသည်။ လက်ရှိ အဖြစ်အပျက် ကြောင့်သာ မဟုတ်ပါက ထိုကဲ့သို့ တွေးနေမိပေဦးမည်။ တကယ်တော့ စိတ်ရှုပ်ထွေးအစီအရင်သည် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးပင် ၎င်း၏ ပင်မအချက်အချာနေရာကို မရှာနိုင်လောက်သည်အထိ နက်နဲဆန်းကြယ်လှပေသည် မဟုတ်ပေလော။
သို့သော်လည်း လက်ရှိ အဖြစ်အပျက်ကြောင့် သူ့ခန့်မှန်းချက်ကို ပြောင်းလဲရပေတော့မည်။ ဤလမ်းကို အလိုလို ကာကွယ်ပေးနေသည့် စွမ်းအင်အရံအတားတစ်ခု သူ့ဘာသာ အလိုလို ထွက်ပေါ်လာရန် မဖြစ်နိုင်ချေ။
တစ်ယောက်ယောက်က စီစဉ်ထားခြင်းသာ ဖြစ်ရမည်။ စိတ်ရှုပ်ထွေး အစီအရင်ကိုလည်း ထိုလူကသာ ခင်းကျင်းခဲ့ခြင်း ဖြစ်လောက်သည်။
မည်သူကများ ထိုကဲ့သို့သော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားရသနည်း။
သဲမီးတောက်နယ်မြေထဲသို့ ဝင်နိုင်သော ကျင့်ကြံသူ အားလုံးသည် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။ ဤကဲ့သို့ နက်နဲဆန်းကြယ်လှသော အစီအရင်ကို ခင်းကျင်းနိုင်သည့် လူမျိုး သူတော်စင်ဘုရင် အဆင့်ထဲတွင် ရှိကောရှိလေရဲ့လော။ ယန်ယန်ကဲ့သို့ လူတစ်ယောက်သည် ဤသို့သော အစီအရင်မျိုးကို ခင်းကျင်းနိုင်ပေလိမ့်မည်။
သို့သော်လည်း ထိုကဲ့သို့ ခင်ကျင်းနိုင်သည် ဆိုလျှင်ပင် ဘာကြောင့် ဤနေရာတွင် ခင်းကျင်းထားရသနည်း။
ရန်ကိုင်သည် လမ်းလေးအတိုင်း လျှောက်သွားစဉ် ထိုအကြောင်းကို စဉ်းစားနေခဲ့သည်။
အပိုင်း(၁၁၈၄)
အထွဋ်အထိပ်သိုင်းဧကရာဇ်
မကြာမီ လမ်းအဆုံးသို့ ရန်ကိုင် ရောက်လာခဲ့သည်။ မြက်ပင်များအား တားဆီးထားသည့် အရံအတားကို မြင်သည့် အချိန်မှစ၍ ဤနေရာသည် သဘာဝအတိုင်း ဖြစ်နေခြင်းမဟုတ်ဘဲ တစ်ယောက်ယောက်မှ လုပ်ထားသည့် နေရာဖြစ်ကြောင်း သံသယရှိသွားခဲ့သည်။
ယခုသူ့ရှေ့ရှိ အိမ်ငယ်လေးကို မြင်ပြီးသည့်နောက် သူ့သံသယ ပို၍ ခိုင်မာသွားခဲ့ရသည်။ အိမ်ထဲသို့ ဝင်သွားသည့်အခါ ရန်ကိုင်သည် အတတ်နိုင်ဆုံး ပတ်ဝန်းကျင်ကို သတိကြီးကြီး ထားခဲ့သည်။ အန္တရာယ် တစ်ခုခုနှင့် ကြုံရလျှင် အချိန်မှီ တုန့်ပြန်နိုင်ရန် အတွက်လည်း သူတော်စင်ချီကို ကြိုတင် စုထားသည်။ သို့သော်လည်း မကြာမီ ကျောက်တုံးအိမ်လေးသည် ဘာဆိုဘာမှမရှိသော ဟာလာဟင်းလင်း ဖြစ်နေသည့် အိမ်လေးတစ်လုံးသာ ဖြစ်ကြောင်း သိလိုက်ရသည်။ အထဲတွင် မည်သည့် အဆင်တန်ဆာမှမရှိ၊ ကျောက်စားပွဲ တစ်လုံးမှလွဲ၍ အခြားဘာဆိုဘာမှ မရှိချေ။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ကျောက်တုံးခန်းကို သေသေချာချာ စူးစမ်းရှာဖွေကြည့်လိုက်သည်။ သို့သော် ဘာဆိုဘာမှ ရှာမတွေ့ခဲ့ပေ။ လမ်းသည်လည်း ဤနေရာ၌ အဆုံးသတ်သွားခဲ့လေပြီ။ လုပ်စရာရှိတော့သည်ကား ဤနေရာ၌ပင် သေရမည့်အချိန်ကို ထိုင်စောင့်ရတော့ မလိုလို။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသုံးပြုခဲ့သော်ငြား ဘာမှ အကျိုးမထူးခဲ့။
အဆုံးတွင် ကျောက်တုံးခန်းထဲရှိ ကျောက်စားပွဲပေါ်၌ အစေ့လေးတစ်စေ့ကို တွေ့လိုက်ရသည်။ ထိုအစေ့လေးကို ကောက်ယူစစ်ဆေးကြည့်လိုက်သည့်အခါ ၎င်းထဲတွင် ထူးဆန်းသော အရှိန်အဝါတစ်မျိုးရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုအရှိန်အဝါသည် အပြင်ဘက်တွင် ရှိနေသော မြက်ပင်များ၏ အရှိန်အဝါနှင့် တကယ်ကို တူလှပေသည်။
ထိုအစေ့လေး ဤနေရာဤ မည်မျှကြာအောင် ရှိနေခဲ့သလဲ ဆိုသည်ကို ရန်ကိုင် မသိသော်ငြား အစေ့တွင်းမှ အသက်ဓါတ်ကိုမူ အသေအချာ ခံစားမိနေခဲ့သည်။ သူသာ ထိုအစေ့ကို အပင်စိုက်မည်ဆိုပါက ကျိန်းသေ အပင် ပေါက်လာပေလိမ့်မည်။
ခဏလောက် စဉ်းစားပြီးနောက် အစေ့လေးကို သိုလှောင် လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်သည်။ စိတ်ရှုပ်ထွေးအစီအရင်ကို ချိုးဖျက်ရန်အတွက် ရွှေရောင် သွေးစက်နှစ်စက်ကို အသုံးပြုခဲ့ရသည်။ ထို့အတွက်ကြောင့် လက်ဗလာနှင့် လုံးဝ ပြန်မထွက်သွားနိုင်ပါချေ။
ထို့နောက် ရန်ကိုင်သည် ကျောက်တုံးခန်ကို ဒုတိယ အကြိမ် သေချာထပ်မံ စစ်ဆေးကြည့်သည်။ သို့သော် မည်သည့်ထွက်ပေါက်ကိုမှ မတွေ့ခဲ့ရ။ လာလမ်းအတိုင်းသာ ပြန်သွား၍ စိတ်ရှုပ်ထွေးအစီအရင်ထဲ ပြန်သွားပြီး ထိုနေရာ၌ ဝင်ပေါက်ကို ပြန်ရှာရလေမလော။ စိတ်ရှုပ်ထွေးအစီအရင်၏ ပြန်လည် ပြုပြင်နိုင်စွမ်းကို စဉ်းစားမိလိုက်သော် ရန်ကိုင် ကျိန်ဆဲမိချင်သွားသည်။
စိတ်ထဲ တုန့်ဆိုင်းနေမိသော်လည်း အရှိကို အရှိအတိုင်း လက်ခံလိုက်ပြီး စိတ်ညစ်ညစ်ဖြင့်သာ ကျောက်တုံးအိမ်ထဲမှ ထွက်သွားခဲ့သည်။
သို့သော်လည်း ကျောက်တုံးအိမ်အပြင်ဘက်သို့ ခြေချလိုက်သည်နှင့် သူ့ရှေ့ အလင်းတစ်ချက် လက်သွား၏။ ယခင်က ရှိနေခဲ့သော မြက်ပင်များနှင့် ကျောက်တုံး လမ်းကလေး မရှိတော့ဘဲ အနီရောင်ပြင်ကျယ်ကြီးသာ ကျန်ရစ်နေခဲ့တော့သည်။
လေထဲတွင် အလျင်မပြတ်သော မီးစီးကြောင်းများ စီးဆင်းနေခဲ့သည်။ ခြေထောက်အောက် မြေပြင်သည်လည်း နီညိုရောင်မြေပြင်ကြီးမှတစ်ပါး အခြားမဟုတ်ချေ။
မီးတောက်နယ်မြေ…
ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး နောက်ထပ် စိတ်ရှုပ်ထွေး အစီအရင်တစ်ခုထဲများ ကျသွားလေသလား အထင်ဖြင့် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အလျင်အမြန် ထုတ်သုံး၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ စိတ်ရှုပ်အထွေး အစီအရင်ထဲ ကျသွားခြင်း မဟုတ်မှန်း သိလိုက်ပြီးနောက် ပတ်ဝန်းကျင်အား သေသေချာချာ စစ်ဆေးကြည့်လိုက်၏။ သို့သော် ကျောက်တုံးအိမ်လေးကို မတွေ့ရတော့ချေ။ သူ့မြင်ကွင်းတစ်ဆုံး အရိုင်းဆန်သည့် တောင်ဂတုံးများ၊ လွင်တီးခေါင်ပြင်များသာ ရှိနေခဲ့သည်။
သို့သော်လည်း သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော အစေ့ကြောင့် လက်ရှိမြင်ကွင်းသည် ပုံရိပ်ယောင် မဟုတ်မှန်း ရန်ကိုင် သိနေသည်။
မည်သို့ပင်ဆိုစေကာမူ ထိုအစုတ်အပြတ် နေရာမှ ထွက်လာနိုင်သည်နှင့်ပင် စိတ်ကျေနပ်နိုင်လေပြီ။
သူသာ ထိုစိတ်ရှုပ်ထွေး အစီအရင်ထဲ နောက်တစ်ကြိမ် ထပ်မံ ပိတ်မိခံရမည် ဆိုပါက အစီအရင်၏ အားနည်းသည့် နေရာကိုရှာ၍ ဖျက်စီးပစ်ပြီး ထွက်သွားရုံသာ ရှိတော့သည်။
စိတ်ရှုပ်ထွေး အစီအရင်အကြောင်း မည်သူမှ မသိရခြင်းသည် ထိုထဲကျသွားသူအားလုံး အနက် မည်သူမှ ပြန်မထွက်လာနိုင်ခဲ့သောကြောင့် ဖြစ်သည်။ မည်သူမှ မထွက်လာနိုင်ခဲ့သည့် အတွက်ကြောင့် မည်သူမှ ထိုအကြောင်းကို ဘယ်သူ့ဆီမှ ပြန်မပြောနိုင်တော့ချေ။ ထို့အပြင် စိတ်ရှုပ်ထွေ အစီအရင်သည် လေဟာနယ် ကိုပင် ပိတ်လှောင်နိုင်သဖြင့် ဆက်သွယ်ရေး မှော်ရတနာများလည်း အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် အရိပ်ကြယ်ပေါ်ရှိ အင်အားစုကြီးအားလုံး စိတ်ရှုပ်ထွေးအစီအရင်အကြောင်း မသိရခြင်း ဖြစ်လိမ့်မည်ဟု ရန်ကိုင် ထင်မိသည်။
ဝေကုချန်း၊ တုန်ရွှမ်းအာ၊ ချန်ချီနှင့် ဟောင်အန်းတို့ သူ့လိုမျိုး မဖြစ်ဖို့ရာ ရန်ကိုင် မျှော်လင့်မိသည်။ မဟုတ်လျှင် သူတို့လုံးဝ ဒုက္ခရောက်ကြရပေလိမ့်မည်။
ရန်ကိုင် သူ့ဘာသာ အတွေးထဲ နစ်မျောနေစဉ်မှာပဲ သူနှင့် မိုင်အနည်းငယ်အကွာခန့်တွင် အရှိန်ကုန်မြှင့်လျက် ပျံသန်း သွာလာနေသော လူအချို့ကို တွေ့လိုက်ရသည်။ ထိုလူများမှာ တစ်နေရာရာဆီသို့ အလျင်စလို သွားနေကြသည့် ပုံပင်။
ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ချက်ချင်းပဲ စိတ်ရှုပ်ထွေး အစီအရင်ထဲတွင် သူရက်အတော်ကြာအောင် ပိတ်မိနေခဲ့သည်ကို ပြန်စဉ်းစားမိလိုက်သည်။ ထို့ကြောင့် အခြားသူများ သူ့ကို ကျော်တက်သွားခြင်း ဖြစ်လောက်၏။
ယွမ်သံလိုက်အိမ်မြောင်ကို ထုတ်၍ ကြည့်လိုက်ရာ ထိုအဖွဲ့သွားနေသော အရပ်သည် ရတနာနယ်မြေဘက် မဟုတ်သည်ကို တွေ့ရှိလိုက်ရသည်။
လက်ရှိအချိန်တွင် အလျင်လိုနေ၍ ဘာအဓိပ္ပါယ်မှ မရှိချေ။ အစကမူ ရတနာနယ်မြေသို့ အခြားသူများထက် အရင်စောအောင်သွားကာ ရတနာများကို အပိုင်သိမ်းရန် ကြံထားခဲ့သည်။ သို့သော် ဤမျှ နောက်ကျပြီးမှဖြင့် လော၍ သွားနေ၍လည်း ဘာမှထူးတော့လိမ့်မည် မဟုတ်။
ထိုလူများသည် ကောင်းသည့်အရာ တစ်ခုခုကို တွေ့ထားသည့် အတွက်ကြောင့် ဤမျှ အလျင်လိုနေခြင်း ဖြစ်ရပေမည်။ ရန်ကိုင်လည်း ခဏလောက် တွေးလိုက်ပြီး ထိုလူအဖွဲ့နောက် လိုက်သွားလိုက်သည်။
သဲမီးတောက်နယ်မြေထဲတွင် မည်သည့် သစ်ပင်မှ မရှိသည့်အတွက် အခြားသူများနောက် လိုက်ရသည်မှာ အတော့်ကိုမှ လွယ်ကူသည်။ ပက်ကြားအက်နေသော မြေပြင်နှင့် တောင်ဂတုံးများမှလွဲ၍ အခြားဘာမှ မရှိချေ။ ထို့ကြောင့် ကောင်းကင်စိတ်အာရုံသည် ဤနေရာ၌ အကြီးအကျယ် ဖိနှိပ်ထားခြင်း ခံရသော်ငြား သာမန် မျက်လုံးဖြင့် မြင်နိုင်သော အကွာအဝေးသည် အတော့်ကိုမှ ဝေးလှသည်။ ထို့ကြောင့် တစ်ယောက်ယောက်အား မျက်ခြေပြတ်သွားမည်မျိုးကို စိုးရိမ်စရာ မလိုချေ။
သွားနေရင်း သွားနေရင်း သူသွားသည့် လမ်းကြောင်း အတိုင်း သွားနေသော ကျင့်ကြံသူများကို ပိုတွေ့လာရသည်။ အကုန်လုံးသည် ထိုအရပ်တွင် တစ်ခုခု ရှိနေသည့် ဆိုသည့် အကြောင်းကို သိနေကြသည့်အလား။
ရန်ကိုင် ပို၍ မသင်္ကာ ဖြစ်သွားခဲ့သည်။ အဖိုးတန်သည့် ပစ္စည်းတစ်ခုခုသာ မဟုတ်လျှင် ကျင့်ကြံသူအများကြီး လာအောင် ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ချေ။
ရန်ကိုင် ရှိနေရာအရပ်နှင့် မလှမ်းမကမ်းတွင် တူညီသော ဝတ်စုံကို ဝတ်ဆင်ထားသည့် သူတော်စင်ဘုရင် ဒုတိယ အဆင့် ကျင့်ကြံသူနှစ်ယောက် ရှိနေခဲ့သည်။ သို့သော် ထိုနှစ်ယောက် မည်သည့် အင်အားစုမှ လာသလဲ ဆိုသည်ကိုမူ ရန်ကိုင် မသိ။ ထိုနှစ်ယောက်၏ ပုံစံမှာ ကောက်ကျစ်ဥာဏ်များမည့် ပုံစံမျိုး မပေါက်သဖြင့် ရန်ကိုင်လည်း သူသိချင်နေသည့် မေးခွန်းကို မေးရန် ရည်ရွယ်ချက်ဖြင့် ထိုနှစ်ယောက်ဆီ သွားလိုက်သည်။
ထိုနှစ်ယောက်သည် ရန်ကိုင် သူတို့ဆီသို့ လာနေသည်ကို သတိပြုမိသော် ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားကြသည်။ သူတို့ထဲရှိ သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် ဝေ့ကြည့်လိုက်၏။ ရန်ကိုင်သည် သူတော်စင်ဘုရင်ပထမအဆင့်သာ ရှိသော လူတစ်ယောက်ဖြစ်မှန်း သိလိုက်သည့်အခါ စိတ်လက် ပေါ့ပါးသွားခဲ့ရသည်။
သူတော်စင်ဘုရင် ပထမအဆင့်ကို ကြောက်နေစရာ မလိုလေရာ ဘာကြောင့် သတိထားနေစရာ လိုဦးမည်နည်း။
“ရောင်းရင်းတို့” ရန်ကိုင်က ထိုနှစ်ယောက်ဆီသို့ ရောက်သည့်အခါ လက်သီးဆုပ်၍ ပြုံးလျက် ဖော်ရွေသည့် ပုံစံမျိုး လုပ်ပြလိုက်သည်။
ထိုနှစ်ယောက်သည် နောက်သို့ လှည့်မကြည့်ဘဲ ခေါင်းသာညိတ်၍ ဆက်လက်ပြေးလွှားနေခဲ့သည်။ ထိုသို့ ပြေးလွှားနေရင်း သက်လတ်ပိုင်းလူကြီးက မေးလိုက်၏ “ဘာကိစ္စရှိလို့လဲ”
“လူတိုင်း ဘာလို့ အဲ့ဘက်သွားနေကြတာလဲ ဆိုတာကို မေးချင်လို့။ အဲ့ဘက်မှာ ဘာတွေများ ဖြစ်နေလို့လဲ ရောင်းရင်းတို့ သိကြလား” ရန်ကိုင်က သူသိချင်သည့် မေးခွန်းကို တန်းမေးလိုက်လေသည်။
သက်လတ်ပိုင်းလူကြီး အနည်းငယ် အံ့ဩသွားသည်။ သို့သော် ပြုံးလျက် ပြန်ဖြေလိုက်လေသည် “ငါတို့လည်း သေချာတော့ မသိဘူး။ ကောလဟာလတွေကြားလို့ သွားကြနေတာ။ သူများတွေ ပြောတာတော့ အဲ့ဘက်မှာ မီးတောက်သလင်းကျောက်အချို့ တွေ့တယ်တဲ့။ အဲ့သတင်း မှန်လား၊ မှားလား ဆိုတာတော့ ငါလည်း မသိဘူး”
“တန်ခိုးရှင်အထွဋ်အထိပ်အဆင့် မီးတောက် သလင်းကျောက်လား” ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့လေသည်။
“ဟုတ်တယ်။ မိတ်ဆွေလည်း အဲ့ပစ္စည်းဘယ်လောက် အဖိုးတန်လဲ ဆိုတာကို သိတယ်လား” သက်လတ်ပိုင်း လူကြီးက အနည်းငယ် အံ့ဩသွားသည့် အမူအရာဖြင့် ရန်ကိုင်ဘက်သို့ လှည့်၍ မေးလိုက်သည်။
“ဟုတ်တယ်။ စီနီယာတစ်ယောက်ဆီက ကြားဖူးတာ” မီးတောက်သလင်းကျောက်များသည် တကယ်ကို အသုံးဝင်သည့် ပစ္စည်းများ ဖြစ်ကြသည်။ ထိုပစ္စည်းများကို ပန်းပဲထုရာတွင် အသုံးပြုနိုင်ရုံမက မီးဓါတ်ကျင့်စဉ်ကိုများကို ကျင့်ကြံခြင်းနှင့် အချို့သော အစီအရင်များကို ခင်းကျင်းရာ၌ အသုံးပြုနိုင်သည်။
ယန်ယန် ထိုပစ္စည်းများကို စိတ်ဝင်စားလောက်ပေ၏။ ထို့ကြောင့် ရောက်တုန်းရောက်ခိုက် တစ်ချက်လောက် သွားကြည့်ရပေမည်။ တကယ် မီးတောက်သလင်းကျောက် များဆိုပါက နည်းနည်းပါးပါးလောက်တော့ ရအောင် ယူရပေမည်။ တကယ်တော့ တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ပစ္စည်းများသည် အလွယ်တကူ ရှာ၍ရသည့် ပစ္စည်းများမှ မဟုတ်ပေလော။
ကုန်ကြမ်းပစ္စည်းများ၏ အရည်အသွေး နိမ့်ကျသည့် အတွက်ကြောင့် အစီအရင်၏ စွမ်းအားကို မမြင့်တင်နိုင်သည့် ကိစ္စနှင့် ပက်သက်၍ ယန်ယန် မကြာခဏ အထွန့်တက်လေ့ ရှိသည်။ ချင်းတုန် ပို့လိုက်သော ပစ္စည်းများသည် တန်ခိုးရှင် အဆင့် ပစ္စည်းများ ဖြစ်ကြသော်လည်း အထွဋ်အထိပ်အဆင့် ဆို၍ အနည်းငယ်သာပါသည်။
“အဲ့မှာ ပစ္စည်းကောင်းတွေ ရှိပေမယ့် အဲ့ဒါတွေကိုရဖို့ စွမ်းရည် ရှိဖို့တော့ လိုမယ်နော်” သက်လတ်ပိုင်းလူကြီး၏ ဝေ့ဝိုက်၍ ပြောဆိုလိုက်သည် “အဲ့ဘက်ကို သွားနေတဲ့ လူတွေအများကြီးပဲ။ ပစ္စည်းကောင်းတွေ တွေ့တာနဲ့ ပြဿနာကတော့ ကျိန်းသေဖြစ်မှာ။ ရောင်းရင်း အဲ့ဘက်ကို တကယ်ပဲ သွားချင်တာလား”
ရန်ကိုင်၏ ကျင့်ကြံခြင်း နိမ့်ကျသည့်အတွက် သူ၏ တိုက်ပွဲစွမ်းရည်သည်လည်း သိပ်မမြင့်လောက်ဟု သက်လတ်ပိုင်းလူကြီး ထင်နေခြင်း ဖြစ်သည်။
ထိုလူသည် ရန်ကိုင်အား စိတ်ပုတ်စိတ်ယုတ်ဖြင့် ပြောနေခြင်းမဟုတ်ဘဲ စေတနာဖြင့် သတိပေးနေခြင်း ဖြစ်သည်။
ထို့ကြောင့် ရန်ကိုင်က ရယ်ရယ်မောမောဖြင့်သာ ပြန်ပြောလိုက်လေသည် “တကယ်သွားချင်တာ။ ဘာမှ မရနိုင်ရင်တောင် အတွေ့အကြုံလေး ဘာလေး ရဖို့ကတော့ အရမ်းကြီး ခက်ခဲမယ်မထင်ပါဘူး”
ရန်ကိုင်က သွားချင်နေသည့် အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးလည်း ဘာမှ ထပ်ပြောမနေတော့ပေ။ တစ်ဖက်လူ မလုပ်ချင်သည့် ကိစ္စကို သွားလုပ်ခိုင်းနေသရွေ့ အချိန်ကုန်ရုံသာ ရှိမည်။
ရန်ကိုင်တို့ သုံးယောက်အနက် မည်သူမှ သူတို့၏ နာမည်ကို ထုတ်မပြောကြချေ။
အချိန်တစ်ခဏအတွင်း ရန်ကိုင်တို့ သုံးယောက် သူတို့ သွားနေသည့် နေရာဆီသို့ ရောက်ရှိလာခဲ့ပြီး ပတ်ဝန်းကျင်ကို စတင် စူးစမ်းလေ့လာတော့သည်။
သူတို့ရှေ့တွင် အနည်းဆုံး အမြင့် မီတာတစ်ရာ၊ အချင်း မီတာထောင်ပေါင်းများစွာ ကျယ်သော တောင်ကြီးတစ်လုံး ရှိနေခဲ့သည်။ လက်ရှိတွင် အနည်းဆုံး သုံးဆယ်လောက် ရှိမည် ထင်ရသော ကျင့်ကြံသူများသည် တောင်ကြီးပေါ်ရှိ နေရာအနှံ့တွင် နေလျက် ကျင်းတူးရင် ရတနာ ရှာနေကြ၏။
တစ်ယောက်ယောက်မှ အနီရောင်သလင်းကျောက်လေး တစ်တုံးကို တွေ့သွားသည့် အတွက်ကြောင့် ဝမ်းသာအားရ အော်ရယ်သံများကို မကြာခဏ ကြားနေကြရသည်။
ထိုကျောက်တုံးသည် မီးတောက်သလင်းကျောက် ဖြစ်ပေသည်။
ဤတောင်သည် သိပ်ပြီး ထင်းနေခြင်းမရှိ။ သို့သော် ထိုတောင်တွင် မီးတောက်သလင်းကျောက်များ ရှိနေသည်။ မည်သူကများ ဤတောင်၌ မီးတောက် သလင်းကျောက် ရှိသည်ကို အရင်ရှာတွေ့သွားခဲ့ပြီး ထိုအကြောင်း မည်ကဲ့သို့ သတင်းပြန့်သွားရသလဲ ဆိုသည်ကို ရန်ကိုင် စဉ်းစားတွေးတောမိလိုက်သည်။
သို့သော်လည်း ဤနေရာသို့ လူများရောက်နေသည်မှာ အတော်လေး ကြာနေလောက်ပေပြီ။ တောင်တစ်ခုလုံး ကျင်းပေါက်များ၊ လိုဏ်ဂူများဖြင့် ပြည့်နေခဲ့ပြီး ကျင့်ကြံသူ တို့သည် ထိုဝင်ပေါက်ထဲသို့ ဝင်ချေထွက်ချေ လုပ်နေကြ၏။
သူတို့ တူနေသော နေရာတွင် ဘာမှ ရှာမတွေ့သော ကျင့်ကြံသူများသည် နေရာပြောင်း၍ ရှာဖွေကြသည်။
ထိုမြင်ကွင်းမှာ အတော့်ကိုမှ စည်းကားသက်ဝင် လှသော်ငြား မည်သည့် ပြဿနာမှ မဖြစ်သေးချေ။ အကုန်လုံးသည် သူတို့အလုပ်ကိုသာ သူတို့လုပ်နေကြပြီး အခြားသူများဆီမှ ဓါးပြတိုက် လုယူခြင်းမျို မလုပ်ကြ။ မီးတောက်သလင်းကျောက်ရှာရင်း အချင်းချင်း ပြဿနာ တက်နေသည့် ရန်ကိုင် ထင်ခဲ့သော မြင်ကွင်းမျိုး မဖြစ်ပျက်နေခဲ့ပေ။
“အဲ့ဘက် တစ်ချက်သွားကြည့်ရအောင်” သက်လတ်ပိုင်း လူကြီးက လူမရှိသော နေရာတစ်ခုဆီ ညွှန်၍ သူတို့၏ မှော်ရတနာ အသီးသီးကို ထုတ်ကာ သူ့စီနီယာအစ်ကိုနှင့် ထွက်သွားလေသည်။ ရန်ကိုင်လည်း သက်ပြင်းချလိုက်ပြီး ကံစမ်းရန်အတွက် နေရာတစ်ခု ရှာလိုက်လေသည်။
ကျောက်တုံးရုပ်သေးရုပ်သာ ဤနေရာတွင် ရှိမည် ဆိုပါက ရန်ကိုင်အနေဖြင့် ဘာမှ လုပ်နေစရာ လိုလိမ့်မည် မဟုတ်ချေ။ ကျောက်တုံးရုပ်သေးရုပ်ကို လွှတ်လိုက်ရုံဖြင့် တောင်ထဲတွင် ရှိနေသော မီးတောက်သလင်းကျောက် အားလုံး သူ့လက်ထဲ ရောက်ရှိလာပေလိမ့်မည်။
သို့သော်လည်း ယန်ယန်သည် ကျောက်တုံး ရုပ်သေးရုပ်ကို လိုအပ်နေသေးသည့် အတွက်ကြောင့် ရန်ကိုင်လည်း ကျောက်တုံးရုပ်သေးရုပ်ကို သူမဆီ ထားခဲ့လိုက်သည်။
အပိုင်း(၁၁၈၅)
အထွဋ်အထိပ်သိုင်းဧကရာဇ်
အမွှေးတိုင်တစ်ချောင်းစာလောက် ကြာအောင် ရှာပြီးသည့်နောက် သူရှာနေသည့် တွင်းထဲမှ ရန်ကိုင် မျက်မှောင်ကြုတ်လျက် ခုန်ထွက်လာခဲ့သည်။
ဤနေရာ၌ မီးတောက်သလင်းကျောက် ရှာတွေ့ခြင်း၊ မတွေ့ခြင်းသည် ကံပေါ်သာ မူတည်ကြောင်း ရန်ကိုင် သိရှိသွားခဲ့လေပြီ။
အကြောင်းမှာ ဤနေရာရှိ မီးဓါတ်အရှိန်အဝါသည် အလွန်ကိုမှ သိပ်သည်းလွန်းလှသည့်အတွက် မီးတောက် သလင်းကျောက်များအားလုံးကို ထိုအရှိန်အဝါက ဖုံးအုပ် သွားခဲ့သည်။ ထို့ကြောင့် ကောင်းကင်စိတ်အာရုံများကို အသုံးပြု၍ မီးတောက်သလင်းကျောက်များကို ရှာမရတော့။ မမြင်မစမ်းဖြင့်သာ စိတ်ကူးထင်သည့်နေရာ ရှာရတော့၏။ ထိုအချက်ကြောင့် မီးတောက်သလင်းကျောက် ရှာမည့် အရေးကို ရန်ကိုင် စိတ်ဝင်စားမှု လျော့ပါးသွားခဲ့ရသည်။
အခြားကျင့်ကြံသူများသည် တန်ခိုးရှင်အထွဋ်အထိပ် အဆင့် ပစ္စည်းအတွက် အလွန်အမင်း စိတ်အားထက်သန် ကောင်း ထက်သန်နေပေလိမ့်မည် ဖြစ်သော်လည်း ရန်ကိုင် ကမူ ထိုကဲ့သို့ မဟုတ်ချေ။ တန်ခိုးရှင်အထွဋ်အထိပ်အဆင့် မီးတောက်သလင်းကျောက် အချို့အတွက် ယခုကဲ့သို့ အချိန်ကုန်ခံနေလိမ့်မည် မဟုတ်ပေ။
ရတနာနယ်မြေဆီ တိုက်ရိုက်သွားလိုက်ခြင်းသည် သူ့အတွက် ပိုကောင်းပေသည်။ ထိုကဲ့သို့ စဉ်းစားပြီးသော် ရန်ကိုင်ဆက်ပြီး ကျင်းတူးမနေတော့။
မထွက်သွားခင် သက်လတ်ပိုင်းလူကြီးတို့ အဖွဲ့ဆီ လှမ်းကြည့်လိုက်ရာ ထိုနှစ်ယောက်သည် သူနှင့်မတူဘဲ ကံကောင်းနေသည်ကို တွေ့လိုက်ရသည်။ ရန်ကိုင်သည် ထိုနှစ်ယောက်ကို မနှောင့်ယှတ်တော့ဘဲ တောင်ကုန်းဆီမှ တစ်ယောက်တည်း ထွက်သွားလိုက်လေသည်။
တဖြည်းဖြည်း အဝေးသို့ ရောက်လာသည်နှင့် မီးတောက်သလင်းကျောက် ရှိသည့်အကြောင်း သတင်း စကားကြာပြီး အပြေးလာနေကြသော ကျင့်ကြံသူများနှင့် ပိုပို၍ တွေ့လာခဲ့ရသည်။ အတော်များများသည် သူနှင့်တွေ့လျှင် မီးတောက်သလင်းကျောက် ရှိသည့် သတင်းမှာ မှန်မမှန် လှမ်းမေးနေခဲ့လေသဖြင့် ရန်ကိုင်လည်း အတော်လေးကိုမှ စိတ်ညစ်ခဲ့ရသည်။
ရန်ကိုင်၏ ကျင့်ကြံခြင်းသည် သူတော်စင်ဘုရင် ပထမ အဆင့်သာ ရှိသေးသည့်အတွက်ကြောင့်သာ ထိုလူများ ထိုကဲ့သို့ လုပ်ရဲကြခြင်း ဖြစ်သည်။ ရန်ကိုင်၏ ကျင့်ကြံခြင်းသာ မြင့်နေမည်ဆိုပါက ရန်ကိုင်အား သူတို့ စိတ်ထင်သလို မေးနေမည်မဟုတ်ဘဲ တလေးတစားဖြင့် မေးလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ထိုလူများသည် မေးခွန်းနည်းနည်းသာ မေးလိုခြင်း ဖြစ်သည့်အတွက် ရန်ကိုင်လည်း ထိုလူများကို ပြဿနာ မရှာခဲ့ချေ။ အကောင်းဆုံး နည်းလမ်းသည်ကား ထိုလူများနှင့် မတွေ့အောင် ရှောင်သွားခြင်းပင်။
လေမိုးကြိုးတောင်ပံများသည် အရမ်းကိုမှ မြင်သာလွန်းသည့် အတွက်ကြောင့် ရန်ကိုင်သည် လေမိုးကြိုးတောင်ပံများကို ထုတ်သုံးခြင်း မပြုခဲ့ချေ။ အခြားသူများသာ မြင်သွားခဲ့မည် ဆိုပါက မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်ပေသည်။ ပြဿနာ ကြုံရမည်ကို ရန်ကိုင် မကြောက်။ သို့သော် ထိုပြဿနာများကြောင့် သူ့ခရီးနှောင်းနှေးသွားမည့် ကိစ္စမျိုးကို မလိုချင်ချေ။
နှစ်ရက်ကြာပြီးသည့်နောက်၊ လမ်းလျှောက်နေစဉ် နောက်ဘက်ဆီမှ လေတိုးသံများကို ကြားလိုက်သည်။ တစ်ယောက်ယောက်သည် သူ့ဆီ အရှိန်ကုန်တင်လျက် ပြေးလာနေသည့် ပုံစံမျိုး။
ထို့အပြင် ထိုလူသည် သူအစောပိုင်းက ထွက်လာသည့် ဘက်မှနေ၍ လာနေခြင်းဖြစ်လေသဖြင့် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့မိသည်။
အကြည့်ချင်း ဆုံသွားသည့်အခိုက် ထိုလူဘယ်သူမှန်း ရန်ကိုင် ချက်ချင်း တန်သိလိုက်သည်။ ထိုလူသည် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က သူနှင့် တွေ့ခဲ့သည့် သက်လတ်ပိုင်း လူကြီးပင် ဖြစ်လေသည်။ ရန်ကိုင်က ရယ်ရယ်မောမောဖြင့် နှုတ်ဆက်တော့မည်အပြု ရုတ်ချည်း သူမျက်နှာပျက်သွားခဲ့ရသည်။
သက်လတ်ပိုင်းလူကြီးနှင့် ပက်သက်၍ တစ်ခုခု မူမမှန်သည်ကို ရန်ကိုင် ချက်ချင်း သတိပြုမိလိုက်သည်။ သက်လတ်ပိုင်းလူကြီး၏ သူတော်စင်ချီသည် ပရမ်းပတာ ဖြစ်နေပြီး သူ့မျက်နှာလည်း မကောင်း။ သူ့ပခုံးဟာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး ထိုဒဏ်ရာဆီမှ သွေးများ တောက်လျှောက် စီးကျနေခဲ့သဖြင့် သူ့အင်္ကျီ တစ်ခုလုံး သွေးချင်းနီနေခဲ့သည်။
ထို့ပြင် သက်လတ်ပိုင်းလူကြီး၏ မျက်လုံးများသည် သွေးရောင်များနှယ် ရဲရဲတောက်နေခဲ့လေရာ သူအလွန် ဒေါသထွက်နေကြောင်း သိသာလှသည်။
ရန်ကိုင်ကို မြင်ပြီးနောက် သက်လတ်ပိုင်းလူကြီး တုန့်ခနဲ ရပ်သွားခဲ့သည်။ သို့သော်လည်း ချက်ချင်းပဲ ရန်ကိုင်ကို အလျင်စလို လှမ်းအော်ပြောလိုက်သည် “မသေချင်ရင် မြန်မြန်ပြေးတော့”
ပြောပြီးသည်နှင့် အခြားတစ်ဘက်ဆီသို့ ချက်ချင်း ပြေးထွက်သွားလိုက်လေသည်။
ရန်ကိုင် စိတ်ရှုပ်သွားခဲ့သည်။ သို့သော်လည်း မကြာမီ ဘာတွေဖြစ်ပျက်နေသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့သည်။ သက်လတ်ပိုင်းလူကြီး ထွက်သွားပြီး အသက်သုံးရှိုက်စာ အတွင်းမှာပဲ အစိမ်းရင့်ရောင် ဝတ်ရုံကို ဝတ်ထားသည့် လူခြောက်ယောက် ပေါ်လာခဲ့သည်။
ဦးဆောင်လာသည့်လူသည် ရန်ကိုင်နှင့် အသက်တူ လောက်သာ ရှိမည်ထင်ရသော လူငယ်လေးတစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူ့အသက်မှန်ကိုမူ မပြောနိုင်။ ထိုလူငယ်လေးသည် အမူအရာမှာ ရေခဲတုံးနှယ် အေးစက်နေပြီး သူ၏ သူတော်စင်ဘုရင် တတိယအဆင့် အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်ထားခဲ့သည်။ သူ့နောက်မှ လိုက်လာသော အမျိုးသမီး၊ အမျိုးသား အားလုံးသည် သူတော်စင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။
ထိုလူငယ်လေးကို မြင်လိုက်သည်နှင့် တစ်ဖက်လူကို ရင်းနှီးနေသလို ရန်ကိုင် ခံစားမိလိုက်သည်။ ထိုလူအား တစ်နေရာရာတွင် မြင်ဖူးနေသည့်ပုံပင်။
သူ့စိတ်ထဲ ထိုလူငယ်လေး မည်သူပါလိမ့်ဟူ၍ စဉ်းစားနေစဉ်မှာပဲ ထိုလူငယ်လေးက အထက်စီးဖြင့် မေးလာခဲ့သည် “ဟိုလူ ဘယ်ထွက်သွားလဲ ငါ့ကိုပြောစမ်း”
ရန်ကိုင် မျက်နှာ အေးစက်သွားခဲ့သည်။ အစောပိုင်းက သက်လတ်ပိုင်းလူကြီးအပေါ် ရန်ကိုင် အတော်လေး အမြင်ကြည်သည်ဟု ပြော၍ရသည်။ ယခု လူငယ်လေး၏ မေးခွန်းမေးပုံသည် မျက်ခွက်ထရိုက်ချင်စရာ မေးပုံမျိုးပင်။ ပုံမှန်အားဖြင့် သူစိမ်းတစ်ယောက်မှ ထိုကဲ့သို့ မယဉ်မကျေး မေးလာလျှင် ရန်ကိုင် ပြန်ဖြေနေမည်မဟုတ်။ ယခုလည်း ပြန်ဖြေမည်မဟုတ်ချေ။
“စီနီယာအစ်ကိုမန်၊ ဒီလမ်း” အဖွဲ့ထဲတွင် ရှိနေသော အမျိုးသမီး တစ်ယောက် တစ်ဖက်ဆီ ရုတ်တရက် ညွှန်ပြလိုက်သည်။ ထိုဘက်သည် သက်လတ်ပိုင်းလူကြီး ထွက်ပြေးသွားသည့်ဘက် ဖြစ်ပေသည်။ ထိုကဲ့သို့ ပြောနိုင်ခြင်းမှာ သက်လတ်ပိုင်းလူကြီး ထွက်သွားသည့် လမ်းတစ်လျှောက်၌ သွေးစက်များ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်သည်။
“ဟွန့်” စီနီယာအစ်ကိုမန်ဟုခေါ်သော လူငယ်လေးက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး အားလုံးကို ဦးဆောင်၍ သက်လတ်ပိုင်းလူကြီး ထွက်ပြေးသွားသည့် အရပ်ဆီ ထွက်သွားလေသည်။ သို့ မထွက်သွားခင် ရန်ကိုင်ဆီ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပစ်လွှတ်သွားခဲ့သည်။
ရန်ကိုင် ဒေါသထွက်သွားခဲ့သည်။ ချက်ချင်းပဲ သူ့လက်ကို မြှောက်၍ မဟာကောင်းကင်ဒိုင်းတစ်ခုကို ဖန်တီး၍ သူ့ရှေ့တွင် ပိတ်ကာထားလိုက်သည်။
သို့သော်လည်း ရန်ကိုင် ဖန်တီးလိုက်သော မဟာ ကောင်းကင်ဒိုင်းသည် ရွှေရောင်အလင်းတန်းကို အပြည့်အဝ တားဆီးနိုင်ခဲ့ခြင်း မရှိဘဲ အက်ကွဲသွားကာ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့သည်။
ရန်ကိုင် အတော့်ကိုမှ ထိတ်လန့်သွားခဲ့သည်။ သို့သော် သူအသိပြန်ဝင်လာသည့် အချိန်တွင် တစ်ဖက်အဖွဲ့သားများ မရှိတော့ချေပြီ။ စီနီယာအစ်ကိုမန် ဆိုသော လူသည်လည်း ရန်ကိုင်အား တစ်ကွက်တည်းဖြင့် မသတ်နိုင်ခဲ့သည့်အပေါ် အတော်လေး အံ့ဩနေခဲ့သည်။ ရန်ကိုင် မျက်နှာကို သေချာ မှတ်မိနေအောင်လားမသိ ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် အသေအချာ စိုက်ကြည့်သွားခဲ့သည်။
လက်ရှိတွင် သက်လတ်ပိုင်းလူကြီးကို ဖမ်းမိရေးသည် အဓိက ဖြစ်နေသည့်အတွက် ရန်ကိုင်အား သတ်ရန်အတွက် အချိန်ဖြုန်းမနေတော့ချေ။
တစ်ခဏအတွင်းမှာပဲ သူတို့ခြောက်ယောက်အဖွဲ့သည် သက်လတ်ပိုင်းလူကြီး ထွက်ပြေးသွားသည့် အရပ်ဆီသို့ ဝေးကွာပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင်သည် ရပ်နေမြဲရပ်နေလျက် ထိုလူငယ်လေး ဘယ်သူလဲ ဆိုသည်ကို ပြန်စဉ်းစားနေခဲ့သည်။ ထိုလူငယ်ကို သူသိသည်မှာ သေချာပေသည်။ မဟုတ်လျှင် မြင်မြင်ချင်း ထိုမျှရင်းနှီးနေသည်ဟု ခံစားရလိမ့်မည် ဟုတ်ချေ။ ခဏလောက် စဉ်းစားပြီး နောက်ဆုံးတွင် မှတ်မိသွား၏။ မှတ်မိလိုက်သည်နျင့် မျက်ခုံးပင့်လိုက်ပြီး ထိုအဖွဲ့နောက် ချက်ချင်း ပြေးလိုက်လေသည်။
ထိုလူငယ်လေး၏ အပြုအမူဖြစ်စေ၊ သက်လတ်ပိုင်း လူကြီးနှင့် သူ့ကြားမှ သိပ်မရင်းနှီးသေသော ဆက်ဆံရေးအရ ဖြစ်စေ၊ ရန်ကိုင်သည် ဤကိစ္စကို ယခုအတိုင်း လွှတ်ထားပေးလိုက်ရန် မစဉ်းစားထားချေ။
သက်လတ်ပိုင်းလူကြီးသည် တကယ်ကို ဖြောင့်မတ်သော လူတစ်ယောက်ဖြစ်သည်။ ပထမအကြိမ်၌ ရန်ကိုင်အား မီးတောက်သလင်းကျောက်ကို အခြားသူများနှင့် ယှဉ်လုရန်မှာ အန္တရာယ်များကြောင်း သတိပေးခဲ့သည်။ ယခုအကြိမ်တွင်လည်း ရန်ကိုင်အား မြန်မြန် ထွက်ပြေးရန် ပြောခဲ့သည်။
သူ့အပေါ် ကောင်းပေးခဲ့သဖြင့် ရန်ကိုင်လည်း ပြန်ကောင်းပေးပေမည်။ ထို့အပြင် လူငယ်လေး၏ အပြုအမူနှင့် ပက်သက်၍လည်း ရန်ကိုင် အတော့်ကို မကျေမနပ် ဖြစ်နေမိသည်။
ပြေးလိုက်ပြီး ခဏအတွင်းမှာပဲ ထိုခြောက်ယောက် အဖွဲ့ကို ရန်ကိုင် လိုက်မှီသွားခဲ့သည်။
သက်လတ်ပိုင်းလူကြီးသည် မီးကုန်စာရေခမ်းလုနီးပါး ဖြစ်နေသည့်အတွက် ဝေးဝေးမပြေးနိုင်တော့လေရာ လူငယ်လေးတို့ ခြောက်ယောက်အဖွဲ့၏ ဖမ်းမိသွားခြင်း ခံခဲ့ရလေသည်။ လက်ရှိတွင် စီနီယာအစ်ကိုမန်တို့ အဖွဲ့သည် သက်လတ်ပိုင်းလူကြီးကို ဝိုင်း၍ တိုက်ခိုက်နေကြသည်။ သက်လတ်ပိုင်းလူကြီး၏ ကျင့်ကြံခြင်းမှာ သိပ်မမြင့်သော်ငြား သူဝတ်ဆင်ထားသည့် အကာအကွယ် မှော်ရတနာမှာ အတောလေးကို ကောင်းမွန်သည့် အတွက်ကြောင့် သွေးကွင်းသေကွက် ဒဏ်ရာများကို ရှောင်ရှားနိုင်နေခဲ့လေသည်။
ကံမကောင်းစွာဖြင့် မှော်ရတနာမှာ မကြာခင်တွင် အကန့်အသတ်ကို ရောက်ရှိတော့ပေမည်။ ၎င်း၏ အရောင်မှာ အတော့်ကိုမှ မှိန်နေလေပြီ။
စီနီယာအစ်ကိုမန် ဆိုသောလူသည် တိုက်ပွဲတွင် ကိုယ်တိုင် ဝင်ပါခြင်းမရှိဘဲ လက်နှစ်ဖက်ပိုက်၍သာ လှောင်ပြောင်လိုရိပ် အပြည့်ဖြင့် ရပ်ကြည့်နေခဲ့သည်။
သူကိုယ်တိုင် မလှုပ်ရှားခဲ့သည်မှာ ကံကောင်းသွား၏။ မဟုတ်လျှင် ယခုနေလောက်ဆို သက်လတ်ပိုင်းလူကြီး အသက်ရှိတော့လိမ့်မည် မဟုတ်ချေ။
“မန်ဟုန်လျန်၊ မင်းအသေဆိုးနဲ့ သေရလိမ့်မယ်” သက်လတ်ပိုင်းလူကြီးက သွေးအန်ရင်း ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။ ထိုသို့ ပြောလိုက်စဉ်မှာပဲ အစောပိုင်းက သူသွားသည့်ဘက်ကို ညွှန်ပြလိုက်သော အမျိုးသမီး၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရလေသည်။
သူ့စကားကြောင့် မန်ဟုန်လျန်၏ မျက်နှာ အေးစက်သွားခဲ့ပြီး ချက်ချင်း အမိန့်ပေးလိုက်လေသည် “ချက်ချင်း မသတ်နဲ့ဦး။ သူ့တစ်ကိုယ်လုး ကျိုးကြေ သွားအောင်သာ အရင်လုပ်လိုက်။ ငါတို့ အင်ပါယာမြို့တော် ဂိုဏ်းကို လာရန်စရင် ဘာဖြစ်သွားမလဲ သိသွားစေရမယ်”
“ဟုတ်ကဲ့” သက်လတ်ပိုင်းလူကြီးကို ဝိုင်းထားသော အင်ပါယာမြို့တော်ဂိုဏ်းသားများလည်း သူတို့၏ တိုက်ခိုက်မှုများကို လျော့ပေါ့လိုက်ကြလေသည်။ သက်လတ်ပိုင်းလူကြီးအား ချောင်ပိတ်နေသည့် ကြွက်တစ်ကောင်ကို ကစားသလိုသာ ကစားနေကြ၏။ သူတို့၏ တိုက်ခိုက်မှုများသည် သက်လတ်ပိုင်းလူကြီးကို မြန်မြန်သေအောင်မဟုတ်ဘဲ ပို၍ နာကျင်အောင်သာ ရည်ရွယ်ထားသည်။
“မန်ဟုတ်လျန်၊ မီးတောက်သလင်းကျောက် အဆီအနှစ်ကို ငါမင်းဆီ ပေးပြီးသွားပြီလေ။ အဲ့ဒါကို ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။ မင်းလိုချင်တာကို ပေးပြီးသွားတာကို ဘာလို့ ငါနဲ့ငါ့ဂျူနီယာညီလေးကို သတ်ရတာလဲ” သက်လတ်ပိုင်းလူကြီးက ထိုလူများ၏ တိုက်ခိုက်မှုကို အတတ်နိုင်ဆုံး ရှောင်တိမ်းရင်း အော်ဟစ်၍ မေးလိုက်သည်။ သို့သော်လည်း သူမည်သို့ပင် ရှောင်တိမ်းနေစေကာမူ သူ့ကိုယ်ထက်ရှိ ဒဏ်ရာ အရေအတွက်သည် တဖြည်းဖြည်း တိုးလာနေခဲ့သည်။ သူ့မျက်နှာသည်လည်း သွေးဆုံးရှုံးမှု များလွန်းသဖြင့် ဖြူလျော်သည်ထက် ဖြူလျော်နေခဲ့လေသည်။
“ဟန့်” မန်ဟုန်လျန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “မီးတောက်သလင်းကျောက် အဆီအနှစ်ကို ပိုင်ဆိုင်ရအောင် မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ။ ဘာလို့ မင်းကို သတ်ရတာလဲဆိုတော့ ဒီလို ရတနာအကြောင်းကို သိတဲ့လူနည်းလေး ပိုကောင်းလေး မို့လို့လဲ။ အပြစ်တင်ချင်ရင် မီးတောက်သလင်းကျောက် အဆီအနှစ်ကို သွားတူးမိတဲ့ မင်းတို့ရဲ့ ကံကိုသာ အပြစ် တင်လိုက်ပေတော့။ ဟားဟား၊ အခုတော့ မီးတောက် သလင်းကျောက် အဆီအနှစ်က ငါ့အပိုင်ဖြစ်သွားပြီ။ စိတ်မပူနဲ့။ မင်းဂျူနီယာညီလေးနဲ့ တွေ့ရအောင် ငါမင်းကို တမလွန်ဆီ ကျိန်းသေ ပို့ပေးမှာ။ အဲ့လိုဆို မင်းဂျူနီယာ ညီလေးလည်း သူတစ်ယောက်တည်း အထီး မကျန်ရတော့ဘူးပေါ့၊ ဟုတ်တယ်မလား”
“ငါသေသွားလို့ သရဲဖြစ်ရင်တောင် မင်းကို အလွတ် မပေးဘူးကွ” သက်လတ်ပိုင်းလူကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့ကိုယ်ပေါ်ရှိ မှော်ရတနာလည်း နောက်ဆုံး၌ ထိုလူများ၏ ပူပေါင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ရလေပြီ။
“သူ့ကို သတ်လိုက်တော့။ အချိန်ဆွဲနေရင် တော်ကြာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်” မန်ဟုန်လျန်က သက်လတ်ပိုင်းလူကြီးအား ဆော့ကစားလိုစိတ် မရှိတောသဖြင့် ချက်ချင်း သတ်ပစ်ရန် အမိန့်ပေးလိုက်လေသည်။
သက်လတ်ပိုင်းလူကြီးအား ဝိုင်းတိုက်နေကြသော အင်ပါယာမြို့တော်ဂိုဏ်းမှ တပည့်များ၏ တိုက်ခိုက်မှုများမှာ ပို၍ ကြမ်းတမ်းလာခဲ့လေသည်။
သက်လတ်ပိုင်းလူကြီးသည် သူမလွတ်နိုင်တော့မှန်း သိသည့်အတွက်ကြောင့် အကျိုးမဲ့ ခုခံမှုမျိုး ဆက်လက်၍ လုပ်မနေတော့ချေ။ သို့သော် မသေချင် မန်ဟုန်လျန်ကို သွေးရောင်ရဲနေသည့် မျက်ဝန်းအစုံဖြင့် သေသေချာချာ စိုက်ကြည့်သွားခဲ့သည်။
သက်လတ်ပိုင်းလူကြီး သေခါနီးဆဲဆဲမှာပဲ ပိန်းပိန်းပိတ် မည်းနက်သော မီးတောက်များဖြင့် ဖွဲ့စည်းထားသည့် ဒိုင်းများစွာ သူ့ပတ်ပတ်လည် ထွက်ပေါ်လာပြီး တိုက်ခိုက်မှု အားလုံးကို တားဆီးသွားခဲ့သည်။
ထိုအခြင်းအရာကို မြင်လိုက်သော် အင်ပါယာမြို့တော် ဂိုဏ်းမှ တပည့်တစ်ယောက် ထိုမီးတောက်ဒိုင်းကို သူ့လက်ဖြင့် ရိုက်ချလိုက်လေသည်။ တိုက်ခိုက်မှုကြောင့် ဒိုင်းသည် ဘာမှဖြစ်မသွားခဲ့သော်ငြား ဒိုင်းကို တိုက်ခိုက်ခဲ့သော အင်ပါယာမြို့တော်ဂိုဏ်းမှ တပည့်မှာမူ စူးစူးဝါးဝါး အော်ဟစ်ရင်း သူ့လက်ကို အလျင်စလို ပြန်ယုတ်လိုက်ရလေသည်။
လူအုပ်ကြီးသည် ကြောက်လန့်မှုအပြည့်ဖြင့် ထိုမြင်ကွင်းကို စူးစိုက်ကြည့်နေခဲ့သည်။
အနက်ရောင်မီးတောက်များသည် ထိုလူ၏ လက်မှ တစ်ဆင့် သူ့ခန္ဓာကိုယ်တစ်လျှောက် အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ မီးတောက်ဖြတ်သွားသည့် နေရာတိုင်း ပြာဖြစ်သွားခဲ့ရလေသည်။
“စီနီယာအစ်ကိုမန်၊ ကျုပ်ကိုကယ်ပါဦး” မီးတောက်ကို ခုခံနိုင်မည် မဟုတ်မှဣ်း သိလိုက်သည်နှင့် ထိုကျင့်ကြံသူက မန်ဟုန်လျန်ဆီ လှမ်းအကူအညီ တောင်းလိုက်လေသည်။
သို့သော်လည်း မန်ဟုန်လျန်သည် ထိုကျင့်ကြံသူကို ဘာကြောင့် သူ့နား ကပ်ခံရမည်နည်း။ ထိုအနက်ရောင် မီးတောက်များသည် အရမ်းကိုမှ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
သူ့ဂျူနီယာညီလေး သူ့ဆီ ပြေးလာနေသည်ကို မြင်သော် မန်ဟုန်လျန်၏ အမူအရာ အေးစက်သွားပြီး ရက်စက်သည့် အရိပ်အယောင်တို့ သူ့မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့သည်။ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက် သူ့ဆီ ပြေးလာနေသော ဂျူနီယာ ညီလေးဆီ ရွှေရောင်အလင်းတန်းတစ်စင်း ပစ်လွှတ် လိုက်လေသည်။
ထိုကျင့်ကြံသူလည်း ရွှေရောင်အလင်းတန်းဖြင့် ထိုးစိုက်ခြင်း ခံလိုက်ရပြီး တစ်ခါတည်း မြေကြီးပေါ်သို့ လဲကျသွားခဲ့ရလေသည်။ သေသွားသည့်တိုင် သူ့မျက်နှာထက် အံ့ဩနေသည့် အမူအရာ မပျောက်သေး။ သူ့စီနီယာအစ်ကိုသည် သူ့အား ပြန်သတ်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။
မျက်တောင်တစ်ခတ်အတွင်း ထိုလူ၏ ခန္ဓာကိုယ်ကို အနက်ရောင်မီးတောက်များက ဝါးမြိုသွားခဲ့သည်။
ကျန်ရှိနေသည့်လူအားလုံး ထိတ်လန့်နေလေပြီ။ နတ်ဆိုးမီးတောက်များ၏ ကြောက်မက်ဖွယ်ရာ အဖျက် စွမ်းအားကြောင့်တစ်ကြောင်း၊ ဂိုဏ်းသားအချင်းချင်းကိုပင် ပြန်သတ်ရက်သော သူတို့ စီနီယာအစ်ကို၏ သွေးအေး ရက်စက်မှုကို မြင်လိုက်ရသည်က တစ်ကြောင်းတို့ကြောင့် ဖြစ်သည်။ ထိုအခိုက်အတန့်တွင် အကုန်လုံးသည် သူတို့၏ စီနီယာအစ်ကိုမန်ကို ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်များဖြင့် မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။