အခန်း (၁၁၉၆-၁၂၀၀)
Vol. 48 Ch. 1196-1200
အပိုင်း(၁၁၉၆)
အထွဋ်အထိပ်သိုင်းဧကရာဇ်
ထိုလူ၏ ပူညံပူညံလုပ်နေမှုကို နားမခံနိုင်တော့သည့်အဆုံး အဖွဲ့ထဲတွင် ရှိနေသည့် အသက်အကြီးဆုံး ထင်ရသော်လူက နှစ်သိမ့်ပေးရတော့လေသည် “မေ့ထားလိုက်တော့။ သူ့နောက်ကွယ်က အင်အားစုက အရမ်းကောင်းနောတာဟာကြီးကို၊ ငါတို့ တိမ်တိုက်စမ်းရေ တောင်ကြား သွားရန်စလို့ရတဲ့ အင်အားစုမျိုးမှမဟုတ်တာ။ ဒါလောကကြီးပဲ။ ကောင်းကင်တိုက်ပွဲအစည်းအရုံက အမြဲဒီလိုပဲ ဆိုတာကို မင်းလည်း သိတာပဲ။ အဲ့ဒါကို ဘာလို့ အထွန့်တက်နေရသေးတာလဲ”
“ကျုပ်သည်းမခံနိုင်လွန်းလို့” ထိုလူက ယခုထိ သူ့ရင်ထဲရှိ ဒေါသကို မဖြေဖျောက်နိုင်သေး “ကောင်းကင်တိုက်ပွဲအစည်းအရုံး ဖြစ်တော့ကော ဘာဖြစ်လဲ၊ ဘယ်သူက ဂရုစိုက်နေမှာ မို့လို့လဲ။ သူ့ကို အဟုတ်ကြီး ထင်နေသေးတယ်။ ကောင်းကင်တိုက်ပွဲအစည်းအရုံကြောင့်သာ မဟုတ်ရင် အဲ့ချူချန်ဖုန်းဆိုတဲ့ကောင် ဘာမှဟုတ်တာ မဟုတ်ဘူး။ တကယ်တမ်းသာ ယှဉ်တိုက်မယ်ဆိုရင် စီနီယာအစ်ကိုနှစ်ယောက်ကိုတောင် သူနိုင်မှာမဟုတ်ဘူး။ ကောင်းကင်တိုက်ပွဲအစည်းအရုံးက မို့လို့သာ သူဘယ်လောက်တော်ကြောင်း ချီးကျူးနေကြတာ”
လူကြီး အမူအရာပျက်သွားပြီး ချက်ချင်းပဲ ပြန်ပြောလိုက်လေသည် “မင်းအဲ့လို စကားကို လျှာအရိုးမရှိတိုင်း လျှောက်ပြောလို့မရဘူးကွ။ ချူချန်ဖုန်းက မောက်မာတယ်ဆိုပေမယ့် သူ့ခွန်အားကို သွားမေးခွန်းထုတ်နေစရာမလိုဘူး။ မဟုတ်ရင် ကောင်းကင်တိုက်ပွဲအစည်းအရုံး သူ့နောက်ကွယ်မှာ ရှိနေရင်တောင် သူအဲ့လောက် နာမည်ကျော်နေမှာ မဟုတ်ဘူး။ မိုးကြိုးမုန်တိုင်းဂိုဏ်းက ဖန်ထျန်းဇုံကို မင်းသိတယ်မလား။ သူနဲ့ ချူချန်ဖုန်းတို့ တိုက်တာ ဆယ်ကြိမ်မကတော့ဘူး။ ဒါပေမယ့် ဆယ်ကြိမ်စလုံး သရေချည်းပဲ။ မင်းစီနီယာအစ်ကိုနဲ့ ငါတို့ နှစ်ယောက်စလုံး သူ့ပြိုင်ဘက်မဟုတ်ဘူး။ သူတို့ နာမည်ကျော်နေတာ အလကား ကျော်နေတာမဟုတ်ဘူး”
“ဖန်ထျန်းဇုံတော်င သူ့ကို အနိုင်မယူနိုင်ဘူးလား” ဂျူနီယာညီလေးဆိုသူ ကြောင်သွားခဲ့သည်။
“ဟုတ်တယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်တွေ့တိုင်း တစ်ယောက်ကိုတစ်ယောက် မျက်စိစပါးမွှေးဆူးနေကြတာ။ မင်းစီနီယာအစ်ကိုလူရီလည်း ဒီအကြောင်း ကောင်းကောင်း သိတယ်” အကြီးအကဲလူကြီးက ပြောပြီးသည့်နောက် တတိယလူဆီ လှမ်းကြည့်လိုက်သည်။
“စီနီယာအစ်ကိုလူရီလည်း အဲ့အကြောင်း ဘယ်လိုလုပ်ပြီး သိတာလဲ”
လူကြီးက ပြန်ရှင်းပြလိုက်လေသည် “ဘာလို့လဲဆိုတော့ အရင်တစ်ခါ သူလျှောက်သွားနေတုန်း ချူချန်ဖုန်းနဲ့ ဖန်ထျန်းဇုံ တိုက်ခိုက်နေတာကို သူသွားတွေ့တယ်လေ။ ဂျူနီယာညီလေး လူရဲ့၊ အဲ့နေ့တုန်းက မင်းမြင်ခဲ့တာကို ကိုယ်တိုင် ရှင်းပြလိုက်စမ်းကွာ။ အဲ့ဒါမှ နောက်ပိုင်း အဲ့လိုလူတွေကို သွားရန်မစသင့်မှန်း သူသိသွားမှာ”
ပြောပြီးသည့်နောက် သူတော်စင်ဒုတိယအဆင့် ကျင့်ကြံသူသည် စီနီယာအစ်ကို လူရီ ဆိုသူဘက်ဆီ လှည့်ကြည့်လိုက်လေသည်။
သို့သော်လည်း လူရီသည် တစ်ခုခုကို စဉ်းစားနေရင်း အတွေးနက်နေခဲ့သည်။ သူ့စိတ်အခြေအနေ မကောင်းမှန်း သုန်မှုန်နေသော သူ့မျက်နှာထားအရ သိနိုင်သည်။
“ဂျူနီယာညီလေးလူ။ ဘာဖြစ်လို့လဲ” လူကြီးက မယုံသင်္ကာဖြင့် မေးလိုက်သည်။ ကျောက်တုံးလိုဏ်ဂူထဲမှ ထွက်လသည့်အချိန်မှစ၍ လူရီသည် အပြင်လောကကြီးကို သတိမထားမိတော့သည့်အလား တစ်ချိန်လုံး အတွေးနက်နေခဲ့သည်။ ယခုအချိန်ထိတိုင် သူ့ဘာသာ အတွေးရေယာဉ်ကြောထဲ နစ်မြောနေခဲ့သည်။
“ဟဲဟဲ….” လူရီက ရုတ်တရက် တိုးတိုးလေး ထရယ်လိုက်သည်။ ဘာကြောင့်မှန်း မသိသော်လည်း လူရီ၏ ရယ်သံကို ကြားလိုက်ရချိန် နှစ်ယောက်စလုံး ကြက်သီးမွှေးညင်း ထသွားခဲ့ကြသည်။
လူကြီး အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး လူရီ ဝိဥာဉ်သန့်နတ်ရေစင်ကန်ထဲ၌ တစ်ခုခုဖြစ်သွားသည်ဟု ထင်ကာ အလျင်စလို မေးလိုက်လေသည် “ဂျူနီယာညီလေးလူ၊ မင်းအဆင်ပြေရဲ့လား”
“ငါလား၊ ပြေတာပေါ့၊ မပြေဘဲနေမလား။ အရမ်းကြီးကို အဆင်ပြေနေတာ၊ ဟားဟားဟား။ အရင်ကထက်တောင် ပိုပြီး အဆင်ပြေနေသေးတယ်” ပြောနေရင်း လူရီ၏ မျက်လုံးများ ရုတ်တရက် အစိမ်းရောင်လက်သွားခဲ့သည်။ ယခင်က သိမ်မွေ့သော လူရီ၏ မျက်နှာသည် ရုတ်တရက် ကြမ်းကြုတ်ခက်ထန်သွားခဲ့သည်။ တစ်ချိန်တည်းတွင် သူ့လက်တွင် သူတော်စင်ချီကို စုစည်းလျက် သူတော်စင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူ၏ ရင်ဘတ်တည့်တည့်ကို ထိုးစိုက်လိုက်သည်။
အမြဲတမ်း ကြင်နာသိမ်မွေ့သော စီနီယာအစ်ကိုလူရီသည် ရုတ်တရက် သူ့အား ထသတ်လိမ့်မည်ဟု သူတော်စင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူ မည်ကဲ့သို့ ထင်မည်နည်း။ ရင်ဘတ်နေရာမှ နာကျင်မှုကို ခံစားလိုက်သည့်အခါမှသာ လူရီ၏လက် သူ့ရင်ဘတ်ထဲ ရောက်နေမှန်း သတိပြုမိလိုက်သည်။
နည်းနည်း မွှေးနှောက်လိုက်ပြီးနောက် လူရီ သူ့လက်ကို ပြန်ဆွဲထုတ်လိုက်သည်။ သူ့လက်ထဲတွင် သွေးတတောက်တောက် စီးကျနေသော နှလုံးတစ်ခု ပါလာခဲ့လေသည်။
ငါ့နှလုံးလား ထိုအတွေးတစ်ချက် သူ့စိတ်ထဲ ဖြတ်ပြေးသွားခဲ့ပြီး မြေကြီးပေါ်သို့ နောက်ပြန်လဲကျသွားခဲ့လေသည်။ သေသွားသည့်အချိန်တွင် သူ့ရင်ဘတ်တည့်တည့်၌ အပေါက်ကြီးတစ်ပေါက် ရှိနေခဲ့သည်။
“လူရီ မင်းဘာတွေလုပ်တေနာလဲ” လူကြီး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ သူ့ဂိုဏ်းတူညီလေးသည် အခြားဂိုဏ်းတူညီလေးတစ်ယောက်ကို သူ့မျက်လုံးရှေ့တည့်တည့်၌ပင် သတ်ပစ်ခဲ့သည်။ လူကြီးလည်း ဒေါသထွက်သွားခဲ့ပြီး သူတော်စင်ချီကို စုစည်း၍ လူရီကို တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော်လည်း သူတိုက်ခိုက်တော့မည်အပြု စိတ်စွမ်းအင်စူးချွန်တစ်ချောင်းသည် သူ့စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာပြီး အသိစိတ်ပင်လယ်ကို ထိုးဖောက်လာသဖြင့် သူ့ခေါင်းတစ်ခုလုံး နာကျင်ကိုက်ခဲ၊ မူးနောက်သွားခဲ့ရသည်။
အသိစိတ်ပင်လယ် ဆိုးဆိုးရွားရွား ထိခိုက်သွားသဖြင့် လူကြီး နာနာကျင်ကျင် အော်ညည်းမိလိုက်ပြီး တစ်ချိန်တည်းတွင် သူ့လက်ထ၌ စုစည်းထားသည့် သူတော်စင်ချီ တို့သည်လည်း ပြယ်လွင့်ပျောက်ကွယ်သွားခဲ့ရလေသည်။
ထိုစဉ် လူရီ၏ မျက်လုံးအရောင်သည် အစိမ်းရောင်တလက်လက် ထလာသည်ကို လူကြီး ရုတ်တရက် မြင်လိုက်ရသည်။
“မင်းမဟုတ်…” “လူကြီးက တစ်ခုခု ပြောရန် လုပ်လိုက်သော်လည်း ပြောလို့ပင် မပြီးသေးခင်မှာပဲ လူရီသည် သူ့လက်ကိုသုံး၍ အကြီးအကဲခေါင်းကို ဖြတ်ချလိုက်သည်။ သွေးစိမ်းရှင်ရှင် ပန်းထွက်လာခဲ့ပြီး လူကြီး၏ခေါင်း မြေခသွားခဲ့ရလေသည်။
လူရီသည် လဲကျသွားသည့် ခေါင်းပြတ်လူကြီးကို စိုက်ကြည့်နေခဲ့သည်။ သွေးများသည်လည်း သူ့လက်မှ မြေပြင်ပေါ်သို့ တတောက်တောက် စီးကျနေသည်။ ခဏအကြာ၌ အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ ပြောလိုက်သည် “ဟုတ်တာပေါ့၊ ငါဘယ်ဟုတ်ပါ့မလဲ”
သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ယောက်ကို အလွယ်တကူ သတ်နိုင်ခဲ့သည့်တိုင် လူရီ သိပ်ကျေနပ်သေးဟန်မရ။ သူ့အတွက်မူ ဤခန္ဓာကိုယ်၏ အရည်အသွေးသည် အတော့်ကို ကောင်းလှသလို သူ့ကျင့်စဉ်ကို လေ့ကျင့်ရန်အတွက် သင့်တော်သည့် ခန္ဓာကိုယ်တစ်ခုလည်း လလလလလလလဖြစ်သည်။ သို့သော် ကျင့်ကြံခြင်းမှာမူ သူယခင်ရောက်ခဲ့သည့် အဆင့်နှင့် ယှဉ်လျှင် အလွန်ကိုမှ နိမ့်ကျလွန်းနေခဲ့သည်။ ယခင်သူနှင့် ယှဉ်လိုက်လျှင် လက်ရှိသူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးနုပ်လွန်းလှသည်။
သို့သော် ထိုနေရာစုတ် နေရာပျက်မှ လွတ်မြောက်လာနိုင်သည်နှင့်ပင် အတော်လေး ကျေနပ်ဖွယ်ကောင်းနေပေပြီ။ နှစ်ပေါင်းမည်မျှပင် ရှိသွားခဲ့လေပြီနည်း။ နှစ်ငါးထောင်လော၊ နှစ်တစ်သောင်းလော၊ နှစ်နှစ်သောင်းလော…။
အလွန်ကို ကြာနေပြီဖြစ်သဖြင့် သူမမှတ်မိတော့ချေ။ အကယ်၍ တစ်ယောက်ယောက်သာ ဤကျောက်တုံးလိုဏ်ဂူကို နောက်နှစ်တစ်ထောင်အတွင်း မရှာတွေ့ခဲ့လျှင် သူ့ဝိဥာဉ် ဤလောကကြီးမှ အပြီးတိုင်ပျောက်ကွယ်သွားဖွယ် ရှိနေသည်။
ထိုနေရာမှ အရံအတားများကို ဖျက်စီးပစ်နိုင်ရန်အလို့ငှာ အခြားသူများကို မျှားခေါ်ရန်အတွက် သူ့ဝိဥာည်အဆီအနှစ် တစ်စိတ်တစ်ပိုင်းကို စတေးပစ်ခဲ့ရသည်။ ထိုသို့သာ မလုပ်ခဲ့လျှင် ကျောက်တုံးလိုဏ်ဂူကို မည်သူမှ ရှာတွေ့ဦးလိမ့်မည် မဟုတ်ချေ။ ကံကောင်းစွာဖြင့် သူ့အားထုတ်မှု အချည်းနှီး ဖြစ်မသွားခဲ့ချေ။ တစ်ယောက်ယောက် ထိုကျောက်တုံးလိုဏ်ဂူကို ရှာတွေ့သွားခဲ့ပြီး သူအနှစ်အနှစ်အလလ မျှော်လင့်တောင့်တနေခဲ့ရသော ဆန္ဒကို ဖြည့်ဆည်းပေးသွားခဲ့သည်။
လက်ရှိလူရီ၏ မျက်နှာ အတော်လေးကို ဖြူဖတ်ဖြူလျော် ဖြစ်နေခဲ့သည်။ အစောပိုင်းက အသုံးပြုလိုက်သော ဝိဥာဉ်ပညာရပ်သည် ဤခန္ဓာကိုယ်အတွက် အတော့်ကိုမှ ဝန်ပိလှသည်။ ပိုဆိုးသည်ကား သူသည် ဤခန္ဓာကိုယ်နှင့် လုံးလုံးလျားလျား အသားမကျသေးခြင်းပင်။
ကြည့်ရသည်မှာ နောက်ထပ်အားကောင်းသော ပညာရပ်များကို အချိန် အတိုင်းအတာ တစ်ခုအထိ အသုံးမပြုနိုင်တော့မည့်ပုံပင်။
မော့ကြည့်လိုက်ရာ အနီရောင်တောက်ပနေသော မီးတောက်နယ်မြေကို မြင်လိုက်ရသည်။ လူရီက ကောင်းကင်ပေါ်ကို မော့ကြည့်ရင်း လှောင်ပြုံးပြုံးလျက် “နေသုံးစင်းလက်စွပ်လား၊ မင်းဘယ်လောက်ကျယ်လဲ ငါကြည့်ကြည့်စမ်းမယ်”
ဘာမှန်းမသိသော စကားများကို ပြောပြီးနောက် လူကြီးနှင့် သူတော်စင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူနှစ်ယောက်၏ သိုလှောင်လက်စွပ်များကို ရှာဖွေလိုက်သည်။ ထို့နောက် ထိုနှစ်ယောက်၏ အလောင်းကို ပြာချပစ်ကာ ကျောက်တုံးလိုဏ်ဂူဆီ ပြန်သွားလေသည်။
မကြာမီ ကျောက်တုံးလိုဏ်ဂူဆီသို့ သူပြန်ရောက်လာခဲ့သည်။
ယခုဆိုလျှင် ကျောက်တုံးလိုဏ်ဂူတစ်ခုလုံး ဗလာဟင်းလင်း ဖြစ်နေပေပြီ။ ကန်ထဲရှိ ရေများမှာလည်း တစ်စက်ပင်မကျန်အောင် ကုတ်ခြစ်ယူသွားခြင်း ခံခဲ့ရသည်။ အနားတွင် ထိုင်နေသော အရိုးခြောက်ပင်လျှင် တစ်ယောက်ယောက်၏ လက်ကမြင်းခြင်း ခံလိုက်ရပြီး တစ်စစီဖြစ်နေပေပြီ။
ထိုအခြင်းအရာကိုမြင်သော် လူရီမျက်လုံးထဲ ဒေါသရိပ်တို့ ဖြတ်ပြေးသွားသည်။
ချက်ချင်းပဲ ပြန့်ကျဲနေသော အရိုးများဆီ လျှောက်သွားလိုက်ပြီး အရိုး တစ်ချောင်းချင်းစီကို ကောက်ယူလျက် သူ့သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းထားလိုက်သည်။ အရိုးများကို သိမ်းနေစဉ် သူ့မျက်ဝန်းထဲ ဝမ်းနည်းရိပ်၊ လွမ်းဆွတ်ရိပ်တို့ ရှိနေခဲ့သည်။
အရိုးများကို သိမ်းပြီးနောက် ဘာမှမရှိတော့သော ကန်ဆီ လျှောက်သွားလိုက်သည်။ ထိုနေရာသို့ရောက်သော် ခဏရပ်စဉ်းစားနေလိုက်သည်။ ထို့နောက် ကန်ထဲတွင် ပုံမှန် မဟုတ်သည့် လမ်းကြောင်းအတိုင်း ဖြည်းဖြည်းချင်း စလျှောက်တော့သည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့ခြေထောက်မှနေ၍ မြေကြီးထဲသို့ သူတော်စင်ချီများကို ပို့လွှတ်ခဲ့သည်။ လူရီသည် အလွန်ကိုမှ အရေးကြီး တာဝန်တစ်ခုကို လုပ်ဆောင်နေရသည့်အလား အသေအချာ အလေးအနက်ထားလျက် လုပ်နေခဲ့သည်။
လက်ဖက်ရည်ခွက်တစ်ဝက်စာလောက် ကြာအောင် လျှောက်ပြီးသည့်နောက် လူရီ၏ မျက်လုံးထဲ မျှော်လင့်ရိပ်တို့ ထွက်ပေါ်လာခဲ့သည်။ မကြာမီ နောက်ဆုံး ခြေလှမ်းလှမ်း၍ မြေကြီးထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်။
ခရက်…
ကန်အလယ်ဗဟိုနေရာ ရုတ်တရက် အက်ကွဲသွားခဲ့ပြီး အကန့်လေးတစ်ကန့် ပေါ်လာခဲ့သည်။ ထိုအကန့်လေးကို မြင်လိုက်သည်နှင့် လူရီ ပျော်ရွှင်စွာပြုံးလိုက်ပြီး ခပ်မြန်မြန်သွားကာ အကန့်လေးထဲရှိ သိုလှောင်လက်စွပ်ကို ကောက်ယူလိုက်သည်။ သိုလှောင်လက်စွပ်ကို ရပြီးသည့်နောက် သက်ပြင်းအမောကြီးတစ်ချက် ချလိုက်သည်။ ဤသိုလှောင်လက်စွပ်နှင့် ဆိုပါက ယခင်အခြေအနေသို့ ပို၍ လျင်လျင်မြန်မြန် ရောက်ရှိနိုင်ပေလိမ့်မည်။
သူစိတ်ညစ်နေရသည့် တစ်ချက်သည်ကား သူ၏ အဖိုးအတန်ဆုံးသော ရတနာကို သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသော ကျင့်ကြံသူမှ ယူသွားခြင်းပင်။ ထိုကောင်လေး၏ ကိုယ်ထဲတွင် စီးဆင်းနေသော အနက်ရောင်မီးတောက်များသည် အလွန်ကိုမှ ထူးဆန်းလှသည်။ ကောင်လေးကိုယ်ကို အပိုင်စီးရန် ကြိုးစားခဲ့စဉ်က ထိုအနက်ရောင် မီးတောက်များကြောင့် ဘဝပြောင်းခါနီး ဖြစ်သွားခဲ့ရသည်။
ထိုကဲ့သို့ အနက်ရောင်မီးတောက် သူ့တစ်သက် တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ထိုစဉ်က လူရီ အလွန်ကိုမှ တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ နောက်ထပ် အသက်သုံးရှိုက်စာလောက်သာ ရန်ကိုင်ကိုယ်ထဲ ဆက်နေခဲ့လျှင် သူ့ဝိဥာဉ် အမြစ်ဖြတ်လျောင်ကျွမ်းခြင်း ခံလိုက်ရပေလိမ့်မည်။
ထိုခန္ဓာကိုယ်သည်လည်း တကယ့်ကို ခန္ဓာကိုယ်ကောင်းတစ်ခုပင်၊ ထိုခန္ဓာကိုယ်ကို အပိုင်မစီးလိုက်နိုင်သည်မှာ တကယ့်ကို ရင်နာစရာကောင်းလှပေသည်။
“ငါ့ရတနာကိုများ ယူသွားချင်သေးတယ်။ ရမလာကးကွ” လူရီက လှောင်ပြုံးပြုံး၍ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ ရန်ကိုင်သာ ထိုအရာကို ယူသွားပါက သူ့သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းထားလျှင်ပင် သူအလွယ်တကူ အာရုံခံနိုင်ပေသည်။
အကြောင်းမှာ ထိုအရာသည် သူ့ဟာ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
သို့သော်လည်း ခဏအကြာ၌ လူရီ တုန်လှုပ်သွားခဲ့ရသည်။ အကြောင်းမှာ သူမည်မျှပင် အာရုံခံနေပါစေ ထိုအရာကို အာရုံမခံနိုင်တော့သောကြောင့် ဖြစ်သည်။
“မဖြစ်နိုင်ဘူး” လူရီ သွေးရူးသွေးတန်း အော်ဟစ်လိုက်သည်။ သူလုံးဝကို မယုံနိုင်သေးချေ။ ထိုအရာ၏ အရှိန်အဝါ ပျောက်ကွယ်သွားမှဖြင့် ထိုကောင်လေးသည် ထိုအရာကို သန်စင်လိုက်ခြင်း ဖြစ်ရပေမည်။ သို့သော်လည်း ထိုကောင်သည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသည့် ဘာမှမဟုတ်သည့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။ ပါရမီ အလွန်မြင့်သည်ဟု ဆိုလျှင်ပင် ထိုအရာကို သူ့ကျင့်ကြံခြင်းဖြင့် သန့်စင်ဖို့ရာ လုံးဝ မဖြစ်နိုင်ချေ။
ထိုရတနာသည် လူရီအတွက် အဖိုးအတန်ဆုံးဖြစ်သည်။ သူ့တွင် ထိုအရာသာရှိလျှင် ကြယ်စီရင်စုကြီးတစ်ခုလုံးကို နောက်တစ်ဖန် ပြန်လည်လွှမ်းမိုးနိုင်ပေလိမ့်မည်။ သို့သော် ယခု ထိုအရာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေရာ လူရီ ဒေါသမထွက်ဘဲ ဘယ်နေမည်နည်း။ ထိုအရာသာမရှိလျှင် သူ့ဝိဥာဉ်ခွန်အားကို ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိချင်သည် ဆိုပါက အနည်းဆုံး နှစ်နှစ်ထောင်မှ, သုံးထောင်ကြား လိုအပ်ပေလိမ့်မည်။
ထိုစဉ် ရန်ကိုင်သည် ကျောက်တုံးလိုဏ်ဂူမှ မိုင်ငါးဆယ်အကွာတွင် ရှိနေခဲ့သည်။ ချူချန်ဖုန်း သူ့အား သတ်ချင်နေသည်ကို သတိပြုမိလိုက်သည်နှင့် လိုဏ်ဂူထဲမှ ချက်ချင်း ထွက်လာခဲ့သည်။ သွားသည့် သွားမည်စဉ်းစားထားသည့်နေရာ မယ်မယ်ရရ မရှိသေးသဖြင့် ခြေဦးတည့်ရာဆီသို့သာ သွားနေခဲ့လေသည်။
သဲမီးတောက်နယ်မြေထဲ မဝင်စဉ်က သူစဉ်းစားထားသည်ကား ရတနာနယ်မြေသို့ အခြားသူများထက် ရောက်အောင်သွားပြီး အဖိုးတန် ဆေးပင်များကို လက်ဝါးကြီးအုပ် သိမ်းယူမည်ဟုပင်။ သို့သော်လည်း ရောက်လာပြီးနောက် လုံးလုံးကြီးကို စိတ်ပျက်သွားခဲ့ရသည်။
မြစိမ်းရောင်ပိုးသာမြက်ပင် အချို့မှလွဲ၍ အခြားမည်သည့် အဖိုးတန် ဆေးပင်ကိုမှ မရရှိသေးချေ။ သူချန်ထားခဲ့သည့် ဆေးပင်များသည် အပြင်ဘက်တွင် ရရှိနိုင်သည့် ဆေးပင်များ ဖြစ်သည်။ ထိုဆေးပင်များ၏ တန်ဖိုးသည် သိပ်မကျဘူးဟု ဆိုနိုင်သော်လည်း သူ့သည် ငွေရှားနေသူတစ်ယောက်မဟုတ်။ ထို့ကြောင့် ထိုဆေးပင်များကို အချိန်ကုန်ခံ စုဆောင်းနေစရာ မလိုချေ။
သူရရှိခဲ့သည့် အကြီးမားဆုံး အကျိုးအမြတ်ကို ပြပါဆိုလျှင် ကျောက်တုံးလိုဏ်ဂူထဲရှိ အကျိုးအမြတ်များကိုသာ ပြရပေလိမ့်မည်။
သူ့ဝိဥာဉ်သည် အဆင့်တူ ကျင့်ကြံသူများသည် အများကြီး ပိုအားကောင်းပြီးသာ ဖြစ်သဖြင့် ဝိဥာဉ်သန့်နတ်ရေစင်မှ အကျိုးအမြတ် များများစားစား သိပ်မရရှိခဲ့ချေ။ သူ့စိတ်ဝိဥာဉ်သည်လည်း နည်းနည်းပါးပါးလောက်သာ တိုးတက်လာခဲ့သည်။ သို့သော်လည်း ဝိဥာဉ်ကြာပန်းကို အားအင် ဖြည့်တင်းပေးနိုင်လိုက်သည့် ကိစ္စကိုမူ ရန်ကိုင် အတော့်ကိုမှ ကျေနပ်မိသည်။
အပိုင်း(၁၁၉၇)
အထွဋ်အထိပ်သိုင်းဧကရာဇ်
ရွှေရောင်စွမ်းအင်များစွာကို စုပ်ယူပြီးနောက် ဝိဥာဉ်ကြာပန်း၏ ရောင်စဉ် ခြောက်သွယ်သည် တဖျတ်ဖျတ် လင်းလက်နေခဲ့သည်။ နည်းနည်းလောက်သော ထပ်၍ စုပ်ယူနိုင်လျှင် ဆင့်ကဲပြောင်းလဲနိုင်မည့်ပုံပင်။
ထို့ကြောင့် ရန်ကိုင် အတော်လေး စိတ်ဓါတ်ကျမိသွားသည်။ ဝိဥာဉ်ကြာပန်း နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲရန် မည်မျှ ခက်ခဲသလဲ ဆိုသည်ကို သူကောင်းကောင်း သိပေသည်။
ဝိဥာဉ်ကြာပန်းကို စရခဲ့စဉ်က ထိုရတနာသည် ငါးရောင်ခြယ်ဝိဥာဉ်ကြာပန်းသာ ရှိသေးသည်။ ထို့နောက်ပိုင်း စိတ်စွမ်းအင်ကို တိုးတက်စေနိုင်သည့် ဆေးလုံးများကို ရန်ကိုင် သောက်ခဲ့သည်။ သို့သော် အကျိုးမထူးခဲ့။ ဆေးတိုက်တိုက် ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော ဆေးလုံးကို သောက်လိုက်သည့်အခါမှသာ ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် ဝိဥာဉ်ကြာပန်းကို ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်း အဖြစ်သို့ ရောက်အောင် ပြောင်းလဲဖို့ရာ မဖြစ်နိုင်ဟု တွေးခဲ့မိဖူးသည်။ သို့သော်လည်း ထိုမဖြစ်နိုင်ဟန် ထင်ခဲ့ရသော မျှော်လင့်ချက်ကြီးသည် ယနေ့မှစ၍ သူနှင့် လက်တစ်ကမ်းလောက်သာ လိုတော့သည် ဖြစ်လေရာ ရန်ကိုင် မပျော်ဘဲ ဘယ်နေမည်နည်း။
ဝိဥာဉ်ကြာပန်း ဆင့်ကဲပြောင်းလဲစေနိုင်ရန်အတွက် စိတ်စွမ်းအင်ကို တိုးတက်အောင် လုပ်ပေးနိုင်သည့် ဆေးလုံးများကို ဖော်စပ်ရန်ပင် ရန်ကိုင် တွေးထားပြီးသွားလေပြီ။ သဲမီးတောက် နယ်မြေ ပိတ်သွားသည့်အခါမှ ဝိဥာဉ်ကြာပန်းအား ဆင့်ကဲပြောင်းလဲအောင် လုပ်ရပေမည်။
ထိုဆေးလုံးများကို သောက်ချင်တိုင်းသောက်၍ သိပ်ပြီး အကျိုးမရှိလျှင်ပင် ရန်ကိုင် ဂရုမစိုက်။ နည်းနည်းလေး အကျိုးရှိလျှင် လုံလောက်ပေသည်။ သူတော်စင်သလင်းကျောက်များ၊ ဆေးလုးများစွာကို သုံးဖြုန်းပစ်ရလျှင်ကော ဘာအရေးနည်း။ ဝိဥာဉ်ကြာပန်းကိုသာ ဆင့်ကဲပြောင်းလဲအောင် လုပ်နိုင်သရွေ့ အားလုံး တန်ပေသည်။
စိတ်ကူးကဆုန်ပေါက်ရင်း ရန်ကိုင် အတော်လေး ရွှင်မြူးနေခဲ့သည်။
ဝိဥာဉ်ကြာပန်း နောက်ဆုံးအသွင်သို့ ပြောင်းလဲသွားပြီးသည့်နောက် သူ့ဆီသို့ မည်သို့သော အကျိုးအမြတ်များ ဆောင်ကြဉ်းလာမလဲ ဆိုသည်ကို ရန်ကိုင် အတော်လေး သိချင်နေမိသည်။ သူ့ခွန်အား နိမ့်ကျခဲ့စဉ်က ဝိဥာဉ်ကြာပန်း၏ အဖိုးတန်မှုကို သိပ်မသိနားမလည်ခဲ့ချေ။ သို့သော် သူ့ကျင့်ကြံခြင်း အဆင့်မြင့်လာသည်နှင့်အမျှ ဝိဥာဉ်ကြာပန်း မည်မျှ အသုံးဝင်သလဲ ဆိုသည်ကို သိရှိ နားလည်လာခဲ့ရသည်။
သူ့ဝိဥာဉ်ကို သီးသန့်အချိန်ပေးကာ တစ်ကြိမ်တစ်ခါမျှပင် ကျင့်ကြံခဲ့ဖူးခြင်း မရှိသော်လည်း သူ့စိတ်စွမ်းအင်နှင့် ကောင်းကင်စိတ်အာရုံသည် အဆင့်တူ ကျင့်ကြံသူများထက် သိသိသာသာကို ပို၍ အားကောင်းနေခဲ့သည်။ ထိုကဲ့သို့ ဖြစ်နေရခြင်း၏ ရှစ်ဆယ်ရာခိုင်နှုန်းလောက်သည် ဝိဥာဉ်ကြာပန်းကြောင့်ဖြစ်ပြီး ကျန်နှစ်ဆယ်ရာခိုင်နှုန်းမှာ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကြောင့် ဖြစ်သည်။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး မရှိလျှင် သေဆုံးသွားသော အခြားကျင့်ကြံသူများ၏ နာမ်ဝိဥာဉ်များကို သန့်စင်နိုင်မည်ဆ မဟုတ်သလို သူတို့နားလည်ထားသည့် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် နားလည်သဘောပေါက်မှုများကိုလည်း ထိုးထွင်းဆင်ခြင်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုသို့သာမဖြစ်နိုင်ခဲ့လျှင် အဆင့်တက်တိုင်းတက်တိုင်း အဆင့်တစ်ဆို့ အတားအဆီးများကို ကြုံရမည်ဖြစ်ကာ ယခုကဲ့သို့ ချောချောမွေ့မွေ့နှင့် တစ်ဆင့်ပြီးတစ်ဆင့် ချိုးဖျက်နိုင်တော့လိမ့်မည် မဟုတ်ချေ။
လောလောဆယ် ထိုအတွေးများကို ဘေးဖယ်ထားလိုက်ပြီး သိုလှောင်လက်စွပ်ထဲရှိ ကျောက်တုံးတစ်တုံးကို ထုတ်ကြည့်လိုက်သည်။
ထိုအရာသည် ကန်ထဲတွင်ရခဲ့သော ဘာမှန်းမသိရသည့် ကျောက်တုံးတစ်တုံး ဖြစ်သည်။ ရရချင်း မစစ်ဆေးသေးဘဲ သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းထားခဲ့ခြင်းဖြစ်ပြီး ယခုမှသာ ထုတ်စစ်ဆေးကြည့်ခြင်း ဖြစ်သည်။ ယခုကြည့်လိုက်သည့်အခါမှ ထိုအရာသည် ကျောက်တုံး တစ်တုံး မဟုတ်ဘဲ ကြက်ဥတစ်လုံးစာ အရွယ်အစားရှိသော ထွင်းဖောက်မြင်နိုင်သည့် ကုဗတုံးလေး တစ်တုံးဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
သို့သော်လည်း လှရုံမှအပ ထိုအရာနှင့်ပက်သက်၍ ထူးခြားသည့်အရာ ဘာမှမရှိချေ။ ထိုအရာကို စရခဲ့စဉ်က နွေးတေးတေးလေး ဖြစ်သည်။ ထို့နောက် ၎င်းဆီမှ အအေးဓါတ်တို့ ထွက်ပေါ်လာပြီး သူ့ကိုယ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။
ယခုမူ ဘာမှမထူးခြားသည့် သာမန် သလင်းကျောက်တုံးလေးတစ်တုံးလို ပြုမူနေသည်။ ထိုထဲတွင် မည်သည့် စွမ်းအင်ကိုမှ ရန်ကိုင်မခံစားမိ။ မျက်မှောင်ကြုတ်၍ ကုဗတုံးကို စစ်ဆေးကြည့်ရင်း နတ်ဆိုးမီးတောက်ဖြင့် လောင်ကျွမ်းစေကြည့်လိုက်သည်။ သို့သော် သူမည်သို့ပင် ကြိုးစားနေစကာမူ ကုဗတုံးသည် ဘာပြောင်းလဲမှုမှမပြ။
ထို့ကြောင် ရန်ကိုင်လည်း အတော်လေး အံ့အားသင့်မိသွားသည်။ သူ့လက်ရှိ နတ်ဆိုးမီးတောက်သည် သာမန်တန်ခိုးရှင်အဆင့် မှော်ရတနာများကိုပင် အရည်ဖျော်ပစ်နိုင်သည်။ ထိုသာမန် ကျောက်တုံးလေးတစ်တုံးဆိုလျှင် ဆိုဖွယ်ရာမရှိတော့။
ထိုအရာဆီမှ မည်သည့် စွမ်းအင်ကိုမှ မခံစားမိသလို နတ်ဆိုးမီးတောက်ဖြင့်လည်း လောင်ကျွမ်းပစ်၍ မရချေ။ ထို့ကြောင့် ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း ကောင်းကင်စိတ်အာရုံဖြင့် ထိုကုဗတုံးကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် ထိုအရာသည် သူ့လက်ထဲမှ ရုတ်တရက်ကြီး ပျောက်ကွယ်သွားလိမ့်မည်ဟု မည်သူ ထင်မည်နည်း။ တစ်ချိန်တ်းတွင် သူ့ဝိဥာဉ်တစ်ခုလုံး လန်းဆန်းသွားခဲ့သည်။
ရန်ကိုင်အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ အသိစိတ်ပင်လယ်ထဲသို့ သူ့အသိစိတ်ကို ပို့လွှတ်လိုက်သည်။
သူ့အသိစိတ်ပပင်လယ်ထဲတွင် အနီရောင်မီးတောက်မီးလျှံများနှင့် ပင်လယ်ရေများ ယိမ်းထိုးဆူပွက်နေသည်ကို တွေ့လိုက်ရသည်။ ခြောက်ရောင်ခြယ်ကြာပန်း၏ အရောင် ခြောက်ရောင်မှာလည်း ပို၍ အရောင်တောက်နေခဲ့သည်။ ရန်ကိုင် အသိစိတ်ပင်လယ်ထက်ရှိ ကောင်းကင်တွင် အရောင်အဆင်းမဲ့ ကုဗတုံး ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းကြောင့် ရန်ကိုင် မျက်လုံးကျွတ်ထွက်လုမတတ် မျက်လုံးပြူးသွားခဲ့သည်။
သူသိသလောက် အသိစိတ်ပင်လယ်များသည် လက်ဆုပ်လက်ကိုင်ပြ၍ ရသော အရာမျိုး မဟုတ်ချေ။ ထို့ကြောင့် ကျင့်ကြံသူတစ်ယောက်၏ ဦးခေါင်းကို ဖွင့်မည်ဆိုလျှင်ပင် သူတို့၏ အသိစိတ်ပင်လယ်ကို မြင်နိုင်လိမ့်မည် မဟုတ်ချေ။ အချို့သော ဝိဥာဉ်မှော်ရတနာများမှလွဲ၍ မည်သည့်ပြင်ပပစ္စည်းမှ ကျင့်ကြံသူတစ်ယောက်၏ အသိစိတ်ပင်လယ်ထဲသို့ မဝင်နိုင်ချေ။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို ဝိဥာဉ်မှော်ရတနာဟု ပြော၍လည်းရသလို ပြော၍လည်း မရချေ။ ဝိဥာဉ်ကြာပန်းသည် ဝိဥာဉ်အမျိုးအစား ရတနာတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ထိုအရာများသည် သူ့အသိစိတ်ပင်လယ်ထဲတွင် တည်ရှိနေနိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုအရောင်အဆင်းမဲ့ကုဗတုံးသည် ဘာများနည်း။ သူ့ကောင်းကင် စိတ်အာရုံနှင့် ထိလိုက်သည်နှင့် တစ်ပြိုင်နက် ဘာကြောင့် သူ့အသိစိတ်ပင်လယ်ထဲသို့ ရောက်လာရသနည်း။
သို့သော်လည်း ခဏလောက် စောင့်ကြည့်နေလိုက်သည့်တိုင် ကုဗတုံးသည် ဘာအန္တရာယ်မှ မရှိသည်ကို တွေ့လိုက်ရသည်။ သူ့ဝိဥာဉ်ကိုပင် ပို၍ လန်းဆန်းသွားစေသေးသည်။
ရန်ကိုင်သည် ထိုကုဗတုံးကို သေသေချာချာ စစ်ဆေးနေခဲ့သည်။ မိမိ၏ အသိစိတ်ပင်လယ်ထဲသို့ ပြင်ပပစ္စည်းတစ်ခု၏ ကျူးကျော်ဝင်ရောက်ခြင်း ခံလိုက်ရသည့် မည်သူမဆို သေချာသတိထားသင့်ပေသည်။
သို့သော်လည်း သူဘာမှမလုပ်ရသေးခင်မှာဘဲ ခြောက်ရောင်ခြယ်ကြာပန်းသည် ရုတ်တရက် ခြောက်ရောင်ခြယ်အလင်းအတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး အရောင်အဆင်းမဲ့ ကုဗတုံးကို စတင် ရစ်ပတ်တော့လေသည်။ ထို့နောက် ရန်ကိုင်၏ မှင်သက်နေသည့် အကြည့်အောက်တွင်ပင် ပင်လယ်ဆီသို့ ပြန်ဆင်းလာခဲ့လေသည်။
ခြောက်ရောင်ခြယ်အလင်းသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး တစ်ချက် တုန်ခါသွားပြီးနောက် ခြောက်ရောင်ခြယ်ကြာပန်းအသွင်သို့ ပြန်ပြောင်းသွားခဲ့လေသည်။
ရန်ကိုင်၏ ဝိဥာဉ်ပုံရိပ် ခြောက်ရောင်ခြယ်ကြာပန်းပေါ်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ ငုံ့ကြည့်လိုက်ရာ သူထင်ထားသည့်အတိုင် အရောင်မဲ့ကုဗတုံးသည် ခြောက်ရောင်ခြယ်ကြာပန်း ပေါ်တွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုကုဗတုံးကို အရောင်ခြောက်ရောင်က ပတ်ပတ်လည် ဝိုင်းရံထားခဲ့လေသည်။
ချက်ချင်းဆိုသလို ဝိဥာဉ်ကြာပန်း၏ ပွင့်ချပ်များသည် ပြန့်ကားနေရာမှ စတင် အလယ်ဆီသို့ စတင်စုစည်းလာခဲ့သည်။ ဖြန့်ထားသောလက်တစ်ဖက် လက်သီးဆုပ်အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည့်အလား ဝိဥာဉ်ကြာပန်းသည်လည်း ကြာပန်းအဖြစ်မှ ကြာဖူးအဖြစ်သို့ တဖြည်းဖြည်း ေ ပြာင်းလဲနေခဲ့လေသည်။
ရန်ကိုင် ထိတ်လန့်တုန်လှုပ်သွားခဲ့သပြီး သူ့နာမ်ဝိဥာဉ်ဟာ ဆိုလျှင်လည်း စိတ်လှုပ်ရှားမှုကြောင့် တဆတ်ဆတ် တုန်ခါသွားခဲ့ရလေသည်။
ဘာတွေဖြစ်နေမှန်း နားမလည်သော်လည်း ဝိဥာဉ်ကြာပန်း၏ ပိုင်ရှင် ဖြစ်သည်နှင့်အညီ ဝိဥာဉ်ကြာပန်းသည် နောက်ဆုံးအသွင်အဖြစ်သို့ စတင် ပြောင်းလဲတော့မည်မှန်း ရန်ကိုင် သိလိုက်သည်။ ဆေးလုံးများကို သန့်စင်ပြီး ဝိဥာဉ်ကြာပန်းကို အားဖြည့်ပေးစရာ မလိုတော့ချေ။ ထိုသို့ဖြစ်ရခြင်းမှာ အရောင်မဲ့ဝိဥာဉ်ကြာပန်းကြောင့် ဖြစ်ပေသည်။
ယခင်အကြိမ် ဝိဥာဉ်ကြာပန်း ဆင့်ကဲပြောင်းလဲစဉ်က ယခုကဲ့သို့ မဖြစ်ခဲ့ချေ။ ထိုစဉ်က မြောက်မြားစွာသော စွမ်းအင်ကို စုပ်ယူပြီးနောက် ကြာပန်း၏အရောင် တဖြည်းဖြည်း ေ ပြာင်းလဲသွားခဲ့သည်။
ယခုအကြိမ်တွင်မူ ကြာပန်းအသွင်မှ ကြာဖူးအသွင်သို့ ပြန်ပြောင်းလဲသွားခဲ့သည်။ ထိုကြာပန်း နောက်တစ်ကြိမ် အပြည့်အဝ ပြန်ပွင့်လာသည့်အခါ ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်း ဖြစ်နေပေလိမ့်မည်။
ထိုကုဗတုံး ဘာလဲဆိုသည်ကို သူမသိသော်လည်း ကုဗတုံးထဲတွင် ဝိဥာဉ်သန့်နတ်ရေစင်ထက်ပင် ပိုများသော စွမ်းအင်များ ရှိနေဟန် ထင်ရသည်။ မဟုတ်လျှင် ဝိဥာဉ်ကြာပန်းအား တစ်ကြိမ်တည်းနှင့် ဆင့်ကဲပြောင်းလဲသွားအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ရန်ကိုင် အလွန်ကိုမှ ပျော်ရွှင်အူမြူးနေခဲ့သည်။ ထို့အတွက်ကြောင့် သူ့အသိစိတ်ပင်လယ်သည်လည်း အဆက်မပြတ် လှိုင်းထန်နေခဲ့လေသည်။ ရေလှိုင်းလုံးများဆိုးလျှင် မီတာပေါင်းများစွာ အမြင့်သို့ပင် ရောက်နေခဲ့ကြသည်။
အချိန်အတော်ကြာသွားမှသာ ရန်ကိုင် စိတ်ပြန်ငြိမ်သွားခဲ့သည်။ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ရင်း ဝိဥာဉ်ကြာပန်းဖူးဆီ လှမ်းကြည့်လိုက်သည်။ ဝိဥာဉ်ကြာဖူးဆီမှ တလက်လက်တောက်ပနေသော အရောင်အဝါများ ပုံမှန်ဖြာထွက်နေသည်ကို တွေ့လိုက်ရသည်။
ထိုကဲ့သို့ အလင်းတစ်ချက် ဖြာသွားသည် ရန်ကိုင်၏ အသိစိတ်ပင်လယ် မဆိုသလောက်ကလေး ပြောင်းလဲသွားသည်။ အနီရောင် မီးတောက်မီးလျှံများနှင့် အပြာရောင် ပင်လယ်ရေသည် ပို၍ အရောင်ရင့်သန့်စင်လာခဲ့သည်။ ဝိဥာဉ်သန့်နတ်ရေစင်မှ ရရှိခဲ့ပြီး အပြည့်အဝမသန့်စင်ရသေးသော ရွှေရောင်အမျှင်တန်းလေးများသည် မကြာမီ အသိစိတ်ပင်လယ်ထဲသို့ ပျော်ဝင်သွားကုန်ကြလေသည်။ ရန်ကိုင်၏ စိတ်စွမ်းအင်နှင့် ဝိဥာဉ်သည် တစ်ဖန်ပို၍ အားကောင်းလာရပြန်သည်။
ရန်ကိုင်၏ အကြည့် တောက်ပသွားခဲ့သည်။ ဝိဥာဉ်ကြာပန်းသည် ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ် အတောအတွင်းတွင်သာ ရှိသေးသော်လည်း အကျိုးအမြတ်အချို့ကို သူရပြီးနေခဲ့လေပြီ။ ထို့ကြောင့် ဝိဥာဉ်ကြာပန်းသာ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် ပြီးဆုံးသွားခဲ့လျှင် ဘာဖြစ်မလဲ ဆိုသ်ညကို ရန်ကိုင် ပို၍ သိချင်မိသွားသည်။
အသိစိတ်ပင်လယ်ထဲတွင် နည်းနည်း ထပ်ကြာကြာလေး နေချင်သေးသော်လည်း နေ၍မရတော့။ အပြင်ဘက်သို့ တစ်ဝက်တစ်ပြတ် ထုတ်လွှတ်ထားသော ကောင်းကင်စိတ်အာရုံမှ လူများစွာ သူရှိနေသည့် အရပ်ဆီသို့ လာနေသည်ကို တွေ့လိုက်ရသည်။
ရွေးချယ်စရာမရှိတော့သည်နှင့် ရန်ကိုင်လည်း သူ့အသိစိတ်ကို အသိစိတ်ပင်လယ်ထဲမှ ပြန်ရုတ်လိုက်ရလေသည်။
ကောင်းကင်စိတ်အာရုံကို သေချာ ဖြန့်ကျက်ကြည့်လိုက်ပြီး သူ့ဆီသို့ မည်သည့်လူများ လာနေသလဲ ဆိုသည်ကို စစ်ဆေးကြည့်လိုက်ရာ ရန်ကိုင် ကြောင်သွားခဲ့ရသည်။
သူ့ဆီ လာနေသည့်လူများသည် ကျောက်တုံးလိုဏ်ဂူထဲတွင် ရှိစဉ်က သူနှင့် စကားပြောခဲ့သည့် မိန်းမလှလေး ဖြစ်နေခဲ့လေသည်။
သူတို့အဖွဲ့တွင် စုစုပေါင်း လူငါးယောက်ရှိပြီး အကုန်လုံးသည် သူတော်စင်ဘုရင် တတိယအဆင့်၊ ဒုတိယအဆင့်များ ဖြစ်ကြသည်။ သူတို့ မည်သည့်အင်အားစုမှ လာသလဲဆိုသည်ကို ရန်ကိုင် မသိသော်လည်း ထိုမျှ အားကောင်းသော လူများစွာကို စေလွှတ်နိုင်သည့် အင်အားစုတစ်ခုမှ မိသားစုငယ်လေး၊ သို့မဟုတ် ဂိုဏ်းငယ်လေးတစ်ခု ဖြစ်ဟန်မတူ။
ထိုလူများ ဘာကြောင့် သူ့နောက်သို့ လိုက်လာရသနည်း။ သူတစ်ယောက်တည်း ရှိနေပြီး သူ့ကျင့်ကြံခြင်း နိမ့်ကျသည်ကို အခွင့်ကောင်းယူကာ သူ့ဆီမှ ဓါးပြတိုက်ရန် ကြံစည်နေခြင်းလော။
ထိုသို့ တွေးလိုက်မိသည်နှင့် ရန်ကိုင်၏ မျက်ဝန်းထဲ အေးစက်စက် အလင်းရိပ်တို့ ဖြတ်ပြေးသွားခဲ့ပြီး ထိုလူအုပ်ကို သေချာအာရုံစိုက် စောင့်ကြည့်နေလိုက်သည်။
သဲမီးတောက်နယ်မြေထဲသို့ ရောက်သည်နှင့် လူတိုင်း၏ ကောင်းကင်စိတ်အာရုံ ဖိနှိပ်ခြင်း ခံရသည်။ သို့သော်လည်း ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် အခြားသူများ၏ ကောင်းကင် စိတ်အာရုံထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသဖြင့် အခြားလူများ၏ လှုပ်ရှားမှုကို တစ်ဖက်လူ မသိအောင် စောင့်ကြည့်လေ့လာနိုင်ပေသည်။
ထိုအဖွဲ့ပြောနေသည်များကိုပင် ခိုးနားထောင်နိုင်ပေသည်။
“စီနီယာအစ်မချန်၊ ဘာလို့ အဲ့လူနောက် လိုက်နေတာလဲ။ သူ့ရဲ့ သူတော်စင်ဘုရင် ပထမအဆင့် ကျင့်ကြံခြင်းလေးနဲ့ ကျုပ်တို့နောက်ကို လိုက်ခိုင်းလို့ ကျုပ်တို့အတွက် ဘာအကျိုးမှ မရှိဘူးနော်။ သူ့ကြောင့် ကျုပ်တို့ လုပ်ရမယ့်ဟာတွေတောင် လေးဖင့်သွားနိုင်သေးတယ်” တုတ်ခိုင်ထွားကြိုင်းဟန်ရသည့် လူငယ်လေးတစ်ယောက်က မျက်နှာမဲ့လျက် ပြောလိုက်သည်။
“ဟုတ်တယ် စီနီယာအစ်မချန်၊ အဲ့ကောင်က အဲ့လောက်ကြီး သန်မာတာမဟုတ်ဘူး။ ပြီးတော့ မိသားစုငယ်လေးတစ်ခုဆီက လာတဲ့ပုံပဲ။ ဒီနယ်မြေဆီ သူဝင်လာနိုင်ပုံထောက်ရင် သူ့မိသားစုက ဒီထဲပို့ဖို့ သူ့ထက်ပိုကောင်းတဲ့လူ မရှိတော့လို့ပဲ ဖြစ်ရမယ်”
“ပြီးတော့၊ သူ့ကိုသာ ကျုပ်တို့အဖွဲ့ထဲ ဝင်ခိုင်းမယ်ဆိုရင် ပစ္စည်းတစ်ခုခု ရတာနဲ့ သူ့ကိုပါ ခွဲပေးရမှာ။ မတန်ဘူးနဲ့တူတယ်နော်”
သူတို့၏ စီနီယာအစ်မချန် ဆိုသူသည် ထိုလူငယ်လေးကို သူတို့အဖွဲ့ထဲ ဘာကြောင့် ခေါ်ချင်နေမှန်း အကုန်လုံး နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ ရန်ကိုင်အား သနားပြီး သူတို့ အဖွဲ့ထဲ ခေါ်ချင်နေခြင်း ဖြစ်သည်ဟုသာ အကုန်လုံး ထင်နေခဲ့ကြသည်။ သို့သော်လည်း ဤနေရာသည် နေရာတိုင်း အန္တရာယ်ဖြင့် ပြည့်နေသည့် သဲမီးတောက်နယ်မြေ ဖြစ်သည်။ သတိသာမထားလျှင် အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်လေရာ အခြားသူများကို ဂရုစိုက်ရန် သူတို့တွင် မည်ကဲ့သို့ အချိန်ရှိမည်နည်း။
သူတို့ ပြောလို့ပြီးသည့်နောက် မိန်းမလှလေးက သက်ပြင်းအသာအယာချလျက် “သူ့ခွန်အား နိမ့်ကျလို့ သူ့လုံးဝ အသုံးမဝင်ဘူးလို့ နင်တို့ထင်နေတယ်ပေါ့၊ ဟုတ်လား”
“ရှင်းနေတာပဲဟာကို။ သူကျားသားစားချင်လို့ ဝက်ယောင်ဆောင်နေတာ မို့လို့လား” တုတ်ခိုင်ထွားကြိုင်းသော လူငယ်လေးသည် ဖြစ်နိုင်ချေတစ်ခုကို ထုတ်ပြောလိုက်သည်။
“မဖြစ်နိုင်လောက်ဘူး” မိန်းမလှလေးက ခေါင်းခါလိုက်သည်။
“ဒါဆို ဘာလို့ သူ့ကို အဖွဲ့ထဲ ခေါ်ချင်နေသေးတာလဲ”
“ဟဲဟဲ၊ သူ့မှာ ဘာထူးထူးခြားခြား အရည်အချင်းမှ မရှိမှန်း နင်တို့သိတယ်။ ဒါဆိုရင် သူဘာလို့ ဒီကို ရောက်လာတာလဲ။ ဘာလို့ မီးတောက်နယ်မြေကို ဖြတ်ကျော်ပြီး ရတနာနယ်မြေဆီ ရောက်လာနိုင်တာလဲ။ အဲ့ဒါကိုကော နင်တို့သိလား”
အပိုင်း(၁၁၉၈)
အထွဋ်အထိပ်သိုင်းဧကရာဇ်
မိန်းမလှလေးက ထိုကဲ့သို့ မေးလိုက်သည့်အခါ ကျန်လေးယောက် ကြောင်သွားခဲ့ကြသည်။ သဲမီးတောက်နယ်မြေ အလွန်ကြမ်းတမ်းသည့် နေရာတစ်ခုဖြစ်မှန်း သူတို့ သိကြသည်။ သူတို့ကိုယ်တိုင်ပင် မီးတောက်နယ်မြေကို ဖြတ်ကျော်ပြီး ရတနာနယ်မြေကို ရောက်နိုင်ရန်အတွက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရသည်။ ထိုသို့ဆိုလျှင် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသော လူငယ်လေးသည် မည်ကဲ့သို့ ဤနေရာသို့ ရောက်လာနိုင်ရသနည်း။
“အကြောင်းအရင်းကို စီနီဘာအစ်မချန် သိတာလား” ကျန်းလေးယောက်က မိန်းမလှလေးကို မေးလိုက်သည်။
မိန်းမလှလေးက ခေါင်းခါရမ်းလျက် ပြန်ဖြေလိုက်သည် “ငါလည်း သေချာမသိဘူး။ ဒါပေမယ့် သူက ကံကြမ္မာသားတော် ဖြစ်လိမ့်မယ်လို့တော့ ထင်တာပဲ”
“ကံကြမ္မာသားတော်…” အမျိုးသမီးနောက်တွင် ရှိနေသော ကျန်းလေးယောက်စလုံး အံ့အားသင့်သွားခဲ့ကြသည်။
မျိုးရိုးနာမည်ချန်ဆိုသူ မိန်းမလှလေးက တခစ်ခစ်ရယ်မောလျက် ပြုံးကာ ပြောလိုက်သည် “ရယ်စရာကောင်းတယ်လို့ ထင်နေမှာပေါ့၊ ဟုတ်တယ်မလား။ ဒါပေမယ့် ငါကတော့ အဲ့ဒါမျိုးကို ယုံတယ်။ အချို့လူတွေက မွေးကလည်းက ကံကြမ္မာကောင်းနဲ့ မွေးလာကြတာ။ အချို့ကတော့ ကံကြမ္မာဆိုးတွေနဲ့ပေါ့။ အရည်အချင်းတူနေရင်တောင် ကံကြမ္မာကောင်းနဲ့ မွေးလာတဲ့လူက နောက်ပိုင်းကျ ပိုသားသွားနိုင်တယ်။ ဟိုးအရင်နှစ်တွေတုန်းက အဲ့လို ကံကြမ္မာကောင်းရှိတဲ့ လူတွေနဲ့ တွေ့ပြီး သူတို့နဲ့ အဆက်အသွယ်လုပ်ခဲ့တယ်လေ။ အဲ့ကနေ ငါလည်း အကျိုးအမြတ်တွေ ရခဲ့ဖူးတယ်”
တုတ်ခိုင်ထွားကြိုင်းသော လူငယ်လေး၏မျက်နှာ အနည်းငယ် မဲ့သွားခဲ့ပြီး တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြန်မေးလိုက်သည် “စီနိယာအစ်မချန် ပြောချင်တာ၊ သူ့ကိုသာ ကျုပ်တို့နဲ့အတူတူ လိုက်ခွင့်ပေးလိုက်မယ်ဆိုရင် မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေ အကျိုးအမြတ်တွေ ကျုပ်တို့ရနိုင်တယ်ပေါ့၊ ဟုတ်လား”
“အသေအချာပဲ။ နင်စဉ်းစားကြည့်လေ။ သူတော်စင်ဘုရင်ပထမအဆင့်လေးနဲ့ မီးတောက်နယ်မြေကို ဖြတ်ကျော်လာနိုင်တယ် ဆိုတာနဲ့တင် အံ့အားသင့်ဖွယ်ရာ ဖြစ်နေပြီ။ သူ့ခွန်အားနဲ့သူ မီးတောက်နယ်မြေကို ဖြတ်ကျော်လာတယ်လို့တော့ မထင်ဘူး။ အန္တရာယ်ကင်းတဲ့ လမ်းကြောင်းတစ်ခုရှာပြီး လာခဲ့တာပဲ ဖြစ်ရမယ်။ အဲ့ဒါကြောင့်သာ မဟုတ်ရင် သူ့ကျင့်ကြံခြင်းနဲ့ မီးတောက်နယ်မြေကို ဖြတ်ကျော်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူ့ကံအပေါ် အားကိုးပြီး လာခဲ့တာ ဖြစ်ရမယ်” မိန်းမလှလေးက ရှင်းပြလိုက်သည်။
သူမ၏ စကားကို ကျန်လေးယောက် လုံးဝ မယုံကြည်နိုင်သေးသော်လည်း အနည်းငယ် ယုံချင်ချင် ဖြစ်နေခဲ့သည် “ဟုတ်တာပေါ့၊ ဒီတစ်ချက်တည်းနဲ့တင် သူကံကြမ္မာသားတော် ဖြစ်တယ်လို့ ဘယ်လိုလုပ်ပြီး သတ်မှတ်လို့ ရဦးပါ့မလဲ။ ကျောက်တုံးလိုဏ်ဂူတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စကို နင်တို့ မှတ်မိသေးလား”
“ကျောက်တုံးလိုဏ်ဂူ…” အကုန်လုံး ထိုစဉ်က ရန်ကိုင်၏ ထူးထူးဆန်းဆန်း လုပ်ရပ်ကို ပြန်စဉ်းစားမိလိုက်ကြသည်။
“နတ်တို့မှတ်မိလား။ အဲ့တုန်းက ချူချန်ဖုန်း ဝိဥာဉ်သန့်နတ်ရေစင်ကို ဝေစုခွဲပေးတယ်လေ။ ဒါပေမယ့် သူဘာမှမရခဲ့ဘူး။ ဒါကြောင့် အချိန်မဖြုန်းဘဲ အခြားနေရာဆီသာသွားဖို့ ငါသူ့ကို အကြံပေး တိုက်တွန်းလိုက်သေးတယ်။ ဒါပေမယ့် သူဆက်ပြီး ပေကပ်နေတယ်လေ။ နောက်ဆုံးလည်း နောက်ဆုံးရော တစ်ယောက်မှဝေစုမရဘဲ အကုန်လုံး ကန်ထဲမှာပဲ စိမ်ဖို့ ဖြစ်သွားပါရော။ အဲ့ကနေသူ အကျိုးအမြတ် နည်းနည်းလေးပဲ ရတယ်ပြောပြော၊ အကျိုးအမြတ် ရခဲ့တာတော့ အမှန်ပဲ။ သဲမီးတောက်နယ်မြေထဲကို ဝင်လာတဲ့ လူတစ်သောင်းထဲမှ သုံးထောင်၊ လေးထောင်လောက်ပဲ ရတနာနယ်မြေဆီ ရောက်တယ်။ အဲ့ထဲကမှ သုံးဆယ်ပဲ ကျောက်တုံးလိုဏ်ဂူဆီက အကျိုးအမြတ်ကို ရခဲ့တယ်။ သုံးဆယ်ထဲမှာပါတဲ့ လူတွေထဲမှာ သူတော်စင်ဘုရင် ပထမအဆင့်ဆိုလို့ သူတစ်ယောက်ပဲရှိတယ်”
“စီနီယာအစ်မချန် ပြောသလိုဆိုရင်တော့ သူ့ကံက တကယ်ကောင်းတာပဲ” တုတ်ခိုင်ထွားကြိုင်းသည့် လူကြီးက သူ့မေးစေ့ကို ပွတ်သပ်ရင်း အသာအယာ ခေါင်းညိတ်၍ ပြောလိုက်သည်။
ကံကြမ္မာနှင့် ကံတရားသည် နားလည်ရခက်ခဲသော အရာများဖြစ်သည်။ သို့သော်လည်း မည်သို့ပင်ကြည့်ကြည့်၊ ထိုသူတော်စင်ဘုရင် ပထမအဆင့် ကျင့်ကြံသူ၏ ကံမှာ ကောင်းလွန်းနေသည်။
“စီနီယာအစ်မချန်၊ သန်းခေါင်ထက် ညဉ့်မနက်ဆိုတဲ့ စကားလည်းရှိတယ်မလား။ ညပြီးရင် နေ့လာသလို သူ့ကံကောင်းမှုတွေ အကုန်ကုန်သွားလို့…” အဖွဲ့ထဲတွင် ရှိနေသော အခြား အမျိုးသမီး ကျင့်ကြံသူတစ်ယောက် စိုးရိမ်သည့် အမူအရာဖြင့် ပြောလိုက်သည်။ တစ်သက်လုံး ကံကောင်းနေသည့်လူ မရှိပါချေ။
“ကိစ္စမရှိဘူး။ သူ့ကို ခေါ်သွားလိုက်လို့ ငါတို့ကို ထိခိုက်သွားမှာမှ မဟုတ်တာ။ သူ့ကြောင့် ကောင်းတာ တစ်ခုခုရှာတွေရင် သူ့ကို နည်းနည်းလောက် ဖဲ့ပေးလိုက်လို့ ဘာမှမဖြစ်ဘူးလေ။ မဖြစ်နိုင်ဘူးဆိုရင်တော့ အရမ်း ဆိုးလွန်းနေတဲ့ ငါတို့ကံကိုပဲ အပြစ်တင်ရမယ်” မိန်းမလှလေးက ပြုံးကာ ပြောလိုက်သည်။
“စီနိယာအစ်မက အဲ့လို ဆုံးဖြတ်ထားမှတော့ သူ့ကို အတူခေါ်သွားကြတာပေါ့” သူတို့၏ စီနီယာအစ်မက ထိုလူငယ်လေးကို မရမက ခေါ်ချင်နေသည်ကို မြင်သော် တုတ်ခိုင်ထွားကြိုင်းသည့် လူငယ်လေးလည်း ကန့်ကွက်မနေတော့ချေ။ သူမပြောသလိုပင် ထိုသူတော်စင်ဘုရင် ကျင့်ကြံသူကို ခေါ်လာလိုက်၍ သူတို့အတွက် အကျိုးမယုတ်သွားချေ။ အဆိုးဆုံးမှ သူ့အား အကျိုးအမြတ် နည်းနည်းပါးပါး ဖဲ့ပေးရရုံသာရှိသည်။ သို့သော်လည်း ထိုကောင်သည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသည် သူတို့ မလိုချင်သည့် လက်ကျန် ပစ္စည်းများကို ပေးလျှင်ပင် အထွန့်တက်ရဲမည်လား။
အန္တရာယ်နှင့် ရင်ဆိုင်ရလျှင်လည်း သူ့ဘာသာ ကာကွယ်ခိုင်းရုံသာ ရှိသည်။ မည်သို့ပင် ဖြစ်စေကာမူ ထိုလူငယ်လေးသည် စီနီယာအစ်မချန် ပြောသည့်အတိုင်း ကံကြမ္မာသားတော် ဖြစ်နေမည်ဆိုပါက အလွယ်တကူ သေလိမ့်မည် မဟုတ်ချေ။
တုတ်ခိုင်ထွားကြိုင်းသော လူငယ်လေးက သဘောတူလိုက်သည်နှင့် အခြားလူများလည်း ဘာမှဆက်မပြောတော့။ မိန်းမလှလေး ပြောသည့်အတိုင်းသာလုပ်ရန် ဆုံးဖြတ်လိုက်ကြရသည်။
ရန်ကိုင်က သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။
ကံကြမ္မာသားတော်လား… ရန်ကိုင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။
ကျောက်တုံးလိုဏ်ဂူကို ရှာတွေ့ခြင်းသည် ကံနှင့် နည်းနည်းဆိုင်သည်ဟု ပြော၍ရသည်။ သို့သော်လည်း တကယ် အရေးပါသည့်အချက်သည်ကား ရန်ကိုင်သည် သူ့ခွန်အားအပေါ် ယုံကြည်ချက်အပြည့်ရှိသောကြောင့်သာ ဖြစ်သည်။ အစကတည်းက ချူချန်ဖုန်းကို မကြောက်ချေ။ ထို့ကြောင့် ပေကပ်နေရဲခြင်း ဖြစ်သည်။ အခြား သူတော်စင်ဘုရင် ပထမအဆင့်တစ်ယောက်သာ ဆိုပါက အစကတည်းက ထွက်သွားပြီးနေလောက်ပေပြီ။
မီးတောက်နယ်မြေကို ဖြတ်လာသည့်ကိစ္စတွင်လည်း… သူ့ခွန်အားအပေါ်သာ အားကိုးခဲ့ရသည်။ ကံပေါ်မဟုတ်။ သူ့ခွန်အားကြောင့်သာ မဟုတ်လျှင် မီးတောက်နယ်မြေထဲ အရိုးဆွေးနွေရလောက်ပေပြီ။
ယခု တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သိသွားပြီ ဖြစ်လေရာ ရန်ကိုင်လည်း အနည်းငယ် စိတ်အေးလက်အေး ဖြစ်သွားခဲ့ရသည်။ သူတို့သည့် သူ့အပေါ် မကောင်းကြံလိုစိတ်ဖြင့် လာရောက်ခြင်း မဟုတ်သည့်အတွက် သူကလည်း ကောင်းကောင်းမွန်မွန်သာ ပြန်လည် တုန့်ပြန်ဆက်ဆံမည်ဖြစ်သည်။
သို့သော်လည်း ထိုအဖွဲ့နှင့် အတူသွားချင်သည်ဟု မဆိုလိုပါချေ။ သူသည် ထိုလူများအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်ဟု ထိုလူများ ခံစားနေရချိန် ထိုလူများသည်လည်း သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သည်ဟု ရန်ကိုင် ခံစားနေရသည်။ သူ့ဘာသာ တစ်ယောက်တည်း လှုပ်ရှားခြင်းသည် ပို၍ လွယ်ကူအဆင်ပြေပေသည်။ ထို့အပြင် သူတွေ့သည့် ပစ္စည်းတိုင်းကို သူတစ်ယောက်တည်း အပိုင်သိမ်းနိုင်သည်။
မိန်းမလှလေးနှင့် သူမတို့အဖွဲ့သည် ရန်ကိုင် ရှိနေသည့်နေရာနှင့် သိပ်မဝေးချေ။ စိတ်ဝိဥာဉ်ရေကို ရပြီးသည်နှင့် ရန်ကိုင်နောက်သို့ ချက်ချင်း လိုက်လာခဲ့ခြင်း ဖြစ်လောက်သည်။ ဤသို့ဖြင့် မကြာခင်မှာပဲ ထိုငါးယောက် ရန်ကိုင် မြင်ကွင်းထဲ ပေါ်လာခဲ့သည်။
နားလည်မှုမလွဲစေရန် အလို့ငှာ မိန်းမလှလေးက ခပ်ဝေးဝေမှ လှမ်း၍ အော်ခေါ်လိုက်သည် “မောင်ငယ်လေး”
ရန်ကိုင်လည်း သူတို့အဖွဲ့မှ အခုမှ သတိပြုမိသွားသကဲ့သို့ ချက်ချင်း နိုးနိုးကြားကြား လုပ်ပြလိုက်သည်။
“မောင်ငယ်လေး ထိတ်လန့်မနေနဲ့” မိန်းမလှလေးက ထိုကဲ့သို့ ဖြစ်မည်ဟု ကြိုတင် မျှော်လင့်ထားသည့်အလား စွဲမက်ဖွယ်ကောင်းစွာပြုံးလျက် သာယာချိုမြသော လေသံဖြင့် ပြောလိုက်သည် “မမတို့ မောင်လေးကို ဒုက္ခပေးဖို့ လာခဲ့တာမဟုတ်ဘူး”
ပြောပြီးသည်နှင့် ကျန်လေးယောက်ကို ဦးဆောင်လျက် ရန်ကိုင်ဆီသို့ အလျင်အမြန် သွားလိုက်လေသည်။
ထိုလူအဖွဲ့ အနီးသို့ ရောက်လာသော် ရန်ကိုင်က ခပ်ပြတ်ပြတ် မေးလိုက်သည် “ဒါဆို ခင်ဗျားတို့ ဘာလုပ်ချင်နေတာလဲ”
“ဟဲဟဲ၊ ဘာမှမဟုတ်ပါဘူး။ မောင်ငယ်လေး တစ်ယောက်တည်း ဖြစ်နေတာကို မြင်တော့ မေးခွန်းလေး နည်းနည်းလောက် မေးချင်လို့” မိန်းမလှလေးက အပြုံးဖြင့် မေးလိုက်သည် “မောင်လေး ဒီကို တစ်ယောက်တည်း လာတာလား”
“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။
“အထင်ကြီးစရာပဲ” မိန်းမလှလေးက ခေါင်းလေးညိတ်လျက် ချီးကျူလိုက်သည်။ သူမ၏ ခန့်မှန်းထားချက်အရ ရန်ကိုင်သည် မိသားစုငယ်လေးမှ ပို့လိုက်သည့် လူသုံးယောက်အနက် တစ်ယောက်ဖြစ်ရပေမည်။ ကျန်နှစ်ယောက်သည် မီးတောက်နယ်မြေကို မဖြတ်ကျော်နိုင်သေးဘဲ ရန်ကိုင်တစ်ယောက်သာ ဖြတ်ကျော်လာနိုင်ခြင်း ဖြစ်ရမည်။
“ကောင်မလေး၊ ပြောစရာရှိရင် မြန်မြန်ပြော” တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သိပြီးဖြစ်နေမှဖြင့် ရန်ကိုင်လည်း ဆက်၍ အချိန်ဖြုန်းမနေချင်တော့ချေ။ ထိုမိန်းမကို မြန်မြန်ပြောခိုင်းပြီး မြန်မြန် ငြင်းလိုက်ချင်နေလေပြီ။
“ကောင်လေးက စိတ်ဆတ်လှချည်လား” တုတ်ခိုင်ထွားကြိုင်းသည့် လူငယ်လေးက ပြောလိုက်သည်။ သူ့အမြင်တွင် သူ့စီနီယာအစ်မချန်မှ ရန်ကိုင်ကို သူတို့ အဖွဲ့ထဲသို့ ဖိတ်ခေါ်ခြင်းသည် ကံကြမ္မာသားတော်ဖြစ်သော ရန်ကိုင်၏ ကံကောင်းမှုကို ပြသနေခြင်း ဖြစ်သည်။ သို့သော်လည်း ရန်ကိုင်သည် ထိုမျှ ရိုင်းလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ကောင်မလေး…” ရန်ကိုင်မှ သူမအား ထိုကဲ့သို့ ခေါ်သည်ကို ကြားလိုက်သည့်အခါ မိန်းမလှလေး မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားခဲ့သည်။ သူမအား မည်သူမှ ထိုကဲ့သို့ မခေါ်ဖူးချေ။ ထို့ကြောင့် ကြင်နာသိမ်မွေ့စွာဖြင့် ရှင်းပြလိုက်လေသည် “ကောင်းပြီလေ။ ငါတို့တွေက ကြည်လင်ကောင်းကင်ဂိုဏ်းက…”
ဂိုဏ်းနာမည်ကို ကြားပြီးနောက် ရန်ကိုင် သူမတို့အား ရှိန်သွားမလို သိချင်သဖြင့် ရန်ကိုင်၏ အမူအရာကို စောင့်ကြည့်နေလိုက်သည်။ သို့သော်လည်း ရန်ကိုင်မှာမူ ထူးမခြားနားဟန်ဖြင့်သာ ရှိနေသဖြင့် မိန်းမလှလေး နည်းနည်း ရှက်သွားခဲ့သည်။ အသာအယာ ချောင်းဟန့်လျက် ဆက်၍ ပြောလိုက်သည် “ငါ့နာမည်က ချန်ရှီတောင်း။ သူတို့တွေက ငါ့ဂျူနီယာမောင်လေးတွေနဲ့ ညီမလေးတွေပဲ။ မောင်လေးက တစ်ယောက်တည်း သွားနေတာဆိုတော့ ဒီရတနာနယ်မြေရဲ့ အန္တရာယ်တွေကို မသိသေးလို့နေမယ်။ ဒီမှာ မွန်းစတားသားရဲတွေတင် မဟုတ်ဘူး၊ နားလည်ရ ခက်တဲ့ အစီအရင်တွေ၊ ထောင်ချောက်တွေပါ အများကြီး ရှိသေးတယ်။ မောင်လေးလို့ ကျင့်ကြံခြင်းအဆင့်နဲ့ တစ်ယောက်တည်း လျှောက်သွားနေတာ အရမ်း အန္တရာယ်များတယ်။ အခပ်မသင့်ရင် သေတောင် သေသွာနိုင်တယ်”
သူမ ထိုကဲ့သို့ ပြောလိုက်သည့်အခါ ရန်ကိုင် ကြောက်လန့် တုန်လှုပ်သွားမည်ဟု ထင်နေခဲ့သည်။ ထိုအခါ နှစ်သိမ့်စကားလေး ဘာလေးပြောပြီး ရန်ကိုင်အား သူတို့အဖွဲ့ထဲသို့ ခေါ်ပေမည်။ သို့သော်လည်း ရန်ကိုင်သည် သူမပြောသည်ကို စိတ်မဝင်စား၊ ဂရုမစိုက်သည့် အမူအရာမျိုးသာ လုပ်ပြနေသည်ကို တွေ့လိုက်ရသည်။
ချန်ရှီတောင်း စိတ်ထဲ ကြိတ်၍ ညည်းတွားလိုက်သည်။ ရန်ကိုင်သည် မိသားစုငယ်လေးမှ လာပြီး သဲမီးတောက်နယ်မြေ မည်မျှ အန္တရာယ်များကြောင်းကို နားလည်သည့် လူတစ်ယောက် ဖြစ်သည်ဟု ပို၍ ယုံကြည်သွားခဲ့လေသည်။
ဆက်ပြောနေ၍လည်း အပိုသာဖြစ်မည်မှန်း သိလိုက်ပြီးသည့်နောက် လိုရင်းကိုသာ တန်းပြောလိုက်လေသည် “မောင်လေးသာ ဆန္ဒရှိမယ်ဆိုရင် အစ်မတို့အဖွဲ့ထဲ လာလို့ရတယ်နော်။ အစ်မတို့အဖွဲ့အား အားအကောင်းဆုံးမဟုတ်ပေမယ့် မောင်လေးဘာသာ မောင်လေး တစ်ယောက်တည်း လှုပ်ရှားနေရတာထက် စာရင်တော့ အများကြီး ပိုကောင်းတာပေါ့။ အန္တရာယ်နဲ့ ရင်ဆိုင်ရရင်လည်း အချင်းချင်း ဖေးမကူညီလို့ ရတယ်လေ။ ပြီးတော့ ပစ္စည်းကောင်းတစ်ခုခု တွေ့ပြီဆိုရင်လည်း မောင်လေးအပေါ် မမျှမတ မလုပ်ဘူး။ အစ်မတို့ ကြည်လင်ကောင်းကင်ဂိုဏ်းက အမြဲတမ်း ဖြောင့်မတ်ပြီး ဂုဏ်သိက္ခာရှိတယ်လို့ ကျော်စော်တာ။ ဒါကြောင့် ဂိုဏ်းဂုဏ်သတင်းကို အထိခိုက်ခံပြီး အခြားလူအပေါ် ကြီးနိုင်ငယ်ညှင်း လုပ်တာမျိုး လုပ်မှာမဟုတ်ဘူး”
ခပ်ပြတ်ပြတ်ကြီး ငြင်းလိုက်ခြင်းသည် မကောင်းသဖြင့် ခဏလောက် စဉ်းစားဟန်ပြပြီးမှ ငြင်းမည်တွေးလိုက်သည်။ ခဏလောက် စဉ်းစားနေလိုက်ပြီး ငြင်းတော့မည်အပြု ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး တစ်ခုသောအရပ်ဆီ လှမ်းကြည့်လိုက်သည်။
သူလှမ်းကြည့်ရာ အရပ်ဆီမှ အနီရောင်အလင်းတန်းတစ်ခု သူတို့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေခဲ့ပြီး မကြာမီ သူတို့အဖွဲ့ကို ဖြတ်ကျော်သွားခဲ့လေသည်။
မီးစုန်းလား နောက်ထပ်မီးစုန်တစ်ကောင်ကို ထပ်တွေ့ခြင်း ဖြစ်သည်ဟု ရန်ကိုင် တွေးလိုက်မိသည်။
မကြာမီ သူ့ခန့်မှန်းချက် မှားယွင်းနေမှန်း ရန်ကိုင် နားလည်လိုက်သည်။ အကြောင်းမှာ အနီရောင်အလင်းတန်းသည် မီးစုန်းနှင့် ဆင်တူသော်လည်း မီးစုန်းလောက်တော့ မမြန်ချေ။ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် ထိုအရာကို ထောက်လှမ်းနိုင်နေခဲ့သည်။
ထို့အပြင် ဤနေရာသည် ရတနာနယ်မြေ ဖြစ်လေရာ မီးစုန်းများ ဤနေရာ၌ ဘာကြောင့် ရှိနေရမည်နည်း။ မီးစုန်းများသည် သဲမီးတောက်နယ်မြေ၏ မီးတောက်နယ်မြေ အတွင်းတွင်သာ ရှိသည်ဟု ဝေကုချန်း သူ့အား ပြောပြခဲ့သည်။ ထို့ကြောင့် ထိုအရာများကို ရတနာနယ်မြေတွင် တွေ့ရန် မဖြစ်နိုင်ချေ။
ထိုအနီရောင်အလင်းတန်းကို ရန်ကိုင် သတိပြုမိလိုက်သည့် တစ်ချိန်တည်းတွင် ချန်ရှီတောင်းတို့ အဖွဲ့လည်း သတိပြုမိသွားခဲ့သည်။
တုတ်ခိုင်ထွားကြိုင်းသော လူငယ်လေးသည် ထိုအနီရောင် အလင်းတန်း ပျောက်ကွယ်သွားရာ အရပ်ဆီး လှမ်းကြည့်အတွေးနက်နေပြီး ခဏအကြာ၌ အလျင်အမြန် ပြောလိုက်လေသည် “လောကရတနာကြီးဟ”
ထိုစကားကို ကြားလိုက်သည့်အခိုက် အားလုံး၏ အမူအရာ ပြောင်းလဲသွားခဲ့ရသည်။
ထိုအရာသည် လောကရတနာဖြစ်လိမ့်မည်ဟု ရန်ကိုင်လည်း စဉ်းစားမိသည်။ သို့သော် မည်ကဲ့သို့ လောရတနာ ဖြစ်မလဲဆိုသည်ကိုမူ သူမသိပါချေ။ သူသိသည်ကား အနီရောင်အလင်းတန်း သူ့နားမှ ဖြတ်သွားစဉ်က ၎င်းဆီမှ အသက်စွမ်းအင်ကို အသေအချာ အာရုံခံမိလိုက်သည်။ ထို့ကြောင့် ထိုအရာသည် လောကရတနာမှလွဲ၍ အခြားမဖြစ်နိုင်ပါချေ။
ရန်ကိုင် လိုက်မဖမ်းရသေးခင်မှာပဲ အနီရောင်အလင်းတန်း ထွက်ပေါ်လာရာ အရပ်ဆီမှ လူရိပ်တစ်ခု ပေါ်လာခဲ့သည်။
“အို” ထိုလူ၏ ပုံပန်းသွင်ပြင်ကို မြင်လိုက်ချိန် ရန်ကိုင် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး ထိုလူရောက်လာမည့် အချိန်ကို ရပ်စောင့်နေလိုက်လေသည်။
မကြာမီ ထိုလူ ရန်ကိုင်တို့အဖွဲ့ရှေ့သို့ ရောက်လာခဲ့သည်။ ချန်ရှီတောင်းတို့ အဖွဲ့ကို မြင်လိုက်သည်နှင့် ထိုလူ နိုးနိုးကြားကြား ဖြစ်သွားခဲ့သည်။ ရတနာတစ်ခုကို သူလိုက်ဖမ်းနေစဉ် လူခြောက်ယောက် သူ့လမ်းရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့လေရာ ထိုလူလည်း နိုးနိုးကြားကြား ဖြစ်မသွားဘဲ ဘယ်နေမည်နည်း။ သို့သော်လည်း လူခြောက်ယောက်ထဲတွင် ရှိနေသော ရန်ကိုင်ကို မြင်လိုက်ချိန် သူ့အမူအရာ ပြေလျော့သွားခဲ့ပြီး ချက်ချင်းပဲ ရန်ကိုင်ဆီသို့ လမ်းလျှောက်သွားလိုက်လေသည်။
“ဧည့်အကြီးအကဲချန်” ရန်ကိုင်က နှုတ်ဆက်လိုက်သည်။ ယခု ရောက်လာသည့်လူသည် ဟိုင်ခဲမိသားစု၏ အကြီးအကဲချန်ချီမှလွဲ၍ အခြားမဟုတ်ပါချေ။
“ရန်ကိုင်၊ မင်းလည်း ရောက်နေတာလား” ချန်ချီက မတွေ့ရသည်မှာ ကြာပြီဖြစ်သော ရပ်ဝေးဆွေမျိုးတစ်ယောက်ကို ပြန်တွေ့လိုက်ရသည့်အလား စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
အပိုင်း(၁၁၉၉)
အထွဋ်အထိပ်သိုင်းဧကရာဇ်
ရန်ကိုင် ရတနာနယ်မြေဆီသို့ ရောက်နေသည့် အတွက်ကြောင့် ချန်ချီ အံ့ဩသွားခြင်း မရှိခဲ့။ အခြားသူများသာ ရန်ကိုင်၏ စွမ်းရည်ကို မသိလျှင် မသိမည်။ သူကတော့ ကောင်းကောင်း သိပေသည်။ ရန်ကိုင်သည် သူတော်စင်ဘုရင် ပထမအဆင့်ဖြင့် သူတော်စင်ဘုရင် တတိယအဆင့် ပညာရှင်များစွာကို သခဲ့သည်။ ထိုမြင်ကွင်းကို သူကိုယ်တိုင် မြင်ခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင်ကဲ့သို့ လူတစ်ယောက် ရတနာနယ်မြေသို့ ရောက်မလာနိုင်မှသာလျှင် ထူးဆန်းနေမှာ ဖြစ်ပေသည်။
ရန်ကိုင်နှင့် လာတွေ့သည့်အတွက်ကြောင့်လည်း ချန်ချီ ပျော်နေမိသည်။
“ဧည့်အကြီးအကဲဟောင်ကော” ရန်ကိုင်က ချန်ချီနောက်ကို လှမ်းကြည့်လိုက်သော်ငြား ဟောင်အန်းကို မတွေ့သဖြင့် မေးလိုက်သည်။
“ဟောင်အိုကြီးက ငါနဲ့အတူလာတာ မဟုတ်ဘူး။ တကယ်တော့ ဒီထဲ ဝင်လာကတည်းက ငါတို့ တစ်ခါမှ ပြန်မတွေ့သေးတာ။ ဒါပေမယ့် စိတ်ပူမနေပါနဲ့ကွာ။ ဟောင်အိုကြီးက ငယ်တော့တာ မဟုတ်ပေမယ့် မီးတောက်နယ်မြေကို ဖြတ်နိုင်ပါသေးတယ်” ချန်ချီက အပြုံးဖြင့် ပြောလိုက်သည်။ ထို့နောက်မှသာ ချန်ရှီတောင်းတို့ အဖွဲ့ဘက်သို့လှည့်၍ မေးလိုက်လေသည် “ဒီလူတွေက…”
“ကျွန်မတို့က ကြည်လင်ကောင်းကင်ဂိုဏ်းကပါ” ချန်ချီက ပြုံး၍ ပြောလိုက်သည်။ ထိုလူအိုကြီးသည် ရန်ကိုင်နှင့် တစ်မိသားစုတည်းက လာသည့်လူ ဖြစ်လိမ့်မည်ဟု ထင်နေခဲ့သည်။ သူတို့ အမှန်တကယ်ကို မိသားစုငယ်လေးဆီမှ လာသည့်ပုံပင်။ မဟုတ်လျှင် ချန်ချီကဲ့သို့ သက်ကြားအိုကြီး တစ်ယောက်ကို လွှတ်လိုက်လိမ့်မည် မဟုတ်ချေ။
“ကြည်လင်ကောင်းကင်ဂိုဏ်းလား” ရန်ကိုင်ကဲ့သို့ မဟုတ်ဘဲ ထိုစကားကို ကြားလိုက်သည့်အခိုက် ချန်ချီ၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့သည်။ ချက်ချင်းပဲ လက်သီးဆုပ်၍ ပြောလိုက်လေသည် “ဒီတော့ မိန်းကလေးနဲ့ အဖွဲ့သားတွေက ကြည်လင်ကောင်းကင်ဂိုဏ်းကပေါ့။ မလေးမစား လုပ်မသလို ဖြစ်သွားခဲ့ရင် ကျေးဇူးပြုပြီး ခွင့်လ္ဗတ်ပေးပါနော်”
ထို့နောက် ရန်ကိုင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုကြည်လင်ကောင်းကင်ဂိုဏ်းမှ တပည့်များနှင့် ရန်ကိုင် မည်ကဲ့သို့ သိနေသလဲ ဆိုသည်ကို သူနားမလည်နိုင် ဖြစ်နေခဲ့သည်။ ကြည်လင်ကောင်းကင်ဂိုဏ်းသည် လအရိပ်ခန်းမအောက် မနိမ့်ကျသော အင်အားစုတစ်ခု ဖြစ်သည်။ လွန်ခဲ့သော နှစ်များအတွင် ကြည်လင်ကောင်းကင်ဂိုဏ်းမှ အစစ်အမှန် ပါရမီရှင် တပည့်များ ပေါ်ထွန်းလာခဲ့ခြင်း မရှိသော်လည်း သူတို့၏ အုတ်မြစ်၊ အမွေအနှစ်နှင့် ဂုဏ်သတင်းသည် အရိပ်ကြယ်တစ်လျှောက် ကျော်စောနေဆဲ။
ထို့ကြောင့် သူမသည် ကြည်လင်ကောင်းကင်ဂိုဏ်းမှ ဖြစ်သည်ဟု ချန်ရှီတုန်း ပြောသည်ကို ကြားလိုက်သည့်အခါ ထိုလူအုပ်ကို ချန်ချီ လျစ်လျူမရှုရဲတော့ချေ။
ကြည်လင်ကောင်းကင်ဂိုဏ်းဆိုသော နာမည်ကို ကြားလိုက်သည့်အချိန် မိသားစုငယ်လေး တစ်ခု၏ လူတစ်ယောက်ဆီမှ ထွက်ပေါ်လာသင့်သည့် တုန်ပြန်မှုမျိုးကို မြင်လိုက်သည့်အခါ… ရန်ကိုင်ကြောင့် ခံစားခဲ့ရသော ရှက်ရွံ့မှုတို့ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ရလေသည်။
“အကြီးအကဲချန်၊ အဲ့လောကရတနာကို ခင်ဗျား လိုက်ဖမ်းနေတာလား” ရန်ကိုင်က အလျင်စလို မေးလိုက်သည်။
“ဟုတ်တယ်” ချန်ချီက စိတ်ပျက်ပျက်ဖြင့် လက်တစ်ဖက်ကို လက်သီးဆုပ်လျက် ကျန်လက်ဝါးအပေါ် ထုချလိုက်ရင်း “ဒီကောင်က အရမ်း မြန်လွန်းတယ်။ အစတုန်းက မြွေလေးတစ်ကောင်လို့ ထင်နေတာ။ အနားကပ်သွားလည်း ကပ်သွားရော အနီရောင် အလင်းတန်းအဖြစ် ပြောင်းပြီး ထွက်ပြေးတော့တာပဲ။ ဒီသဲမီးတောက်နယ်မြေထဲမှာ ပျံနိုင်တဲ့ အရာနဲ့ လာတိုးလိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး”
ထိုစကားကို ကြားလိုက်သည့်အခါ အကုန်လုံး မှင်သက်သွားကြသည်။
အစောပိုင်းက လောကရတနာ သူတို့နားမှ ဖြတ်သွားစဉ်က အကုန်လုံးသည် လောကရတနာကို မြင်လိုက်ရသည့်အတွက် စိတ်လှုပ်ရှားနေသည့် အတွက်ကြောင့် ထိုအရာသည် သဲမီးတောက်နယ်မြေ၏ ဥပဒေသကို လွန်ဆန်ပြီး ပျံသန်းနေသည် ဆိုသောအချက်ကို သတိမပြုမိလိုက်ခဲ့ချေ။ ယခု သေချာစဉ်းစားကြည့်လိုက်အခါ ထိုကိစ္စသည် အလွန်ကိုမှ မယုံကြည်ဖွယ် ကောင်းနေကြောင်း သိလိုက်ရသည်။
ထိုရတနာသည် လုံးဝကို ပုံမှန်ရတနာတစ်ခု မဟုတ်ပါချေ။ ထိုအကြောင်းကို စဉ်းစားမိလိုက်သည်နှင့် ကြည်လင်ကောင်းကင်ဂိုဏ်းမှ တပည့်ငါးယောက်၏ အကြည့်များ နီရဲလာခဲ့ကြသည်။
“မြန်မြန်လိုက်” ပြောပြီးသည်နှင့် ရန်ကိုင်သည် အနီရောင်အလင်းတန်း ထွက်ပြေးသွားရာ အရပ်ဆီ ပြေးထွက်သွားလေသည်။ ချန်ချီသည် တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရန်ကိုင် နောက်သို့ ပြေးလိုက်သွားခဲ့သည်။
“စီနီယာအစ်မချန်…” တုတ်ခိုင်ထွားကြိုင်းသော လူငယ်လေးက သူ့နှုတ်ခမ်းကို လျှောဖြင့်သပ်ရင်း ရေရွတ်လိုက်သည် “အစ်မပြောသလိုပဲ၊ အဲ့ကောင်က တကယ့် ကံကြမ္မာသားတော်နဲ့ တူတယ်”
ထိုလူငယ်လေးသည် အလွန်ကိုမှ ထူးခြားကောင်းမွန်လှသော ကံကောင်းခြင်းကို ပိုင်ဆိုင်ထားသည်ဟု ချန်ရှီတောင်း သူတို့အား ပြောခဲ့သည်။ သို့သော်လည်း အစပိုင်းတွင် အကုန်လုံး သူမ ပြောသည်ကို သိပ်မယုံချင်ခဲ့ကြချေ။ သို့သော်လည်း ရန်ကိုင်နှင့် တွေ့ပြီး မကြာသေးခင်မှာပဲ လောရတနာတစ်ခုသည် သူတို့နားမှ ဖြတ်ပြေးသွားခဲ့သည်။ လောကရတနာဆိုသည်မှာ အလွန်ကိုမှ ရှားပါးပြီး အဖိုးတန်လှသည့် ရတနာတစ်မျိုး ဖြစ်ပေသည်။ ထိုအဖြစ်အပျက်နောက်ပိုင်း အကုန်လုံး ချန်ရှီတောင်းပြောသည်ကို ယုံကြည်သွားကြသည်။ သူမအား လေးစားမှုအပြည့်ဖြင့်လည်း ကြည့်လိုက်ကြလေသည်။
“ကျွန်မတို့ ဘာလုပ်သင့်လဲ” အခြား မိန်းကလေးတပည့်တစ်ယောက်က မေးလိုက်သည်။
“သူတို့နောက်လိုက်” ချန်ရှီတောင်းက မြေကိုဆောင့်ကန်ပြီး ရန်ကိုင်တို့ ထွက်သွားသည့် အရပ်ဆီ ပြေးထွက်သွားလေသည်။ ကျန်လေးယောက်သည်လည်း သူတော်စင်ချီကို လှည်ပတ်၍ လှုပ်ရှားမှုပညာရပ် အသီးသီးကိုသုံးကာ အရှိန်ကုန်တင် ပြေးထွက်သွားကြသည်။
“ရန်ကိုင်၊ အဲ့ကြည်လင်ကောင်းကင်ဂိုဏ်းက တပည့်တွေက…” ချန်ချီက သူတို့နောက် လိုက်လာနေသော ကြည်လင်ကောင်းကင်ဂိုဏ်းမှ တပည့်များကို ကြည့်ရင်း စိုးရိမ်နေသည့် လေသံဖြင့် ရန်ကိုင်အား ပြောလိုက်သည်။
“ကျုပ်သူတို့နဲ့ မရင်းနှီးဘူး။ မတော်တဆ ဒီမှာလာတွေ့တာ” ရန်ကိုင်က အပြုံးဖြင့် ပြန်ပြောလိုက်သည် “ဒါပေမယ့် လောကရတနာကို ဖမ်းနိုင်မယ်ဆိုရင် ဖမ်းသာဖမ်းလိုက်။ သူတို့တွေကို ဂရုစိုက်နေစရာ မလိုဘူး။ လောကရတနာကို ဖမ်းနိုင်တဲ့လူ ရလိမ့်မယ်။ သူတို့က ကျုပ်တို့ ဖမ်းပြီးသားကို ဓါးပြတိုက်ချင်တယ် ဆိုရင်တော့ ကျုပ်တို့ကလည်း ယဉ်ကျေးနေမှာ မဟုတ်ဘူး”
“ကောင်းပြီ။ မင်းပြောတာကိုကြားတော့ ငါစိတ်သက်သာရာ ရသွားပြီး” ချန်ချီ ပြန်၍ စိတ်လှုပ်ရှားလာခဲ့လေပြီ။
သဲမီးတောက်နယ်မြေထဲသို့ ဝင်လာရသည့် အဓိက ရည်ရွယ်ချက်မှာ အခွင့်အလမ်းများကို ရှာဖွေလိုသည့် အတွက်ကြောင့် ဖြစ်သည်။ ယခု အခွင့်အရေးတစ်ခု သူရှေ့တွင် ရှိနေပြီဖြစ်လေရာ ကြည်လင်ကောင်းကင်ဂိုဏ်းမှ တပည့်မဆိုထားနှင့်၊ ကောင်းကင်တိုက်ပွဲဂိုဏ်း၊ မိုးကြိုးမုန်တိုင်ဂိုဏ်းမှ တပည့်များ သူ့ရှေ့တွင် ရပ်နေလျှင်ပင် ထိုအခွင့်အလမ်းအတွက် အသက် သေလျှင်သေပါစေ တိုက်ခိုက်ရပေလိမ့်မည်။ သိုင်းတာအိုလမ်းစဉ်နောက်လိုက်ရင်း သေသွားခြင်းသည် အချည်းနှီးမဲ့ သေသွားခြင်းမျိုး မဟုတ်ချေ။ သေမြေကြီး ရှင်ရွှေထီးပင်။
အဖွဲ့နှစ်ဖွဲ့သည် အရှိန်ကုန်တင်လျက် ပြေးလိုက်နေကြသော်လည်း မပျံသန်းနိုင်သည့် အတွက်ကြောင့် သူတို့၏ အမြန်နှုန်းမှာ အတော်လေးကို လျော့ကျသွားခဲ့ရသည်။ ရန်ကိုင်သည် ချန်ချီကို ခဏလောက် ရပ်စောင့်နေလိုက်သည့် အတွက်ကြောင့် အနီရောင်အလင်းတန်းသည် သူ့ကောင်းကင်စိတ်အာရုံ စက်ကွင်းမှ လွတ်မြောက်သွားခဲ့ရသည်။ ထို့ကြောင့် ထိုအနီရောင် အလင်းတန်း၏ အသက်စွမ်းအင် အရှိန်အဝါ အကြွင်းအကျန်းများကို အာရုံခံ၍သာ လိုက်ရတော့လေသည်။
ဤနည်းလမ်းသည် အနီရောင်အလင်းတန်း ရှိနေသည့် နေရာကို အတိအကျ မသိနိုင်သော်လည်း ထိုအရာ ထွက်သွားသည့် လမ်းကြောင်း အကြမ်းဖျင်း ခန့်မှန်းနိုင်ပေသည်။
“ဧည့်အကြီးအကဲချန်၊ အဲ့ဒါ ဘယ်လို လောကရတနာလဲဆိုတာ ခင်ဗျားသိလား” ရန်ကိုင်က ပြေးနေရင်း မေးလိုက်သည်။
“သေချာ မမြင်လိုက်ပေမယ့် မြွေလေးတစ်ကောင်နဲ့ တူတယ်ဆိုတာတော့ သိတယ်။ စစတွေ့ချင်းတုန်းက ဝိဥာဉ်အားဖြည်ပန်းပေါ်မှာ နားနေတာ။ ငါလည်း အဲ့ဝိဥာဉ်အားဖြည့်ပန်းကို သွားခူးမယ်လုပ်ရင်းကနေ အဲ့ဒါကို သတိပြုမိလိုက်တာ”
“ဝိဥာဉ်အားဖြည့်ပန်းလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဆေးပညာရှင် တစ်ယောက် ဖြစ်သည့်အတွက်ကြောင့် ဝိဥာဉ်အားဖြည့်ပန်းအကြောင်း သူကောင်းကောင်း သိပေသည်။ ထိုပန်းသည် သူတော်စင်ဘုရင်အဆင့် ဆေးပင်တစ်ပင်ဖြစ်ပြီး ၎င်းမှ ထုတ်လွှတ်သော ပန်းသင်းရနံ့သည် လူတစ်ယောက်၏ စိတ်ကို ငြိမ်းအေးစေနိုင်ပြီး ဝိဥာဉ်ကို တိုးတက်စေနိုင်သည်။ ထိုဆေးပင်သည် အမျိုးမျိုးသော ဝိဥာဉ်အားဖြည့်ဆေးများအတွက် အဓိကဆေးအမယ် တစ်မျိုး ဖြစ်ပေသည်။
သို့သော်လည်း လောကရတနာများသည် အစကတည်းက စိတ်ဝိဥာဉ်ဆေးပင်များ ဖြစ်လေရာ ဘာကြောင့် ဝိဥာဉ်အားဖြည့်ပန်း၏ သင်းရနံ့ကို စုပ်ယူစရာ လိုအပ်ရသနည်း။
ထိုမြွေပုံစံ လောကရတနာသည် ကိုယ်ပိုင်ဝိဥာဉ် ဖြစ်တည်ပြီးသား၊ အသိစိတ် ရှိနေသည့် လောကရတနာတစ်ခုလော။ သို့သော်လည်း ထိုသို့ဆိုလျှင် ထိုအရာသည် ဝိဥာဉ်အားဖြည့်ပန်းကို စိတ်မဝင်စားသင့်ပါချေ။ တကယ်ကို ခေါင်းစားဖွယ်ကောင်းလွန်းလှသည်။
ရန်ကိုင်နှင့် ချန်ချီတို့ စကားပြောနေစဉ် ချန်ရှီတောင်းနှင့် သူမတို့အဖွဲ့သည်လည်း အနည်းငယ် အံ့အားသင့်နေခဲ့ကြသည်။
အကြောင်းမှာ သူတော်စင်ဘုရင်ပထမအဆင့် ဖြစ်သော ရန်ကိုင်၏ အမြန်နှုန်းသည် သူတို့အောက် နိမ့်ကျခြင်းမရှိသောကြောင့်ပင် ဖြစ်သည်။ သူတို့ မည်မျှပင် အရှိန်တင်ပါစေ ထိုသူတော်စင်ဘုရင်ပထမအဆင့် ကျင့်ကြံသူကို မှီအောင် မလိုက်နိုင် ဖြစ်နေခဲ့ရသည်။
ချန်ရှီတောင်းသည် အံ့အားအသင့်ရဆုံးလူ ဖြစ်သည်။ ရန်ကိုင်ကိုလည်း အပြည့်အဝ နားလည်ထားခြင်း မရှိသေးမှန်း သဘောပေါက်လိုက်ရသည်။ မကြာမီ ရန်ကိုင်နှင့် ချန်ချီသည် လွင်ပြင်စပ်တစ်နေရာတွင် ရပ်လိုက်သည်။
ထိုလွင်ပြင်တစ်ခုလုံးသည် ခြောက်မီတာ၊ ခုနှစ်မီတာရှည်သော မြက်များဖြင့် ပြည့်နေသည်။ သို့သော်လည်း ကောင်းကင်စိတ်အာရုံဖြင့် ဝေ့ကြည့်လိုက်ပြီးနောက် ထိုမြက်ပင်များကြား မည်သည့် စိတ်ဝိဥာဉ်ဆေးပင်မှ မရှိသည်ကို အံ့အားသင့်ဖွယ် ရန်ကိုင် တွေ့ရှိလိုက်ရသည်။ ကြည့်ရသည်မှာ ဤမျိုးမအောင်သော လွင်ပြင်သည် မြက်ပင်များသာ ပေါက်ရောက်သည့် နေရာတစ်ခု ဖြစ်သည့်ပုံပင်။
အခြေအနေသည် ပုံမှန်မဟုတ်ချေ။
သူတို့ လိုက်ဖမ်းနေသည့် အနီရောင်အလင်းတန်း၏ မှိန်ဖျော့ဖျော့ အရှိန်အဝါသည် ဤနေရာတွင် ပျောက်ကွယ်သွားခဲ့သည်။ ထို့သို့ ပျောက်ကွယ်သွားရခြင်းမှာ ထိုအလင်းတန်းသည် တစ်နေရာရာတွင် ပုန်းအောင်းနေသည့် အတွက်ကြောင့်လော၊ အခြား အကြောင်းအရင်း တစ်ခုခုကြောင့်လော ဆိုသည်ကိုမူ ရန်ကိုင် မသိချေ။
သို့သော်လည်း ထိုမြွေပုံစံ လောကရတနာသည် ဤနေရာရှိ တစ်နေရာရာတွင် ရှိနေလိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေခဲ့သည်။
“လူခွဲရှာမယ်။ အဲ့ဒါကို ဒီမြက်ပင်တွေကြားမှာ ရှာဖို့ဆိုတာ သိပ်လွယ်တာ မဟုတ်ဘူး။ ပုံမှန်မဟုတ်တဲ့ စွမ်းအင်လှိုင်းတွေကိုလည်း သေချာ သတိထားဦးနော်။ ဒီမှာ ထောင်ချောက်တွေ၊ အရံအတားတွေ၊ အစီအရင်တွေ ရှိရင် ရှိနေတတ်တယ်” ရန်ကိုင်က ပြောလိုက်သည်။
“ငါသိပြီ” ချန်ချီက ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ရန်ကိုင်နှင့် လူချင်း ခွဲလိုက်သည်။
ခဏအကြာ၌ ချန်ရှီတောင်းနှင့် သူမတို့အဖွဲ့ ရောက်လာခဲ့လေသည်။ သူမတို့ ရောက်လာလာချင်းမှာပဲ ရန်ကိုင်နှင့် ချန်ချီတို့ မြက်ပင်များကြားထဲ တိုးဝင်သွားသည်ကို တွေ့လိုက်ရသည်။ သူမ၏ ဂျူနီယာတပည့် လေးယောက်စလုံး ချန်ရှီတောင်းအား လှမ်းကြည့်လိုက်ကြသည်။
“ငါတို့လည်း လူခွဲရှာမယ်” ချန်ရှီတောင်းက ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။ သူမသည်လည်း ထိုလောကရတနာကို အတော်လေး စိတ်ဝင်စားနေမိပေသည်။
ကြည်လင်ကောင်းကင်ဂိုဏ်းမှ တပည့်ငါးယောက်၊ ရန်ကိုင်နှင့် ချန်ချီတို့သည် လူခွဲ၍ လောကရတနာကို မြက်ပင်များကြား လိုက်လံရှာဖွေနေခဲ့သည်။
ထိုအရာကို ရှာသည်မှာ အမှန်တကယ်ကို ခေါင်းစားစရာ ကောင်းလှသည်။ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် အလွန်ကို အားကောင်းပြီး နေရာအကျယ်ကြီးကို လွှမ်းခြုံနိုင်သော်ငြား အရှိန်အဝါကို အပြည့်အဝ ဖုံးကွယ်ထားနိုင်သည် လောကရတနာတစ်ခုကို ဤနေရာတွင် မည်ကဲ့သို့ ရှာနိုင်မည်နည်း။
နှစ်နာရီမျှ ရှာပြီးနောက် ဆက်ရှာလျှင်လည်း အကျိုးထူးမည် မထင်သဖြင့် လက်လျှော့တော့ရန် ရန်ကိုင် စဉ်းစားလိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာပင် သူနှင့် ဆယ်မိုင်လောက်အကွာဆီမှ စွမ်းအင်လှိုင်းတစ်လှိုင်း ရုတ်တရက် ထွက်ပေါ်လာသည်ကို သတိပြုမိလိုက်ရသည်။
တစ်ယောက်ယောက် တစ်ခုခု တွေ့သွားတာလား ရန်ကိုင် ပျော်သွားခဲ့ပြီး ထိုနေရာဆီ ချက်ချင်း ပြေထွက်သွားလေသည်။
ခဏအကြာ၌ ထိုနေရာဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။ ရောက်လာသည့်အခါ မြေကြီးပေါ်ရှိ အပေါက်တစ်ပေါက် ပတ်ပတ်လည်တွင် ဝိုင်းအုံ ရပ်နေကြသော ကြည်လင်ကောင်းကင်ဂိုဏ်းမှ တပည့်ငါးယောက်ကို တွေ့လိုက်ရသည်။ အကုန်လုံးသည် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ထိုတွင်းပေါက်ကို ငုံကြည့်နေခဲ့ကြသည်။ သို့သော် မည်သူမှ တွင်းထဲသို့ အလွယ်တကူ ဝင်မသွားရဲကြချေ။
ခဏအကြာ၌ ချန်ချီ ရောက်လာပြန်သည်။
“ဟိုဟာကို တစ်ယောက်ယောက် ရှာတွေ့သွားတာလား” ချန်ချီက တွင်းပေါက်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
“ကျုပ်မသိဘူး” ရန်ကိုင် ခေါင်းခါပြလိုက်သည်။
ထိုတွင်းပေါက်ဆီမှ မည်သည့် မယ်မယ်ရထိုက်တန့်သည့် ဘာကိုမှ သူရှာမတွေ့ခဲ့။ သို့သော်လည်း တွင်းပေါက်ထဲတွင် ဘာရှိနေသလဲ ဆိုသည်ကို သေချာ စူးစမ်းကြည့်ရန် လိုအပ်ပေသည်။
သို့သော်လည်း ထိုတွင်းပေါက်ကို အခြားသူများက အရင်ရှာတွေ့သွားခြင်း ဖြစ်သည့်အတွက် သူအရင်ဝင်သွား၍ မဖြစ်ပါချေ။ မဟုတ်လျှင် ကြည်လင်ကောင်းကင်ဂိုဏ်းမှ တပည့်များနှင့် ပြဿနာတက်နိုင်ပေသည်။ ထို့ကြောင့် လောလောဆယ် စောင့်နေခြင်းသည် အကောင်းဆုံး ဖြစ်သည်။
ချန်ရှီတောင်းနှ့် အခြားသူများ ဘာလုပ်မလဲ ဆွေးနွေးတိုင်ပင်နေကြစဉ် သူတို့သည် ရန်ကိုင်ဆီသို့ မကြာမကြာ လှမ်းကြည့်နေကြသည်။ အချို့သည် ခေါင်းတခါခါ လုပ်နေကြပြီး အချို့သည် ခေါင်းညိတ်နေကြသည်။
ချန်ရှီတောင်းမှ တစ်ခုခု ပြောလိုက်ပြီးသည့်နောက် ခေါင်းခါနေသည့်လူ အားလုံး ခေါင်းညိတ်သွားခဲ့ကြသည်။ သဘောတူညီချက် ရသွားပြီးသည့်နောက် ချန်ရှီတောင်းက အပြုံးယဲ့ယဲ့လေးပြုံးလျက် ရန်ကိုင်ဆီသို့ လျှောက်လာခဲ့လေသည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ချန်ရှီတောင်း ဘာကြံနေသလဲ ဆိုသည်ကို မသိသော်လည်း သူမဆီမှ မည်သည့် မကောင်းကြံလိုစိတ်ကိုမှ မခံစားမိသဖြင့် ဘာမှမပြောဘဲ ရပ်၍သာ သူမဘာလာပြောမလဲ ဆိုသည်ကို စောင့်ကြည့်နေလိုက်သည်။
“မောင်လေး အစ်မတို့နဲ့အတူ ဒီလိုဏ်ဂူကို စူးစမ်းကြည့်ချင်လး” ချန်ရှီတောင်းက မေးလိုက်သည်။
“ကျုပ်ကို ဝင်ပါခိုင်းချင်နေတာလား” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။
“ဝင်ပါခိုင်းရမှာပေါ့။ ဒီလိုဏ်ဂူကို အစ်မ ဂျူနီယာမောင်လေးက ရှာတွေ့ခဲ့တာ ဆိုပေမယ့် အဲ့လို ရှာတွေ့နိုင်တာကလည်း လောကရတနာကို လိုက်ဖမ်းခဲ့တာကြောင့်ပဲလေ။ ဒါကြောင့် မောင်လေးကိုလည်း ဖိတ်ခေါ်ရတာ” ချန်ရှီတောင်းက အသာအယာပြုံးလျက် ပြောလိုက်သည်။
“လောကရတနာက အဲ့ထဲမှာ ရှိနေတာတော့ မဟုတ်ပါဘူးနော်။ ဒီအတိုင်း အလကားတော့ ဝင်ပါခိုင်းမှာ မဟုတ်ဘူးမလား။ ခင်ဗျားတို့ဘက်က တစ်ခုခု တောင်းဆိုစရာရှိတယ်မလား” ရန်ကိုင်က ပြုံး၍ ပြန်မေးလိုက်သည်။
ချန်ရှီတောင်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သို့သော် ချက်ချင်းပဲ ပြုံး၍ “မောင်လေးက တကယ်ကို နားလည်တတ်တာပဲ။ အဲ့လိုဆိုမှတော့ အစ်မလည်း ကွေ့ဝိုက် မနေတော့ပါဘူးလေ။ ဒီလိုဏ်ဂူအကြောင်းကို အစ်မတို့ထဲက ဘယ်သူမှ မသိကြဘူး။ အထဲမှာ အခွင့်အလမ်းတွေ ရှိနေတာလည်း ဖြစ်နိုင်တယ်။ အန္တရာယ်တွေနဲ့ ပြည့်နေတာမျိုးလည်း ဖြစ်နိုင်တယ်။ သဲမီးတောက်နယ်မြေက အန္တရာယ်ပေါင်းစုံနဲ့ ပြည့်နေတဲ့ နေရာတစ်ခုဆိုတာကို မောင်လေးလည်း သိတယ်မလား။ ဒီလိုဏ်ဂူပုံက ဘာမှသိပ်မထူးခြားဘူး ဆိုပေမယ့် အထဲမှာ ဘာတွေရှိနေလဲ ဆိုတာကို ဘယ်သူမှမသိဘူးလေ။ ဒါကြောင့် အစ်တို့အဖွဲ့ သာမန်ကာလျှံကာ အောက်ဆင်းမသွားရဲသေးတာ…”
ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။ ကြားဖြတ်မပြောဘဲ သူမ ပြောပြီးမည့် အချိန်ကိုသာ စောင့်နေလိုက်သည်။
ချန်ရှီတောင်းက ဆက်၍ ပြောလိုက်သည် “မောင်လေးရဲ့ ကံက တော်တော်လေး ကောင်းတယ်လို့ အစ်မထင်တယ်။ ဒါကြောင့် မောင်လေးကို ရှေ့ကနေ ဦးဆောင်သွားခိုင်းရင် ကောင်းမလားလို့ စဉ်းစားနေတာ။ အဲ့လိုဆို အန္တရာယ် ကြီးကြီးမားမားတွေကို ရှောင်နိုင်မယ်လေ။ ဒါပေမယ့် မောင်လေးဘာသာလည်း အရင်စဉ်းစားဦးပေါ့။ မောင်လေး ရှေ့ဆုံးကနေ မသွားချင်ဘူးဆိုရင်လည်း အစ်မတို့က တွန်းအားမပေးပါဘူးလေ”
သူတို့က သူ့ကို ရှေ့ပြေးအဖြစ် အရင်သွားစေချင်နေသည်ကိုး… ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့သည်။
သူသဘောတူပေသည်။ သူတို့ ထိုကဲ့သို့ မတောင်းဆိုလျှင်ပင် သူက အရင်သွားပါစေဟု တောင်းဆိုဦးမည်သာ။ ယခု သူတို့ဘက်မှ အရင်တောင်းဆိုသဖြင့် ရန်ကိုင်အတွက် လုပ်ရကိုင်ရ ပို၍ လွယ်ကူသွားလေပြီ။
အပိုင်း(၁၂၀၀)
အထွဋ်အထိပ်သိုင်းဧကရာဇ်
ရန်ကိုင်သည် ချက်ချင်းကြီး သဘောမတူသေးဘဲ စဉ်းစားချင်ယောင် ဆောင်နေလိုက်သည်။ ရန်ကိုင် သဘောများ မတူတော့ဘူးလားဟူ၍ ချန်ရှီတောင်း စတင် တွေးပူလာစဉ်မှပဲ ရန်ကိုင်က ပြောလိုက်လေသည် “ကျုပ်သဘောတူတယ်။ ဒါပေမယ့် အောက်ရောက်လို့ ရှာတွေ့တဲ့ ရတနာတွေကို ဘယ်လို ခွဲဝေယူမှာလဲ”
“မောင်လေး စိတ်ချထားလိုက်။ အစ်မတို့က ကောင်းကင်တိုက်ပွဲ အစည်းအရုံးလို နိုင်ထက်စီးနင်း လုပ်တတ်တဲ့ လူစားမျိုး မဟုတ်ဘူး။ အခု စုစုပေါင်း လူခုနှစ်ယောက် ရှိတယ်မလား။ ဒါကြောင့် ရတဲ့ အကျိုးအမြတ်ကို စုစုပေါင်း ခုနှစ်ပုံခွဲပြီး တစ်ယောက်တစ်ပုံစီ အညီအမျှ ခွဲဝေယူမှာ”
ယခုဝေစုခွဲပုံသည် ကြည်လင်ကောင်းကင်ဂိုဏ်းအတွက် အတော်လေး အရေးသာနေသည်။ တကယ်တော့ သူတို့ဘက်တွင် လူငါးယောက်ပင် ရှိနေသည်လေ။ ထို့ကြောင့် ဝေစု၏ ခုနှစ်ပုံအနက် ငါးပုံသည် သူတို့ဆီ ရောက်သွားရပေလိမ့်မည်။ သို့သော် တစ်ဖက်က ကြည့်ပြန်လျှင်လည်း ထိုဝေစုခွဲပုံသည် အတော်လေး မျှတသည်ဟု ပြော၍ရသည်။
တကယ်တော့ သူတို့ ငါးယောက်စလုံးသည် သူတော်စင်ဘုရင် ဒုတိယအဆင့်၊ တတိယအဆင့်ချည်းများ ဖြစ်ကြသည်။ သူတို့နေရာတွင်သာ ကောင်းကင်တိုက်ပွဲအစည်းအရုံးမှ တပည့်များဆိုပါက ဝေစုရဖို့မဆိုထားနှင့်၊ သူတို့အား ဤနေရာမှာ မောင်းထုတ်လျှင်ထုတ်၊ မထုတ်လျှင် သတ်ပစ်ရန်ပင် ကြိုးစားပေလိမ့်မည်။ ချန်ရှီတောင်းသည် ထိုကဲ့သို့ ကမ်းလှမ်းမှုမျိုး လုပ်လာခဲ့လေရာ အတော်လေးကို ကြင်နာသည့် လူအမျိုးအစားထဲ ပါဝင်သည်ဟု ဆိုနိုင်ပေသည်။
သို့သော်လည်း သူတို့သာ ရန်ကိုင်နှင့် ချန်ချီကို ထုတ်ပယ်ရန် ကြိုးစားမည်ဆိုပါက ခံစားသွားရမည့်လူသည် သူတို့သာ ဖြစ်ကြောင်းကို ကြည်လင်ကောင်းကင်ဂိုဏ်းမှလူများ မသိကြချေ။
“ခုနှစ်ပုံခွဲလို့ မရတဲ့ဟာတွေ ဆိုရင်ကော” ရန်ကိုင်က ထပ်မေးလိုက်သည်။
“လွယ်လွယ်လေး။ ခုနှစ်ပုံခွဲလို့မရရင် လေလံဆွဲသလို ဈေးပြိုင်ပေးကြပေါ့။ ဈေးအများဆုံး ပေးနိုင်တဲ့လူယူလေ၊ မဟုတ်ဘူးလား။ အဲ့လိုဆို ကိုယ်လိုချင်တဲ့ ရတနာကိုလည်း ရမယ်။ အခြား မရတဲ့လူတွေကလည်း သူတော်စင်သလင်းကျောက်တွေ ရမယ်။ ဒါငါတို့ဂိုဏ်း ဖြေရှင်းနေကြ ပုံစံ တစ်မျိုးပဲ” ချန်ရှီတောင်က ရှင်းပြလိုက်သည်။
ထို့ကြောင့် ရန်ကိုင်လည်း ဘာမှ ကန့်ကွက်မနေတော့ဘဲ ချက်ချင်း ခေါင်းညိတ်၍ “ကောင်းပြီလေ။ ခင်ဗျား အစီအစဉ်အတိုင်း သွားကြတာပေါ့။ ကျုပ်ရှေ့က သွားမယ်။ ကျုပ် ငယ်ပြီး အားကောင်းမောင်းသန် ရှိတုန်းပဲဆိုတော့ ရှေ့ဆုံးကနေသွားလို့ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ဧည့်အကြီးအကဲချန်က အသက်ကြီးနေပြီ။ ဒါကြောင့်…”
“သူ့ကို နောက်မှာ နေခိုင်းလိုက်မယ်လေ။ သူ့လို အသက်ကြီးနေတဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ရှေ့ဆုံးကနေ သွားခိုင်းလို့ ဖြစ်ပါ့မလဲ” ချန်ရှီတောင်းက ပြုံး၍ ပြန်ပြောလိုက်သည်။ ရန်ကိုင် ဘာပြောချင်နေလဲ ဆိုသည်ကို သူမ သိပေသည်။ ထို့ကြောင့် ချက်ချင်းပဲ သဘောတူလိုက်သည်။
“ကောင်းပြီလေ” ရန်ကိုင် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုမိန်းမလှလေး ချန်ရှီတုန်းသည် အရေးကိစ္စ အသွယ်သွယ်ကို မည်ကဲ့သို့ ကိုင်တွယ်ရမလဲ ဆိုသည်အား ကောင်းကောင်း သိသည့်လူတစ်ယောက် ဖြစ်သည်ဟု ဝန်ခံရပေမည်။ သူမသည် သူမကိုယ်ကျိုး အတွက်သာမက အခြားလူများအတွက်ပါ ရှုထောင့်အမျိုးမျိုးမှ တွေးကြည့်ပြီး အားလုံးအတွက် အကျိုးရှိမည့် နည်းလမ်းများကို စဉ်းစားနိုင်သည်။ ထို့ကြောင့် လေးယောက်အနက်တွင် သူခေါင်းဆောင် ဖြစ်နေသည်မှာ အထူးအဆန်း မဟုတ်ချေ။
ချန်ရှီတောင်းသည် ကြည်လင်ကောင်းကင်ဂိုဏ်းတွင် အဓိကတပည့်ကဲ့သို့ အဆင့်မြင့် တပည့်တစ်ယောက် ဖြစ်ရမည်ဟုလည်း ခန့်မှန်းလိုက်သည်။
ဆွေးနွေးတိုင်ပင်မှု ပြီးဆုံးသွားပြီးနောက် အချိန်ဖြုန်းမနေတော့ဘဲ ရန်ကိုင်သည် တွင်းပေါက်ထဲသို့ ချက်ချင်း ခုန်ဆင်းသွားလေသည်။
ရန်ကိုင်၏ လုပ်ရပ်သည် သူ့အား သတိပေးစကားပြောရန် လုပ်နေသည့် ချန်ရှီတောင်းအား ကြောင်အမ်းအမ်း ဖြစ်သွားစေခဲ့သည်။ သူမ စကားတစ်ခွန်းပင် မပြောရသေးခင်မှာပဲ ရန်ကိုင်သည် တွင်းပေါက်ထဲသို့ ခုန်ဆင်းသွားနှင့်နေလေပြီ။
“ဒါ…” ကြည်လင်ကောင်းကင်ဂိုဏ်းမှ တပည့်ငါးယောက်သည်လည်း တစ်ယောက်ကို တစ်ယောက် ရှုံ့မဲ့နေသည့် အမူအရာများဖြင့် ကြည့်လိုက်သည်။
ရန်ကိုင်သည် ကံကြမ္မာသားတော် ဖြစ်ရမည်ဟု သူတို့ ပို၍ ယုံကြည်လာခဲ့ကြသည်။ ထိုကောင်သည် အမှန်တကယ်ကို မစဉ်းစားမဆင်ခြင် အလျင်စလို လုပ်တတ်သည်။ မည်သို့သော အန္တရာယ်များ ရှိနေသလဲ ဆိုသည်ကို မသိရေသေးသော တွင်းပေါက်ထဲသို့ အကာအကွယ် မှော်ရတနာများဖြင့် ကာကွယ်ပြီးမှ ဝင်သွားမည်မလုပ်ဘဲ ဒီအတိုင်းကြီး ခုန်ဆင်းသွားသည်။ မည်သည့် မှော်ရတနာမှ မသုံးလျှင်ပင် သူ့ကိုယ်သူကာကွယ်ရန် သူတော်စင်ချီကိုမူ အသုံးပြုသွားသင့်ပေသည်။
ကံကြမ္မာသားတော် ဖြစ်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူ၏ အလျင်စလို မဆင်မခြင် အပြုအမူကြောင့် ဆယ်ခါပြန် သေပြီးလောက်ပေပြီ။
“အဟန်း၊ ငါတို့ သူ့နောက်လိုက်ကြရအောင်” လူငါးယောက်စလုံး ကြောင်အမ်းအမ်း ဖြစ်နေကြသည်ကိုမြင်သော် ချန်ချီက ချောင်းဟန့်၍ သတိပေးလိုက်သည်။ ရန်ကိုင်သာ အောက်ဘက်တွင် အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည်ဆိုပါက ဤနေရာတွင် ရပ်နေရုံဖြင့် ကူညီပေးနိုင်လိမ့်မည် မဟုတ်ချေ။
“အင်း၊ သူ့နောက်လိုက်ကြမယ်…” ချန်ရှီတောင်းကလည်း ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။ ကြည်လင်ကောင်းကင်ဂိုဏ်းမှ ကျန်တပည့် လေးယောက်လည်း သူတို့၏ သူတော်စင်ချီကို လှည့်ပတ်၍ တွင်းပေါက်ထဲသို့ ခုန်ဆင်းသွားခဲ့ကြသည်။ သူတို့ ခုန်ဆင်းသွားပြီးနောက် ချန်ချီ လိုက်ခုန်ဆင်းသွားခဲ့သည်။ ချန်ရှီတောင်းကမူ နောက်ဆုံးမှ ခုန်ဝင်သွားခဲ့လေသည်။
တွင်းပေါက်သည် အလွန်နက်သည်။ ရန်ကိုင် ခုန်ဆင်းသွားပြီးသည့်နောက် အချိန် အတော်ကြာအောင် အောက်သို့ဆက်၍ ပြုတ်ကျနေခဲ့သည်။ တွင်းပေါက်သည် သဘာဝအတိုင်း ဖြစ်လာဟန်တူသော်လည်း တွင်းနံရံများမှာ ကျောက်စိမ်းသားကဲ့သို့ ချောမွတ်နေခဲ့သည်။
ရန်ကိုင်သည် မည်သည့် အကာအကွယ် မှော်ရတနာကိုမှ အသုံးမပြုထားသလို သူတော်စင်ချီကိုလည်း လှည့်ပတ်ထားခြင်း မရှိသော်ငြား အန္တရာယ်တစ်ခုခု ရုတ်တရက် ထွက်ပေါ်လာခဲ့လျှင် သူ့ကိုယ်သူ အချိန်မှီ ကာကွယ်နိုင်ရန်အတွက် ကောင်းကင်စိတ်အာရုံကိုမူ အပြည့်အဝ ဖြန့်ကျက်ထားခဲ့သည်။
သို့သော်လည်း တွင်းအောက်ဆီမှ မည်သည့် အန္တရာယ်အငွေ့အသက်ကိုမှ သူမရရှိခဲ့။ အမွှေးတိုင်တစ်ချောင်းစာမျှ အောက်သို့ပြုတ်ကျနေပြီးသည့်နောက် အနည်းဆုံး မီတာ တစ်ထောင်လောက်ကို သူဆင်းလာခဲ့ပြီးပြီဟု ရန်ကိုင် ခန့်မှန်းလိုက်သည်။ သို့သော်လည်း မည်သည့် အန္တရာယ်မှ ရင်ဆိုင်မတွေ့ရသေးချေ။
ရုတ်တရက် အောက်ဘက်ဆီမှ အလွန်တရာကိုမှ သန့်စင်လှသည့် စွမ်းအင်များ ထွက်ပေါ်လာသဖြင့် ရန်ကိုင် စိတ်အားတက်ကြသွားပြီး ထိတ်လန့် ထိတ်လန့်သွားရသည်။
ဤနေရာရှိ မိုးမြေစွမ်းအင်သည် ဝိဥာဉ်သန့်နတ်ရေစင်သည် ကျောက်တုံးလိုဏ်ဂူထက်ပင် ပို၍ သိပ်သည်းသန့်စင်နေခဲ့သည်။ ထိုမျှ သိပ်သည်းလှသော မိုးမြေစွမ်းအင်ကို ထုတ်ပေးနိုင်သည့် မည်သည့်အရာမဆို အလွန်ကိုမှ အဖိုးတန်သော ရတနာတစ်ခု ဖြစ်ရပေလိမ့်မည်။
နောက်ထပ် မီတာတစ်ရာလောက် ထပ်ဆင်းသွားပြီးနောက် အောက်သို့ ရောက်လာခဲ့သည်။ ရောက်သည်နှင့် အလင်းကျောက်တုံးတစ်တုံးကို ထုတ်ကာ ပတ်ဝန်းကျင်ကို ချက်ချင်းပဲ စူးစမ်း ကြည့်လိုက်သည်။
အလင်းရောင်ကြောင့် မြေအောက်လိုဏ်ဂူတစ်ခုထဲသို့ ရောက်နေမှန်း ရန်ကိုင် သိလိုက်သည်။ အနီးအနားတွင် သလင်းကျောက်ကဲ့သို့ ကြည်လင်နေသည့် မြေအောက်မြစ် တစ်စင်းလည်း စီးဆင်းနေခဲ့သည်။
လိုဏ်ဂူသည် သိပ်မကြီးချေ။ အများဆုံးမှ အချင်း မီတာရာဂဏန်းလောက်သာ ရှိမည်။ သို့သော်လည်း လိုဏ်ဂူဆီမှ အဘက်ဘက်သို့ ဖြာထွက်နေသော လိုဏ်ခေါင်းများစွာ ရှိသေးသည်ကို ရန်ကိုင် တွေ့လိုက်ရသည်။
လိုဏ်ခေါင်းတစ်ခုချင်းစီသည်လည်း အလွန်ကိုမှ မိုးမြေစွမ်းအင် သိပ်သည်းလှသည်။
ဝေ့ကြည့်ရင်း လိုဏ်ခေါင်းတစ်ခုသို့ အရောက်၌ ရန်ကိုင်၏အကြည့် တောက်ပသွားခဲ့သည်။ ထိုလိုဏ်ခေါင်းပေါက်ဝဆီမှ လောကရတနာ၏ အရှိန်အဝါကို သူခံစားမိနေခဲ့သည်။ အရှိန်အဝါမှာ အတော်လေးကိုမှ အားနည်းပြီး အလျင်အမြန် ပျောက်ကွယ်နေသော်ငြား လောကရတနာ၏ အရှိန်အဝါဖြစ်သည်မှာ သံသယရှိစရာ မလိုချေ။
မြွေလေးသည် ထိုလိုဏ်ခေါင်းထဲတွင် ပုန်းအောင်းနေသည်။ ရန်ကိုင်သည် ထိုလိုဏ်ခေါင်းထဲသို့ ချက်ချင်း ပြေးမဝင်သွားသေးဘဲ အခြားသူများ ရောက်လာမည့် အချိန်ကို ရပ်စောင့်နေလိုက်သည်။
ခဏအကြာတွင် ကြည်လင်ကောင်းကင်ဂိုဏ်းမှ တပည့်ငါးယောက်နှင့် ချန်ချီ ရောက်လာခဲ့သည်။ လိုဏ်ဂူ၏ ထူးဆန်းပုံ၊ သိပ်သည်းလှသော မိုးမြေစွမ်းအင်ကို သတိပြုပြီးသည့်နောက် အကုန်လုံး ထိတ်လန့်အံ့အားသင့်သွားခဲ့ကြသည်။
“စီနီဘာအစ်မ၊ ဒါဘယ်နေရာလဲ” အဖွဲ့ထဲတွင် ရှိနေသော အခြားမိန်းကလေး ကျင့်ကြံသူ တစ်ယောက်က ချန်ရှီတောင်းကို မေးလိုက်သည်။
“ငါဘယ်လိုလုပ်ပြီး သိမှာလဲဟဲ့။ မောင်လေး၊ နင်အရင် ဆင်းလာတာဆိုတော့ ထူးခြားတာ တစ်ခုခုများ တွေ့ထားလား” ချန်ရှီတောင်းက ရန်ကိုင်ကို မေးလိုက်သည်။
“မတွေ့ဘူး” ရန်ကိုင်က ခေါင်းခါလိုက်သည် “ဒီကိုရောက်ပြီးတာနဲ့ ခင်ဗျားတို့ကို ရပ်စောင့်နေတာ”
ချန်ချီကမူ မျက်မှောင်ကြုတ်သွားခဲ့သည်။ ရုတ်တရက် တစ်ခုခုကို သတိရသွားသည့် အလား သူ့မျက်နှာထက် မျှော်လင့်ချက် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။
ချန်ချီ အမူအရာ ပြောင်းသွားသည်ကို ချန်ရှီတောင်း သတိပြုမိလိုက်ပြီး ချက်ချင်းပဲ လှမ်းမေးလိုက်လေသည် “ဦးလေးကြီး တစ်ခုခု တွေ့လိုက်လို့လား။ တစ်ခုခု သိထားတာရှိရင် ကျွန်မတို့ကိုလည်း ပြောဦးနော်”
ချန်ချီက ရယ်သွမ်းသွေးကာ ပြောလိုက်သည် “သခင်မလေးက အလေးအနက်ကြီး လုပ်နေတာပဲ။ ဒီလူအိုကြီး သိတာမှန်တယ်ဆိုရင်တော့ ဒါမိုင်းတွင်းပဲ ဖြစ်ရမယ်”
“မိုင်းတွင်းလား” ချန်ချီတောင်းနျင့် အခြားသူများ အံ့အားသင့်သွားခဲ့ကြသည်။
“ဟုတ်တယ်၊ သူတော်စင်သလင်းကျောက်တွင်းပဲ” ချန်ချီက လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။ သူ့စကားကြောင့် ရှိနေသူအားလုံး ထိတ်လန့်သွားခဲ့ရသည်။ ချန်ချီက ဆက်၍ ပြောလိုက်သည် “ပြီးတော့ အဆင့်မြင့်မိုင်းတွင်းတစ်ခု ဖြစ်လောက်မယ်”
“ဒီနေရာက တကယ်ကြီး သူတော်စင်သလင်းကျောက် မိုင်းတွင်းလား” ချန်ရှီတောင်း၏ မျက်ဝန်းအစုံ တဖျက်ဖျက် ဝင်းလက်တောက်ပသွားခဲ့သည်။ ကျန်းလေးယောက်စလုံးသည်လည်း အတော့်ကိုမှ အံ့အားသင့်နေကြသည်။
“တစ်ရာရာခိုင်နှုန်း အာမမခံရဲပေမယ့် အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်း သေချာတယ်” ချန်ချီက ယဲ့ယဲ့လေးပြုံးလျက် “ဘာလို့လဲဆိုတော့ အရိပ်လခန်းမပိုင်တဲ့ သလင်းကျောက်တွင်း အချို့မှာ မိုင်းသွားတူးဖူးလို့ပဲ။ ဒါကြောင့် ဒီနေရာနဲ့ နည်းနည်း ရင်းနှီးနေတာ။ ငါ့ခန့်မှန်းတာ ဟုတ်မဟုတ် သိချင်ရင် အဲ့လိုဏ်ခေါင်းတွေထဲ ဝင်သွားကြည့်လိုက်ရင်ရပြီ”
အကုန်လုံးလည်း ချန်ချီ ပြောသည်မှာ မှန်မမှန် သိရလေအောင် မိုင်းတွင်းများကို ချက်ချင်း စစ်ဆေးကြည့်တော့လေသည်။ လိုဏ်ဂူထဲမှ ဖြာထွက်နေသည့် လိုဏ်ခေါင်းများစွာ ရှိသဖြင့် ရန်ကိုင်သည် စိတ်ကြိုက်လိုဏ်ခေါင်းတစ်ခုကို ရွေးချယ်လျက် ဝင်သွားလိုက်သည်။
မီတာသုံးရာလောက် လျှောက်လာပြီးနောက် ရန်ကိုင်၏ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ပြီး အရှေ့တည့်တည့်သို့ စိုက်ကြည့်လိုက်သည်။ သူတော်စင်သလင်းကျောက် သန်းတစ်ရာကို ပိုင်ဆိုင်ထားပြီး အမျိုးမျိုးသော ထူးဆန်းအံ့ဩဖွယ်ရာများကို မြင်ထားဖူးသည် ဖြစ်သည့်တိုင် သူ့ရှေ့ရှိ မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသေးသည်။ သူ့ရှေ့မှ ပေးစွမ်းနေသည့် အရှိန်အဝါအရ ဤနေရာသည် အဆင့်မြင့် သူတော်စင်သလင်းကျောက် မိုင်းတွင်းဖြစ်မှန်း ရန်ကိုင်လုံးဝ သေချာသွားခဲ့လေပြီ။
ဤနေရာသည် လိုဏ်ဂူအပြင်ဘက်စွန်းသာ ရှိသေးသည်။ အတွင်းပိုင်းသို့သာ ဆက်သွားလိုက်လျှင် မည်မျှ များပြားသော သူတော်စင်သလင်းကျောက်များကို မြင်ရမည်နည်း။
ရန်ကိုင် နောက်ဘက်ဆီမှ နှလုံးခုန်သံနှင့် တံတွေးမျိုသံ ထွက်ပေါ်လာခဲ့သည်။
အရိပ်ကြယ်ပေါ်တွင် သူတော်စင်သလင်းကျောက်တွင်းများ ရှားပါးပေသည်။ သို့သော်လည်း ရတနာစံအိမ်တွင် အင်အားစုကြီးများ သုံးဖြုန်းခဲ့သည့် ပမာဏကို သွားကြည့်၍ အရိပ်ကြယ်ပေါ်တွင် သူတော်စင်သလင်းကျောက်တွင်းများ မရှားဘူးဟု သွားမမှတ်ယူသင့်။ ထိုဂိုဏ်းများသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် စုဆောင်းပြီးမှ ထိုပမာဏကို ရထားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သဲမီးတောက်နယ်မြေ ဖွင့်တော့မည့် ဖြစ်သည့်အတွက်ကြောင့် ကြိုတင် ပြင်ဆင်ထားလိုသည့်အတွက် ထိုမျှများပြားသော ပမာဏကို သုံးခဲ့ခြင်း ဖြစ်သည်။
အင်အားစုကြီးများအတွက် ထိုကဲ့သို့ သုံးဖြုန်းလိုက်ခြင်းသည် ရင်းနှီးမြုပ်နှံမှု ဖြစ်သည်။ သူတို့တပည့်များသာ သူတို့ ဖြုန်းတီးလိုက်ရသည်များကို အကျိုးရှိရှိအသုံးချနိုင်လျှင် သဲမီးတောက် နယ်မြေထဲ သူတို့ပြန်ရရှိမည့် အကျိုးအမြတ်များသည် ဖြုန်းလိုက်ရသည့် သူတော်စင် သလင်းကျောက် ပမာဏကို ပြန်ကာမိသည်ထက် ပိုနေပေလိမ့်မည်။
သို့သော်လည်း သူတို့ မည်မျှပင် ချမ်းသာနေစေကာမူ အရိပ်ကြယ်ပေါ်တွင် သူတော်စင် သလင်းကျောက်တွင်းများ ရှားပါးနေသည် ဆိုသောအချက်မှာ ငြင်းမရသည့် အချက်တစ်ချက် ဖြစ်သည်။
ကြည်လင်ကောင်းကင်ဂိုဏ်းသည် အရိပ်လခန်းမအောက် မနိမ့်ကျသည့် အင်အားစုတစ်ခု ဖြစ်သည်။ သူမတို့ဂိုဏ်းသည် သူတော်စင်သလင်းကျောက်တွင်းကြီး၊ တွင်းသေး ဆယ်တွင်းကျော်မက ထိန်းချုပ်ထားသည်ကိုလည်း သူမ ကြားဖူးထားသည်။ သို့သော်လည်း ထိုသူတော်စင် သလင်းကျောက်တွင်းများအနက် နှစ်ခုသည်သာ အဆင့်မြင့် သူတော်စင် သလင်းကျောက်တွင်းများ ဖြစ်ကြပြီး ကျန်တွင်းအားလုံးသည် အလယ်အလတ်နှင့် အဆင့်နိမ့်များ ဖြစ်ကြသည်။
ထို့အပြင် ထိုအဆင့်မြင့် သူတော်စင်သလင်းကျောက်တွင်းထဲရှိ မိုးမြေစွမ်းအင်သည် သူမ လက်ရှိရပ်နေသည့် တွင်းလောက် သိပ်သည်းခြင်း မရှိချေ။
အဆင့်မြင့် သူတော်စင်သလင်းကျောက်တွင်း ဆိုသည်မှာ အဘယ်နည်း။ သူမရှေ့ရှိ သလင်းကျောက်တွင်းသည်သာ အဆင့်မြင့် သူတော်စင်သလင်းကျောက်တွင်း ဖြစ်သည်။ ဤနေရာတွင် တူးလိုက်ရသမျှ သလင်းကျောက်များသည် အထွဋ်အထိပ်အဆင့် သူတော်စင် သလင်းကျောက်များ ဖြစ်ကြလေသည်။
ထို့ကြောင့် သူမရှေ့ရှိ အထွဋ်အထိပ်အဆင့် သူတော်စင်သလင်းကျောက်များကို မြင်သော် ချန်ရှီတောင်း အလွန်ကိုမှ စိတ်လှုပ်ရှားသွားခြင်း ဖြစ်သည်။ သူတို့သာ မိုင်းတွင်းတစ်ခုလုံးကို တူးထုတ်နိုင်မည် ဆိုပါက ကြည်လင်ကောင်းကင်ဂိုဏ်း၏ ငွေရေးကြေးရေး အင်အားကို အကြီးအကျယ် တိုးတက်သွားစေနိုင်ပေလိမ့်မည်။
ဤမျှ ကြီးမားလှသော သူတော်စင် သလင်းကျောက် မိုင်းတွင်းကို ယခင်က မည်သူမှ တစ်ခါမှပင် ရှာမတွေ့ခဲ့ဘူးပေလော။
“ဒါကိုကော ပြောထားတဲ့အတိုင်း ဝေစုခွဲစရာ လိုသေးလား” ရန်ကိုင်က ချန်ရှီတောင်းကို လှည့်မေးလိုက်သည်။
“မလိုတော့ဘူး။ မလိုတော့ဘူး။ အခြား လိုဏ်ခေါင်းတွေကို မစစ်ဆေးရသေးပေမယ့် အဲ့လိုဏ်ခေါင်းတွေလည်း ဒီလိုဏ်ခေါင်းနဲ့ အတူတူပဲ ဖြစ်မှာပဲ။ ခွဲပြီး တူးကြတာပေါ့။ ကိုယ်တူးလို့ ရသလောက် ကိုယ်ယူ” ချန်ရှီတောင်က အလျင်စလို လက်ဝှေ့ရမ်း၍ ပြောလိုက်သည်။
သဲမီးတောက်နယ်မြေ ဖွင့်သည်မှာ တစ်လလောက်သာ ရှိသေးသည်။ ထို့ကြောင့် သူတို့တွင် နောက်ထပ် ခြောက်လ အချိန်ရှိပေသေးသည်။ ထိုငါးလလုံးသာ တောက်လျှောက်တူးနေမည် ဆိုပါက သူတော်စင်သလင်းကျောက် ဘယ်လောက်များများ သူတို့ ရနိုင်မည်နည်း။