← Chapters

ဂျေဇူးဝပ်ဘုန်းတော်ကြီး

Vol. 3 Ch. 133

ဂျေဇူးဝပ်ဘုန်းတော်ကြီး

Vol. 3 Ch. 133

ဓားသူတော်စင် ဆားဗီးရပ် တစ်လမ်းသွားကျောက်ခင်းလမ်းလေး တစ်ခုအတိုင်း လျှောက်သွားနေပါတယ်။ သူ့ပုံစံကိုကြည့်ရတာ အေးအေးလူလူရှိပြီး ဘုရားကျောင်းက ပေးလိုက်တဲ့တာဝန်ဖြစ်တဲ့ နက်ဆန်ကိုရှာဖို့ကို သိပ်ပြီးစိတ်ဝင်စားတဲ့ပုံမပေါ်ပါဘူး။

“ဒဏ်ရာရနေတဲ့ လူတစ်ယောက်ကို လိုက်ဖမ်းရမယ်။ စိတ်ပျက်စရာပဲ။ ငါက သူ့ရဲ့အထွတ်အထိပ်အ​ခြေအနေမှာပဲ တိုက်ခိုက်ချင်တာ။”

ဆားဗီးရပ်က စွမ်းအားကြီးသလို မာနကြီးသူတစ်ယောက်ပါ။ သူ့ရဲ့တမန်တော်စွမ်းအားတချို့ကိုသုံးပြီး နက်ဆန်ကိုရှာဖို့ဆိုတာ ရေသောက်တာထက်တောင် လွယ်ပါသေးတယ်။ ဒါပေမဲ့လုပ်ခဲ့လား ဆိုတော့ မလုပ်ခဲ့ပါဘူး။ သူက အဲဒီနေ့ညက တိုက်ပွဲအကြောင်းကို ပြန်တွေးကြည့်ပြီးတဲ့နောက် အလိုလိုပြုံးလိုက်မိတယ်။

“အားကောင်းတယ်... အရင်က သိပ်ကိုအားနည်းနေခဲ့တဲ့ လူတစ်ယောက်က အချိန်ခဏလေးအတွင်း ပိုအားကောင်း လာတယ်။ ခဏလောက်လွှတ်ထားလိုက်ရင် ပိုအားကောင်း လာမလား။ အဲဒီအချိန်ကျမှ ငါသူ့ကို ရင်ဆိုင်မယ်ဆိုရင် အတွေ့အကြုံရပြီး ငါ့ရဲ့ဓားရေးလည်း တိုးတက်လာလိမ့်မယ်။”

သူတော်စင်လေးယောက်ထဲမှာ ပြိုင်ဖက်ကင်းလောက်တဲ့ တည်ရှိမှုဖြစ်တဲ့ သူ့အတွက် အခက်အခဲတစ်ခုရှိနေပါတယ်။ အဲဒါကတော့ ပိုပြီးအားကောင်းလာဖို့ ခက်ခဲလာတာပါ။ သူ့အနေနဲ့ သန်မာတဲ့ပြိုင်ဘက်တွေနဲ့ တိုက်ခိုက်ဖို့လိုလားပေမဲ့ အဲဒီလိုလူမျိုးက ကမ္ဘာအရပ်ရပ်မှာ လိုက်ရှာရင်တောင် အတော်ရှားနေပါပြီ။

“ရဟန်းမင်းကြီး ဒီလူက အားနည်းလာတာတောင် ငါ့ထက် စွမ်းအားကြီးနေတုန်းပဲ။ သွေးစွန်းဘုန်းတော်ကြီး၊ ဒီလူက ငါ့နဲ့တိုက်ခိုက်ဖို့ အကြိမ်တိုင်း ငြင်းဆန်နေတဲ့သူ။”

ဓားသူတော်စင်က အံ့ကြိတ်လိုက်တယ်။ သူ့ရဲ့ရန်သူတော်ကြီး ရဟန်းမင်းပီးယပ်က သူ့ကိုတစ်ချက်တည်းနဲ့ အနိုင်ယူနိုင်စွမ်း ရှိနေတယ်။ အဲဒီလိုလူမျိုးနဲ့တိုက်ခိုက်ရင် သူ့အနေနဲ့ တိုးတက်မှု ရှိမှာမဟုတ်ပါဘူး။ အဲဒီအစား မိမိကိုယ်ကိုယ်ယုံကြည်မှုတွေ ပျက်ပြားသွားပြီး ဒုက္ခရောက်ဖို့သာရှိပါတယ်။

သွေးစွန်းဘုန်းတော်ကြီးက သူနဲ့ဘက်ညီတယ်ဆိုပေမဲ့... “ငါက အတွေ့အကြုံယူချင်မှန်းသိလို့ ရှောင်ပြေးနေတာလား။”

သွေးစွန်းဘုန်းတော်ကြီးဟာ ပီးယပ်ဘက်တော်သားပါ။ ဆားဗီးရပ် တိုးတက်လာတဲ့အခါတိုင်း ရဟန်းမင်းကြီးအပေါ် ဖိအားတိုးလာမှာ ဖြစ်တဲ့အတွက်ကြောင့် အကြောင်းအမျိုးမျိုးပြပြီး ရှောင်နေခဲ့တာ။

“နက်ဆန်... နက်ဆန်... မြန်မြန်ငါ့အတွက် ပိုအားကောင်းတဲ့ လူတစ်ယောက်ဖြစ်လာစမ်း။”

ဘုတ်...

ကိုယ့်စိတ်ကူးနဲ့ကိုယ် လမ်းလျှောက်နေရင်းကနေ နက်ဆန်က တစ်ယောက်ယောက်နဲ့ ဝင်တိုက်မိသလိုမျိုး ခံစားမိလိုက်တဲ့ အတွက်ကြောင့် မျက်နှာပျက်သွားတယ်။ သူက စွမ်းအားမြင့် အယ်ဒါတစ်ယောက်ပါ။ စိတ်ကူးထဲ မျောနေခဲ့တယ်ဆိုပေမဲ့ ပတ်ဝန်းကျင်ကို သတိမထားမိစရာ အကြောင်းမရှိပါဘူး။ ပုံမှန် ဆိုရင် သူ့ကိုအလစ်တိုက်တဲ့သူရှိရင်တောင် နှစ်ပေါင်းများစွာ လေ့ကျင့်ထားမှုတွေကြောင့် သတိထားမိပြီး ရှောင်ရှားနိုင်စွမ်း ရှိနေရမှာပါ။ လူသူကင်းရှင်းတဲ့လမ်းပေါ်မှာ လူတစ်ယောက်ကို မမြင်ဘဲ ဝင်တိုက်မိဖို့ မဖြစ်နိုင်ဘူး။

‘ထူးဆန်းတယ်' ဆားဗီးရပ်က သူဝင်တိုက်မိတဲ့သူကို ကြည့်တယ်။ အဲဒီလူက အနက်ရောင်ဝတ်ရုံရှည်ကြီးကိုဝတ်ထားပြီး ခါးမှာတော့ အဝတ်ခါးပတ်နက် ပြားကြီးကြီးကိုဝတ်ထားကာ စာအုပ်တစ်အုပ်ကို စလွယ်သိုင်းအိတ်ထဲ ထည့်လွယ်ထားတယ်။ တကယ်တော့ အခုလိုဝတ်စုံပုံမျိုးက ဆားဗီးရပ်အတွက် မရင်းနှီးတဲ့ပုံစံမျိုး မဟုတ်ပါဘူး။ ပြောရရင် သူဝတ်ထားတဲ့ ဘုန်းတော်ကြီး ဝတ်စုံကလည်း အဲဒီဝတ်စုံနဲ့ဒီဇိုင်းတူပြီး အရောင်ကသာ အဖြူရောင်ဖြစ်နေတာပါ။

တစ်ချိန်တည်းဆိုသလိုပဲ ဆားဗီးရပ်ရဲ့ဝတ်ရုံအိတ်ကပ်ထဲ ထည့်ထားတဲ့ အနီရောင်အနားသပ်နဲ့ စာအုပ်အနက်လေးတစ်အုပ် ပြုတ်ကျသွားတယ်။ စာအုပ်အဖုံးပေါ်မှာတော့ လက်ဝါးကပ်တိုင် ပုံတစ်ခုကိုမြင်နိုင်ပေမဲ့ ဟောင်းနွမ်းနေပြီဖြစ်ပြီး မြေပေါ်ကို ပြုတ်ကျသွားတဲ့အခါမှာတော့ စာအုပ်အဖုံးဟာ စာအုပ်ကနေ ပြုတ်ထွက်သွားခဲ့ပါပြီ။

“ဟေး၊ ဂျေဇူးဝပ်ကြီး။ ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ။”

ဆားဗီးရပ်က သူ့ကျမ်းစာအုပ်ကို ပြန်ကောက်လိုက်ရင်းနဲ့ လူကြီးကို ပြောလိုက်တယ်။ လူကြီးက မုတ်ဆိတ်မွှေးဖြူဖြူတွေရှိပြီးတော့ အသက်ငါးဆယ်လောက် ရှိပြီဖြစ်ဟန်နဲ့ ပါးရေနားရေတချို့ တွန့်လိပ်နေတယ်။ နားထင်မှာဆံပင်တချို့ဖြူနေပြီဖြစ်ပေမဲ့ သေသေသပ်သပ်ညှပ်ထားတဲ့အတွက် ကြည့်ကောင်းလှပါတယ်။ အရပ်လည်းရှည်ပြီး ခန္ဓာကိုယ်တည်ဆောက်ပုံက ခန့်ညားတဲ့ စစ်သည်တစ်ယောက်အသွင်ရှိတယ်။

“ရိုမြူလက်ချက်ကျောင်းက ဘရာသာလေး။ ဒီကိုယ်တော်က အသက်ကြီးနေပြီမလို့ မင်းကိုမမြင်လိုက်မိတာပါကွာ။”

ဂျေဇူးဝပ်ကြီးလို့ အခေါ်ခံလိုက်ရတဲ့ လူကြီးက ဆားဗီးရပ်ရဲ့ ရိုင်းရိုင်းစိုင်းစိုင်း စကားတွေကြောင့် စိတ်ဆိုးသွားရမယ့်အစား လေသံအေးအေးနဲ့သာ ပြန်ဖြေပါတယ်။ နောက်တော့ သူက ဆားဗီးရပ်လက်ထဲက စာအုပ်ကိုကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာတယ်။

“သမ္မာကျမ်းပါလား။ ဒီလောက်ဟောင်းနွမ်းနေတာတောင် တန်ဖိုး ထားနေတုန်းပဲဆိုတော့ နေ့တိုင်းလိုလို ဖတ်ဖြစ်တယ်နဲ့တူတယ်။”

ဆားဗီးရပ်ကတော့ ဂျေးဇူးဝပ်ကြီးနဲ့ သိပ်ပြီးတော့ ရင်းရင်းနှီးနှီး စကားပြောချင်ပုံမရပါဘူး။ သူက စာအုပ်ကိုအိတ်ထဲ ပြန်ထည့်ပြီး ထွက်သွားဖို့ကြိုးစားပေမဲ့ ဂျေဇူးဝပ်ကြီးက သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲထားလိုက်တယ်။ ရုန်းဖို့ကြိုးစားပေမဲ့ သူ့လက်ကို ပြုတ်တူနဲ့ ညှပ်ခံထားရသလို ခံစားလိုက်ရတဲ့အတွက် မျက်လုံးပြူးသွား ခဲ့ပါပြီ။

“နှုတ်မဆက်ဘဲ ထွက်သွားတော့မလို့လား၊ ဘရာသာလေး။ ကျုပ်က ရိုမန်ကက်သလစ်၊ မင်းက ရိုမြူလက်ဆိုပေမဲ့ နောက်ဆုံးမှာတော့ ဘုရားသခင်ရဲ့အဆုံးအမတော်ကို ခံယူကြတဲ့သူတွေချင်း အတူတူပဲလေ။”

“ဘုန်းတော်ကြီး၊ ခင်ဗျားက ကျုပ်ကိုဘာပြောချင်လို့လဲ။”

ဂျေဇူးဝပ်ကြီးက မရိုးရှင်းဘူးဆိုတာ ရိပ်မိပြီးတဲ့နောက်မှာတော့ ဆားဗီးရပ်ရဲ့မျက်နှာက ပိုပြီးတော့ တင်းမာခက်ထန်လာတယ်။ ဒါပေမဲ့ ဂျေဇူးဝပ်ကြီးကတော့ တည်တည်ငြိမ်ငြိမ်နဲ့ရှိနေပြီးတော့ သူ့စလွယ်သိုင်းအိတ်ထဲက စာအုပ်ကိုထုတ်ပြီး ဆားဗီးရပ်လက်ထဲ ထည့်ပေးလိုက်ပါတယ်။

“ကျုပ်ကြောင့် မင်းအထွတ်အမြတ်ထားရတဲ့ သမ္မာကျမ်းစာ ပျက်စီးသွားရတယ်။ ဒီတော့ ကျုပ်ရဲ့ကျမ်းစာကို အစားယူပါ။ နောက်ဆုံးမှာတော့ တူညီတဲ့ကျမ်းစာအုပ်တွေ ဖြစ်နေတုန်းပဲလေ။”

ဂျေဇူးဝပ်ကြီးက ဆားဗီးရပ်လက်ထဲကို ကျမ်းစာအုပ် ထည့်ပေးပြီး နောက်မှာ သူ့လက်ကိုလွှတ်လိုက်ပြီး လာရာလမ်းအတိုင်း ပြန်လှည့် ပြန်သွားတယ်။ ဒါကြောင့် အစောပိုင်းက အဖြစ်အပျက်ဟာ တိုက်ဆိုင်တာမဟုတ်ဘူးလို့ ဆားဗီးရပ်ခံစားလာရတယ်။ ဒီလူက သူ့ကိုတမင်သက်သက်လာရှာပြီး ဒီစာအုပ်လာပေးသလိုပဲ။

စာအုပ်အသစ်ကိုငုံကြည့်ပြီးနောက် ဆားဗီးရပ်က ဂျေဇူးဝပ်ကြီး ရှိမယ်ထင်တဲ့နေရာကိုကြည့်ပြီး မေးလိုက်တယ်။

“ ဂျေဇူးဝပ်ကြီး၊ ခင်ဗျားက ဘယ်သူလဲ။”

ဒါပေမဲ့ လမ်းပေါ်မှာ ဂျေဇူးဝပ်ကြီးရဲ့အရိပ်အယောင်ကိုတောင် သူမမြင်ရတော့ပါဘူး။ အဲဒီအစား လမ်းပေါ်မှာသူတစ်ယောက်သာ ရှိနေခဲ့တယ်။

“ထူးဆန်းလိုက်တာ....”

နောက်တော့ ဆားဗီးရပ်က လမ်းဘေးအရိပ်ကောင်းတဲ့ သစ်ပင် တစ်ပင်မှာဝင်ထိုင်လိုက်ပြီး ပြဲသွားတဲ့စာအုပ်နဲ့ အသစ်ရလာတဲ့ စာအုပ်ကိုယှဥ်ကြည့်တယ်။ ပုံစံအတူတူပဲဖြစ်ပြီး မာတိကာကို ယှဥ်ကြည့်တော့လည်း တူညီလုနီးပါးပါပဲ။ ဆားဗီးရပ်ရဲ့စာအုပ်က အရှေ့ပိုင်းအော်သိုဒေါက်ကျောင်းကို အမှီပြုတာမလို့ မကာသီနဲ့ ပါစလန် ၁၁ ရှိခိုးစာနှစ်ပုဒ်အပိုပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့အမိန့် အောက်မှာရှိနေတဲ့ ဂျေဇူးဝပ်ညီအစ်ကိုများအဖွဲ့က ကျမ်းစာက ရိုမန်ကက်သလစ်ကျမ်းစာဖြစ်ပြီး အဲဒီရှိခိုးစာတွေမပါပါဘူး။

ဒါပေမဲ့ ရှိခိုးစာတွေသာဖြစ်ပြီး ကြီးကြီးမားမား ကွဲလွဲတယ်ဆိုလို့မရဘူး။

နဂိုကတည်းက ဒီဂိုဏ်းကြီးနှစ်ခုက အလယ်ခေတ်ကာလအတွင်း သုံးပါးတစ်ဆူအဓိပ္ပါယ် ဖွင့်ဆိုရာမှာ အနည်းငယ်ကွဲပြားရာကနေ အငြင်းပွားပြီး နှစ်ပိုင်းကွဲသွားခဲ့ရုံပါ။ အကြိမ်ကြိမ်ပြန်ပေါင်းဖို့ ကြိုးစားခဲ့ပေမဲ့ ဘယ်လိုမှပြန်ပေါင်းစည်းလို့ မရခဲ့ပဲ အခုလိုမျိုး ကျန်ရစ်ခဲ့တာ။

ဆားဗီးရပ်က စာအုပ်နှစ်အုပ်ကို လက်ထဲမှာကိုင်ထားရင်းကနေ သူ့စိတ်တွေက ဟိုးအရင်တုန်းက အချိန်တွေဆီကို ပြန်ပြီးတော့ ရောက်သွားခဲ့တယ်။ အဲဒီတုန်းက သူဟာ ငယ်ရွယ်တဲ့မိဘမဲ့ ကလေးတစ်ယောက်သာဖြစ်ပြီး လွတ်မြောက်ဓားသူတော်စင် အဖွားအိုထံမှာ ကျမ်းစာဖတ်ဖို့ သင်ယူခဲ့ရသူပါ။

အဲဒီနေ့က အဖြစ်အပျက်တွေကို သူမှတ်မိနေတုန်းပဲ။

....

သူဟာ သစ်တုံးနဲ့ပြုလုပ်ထားတဲ့ သစ်သားထိုင်ခုံပေါ်မှာ ထိုင်နေခဲ့ပြီး လွတ်မြောက်ဓားသူတော်စင်ကတော့ ဆန့်ကျင်ဘက်ထိုင်ခုံမှာ ထိုင်နေပြီး အနက်ရောင်စာအုပ်ကို ကျောက်သားစားပွဲပေါ်မှာ တင်ထားခဲ့တယ်။

“ဆာတန်က ကျမ်းစာလာ အဆုံးအမတွေနဲ့အကြောင်းအရာတွေကို တလွဲအဓိပ္ပါယ်ဖွင့်ပြီးတော့ လူသားတွေကို အလွယ်တကူလှည့်စား အသုံးချနိုင်တဲ့အကြောင်း အဖွားမြေးကို ဒီနေ့သင်ပေးမယ်။ ဒီနေ့ ဖတ်ပြမယ့်ကျမ်းစာပိုဒ်က ရှင်မဿဲ ၄ ကွယ့်။ သေချာနားထောင်။”

နောက်တော့ အဖွားအိုက လည်ချောင်းရှင်းလိုက်ပြီး ငယ်ရွယ်တဲ့ ဆားဗီးရပ်နားလည်စေနိုင်လောက်တဲ့ ကျမ်းကြီးကျမ်းခိုင်ပုံစံ လေသံမပါဘဲ ပုံပြောပြသလိုသာထင်ရတဲ့ လေသံနဲ့ရှင်မဿဲ ၄ ကို စတင်ရှင်းပြပါတယ်။

“တစ်ခါက သန့်ရှင်းသောဝိညာဥ်တော်ဟာ တမန်တော်ယေရှုကို စမ်းသပ်ဖို့အတွက် တောအရပ်ကိုပို့တယ်။ မာရ်နတ်ရဲ့သွေးဆောင် ဖျားယောင်းခြင်းကို ခံရမယ့်အကြောင်းလည်းဆိုတယ်။

တောအရပ်မှာ ရက်လေးဆယ်နေပြီးနောက် ယေရှုသခင်ဟာ ဆာလောင်ခြင်းအဖြစ်ကိုရောက်တယ်။ အဲဒီအခိုက်အတန့်မှာပဲ မာရ်နတ်ဟာ ချဥ်းကပ်လာပြီး ‘အသင်၊ ဘုရားသခင်ရဲ့သားတော် မှန်လျင် ကျောက်ခဲတို့ကို မုန့်အဖြစ်ပြောင်း၍ စားသုံးလေတော့။' လို့ဖျားယောင်းတယ်။

ယေရှုကလည်း “လူသည် မုန့်အားဖြင့်သာ အသက်မွေးရသည် မဟုတ်၊ ဘုရားသခင်အဆုံးအမနှင့်လည်း အသက်မွေးရသည်။' လို့ ပြန်တုံ့ပြန်တာပေါ့။

ဒီတော့ ဆာတန်က ယေရှုကိုယ်တော်ကို သန့်ရှင်းသောမြို့တော် အထက် ဗိမာန်တော်ပေါ်ကိုခေါ်သွားပြီး “ကျမ်းစာလာသည်ကား ကောင်းကင်တမန်(အိန်ဂျယ်)တို့ကို သင့်အဖို့ထားသည်ဆို၏။ သင်ယခုအထက်မှ ခုန်ချလျင် ထိုအိန်ဂျယ်တို့က သင့်အား ကျောက်ခင်းနှင့်မထိစေရန် ပွေ့ဖွက်ထားပေလိမ့်မည်။” လို့ သွေးဆောင်တယ်။

ဒါပေမဲ့ ယေရှုသခင်က “ကျမ်းစာလာသည်ကား ဘုရားသခင်ကို စုံစမ်းခြင်းမပြုရ။”လို့ ပြန်ဖြေတယ်။

တစ်ဖန် ဆာတန်ဟာ တောင်ကြီးတစ်တောင်ပေါ်ကို ကိုယ်တော်ကို ခေါ်သွားပြီး လောကမှာရှိသမျှ အတိုင်းတိုင်းအပြည်ပြည်ကို ပြသပြန်တယ်။

“ကိုယ်တော်ငါ့ကို ကိုးကွယ်လျင် ဤတိုင်းပြည်မှန်သမျှ သင့်အတွက် ဖြစ်ရစေမည်။”လို့ ထပ်ဖျားယောင်းပြန်တယ်။

ယေရှုကိုယ်တော်ကလည်း “အချင်းဆာတန်၊ နောက်ဆုတ်လော့။ ကျမ်းစာလာအရ သန့်ရှင်းသောဝိညာဥ်တော်ကိုသာ ဝတ်ပြုရမည်ဟု ပါရှိသည်။”လို့ ပြန်ဖြေတယ်။

ဒီတော့မှ မာရ်နတ်လည်း ကိုယ်တော်အပါးမှထွက်ခွာပြီး ကောင်းကင်တမန်တို့လည်း ယေရှုကိုယ်တော်ကို လုပ်ကျွေး ပြုစုကြလေတယ်။”

...

ဖျပ်... ဖျပ်... ဖျပ်....

ဆားဗီးရပ်က သူ့ရဲ့ပြဲနေတဲ့ သမ္မာကျမ်းစာအဟောင်းလေးကို လှန်ပြီး လွတ်မြောက်ဓားသူတော်စင် ဖတ်ပြခဲ့တဲ့စာပိုဒ်ကို လိုက်လံ ရှာဖွေနေခဲ့ပေမဲ့ ရှာမတွေ့ခဲ့ဘူး။ ရှင်မဿဲ ၄ ဟာ သူ့ကျမ်းစာမှာ ပါဝင်နေပေမဲ့ တခြားမတူညီတဲ့အကြောင်းအရာတစ်ခုနဲ့ အစားထိုး ခံထားရတယ်။ ငယ်စဥ်က သူနားထောင်ခဲ့တဲ့ ရှင်မဿဲ ၄ နဲ့ တူညီမနေပါ။

“ ဘယ်နှစ်ကြိမ်ဖတ်ကြည့်ဖတ်ကြည့် ထူးဆန်းတယ်လို့ ခံစားနေရတုန်းပဲ။”

ဆားဗီးရပ်ဟာ ဒီနှစ်တွေထဲမှာ သူ့ကျမ်းစာကို နေ့တိုင်းလိုလို ဖတ်ရှုဖြစ်တယ်။ ဒါကြောင့်လည်း စာအုပ်က ဟောင်းနွမ်းပြီး ပျက်စီးလာခဲ့တာ။ ဒီလိုဖတ်ရခြင်းအကြောင်းကလည်း လွတ်မြောက်ဓားသူတော်စင်ဖတ်ရှုပြတဲ့ စာပိုဒ်ကိုရှာချင်ဇောနဲ့ပါ။ နှစ်တွေသာကုန်သွားခဲ့တယ်၊ ဘုရားကျောင်းတစ်ခုလုံးမှာ အဲဒီစာပိုဒ်ကို ရှာမရခဲ့ဘူး။

နောက်တော့ ဆားဗီးရပ်က သူ့စာအုပ်ကိုပိတ်ပြီး ဂျေဇူးဝပ်ကြီး ပေးခဲ့တဲ့စာအုပ်ကို ဖတ်ကြည့်တယ်။ မက်သရူးလေးကို လှန်လိုက်တဲ့အခိုက်အတန့်မှာပဲ သူ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။ သူ့လက်တွေက တဆတ်ဆတ်တုန်ယင်နေပြီး...

“ တွေ့ပြီ၊ အဖွားဖတ်ပြခဲ့တဲ့စာပိုဒ်ပဲ။ ဒါပေမဲ့ ရိုမြူလက်ကျမ်းစာမှာ ပါမှမပါတာပဲ။ အဖွားက ငါ့ကို ရိုမန်ကက်သလစ်ကျမ်းစာဖတ်ပြ ခဲ့တာများလား။”

ဆားဗီးရပ် နားမလည်နိုင်အောင်ဖြစ်သွားတယ်။ လွတ်မြောက် ဓားသူတော်စင်က ရိုမြူလက်ချက်ကျောင်းကို သစ္စာမဖောက်ခဲ့မှန်း သူအသိဆုံးပါ။ ဒါဆိုရင် ဘာလို့သူတို့ကျမ်းစာမှာမပါတဲ့စာပိုဒ်ကို သိနေရတာလဲ။

“ရိုမြူလက်ကျမ်းစာက အော်သိုဒေါက်တွေဆီက ဆင်းသက်တာ။ သူတို့ဆီမှာ အဲဒီစာပိုဒ်မပါတာရော ဖြစ်နိုင်မလား။”

ဆားဗီးရပ်ရဲ့ခေါင်းက အလျင်အမြန် အလုပ်လုပ်လာပြီး သူ့ဖုန်းကို ထုတ်လိုက်တယ်။ အဲဒီနောက် ရုရုားဒေါ်သိုဒေါက်ကျမ်းစာကို အင်တာနက်ကနေရှာဒေါင်းပြီး စတိုက်ကြည့်တယ်။ ဒါပေမဲ့ အဲဒီကျမ်းစာမှာလည်း ရှင်မဿဲ(၄)က ရိုမန်ကက်သလစ်နဲ့ တူညီနေဆဲပါ။

“ရိုမြူလက် ချက်ကျောင်းတစ်ခုပဲကွဲနေတာလား။”

နောက်တော့ သူ့သံသယတွေက ပိုခိုင်မာလာပြီး စာအုပ်တစ်ခုလုံးကို လိုက်လံတိုက်ဆိုင်စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကြာလာတာနဲ့ သူ့မျက်နှာက ပိုမိုပြီးလေးနက်လာတယ်။

“ကျမ်းစာက တခြားကျမ်းစာတွေနဲ့ အတူတူပဲလို့ထင်ရပေမဲ့ အဓိပ္ပါယ်ကောက်လွဲစေနိုင်တဲ့ စာသားတွေနဲ့တမင်သက်သက် အစားထိုးထားတယ်။ ခွန်အားသုံးပြီး ဘာသာဝင်တိုးအောင် လုပ်တာကို မှန်သလိုလိုရေးထားသလို တခြားကျမ်းစာတွေမှာ မပါဝင်တဲ့ သူတော်စင်တိုက်ပွဲတွေက တရားမျှတတဲ့အကြောင်း ရေးထားတဲ့စာပိုဒ်တွေလည်း ပိုပါနေသေးတယ်။”

“ရိုမြူလက်ချက်ကျောင်းရဲ့ကျမ်းစာက ဘာလို့တခြားသူတွေနဲ့ မတူတာလဲ။ တစ်ယောက်ယောက်က သူ့အလိုကျ ပြင်ဆင်ခဲ့တာလား။ ငါတို့ကိုးကွယ်နေတာက သန့်ရှင်းသော ဝိညာဥ်တော်ရောဟုတ်ရဲ့လားလို့တောင် တွေးမိလာပြီ။”

“ဖြစ်နိုင်တာက....”

သူ့စိတ်ထဲမှာ နာမည်တစ်လုံးပေါ်လာပေမဲ့ နှုတ်ကနေ ထုတ်ပြီး မပြောခဲ့ဘူး။ နာမည်တွေမှာ စွမ်းအားရှိတဲ့အကြောင်း သူသာ အသိဆုံးပါ။

“မဖြစ်သေးဘူး၊ ငါက ဒီအမှန်တရားကို ထုတ်ဖော်ဖို့အတွက် အားနည်းလွန်းနေ​သေးတယ်။”

All Chapters