မင်း လုပ်နိုင်ရင် လုပ်လေ
Vol. 24 Ch. 323
ထိုစကားကို ကြားသောအခါ လောထျန်းက လှောင်ပြုံးဖြင့် ပြန်ပြောသည်။
" စိတ်ဝိဥာဥ်အစွမ်း ပါရမီရှင် .. ဟုတ်လား ၊ အဲ့ထက်ဘာမှ မပိုတော့ဘူလား "
ရွှေယွဲ့ချီမှာ မျက်လုံးပြူးသွားပြီး လောထျန်းအား နားချရန် စဥ်းစားလိုက်သေး၏။ သို့သော် သူမ မည်သို့မှ ဆက်မပြောဘဲ ခေါင်းယမ်း၍သာ အသာနေလိုက်သည်။
သို့သော် သူမ စိတ်ထဲတွင်မူ သက်ပြင်းကြိတ်ချလိုက်၏။ လောထျန်းသည် အမှန်တကယ် အစွမ်းထက်သည့်တိုင် အလွန်ခေါင်းမာသော လူခက်ကြီးတစ်ယောက်ဟုလည်း သူမ တွေးလိုက်သည်။
" ထားလိုက်ပါလေ ၊ နဂါးအသွင်ပြောင်းရေအိုင် ဖွင့်တော့မှ သူ ဆုံးရှုံးမှုကို ခံစားရမှာ ။ အဲ့လိုဆို သူ နားလည်သွားပါလိမ့်မယ် "
သူမ တစ်ကိုယ်တည်း တွေးလိုက်သည်။
ထိုအချိန်မှာပင် ..
ဝေါင်း ..
ခပ်လှမ်းလှမ်းရှိ နဂါးအသွင်ပြောင်းရေအိုင်ဘက်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းလုံးကြီးများ လေထဲသို့ လိမ့်တက်လာသည်။ ၎င်းနှင့်အတူ ကြောက်မက်ဖွယ် ဖိအားတစ်ခုလည်း ထွက်ပေါ်လာ၏။
ထို့နောက် ..
ဝေါင်း .. ဝေါင်း ... ဝေါင်း ...
ရေအောက်ဘက်မှ နဂါးဟိန်းသံများ အဆက်မပြတ် ထွက်လာကာ ..
ရေအိုင်အောက်ခြေတွင် နဂါးအရိပ်များ လှည့်ပတ်နေသည်ကိုလည်း မြင်လိုက်ရသည်။
ရေအိုင် အောက်ခြေမှ အလင်းတန်းများလည်း လင်းလက်လာကာ ရတနာများက ထိုအလင်းတန်းများအောက်တွင် လူးလွန့်နေ၏။
ရုတ်တရက် .. အလင်းတန်းတစ်ခုက လှိုင်းလုံးများနှင့်အတူ တက်လာပြီး ထိုအလင်းတန်းထဲတွင် တစ်စုံတစ်ခု ရှိနေသည်ကို ခပ်ဝါးဝါး မြင်လိုက်ရသည်။
နဂါးအသွင်ပြောင်းရေအိုင်ဘေးမှ လူတစ်ယောက်က တအံ့တသြ ပြောလာ၏။
" နဂါးကြေးခွံပါလား .. ငါ့အပိုင်ကွ .. ဟား ဟား "
ထိုလူက ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး လက်တစ်ဖက် ဆန့်ထုတ်၍ အလင်းတန်းကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။
သို့သော် ..
ဝေါင်း ..
နဂါးဟိန်းသံတစ်ခု ထွက်လာပြီး နဂါးအရိပ်တစ်ခုက သူ့ဆီသို့ တိုးဝင်လာ၏။
" ဟင် .. "
၎င်းကို မြင်သောအခါ ထိုလူ လန့်သွားပြီး ချက်ချင်း ခုခံရန်ကြိုးစားလိုက်သည်။
သို့သော် နဂါးအရိပ်က သူ့ကိုယ်ထဲသို့ ဝင်သွားကာ ..
ထိုလူ ယိုင်သွားပြီး နဂါးအသွင်ပြောင်းရေအိုင်ထဲသို့ ပြုတ်ကျသွားတော့သည်။
သူ့အသက် ရှင်သည် ၊ သေသည်ကို မည်သူမှ မပြောနိုင်ပါချေ ။
၎င်းကို မြင်သည်နှင့် လူများဆီမှ ရုတ်ရုတ်သဲသဲ အသံများ ထွက်လာတော့သည်။
ထိုအချိန်တွင် လူတစ်ယောက်က ကျယ်လောင်စွာ အော်ပြာလာ၏။
" ဒီကို ခုမှ ပထမဆုံးရောက်ဖူးတဲ့ အရူးတွေ ၊ သေချာနားထောင်ကြ ။ နဂါးအသွင်ပြောင်းရေအိုင် ဖွင့်ဖွင့်ချင်း အချိန်မှာ ရေအိုင်အောက်မှာ ရတနာတွေ ရှိတာကို မြင်ရတယ် ဆိုပေမယ့် အဲ့ရတနာတွေကို စောင့်ကြပ်နေတဲ့ နဂါး စိတ်ဝိဥာဥ်အရိပ်တွေလဲ ရှိနေတယ် "
" ဒါကို ဂရုမစိုက်ဘဲနဲ့ အဲ့ချိန်မှာ ရေအိုင်ထဲ ဝင်လိုက်ရင် နဂါးစိတ်ဝိဥာဥ်အရိပ်တွေရဲ့ သတ်တာကိုပဲ ခံကြရလိမ့်မယ် ။ ဒီတော့ နဂါးအသွင်ပြောင်းရေအိုင်ထဲကို ဝင်ပြီး ရေချိုးချင်ရင် အဲ့ဒီ နဂါးစိတ်ဝိဥာဥ်အရိပ်တွေက ရေအိုင်နဲ့ တစ်သားတည်း ပေါင်းစပ်သွားတဲ့အထိ စောင့်ပြီးမှပဲ ဝင်ကြပါ "
ထိုစကားကို ကြားသောအခါ လူငယ်လေးတစ်ယောက်က မေးလိုက်သည်။
" ဒါဆို ရတနာတွေကရောဗျ .. "
လူကြီးက နှာခေါင်းရှုံ့ပြီး ပြန်ဖြေသည်။
" နဂါးစိတ်ဝိဥာဥ်အရိပ်တွေ ပျောက်ကွယ်သွားတာနဲ့ ရတနာတွေလဲ ပျောက်ကွယ်သွားမှာ ။ ရတနာတွေ ရချင်တယ် ဆိုရင်တော့ ခုချိန်မှာပဲ စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီး ယူရမှာကွ "
သူ့စကားကြောင့် လူငယ် မျက်မှောင်ကြုံ့သွား၏။
" ချီး ..ကျုပ်မှာက စိတ်ဝိဥာဥ်အစွမ်း သိပ်မရှိဘူး ။ ဒါဆို .. ရတနာတွေကို မရနိုင်တော့ဘူးပေါ့ "
ထိုစဥ် သူ့ဘေးနားမှ တာအိုဘုန်းကြီးတစ်ပါးက ပြုံး၍ ပြောလာသည်။
" ကျုပ်က ဒီ ရတနာတွေကို ယူဖို့ လာခဲ့တာ "
သူက ပြောပြောဆိုဆိုပင် လက်နှစ်ဖက်ကို စုလိုက်၏။ သူ့ နဖူးကြောကြီးများလည်း ထောင်လာပြီး စိတ်ဝိဥာဥ်အစွမ်းတစ်ခု ထွက်လာကာ ရေအိုင်အောက်ခြေသို့ စီးဝင်သွားသည်။
အားလုံးက အသက်ပင် မရှူရဲဘဲ စိုက်ကြည့်နေကြချိန်တွင် ထိုသူ၏ စိတ်ဝိဥာဥ်အစွမ်းက စိတ်စွမ်းအင် အလင်းတန်းတစ်ခုနှင့် ထိသွားပြီး ၎င်းအလင်းတန်းအား ရေပြင်ထက်သို့ ဆွဲခေါ်ရန် ကြိုးစားနေသည်ကို မြင်လိုက်ရ၏။
သို့သော် ထိုအချိန်တွင် ..
အနားတွင် ရှိနေသည့် နဂါးစိတ်ဝိဥာဥ်အရိပ်တစ်ခုက ထိုသူ၏ စိတ်ဝိဥာဥ်အစွမ်းအား လှမ်းဟပ်လိုက်သည်။
ဝုန်း ..
တာအိုဘုန်းကြီး၏ စိတ်ဝိဥာဥ်အစွမ်း ပြိုကွဲသွားပြီး အစအနပင် မကျန်အောင် ပျောက်ကွယ်သွားတော့၏။
အွတ် ..
တာအိုဘုန်းကြီးမှာလည်း ချက်ချင်း သွေးအန်သွားကာ နောက်သို့ ယိုင်သွားသည်။
" စိတ်ဝိဥာဥ်အရိပ်တစ်ခု ဖြစ်နေတာတောင် သူ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းက ငါ့ထက် အများကြီး ပိုအစွမ်းထက်နေတာပဲ ။ ဒါ ..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
သူ တအံ့တသြ ရေရွတ်လိုက်သည်။
" ဟေ့ . ဒီ စိတ်ဝိဥာဥ်တွေကို လျှော့မတွက်နဲ့လေကွာ ။ ဒီနေရာက နဂါးအသွင်ပြောင်းရေအိုင်ကွ "
သူ့ဘေးမှ အဘိုးအိုတစ်ယောက်က ပြောလိုက်သည်။ ထို့နောက် သူသည်လည်း စိတ်ဝိဥာဥ်အစွမ်းကို ထုတ်၍ နဂါးအသွင်ပြောင်းရေအိုင်ထဲမှ ရတနာများကို ယူရန် ကြိုးစားလိုက်၏။
သို့သော် .. တခဏအကြာမှာပင် ..
အွတ် ..
သူ သွေးအန်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ သူ မျက်နှာလည်း အလွန်ပျက်နေ၏။
" ဒီ စိတ်ဝိဥာဥ်အရိပ်တွေက တော်တော်ကြောက်စရာ ကောင်းတာပဲ ။ အဲ့ကောင်တွေကို ခုခံနိုင်တဲ့သူရော ရှိနိုင်ပါ့မလား "
အဘိုးအို တအံ့တသြ ရေရွတ်လိုက်သည်။
ထိုအချိန်မှာပင် လှောင်ရယ်သံတစ်ခု ထွက်လာ၏။
" ဘာမှ သုံးစားမရတဲ့သူတွေ လမ်းဖယ်ကြစမ်း "
အသံနှင့် မရှေးမနှောင်းမှာပင် လူတစ်ယောက် ရှေ့တိုးလာသည်။
" လုကျင်းယန်ပဲ .. လုကျင်းယန် လာပြီဟေ့ "
ထိုလူကို မြင်သည်နှင့် အားလုံး စိတ်လှုပ်ရှားသွားကုန်ကြသည်။
လောထျန်းသည်ပင် မနေနိုင်ဘဲ သူ့ကို ကြည့်လိုက်မိ၏။
လုကျင်းယန်က ဘေးဘီသို့ တစ်ချက် ဝေ့ဝဲကြည့်ပြီးနောက် ဂုဏ်မောက်နေသည့် အသံဖြင့် ပြောလာသည်။
" သေချာ ကြည့်ထားကြ ၊ စိတ်ဝိဥာဥ်အစွမ်း အစစ်မှန်က ဘယ်လိုလဲ ဆိုတာ မင်းတို့ကို ဒီနေ့ လက်တွေ့ပြပေးမယ် "
သူက ထိုသို့ ပြောပြီးသည်နှင့် လက်နှစ်ဖက်ကို စုစည်းလိုက်သည်။
ဝီ ..
အစွမ်းထက်သော စိတ်ဝိဥာဥ်အစွမ်းတစ်ခုက သူ့ကိုယ်ထဲတွင် ဖြတ်စီးလာပြီး ညှပ်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းကာ နဂါးအသွင်ပြောင်းရေအိုင်ဆီသို့ တိုးဝင်သွား၏။
" စိတ်ဝိဥာဥ်အစွမ်းက အသွင်ပြောင်းလို့ ရနေတာပါလား ..ကြောက်စရာ ကောင်းလိုက်တာ ။ သူက အဲ့အဆင့်အထိတောင် ရောက်နေတာပဲ "
" ဘုရားရေ .. သူ့ကို စိတ်ဝိဥာဥ်အစွမ်း ပါရမီရှင်လို့ ပြောကြတာ မထူးဆန်းတော့ပါဘူးကွာ ။ သူက တကယ်ကြီး အဲ့လို လုပ်နေနိုင်တာပဲ "
အားလုံး၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် အသွင်ပြောင်းထားသည့် စိတ်ဝိဥာဥ်အစွမ်း ညှပ်ကြီးက ရေလှိုင်းလုံးများကို ဖြတ်ပြီး ရေအိုင်အောက်ခြေမှ လက်သီးအရွယ်ရှိသည့် စိတ်စွမ်းအင် အလင်းတန်းတစ်ခုဆီသို့ တိုးဝင်သွားတော့သည်။
ဝုန်း ..
ချက်ချင်း ဆိုသလိုပင် ညှပ်ကြီးက စိတ်စွမ်းအင်အလင်းတန်းအား ညှပ်မိသွားကာ ဆွဲမရန် ကြိုးစားလိုက်၏။
သို့သော် .. ထိုအချိန်မှာပင် သူ့ လှုပ်ရးမှုများအား နဂါး စိတ်ဝိဥာဥ်အရိပ်တစ်ခုက သတိထားမိသွားသည်။
ထို စိတ်ဝိဥာဥ်နဂါးအရိပ်က အစွယ်တဝင့်ဝင့်ဖြင့် ထိုနေရာသို့ ပြေးဝင်လာကာ ချက်ချင်း တိုက်ခိုက်လိုက်သည်။
" ဟမ့် .. "
လုကျင်းယန်က အေးစက်စက် နှာခေါင်းရှုံ့ပြီး သူ့စိတ်ဝိဥာဥ်အစွမ်း ညှပ်ကြီးကို ထိန်းချုပ်၍ ထိုနဂါး စိတ်ဝိဥာဥ်အရိပ်ကို ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
ဝုန်း .. ဝုန်း .. ဝုန်း ...
ညှပ်ကြီးနှင့် နဂါး စိတ်ဝိဥာဥ်အရိပ်တို့ ထိပ်တိုက် တွေ့သွားကြတာ သုံးကြိမ်တိတိ တိုက်ခိုက်လိုက်ကြ၏။ သို့သော် ရလဒ်ကမူ သရေ ပင် ။
သို့သော် .. ညှပ်ကြီးက ၎င်းကို အခွင့်ကောင်းယူပြီး ရေအိုင်ပေါ်သို့ ဝုန်းခနဲ ပြန်တက်လာကာ လုကျင်းယန်၏ လက်ထဲသို့ ပြန်ရောက်လာသည်။
ဝီ ..
စိတ်ဝိဥာဥ်အလင်းတန်းကလည်း လုကျင်းယန် လက်ထဲ ကျလာ၏။
" အံ့သြစရာ ကောင်းလိုက်တာ ,, "
" သခင်လေး လုက တကယ်ကို အံ့မခန်းပါပဲ "
နဂါးအသွင်ပြောင်းရေအိုင် အနီးနားတွင် ရှိနေသော လူများဆီမှ လက်ခုပ်တီး အားပေးသံများ တခဲနက် ထွက်ပေါ်လာ၏။
ထိုအချိန်တွင် လုကျင်းယန်က အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီး စိတ်စွမ်းအင် အလင်းတန်းရှိသည့် လက်ကို မြှောက်၍ အလင်းတန်းအား လက်ဖြင့် ဆိတ်လိုက်သည်။
ထို့နောက်တွင်မူ အလင်းတန်း ပျောက်ကွယ်သွားပြီး အထဲတွင် ပါသည့် အရာ ပေါ်လာ၏။
၎င်းမှာ နဂါးအရိုးတစ်ခုပင် ။
ထိုအရိုးကို မြင်သည်နှင့် လုကျင်းယန် မျက်မှောင်ကြုံ့သွားကာ ပြောသည်။
" ငါ့ကံကလဲ ဆိုးလိုက်တာကွာ ။ ဘယ်တတ်နိုင်မလဲလေ ၊ ခဏ အနားယူပြီးမှပဲ နဂါးအသွင်ပြောင်းရေအိုင်ကို ထပ်ပြီး ရှာဖွေတော့မယ် "
သူက ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်း တင်ပျဥ်ခွေ ထိုင်၍ လျော့သွားသော စိတ်ဝိဥာဥ်အစွမ်းများ ပြန်တိုးလာအောင် ကျင့်ကြံနေလိုက်သည်။
ရွှေယွဲ့ချီက ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းချပြီး ပြော၏။
" သူက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ "
သို့သော် .. ဘေးနားတွင် ရပ်နေသည့် လောထျန်းကမူ ရှက်နေဟန် မျက်နှာထားဖြင့် ရှိနေသည်။
" အဲ့လောက်ပဲလား .. "
သူ အံ့သြနေဟန်ဖြင့် မေး၏။
ရွှေယွဲ့ချီက သူ့ကို ကြည့်ကာ ရှင်းပြလိုက်သည်။
" စိတ်ဝိဥာဥ် သခင်ကြီးတစ်ယောက်က နဂါးအသွင်ပြောင်းရေအိုင်ကို ဝင်ရှာပြီးတိုင်း ခဏလောက် ပြန်အနားယူရတယ်ရှင့် ။ ဒါမှလဲ သူတို့ရဲ့ စိတ်ဝိဥာဥ်အစွမ်က ပုံမှန် ပြန်ဖြစ်မှာ "
လောထျန်းက ထူးဆန်းသည့် မျက်နှာထားဖြင့် ပြန်ပြောလာသည်။
" ပြန်အနားယူဖို့ လိုတယ် .. ဟုတ်လား ၊ ဒီလောက် ကလေးအကွက်လေး နှစ်ကွက် သုံးကွက် သုံးလိုက်ရတာနဲ့တင် ပြန်အနားယူဖို့ လိုတယ်ပေါ့ ။ နောက်နေတာတော့ မဟုတ်ဘူးမလား။ သေချာတွေးကြည့်မယ်ဆိုရင် ရှက်ဖို့တောင်ကောင်းသေးတယ်ဗျ"
ဤတစ်ကြိမ်တွင် သူ့အသံက ကျယ်သွားသဖြင့် လူများစွာပင် ကြားသွားကာ သူ့အား ချက်ချင်း ဒေါသငွေ့ပါနေသည့် အကြည့်ဖြင့် ကြည့်လာကြ၏။
" ဟေ့ ကောင်လေး ၊ မင်းက ဘာစကားပြောတာလဲ "
" မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အစွမ်းထက်တယ်ဆိုပြီး တခြားသူတွေကို လွယ်လွယ်မဝေဖန်နဲ့ကွ ။ မင်း စိတ်ဝိဥာဥ်အစွမ်းအကြောင်း ဘာသိလို့လဲ ၊ ဘာမှ မသိဘဲ အဓိပ္ပါယ်မရှိတဲ့ စကားမျိုး လာမပြောနဲ့ "
သို့သော် .. လောထျန်းက မည်သို့မှ ပြန်မပြောနိုင်ခင်မှာပင် နျိုဝူဖုန်းက ဒေါသတကြီး ပြောလာသည်။
" မင်းတို့က ဘာသိလို့လဲ ၊၊ ငါ့ဦးလေးက ဘယ်တုန်းက အဓိပ္ပါယ်မရှိတာ ပြောလို့လဲကွ ။ ငါ့ဦးလေးသာ ဝင်လုပ်ရင် ဟိုကောင်လေးထက် အများကြီး ပိုသာမှာ သေချာပေါက်ပဲ "
သူ့စကားကြောင့် လူအုပ်ကြီး ဒေါသူပုန် ထသွားကြသည်။
" ဟား ဟား .. တကယ့် ငကြွားကောင်ပဲကွာ ။ သခင်လေး လု ထက် ပိုသာတယ်လို့တောင် ပြောရဲနေသေးတယ် ။ မင်းလုပ်နိုင်ရင် သွားလုပ်လေ "
" ဟုတ်တယ် ။ သခင်လေး လု ထက် သာဖို့ကို ခဏထားလိုက်ဦး ၊ သခင်လေး လု ရဲ့ တစ်ဝက်လောက် ရေအိုင်ထဲ နေနိုင်ရင်တောင် ငါ ကင်းမြီးကောက်ထောင်ပြီး သွားပေးမယ်ကွာ "
" လုပ်လေ ၊ ပြောပဲ ပြောမနေနဲ့ ။ လက်တွေ့ လာလုပ်ပြစမ်း "
ထိုတခဏတွင် လူများစွာက လောထျန်းအား တစ်ပြိုင်နက်တည်း ပြောလာကြ၏။
လောထျန်းက ထိုလူများကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ ၊ ဒါဆိုလဲ ကျုပ် လုပ်လိုက်မယ် "
သူက ထိုသို့ ပြောပြီးသည်နှင့် နဂါးအသွင်ပြောင်းရေအိုင် ဆီသို့ တိုးသွားလိုက်သည်။
ထို့နောက် သူက ရေအိုင်အောက်ခြေမှ စိတ်စွမ်းအင် အလင်းတန်းများကို ငုံ့ကြည့်လိုက်၏။
" အင်း.. စိတ်စွမ်းအင် အလင်းတန်းပေါင်း 1320 လောက် ရှိတာပဲ ။ အဲ့ထဲမှာ နဂါးသွေးအစစ်တော့ ပါလောက်မှာပါ။ အဲ့တော့ .. အားလုံးကို ယူလိုက်မယ်ကွာ "
လောထျန်း ထိုသို့ တွေးလိုက်သည်နှင့် သူ့ကိုယ်ထဲမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။