← Chapters

ကံစမ်းမဲများ ဖွင့်ခြင်း

Vol. 24 Ch. 324

ကံစမ်းမဲများ ဖွင့်ခြင်း

Vol. 24 Ch. 324

" ဟင် ..ဘာတွေ ဖြစ်နေတာလဲ "

အားလုံးက လောထျန်းအား တအံ့တသြ ကြည့်လိုက်ကြရာ သူ့အနောက်ဘက်တွင် ဧရာမအရိပ်ကြီးတစ်ခု စုစည်းလာသည်ကို မြင်လိုက်ရသည်။

" တော်တော်အစွမ်းထက်တဲ့ စိတ်စွမ်းအင်ပါလား .. ဒီလူက သူ့ရဲ့ စိတ်စွမ်းအင်ကို သုံးပြီး နဂါးအသွင်ပြောင်းရေအိုင်ကို ဖျက်ဆီးဖို့များ ကြိုးစားနေတာလား "

" ဟမ့် .. ဆုတောင်းရုံပဲ ရမှာပါကွာ ။ ဒီ နဂါးအသွင်ပြောင်းရေအိုင်ကို နဂါးသခင်ကြီး ထျန်းလုံကိုယ်တိုင် လုပ်ထားခဲ့တာလေ ။ မသေမျိုးတစ်ယောက်ရဲ့ အစွမ်း ရှိနေရင်တောင် အလုပ်ဖြစ်မှာ မဟုတ်ဘူး "

" ဟုတ်တယ်ကွ ။ ဒီ နဂါးအသွင်ပြောင်းရေအိုင်ကို စိတ်ဝိဥာဥ်အစွမ်း တစ်မျိုးတည်းနဲ့ပဲ ဖျက်ဆီးလို့ရတာ။ သူသာ အဲ့လိုလုပ်ရင် ရေအိုင်ထဲမှာ ရှိကြတဲ့ နဂါး စိတ်ဝိဥာဥ်အရိပ်တွေက ဝိုင်းပြီး တိုက်ခိုက်ကြမှာပဲ "

" ကောင်လေး ..ဆက်ကြိုးစား မနေစမ်းပါနဲ့ကွာ "

လူများ တစ်ယောက်တစ်ပေါက် အော်ပြောလိုက်ကြသည်။

သို့သော် လောထျန်းကမူ သူတို့အားလုံးကို လျစ်လျူရှုထားကာ လက်တစ်ဖက်ကို အသာယမ်းလိုက်၏။  သူ့နောက်မှ ဧရာမအရိပ်ကြီးက ရေအိုင်ဆီသို့ ချက်ချင်း လက်လှမ်းလိုက်သည်။

ထိုမြင်ကွင်းကို ကြည့်နေသော လူများ၏ မျက်လုံးထဲတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်များ ပေါ်လာကြ၏။

ခဏအကြာတွင် လောထျန်းတစ်ယောက် ဆိုးဆိုးရွားရွား ဒဏ်ရာရသးလိမ့်မည်ဟုသာ သူတို့ ထင်နေကြသည်။

သို့သော် ..

ထိုအချိန်မှာပင် အရိပ်ကြီးက လက်ဝါးဖြင့် ရိုက်ချလိုက်ရာ နဂါးအသွင်ပြောင်းရေအိုင်ထဲတွင် ရှိနေကြသော နဂါးစိတ်ဝိဥာဥ်အရိပ်များ အာလုံး လေထဲသို့ မြှောက်တက်သွားကြတော့သည်။

ထိုမျှမက .. လက်ဝါးကြီး၏ တိုက်ခိုက်မှုအောက်တွင် ရှိနေခဲ့ကြသော နဂါးစိတ်ဝိဥာဥ် အရိပ်များ အားလုံးမှာလည်း တစ်ခုပြီးတစ်ခု ပြိုကွဲသွားကာ သန့်စင်သော အစွမ်းအဖြစ် ပြောင်းသွားကြပြီး နဂါးအသွင်ပြောင်း ရေအိုင်ထဲသို့ ပြန်စီးဝင်သွားကြ၏။

" ဘာတွေ ဖြစ်နေတာလဲ .. "

၎င်းကို မြင်လိုက်ရသူများအားလုံး မျက်လုံးများ ပြူးကုန်ကြတော့သည်။

အထူးသဖြင့် .. ထို နဂါးစိတ်ဝိဥာဥ်အရိပ်များနှင့် တိုက်ခိုက်ခဲ့သဖြင့် ၎င်းတို့က မည်မျှ အစွမ်းထက်သည်ကို သိနေသော လုကျင်းယန် ဆိုလျှင် အံ့သြလွန်း၍ ကြက်သေပင် သေနေတော့သည်။

သူ ထိုအရာများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့စဥ်က .. အစွမ်းအပြည့် သုံးထားလျက်ဖြင့်ပင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါ၏။

သို့သော် ..ယခု လောထျန်းက လက်ဝါးတစ်ချက်တည်းဖြင့် ထိုနဂါးစိတ်ဝိဥာဥ်အရိပ်များကို ပြိုကွဲသွားအောင် လုပ်လိုက်နိုင်သတဲ့လား ။

၎င်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း ။

ထိုစဥ် ရုတ်တရက် .. သူ့ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာပြီး လောထျန်းနောက်မှ အရိပ်ကြီးအား ကြောက်လန့်တကြား ကြည့်လိုက်သည် ။

" အဲ့ အရိပ်ကြီးက .. စိတ်ဝိဥာဥ်အစွမ်းကို အသွင်ပြောင်းထားတာလား "

သို့သော် .. ထိုသို့ တွေးမိလိုက်သည်နှင့် သူ ချက်ချင်း ခေါင်းယမ်းကာ မဖြစ်နိုင်ဟု ပြန်တွေးလိုက်သည်။

" မဖြစ်နိုင်တာ ..  ဒီကမ္ဘာကြီးမှာ အဲ့လောက် အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်အစွမ်းကို စုစည်းနိုင်တဲ့သူ ဘယ်လိုလုပ် ရှိနိုင်မှာလဲ ။ ကျုံ့ကျိုးက တစ်ယောက်တောင်မှ ဒီလို လုပ်နိုင်မှာ မဟုတ်ဘူး ။ဒါပေမယ့် .. အဲ့အစွမ်းကို ဘာလို့ ရင်းနှီးနေသလို ခံစားနေရတာပါလိမ့် .. "

" ငါ ကြိုးစားကြည့်လိုက်ရင်ရော .. "

လုကျင်းယန်က ထိုသို့ တွေးပြီး သူ့ စိတ်ဝိဥာဥ်အစွမ်းကို ခေါ်ယူ၍ လောထျန်း၏ အရိပ်ကြီးဆီသို့ တိုးဝင်သွားစေလိုက်သည်။

" ငါ အဲ့ဒါကို ထိရုံပဲ ထိပြီး ချက်ချင်း ပြန်လာမှာဆိုတော့ ဘာပြဿနာမှ မရှိလောက်ပါဘူး "

လုကျင်းယန် အာရုံစိုက်လိုက်ပြီး သူ့စိတ်ဝိဥာဥ်အစွမ်းအား အရိပ်ကြီးဆီသို့ သွားထိစေလိုက်သည်။

သို့သော် ..

ဘုန်း ..

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ် အားတစ်ခုက တန်ပြန်တိုက်ခိုက်လာကာ လုကျင်းယန်၏ စိတ်ဝိဥာဥ်အစွမ်းအား ဖိချေပစ်လိုက်တော့၏။

အု ..

ထိုတခဏတွင် လုကျင်းယန်မှာ သူ့ခန္ဓာကိုယ် တိုက်ခိုက်ခံရသလို ခံစားလိုက်ရပြီး သွေးများ အန်သွားကာ သူ့တစ်ကိုယ်လုံးလည်း အဆက်မပြတ် တုန်ယင်လာသည်။

" သခင်လေး လု ၊ ဘာဖြစ်လို့လဲ "

သူ့ဘေးနားမှ အစောင့်အကြပ် တစ်ယောက်က တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိသွားပြီး ချက်ချင်း မေးလာ၏။

သို့သော် .. လုကျင်းယန်မှာ လက်ကိုသာယမ်းပြပြီး မည်သို့မှ ပြန်မပြောနိုင်ပါချေ ။

လက်ရှိတွင် သူ့ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန် ရထားသည့်တိုင် ၎င်းက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် ယှဥ်လိုက်ပါက ​မပြောပလောက်စရာ ဖြစ်သွားလေပြီ ။

အစောက ခဏတာ ထိတွေ့လိုက်ရုံဖြင့်ပင် လောထျန်းနောက်မှ အရိပ်ကြီးက အမှန်တကယ် စိတ်ဝိဥာဥ်အစွမ်းမှ အသွင်ပြောင်းထားသည့် အရာကြီး ဖြစ်ကြောင်း သူ သိခဲ့ရသည် မဟုတ်ပါလား ။

ဤမျှ ပမာဏ ရှိသည့် စိတ်ဝိဥာဥ်အစွမ်း အသွင်ပြောင်းခြင်း တစ်ခုတည်းကပင် သူ့ကို တုပ်လှုပ်သွားစေရန် လုံလောက်ခဲ့ပါသည်။

သို့သော် .. ထိုမျှ မကသေးပါချေ ..

လောထျန်း၏ အရိပ်ကြီးမှ စိတ်ဝိဥာဥ်အစွမ်း သိပ်သည်းမှုမှာ သူ့ထက် အဆပေါင်းသိန်းချီကာ သာနေခဲ့ပါ၏။

၎င်းက မည်သို့သော အဓိပ္ပါယ်ပါနည်း ။

လုကျင်းယန်ဆိုသည့် သူ့အား စိတ်ဝိဥာဥ်အစွမ်း ပါရမီရှင်ဟု ခေါ်ကြသည်မှာ သူ့စိတ်ဝိဥာဥ်အစွမ်းက အသွင်ပြောင်းနိုင်သည့် အချက်တစ်ခုတည်းကြောင့် မဟုတ်ပေ ။

သူ ဂုဏ်အယူရဆုံး အချက်မှာ သူ့ စိတ်ဝိဥာဥ်အစွမ်း၏ သိပ်သည်းမှု ဖြစ်ပါသည်။

သို့သော် .. သူ အကောင်းဆုံး ဆိုသည့် နေရာတွင်ပင် လောထျန်းထက် ဆိုးဆိုးရွားရွားပင် ရှုံးနိမ့်နေခဲ့လေပြီ ။

ထိုတခဏတွင် သူ့ရုပ်က ဆယ်နှစ်ကျော်လောက် အိုစာသွားကာ ကျင့်ကြံခြင်းအပေါ်ထားသည့် သူ၏ ယုံကြည်မှုလည်း ပြိုကွဲသွားခဲ့ရပြီဖြစ်သည်။

သို့သော် ..လက်ရှိတွင် သူ့အား မည်သူမှ ဂရုမစိုက်ကြပါချေ ။

အားလုံး၏ အကြည့်က လောထျန်းပေါ်တွင်သာ ကျရောက်နေပါ၏။

လောထျန်းက လက်ဝါးတစ်ချက်တည်းဖြင့် နဂါးစိတ်ဝိဥာဥ် အရိပ်များအားလုံးကို လွင့်စင်သွားအောင် လုပ်လိုက်ပြီးနောက် လက်ကို ထပ်ယမ်း၍ နဂါးအသွင်ပြောင်းရေအိုင်ကြီးအား ဆုပ်ကိုင်လိုက်သည်။

ဝီ ...

ချက်ချင်းပင် စိတ်စွမ်းအင် အလင်းတန်းများအားလုံး သူ့လက်ထဲသို့ ရောက်လာ၏။ ထို့နောက်မှသာ လောထျန်းက လက်ပြန်ရုတ်လိုက်သည်။

ဘုန်း ..

ထို့နောက်တွင်မူ နဂါးအသွင်ပြောင်း ရေအိုင်အတွင်းမှ အသံကျယ်တစ်သံ ကြားလိုက်ရပြီး ဘာမှ မဖြစ်ခဲ့သလိုပင် အရာအားလုံး ပြန်တည်ငြိမ်သွားသည်။

လောထျန်းရှေ့တွင်မူ .. စိတ်စွမ်းအင် အလင်းတန်း တစ်ထောင်ကျော်က တလက်လက် တောက်ပနေကြ၏

" ဒါ .. ငါ အမြင်မှားနေတာများလား ၊ သူက စိတ်စွမ်းအင် အလင်းတန်းတွေ အားလုံးကို ယူလိုက်နိုင်တာလား "

လောထျန်းက အားလုံးကို လျစ်လျူရှုထားကာ သူ့ရှေ့မှ စိတ်စွမ်းအင် အလင်းတန်းများ အားလုံးကို ခေါ်ယူလိုက်ပြီး တစ်ခုပြီးတစ်ခု ကျပန်း ဖွင့်ဖောက်ကြည့်နေ၏။

" ချီး .. နဂါးအရိုးပါလား ၊ ပျင်းစရာ ကောင်းလိုက်တာ "

သူ ထိုသို့ ရေရွတ်ပြီး အရိုးကို ဘေးသို့ ပစ်ချကာ နောက်တစ်ခု ထပ်ဖောက်ကြည့်လိုက်သည်။

" ဟင် .. နဂါးချိုနဲ့ လုပ်ထားတဲ့ ဓားပါလား ။ တော်တော်လေးတော့ ထက်သားပဲ .. အင်း ဒါကို သိမ်းပြီး မိသားစုထဲက တစ်ယောက်ယောက်ကို ပေးရမယ် "

ထိုမြင်ကွင်းကို ကြည့်နေသည့် ရွှေယွဲ့ချီ၏ မျက်နှာထား ပြောင်းသွားပြီး သူမလက်ထဲမှ ဓားကို ငုံ့ကြည့်လိုက်၏။ ထိုဓားက သူမ အစောက ဂုဏ်ယူနေခဲ့သလို တန်ဖိုးမရှိတော့သည့်အလား ခံစားလိုက်ရသည်။

သူမသည် ထိုဓားကို ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ရခဲ့ပြီး အဖိုးတန် ရတနာ တစ်ခုလို သဘောထားခဲ့ပါ၏။

သို့သော် .. ယခု လောထျန်းလက်ထဲမှ ဓားမှာ သူမ ဓားထက် များစွာ ပိုသာပါသည် ။

သို့တိုင် ..လောထျန်းက ၎င်းအား ဘာမှ မထူးခြားသလိုပင် သဘောထားနေ၏။

သူမတို့ကြားမှ ကွာဟမှုက အဘယ့်ကြောင့် ဤမျှ ကြီးနေရပါသနည်း ။

ထိုစဥ် တဖက်မှ လောထျန်းက လက်ဆန့်ကာ စိတ်စွမ်းအင် အလင်းတန်းတစ်ခုကို ထပ် ဖောက်ကြည့်နေသည်။

ဝုန်း ..

အလင်းတန်း ပျောက်ကွယ်သွားသည်နှင့် အစွမ်းထက်သော အရောင်အဝါတစ်ခု ချက်ချင်း တိုးထွက်လာ၏။

" ဟင် .. တော်တော် အစွမ်းထက်တဲ့ နဂါးအစွမ်းပါလား "

" အဲ့ဒါ .. နဂါးအမြုတေ လား ၊ နည်းနည်း ပျက်စီးနေတယ်ဆိုပေမယ့် ..  တော်တော်လေး အစွမ်းထက်နေသေးတာပဲ "

အားလုံးက လောထျန်းလက်ထဲမှ နဂါးအမြုတေအား အရောင်လက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ထို နဂါးအမြုတေ၏ အစွမ်းကို ကြည့်ခြင်းဖြင့်ပင် ၎င်းက ယခင် နဂါးအသွင်ပြောင်းရေအိုင် ဖွင့်ခဲ့စဥ် အချိန်များတွင်ပင် ရခဲ့လှသည့် ရှားပါးပစ္စည်းကြီးဖြစ်ကြောင်း သိသာပါသည်။

ထိုတခဏတွင် အားလုံး၏ မျက်လုံးထဲ၌ မနာလိုဝန်တိုမှုများဖြင့် ပြည့်သွားတော့၏။

အထူးသဖြင့် နဂါးအသွင်ပြောင်းရေအိုင် ဘေးနားလေးတွင် ရှိနေကြသော သားရဲများနှင့် ကျင့်ကြံသူများ၏ စီးတော်ယာဥ်များ ဆိုလျှင် မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများ ဖြစ်နေကြတော့သည်။

ထို နဂါးအမြုတေများက လူသားများအတွက် ရတနာတစ်ခု ဖြစ်သည့်တိုင် နတ်ဆိုးမျိုးနွယ်ဝင်များအတွက် ပိူ အဖိုးတန်နေသည် မဟုတ်ပါလား ။

သို့သော် ..လောထျန်းကမူ သူ့လက်ထဲမှ နဂါးအမြုတေကို ကြည့်ကာ စိတ်မကျေနပ်ဟန်ဖြင့် မျက်မှောင်ကြုံ့သွား၏။

ထိုအရာက သူ့အတွက် အသုံးမဝင်ပါချေ ။

" အကိုကြီး .. "

ထိုစဥ် နျိုထျဲ့ချူက တံတွေးမြိုချပြီး သတိထား စကားစလာသည်။ သူမ၏ မျက်လုံးများကလည်း နဂါးအမြုတေ ပေါ်တွင်သာ ရှိနေ၏။

" ဟင် ..ဘာဖြစ်လို့လဲ ၊ မင်း လိုချင်လို့လား "

လောထျန်းက မေးလိုက်သည်။

နျိုထျဲ့ချူက ခေါင်းကို တဆတ်ဆတ် ညိတ်ပြ၏။

လောထျန်းက ဂရုမစိုက်ဟန်ဖြင့် အမြုတေလုံးအား သူမဆီသို့ ပစ်ပေးလိုက်သည်။

" ရော့ .. ကစားဖို့ ယူသွားလိုက် "

ကစားဖို့ ယူသွားလိုက် တဲ့လား ..

ကြားလိုက်ရသည့် စကားကြောင့် အားလုံး၏ ရင်ထဲ တင်းကျပ်မှုကို ခံစားလိုက်ကြရသည်။

အကယ်၍ ဤနဂါးအမြုတေကိုသာ အပြင်ကမ္ဘာတွင် တွေ့ပါက ၎င်းက လူနှစ်ယောက် တိုက်ခိုက်ရန် လုံလောက်သော်လည်း ..

ယခု လောထျန်းက သူ့သားရဲကို ဘာမှ မထူခြားသည့် အရာတစ်ခုလို ပစ်ပေးနေပြီး ကစားရန်ပင် ပြောနေပါ၏။

မည်မျှ ရခဲလှသည့် အခွင့်အရေးကြီးပါနည်း ။

ထိုစဥ် .. နျိုထျဲ့ချုက အမြုတေအား လှမ်းယူကာ အားရပါးရ သွားကြီးဖြဲ၍ ပြုံးနေသည်။ သူမ၏ အပြုံးမှာ နားရွက်သို့ပင် တက်ချိတ်တော့မယောင် ..

ယခု သူမလက်ထဲတွင် နဂါးအမြုတေလည်း ရှိနေပြီဖြစ်ရာ .. ရေအိုင်ထဲတွင် ရေဆင်းချိုးပြီးသွားပါက သူမ၏ အစွမ်း များစွာပင် တိုးတက်သွားမည်မှာ သံသယဖြစ်စရာ မလိုပါချေ။

၎င်းမှာ ...သူမ နှစ်တစ်ထောင်စာ ကျင့်ကြံရမည့် ပမာဏနှင့်ပင် တူနေနိုင်ပါသည်။

" ဦးလေး .... "

" သခင်လေး ... "

နျိုထျဲ့ချူဘေးမှ နျိုဝူဖုန်းနှင့်  ဘုရင်ကျင်းဖန်တို့ကလည်း မနာလိုဟန်ဖြင့် တီးတိုး ခေါ်လာကြ၏။

လောထျန်းက သူတို့ကို လှည့်ကြည့်ကာ တအံ့တသြ မေးသည်။

" အင် .. မင်းတို့ရော လိုချင်လို့လား "

သူတို့နှစ်ယာက် ခပ်သွက်သွက်ပင် ခေါင်းညိတ်ပြကြ၏။

လောထျန်းက အပြုံးဖြင့် ပြန်ပြောသည်။

" ခဏလေး စောင့်ကွာ ၊ မင်းတို့ နှစ်ယောက်အတွက်လဲ ပေးမယ် "

ထိုစကားကို ကြားသောအခါ သူတို့ဘေးနားတွင် ရှိနေသူများအားလုံး မကျေမနပ် ဖြစ်သွားကြသည်။

ထိုနှစ်ယောက်ကိုလည်း ပေးဦးမည်တဲ့လား ...

၎င်းမှာ နဂါးအမြုတေ ဖြစ်ပါသည် ။ ကစားစရာ ဘောလုံးတစ်လုံး မဟုတ်ပါချေ ..

လောထျန်းက ထိုသို့သော အဖိုးတန်ပစွည်းမျိုးကို အဘယ့်ကြောင့် ဘာမှ အရေးမကြီးသည့် ပစ္စည်းတစ်ခုလို ပေးနေရပါသနည်း ။

သို့သော် .. လောထျန်းရှေ့တွင် ပုံနေသော စိတ်စွမ်းအင် အလင်းတန်းများကို ကြည့်ကာ အားလုံး အသံတိတ်သွားကြသည်။

ထိုစဥ် လောထျန်းကမူ စိတ်စွမ်းအင် အလင်းတန်းများအား ကံစမ်းမဲဖောက်သလိုပင် ဆက်ဖောက်နေ၏။

သူ စိတ်စွမ်းအင် အလင်းတန်းတစ်ခုကို တစ်ခါဖောက်လိုက်တိုင်းလည်း လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါသည်။

ထိုအလင်းတန်းများထဲတွင် အဆိုးဆုံး အရာဆို၍ နဂါးအစွမ်း ပါဝင်သည့် နဂါးအရိုးသာ ရှိသည် မဟုတ်ပါလား။

ပိုကောင်းသည့် အရာများမှာမူ အမျိုးစုံသော  မှော်လက်နက်များ ဖြစ်ပါသည်။

ဤသို့ဖြင့် အချိန် တခဏအတွင်းမှာပင် လောထျန်းရှေ့၌ မှော်လက်နက်ပေါင်းစုံ စုပုံလာတော့၏။

ထိုအချိန်မှာပင် လောထျန်းက စိတ်စွမ်းအင် အလင်းတန်းတစ်ခုကို ခေါ်ယူပြီး ဖောက်လိုက်ပြန်သည်။

ဝီ ...

ရုတ်တရက် ..  နဂါးအသွင်ပြောင်း ရေအိုင်ဘေးမှ အလင်းတန်းတစ်ခု ပေါက်ထွက်လာပြီး အားလုံး မျက်လုံးပြူးသွားကြ၏။

All Chapters