← Chapters

လေလံပွဲ

Vol. 24 Ch. 325

လေလံပွဲ

Vol. 24 Ch. 325

ထို့နောက် ..လောထျန်း၏ လက်ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ..

ကြေးခွံတစ်ခု ပေါ်လာသည်။

ကြေးခွံမှာ အရွယ်အစား မကြီးလှသော်လည်း ၎င်းမှ အစွမ်းထက်သော အရောင်အဝါနှင့် အစွမ်းတစ်ခု ထွက်ပေါ်နေပြီး ထူးခြားသော အ ရာတစ်ခု ဖြစ်ကြောင်း သိသာနေ၏။

လောထျန်းမှာ သူ့လက်ထဲမှ ကြေးခွံကို ကြည့်ရင်း မျက်မှောင်ကြုံ့သွားသည်။

" နဂါး ကြေးခွံလား .. "

ထို့နောက် သူ ကြေးခွံအား ဘေးသို့ ပစ်ချထားရန် ပြင်လိုက်စဥ်မှာပင် အနီးနားပတ်ဝန်းကျင် အခြေအနေက ပုံမှန်မဟုတ်ကြောင်း သတိထားမိလိုက်၏။

သူ ဘေးဘီသို့ တစ်ချက် ဝေ့ဝဲကြည့်လိုက်ရာ အားလုံးက သူ့လက်ထဲမှ ကြေးခွံအား မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်ကို မြင်လိုက်ရသည်။

" မင်းတို့တွေက ..ဘာဖြစ်နေကြတာလဲ "

လောထျန်း တအံ့တသြ မေးလိုက်သည်။

ထိုစဥ် ရွှေယွဲ့ချီက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ရုတ်တရက် ပြောလာ၏။

" သခင်လေး လောထျန်း   ကျွန်မကို အဲ့ဒီ ကြေးခွံ ပေးလို့ ရမလား "

လောထျန်းက သူမအား ခြေဆုံးခေါင်းဆုံး ကြည့်ကာ ​ပြန်မေးလိုက်သည်။

" ဘာဖြစ်လို့လဲ "

ရွှေယွဲ့ချီမှာ လောထျန်းက ထိုသို့ မေးခွန်းပြန်ထုတ်လာလိမ့်မည်ဟု မျှော်လင့်မထားသဖြင့် အံ့အားသင့်သွား၏။ သို့သော် သူမ အပြုံးဖြင့်သာ ပြန်ပြောလိုက်သည်။

" ဘာလို့လဲဆိုတော့ ကျွန်မ အဲ့ဒါကို တကယ် လိုအပ်လို့ပေါ့ "

လောထျန်းက သူမအား မျက်လုံးထောင့်ဖြင့် ကြည့်ကာ ပြော၏။

" ဆုတောင်းလေ။ မင်းက တကယ်လိုတယ် ဆိုတိုင်း ကျုပ်က ပေးရမှာလား ၊ မင်းနဲ့ ကျုပ်နဲ့က ရင်းနှီးတဲ့သူတွေမှမဟုတ်တာ "

သူ့စကားကြောင့် ရွှေယွဲ့ချီတစ်ယောက် တံတွေးပင် သီးတော့မလို ဖြစ်သွားသည်။

လူငယ်တစ်ယောက်က သူမအပေါ်  ထိုသို့ မလေးမစား ဆက်ဆံလာသည်မှာ ယခုက ပထမဆုံး အကြိမ်ပင် ။

လွန်ခဲ့သော နှစ်များတွင် .. သူမ၏ ရာထူးဂုဏ်သတင်းနှင့် ရုပ်ရည်ချောမောလှပမှုတို့ကြောင့် သူမလိုချင်သည့်အရာ ရှိလာပါက ဖွင့်ဟပြီး တောင်းရန်ပင် မလိုခဲ့ပါချေ။ အားလုံးက သူမအား အသာတကြည် ပေးလာကြသည်ချည်းသာ ဖြစ်ပါသည်။

သို့သော် လောထျန်းကမူ ထိုအရာများကို လုံးဝ ဂရုစိုက်ဟန် မတူပါ ။

ထိုစဥ် အခြားတစ်ဖက်မှ အဘိုးအိုတစ်ယောက်က ရုတ်တရက် ပြောလာ၏။

" သခင်လေး ကျုပ်ကို အဲ့ဒီ ကြေးခွံလေး ပေးလို့ရမလားဗျာ ။ ကျုပ်မှာရှိတဲ့ အဆင့် ၉ စိတ်စွမ်းအင်ဆေးလုံးနဲ့ လဲပါ့မယ် "

အဘိုးအိုက ပြောပြောဆိုဆိုပင် သူ့ ဟင်းလင်းပြင်လက်စွပ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်လိုက်သည်။ ထိုဆေးလုံးမှ မွှေးကြိုင်သော အနံ့တစ်ခုက လေထဲသို့ လွင့်ပျံ့လာ၏။

ထိုအချိန်တွင် အဘိုးအိုဘေးနား ရပ်နေသည့် အခြားတစ်ယောက်ကလည်း ပြောလာသည်။

" ဟမ့် .. မင်းက ဘာမှမဟုတ်တဲ့ ဆေးလုံးနဲ့ လဲချင်နေတာပေါ့ ၊ တော်တော်အရှက်မရှိတာပဲ ။ သခင်လေး .. ကျုပ်ကို အဲ့ကြေးခွံသာ ပေးရင်  မသေမျိုးအစွမ်းပါတဲ့ မှော်ရတနာတစ်ခု ပြန်ပေးပါ့မယ် "

ထိုစကားကို ကြားသည်နှင့် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

မသေမျိုးအစွမ်း ပါဝင်သော မှော်ရတနာတစ်ခုမှာ ... သာမာန် အရာတစ်ခု မဟုတ်ပါချေ။

ထိုရတနာထဲတွင် မသေမျိုးအစွမ်းသာ လုံလောက်အောင် ပါနေခဲ့ပါက ကောင်းကင်ဘုံတံခါးဝအဆင့်မှ ကျင့်ကြံသူတစ်ယောက်အတွက် မသေမျိုးအဆင့် တက်ရန် လုံလောက်သည် မဟုတ်ပါလား ။

ဤထျန်းယွမ်ကမ္ဘာတွင် သဘာဝ မသေမျိုးအစွမ်း လုံးဝ မရှိပေရာ .. မသေမျိုးအစွမ်း အနည်းငယ် လေးသည်ပင် အဖိုးတန်နေလေပြီ ။

ယခု  မသေမျိုးအစွမ်း ပါဝင်သည့် မှော်ရတနာတစ်ခုဆိုပါက မည်မျှ အဖိုးတန်မှန်း ပြောနေစရာပင် မလိုတော့ပါ  ။

" သခင်လေး .. ကျုပ်က ဒီ မသေမျိုးအဆင့် သိုင်းကျင့်စဥ်တစ်ခုနဲ့ လဲလှယ်ဖို့ ဆန္ဒရှိပါတယ် "

" ကျုပ်က .... "

အနီးတဝိုက်မှ လူများစွာပင် အဖိုးတန် ရတနာများ တစ်ခုပြီးတစ်ခု ထုတ်ရင်း လေလံဆွဲလာကြသဖြင့် လောထျန်း သူတို့ကို ကြည့်ကာ နားမလည်နိုင် ဖြစ်နေတော့၏။

ထိုလူများက ဘာတွေ ဖြစ်နေကြပါသနည်း ။

ဤနဂါးကြေးခွံ သေးသေးလေး တစ်ခုအတွက် သူတို့၏ အဖိုးတန် ရတနာများကို စွန့်လွှတ်ချင်နေကြသတဲ့လား ။

ထိုစဥ် လောထျန်းဘေးမှ နဂါးအရိပ် ရှောက်လုံက ပြောလာသည်။

" သခင်လေး ၊ အဲ့ဒါ ပြောင်းလဲခြင်း နဂါးကြေးခွံ အစစ်ပဲဗျ ။ ဒီဟာက ကောင်းကင်နဲ့ မြေကြီးရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်စွမ်း ရှိတယ် "

" ဟင် .. ကံကြမ္မာကို ပြောင်းလဲပစ်နိုင်တယ် .. ဟုတ်လား "

ကြားလိုက်ရသော စကားကြောင့် လောထျန်း အံ့သြမှင်သက်သွားသည်။

ရှောက်လုံက ဆက်ရှင်းပြ၏။

" ကမ္ဘာပေါ်က မသေမျိုးနဲ့ သာမာန်မသေမျိုး တွေရဲ့ကြားက ကွာခြားချက်ကို သခင်လေး သိတယ် မဟုတ်လား "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

ရှောက်လုံက စကားဆက်၏။

" ပုံမှန်ဆိုရင် အပြင်က မသေမျိုးအစွမ်းကို သုံးပြီး သာမာန် မသေမျိုးတစ်ယောက် ဖြစ်လာတဲ့သူတွေက သူတို့ရဲ့ ဘဝသက်တမ်းမှာ ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် လုံးဝ ဖြစ်မလာနိုင်တော့ဘူး ။ ဒါပေမယ့် .. ခြွင်းချက်တွေတော့ ရှိတယ် ။ ဒီ ကမ္ဘာကြီးမှာ အဲ့ဒီ ကံကြမ္မာကို ပြောင်းလဲပစ်ပြီး သာမာန် မသေမျိုးတွေကို ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် ဖြစ်လာစေတဲ့ အဖိုးတန် ရတနာတချို့ ရှိတယ်ဗျ "

လောထျန်းက ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် မေးသည်။

" ဒီ နဂါးကြေးခွံက အဲ့လို လုပ်နိုင်တဲ့ ရတနာတွေထဲက တစ်ခုပေါ့ "

ရှောက်လုံက ခေါင်းညိတ်ပြကာ ပြန်ပြော၏။

" အမှန်ပဲဗျ "

ထိုလူများက အဘယ့်ကြောင့် သူတို့၏ အဖိုးတန် ပစ္စည်းများအား စွန့်လွှတ်ရန် အသင့်ဖြစ်နေကြသည်ကို လောထျန်း နားလည်သွားတော့သည်။

ဤနဂါးကြေးခွံလေးတစ်ခုက ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်ကို ဖန်တီးနိုင်နေသည် မဟုတ်ပါလား ။

၎င်းမှာ အလွန်အဖိုးတန်သော အရာတစ်ခုပင် ။

" သခင်လေး လောထျန်း ၊ ကျွန်မကိုသာ အဲ့ကြေးခွံ ပေးလို့ရှိရင် ကျွန်မတို့ ယောင်ချီက အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး ကုဋေ တစ်သိန်း  ၊ မသေမျိုးအဆင့် ကျင့်စဥ် ၃ ခု နဲ့ မသေမျိုးအဆင့် သိုင်းပညာရပ် ၃ ခုကို ပေးပါ့မယ် "

ရွှေယွဲ့ချီက အံကြိတ်ပြီး ပြောလာသည်။

သူမ စကားဆုံးသည်နှင့် လူအုပ်ကြီးဆီမှ ကျယ်ကျယ်လောင်လောင် အသံများ ထွက်လာပြန်၏။

" ဘုရားရေ .. ယောင်ချီက မြင့်မြတ်နယ်မြေ တစ်ခုလို့ မပြောရဘူးကွာ ၊ မသေမျိုးအဆင့် လျှို့ဝှက်သိုင်းပညာရပ် ၆ ခုကိုတောင် ပေးမှာတဲ့ "

" အဲ့လောက်ကြီးတော့ ငါ မလိုက်နိုင်တော့ဘူးကွာ ။ ကြည့်ရတာ ဒီပစ္စည်းက ယောင်ချီ လက်ထဲကိုပဲ ရောက်တော့မယ်နဲ့ တူပါတယ် "

အားလုံး ခေါင်းယမ်းကာ သက်ပြင်းချလိုက်ကြသည်။

အင်အားကြီးသလို သြဇာအာဏာလည်း ကြီးသော မြင့်မြတ်နယ်မြေတစ်ခုနှင့် သူတို့ မည်သို့ ယှဥ်နိုင်ပါမည်နည်း ။

သို့သော် .. လောထျန်းက အပြုံးဖြင့်သာ ပြန်ပြောလာသည်။

" စိတ်မကောင်းပါဘူးဗျာ ၊၊ ကျုပ် ဒီဟာကို ရောင်းဖို့ စိတ်ကူးမရှိဘူးဗျ "

" ဘယ်လို .. "

ရွှေယွဲ့ချီ အံ့သြမှင်သက်သွားရပြန်၏။ လောထျန်းက ထိုသို့ တုန့်ပြန်လာမည်ဟု သူမ ထင်မထားသည်မှာ သိသာပါသည်။

ပြောင်းလဲခြင်း နဂါးကြေးခွံသည် အလွန်အဖိုးတန်သော အရာတစ်ခု ဖြစ်သည်မှာ မှန်သော်လည်း သာမာန် လူများအတွက်မူ အသုံးမဝင်လှပါချေ။

လောထျန်း၏ ခေါင်းထဲတွင် မည်သို့သော အတွေးမျိုး ရှိနေသည်ကို သူမ မည်သို့ သိနိုင်ပါမည်နည်း ။

အမှန်တွင်မူ .. လောထျန်းသည် သာမာန် မသေမျိုးနှင့် ကမ္ဘာပေါ်မှ မသေမျိုးတို့၏ ကွာဟချက်ကို သိခဲ့ရစဥ် အချိန်တည်းက ပျောင်ပိုင်မြို့မှ သူ့လူများနှင့် သူတို့၏ ကျင့်ကြံခြင်းကို စိုးရိမ်နေခဲ့ပါ၏။

သူ့လူများ၏ ပါရမီက မလုံလောက်သည့်အတွက် ကမ္ဘာပေါ်မှ မသေမျိုး ဖြစ်မလာနိုင်ဘဲ သာမာန် မသေမျိုးအဆင့် အစွမ်းမျိုးနှင့်သာ ရပ်နေကြရမည်ကို သူ အမှန်တကယ်ပင် တွေးပူနေခဲ့ရသည်။

သို့သော် .. ယခု သူ့လက်ထဲတွင် ၎င်းကို ပြောင်းလဲပစ်နိုင်စွမ်း ရှိနေပြီဖြစ်ရာ သူ့ကိုယ်သူ ယုံကြည်မှုလည်း ပိုတိုးလာခဲ့လေပြီ ။

အထူးသဖြင့် သူအဖေ လောဖုန်းအနေဖြင့် ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဖြစ်လာရန် ကျရှုံးသွားခဲ့ပါက ဤကြေခွံကို သုံးပြီး ကံကြမ္မာကို ပြောင်းလဲကာ နောက်တစ်ကြိမ် ထပ်ကြိုးစား၍ ရနိုင်သည် မဟုတ်ပါလား ။

လောထျန်း ထိုသို့တွေးပြီး နဂါကြေးခွံအား သေချာသိမ်းလိုက်သည်။ ထို့နောက် ဘေးပတ်လည်မှ လူများဘက်သို့ လှည့်ကြည့်ရင်း သူ့မျက်လုံးများ ရုတ်တရက် အရောင်လက်သွား၏။

" ဒီကြေးခွံက ရောင်းဖို့ မဟုတ်ဘူး ဆိုပေမယ့် .. တခြားပစ္စည်းတွေတော့ ရောင်းလို့ ရတယ်လေ ။ လူကြီးမင်းတို့ ၊ ကျုပ်ရှေ့မှာ ရှိတဲ့ ဒီ ပစ္စည်းတွေကို ကြည့်လိုက်ပါဦး ..  ဒါတွေကို လိုချင်တဲ့သူရှိရင် ကိုယ့်ဘက်က ပေးနိုင်မယ့် ပမာဏကို ပြောကြဗျာ "

လောထျန်းက အပြုံးဖြင့် ဆိုလိုက်သည်။

အားလုံး ရုတ်တရက် အံ့သြမှင်သက်သွားကြ၏။ ထို့နောက်မှသာ လောထျန်းက လေလံပွဲတစ်ခု လုပ်နေခြင်းဖြစ်ကြောင်း  သူတို့ သဘောပေါက်လိုက်ကြသည်။

" ကဲ .. ဒီ နဂါးအရိုးနဲ့ စလိုက်ကြမယ် ။ ဒီ နဂါးအရိုးထဲမှာ နဂါးအစွမ်းတွေ အများကြီး ပါနေပြီးတော့ တကယ့် နဂါးအစစ်တစ်ကောင်ရဲ့ အစွမ်း ပါနေတယ်ဗျ ။ ဒါနဲ့ဆို ကိုယ့်ရဲ့ ပါရမီ တိုးတက်အောင်လုပ်ဖို့ အသင့်လျော်ဆုံးပေါ့ဗျာ ။ ဒါကို လိုချင်တဲ့သူ ရှိရင် .. ကိုယ့်ဘက်က ပေးနိုင်တာကို ပြောလို့ရတယ်နော် ။ စိတ်စွမ်းအင်ကျောက်တုံးလဲ ရတယ် ၊ သိုင်းပညာရပ်တွေ ကျင့်စဥ်တွေလဲ ရတယ် ။ အဖိုးတန်တဲ့ ဘယ်ဟာမဆို ပေးလို့ရတယ်ဗျာ "

လောထျန်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

အားလုံးမှာ ခေတ္တမျှ တုန့်ဆိုင်းနေကြသေးသော်လည်း လူတစ်ယောက်က ရုတ်တရက် အော်ပြောလာ၏။

" ကျုပ် အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၀၀ ပေးမယ်ဗျာ "

သူ့စကားသံ ဆုံးသည်နှင့် ဒုတိယတစ်ယောက်ကလည်း ချက်ချင်း အော်ပြောလာသည်။

" ကျုပ်က စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၂၀ ပေးမယ် ၊ ပြီးရင် အဆင့် ၉ သိုင်းကျင့်စဥ်တစ်ခုလဲ ပေးဦးမှာ "

" ကျုပ်က အဆင့် ၉ သိုင်းကျင့်စဥ် ၂ ခု ထပ်ပေါင်းပေးမယ် "

ထိုတခဏတွင် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး တစ်ယောက်ထက်တစ်ယောက် စျေးပိုပေးကာ လေလံဆွဲလိုက်ကြသည်။

နဂါးအရိုးအစစ်က အလွန်အဖိုးတန်သည့် အရာတစ်ခုပင် မဟုတ်ပါလား ။

မကြာမီတွင်မူ ထိုနဂါးအရိုးအား စိတ်စွမ်းအင်ကျောက်တုံး သန်း ၂၀၀ အပါအဝင် ကောင်းကင်ဘုံတံခါးဝအဆင့်ရှိ သိုင်းကျင့်စဥ် ၄ ခု ဖြင့် ရောင်းချလိုက်တော့၏။

လောထျန်းကမူ ၎င်းကို ကြည့်ကာ မျက်နှာကြီး ဝင်းနေသည်။

ထိုအရာများထံမှ သူ့အတွက် အကျိုးအမြတ်များစွာ ရလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ ။

" ကဲ .. နောက်တစ်ခုက ဒီ နဂါးချိုနဲ့ လုပ်ထားတဲ့ ဓား ၊ ဘယ်သူ လိုချင်လဲ ... "

လောထျန်းက အော်ပြောလိုက်သည်။

သူ့စကားဆုံးသည်နှင့် ချက်ချင်း ဆိုသလိုပင် အပြိုင်အဆိုင် စျေးပေးသံများ ထွက်ပေါ်လာတော့၏။ နောက်ဆုံးတွင်မူ အမျိုးသမီး ဓားသမားတစ်ယောက်က များစွာ အကုန်အကျခံပြီး ထိုဓားကို ရသွားခဲ့သည်။

ဤသို့ဖြင့် အချိန်တိုလေး အတွင်းမှာပင် လောထျန်း အစောက ရထားခဲ့သည့် အရာများအားလုံး ရောင်းကုန်သွားတော့၏။

သူ့အတွက်လည်း အကျိုးအမြတ်များစွာ ရခဲ့ပြီး များစွာသော စိတ်စွမ်းအင်ကျောက်တုံးများ ၊ သိုင်းပညာကျင့်စဥ် များနှင့် မသေမျိုးအဆင့် ကျင့်စဥ်တစ်ခုကိုပါ ရခဲ့သည်။

ထိုသို့သော မသေမျိုးအဆင့် ကျင့်စဥ်မှာ မြောက်ပိုင်းဒေသတွင် မရှိသလောက်နီးပါးပင် ရှားပါသည်။

" အင်း .. အရင် ရထားတဲ့ဟာတွေတော့ အားလုံး ကုန်သွားပြီ။ အခု ကံစမ်းမဲအသစ်တွေ ထပ်ဖွင့်ပြီး တစ်ခါတည်း ရောင်းလိုက်မယ် "

လောထျန်းက ထိုသို့တွေးကာ စိတ်စွမ်းအင် အလင်းတန်းတစ်ခုကို ဆက်ဖောက်လ်ုက်သည်။

သူ စိတ်စွမ်းအင် အလင်းတန်းတစ်ခုကို တစ်ခါဖွင့်ကြည့်ပြီးတိုင်းလည်း နဂါးအသွင်ပြောင်းရေအိုင်ဘေး၌ လေလံပွဲကြီး အုန်းအုန်းကျွက်ကျွက် ဖြစ်ပေါ်နေ၏။

အားလုံးမှာလည်း သူတို့ ပစ္စည်းများ အကုန်ကျခံရမည်ကို မနှမျောဘဲ လောထျန်းဆီမှ ပစ္စည်းအား မဝယ်လိုက်နိုင်မည်ကိုသာ စိုးနေကြပုံ ရှိသည်။

ဤသို့ဖြင့် အမျိုးအစားပေါင်း တစ်ရာကျော် ရောင်းချပြီးနောက် ... လောထျန်းက နောက်ထပ် စိတ်စွမ်းအင် အလင်းတန်းတစ်ခုအား ဖောက်လိုက်သည်။

ဝီ ..

အလင်းတန်းထဲမှ အစွမ်းထက်သော မသေမျိုး အရောင်အဝါတစ်ခု ရုတ်ချည်း ထွက်ပေါ်လာ၏။

လောထျန်းက သူ့လက်ထဲမှ အရာကို ကြည့်ကာ မျက်လုံးများ အရောင်လက်သွားပြီး တအံ့တသြ ပြောလိုက်သည်။

" နဂါးသွေး အစစ်ပဲ "

All Chapters