သူဌေးဖြစ်သွားခြင်း
Vol. 24 Ch. 326
" နဂါးသွေးအစစ် ဆိုပါလား .. သခင်လေး လောထျန်း ၊ အဲ့ဒါကို ရဖို့ဆို ကျုပ်မှာရှိသမျှ စည်းစိမ်အကုန် ပေးနိုင်ပါတယ်ဗျာ "
အဘိုးအိုတစ်ယောက်က အော်ပြောလာသည်။
" ဟား ဟား .. ခင်ဗျားရဲ့ မိသားစု နောက်ခံမျိုးနဲ့ ဘယ်လိုအဖိုးတန်ပစ္စည်းမျိုး ရှိမှာမို့လဲ ။ သခင်လေး လောထျန်း ၊ ကျုပ်က ကျုံ့ကျုံးဒေသ ၊ ဖေးယွိဂိုဏ်းရဲ့ သခင်လေးပါ ။ ဒီ နဂါးသွေးကိုသာ ပေးမယ်ဆိုရင် ကျုပ်တို့ ဖေးယွိဂိုဏ်းမှာရှိတဲ့ ဘယ်အရာကို မဆို ယူလို့ရပါတယ် "
လူငယ်တစ်ယောက်ကလည်း အော်ပြောလာသည်။
လောထျန်းတို့ ပျောင်ပိုင်မြို့မှ လူများ၏ ပစ္စည်းများ ရွှေ့ပြောင်းနိုင်စွမ်းကို သူ မသိသေးသည်မှာ သေချာပါ၏။
သူသာ သိထားခဲ့ပါက ထိုသို့သော စကားမျိုး လုံးဝ ပြောရဲမည် မဟုတ်ပါချေ ။
" ကျုပ်က အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး ကုဋေ တစ်ထောင် ပေးပါ့မယ် "
" ဟားဟား .. မင်းက အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံးကိုများ စကားထဲ ထည့်ပြောနေသေးတယ် ။ ကျုပ်က အဆင့်မြင့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၀၀ ပေးပါ့မယ် "
ဝတ်ကောင်းစားလှနှင့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က အော်ပြောလာ၏။
သူ့စကားကြောင့် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။
အဆင့်မြင့် စိတ်စွမ်းအင် ကျောက်တုံးတစ်တုံးသည်ပင် အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး တစ်သောင်းနှင့် ညီမျှနေပြီ ဖြစ်ပါသည်။
ထိုလူကြီးက အလွန်ချမ်းသာဟန်ပင် ..
ထိုတခဏတွင် အားလုံး ထိုလူကြီးရှိရာဆီသို့ လှမ်းကြည့်လာကြပြီး သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်သွားမှသာ သဘောပေါက်သွားကြ၏။
" သူက ထျန်းပေ ကုန်သည်ကြီးများ အဖွဲ့ရဲ့ သခင်လေးပဲ ။ အဲ့လောက် ချမ်းသာကြွယ်ဝနေတာ မဆန်းတော့ပါဘူးကွာ "
အားလုံးဆီမှ တီးတိုးသံများ ထွက်လာကြသည်။
ထိုစဥ် လောထျန်းနှင့် မနီးမဝေးတွင် ရှိနေသောရွှေယွဲ့ချီက လောထျန်းလက်ထဲမှ နဂါးသွေးအစစ်ကို ကြည့်ကာ အံကြိတ်လိုက်၏။
" သခင်လေး လောထျန်း ၊ ဒီ နဂါးသွေးအတွက် ကျွန်မတို့ ယောင်ချီရဲ့ မသေမျိုးအဆင့် သိုင်းကျင့်စဥ် ၁၀ ခု ပေးပါ့မယ် ။ အဲ့ထဲမှာ ကျွန်မတို့ ဟောင်ချီရဲ့ ထိပ်တန်း လျှို့ဝှက် ကျင့်စဥ် ၃ ခုထဲက တစ်ခုလဲ ထည့်ပေးဦးမှာပါ ။ သခင်လေး ဘယ်လို သဘောရလဲ "
ရွှေယွဲ့ချီက ပြောလာသည်။
သူမစကားကို ကြားသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး အံ့သြတုန်လှုပ်သွားကြပြန်၏။
" ရူးလောက်ချင်စရာကြီးကွာ .. မသေမျိုးအဆင့် သိုင်းကျင့်စဥ် ၁၀ ခုကတောင် တော်တော်လွန်နေပြီကို .. ယောင်ချီရဲ့ ထိပ်တန်းလျှို့ဝှက်ကျင့်စဥ် တစ်ခုပါ ပါဦးမှာတဲ့ "
" ယောင်ချီရဲ့ ထိပ်တန်းကျင့်စဥ် ..ဟုတ်လား ၊ အဲ့ဒါက အစွမ်းထက်တယ်လား "
လူငယ်တစ်ယောက်က နားမလည်နိုင်ဟန်ဖြင့် မေးသည်။
သူ့ဘေးက လူတစ်ယောက်က နှာခေါင်းရှုံ့ပြီး ပြန်ပြော၏။
" အစွမ်းထက်တယ် ဆိုတာထက် ပိုတာပေါ့ကွ ။ ယောင်ချီမှာက အမျိုးသမီး ကျင့်ကြံသူတွေပဲ ရှိတယ်ဆိုပြီး သွားအထင်မသေးလိုက်နဲ့ ၊ အဲ့နေရာက တကယ့် မြင့်မြတ်နယ်မြေ တစ်ခုပဲကွ ။ ယောင်ချီက ဟိုးအရင်ကတည်းက ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခု အပေါ်မှာ ဘယ်ဘက်မှ မပါဘဲ နေခဲ့လို့သာ သူတို့ကို လုံလောက်အောင် အစွမ်းမထက်ဘူးလို့ ထင်ရတာ ။ တကယ်တမ်း တိုက်ပွဲသာ ဖြစ်ကြရင် ယောင်ချီကို ဘယ်မြင့်မြတ်နယ်မြေကမှ အထင်သေးရဲကြမှာ မဟုတ်ဘူး "
အခြားတစ်ယောက်ကလည်း ဝင်ပြောသည်။
" အမှန်ပဲ ။ သူတို့ ယောင်ချီရဲ့ ထိပ်တန်း လျှို့ဝှက်ကျင့်စဥ် ၃ ခုဆို ပိုတောင် ဆိုးသေးတယ် .. အဲ့ ကျင့်စဥ်တစ်ခုစီတိုင်းက အင်မတန်ကို ကြောက်စရာကောင်းတာကွ ။ ဟိုးအရင်ကတည်းက ယောင်ချီရဲ့ ဂိုဏ်းချုပ်ကြီးကလွဲလို့ ... နတ်ဘုရားမတွေပဲ ဒီကျင့်စဥ်ကို ကျင့်ကြံခွင့် ရကြတာ ။ နတ်ဘုရားမတစ်ယောက်က ဒီကျင့်စဥ်ကို ကျင့်ကြံပြီးသွားပြီဆိုတာနဲ့ ကျင့်ကြံခြင်းအဆင့်တူ လူတွေထဲမှာ ပြိုင်ဘက်ကင်းလို့ လုံးဝကြီး ပြောလို့ မရရင်တောင် .. ပြိုင်ဘက်ကင်းနီးပါး ပဲကွ "
စကားဆုံးသောအခါ အစောက မေးခဲ့သည့် လူငယ်ထံမှ တအံတသြ ရေရွတ်သံ ထွက်ပေါ်လာသည်။
" တော်တော် အစွမ်းထက်တာပဲ "
ထိုစဥ် ရွှေယွဲ့ချီက လောထျန်းကို စိုက်ကြည့်ကာ မေး၏။
" သခင်လေး လောထျန်း ၊ ကျွန်မကို အဲ့ နဂါးသွေး ရောင်းပေးနိုင်မလား "
သို့သော် .. လောထျန်းက ခေါင်းယမ်း၍သာ ပြန်ပြောလိုက်သည်။
" စိတ်မရှိပါနဲ့ဗျာ ၊ ကျုပ် ဒါကို မရောင်းပေးနိုင်ဘူး "
" ဘယ်လို .. "
ရွှေယွဲ့ချီ၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားတော့သည်။
ယခုနှင့် ဆိုလျှင် လောထျန်း သူမကို ငြင်းပယ်သည်မှာ နှစ်ကြိမ် ရှိသွားခဲ့ပြီ ဖြစ်သည့်အတွက် သူမ အလွန်ဒေါသထွက်သွားရသည်မှာ မဆန်းပေ ။
" ဘာဖြစ်လို့လဲ .. သခင်လေးလောထျန်း ၊ကျွန်မ ပေးထားတဲ့ ပမာဏက တော်တော်ကို များနေပြီလေ ။ ကျွန်မထက် ပိုပေးနိုင်တဲ့သူလဲ ဘယ်သူမှ ရှိမှာ မဟုတ်ဘူး "
သူမ ဒေါသတကြီး မေးလိုက်သည်။
လောထျန်းက သူမကို တစ်ချက်ကြည့်ကာ ပြန်ပြော၏။
" စျေးများများပေးတာ ၊ မပေးတာနဲ့ မဆိုင်ဘူးဗျ ။ ကျုပ် ဒီ နဂါးသွေးကို သုံးစရာ ရှိနေလို့ မရောင်းတာ "
ဤ နဂါးသွေးမှာ သူ့ကျင့်ကြံခြင်း နောက်တစ်ဆင့်တက်ရန်အတွက် အလွန်အရေးကြီးသော ပစ္စည်းတစ်ခု ဖြစ်ပါသည်။ သူ နဂါးသင်္ချိုင်းမြေသို့ လာခဲ့ရသည့် အဓိက ရည်ရွယ်ချက်မှာလည်း နဂါးသွေးကြောင့်ဟု ပြော၍ ရပါ၏။ ထိုသို့သော အရာမျိုးကို ယောင်ချီ၏ ကျင့်စဥ်များ ပေးရုံဖြင့် ရောင်းလိုက်ရပါမည်လား ။
ကျင့်ကြံခြင်း အဆင့်တူများထဲတွင် ပြိုင်ဘက်ကင်း ကျင့်စဥ်တဲ့လား ..
ထိုသို့သော အရာမျိးက သူ့ကို ဆွဲဆောင်ရန် မစွမ်းနိုင်ပါချေ ။
သူသည် ကျင့်ကြံခြင်းအဆင့်တူ လူများထဲတွင်သာမက သူ့ထက် ကျင့်ကြံခြင်းအဆင့် များစွာမြင့်သည့် လူများထက်ပါ ပိုအစွမ်းထက်နေသူတစ်ယောက်မဟုတ်ပါလား။
" ရှင် . "
ရွှေယွဲ့ချီက အံကြိတ်ကာ တစ်ခုခု ပြောချင်နေဟန် ရှိသည် ။
သို့သော် လောထျန်းကမူ နဂါးသွေးကို သိမ်းပြီး စိတ်စွမ်းအင်အလင်းတန်း နောက်တစ်ခုကို ဖောက်ကြည့်နေပြီဖြစ်၏။
ချွှင် .
စိတ်စွမ်းအင် အလင်းတန်း ပျောက်ကွယ်သွားသည်နှင့် ဓားစွမ်းအင်များ နေရာအနှံ့ ပျံ့လွင့်လာသည်။
" ဝိုး .. နဂါးထွင်းစာတွေနဲ့ စီမံထားတဲ့ ဓားတစ်လက်ပါလား ၊ ဘယ်သူ လိုချင်လဲ "
လောထျန်းက ကျယ်လောင်စွာ အော်မေးလိုက်သည်။
ထို့နောက်တွင်မူ လေလံဆွဲပွဲကြီး နောက်တစ်ကြိမ် ပြန်စသွားပြီး ခဏအကြာတွင် ဓားကို ရောင်းပြီးသွား၏။
လောထျန်းလက်ထဲတွင်လည်း တန်ဖိုးကြီးပစ္စည်းများ များစွာ ရောက်လာသည်။
ပြီးနောက် .. နောက်ထပ် စိတ်စွမ်းအင် အလင်းတန်းတစ်ခု ထပ်ဖွင့်ကာ လေလံပွဲကြီး ပြန်စသွားပြန်သည်။
ဤသို့ဖြင့် အချိန်တိုအတွင်းမှာပင် စိတ်စွမ်းအင် အလင်းတန်းပေါင်း တစ်ထောင်ကျော် ဖွင့်ဖောက်ရောင်းချပြီးသွားခဲ့၏။
ပစ္စည်းများ အများစုမှာ နဂါးအရိုးများနှင့် သာမာန် နဂါးကြေခွံများ ဖြစ်ပါသည်။
ထိုအရာများက အပြင်ကမ္ဘာတွင် အလွန်အဖိုးတန်သော အရာများ ဖြစ်သော်လည်း နဂါးအသွင်ပြောင်း ရေအိုင်အတွင်းတွင်ကား .. သာမာန်ပစ္စည်းများသာ ဖြစ်ဟန် တူ၏။
ထိုပစ္စည်းများအပြင် အမျိုးအစား စုံလင်လှသော လက်နက်များလည်း ပါပါသေးသည်။
ထိုလက်နက်များ အားလုံးမှာ မှော်လက်နက်များ ဖြစ်ကြသည့်တိုင် လောထျန်းက အားလုံးနီးပါးကို ချက်ချင်းပင် ရောင်းချခဲ့၏။
ထိုအထဲမှ တင်းပုတ်နှစ်ခုကို မြင်မှသာ နျိုထျဲ့ချူတို့ သားအမိအား ပစ်ပေးလိုက်သည်။
သူတို့ သားအမိနှစ်ယောက်လုံးက တင်းပုတ်များကို လက်နက်အဖြစ် သုံးကြသည် မဟုတ်ပါလား ။
သူတို့၏ ယခင် လက်နက်များမှာ အဆင့်နိမ့် လက်နက်များ ဖြစ်ကြသော်လည်း ယခု အဆင့်မြင့် တင်းပုတ်များ ကိုယ်စီ ရခဲ့ကြပြီဖြစ်ရာ သူတို့၏ တိုက်ခိုက်စွမ်းရည်များလည်း တိုးတက်လာနိုင်ပါသည်။
လောထျန်း ထပ်ရခဲ့သည့် ပစ္စည်းများထဲတွင် တန်ဖိုးအရှိဆုံး အရာမှာ တစ်ပိုင်းတစ ကျိုးပဲ့နေသည့် နဂါးအမြုတေ ၄ လုံး ဖြစ်ပါ၏။
လောထျန်းက သူ ပြောခဲ့သည့် စကားအတိုင်း ထိုအထဲမှ အမြုတေ ၂ လုံးကို နျိုဝူဖုန်းနှင့် ဘုရင်ကျင်းဖန်တို့အား ပေးလိုက်သည်။
ကျန် ၂ ခုကိုမူ ချက်ချင်းပင် ရောင်းချလိုက်၏။
ထို နဂါးအမြုတေလုံးများအပေါ် လူများ၏ စိတ်ဝင်စားမှုကလည်း ကျန် မှော်လက်နက်များထက် ပိုသာသည်ဟု ပြောရပါမည်။
ထို နဂါးအမြုတေများကို လေလံဆွဲပြီးသွားကြသည့်အခါ ရလာသည့် စျေးနှုန်းကြောင့် လောထျန်းကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ရသည်။
နဂါးအမြုတေ တစ်လုံးကို ထျန်းပေ ကုန်သည်ကြီးများအဖွဲ့၏ သခင်လေးက အဆင့်မြင့် စိတ်စွမ်းအင် ကျောက်တုံး သန်း ၅၀ ပေးကာ ဝယ်သွားခဲ့ပြီး ..
ကျန် တစ်လုံးကိုမူ ကျုံ့ကျိုးဒေသရှိ အဓိက အဖွဲ့ကြီးတစ်ခုမှ ဂိုဏ်းချုပ်ကြီးက သူ့ပိုင်ဆိုင်မှု တစ်ဝက်ကို ပေးကာ ဝယ်သွားခဲ့၏။
အမှန်တွင်မူ .. ထိုအရာ နှစ်ခုတည်းကပင် ပျောင်ပိုင်မြို့၏ လက်ရှိ ပိုင်ဆိုင်မှုထက် များစွာ ကျော်လွန်နေခဲ့လေပြီ ။
လောထျန်းမှာ သူ ရထားသည့် ပစ္စည်းများကို ကြည့်ရင်း ကျုံ့ကျိုးဒေသသို့ ချက်ချင်းသွားပြီး နောက်ထပ် ဓားပြသွားတိုက်ချင်စိတ်ပင် ဖြစ်သွားရတော့သည်။
သို့သော် .. သူ စိတ်ကိုသာ နိုင်အောင် ထိန်းထားခဲ့ပါသည်။
ဤသို့ဖြင့် လေလံပွဲကြီး ပြီးစအချိန်မှာပင် ..
ဝုန်း ..
နဂါးအသွင်ပြောင်းရေအိုင်ထဲမှ အားပြင်းသော အစွမ်းတစ်ခု တိုးထွက်လာ၏။
" ဟိုမှာဟေ့ .. နဂါးစိတ်ဝိဥာဥ်အရိပ်တွေက နဂါးအသွင်ပြောင်းရေအိုင်နဲ့ တစ်သားတည်း ပေါင်းစပ်သွားပြီ ။ ခုက ရေအိုင်ထဲ ရေဝင်ချိုးဖို့ အချိန်ကောင်းပဲ "
ထိုစကား ဆုံးသည်နှင့် မြောက်များစွာသော အဖွဲ့များက သူတို့၏ တိုက်ပွဲဝင် သားရဲများနှင့် စီးတော်ယာဥ် သားရဲများကို ရေအိုင်ထဲ ချက်ချင်း ဝင်ခိုင်းလိုက်ကြသည်။
ထိုသားရဲများအပြင် ထူးခြားသော ကျင့်စဥ်အချို့ကို ကျင့်ကြံသည့် လူသားများလည်း ရေအိုင်ထဲ ဝင်လိုက်ကြသေးပါသည်။
လောထျန်းကလည်း ၎င်းကို ကြည့်ပြီး နျိုဝူဖုန်းတို့ သားရဲ သုံးယောက်အား ခေါင်းညိတ်ပြလိုက်၏။
သူတို့ သုံးယောက်မှာ တုန့်ဆိုင်းမနေဘဲ ချက်ချင်းပင် နဂါးအသွင်ပြောင်းရေအိုင်ထဲသို့ ပြေးဝင်သွားကြသည်။
" ဝိုး ... တော်တော်အစွမ်းထက်တဲ့ အရောင်အဝါပါလား .. အစွမ်းကလဲ သန့်စင်လိုက်တာ "
" ဘာတွေ ဖြစ်နေတာလဲ .. ဒီတစ်ခေါက် နဂါးအသွင်ပြောင်းရေအိုင်ထဲက အစွမ်းက အရင်နှစ်တွေကထက် ဘာလို့ အစွမ်းပိုများနေရတာလဲ "
လူတစ်ယောက်က တအံ့တသြ အော်ပြောလိုက်သည်။
အားလုံးမှာ ခေတ္တမျှ အံ့သြမှင်သက်သွားသော်လည်း .. ချက်ချင်းဆိုသလိုပင် အသိပြန်ဝင်လာပြီး သဘောပေါက်သွားကြ၏။
လွန်ခဲ့သော နှစ်များတွင် နဂါး စိတ်ဝိဥာဥ်အရိပ်များထဲမှ အနည်းငယ်မျှသာ နဂါးအသွင်ပြောင်းရေအိုင်ထဲမှ ရေပြင်၏ စုပ်ယူခြင်းကို ခံခဲ့ကြရပြီး အများစုက နဂါးသင်္ချိုင်းမြေသို့ ပြန်သွားခဲ့ကြသည်ချည်း ဖြစ်ပါသည်။
ယခုနှစ်တွင်မူ ထိုသို့ မဟုတ်တော့ပါ ။ နဂါးစိတ်ဝိဥာဥ် အရိပ်များ အားလုံးက လောထျန်းကြောင့် သန့်စင်သော စွမ်းအင်များအဖြစ် အသွင်ပြောင်းသွားခဲ့ကြပြီး ရေအိုင်ထဲမှ ရေနှင့် ပေါင်းစပ်သွားခဲ့ကြပါ၏။
ထို့ကြောင့်လည်း သမိုင်းတလျှောက်တွင် အစွမ်းအထက်ဆုံး နဂါးအသွင်ပြောင်း ရေအိုင် ဖြစ်လာခဲ့ရခြင်းပင် ။
ထိုတခဏ၌ လူများစွာပင် လောထျန်းအား ကျေးဇူးတင်သည့် အရိပ်ယောင်များ ပါဝင်နေသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ကြသည်။
သို့သော် .. လောထျန်းကမူ ထိုအရာများကို အာရုံစိုက်ဟန် မတူဘဲ ရေအိုင်ဘေးတွင်သာ နျိုထျဲ့ချူတို့အား ပျင်းပျင်းရိရိ ထိုင်စောင့်နေ၏။ သူ ရခဲ့သည့် အကျိုးအမြတ်များကိုလည်း ရေတွက်နေပါသေးသည်။
" သခင်လေး လောထျန်း "
ထိုစဥ် ရွှေယွဲ့ချီက လောထျန်းဘေးနားသို့ ထပ်ရောက်လာ၏။
" ဟို ပြောင်းလဲခြင်းနဂါးကြေးခွံနဲ့ နဂါးသွေးကို ကျွန်မကို တကယ်ကြီး ရောင်းပေးစေချင်ပါတယ် ။ အဲ့ဒီအတွက် ဘာကို ပြန်လိုချင်လဲသာ ပြောပါ "
သူမက လေးနက်နေသည့် မျက်နှာဖြင့် ပြောလိုက်သည်။
လောထျန်းက သူမကို တစ်ချက်မော့ကြည့်ပြီး ပြန်ပြော၏။
" ကျုပ် ခုနကလဲ ပြောပြီးပြီလေဗျာ ။ ဒီ ပစ္စည်းတွေက ကျုပ်အတွက် အင်မတန်ကို အသုံးဝင်တယ်ဗျ ။ ဒါ့ကြောင့်မို့ ကျုပ် မရောင်းပေးနိုင်ဘူး "
ရွှေယွဲ့ချီက အလောတကြီး ထပ်ပြောပြန်သည်။
" သခင်လေး .. ထပ်ပြီး စဥ်းစားပါဦးလား "
လောထျန်းက စိတ်မရှည်နိုင်တော့ဟန်ဖြင့် ပြန်ပြော၏။
" ထပ်စဥ်းစားရမယ် .. ဟုတ်လား ၊ ကျုပ်ကို ခင်ဗျားရဲ့ အပျိုစင်ခန္ဓာကိုယ် ပေးမယ်ဆိုရင် ထပ်စဥ်းစားပေးမယ်ဗျာ။ တစ်ခုတော့ပြောမယ်နော်၊ မင်းကို ကျုပ်က နေ့နေ့ညည လုပ်မှာ။ မင်းအနားရမှာတောင်မဟုတ်ဘူး "
ရွှေယွဲ့ချီ၏ မျက်လုံးများ အရောင်လက်သွားကာ မေးလာသည်။
" သခင်လေး တကယ်ကြီး ပြောနေတာလား "
မျှော်လင့်မထားသည့် တုန့်ပြန်ပုံကြောင့် လောထျန်း အမှန်တကယ်ပင် လန့်သွားရတော့သည်။
မြင့်မြတ်နယ်မြေတစ်ခုဖြစ်သော ယောင်ချီ၏ နတ်ဘုရားမ အပျိုစင် တစ်ယောက်အနေဖြင့် သူမ၏ ကျင့်စဥ်အပေါ်ထားသည့် သစ္စာကသာ ပိုအရေးကြီးနေသင့်သည် မဟုတ်ပါလား ..
အမှန်တွင်ကား .. သူသည် သူမ စိတ်ဆိုးပြီး နောက်ဆုတ်သွားရန် ရည်ရွယ်၍သာ ထိုစကားကို ပြောလိုက်ခြင်း ဖြစ်ပါ၏။ သို့သော် .. ယခု သူမက သူ့စကားကို အတည်ဟုပင် ထင်မှတ်နေသတဲ့လား ။
သူ ရှင်းပြရန် ပြင်လိုက်စဥ်မှာပင် ..
ရုတ်တရက် ..
ဘုန်း ..
ကောင်းကင်ယံမှ လူရိပ်တစ်ခု ကျလာပြီး နဂါးအသွင်ပြောင်းရေအိုင်ဘေးတွင် ဆင်းသက်လိုက်သည်။
" လောထျန်း .. ငါ မင်းကို အပိုင်းပိုင်း ဖြစ်သွားအောင် လုပ်ပြီး မင်းအရိုးတွေကိုပါ အမှုန့်ကြိတ်ပစ်မယ်ကွ "
လူအော်သံနှင့်ပင် မတူသော ကြောက်မက်ဖွယ် အော်သံကြီးတစ်ခုလည်း ထွက်ပေါ်လာသည်။