← Chapters

လက်တုန့်ပြန်ခြင်း

Vol. 24 Ch. 327

လက်တုန့်ပြန်ခြင်း

Vol. 24 Ch. 327

ထိုအော်သံကြောင့် ကောင်းကင်ကြီးပင် တုန်ခါသွားပြီး နဂါးအသွင်ပြောင်းရေအိုင်တစ်ခုလုံးလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ထိုအော်သံထဲတွင် အမုန်းတရားတို့ဖြင့် ပြည့်နေပြီး ထို အမုန်းတို့ကလည်း နှစ်ပေါင်းများစွာ အကြာတည်းက စုစည်းလာခဲ့ဟန်ပင် ပေါက်နေပါသည်။

အားလုံး၏ အကြည့်ကလည်း ထိုလူပေါ်သို့သာ ကျသွားသည်။

ထိုလူမှာ ခေါင်းစမှ ခြေဆုံးထိ အမည်းရောင် အဝတ်များဖြင့် လွှမ်းခြုံထားပြီး မျက်လုံးတစ်စုံကိုသာ ဖော်ထား၏။

သူ့မျက်လုံးများကမူ မီးများ ပွင့်ထွက်လာတော့မလိုပင် ဖြစ်နေပြီး လောထျန်းအား မျက်ထောင့်နီကြီးဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေသည်။

" ရှင်ကိုး ... "

သူ့ကို မြင်သည်နှင့် ရွှေယွဲ့ချီ မှတ်မိသွားသည်။

ထိုသူမှာ လျှို့ဝှက်နဂါးကျောက်ပြား၌ ရွှေရောင်နဂါးအစွမ်းကို လှုပ်နှိုးနိုင်ခဲ့သူပင် ။

သူက မည်သည့်ဒေသမှလာပြီး မည်သူဖြစ်သူကို သူတို့အားလုံး မသိကြသည့်တိုင် ဤအချိန် ၊ ဤနေရာတွင် သူ့အား တွေ့ရလိမ့်မည်ဟု မည်သူကမှ ထင်မထားခဲ့ကြပေ။

ထို့အပြင် သူ့စကားအရ ဆိုလျှင်လည်း .. သူက လောထျန်းအား သိနေဟန် တူ၏။

" သခင်လေး လောထျန်း ၊ သူက ရှင့်ရဲ့ ရန်သူလား "

ရွှေယွဲ့ချီက လောထျန်းကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

လောထျန်းက အပြစ်ကင်းသည့် မျက်နှာဖြင့် မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ကာ ပြန်ပြော၏။

" ကျုပ် ..သူ့ကို လုံးဝကို မသိတာ ။ မင်းက ဘယ်သူလဲ "

လောထျန်းမှာ ထိုအချိန်တွင် အလွန်စိတ်ရှုပ်နေပြီး သူ့ရှ့မှ လူက သူ့အား မည်သည့်အတွက် မုန်းတီးနေရသည်ကို နားမလည်နိုင် ဖြစ်နေသည်။

သူ ထိုလူအား လုံးဝ မသိပါချေ ..

" မသိဘူး ..ဟုတ်လား "

လောထျန်းစကားကို ကြားသောအခါ တဖက်လူ၏ မျက်လုံးထဲမှ ဒေါသက ပိုတိုးလာ၏။

သူ လောထျန်းအပေါ် ထားသည့် အမုန်းတရားက ဤမျှ ကြီးမားနေသလောက် လောထျန်းက သူ့ကို သိပင် မသိဘူးတဲ့လား ။

သူ ဒေါသမထွက်ဘဲ မည်သို့ နေနိုင်ပါမည်နည်း ။

" ငါ့နာမည် ဟွမ်ဟိုင် "

ဟွမ်ဟိုင်က အံကြိတ်ကာ သွားကြားထဲမှ ထွက်လာသည့် လေသံဖြင့် ပြောလိုက်သည်။

လောထျန်းကမူ ခေါင်းသာ ယမ်းပြ၏။

" ဟွမ်ဟိုင် .. ဟုတ်လား .. ၊ အဲ့နာမည် မကြားဖူးပါဘူး "

" မင်း ... "

ဟွမ်ဟိုင်၏ မျက်လုံးများ ဒေါသကြောင့် ပေါက်ကွဲထွက်တော့မလိုပင် ဖြစ်သွားသည်။

သူ့စိတ်ထဲ စွဲကာ အရိုးထဲထိတိုင် မုန်းရသည့် ရန်သူက သူ့နာမည်ကိုပင် မသိဘူးတဲ့လား ..

" မင်း ဘာပဲ ပြောပြော ၊ ဒီနေ့တော့ မင်းကိုငါ သတ်မှာကွ ။ ငါ့ကို ဘယ်သူမှ တားလို့ မရဘူး "

ဟွမ်ဟိုင်က ဒေါသတကြီး အော်လိုက်သည်။

ထိုအချိန်တွင် အဘိုးအိုတစ်ယောက်က မျက်မှောင်ကြုံ့၍ ဒေါသတကြီး ပြောလာ၏။

" သခင်ကြီး ..ဒီနေရာက နဂါးအသွင်ပြောင်း ရေအိုင်နော် ။ ကိုယ့်ဟာကို ရှင်းစရာရှိရင် တခြားနေရာမှာပဲ သွားရှင်းကြပါ ၊ ဒီနားမှာ လာမလုပ်ကြပါနဲ့ "

နဂါးအသွင်ပြောင်းရေအိုင်ထဲတွင် ရေဝင်ချိုးနေသူများ များစွာပင် ရှိနေသေးသည်ဖြစ်ရာ သူတို့ အနှောင့်အယှက် အဖြစ်မခံလိုသည်မှာ သဘာဝ ကျပါသည်။

ဟွမ်ဟိုင်က ထိုလူကို လှည့်ကြည့်လာပြီး လက်ညိုးဖြင့် ထိုးလိုက်သည်။ သူ့လက်ချောင်းထဲမှ အမည်းရောင် အငွေ့တစ်ခု ရုတ်ချည်း ထွက်လာ၏။

၎င်းကို မြင်သောအခါ အဘိုးအိုက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

" မင်းက ဒီအစွမ်းလောက်နဲ့ ငါ့ရှေ့မှာလာပြီး ကြွားချင်နေတယ်ပေါ့လေ "

သူက ပြောပြောဆိုဆိုပင် လက်တစ်ဖက် ဆန့်ထုတ်လိုက်ပြီး ၎င်း အမည်းရောင်အငွေ့အား ပြိုကွဲသွားစေရန် ရည်ရွယ်၍ ရိုက်ချလိုက်သည်။

သို့သော် ...

ဝှစ် ..

အမည်းရောင်အငွေ့က သူ့လက်ဝါးထဲသို့သာ ထိုးဖောက်ဝင်သွား၏။ ထို့နောက်တွင်မူ .. သူ့လက်တစ်ဖက်လုံး အလွန်လျင်မြန်စွာပင် ပုပ်လာသည် ။

" အား ... အား .... "

အဘိုးအို နာကျင်စွာ အော်လိုက်ပြီး သူ့အသက်ကို ကယ်နိုင်မည်အထင်ဖြင့် လက်ကို ဖြတ်ရန် ကြိုးစားလိုက်သည်။

သို့သော် .. သူ့လက်မှ ဆိုးရွားလှသော ကျင်မှုကြောင့် သူ အစွမ်းကို ထုတ်မသုံးနိုင်ဘဲ အကြိမ်အနည်းငယ် အော်ဟစ်ပြီးသွားချိန်၌ နေရာတွင်ပင် ပြာအဖြစ် ပြောင်းသွားတော့၏။

ထိုမြင်ကွင်းကို ကြည့်ကာ အားလုံး ရုတ်တရက် အသံတိတ်သွားကြသည်။

အစောက တိုက်ခိုက်လိုက်သည့် အဘိုးအိုမှာ ကောင်းကင်ဘုံ တံခါးဝအဆင့်မှ အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ဖြစ်ပါသည်။

ထိုသို့သော သူကပင် ဆိုးဆိုးရွားရွား သေသွားရသတဲ့လား ။

အမည်းရောင် ဝတ်ရုံနှင့် လူက မည်မျှ  အစွမ်းထက်နေပါသနည်း ။

ထိုတခဏတွင် အားလုံးက ဟွမ်ဟိုင်အား ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။

ဟွမ်ဟိုင်က နှုတ်ခမ်းတွန့်ရုံ ပြုံးကာ ပြောလာ၏။

" မင်းက ဒီလောက် နာကျင်မှုလေးကိုတောင် မခံနိုင်ဘူးလား ။ ငါက ဒီဒုက္ခကြီးကို ခံလာရတာ လနဲ့ချီ ရှိနေပြီ "

ထို့နောက် သူက လောထျန်းကို ကြည့်ကာ စကားဆက်သည်။

" ခုလို ဖြစ်ရတာတွေ အားလုံးက မင်းကြောင့်ပဲ ။ ဒီနေ့တော့ မင်းကို ငါ့လက်နဲ့ သတ်ပြီးတော့ကို လက်တုန့်ပြန်မယ် "

လောထျန်းက သူ့အား မျက်မှောင်ကြုံ့ကြည့်ကာ ပြန်ပြော၏။

" မင်း ဘယ်သူလဲဆိုတာ ငါ မသိဘူး .. ဒါပေမယ့် မင်းက ငါ့ကိုတောင် စိန်လာခေါ်နေမှတော့ မင်းရဲ့ သေချင်နေတဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့ "

လောထျန်းက ထိုသို့ပြောကာ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။

သူ ရပ်သည်ကို မြင်သည်နှင့် အနီးနားတွင် ရှိနေသူများထံမှ အုန်းအုန်းကျွက်ကျွက်အသံများ ထွက်ပေါ်လာ၏။

အထူးသဖြင့် ချင်းလုံကျွန်း ဝင်ပေါက်မှတဆင့် နဂါးသင်္ချိုင်းမြေထဲသို့ ဝင်လာကြသူများမှာ လောထျန်းတို့ နှစ်ယောက်၏ လျှို့ဝှက်နဂါးကျောက်ပြားရှေ့တွင် လုပ်ဆောင်မှုများကို သိထားကြပြီး ဖြစ်သည့်အတွက် အလွန် စိတ်လှုပ်ရှားသွားကြသည်။

" ရွှေရောင်နဂါးအစွမ်းကို လှုပ်နှိုးနိုင်ခဲ့ကြတဲ့ ပါရမီရှင် နှစ်ယောက်ကြားက တိုက်ပွဲကြီးကို မြင်ရတော့မှာပေါ့ .. သူတို့ထဲမှာ ဘယ်သူက ပိုအစွမ်းထက်လဲဆိုတာ ငါ တကယ် မသိဘူး '"

" ဘယ်သူပဲ နိုင်နိုင် ၊ ရှုံးရှုံး .. ဒီနေ့တိုက်ပွဲက တကယ်ကို စိတ်လှုပ်ရှားစရာကြီး ဖြစ်နေမှာပဲ "

အားလုံး တီးတိုး ပြောလိုက်ကြသည်။

ထိုစဥ် လောထျန်းက ဟွမ်ဟိုင်ရှေ့သို့ လျှောက်သွား၏။

" သေစမ်းကွာ .. "

ဟွမ်ဟိုင်က ဒေါသတကြီး အော်ကာ အဆုံးမဲ့သော အမည်းရောင် အငွေ့များဖြင့် လောထျန်းအား တိုက်ခိုက်လိုက်သည်။

" သတိထားပါ သခင်လေး လောထျန်း "

လောထျန်းနှင့် ဟွမ်ဟိုင် တို့နှစ်ယောက် ယှဥ်လာပါက လောထျန်းဘက်မှ အားပေးကြသူများ ပိုများပါသည်။

ထို့ကြောင့်လည်း လူတစ်ယောက်က အော်ဟစ်သတိပေးလိုက်၏။

လောထျန်းက မျက်မှောင်ကြုံ့ကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

" ထိပ်တိုက်ကို တွေ့ကြတော့မှာပဲ .. ဘယ်သူက ပိုအစွမ်းထက်လဲ မသိဘူး "

အားလုံး ခန့်မှန်းနေကြစဥ် အချိန်မှာပင် ..

​ဘုန်း ..

ဟွမ်ဟိုင်မှာ လက်ဝါးနှင့်  မြေကြီးကြားထဲ ရောက်သွားပြီး ဖိချေခံလိုက်ရတော့၏။ သူ့ တစ်ကိုယ်လုံးလည်း ပုံပျက်ပန်းပျက် ဖြစ်ကာ ပြားချပ်သွားတော့သည်။

" ဟင် .. "

သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အားလုံး အံ့သြမှင်သက်သွားကုန်ကြသည်။

ဤတိုက်ပွဲက အံ့မခန်း ပွဲကောင်းကြီးတစ်ခု ဖြစ်လာမည်ဟုသာ သူတို့ ထင်ထားခဲ့ကြသော်လည်း ...

ယခု တစ်ချက်တည်းနဲ့ ပွဲပြီးသွားသတဲ့လား ။

ထိုအချက်ကြောင့်လည်း အားလုံး ပိုအံ့သြတုန်လှုပ်သွားကြပြီး လောထျန်း၏ အစွမ်းကို ယခင်ထက်ပို၍ တအံ့တသြ ဖြစ်ကုန်ကြ၏။

ဟွမ်ဟိုင်သည် အစောပိုင်းက သူတို့ရှေ့တွင်ပင် ကောင်းကင်ဘုံ တံခါးဝအဆင့်မှ လူတစ်ယောက်ကို စက္ကန့်ပိုင်းလေးအတွင်း သတ်ပစ်ခဲ့ပါသေးသည်။

သို့သော် .. ထိုသို့သော လူတစ်ယောက်သည်ပင် လောထျန်း၏ တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသတဲ့လား ။

လောထျန်းက မည်မျှ အစွမ်းထက်နေပါသနည်း ။

" အခြေနေ မဟန်ဘူးကွ .. လောထျန်းရဲ့လက်ကို ကြည့်လိုက်ဦး .. "

ထိုစဥ် လူတစ်ယောက်က  ရုတ်တရက် ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။

အားလုံး၏အကြည့်က လောထျန်း လက်ဆီသို့ ချက်ချင်း ရောက်သွားကြ၏။

သူ့လက်ပတ်ပတ်လည်တွင်ကား အမည်းရောင် အငွေ့များ ရှိနေပြီး အမည်းရောင်အစွမ်းက သူ့လက်ကို တိုက်စားရန် ကြိုးစားနေကြဟန် ရှိသည်။

" အဲ့ဒါ ဟိုကောင် သုံးသွားခဲ့တဲ့ နည်းပဲ "

အစောကလေးတွင်ပင် ကောင်းကင်ဘုံတံခါးဝအဆင့် ကျင့်ကြံသူတစ်ယောက်က ထို အမည်းရောင်အစွမ်း၏ တိုက်စားခြင်းကို ခံရပြီး အသက်ဆုံးသွားခဲ့ရပါသည်။

ယခု လောထျန်းလက်တွင်လည်း အမည်းရောင်အစွမ်းများ စွန်းထင်းနေပြီဖြစ်ရာ ထိုအဓိပ္ပါယ်က ....

အားလုံး စိတ်ပူသွားကြစဥ်မှာပင် ..

လောထျန်းက မျက်မှောင်ကြုံ့သွားပြီး သူ့လက်ကို ငုံ့ကြည့်ကာ ပြောလာ၏။

" ချီး .. ဘာတွေလဲ ၊ ရှုပ်လိုက်တာ "

သူ့စကား ဆုံးသည်နှင့် သူ့ကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး အရှုပ်အထွေး  နတ်ဘုရားအလင်းတန်း ပေါ်လာကာ အမည်းရောင်အစွမ်းအား ချက်ချင်း သန့်စင်လိုက်သည်။

" ဟင် .. ဒါ ဘယ်လိုနည်းလမ်းမျိုးပါလိမ့် "

" ကြောက်စရာ ကောင်းလိုက်တဲ့အစွမ်းကွာ .. ဒါ .. နတ်ဘုရားသားတော် ခန္ဓာကိုယ် အမျိုးအစားထက် အစွမ်းမနိမ့်တာ သေချာတယ် "

အားလုံး တစ်ယာက်တစ်ပေါက် ပြောလိုက်ကြသည်။

သို့သော် .. ထိုအချိန်မှာပင် ...

" ဟားဟား .. အဲ့လောက်နဲ့ ငါ့ကို သတ်လို့ရမယ်များ ထင်နေတာလား "

မြေကြီးထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏။

" ဟင် .. "

အားလုံး အံ့အားသင့်သွားကာ အသံလာရာဘက် လှမ်းကြည့်လိုက်ကြသည်။

ထိုစဥ် အစောက ​ပြားချပ်နေခဲ့သည့် ဟွမ်ဟိုင်က မြေကြီးပေါ်မှ တဖြည်းဖြည်း ပြန်ထလာကာ လောထျန်းအား ထူးဆန်းသည့် မျက်နှာထားဖြင့် ကြည့်လာ၏။

ထို့နောက် .. အားလုံးက ကြောက်လန့်တကြား ကြည့်နေကြစဥ်မှာပင် .. သူ့ခန္ဓာကိုယ်က မူလအတိုင်း ပြန်ဖြစ်သွားတော့သည်။

မည်သည့်အရာမှပင် ဖြစ်ခဲ့ဟန် မတူပေ ...

" ဟင် .. ဒီ နည်းလမ်းက .. "

လောထျန်းမှာ ဟွမ်ဟိုင်ကို ကြည့်နေရင်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွား၏။

" မင်းက .. ကွေ့ယီဂိုဏ်းကလား .. "

သူ မေးလိုက်သည်။

ဟွမ်ဟိုင်က လှောင်ပြုံးဖြင့် ပြန်ပြော၏။

" အတိအကျ ပြောရမယ်ဆိုရင် ဝမ်ဟွန်းကွေ့ယီ ဂိုဏ်းလို့ ခေါ်ရမှာ ။ ငါ့နာမည်က ဟွမ်ဟိုင် ၊ ဝမ်ဟွန်းကွေ့ယီ ဂိုဏ်းရဲ့ ကမ္ဘာပေါ်က ဌာနခွဲ ဆယ့်နှစ်ခုထဲက တစ်ခုပေါ့ ။ အရင်က မင်းလက်ချက်ကြောင့် သေသွားခဲ့ရတဲ့ ဟွမ်ဝေ့ ဆိုတာ ငါတို့ ဂိုဏ်းဝင်တစ်ယောက်ပဲ "

ထိုစကားကို ကြားသောအခါ လောထျန်း ချက်ချင်း သဘောပေါက်သွားတော့သည်။

" ဟွမ်ဝေ့ .... ငါ သတိရပြီ ။ မင်းက မြောက်ပိုင်းဒေသက တစ်ယောက်နဲ့လဲ မတူဘူး .. ဒါနဲ့ မင်းရဲ့ အရောင်အဝါက ဘာဖြစ်နေတာလဲ "

ယခု သူ့ရှေ့တွင် ရှိနေသည့် ဟွမ်ဟိုင်မှာ .. သူနှင့် တိုက်ခိုက်ခဲ့သော ဟွမ်ဝေ့နှင့် တခြားစီပင် ဖြစ်နေပါသည်။

သူတို့၏ အရောင်အဝါများက လုံးဝပင် ကွဲပြားနေပါ၏။

ထို့ကြောင့်လဲ ဟွမ်ဟိုင်အား သူ ချက်ချင်း မမှတ်မိခဲ့ခြင်း ဖြစ်သည်။

" ဒါတွေအားလုံးက မင်းကြောင့်ပဲလေ ။ လောထျန်း .. မင်းက အင်မတန်အစွမ်းထက်တဲ့သူတစ်ယောက် ဆိုတာကို ငါ ဝန်ခံပါတယ် ။ ငါ တစ်ယောက်တည်းရဲ့ အစွမ်းနဲ့ဆို မင်းကို လုံးဝ ယှဥ်ပြီးတိုက်ခိုက်နိုင်မှာ မဟုတ်ဘူး ။ ဒါပေမယ့် .. ဒီနေ့တော့ .. ငါတို့ ဝမ်ဟွန်းကွေ့ယီဂိုဏ်းက အစွမ်းအထက်ဆုံး အထူးနည်းလမ်းနဲ့ မင်းကို သတ်မှာကွ "

သူက ထိုသို့ပြောကာ အင်္ကျီလက်ထဲမှ အဆောင်ကဒ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။

" လောထျန်း .. သေဖို့သာပြင်တော့ "

All Chapters