← Chapters

နှစ်တစ်ထောင် အစီအစဥ်

Vol. 24 Ch. 328

နှစ်တစ်ထောင် အစီအစဥ်

Vol. 24 Ch. 328

ဟွမ်ဟိုင်က ထိုသို့ အော်ပြီး အဆောင်ကဒ်ပြားထဲသို့ စိတ်စွမ်းအင် အလင်းတန်းတစ်ခု ပို့လွှတ်လိုက်သည်။

ချက်ချင်း ဆိုသလိုပင် အဆောင်ကဒ်ပြားဆီမှ အလင်းတန်းတစ်ခု တိုးထွက်လာ၏။

" အချုပ်အနှောင်လား .. "

ခပ်လှမ်းလှမ်းတွင် ရှိနေသော ရွှေယွဲ့ချီက တီးတိုးရေရွတ်လိုက်သည်။ သို့သော် .. သူမ ၎င်းအား အထွေအထူး ဂရုမစိုက်လှပါချေ ။

သို့သော် .. ခဏအကြာတွင်မူ သူမ၏ မျက်နှာထား ပြောင်းသွားတော့၏။

ဝုန်း ..

အဆောင်ကဒ်ပြားမှ အချုပ်အနှောင်က ပြေလျော့သွားသည်နှင့် တစ်ပြိုင်နက် အစွမ်းထက်ကာ ရက်စက်ကြမ်းကြုတ်သော အရောင်အဝါတစ်ခု လွှမ်းခြုံလာသည်။

ထို့နောက် .. အားလုံး၏ အံ့သြတုန်လှုပ်နေသော အကြည့်အောက်တွင်ပင် ဟွမ်ဟိုင်ရှေ့၌ ဧရာမ အရိပ်ကြီးတစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။

" ဒီအရောင်အဝါက ....ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ ဒါ ... ကာင်းကင်ဘုံ တခါးဝ အဆင့်ကို ကျော်လွန်နေပြီ .. မသေမျိုးအဆင့် အရောင်အဝါပဲ .. "

" မသေမျိုးအဆင့်က လူတစ်ယောက်က ဒီနေရာကို ဘယ်လိုလုပ်ပြီး ဝင်လာနိုင်တာလဲ "

" မဟုတ်သေးဘူး .. ဒီ အရောင်အဝါက .. လူသားတစ်ယောက်ဆီက မဟုတ်သလို နတ်ဆိုးမျိုးနွယ်ဝင် တစ်ယောက်ဆီကလဲ မဟုတ်ဘူး ။ ဒါ .. မိစ္ဆာဝိဥာဥ်ရဲ့ အရောင်အဝါပဲ "

" ဘယ်လို .. မိစ္ဆာဝိဥာဥ် .. မသေမျိုးအဆင့် ရှိတဲ့ မိစ္ဆာဝိဥာဥ်လား .. အဲ့လိုအရာမျိုးက ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ပေါ်လာတာလဲ "

ထိုတခဏတွင် အားလုံး ကြောက်လန့်တုန်လှုပ်ကုန်ကြသည်။

အချို့သူများ ဆိုလျှင် နဂါးအသွင်ပြောင်းရေအိုင်မှ ရမည့် အခွင့်ကောင်းများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်း နောက်လှည့်၍ ထွက်ပြေးသွားကြ၏။

မိစ္ဆာဝိဥာဥ်များမှာ အလွန် ဆိုးရွားယုတ်မာသော အရာများ ဖြစ်ကြပြီး အဆင့်နိမ့် မိစ္ဆာဝိဥာဥ်တစ်ကောင်သည်ပင် အလွန်အန္တရာယ်ကြီးလှပါသည်။

အစွမ်းထက်သော စိတ်ဝိဥာဥ် သခင်ကြီးတစ်ယောက် မဟုတ်လျှင် .. သို့မဟုတ် ထူးခြားသည့် အရာတစ်ခုခု မရှိထားလျှင် ၎င်းတို့အား ကိုင်တွယ်ရန် လုံးဝ မဖြစ်နိုင်ပါချေ။

ထို့အပြင် မိစ္ဆာဝိဥာဥ်များက အလွန်လည်း သွေးဆာကာ ရက်စက်ကြပါသေး၏။

ကောင်းကင်ဘုံ တံခါးဝအဆင့်ရှိသည့် မိစ္ဆာဝိဥာဥ်တစ်ကောင်အား အပြင်ကမ္ဘာသို့ လွှတ်လိုက်လျှင်ပင် ၎င်းက နိုင်ငံတစ်နိုင်ငံကို ဖျက်ဆီးရန် လုံလောက်ပါသည်။

သို့သော် ..ပုံမှန်ဆိုလျှင် မိစ္ဆာဝိဥာဥ်များက သူတို့၏ ပိုင်နက်တည်းတွင်သာ နေတတ်ကြပြီး အပြင်ကမ္ဘာသို့ ထွက်လေ့ မရှိသဖြင့် ကံကောင်းသည်ဟု ပြောရမည် ဖြစ်၏။

သို့ဖြစ်ရာ ထိုမိစ္ဆာဝိဥာဥ်များ၏ ပိုင်နက်ထဲ မဝင်ပါက ပြဿနာ ကြီးကြီးမားမား မရှိပါချေ။

ယခုတွင်ကား ... ဤနဂါးသင်္ချိုင်းမြေထဲတွင် မိစ္ဆာဝိဥာဥ်များ အဘယ့်ကြောင့် ပေါ်လာရပါသနည်း ။

" မသေမျိုး အဆင့်ရှိတဲ့ မိစ္ဆာဝိဥာဥ်ပါလား .. ထျန်းယွမ်တစ်ကမ္ဘာလုံးမှာတောင် အဲ့လို မိစ္ဆာဝိဥာဥ်မျိုး နည်းနည်းလေးပဲ ရှိတာလေ။ အခု ဘယ်လိုလုပ်ပြီး .... "

ရွှေယွဲ့ချီမှာ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံးပင် တုန်ယင်လာတော့သည်။

သို့သော် .. ထိုအချိန်မှာပင် လောထျန်းဘေးမှ နဂါးအရိပ် ရှောက်လုံက ရုတ်တရက် ပြောလာ၏။

" အဲ့ မိစ္ဆာဝိဥာဥ်မှာ .. နဂါးမျိုးနွယ်ရဲ့ အငွေ့အသက် ရှိနေတယ် "

" ဟင် .. "

သူ့စကားကြောင့် လောထျန်း အံ့အားသင့်သွားပြီး သူ့ရှေ့မှ မိစ္ဆာဝိဥာဥ်အား သေချာကြည့်လိုက်သည်။ အမှန်တွင်လည်း ၎င်းအား နဂါးအစစ်တစ်ကောင်၏ အစွမ်းများ ဝန်းရံနေသည်ကို မြင်လိုက်ရ၏။ နဂါးအစစ်တစ်​ကောင်၏အစွမ်း ဆိုသည်မှာ အလွန် ကြောက်စရာကောင်းသည့် အရာတစ်ခုပင် ။

ထိုစဥ် ..

ဝေါင်း ..

ကျယ်လောင်သော ဟိန်းသံ တစ်သံနှင့်အတူ မိစ္ဆာဝိဥာဥ်၏ အသွင်သဏ္ဍာန် အစစ်အမှန် ပေါ်လာသည်။

၎င်းကို မြင်သည်နှင့် အနီးနားတဝိုက်တွင် ရှိနေသူများအားလုံး ရင်ထဲ လေးလံသွားကြ၏။

အဘယ့်ကြောင့်ဆိုသော် .. သူတို့ရှေ့မှ မိစ္ဆာဝိဥာဥ်၏ ခန္ဓာကိုယ်က တောင်ကြီးတစ်လုံး အရွယ်အစားရှိပြီး မြောက်များစွာသော လက်များကလည်း တွန့်လိမ်ကောက်ကွေးနေကာ နဂါးလက်သည်းချွန်များကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့်ပင် ။

၎င်း၏ ကိုယ်ပေါ်တွင်လည်း နဂါးကြေးခွံများက ဖုန်းအုပ်နေသေးပြီး ကြောက်မက်ဖွယ် အလင်းတန်းတစ်ခု လင်းလက်နေပါသည်။

ထို မိစ္ဆာဝိဥာဥ်၏ ခေါင်းကြီးမှာလည်း နဂါးတစ်ကောင်၏ ခေါင်းနှင့် လေးပုံ၊ သုံးပုံခန့် ဆင်တူပါ၏။ ကွဲသည့်အချက်ဆို၍ ၎င်း၏ ခေါင်း ပတ်ပတ်လည်တွင် အမည်းရောင် အငွေ့များ ဝန်းရံနေသဖြင့် ​ဖော်ပြရန် ခက်လောက်အောင် ရုပ်ဆိုးနေသည့် အချက်ပင် ။

ဝေါင်း ..

မိစ္ဆာဝိဥာဥ် ပေါ်လာပြီးသည်နှင့် ၎င်းဆီမှ စူစူးရှရှ ဟိန်းသံကြီးတစ်သံ ထွက်လာသည်။ ထိုအသံမှာ ​ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက် တစ်ခုနှင့်ပင် တူနေပြီး မြောက်များစွာသော တောင်များထဲသို့ ထိုးဖောက်ဝင်သွား၏။

အု .. အွတ် ....

နဂါးအသွင်ပြောင်းရေအိုင်ဘေးတွင် ရှိနေကြသည့် မရေမတွက်နိုင်သော လူပေါင်းများစွာမှာလည်း အော်သံကြောင့် .. ချက်ချင်း သွေးများ အန်ကာ မြေပြင်သို့ လဲကျသွားကြကုန်သည်။ သူတို့ အသက် သေသည် ၊ ရှင်သည်ပင် မသေချာပါချေ။

အစွမ်းထက်သော လူများနှင့် မသေမျိုးအဆင့် လက်နက်ရှိထားကြသူ အချို့ကသာ မိမိကိုယ်ကို  ကာကွယ်နိုင်ကြပြီး မတ်တပ်ဆက်ရပ်နိုင်ကြပါ၏။

သို့သော် .. သူတို့သည်ပင် ခက်ခက်ခဲခဲ တောင့်ခံနေရပါသည်။

" ဒါ .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. ဒီကောင်က အဲ့လောက် အစွမ်းထက်နေတာလား "

" သွားကြစို့ဟေ့ ... "

" ဒီမှာ ဆက်နေရင် သေသွားလိမ့်မယ် .. ပြေးကြဟေ့ "

ကျန်လူများမှာ ထိုအချိန်မှသာ အသိဝင်လာကြဟန်ဖြင့် ထွက်ပြေးရန် ခက်ခက်ခဲခဲ ကြိုးစားလိုက်ကြသည်။

" လောထျန်း ၊ ကျွန်မခေါင်းပေါ်က ဟာက ယောင်ချီရဲ့ မသေမျိုးလက်နက်တစ်ခုပဲ ။ ဒါနဲ့ဆို မိစ္ဆာဝိဥာဥ်ကို ယာယီ ခုခံနိုင်လိမ့်မယ် ။ ရှင် ကျွန်မလိုချင်တဲ့ အရာနှစ်ခုကို ပေးမယ်လို့ သဘောတူရင်  ကျွန်မ ရှင့်ကို ကာကွယ်ပေးပြီး ဒီကနေ ထွက်သွားလို့ရတယ် "

ထိုစဥ် ရွှေယွဲ့ချီက ရုတ်တရက် ပြောလာ၏။

သူမ စကားကို ကြားသောအခါ လောထျန်း မျက်မှောင်ကြုံ့သွားသည်။

ထိုမိန်းကလေးက အခြေအနေကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်ရန် ကြိုးစားနေသည်ဟုလည်း သူ ခံစားလိုက်ရ၏။

" ကျုပ်အတွက် မလိုဘူး "

လောထျန်း အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ရွှေယွဲ့ချီ၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းသွား၏။

" ဟမ့် .. လောထျန်း ၊ ခေါင်းမာမနေစမ်းပါနဲ့ရှင် ။ ရှင့်မှာ မသေမျိုးတစ်ယောက်ရဲ့ အစွမ်း ရှိပြီးတော့ လုံလောက်တဲ့ စိတ်ဝိဥာဥ်အစွမ်း ရှိထားတယ် ဆိုပေမယ့် မသေမျိုး မိစ္ဆာဝိဥာဥ်နဲ့ ရင်ဆိုင်တဲ့အခါ ရှင် ဘာများ လုပ်နိုင်မှာမို့လဲ "

ရွှေယွဲ့ချီက အံကြိတ်ကာ ထပ်ပြောလိုက်သည်။

လောထျန်းက သူမကို မျက်ခုံးပင့်ကြည့်ပြီး အေးအေးဆေးဆေး ပြန်ပြော၏။

" အဲ့ကိစ္စကို စိတ်မပူပါနဲ့ "

" ရှင် ... "

ရွှေယွဲ့ချီက လောထျန်းအား မုန်းတီးနေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ဧရာမ မိစ္ဆာဝိဥာဥ်ကြီးကို တစ်ချက် ကြည့်လိုက်ပြီး စိတ်ဆုံးဖြတ်ပြီးသွားဟန်ဖြင့် ပြော၏။

" ထားလိုက်ပါ  .. ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ ဂရုမစိုက်တော့ဘူး ။ သွားပြီ "

သူမတွင် မသေမျိုးလက်နက် ရှိထားသည့်တိုင် ကြာကြာဆက်နေပါက ၎င်းကပင် သူမအား ကာကွယ်ပေးနိုင်မည် မဟုတ်ကြောင်း ရွှေယွဲ့ချီ ​ကောင်းကောင်းကြီး နားလည်ပါသည်။

ထိုသို့ တွေးပြီး သူမ ချက်ချင်း နောက်လှည့်ကာ ထွက်ပြေးလိုက်တော့သည်။

ခဏအကြာတွင်မူ .. နဂါးအသွင်ပြောင်းရေအိုင်ရှေ့တွင် သတိမေ့ လဲကျနေသူများမှ လွဲ၍ ၊ လောထျန်း ၊ နျိုထျဲ့ချူတို့ သုံးယောက်နှင့် နဂါးအရိပ် ရှောက်လုံတို့သာ ကျန်နေခဲ့တော့၏။

"'ဟား ဟား .. တကယ့်အမှိုက်တွေပဲကွာ ။ မင်းတို့က ထွက်ပြေးလို့ရမယ် ထင်နေကြတယ်ပေါ့ ။ လက်ထောက်ဂိုဏ်းချုပ်ကြီးသာ သူ လုပ်စရာရှိတာကို လုပ်ပြီးသွားရင် ဒီ နဂါးသင်္ချိုင်းမြေ တစ်ခုလုံးက မင်းတို့အားလုံးအတွက် သင်္ချိုင်းကြီး ဖြစ်လာတော့မှာ ။ မင်းတို့အားလုံး သေကြရမှာကွ ၊ အားလုံး သေရမှာ "

ဟွမ်ဟိုင်က ထွက်ပြေးသွားသူများကို ကြည့်ကာ လှောင်ပြုံးဖြင့် ပြောလိုက်သည်။ သူ ထိုသူများနောက်သို့မူ ပြေးမလိုက်ပါချေ။

" ဟေ့ကောင် . .. မင်း ငါ့မျိုးနွယ်စုက သူတွေကို ဘာလုပ်လိုက်တာလဲ "

ထိုစဥ် လောထျန်းဘေးတွင် ရှိနေသောရှောက်လုံက ဒေါသတကြီး အော်ပြောလာ၏။

ဟွမ်ဟိုင်က အံ့အားသင့်သွားဟန်ဖြင့် ရှောက်လုံအား မျက်လုံးပြူးပြီး ကြည့်လိုက်သည်။ ထို့နောက် တအံ့တသြ မေးလာ၏။

" ဟင် .. အကြွင်းအကျန် နဂါးစိတ်ဝိဥာဥ်တွေ ကျန်နေသေးတာလား ၊ အားလုံးက တိုက်စားခံနေရသင့်ပြီ မဟုတ်ဘူးလား "

" တိုက်စားခံရတယ် .. ဒါ မင်း ငါတို့ နဂါးမျိုးနွယ်စုကို လုပ်ထားတဲ့အရာပေါ့လေ "

ရှောက်လုံက ဒေါသတကြီး ​ပြန်ပြောသည်။

ဟွမ်ဟိုင်က ရှောက်လုံအား ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် သူ့ဘေးမှ မိစ္ဆာဝိဥာဥ်ကို ကြည့်ကာ အပြုံးဖြင့် ပြော၏။

" အစကတော့ ဒီဟာက ထိပ်တန်းလျှို့ဝှက်ချက်ကြီး တစ်ခုပဲကွ ၊ ဒါပေမယ့် .. အခုက မင်းတို့တွေအားလုံး သေကြရမှာဆိုတော့ ငါ ပြောလဲ ကိစ္စ မရှိတော့ဘူး "

" ငါတို့ ဂိုဏ်းချုပ်ကြီးက မိစ္ဆာဝိဥာဥ်တွေကို ထိန်းချုပ်တဲ့နည်းကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားတယ်ကွ ။ ဒါပေမယ့် ဒီ ထျန်းယွမ်ကမ္ဘာကြီးမှာက အစွမ်းထက်တဲ့ မိစ္ဆာဝိဥာဥ်တွေ သိပ်မရှိတော့ ဒီ နဂါးသင်္ချိုင်းမြေကိုပဲ သူ မျက်စိကျသွားခဲ့တာပေါ့ကွာ "

" ဒီ နဂါးသင်္ချိုင်မြေက အမြဲလိုလို ပိတ်ထားတဲ့ ကမ္ဘာငယ်တစ်ခု ဖြစ်နေတော့ အထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို လူတွေ သိကြဖို့ မလွယ်ဘူးလေ ။ ပြီးတော့ ဒီ နဂါးသင်္ချိုင်းမြေထဲမှာ မရေမတွက်နိုင်တဲ့ နဂါးစိတ်ဝိဥာဥ်တွေနဲ့ နဂါးအလောင်းတွေ ရှိနေသေးတာဆိုတော့ မိစ္ဆာဝိဥာဥ်တွေကို မွေးထုတ်ဖို့ အကောင်းဆုံး နေရာပေါ့ကွာ "

" ငါတို့ ဂိုဏ်းချုပ်ကြီးက ဟိုး လွန်ခဲ့တဲ့ နှစ်တစ်ထောင်​ကျော် အကြာတည်းက ဒီအစီအစဥ်ကို စခဲ့တာကွ ။ သူက ဒီ နဂါးသင်္ချိုင်းမြေထဲကို ဝင်ပြီးတော့ လျှို့ဝှက်နည်းလမ်းတစ်ခုနဲ့ မိစ္ဆာဝိဥာဥ် မျိုးစေ့တွေကို ချပေးခဲ့တာပဲ ။ ဒီ မျိုးစေ့တွေက နဂါးမျိုးနွယ်ရဲ့ အကြွင်းအကျန် နဂါးစိတ်ဝိဥာဥ်တွေနဲ့ နဂါးအလောင်းတွေကို တဖြည်းဖြည်း တိုက်စားခဲ့တာ ။ အဲ့တုန်းကတော့ နဂါးမျိုးနွယ်ကလဲ လုံးဝကြီး မပျောက်ကွယ်သွားသေးဘူးလေ "

" ရလဒ်ကတော့ ငါတို့ ဂိုဏ်းချုပ်ကြီး မျှော်လင့်ထားခဲ့တဲ့ အတိုင်းပဲပေါ့ ။ နဂါးအရိုးတွေကနေ မိစ္ဆာဝိဥာဥ်တွေ မွေးဖွာလာပြီးတော့ နဂါးအစွမ်းတွေနဲ့ နဂါးစိတ်ဝိဥာဥ်တွေကိုလဲ စားသုံးရတော့ ဒီကောင်တွေက အံ့သြစရာ ကောင်းလောက်အောင်ကို အစွမ်းထက်လာကြတာကွ ။ ဒီ မိစ္ဆာဝိဥာဥ်တွေမှာ မိစ္ဆာအစွမ်း ရှိရုံတင် မကဘူး ၊ သဘာဝ နဂါးအစွမ်းတွေပါ ရှိကြသေးတယ် "

" ဥပမာ ပေးရရင်တော့ .. ဒီ မိစ္ဆာဝိဥာဥ်ကြီးဆိုရင်  သူ့ရဲ့ တိုက်ခိုက်စွမ်းရည်က ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်လောက် မရှိပေမယ့် .. သာမာန် မသေမျိုးတွေထက် အများကြီး သာတယ်ကွ "

" ဒီလို တိုက်ခိုက်ရေး အင်အားစုတွေ ရှိနေသရွေ့ ငါတို့  ဝမ်ဟွန်း ကွေ့ယီ ဂိုဏ်းက ဒီ ထျန်းယွမ်ကမ္ဘာမှာ အင်အားအကြီးဆုံးနဲ့ အစွမ်းအထက်ဆုံး အဖွဲ့တစ်ခု ဖြစ်လာမှာပဲ "

ဟွမ်ဟိုင်က ထိုသို့ပြောပြီး ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

ရှောက်လုံမှာမူ သူ့စကားကို ကြားပြီးသည်နှင့် မျက်နှာဆိုးရွားစွာ ပျက်သွားတော့သည်။

" မင်း .. မင်း .. မင်း .. မိစ္ဆာကောင် .. "

သူ့မျက်လုံးများတွင်လည်း မုန်းတီးမှုတို့ဖြင့် ပြည့်နေ၏။

ထိုလူများက နှစ်ပေါင်းများစွာကြာ စီစဥ်လာခဲ့ကြသည်ကိုလည်း သူ ယခုမှသာ သိလိုက်ရခြင်း ဖြစ်ပါသည်။

ယခင်က သူ မိစ္ဆာဝိဥာဥ်များ၏ ကျူးကျော်မှုကို ခံခဲ့ရပြီး အကြွင်းအကျန် စိတ်ဝိဥာဥ်က နဂါးအရိုးထဲတွင် ဖိနှိပ်ခံခဲ့ရကာ .. မိစ္ဆာဝိဥာဥ်များက သူ့ထံမှ နဂါးအစွမ်းများအား ထုတ်ယူစားသုံးနေခဲ့ကြသည်ကိုလည်း ရှောက်လုံ ပြန်အမှတ်ရသွားသည်။

အကယ်၍ .. ထိုအချိန်ကသာ သခင်ကြီးကျီဝေ့က နဂါးသင်္ချိုင်းမြေထဲသို့ အသက်စွန့်၍ ဝင်ပြီး နဂါးအရိုးကို မတော်တဆ အပြင် ယူထုတ်သွားသည့် အဖြစ်သာ မဖြစ်ခဲ့ပါက .. သူသည်လည်း .. ယခု သူ့ရှေ့မှ မိစ္ဆာဝိဥာဥ်ကြီးလိုသာ ဖြစ်နေလောက်လေပြီ ။

" ကဲ .. အများကြီးလဲ ပြောပြီးသွားပြီဆိုတော့ ငါ့ရဲ့ သနားညှာတာပေးတဲ့ အတိုင်းအတာလဲ ကုန်သွားပြီ ။ အခု သေဖို့သာ ပြင်ကြတော့ "

ဟွမ်ဟိုင်က ထိုသို့ ပြောကာ လက်တစ်ဖက် ယမ်းလိုက်သည်။ သူ့ဘေးမှ မိစ္ဆာဝိဥာဥ် ကြီးကလည်း  လှုပ်ရှားလာ၏။

All Chapters