သူ့သခင်က ငါလေ
Vol. 24 Ch. 329
ဘုန်း ..
မိစ္ဆာဝိဥာဥ် တိုက်ခိုက်သည်နှင့် အမည်းရောင်အစွမ်း နှင့် နဂါးအစွမ်းတို့ ရောယှက်နေသည့် အားတစ်ခုက လောထျန်းဆီသို့ တိုးဝင်လာသည်။
" ဟားဟား ..လောထျန်း ၊ လွယ်လွယ်နဲ့ သေမသွားနဲ့ဦးနော် ။ မဟုတ်ရင် ငါ ပျော်ရမှာ မဟုတ်ဘူး "
ဟွမ်ဟိုင်က အရူးတစ်ယောက်အလား အော်ပြောလာသည်။
ထိုစဥ် လောထျန်းက လက်ယမ်းပြီး မိစ္ဆာဝိဥာဥ်အား ရွှေရောင်လက်ဝါးကြီးဖြင့် ရိုက်လိုက်၏။
" ဟား ဟား .. သာမာန် သိုင်းကွက်တွေ သုံးလဲ အလကားပဲ ၊ မင်းက ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်မှ မဟုတ်တာ "
ဟွမ်ဟိုင်က ၎င်းကိုကြည့်ကာ အော်ရယ်သည်။
သို့သော် .. ထို့နောက်တွင်မူ ..
ဖြောင်း ..
အသံကျယ် တစ်သံနှင့်အတူ မိစ္ဆာဝိဥာဥ်၏ အစွမ်းများက လောထျန်း၏ လက်ဝါးချက်အောက်တွင် ချက်ချင်း ပြိုကွဲသွားတော့၏။
" ဘယ်လိုဖြစ်ပြီး .. "
မိစ္ဆာဝိဥာဥ် အံ့သြတုန်လှုပ်သွားရသည်။
ပုံမှန်ဆိုလျှင် လောထျန်း၏ တိုက်ခိုက်မှုက သူ့အစွမ်းအပေါ် မည်သို့သော အကျိုးသက်ရောက်မှုမှ မရှိသင့်ပါချေ။
သို့သော် .. ယခုက .. အဘယ့်ကြောင့်ပါနည်း ...
မိစ္ဆာဝိဥာဥ်၏ တိုက်ခိုက်မှုက အဘယ့်ကြောင့် အလွယ်တကူ ပြိုကွဲသွားရပါသနည်း ။
ထိုစဥ် .. ရုတ်တရက် ..
လောထျန်း၏ လက်ဝါး၌ စိတ်ဝိဥာဥ်အစွမ်း တစ်ထပ် လွှမ်းခြုံထားသည်ကို ဟွမ်ဟိုင် တွေ့လိုက်ရသည်။
" ဟုတ်သားပဲ .. မင်းကလဲ စိတ်ဝိဥာဥ် သခင်ကြီးတစ်ယောက်ဆိုတာ ငါ မေ့တော့မလို့ ။ ဟွမ်ဟိုင်ကလဲ အဲ့ဒါကြောင့်ပဲ မင်းလက်ထဲမှာ သေသွားရတာလေ "
" မင်းဆီမှာ ..စိတ်ဝိဥာဥ်တွေကို တိုက်ရိုက် တိုက်ခိုက်နိုင်တဲ့ ဗုံကြီးတစ်ခု ရှိတာတောင် ငါ မှတ်မိပါသေးတယ် ။ ဒါပေမယ့် အဲ့လို အကွက်မျိုးက ဒီ မိစ္ဆာဝိဥာဥ်ဆီမှာ သုံးလို့ မရဘူးကွ "
ဟွမ်ဟိုင်က ထိုသို့ ပြောပြီး မိစ္ဆာဝိဥာဥ်အား ဆက်တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
ဝုန်း ..
ဧရာမ မိစ္ဆာဝိဥာဥ်ကြီးဆီမှ စစ်မှန်သော နဂါးအစွမ်းတစ်ခု ရုတ်ချည်း ထွက်ပေါ်လာ၏။
ထိုအချိန်တွင် မိစ္ဆာဝိဥာဥ်ကြီး၏ ကိုယ်မှ မိစ္ဆာအစွမ်းက များစွာ ထုတ်လွှတ်ခြင်း မရှိတော့ဘဲ ၎င်းအသွင်က ကောင်းကင်ယံမှ ဆင်းသက်လာနေသည့် နဂါးကြီးတစ်ကောင်နှင့်သာ ပိုတူနေပါသည်။
" အခု မြင်ပြီလား .. အဲ့ဒါ ငါတို့ ဂိုဏ်းချူပ်ကြီးရဲ့ အကောင်းဆုံး လက်ရာပဲကွ ။ ငါတို့ ဂိုဏ်းချုပ်ကြီးလို ပါရမီရှင်မျိုးကသာ ကမ္ဘာပေါ်မှာ အဆိုးယုတ်ဆုံး အစွမ်းနဲ့ နေရောင်လို အသန့်စင်ဆုံး အစွမ်းကို ပေါင်းစပ်နိုင်တာ "
" ပြီးတော့ ဒါက အခုမှ နမူနာ လက်ရာပဲ ရှိသေးတယ် ။ ငါတို့ ဂိုဏ်းချုပ်ကြီးက ဒီ နဂါးသင်္ချိုင်းမြေထဲက နဂါးကြီး ထျန်းလုံ ရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ် နဲ့ သူ့အလောင်းကိုသာ သန့်စင်ပြီးသွားလို့ရှိရင် .. ငါတို့ ဂိုဏ်းက ဒီ ထျန်းယွမ်ကမ္ဘာမှာ ပြိုင်ဘက်ကင်း ဖြစ်သွားမှာကွ။ ဒါတင်မကသေးဘူး ၊ ပိုမြင့်တဲ့အဆင့်ကို တက်ရင်တောင် ငါတို့ဂိုဏ်းက အပေါ်ကမ္ဘာက သူတွေကို ချေမှုန်းပစ်နိုင်မှာ သေချာတယ် "
ဟွမ်ဟိုင်က ထိုသို့ပြောကာ အရူးတစ်ယောက်သဖွယ်အော်ရယ်နေစဥ်တွင် မိစ္ဆာဝိဥာဥ်က လောထျန်းအား ဆက်တိုက်ခိုက်နေ၏။
လောထျန်းကမူ မည်သို့မှ ပြန်မပြောဘဲ မိစ္ဆာဝိဥာဥ်၏ တိုက်ခိုက်မှုများကိုသာ တစ်ခုပြီးတစ်ခု တန်ပြန်တိုက်ခိုက်နေသည်။
သို့သော် လောထျန်းဘေးတွင် ရှိနေသည့် နဂါးအရိပ် ရှောက်လုံကမူ ဟွမ်ဟိုင်၏ စကားကို ကြားသည်နှင့် ချက်ချင်း မျက်နှာပျက်သွား၏။
" သခင်လေး လောထျန်း ၊ ကျုပ် အနူးညွှတ် တောင်းဆိုပါတယ် ဗျာ .. ဒီကောင်တွေကို တားမှကို ဖြစ်မယ် ။ သခင်ကြီး ထျန်းလုံရဲ့ စိတ်ဝိဥာဥ်ကို မိစ္ဆာဝိဥာဥ်အဖြစ် ပြောင်းလဲလိုက်လို့ လုံးဝ မဖြစ်ဘူး "
သူ့မျက်လုံးများမှာလည်း မီးပွင့်ထွက်လာတော့မလိုပင် ဖြစ်နေသည်။
ဤနေရာတွင် မြှုပ်နှံထားသော သခင်ကြီး ထျန်းလုံမှာ ထျန်းယွမ်ကမ္ဘာရှိ နဂါးမျိုးနွယ်စု တစ်ခုလုံး၏ ဘိုးဘေးဟု ပြော၍ ရပါသည်။
သူသည် နဂါးများအားလုံး အထွတ်အမြတ်ထား လေးစားကြရသည့် နဂါးကြီးတစ်ကောင်လည်း ဖြစ်ပါ၏။
အကယ်၍သာ သူတို့ သခင်ကြီး ထျန်းလုံ၏ စိတ်ဝိဥာဥ်ကို တဖက်လူမှ မိစ္ဆာဝိဥာဥ်အဖြစ် ပြောင်းလိုက်ပါက သူတို့ နဂါးမျိုးနွယ်စုအတွက် အလွန် အရှက်ရစရာ ကိစ္စကြီး ဖြစ်သွားပေမည် ။
သူ့စကားကို ကြားသောအခါ လောထျန်းက ခေါင်းညိတ်ပြပြီး ပြန်ပြောသည်။
" ကောင်းပါပြီ ၊ ကျုပ် သူတို့ကို တားလိုက်မယ် "
သူသည် နဂါးမျိုးနွယ်မှ နဂါးသွေးအစစ် အပါအဝင် ရတနာများစွာကို ယူထားခဲ့သည်ဖြစ်ရာ သူတို့အပေါ် အကြွေးတင်နေသည် မဟုတ်ပါလား ။
ထို့အပြင် .. လျှို့ဝှက်နဂါးကျောက်ပြားမှလည်း နဂါးမျိုးနွယ်၏ ရတနာတစ်ခုဖြစ်သော အချိန်နဲ့နေရာ ဗိမာန်အကြောင်းကို သူ သိခဲ့ရပါသေး၏။
သို့ဖြစ်ရာ .. သူ ဟွမ်ဟိုင်တို့ အစီအစဥ်အား လုံးဝ အောင်မြင်ခွင့် ပေးမည် မဟုတ်ပါ ။
ထိုစဥ် တဖက်မှ ဟွမ်ဟိုင်က သူတို့စကားကို ကြားသွားကာ အသံကျယ်ဖြင့် အော်ရယ်ရင်း ပြောလာသည်။
" ဘယ်လို .. မင်းက ငါတို့ကို တားမယ် .. ဟုတ်လား ။ လောထျန်း ၊ စိတ်ကူးတွေ တအားယဥ်မနေနဲ့ပါနဲ့ကွာ ။ ငါတို့ လက်ထောက်ဂိုဏ်းချုပ်ကြီးက ခုတောင် အောင်မြင်ခါနီး ဖြစ်နေပြီကွ ၊ ဒါတင်မကသေးဘူး .. အခု ဒီမိစ္ဆာဝိဥာဥ်ကတောင် မင်းထက် ပိုအစွမ်းထက်နေပြီလေ "
၎င်းကို ကြားသောအခါ လောထျန်းက အေးစက်စက် နှာခေါင်းရှုံ့ပြီး ပြန်ပြော၏။
" ငါ့ထက် ပိုအစွမ်းထက်တယ် .. ဟုတ်လား "
လောထျန်း၏ စကားဆုံးသည့် အချိန်မှာပင် သူ့လက်ထဲမှ အစွမ်းက ရုတ်တရက် တိုးလာသည်။
ဝုန်း ..
ချက်ချင်း ဆိုသလိုပင် .. ရွှေရောင်လက်ဝါးကြီးကလဲ ဆယ်ဆမက ပိုကြီးလာပြီး မိစ္ဆာဝိဥာဥ်အား ရိုက်ချလိုက်သည်။
ဖြောင်း ..
ထို့နောက်တွင်မူ ဧရာမ မိစ္ဆာဝိဥာဥ်ကြီးက သူ့လက်ချက်ဖြင့် အဝေးသို့ လွင့်ထွက်သွားကာ မြောက်များစွာသော တောင်ကြီးများနှင့် ရိုက်မိသွားပြီး နောက်ဆုံး ရပ်သွားတော့၏။
" ဘယ်လိုဖြစ် ... "
အစောက လှောင်ပြုံး ရှိနေခဲ့သည့် ဟွမ်ဟိုင်၏ မျက်နှာမှာလည်း ချက်ချင်း ပြောင်းသွားပြီး အံ့သြမှင်သက်နေဟန် ဖြစ်သွားသည်။
အစောပိုင်းကလေးတင် လောထျန်းအား ဖိနှိပ်နေခဲ့ပုံရသည့် မိစ္ဆာဝိဥာဥ်ကြီးက ယခု အဘယ့်ကြောင့် ရုတ်တရက် အဝေးသို့ လွင့်သွားရသည်ကိုလည်း သူ နားမလည်နိုင် ဖြစ်သွားရသည်။
ထိုစဥ် ..ရုတ်တရက် သု့ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာပြီး လောထျန်းအား ကြောက်ရွံ့တုန်လှုပ်စွာ လှမ်းကြည့်လိုက်၏။
ထိုအချိန် ..လောထျန်းက လေထဲသို့ ဖြည်းညင်းစွာ ပျံတက်၍ ပြောလာသည်။
" ငါက ခုနက ဒီကောင်ကြီးကို စမ်းသပ်ကြည့်နေတာကွ "
" စမ်းသပ်တယ် ..ဘာကို စမ်းသပ်တာလဲ "
ဟွမ်ဟိုင်က လောထျန်းအား ကြောက်လန့်တကြား လှမ်းကြည့်လိုက်သည်။
" ငါ့ရဲ့ အခိုင်းအစေ ဖြစ်ဖို့ အရည်အချင်း ပြည့် မပြည့် စမ်းသပ်သာ "
လောထျန်းက ထိုသို့ပြောပြီး လက်တစ်ဖက်ကို အသာ ဝေ့ယမ်းလိုက်သည်။
ချက်ချင်း ဆိုသလိုပင် .. စိတ်ဝိဥာဥ်အစွမ်းများ နေရာအနှံ့ လွှမ်းခြုံလာပြီး သူ့လက်ထဲ၌ ကားချပ်လိပ်တစ်ခု ထွက်ပေါ်လာ၏။
" ဝိဥာဥ်တစ်ရာကားချပ် .. ပွင့်စေ "
လောထျန်းက အေးအေးဆေးဆေး ပြောလိုက်သည်။
ထို့နောက်တွင်ကား ... ကားချပ်လိပ် ပွင့်သွားပြီး အထဲမှ မရေမတွက်နိုင်သော ချိန်းကြိုးများ ထွက်လာကာ မိစ္ဆာဝိဥာဥ်အား ချုပ်နှောင်လိုက်တော့သည်။
ဝေါင်း ..
မိစ္ဆာဝိဥာဥ်မှာ ခုခံရန် ကြိုးစားလိုက်သေးသော်လည်း လုံးဝ ခုခံ၍မရဟန်ဖြင့် ချိန်းကြိုးများ၏ ဆွဲခေါ်ရာသို့သာ ပါသွားပြီး ကားချပ်လိပ်ထဲ ရောက်သွားတော့သည်။
" မဖြစ်ဘူး .. "
၎င်းကို ကြည့်ကာ ဟွမ်ဟိုင်တစ်ယောက် အလွန်ကြောက်လန့် တုန်လှုပ်သွား၏။
ထို မိစ္ဆာဝိဥာဥ်မှာ သူ အားကိုးရသည့် အရာကြီး ဖြစ်ပါသည်။
၎င်းသာ မရှိပါက .. သူ့အတွက် ဒုက္ခများသွားမည် မဟုတ်ပါလား ...
ထိုစဥ် တဖက်မှ လောထျန်းကမူ ဝိဥာဥ်တစ်ရာ ကားချပ်လိပ်ကို ကြည့်ကာ ခေါင်းအသာ ညိတ်လိုက်၏။
ထို့နောက် သူ့လက်ကို ထပ်ဝေ့ယမ်းလိုက်ရာ အစောက ကားချပ်လိပ်ထဲတွင် ချုပ်နှောင်ခံထားခဲ့ရသည့် မိစ္ဆာဝိဥာဥ်ကြီး ပြန်ထွက်လာသည်။
၎င်းမိစ္ဆာဝိဥာဥ်ကို မြင်သောအခါ ဟွမ်ဟိုင် ပြုံးသွား၏။
" ဟားဟား .. ငါက မင်းဆီမှာ ထူးခြားတဲ့ နည်းလမ်းတွေ ရှိမယ် ထင်နေတာ .. တကယ်တော့ အချုပ်အနှောင် တစ်မျိုးပါလားကွ ။ ဒါပေမယ့် .. ငါ့ရဲ့ မိစ္ဆာဝိဥာဥ်ကို အဲ့လိုမျိုး ချုပ်နှောင်လို့ မရဘူး မဟုတ်လား "
ဟွမ်ဟိုင်က ပြောလိုက်သည်။
" အချုပ်အနှောင် ဟုတ်လား "
လောထျန်း အံ့အားသင့်သွား၏။
ဟွမ်ဟိုင်က သူ့ကို လျစ်လျူရှုကာ လှောင်ပြုံးဖြင့် ဆက်ပြောလာသည်။
" အဲ့ဒါ ထားလိုက်ပါ .. မင်းနဲ့ အချိန်ဖြုန်းနေလို့လဲ အလကားပဲ ။ မင်းက လျှို့ဝှက်ချက်တွေ အများကြီး သိထားပြီဆိုတော့ မင်းကို အသက်ဆက်ရှင်ခွင့် ပေးလို့ မဖြစ်ဘူး ။ မိစ္ဆာဝိဥာဥ်ရေ .. သူ့ကို သတ်လိုက်စမ်းကွာ "
ဟွမ်ဟိုင် အမိန့်ထပ်ပေးလိုက်သည်။
သို့သော် မိစ္ဆာဝိဥာဥ်ကမူ နေရာတွင်ပင် ရပ်နေပြီး တုပ်တုပ် မလှုပ်ပါချေ။
" ဟင် ... မိစ္ဆာဝိဥာဥ် .. ဘာတွေ ဖြစ်နေတာလဲ ။ ငါ အမိန့်ပေးတာကို မကြားဘူးလား ၊ သူ့ကို သတ်စမ်း "
ဟွမ်ဟိုင်က အမိန့်ထပ်ပေးလိုက်ပြန်၏။
သို့သော် . မိစ္ဆာဝိဥာဥ်ကမူ မတုန်မလှုပ် ရှိနေဆဲပင် ။
ထိုအချိန်တွင်ဟွမ်ဟိုင်၏ ရင်ထဲ စိုးရိမ်စိတ်များ ဝင်လာခဲ့လေပြီ ။
" မိစ္ဆာဝိဥာဥ် .. သူ့ကို သတ်လို့ ပြောနေတယ်လေ ၊ မင်းက မင်းသခင်ရဲ့ အမိန့်ကို မနာခံဘူးလား "
သူ ဒေါသတကြီး အော်လိုက်သည်။
ထိုစဥ် တဖက်မှ လောထျန်းက အေးအေးဆေးဆေး ပြောလာ၏။
" သခင် .. ဟုတ်လား ၊ မင်းက သူ့သခင် မဟုတ်တော့ဘူးလေ "
" မင်း .. ဘာပြောလိုက်တယ် ။ သူ့သခင်က ငါ မဟုတ်တော့ဘူးဆိုတော့ .. သူ့သခင်က မင်းလား "
ဟွမ်ဟိုင်က လှောင်သံဖြင့် ပြန်ရွဲ့ပြီး ပြောသည်။
သို့သော် .. လောထျန်းက ခေါင်းညိတ်ကာ ပြောလာ၏။
" ဟုတ်တယ် .. သူ့သခင်က ငါ ဖြစ်သွားပြီ "
ကြားလိုက်ရသည့် စကားကြောင့် ဟွမ်ဟိုင် အချိန်အတန်ငယ်ကြာ အံ့သြမှင်သက်သွားသေးသည်။ ထို့နောက်မှသာ အသံကျယ်ကြီးဖြင့် ရယ်၍ ပြော၏။
" လောထျန်း ၊ မင်းက ဟာသတွေ ပြောတဲ့နေရာမှာတော့ တကယ် တော်တာပဲကွ ။ မင်းက သူ့သခင် .. ဟုတ်လား ၊ ဒါဆို အမိန့်တစ်ခု ပေးကြည့်လိုက်စမ်းပါဦး ။ သူ မင်းစကားကို နားထောင်လား မထောင်ဘူးလား ကြည့်ကြတာပေါ့ "
လောထျန်းက အပြုံးဖြင့် ပြန်ပြောသည်။
" ကောင်းပြီလေ ၊ မင်း သဘောအတိုင်းပေါ့ "
ထို့နောက် သူက မိစ္ဆာဝိဥာဥ်ဘက် လှည့်ကြည့်ကာ ပြော၏။
" မိစ္ဆာဝိဥာဥ် .. သူ့ကို သတ်လိုက်ကွာ "
လောထျန်း၏ စကားဆုံးသည်နှင့် ဟွမ်ဟိုင်က အော်ရယ်လာသည်။
" ဟား ဟား .. ငါက အမိန့်ပေး ဆိုတာနဲ့ပဲ မင်းက တကယ်ကြီး အမိန့်ပေးလိုက်တာလား ။ မင်းကိုယ်မင်း ဘာထင်နေတာလဲကွ ။ ကြည့်လိုက်ပါဦး ၊ သူက မင်းစကားကို နားထောင်လား ..... "
သို့သော် .. သူ့စကား မဆုံးခင်မှာပင် ..
ဖြောင်း ..
တဖက်မှ မိစ္ဆာဝိဥာဥ်ကြီးက ဟွမ်ဟိုင်အား ခပ်ပြင်းပြင်း ရိုက်ချလိုက်တော့သည်။
ဝှစ် ..
ထို့နောက်တွင်မူ ..ဟွမ်ဟိုင်၏ ခန္ဓာကိုယ်က ဥက္ကာခဲတစ်ခုအလား အဝေးသို့ လွင့်ထွက်သွားပြီး တောင်ကြီးတစ်တောင်နှင့် ရိုက်မိကာ ပြားချပ်သွား၏။
" ဘယ်လိုဖြစ် .... "
သို့သော် မသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့် ဟွမ်ဟိုင်က တဖြည်းဖြည်း မူလအတိုင်း ပြန်ဖြစ်သွားပြန်သည်။
မည်သို့ပင် ဆိုစေ .. သူ့ခန္ဓာကိုယ်က အကောင်းအတိုင်း ပြန်ဖြစ်သွားသည့်တိုင် သူ့စိတ်ကမူ အရင်လို မဟုတ်တော့ပါ။
လောထျန်းက မိစ္ဆာဝိဥာဥ်တစ်ကောင်ကို အမှန်တကယ် အမိန့်ပေးနေနိုင်သတဲ့လား ..
၎င်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း ။
ဟွမ်ဟိုင် နားမလည်နိုင် ဖြစ်နေစဥ်မှာပင် သူ့မျက်လုံးများ ပြာဝေသွားပြီး မိစ္ဆာဝိဥာဥ်၏ ဒုတိယ အကြိမ် တိုက်ခိုက်မှု ထပ်ရောက်လာပြန်၏။
ဘုန်း ..
မူလအခြေအနေသို့ ပြန်ရောက်စ သူ့ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာမွှာ ထပ်ဖြစ်သွားရပြန်သည်။
" ဒီခွေးမ &$%#%* "
ဟွမ်ဟိုင်က နောက်တစ်ကြိမ် ခက်ခက်ခဲခဲ ပြန်ထလာပြီး ခြေတစ်လှမ်းသာ လှမ်းရသေးစဥ်မှာပင် ..
ဘုန်း ..
သူ့ကိုယ်က အပိုင်းပိုင်း ထပ်ဖြစ်သွားရပြန်၏။
" လောထျန်း ... မင်း ... "
ဟွမ်ဟိုင်မှာ လောထျန်းအား အော်ဟစ်ဆဲဆိုရန် ကြိုးစားလိုက်သော်လည်း ..သူ့စကား မဆုံးခင်မှာပင် အပိုင်းပိုင်း ထပ်ပြတ်သွားရပြန်တော့သည်။