← Chapters

ကမ္ဘာမျိုးစေ့

Vol. 24 Ch. 332

ကမ္ဘာမျိုးစေ့

Vol. 24 Ch. 332

အဘယ့်ကြောင့်ဆိုသော် .. သူ့ခေါင်းပေါ်မှ ကောင်းကင်ယံမှာ အစောက နန်းတော်ထဲမှ ကြယ်စုံညနှင့်တူသည့် ကောင်းကင်ယံ မဟုတ်တော့ဘဲ နဂါးသင်္ချိုင်းမြေမှ ကောင်းကင်ယံ ဖြစ်နေသောကြောင့်ပင် ။

သို့သော် .. အစောကလေးတင် သူတို့ နန်းတော်ထဲ၌ ပိတ်လှောင်ခံထားရခဲ့သည် မဟုတ်ပါလား ။

ထိုအချိန်မှာပင် ..

ဝုန်း ..

သူ့အနောက်ဘက်တွင် ပြိုကျသံကြီး တစ်ခု ကြားလိုက်ရသဖြင့် ရှောက်လုံ နောက်လှည့်ကြည့်လိုက်ရာ ကြယ်စုံညနှင့်တူသည့် နန်းတော်အမိုးကြီးအား အပျက်အစီးပုံကြီး အဖြစ် မြင်လိုက်ရတော့သည်။

အပေါ်တွင် ကျန်နေသေးသည့် အမိုး တစိတ်တစ်ပိုင်းမှာလည်း နောက်ထပ် လေပြင်းတစ်ချက် တိုက်သည်နှင့် ဆက်ပြုတ်ကျလာပြန်၏။

" ဒါ .. "

ရှောက်လုံ အလွန်အံ့သြတုန်လှုပ်သွားရတော့သည်။

ဤနေရာမှာ မသေမျိုး အရှုပ်အထွေးစိတ်ဝိဥာဥ် နန်းတော် မဟုတ်တော့ပါချေ ။

အပျက်အစီးပုံကြီး ဖြစ်သွားခဲ့လေပြီ ။

နန်းတော်ကြီးမှာ ပျက်စီးယိုယွင်းလွန်းနေ၍ တစ်ချက် ကန်လိုက်လျှင်ပင် အပိုင်းပိုင်း အစစ ဖြစ်သွားတော့မလို ရှိနေပါ၏။

စောနက .. ဘာတွေ ဖြစ်သွားခဲ့ပါသနည်း ။

ထိုစဥ် ခပ်ဝေးဝေးမှ ဟွမ်ဟိုင်၏ ဒေါသတကြီးအော်သံ ရုတ်တရက် ထွက်ပေါ်ဘာသည်။

" ဟေ့ .. မင်း ဘာတွေ လုပ်လိုက်တာလဲ "

ရှောက်လုံ အသံလာရာဘက် လှမ်းကြည့်လိုက်ရာ လောထန်းက ဟွမ်ဟိုင်နှင့်မနီးမဝေးတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။

လောထျန်း၏ အရောင်အဝါမှာလည်း ယခင်ကနှင့် ယှဥ်လိုက်ပါက များစွာ တိုးလာခဲ့လေပြီ ။

ထို့နောက် ရှောက်လုံ ခေါင်းလှည့်ပြီး အဝေးမှ ဟွမ်ဟိုင်အား ထပ်ကြည့်လိုက်ရာ သူ ထပ်ပြီး အံ့အားသင့်သွားရပြန်၏။

ထိုအချိန်တွင် ဟွမ်ဟိုင်မှာ နေရာဟောင်း၌ပင် ချုပ်နှောင်ခံထားရဆဲ ဖြစ်သည့်တိုင် ..

သူ့အသွင်က များစွာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည် ။

လက်ရှိတွင် ဟွမ်ဟိုင်မှာ လူသေအလောင်းကောင်ကြီးနှင့် တူနေပါ၏။

သူ့ကိုယ်ပေါ်မှ အမည်းရောင်အဝတ်စားများကလည်း စုတ်ပြဲနေကြကာ ယခင်ကကဲ့သို့ မသေမျိုး ခန္ဓာကိုယ်အသွင် မရှိတော့ဘဲ ဒုက္ခကြီးစွာ ခံနေရဟန် တူသည်။

" သခင်လေးလောထျန်း ၊ ဘာတွေ ဖြစ်နေတာလဲ ။ သူကရော ဘာဖြစ်သွားတာလဲ ။ ပြီးတော့ ခုလို ဖြစ်သွားအောင် သခင်လေး ဘယ်လိုလုပ်လိုက်တာလဲ "

ရှောက်လုံက လောထျန်းဆီသို့ လျှောက်သွားရင်း မေးလိုက်သည်။

လောထျန်းမှာ သူ့စကားကို ကြားမှသာ အသိပြန်ဝင်လာဟန်ဖြင့် ပြော၏။

" ဟို .. ကျုပ် ခဏလေး ကျင့်ကြံနေတာ "

" ဘယ်လို .. ခဏလေး ကျင့်ကြံရုံနဲ့ ခုလိုကြီး ဖြစ်သွားတယ် "

ရှောက်လုံ မျက်လုံးပြူးသွားပြီး ဘေးဘီသို့ ဝေ့ဝဲကြည့်ကာ လောထျန်းအား တစ်ဖန် ထပ်ကြည့်လိုက်သည်။

လောထျန်းက အရှက်ပြေ ခြောက်ကပ်ကပ်ရယ်ကာ ပြန်ပြော၏။

" ကျင့်ကြံဖို့ဆိုရင် စိတ်စွမ်းအင်တွေကို စုပ်ယူရတာ သဘာဝပဲလေဗျာ ။ ဒီ နန်းတော်ထဲမှာ စိတ်စွမ်းအင်တွေ ကြွယ်ဝလွန်းတော့ ကျုပ်ကလဲ ဒီတိုင်း စုပ်ယူလိုက်တာ .. "

" အဲ့တော့ ဘာဆက်ဖြစ်သွားလဲ "

ရှောက်လုံ ထပ်မေးလိုက်သည်။

" နောက်တော့ ခဏပဲ ရှိသေးတယ် .. ဒီထဲက စိတ်စွမ်းတွေအကုန် ကျုပ်စုပ်ယူလိုက်လို့ ကုန်သွားတာပဲ "

" ကုန်သွားတယ် .. "

ရှောက်လုံမှာ အံ့အားသင့်လွန်း၍ အသံပင် ကျယ်သွားသည်။

ဤနေရာတွင် စိတ်စွမ်းအင်များ မည်မျှ သိပ်သည်းကြောင်းကို သူ အစောကတည်းက သတိထားမိခဲ့ပြီး ဖြစ်ပါသည်။

ထိုစိတ်စွမ်းအင် ပမာဏမှာ ဒုတိယတန်းအဆင့်ရှိ ဂိုဏ်းတစ်ခုကို တည်ထောင်ရန်ပင် လုံလောက်ပါ၏။

သို့သော် .. လောထျန်းက ထိုစိတ်စွမ်းအင်များ အားလုံးကို ကုန်ခမ်းသွားအောင် စုပ်ယူခဲ့သတဲ့လား ။

လောထျန်းက ခေါင်းညိတ်ပြပြီး စကားဆက်သည်။

" ဟုတ်တယ်ဗျ  ဒါပေမယ့် .. ကျုပ် စုပ်ယူနေတုန်း တစ်ဝက်တပျက်မှာ စိတ်စွမ်းအင်တွေ ကုန်သွားတော့ ကျုပ် ကျင့်ကြံခြင်းအဆင့် မတက်လိုက်နိုင်ဘူး။  ကျုပ်လဲ တစ်ဝက်တပျက် ရပ်လိုက်လို့ မဖြစ်ဘူးလို့ တွေးတာပေါ့ ။ အဲ့နောက်တော့ မသေမျိုးလက်နက် အထဲမှာ စိတ်စွမ်းအင်တွေ ရှိနေတာ တွေ့လိုက်ရတယ် ။ အဲ့တော့ ကျုပ်လဲ မသေမျိုးလက်နက်ကို ပုံပျက်အောင် လုပ်ပြီး အထဲက စိတ်စွမ်းအင်တွေကို ဆက်စုပ်ယူလိုက်တာပဲ "

" အဲ့နည်းက တကယ်လဲ အလုပ်ဖြစ်သွားခဲ့တယ်ဗျ ။ အစကတော့ ကျုပ်က မသေမျိုးလက်နက်ကို ဆက်သုံးလို့မရတော့အောင် စိတ်စွမ်းအင် နည်းနည်းလေးပဲ စုပ်ယူလိုက်တာ ။ဒါပေမယ့် .. ရပ်လို့မရဘဲနဲ့ အားလုံး အပိုင်းပိုင်း ဖြစ်သွားအောင် စူပ်ယူလိုက်သလို ဖြစ်သွားခဲ့တာပဲ "

လောထျန်းက ထိုသို့ ပြောပြီးနောက် အရှုပ်အထွေး စိတ်ဝိဥာဥ်န်းတော်ထဲမှ ကျောက်တိုင်တစ်ခုဆီသို့ လျှောက်သွားကာ စကားဆက်လိုက်သည်။

" အစကတော့ ကျုပ်က ဒီဟာကို မပျက်စီးအောင် ဂရုစိုက်ပြီးတော့ ကျုပ်အိမ်မှာ သုံးလို့ရအောင် အပြင်ကို သယ်ထုတ်သွားမလို့ "

သူ ထိုသို့ပြောကာ ကျောက်တုံးအား နှမျောနေဟန်ဖြင့် အသာအယာပွတ်လိုက်သည်။

ဝုန်း .

ကျောက်တုံးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး ကျောက်မှုန်များအဖြစ် မြေပြင်ပေါ် ပြန့်ကျဲသွား၏။

လောထျန်းက ရှက်နေဟန်ဖြင့် ပြောလာသည်။

" အခုတော့ ဘာမှလဲ သုံးစားမရတော့ဘူး "

ရှောက်လုံမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ဤမျှ ပျက်စီးနေသော ကျောက်တိုင်က မည်သို့ သုံး၍ ရတော့ပါမည်နည်း။

" ဒါဆို .. အဲ့ကောင်ကရော ဘာဖြစ်သွားတာလဲ '

ရှောက်လုံ ထပ်မေးလိုက်သည်။

လောထျန်းက မြန်မြန်ပင် ပြန်ဖြေ၏။

" သူလား  ၊ သူကတော့ မတော်တဆ ဖြစ်သွားတာပါဗျာ ။ ကျုပ်က သူ့ကိုယ်ထဲက စိတ်စွမ်းအင်ကို တမင်ရည်ရွယ်ပြီး စုပ်ယူခဲ့တာ မဟုတ်ဘူး ။ ဒီတိုင်း သူ့ကို အာရုံမစိုက်ဘဲ ထားလိုက်မိလို့ ခုလို ဖြစ်သွားတာ "

ရှောက်လုံမှာ မည်သို့ ပြန်ပြောရမည်ပင် မသိတော့ပါချေ။

ထိုစဥ် သူတို့နှင့် မနီးမဝေးတွင် ရပ်နေသည့် ဟွမ်ဟိုင်က ပိုဆိုးပါ၏။

လောထျန်း ကျင့်ကြံနေရင်းမှာပင် သူ ယခုလို အခြေအနေ ဖြစ်သွားခဲ့ရသတဲ့လား ။

အကယ်၍ လောထျန်းကသာ ရှိသမျှ အစွမ်းကုန်သုံး တိုက်ခိုက်သောကြောင့် သူ ယခုကဲ့သို့ ဖြစ်သွားရသည် ဆိုလျှင်ပင် ခံသာပါသေးသည်။

သို့သော် .. ယခုတွင်ကား ..

ဤနည်းဖြင့် သေရမည်ကို သူ မည်သို့ လက်ခံရပါမည်နည်း။

မည်မျှ ရှက်စရာကောင်းလိုက်သည့် ကိစ္စကြီးပါနည်း။

" လောထျန်း ၊ မင်း .. မင်း ... "

ဟွမ်ဟိုင်က လောထျန်းအား ဒေါသတကြီး ကြည့်ကာ ဆဲရေးရန် ပြင်လိုက်သည်။ သို့သော် .. သူ့အစွမ်းများက တစထက်တစ ပိုပို၍ အားနည်းလာနေ၏။

လောထျန်းက သူ့ကို ကြည့်ပြီး ခေါင်းယမ်း၍ ပြောလိုက်သည်။

" ထားလိုက်ပါလေ ၊ မင်းကို မြန်မြန်ရောက်အောင် ပို့ပေးမယ် "

သူ ပြောပြောဆိုဆိုပင် ဟွမ်ဟိုင်ရှိရာသို့ လက်ညိုးဖြင့် ထိုးလိုက်သည်။ သူ့လက်ချောင်းမှ စိတ်ဝိဥာဥ်အစွမ်းပါဝင်သည့် စွမ်းအင်တန်းတစ်ခု ထွက်ပေါ်လာပြီး ဟွမ်ဟိုင်ခေါင်းပေါ်သို့ ကျသွား၏။

ဟွမ်ဟိုင်မှာ အစောကတည်းကပင် များစွာ အားနည်းနေခဲ့ပြီ ဖြစ်သည့်အတွက် နေရာတွင်ပင် သေဆုံးသွားတော့သည်။

" ဒါ .. "

ဘေးနားလေးတွင် ရှိနေသည့် ရှောက်လုံမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွား၏။

" သခင်လေး ၊ သူ့ကို အရှင်အတိုင်း ဆက်ထားပြီး ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ အချက်အလက်တွေ သိအောင် ဘာလို့ မလုပ်တာလဲ "

သူ မေးလိုက်သည်။

လောထျန်းက သက်ပြင်းချကာ ပြန်ပြော၏။

" ခင်ဗျားက ဒီကောင်တွေနဲ့ မကြုံရဖူးသေးတော့ မသိလို့ ။ ဒီကောင်တွေက ဘယ်တော့မှ ရိုးရိုးသားသား ပြောကြမှာ မဟုတ်ဘူး ။ ပြီးတော့ သူတို့ရဲ့ စိတ်ဝိဥာဥ်တွေကိုလဲ အဖျက်အဆီး တားမြစ်ချက်တွေနဲ့ ကန့်သတ်ထားသေးတယ် ။ အဲ့တော့ အားသုံးပြီး သူတို့ရဲ့ စိတ်ဝိဥာဥ်ထဲကို ရှာလိုက်ရင်လဲ သူတို့ စိတ်ဝိဥာဥ်က ပေါက်ကွဲထွက်သွားရုံပဲ ရှိမှာဗျ ။ သူတို့ကို အရှင်ထားလဲ ဘာမှ မထူးဘူး "

သူ့စကားကို ကြားမှသာ ရှောက်လုံ ခေါင်းညိတ်လိုက်သည်။

သို့သော် .. ထိုအချိန်တွင် ဟွမ်ဟိုင်၏ ခြောက်ကပ်နေသော ကိုယ်ပေါ်၌ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။

ထို့နောက်တွင််မူ အမည်းရောင် ပုလဲလုံးတစ်ခု ရုတ်တရက် မျောလွင့်လာကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

လောထျန်းမှာ ခေတ္တမျှ အံ့သြမှင်သက်နေသေးသော်လည်း ၎င်းပုလဲလုံးအား အလွန်လျင်မြန်သော အရှိိန်ဖြင့် အမြန်ဆုပ်ယူလိုက်၏။

ဝီ ..

အမည်းရောင် ပုလဲလုံးက ခုခံရန် ကြိုးစားလိုက်သေးပါသည်။ သို့သော် လောထျန်းလက်ထဲတွင် ရွှေရောင် အလင်းတန်းတစ်ခု လင်းလက်သွားပြီး ၎င်းအား ဖိနှိပ်ထားလိုက်၏။

ခဏအကြာတွင်မူ .. အမည်းရောင် ပုလဲလုံးက အမိန့်နာခံဟန်ဖြင့် ငြိမ်သက်သွားတော့သည်။

" ဒါ ဘာကြီးလဲ "

လောထျန်းက ထိုပုလဲလုံးကို ကြည့်ကာ မျက်မှောင်ကြုံ့၍ ​မေးလိုက်သည်။

သူ့ဘေးတွင် ရှိနေသော ရှောက်လုံက ၎င်းကို တစ်ချက်သာကြည့်ပြီး အလွန်အံ့သြတုန်လှုပ်သွားဟန်ဖြင့် ပြောလာ၏။

" ဒါ ..တကယ်ကြီး ကမ္ဘာမျိုးစေ့ လား .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

" ကမ္ဘာမျိုးစေ့ ဟုတ်လား .. အဲ့ဒါ ဘာလဲ "

လောထျန်းက နားမလည်နိုင်စွာ ပြန်မေးသည်။

ရှောက်လုံက အံ့သြမှု မပြယ်သေးဘဲ ပြန်ဖြေ၏။

" ကမ္ဘာမျိုးစေ့ဆိုတာ အင်မတန်ကို ရှားတဲ့ အရာတစ်ခုပဲ ။ ကျုပ် ကောလဟာလ ကြားဖူးတာတော့ ဒီ ကမ္ဘာမျိုးစေ့က ကြီးလာရင် ကမ္ဘာကြီးတစ်ခု ဖြစ်သွားနိုင်တယ်တဲ့ "

" ကမ္ဘာကြီးတစ်ခု ဖြစ်သွားနိုင်တယ် .. ဒီဟာလေးကလေ .. "

လောထျန်းက သူ့လက်ထဲမှ ပုလဲလုံးကို ကြည့်ကာ အနည်းငယ် အံ့အာူသင့်သွားဟန်ဖြင့် ပြောသည်။

ရှောက်လုံက ဆက်ပြော၏။

" ဒါပေမယ့် အဲ့ဟာက ကောလဟာလတစ်ခုပဲဗျ ။ အဲ့ဒီအရာကနေ ကမ္ဘာကြီးတစ်ခု ဖြစ်သွားတာကို ဘယ်သူမှ မမြင်ဖူးကြသေးဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ဒါကို သုံးပြီးတော့ အတွင်း ကမ္ဘာငယ်တစ်ခု ဖန်တီးတာမျိုး ၊ လျှို့ဝှက်ဒေသတစ်ခု ဖန်တီးတာမျိုး လုပ်တဲ့သူတွေတော့ ရှိကြတယ် "

လောထျန်းက ရှောက်လုံအား ဆက်ရှင်းပြစေလိုဟန်ဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ကြည့်နေသည်။

ရှောက်လုံက အခြေအနေကို နားလည်ဟန်ဖြင့် ဆက်ရှင်းပြ၏။

" အတွင်းကမ္ဘာငယ်ဆိုတာကတော့ နာမည်အတိုင်းပဲ .. လူတစ်ယောက်ရဲ့ စိတ်စွမ်းအင်ပင်လယ်ထဲမှာ ကမ္ဘာငယ်တစ်ခု ဖန်တီးတာကို ခေါ်တာဗျ ။ ကမ္ဘာငယ် ဖွင့်ပြီးသွားပြီ ဆိုတာနဲ့ အဲ့လူရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေရုံတင်မကဘူး ၊ ကိုယ့်ကိုယ်ထဲမှာ ဟင်းလင်းပြင်လက်စွပ်တစ်ကွင်း ရှိတာနဲ့လဲ ညီမျှတယ် "

" လျှို့ဝှက်ဒေသကတော့ ပိုရိုးရှင်းပါတယ် ။ ဒီဟာကို သုံးပြီး အပြင်ကမ္ဘာကြီးရဲ့ ကန့်သတ်မှုတွေ မရှိတဲ့ လျှို့ဝှက်ဒေသတစ်ခု ဖန်တီးတာပေါ့။ ကြည့်ရတာတော့ သခင်လေးအနေနဲ့ ဒါကို သုံးပြီး အခု နဂါးသင်္ချိုင်းမြေထက်တောင် ပိုအဆင့်မြင့်တဲ့ ထိပ်တန်းအဆင့် လျှို့ဝှက်ဒေသတစ်ခု ဖန်တီးလို့ရတယ်ဗျ ။ ကျုပ် သိသလောက်ဆိုရင် ဒီ ထျန်းယွမ်ကမ္ဘာကြီးမှာ အဲ့လိုထိပ်တန်းအဆင့် လျှို့ဝှက်ဒေသက ၃ ခုပဲရှိတယ် ။ သခင်လေးသာ ဒါကို သုံးပြီး နောက်တစ်ခု ထပ်ဖွင့်လိုက်ရင်တော့ .. အားလုံးပေါင်း ၄ ခု ဖြစ်သွားမှာပေါ့ "

လောထျန်းက နားမလည်နိုင်သေးဟန်ဖြင့် ထပ်မေးသည်။

" အဲ့လို ထိပ်တန်းအဆင့် လျှို့ဝှက်ဒေသနဲ့ သာမာန်လျှို့ဝှက်ဒေသက ဘာတွေ ကွာတာလဲ "

ရှောက်လုံက ရှင်းပြသည်။

" အများကြီး ကွာတာပေါ့ဗျာ။ ဥပမာ ပြောရရင် .. ထိပ်တန်းအဆင့် လျှို့ဝှက်ဒေသတွေထဲက ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေက အပြင်ကမ္ဘာကြီးရဲ့ ကန့်သတ်ချက်တွေကနေ ကင်းလွတ်ပြီးတော့ ကျင့်ကြံခြင်းအတွက် ကောင်းတဲ့ မြင့်မြတ်နယ်မြေတွေ ဖန်တီးလို့ ရတယ် ။ အဲ့ထက်ပိုပြီး အရေးကြီးတာက ဒီလိုကမ္ဘာမျိုးစေ့ကို သုံးပြီး ဖန်တီးထားတဲ့ ထိပ်တန်းအဆင့် လျှို့ဝှက်ဒေသတွေဟာ အပြင်ကမ္ဘာကြီးမှာ ရှာမတွေ့နိုင်တဲ့ အဖိုးအတန်ဆုံး သဘာဝရတနာတွေ ထုတ်လုပ်ပေးကြတယ်ဗျ "

All Chapters