← Chapters

စိတ်ဝိဥာဥ် အရှုပ်အထွေး ကြိုး

Vol. 24 Ch. 334

စိတ်ဝိဥာဥ် အရှုပ်အထွေး ကြိုး

Vol. 24 Ch. 334

သို့သော် .. ချောက်နက်ထဲမှ နဂါး အကြွင်းအကျန် စိတ်ဝိဥာဥ်ကမူ လွေ့နန်၏ အမေးကို မည်သို့မှ  မတုန့်ပြန်ဘဲ ခပ်ဆိတ်ဆိတ်သာ ရှိနေ၏။

လွေ့နန် အနည်းငယ် မျက်မှောင်ကြုံ့သွားပြီး မျက်နှာထား တင်းသွားသည်။

" ကျုပ်တို့ ဂိုဏ်းချုပ်ကြီး တွေးထားသလို .. သခင်ကြီး ထျန်းလုံက တစ်ခုခု သိနေတာပဲ "

သူ ပြောလိုက်သည်။

သခင်ကြီး ထျန်းလုံက အေးစက်စက် နှာခေါင်းရှုံ့ပြီး ပြန်ပြော၏။

" လူငယ်လေး ၊ ငါ့ကို လှည့်စားဖို့ လာကြံမနေနဲ့ ။ ငါ မင်းကို ဘာမှ ပြောမှာ မဟုတ်ဘူး "

လွေ့နန်က အပြုံးဖြင့် ပြောလာသည်။

" ခင်ဗျား မပြောမှန်း ကျုပ် သိတာပေါ့ဗျာ ။ ကျုပ်တို့ ဂိုဏ်းချုပ်ကြီးကလဲ ခင်ဗျားဆီက အဖြေရမယ်လို့ မျှော်လင့်မထားပါဘူး ။ ခင်ဗျားရဲ့ စိတ်ဝိဥာဥ်ကို သန့်စင်ပြီးသွားရင် ကျုပ်တို့ သိချင်တာတွေ အားလုံး သိရမှာပဲလေ "

သခင်ကြီး ထျန်းလုံက လှောင်သံဖြင့် ပြန်ပြော၏။

" ငါ့ စိတ်ဝိဥာဥ်ကို သန့်စင်မယ် ၊ ဟုတ်လား ။ မင်းတို့က ငါ့ကို တော်တော်လျှော့တွက်ကြတာပဲကွ ။ ပြီးတော့ မင်းတို့ကိုယ်မင်းတို့လဲ အထင်ကြီးလွန်းနေပြီ "

လွေ့နန်ကမူ သူ့စကားကို မမှုဟန်ဖြင့် အပြုံးဖြင့် ဆက်ပြောသည်။

" သခင်ကြီး ထျန်းလုံ ၊ကျုပ်တို့တွေက နဂါးသင်္ချိုင်းမြေ တစ်ခုလုံးကိုတောင် နှစ်တွေအကြာကြီး လှည့်စားပြီး အကွက်ချနိုင်ခဲ့တဲ့ သူတွေလေ ။ ကျုပ်တို့ဘက်က ဘာမှ ကြိုတင်ပြင်ဆင်မလာဘူး ထင်လို့လား "

သူက ထိုသို့ပြောကာ လက်တစ်ဖက် ယမ်း၏။

ဝုန်း ...

သူ့လက်ထဲတွင် မရေမတွက်နိုင်သော အမည်းရောင် ဦးခေါင်းခွံများအား ဆက်ထားခြင်းနှင့်တူသည့် ချိန်းကြိုးတစ်ခု ပေါ်လာသည်။

ထိုချိန်းကြိုး ပေါ်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးလည်း ပြင်းထန်စွာ တုန်ခါလာ၏။

ကြောက်မက်ဖွယ် ဖိနှိပ်အစွမ်းတစ်ခုကလည်း လေထုအား လွှမ်းခြုံလာသည်။

" ဟင် .. ဒါ ... "

ချောက်နက်ထဲမှ သခင်ကြီး ထျန်းလုံ အံ့သြတုန်လှုပ်သွားဟန်တူသည်။

ထိုအချိန်တွင် ဟွေ့နန်၏ မျက်နှာထားကလည်း တဖြည်းဖြည်း အေးစက်လာနေခဲ့လေပြီ ။ ထို့နောက် သူက ချိန်းကြိုးအား ချောက်နက်ထဲသို့ ပစ်ချလိုက်၏။

" အား ... "

နောက်ဆက်တွဲ .. သခင်ကြီး ထျန်းလုံ၏ နာကျင်စွာ အော်ဟစ်သံကြီး ပေါ်လာတော့သည်။

" ဒါ .... ဒါ .. တားမြစ် မှော်လက်နက်လား "

သခင်ကြီး ထျန်းလုံက တုန်ယင်နေသည့် အသံဖြင့် ပြောလာသည်။

ဟွေ့နန်က ပြုံးလိုက်ပြီး ပြန်ပြော၏။

" သခင်ကြီး ထျန်းလုံက ဗဟုသုတ တော်တော်ကြွယ်ဝတာပဲ ။ ဟုတ်တယ် .. အဲ့ဒါ တားမြစ် မှော်လက်နက်တစ်ခုဖြစ်တဲ့ စိတ်ဝိဥာဥ်အရှုပ်အထွေး ကြိုး ပဲ "

သူက ပြောပြောဆိုဆိုပင် လက်ထဲသို့ အစွမ်းများ ထပ်မံပို့လွှတ်လိုက်ရာ ကြိုးကြီးက ခပ်ပြင်းပြင်း ရမ်းခါသွားပြီး သခင်ကြီး ထျန်းလုံ၏ အရောင်အဝါလည်း တဖြည်းဖြည်း အားလျော့လာသည်။

" စိတ်ဝိဥာဥ်အရှုပ်အထွေး ကြိုး .. ဟုတ်လား ၊ ပြီးတော့ ဒီ စိတ်ဝိဥာဥ် သန့်စင်ခြင်းနည်းလဲ ရှိသေးတာဆိုတော့ မင်းရဲ့ ဂိုဏ်းချုပ်ကြီးက ဒီ ဘက်ခေတ်က မဖြစ်နိုင်ဘူး ။ သူက ဘယ်သူလဲ "

သခင်ကြီး ထျန်းလုံ ဒေါသတကြီး အော်လိုက်သည်။

ဟွေ့နန်မှာ အနည်းငယ် အံ့အားသင့်သွားဟန် တူသော်လည်း အပြုံးဖြင့်သာ ပြန်ပြော၏။

" သခင်ကြီးထျန်းလုံ အနေနဲ့ အဲ့ဒါတွေ သိစရာ မလိုပါဘူး ။ သခင်ကြီးရဲ့ အသိစိတ်က မကြာခင် ပျောက်ကွယ်သွားရတော့မှာပဲလေ ။ ပြီးတော့ ခင်ဗျားရဲ့ စိတ်ဝိဥာဥ်နဲ့ ခန္ဓာကိုယ်ကလဲ ကျုပ်တို့ လိုရာခိုင်းလို့ရတဲ့ တိုက်ခိုက်ရေး အဖွဲ့ဝင်တစ်ယောက် အဖြစ် ပြောင်းသွားတော့မှာ ။ ခင်ဗျား သေချာသိမ်းထားခဲ့တဲ့ မသေမျိုးလက်နက်ကတော့ ကျုပ်တို့ဂိုဏ်းရဲ့ အပိုင် ဖြစ်သွားမှာပေါ့ "

သခင်ကြီး ထျန်းလုံက အသံတုန်တုန်ဖြင့် ပြန်ပြောသည်။

" မင်းတို့ .. အောင်မြင်မှာ မဟုတ်ဘူး "

လွေ့နန်ကမူ ထိုအချိန်တွင် သူ အနိုင်ရသွားပြီမှန်း  သေချာနေဟန်ဖြင့် ယုံကြည်မှုအပြည့် ရှိနေသောကြောင့် အေးအေးဆေးဆေးပင် ရှိနေ၏။

" ဟုတ်လား .. ဘာဖြစ်လို့လဲဗျ "

ထျန်းလုံက နှာခေါင်းရှုံ့ပြီး ပြောသည်။

" အဲ့ဒီ မသေမျိုးလက်နက်က ကောင်းကင်ဘုံ ကံကြမ္မာက ဆုံးဖြတ်ပေးတဲ့ သူ့ ပိုင်ရှင်အသစ်ကိုပဲ စောင့်နေမှာ ။ အဲ့လူက မင်း လုံးဝ ဖြစ်မှာမဟုတ်ဘူး "

သူ့စကားကို ကြားသောအခါ လွေ့နန်က အထင်သေးဟန်ဖြင့် ပြန်ပြော၏။

" လာပြန်ပြီလား ကောင်းကင်ဘုံ ကံကြမ္မာက ဆုံးဖြတ်ပေးတာ ။ ဒါပေမယ့် ခင်ဗျားကံဆိုးတာတစ်ခုက .. ကျုပ်က ကံကြမ္မာဆိုတာကို အယုံကြည် မရှိဘူးဗျ ။ အစွမ်းကိုပဲ ယုံတာ "

ထို့နောက် သူက ဘေးဘီသို့ ဝေ့ဝဲကြည့်ပြီး ၊ နဂါးသင်္ချိုင်းမြေ၏ ကောင်းကင်ယံအား ထပ်မော့ကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။

" ဒီ နဂါးသင်္ချိုင်းမြေကိစ္စ ပြီးသွားတာနဲ့ ကျုပ်တို့ ဂိုဏ်းက ဒီ ထျန်းယွမ်ကမ္ဘာကြီးမှာ နံပါတ် ၁ အဆင့် ဂိုဏ်းကြီး ဖြစ်လာတော့မှာ "

သို့သော် .. ထိုအချိန်မှာပင် ..

ဝီ ..

ခပ်လှမ်းလှမ်းမှ လေထုကိုခွင်းကာ  အရှိန်ဖြင့် လာနေသောအသံများ ထွက်ပေါ်လာ၏။

" ဟင် ..ဟွမ်ဟိုင် ပြန်ရောက်လာပြီလား "

လွေ့နန်က အပြုံးဖြင့် ပြောပြီး ခေါင်းယမ်းလိုက်သည်။

သို့သော် .. သူ လှည့်ကြည့်လိုက်သည့် အချိန်တွင်မူ လာနေသူက ဟွမ်ဟိုင် မဟုတ်ဘဲ လူငယ်တစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

" လောထျန်းလား .. "

လွေ့နန်မှာ ထိုလူငယ်ကို ကြည့်ရင်း အစောက ဟွမ်ဟိုင် ပြောထားခဲ့သည့် အချက်ကို ပြန်သတိရသွားဟန် တူသည်။

ဟွမ်ဟိုင်က လောထျန်းအကြောင်းကို သူ့အား ကြိမ်ဖန်များစွာ ပြောပြထားခဲ့ဖူးသည် မဟုတ်ပါလား ။

သို့သော် လက်ရှိအချိန်တွင် လောထျန်းက ဤနေရာသို့ ရောက်လာမည်ဟု သူ လုံးဝ မထင်ထားသဖြင့် အံ့အားသင့်သွားရပါ၏။

" သူက ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ ။ ဒီနေရာက ထိပ်တန်း လျှို့ဝှက်ထားတဲ့ နေရာတစ်ခုပဲလေ ။ အပြင်လူတွေအနေနဲ့ ဒီနေရာကို ရှာတွေ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး "

ထိုစဥ် လောထျန်းဘေးတွင် ပါလာသည့် နဂါးအရိပ်ငယ်လေးအား သူ တွေ့သွားပြီး ချက်ချင်း သဘောပေါက်သွားသည်။

" နဂါးမျိုးနွယ်ရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ်ပါလား ။ ဒီမှာ အကြွင်းအကျန် စိတ်ဝိဥာဥ်တွေ ရှိနေသေးတာလား .. သူတို့ ဒီနေရာကို ရှာတွေ့သွားတာ မဆန်းတော့ပါဘူး "

ဟွေ့နန် မျက်မှောင်ကြုံ့သွားသည်။

ဝှစ် ..

ထိုအချိန်မှာပင် လောထျန်းက သူတို့ အနီးသို့ ဆင်းသက်လိုက်လေပြီ ။

" ဒီအရောင်အဝါက ... သခင်ကြီးထျန်းလုံ ...  သခင်ကြီးလား .. "

ရှောက်လုံက ချက်ချင်းပင် တအံ့တသြ ရေရွတ်၏။

" မင်းက .. ငါတို့ နဂါးမျိုးနွယ်စုကလား "

ချောက်ထဲကြီးထဲမှ ထျန်းလုံ၏ အသံကမူ အလွန်အားနည်းဟန် တူနေပါသည်။

" ဟုတ်တယ်ဗျ ။ သခင်ကြီး ထျန်းလုံ အခုထိ မသေသေးဘူးပေါ့ "

ရှောက်လုံက တအံ့တသြ ပြန်ပြော၏။

သခင်ကြီး ထျန်းလုံ၏ စိတ်ဝိဥာဥ်က အသက်ရှင်နေသေးသည်မှာ သူတို့အတွက် သတင်းကောင်းကြီးပင် ။

ထိုစဥ် ထျန်းလုံက ပြန်ပြောလာသည်။

" ဒီကနေ ထွက်သွားကြတော့ ။ နဂါးသင်္ချိုင်းမြေကနေ မြန်မြန်ထွက်သွားပြီး အပြင်က လူတွေကို နဂါးသင်္ချိုင်းမြေက အကြောင်းတွေ ​ပြောလိုက်ကြ။ ဒါမှ ဒီ ကမ္ဘာပေါ်မှာရှိတဲ့ မျိုးနွယ်တွေအားလုံး စောစော ကြိုပြင်ဆင်နိုင် .... "

သို့သော် .. သူ တစ်ဝက်တပျက်သာ ပြောရသေးစဥ်မှာပင် လွေ့နန်လက်ထဲမှ စိတ်ဝိဥာဥ်အရှုပ်အထွေး ကြိုး က ရုတ်တရက် တင်းသွားပြီး ထျန်းလုံထံမှ ခပ်အုပ်အုပ် အော်ညည်းသံတစ်ခု ထွက်လာ၏။ ထို့နောက်တွင်မူ သူ့ဆီမှ စကားသံ ထပ်မကြားရတော့ပေ။

ထိုအချိန်တွင် လွေ့နန်က ရယ်ရင်း ပြောလာသည်။

" သခင်ကြီး ထျန်းလုံ ၊ ခုလို အခြေအနေ ဖြစ်နေတာတောင် ခင်ဗျားက ကမ္ဘာကြီးအကြောင်းကို တွေးပူနိုင်သေးတယ်ပေါ့လေ "

ရှောက်လုံမှာ ထိုမြင်ကွင်းကို ကြည့်ကာ အလွန်ဒေါသထွက်နေသည်။

သခင်ကြီး ထျန်းလုံမှာ သူတို့ နဂါးနျိုးနွယ်တစ်ခုလုံး အထွတ်အမြတ်ထား လေးစားကြရသည့် သခင်ကြီးတစ်ယောက် ဖြစ်ပါ၏။ ယခု သူ့ စိတ်ဝိဥာဥ်သာ ကျန်တော့သည့်အချိန်တွင် ၎င်းက ချိန်းကြိုးများဖြင် ချုပ်နှောင်ခံထားရပြီး ခွေးတစ်ကောင်ကဲ့သို့ ဆက်ဆံခံနေရသတဲ့လား ။

" သခင်ကြီး ထျန်းလုံကို လွတ်ပေးလိုက်စမ်း "

ရှောက်လုံ ဒေါသတကြီး အော်လိုက်တော့သည်။

သူ့စကားကို ကြားသောအခါ လွေ့နန်က လှောင်ပြုံးဖြင့် ပြန်ပြော၏။

" ဒီနေရာမှာ မင်းကို စကားဝင်ပြောခွင့် ဘယ်သူပေးထားလို့လဲ "

ထို့နောက် သူက လောထျန်းဘက်လှည့်ကြည့်ကာ အံ့သြဟန်ဖြင့် ဆက်ပြောသည်။

" မင်းက လောထျန်း မဟုတ်လား ..  မင်းကို ဟွမ်ဟိုင် မတွေ့သွားတာ မင်း တော်တော်ကံကောင်းတာပဲ "

သူ့အမြင်တွင်မူ ဟွမ်ဟိုင်နှင့်သာ တွေ့သွားခဲ့ပါက လောထျန်းတစ်ယောက် အသက်ရှင်နေစရာအကြောင်း လုံးဝ မရှိဟုသာ ထင်နေ၏။

တစ်ချိန်လုံး တိတ်နေခဲ့သည့် လောထျန်းက ထိုစကားကို ကြားမှသာ မျက်မှောင်ကြုံ့ပြီး ပြောလာသည်။

" ဟွမ်ဟိုင် ... ဒါဆို ခင်ဗျားကြီးကလဲ ဝမ်ဟွန်းကွေ့ယီ ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲပေါ့ "

လွေ့နန်က မျက်မှောင်ကြုံ့ပြီး ပြန်ပြော၏။

" ဟုတ်တယ် ။ ငါက ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ လွေ့နန်ပဲ ။ မင်းက ဟွမ်ဟိုင်ရဲ့ သားကောင် ဆိုပေမယ့် .. အခု ဒီကိုတောင် ရောက်လာမှတော့ မင်းရဲ့ သေချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့ကွာ "

လွေ့နန်က ထိုသို့ ပြောပြီးသည်နှင့် စိတ်ဝိဥာဥ်အရှုပ်အထွေး ကြိုး ကို လက်တစ်ဖက်ဖြင့်သာ ကိုင်လိုက်ပြီး ကျန် လက်တစ်ဖက်ဖြင့် အမည်းရောင် အလုံးနှစ်ခု ထုတ်ကာ ချက်ချင်း ဖိချေပစ်လိုက်သည်။

ဝုန်း .. ဝုန်း ...

ချက်ချင်း ဆိုသလိုပင် .. သူ့ရှေ့၌ ဧရာမ အရိပ်ကြီး နှစ်ခု ပေါ်လာ၏။

" သူ့ကို သတ်ပစ်လိုက်စမ်းကွာ "

လွေ့နန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

ဝုန်း ..

အရိပ်ကြီးနှစ်ခုက လောထျန်းအား ချက်ချင်း တိုက်ခိုက်လာ၏။

သို့သော် ..

" ယား ... "

လောထျန်းဆီမှ အော်သံ ထွက်လာသည်။

ဘုန်း .... ဘုန်း ....

ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု လွှမ်းခြုံလာပြီး အရိပ်ကြီးနှစ်ခု ချက်ချင်း ပြိုကွဲသွားကြတော့၏။

" ဘယ်လို .... "

၎င်းကို မြင်သောအခါ လွေ့နန် အလွန်အံ့အားသင့်သွားသည်။

အစောက သူ ထုတ်သုံးခဲ့သည့် အရိပ်ကြီးနှစ်ခုမှာ အတော်အတန် အစွမ်းထက်ကြသူများ ဖြစ်ပါသည်။

သို့သော် ၎င်းတို့က လောထျန်း၏ အော်သံကြောင့် ပြိုကွဲသွားကြရသတဲ့လား ။

" ဟား ဟား .. လောထျန်း ၊ ကြည့်ရတာ ငါ မင်းကို လျှော့တွက်လိုက်မိပြီနဲ့တူတယ် "

လွေ့နန်က လောထျန်းအား စူးစူးရဲရဲ စိုက်ကြည့်ကာ ပြောလာသည်။ သူ့ မျက်နှာကြီးမှာလည်း အလွန်တည်နေ၏။

" ကောင်းပြီလေ ၊ ဒါဆိုလဲ ဟိုကောင့်ကိုပဲ ခေါ်ပြီး မင်းကို သူ့လက်နဲ့ ကိုယ်တိုင် သတ်ခိုင်းရုံပေါ့ "

သူ ထိုသို့ပြောကာ လေထဲတွင် ထွင်းစာတစ်ခု ရေးပြီး လေသံမာမာဖြင့် အော်လိုက်သည်။

" ဟွမ်ဟိုင် .. ထွက်လာခဲ့ "

ဝုန်း ..

ထိုသို့ ပြောပြီးနောက် သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ထွင်းစာက ခွမ်းခနဲ ကွဲသွား၏။

သို့သော် ... မည်သည့်အရာမှ ဆက်ဖြစ်မလာခဲ့ပါချေ။

" ဟင် .... "

လွေ့နန် ထပ်ပြီး အံ့အားသင့်သွားရပြန်သည်။

" ဒါ ..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. ဟွမ်ဟိုင် ဘယ်ရောက်သွားပြီလဲ "

သူ တအံ့တသြ ပြော၏။

" ဟွမ်ဟိုင်လား .. သူ သေသွား​ပြီလေ "

လောထျန်းက သူ့ကို ကြည့်ကာ ပြန်ပြောလိုက်သည်။

" ဟင် .. မင်း ဘာပြောလိုက်တယ် ။ လုံးဝ မဖြစ်နိုင်ဘူး ။ သူက ဘာလို့ သေရမှာလဲ ။ သူက အခု မသေမျိုးတစ်ယောက်တောင် ဖြစ်နေပြီ ၊ ပြီးတော့ ကမ္ဘာမျိုးစေ့ကိုလဲ သန့်စင်ထားပြီပြီလေ "

လွေ့နန်က လုံးဝ မယုံကြည်ဟန်ဖြင့် ဒေါသတကြီး ပြန်ပြော၏။

သူ့စကားကို ကြားသောအခါ လောထျန်းက သူ့အင်္ကျီလက်ထဲတွင် သိမ်းထားသော ကမ္ဘာမျိုးစေ့အား ထုတ်လိုက်သည်။

" ခင်ဗျားက ဒီဟာကို ပြောနေတာလား .. "

" ဟင် ... "

လောထျန်း လက်ထဲမှ ကမ္ဘာမျိုးစေ့ကို မြင်သည်နှင့် လွေ့နန်၏ မျက်လုံးများ ပြူးကျယ်လာပြီး ပေါက်ကွဲထွက်တော့မလိုပင် ဖြစ်သွား၏။

၎င်းက သူ ဟွမ်ဟိုင်ကို ပေးခဲ့သော ကမ္ဘာမျိုးစေ့ ဆိုသည်မှာ သေချာပါသည်။ ထိုအရာကြောင့်လည်း ဟွမ်ဟိုင်၏ အစွမ်းက များစွာ တိုးလာခဲ့ကာ သူ့ကိုယ်ထဲတွင် အတွင်းကမ္ဘာငယ်တစ်ခု ပေါ်လာခဲ့ရခြင်း ဖြစ်၏။

ထို့ကြောင့်လည်း ဟွမ်ဟိုင်က သူနှင့် ဒုတိယ ဂိုဏ်းချုပ်ကြီးတို့ကို နဂါးသင်္ချိုင်းမြေထဲသို့ အောင်အောင်မြင်မြင် ခေါ်လာနိုင်ခြင်း ဖြစ်သည်။

ယခု ထို ကမ္ဘာမျိုးစေ့က လောထျန်း၏ လက်ထဲသို့ ရောက်နေလေပြီ ။

ဖြစ်နိုင်ချေက တစ်ခုတည်း ရှိပါတော့၏။ ဟွမ်ဟိုင်က ... အမှန်တကယ် သေဆုံးသွားပြီဆိုသည့် အဓိပ္ပါယ်ပင် ။

All Chapters