သခင်ကြီး ထျန်းလုံ ၏ အကြွင်းအကျန် စိတ်ဝိဥာဥ်
Vol. 24 Ch. 333
" အပြင်ကမ္ဘာမှာ မရနိုင်တဲ့ သဘာဝ ရတနာတွေ .. "
ထိုစကားကို ကြားသောအခါ လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။
သူ့ကျင့်ကြံခြင်းတွင် အဆင့်တက်ရန်အတွက် ထူးခြားသော ရှားပါးပစ္စည်းများ များစွာလိုပါ၏။
ထိုအရာ အများစုကိုလည်း အပြင်ကမ္ဘာကြီးတွင် ရှာဖွေရန် မလွယ်ပါချေ။
သို့ဖြစ်ရာ ကိုယ်ပိုင် ထိပ်တန်းအဆင့် လျှို့ဝှက်ဒေသတစ်ခုကိုသာ ဖွင့်လိုက်နိုင်ပါက သူ့အတွက် အလွန်အကျိုးများပေလိမ့်မည်။
သို့သော် .. ရှောက်လုံ အစောက ပြောခဲ့သည့် အတွင်းကမ္ဘာငယ် ဆိုသည့်အရာကို ပြန်အတွေးရသွားကာ သူ့စိတ်ထဲ ဝေခွဲမရနိုင် ဖြစ်သွား၏။
ထိုအတွင်းကမ္ဘာငယ် ဆိုသည့်အရာက သူ့အတွက် အလွန်သက်သာသွားနိုင်သည် မဟုတ်ပါလား ။
သို့သော် ... လျှို့ဝှက်ဒေသကို အောင်အောင်မြင်မြင် ဖွင့်ထားနိုင်ပါက သူ ကျင့်ကြံခြင်းအဆင့်တက်ရာတွင် လွယ်ကူသွားနိုင်ပါသည် ....
သို့သော် .. အတွင်းကမ္ဘငယ် ရှိထားလျှင်လည်း သူ ဂိုဏ်းများကို နေရာရွှေ့သည့်အခါ ဟင်းလင်းပြင်လက်စွပ်သုံးပြီး သယ်နေစရာ မလိုတော့ပေ ...
" အတွင်းကမ္ဘာငယ် ဖန်တီးဖို့က ကမ္ဘာမျိုးစေ့တွေ မရှိမဖြစ်လို လိုတာလား "
လောထျန်း စိတ်ရှုပ်နေဟန်ဖြင့် မေးလိုက်သည်။
ရှောက်လုံက ခေါင်းယမ်းပြပြီး ပြန်ပြော၏။
" မရှိမဖြစ်ကြီးတော့လဲ မလိုဘူး ။ ကမ္ဘာမျိုးစေ့
မပါဘဲ အတွင်းကမ္ဘာငယ်ကို ဖွင့်နိုင်တဲ့သူတွေ ရှိကြပေမယ့် တော်တော်လေးတော့ရှားတယ်ဗျ ။ ဒီ ထျန်းယွမ်ကမ္ဘာရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ် ဆိုရင်လဲ ခေတ်တစ်ခေတ်မှာ အဲ့လို ဖွင့်နိုင်တဲ့သူတွေ တစ်ယောက် ၊ နှစ်ယောက် လောက်ပဲ ရှိကြတာ ။ အဲ့တော့ ဖြစ်နိုင်ချေတော့ ရှိတာပေါ့ဗျာ "
လောထျန်းက ထပ်မေးသည်။
" ဒါဆို .. အဲ့လို အတွင်း ကမ္ဘာငယ်မျိုးကို ဘယ်လိုလူတွေက ဖွင့်နိုင်တာလဲ "
ရှောက်လုံက ပြန်ဖြေ၏။
" ကျုပ်လဲ ဒီကိစ္စကို တခြားသူတွေရဲ့ တဆင့်စကားပဲ ကြားဖူးတာ ။ ကျုပ် ကြားသလောက်ကတော့ အဲ့လို ဖွင့်နိုင်ဖို့ဆိုရင် လိုအပ်ချက်တွေ ရှိတယ်တဲ့ "
" ဘယ်လို လိုအပ်မျိုးတွေလဲ "
လောထျန်း ထပ်မေးလိုက်သည်။
" အရင်ဆုံး ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ် ရှိထားရမယ်ဗျ "
ရှောက်လုံက ပြောသည်။
ထိုစကားကို ကြားသည်နှင့် လောထျန်း စိတ်ပျက်လက်ပျက် ဖြစ်သွား၏။
" ကျုပ်မှာက ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ် မရှိဘူးဗျ "'
သူ စိတ်ညစ်သွာဟန်ဖြင့် ခေါင်းယမ်းပြီး ပြောလိုက်သည်။
" နောက်တစ်ခုကရော "
ရှောက်လုံက စကားဆက်၏။
" ဒုတိယတစ်ခုကတော့ ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ်ထဲမှာမှ ကြယ်တို့ ၊ အာကာသ တို့နဲ့ ပတ်သက်တာမျိုး လိုတာ "
သူ့စကားကြောင့် လောထျန်း အံ့အားသင့်သွားရသည်။
" ကြယ်တွေ .. ဟုတ်လား ။ ခဏ .. ဒါဆို .. ကြယ်တွေကို ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ်လို့ သတ်မှတ်တာပေါ့ "
ရှောက်လုံက သူ့အား မျက်စောင်းဖြင့် ပြန်ကြည့်ကာ ပြော၏။
" ဒါပေါ့ဗျ ၊ ကြယ်တွေက တကယ့်ထိပ်တန်းအဆင့် ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ် အမျိုးအစားပဲ ။ ကျုပ်တို့ မျိုးဆက်မှာတုန်းကဆို လူသားမျိုးနွယ်ထဲမှာ အဲ့လို ကြယ်စင် စိတ်စွမ်းအင်ပင်လယ် ရှိတဲ့ ကျင့်ကြံသူတစ်ယောက် ရှိတယ် ။ သူက အဲ့ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ်နဲ့ပဲ တိုက်ခိုက်တာ ၊ သူ တိုက်ခိုက်နေတဲ့အချိန်မှာလဲ အင်မတန်ကို ကြောက်စရာကောင်းတယ် ။ သူက ကျုပ်တို့ နဂါးမျိုးနွယ်ကိုတောင် ဖိနှိပ်နိုင်ခဲ့တာဗျ "
သူ့စကားကြောင့် လောထျန်း ရင်ခုန်သံ မြန်သွားတော့သည်။
" အဲ့လောက်တောင် အစွမ်းထက်တာလား ။ အဲ့လူသားရဲ့ ထူးခြားတဲ့ စိတ်စွမ်းအင်မှာ ကြယ် ဘယ်နှလုံးရှိလဲ သိလား "
ရှောက်လုံက နှာခေါင်းရှုံ့ပြီး ပြန်ပြော၏။
" သခင်လေးက တကယ်ကို လူခက်ကြီးပဲဗျာ။ ကြယ်စင် စိတ်စွမ်းအင်ပင်လယ်ဆိုတာ တော်တော်ကို ထူးခြားပြီး ရှားပါးတဲ့ အမျိုးအစား ဖြစ်နေပြီကို ၊ သခင်လေးက ကြယ် ဘယ်နှလုံး ရှိလဲ ဆိုတာတောင် ရေချင်နေသေးတယ်ပေါ့ ။ နောက်နေတာလား သခင်လေး "
လောထျန်းက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
" အဲ့လိုကိုး ... လက်စသတ်တော့ အဲ့လို ဖြစ်နေတာပဲ "
ရှောက်လုံက သူ့ကို ကြည့်ကာ မေးလာ၏။
" ဘာဖြစ်လို့လဲ သခင်လေး "
သူ့စကားကို ကြားသောအခါ လောထျန်းက ရှက်နေဟန်ဖြင့် ပြန်ပြောသည်။
" ကျုပ် အစတုန်းကတော့ .. ပင်လယ်ပေါ်မှာ လမင်းကြီး ပေါ်လာတာတို့ ၊ ထူးဆန်းတဲ့ သားရဲတို့ ၊ အရှုပ်အထွေးကနေ ကြာပွင့်အဖြစ် ပြောင်းသွားတာတို့ ၊ နောက် မြစ်တွေ တောင်တွေ တို့ လိုမျိုးကိုပဲ ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ်လို့ သတ်မှတ်တယ် ထင်နေခဲ့တာဗျ ။ အဲ့ဒါကြောင့် ကျုပ်ဆီမှာ ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ် မရှိဘူးဆိုပြီး စိတ်ဓာတ်ကျနေခဲ့တာ "
ရှောက်လုံက တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် တအံ့တသြ မေးလာ၏။
" မဟုတ်မှလွဲရော .. သခင်လေးမှာ ကြယ်စင် စိတ်စွမ်းအင်ပင်လယ် ရှိနေတာလား "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
ရှောက်လုံမှာ ခေတ္တမျှ စကားမပြောနိုင်ဘဲ တိတ်သွား၏။ ထို့နောက်မှသာ သူ ပြောသည်။
" ဒါဆို .. သခင်လေးရဲ့ ကြယ်စင် စိတ်စွမ်းအင်ပင်လယ်မှာ ကြယ် တစ်လုံးထက် ပိုနေတာလား "
လောထျန်းက ခေါင်းဆက်ညိတ်ပြ၏။
ရှောက်လုံ စိတ်လှုပ်ရှားသွားဟန်ဖြင့် ထပ်မေးလာသည်။
" ဒါဆို သခင်လေးရဲ့ စိတ်စွမ်းအင်ပင်လယ်က ကြယ်တွေ ဘယ်လောက်ရှိတာလဲ .. ၃ လုံးလား "
လောထျန်း ခေါင်းယမ်းပြလိုက်သည်။
ရှောက်လုံ လန့်သွားပြီး မယုံနိုင်ဟန်ဖြင့် ထပ်မေး၏။
" မဟုတ်ရမှလွဲရော .. ကြယ် ၅ လုံးလား "
လောထျန်း ခေါင်းသာ ဆက်ယမ်းပြပြန်သည်။
ရှောက်လုံ အံ့သြတုန်လှုပ်သွားရပြန်၏။ ထို့နောက် သူ သတ္တိမွေးကာ သူ့စိတ်ထဲတွင် အများဆုံးဟု ထင်သည့် ဂဏန်းကို ခန့်မှန်းလိုက်သည်။
" ဆယ်လုံးထက်တော့ မပိုနိုင်ဘူး မဟုတ်လား .. "
လောထျန်းက သက်ပြင်းချကာ ပြန်ပြော၏။
" ကျုပ် သေချာ မရှင်းပြတတ်ဘူးဗျ ၊ ကိုယ်တိုင်ပဲ ရေကြည့်လိုက်တော့ဗျာ "
သူ ထိုသို့ပြောပြီး မျက်လုံးမှိတ်၍ သူ့ စိတ်စွမ်းအင်ပင်လယ်အား အသွင်ပြောင်းစေလိုက်သည်။
ဝုန်း ..
သူ့ခေါင်းပေါ်တွင် ကြယ်အစုအဝေးကြီးတစ်ခု ချက်ချင်းပင် ပေါ်လာ၏။
ထို ကြယ်အစုအဝေးကြီးက ရေဝဲကြီး တစ်ခုအလား သူ့ခေါင်းပေါ်တွင် လှည့်ပတ်လျက် ရှိနေကြသည်။
ထို ကြယ်အစုအဝေးထဲတွင်ကား ကြယ်ပေါင်းများစွာပင် ပါဝင်နေပြီး တစ်ခုစီကလည်း ရှင်းရှင်းလင်းလင်း မြင်သာနေပါသည်။ ခြုံပြောရပါက ကြယ်အရေအတွက်မှာ မရေမတွက်နိုင်ဟု ပြောရမည် ဖြစ်ပါ၏။
ရှောက်လုံမှာ ထိုမြင်ကွင်းကို ကြည့်ရင်း သူ့ စိတ်ဝိဥာဥ် ပြိုကွဲသွားတော့မလိုပင် ခံစားလိုက်ရသည်။
ကြယ်အရိပ်လေး ရှိနေလျှင်ပင် ၎င်းကို ထိပ်တန်းအဆင့် ထူးခြားသော စိတ်စွမ်းအင်ပင်လယ်ဟု သတ်မှတ်၍ ရနေပြီဖြစ်ပါသည်။
ယခု သု့ရှေ့မှ လောထျန်းက ကြယ်အစုအဝေးကြီး တစ်ခုလုံးကိုပင် ပိုင်ဆိုင်ထားသတဲ့လား ..
လောထျန်းက မည်သို့သော ဘီလူးမျိုးပါနည်း ။
သူ ယခုမှ သေချာ တွေးကြည့်လိုက်သောအခါတွင်လည်း လောထျန်းက အစောက တိုက်ပွဲတွင် လက်ချည်းသက်သက်ကိုသာ သုံး၍ တိုက်ခိုက်ခဲ့ပြီး သူ့ စိတ်စွမ်းအင်ပင်လယ်အား လုံးဝ အသက်မသွင်းခဲ့ပါချေ။
ပုံမှန်ဆိုလျှင်မူ ကျင့်ကြံသူတစ်ယောက်သည် စိတ်စွမ်းအင်ပင်လယ်ကို အသက်သွင်းပြီးသည်နှင့် သူ့ တိုက်ခိုက်မှုအစွမ်းကလည်း ပိုတိုးသွားလေ့ ရှိပါ၏။
စိတ်စွမ်းအင်ပင်လယ်ကို အသက်သွင်းထားသည့် အချိန်က ထိုကျင့်ကြံသူ၏ အစွမ်းအစစ်အမှန်ကို ပြသခွင့် ရချိန်လည်း ဖြစ်ပါသည်။
ယခု လောထျန်း၏ စိတ်စွမ်းအင်ပင်လယ်ကို ကြည့်ပြီး ပြောရပါက ၎င်းကို အသက်သွင်းလိုက်သည်နှင့် သူ့အစွမ်းက အဆပေါင်းများစွာ ပိုကြောက်စရာ ကောင်းသွားမည်မှာ သံသယဝင်ရန်ပင် မလိုပါ။
တစ်နည်းအားဖြင့် ဆိုရသော် .. လောထျန်းက ယခင်ကတည်းကစပြီး ယခုအချိန်အထိ သူ့အစွမ်းအပြည့်ကို သုံးကာ မတိုက်ခိုက်ရသေး ဆိုသည့် အဓိပ္ပါယ်ပင် ။
သို့တိုင် ... သူက အားလုံးကို ဖိချေပစ်နေနိုင်သည်လား ။
ရှောက်လုံမှာ လဲကျတော့မလိုပင် ဖြစ်သွားရသည်။
" ဒီလောက်နဲ့ဆို ကျုပ် အတွင်းကမ္ဘာငယ်ကို ဖွင့်နိုင်မယ်လို့ ထင်လား '
ထိုစဥ် လောထျန်းက သူ့ကို ကြည့်ကာ မေးလာ၏။
ရှောက်လုံက ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှ ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
" သခင်လေးကသာ အတွင်းကမ္ဘာငယ်ကို မဖွင့်နိုင်ရင် .. တကယ့် အံ့သြစရာ ကိစ္စကြီး ဖြစ်သွားမှာ "
သူ့စကားကို ကြားသည်နှင့် လောထျန်း ချက်ချင်း ပျော်ရွှင်သွား၏။
" ကောင်းတယ်ဗျာ ။ ဒါဆို ဒီ ကမ္ဘာမျိုးစေ့ကို သိမ်းပြီး အိမ်ပြန်ရောက်တဲ့အခါမှ လျှို့ဝှက်ဒေသ တစ်ခုဖွင့်ဖို့ သုံးရမယ် "
ထို့နောက် လောထျန်းက ဂုဏ်ယူပျော်ရွှင်နေသည့် မျက်နှာကြီးဖြင့် ကမ္ဘာမျိုးစေ့အား သိမ်းလိုက်သည်။
ရှောက်လုံမှာ သူ့ကိုကြည့်ရင်း အချိန်အတန်ငယ်ကြာ မည်သို့ပြန်ပြောရမည်မသိ ဖြစ်နေတော့၏။
ထို့နောက်တွင်မူ ရှောက်လုံက ရုတ်တရက် ပြန်အသိဝင်လာဟန်ဖြင့် အော်ပြောလာသည်။
" သခင်လေး လောထျန်း ၊အခုက ဒါတွေ ပြောနေရမယ့် အချိန် မဟုတ်သေးဘူးဗျ ။ သခင်ကြီး ထျန်းလုံကို မြှုပ်ထားတဲ့ နေရာဆီ မြန်မြန်သွားရအောင် ။ ဟိုကောင်တွေရဲ့ အကြံအစည် အောင်မြင်သွားလို့ မဖြစ်ဘူး "
သူ့စကားကို ကြားသောအခါ လာထျန်းကလည်း ချက်ချင်း ခေါင်းညိတ်၍ ပြောသည်။
" ဟုတ်တယ် ၊ အခုက အချိန်နဲ့ နေရာဗိမာန်ကို ယူဖို့ အချိန်ကျပြီ ။ ကဲ .. ရှေ့ကနေသာ လမ်းပြဗျာ "
ထို့နောက်တွင်မူ ရှောက်လုံက လောထျန်း၏ ပုခုံးပေါ်သို့ ချက်ချင်း တက်ပြီး နဂါးသင်္ချိုင်းမြေ အတွင်းပိုင်းထဲသို့ လမ်းပြ ခေါ်ဆောင်သွားတော့၏။
ထိုစဥ် အခြားတဖက်ရှိ နဂါးသင်္ချိုင်းမြေ တစ်နေရာ၌ ...
ဧရာမ ချောက်နက်ကြီး တစ်ခုရှေ့တွင် လက်နောက်ပစ်၍ ရပ်နေသော ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်ကြီး လွေ့နန်က ချောက်နက်ထဲတွင် ချုပ်နှောင်ခံထားရသည့် အရိပ်ကြီးအား အပြုံးဖြင့် ကြည့်နေသည်။
" ဒီ ထျန်းယွမ်ကမ္ဘာရဲ့ နဂါးမျိုးနွယ်စုက သခင်ကြီး ထျန်းလုံကို အားလုံးက ဖျက်ဆီးခံရတာ ကြာပြီလို့ပဲ ထင်နေခဲ့ကြတာ ။ ဒီလောက် နှစ်တွေအများကြီး ကြာခဲ့တာတောင် ခင်ဗျားရဲ့ စိတ်ဝိဥာဥ်က အခုလို အသက်ဆက်ရှင်နေဦးမယ်လို့ ကျုပ် ထင်တောင် မထင်ထားခဲ့ဘူး ။ ကျုပ် မင်းကိုတော့ တကယ် လေးစားပါတယ် "
သူ အပြုံးဖြင့် ဆိုလိုက်သည်။
ချွှင် ...
ချောက်နက်ထဲမှ ချိန်းကြိုးသံများ ရုတ်တရက် ထွက်ပေါ်လာ၏။
၎င်းနှင့်အတူ အသံသြသြ တစ်သံလည်း ထွက်ပေါ်လာသည်။
" လူငယ်လေး ၊ အရူးထပြီး ငါ့အစွမ်းကို ထိန်းချုပ်ဖို့ ကြိုးစားမနေစမ်းပါနဲ့ ။ ငါ့အစွမ်းကို မင်းခံနိုင်မှာ မဟုတ်ဘူးကွ "
လွေ့နန်က ကျယ်လောင်စွာ အော်ရယ်ပြီး ပြန်ပြော၏။
" ကျုပ် ခံနိုင်တယ် ၊ မခံနိုင်ဘူး ဆိုတာကို ခင်ဗျားက ဆုံးဖြတ်ရမှာ မဟုတ်ဘူးလေ "
လွေ့နန်က ပြောပြောဆိုဆိုပင် သူ့လက်ဖြင့် အစီအမံအချို့ ပြုလုပ်လိုက်သည်။
ဝီ ..
ရုတ်တရက် .. ကောင်းကင်ယံမှ အမည်းရောင် ထွင်းစာတစ်ခု ကျလာပြီး လေထုအား ဖိနှိပ်လာ၏။
ထို့နောက်တွင်မူ .. ချောက်နက်ကြီးထဲမှ အံကြိတ် ငြီးငြူသံ ခပ်အုပ်အုပ် ထွက်လာသည်။
" လူငယ်လေး ၊ မင်း ဘာတွေ လုပ်ထားတာလဲ "
နဂါး အကြွင်းအကျန် စိတ်ဝိဥာဥ်ထံမှ ဒေါသတကြီး အော်သံလည်း ထွက်လာ၏။
" ဘာမှ အထွေအထူး မဟုတ်ပါဘူးဗျာ ။ ကျုပ်တို့က ခင်ဗျားရဲ့ သင်္ချိုင်းဂူကို ရှာတွေ့သွားလို့ အဲ့ထဲကနေ နဂါးအရိုးကို ယူပြီးတော့ နဂါးအစွမ်းကို ထုတ်ယူခဲ့ကြတာ ။ အခု ခင်ဗျားရဲ့ အစွမ်းနဲ့ ခင်ဗျားကို ပြန်ဖိနှိပ်လိုက်တာပဲ "
လွေ့နန်က အပြုံးဖြင့် ပြောလိုက်သည်။
" မင်းတို့ကောင်တွေ .. "
နဂါးကြီး ထျန်းလုံ အလွန် ဒေါသ ထွက်သွားတော့၏။
လွေ့နန်က အပြုံးဖြင့် ဆက်ပြောလိုက်သည်။
" ဒါပေမယ့် ကျုပ်ကို ပိုပြီး အံ့သြသွားစေတာက .. ဒီလောက်နှစ်တွေ ကြာနေတာတောင် ခင်ဗျားရဲ့အလောင်းက မပျက်စီးသေးဘဲနဲ့ အစွမ်းထက်တဲ့ အသက်အစွမ်းတစ်ခု ရှိနေသေးတာပဲ ။ ကြည့်ရတာ .. ခင်ဗျားက ဆန္ဒရှိရင် ပြန်အသက်သွင်းလို့ရအောင် လုပ်ထားတယ်နဲ့တူတယ် "
" ဒါပေမယ့် .. ခင်ဗျားရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ်ကိုကျတော့ ဘာဖြစ်လို့ ဒီနေရာမှာ လာချုပ်နှောင်ထားရတာလဲ ။ဘယ်လိုများ လုပ်ခဲ့တာလဲဗျာ ။ ခင်ဗျားက ဘာတွေကို စိုးရိမ်နေလို့ ပြန်အသက်မသွင်းဘဲ ခုလို လုပ်ထားခဲ့ရတာလဲ "