ကျင့်ကြံခြင်း အဆင့်တက်ခြင်း
Vol. 24 Ch. 331
ထိုတခဏတွင် နန်းတော်ခန်းမထဲမှ အခြေအနေက အနည်းငယ် ထူးဆန်းနေပါသည်။
ရှောက်လုံသည် ဘေးဘီသို့ ဝေ့ကြည့်ကာ စကားမဆိုနိုင်ဘဲ ဆွံ့အနေ၏။
လွန်ခဲ့သော စက္ကန့်ပိုင်းကပင် အနိုင်ရပြီဟု သေချာကာ ပြုံးဖြီးနေခဲ့သည့် ဟွမ်ဟိုင်မှာလည်း ...
မျက်နှာထက်မှ အပြုံး ပျောက်ကွယ်ကာ ကြက်သေ သေနေသည်။
" ဘာတွေ ဖြစ်သွားတာလဲ "
ဟွမ်ဟိုင်ထံမှ တအံ့တသြ ရေရွတ်သံ ထွက်လာသည်။
ရှောက်လုံမှာလည်း သူ့နည်းတူပင် နားမလည်နိုင် ဖြစ်နေပါ၏။
အစောလေးကပင် သူတို့ သေဘေးနှင့် ကြုံရပြီဟုသာ သူ ထင်နေခဲ့သေးပါသည်။
သို့သော် .. အားလုံးက ပျောက်သွားကြပြီတဲ့လား ။
" သခင်လေး ... သခင်လေး ဘာလုပ်လိုက်တာလဲ "
ရှောက်လုံ အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။
လောထျန်းက တည်တည်ငြိမ်ငြိမ် ပြန်ဖြေ၏။
" ဘာရယ်မဟုတ်ပါဘူး ၊ ကျုပ် မိစ္ဆာဝိဥာဥ်တွေအားလုံးကို သိမ်းသွင်းလိုက်တာ "
" ဘယ်လို .. ကျုပ်က ထွက်ပြေးဖို့ ပြောတဲ့အချိန်မှာ သခင်လေးက အဲ့ဒါတွေကို သိမ်းသွင်းလိုက်တယ် "
ရှောက်လုံ၏ မယုံကြည်နိုင် ဖြစ်နေသည့် မျက်နှာကြီးမှာ ရယ်စရာပင် ကောင်းနေသေးတော့သည်။
လောထျန်းက ပြန်ပြော၏။
" ကျုပ်ပြောတာ မယုံလို့လား ၊ ဒါဆို ကိုယ်တိုင် ကြည့်လိုက်ဗျာ "
သူက ပြောပြောဆိုဆိုပင် လက်တစ်ဖက် ဝေ့ယမ်းလိုက်ရာ သူ့လက်ထဲတွင် ဝိဥာဥ်တစ်ရာ ကားချပ် ပြန်ပေါ်လာသည်။
ဝုန်း ..
ထို့နောက် မိစ္ဆာဝိဥာဥ် ၈၀ ကျော်လည်း ပြန်ပေါ်လာကြ၏။
သို့သော် ထို မိစ္ဆာဝိဥာဥ်များမှာ ယခင်ကလောက် စိတ်ရိုင်းဝင်နေကြဟန် မတူတော့ချေ။
ရှောက်လုံက ၎င်းတို့ကို ကြည့်ကာ အကြောက်မပြယ်သေးဟန်ဖြင့် ပြောသည်။
" သခင်လေး လောထျန်း ၊ အဲ့ မိစ္ဆာဝိဥာဥ်တွေကို သွမ်းသွင်းထားနိုင်တာ သေချာရဲ့လား "
အကယ်၍ တစ်စုံတစ်ရာ မှားယွင်းသွားခဲ့ပါက သူ့စိတ်ဝိဥာဥ်မှာ ထိုမိစ္ဆာဝိဥာဥ်များ၏ လက်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရမည်ကို သူ စိုးရိမ်နေဆဲပင် ။
လောထျန်းက ခေါင်းညိတ်ပြကာ ပြန်ပြော၏။
" ဒါပေါ့ဗျ ၊ ကျုပ် ပြောတာ မယုံရင် ကြည့်ဗျာ ။ အားလုံး တန်းစီ ရပ်မယ် "
ဝုန်း ..
မိစ္ဆာဝိဥာဥ်များ အားလုံးပင် တန်းစီပြီး သတိအနေအထားဖြင့် ရပ်လိုက်ကြသည်။
" မအေ &$##% "
ထိုစဥ် ခပ်လှမ်းလှမ်းရှိ ဟွမ်ဟိုင်ထံမှ ဒေါသတကြီး ဆဲရေးသံ ထွက်ပေါ်လာ၏။
သူသည် ထို မိစ္ဆာဝိဥာဥ်များကို ကိုယ်တိုင် ထိန်းချုပ်ခဲ့ဖူးသူ ဖြစ်ရာ ၎င်းတို့ကို ထိန်းချုပ်ရန် မည်မျှ ခက်ခဲကြောင်း သိထားပြီး ဖြစ်ပါသည်။
ထို မိစ္ဆာဝိဥာဥ်များအား သူတို့ ဝမ်ဟွန်းကွေ့ယီဂိုဏ်းမှ ကိုယ်တိုင် ဖန်တီးထားသည့်တိုင် သူတို့ပင်လျှင် အလွယ်တကူ မထိန်းချုပ်နိုင်ပေ။
ပုံမှန်ဆိုလျှင် သူသည် ၎င်းတို့အား သာမာန် အပေါ်ယံအမိန့်မျိုးသာ ပေးနိုင်ပြီး မည်သို့လုပ်ရမည် ဆိုသည့် အသေးစိတ်ကို သွားပြော၍ မရပါ။
ဥပမာ .. သူ အစောက ထို မိစ္ဆာဝိဥာဥ်များအား လောထျန်းကို သတ်ရန် အမိန့်ပေးထားခဲ့သော်လည်း ၎င်းတို့က လောထျန်းဆီသို့ ဖြည်းဖြည်းချင်းသာ ချဥ်းကပ်သွားခဲ့ကြပါသည်။
သို့သော် .. ယခု လောထျန်းကမူ ..
တစ်ခွန်းတည်း ပြောလိုက်ရုံဖြင့် မိစ္ဆာဝိဥာဥ်များက သူ့စကားအတိုင်း တသွေမတိမ်း ချက်ချင်း လိုက်လုပ်နေ၏။
သူတို့ကြားမှ ကွာဟချက်က ကြီးလှပါသည်။
ထိုအချိန်တွင် ရှောက်လုံမှာ လောထျန်း၏ စကားကို ယုံသွားခဲ့လေပြီ ။ တစ်ချိန်တည်းမှာပင် သူ လောထျန်းအား ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
သူ့ရှေ့မှ လောထျန်းကိုလည်း ဘီလူးကြီးတစ်ယောက်ပမာ မြင်လာ၏။
ထိုစဥ် လောထျန်းက ဟွမ်ဟိုင်ဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။
" နောက်ဆုံးအနေနဲ့ ဘာပြောချင်သေးလဲ "
ဟွမ်ဟိုင် : " ......... "
သူ ထိုစကားအား လောထျန်းကို အစောက လေးတွင်ပင် ပြောခဲ့သေးသော်လည်း .. ယခု တခဏအတွင်း အခြေအနေများက ပြောင်းပြန် ဖြစ်သွားခဲ့လေပြီ ။
" လောထျန်း ၊ ကိုယ့်ကိုကိုယ် အဲ့လောက် အထင်ကြီးမနေနဲ့ဦး ။ ဒီတစ်ခေါက် ငါ မင်းကို မနိုင်ခဲ့ဘူး ဆိုပေမယ့် မင်း တစ်သက်လုံး နေလို့တောင် ဒီနေရာကနေ ထွက်နိုင်မှာ မဟုတ်ဘူးကွ "
ဟွမ်ဟိုင်က လှောင်ပြုံးဖြင့် ပြောကာ သူ့လက်ထဲမှ အဆောင်ကဒ်ပြားကို ချိုးပစ်လိုက်သည်။
ဝီ ...
သူတို့ဘေးမှ လေထုက ပြောင်းလဲလာ၏။
" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "
ရှောက်လုံ နားမလည်နိုင် ဖြစ်သွားသည်။
ဟွမ်ဟိုင်က လှောင်ပြုံးဖြင့် ပြန်ပြော၏။
" ဒီနန်းတော်ကို အရှုပ်အထွေး စိတ်ဝိဥာဥ်နန်းတော်လို့ ခေါ်တယ် ။ ပြီးတော့ ဒီဟာက မသေမျိုး လက်နက်တစ်ခုပဲ ။ ဒီ မသေမျိုးလက်ထက်ထဲမှာကိုမှ သီးသန့် ကမ္ဘာငယ်တစ်ခု ရှိနေတာကွ ။ အခု .. ငါက ဒီနန်းတော်ရဲ့ ထွက်ပေါက်ကို လုံးဝ ဖျက်ဆီးပစ်လိုက်ပြီ ။ မင်းရဲ့ ကျန်တဲ့ ဘဝသက်တမ်းတစ်လျှောက်ကို ဒီနေရာမှာပဲ နေသွားရတော့မှာ "
ဟွမ်ဟိုင်က ထိုသို့ပြောပြီးသည်နှင့် အရူးတစ်ယောက်အလား အော်ရယ်လိုက်သည်။
ရှောက်လုံကမူ သူ့စကားကို ကြားသည်နှင့် မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူရော်သွား၏။
အကယ်၍ ဟွမ်ဟိုင် ပြောသွားခဲ့သည်သာ အမှန်ဆိုပါက .. သူတို့ ဒုက္ခရောက်လေပြီ ။
သို့သော် လောထျန်းကမူ သူ့စကားကို ဂရုစိုက်ဟန် မတူပါချေ။
" ဒီနေရာမှာ စိတ်စွမ်းအင်တွေ တော်တော်သိပ်သည်းတာပဲ "
သူ တစ်ကိုယ်တည်း ရေရွတ်၏။
" အမှန်ပဲ ၊ ဒီနေရာမှာ မင်း နောက်ထပ် နှစ်တွေ ထောင်ချီပြီးတော့တောင် နေလို့ရတယ် ။ ဒါပေမယ့် မင်းအတွက် စိတ်ဒုက္ခတွေနဲ့ နာကျင်မှုတွေကပဲ စောင့်ကြိုနေမှာကွ "
ဟွမ်ဟိုင်က လှောင်ပြုံးဖြင့် ထပ်ပြောလာသည်။ သူ့အသွင်မှာလည်း လက်တုန့်ပြန်လိုက်ရ၍ ကျေနပ်နေဟန် ရှိ၏။
လောထျန်းက ဘေးဘီသို့ ဝေ့ကြည့်ကာ ဆုံးဖြတ်ချက်တစ်ခု ချပြီးသွားဟန်ဖြင့် ခေါင်းအသာ ညိတ်လိုက်သည်။
" ရှောက်လုံ .. ကျုပ်နဲ့ ဝေးဝေးမှာ နေဦးနော် ၊ ကျုပ် မင်းကို ထိခိုက်မိမှာစိုးလို့ "
သူ ရှောက်လုံဘက် လှည့်ပြော၏။
" ဟင် .. သခင်လေးက ဘာလုပ်မလို့လဲ ၊ အားသုံးပြီးတော့ ဒီနေရာကို ဖျက်ဆီးပစ်မလို့လား "
ရှောက်လုံက လောထျန်းကို ကြည့်ကာ တအံ့တသြ ပြန်မေးလာသည်။
" အင်း .. အဲ့လိုလဲ ပြောလို့ရတယ် "
လောထျန်းက ပြန်ပြောလိုက်သည်။
ဟွမ်ဟိုင်က အထင်သေးသည့် လေသံဖြင့် ပြောလာ၏။
" လောထျန်း ၊ ဆုတောင်းမနေနဲ့ ။ ဒီနေရာက မသေမျိုးလက်နက်ရဲ့ အတွင်းထဲက နေရာကွ ။ မင်း ဖျက်ဆီးလို့ရမယ်များ ထင်လို့လား "
ရှောက်လုံကလည်း ဝင်ပြောသည်။
" သခင်လေး လောထျန်း ၊ ကျုပ်လဲ ဝန်မခံချင်ပေမယ့် သူပြောတာ အမှန်ပဲဗျ ။ မသေမျိုးလက်နက်တစ်ခုကို အတွင်းထဲကနေ ဖျက်ဆီးပစ်ဖို့ဆိုတာ မဖြစ်နိုင်သလောက် နီးပါးပဲ "
" အဲ့ဒါကို စိတ်မပူပါနဲ့ဗျာ "
လောထျန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
ထို့နောက် သူ့လက်တစ်ဖက်ကို ယမ်းကာ မိစ္ဆာဝိဥာဥ်များအား ဝိဥာဥ်တစ်ရာ ကားချပ်လိပ်ထဲသို့ ပြန်ထည့်လိုက်၏။
ပြီးနောက် သူ့လက်ချောင်းတစ်ခုကို ကွေးပြီး ဟွမ်ဟိုင် မလှုပ်ရှားနိုင်ရန် ချုပ်နှောင်ထားလိုက်သည်။
" ဟမ့် .. မင်း ဘာတွေ လုပ်နိုင်မလဲ ကြည့်ဦးမယ် "
ဟွမ်ဟိုင်မှာ ချုပ်နှောင်ခံထားရသည့်တိုင် အေးစက်စက် လေသံဖြင့် သာ ပြန်ပြော၏။
လောထျန်းကမု သူ့ကို ဂရုမစိုက်ဘဲ သူ့ဟင်းလင်းပြင် လက်စွပ်ထဲမှ ရှားပါးပစ္စည်းများနှင့် စိတ်စွမ်းအင်ဆေးပင်များကိုသာ ထုတ်လိုက်သည်။
နောက်ဆုံးမှသာ သူ နဂါးသွေးအစစ်ကို ထပ်ထုတ်လိုက်၏။
" သခင်လေးက ဘာတွေ လုပ်မလို့လဲ "
သူ့ကို ကြည့်ကာ ရှောက်လုံ အံ့အားသင့်သွားရသည်။
" ကျုပ် ကျင့်ကြံခြင်းအဆင့် တက်အောင် လုပ်မလို့ "
လောထျန်းက အေးအေးဆေးဆေး ပြန်ပြော၏။
" ကျင့်ကြံခြင်း အဆင့်တက်မလို့ ... "
ရှောက်လုံ အံ့အားသင့်ကာ ပါးစပ်အဟောင်းသားပင် ဖြစ်သွားရတော့သည်။
သူသည် အစတွင် လောထျန်းက ထူးခြားသည့် နည်းလမ်းတစ်မျိုးကို သုံး၍ နန်းတော်အား ဖျက်ဆီးပစ်မည်ဟု ထင်ထားခဲ့သော်လည်း ..
ယခု ကျင့်ကြံခြင်း အဆင့်တက်အောင် လုပ်မည်တဲ့လား ။
လောထျန်းက ရှောက်လုံအတွေးကို ထွင်းဖောက် မြင်နေရသည့်အလား အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ပြော၏။
" ကျင့်ကြံခြင်းအဆင့်တက်ရင် ဖြစ်လာမယ့်အစွမ်းက အခု ကျုပ် တိုက်ရိုက်တိုက်ခိုက်တာထက် ပိုသာမယ်ဗျ "
" ဘယ်လို .. "
ရှောက်လုံမှာ ပိုပို၍ နားမလည်နိုင် ဖြစ်သွားသည်။
အခြားသူများ၏ ကျင့်ကြံခြင်းအဆင့် တက်ခြင်းများကို သူ ကြိမ်ဖန်များစွာ မြင်တွေ့ထားဖူးပြီးသား ဖြစ်ပါသည်။
၎င်းမှ မည်မျှအားကြီးသော အစွမ်းမျိုး ထွက်လာနိုင်ပါမည်နည်း ။
ကျင့်ကြံခြင်းအဆင့်တက်ခြင်းမှ ဖြစ်ပေါ်လာမည့်အစွမ်းက တိုက်ရိုက်တိုက်ခိုက်သည်ထက် ပိုကြီးမားလိမ့်မည် တဲ့လား ..
နောက်နေခြင်းပေလား ..
သို့သော် ... ထိုသို့ပြောလာသူမှာ လောထျန်း ဖြစ်နေသဖြင့် ရှောက်လုံ သူ့စကားကိုသာ ယုံကြည်ရန် ရွေးချယ်လိုက်ပြီး အနောက်ဘက် ပေ ရာပေါင်းများစွာ အကွာအဝေးသို့ ဆုတ်ထားလိုက်သည်။
ထိုအချိန်တွင် လောထျန်းက ပစ္စည်းများအားလုံးကို ရှေ့ချကာ လက်ဖြင့် ထုချေပြီး အမှုန်များအဖြစ် ပြောင်းလိုက်၏။ ထို့နောက် ၎င်းတို့အား သူ့ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်သည်။
" ဟားဟား .. သိပ်ပြီး လျှို့ဝှက်ဆန်းကြယ်ပြနေတယ် ၊ ရယ်စရာ ကောင်းလိုက်တာ "
ခပ်လှမ်းလှမ်းမှ ဟွမ်ဟိုင်က လှောင်ပြုံးဖြင့် ရှိနေဆဲပင် ။
သို့သော် .. ထိုအချိန်မှာပင် ..
သူ့ရင်ထဲ၌ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ခံစားချက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာ၏။
ထို့နောက် ..
ဘုန်း ... ဂျုန်း ..
အထက်ကောင်းကင်ယံမှ ပေါက်ကွဲသံများနှင့် မိုးထစ်ချုန်းသံများ အဆက်မပြတ် ဆိုသလို ထွက်ပေါ်လာတော့သည်။
" ဟင် ... မိုးကြိုးသံပါလား ၊ ဒီနေရာမှာ ဘယ်လိုလုပ်ပြီး မိုးကြိုးသံ ထွက်လာရတာလဲ "
ဟွမ်ဟိုင် နားမလည်နိုင် ဖြစ်သွား၏။
အရှုပ်အထွေးဝိဥာဥ်နန်းတော်သည် ကမ္ဘာငယ်တစ်ခုဟု ပြော၍ ရသော်လည်း အမှန်တွင် .. အလွန်ကျယ်သည့် နေရာကြီးတစ်ခုသာ ဖြစ်ပါသည်။
ဤနေရာတွင် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများ လုံးဝ မရှိပေရာ မိုးကြိုးလျှပ်စီးများလည်း ရှိမနေသင့်ပေ။
သို့သော် .. ယခု သူ့ရှေ့တွင်ကား ..
" မဟုတ်ဘူး .. ဒါ မိုးကြိုးသံ မဟုတ်ဘူး ။ စိတ်စွမ်းအင်တွေ စီးဆင်းလာတဲ့အသံ "
ထိုစဥ် ခပ်လှမ်းလှမ်းမှ ရှောက်လုံက တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားဟန်ဖြင့် အော်ပြောလာသည်။
" ဘယ်လို .. စိတ်စွမ်းအင်တွေ စီးဆင်းလာတဲ့အသံ .. "
ဟွမ်ဟိုင် အံ့သြမှင်သက်သွားရ၏။
စိတ်စွမ်းအင်များ စီးစင်းသည့်အသံက ဤမျှ ကျယ်သတဲ့လား ..
သို့သော် ထိုအချိန်မှာပင် ..
သူတို့အထက် ကောင်းကင်ယံမှ စိတ်စွမ်းအင်များ ဝုန်းခနဲ စီးဆင်းလာတော့သည်။
ပြိုကျလာသည်ပြောလျှင် ပိုမှန်ပါ၏။
ထို အဆုံးမဲ့သော စိတ်စွမ်းအင်များက လောထျန်းဆီသို့ ဝုန်းခနဲ တိုးဝင်သွားကြတော့သည်။
" ဒါ ... တကယ် အစစ်ရော ဟုတ်သေးရဲ့လား "
ဟွမ်ဟိုင် မှာ ၎င်းကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။
ဝုန်း ... ဘုန်း .... ဘုန်း ..
ထိုစဥ်မှာပင် နန်းတော်ဆောင် တစ်ခုလုံးရှိ အဆုံးမဲ့သော စိတ်စွမ်းအင်များ ပြိုကွဲသွားပြီး နန်းတော်တစ်ခုလုံး တုန်ခါလာသည်။ ထိုမြင်ကွင်းမှာ ကမ္ဘာဦးအစ ဖြစ်တည်လာသည်နှင့်ပင် တူနေသေးတော့၏။
အဝေးတွင် ရှိနေသော ရှောက်လုံမှာလည်း မျက်လုံးများ ပြူးကျယ်နေသည်။
သူ လောထျန်း၏ စကားကို ယုံသွားခဲ့လေပြီ။
လောထျန်း၏ ကျင့်ကြံခြင်းအဆင့်တက်ချိန် ထွက်ပေါ်လာသော အသံများက အစောပိုင်း တိုက်ခိုက်ခဲ့စဥ်ကထက် အမှန်ပင် ပိုကျယ်လောင်နေပါ၏။
၎င်းမှာ လူသားတစ်ယောက်၏ လုပ်နိုင်စွမ်းပင် ဟုတ်ပါသေးရဲ့လား ..
သို့သော် .. လက်ရှိတွင် ထိုအရာများကို တွေးရန် အချိန်မဟုတ်သေးပါချေ။
ယခုသည်ပင် သူ့ကိုယ်ထဲမှ အကြွင်းအကျန် စိတ်ဝိဥာဥ်က မျောလွင့်ပြီး လောထျန်း၏ စုပ်ယူခြင်းကို ခံရတော့မလို ခံစားနေရလေပြီ။
ထို့ကြောင့် ရှောက်လုံမှာ သူ့လက်ကျန် အစွမ်းများ အားလုံးကို ချက်ချင်း စုစည်းလိုက်ပြီး မြေကြီးထဲ ဝင်ပုန်းကာ သူ့စိတ်ဝိဥာဥ် လွင့်ပါမသွားအောင် မတတ်နိုင်ဆုံး ကာကွယ်လိုက်ရသည်။
ဤသို့ဖြင့် ဆယ့်ငါးမိနစ်ခန့် ကြာသွားပြီးချိန်မှသာ အပြင်ဘက်မှ အသံများ တိတ်သွားတော့၏။
ရှောက်လုံ မြေကြီးထဲမှ ထွက်လာပြီး အပြင်သို့ သတိထားကြည့်လိုက်သည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ အံ့သြမှင်သက်သွား၏။